..............................

Monday, May 25, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးနောက် ငယ်ထိပ် မြွေပေါက်သလို ဖြစ်နေတဲ့ နအဖ

Saturday, May 23, 2009
ရဲဘော်ဖိုးသံချောင်း

နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဖမ်းဆီးရုံးတင်ဖို့ အခွင့်အရေး ရသွားတာ - ဒါမှမဟုတ် သူတို့ရဲ့ လုပ်ကြံမှု အောင်မြင် သွားတာဟာ နအဖအဖို့ နိုင်ငံရေးအရ လက်ဦးမှု ရသွားတယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ ဆက်ဖြစ်လာတာ တွေနဲ့ ဖြစ်လာ နိုင်တာတွေကို ပြန်တွေးလိုက်တော့ ဒါဟာ နအဖအဖို့ ကံကောင်းတာလား၊ ကံဆိုးတာလား စဉ်းစားစရာ ဖြစ်နေပါတယ်။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့ အဆက်ဖြတ်ရေးဟာ သူ့တသက် ကိုယ့်တသက် လုပ်ရမယ့် ကိစ္စလို့ သတ်မှတ် ထားကြဟန် တူပါတယ်။ ဒါကြောင့် နေအိမ်ချုပ် သက်တမ်းစေ့တဲ့ အခါမှာ အခု ဒီဖောက်ထွင်းမှုမှာ အိမ်ရှင်ကို စွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ တွက်ထားတာတွေ ထဲမှာ မပါတာတွေ ဆက်တိုက် ဖြစ်လာနေလို့ ဗိုလ်သန်းရွှေ တယောက် ထိုင်နေ အကောင်းသားလို့ ဆိုရမလို ဖြစ်နေပါပြီ။

အိမ်ဖြူတော်မှာ အိုဘားမား တက်လာတဲ့နောက် နအဖ အစိုးရဟာ သူတို့ ဖောက်ချင်နေတဲ့ ရွှေလမ်း ငွေလမ်းတော့ဖြင့် ပေါက်တော့မယ်လို့ မျှော်လင့် ထင်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ ဒီကိစ္စ တခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလား ထင်လို့ ဝင်သွားတာ၊ ထိပ်ချတာ ခံလိုက်ရတယ်” ဆိုတာမျိုး ဖြစ်သွားပါတယ်။ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလို အပြစ်တင်တာ ခံလိုက်ရပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့ အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ကိစ္စကို ပြောခဲလှတဲ့ တရုတ်တို့၊ အာစီယံ တို့ကတောင် “ပညာပေး” တာ ခံနေရပါပြီ။ နောက်ပြီး ဂျပန်လို နိုင်ငံကိုရှင်းပြရ၊ ထိုင်းနဲ့ ကတောက်ကဆ ဖြစ်ရ၊ ဒါ့အပြင် အီးယူက ဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေက ဘာတွေ ပြောဦးမလဲဆိုပြီး ထမင်းလုံး တစ္ဆေခြောက်တာ ညတိုင်း ခံနေရပါတယ်။ သေချာတာကတော့ သံခင်း တမန်ခင်း အရ၊ နိုင်ငံတကာ ဆက်ဆံရေး အရ နအဖအဖို့ အကြီးအကျယ် နစ်နာရတဲ့ ဘယ်သူမပြု မိမိမှု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေ အတွက် ဝမ်းသာ စရာလား၊ စိတ်ညစ် စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့ တခြားမြို့ကြီး တွေမှာ လုံခြုံရေးတွေ အပြည့် ယူနေရတာကို ကြည့်ရင် သိနိုင်ပါတယ်။ ပဒူအုံကို တုတ်နဲ့ ထိုးမိသလို ဖြစ်ဖို့ များနေပါပြီ။ တကယ်လို့ သာ ဒီကိစ္စကြောင့် လူထုအုံကြွ လာတယ်ဆိုရင် ဘယ်သူက သွေးထိုးပေးလို့၊ ပြည်ပက မြှောက်ပေးလို့ စသဖြင့် ပြောလို့ မရတာ သေချာနေပါပြီ။ ဗမာပြည်မှာ ဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများ ဖက်က မတော် မတရား လုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေ ချည်းဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့ လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်းပေါ် ထွက်ပြီး ကိုယ့်ဒုက္ခ ကိုယ်မရှာကြ ပါဘူး။ သံဃာတော်များလည်း အလားတူပါပဲ။ ဒီလို တိုင်းပြည် အတွက် အရေးပါတဲ့ အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့် အမှုမျိုးကို ဖန်တီး လိုက်ရတာဟာ တကယ်တော့ နအဖအတွက် ပြောရင်လည်း မရဲပဲကျွဲပြဲ စီးရတာပါ။ ဒါကြောင့်မို့ သံတမန် လောကကို ဟန်ပြအနေနဲ့ တရက်ထဲသာ တရားရုံး တက်ခွင့် ပြုခဲ့ပေမဲ့ ကျန်တာ အားလုံးကို ထောင်ထဲမှာ တံခါးပိတ် စစ်ဆေးနေပါတယ်။ ဒါဟာသူတို့ဖက်က ကျိုးကြောင်း မခိုင်လုံကြောင်း၊ မရိုးသား နိုင်ကြောင်း ဝန်ခံတာတမျိုးလို့ ယူဆရင် ရပါတယ်။

အခုတော့ အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေး ဆိုတဲ့ တောင်းဆိုချက်ဟာ ကျယ်လောင် သထက် ကျယ်လောင် လာနေပါပြီ။ အစိုးရ ပြတဲ့ သက်သေတွေကို စစ်ဆေးပြီးခဲ့ သလောက် အရဆိုရင် ဥပဒေအရ နအဖ မုချရှုံးမှာပါ။ သူတို့ ဖက်က သက်သေတွေရဲ့ အစစ်ခံချက် တွေဟာ သူတို့အတွက် အထောက်အကူ လုံးဝ မပြုပါဘူး။ တကယ်ဆိုရင် တရားခံပြ သက်သေတွေ ကိုတောင် စစ်နေဖို့ မလိုလောက်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖဟာ သိုးကို မဖြစ်ဖြစ်အောင် စားချင်တဲ့ ဝံပုလွေလိုပဲ “နင်မဟုတ် နင့်အဖေပဲ” လို့ ပြောပြီး အပြစ်ပေးဖို့ လုံးပမ်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာ တံခါးပိတ် စစ်ဆေးတဲ့ ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမှုကို အများပြည်သူ တက်ရောက် နားထောင်နိုင်တဲ့ တရားရုံးမှာ စစ်ဆေးရေးဟာ တရားမျှတမှု အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် တရားခွင်ကို လူထု မျက်မှောက် ရောက်အောင် တောင်းဆို ကြရပါမယ်။ ဒါဟာ တရားမျှတ၊ ကျိုးကြောင်း ဆီလျော်တဲ့အပြင် လူတိုင်းသဘော တူနိုင်တဲ့ တောင်းဆိုချက် ဖြစ်တဲ့အတွက် လတ်တလော လှုပ်ရှားမှုမှာ ထိပ်တန်း တင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံ ဖြစ်ပါတယ်။

ဒီတခါ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ဖို့ ပြင်နေတဲ့ လူတွေအတွက်တော့ အတော်လေး အကြပ်ရိုက် သွားမှာ ဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကို ယမ်းချေးပန်း တယ်လို့ ပြောနိုင်ပါတယ်။ တကယ်လို့ သာ သူတို့ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာ အတတ်နိုင်ဆုံး ခေါင်းရှောင် ချင်ကြမှာပါ။ နအဖအလိုကို လိုက်ပြောရင် မဲရမှာကို ထိခိုက်မယ်၊ နအဖကို ဆန့်ကျင်ရင် ရွေးကောက်ပွဲ ဝင်ခွင့်တောင်မှ ရချင်မှ ရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယ အင်အားဆိုသူ တော်တော်များများက ပြောဖို့ ခေါင်းရှောင် နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း ဒီမိုကရေစီ အတွက် လေ့ကျင့်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကိုယ့် ခံစားချက်၊ ကိုယ့် အမြင်တွေကို ရဲရဲ တင်းတင်းပဲ ဒေါသနဲ့ ပြောနေ ကြပါတယ်။ သည်းမခံနိုင်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်တွေ ဖော်ပြ နေကြပါတယ်။ ဒီလို အခြေအနေမှာ အချိန်မရွေး ပေါက်ကွဲ ထွက်နိုင်တယ် ဆိုတာကို ဗမာပြည်အရေး နားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ဆင်ပြီးတင်တာ ဟုတ်မဟုတ် ဆိုတဲ့ မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေး မနေကြတော့ပါဘူး။ ဘာကို-ဘယ်လို လုပ်ရင် ကောင်းမလဲ ဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေ ဆင်းရဲသား၊ စာရေးစာချီ ဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောပဲ ဘယ်သူမှ မနေပါဘူး။

ဒီအခြေအနေကို နအဖအစိုးရလည်း မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ အတွက် အနည်းဆုံး ရွေးကောက်ပွဲ ပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထဲမှာ မလှုပ်ရှားနိုင်အောင် လုပ်ထားဖို့က ပို အရေးကြီး နေပါ တယ်။ ဒါကြောင့်မို့ သူတိုဖက်က ကြည့်ရင်လည်း သေမြေကြီး - ရှင်ရွှေထီး လုပ်လိုက် ရတာပါ။ သူတို့က အမှုကို အမြန် ပြီးပြတ်အောင် တက်သုတ်ရိုက် စစ်နေတာ၊ ကမျောသုံးပါး စွဲချက်တင်တာ တို့ကို ထောက်ကြည့်ရင် နအဖ စစ်ဗိုလ်တွေ ဘယ်လောက် ခြောက်ခြား နေတယ်ဆိုတာ အတိုင်းသား တွေ့မြင်နိုင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း

0 comments:

အပေါ်သို့