အောက်တိုဘာ ၁၆၊ ၂၀၀၈
၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံးသွားပါက သမ္မတရာထူးကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ၎င်းလက်သပ် မွေးထားသည့် တပည့် နှစ်ဦးကိုသာ ရွေးချယ်သွားနိုင်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းများ အရ သိရသည်။
ယင်းသမ္မတရာထူးအတွက် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေတို့ ရေပန်းစားလျက်ရှိသည်။
ကြံ့ခိုင်ဖွံဖြိုးရေး အသင်းနှင့် နီးစပ်သူတဦးက “ဦးအောင်သောင်းဟာ ကြံ့ဖွံ့အသင်းမှာ သြဇာ ကြီးသလို အဓိကနေရာကနေ ပါဝင်နေတဲ့သူ တဦးပါ။ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကတော့ ဗိုလ်ချုပ်မှူးကြီး ကြိုက်တဲ့ သူတဦးပေါ့။ သူတို့နှစ်ယောက်က သမ္မတရာထူး အတွက် အလားအလာ အကောင်းဆုံး သူတွေ” ဟု ပြောသည်။
ရန်ကုန်ရှိ အမျိုးသမီး သတင်းထောက်တဦးက “ဒီသတင်းက ခုတလော လက်ဘက်ရည်ဆိုင်မှာ လူအများစု ဆွေးနွေးနေတဲ့ အကြောင်းအရာ ဖြစ်နေတယ်” ဟု ဧရာဝတီ သို့ပြောသည်။
စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတရာထူးကို ပါလီမန်က ရွေးချယ်မည် ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံအရ ပါလီမန်အဖွဲ့ဝင် လေးပုံတပုံမှာလည်း ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် ခန့်အပ်သွားမည့် စစ်တပ်မှ အရာရှိများဖြစ်ပြီး ကျန်နေရာများကို ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ ထဲမှ ရွေးချယ်ခန့်အပ် သွားမည် ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ အတိုက်အခံ အင်အားစုများ ကန့်ကွက်နေသည့် ကြားကပင် စစ်အစိုးရသည် လွန်ခဲ့သည့် မေလက ပြည်သူ့ဆန္ဒ ခံယူပွဲကျင်းပကာ ၎င်းတို့စိတ်တိုင်းကျ ရေးဆွဲထားသည့် အခြေခံဥပဒေကို အတည်ပြုခဲ့သည်။
၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု၏ နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူ အဖြစ် ဦးအောင်သောင်းကို ပြည်ပရောက် အတိုက်အခံများက စွပ်စွဲ ပြောနေဆိုကြသည်။
ဦးအောင်သောင်းသည် ယခုအခါ မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင် ဖြစ်လာပြီး ၎င်း၏ မိသားစုဝင်များက အောင်ရေဖြိုး ကုမ္ပဏီ၊ အိုင်ဂျီအီး ကုမ္ပဏီနှင့် ကွင်းစတား ကုမ္ပဏီများကို ဦးစီးလုပ်ကိုင် လျှက်ရှိသည်။
ယင်းကုမ္ပဏီများသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်နှင့် ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းများ၊ ကွန်ပျူတာနှင့် တခြား လျှပ်စစ်ပစ္စည်း တင်သွင်းသည့် လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိ နေသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ၂၀၀၂ ခုနှစ်က ဗိုလ်ချုပ်ရာထူးဖြင့် ရန်ကုန်တိုင်း တိုင်းမှူး ဖြစ်လာကာ စစ်တပ်အတွင်း လူသိများလာခဲ့သည်။
စစ်ဘက်ဆိုင်ရာများနှင့် ရင်းနှီးသော ရန်ကုန်ရှိ လေ့လာသူများက အသက် ၇၅ နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အနားယူလိမ့်မည် မဟုတ်ကြောင်းနှင့် တပ်မတော်ကို ဆက်လက်ထိန်းချုပ်သွား မည်ဖြစ်ကြောင်း ပြောဆိုသည်။
ထို့အတူ ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းတို့သည်လည်း ဗိုလ်ချုပ်မှူးကြီးက အာဏာကို ဆုပ်ကိုင်ထားသရွေ့ ၎င်းတို့၏ ရာထူးနေရာတွင် ဆက်လက် တည်မြဲနေမည် ဖြစ်ကြောင်းလည်း ခန့်မှန်းကြသည်။
ref: ဧရာဝတီ
Friday, October 17, 2008
နိုင်ငံတော်သမ္မတသစ် နေရာတွင် ဦးအောင်သောင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေတို့ ရေပန်းစားနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment