..............................

Monday, October 24, 2011

ကလေးမြို့ ကြေညာစာတမ်း ဆက်လက် ရပ်ခံသွားမည်

ကိုပေါက်
သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံ တခု ထပ်မံ ခေါ်ယူလိုသည့် တနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာ စာတမ်းပါ မူများအတိုင်း ဆက်လက် ရပ်ခံသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

“၂၁ ရာစု ပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင်စု စိတ်ဓါတ် ညီလာခံကတော့ မဖြစ်ဖြစ်အောင် လုပ်ရမယ့် ကိစ္စပဲ။ အခု ဖြစ်နေတာတွေလည်း tension လျော့အောင် ဝိုင်းဝန်းပြောကြဆိုကြ၊ လှုပ်ရှားညှိနှိုင်းကြရမှာပဲလေ” ဟု မဇ္ဈိမကို ပြောသည်။

ဦးတင်ဦးနှင့် ဦးဝင်းတင် အပါအဝင် လွှတ်တော်ပြင်ပ တိုင်းရင်းသားပါတီများ၊ ဝါရင့်နိုင်ငံရေး သမားကြီးများ ၁၁ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါ ကြေညာစာတမ်းတွင် “မြန်မာနိုင်ငံကို တပြည်ထောင် စနစ်လည်း မဟုတ်၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူ ကျင်းပ သွားကြရမည်။” ဟု ဖော်ပြ ပါရှိသည်။

၂ဝ၁ဝ အောက်တိုဘာ ၂၄ ရက်နေ့တွင် ကျရောက်သည့် ဇိုမီး အမျိုးသားကွန်ဂရက် ZNC တည်ထောင်ခြင်း ၂၂ နှစ် ပြည့်တွင် ‘ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း’အား ထုတ်ပြန်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာသည်တွင် ‘၂၁ ရာစု ပင်လုံညီလာခံ’ ဟု ခေါ်တွင် လှုပ်ရှားလာခဲ့ကြသည်။

NLD ရုံးချုပ်တွင် ဟောပြောပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ပြုလုပ်ခဲ့ကြသော်လည်း လက်တလော ဖြစ်ပေါ်နေသည့် အရေး ကိစ္စများနှင့် အလုပ်များနေကြောင်း သိရသည်။

ယခုနှစ် ZNC နှစ်ပါတ်လည် အခမ်းအနားကိုလည်း ကလေးမြို့တွင် ကျင်းပရန် စီစဉ်ထားကာ NLD (CEC) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့အား ဖိတ်ကြားထားပြီး NLD လူလတ်ပိုင်း ခေါင်းဆောင်များ တက်ရောက် နိုင်လိမ့်မည်ဟု သိရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လက်ရှိအခြေအနေအပေါ် “အရေးအကြီးဆုံး နံပါတ်တစ် ကတော့ဗျာ ဒီလို ပစ်ခတ် တိုက်ခိုက် နေရင်တော့လည်း ဘယ်လိုလုပ်ပြီး ယုံကြည်မှု ရမလဲ။ ဒါကြောင့် အပစ်ရပ်ကြပါ။ မူလနေရာ status quo ပြန်နေပြီးတော့ ဆွေးနွေး နိုင်မယ် ဆိုရင်တော့ အဖြေကောင်း ရနိုင်တယ်လို့ ပြောဆို လှုပ်ရှား နေတာတွေ ရှိပါတယ်” ဟု ဦးတင်ဦးက ပြောသည်။

လွှတ်တော်တွင်းပါတီတခုဖြစ်သည့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP နှင့် ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးတခု ရရှိ ထားပြီး စစ်ဘက် အပါအဝင် အခြား ပါတီအဖွဲ့အစည်းများ နှင့်ပါ common ground များ တည်ဆောက် သွားခြင်းအားဖြင့် တတိုင်းပြည်လုံး စည်းလုံး ညီညွတ်ရေး တည်ဆောက် သွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောသွားသည်။

Ref: မဇ္ဈိမ

Read More...

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ဖျက်သိမ်းရန် ဒီငြိမ်းတိုင်ကြား

ညီသစ်
သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ရှိအာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအား နိုင်ငံပိုင် ပစ္စည်းများ သုံးစွဲခဲ့သည့် အတွက် နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေနှင့် ငြိစွန်းနေကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီမှာ မူလ မှတ်ပုံတင်စဉ် ကတည်းကပင် မှတ်ပုံတင်ခွင့် မရထိုက်သည့် ပါတီဖြစ်ကြောင်းနှင့် ရွေးကောက် ပွဲတွင် အနိုင် ရခဲ့သည့် ရလဒ်များနှင့် တကွ ပယ်ဖျက်သိမ်းရမည့် ပါတီဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်က ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ခဲ့သည့် တိုင်ကြားစာတွင် ပါရှိသည်။

“ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၂နဲ့ ငြိစွန်းနေတယ်။ အဲဒါက နိုင်ငံပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ် အစရှိတာကို သုံးစွဲနေတဲ့ ပါတီလို့ ဆိုတယ်။ ကြံခိုင်ဖွံ့ဖြိုးရေး အသင်းကနေ ပြောင်းပြီး ပါတီဖွဲ့တာ ဖြစ်တဲ့အတွက် နိုင်ငံငွေကြေး များစွာ ပါဝင်တယ်။ ကျပ်သန်း ကုဋေများစွာနဲ့ အသင်းကို ပါတီအဖြစ် ဖွဲ့စည်းထားတာ” ဟု ဒီငြိမ်းပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) တွင် “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်း တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း ဖြစ်ကြောင်း တွေ့ရှိခြင်း” ပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ပြဋ္ဌာန်းထားသည်။

ယင်းအချက်နှင့် ကိုက်ညီပါက ကော်မရှင်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်း ပါတီကို လည်း ဖျက်သိမ်း ရမည် ဖြစ်သည်။

“ဒီကိစ္စနဲ့ ပတ်သတ်ပြီး တရားဝင် စာရင်းရှင်းတာ မတွေ့ရဘူး။ အရင်ခေတ်က မဆလကနေ အသွင် ပြောင်းလာတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ဆိုရင် ပါတီဖွဲ့တော့ စာရင်းရှင်းတာ ရှိခဲ့တယ်“ ဟု ဦးမျိုးညွန့်က အောက်တိုဘာလ ၁၇ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

တိုင်ကြားမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မည်သည့် တုံ့ပြန်မှုမှ ပြုလုပ်သေးခြင်း မရှိသေးပေ။

ဒီငြိမ်းပါတီက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲ တခုလုံး အား ခြုံငုံ သုံးသပ်ပါက လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

အာဏာသိမ်းအစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်းက ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သော်လည်း အသွင်ပြောင်း ကြံ့ခိုင်ရေး ပါတီမှာ အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရသွားခဲ့သည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက ကိုယ်စားလှယ် ကိုးဦး ပါဝင် ယှဉ်ပြိုင် ခဲ့သော်လည်း တဦးမျှ အနိုင် မရရှိခဲ့ချေ။

ပါတီ၏ ကြေညာချက်တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှုတို့အပေါ် ကြိုဆိုကြောင်း လည်း ပါရှိသည်။

ယင်းအပြင် “တူတာတွဲလုပ်၊ မတူတာ ညှိနှိုင်းလုပ်” မူဖြင့် ပြည်ထောင်စုအစိုးရနှင့် အားတက်သရော ပူးပေါင်း ဆောင်ရွက် သွားမည်ဟုလည်း ကြေညာချက်က ဆိုသည်။

အာဏာသိမ်းအစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်းက ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သော်လည်း အသွင်ပြောင်း ကြံ့ခိုင်ရေး ပါတီမှာ အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရ သွားခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ကတိတည်ကြရန် တရုတ်က မြန်မာကို သတိပေး

ကိုပေါက်
သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ တရုတ်-မြန်မာ ပူးတွဲ စီမံချက်များအား အကောင်အထည် ဖော်ရန်အတွက် နှစ်နိုင်ငံ ကတိကဝတ်များ တည်ကြရန် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောဆို လိုက်သည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအား ကြာသပတေးနေ့က လက်ခံ တွေ့ဆုံပြီး ယခုကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ဖော်ပြ ပါရှိသည်။ မြန်မာ သမ္မတ ဦးသိန်းစိန်က ဧရာဝတီ မြစ်ဖျားရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းကြောင်း ရုတ်တရက် ကြေညာလိုက်သည့် နောက်ဆက်တွဲ အနေဖြင့် ထွက်ပေါ် လာခြင်းဖြစ်သည်။

“နှစ်နိုင်ငံခေါင်းဆောင်များ ကျေလည် သဘောတူထားသည့် စီမံချက်များ အကောင်အထည် ဖော်ရန် အတွက် ကတိ တည်ကြရန်နှင့် ကျန်းမာစွာ ဖွံ့ဖြိုးနေတဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ခိုင်မာစေရန် နှစ်နိုင်ငံလုံး အလေးထား လုပ်ဆောင်ကြဖို့ လိုပါတယ်” ဟု ဝမ်ကျားပေါင်က ပြောသည်။

မကြာမီက ရပ်နားထားရသည့် မြစ်ဆုံ စီမံကိန်းဟု ထည့်သွင်း မပြောဆိုသော်လည်း ဤကိစ္စ ဆွေးနွေးဖွယ် ရှိကြောင်း မြန်မာ အရာရှိများက တင်ကြို ခန့်မှန်းထားကြသည်။

တရုတ်ပြည်တောင်ပိုင်း နန်ကင်းမြို့ရှိ တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသော ဦးတင်အောင်မြင့်ဦးက “ပြဿနာများ ဖြေရှင်းနိုင်ရန် နည်းလမ်းများအား ကြိုတင် ရှာကြံသွားမည် ဖြစ်ကြောင်း” ပြောဆိုခဲ့သည်ဟု သတင်းစာတွင် ဖော်ပြပါရှိသည်။

ဒေါ်လာ သန်း ၃.၆ ထောင်တန် မြစ်ဆုံ စီမံကိန်းအား ချောင်ထိုးထားရသည်မှာ မြန်မာပြည်ရှိ များပြားလှသော တရုတ် အကျိုး စီးပွားများအား မကြုံစဖူး စိန်ခေါ်ချက် တခုဖြစ်ကြောင်း ပီကင်းမှ လာသည့် Reuters သတင်း တပုဒ်တွင် ရေး သားထားသည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့် အပေါ် ဥပဒေအရ ရင်ဆိုင် ဖြေရှင်းသွားမည်ဟု တာဝန်ယူ အကောင်အထည် ဖော်နေသည့် တရုတ် ကုမ္ပဏီ CPI က အတိအလင်း ပြောဆိုခဲ့ပြီး ဖြစ်သည်။ အလားတူ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကလည်း ၎င်းတို့ ကုမ္ပဏီများ၏ အကျိုးစီးပွား အတွက် ထည့်သွင်း စဉ်းစားပေးရန် ထုတ်ပြန် ခဲ့သေးသည်။

CPI နှင့် မြန်မာအမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့ ဒီဇင်ဘာ ၂၀၀၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ ရေးထိုး ခဲ့ပြီး မတ်လ ၂ဝဝ၉ ခုနှစ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး သဘော တူညီချက်များပါ နှစ်နိုင်ငံ အကြား ရေးထိုး ခဲ့ကြသည်။

ဖိအားအမျိုးမျိုးကြောင့် သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သည့် စက်တင်္ဘာ ကုန်ပိုင်းမှစကာ စီမံကိန်းအား ရပ်ဆိုင်း ထားစေခဲ့ရသည်။

စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရပါက မူလရင်းနှီးမြှုပ်နှံမှု တန်ဖိုးထက် အကုန်အကျ ပိုလာ မည်ဖြစ်ပြီး မြန်မာ အစိုးရက စီမံကိန်းမှ ရရှိမည့်ငွေဖြင့် ပြန်ဆပ်ရန် ရည်ရွယ်ထားသော ၂ဝ၁၁ ခု နှစ်ဆန်းပိုင်း တရုတ် နိုင်ငံထံမှ ချေးငွေ သဘော တူညီချက်ကို ထိခိုက်မည်ဟု CPI ဥက္ကဋ္ဌက အောက်တိုဘ ၃ ရက်နေ့တွင် ထည့်သွင်း ပြော ဆိုထားသည်။

Ref: မဇ္ဈိမ

Read More...

ယုံကြည်ချက်အတိုင်း ဆက်လျှောက်ရန် ဒေါ်စုတိုက်တွန်း

ထွန်းထွန်း
သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ လွတ်မြောက်လာသူ အကျဉ်းသားများအနေဖြင့် မိမိယုံကြည်ချက် လမ်းကြောင်း အတိုင်း ဆက်လုပ် သွားမည်ဟု မျှော်လင့်ကြောင်းနှင့် ဆက်လုပ်ရန် အတွက်လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဝါရင့်နိုင်ငံရေး သမားကြီးများ ကန်တော့ပွဲနှင့် လွတ်မြောက်လာသူ အကျဉ်းသားများ ကြိုဆိုပွဲ နှစ်ခုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးတွင် အောက်တိုဘာလ ၂၁ ရက် ကျင်းပခဲ့ရာ၌ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အကျဉ်းထောင်ထဲမှာလည်းပဲ ကြံ့ကြံ့ခံပြီးတော့ ရပ်တည်ပြီးတော့ အခု လွတ်မြောက်လာတယ်။ လွတ်မြောက် လာတဲ့ နေရာမှာ မိမိ မူလ ယုံကြည်တဲ့ နိုင်ငံရေး တာဝန်တွေကို ဆက်လက်ပြီးတော့ ထမ်းဆောင် ကြမယ်လို့ သူက မျှော်လင့် ပြီးတော့ ကြိုဆိုပါတယ်တဲ့။ အဲဒီလို ထမ်းဆောင် ပါလို့လည်း တိုက်တွန်း ချင်ပါတယ်” ဟု လူထု ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သက်ကြီးပူဇော်ပွဲကို စတင် ကျင်းပခဲ့ဖြစ်ကာ လွတ်လပ်ရေး တိုက်ပွဲများမှ ယနေ့ အချိန်အထိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး လုပ်ဆောင်နေသည့် ဝါရင့် နိုင်ငံရေးသမားကြီး ရှစ်ဦးကို ဖိတ်ကြား ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။

ဂုဏ်ပြုခံ နိုင်ငံရေး သမားကြီးများမှာ ဦးနိုင်ငွေသိန်း၊ သခင်လှကွန်း၊ ဦးသာဘန်း၊ ဗိုလ်အောင်နိုင်၊ ဦးအုန်းမောင် (ရွှေတောင်)၊ ဦးကျော်စိန်နှင့် ဦးထွေးမြင့်တို့ ဖြစ်သည်။

ယင်းပွဲသို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဝါရင့်နိုင်ငံရေး သမားကြီးများ၊ ပြည်နယ်/ တိုင်းများမှ ပါတီအဖွဲ့ဝင် စုစုပေါင်း ၁,၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ယင်းတို့ထဲတွင် မကြာမီက လွတ်မြောက်လာသည့် လူရွှင်တော် ကိုသူရ (ခ) ဇာဂနာ၊ NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် ဦးကျော်ခင် (တောင်ကြီး) နှင့် ဦးစောလှိုင် (အင်းတော်) အပါအဝင် အကျဉ်းသား ၁၀၀ ခန့်လည်း ပါရှိသည်။

“အခု ထောင်ထဲမှာ သူလွတ်ပေမယ့်လို့ လုပ်ဖော်ကိုင်ဘက်တွေပေါ့ဗျာ။ လုပ်ဖော်ကိုင်ဘက်တွေ အားလုံးပေါင်း၊ နိုင်ငံရေး သမားတွေ အားလုံးပေါင်း (၁၈၀၀) လောက် ကျန်နေ သေးတယ်တဲ့။ အဲဒီ ၁၈၀၀ လောက်ကို မကြာခင် ပြန်လွှတ် ပေးမယ်လို့ သူယုံကြည် နေတယ်တဲ့။ လွှတ်ပေးပါလို့လည်း တောင်းဆိုတယ်တဲ့” ဟု ကိုဇာဂနာက ပြောဆို ခဲ့သည်။

ယင်းအပြင် မကြာခင်တွင် ကျန်ရှိနေသည့် အကျဉ်းသားများ လွတ်မြောက်လာမည်ဟု မျှော်လင့်ကြောင်းနှင့် ကြိုဆို ပွဲကိုလည်း အောင်ဆန်းကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

“သူ အခု တခါတည်း ကြေညာလိုက်ချင်ပါတယ်တဲ့။ နောင် လွတ်လာမယ့် ညီတော်နောင်တော်တွေ ကြိုဆိုပွဲကို မကြာခင် လုပ်ပါမယ်တဲ့။ အောင်ဆန်းကွင်းမှာ ပါတဲ့။ ဖိတ်ပါတယ်တဲ့” ဟု ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်ဖြင့် နိုင်ငံတဝန်း အကျဉ်းသား (၆၃၅၉) ဦးလွှတ်ပေးသည့် အစီအစဉ်အောက်တွင် နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော် ပါဝင်ခဲ့သည်။

NLD အနေဖြင့် လူမှု အထောက်အကူပြု လုပ်ငန်း ရန်ပုံငွေနှင့် နိုင်ငံရေး လှုပ်ရှားမှု အဖြစ် ပန်းချီပြပွဲ တခုကို အောက်တိုဘာလ ၂၃ မှ စ၍ သုံးရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။

“အဖွဲ့ချုပ်ရဲ့ လူမှုကူညီရေး ကိစ္စတွေ အတွက် ရန်ပုံငွေ ရရှိဖို့လည်း ဖြစ်တယ်။ နောက်တခုကတော့ နိုင်ငံရေး လှုပ်ရှားမှု တခု အဖြစ်နဲ့ ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြော သည်။

“The Portraits of Myanmar People Art Show” ဟု အမည်ပေးထားသည့် ယင်းပြပွဲကို ပါတီ သတင်းနှင့် ပြန်ကြားရေးနှင့် ပြင်ပ ပန်းချီ ပညာရှင်များ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကာ ပန်းချီဆရာများ ဖြစ်သည့် ဦးဝင်းဖေမြင့်၊ တင်အောင်ကျော်၊ ထင်လင်းနိုင်၊ သန္တာခိုင်၊ ကြည်သာအေး၊ ကျော်လင်း၊ ဖိုးစံတို့၏ ဆီဆေး၊ Acrylic ၊ ခဲပန်းချီ လက်ရာ ပန်းချီးကားများ ပါဝင်မည်သည်။

လက်ရှိ စုဆောင်းထားမှု အရ ပန်းချီကား (၅၀) ခန့်ရှိနေပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ လူထု စိန်ဝင်း၊ တေးရေးဆရာ ကိုနေဝင်း စသူတို့၏ ပုံတူ ပန်းချီကားများလည်း ပါဝင်မည် ဖြစ်သည်။

ပြည်ပမှ ဝယ်ယူလိုသူများ အနေဖြင့်လည်း ပါတီသတင်းနှင့် ပြန်ကြားရေးသို့ ဆက်သွယ်နိုင်ကာ ပါတီမှ ကူညီ ဆောင်ရွက် ပေးနေသည့် ပညာရေး၊ ကျန်းမာရေးနှင့် အကျဉ်းသား ကူညီရေး လုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

တူရကီငလျင် လူတရာကျော်သေဆုံး

တနင်္ဂနွေ, 23 အောက်တိုဘာ 2011


တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ပြင်းထန်တဲ့မြေငလျင်တစ်ခု လှုပ်သွားတာကြောင့် လူအနည်းဆုံး ၁၃၈ ဦး သေဆုံးပြီး လူ ၃၅၀ ဒဏ်ရာ ရရှိ သွားပါတယ်။ ဗန် ပြည်နယ်မှာ မနေ့ကနေ့လည်ပိုင်းက ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင် လှုပ်သွားပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ ကယ်ဆယ်ရေး လုပ်သားတွေဟာ အမှောင်ထဲမှာ မီးအားပေးစက်တွေ သုံးပြီး ပျောက်ဆုံး နေသူတွေကို ရှာဖွေ နေကြပါတယ်။

ငလျင်ကြောင့် လျှပ်စစ်မီးတွေလည်း ပြတ်တောက်ခဲ့ရသလို အထပ်မြင့် အဆောက်အဦး တွေလည်း ပြိုကျ ခဲ့ရပါတယ်။ Ercis ဆိုတဲ့မြို့ကတော့ အထိအနာဆုံး ဖြစ်ပြီး နောက်ပိုင်းမှာ အင်အားပြင်း နောက်ဆက်တွဲ မြေငလျင်တွေလည်း လှုပ်ခဲ့ ပါသေးတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အစ္စရေး အပါအဝင် နိုင်ငံတွေက အကူအညီ ပေးထားကြပြီး ဒီမြေငလျင် သတင်းကို အမေရိကန် ပြည်ထောင်စုက ဂရုတစိုက် စောင့်ကြည့်နေ ပါကြောင်းနဲ့ ဒီလို ဒုက္ခကြုံရတဲ့ အချိန်မျိုးမှာ တူရကီနဲ့အတူ ရင်ဘောင်တန်း ရပ်တည် နေပါကြောင်း အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောပါတယ်။

ပြိုကျတဲ့အဆောက်အဦးတွေထဲမှာ ဟော်တည်တွေနဲ့ အဆောင်တစ်ခုလည်း ပါဝင်ပါတယ်။ ငလျင်လှုပ်ပြီး နာရီပေါင်း များစွာ ကြာတဲ့အထိ အပြိုအပျက် ပုံအောက်တွေထဲမှာ ပိမိ နေသူတွေရဲ့ ညည်းညူသံတွေ ကြားနေ ရတယ်လို့ ကိုယ်တွေ့ ကြုံခဲ့သူတွေက ပြောကြပါတယ်။ Ercis မြို့တော်ဝန်က အရေးပေါ် အကူအညီပေးဖို့ တောင်းဆိုထားပြီး သူ့မြို့မှာ သေဆုံးသူ တော်တော် များတယ်လို့ ပြောသွားပါတယ်။

Ref: VOA News

Read More...

ပခုက္ကူ ရေဘေး ၅၈ ဦးသေ၊ ၃၂၀ ပျောက်ဆုံး

ဖနိဒါ
သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဘက် ရွှေချောင်းချောင်း ထဲ မျောပါ သေဆုံးသူမှာ သောကြာနေ့ မွန်းတည့်ချိန်အထိ ၅၈ ဦးအထိ ရှိသွားပြီဖြစ်ကာ လူ ၃၂၀ ပျောက်ဆုံး နေဆဲ ဖြစ်သည်ဟု အစိုးရအရာရှိများက ပြောသည်။

မိုးရွာသွန်းမှုကြောင့် ရွှေချောင်းနံဘေးမှ ကွက်သစ် ခေါ် ကျူးကျော်ရပ်ကွက်ဟု ခေါ်တွင်သည့်ဒေသမှ အိမ်ခြေ အနည်းဆုံး ၅၀၀ ခန့် ချောင်းထဲ မျောပါသွားခဲ့သည်။ ပျောက်ဆုံးနေသူပေါင်း ၃၂၀ ကျော်ရှိ နေသေးသည်ဟု ပခုက္ကူ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က မဇ္ဈိမ သတင်းထောက်ကို ပြောသည်။

“ချောင်းရိုးတလျှောက်က အိမ်ခြေတွေက တချို့နေရာတွေမှာ ကိုက် ၄၀၀၊ ၅၀၀ လောက် မြေကြီး ပြိုသွားတာ။ ၁၅ ပေ၊ ၂၀ လောက် မြေက နိမ့်ပြီးတော့ ရေတိုက်စားပြီးတော့ အိမ်တွေ ပြိုသွားတာ။ အားလုံးပေါင်း အိမ်က ၅၀၀ လောက်က ပါသွားတယ်” ဟု ဒေသခံ တဦးက ပြောသည်။

ရေဘေး ဒုက္ခသည်များ အတွက် ပခုက္ကူမြို့တွင် တိလောကရာမ၊ မိုးကုတ်ကျောင်း၊ မသတောင်၊ ကျောက်မီးကျောင်း စသည့် ဘုန်းကြီးကျောင်း လေးကျောင်းတွင် ဖွင့်လှစ်ထားသည်။

ယင်းအပြင် ပခုက္ကူမှ မန္တလေးမြို့ဘက်ထွက်ခွာရာတွင် အဓိကဖြစ်သည့် ရွှေချောင်းချောင်း ကွန်ကရက် တံတား မှာလည်း ကျိုးပြတ် သွားသဖြင့် ခရီးသည်တင် ကားများ သွားလာမှု ရပ်ဆိုင်း ထားရသည်ဟု ဒေသခံများထံမှ သိရ သည်။ ပခုက္ကူမြို့ မီးသတ် တပ်ဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက အရေးပေါ်လမ်း တခု ဖောက်လုပ်လျက် ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

ပေါက်မြို့နယ် ယောချောင်းဘေးရှိသော ရွာများဖြစ်သည့် မြစ်ဖျား ၊ ပျဉ်းကျောင်း၊ ကျောင်းကုန်း၊ နသာ၊ကျွန်ပင်း၊ မီးချောင်းတွင် ၊ လေးတိုင်း၊ လှည်သာ၊ ကမွန်းထောင့်၊ သဖန်းထောင့် ၊စညောင်း၊ ဒဲ့ဖျား ၊ လျည်းကျ ၊ ကျကွဲ။ အရှေ့ကဖြူ ၊အနောက်ကဖြူ ၊ တောင်ဘလူ၊ ရမာ ၊ ကျခန်း ကျေးရွာများ ရေဘေးသင့်ခဲ့သည်ဟု ဆိုသည်။

ကြာသပတေးနေ့ညနေပိုင်းက ပခုက္ကူမြို့ပေါ် ရပ်ကွက်ထဲတွင် မုန်းတိုင်း အဖျားခတ် လိမ့်မည်ဟု ပခုက္ကူမြို့ ရပ်ကွက် အာဏာပိုင်များက သတိထားကြရန် သတိပေး ကြေငြာ ခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

ဂဒါဖီအုပ်စိုးမှု အဆုံးသတ်ကြောင်း လစ်ဗျားကြေညာ

တနင်္ဂနွေ, 23 အောက်တိုဘာ 2011

လစ်ဗျားနိုင်ငံဟာ ဂဒါဖီရဲ့ ၄၂ ကြာအုပ်ချုပ်မှုကနေ လွတ်မြောက်ခဲ့ပြီလို့ နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အခမ်း အနားမှာ လစ်ဗျား ယာယီ ခေါင်းဆောင်တွေက ကြေညာ လိုက်ပါတယ်။ အဲဒီ အခမ်းအနားကို လူပေါင်း သောင်းနဲ့ချီပြီး တက်ရောက် ခဲ့ကြပါတယ်။

အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီရဲ့ ခေါင်းဆောင် မူစတာဖာ အဗ္ဗဒဲလ် ဂျလေး (Mustafa Abdel Jalil) က “ဂဒါဖီခေတ်လွန် ကာလတွေမှာ အစ္စလာမ် ဥပဒေတွေကသာ ဥပဒေပြုဖို့ အတွက် အဓိက အရင်းအမြစ်တွေ ဖြစ်မယ်လို့” - လစ်ဗျား ပြည်သူတွေကို တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ လစ်ဗျားနိုင်ငံကို စတင် ပြန်လည်တည်ဆောက်မှာ ဖြစ်တဲ့အတွက် လစ်ဗျား ပြည်သူတွေ အနေနဲ့ အမုန်းတရား တွေကို ပယ်ဖျက်ဖို့ သူက တိုက်တွန်း လိုက်ပါတယ်။

လစ်ဗျားပြည်သူတွေဟာ ၁၉၆၉ ခုနှစ်တုန်းက ဂဒါဖီ ဖြုတ်ချခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်တုန်းက သုံးခဲ့တဲ့ လစ်ဗျား အလံတွေကို ဝှေ့ယမ်းပြီး အောင်ပွဲ ခံခဲ့ကြပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ မစ္စတာဂျလေးက ဒီတော်လှန်ရေး အတွင်း အသက် ပေးသွားခဲ့တဲ့ အတိုက်အခံ တပ်ဖွဲ့ဝင်တွေနဲ့ ထောင်ပေါင်းများစွာသေ ဆန္ဒပြသူတွေကို ဂုဏ်ပြုခဲ့ပြီး သူတို့ဘက်က ကူပြီး တိုက်ပေးခဲ့တဲ့ နေတိုးနဲ့ အာရပ် နိုင်ငံတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

တခြားသတင်းတစ်ပုဒ်မှာတော့ ဆီရီးယားအစိုးရအနေနဲ့ ဆန္ဒပြသူတွေကို ဆက်ပြီး အကြမ်းဖက် ဖြိုခွင်းနေမယ် ဆိုရင် အရေးယူ ပိတ်ဆို့တာတွေကို ဆက်လုပ် သွားမယ်လို့ ဥရောပ သမဂ္ဂက ခြိမ်းခြောက် လိုက်ပါတယ်။


Ref: VOA News

Read More...

ကဒါဖီ ဇာတ်သိမ်းအပေါ် မြန်မာများ သံဝေဂယူ

ခင်ဦးသာ
October 21, 2011

ပြည်သူလူထုကို မတရားဖိနှိပ် အုပ်ချုပ်ခဲ့ကြသော အာဏာရှင်များ၏ နောက်ဆုံး အချိန် ဘ၀ ခရီးလမ်းသည် ဇာတ်သိမ်း မကောင်း တတ်ကြောင်း ကဒါဖီ သေဆုံးမှုနှင့်ပတ်သက်၍ သတင်းဆရာကြီး ဦးဝင်းတင် က ဧရာဝတီ ကို ပြောသည်။

“အာဏာရှင်တွေဟာ ကဒါဖီလို၊ ဆက်ဒမ်ဟူစိန်လိုမျိုး အသေဆိုးနဲ့သေရင်သေ၊ မဟုတ်ရင်လည်း နိုင်ငံရေးမှာ အညတရ ဘ၀ နဲ့ လူမသိ၊ သူမသိ ဘ၀နဲ့ နိဂုံးချုပ်ရပါတယ်၊ သမိုင်းရဲ့ ဒဏ်ခတ်တာခံရတယ်၊ ခေါင်းမာတဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း လိုမျိုးပေါ့”ဟု ၎င်းက ဆိုသည်။

လစ်ဗျားနိုင်ငံအား နှစ်ပေါင်း ၄၂ နှစ်နီးပါး အုပ်ချုပ်ခဲ့သော ဗိုလ်မှူးကြီး ကဒါဖီသည် မနေ့က သေဆုံး သွားခဲ့ပြီ ဖြစ်သည်။

လစ်ဗျားပြည်သူလူထုအပေါ် အာဏာရှင်အဖြစ် အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့ပြီး ၎င်း၏ ဇာတိဖြစ်သော ဆာ့တ် မြို့၌ လက်ရှိ အာဏာရ ကြားဖြတ် အစိုးရ စစ်တပ်၏ တပ်ဖွဲ့ဝင်များက အရှင် ဖမ်းမိခဲ့ပြီးမှ အသေ သတ်ပစ်ခဲ့ဟန် ရှိသည်။

လစ်ဗျားနိုင်ငံ ကြားဖြတ်အစိုးရ သစ်က ကဒါဖီ သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် အပြင် လစ်ဗျားပြည်သူ ထောင်ပေါင်း များစွာကလည်း အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြသည်။

ဗိုလ်မှူးကြီး ကဒါဖီသည် ၎င်း၏ အသက် ၂၇ နှစ်အရွယ် ၁၉၆၉ ခုနှစ်တွင် လစ်ဗျားနိုင်ငံအား အာဏာ သိမ်းပိုက်၍ အုပ်ချုပ် ခဲ့ပြီး ယခု အသက် ၆၉ နှစ်အရွယ်တွင် ဘ၀နိဂုံး ချုပ်သွား ခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုတို့နှင့် ဆက်ဆံရေး အဆင်မပြေ ခဲ့သည့်အပြင် နိုင်ငံ တကာ အကြမ်းဖက် မှုများ ကျူးလွန်ခဲ့ခြင်း၊ နောက်ကွယ်မှ ထောက်ပံ့ ပေးခြင်းများ လုပ်ခဲ့ကြောင်း သတင်းများ ထွက်ခဲ့သည်။

အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန် ပြုတ်ကျခဲ့ပြီးနောက် ဗိုလ်မှူးကြီး ကဒါဖီသည် သဘောထား ပြောင်းလဲ လာဟန် ပြသခဲ့ပြီး ၂၀၀၃ ခုနှစ် ၀န်းကျင်က စ၍ အမေရိကန် အစိုးရ၊ အနောက် အုပ်စုများနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်ခဲ့ကာ နိုင်ငံတကာ မီဒီယာများနှင့် ထိတွေ့မှု များလာခဲ့သည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ တူနီးရှားနိုင်ငံက စတင်ခဲ့သော အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံများအတွင်း အာဏာရှင် ဆန့်ကျင် ရေး လူထု အုံကြွမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံကို နှစ်ပေါင်း ၃၀ ၀န်းကျင် အုပ်ချုပ်လာခဲ့သူ အီဂျစ် သမ္မတ အာဏာရှင် မူဘာရက် နုတ်ထွက် ပေးခဲ့ရသည်။

လစ်ဗျား ပြည်သူလူထုကလည်း အာဏာရှင် ကဒါဖီအား ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့ကြရာ ပြည်သူများအား စစ်တပ်ဖြင့် နှိမ်နင်းခဲ့ခြင်း၊ ၎င်းအား ဆန့်ကျင်သူများကို တအိမ်တက် တအိမ်ဆင်း ချေမှုန်းပစ်မည်ဟု ကြိမ်းဝါးခြင်း များကို ကဒါဖီက ပြုလုပ် ခဲ့သည်။

လူထုအုံကြွမှုကြောင့် ပြည်သူများ သတ်ဖြတ်ခံခဲ့ရပြီး စစ်တပ်၊ အစိုးရ အဖွဲ့တို့အကြား သဘောကွဲလွဲမှုများ ဖြစ်ပေါ်ကာ ၀န်ကြီး တချို့နှင့် သံတမန် တချို့ နုတ်ထွက်ခဲ့ကြသည်။ ကဒါဖီ ၏ ဇနီး၊ သမီး၊ သားနှင့် မိသားစုဝင် များကမူ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင် လွတ်မြောက် ခဲ့ကြသည်။

အာဏာရှင် ကဒါဖီ သေဆုံးမှုနှင့်ပတ်သက်၍ ပြည်သူ့ခေတ် ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာနှင့် သတင်းစာ ဆရာ မောင်ဝံသ က“ပြည်သူက ရွေးကောက် တင်မြှောက်တာ မဟုတ်ဘဲ အာဏာသိမ်းပြီး တက်လာတယ်၊ ပြည်သူတွေကို ညှဉ်းပန်း နှိပ်စက်ခဲ့ တယ်၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့ အာဏာရှင်တိုင်းဟာ ဇာတ်သိမ်း မကောင်းခဲ့ကြပါဘူး”ဟု ဧရာဝတီ ကိုပြောသည်။

ဖေဖော်ဝါရီလမှစတင်ကာ လစ်ဗျားနိုင်ငံတ၀န်း ဆူပူ အုံကြွမှုများ ဖြစ်ပေါ်ပြီးနောက် အစိုးရတပ်နှင့် သူပုန် တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အမေရိကန် စစ်တပ်နှင့် နေတိုး တပ်ဖွဲ့တို့ကလည်း သူပုန်တပ်များ ဘက်မှ ပါဝင် တိုက်ခိုက် ပေးခဲ့ကြ သည်။ အောက်တိုဘာလ၂၀ ရက်နေ့တွင် ဗိုလ်မှူးကြီး ကဒါဖီနှင့်အတူ သားတဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကဒါဖီသေဆုံးမှုနှင့်ပတ်သက်၍ မြန်မာ့သမိုင်းကြောင်းများရေးသားနေသော သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက “အာဏာရှင် တဦး ကျဆုံးပြီဆိုရင် အာဏာရှင် စနစ်တွေဟာလည်းပဲ ကျဆုံးတော့မယ်လို့ ကျနော်တို့ စိတ်တွေ ခိုင်မြဲလာတယ်”ဟု ဧရာဝတီ ကို ပြောသည်။

ဦးနေ၀င်းကဲ့သို့ အာဏာရှင်ဟု သတ်မှတ်ခြင်းခံထားရသော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည်လည်း မည်ကဲ့သို့ ဘ၀ နိဂုံး ချုပ်ရမည် ဆိုသည်ကို မသိသေးကြောင်း၊ ၎င်း၏ အနာဂတ် စိတ်ချရရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်း၊ အစိုးရသစ် ဖွဲ့ပေး၍ အာဏာ လွှဲပေးခြင်းတို့ လုပ်ဆောင်ခဲ့သည့်တိုင် သမိုင်း၏ ဒဏ်ခတ်မှု ခံရမည်ဖြစ်ကြောင်း ၎င်း၏ ဘ၀နိဂုံး ကို ပြောမရ သေးကြောင်း ဦးဝင်းတင် က ပြောဆိုသည်။

“ဦးသန်းရွှေက သူ့ဘ၀နိဂုံးကောင်းဖို့အတွက် ဘာတွေပဲ လုပ်လုပ်ပေါ့၊ သမိုင်းကြွေးက ခေါင်းပေါ်မှာ ဓားဝဲ နေသလိုပဲ ရှိနေ ပါတယ်၊ ဒါကို ရှောင်ပြေးလို့ လွတ်မလား၊ မလွတ်ဘူးလား ဆိုတာကို ဘယ်သူမှ မပြောနိုင်သေးပါဘူး”ဟု ဦးဝင်းတင် က ဆို သည်။

ကမ္ဘာ့နိုင်ငံများ၌ ၁၉၅၀ ၀န်းကျင်မှ စ၍ စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသိမ်းမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး အာဏာရှင် အများအပြား ပေါ်ပေါက် လာခဲ့ကာ ယခုတဖန် အာဏာရှင်များ၏ ဘ၀နိဂုံး ချုပ်ငြိမ်းမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။

ပြည်သူလူထုအပေါ် အာဏာရှင် ဆန်စွာ အုပ်ချုပ်ခဲ့ကြသော အီတလီမှ အာဏာရှင် မူဆိုလီနီ၊ ဂျာမနီမှ ဟစ်တလာ၊ ဖိလစ်ပိုင် မှ ဖာဒီနန် မားကို့စ်၊ ဆက်ဒမ်ဟူစိန်၊ မူဘာရက် စသည့် အာဏာရှင်များသည် ဇာတ်သိမ်း မကောင်းစွာဖြင့် ဘ၀နိဂုံး ချုပ်ခဲ့ကြ ရ သည်။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီး မြန်မာပြည်သူလူထုကို တပါတီ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး ဟောင်း ဦးနေ၀င်းသည်လည်း ဘ၀ဇာတ်သိမ်း မကောင်းခဲ့ပေ။

ဗိုလ်မှူးကြီး ကဒါဖီ၏ ဘ၀နိဂုံး ဇာတ်သိမ်းမကောင်းစွာဖြင့် သေဆုံးရခြင်းသည် နိုင်ငံရေး သမိုင်း ဇာတ်ခုံပေါ်မှ ကြည့်ရှုမည် ဆိုပါက သင်ခန်းစာ ယူစရာ၊ သံဝေဂရစရာ ကောင်းသော ဖြစ်ရပ်တခုဟု ရန်ကုန်မီဒီယာ ဂရု(ပ်)၏ အမှုဆောင် အရာရှိချုပ် ကိုကို ( စက်မှုတက္ကသိုလ်) က ပြောသည်။

“မင်းကျင့်တရားနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်မယ်၊ ပြည်သူတွေကို ပျော်ရွင်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ပြည်သူတွေ ရဲ့ ချစ်ခင်လေးစားမှု၊ မြတ်နိုးမှု ခံရမှာပဲ၊ မင်းကျင့်တရားနဲ့ မညီဘူး ဆိုရင်တော့ နိဂုံး မကောင်းတာတွေ ကတော့ သံဝေဂ ရစရာ၊ သင်ခန်းစာ ယူစရာတခုပေါ့”ဟု ၎င်း က ဆိုသည်။

အာဏာရှင် များ၏ ဘ၀နိဂုံး ဇာတ်သိမ်းမကောင်းမှုကိစ္စနှင့်ပတ်၍ နိုင်ငံတကာ မီဒီယာများက အကျယ်တ၀င့် ရေးသား ဖော်ပြ ကြသော်လည်း မြန်မာ အစိုးရ သင်းစာများက ရေးသားခြင်း မရှိပေ။ ပြည်တွင်း ဂျာနယ်များ၌ ဆက်ဒမ်ဟူစိန်၊ မူဘာရက် စသည့် အာဏာရှင်များနှင့် ပတ်သက်၍ အတိုင်းအတာ တခုအထိ ဝေဖန် ရေးသားခွင့်ရခဲ့ပြီး ကဒါဖီနှင့် ပတ်သက်၍ ရေးသားမှု မရှိကြသေး ကြောင်း သိရသည်။

ဆရာမောင်ဝံသက“အသက် ၈၀ ကျော်ရှိတဲ့ အာဏာရှင်မူဘာရက်ဟာ ၀က်ခြံလို လှောင်အိမ်ထဲက ကျန်းမာရေး မကောင်းတဲ့ကြား က တရားခံ အဖြစ်နဲ့ ရုံးတင် စစ်ဆေးတာ ခံရတယ်၊ အာဏာ မစွန့်ရခင် အချိန်ထိ သူ့ဘ၀မှာ ဒီလိုမျိုး ဖြစ်လာလိမ့်မယ် ဆို တာ မျှော်လင့် ထားခဲ့ပုံ မရဘူး ဆိုတာတွေ ရေးခဲ့ကြတာရှိတယ်”ဟု ပြောသည်။

၎င်းက ဆက်၍ “ဦးနေ၀င်းနဲ့ ပတ်သက်ပြီးတော့ မရေးဖူးသေးပါဘူး၊ မီဒီယာတွေက လွတ်လပ်စွာ ရေးခွင့်ရမယ် ဆိုရင်တော့ ဦးနေ၀င်း အကြောင်း ရေးမယ့်လူတွေ အများကြီး ရှိမှာပါ”ဟုလည်း ပြောသည်။

Ref: ဧရာဝတီ

Read More...

Friday, October 21, 2011

ဦးနေ၀င်း၊ သင်္ခါရ နဲ့ ကုန်းဘောင်ဆက်

အောက်တိုဘာ ၂၀၊ ၂၀၁၁

သင်္ခါရတရားတွေကို မသိခဲ့လို့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့မိတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်းက ပြောဆိုတဲ့ အကြောင်း ကိုကိုမောင်ကြီး (ဦးချစ်လှိုင်)ရဲ့ ကျွန်တော်သိသော တစ်ရံရော အခါများ စာအုပ်မှာ ရေးထားပါတယ်။

၁၉၉၅ ဇူလိုင်လမှာ ဦးနေ၀င်းက သူ့ဆီသွားတဲ့ ဦးချစ်လှိုင်၊ မဆလခေတ် ပြည်သူ့တရားသူကြီး အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်း တို့ကို ပြောလိုက်တာပါ တဲ့။

"ကိုယ်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ် .... ကိုယ့်အနေနဲ့ ဒီသံသရာ တရားတွေ သင်္ခါရတရားတွေ အနိစ္စ .... အနတ္တ တရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ် ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး .... ဟုတ်တယ် .... အဲဒီတုန်း ကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး" (စာ-၇၆၂)

ဦးချစ်လှိုင်က ဒါကို ကြားရတော့ "ဟယ်" ခနဲ ဖြစ်သွားပါတော့တယ် လို့ ဆိုပါတယ်။

ဦးနေ၀င်းကို တွေ့ရတာ ရွှင်ရွှင်လန်းလန်း ကျန်းကျန်းမာမာရှိတယ်၊ "အာနာပါနကမ္မဋ္ဌာန်းကို လေ့ကျင့်ပြီးနောက် ၀ိပဿနာ၏ အလုပ်ဖြစ်သော လက္ခဏာရေး သုံးပါးကို ရှုမှတ်ပွားများ လေ့ကျင့်မှု ပြုနေသည်" လို့ ဆိုပါတယ်။

ကုန်းဘောင်ဆက်

ဦးနေ၀င်း နဲ့ ဦးချစ်လှိုင် ၁၉၈၇ နိုဝင်ဘာလမှာ တွေ့တုန်းက ပြောကြတာတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

"ဟေ့ကောင် ဖိုးချစ်လှိုင် destiny (ဒက်စတီနီ) ဆိုတာကို မင်းယုံရဲ့လား"

"ဟုတ်ကဲ့ .... ကျွန်တော် ယုံပါတယ် .... ဒက်စတီနီ ဆိုတာ ကံပန်းတိုင်ပေါ့ခင်ဗျာ"

"အေး .... ကံပဲ ပြောပြော ဘာပဲပြောပြော destiny ရှိတာတော့ အမှန်ပဲကွ၊ တခြားပြောချင်တာ မဟုတ်ပါဘူး။ ငါ့အကြောင်းပါ။ ငါ့ဦးလေး သခင်ညီ၊ ဦးလေး ဆိုပေမယ့်လို့ အသက်ချင်းကွာတာ မဟုတ်လို့ ငါ့အစ်ကိုပဲ ဆိုပါစို့။ အေး .... သူ နေမကောင်းတာနဲ့ သူ့အစား ဂျပန်ပြည်ကို သွားမယ့် သင်္ဘောပေါ်ကို တခြားအဖော်တွေနဲ့အတူ ငါလိုက်သွားရတယ်။ အဲဒီအချိန်က စပြီး ငါ့ဘ၀ဟာ တစ်ခါတည်းပြောင်းသွားတာပဲ။ Turning-point ပေါ့ကွာ။ ငါသာ အဲဒီလို လိုက်မသွားဖြစ်ခဲ့ရင် ငါဟာ ဗိုလ်နေ၀င်း ဖြစ်လာမှာ မဟုတ်ဘူးကွ။ အဲဒါကို Destiny ပဲလို့။ ဒါပြောချင်တာပဲ"

"ဦးညိုမြရေးတဲ့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဟာ ဘိုးတော်ဘုရားမင်းရဲ့ အဆက်အနွယ်က ဆင်းသက်လာတဲ့သဘောမျိုး ရေးထားပါတယ်"

"မင်းက ကုန်းဘောင်မင်းမျိုးတွေကို အထင်ကြီးနေတယ်ထင်တယ် .... ကုန်းဘောင်မင်းဆက်တွေ ညံ့ဖျင်းလို့ တို့နိုင်ငံ ကျွန်ဖြစ်ခဲ့ရတာပဲကွ။ ဒါကို မင်းတို့ငြင်းနိုင်မလား။ .... တစ်ခုတော့ ရှိတယ်။ ငါက ရွှေဘို မုဆိုးချုံ ဗိုလ်တွန်က ဆင်းသက်လာတာတော့ မှန်တယ်" (စာ-၈၄၃)

မုဆိုးချုံ ဗိုလ်တွန်ရဲ့ သမီးကို ပဒုံမင်း(အမရပူရမြို့တည်နန်းတည်မင်း) က မိဖုရားအရာ တင်မြှောက်ခဲ့တယ်၊ ဒါပေမယ့် ဦးနေ၀င်းဟာ သူ ပဒုံမင်းက ဆင်းသက်တာကို တိုက်ရိုက်ပြောချင်ပုံမရဘူး လို့ ဦးချစ်လှိုင်က သုံးသပ်ထားပါတယ်။

Ref: ဧရာဝတီဘလော့

Read More...

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆေးကုသခွင့် မရ

2011-10-20

နိုင်ငံရေးအကျဉ်းသား ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ထောင်အာဏာပိုင်တွေက ဆေးကုသခွင့် ငြင်းပယ် ထားကြောင်း အင်းစိန်ထောင်မှာ ဒီကနေ့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တဲ့ ဇနီးဖြစ်သူ မဇင်မျိုးမော်က ပြောပါတယ်။

ထောင်ဝင်စာ တွေ့ချိန်မှာ လမ်းလျှောက်လို့ မရတဲ့အတွက် ဦးနေမျိုးဇင်ကို လူနာတင်တဲ့ စဉ်နဲ့ တင်ခေါ်လာကြောင်း၊ လှဲနေချိန်မှာ ပင်လျှင် နာကျင် နေကြောင်း၊ ခွဲစိတ် ကုသခွင့်ရရင် သက်သာပျောက်ကင်းမယ်လို့ ယူဆပေမယ့် သူ့ကို အပြင်ထွက်ပြီး ဆေးကုသခွင့် ပိတ်ထားကြောင်း ဦးနေမျိုးဇင်က ပြောပြတယ်လို့ သိရပါတယ်။

သွေးအကူအညီပေးရေး အပါအ၀င် လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဦးနေမျိုးဇင်ကို ၂၀၁၁ခုနှစ် မတ်လ အတွင်းက အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့က အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ် လိုက်တာပါ။ ဦးနေမျိုးဇင်ကို အမှု စစ်ဆေးနေချိန် အင်းစိန် ထောင်တွင်းမှာ ချော်လဲပြီး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ထောင်တွင်း ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ ဦးနေမျိုးဇင်ရဲ့ ဝေဒနာကို ထောင်ပြင်မှာ ဆေးကုသဖို့ လိုအပ်ကြောင်း ပြောထား တာကြောင့် တင်ပြတောင်းခံခဲ့ရာ တရားရုံးက စီရင်ချက်မချခင် တကြိမ် အရိုးကု အထူးကုဆေးရုံကို ပြသခွင့်ပြုခဲ့ပြီး၊ စီရင်ချက် ချပြီးချိန်မှာတော့ ခွင့်ပြုချက် ထပ်မပေးဘူးလို့ သိရပါတယ်။

ဦးနေမျိုးဇင်ကို သင့်တော်တဲ့ ဆေးကုသခွင့် ပေးဖို့ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက မြန်မာ အာဏာပိုင်တွေကို ဒီကနေ့ တောင်းဆို လိုက်ပါတယ်။

Ref: RFA News

Read More...

တိုင်းရင်းသားဝန်ကြီးများ အခွင့်အရေး ဥပဒေကြမ်း

2011-10-20

တိုင်းရင်းသားရေးရာ ၀န်ကြီးတွေကို တိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးများရဲ့ ခံစားခွင့်တွေ အတိုင်း တပြေးညီ ရရှိရေး အတွက် အဆောင် အယောင် ဆိုင်ရာ ဥပဒေကို ရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းဖို့ အဆိုကို အမျိုးသား လွှတ်တော်မှာ မနေ့က အတည်ပြု လိုက်ကြောင်း သိရပါတယ်။

ဒီအဆိုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက မနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ် အသီးသီးက တိုင်းရင်းသားရေးရာ ၀န်ကြီးတွေ အနေနဲ့ တိုင်းရင်းသား အရေးတွေ ဆောင်ရွက်ဖို့ အခွင့်အလမ်း မရရှိတဲ့ အတွက် တင်သွင်းတာ ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က RFA ကို ပြောပါတယ်။

ဒီအဆိုကို တပ်မတော်သား ကိုယ်စားလှယ်တွေ အားလုံး အပါအ၀င် ကိုယ်စားလှယ် (၁၀၃) ဦးက ကန့်ကွက် ခဲ့ပေမဲ့ (၁၀၇) ဦးက ထောက်ခံခဲ့တဲ့ အတွက် အတည်ပြုလိုက်တာ ဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

တိုင်းရင်းသားရေးရာ ၀န်ကြီးတွေရဲ့ အဆောင်အယောင်ဆိုင်ရာနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို ရေးဆွဲဖို့ အမျိုးသား လွှတ်တော် ဥက္ကဌက အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်ကို တာဝန် အပ်နှင်း လိုက်ကြောင်းလည်း သိရပါတယ်။

သူ့အနေနဲ့ ဒီဥပဒေကြမ်းကို အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း ကော်မတီကို တင်သွင်းရမှာဖြစ်ပြီး ဥပဒေကြမ်း ကော်မတီက ခွင့်ပြုပြီးရင် ပြည်ထောင်စု လွှတ်တော်က မဲခွဲ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

မကြာသေးခင်က ရန်ကုန်တိုင်း ဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က တိုင်းရင်းသား ၀န်ကြီးတွေဟာ အခွင့် အရေးတွေ ဆုံးရှုံးနေကြောင်း၊ သူ့အနေနဲ့ (၆) လ သက်တမ်းအတွင်း တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ မရရှိဘူးဆိုရင် ၀န်ကြီး အဖြစ်မှ နှုတ်ထွက်မှာ ဖြစ်ကြောင်း RFA ကို ပြောဆိုခဲ့ပါတယ်။

Ref: RFA News

Read More...

ကျောက်ဆည်ရေဘေး လူတစ်ထောင်ကျော် နေရာရွှေ့ပြောင်းရ

2011-10-20

မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ ဒီရက်ပိုင်း အတွင်း မိုးသည်းထန်နေပြီး ဆည်ရေ ဖေါက်ချ လိုက်တာကြောင့် တမြို့လုံးနီးပါး ရေလွှမ်းကာ မြို့ခံ (၁၃၀၀) ကျော် အိုးအိမ်စွန့်ပြီး ရှောင်တိမ်း ခဲ့ရကြောင်း လူမှုကူညီရေး ဆောင်ရွက်နေတဲ့ မြို့ခံတဦးက RFA ကို ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့ နောက်ဆုံးရ သတင်းတွေအရ လူအသေအပျောက် ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာ လဆန်းပိုင်းကလည်း ဇော်ဂျီမြစ်နဲ့ မြစ်ငယ်မြစ် ရေကြီးလာတာကြောင့် ကျောက်ဆည်မြို့ ရေလွှမ်း သွားခဲ့ရပြီး သောက်သုံးရေ အပါအ၀င်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်ခဲ့ ပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ ကျောက်ဆည် ရေဘေးသင့် ပြည်သူတွေ အတွက် မန္တလေးမြို့ခံတွေက တတ်နိုင်တဲ့ အကူအညီတွေ ပေးပို့ နေတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

အပေါ်သို့