မစၥတာဂမ္ဘာရီ ဒီတခါလာတော့ နအဖအစိုးရက ပါတီဝင် ၄၄ ယောက် (ဒီအထဲမှာ ၁၄ ယောက်က ဗဟို ဦးစီးအဖွဲ့ဝင်) ရှိတဲ့ “၈၈ မျိုးဆက်လူငယ် ကျောင်းသားများ”လို၊ သခင်စိုးဝါဒီ “အမျိုးသားပြန်လည် စည်းလုံး ညီ ညွတ်ရေး သုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှု ကျောင်းတော်သားစု”လို့ သူတို့ရဲ့ အုတ်ကြားမြက်ပေါက်၊ ဗြုတ်စ ဗြင်းတောင်း အဖွဲ့တွေကို ပွဲထုတ်လိုက်တယ်။ အဓိပ္ပါယ်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက လူထု ထောက်ခံမှု ၈၀% ကျော်ရထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အဖွဲ့အစည်း တွေကို တတန်းတည်း ထားပြ လိုက်တာဖြစ်တယ်။ နောက်ပြီး သူတို့ ရွေးကောက်ပွဲ ကိုလည်း ပွဲထုတ်လိုက်တာပဲ ဖြစ်တယ်။
အမှန်ပဲ။ ဒီနှစ်ဟာ နအဖစစ်အုပ်စုအတွက် ရွေးကောက်ပွဲ ပြင်ဆင်ရေးကာလ ဖြစ်တယ်။ ဒါပေမယ့် ဒါဟာ ပန်းခင်းလမ်း မဟုတ်တာ သေချာတယ်။ အတက်လမ်းပဲ။ နအဖအဖို့ ရွေးကောက်ပွဲ လုပ်သည်ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ ရွေးကောက်ပွဲမှာ သူ့လူတွေ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ၊ တိုင်းပြည်အာဏာကို သပိတ်ဝင် အိတ်ဝင် ရထားတယ် ဆိုတာတော့ မှန်တယ်။
အခုအခါ နအဖစစ်အစိုးရရဲ့ ၀န်ကြီးအဖွဲ့အတွင်း ရှန်တိန် လုပ်နေတာတွေ စပြီး တွေ့နေရပြီ။ နောက်အစိုးရမှာ ၀န်ကြီး လုပ်မယ့်လူတွေ၊ ရွေးကောက်ပွဲမှာ အရွေးခံမယ့် လူတွေ စသဖြင့် သူတို့တွင်း စီစဉ်တာ ပြင်ဆင်တာ တွေကို မြင်နေရပြီ။ ကြံ့ဖွတ်၊ တစည စသူတွေလည်း အလုပ်ရှုပ် နေကြပြီး စီးပွားရေး သမားတွေ၊ စစ်အုပ်စု အဆက် အနွယ် ဟောင်းတွေလည်း ပျားပန်းခတ် ခြေပုန်းခုတ် နေကြတယ်။ ဒါ့အပြင် နိုင်ငံရေး သမားဟောင်း ကြီးတချို့လည်း ပြန်ထွက်လာတာဟာ စိတ်ဝင်စား စရာပဲ။ ပြည်ပမှာတောင်မှ နအဖရဲ့ ရွေးကောက်ပွဲကို ၀င်ဖို့ ပြင်ဆင်နေတာ၊ စည်းရုံးနေတာတွေ တွေ့နေ၊ ကြားနေရတာဟာ အံ့သြ ကုန်နိုင်ဖွယ်လို့ ဆိုရမှာပဲ။
အခုလို ရာထူးတွေ၊ အာဏာတွေ၊ အခွင့်အရေးတွေ ခွဲဝေပေးမယ့် ရွေးကောက်ပွဲမှာ နအဖအနေနဲ့ သူ့လူတွေ သူ ထိန်းချုပ်နိုင်ပါ့မလား။ တခြားလူတွေ၊ တခြား အင်အားစုတွေကို ဘယ်လောက် စုမိလို့ ဘယ်လောက်အား တောင့်တဲ့ အနေအထားအထိ သည်းညည်း ခံနိုင်မလဲ။ တကယ်လို့များ သူတို့ကို ဆန့်ကျင်သူတွေက လွှတ် တော်ထဲမှာ အများစုဖြစ်လာရင် နအဖက ဘယ်လို သဘောထားမလဲ။ ဒါတွေကလည်း စိတ်ဝင်စားစရာပဲ။
ဒါပေမယ့် သေချာတာတခုက နအဖက မျက်မှောင်ကုတ် ကြည့်နေတဲ့ နအဖရဲ့ ၂၀၁၀ ဒီမိုကရေစီဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကိုမင်းကိုနိုင် တို့လို ရှစ်လေးလုံး မျိုးဆက်တွေ အတွက် မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ ဖမ်းထားတဲ့ လူတွေကို ရွေးကောက်ပွဲရဲ့ အချက်အခြာ ဒေသတွေနဲ့ ဝေးသထက် ဝေးတဲ့ ထောင်တွေကို ပို့ နေတာကြည့်ရင် ရည်ရွယ်ချက်က ရှင်းနေတယ်။ အဖွဲ့ချုပ်ကိုလည်း အင်ပလိုးရှင်း (implosion)ခေါ် သူ့ဖာသာ အတွင်းပိုင်း လှိုက်ပြီး ပြိုကျသွားတာ၊ ဒါမှမဟုတ် သူ့အလိုလို ပြိုကွဲ ပျက်စီး သွားတာမျိုးတွေ ဖြစ်အောင်၊ လက်သည် မပေါ်ဘဲ သတ်ပစ်နိုင်အောင် နအဖက ကောက်ကောက် ကျစ်ကျစ် လုပ်ကြံနေ၊ အာဘော်လွှင့်နေတာတွေ အမျိုးမျိုး တွေ့နေရတယ်။
ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကို တရားခံဖြစ်အောင် အခုကတည်းက စနစ်တကျ အာဘော် ဖန်တီးနေတယ်။ နအဖအဖို့ သူတို့ရဲ့ လမ်းပြမြေပုံ အဆုံးပိုင်းနားကို ရောက်လာပြီ ဖြစ်တဲ့အတွက် လက်နက်ကုန် ထုတ်သုံး တော့မယ် ဆိုတာကို သံသယ ဖြစ်စရာ မလိုဘူး။ ဒါပေမယ့် ဒီလိုပြောတဲ့အတွက် ပြည်သူတွေက ဒါကို ကြောက် လန့်ဖို့ မဟုတ်ဘူး။ ပြည်သူတွေ ဖက်ကလည်း လက်နက်ကုန် ထုတ်မသုံးရသေးဘူး ဆိုတာ မမေ့သင့်ဘူး။ နအဖ အကြောက်ဆုံးဖြစ်တဲ့ နျူးကလီယား လက်နက်ထက် အစွမ်းထက်တဲ့ လက်နက်ကြီး တခုဖြစ်တဲ့ ပြည်သူ့ အင်အား ဖော်ပြမှုဆိုတဲ့ လက်နက်ကြီးကို မသုံးစွဲရသေးဘူး။ အခုမှ လူထုတွေဟာ ဒီ လက်နက်ကြီးကို တည်ဆောက်ဆဲ ရှိသေးတယ်လို့ မြင်ရမယ်။ ဒါ့အပြင် ဒီလက်နက်မှာ ကျည်ဆံကုန်တယ်လို့ မရှိဘူး ဆိုတာလည်း မှတ်သားထား သင့်တယ်။
နောက်မျဉ်းသားပြသင့်တဲ့ အကြောင်းအရာတခုက နအဖမှာ တခြား အခက်အခဲတွေလည်း ရှိနေသေးတယ်ဆို တာပဲ။ သူတို့အဖို့ မီးဝိုင်းနေတဲ့ အခြေအနေလို့ မဆိုနိုင်ပေမယ့် မီးခဲကို ဖင်ခုထိုင်နေရတဲ့ အခြေအနေ မျိုးလို့တော့ ဆိုနိုင်တယ်။ အဲဒီအထဲက တခုက အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ ကိစ္စပဲ ဖြစ်တယ်။ ဒီအဖွဲ့ တွေမှာ သဘောထား တမျိုးထဲ ရှိကြတာ မဟုတ်သလို စဉ်းစားနည်းတွေလည်း အမျိုးမျိုး ကွဲကြတာပဲ။ ဒါပေမယ့် တူညီတာတခုက သူတို့အားလုံးဟာ နအဖ စစ်အစိုးရကို အကုန်ပုံပြီး မယုံသေးဘူး ဆိုတဲ့အချက်ပဲ။ အားလုံး ဟာ ‘စောင့်ကြည့်’ ပေါ်လစီကို ကိုင်ပြီး အကဲခတ် နေကြတာဖြစ်တယ်။ ကိုယ့်ကြမ္မာကို နအဖရဲ့ ကံကြမ္မာနဲ့ တထပ်ထဲ ထားလိုက်ရင် ကိုယ့်ဘ၀ရော၊ ဂုဏ်သိက္ခာရော ပစ္စလက္ခတ် ဖြစ်သွားမယ်ဆိုတာ သူတို့ သိကြတယ်။ သူတို့လည်း သမိုင်းတရားခံ ဖြစ်မှာကိုတော့ ကြောက်တာပဲ။ ဒီလိုအနေအထားတွေ ရှိနေလို့လည်း နအဖ တိုင်းမှူးတွေဟာ အဲဒီ အဖွဲ့အစည်း တွေဆီကို ဥဒဟို ချောင်းပေါက်မတတ် သွားနေ၊ “နားချ”နေကြတာဖြစ်တယ်။
ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းကြီး ပေါ်ပေါက်ခဲ့တဲ့နောက် ဗမာပြည်သူတွေ အကြားမှာ လက်နက် ကိုင်ချင်စိတ်တွေ ပိုပြင်းပြ လာတာကြောင့်လည်း နအဖ ဗိုလ်ချုပ်တွေ အနေနဲ့ ဒီအပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို တင်းတင်း မာမာ မဆက်ဆံမိအောင် ပိုသတိထား နေရတာဖြစ်တယ်။
တလောက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နအဖကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တိုက်တွန်းတယ် ဆိုတာမျိုးဟာလည်း နအဖအတွက် ရင်ဆိုင်ရ၊ ကျော်လွှားရခက်တဲ့ နိုင်ငံ တကာ ဆက်ဆံရေး အခြေအနေ ဖြစ်တယ်။ စစ်အစိုးရအဖို့ ပြောရရင် ၈၈ ခုနှစ်ကတည်းက တွေ့ကြံနေရတဲ့ ပြည်ပ ဆက်ဆံရေးမှာ ခံစစ်ပဲ ဖြစ်နေတာကို အခုအထိ ပြောင်းမပစ်နိုင်သေးဘူး။ တလှမ်းတိုးတိုင်း မစင်ပုံ နင်းမိ နေတာချည်း ဖြစ်နေတုန်းပဲ။
နောက်တခုက ကမ္ဘာ့စီးပွားရေးအကြပ်အတည်း။ ဒါဟာလည်း နအဖအဖို့ ကံဆိုးမသွားရာ မိုး လိုက်လို့ရွာတာ ဖြစ်တယ်။ ပိုဆိုးတာက ဒီနေ့လို စစ်အစိုးရ အနေနဲ့ ရွေးကောက်ပွဲအတွက် ငွေအများကြီး သုံးစွဲရမယ့် ကာလ မှာကျမှ ဒီစီးပွားရေး ကပ်က လာဆိုက်နေတာ။ နောက်ပြီး ဒီဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ သူတို့ အနေနဲ့ ဘာမှလည်း မတတ်နိုင်ဘူး။ လက်မှိုင်ချပြီး ကံသာအမိ ကံသာအဖ ဆိုသလို မြန်မြန် ကုန်လွန် သွားပါစေ လို့ ပရိတ်ရွတ် ဆုတောင်းနေရုံက လွဲလို့ ဘာမှ မတတ်နိုင်ဘူး။
ဒါကြောင့် ၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်တွေဟာ ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့ နှစ်တွေ ဖြစ်လာနိုင်တယ်။ နိုင်ငံရေး အင်အားစုတွေ အကြားမှာ ခွဲထွက်မှုတွေ ပေါင်းစည်းမှုတွေ ပေါ်လာနိုင်တယ်။ ထောင်ထဲ ရောက်မယ့် လူတွေလည်း မနည်းဘဲ ရှိနိုင်တယ်။ ဒါပေမယ့် နအဖ ဘာမှ မတတ်နိုင်တဲ့ အနေအထားတွေလည်း ပေါ်ပေါက် လာနိုင်တယ် ဆိုတာ မျှော်မှန်း ထားသင့်တယ်။ ဒီအတွက် ပြင်ဆင်တာ၊ စည်းရုံးတာတွေ ဘယ်လောက် လုပ်ကိုင် ပြီးကြပြီလဲ။
......
0 comments:
Post a Comment