မုံပီး
အင်္ဂါနေ့၊ မတ်လ 17 2009
နယူးဒေလီ (မဇ္ဈိမ)။ ။ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်သော မြန်မာက ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေချိန် ဂျပန်အစိုးရက မြန်မာအရာရှိများကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပေးနေသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
မြန်မာစစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီသို့ ပြောင်းလဲရေး လမ်းပြမြေပုံကို ထောက်ခံသည့် အစိတ်အပိုင်း အဖြစ် မြန်မာအရာရှိ ၅ ဦးကို ရွေးကောက်ပွဲ ကျင်းပပုံနှင့် စပ်လျဉ်းသည့် သင်တန်းကို ဂျပန်က ပေးနေခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲများကို ဘယ်လိုဘယ်ပုံ ကျင်းပရတယ် ဆိုတာနဲ့ ပတ်သက်တဲ့ သင်တန်းတရပ်ကို မြန်မာ စစ်အစိုးရက စေလွှတ်တဲ့ အရာရှိ ၅ ဦးကို ပေးနေတယ်ဆိုတာ ကျမ သိပါတယ်” ဟု မြန်မာ့ သတင်းကွန်ယက် (ဂျပန်) (Burma Information Network – Japan) ၏ ဂျပန်လူမျိုး လှုပ်ရှားတက်ကြွသူ ယူကီ အာကီမိုတို (Yuki Akimoto) က မဇ္ဈိမကို ပြောသည်။
ရွေးကောက်ပွဲကို ဂျပန်က အင်တိုက်အားတိုက် ထောက်ခံနေခြင်းကို တွေးမိသည့်အခါ အလွန်ဝမ်းနည်း ရကြောင်း သူမက ဆက်ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲသည် မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံတွင် အဆင့် ၅ ဖြစ်သည်။
လမ်းပြမြေပုံကို ထောက်ခံသည့်မူဝါဒအား ဂျပန်က တလျှောက်လုံး ကိုင်စွဲလာခဲ့သဖြင့် ယခုလို လျှို့ဝှက် သင်တန်း ပေးနေသည့် သတင်းများ ပေါ်ထွက်လာသည့်အပေါ် မြန်မာ့အရေး အကဲခတ်များကမူ မအံ့သြကြပါ။
လွပ်လပ်မျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရန် ဂျပန်က တိုက်တွန်းနေပြီး ထိုသို့ ကျင်းပပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း ယုံကြည်လျက်ရှိသည်ဟု အာကီမိုတိုက ပြောသည်။
သို့သော် အာရှတိုက်၏ ခိုင်မာတောင့်တင်းဆုံး ဒီမိုကရေစီ နိုင်ငံကြီးအနေဖြင့် စစ်အစိုးရ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံကို သေချာစွာ အနီးကပ် လေ့လာသင့်ကြောင်းနှင့် အားလုံး ပါဝင်နိုင်သည့် ဖြစ်စဉ်တရပ် ပေါ်ထွန်းလာရေးအတွက် တိုက်တွန်းသင့်ကြောင်း သူမက ပြောဆိုသည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းရာ ဂျပန် ဓာတ်ပုံသတင်းထောက် ကင်ဂျီနာဂါအိ (Kenji Nagai) ပစ်ခတ် သေဆုံးခဲ့ရပြီးနောက် မြန်မာပြည်၏ တုန်လှုပ် ခြောက်ခြားဖွယ် လူ့အခွင့်အရေး အခြေ အနေကို စိုးရိမ်ပူပန်ကြောင်း ပြောလာရန် ဂျပန်အစိုးရအပေါ် စစ်အစိုးရ၏ အပြုအမူနှင့် စပ်လျဉ်းသည့် ဖိအားအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
သို့သော် နာဂါအိ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်သည့် ဂျပန်၏ စုံစမ်းစစ်ဆေးမှုသည် အချက်အလက် အနည်းငယ်သာ ရရှိဖော်ထုတ်နိုင်ခဲ့ပြီး၊ သတ်ဖြတ်သူများအပေါ် အပြစ်ပေးခြင်းနှင့် ပတ်သက်သည့် တရားဝင် ကြေညာချက် မရရှိဘဲ ပြန်လာခဲ့ရသည်။
သတင်း လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော အဖွဲ့များ အပါအဝင် ကမ္ဘာတဝှမ်းလုံးမှ သတင်းစာဆရာများက နာဂါအိအား သတ်ဖြတ်သည့် အဖြစ်မှန်ကို ဖော်ထုတ်ရေးနှင့် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရေးအတွက် မြန်မာအစိုးရအား ဖိအားပေးရန် ဂျပန်အစိုးရကို ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။
ဤနောက်ခံ အကြောင်းအချက်များကို ဆန့်ကျင်ပြီး ဂျပန်သည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး မှန်သမျှကို လူသိရှင်ကြား ကြေညာပြောကြားခြင်း မပြုဘဲ ‘ခပ်မဆိတ် သံတမန်ရေး’ (Quiet Diplomacy) ကိုသာ တလျှောက်လုံး ကျင့်သုံးခဲ့သည်ဟု ယခု ရက်သတ္တပတ် ကုန်က ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပသော မြန်မာ့အရေး နိုင်ငံတကာ ကွန်ဖရင့်ကို ဦးဆောင်ကျင်းပသူ ပါမောက္ခ ချိုစိန်ယာမာဟာတာ (Chosein Yamahata) က ပြောသည်။
ဂျပန်သည် မြန်မာနှင့် ဆက်ဆံရေးကို ခပ်မဆိတ်သာ နေလိုပြီး အနောက် နိုင်ငံများပုံစံ ပိတ်ဆို့ အရေးယူမှု ကိုလည်း မကြိုက်၊ ဒေသတွင်း နိုင်ငံများ၏ ချဉ်းကပ်မှု ပုံစံဖြစ်သော အပြုသဘော ဆက်ဆံရေး မူဝါဒကိုလည်း နှစ်သက်ခြင်း မရှိဟု ပါမောက္ခ ယာမာဟာတာ က ပြောသည်။
မြန်မာနိုင်ငံအကြောင်း သတင်းအချက်အလက်များ အနည်းအကျဉ်းသာ ရရှိခြင်းကလည်း ဂျပန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ ပြန်လည် သုံးသပ်ရေးအတွက် နားဝင်အောင် ပြောဆိုရာတွင် အခက်အခဲ ဖြစ်နေရခြင်း၏ အကြောင်းအချက် တခုဖြစ်သည်ဟု သူက ဆိုသည်။
“ဒီကွန်ဖရင့်က မြန်မာနိုင်ငံအကြောင်း ဂျပန်ပြည်သူတွေ အကြားမှာရော၊ အစိုးရကရော ပိုမိုနားလည် သိရှိလာစေဖို့ အဓိက မီးမောင်းထိုး ပြနိုင်အောင် ကျင်းပတာပါ” ဟု မြန်မာ့အရေး ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများ၊ သံတမန်ဟောင်းများ၊ ပညာရှင်များနှင့် တတ်သိပညာရှင်များ တက်ရောက်ခဲ့သည့် ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် ကွန်ဖရင့်ကို ရည်ညွှန်း ပြောကြားသွားသည်။
ကွန်ဖရင့်သည် ဤသို့သော ကိစ္စရပ်မျိုးအတွက် ပထမဆုံး ကျင်းပသော အစည်းအဝေး ဖြစ်ပြီး၊ ပွဲစီစဉ် ကျင်းပသူများ အနေဖြင့် မြန်မာ့အရေးကို ပိုမိုနားလည် သဘောပေါက် လာစေရန် အလားတူ ပွဲများကို ဆက်လက် စီစဉ် ကျင်းပသွားမည်ဟု သူက ပြောသည်။
ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍ
မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံကို အကူအညီ ငွေပမာဏ ယန်းငွေ ၃ ဘီလျံ (အမေရိကန်ဒေါ်လာ ခန့်မှန်းခြေ ၁၈ ဒဿဿမ ၂ သန်း) ပေးအပ်ခဲ့သည့် ဂျပန်သည် မြန်မာ၏ အကြီးဆုံး အလှူရှင် နိုင်ငံဖြစ်သည်။ အကူအညီအများစုကို လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး အကူအညီပုံစံဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နာဂိုယာကွန်ဖရင့်သို့ တက်ရောက်လာသော ဘားမားကင်ပိန်း (ယူကေ) ၏ ညွှန်ကြားရေးမှူး မာ့ခ်ဖားမားနား (Mark Farmaner) က မြန်မာ့အပြောင်းအလဲ ဖြစ်စဉ်တွင် ဂျပန်နိုင်ငံအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ပြောသွားသည်။
ဂျပန်နိုင်ငံသည် အာရှတွင် တရုတ်ကို ချိန်ခွင်လျှာညှိနိုင်ပြီး၊ လုံခြုံရေးကောင်စီ အဖွဲ့ဝင်လည်း ဖြစ်သည့် တခုတည်းသော နိုင်ငံဟု သူက ပြောသည်။
သို့သော် ဂျပန်နိုင်ငံ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒမှာ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံ အားပေးရာတွင် တဖြေးဖြေး ယိုယွင်းလာနေသည်ဟု သူက ဆိုသည်။ ဂျပန်သည် စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံနေပုံ ရသည်ဟုလည်း ဆိုလိုက်သည်။ အဆိုပါ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ အုပ်စိုးမှုကို ခိုင်မာ အမြစ်တွယ်အောင် လုပ်မည့် လမ်းပြမြေပုံ၏ အစိတ်အပိုင်း တရပ်လည်းဖြစ်သည်။
ဂျပန်ပြည်သူများအတွင်း၌ အစိုးရအပေါ် ဖိအားပေးနိုင်ရန်အတွက် မြန်မာပြည်အကြောင်း နားလည် သဘောပေါက်မှုက အားနည်းနေသည်ဟု ဖားမားနားက ဆက်ပြောသည်။
ဂျပန်၏ ဝန်လေးနေမှု
မြန်မာပြည်အကြောင်း အဖြစ်မှန်များကို သိရှိနားလည်စေနိုင်သည့် သင့်တော် ကောင်းမွန်သော သတင်း အချက်အလက်များ မရရှိခြင်းကလည်း မြန်မာစစ်အစိုးရကို ဆက်လက် ထောက်ခံပေးနေသည့် အချက်တချက် ဖြစ်ကြောင်း ဖားမားနား က ပြောသည်။
ဂျပန်သတင်းစာများကလည်း မြန်မာနိုင်ငံအကြောင်း ဖော်ပြ သတင်းပေးမှု အလွန်နည်းပြီး၊ ဂျပန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ ရရှိရန် ရန်ကုန်ရှိ ဂျပန်သံရုံးကိုသာ အားကိုး နေရသည်ဟု အာကီ မိုတိုက ပြောသည်။
ဂျပန်အစိုးရက မြန်မာအတိုက်အခံများနှင့် ဆက်ဆံရန်ကိုလည်း ဝန်လေးလျက် ရှိပြီး အစိုးရ အရာရှိများနှင့်သာ ထိတွေ့ ဆက်ဆံလိုသည်။ မြန်မာ့ရေးရာ မူဝါဒကို အဖြစ်မှန်များနှင့် ခပ်ဝေးဝေး ထားလိုသည်ဟုလည်း သူမက ပြောသည်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းရင်းမြစ်တွေ တိုးချဲ့ဖို့ဟာ ဂျပန်အစိုးရ အတွက် အလွန် အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်” ဟု ဖာမားနားက ပြောသည်။
ထို့ပြင် ဂျပန် ပြည်သူများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အခြေအနေ များကို လက်လှမ်းမီ သိရှိနေသင့်ပြီး၊ သို့မှသာ အစိုးရ၏ မူဝါဒနှင့်စပ်လျဉ်း၍ ဖိအားများ ပေးနိုင်မည်ဟုလည်း သူက ဆိုသည်။
“အခုအထိတော့ မြန်မာ့အရေးမူဝါဒတွေနဲ့ ပတ်သက်လို့ ဂျပန်ပြည်သူတွေဆီက ဘယ်လို ဖိအားမျိုးမှ ဂျပန်အစိုးရ မရသေးဘူးလို့ ကျနော် ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။
ဂျပန်နိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း သူနှင့် အခြားလုပ်ဖော်ကိုင်ဘက် တက်ကြွ လှုပ်ရှားသူများသည် မြန်မာနိုင်ငံ အခြေအနေကို ပိုမိုသိရှိနားလည်လာစေရန် ဂျပန် လွှတ်တော်အမတ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အခြား လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သူက ပြောသည်။
Ref: မဇ္ဈိမ
....
Wednesday, March 18, 2009
ဂျပန်က မြန်မာကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment