Tuesday, 11 August 2009 17:06 ဗထူး
နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မတရား ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆို ခံနေရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက ယနေ့ နေအိမ် အကျယ်ချုပ် တနှစ်ခွဲ ပြစ်ဒဏ် ချမှတ်လိုက်သည်။
လေးလကြာ အင်းစိန်ထောင်တွင်း ချုပ်နှောင်ခံထားရပြီး ထောင်တွင်း အထူးတရားရုံးတွင် အမှုရင်ဆိုင်နေရသူ သူမအား ယနေ့ နအဖစစ်အစိုးရ ခေါင်းဆောင်၏ လုပ်ပိုင်ခွင့် အာဏာအရ နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု စစ်အစိုးရ ရုပ်သံသတင်းက ထုတ်လွှင့်သွားခဲ့သည်။
ယနေ့ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင် အဆိုပါရုံးချိန်းသို့ လာရောက်ကြသည့် လူထုမှာ အင်အား ၅,၀၀၀ ကျော်ခန့်ရှိပြီး တရားရုံးမှ ဒေါ်အောင်ဆန်းစုကြည် အပေါ် အပြစ်ရှိသည်ဟု ဆုံးဖြတ်ချက် ချခဲ့သဖြင့် မကျေနပ်သည့် လူစုလူဝေးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ချီတက်ခဲ့ကြသည်။
“လူအုပ်စုတစုက လမ်းလျှောက်ဖို့ ဆော်သြတယ်၊ ဒါနဲ့ လမ်းလျှောက်ကြတော့ အင်းစိန် ဂုံးကျော်တံတား အကျော် ဘော်လုံးကွင်းဒေါင့် ရောက်တော့ လူအုပ်ထဲက ၅၀ လောက်ကို လိုက်ဆွဲပြီး ဒိုင်နာကားတွေနဲ့ ဖမ်းပြီး ခေါ်သွားတယ်၊ တချို့ ဘတ်စ်ကားတွေပေါ် တက်ပြေးတော့ ယာဉ်ထိန်းရဲတွေက ကားကို တားပေးတယ်၊ ကားပေါ်ထိ လိုက်ဖမ်းတယ်” ဟု မျက်မြင် သက်သေ တဦးက ပြောသည်။
ဖမ်းဆီးခံရသူများတွင် အင်န်အယ်ဒီပါတီဝင်များ ပါဝင်သလို အများစုမှာ ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ရှိသည်ဟု ပြောဆို ထောင်ချခြင်းကို မကျေနပ်သည့် သာမာန်ပြည်သူ အများစုဖြစ်ပြီး ဖမ်းဆီးခံရသူ ၇၀ ထက်မနည်း ရှိနိုင်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ယနေ့စစ်အစိုးရရုပ်သံသတင်းအရ မြန်မာပြည် လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း သမီး ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေ့ရှု၍လည်းကောင်း၊ တဦးအပေါ် တဦး အာဃာတများ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်ကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက်လည်းကောင်း စစ်ခေါင်းဆောင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ ဒေါ်အောင်ဆန်း စုကြည်အပေါ် ညှာတာ ထောက်ထားမှု ပြုခဲ့သည်ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ယက်တောကို တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီး နေအိမ်တွင် အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အား ဒေါ်အောင်ဆန်းစုကြည်နည်းတူ ပြစ်ဒဏ် ဆိုင်းငံ့ဖြင့် တနှစ်ခွဲ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
နောက်ဆုံးရရှိသည့် သတင်းများအရ အင်းစိန်ဂုံးကျော်တံတား အနီး ဖမ်းဆီး သွားသူများအား အာဏာပိုင်များက ပြန်လည် လွှတ်ပေးလိုက်ပြီဟု သိရသည်။
Ref: ရိုးမ ၃
Wednesday, August 12, 2009
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ချမှတ်၊ လူ ၇၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment