..............................

Wednesday, April 1, 2009

ရန်ကုန်စာပေစိစစ်ရေး တရားရုံးအထက်က ဆုံးဖြတ်ပေးနေ

NEJ / မတ်လ(၃၁) ရက်၊ ၂၀၀၉

လတ်တလောဖြစ်ပေါ်နေသည့် ဂျာနယ်ထုတ်ဝေရေးနှင့် ဗလာစာအုပ်ထုတ် လုပ်ငန်း လုပ်နေသည့် Eleven Media Group နှင့် ယမကာ ထုတ်လုပ်သည့် Lucky Eleven Whisky ကုမ္ပဏီ ကိစ္စတွင် သက်ဆိုင်ရာ တရားရုံးက ဖြေရှင်းရမည့် အစား စာပေ စိစစ်ရေးဌာနက ကြော်ငြာဖော်ပြခွင့် ပိတ်ပင်သည့် နည်းဖြင့် အဆုံးအဖြတ် ပေးနေကြောင်း Lucky Eleven Whisky ကုမ္ပဏီဘက်နှင့် ဂျာနယ် ထုတ်ဝေသူ အသိုင်းအဝိုင်းများက ပြောသည်။

Lucky Eleven Whisky ကုမ္ပဏီ ကြော်ငြာဆိုင်ရာ တာဝန်ရှိသူတဦးက “ကျနော်တို့ ဝီစကီ ကြော်ငြာတွေကို ဂျာနယ်တွေမှာ ထည့်တော့ Eleven Media Group က သတိပေး ကြေညာချက် ထုတ်တယ်။ ကျနော်တို့ ထုတ်လုပ်တဲ့ ဝီစကီ နာမည်နဲ့ သူတို့နာမည် ဆင်တူသလို ဖြစ်နေပြီး သူတို့ သိက္ခာ ကျပါတယ်ဆိုပြီး စွပ်စွဲတယ်။ နောက် ကျနော်တို့ ကြော်ငြာ ဆက်ထည့်ရင် ကျနော်တို့ ကုမ္ပဏီကိုရော၊ ကြော်ငြာ ထည့်ပေးတဲ့ ဂျာနယ်တွေကိုပါ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကိစ္စမရှိပါဘူး။ ကျနော်တို့လည်း ကိုယ့်ကုန်ပစ္စည်း ကိုယ်သက်ဆိုင်ရာမှာ မှတ်ပုံတင်ပြီး တရားဝင် ထုတ်လုပ်ရောင်းချတာ။ ဒီတော့ ကြော်ငြာ ဆက်ထည့်တယ်။ ဂျာနယ်တိုက် တွေကလည်း ထည့်ပေးတယ်။ ဒါပေမယ့် ဒီကြော်ငြာတွေကို မထည့်ရဘူးလို့ စာပေစိစစ်ရေးက ပိတ်ပင်လိုက်တယ်။ တချို့ဂျာနယ်တွေဆို ကြော်ငြာ ထည့်ဖို့ စာချုပ် ချုပ်ထားတာ တကြိမ်မှတောင် မထည့်ရသေးဘူး။ တကယ်ဆို ဒီကိစ္စ တရားရုံးမှာ ဖြေရှင်းရမယ့် ကိစ္စ။ ဒါကို စာပေ စိစစ်ရေးက တရားရုံးအထက်ကနေ ဆုံးဖြတ် ပေးလိုက်တဲ့သဘော၊ ဥပဒေကို မလေးစားတဲ့သဘော သက်ရောက်နေတယ်” ဟု ပြောသည်။

ဂျာနယ်ထုတ်ဝေသူ တဦးကလည်း ၎င်းတို့ဂျာနယ်တွင် ကြော်ငြာထည့်ရန် စာချုပ် ချုပ်ထားပြီးသော်လည်း စာပေစိစစ်ရေးက ခွင့်မပြုခြင်းကြောင့် တကြိမ်မှ ထည့်ခွင့်မရတော့ဘဲ ငွေကြေးများစွာ နစ်နာဆုံးရှုံးကြောင်း၊ အမှန်တိုင်းဆိုပါက အဆိုပါ ကိစ္စသည် တရားရုံးတွင် ဖြေရှင်းရမည့် ကိစ္စသာ ဖြစ်ကြောင်း ပြောသည်။

ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းကမူ စစ်အစိုးရ စာပေစိစစ်ရေးအဖွဲ့၏ ယခုလုပ်ရပ်သည် ပထမဦးဆုံး မဟုတ်ကြောင်း၊ အာဏာရ အသိုင်းအဝိုင်းမှ ကုမ္ပဏီ စီးပွားရေး လုပ်ငန်းများကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ စသည့် အကြောင်းအရာ အမြောက်အမြား၌ ပုံနှိပ်ဖော်ပြခွင့် ပိတ်ပင်ခြင်းအားဖြင့် တရားရုံးအထက်က အဖွဲ့အစည်း သဖွယ် ပြုမူ ဆောင်ရွက်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။

အမှန်အတိုင်းဆိုပါက အစိုးရကို မထိခိုက်သည့် စာပေစိစစ်ရေးမူများကို မထိခိုက်သည့် အကြောင်းအရာ တို့ကို ဖော်ပြခွင့်ပေးပြီး သက်ဆိုင်ရာ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ကာယကံရှင်များက မကျေနပ်ပါက တရားရုံးတွင် တရားစွဲဆို ရင်ဆိုင် ဖြေရှင်းကြရမည် ဖြစ်သော်လည်း ယခု စာပေစိစစ်ရေး၏ ပြုမူပုံများသည် စာနယ်ဇင်း လွတ်လပ်ခွင့် ချိုးဖောက်နေ ရုံမျှမက တရားဥပဒေ၏ အထက်ကပါ ရပ်တည် လုပ်ကိုင်နေသည့် သဘော သက်ရောက်ကြောင်း ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့