မုံပီး
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွက် ပထမဆုံး လေးလပတ် အစည်းအဝေးကို မတ်လ ဒုတိယ အပတ်အတွင်း ကျင်းပရန် ပြင်ဆင်နေသည်။
ဤအစည်းအဝေးတွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အစီအစဉ် များအပါအဝင် ကိစ္စရပ် အမြောက်အမြားကို ဆွေးနွေးဖွယ် ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။
ဤအစည်းအဝေးပြီးလျှင် ဗိုလ်ချုပ်ကြီးများသည် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဥပဒေကို ကြေညာဖွယ် ရှိသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
ဤလေးလပတ် အစည်းအဝေးများသည် စစ်တိုင်းမှုးများ၊ တပ်မဟာမှုး များနှင့် ဝန်ကြီးဌာန များမှ ညွှန်ကြားရေးမှုး ချုပ်များပါ စုံညီစွာ တက်ရောက်သော အစည်းအဝေး ဖြစ်သည်။ ဤအစည်းအဝေး များကို နေပြည်တော်တွင် ကျင်းပလေ့ရှိပြီး တိုင်းပြည် တဝှမ်းမှ အရာရှိကြီး တက်ရောက်လေ့ ရှိသည်။
သို့သော် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာ သုံးသပ်သူ ဦးအောင်ကျော်ဇော ကမူ ဤအစည်းအဝေး၌ ဆွေးနွေးအပြီးတွင် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲဥပဒေကို ကြေညာရန် ရာခိုင်းနှုန်း များသော်လည်း စစ်တပ်ထဲမှ အစိတ်အပိုင်း တချို့၊ အထူးသဖြင့် အသက်ကြီးပိုင်းက ရွေးကောက်ပွဲဥပဒေ ကြေညာခြင်းကို နောက်ထပ် ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆနေကြသည်။
“အောင်သောင်းနဲ့ ကျော်ဆန်းလိုလူတွေက ရွေးကောက်ပွဲ ဥပဒေကို အခု ကြေညာ သင့်တယ်လို့ ထင်တယ်။ သူတို့က သူ တို့ဘက်က လုံလုံ လောက်လောက် ပြင်ဆင်မှု ရှိထားပြီလို့ သေချာပေါက် တွက်နေတာ” ဟု စစ်အစိုးရ၏ စက်မှု (၁) ဝန်ကြီးနှင့် ပြန်ကြားရေး ဝန်ကြီးတို့ကို ရည်ညွှန်းကာ သူက ပြောကြားသွားခဲ့သည်။
သို့သော် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က စစ်တပ်မှ ရှုံးနိမ့်ခဲ့ရသည်ကို ကြုံထားရဖူးသည့် စစ်တပ်ထိပ်တန်း ခေါင်းဆောင် နှစ်ဦးဖြစ်သော ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကမူ အတိုက်အခံများကို ပြင်ဆင်ချိန် အကန့်အသတ်နှင့်သာ ပေးနိုင်ရန်အတွက် ဥပဒေ ကြေညာခြင်းကို ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆကြသည်။
“ဒီကိစ္စက အခု လေးလပတ် အစည်းအဝေးမှာ သူတို့ ဆွေးနွေးနိုင်တဲ့ အကြောင်းအရာပဲ” ဟု သူက ဆက်ပြောသည်။
စစ်တပ်သည် ဤ လေးလပတ်အစည်းအဝေး ၃ ခုကို နှစ်စဉ် ဇန်နဝါရီ၊ မေနှင့် စက်တင်ဘာ လများတွင် ကျင်းပလေ့ရှိသည်။ သို့သော် ၂ဝဝ၈ ခုနှစ်အတွင်း စစ်တပ်က မေလတွင် ကျင်းပရမည့် အစည်းအဝေးကို ၂ ကြိမ် ဖျက်သိမ်းခဲ့သည်။ အလားတူပင် နောက်ဆုံး ကျင်းပရမည့် လေးလပတ် အစည်းအဝေးကိုလည်း နိုဝင်ဘာလတွင် ပြောင်းလဲ ကျင်းပခဲ့သည်။
“ကျနော့် သဘောပြောရရင် ဒီလေးလပတ် အစည်းအဝေးတွေက အနှစ်သာရ မရှိတော့ပါဘူး။ ထိပ်တန်း စစ်တပ် ခေါင်းဆောင် အနည်းငယ် လောက်ကပဲ သူတို့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ၊ စီမံကိန်းတွေကို လက်အောက် အရာရှိတွေကို ချပြတဲ့ အစည်းအဝေး ဖြစ်နေတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။
သူ့အဆိုအရ ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦးဖြစ်သော ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဝန်ကြီးချုပ် သိန်းစိန်နှင့် အတွင်းရေးမှုး (၁) သီဟသူရ တင်အောင်မြင့်ဦးတို့သည် အစည်းအဝေး မတိုင်ခင် ကြိုတင် တွေ့ဆုံ ဆွေးနွေးကြပြီး လေးလပတ် အစည်းအဝေး မတိုင်ခင်ပင် အဓိကကျသော ဆုံးဖြတ်ချက်များကို ကြိုတင် ချမှတ်ထားကာ အစည်းအဝေးသို့ တက်ရောက်လာသည့် လက်အောက် အရာရှိများကို သူတို့၏ ရှေ့ အစီအစဉ်များ ရှင်းလင်းပြခြင်းသာ လုပ်သည်ဟု ဆိုသည်။
“အကြံပေးတာ၊ ဆွေးနွေးတာ ဒီအစည်းအဝေးမှာ နဲနဲပါးပါးတော့ လုပ်တယ်။ ဒါပေမဲ့ အဓိက ဆုံးဖြတ်ချက်တွေက ခုန ၅ ယောက်က အစည်းအဝေး မတိုင်ခင်ကတည်းက ကြိုချထားပြီးပြီ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။
တပ်တွင်းနေရာ အရွှေ့အပြောင်း အများစုသည် ဤလေးလပတ် အစည်းအဝေးများ အတွင်း ဖြစ်ပွားလေ့ရှိပြီး၊ ထို လေးလပတ် အစည်း အဝေးများထဲမှ နောက်ဆုံးဖြစ်သော စက်တင်ဘာလတွင် ကျင်းပသော အစည်းအဝေးသည် အရေး အပါဆုံးဖြစ်ကာ၊ စစ်တပ်အတွင်း အဓိက ကျသော နေရာ အပြောင်း အရွှေ့များကို အမြဲ ကြေညာလေ့ရှိသည်ဟု စစ်ရေး အကဲခတ် အများစုက ပြောကြသည်။
Ref: မဇ္ဈိမ
Friday, February 27, 2009
ယခုနှစ်အတွက် ပထမ 'လေးလပတ်အစည်းအဝေး' ကျင်းပရန် စစ်အစိုးရ ပြင်ဆင်နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment