လင်းနိုင်ဦး / ၃ နိုဝင်ဘာ ၂၀၀၉
အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ်တွင် တာဝန် ယူကြမည့် အရာရှိ အရာခံ အဆင့် အသီးသီးကို တရားဝင် ရာထူး အပ်နှံသည့် အခမ်းအနား တခု လာမည့် နိုဝင်ဘာ (၈) ရက်နေ၌ ပြုလုပ်သွားရန် ရှိကြောင်း ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေကေ) အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောကြားသည်။
၎င်းက “နိုဝင်ဘာလ (၈) ရက်နေ့မှာ တရားဝင် ရာထူးခန့်အပ်ပွဲ လုပ်ဖို့ ရှိပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူး တက်မယ်လို့တော့ ကြားတယ်။ ဆဒုံးမြို့နယ်ထဲမှာ လုပ်ဖို့ရှိပါတယ်။ ရာထူး ခန့်အပ်ခံရတဲ့ အဲဒီသူတွေဟာ အစိုးရ အသိအမှတ်ပြု တရားဝင် ပြန်တမ်း ဝင်သူတွေ ဖြစ်လာမှာဖြစ်တယ်” ဟု ပြောသည်။
အန်ဒီအေကေ ကချင်တပ်ဖွဲ့သည် မူလတပ်ဖွဲ့မှ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းခြင်းကို ဆက်လက် အကောင်အထည် ဖော်နေဆဲဖြစ်ပြီး ဒေသအတွင်းရှိ ဆဒုံးမြို့နယ် ဝေါ်ချုံးတွင် တပ်ရင်း (၁) ရင်း၊ ဂမ်ခွန်းတွင် တပ်ရင်း (၁) ရင်းနှင့် လုပြည်တွင် တပ်ရင်း (၁) ရင်း ဖွဲ့စည်း နေရာချထားသည်။
ယခုကဲ့သို့ ရာထူးခန့်အပ်ပွဲပြီးပါက အဆင့်အသီးသီးမှ အရာရှိ တပ်သားများသည် နေရာဒေသ အသီးသီးတွင် ထပ်မံပြီး သင်တန်းများ တက်ကြရဦးမည် ဖြစ်ကာ အရာရှိ အဆင့်တို့ကို ဗထူးမြို့၊ တပ်သားများကို မြစ်ကြီးနားမြို့ အနီးရှိ ပျဉ်ထောင်၊ အခြား အဆင့်များကို ကရင်ပြည်နယ် သံတောင်တွင် နအဖက စစ်သင်တန်းများ ပေးဦးမည်ဟု သိရပြီး အချို့ ကိစ္စများအတွက် အန်ဒီအေကေ ခေါင်းဆောင်ပိုင်းက စိုးရိမ်မှု ရှိနေကြောင်း သိရသည်။
အန်ဒီအေကေ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက “ဒီ ကချင်လူမျိုး နယ်ခြားစောင့် တပ်ဖွဲ့ဝင် တွေကို ကရင်ပြည်နယ် သံတောင်လို နေရာမျိုးကို ခေါ်သွားပြီး သင်တန်းပေးမယ် ဆိုရင် မြန်မာအစိုးရ စစ်တပ်က အမိန့်ပေးတဲ့ အတိုင်း နာခံကြရမှာ ဖြစ်တယ်။ ဒီအခါ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေကို ခေါ်သွားပြီး ဥပမာ ကရင်နဲ့ တိုက်ခိုင်းတာမျိုး ရှိလာရင် မတွေးရဲစရာ ကောင်းလောက်တဲ့ အနေအထား ဖြစ်သွားပြီ။ ကချင် နယ်ခြားစောင့် တပ်ဟာ အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းတာ ခံရတဲ့ အနေအထားမျိုး ရောက်သွားမှာ အထူး စိုးရိမ်မိတယ်။ ဒီလိုမဖြစ်ဖို့ အန်ဒီအေကေ ခေါင်းဆောင်ပိုင်းဟာ နအဖ အစိုးရကို ခုကတည်းက ပြောဆို သဘောတူညီချက် ယူထားသင့်တယ်” ဟု ပြောသည်။
ရာထူးအပ်နှံပွဲပြီးနောက် မကြာမီသင်တန်းများ ပေးတော့မည် ဖြစ်သည့် အတွက် သင်တန်း သွားတက်မည့် တပ်ဖွဲ့များ နေရာ၌ လက်ကျန် တပ်ဖွဲ့နှင့် အတူ နယ်ခြားစောင့် တပ်တွင် တာဝန်ကျသည့် နအဖ စစ်တပ်ဖွဲ့ဝင်များ ဒေသတွင်း ဝင်ရောက်လာပြီး လုံခြုံရေးတာဝန် ယူကြမည် ဖြစ်ကြောင်း စုံစမ်း သိရသည်။
Ref: ခေတ်ပြိုင်
Wednesday, November 4, 2009
အန်ဒီအေ (ကချင်) အဖွဲ့ ရာထူးအပ်နှင်းပွဲ လုပ်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment