NEJ / မတ်လ(၂၄) ရက်၊ ၂၀၀၉
ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စံထားသည့် နိုင်ငံဖြစ်သည့် အတွက် ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) အပါအ၀င် တော်လှန်ရေး အဖွဲ့အစည်းများအား ဆိုးဆိုးဝါးဝါးအခြေအနေမျိုး ရောက်အောင် တွန်းပို့မည့် နိုင်ငံမဟုတ် ဟု ယုံကြည်ကြောင်း ကေအန်ယူက ပြောသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရ ဘက်က အကူအညီ တောင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကဘောက ယခုကဲ့သို့ ခေတ်ပြိုင်သို့ ပြောခြင်းဖြစ်သည်။
ပဒိုဒေးဗစ်သကဘောက “ဒီကိစ္စနဲ့ပတ်သက်ပြီး အများက စိုးရိမ်နေကြတယ်။ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီ စနစ်ကို စံထားတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့ အပေါ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်သူလို မမြင်ဘူး။ ထိုင်းဟာ ဒီမိုကရေစီကို လေးစားတဲ့ နိုင်ငံဆိုတော့ အဲဒီလို မတရား မမှန်မကန် လုပ်လေ့မရှိဘူး။ မမှန်မကန်လုပ်ရင် တရားမျှတတဲ့ ငြိမ်းချမ်းရေးကို ရမှာမဟုတ်ဘူး။ ရေရှည်မှာ အကျိုး မရှိဘူးဆိုတာ သူတို့နားလည်ပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံတကာစံနဲ့ အလုပ်လုပ်တဲ့ အစိုးရဖြစ်တယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကာဆစ်နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် ကေအန်ယူအား နားချပေးရန် ဦးဉာဏ်ဝင်းက တောင်းဆိုခဲ့သည်။
ကာဆစ် မြန်မာနိုင်ငံသွားခြင်းသည် ထိုင်းတွင်သောင်တင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကို စစ်အစိုးရက မည်သို့ ကူညီမည် ဆိုသည့်ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ ရိုဟင်ဂျာ ကိစ္စအတွက် မြန်မာဘက်က မည်သို့ ထိုင်းအား ကူညီမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကေအန်ယူကို လက်နက်ချရေး ကိစ္စအတွက် ထိုင်းအစိုးရက ဆွေးနွေးပေးရန် စစ်အစိုးရဘက်က တောင်းဆို ခဲ့ခြင်းဖြစ်သည်။
“ထိုင်းအစိုးရဟာ မြန်မာစစ်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်ကို ထောက်ခံသလို ရုဒ်မက် (၇) ချက်နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကိုလည်း ထောက်ခံပါတယ်။ ကေအန်ယူကို လက်နက်ချရေး ကိစ္စအတွက် ဆွေးနွေးဖို့ မြန်မာ စစ်ခေါင်းဆောင်တွေကို ကျနော် ကတိပေးခဲ့ပါ တယ်။ အဲသလို ဆွေးနွေးဖို့ မြန်မာ စစ်ခေါင်းဆောင်တွေက ကျနော်တို့ကို ယုံကြည်ပုံရပါတယ်” ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကာဆစ်က ပြောသည်။
ကေအန်ယူက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက် လက်မခံနိုင်ကြောင်း မိမိကိုယ်တိုင် ကေအန်ယူ ပြောသည်ကို ကြားလိုသည်ဟုပါ ကာဆစ်က ပြောသည်။
ပဒိုဒေးဗစ်သကဘော ဆက်ပြောရာတွင် “ထိုင်းဘက်က ဆွေးနွေးလာမယ်ဆိုရင် ကျနော်တို့ဘက်က ငြိမ်းချမ်းတဲ့ နည်းနဲ့ စကားပြောမယ်။ ကျနော်တို့ အခြေအနေ၊ တိုင်းပြည် အခြေအနေ၊ လူထု အခြေအနေတွေ ရှင်းပြပြီး အားလုံးအတွက် အကျိုးရှိမယ့် လုပ်ငန်းစဉ်တခုကို ချပြမယ်။ ကျနော်တို့ကတော့ လူထုဆန္ဒနဲ့အညီ မဟုတ်ဘဲ နအဖလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုတော့ လုံးဝ လက်မခံနိုင်ဘူး။ ၀င်စရာလည်း အကြောင်းမရှိဘူး” ဟု ပြောသည်။
ထိုင်းအာဏာပိုင်များသည် ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် မပြုဘဲ မိမိတို့ တပ်စခန်းများတွင်သာ ပြန်လည်နေထိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက် နေ့စွဲဖြင့် အသိပေးအကြောင်း ကြားစာ ပေးပို့ခဲ့ပြီး ဖြစ်သည်။
ကေအန်ယူ ဒု-ဥက္ကဋ္ဌက လက်ရှိအခြေအနေတွင် မိမိတို့အား ထိုင်းနယ်မြေထဲ လာရောက်ရန် ခွင့်မပြုသော်လည်း ဆေးဝါးကုသခွင့်၊ ခိုလူံခွင့်နှင့် အရေးပေါ် ကိစ္စများကို နိုင်ငံတကာစံအရ ထိုင်းနိုင်ငံက နားလည်ပေးမှုများ ရှိကြောင်း၊ ယခုကိစ္စတွင် ထိုင်းအမြင်နှင့် ကေအန်ယူအမြင် တူညီမူ မရှိနိုင်သော်လည်း ပဋိပက္ခ ဖြစ်နိုင်လောက်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဟု ယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားသည်။
Ref: ခေတ်ပြိုင်
....
Wednesday, March 25, 2009
ကေအန်ယူ လက်နက်ချရေး ထိုင်းကို စစ်အစိုးရ ဖိအားပေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment