..............................

Tuesday, September 20, 2011

ပုဂ္ဂလိကဘဏ်တချို့ နိုင်ငံခြားငွေ လဲလှယ်ခွင့် ရမည်

မသိင်္ဂီထိုက်
တနင်္လာ, 19 စက်တင်ဘာ 2011

ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားငွေ လဲလှယ်ခွင့် ချထားပေးဖို့ ပြင်ဆင်နေတယ် ဆိုပြီး ဘဏ္ဍာအခွန် ၀န်ကြီးဌာနရဲ့ အကြီးအကဲ တဦးက ပြောဆို လိုက်ပြီးတဲ့နောက် ဒီလုပ်ဆောင်ချက်ကြောင့် ကုန်သွယ်ရေး လုပ်ငန်းတွေ ပိုပြီး မြန်ဆန် လာမယ်လို့ ကုန်သည်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက မျှော်လင့် နေကြပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကဘဏ်ကို နိုင်ငံခြားငွေ လဲလှယ်ခွင့်ပေးတဲ့ တချိန်တည်းမှာ အစိုးရ အနေနဲ့ နိုင်ငံရဲ့ စီးပွားရေးစနစ် တည်ငြိမ်ရေးနဲ့ တပြေးညီ စည်းကမ်း ထိန်းသိမ်းနိုင်မှ ကုန်သွယ်ရေး အတွက် အကျိုးရှိနိုင်မှာ ဖြစ်တယ်လို့လည်း ဝေဖန်ကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြ ပေးထားပါတယ်။

မြန်မာအစိုးရက ကာလအတန်ကြာ ပိတ်ထားခဲ့တဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားငွေ လဲလှယ်ခွင့်ကို ပြန်ပြီး ချထားပေးမယ် ဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းအတွင်းမှာ ထွက်ပေါ် လာပါတယ်။ ဘဏ်လုပ်ငန်းတွေ သွက်လက်လာစေဖို့ ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားငွေ လဲလှယ်ခွင့် ပြန်ပေးဖို့ စီစဉ်နေတဲ့ အကြောင်း ဒီလ ၁၁ ရက်နေ့က ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက သတင်းထောက်တွေကို ပြောဆို ခဲ့ပြီးတဲ့နောက် အခုလို ပုဂ္ဂလိကဘဏ် ၅ ခုကို အရင် ချထားပေးမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ငွေလဲလှယ်နှုန်းထား ဘယ်လို သတ်မှတ်မယ် ဆိုတဲ့ အသေးစိတ် အချက် အလက်တွေတော့ မထုတ်ပြန် သေးပါဘူး။

စီးပွားရေး ပညာရှင် ဦးခင်မောင်ညိုကတော့ ပုဂ္ဂလိကဘဏ်တွေ နိုင်ငံခြားငွေ လုပ်ကိုင်ခွင့် ပြုမယ်ဆိုရင် ကုန်သွယ်ရေး ပိုပြီး သွက်လက် လာမယ်လို့ ယူဆကြောင်း ပြောပါတယ်။

“ကြားနေပါတယ်၊ ပေးတော့ မပေးသေးပါဘူး။ ပေးရင်တော့ အားလုံးပေးမှာပါ။ အခုထိ ဘာမှ ထွက်မလာ သေးဘူးလေ။”

ကုန်သွယ်ရေး လုပ်ငန်းတွေ ပိုပြီး ချောမွေ့လာစေဖို့ အခုလို ပုဂ္ဂလိက ဘဏ်တွေရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာပဲ အစိုးရအနေနဲ့ ဘဏ်တွေကို တပြေးညီ စည်းကမ်း ထိန်းသိမ်းနိုင်ဖို့က ပိုပြီး လိုအပ်တယ် ဆိုပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေက ပြောဆိုပါတယ်။ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တဦးက အခုလို ပြောပါတယ်။

“အဲဒီလို ပုဂ္ဂလိကကို ပေးလာလို့ရှိရင် စနစ်တကျ အစိုးရရဲ့ နိုင်ငံခြားဘဏ်တွေက ကိုင်တွယ်နိုင်မယ် ဆိုရင်တော့ အကျိုးတော့ ရှိလာ နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စိတ်ပူတာက ကျနော်တို့ဆီမှာ အခြေခံ လိုအပ်ချက်တွေက အများကြီး ရှိနေသေးတယ်။ Dealer ပေးတယ် ခေါ်တာပေါ့၊ ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြားငွေ လုပ်ဆောင်ခွင့် ပေးတယ် ဆိုတာက၊ အဲဒီလို လုပ်ဆောင်ခွင့် ပေးတဲ့ အခါမှာ အခြေခံတွေ လိုနေသလို နိုင်ငံခြား ကုန်သွယ်မှုအတွက် လိုအပ်တဲ့ ပတ်ဝန်းကျင်ပေါ့၊ ပတ်ဝန်းကျင် ဆိုတာက ကြားဖြတ် နည်းလမ်းတွေ၊ အခွင့်အာဏာကို သော်လည်းကောင်း၊ ငွေကြေးအားကို သော်လည်းကောင်း သုံးပြီးတော့ လုပ်သွားတဲ့ နည်းလမ်းမျိုးတွေ လွှမ်းမိုးရင်တော့ အများလုပ်နိုင်တဲ့ အခြေအနေကောင်း တခု ရချင်မှရမယ်။ ကျနော်တို့က ဒါစိုးရိမ်တယ်။ အစိုးရ ဘဏ်တွေက အုပ်ချုပ် ကွပ်ကဲတဲ့ အပိုင်းပေါ်မှာ စနစ်တကျ ထိန်းကွပ်နိုင်မယ် ဆိုရင်တော့ ပိုပြီးတော့ ကောင်းလာနိုင်ဖို့ အခွင့်အလမ်းတော့ ရှိပါတယ်။”

လတ်တလော ကားလောကမှာ ကားဟောင်းတွေကို ပြန်သိမ်းပြီး ပြည်ပကနေ ကားတွေ ပြန်သွင်းခွင့် ပေးမယ့် အနေအထား၊ တရားမ၀င် ကားတွေကို အမေရိကန် ဒေါ်လာနဲ့ ဒဏ်ကြေး ပေးဆောင်စေတာ စတဲ့ မူဝါဒ စည်းကမ်း အသစ်တွေ ချနေတာကြောင့် ပြည်တွင်း ငွေကြေး ဈေးကွက်က အတက်အကျ မြန်ဆန်နေတာကလည်း ကုန်သွယ်ရေးကို ထိခိုက်စေတယ် ဆိုပြီး သူက ဆက်ပြော ပါတယ်။ ကုန်သွယ်ရေး လုပ်ငန်းတွေ ပုံမှန် တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်ဖို့က အစိုးရရဲ့ စီးပွားရေးစနစ် တည်ငြိမ်ဖို့ အဓိက လိုအပ်ချက် ဆိုပြီးလည်း သူက ပြောပါတယ်။

“တကယ်တမ်း ဖြစ်သင့်တဲ့စံနှုန်း ဆိုတာက ဈေးကွက်ပေါ်မှာ မူတည်တယ်။ ဈေးကွက်မှာ ပြည်တွင်း ပို့ကုန်တွေ ဈေးကွက် တည်ငြိမ်လို့ရှိရင် ဒီနိုင်ငံခြားငွေ ဘယ်လောက် ဖြစ်သင့်တယ် ဆိုတဲ့ ဈေးနှုန်းပေါ့၊ တကယ်လို့ ဒါကို အရှင်ထားမယ် ဆိုရင်လည်း အရှင်ထားမယ့် ခွင်တခုပေါ့၊ အဲဒီဟာကတော့ ဈေးကွက် တည်ငြိမ်လို့ရှိရင် ဒါ ခန့်မှန်းလို့ရပါတယ်၊ တွက်ကြည့်လို့ ရပါတယ်။

“အခုလို သတင်းအမျိုးမျိုးနဲ့ မော်တော်ကား သွင်းခွင့်ပေးလာတဲ့ ဟာမျိုးနဲ့ အပြောင်းအလဲ ဖြစ်နေတဲ့ အခြေအနေမျိုးက တကယ်တမ်း ဈေးကွက်ရဲ့ ပုံမှန် လည်ပတ် တုံ့ပြန်တာမျိုး မဟုတ်တဲ့အတွက် တော်တော် မှန်းရခက်တဲ့ သဘော ရှိတယ်။ ပြီးတော့ တကယ်တမ်း ရေရှည်ပို့နိုင်တဲ့ ပို့ကုန်တွေရဲ့ ဈေးကွက် အထိုက်အလျောက် တည်ငြိမ်မှပဲ ဖြစ်သင့်တဲ့နှုန်း အတိုင်းအတာတခု ပေါ်လာနိုင်မှာပါ။ အခုကတော့ တော်တော် မတည်မငြိမ်ဖြစ်တော့ မှန်းဖို့ တော်တော်ခက်တယ်။”

နိုင်ငံတကာ ငွေကြေးနဲ့ မြန်မာငွေ လဲလှယ်နှုန်းထား လအတော်ကြာ ကျဆင်းနေတာကြောင့် မြန်မာ့ ပို့ကုန် လုပ်ငန်းဟာ ထိခိုက်နေရတယ် ဆိုပြီးလည်း အစိုးရက ပြောဆို ထားတာပါ။ ဒါကြောင့် မြန်မာ့ စီးပွားရေးကဏ္ဍ တိုးတက်ဖို့ ဘဏ်တိုးနှုန်း တွေကို လျှော့ချ ပေးတာ အပြင် အခု ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားငွေ လုပ်ကိုင်ခွင့် ပေးဖို့ ပြင်ဆင် နေတာလည်း ဖြစ်ပါတယ်။ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တွေကတော့ အစိုးရအနေနဲ့ ရေတို ပြုပြင် ပြောင်းလဲမှုတွေထက် စီးပွားရေး လုပ်ငန်းရှင်တွေကို အာမခံချက် ပေးနိုင်တဲ့၊ တည်ငြိမ်တဲ့ စီးပွားရေး စနစ်တခု တည်ဆောက်နိုင်မှ မြန်မာ့ စီးပွားရေးကလည်း တည်ငြိမ်လာမှာ ဖြစ်တယ်ဆိုပြီး ဝေဖန် ပြောဆိုကြပါတယ်။

Ref: VOA News

Read More...

ဂဒါဖီ အမာခံစခန်းတွေ လစ်ဗျား ယာယီအစိုးရတပ် သိမ်းပိုက်

တနင်္လာ, 19 စက်တင်ဘာ 2011

ဖြုတ်ချခံခဲ့ရတဲ့ လစ်ဗျား ခေါင်းဆောင်ဟောင်း မွမ်မာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အမာခံ နယ်မြေ အဖြစ် နောက်ဆုံး ကျန်နေတဲ့ လစ်ဗျားတောင်ပိုင်း ဆာဘား (Sabha) မြို့က လေဆိပ် အပါအ၀င် တခြား နေရာတွေကို လစ်ဗျား ယာယီ အစိုးရရဲ့ တပ်တွေက သိမ်းပိုက် ခဲ့တယ်လို့ ကြေညာ လိုက်ပါတယ်။

ဆာဘားလေဆိပ်မှာရော၊ အီတာလျံ ခံတပ်ဟောင်းမှာရော တခြား ဗျူဟာကျတဲ့ အဆောက်အဦး တွေမှာပါ NTC လစ်ဗျား အသွင် ကူးပြောင်းရေး ကောင်စီရဲ့ အလံတွေကို လွှင့်ထူ ထားတယ်လို့ NTC စစ်တပ် ပြောခွင့်ရ ဗိုလ်မှူးကြီး အာမက် ဘာနီ (Ahmed Bani) က တနင်္လာနေ့မှာ ပြောပါတယ်။

ထရီပိုလီ (Tripoli) မြို့တော်ရဲ့ တောင်ဘက် မိုင် ၄၀၀ ကျော် အကွာက ဆာဘားမြို့ဟာ မစ္စတာ ဂဒါဖီရဲ့ အဖွဲ့သားတွေ အိမ်နီးချင်း နိုင်ဂျာ နိုင်ငံဘက် ထွက်ပြေး ခိုလှုံရာ လမ်းကြောင်းကို အဓိက ထိန်းချုပ်တဲ့ လမ်းမ ဖြစ်ပါတယ်။

NTC တပ်တွေဟာ ဂဒါဖီ သစ္စာခံတပ်တွေကို ဘန်နီ ၀ါလစ် (Bani Walid) ကရော၊ ဆာတီ (Sirte) မြို့တွေကပါ တိုက်ထုတ် နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားနေသလို သူတို့တပ်တွင်း စည်းလုံးမှု ပျက်ပြားအောင်ပါ လုပ်ဆောင် နေပါတယ်။

ဒါကြောင့် ဆာဘားဒေသ ချေမှုန်းနိုင်မှုတွေဟာ လစ်ဗျား တော်လှန်ရေးတပ်တွေ အားတက် စေဖို့ အတွက် အရေး ပါပါတယ်။

ကုလသမဂ္ဂကတော့ ဗြိတိသျှ သံတမန်တဦးလည်းဖြစ်၊ လူ့အခွင့်အရေး လှုပ်ရှားသူ တဦးလည်း ဖြစ်တဲ့ အီယန် မာတင် (Ian Martin) ကို လစ်ဗျားအရေး ဆောင်ရွက်မယ့် အဖွဲ့ကို ဦးဆောင်ဖို့အတွက် ရွေးချယ် လိုက်ပါတယ်။ သူဟာ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်း တဦး ဖြစ်ပြီး နီပေါဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ဖို့ ဘန်ကီမွန်း တိုက်တွန်း

2011-09-19

မြန်မာနိုင်ငံမှာ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ အသွင် ကူးပြောင်းရေး ဖြစ်ပေါ်လာဖို့ အတွက် မြန်မာ အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေး တွေကို ရှေ့ဆက် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ဒီကနေ့ ကျင်းပမယ့် အထွေထွေ ညီလာခံကို တက်ရောက်ဖို့ ရှိနေတဲ့ မြန်မာ အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးရာမှာ မစ္စတာ ဘန်ကီမွန်းက အခုလို တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။

ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံတွင်းက ထူးခြားတဲ့ တိုးတက် ပြောင်းလဲမှုတွေကို အသိမှတ် ပြုကြောင်း ပြောဆိုခဲ့ သလို မြန်မာ အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန် ပြန်လွှတ်ပေးဖို့လည်း ထပ်မံ တိုက်တွန်း ပြောကြား ခဲ့တယ်လို့ တနင်္ဂနွေနေ့ ညနေက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ သတင်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟာ နယူးယောက်မှာ ဒီကနေ့ ကျင်းပမယ့် အထွေထွေ ညီလာခံ အတွက် အခုလ ၈ ရက်နေ့ ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာမှာ မြန်မာ အစိုးရက ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ခဲ့တာ၊ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တာတွေဟာ မြန်မာနိုင်ငံ တိုးတက် ဖွံ့ဖြိုးရေး အတွက် လမ်းကြောင်းသစ် တရပ် လျှောက်လှမ်း လိုက်တာ ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။

Ref: RFA News

Read More...

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၂,၃၀၀ ကျော်

မျိုးသန့်
တနင်္လာနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံပေါင်း ၂,၃ဝဝ ကျော်ရှိသည်ဟု အထက် လွှတ်တော်၏ငွေစာရင်း ကော်မတီမှ တနင်္လာနေ့တွင် ရှင်းလင်း ပြောကြား သွားသည်ဟု အမတ်များ အပြောအရ သိရသည်။

၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွင်း ရသုံးမှန်းခြေ ငွေစာရင်းကို အထက်လွှတ်တော် ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးစံပြည့်မှ လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့ရာ ဗဟို အစိုးရ၏ လိုငွေပြမှုနှင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ ဘဏ္ဍာရေး လိုငွေပြမှု စုစုပေါင်း ဖြစ်သည်။

၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုအစိုးရ၏ ဘဏ္ဍာရေး လိုငွေမှာ ၂၂၀၁.၄၅၀ ဘီလီယံကျပ် ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ ဘဏ္ဍာရေး လိုငွေမှာ ၁၇၀.၄၉၅ ဘီလီယံကျပ် ဖြစ်သည် ဟု အောက်လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးကလည်း မဇ္ဈိမကို ပြောသည်။

ထို့အပြင် ဘဏ္ဍာရေး လိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေသည်ဟု အထက်လွှတ်တော် ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးစံပြည့်၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်ဟု အမတ်များက ပြောသည်။

အစီရင်ခံစာနှင့် ပတ်သက်၍ အင်္ဂါနေ့ အထက်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးကြမည် ဖြစ်သည်။

ယင်းအပြင် နိုင်ငံပိုင် စက်မှုလုပ်ငန်းများတွင်လည်း အရှုံးပေါ်နေကာ အစိုးရပိုင် ဇေယျဝတီ သကြားစက်နှင့် ဘီးလင်း သကြားစက် တို့မှ နှစ်စဉ် ကျပ်သန်းပေါင်း ၅၀၀ ကျော် အရှုံး ပေါ်နေကြောင်း အမှတ် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်းမှ တနင်္လာနေ့ အထက် လွှတ်တော်တွင် ပြောသွားသည်ဟု သိရသည်။ သို့သော် ဝန်ကြီးက မည်သည့်နှစ်မှ စ၍ အရှုံးပေါ်နေသည်ကို ထည့်သွင်း ပြောသွားခြင်း မရှိပါ။

မြန်မာပြည်၏ ဘဏ္ဍာရေးနှစ်သည် နှစ်စဉ် ဧပြီ ၁ ရက်နေ့တွင် စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်သည်။

အမျိုးသား ဒီမိုကရေစီပါတီသစ်မှ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “ အရင်တုန်းကတော့ ဘတ်ဂျက် လိုငွေ ကိစ္စက ဘာမှ တင်ပြတာ မရှိတော့ အသံမထွက်ဘူး။ အခု နောက်ပိုင်း ကော်မတီက နိုင်ငံမှာ ဘတ်ဂျက် လိုငွေတွေ ပြနေတာ။ အခုက သူပြောတာတွေက လက်တွေ့ အမှန်တရားတွေ ဆိုတော့ ကျနော်တို့ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံးက အလိမ် ခံနေရတာတွေ ပေါ့ဗျာ၊ ဒါကတော့ ပေါ်လွင်သွားပြီ။ သူတို့က အရှုံးတွေ ဘတ်ဂျက်တွေ အကုန်လုံး တန်းစီ ထိုးပြနေပြီ။" ဟု မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရသည် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ ဝန်ထမ်းများ၏ ထိရောက်မှု မရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်း အချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေ မရနိုင်သည့် လုပ်ငန်းများကြောင့် ဘဏ္ဍာရေး လိုငွေပြနေကြောင်း ၂ဝဝ၉ ခုနှစ် မေလအတွင်းက ဝီကီလိခ်မှ ပေါက်ကြားခဲ့သည့် ရန်ကုန်မြို့ အမေရိကန် သံရုံးမှ အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သည့် ကြေးနန်းစာတွင် ပါရှိဖူးသည်။

Ref: မဇ္ဈိမ

Read More...

အစိုးရစစ်တပ် ကချင်ရွာသား ၁၂ ဦးကိုဖမ်းဆီး

ဖနိဒါ
တနင်္လာနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရစစ်တပ်က ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ နမ့်ဖတ်ခ ကျေးရွာသား ကချင် ၁၂ ဦးကို ဖမ်းဆီး ထားသည်ဟု ကချင်လွတ်မြောက်ရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ မိုးမောက်မြို့နယ် တာပိန် ရေအားလျှပ်စစ် စီမံကိန်းနှင့် ၁ဝ မိုင်အကွာရှိ နမ့်ဖတ်ခရွာ အခြေစိုက် ခမရ ၃၈၇ တပ်ဖွဲ့များက အသက် ၁၄ နှစ်မှ ၇ဝ နှစ် အကြားရှိ အမျိုးသားများကို ကြိုးတုတ်ကာ ယင်းတို့၏ တပ်စခန်းသို့ ခေါ်ဆောင် ထိန်းသိမ်း ထားသည်ဟု ဆိုသည်။

KIO အဖွဲ့နှင့်ဆက်စပ်မှုရှိ၊ မရှိ သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆ ကြသည်။

“သူတို့ ပြောနေတဲ့ ဒီမိုကရေစီ လမ်းစဉ် သွားတယ် ဆိုပေမဲ့ အစိုးရတပ်ဖွဲ့တွေက ဒေသခံတွေကို ဖမ်းဆီး၊ နှိပ်စက် တာတွေ လုပ်နေတာ။ ပစ်ချင်ရင် ကေအိုင်အို ကို လာပစ်လေ။ ”ဟု ဦးလနန်က ပြောသည်။

အလားတူပင် သြဂုတ်လ အတွင်းကလည်း မန်စီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း ခလရ ၁ဝ၅ နှင့် ခလရ ၇၅ တပ်ဖွဲ့များက KIO နှင့် ဆက်သွယ်ခြင်း၊ အကူအညီပေးခြင်းများ ရှိ၊ မရှိ ဖမ်းဆီး မေးမြန်းမှုများ ရှိခဲ့သည်ဟု ကချင် အမျိုးသမီး အစည်းအရုံး အဖွဲ့ဝင် ဒေါ်မိုင်းဂျာက ပြောသည်။

“ကေအိုင်အိုကို ကူညီသလားဆိုပြီးတော့ ဖမ်းပြီး သက်သေ အထောက်အထား မတွေ့ဘူး ဆိုရင် ပြန်လွတ်ပေး။" ဟု မိုင်ဂျာယန်နေ ဒေါ်မိုင်းဂျာက ပြောသည်။

KIO အဖွဲ့များနှင့် ပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ အကြား ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ထိ သုံးကြိမ် တွေ့ဆုံ ခဲ့ကြသော်လည်း သဘောတူညီမှု မရသေးသဖြင့် ဆွေးနွေးမှုကို ယခုထိ ရပ်ဆိုင်းထားသည်။

Ref: မဇ္ဈိမ

Read More...

အစိုးရတပ်ကို KIA လိုက်လံတိုက်ခိုက်

သန်းထိုက်ဦး
Monday, 19 September 2011

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဒါးဖော့ တပ်စခန်းကို ကူညီထောက်ပံ့နေသည့် အစိုးရ စစ်ကြောင်းကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ ၀င်များက ပြီးခဲ့သည့် ကြာသပတေး နေ့က စတင်၍ ၂ ရက်ကြာ လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့ လုပ်လာမယ့် စစ်ဆင်ရေး အတွက် အင်အား ဖြည့်တင်းလို့ ကျနော်တို့ဘက်က ကြိုပြီးတော့ တိုက်ခိုက်တာပါ” ဟု KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

ဒါးဖော့ တပ်စခန်း အင်အားကောင်းပါက KIA တပ်များကို ပြန်လည် တိုက်ခိုက်လာနိုင်သည်ဟု ၎င်းက ဆိုသည်။

ထိုတိုက်ပွဲများတွင် KIA တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အစိုးရတပ် ဘက်က အနည်းဆုံး ၆ ဦး သေဆုံးကြောင်း၊ အစိုးရ တပ်က နမ့်ဆန်ယန် ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဦးလနန်က ပြောသည်။

နမ့်ဆန်ယန် ကျေးရွာရှိ နေအိမ်များ၊ အမေ့အိမ် တည်းခိုခန်း၊ ကျောင်းအားကစားကွင်း၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ) ရုံး အနီးတ၀ိုက်တွင် လက်နက်ကြီးကျည် တချို့ ကျခဲ့သော်လည်း အသေအပျောက် မရှိကြောင်း၊ သို့သော်လည်း ဒေသခံများ အတွက် စိုးရိမ်ကြောင်း ဦးလနန်က ပြောသည်။

“သူတို့ဘက်က ထိခိုက်မှုများလာပြီ ဆိုရင် ဒီရွာသားတွေကို နှိပ်စက်တာမျိုး အမြဲတမ်း လုပ်လေ့ရှိတယ်” ဦးလနန်က ပြောသည်။

ဤအတောအတွင်း အစိုးရတပ်များက ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ် အနီးအနားတွင်လည်း အင်အား တိုးချဲ့နေကြောင်း သိရသည်။

တိုးချဲ့သည့်တပ်များ ခြုံခို တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု SSA က ဆိုသည်။

“ခိုလမ်ကနေ မိုင်းနောင်ဖက်ကို စစ်ကား ၁၀ စီး ထပ်လာတယ်၊ မိုင်းနောင်ကနေ ကျေးသီးဖက်ကို ဆက်သွားတယ်၊ အဲဒါ ရွာသား (၃၅) ယောက်၊ ရဟန်း ၁၀ ပါးကို ခေါ်သွားတယ်” ဟု SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလှက ဧရာဝတီကို ပြောသည်။

ရှမ်းပြည်နယ်အတွင်း တန့်ယန်း၊ မိုင်းရှုး၊ သီပေါတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွား နေကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ဆန္ဒပြမယ့် သတင်းကြောင့် ရန်ကုန်ရှိ တရုတ်သံရုံး လုံခြုံရေး တင်းကျပ်

မအေးအေးမာ
တနင်္လာ, 19 စက်တင်ဘာ 2011

မြန်မာနိုင်ငံမြောက်ဘက် ကချင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်မယ့် ရေအား လျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် ရန်ကုန်မြို့မှာရှိတဲ့ တရုတ် သံရုံး အနီး အာဏာပိုင်တွေက ဒီကနေ့ လုံခြုံရေးတွေ တိုးမြှင့် ချထား လိုက်ပါတယ်။ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်လို့ ဝေဖန် ကန့်ကွက်မှုတွေ ရှိနေချိန်မှာပဲ အစီအစဉ်ကို ရပ်တန့်ဖို့ ဆန္ဒပြ လှုပ်ရှားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် လာတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြ ပေးထားပါတယ်။

ပြည်တွင်းပြည်ပက ကန့်ကွက် ဝေဖန်မှုတွေကြားကပဲ မြန်မာ လျှပ်စစ်စွမ်းအင် ၀န်ကြီးက စီမံကိန်းကို ဆက်လုပ်မယ့် ကြောင်း ပြောဆိုခဲ့တဲ့နောက် ကန့်ကွက် ဆန္ဒပြတဲ့အထိ လုပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးရှေ့ အပါအ၀င် နေရာတချို့မှာ ဆန္ဒပြမယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ဒီကနေ့မှာတော့ လုံခြုံရေးတွေ တိုးချ ထားခဲ့သလို ရန်ကုန်အခြေစိုက် သတင်းဌာန တချို့က သတင်းသမားတွေလည်း သွားရောက် အကဲခတ် ခဲ့ကြပါတယ်။

တရုတ်နိုင်ငံ အကူအညီနဲ့ တည်ဆောက်သွားမယ့် စီမံကိန်းအဖြစ် သံရုံးနားမှာ ဆန္ဒပြမယ့် သတင်းကြောင့် ကိုယ်တိုင် သွားရောက် အကဲခတ်ခဲ့တဲ့ ရန်ကုန်မြို့ခံ တယောက်ကတော့ လုံခြုံရေးတွေ ချထားတာ တွေ့ရပေမဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေတော့ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

“အဲဒီသံရုံးမှာတော့ ဘာတွေ့ရလဲဆိုတော့ ကျနော်တို့လည်း သတင်းကြားလို့ လာကြတာပေါ့၊ ဒီလိုပဲ သတင်းကြားလို့ စိတ်ဝင်စားတဲ့ သူတွေလည်း ရောက်နေကြတယ်။ အခု သံရုံးရှေ့မှာ အဓိကတော့ လုံထိန်းရှိမယ်၊ နောက် အရပ်ဝတ်နဲ့ SB တို့၊ ရ၀တတို့၊ ကြံ့ဖွံ့တို့ နေမှာပေါ့၊ အဲဒီအုပ်စုလေးတွေ ရှိတယ်။ သူတို့ လူတွေနဲ့ဆိုရင် လေးငါးဆယ်လောက် ရှိပြီး လုံထိန်းက ကား ၄ စီးလောက် ရှိမယ်၊ ဟိုဘက်ထိပ် ၂ စီး၊ ဒီဘက်ထိပ် ၂ စီးပေါ့။ အခုလက်ရှိတော့ လုံထိန်းတွေပဲ နေရာ ယူထားတာ တွေ့တယ်။

“အရပ်သားတော့ သိပ်မရှိဘူး။ ဒီနေရာက အရပ်သား နည်းနည်း အလာကျဲတဲ့ နေရာပေါ့။ လာတဲ့လူဆို ဆေးရုံကြီးထဲကို ၀င်တဲ့သူ လာမယ်၊ တရုတ် သံရုံးဆိုလည်း ဗီဇာ ၀င်တဲ့သူပဲ လာတဲ့ နေရာလေ။ အဲဒါကြောင့် တချို့ စိတ်ဝင်စားတဲ့ သူတွေကလည်း ရပ်မနေကြဘူး၊ အလုံ လမ်းဘက်က လက်ဘက်ရည်တို့ ဘာတို့မှာ ထိုင်နေကြတယ်။ ရေကာတာ ကိစ္စပဲပေါ့၊ ကျနော်တို့အားလုံး ဒီကိစ္စပဲ စိတ်ဝင်စား နေတယ်ပေါ့။ မကျေနပ် ကြဘူးပေါ့။”

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ ဝေဖန် ကန့်ကွက်သံတွေ ထွက်ပေါ်လာပြီးတဲ့နောက် အမှတ် ၁ လျှပ်စစ် ၀န်ကြီး ဦးဇော်မင်း ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော် မီးရထား ၀န်ကြီးဌာနရုံး သတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို ဆက်လုပ်သွားမှာ ဖြစ်တဲ့အကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ကြောင်း ပြောကြား ခဲ့တာကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ပြောဆိုနေသူတွေရဲ့ ဝေဖန်မှုတွေ ပိုပြီး ကြီးထွား လာခဲ့ပါတယ်။

နေပြည်တော်မှာ စနေနေ့တုန်းက ကျင်းပခဲ့တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်တဲ့ နှီးနှော ဖလှယ်ပွဲ မှာတော့ တခြား အစိုးရ တာဝန် ရှိသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့က စီမံကိန်းရဲ့ အားနည်းချက် တွေကိုလည်း ထောက်ပြ ပြောဆို ခဲ့ကြတာပါ။ အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပေမဲ့ မြစ်ဆုံ စီမံကိန်းကိုတော့ ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဒီစီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်သွားမယ်ဆိုရင် ဧရာဝတီမြစ်ကြီး ပျက်စီး သွားနိုင်တာကြောင့် အစိုးရ အနေနဲ့ ပြန်လည်သုံးသပ် စဉ်းစားဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ သာမက စာပေနယ်၊ အနုပညာနယ်က ပုဂ္ဂိုလ်တွေက ၀ိုင်းဝန်း ကန့်ကွက် နေကြဆဲ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ်ပေါ်မှာ ရေကာတာတွေ အမြောက် အမြား တည်ဆောက် သွားမယ့် စီမံကိန်းကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ကြုံလာရမှာကို ရှောင်ရှားနိုင်ဖို့နဲ့ စိုးရိမ် နေသူတွေရဲ့ စိတ်တွေကို သက်သာရာ ရစေဖို့ သက်ဆိုင်သူတွေ အားလုံးက ပူးပေါင်း အဖြေရှာဖို့ ပြီးခဲ့တဲ့ လထဲမှာပဲ အစိုးရကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မြစ်ဆုံဆည်စီမံကိန်း လွှတ်တော်နှင့် အစိုးရပေါ် မူတည်ဟု ဝန်ကြီးပြော

ထွန်းထွန်း
တနင်္လာနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ စီမံကိန်း ကိစ္စအား လွှတ်တော် အသီးသီး ပေါ်ပေါက်နေပြီ ဖြစ်သည့် အတွက် လွှတ်တော်နှင့် အစိုးရ အဖွဲ့၏ မူဝါဒ အဆုံးအဖြတ် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မင်းက ပြောဆို လိုက်သည်။

“ယခုအခါ ပြည်သူက ရွေးချယ်ထားသော လွှတ်တော်အသီးသီး ပေါ်ပေါက်လာပြီ ဖြစ်သဖြင့် လွှတ်တော်၏ သဘောထား အဆုံး အဖြတ်၊ အစိုးရ အဖွဲ့၏ မူဝါဒ အဆုံးအဖြတ် အတိုင်း ဥပဒေနှင့် အညီ ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက် သွားမည်” ဟု စက်တင်ဘာလ ၁၇ ရက်နေ့က “ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောဆို သွားသည်ဟု စက်တင်ဘာ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြစ်ဆုံဆည်စီမံကိန်းမှာ နိုင်ငံတော် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးနှင့် စက်မှုဖွံ့ဖြိုးရေး အတွက် လုပ်သင့်သည့် စီမံကိန်း ဖြစ်ကြောင်းနှင့် လေ့လာမှုများ ပြုလုပ်နေချိန်တွင် ချီဗွေ စီမံကိန်းအား ဦးစွာ လုပ်ဆောင်လျှင် ရ၊ မရကို အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။

စီမံကိန်းလုပ်ဆောင်ချိန်၊ စီမံကိန်းလည်ပတ်ချိန်အထိ ဆက်လက် လေ့လာမည်ဖြစ်ပြီး မြစ်ဝကျွန်း အပေါ်အထိ လေ့လာသွားရန် စီစဉ်ထားကြောင်း၊ ယခုအချိန် သပိတ်ကျင်းမြို့ အထိ လေ့လာနေဆဲဖြစ်ကြောင်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးဇော်မင်းက ပြောသည်။။

သို့သော် မြစ်ဆုံဆည်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ပြန်လည် သုံးသပ်ရန်နှင့် သုံးသပ်ချိန်တွင် ဆည်များ ရပ်တန့်ထားရန် တောင်းဆိုမှုများ ရှိနေပြီး ပြည်သူ့ဆန္ဒ ခံယူပွဲဖြင့်သာ ရယူသင့်ကြောင်း ကန့်ကွက်သူများက ပြောသည်။

“လွှတ်တော်ဆုံးဖြတ်ချက်နဲ့ မလုံလောက်ပါဘူး။ ဒီထက်ကို ပိုကျယ်ပြန့်အောင် လုပ်မယ်ဆိုရင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပလို့ ရပါတယ်။” ဟု ဧရာဝတီ လက်မှတ်ထိုး ကမ်ပိန်းဦးဆောင်နေသည့် ကိုမျိုးရန်နောင်သိမ်းက မဇ္ဈိမကို ပြောသည်။

ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် ၈ ခုအနက် အကြီးဆုံးဖြစ်သည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” မှာ ရေအားလျှပ်စစ် မီဂါဝပ် ၆ဝဝဝ ထုတ်လွှတ် ပေးနိုင်မည်ဖြစ်သည်။ ဆည်စီမံကိန်း အတွက် မေခမြစ် အပိုင်းတွင်တာ ငါး ခု၊ မလိခမြစ်မှာ နှစ်ခု ပိတ်ရမည်ဖြစ်ကာ ဆည်နယ်မြေ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈,ဝဝဝ ရှိသည်။

ဆည်စီမံကိန်းကြောင့် အထက်ပိုင်းရေဝပ်ဒေသများတွင် ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် သက်ရောက်မှု များကို စီမံကိန်း ကုမ္ဗဏီများက လုပ်ဆောင်ပေးသည့် နည်းတူ မြစ်ကြောင်း တလျှောက်တွင်လည်း စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို ကုမ္ပဏီကပင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် သဘောတူ စာချုပ်တွင် လည်း ယင်းအချက်ကို ထည့်သွင်း ချုပ်ဆို ထားကြောင်း ဦးဇော်မင်းက ပြောသည်။

ထိခိုက်မှု အနည်းဆုံးဖြစ်ရန်နှင့် အန္တရာယ်ရှိမှုနှင့် ပတ်သက်၍ လုံးဝအန္တရာယ်မရှိပါဟု အာမခံနိုင်သော အဆင့် ဖြစ်သွားအောင် ဆောင်ရွက်မည်ပြီး မြစ်ကြောင်း ထိန်းသိမ်းရေး အတွက် ခွင့်ပြုထားသည့် ရွှေတူးဖော်ရေး လုပ်ငန်းများကိုလည်း သက်တမ်း ကုန်ဆုံးလျှင် ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် တနိုင်ငံလုံး၌ လျှပ်စစ်ထုတ်လုပ်နိုင်အား မဂ္ဂါဝပ် ၃၃၆ဝ ရှိနေပြီး ဓာတ်အား သွယ်လိုင်း ခံနိုင်ရည်နှင့် လိုအပ်ချက်အရ မဂ္ဂါဝပ် ၁၅ဝဝ ကျော်သာ ထုတ်လုပ်နိုင်သည်။ ယခုလက်ရှိ အစိုးရသက်တမ်း ငါးနှစ်အတွင်း ရွှေကျင်၊ ကွန်း၊ ဖြူး၊ သောက်ရေခပ် (၂)၊ နန်ချို၊ အထက်ပေါင်း လောင်း၊ ဘီလူးချောင်း (၃)၊ အထက်ဘီလူးချောင်း၊ ချီဗွေငယ်စီမံကိန်း ကိုးခုပြီးစီးနိုင်ပြီး မဂ္ဂါဝပ် ၆၅၅ အထိ တိုးမြှင့် ရရှိမည် ဖြစ်ကြောင်းလည်း ဝန်ကြီး၏ စကားကို ကိုးကား၍ သတင်းစာတွင် ဖော်ပြထားသည်။

ထိခိုက်မှုများနိုင်၍ အများတားမြစ်နေသည့်ကြားမှပင် လုပ်ကိုင်မှုနေသည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်နေပြီး လွှတ်တော်တွင်း ယင်းကိစ္စကို ဆုံးဖြတ်ပါကလည်း ကြံ့ခိုင်ရေး ပါတီမှ အများစုဖြစ်နေသည့် အတွက် လက်ခံနိုင် ဖွယ်မရှိကြောင်း လွှတ်တော်ပြင်ပ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်က ပြောသည်။

“လွှတ်တော်ထဲမှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်မယ်ဆိုတာ ဒါလည်း ကျနော်တို့ကတော့ လက်မခံနိုင်ဘူး။ ဘာလို့ ဆိုတော့ လွှတ်တော်ထဲက ဘယ်သူတွေ ရှိသလဲဆိုတော့ သူတို့တွေပဲ ရှိတာ။ ကြံ့ဖွံ့တွေပဲ ရှိတာ။ လွှတ်တော်ထဲ တင်လိုက်ရင် လွှတ်တော်ထဲက နေပြီးတော့ ဒီအတိုင်း ဆုံးဖြတ်မှာပဲ။ ဆုံးဖြတ်လိုက်လို့ ဆုံးဖြတ်ချက် ကျသွားပြီး ဒီဟာကြီးကို ဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် မြစ်ဆုံ ဆည်လုပ်ငန်းဟာ တရားဝင် လုပ်ကိုင်နိုင်အောင် လိုင်စင် ပေးတာနဲ့ အတူတူပဲ”

Ref: မဇ္ဈိမ

Read More...

မြစ်ဆုံဆည်ကိစ္စ အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲနေ

Monday, 19 September 2011

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး အစိုးရ အဖွဲ့ အတွင်း သဘောထား ကွဲလွဲမှု ရှိနေသောကြောင့် မြစ်ဆုံဆည် ဆက်လက် တည်ဆောက် ခြင်းပြု၊ မပြုကိစ္စ မတင်မကျ ဖြစ်နေကြောင်း သတင်း ရရှိသည်။

သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ၀န်ကြီးဌာန တချို့က မြစ်ဆုံ စီမံကိန်းနှင့် စပ်လျဉ်း၍ ဆန်းစစ် လေ့လာမှုများ ပြုလုပ်ပြီးမှ ပြန်လည် ဆောက်လုပ်ခွင့် ပြုသင့်၊ မပြုသင့် ဆုံးဖြတ်ရန် လိုလား နေကြသော်လည်း ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါအ၀င် အစိုးရ၀န်ကြီး တချို့ကမူ မြစ်ဆုံစီမံကိန်း မူလ ရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်သွားရန် ဆန္ဒ ရှိနေကြကြောင်း သိရသည်။

နေပြည်တော်တွင် စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရ ၀န်ကြီးတချို့၏ သဘောထား ကွဲလွဲမှုများကို သိသိသာသာ တွေ့မြင် ခဲ့ရကြောင်း တက်ရောက်ခဲ့သည့် သတင်းထောက်များ ထံမှ သိရသည်။

“အလုပ်ရုံ ဆွေးနွေးပွဲ နောက်ဆုံးမှာ စက်မှု ၂ ၀န်ကြီးဦးစိုးသိန်းက အကြံပြုချက် တခု တင်ပြတယ်။ ဒီ အကြံပြုချက်မှာ စည်းလုံး ညီညွတ်မှု မပြိုကွဲချင်တဲ့ အကြောင်း၊ ပြည်သူကို အလေးထားတဲ့ အကြောင်းပြောတယ်။ ဒါပေမယ့် အဲဒီ အကြံပြုချက်ကို အစိုးရ သတင်းစာတွေမှာ မဖော်ပြဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်ခွင့် ရခဲ့သည့် ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

ဧရာဝတီမြစ်နှအလုပ်ရုံ ဆွေးနွေးပွဲတွင် အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သဘာဝ ပတ်ဝန်းကျင် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သော်လည်း မြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ပြောသည်။

ပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက် အပါအ၀င် ဒုဝန်ကြီး တချို့က မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံအတွက် အကျိုးဖြစ်ထွန်း စေမည် ဖြစ်သောကြောင့် ဆက်လက် ဆောင်ရွက် သင့်သည်ဟု ဆိုကြသည်။

“မြစ်လက်တက်တွေမှာ ဆည်တွေ များများ ဆောက်တာဟာ မြစ်ကြောင်း ထိန်းသိမ်းရေး အထောက်အကူ ပြုပါတယ်။ ဆည်တွေက နုန်းတွေကို တားဆီးထားပြီး မြစ်ကြောင်း တလျှောက် နုန်းကျတာ နည်းစေတယ်” ဟု ၀န်ကြီး ဦးဉာဏ်ထွန်းအောင်က ဧရာဝတီ မြစ်ဆုံ စီမံကိန်း တည်ဆောက်ရန် ထောက်ခံရသည့် အကြောင်းအရင်း တရပ်ကို ပြောသည်။

အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုး ကလည်း “စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှု စိစစ်ချက်” ဆိုသော စာတမ်းတစောင်ကို တင်သွင်းခဲ့ပြီး မြစ်ဆုံ စီမံကိန်းမှ အမေရိကန် ဒေါ်လာ ဘီလျံချီ အမြတ်ရမည်ဟု ဆိုသည်။

“စီမံကိန်းကြောင့် အကျိုးဖြစ်ထွန်းမှုကို ကြည့်ရင် မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၇. ၆၇ ရမယ်။ တရုတ် ဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၁.၆၇ ရမယ်။ နှစ်ဘက် အကျိုးဖြစ်ထွန်းမှုကို နှိုင်းယှဉ်တဲ့ အခါမှာ မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းခြောက်ထောင်ကျော် အသာရတယ်” ဟု ဦးကြီးစိုးက ရှင်းပြသည်။

စက်မှု ၁ နှင့် စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်း၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်း တို့ကမူ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး ပြန်လည် စဉ်းစားသုံးသပ်ကာ ပြည်သူ့ သဘောထားကို လိုက်နာမည်ဟု ပြောဆိုသွားသည်။

“တိုင်ပင်ခြင်း မရှိတဲ့ စီမံကိန်းက ပျက်စီးတတ်တယ်။ များများတိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံး ၀ိုင်းဝန်း တိုင်ပင် ဆွေးနွေးနိုင်မှ အကျိုးများများ ရမယ်” ဟု ဦးစိုးသိန်းက ပြောသည်။

နေပြည်တော်တွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော် သမ္မတရုံးမှ ထောက်ခံသော ကြေညာချက် တရပ် ထုတ်ပြန်လိုက်ရာ အဆိုပါ ကြေညာချက်တွင် မြစ်ဆုံ စီမံကိန်းအား ပြန်လည် စိစစ်သင့်ကြောင်း ပါရှိသည်။

ရာထူး အာဏာများသည် တခဏတာမျှသာ ဖြစ်ပြီး ပြည်သူလူထု ထာဝရ တည်တံ့ရေးနှင့် မြစ်ဆုံ စီမံကိန်းကြောင့် စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အလေးထား သင့်ကြောင်း၊ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး ပြန်လည် စိစစ်သွားမည် ဖြစ်ကြောင်း၊ ဆည်ဆောက်ခြင်းသည် နောက်နောင် ပြင်ဆင်ရန် ခက်ခဲသော ကိစ္စဖြစ်သည်ကို နားလည်ကြောင်း ၎င်းက အကြံပြု ပြောသည်။

“Environmental Impact Access (EIA)၊ Social Impact Access (SIA) တွေကို ပြန် Review လုပ်သင့်ပါ တယ်။ ပြီးရင်ချပြ၊ ပွင့်ပွင့် လင်းလင်းပေါ့။ ပညာရှင်တွေ အပြုသဘောနဲ့ အမျိုးသား အကျိုးစီးပွား အတွက် ဝေဖန် သုံးသပ်သင့်တယ်” ဟု ဦးစိုးသိန်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းကလည်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ ထွက်ရှိ နိုင်စေရန် ဆောင်ရွက်နေပြီး မြစ်ဆုံ ဆည်ကြောင့် သဘာဝ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးရှိ၊ မရှိ ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ပြောသည်။

“သစ်တောက တာဝန်ရှိလို့ မှန်မှန်ကန်ကန် ဆောင်ရွက်မယ်။ ဒီစီမံကိန်းက နိုင်ငံတော်စီမံကိန်းဖြစ်လို့ မပြည့်စုံတဲ့ ဗဟုသုတ တွေနဲ့ ဝေဖန်ဖို့ထက် သေသေချာချာ စိစစ်လေ့လာပြီးမှ ပြောမယ်။ လေ့လာပြီးမှ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း လုပ်မယ်။ ဘာကိုမှ မငဲ့ညှာဘူး။ မျက်နှာလိုက်တာ၊ အခွင့်ရေးပေးတာ မလုပ်ဘဲ ဆောင်ရွက်သွားမယ်” ဟု ဦးဝင်းထွန်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက လွှတ်တော်တွင်း မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့် မဲခွဲ ဆုံးဖြတ်မှုများ ဖြစ်ပေါ် လာနိုင်သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် စစ်တပ် ကိုယ်စားလှယ်များက မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် ထောက်ခံခဲ့လျှင် ပြည်သူနှင့် အစိုးရအကြား သေချာပေါက် တင်းမာမှုများ ဖြစ်ပေါ်လာမည်ဟု ထင်မြင်ချက်ပေးသည်။

ဧရာဝတီမြစ်ကြီး ပျက်စီးသွားနိုင်သောကြောင့် မြစ်ဆုံစီမံကိန်းကိစ္စ ပြန်လည် သုံးသပ်စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူလူထု အလွှာ သီးသီးက အစိုးရကို တောင်းဆိုလျက် ရှိသည်။

Ref: ဧရာဝတီ

Read More...

Friday, September 16, 2011

ပိတ်ထားတဲ့ ၀က်ဘ်ဆိုဒ်များ ပြန်ပွင့်

ကြာသပတေး, 15 စက်တင်ဘာ 2011

မြန်မာအစိုးရသစ်အဖွဲ့ဟာ ကာလကြာမြင့်စွာ တားမြစ် ပိတ်ပင်ထားတဲ့ ဗွီအိုအေ အမေရိကန် အသံ၊ ရိုက်တာစ်နဲ့ ဘီဘီစီ သတင်း ဌာနတွေရဲ့ ၀က်ဘ်ဆိုဒ် စာမျက်နှာတွေကို ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) အပါအ၀င် ဒေသတွင်း သတင်းဌာနကြီး အတော်များများရဲ့ ၀က်ဘ်ဆိုဒ် စာမျက်နှာ တွေကိုပါ ဖွင့်ပေးခဲ့သလို ကွန်ပျူတာ အွန်လိုင်းမှာ တင်တဲ့ YouTube ဗွီဒီယို တွေကိုပါ ပြည်တွင်းမှာ ကြည့်လို့ရပြီ ဖြစ်ပါတယ်။

အခုလို ဖွင့်ပေးလိုက်တဲ့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး တင်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ၀က်ဘ်ဆိုဒ် စာမျက်နှာ တွေကိုလည်း ပထမဆုံး အကြိမ်အဖြစ် မြန်မာပြည်ထဲက ကြည့်ရှုလို့ ရတော့မှာ ဖြစ်ပါတယ်။

ရိုက်တာစ် အပါအ၀င် တခြား သတင်းဌာနကြီးတွေရဲ့ ၀က်ဘ်ဆိုဒ် စာမျက်နှာတွေဟာ ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုကို ဒီနှစ် အစောပိုင်း ကတည်းက နှုတ်ထွက် ပေးခဲ့တဲ့ စစ်အာဏာရှင်တွေက အပြင်းအထန် ချေမှုန်း နေချိန်မှာပဲ ပိတ်ပင်ပစ်တာ ခံခဲ့ရတာပါ။

အခုလို ကွန်ပျူတာ ၀က်ဘ်ဆိုဒ် စာမျက်နှာတွေကို ဖွင့်ပေးခဲ့ပေမဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွေကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားဆဲ ဖြစ်တဲ့အပြင် ပြည်တွင်းမှာ နိုင်ငံခြား သတင်းထောက်တွေ သတင်းယူခွင့်ကိုလည်း ပြင်းပြင်း ထန်ထန် တားမြစ် ထားဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂက ချမှတ်ထားတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ဖြစ်တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ လူထု တရပ်လုံး ကျင်းပခွင့်ကို မြန်မာ အစိုးရသစ်က ပထမဆုံး အကြိမ်အဖြစ် ခွင့်ပြုလိုက်တဲ့ နေ့မှာပဲ အခုလို သတင်း စာမျက်နှာတွေ ကိုပါ တင်းကျပ်မှု လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။

နေအိမ်အကျယ်ချုပ် ၇ နှစ်ဆက်တိုက် ချထားတာကို ခံခဲ့ရပြီး မနှစ်ကမှ ပြန်လည် လွတ်မြောက် လာခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်မှာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အတွက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

Ref: VOA News

Read More...

ပုသိမ်လယ်သမားများ ၀န်ကြီးရုံးသို့ ချီတက်

ဇာနည်မာန်
Thursday, 15 September 2011

ပုသိမ်ခရိုင် ငွေဆောင်မြို့နယ် ပတ်ဝန်းကျင် ရွာများမှ လယ်သမား ၁၅၀ ကျော်သည် အသိမ်း ခံထားရသော မြေဧက ၂၀၀၀ ကျော် အရေး ညှိနှိုင်းမှုရရန် အတွက် ယနေ့နံနက်က ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးရုံးသို့ စီတန်း လမ်းလျှောက် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

လုပ်ငန်းရှင်များနှင့် စစ်တပ်က သဇင်ရွာမ၊ ဂျိုင်လယ်၊ မျှင်တိုး၊ သဇင်မှော်၊ ဖုန်းမောင်ကြိုင် စသည့် ကျေးရွာ အုပ်စုတို့မှ လယ်၊ ယာ၊ ဥယျာဉ် ခြံမြေများကို သိမ်းဆည်းပြီး နောက်ပိုင်း အလုပ်လက်မဲ့ ဖြစ်သွားသည့် ၎င်းတို့၏ အခက်အခဲများ ဖြေရှင်းပေးရန် ရေးသား တောင်းဆို ထားသောစာကို ၀န်ကြီးရုံးသို့ ပေးအပ်ခဲ့သည်ဟု ဆိုသည်။

“တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ကောင်းကောင်းမွန်မွန်ပါပဲ။ လူချင်း ခေါ်တွေ့ပြီး ၃ ရက်အတွင်း ကွင်းဆင်း စစ်ပေးပါ့မယ်၊ ပြေလည်အောင်၊ အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်း ဖြေရှင်းပေးပါ့မယ်ပဲလို့ ပြောတယ်။ ပြန်ရမလား၊ လျော်ကြေး ပေးမလားကတော့ သူတို့ ဘယ်လို လုပ်ပေးမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု ဖုန်းမော်ကြိုင်ရွာမှ လယ်ပိုင်ရှင် တဦးက ပြောသည်။

၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းတွင် ယုဇနကုမဏီက ထိုဒေသမှ လယ်မြေများ သိမ်းဆည်းခဲ့ပြီး၊ ကာလ ပေါက်ဈေးထက် လွန်စွာ နည်းပါးသော ငွေကိုသာ လျော်ကြေးအဖြစ် ပေးခဲ့သည်ဟု ဆိုသည်။

“အဲ့ဒီတုန်းက စက်နဲ့ထိုးပစ်မယ် ဘာညာနဲ့ ခြိမ်းခြောက် မောင်းထုတ်တော့ ကြောက်တာရော၊ နားမလည်တာရောနဲ့ သူတို့ ပေးသလိုပဲ ယူခဲ့တာ။ လယ်တွေတော့ ပြန်လိုချင်တာပေါ့။ ဒါပေမယ့် သူတို့က ငါးကန်၊ ပုစွန်ကန်ကြီးတွေ တူးထားတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး” ဟု လယ်ပိုင်ရှင်က ပြောသည်။

၂၀၀၆ ခုနှစ်တွင် အမှတ် (၁) လေကြောင်းရန်ကာကွယ်ရေးတပ်က သဇင်မှော်ရွာမှ ဒေသခံ ၂၅ ဦးတို၏ ခြံမြေဧက ၁၀၀ ကျော်ကို သိမ်းလိုက်သည်ဟု ခြံပိုင်ရှင်များက ဆိုသည်။

“သူတို့ ကားတွေနဲ့ ၀င်လာ၊ အဆောက်အအုံတွေ လာဆောက်တယ်။ စသိမ်းကတည်းက ခြံထဲကို ၀င်ခွင့် လုံးဝ မရတော့ဘူး။ အခုဆို တနေ့ ၁၅၀၀ နဲ့ နေ့စားအလုပ် လုပ်ပြီး မိသားစု စားဝတ် နေရေးအတွက် ဖြေရှင်းနေရတာ။ ခြံတွေ ဆိုတာလည်း ပေါင်းသင်တာ မလုပ်နိုင်ဘဲ ပစ်ထားရတော့၊ ပြန်ရလည်း ကျနော်တို့ဘာမှ လုပ်စားလို့ မရတော့ဘူးဗျ။ ကျနော်တို့ကတော့ ထိုက်တန်တဲ့ လျော်ကြေးငွေ လိုချင်ပါတယ်” ဟု ထိုရွာမှ သီဟိုဠ်ခြံပိုင်ရှင် တဦးက ပြောသည်။

ဒေသခံများ အစဉ်အဆက် လုပ်ကိုင် စားသောက်လာသော လယ်ယာမြေများ ဆုံးရှုံးသွားရပြီး စားဝတ်နေရေး ခက်ခဲ နေကြကြောင်း လယ်သမား တို့ကို ကူညီပေးနေသည့် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်အဖွဲ့ (HRWDN) က ဆိုသည်။

“ဆယ်စုနှစ် တနှစ်လောက် ရှိနေပြီဗျာ။ မတရား သိမ်းခံထားရတာ။ သူတို့မှာ လယ်ပိုင်ရှင်ဘ၀ကနေ လယ်မဲ့ယာမဲ့နဲ့ လယ်ကူလီ ဘ၀ ပြန်ရောက် နေကြပြီး ဆင်းရဲ ကျပ်တည်းစွာနဲ့ လုပ်ကိုင် စားသောက် နေကြရတာ အရမ်း သနားဖို့ ကောင်းတယ်။ ဒါမျိုးတွေက မဖြစ်သင့်ဘူး” HRWDN မှ ကိုမြင့်နိုင်က ပြောသည်။

လယ်ယာမြေ သိမ်းဆည်းမှု၊ လယ်မြေ ပြန်ရလိုဖြင့် တရားစွဲဆိုသူတို့ကို အကျဉ်းချမှု၊ မြေအသိမ်း ခံရမှု ကူညီသူတို့အား အရေး ယူမှုများ နိုင်ငံအနှံ့ ဖြစ်ပေါ်နေသည်ဟု သူက ဆိုသည်။

HRWDN မှ ကိုထွန်းထွန်းဦးကလည်း “တောင်သူလယ်သမားတွေက ကျနော်တို့နိုင်ငံအတွက် ကျေးဇူးရှင် ဦးကြီးများဗျ။ ဒီတောင်သူ လယ်သမားတွေရဲ့ ဘ၀ကို တနိုင်ငံလုံးက ပြည်သူတွေက စာနာရမယ်။

ထောက်ထားရမယ်။ အစိုးရအနေနဲ့ကလည်း မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့ အတွက် သူတို့ရဲ့ ဘ၀ မြှင့်တင် ပေးရေးကို စိတ်ဝင် စားရမယ်။ ဒီလိုမျိုးတွေ လုပ်နေတာကတော့ လယ်သမားတွေ အပေါ် တရားမျှတမှု မရှိတာပဲဗျ” ဟု ပြောဆိုသွားသည်။

Ref: ဧရာဝတီ

Read More...

မြန်မာပြည် အပြောင်းအလဲ အမေရိကန်နဲ့ သြစတြေးလျ မျှော်လင့်

ကြာသပတေး, 15 စက်တင်ဘာ 2011

ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကတိပေးထားတဲ့ မြန်မာအစိုးရသစ် လက်အောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ တင်းမာမှု လျော့ပါးတဲ့ လက္ခဏာတွေ တွေ့ရဖို့အတွက် မျှော်လင့် ထားတယ်လို့ အမေရိကန်နဲ့ သြစတြေးလျ ၂ နိုင်ငံက ကြာသပတေးနေ့မှာ ပြောကြား လိုက်ပါတယ်။

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ အမေရိကန်၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ အခုလို ပြောကြား လိုက်တာပါ။

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Mr. Derek Mitchell) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဗုဒ္ဓဟူးနေ့က ပြီးဆုံးခဲ့ပြီး သူ့ရဲ့ မြန်မာအ စိုးရ တာဝန်ရှိသူတွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှုတွေဟာ အကျိုးရှိတဲ့ တွေ့ဆုံမှုတွေ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေမှာ ကြိုဆိုရမယ့် အနေအထားတွေ တွေ့နေရပေမဲ့ မြန်မာနိုင်ငံ တွင်းက တိုင်းရင်းသား လူနည်းစု တွေအပေါ် အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ အခုထိ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွှတ်မပေး သေးတာကအစ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေ အဆုံး ကျယ်ပြန့်တဲ့ ပြဿနာတွေ အတွက် မေးခွန်း ထုတ်စရာတွေ ရှိနေသလို စိုးရိမ်ရတဲ့ အနေအထား မှာလည်း ရှိနေ သေးတယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) ကလည်း မြန်မာအစိုးရသစ် ဘက်က ဆွေးနွေး ပြောဆိုမှုတွေ တချို့ လုပ်လာတာမျိုးကို ကြိုဆိုပေမဲ့ အမေရိကန် ဘက်က ပြောသလိုပဲ သတိထားရမယ့် အနေအထားတွေ ရှိနေသေးတာမို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံ တနိုင်ငံ ဖြစ်လာအောင် အစိုးရ ဆန့်ကျင်သူတွေကို ဖမ်းချုပ်တဲ့ ခြိမ်းခြောက်မှုမျိုးတွေ မလုပ်ဘဲ တကယ့် စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ပြဖို့ တောင်းဆို လိုက်ပါတယ်။

မစ်စ် ကလင်တန်က မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ လူ့အခွင့်အရေး လေးစားတဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့ ထပ်လောင်း တောင်းဆို လိုက်သလို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးသံတမန် မစ္စတာ မစ်ချဲလ်ဟာ နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်နေတဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နောက်ဆက်တွဲ ဆွေးနွေးဖို့ ရှိသေးကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အကြီးတန်း အရာရှိတဦးက ပြောကြားခဲ့ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့