NEJ / မတ်လ(၁၂) ရက်၊ ၂၀၀၉
မြန်မာနိုင်ငံအပေါ် အမေရိကန် ပေါ်လစီပြောင်းလဲရေးကိစ္စကို ၂၀၀၈ ခု အမေရိကန် သမ္မတဟောင်း ဂျော့ဘွတ်ရှ် သက်တမ်း ကုန်ကာနီး ကတည်းက ပေါ်လစီ ကိုင်တွယ်သည့် အရာရှိများ စဉ်းစားခဲ့ကြောင်း အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် မြန်မာနိုင်ငံနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ ဆိုင်ရာ အဆိုပါ အစီရင်ခံစာကို နိုင်ငံခြားရေးရာ ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ဌာနခွဲမှ ကွန်ဂရက်သို့ ၂၀၀၈ ခု သြဂုတ် (၂၁) ရက်နေ့စွဲဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘိန်းအထွက်နှုန်း ကျဆင်းလာသည့်တိုင် မြန်မာနိုင်ငံမှ ပေါ်ထွက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို စစ်အစိုးရ ဘက်က နှိမ်နင်းမှုအပေါ် အမေရိကန် ပေါ်လစီများက သိသိသာသာ သြဇာသက်ရောက် ခြင်းမရှိဟု ကျွမ်းကျင်သူများက ယူဆကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၇ ခု သံဃာ့ အရေးအခင်းတွင် မြန်မာ စစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းမှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန် ပေါ်လစီ ပြန်လည် သုံးသပ်စေလိုသည့် အစိတ်အပိုင်းများ တိုးတက်လာသည်ဟု ဆို၏။
မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမေရိကန်ပေါ်လစီ ပြောင်းလဲရေး အတွက် ပေါ်လစီ ချမှတ်သူများ စဉ်းစားသည့် အချက်များမှာ
-မြန်မာနိုင်ငံကိုပေးသည့် လူမှုရေးအကူအညီပမာဏကို အမေရိကန်အစိုးရက တိုးမြှင့်ပေးသင့် မပေးသင့်၊
-မြန်မာစစ်အစိုးရအား နိုင်ငံရေးဖိအား တိုးမြှင့်ပေးရာတွင် အာဆီယံနှင့် အခြားနိုင်ငံများ၏ ဆွေးနွေးချက် အခန်းကဏ္ဍက မည်မျှ အတိုင်းအတာထိ ရှိမည်၊
-မြန်မာနိုင်ငံကို ဒေသတွင်း မတည်ငြိမ်မှု၏ အဓိကနိုင်ငံ ဖြစ်မလာရေး အတွက် အိန္ဒိယ၏ အခန်းကဏ္ဍအပေါ် အမေရိကန် အစိုးရက မည်သို့ သုံးသပ်မည်၊
-မြန်မာနယ်စပ်ကို ကျော်ဖြတ်လာသည့် မူးယစ်ဆေးများ ပို့ဆောင်ပေးရာ ထိုင်းနှင့် တရုတ်နိုင်ငံတို့နှင့် အမေရိကန် အစိုးရ မည်သို့ အတူလက်တွဲ ဆောင်ရွက်သွားမည်နည်း စသည့်အချက်များ ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင် ရခြင်းမှာ
-အီးယူနှင့် ဂျပန်အပါအ၀င် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုပုံစံ ကွဲပြားခြားနား နေခြင်း၊
-မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု များလာပြီး နိုင်ငံခြား ရောင်းချနိုင်သည့် အချက်ကြောင့် စစ်အစိုးရ ၀င်ငွေ သိသိသာသာ တိုးစေခြင်း၊
-အာဆီယံနိုင်ငံတွေက မြန်မာအပေါ် ဒဏ်ခတ်လိုသည့် ဆန္ဒ မရှိခြင်း၊
-မြန်မာနိုင်ငံ၏ စံချိန်တင်လောက်အောင် နိုင်ငံတကာ စီးပွားရေးနှင့် အဆက်ဖြတ်ပြီး အထီးကျန် နေနိုင်ခြင်း၊
-တရုတ်က မြန်မာစစ်အစိုးရကို စစ်ရေး၊ စီးပွားရေး ဆက်ကူညီ နေခြင်းတို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ထားသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် မှောင်ခိုလုပ်ငန်းများ၌ ကျောက်သံ ပတ္တမြားများနှင့် တန်ဖိုးပေးချေသည့် စနစ်သုံးသည်။ အထူးသဖြင့် စစ်အစိုးရသည် ကျောက်တွင်းများကို ထိန်းချုပ်ထားသည့် အလျောက် ကျောက်သံ ပတ္တမြားများ မှောင်ခို ရောင်းချခြင်း၊ တရားဝင် ရောင်းချခြင်း ကိစ္စများ၌ စစ်အစိုးရ ကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲထားသည်။
မြန်မာစစ်အစိုးရသည် ၀ယ်မည့်သူများအား မြန်မာနိုင်ငံထွက် ကျောက်သံပတ္တမြားများ မဟုတ်ကြောင်း ဖုံးကွယ်ပြီး အမေရိကန် ကျောက်မျက်ဥပဒေ ပိတ်ဆို့မှုကို ရှောင်ရှားရန် ကြိုးစားသည်ဟု အမေရိကန်ကွန်ဂရက်က စွပ်စွဲထားသည်။ အမေရိကန် ကွန်ဂရက်၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံမှ ထွက်သည်ဆိုသည့် ပတ္တမြား (၉၀) ရာနှုန်းကျော်အနက် အမေရိကန်နိုင်ငံသို့ ၀င်လာသည့် (၃) ရာနှုန်းသာ မြန်မာနိုင်ငံထွက် ပတ္တမြားအစစ် ဖြစ်သည် ဟု ထောက်ပြထားသည်။
ထို့ပြင် မြန်မာစစ်အစိုးရသည် ၂၀၀၈ ခုတွင် မြောက်ကိုရီးယားနိုင်ငံမှ ဘက်စုံပစ် ဒုံးကျည်များ တင်သွင်းခဲ့သည့် အတွက် မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂမှ ဒဏ်ခတ်ထားမှုကို ချိုးဖောက်ရာ ရောက်သည်ဟု ဖော်ပြထားသည်။
Ref: ခေတ်ပြိုင်
....
Friday, March 13, 2009
မြန်မာနိုင်ငံအပေါ်အမေရိကန်ပေါ်လစီပြောင်းလဲရေး သမ္မတ ဘုရှ် သက်တမ်း မကုန်ခင် ကတည်းက စဉ်းစားနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment