..............................

Monday, July 11, 2011

စစ်အာဏာရှင်ရဲ့ ဥပဒေ ဆိုတာအောက် လုံးပါးပါးကုန်ကြလိမ့်မယ်

တူမောင်ညို

ဇူလိုင် ၈၊ ၂၀၁၁

မူလအခြေအနေ ဆိုတာ

ဇူလိုင်လ ၇ ရက်နေ့ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၉) “KIA အဖွဲ့ က မီးရထားလမ်းနဲ့ တံတားတွေ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်” ဆိုတဲ့ သတင်း ဖေါ်ပြထားပါတယ်။ ဒီသတင်းက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ရဲ့ “မူလအခြေအနေ နီးပါး ရောက်ရှိခဲ့ပြီ” ဆိုတဲ့ စကား ချေဖျက်ပစ်လိုက်ပြီး၊ “KIA နဲ့ အပစ် မရပ်နိုင်သေးဘူး” ဆိုတဲ့ အချက်ကို သက်သေ ပြသနေပါတယ်။

မန္တလေး - မြစ်ကြီးနား မီးရထားလည်း ပုံမှန် မပြေးဆွဲနိုင်သေးဘူး။ ကချင်ပြည်နယ် အတွင်းက ပြည်သူများလည်း ကြောက်ရွံ့ စိုးရိမ်မှုတွေ ဆက်လက ရှိနေဆဲပါ။ တပြည်လုံး ပြည်သူ လူထုကြီးက ဒီအရေး အတွက် ရတက်မအေး ဖြစ်နေရဆဲပါ။ ပြည်သူလူထုကြီး တစ်ရပ်လုံးက တကယ့် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လိုချင်ကြသူတွေပါ။

“ဘယ်အစိုးရ လက်ထက်မှာမှ မရရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းရေး” ဆိုတာရဲ့ တကယ့် သရုပ်မှန်ကို ပြည်သူ လူထုက လက်ငင်း လက်တွေ့ သိမြင် နေခဲ့ကြပြီပဲ။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ရုရှားခရီးစဉ် (၂၅ ဇွန်) ထွက်ခွာသွားပြီးတဲ့နောက်၊ ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပြည်ထဲရေး ဝန်ကြီးက “အကြောင်းကြားစာ” ( ၂၈ ဇွန်) ပေးပို့ ပါတယ်။

တပြိုင်နက်ထဲမှာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ“လွှတ်တော် အထူး အစည်းအဝေး” တွေ (၂၈ ဇွန်) စတင် ကျင်းပ ခဲ့ပါတယ်။ ထူးခြားတဲ့ အချက်က လွှတ်တော် အစည်းအဝေး တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပတာ မဟုတ်ပါဘူး။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့ရဲ့ လွှတ်တော် အထူး အစည်းအဝေး(ပထမနေ့)ကို ဇွန်လ ၂၈ရက်နေ့မှာ စတင် ပါတယ်။

ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့က ဇွန်လ ၂၉ ရက်နေ့မှာစတင်တာပါ။

ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသ ကြီးနဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာတော့ ဇွန်လ ၃၀ ရက်နေ့မှ စတင် ကျင်းပါတယ်။

ကရင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး(ပထမနေ့)ကို ဇူလိုင်လ၄ရက်နေ့မှာစတင်ခဲ့ပြီး။ မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(ပထမနေ့) ကိုတော့ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ပါတယ်။

ပိတ်လိုက် ဖွင့်လိုက် လွှတ်တော်

နောက်တစ်ချက်က ဇူလိုင်လ (၁) ရက်နေ့ မှာ “ရုပ်သိမ်းတယ်” လို့ သတင်းစာမှာ ဖေါ်ပြထားတဲ့ “စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အထူး အစည်းအဝေး (စတုတ္တနေ့) ” ကို “တည်” ပြီး ပြောရမယ် ဆိုရင် အထူး အစည်းအဝေး တွေဟာ ၄ ရက်ပဲ ကျင်းပ ပုံပေါ်ပါတယ်။ ဒါပေမယ့် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အထူး အစည်းအဝေးနဲ့ တစ်နေ့ထဲ ကျင်းပတဲ့ ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေး (စတုတ္တနေ့) ကိုတော့ “ရပ်နား” လို့ ပဲ သတင်းမှာ ဖေါ်ပြထားပြန်ပါတယ်။ “ရုပ်သိမ်း” နဲ့ “ရပ်နား” တာ မတူပါဘူး။ ရုပ်သိမ်းတာက ပြီးဆုံးပြီ ဆိုတဲ့သဘောပါ။ ရပ်နားတာတော့ ရှေ့ဆက်ဦးမယ် ဆိုတဲ့သဘော ပါဝင်ပါတယ်။ ထားပါတော့။

ဒါ့အပြင် ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် အထူး အစည်းအဝေး ကိုလည်း ပထမနေ့နဲ့ ဒုတိယနေ့ ကျင်းပတဲ့ သတင်းကိုပဲ ဖေါ်ပြပြီး တတိယနေ့နဲ့ စတုတ္တနေ့ သတင်းတွေ ဖေါ်ပြတာ မတွေ့ရတော့ ပြန်ပါဘူး။

ဇူလိုင်လ ၄ ရက်နေ့က ပထမနေ့ အစည်းအဝေး စတင်တဲ့ ကရင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး သတင်းကတော့ ဒုတိယနေ့ အထိ ဖေါ်ပြထားသော်လည်း ယခု ဆောင်းပါး ရေးတဲ့နေ့ ( ၈ ဇူလိုင်) အထိ တတိယနေ့နဲ့ စတုတ္တနေ့ အစည်းအဝေး ကျင်းပတဲ့ သတင်း ဖေါ်ပြတာ မတွေ့ရပါဘူး။

အထူးအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြသလဲ

၂ ခုတွေ့ပါတယ်။

ပထမတစ်ခုက တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးတွေအားလုံးမှာ တစ်ပုံစံတည်း လုပ်ကြရတဲ့ “ဝန်ကြီးဌာနတွေ ပြင်ဆင်ဖွဲ့စည်း” တာ ဖြစ်ပါတယ်။ ဒီကိစ္စတစ်ခုထဲကြောင့် အထူး အစည်းအဝေး ခေါ်တာ မဟုတ်လောက်ပါဘူး။

ဒုတိယတစ်ခုက “အဆို” တင်ပြ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

အဆိုတင်ပြ ဆုံးဖြတ်တာမှာလည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာပဲ တွေ့ရပြီး ကျန်တဲ့ တိုင်း ဒေသကြီးများနဲ့ ပြည်နယ်တွေမှာတော့ အဆို တင်တာ မတွေ့ရပါဘူး။ နောက်ဆုံးမှ ကျင်းပနေတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွေမှာ အလားတူ အဆိုမျိုးတွေ တင်နိုင်ဖွယ် ရှိပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေကြီးသနဲ့ ရှမ်းပြည်နယ်တို့မှာ တင်ပြတဲ့ အဆိုတွေကတော့ အောက်ပါ အတိုင်းပါပဲ။

ကချင်ပြည်နယ်လွှတ်တော် (တတိယနေ့)

“ကချင်ပြည်နယ်သူ ပြည်နယ်သားများ၏ ပကတိ လိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီ ရရှိမှုတို့ကို ဟန့်တား နှောင့်ယှက်သော လုပ်ရပ်များအား ရပ်ဆိုင်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူတို့ ၏ အကျိုးစီးပွား ဖော်ဆောင်ရေးအဆို”

(အဆိုတင်သွင်းသူ - ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) ဦးအင်ဖရောင်းဂမ် )

စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် (တတိယနေ့)

“ကချင်ပြည်နယ်အခြေစိုက် KIAအဖွဲ့၏ ကချင်ပြည်နယ် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ်ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း ၊ ရေအားလျှပ်စစ် စီမံကိန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း ၊ ဟန့်တား နှောင့်ယှက်ခြင်း၊ ပြည်နယ်အတွင်းရှိဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အရပ်သားများအား KIA မှ ဖမ်းဆီး ခေါ်ဆောင်ခြင်းများကို ကန့်ကွက်ကြောင်း”

(အဆိုတင်သွင်းသူ - စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) မှ ဦးစန်းမောင် )

ရှမ်းပြည်နယ် လွှတ်တော် (ပထမနေ့)

“ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သို့ ရောက်ရှိရန် တည်ငြိမ်အေးချမ်း သာယာရေးသည် အရေးပါသည့် အတွက် လက်ရှိ နိုင်ငံတော် အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်နေကြသော ကိစ္စရပ်များ ရပ်တန့်ပြီး အမြင် မတူညီမှု များကို လူထုနည်းဖြင့် လွှတ်တော် တွင်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက် သွားကြရန် ”

(အဆိုတင်သွင်းသူ - ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ ဦးအောင်ကျော်ညွန့် )

အကယ်၍ ကရင်ပြည်နယ်တွေနဲ့ မွန်ပြည်နယ် လွှတ်တော်တွေမှာ အဆိုတွေ တင်ခဲ့မယ် ဆိုရင်လည်း အလားတူ အဆိုမျိုး သာလျှင် ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဘယ် အဖွဲ့အစည်းတွေကို ဦးတည်ချက် ထားလိမ့်မယ် ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာပါ။

ဒီလိုပုံစံအတိုင်းသာ ဆိုရင် “အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် အထူး အစည်းအဝေး” တွေပါ ဆက်လက် ကျင်းပ သွားမယ့် သဘော ရှိနေပြီး၊ ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေးပါ ခေါ်နိုင်တဲ့ အနေအထား ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

အဆိုတွေ ကြည့်လိုက်တာနဲ့ ဘယ်သူတွေကို ဦးတည်ပြီး ဘယ်လို ရည်ရွယ်ချက်ထားသလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နိုင်ပါတယ်။

(NLD) (KIA) (SSA) တို့ကို ဦးတည်နေပါတယ်။

ဘောလုံးကွင်းထဲကနေ လွှတ်တော်ထဲ ၀င်လာတဲ့ လူစု

တကယ်တော့ ဒီအဆိုတွေဟာ တချိန်က ကြံ့ဖွံ့အသင်းက ပြည်နယ်နဲ့တိုင်း အသီးသီးက ဘောလုံးကွင်းတွေထဲမှာ ကျင်းပခဲ့တဲ့ “လူထု အစည်းအဝေးပွဲ” ဆိုတာတွေမှာ တင်တဲ့ အဆိုတွေပဲ ဖြစ်ပါတယ်။

အခု“လွှတ်တော်” တွေ ရှိလာတော့၊ လွှတ်တော်ထဲမှာလည်း ကြံ့ဖွံ့ပါတီက လက်ဝါးကြီးအုပ် အများစု နေရာ ရရှိထားလေ တော့ လွှတ်တော်ထဲမှာ တင်ပြတဲ့ အဆိုတွေ ဖြစ်လာတာပါ။ သိပ် မထူးဆန်းပါဘူး။

တပြည်လုံးက မျှော်လင့် တောင့်တနေတဲ့“အမျိုးသား ပြန်လည် သင့်မြတ်ရေး အဆို/ပြည်တွင်း ငြိမ်းချမ်းရေး” အဆိုတွေတော့

ဖြစ်လာမှာ မဟုတ်တာတော့ သေချာပါ။

အဲဒီလို အဆိုမျိုး တင်ရင်လည်း “ဦးဗညားအောင်မိုး တင်သွင်းခဲ့ဖူးတဲ့ အဆိုလိုပဲ” အရှုံးနဲ့အဆုံးသတ် ရမှာပါ။

ကြံ့ဖွံ့ဘက်က တင်တဲ့ အဆိုကိုလည်း ကန့်ကွက် ပယ်ချနိုင်မှာ မဟုတ်ပါဘူး။

လွှတ်တော်ထဲမှာ သူတို့က အများစု။ လွှတ်တော် အားလုံးရဲ့ ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌတွေဟာ ကြံ့ဖွံပါတီက ချည်းပဲ ဖြစ်တယ်။

ဒီအဆိုတွေကိုသာ တင်ပြီး ဆုံးဖြတ်လုပ်ကိုင်နေကြမယ် ဆိုရင်တော့ “လွှတ်တော်တွေ” ထဲမှာလည်း ပြဿနာတွေကို ဖြေရှင်း နိုင်မယ့် အလားအလာ/အဖြေ ရှာနိုင်မယ့် အလားအလာ မတွေ့ရပါဘူး။

အဓိကကျတဲ့ပြဿနာက

“နိုင်ငံရေးပါတီ ဖျက်သိမ်းဖို့/ အပစ်အခတ် ရပ်စဲဖို့/ (BGF)ဖွဲ့ဖို့/ လက်န က်ချဖို့” မဟုတ်ပါဘူး။

နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ ဖြစ်ပါတယ်။

ဒီမိုကရေစီ အခွင့်အရေး ပြည့်ပြည့်ဝဝ ရှိမယ် / တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် ခိုင်မြဲတဲ့ အာမခံချက် ရှိမယ် ဆိုတဲ့ အဖြေကိုသာ ပီပီပြင်ပြင် ရရှိမယ် ဆိုရင် ကျန်တဲ့ ပြဿနာတွေဟာ ငှက်ပျောသီး အခွံနွှာသလောက်တောင် မခက်ခဲ နိုင်တော့ပါဘူး။

ဒီအချက်ကို (ဖဆပလ) အစိုးရကနေ (နဝတ-နအဖ) စစ်အစိုးရအထိ အစိုးရအဆက်ဆက်က ရှောင်လွှဲခဲ့ကြပြီး။ အပြုတ် တိုက်ရေး/ သောင်းကျန်းသူ ချေမှုန်းရေး/ လက်နက်ချရေးပဲ လုပ်ခဲ့တယ်။

ဒီတော့ ပြည်တွင်းစစ်လည်းမရပ်စဲနိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးလည်း မတည်ဆောက်နိုင်ခဲ့ဘူး။

တိုင်းပြည် ဆင်းရဲပြီး ပြည်သူတွေ မွဲပြာကျခဲ့ရတယ်။

ဦးသိန်းစိန် အစိုးရသစ်ကလည်း (နဝတ-နအဖ) စစ်အစိုးရရဲ့ အမွေခံလို့ ပြောနေတာပဲ။ (နဝတ-နအဖ) စစ်အစိုးရ ခင်း ပေးတဲ့ လမ်းပေါ် လျှောက်နေတာလို့ ပြောနေလေတော့ ဘာအဖြေမှ ရနိုင်ဖို့ လမ်းမမြင်ပါဘူး။

လူထုအစွမ်းနဲ့ ဖော်ဆောင်ရမယ့် သော့ချက်

ပြဿနာရဲ့သော့ချက်က “ဒီမိုကရေစီ အခွင့်အရေးပြည့်ပြည့်ဝဝရှိရေး / တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် ခိုင်မြဲတဲ့ အာမခံချက် ရှိရေး” ဆိုတဲ့ အချက်သာလျှင် ဖြစ်တယ်။

ဒီအချက်ကိုရဖို့ တမျိုးသားလုံး တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ပါဝင် ဆွေးနွေး ဆုံးဖြတ်နိုင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲကြီး တစ်ခု လိုအပ်တယ်။

ဒီလို ဆွေးနွေးပွဲကြီး ဖြစ်ဖို့လည်း တပြည်လုံး ပြည်သူ လူထု စွမ်းပကားနဲ့မှသာ စွမ်းဆောင် နိုင်ပါလိမ့်မယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀ဂ) နဲ့ အဲဒီ အခြေခံဥပဒေရ ဖွဲ့စည်းထားတဲ့ “လွှတ်တော်” တွေထဲမှာ “ဒီမိုကရေစီ အခွင့်အရေး ပြည့်ပြည့် ဝဝ ရှိရေး / တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် ခိုင်မြဲတဲ့ အာမခံချက်ရှိရေး” ဆိုတဲ့ အချက်တွေကို ဘယ်တော့မှ မ ရနိုင်ပါဘူး။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀ဂ)နဲ့ “လွှတ်တော်” တွေထဲကနေ တဖြည်းဖြည်းချင်း ချဲ့ယူသွားမယ်/ ပြုပြင် ပြောင်းလဲယူသွား မယ်လို့ ပြော ပြောနေတဲ့ သူတွေကို ပြောချင်ပါတယ်။

အဲဒီ အခြေခံဥပဒေ ဘောင်ထဲမှာ အဲဒီ လွှတ်တော်ထဲမှာ ခင်ဗျားတို့သာ တဖြည်းဖြည်းနဲ့ လုံးပါး ပါးသွားပါလိမ့်မယ်။


Ref: မိုးမခ

Read More...

တပ်မ (၇၇) အောက်ခြေစစ်သည်များ စားဝတ်နေရေး အကြပ်တွေ့နေ

2011-07-08

ပဲခူးတိုင်းအတွင်း အခြေစိုက်တဲ့ တပ်မ (၇၇) ရဲ့ တပ်ရင်းတွေမှာ အောက်ခြေ စစ်သည်တွေဟာ သူတို့  ရရှိတဲ့ လစာနဲ့ အခြေခံ ရိက္ခာ လုံလောက်မှု မရှိတဲ့ အတွက် စားဝတ်နေရေး ကြပ်တည်း ဆိုးဝါးနေတယ်လို့  စုံစမ်း သိရှိရပါတယ်။

တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းတွေက တောင်ငူ အခြေစိုက် တိုင်းမှူးနဲ့ နေပြည်တော် အထိ အကျိုးအကြောင်း တင်ပြ ခဲ့ပေမယ့် အထက် အဆင့်ဆင့်က တပ်တွင်း စားဝတ်နေရေး ဖူလုံအောင် ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့  အဲဒီတပ်က တပ်ကြပ်ကြီး တဦးက အာရ်အက်ဖ်အေကို ပြောပြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက တပ်မတော် အတွင်း အခြေခံ လစာတွေ တိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ ရရှိတဲ့ လစာအပေါ် ဖြတ်တောက် တာတွေ များတာ၊ တပ်တွင်း ရိက္ခာ အခြေခံ ရိက္ခာတွေကို လျှော့ချတာတွေ အပြင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ကြီးမြင့်တာကြောင့် အောက်ခြေ အဆင့်ဆင့်မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပြီး တပ်ပြေးတွေ များလာနေတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

မြန်မာစစ်တပ်နှင့် SSA နောက်ဆက်တွဲ တိုက်ပွဲကြောင့် ကိုးဦး သေဆုံး

2011-07-10

ရှမ်းပြည်တောင်ပိုင်း တောင်ကြီး- လွိုင်လင်ကားလမ်းပေါ်ရှိ ခေါင်နွဲ့ရွာ အနီးမှာ ဇူလိုင်လ ၉ ရက်နေ့ မနက် ၇ နာရီ ခွဲလောက်က ယာဉ်တန်း တတန်းကို ဆက်ကြေး တောင်းခံနေတဲ့ SSA တပ်ဖွဲ့နဲ့ မိုင်းပွန် အခြေစိုက် ခမရ (၅၁၃) တပ်ဖွဲ့တဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သတင်း ရရှိပါတယ်။

မျက်မြင်သက်သေ ဒေသခံတွေရဲ့ ပြောကြားချက်အရ လွိုင်လင်ကနေ ၆ မိုင်ခန့်အကွာ ခေါင်နွဲ့ရွာမှာ SSA တပ်ဖွဲ့ဝင် တချို့က ကားတွေကို ရပ်ခိုင်းပြီး ဆက်ကြေး ကောက်ခံနေချိန်မှာ တောင်ကြီး တောင်လေးလုံး ရဲဘက်စခန်းကို ထောင်ကျ တရားခံ ၂ ဦး သွားပို့တဲ့ ရဲလုံခြုံရေးကား ရောက်ရှိသွားပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ပင်လုံ ရဲစခန်းမှူး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ယာဉ်မောင်း တဦးနဲ့ တရားခံ ၂ ဦး၊ ခြောက်ဦးစလုံး သေဆုံးပြီး ကားကိုလည်း မီးရှို့လိုက်တယ်လို့ သိရပါတယ်။

သေနတ်သံကြောင့် အဲ့ဒီဒေသကို ခရီးထွက်လာတဲ့ ခမရ (၅၁၃) တပ်ရင်းမှူးနဲ့ အဖွဲ့ ရောက်ရှိ လာရာမှာ ဆက်လက် တိုက်ပွဲ ဖြစ်ပွားပြီးနောက် SSA ဘက်က ၃ ယောက် ကျဆုံးပြီး မြန်မာ စစ်တပ်ဘက်က တပ်ရင်းမှူး ဒဏ်ရာ ရရှိသွားတဲ့ အတွက် ခွဲစိတ် ကုသ နေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ တနေ့တည်းမှာပဲ မိုင်းရှူးမြို့နယ်က ရဲစခန်းတခုရှေ့မှာ ဗုံးတလုံး ပေါက်ကွဲတဲ့အပြင် မပေါက်ကွဲ သေးတဲ့ ဗုံးတလုံး ကိုလည်း တွေ့ရှိခဲ့ရ တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူသူ ထိခိုက်မှု ရှိမရှိ ကိုတော့ မသိရသေးပါဘူး။

Ref: RFA News

Read More...

ပါကစ္စတန်ကို အမေရိကန် စစ်ရေးထောက်ပံ့မှု ရပ်ဆိုင်းမည်

တနင်္ဂနွေ, 10 ဇူလိုင် 2011

အမေရိကန်က ပါကစ္စတန်ကို ပေးနေတဲ့ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ လောက်ကို ရပ်ဖို့ ဆုံးဖြတ် လိုက်တယ်လို့ အိမ်ဖြူတော် ထိပ်တန်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။

အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေးဟာ မချောမွေ့လှဘဲ အချိန်ယူပြီး ဆက်ဆံရေး ပြေပြစ်အောင် လုပ်ရလိမ့်မယ်လို့ အိမ်ဖြူတော် တာဝန်ခံ အရာရှိချုပ် ၀ီလျံ ဒလေး (William Daley) က ABC ရုပ်သံရဲ့ This Week အစီအစဉ်ကို ပြောခဲ့ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပါကစ္စတန်ဟာ အရေးပါတဲ့ မဟာမိတ်နိုင်ငံတခု ဖြစ်ခဲ့ပေမဲ့ အမေရိကန်က စစ်ရေး အကူအညီတွေ ပေးတာ ဆိုင်းထား စေလောက်တဲ့ ခြေလှမ်းတချို့ လှမ်းခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုလဲ ဆိုတာကိုတော့ အသေးစိတ် ထပ်ရှင်းမပြခဲ့ပါဘူး။

ပါကစ္စတန်က အမေရိကန် စစ်ရေး လေ့ကျင့်ပေးနေသူတွေကို နိုင်ငံထဲက နှင်ထုတ်ခဲ့တဲ့ ကိစ္စနဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတွေကို ပြည်ဝင်ခွင့် ဗီဇာပေးဖို့ ကန့်သတ်ခဲ့တဲ့ ကိစ္စတွေကြောင့် အခုလို တုံ့ပြန် ဆောင်ရွက်တာ ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေရဲ့ အပြောကိုလည်း သတင်းတွေထဲမှာ ကိုးကား ဖော်ပြကြပါတယ်။

စစ်သွေးကြွတွေကို တိုက်ဖျက်ရေးမှာ အမေရိကန်နဲ့ ပိုပြီး ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့ ပါကစ္စတန်ကို ဖိအားပေးတဲ့ အနေနဲ့ အခုလို ထောက်ပံ့မှုတွေကို ဖြတ်တောက်တာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံထဲမှာ အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို အမေရိကန်က ကြိုတင် အသိပေးခြင်း မရှိဘဲ ဝင်ရောက် မေလဆန်းတုန်းက ၀င်ရောက် သုတ်သင်ခဲ့ ကတည်းက အမေရိကန် အစိုးရနဲ့ ပါကစ္စတန် အစိုးရကြားမှာ ဆက်ဆံရေး ထိခိုက်ခဲ့ပါတယ်။

Ref: VOA News

Read More...

၁၅ နိုင်ငံထက်မနည်း တောင်ဆူဒန်နိုင်ငံသစ်ကို အသိအမှတ်ပြု

တနင်္ဂနွေ, 10 ဇူလိုင် 2011

သောကြာနေ့ သန်းခေါင်ယံ အချိန်ကမှ နိုင်ငံသစ်တခုအဖြစ် ကမ္ဘာမှာ ပေါ်ပေါက်လာတဲ့ တောင်ဆူဒန် သမ္မတနိုင်ငံကို အသိအမှတ် ပြုတဲ့ နိုင်ငံတွေ ရှိလာနေပါပြီ။ အမေရိကန်၊ ဗြိတိန်၊ ရုရှားနဲ့ တရုတ် စတဲ့ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ အပါအ၀င် နိုင်ငံ ၁၅ ခုက တောင်ဆူဒန်ကို နိုင်ငံတခုအဖြစ် အသိအမှတ် ပြုထားပြီလို့ The Sudan Tribune သတင်းစာမှာ ဖော်ပြထားပါတယ်။

မနေ့ကစပြီး နိုင်ငံသစ်အဖြစ် ပေါ်ပေါက်လာကြောင်း တရားဝင် လွတ်လပ်ရေး အခမ်းအနားကို တောင်ဆူဒန်မြို့တော် ဂျူဘား (Juba) မှာ ကျင်းပခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း နိုင်ငံသစ်တခု မွေးဖွားလာတာကို ကြိုဆိုကြောင်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံကို အပြင်းအထန် ကြိုးစားပြီး ထူထောင်ကြတဲ့ နေရာမှာ အမေရိကန်ဟာ တောင်ဆူဒန် ပြည်သူတွေရဲ့ လုပ်ဖော် ကိုင်ဘက် ဖြစ်လာ ပါလိမ့်မယ်လို့လည်း သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံသစ်အဖြစ် အသိအမှတ်ပြုတဲ့ အထဲမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron)၊ ရုရှားသမ္မတ ဒီမီထရီ မယ်ဗီယဲဒက်ဖ် (Dmitry Medvedev) နဲ့ အိန္ဒိယ၊ အစ္စရေး၊ ကင်ညာနဲ့ ပြင်သစ်နိုင်ငံက ခေါင်းဆောင်တွေ ကလည်း ကြေညာချက်တွေ ထုတ်ပြီး ကြိုဆို အသိအမှတ် ပြုကြောင်း ပြသခဲ့ကြပါတယ်။

တရုတ်ဟာ အရင် ဆူဒန်နိုင်ငံ ဘ၀မှာကတည်းက ရင်းနှီးခဲ့တဲ့ နိုင်ငံဖြစ်ပြီး အခု တောင်ဆူဒန်က နိုင်ငံအသစ် ဖြစ်လာတော့လည်း ငြိမ်းချမ်းရေးနဲ့ ဆက်ဆံရေးတွေ ကောင်းမွန်အောင် အားစိုက်ပြီး လုပ်ဆောင် သွားပါ့မယ်လို့ ပြောပါတယ်။

တရုတ်ဟာ ဆူဒန်ကထွက်တဲ့ ရေနံတွေကို အဓိက ၀ယ်ယူနေတဲ့ နိုင်ငံဖြစ်ပြီး ရေနံ ထုတ်လုပ်ရေး လုပ်ငန်းတွေကြောင့် တောင်နဲ့မြောက် ဆူဒန် ၂ နိုင်ငံအကြား တင်းမာမှုတွေ ရှိလာမှာကိုလည်း စိုးရိမ်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ရေနံထွက်တဲ့နေရာ အများစုက တောင်ဆူဒန်ဘက်မှာ ရှိနေတာပါ။ ဒါပေမဲ့ အခုချိန်ထိတော့ ရေနံ ထုတ်လုပ်ရေး တွေကို ၂ နိုင်ငံအကြား ဘယ်လိုမျှဝေ လုပ်ကိုင်ကြမယ် ဆိုတာနဲ့ နယ်စပ်သတ်မှတ်ရေး ကိစ္စတွေကို မဖြေရှင်းရ သေးပါဘူး။

Ref: VOA News

Read More...

KIA စခန်းကို ပစ်ခတ်မှု ရန်စတဲ့ လုပ်ရပ်ဟု KIO သုံးသပ်

ဦးစံမိုးဝေ
တနင်္ဂနွေ, 10 ဇူလိုင် 2011

မြန်မာအစိုးရ တပ်တွေက ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရဲ့ တပ်စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ဆက်ပြီး လုပ်နေတယ်လို့ KIO အဖွဲ့က ပြောပါတယ်။ တာပိန်မြစ် အနီးမှာရှိတဲ့ KIA တပ်ရင်း ၂၅ ကို ပစ်ခတ် တိုက်ခိုက်တာတွေ ဒီနေ့ နေ့ခင်းပိုင်းမှာ ပြုလုပ်ခဲ့သလိုပဲ အရှေ့ဘက် တရုတ်၊ မြန်မာ နယ်စပ်က ရှေ့တန်းစခန်းကိုလည်း မနေ့ညပိုင်း တုန်းက ပစ်ခတ်ရာမှာ တရုတ်နိုင်ငံ နယ်နိမိတ်ထဲ ထိအောင် ကျရောက် ပေါက်ကွဲ သွားခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဦးစံမိုးဝေက တင်ပြပေးထား ပါတယ်။

နေ့လယ် ၁၂ နာရီလောက်ကနေ ညနေ ၃ နာရီဝန်းကျင်အထိ တာပိန်မြစ် မြောက်ဘက်မှာရှိတဲ့ KIA တပ်ရင်း ၂၅ တည်ရှိတဲ့ နေရာကို လှမ်းပြီး ပစ်ခတ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာမှ ထိခိုက်တာ မရှိတဲ့အတွက် KIA ဘက်က တုံ့ပြန် ပစ်ခတ်တာ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ မနေ့ ညဘက်ကတော့ တရုတ်၊ မြန်မာ နယ်စပ် ဖြစ်တဲ့ ဘဒန်ဂေါင်နဲ့ ဘုံဂျောင်း ရှေ့တန်း စခန်းတွေကို လက်နက်ကြီး အလုံးရေ ၁၀ လုံးကျော် ပစ်ခတ်ခဲ့တယ် လို့ KIO အဖွဲ့ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ တွဲဖက် အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးလနန်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ နေ့လယ် ၁၂ နာရီ ပတ်ဝန်းကျင်ကနေပြီးတော့ တာပိန် ရေအားလျှပ်စစ်ရှေ့မှာ တာဝန်ယူထားတဲ့ သူတို့ လုံခြုံရေး တပ်ဖွဲ့က နေပြီးတော့ ကျနော်တို့ KIA တပ်ရင်း ၂၅ ရဲ့ ရှေ့တန်းစခန်းကို လက်နက်ကြီးနဲ့ ပစ်တာ ၃ နာရီ ပတ်ဝန်းကျင်လောက် အထိ ကြိုးကြား ကြိုးကြား ပစ်နေတာ ရှိတယ်။

“နောက်တခုက မနေ့ည နဖွတ်စခန်းကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာတော့ အားလုံး ၁၄ လုံး ရှိတယ်။ နပွတ် စခန်းက နေပြီးတော့ ဘဒန်ဂေါင်ဆိုတဲ့ ကျနော်တို့ ရှေ့တန်းစခန်းကို ၇ လုံးပစ်တယ်။ ပြီးတော့ ပါချောင် ဆိုတဲ့ သူတို့ စခန်းကနေပြီးတော့ ဘုံချန်ဆိုတဲ့ ကျနော်တို့ရဲ့ ဌာနချုပ်ဟောင်းပေါ့၊ အဲဒီနားမှာရှိတဲ့ စခန်းကို ၇ လုံးပစ်တယ်။”

လက်နက်ကြီး ကျည်တွေဟာ တရုတ်နိုင်ငံအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အဲဒီနေရာတွေကို တရုတ် အာဏာပိုင် တွေက သွားရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းရရှိကြောင်း ဦးလနန်က ပြောပါတယ်။ ဘယ်လို တုံ့ပြန်တယ် ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

အခုလို KIA ကို လှမ်းပြီး ပစ်ခတ်နေတာဟာ တာဆန်း ရေအားလျှပ်စစ် စီမံကိန်း တည်ရှိတဲ့ နေရာကနေ လုံခြုံရေး ယူထားတဲ့ တပ်ဖွဲ့တွေက ပြုလုပ် နေတာဖြစ်ပြီး KIA ဘက်က ပြန်ပြီးတော့ ပစ်ခတ်ရင် စက်ရုံ အဆောက်အဦးတွေ ထိခိုက် နိုင်ကြောင်းနဲ့ ဒီလုပ်ရပ်ဟာ ရမယ်ရှာ၊ ရန်စနေတာ ဖြစ်နိုင်တယ်လို့ KIO ဘက်က သုံးသပ်ပါတယ်။

“သူတို့ ဒီနေ့ ညနေပိုင်းက စပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာဟာ အဲဒီ သူတို့ တာပိန်ရေအား လျှပ်စစ် စီမံကိန်းမှာ လုံခြုံရေး ယူထားတဲ့ တပ်ဖွဲ့က နေပြီးတော့ တာပိန်မြစ်ရဲ့ မြောက်ဘက်မှာရှိတဲ့ KIA တပ်ရင်း ၂၅ ရဲ့ ရှေ့တန်းစခန်းကို လက်နက်ကြီးနဲ့ ပစ်တာ။ ရေအားလျှပ်စစ် စီမံကိန်းရဲ့ စက်ရုံ အဆောက်အဦးတွေ တော်တော်ရှိတယ်။ အဲဒီမှာ သူတို့က အကာအကွယ် ယူပြီးတော့ ပစ်တယ်။ အဲဒီကျတော့ ကျနော်တို့ဘက် ကလည်း သူတို့ကို ပြန်ပြီးတော့ လုပ်လိုက်မယ် ဆိုရင် စက်ရုံတွေ ထိသွားနိုင်တယ်။

“စက်ရုံတွေ ထိသွားတဲ့အခါမှာ သူတို့တွေ သတင်းစာမှာ ဖော်ပြနေသလို သူတို့ အစိုးရစီမံကိန်းကို လုံခြုံရေး ရယူတဲ့ ကန့်သတ်တဲ့ တိုက်ပွဲ လုပ်တဲ့သဘောလို့ သူတို့ သတင်းစာမှာ ထည့်ထားတာ ရှိတယ်။ အဲဒီကျတော့ ကျနော်တို့ ပြန်ပြီးတော့ တုံ့ပြန် လိုက်မယ် ဆိုရင် ကျနော်တို့ရဲ့ လက်နက်တွေ သူတို့ဘက်မှာ ကျသွားတာ အခန့်မသင့်ရင် စက်ရုံတွေကို ထိသွားနိုင်တယ်။ အဲဒီကျရင် သူတို့ပြောတာ မှန်သလို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အခု သူတို့လုပ်တာ စက်ရုံ အဆောက်အဦးကို ကာဗာယူပြီး ကျနော်တို့ ဘက်ကို ပစ်နေတာ။ ဒါ ရန်စတဲ့ သဘောပါ။ သူတို့ လိုရာ ပြောဆိုနိုင်အောင် ဆွဲသွင်းတဲ့ သဘောလို့ပဲ ယူဆနိုင်ပါတယ်။”

နှစ်ဘက်အကြား အပစ်အခတ် ရပ်ဖို့အတွက် KIO ဘက်က လိုလားချက်တွေကို ပြီးခဲ့တဲ့ ၈ ရက်နေ့က စာရေးပြီး အကြောင်း ကြားထားခဲ့ပေမဲ့ မြန်မာ အစိုးရဘက်က တုံ့ပြန်မှု တစုံတရာ မတွေ့ရဘူးလို့လည်း ဦးလနန်က ပြောပါတယ်။

“ကျနော်တို့ကတော့ ၈ ရက်နေ့မှာ သူတို့ကို ကျနော်တို့ လိုချင်တဲ့ အခြေအနေ ပုံစံတွေကို စာရေးပြီး ပေးပို့ ထားတာ ရှိတယ်။ ဒါပေမဲ့ အခုထက်ထိ သူတို့က စာရရှိကြောင်းလည်း ပြန်ကြားတာ မရှိသေးဘူး။ သူတို့ အထက်ကို တင်ပြနေတာလား၊ ဒါမှမဟုတ် ကျနော်တို့ ပြောဆိုချက်ကို သူတို့ပဲ သဘော မတူတာလားတော့ မသိသေးဘူး။”

KIO ဌာနချုပ်ရှိရာမှာ သွားရောက် ခိုလှုံနေတဲ့ စစ်ပြေး ဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေ ၁,၀၀၀ ကျော်လောက် ပါပြီးတော့ အဲဒီကလေးတွေရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်စရာ ရှိတယ်လို့ ဆိုပါတယ်။ အခုချိန်ထိလည်း ပြင်ပကနေ အကူအညီ ထောက်ပံ့မှုတွေ မရရှိသေးတဲ့ အကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဗွီအိုအေကို ပြောဆိုပါတယ်။

Ref: VOA News

Read More...

KIA ဘက်မှ အပစ်ရပ်ရန် အစိုးရ တောင်းဆို

ရန်ပိုင်
Friday, 08 July 2011

ငြိမ်းချမ်းရေးဆွေးနွေးမှု ကာလအတွင်း ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အစိုးရ အဆောက်အအုံများ သိမ်းပိုက်ခြင်း တို့ကို မပြုလုပ်ရန်၊ ဖမ်းဆီး ထားသူများကို ပြန်လွှတ်ပေးရန် မြန်မာ အာဏာပိုင်တို့က ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို တနင်္လာနေ့တွင် စာရေး တောင်းဆိုလိုက်သည်။

ထိုစာကို ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သည့် ပြည်နယ် တည်ငြိမ် အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့က ပေးပို့ခြင်း ဖြစ်ပြီး “ကချင်ပြည်နယ် အပါအ၀င် ပြည်ထောင်စု၏ မငြိမ်းချမ်းသော အခြေအနေ” ကို ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံရေးနည်း အရ ဆွေးနွေး အဖြေရှာရန် တိုက်တွန်း ထားသည်။

ညှိနှိုင်းရေး အဖွဲ့တွင် ကချင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင်က ဦးဆောင်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊ ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်တို့ ပါဝင်ကြောင်း ပေးစာတွင် ဖော်ပြ ထားသည်။

ဗုဒ္ဓဟူးနေ့တွင် KIA ကလည်း ညှိနှိုင်းရေး အဖွဲ့သို့ စာရေးသား အကြောင်းပြန်လိုက်သည်။

နှစ်ဦးနှစ်ဘက် ဆွေးနွေးရာတွင် မြန်ဆန် လွယ်ကူစေရေးအတွက် တံတားတခု ပြန်လည် ပြုပြင်မည့် အစီအစဉ်ကို လက်ခံကြောင်း၊ “အခြား ကိစ္စရပ်များကိုမူ နှစ်ဘက် သဘော တူညီချက်များ ရရှိပြီးသည့် နောက်တွင် ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားနိုင်မည်” ဖြစ်ကြောင်း KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် လက်မှတ်ရေးထိုး ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

KIA ၏ ပြန်ကြားစာကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရသို့လည်း မိတ္တူပေးပို့ထားကြောင်း ဖော်ပြထားသည်။

KIA သည် ညှိနှိုင်းရေး အဖွဲ့နှင့် ဇွန်လ ၃၀ ရက်နေ့က တကြိမ် တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး ဆွေးခဲ့သေးသည်။

ထိုသို့ ဆွေးနွေးမှုများ ရှိနေစဉ်မှာပင် ဗုဒ္ဓဟူးနေ့က ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အစိုးရစစ်တပ်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်ဟု အတည် မပြုနိုင်သေးသော သတင်းများက ဆိုသည်။

ဗုဒ္ဓဟူးနေ့ထုတ် အစိုးရသတင်းစာတွင် KIA အဖွဲ့က မန္တလေး- မြစ်ကြီးနား မီးရထားလမ်းကို မိုင်းထောင် ဖျက်ဆီးကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် လက မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီး KIA တပ်စခန်းအား အစိုးရက ဖယ်ရှားရန်ကြိုး စားရာမှ အစိုးရနှင့် KIA အကြား တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။

Ref: ဧရာဝတီ်

Read More...

တောင်ပိုင်း တိုင်းမှူးသစ် ရာထူးမှ အနားပေးခံရ

ရန်ပိုင်
Thursday, 07 July 2011

ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်းကို ဇူလိုင်လ ၅ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်မှ သိရသည်။

ဗိုလ်မှူးချုပ် ထွန်းသန်းအား ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပဲခူးတိုင်းတောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွေ့စေခဲ့ပြီး ၂ ရက်အကြာတွင် နေပြည်တော်သို့ ခေါ်ယူပြီး ရာထူးမှ အနားယူ စေခဲ့ခြင်း ဖြစ်သည်ဟု စစ်ဘက်နှင့် နီးစပ်သူတဦးက ပြောသည်။

“နေပြည်တော်ကို လင်မယား ၂ယောက်စလုံး ခေါ်ပြီး၊ တိုင်းမှူးကြီးကို ပင်စင်ပေးလိုက်တာ” ဟု ၎င်းကဆိုသည်။

မည်သည့် ပြစ်ချက်ကြောင့် အငြိမ်းစားပေးသည်ကိုမူ တိတိကျကျ မသိရသေးသော်လည်း ရန်ကုန်တိုင်းမှူး အဖြစ် တာဝန် ယူစဉ်က မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည် အတွက် အရေးယူခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

လစ်လပ်သွားသော ယင်းတိုင်းမှူးနေရာတွင် လာမည့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ဆင်း တဦးဦးဖြင့် အစားထိုး ခန့်အပ်မည်ဟု စစ်ဘက် အသိုင်းအဝိုင်းက ခန့်မှန်းနေကြသည်။

ပြီးခဲ့သည့် လအတွင်းက ကျင်းပသည့် တပ်မတော် လေးလပတ် တပ်မှူးများ ညီလာခံ အပြီးတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် စစ်တိုင်းမှူး ၆ ဦးကို စစ်တိုင်းနေရာများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့သည်။ ဗိုလ်မှူးချုပ် ထွန်းသန်းသည် ထိုပြောင်းရွှေ့ခံရသည့် စစ်တိုင်းမှူး ၆ ဦးတွင် တဦးအပါအ၀င် ဖြစ်သည်။

ဗိုလ်မှူးချုပ် ထွန်းသန်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲများတွင် ပဲခူးအခြေစိုက် တပ်မ ၇၇ တပ်မှူးမှ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းကလည်း တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးသည်လည်း ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် တရားမ၀င် လိုင်စင်မဲ့ကားများ တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်များကြောင့် ရှောင်တခင် ၀င်ရောက်စစ်ဆေးခြင်းကို ခံခဲ့ရသေးသည်။

Ref: ဧရာဝတီ်

Read More...

NLD ရုံးချုပ် ဝင်စီးမှာလား စိုးရိမ်မှုဖြစ်

မျိုးသန့်
သောကြာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်များက ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီ ရုံးချုပ်တွင် ညအိပ် စောင့်ဆိုင်း နေသဖြင့် အတိုက်အခံ ပါတီကြီး၏ ရုံးခန်းကို အာဏာပိုင်များက ဝင်ရောက် စီးနင်းမှာလား ဆိုသော စိုးရိမ်မှုများ ရန်ကုန်နှင့် နယ်စပ်ရှိ ဒီမိုကရေစီလိုလားသော အတိုက်အခံများအတွင်း ပေါ်ထွက်နေသည်။

သို့သော် ပါတီရုံးကို ဝင်ရောက်ရှာဖွေဖွယ် မရှိနိုင်ကြောင်း ပါတီအကြီးတန်း ခေါင်းဆောင်များက ခန့်မှန်းထားသည်။

NLD လူငယ် ၅ ဦးကျ ရုံးချုပ်တွင် ညအိပ် စောင့်ကြပ်နေ သည်မှာ တပတ်ရှိပြီ ဖြစ်ကာ၊ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ဘုရားဖူးထွက်သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ပြည်ထဲရေးဝန်ကြီးဌာနက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပြီး တရားဝင် ပါတီ မဟုတ်ဘဲ တရားဝင် သကဲ့သို့ လှုပ်ရှားနေခြင်းသည် ဥပဒေနှင့် ဆန့်ကျင်နေကြောင်း သတိပေးပြီးနောက် ဒေသခံ ရဲများက ရုံးချုပ်ကို ရှောင်တခင် ဝင်ရောက်ပြီး စာရွက်စာတမ်းများ သိမ်းဆည်း သွားမည်ကို စိုးရိမ်သဖြင့် ညအိပ်စောင့်ခြင်း ဖြစ်ကြောင်း ပါတီလူငယ် ကိုရာဇာက မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

Read More...

Thursday, July 7, 2011

အဖါးမှားပြီး ရှေ့နေ မလိုက်မိစေဖို့

Write by အဘစ်
၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ (၇) ရက်၊ ကြာသပတေးနေ့။

စစ်အာဏာသိမ်း (နဝတ၊ နအဖ) ဆီကနေ နိုင်ငံတော်အာဏာကို အမွေ လွှဲပြောင်းဆက်ခံ ခဲ့တဲ့ ကြံ့ဖွံ့အစိုးရက “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်မှု ခိုင်မာရေး ” ကြွေးကြော်သံတွေ ကျယ်ကျယ် လောင်လောင် ထုတ်လွှင့်နေပေမယ့် လက်တွေ့မှာတော့ မြန်မာနိုင်ငံ နယ်စပ် တလျှောက်မှာ (KNU/KNLA) (DKBA) (KNPP) နဲ့ (SSA -တောင်ပိုင်း) တိုင်းရင်းသား တပ်ဖွဲ့ တွေနဲ့ စစ်ပွဲတွေ ဖြစ်ပွားနေတာ၊ အပစ်ရပ်ထားတဲ့ (KIO/KIA) ကချင် တပ်ဖွဲ့တွေနဲ့ ဇွန်လ (၉) ရက်ကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ၊ တပြိုင်တည်းမှာ (NLD) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် စည်းရုံးရေး ခရီးစဉ်တွေကို ကန့်သတ်မှုတွေ လုပ်ဆောင်မယ့် ခြေလှမ်းတွေ ထပ်တိုး လုပ်ဆောင် လာတာကို ကြားသိ နေရပါတယ်။

(၂ဝ၁၁) ခုနှစ် ဇွန်လ (၂၈) ရက် ရက်စွဲနဲ့ “ ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက်ရန် အကြောင်းကြားစာ ” ဆိုပြီး ပေးပို့ခဲ့သလို “ပြည့်စုံအောင်” နာမည်ခံပြီး “ ရွေးချယ်ခွင့်က လက်ထဲမှာ ” ဆိုတဲ့ ကြံ့ဖွံ့အစိုးရ အာဘော် ဆောင်းပါးကို အစိုးရပိုင် မီဒီယာတွေမှာ ဖေါ်ပြခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း “NLD ဟာ နဝတ ဥပဒေအမှတ် (၄၊၈၈) အရ မှတ်ပုံ တင်ခဲ့တဲ့ တရားဝင် နိုင်ငံရေး ပါတီအဖြစ် ဆက်ရှိနေကြောင်းနဲ့ အဖွဲ့ချုပ်အနေဖြင့် တရားဥပဒေ စိုးမိုးရေးကို လိုလားသည့် အလျှောက် ဥပဒေနှင့် အညီ ဆက်လက် ရပ်တည် နေခြင်းဖြစ်ကြောင်း ” ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုထံသို့ လိပ်မူတုန့်ပြန် ဖြေရှင်းခဲ့ပါတယ်။ နောက်ဆက်တွဲ အဖြစ် ပြန်ကြားရေးဝန် ကြီးဌာနပိုင် မီဒီယာ အသီးသီးကနေ “ ကိုကိုအောင် ” နာမည်ခံပြီး “ အတွေးများပြီး အရေးမမှားစေလို ” ဆို တဲ့ဆောင်းပါးနဲ့ ကြံ့ဖွံ့ အစိုးရ အာဘော်ကို ထပ်မံ ရေးသား ဝါဒဖြန့်ချိလာတာ တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေရဲ့အခြေခံ အကြောင်းအရင်းကတော့ (၁၉၉ဝ) ပြည့်နှစ် မေလ (၂၇) ရက် ပါတီစုံဒီ မိုကရေစီ အထွေ ထွေရွေးကောက်ပွဲမှာ တပြည်လုံးနီးပါး အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို မြန်မာပြည်ရဲ့ နိုင်ငံရေး အာဏာ အခင်းအကျင်း ထဲကနေ ဆွဲထုတ် ဖယ်ရှားရေး ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အလိုတူ အလိုပါ အုပ်စုတစုရဲ့ ရည်မှန်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး အာဏာကို လက်မလွှတ်ရေး အားခဲ လုံးပမ်းခဲ့ကြတဲ့ စစ်တပ် ဗိုလ်ချုပ် အဆက်ဆက်ဟာ (NLD) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြစ်ဖြုတ် ချေမှုန်းဖို့ (၁၉၉ဝ) မေလ ရွေးကောက်ပွဲ မတိုင်မီကနေ ဒီကနေ့အထိ နှစ်ပေါင်း (၂ဝ) ကျော် အတွင်း နည်းလမ်း ပေါင်းစုံသုံး တိုက်ခိုက်လာခဲ့တာ အားလုံး သတိပြု မိကြမှာပါ။ မတရားတဲ့ ဥပဒေတွေနဲ့ နေအိမ် အကျယ်ချုပ် ချခြင်း အပါအဝင် လူရိုက်ပွဲ၊ အစုအပြုံလိုက် သတ်ပွဲတွေ ဖန်တီးတာတွေ ကနေ (၂ဝ၁ဝ) ရွေးကောက်ပွဲကို ဝင်ချင်သူနဲ့ သပိတ်မှောက်ရေး အုပ်စုတွေ ကွဲပြား သွားအောင်အထိ နည်းဗျုဟာ အမျိုးမျိုး ချမှတ် ကျင့်သုံးခဲ့ပါ တယ်။ ခုနောက်ဆုံးကတော့ “နအဖ ဥပဒေ အမှတ် (၂ ၊ ၂ဝ၁ဝ)၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၂၅) အရ ရက်ပေါင်း (၆ဝ) အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပြန်လည် လျှောက်ထားခြင်း မရှိသဖြင့် (NLD) ဖျက်သိမ်းပြီးသား ဖြစ်လေသတည်း” ဆိုပြီး မဲပြာပုဆိုး ဇတ်ထုတ်နဲ့ လုပ်ဇတ်ခင်းတာပါပဲ။

(၁၉၉ဝ) မေလ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးဖို့ စစ်အာဏာသိမ်း အုပ်စုက ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး ကြွေးကြော်သံနဲ့ အမျိုးသား ညီလာခံ ဆိုတဲ့ လုပ်ဇတ်ကို (၁၄) နှစ်ကျော် ကြာအောင် လုပ်ဆောင်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်း စဲစ ကာလမှာပဲ ပြည်သူ့ဆန္ဒ ခံယူပွဲကိုလုပ်၊ ဆန္ဒမဲ ပေးခွင့်ရှိသူ (၁ဝဝ) မှာ (၉၉) ဦးက မဲလာ ပေးပြီး (၉၂ ၏ ၄၈) ရာခိုင်နှုန်း ထောက်ခံတာဖြစ်လို့ (၂ဝဝ၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်စေ ဆိုတဲ့ လုပ်ဇတ်ကို ခင်းပါတယ်။ (၂ဝဝ၈) ဖွဲ့စည်းပုံ ပုဒ်မ (၄၄၃) ဖေါ်ပြချက်ဖြစ်တဲ့ “ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ တည်သည့်နေ့ မတိုင်မီ (နအဖ) က ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖေါ်ရေးအတွက် ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဆောင်ရွက်သည်ဟု မှတ်ယူရမည် ” ဆိုတာကို ကိုးကားသုံးစွဲပြီး (၂ဝ၁ဝ) ရွေးကောက်ပွဲ အတွက် ဥပဒေတွေ ထုတ်တာ တရားဝင်ကြောင်း ဆောင်းပါးရှင် ကိုကိုအောင် က ကြံ့ဖွံ့ အစိုးရကိုယ်စား ရှေ့နေ လိုက်ပေးတာပါ။

(၂ဝဝ၈) ဖွဲ့စည်းပုံမှာ ပုဒ်မ (၄၄၁)၊ (၄၄၂)၊ (၄၄၃) တွေဟာ (နအဖ) ကနေ ကြံ့ဖွံ့လက်ထဲ အာဏာလွှဲပေးတဲ့ အခါ တရားဝင်မှု ရအောင် ဥပဒေအဖြစ် ပြဌာန်းထားပေမယ့် လက်တွေ့မှာ ကြောင်းကျိုး ဆက်စပ် ညီညွတ်မှု မရှိတာတွေ ကိုတွေ့ရပါတယ်။ ပုဒ်မ (၄၄၁) အရ (၂ဝဝ၈) ဖွဲ့စည်းပုံဟာ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအ ဝေးစတင်ကျင်းပတဲ့ (၂ဝ၁၁) ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှာ အာဏာတည်ရတာ ဖြစ်ပြီး တိုင်းပြည် အချုပ်အခြာ အာဏာကို (နအဖ) က ကျင့်သုံးခွင့် ရှိတာလည်း ဇန်နဝါရီ (၃၁) ရက်က နောက်ဆုံး ဖြစ်ကြောင်း ပုဒ်မ (၄၄၂) က အခိုင်အမာ ဖေါ်ပြထားပါတယ်။ ဒီလိုဆိုရင် (၂ဝ၁၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်ကစပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာဟာ ပြည်ထောင်စု လွှတ်တော်ထံမှာသာ ရှိရမှာဖြစ်ပြီး အဲ့ဒီ လွှတ်တော်တွေက (နအဖ) စစ် ကောင်စီနဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးစီးတဲ့ ဝန်ကြီးများ အားလုံးကို အသိအမှတ် ပြုပေးမှု လုပ်ခဲ့တာ (လုံးဝ) မရှိခဲ့ပေ မယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အုပ်စုတစုက အာဏာပိုင်တွေလို နောက်ကွယ်က ဆက်လက် လုပ်ဆောင် ခဲ့ကြပါတယ်။ အကျဉ်းချုပ် ဆိုရရင် (၂ဝ၁၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်ကနေ မတ်လ (၃ဝ) ရက်နေ့ ကြံ့ဖွံ့ အစိုးရသစ် ကျမ်းကျိန်တဲ့ ကာလအထိ နှစ်လလုံးကို ရူးချင်ယောင် ဆောင်ပြီး တိုင်းပြည်ကို လက်တလုံးခြား လှည့်ဖျား ခဲ့ကြတာပါ။ (NLD) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှိပ်ကွပ်ဖို့ ဥပဒေ အကိုးအကားတွေနဲ့ “ပြည့်စုံအောင်၊ ကိုကိုအောင်” နာမည်ခံပြီး ဆောင်းပါး ထိုင်ရေးပေးနေတဲ့ ကပ်ဖားတွေလည်း ဒီအချက်ကို သတိ ပြုမိလောက်မယ် ထင်ပါတယ်။

ကိုကိုအောင်က “ အတွေးများပြီး အရေးမမှားစေလို ” ဆောင်းပါးကို လိုရာဆွဲ နိဂုံးချုပ်တဲ့ အခါ “ယ္ခင် သူမ၏ ဆောင်ပုဒ်အတိုင်း “ အာဏာဟူသမျှဆန့်ကျင်ကြ ” ဟု ဆက်လက် ခံယူ ကျင့်သုံး နေရော့သလား” လို့ ဆိုထားတဲ့ အတွက် ပြည်သူလူထုကို အကြောက်တရားက ကင်းလွတ်စေရေး အတွေးအခေါ် မျိုးစေ့ ချပေးနိုင်ဖို့ ဒေါ်အောင် ဆန်းစုကြည်က “မတရားတဲ့အမိန့်အာဏာ မှန်သမျှ၊ တာဝန်အရ ဖီဆန်ကြ” လို့ပြောခဲ့တာကို ဖုံးကွယ်ပြီး လီဆည် ရေးသား ထားတာကိုလည်း သတိပြုမိပါတယ်။ အာဏာရှင်များ စိတ်တိုင်းကျ လိုရာ ရေးဆွဲထားသော ဥပဒေများ ကိုင်စွဲ ကိုးကားပြီး အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) တို့ကို မြန်မာ့ နိုင်ငံရေးတွင်းမှ ထွက်ခွါ သွားစေရန် ကြိုးပမ်း ဆောင်ရွက်ခြင်းဟာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြား စေတဲ့အတွက် အာဏာပိုင်တွေရဲ့ အလိုတော်ရိတွေ အနေနဲ့ “အဖါးမှားပြီး ရှေ့နေ မလိုက်မိစေဖို့ ” သတိပြုဆင်ခြင်နိုင်ရန် စေတနာအရင်းခံဖြင့် တင်ပြလိုက်ပါတယ် ခင်ဗျား။



Read More...

ပြိုင်ဘက်ဟာ ရန်သူလား

မောင်စံပေါ
Thursday, 07 July 2011

သူ့ရှင် ရာဇာဓိရာဇ် လွန်သည်ကို ကြားရလျှင် ဘုရင်မင်းခေါင်သည် မိမိနှင့်ယခင်က အချင်းချင်း စစ်ခင်းခဲ့ကြပုံ၊ တစ်ဦးနှင့်တစ်ဦး အမျိုးမျိုး အဖုံဖုံ ပြုမူခဲ့ကြပုံများကို အောက်မေ့သဖြင့် ၀မ်းနည်းကြေကွဲ၍ ငိုတော်မူ၏။ (နိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၊ သတ္တမအကြိမ်၊ မြ၀တီစာပေတိုက်၊ ၁၉၉၈ နိုဝင်ဘာလ၊ စာ- ၄၂၁)

''ရန်''ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို ကြိယာအားဖြင့် အပိုဆောင်းသည်၊ ရည်မှန်းသည်၊ သတ်မှတ်သည်ဟူ၍ လည်းကောင်း၊ ကြိယာကို ထောက်ပံ့ပေးသော စကားလုံး၊ ဖြစ်အံ့သော ကြိယာကို နာမ၀ိသေသန သဘော ဆောင်စေနိုင်သော စကားလုံး၊ ကြိယာကို ကြိယာနာမ် ဖြစ်စေသော စကားလုံး ဟူ၍ မှတ်သားဖူးပါသည်။

သို့သော်ငြားလည်း ဤ 'ရန်' ဟူသော စကားလုံး၏ အများသုံးဟု ဆိုရမည့်၊ အများသူငါ ရုတ်ခြည်း သဘောပေါက်လေ့ ရှိသည့် အဓိပ္ပာယ်မှာ တစ်စုံတစ်ဦးအား ထိခိုက်စေမည့် အနှောင့်အယှက် အန္တရာယ်၊ ဆန့်ကျင်ထိပါး တိုက်ခိုက်မှု၊ မိတ်ဖက် မဟုတ်သော အရာ ဟူ၍ ဖြစ်သည်။ (မြန်မာအဘိဓာန် အကျဉ်းချုပ် အတွဲ - ၄၊ ပထမအကြိမ်၊ မြန်မာစာအဖွဲ့၊ ၁၉၈၀ ဖေဖော်ဝါရီလ၊ စာ- ၃၅)

မြန်မာစကားပုံများတွင်လည်း 'ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်'၊ 'ရန်မလိုမှ ရန်ပြိုသည်'၊ 'ရန်ကိုရန်ကြွေး အတိတ်မှာဆေး' စသည်ဖြင့် ရေးသား ကြပါသည်။ တစ်ဖန် 'ရန်လျှင် အောင်မှုကြောင်း ဆယ်ခု'ဟူ၍ ရန်မီး မပွားကြောင်း ရန်ကို အောင်မြင်ရေး သြ၀ါဒပေးကာ ညွှန်ကြားလာသည် တို့ကို ဖတ်ရှုရ ပြန်ပါသည်။

လွယ်လင့်တကူ ပြောရမည် ဆိုပါက 'ရန်' ဟူသည် 'လက်ခံနိုင်ရေး ဝေးစွတကား'၊ 'နှစ်သက်ဖွယ်အရာ ရှာမရ နိုင်တကား'ဟု ပြောနိုင်သည်။ 'ရန်'ကို ဆောင်ကြဉ်းလာသော၊ မိမိအား ရန်ဝဲသြဃတွင် တစ်ရစ်ပြီး တစ်ရစ် လည်စေသော၊ အမုန်းမီးကို ပွားစေသော၊ တရားမျှတမှု တို့ကို လျစ်လျူရှုကာ မိမိအသာရရေး (၀ါ) အနိုင်ရရေးကိုသာ ဦးထိပ်ပန်ဆင် စေသော သူသည်ကား ရန်သူပင်။

ရန်သူသည် နယ်ပယ်မှ လွန်မြောက်၏။ ဒေသမှ လွန်မြောက်၏။ အချိန်မှ လွန်မြောက်၏။ ကာလမှ လွန်မြောက်၏။

ယှဉ်ပြိုင်ခြင်းသည် နယ်ပယ် တစ်ခုတွင် ဖြစ်နိုင်၏။ နယ်ပယ် အများတွင်လည်း ဖြစ်နိုင်၏။ ဒေသတစ်ခု အတွင်း၌လည်း ဖြစ်နိုင်၏။ ဒေသ အများတွင်လည်း ဖြစ်နိုင်၏။ အချိန်တစ်ခု အတွင်း တွင်လည်း ဖြစ်နိုင်၏။ အချိန်တစ်ခု မကတွင်လည်း ဖြစ်နိုင်၏။ ကာလ တစ်ခုတွင်လည်း ဖြစ်နိုင်၏။ တစ်ခုမကသော ကာလများတွင်လည်း ဖြစ်နိုင်၏။

မောင်စံပေါတို့ ငယ်စဉ်က ကျောင်းပညာ သင်ကြားရာတွင် စာပြိုင်ကြသည်။ အဆင့်ပြိုင်ကြသည်။ ကျူရှင် မရှိသေးသော ခေတ် ဖြစ်ရကား ဆရာ သင်ကြားသမျှ အာရုံစိုက်ကာ လေ့လာကြသည်။ စာသင်ရင်း စာကျက်ကြသည်။

ဆရာတစ်ဦး ဆိုလျှင် စာသင် အလွန်ကောင်းသည်။ သင်ခန်းစာ အသစ်တက်၊ သင်ပြီးသည်နှင့် ချက်ချင်း စာမေးသည်။ မရသူကို မတ်တပ် ရပ်စေပြီး ရသူ ထိုင်စေသည်။ မတ်တပ်ရပ်ရသူတို့မှာ ဂုဏ်ငယ်ကြကုန်၏။ စာဖြေနိုင်၍ ထိုင်ရသူတို့မှာ သိကြားမင်း ဖန်ဆင်းကာ ချီးမြှင့်လိုက်သော နေရာဝယ် စံမြန်းရသည့်နှယ်။

စာပြိုင်ဘက်များ ဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး မလိုမုန်းတီး မရှိကြ။ အကောက်မကြံကြ။ မညစ်ပတ်ကြ။ ချစ်ခင်ရင်းနှီး ပျော်ရွှင်စွာဖြင့် အတန်းများ တစ်တန်းပြီး တစ်တန်း တက်ခဲ့ကြသည်။ 'ဒီကောင်ကြောင့် ငါလူရည်ချွန် ပြုတ်သွားတာ၊ သင်းသာမရှိရင် ငါရမှာ။ သင်းဒီကနေ ပြောင်းမှ အေးမှာ'ဟူသော အတွေးများ မတွေးကြ။ ငါပိုပြီး ကြိုးစားရမှာ ဟူ၍သာ နှလုံးသွင်းကြ၏။

မနိုင်နိုင်အောင် လုပ်ရမှာဘဲဟု စိတ်စွဲကာ နည်းလမ်း အသွယ်သွယ်ဖြင့် နိုင်အောင် လုပ်ကြသူများမရှိ ဟူ၍ကား မဆိုချင်ပါ။ အနည်းငယ် မဆိုစလောက် ရှိနိုင်ပါသည်။

မောင်စံပေါတို့ခေတ်က စတုတ္ထတန်းမှာ မြို့နယ်စစ် ဖြစ်၏။ ဂုဏ်ထူးပေး၏။ အောင်ချက်ရာခိုင်နှုန်း ပြိုင်ကြ၏။ ဂုဏ်ထူး အရေအတွက် ပြိုင်ကြ၏။ ပထမ၊ ဒုတိယ၊ တတိယ အဆင့် ပြိုင်ကြ၏။

မြို့နယ်ပညာအုပ် (မြို့နယ်ပညာရေးမှူး)၏ သမီးသည်လည်း စတုတ္ထတန်း စာမေးပွဲ ၀င်ဖြေ၏။ သူငယ်တန်းမှ တတိယတန်း အထိ ကာလ အတွင်းသော် လည်းကောင်း၊ စတုတ္ထတန်း လပတ် စာမေးပွဲနှင့် အစမ်း စာမေးပွဲများတွင် လည်းကောင်း၊ သူ့အဆင့်မှာ ၃၀ ၀န်းကျင်သာ၊ ကျောင်းသား အရေအတွက် ၅၇ ယောက် ရှိသော စတုတ္ထတန်းတွင် အလယ်မျှသာဟု ဆိုနိုင်သည်။

စတုတ္ထတန်း အတန်းတင် စာမေးပွဲကြီး အောင်စာရင်း ထွက်တော့ မောင်စံပေါတို့ အားလုံး တွက်ဆ ထားကြသည့် အတိုင်း ပညာအုပ် သမီးက ဘာသာစုံ ဂုဏ်ထူးနှင့် အောင်ပြီး တစ်မြို့နယ်လုံး ပထမ ရသွားခဲ့သည်။ သူ့ခမျာ ပထမသာ ရခဲ့သည်။ ပြည့်ပြည့်၀၀ မပျော်နိုင်ခဲ့။ 'ကံကောင်းလွန်းလို့ ပါဟယ်။ ဒါကျက်၊ ဒါရ၊ ဒါမေး၊ ဒါဖြေ ဖြစ်သွားလို့ပါ'ဟု ရှက်ပြုံးနှင့် သူငယ်ချင်းများကို ဖြေရှင်းရသည်က ခဏခဏ။ အမြဲလိုလို ပထမ စွဲနေသော မောင်ကျောင်းသားမှာ ဒုတိယသာရပြီး မမြဲသော သဘောကို ငယ်ငယ် ရွယ်ရွယ်နှင့် စောကြောရရှာ၏။

နောက်အတန်းများတွင်လည်း ပညာအုပ် သမီးမှာ သူလိုငါလိုပင် တန်းစဉ် အောင်ခဲ့ပြီး သူလိုငါလို ဘွဲ့တစ်ခု ရခဲ့သည်။ သူလိုငါလိုပင် သူငယ်ချင်းများ ရှိခဲ့သည်။ ထိုအထဲမှာ သူငယ်ချင်း တစ်ဦး၏ ဖခင်မှာ မစ နိုင်သော ပုဂ္ဂိုလ်ကြီး ဖြစ်၏။ ထိုသူငယ်ချင်း၏ ကျေးဇူးဖြင့် အလုပ်ကြီး အကိုင်ကြီးများ လုပ်ခဲ့ရပြီး လုပ်ငန်းရှင်ကြီး ဖြစ်ခဲ့သည်။ 'ကံကောင်းလွန်းလို့ပါဟယ်'၊ အလုပ်တွေက အဆင်ပြေတော့ အရမ်း ကျန်တယ်လေ'တဲ့။

သည်လိုနှင့် မောင်စံပေါ တဖြည်းဖြည်း အသက်ကြီးလာခဲ့သည်။ ဖြတ်သန်းခဲ့သည့် နေရာဌာန ကာလများနှင့် အတူ လူအမျိုးမျိုး အဖုံဖုံကို ကြုံခဲ့ရသည်။ ကိုယ်တွေ့လည်း ရှိခဲ့ဖူးသည်။ 'ကိုယ်မြင်'လည်း ပါဝင်ခဲ့သည်။ 'ကိုယ်ကြား'လည်း မနည်းမနောပင်။ 'ကိုယ်သိ'မှာမူ အပုံအပင်။ နည်းလမ်း အသွယ်သွယ်ဖြင့် တွေ့မြင် ကြားသိခဲ့ရသည် တို့တွင် ပြိုင်ပွဲ အမျိုးမျိုးတို့သည် ပါဝင်ကြကုန်၏။ ပြိုင်ဘက် အမျိုးမျိုးတို့၏ သဘောကို စောကြောမိ၏။

နိုင်ငံကြီး တစ်နိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲကို အမှတ်ရမိသည်။ ပါတီကြီး (၂) ခု အနက် တစ်ခု၏ သမ္မတလောင်း အဖြစ် အရွေးခံရရေး အတွက် အလောင်းအလျာ (၂) ဦး သည် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ တစ်ဦးက ရှုံးနိမ့်ပြီး တစ်ဦးက အနိုင် ရသွားခဲ့သည်။ အနိုင်ရသူအား ရှုံးသူမှ ဂုဏ်ပြုစကား ဆိုခဲ့သည်။ နိုင်သူ သမ္မတ ဖြစ်ရေး အတွက် အားပေးခဲ့သည်။ လှုံ့ဆော်ခဲ့သည်။ ကူညီခဲ့သည်။ မကြာမတင်မီ ကာလ ပြိုင်ဘက် ဖြစ်ခဲ့ကြသည်ကို ချန်ထားရစ်ခဲ့သည်။ နိုင်သူ သမ္မတ ဖြစ်လာသော အခါတွင်လည်း အစိုးရအဖွဲ့တွင် ၀င်ရောက် တာဝန်ထမ်းကာ နိုင်ငံအကျိုးကို စွမ်းသမျှ သယ်ပိုး လေတော့သည်။

ပြိုင်ဘက် ဖြစ်ခဲ့ကြသည်။ ရန်ဘက်များ မဟုတ်ခဲ့ကြ။ ပါတီသမ္မတလောင်း ဖြစ်ရေးအတွက် ပြိုင်ဆိုင် ခဲ့ကြသည်။ ကာလတစ်ခု ကျော်ဖြတ် ခဲ့ပြီးနောက် ရှုံးနိမ့်ခဲ့သည့်တိုင် နိုင်သူ သမ္မတဖြစ်ရေး ကူညီပေးခဲ့သည်။ မိမိကိုယ်ကျိုး ကိစ္စ မဖြစ်ခဲ့ရ သော်ငြားလည်း ပါတီအကျိုး အတွက် ဆက်သယ်ပိုးခဲ့သည်။ မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ပေါက်ပစ်လိုက်မယ် ဟူ၍ မရှိခဲ့။ မိမိပါတီ အနိုင်ရရေး ဟူသော ရည်မှန်းချက် အပြီးတွင် နိုင်ငံအတွက် ဆက်၍ တာဝန်ထမ်း၏။ ''ကောင်းလေစွ''။

ပြိုင်ဆိုင်မှု မရှိက မတိုးတက်နိုင်ဟု ဆိုပါသည်။ ယှဉ်ပြိုင်ခြင်း၏ တရားကိုယ်သဘောကို စေ့စေ့ငုငု စောကြောရန် လိုပါမည်။

ပြိုင်ဘက်နှင့် ရန်ဘက်ကို ခွဲခြားတတ်ရပါမည်။ ပြိုင်ဘက်ကို ပြိုင်ဘက်သာ ဖြစ်စေသင့်ပါသည်။ ရန်ဘက်အသွင် မဆောင်စေသင့်ပါ။ ယှဉ်ပြိုင်သူများကို ရန်သူများ မဖြစ်စေလိုပါ။

ယှဉ်ပြိုင်ခြင်း၏ နောက်ဆက်တွဲ အဖြစ် ရလဒ်တစ်ခုကတော့ ပါလာမည် ဖြစ်မည်။ မည်သို့သော အကြောင်းတရား များကြောင့် ဤရလဒ်ကို အကျိုးအဖြစ် ပေါ်ပေါက် ရရှိခဲ့သနည်း မေးခွန်းကိုလည်း အဖြေရှာ ရပါမည်။ မိမိထက် သာလွန်သော ပြိုင်ဘက်က အနိုင်ရ သွားသည့်အခါ ပြိုင်ဘက်ကို အသိအမှတ် ပြုသင့်သည်။ မင်းတော်လို့ မဟုတ်ဘူး။ ငါညံ့လို့ပါ ဟူ၍ ပြောဆိုကြသည်များ ကြားဖူးမည် ဖြစ်သည်။ ငါ့ထက်ပိုပြီး မင်းညံ့ရင် ငါနိုင်မှာ ဟူ၍ အတွန့်တက် တတ်ကြသည်။

စောဒကများဖြင့် တိုးတက်မှု ရစေမည်ဟု မယုံကြည်ပါ။ ''သူ့မြေမှာ ဖြူပြာ ပွင့်လျှင်ဖြင့်၊ ငါ့မြေမှာ နီဝါ တင့်ရမပေါ့''ဟူသောစိတ် ထားရပါမည်။ အခွင့်အခါကို မျှော်နေယုံဖြင့် မပြီးပါ။ အခွင့်သာသည့်အခါ မလင့်ရအောင် အရန်သင့် ဖြစ်နေရပါမည်။ ဥယျာဉ်တော် သာယာရေးကို ရှုမြင် မျှော်ခါခါ တွေးရုံဖြင့် မပြီးပါ။ မနှေးအောင် လျှောက်ရပါမည်။ အားထုတ်ရပါမည်။ ပေါင်းနုတ်ရပါမည်။ အကြောင်းညီသည့် အခါ လှပသော ပန်းချီကားတစ်ချပ် သပ်ရပ် သန့်ရှင်းစွာ ပေါ်လာပါမည်။

ဆိုပါဦးမည်။ ဘာသာစကား ဟူ၍ စတင် ပေါက်ဖွားခဲ့ချိန်မှ စပြီး လက်ခံ သယ်ဆောင် ဖြည့်စွက် လက်ဆင့်ကမ်းကာ ဘာသာစကား သစ်ပင်ကြီးများ ကြီးထွား ရှင်သန်ခဲ့ကြသည်။ မျိုးကူးခြင်း၊ ကိုင်းဆက်ခြင်း စသော သမရိုးကျ မဟုတ်သည့် နည်းလမ်း အသွယ်သွယ် အားဖြင့်လည်း ပိုမို အရောင်စုံ လှပလာကြသည်။ လှပသော ပန်းပွင့်ကလေး အချို့ကို မျှဝေလိုပါသည်။

''ကျုပ်က ဘယ်သူနဲ့မှ မပြိုင်ရပေါင်ဗျာ။ ကိုယ့်ဖာသာကိုယ်ဘဲ ပြိုင်တယ်။ ဒီကနေ့ ငါဟာ မနေ့ကငါထက် ကောင်းသော ကိစ္စရပ်များမှာ ပိုပြီး သာလွန်ရမယ်။ မနေ့ကငါထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနိုင်စရာ ပိုဖြစ်ရမယ်။ နက်ဖြန်ခါဟာ မသေချာဘူး ဆိုတောင်မှ ဒီကနေ့ဟာ နက်ဖြန်ခါ အတွက် အခြေခံကောင်းတွေ ဖြစ်ရမယ်။နက်ဖြန်ခါဟာ ဒီနေ့ထက် မလွဲမသွေ သာနေစေရမယ်တဲ့ ခင်ဗျား။

Ref: EMG News

Read More...

ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ပုံရိပ်နှင့် သူ၏ ဒဿန အမြင်များ

နီငြိမ်း (အညာတက္ကသိုလ်)
Monday, 04 July 2011

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း
၂၀၁၁ ခု ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့

''နှစ်လရာသီ--အခါရာသီ ရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့်--မမေ့သင့်ပါပြီ'' all India ရေဒီယိုမှ မေလှမြိုင်၏ တေးသီချင်း တစ်ပိုင်း တစ်စကို ကြားလိုက်ရသည်။ ဗိုလ်ချုပ်တို့ ကျဆုံးချိန်က ကျွန်တော်မှာ ခြောက်နှစ်၊ ခုနစ်နှစ်သား အရွယ် ရောက်နေပါပြီ။ ရွာတွင် လူကြီး မိဘများနှင့် ရဟန်း သံဃာများ မျက်ရည်စက်လက် ဖြစ်နေပုံကို ယခု အနှစ် ၆၀ ကျော်လာသည့်တိုင် ပြန်လည် မြင်ယောင်နေပါသည်။ သို့အတွက် Weekly Eleven မှ တစ်ဆင့် ပြည်သူတို့ တင်ပြရန် ဤဆောင်းပါးကို ရေးရခြင်း ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် (၁၃-၂-၁၉၁၅) နေ့တွင် မကွေးခရိုင် နတ်မောက်မြို့ ရှေ့နေကြီး ဦးဖာ၊ ဒေါ်စု တို့က မွေးဖွားခဲ့သည်။ ဇာတာ အမည် (မောင်ထိန်လင်း) ဖြစ်ပြီး သူ့အစ်ကို ဦးအောင်သန်း အမည်နှင့် လိုက်ဖက်အောင် (အောင်ဆန်း) ဟုပင် ခေါ်ခဲ့ကြသည်။ ဗိုလ်ချုပ်မှာ မင်းတုန်းမင်းကြီး၏ အမတ်တစ်ဦး ဖြစ်သော ခမ်းပတ်မင်းကြီးနှင့် သမားတော် ဦးကျော်ဇံ၊ တောင်တွင်း ရှင်အဂ္ဂသမာဓိ တို့၏ မျိုးဆက် ဖြစ်ကြောင်း သိရသည်။

ဗြိတိသျှတို့အား လက်နက်ကိုင် တော်လှန်ခဲ့သော ဦးမင်းရောင် (ခ) ဗိုလ်လရောင်မှာ ဗိုလ်ချုပ်နှင့် အဖိုးလေး တော်သည်။ ဗိုလ်ချုပ်မှာ ငယ်စဉ်ကပင် မဟုတ်မခံ၊ မမှန်တာမလုပ်။ တစ်ဦးတည်း ငူတူတူ စဉ်းစားနေတတ်သူ ဖြစ်သည်။

ခုနစ်နှစ်သား အရွယ် နတ်မောက်မြို့ ဦးသောဘိတထံ စာသင်ရာ ၁၂ နှစ်သားတွင် လေးတန်း အောင်သည်။ ထို့နောက် ရေနံချောင်း အ.ထ.က သို့ ပြောင်း၍ သင်ကြားသည်။ တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာ ကျောင်းများတွင် ပထမ စွဲသဖြင့် ဆရာကြီး ဦးရွှေခိုင်က ရွှေတံဆိပ်ဆု ပေးခဲ့သည်။

သခင်အောင်ဆန်း ဘ၀က ရေးခဲ့သော (နိုင်ငံရေးအမျိုးမျိုး) ဆောင်းပါးတွင် 'နိုင်ငံရေးသည် လူမှုသူမှု ကိစ္စ အားလုံးပင် ဖြစ်၏။ လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့် အခါ လူတန်းစား အလျောက် လူလိုနေ၊ လူလိုစား၊ လူလိုသောက်၊ လူလိုလုပ်ချင်လာ၏။ လူလိုလုပ်ရန် ကြိုးစားရင်း အထမြောက် အောင်မြင်လာသည်။ ပိုမို ကျယ်ပြောလာ၏။ လူနှင့်တိရစ္ဆာန် ကွဲပြားမှုမှာ လူတွင် တတ်သည့်အစွမ်း၊ မြင်သည့် အစွမ်း ရှိခြင်းပင် ဖြစ်သည်'ဟူ၍ ရေးခဲ့ . . .

ဗိုလ်ချုပ် ၈ တန်း ရောက်သော အခါ ဖခင် ဦးဖာ ကွယ်လွန်ရှာသည်။ ၁၉၃၂ ခုနှစ်တွင် ၁၀ တန်း အောင်သဖြင့် ရန်ကုန် တက္ကသိုလ်သို့ တက်ခဲ့သည်။ အင်္ဂလိပ်စာ၊ သမိုင်း History နှင့် Political Science ဘာသာဘွဲ့ကို ရယူသည်။ တစ်နှစ်တစ်တန်း အောင်ခဲ့သော်လည်း ၁၉၃၅၊ ၃၆ ခုနှစ်များတွင် ကျောင်းသားသမဂ္ဂ လုပ်ငန်းများ ရှုပ်ထွေး နေသဖြင့် စာမေးပွဲ မဖြေလိုက်ရပါ။ ၁၉၃၇ ခုနှစ် ကျမှ ၀ိဇ္ဇာဘွဲ့ ရသည်။ ကိုအောင်ဆန်းသည် တက္ကသိုလ် ရောက်ချိန်မှ စပြီး ပဲခူး ကျောင်းဆောင်၌ နေထိုင်ပြီး နိုင်ငံရေး စာအုပ်များကို သဲသဲမဲမဲ ဖတ်မှတ်ခဲ့သည်။

၁၉၃၅-၃၆ ခုနှစ်တွင် သူသည် တက္ကသိုလ် သမဂ္ဂအဖွဲ့ အမှုဆောင် E.C ဖြစ်လာပြီး အိုးဝေ မဂ္ဂဇင်းကို တာဝန်ခံ ထုတ်ဝေခဲ့သည်။ (ခွေးသရမ်းကြီး လွတ်နေသည်) ဆောင်းပါးကြောင့် အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်းနှင့် သမဂ္ဂဦးနု တို့ကို ကျောင်းထုတ် ပစ်လိုက်သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ရီလတွင် ပထမဆုံး အကြိမ် တက္ကသိုလ် သပိတ်ကြီး ပေါ်ပေါက်လာရာ လူငယ်များ နိုင်ငံရေး နိုးကြားစ ပြုလာသည်။ ကိုအောင်ဆန်းနှင့် ကိုနုတို့ နယ်ဆင်း၍ ခရိုင်မြို့နယ်များ၌ သမဂ္ဂအဖွဲ့များ ဖွဲ့သည်။ ၃၇/၃၈ ခုနှစ်တွင် ကိုအောင်ဆန်း တစ်ယောက် ဗမာနိုင်ငံလုံး ဆိုင်ရာ (ဗကသ) ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

နိုင်ငံရေးဘ၀ရောက်ခဲ့ရ
ထိုနှစ်မှာ သခင်ကိုယ်တော်မှိုင်းနှင့် သခင်မြတို့ ဦးစီးသော ဒို့ဗမာအစည်းအရုံးကြီး ပေါ်လာရာ ကိုအောင်ဆန်းမှာ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပြီး (သခင်အောင်ဆန်း) အမည်ကို ရရှိခဲ့သည်။ ကျောင်းသားထုက ၀ိုင်းဝန်း ထောက်ခံသဖြင့် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့၏ ကော်မတီဝင် တစ်ဦးလည်း ဖြစ်လာသည်။ ၁၉၃၉ ခုနှစ်က မော်လမြိုင်၌ သခင် ညီလာခံကြီး ပြုလုပ်နေစဉ် ဒုတိယ ကမ္ဘာစစ်ကြီး စဖြစ်သည်။ ထိုအခါ ဗိုလ်ချုပ်တို့က အင်္ဂလိပ်အခက် - ဗမာအချက်ဟု ကြွေးကြော်ခဲ့သည်။

ထို့နောက် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်း တို့သည် အိန္ဒိယနိုင်ငံ ရမ်ဂါ မြို့တွင် ကျင်းပသော ကွန်ဂရက် ညီလာခံသို့ တက်ခဲ့သည်။ ညီလာခံမှ အပြန် သခင်အားလုံးကို အစိုးရက ဖမ်းဝရမ်း ထုတ်သည်။ အောင်ဆန်းကို မိလျှင် ငွေ ၅ိ/- ဆုချမည်ဟု ဟင်္သာတခရိုင် ရဲဝန် မစ္စတာ ဇေဗီးယားက ပြောင်လှောင်ကာ ဆုငွေများ ထုတ်သည်။

ဗိုလ်ချုပ်တို့က အင်္ဂလိပ်ထံ လက်ဝါးဖြန့် တောင်းခံနေရုံမှဖြင့် လွတ်လပ်ရေးကို ရနိုင်မည် မဟုတ်။ လက်နက်ကိုင် တိုက်ပွဲဝင်မှ ရမည်ဟု ဆုံးဖြတ်ပြီး ဂျပန်နှင့် စေ့စပ်ကြည့်သည်။ ဂျပန်တို့က ကူညီမည် ဆိုသဖြင့် ဗိုလ်တေဇ (ခ) ကိုအောင်ဆန်းတို့ အဖွဲ့ ဂျပန်ပြည်သို့ ထွက်ခွာခဲ့ရာ ၂၄-၈-၁၉၄၀ ရက်နေ့တွင် အမွိုင်သို့ ရောက်သည်။ ထိုနှစ် နိုဝင်ဘာလတွင် တိုကျိုသို့ သွားကာ လျို့ဝှက်စကား ဆိုခဲ့ကြသည်။ သဘောတူညီချက် ရသဖြင့် ဗိုလ်ချုပ်တို့ မြန်မာနိုင်ငံသို့ ပြန်လာသည်။ ၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ရန်ကုန်သို့ ခေတ္တ ပြန်ရောက်ကာ မျိုးချစ် လူငယ်များကို တစ်သုတ်ပြီး တစ်သုတ် ခေါ်ထုတ်သွားရာ ဟိုင်နန်ကျွန်းပေါ်သို့ ရဲဘော် သုံးကျိပ်လုံး ရောက်ရှိသွားသည်။

ဗိုလ်တေဇနှင့် သခင်လှမြိုင်တို့ ဦးဆောင်၍ ဟိုင်နန်ကျွန်းတွင် စစ်ပညာများ အပတ်တကုတ် သင်ယူပြီး ၁၉၄၁ ခုနှစ်မှာပင် ယိုးဒယား ဘက်သို့ ထွက်ခွာ လာခဲ့သည်။ ဘန်ကောက်သို့ ရောက်လျှင် ၂၆-၁၂-၁၉၄၁ ရက်နေ့တွင် ဗမာ့ လွတ်လပ်ရေး တပ် မတော် BIA (Burma Independence Army) ကို ဖွဲ့စည်းကာ စစ်ကြောင်းများ ခွဲ၍ ဂျပန် တပ်များနှင့်အတူ မြန်မာနိုင်ငံတွင် ပြန်ဝင် လာခဲ့ကြသည်။ ရန်ကုန်တိုင်း အရှေ့တောင်ဘက်မှ စ၀င်သည်။ စစ်ကြီးအတွင်း ၁၁-၁၂-၁၉၄၁ ရက်နေ့က ရန်ကုန်မြို့ ဗုံးဒဏ်ခံရပြီး လူ ၆၀၀ ကျော် သေဆုံးသွားသည်။

ဗိုလ်တေဇ၏ စစ်ဗိုလ်ချုပ်ဘဝ
အင်္ဂလိပ်တပ်များ ရန်ကုန်မှ ဆုတ်ခွာသွားရာ ၈-၃-၁၉၄၂ ရက်နေ့တွင် B.I.A ဦးစီး ဂျပန်တပ်များက ရန်ကုန်မြို့ကို သိမ်းယူခဲ့သည်။ ထိုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် B.I.A ကို B.D.A (Burma Defence Army) အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်တေဇမှာ ဗိုလ်မှူးကြီးမှ စစ်ဦးစီး သေနာပတိချုပ် ဖြစ်လာသည်။ BIA တပ်မတော်တွင် စစ်သေနာပတိချုပ် တာဝန် ထမ်းဆောင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်း အကြီးအကျယ် ဖျားနာခဲ့သည်။ အလံပြ ဘုရားလမ်း စစ်ဆေးရုံ၌ တက်ရောက် ကုသနေစဉ် သူနာပြု ဆရာမကြီး ဒေါ်ခင်ကြည်နှင့် မေတ္တာမျှပြီး ၁၉၄၂ ခုနှစ် မေလတွင် လက်ထပ် လိုက်ကြသည်။ သားနှစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။

၁၉၄၃ ခု မတ်လတွင် ဒေါက်တာ ဗမော်နှင့် ဗိုလ်ချုပ်ကို ဂျပန်ပြည်သို့ ခေါ်ကာ ဂျပန်ဘုရင်က ဗိုလ်ချုပ်အား မေဂျာဂျင်နရယ် အဆင့် တိုးမြှင့် ပေးလိုက်သည်။ ၁-၈-၁၉၄၃ ရက်နေ့တွင် ဗမာနိုင်ငံကို လွတ်လပ်ရေး ပေးကြောင်း ဂျပန်က ကြေညာခဲ့သည်။

ဂျပန် လွတ်လပ်ရေးမှာ အတုအယောင် ဖြစ်သဖြင့် ဗိုလ်ချုပ်က ဖက်ဆစ်ကို တော်လှန်ရန် ထိုနှစ် သြဂုတ်လမှာပင် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ (ဖ၊တ၊ ပ၊ လ)ကို ဖွဲ့စည်းသည်။ နောင်အခါ ဖ၊ တ၊ ပ၊ လ မှာ (ဖ၊ ဆ၊ ပ၊ လ) အဖွဲ့ကြီး ဖြစ်လာပြီး ၂၇-၃-၁၉၄၅ ရက်နေ့တွင် ဗိုလ်ချုပ်ဦးစီး ဗမာ့ တပ်မတော်က ဂျပန်များကို တော်လှန်ရေး လုပ်ခဲ့သည်။ ထို တော်လှန်ရေးတွင် မြန်မာတို့က အနိုင်ရရှိခဲ့သည်။

ထိုသို့ ဂျပန်ကို အောင်မြင်စွာ မောင်းထုတ်လိုက်နိုင် သဖြင့် အင်္ဂလိပ်တို့က ဗိုလ်ချုပ်ကို အထင်ကြီး လာသည်။ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်နှင့် ဘုရင်ခံ ဆာဒေါ်မံစမစ် တို့က ဗိုလ်ချုပ်အား ဘုရင်ခံ၏ အတိုင်ပင် ကောင်စီတွင် ရာထူးကြီး ပေးသော်လည်း လက်မခံခဲ့ပါ။ ၃-၅-၁၉၄၅ ရက်နေ့တွင် အင်္ဂလိပ်တို့ ရန်ကုန် ပြန်ဝင်လာပြီး (ကက်စ်ဘီ စစ်အုပ်ချုပ်ရေး) ကို စတင်ခဲ့သည်။ ထိုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် နေသူရိန် အစည်းအဝေးကြီးကို ကျင်းပကာ ဗြိတိသျှကို ဆန့်ကျင်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဆာဟူးဘတ်ရန့် ဘုရင်ခံဖြစ်လာရာ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်လာပြီး ဗိုလ်ချုပ် တို့၏ ဖဆပလ ယာယီ အစိုးရ တက်လာသည်။ နောက်တစ်နှစ် ၁၇-၁-၁၉၄၇ ရက် နေ့စွဲတွင် အင်္ဂလန်၌ ဗိုလ်ချုပ်နှင့် မစ္စတာ အက်တလီတို့ လွတ်လပ်ရေး အကြို လက်မှတ် ရေးထိုးခဲ့သည်။ ဗိုလ်ချုပ်တို့ မြန်မာပြည် ပြန်ရောက်သော အခါ တိုင်းရင်းသား ညီညွတ်ရေး အတွက် ၄၇ ခု ဖေဖော်ဝါရီ လတွင် ပင်လုံညီလာခံကို ကျင်းပသည်။ ဗြိတိသျှတို့ဘက်မှ မစ္စတာ ဗော့တွန်မလေ တက်သည်။

၁၉၄၇ ခု ဧပြီလတွင် ပထမဆုံး အကြိမ် ရွေးကောက်ပွဲကြီးကို ကျင်းပရာ ဗိုလ်ချုပ်တို့ပင် အနိုင်ရခဲ့သည်။ ထိုသို့ မြန်မာ တစ်နိုင်ငံလုံး လွတ်လပ်ရေး အမြန်ရအောင် ကြိုးပမ်း ဆောင်ရွက်နေစဉ် ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင် ကြီးများကို ၁၉-၇-၁၉၄၇ ရက်နေ့က ဦးစော အဖွဲ့က လုပ်ကြံလိုက်သည်။ သို့နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၃ နှစ် အရွယ်မှာပင် ကွယ်လွန်ခဲ့ကြောင်း ၀မ်းနည်းစွာ တင်ပြရပါသည်။

ဗိုလ်ချုပ်၏ နိုင်ငံဒဿန အမြင်များ

ဗိုလ်ချုပ်မှာ မျိုးချစ် နိုင်ငံရေးသမား တစ်ဦး ဖြစ်သကဲ့သို့ စာရေးကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ သူ၏လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အတွေးအခေါ်များမှာ ကျွန်ဘ၀ ရောက်နေသော မြန်မာနိုင်ငံ အတွက် အလွန် တန်ဖိုး ရှိသည်။ သခင်အောင်ဆန်း ဘ၀က ရေးခဲ့သော (နိုင်ငံရေး အမျိုးမျိုး) ဆောင်းပါးတွင် ''နိုင်ငံရေးသည် လူမှုသူမှု ကိစ္စ အားလုံးပင် ဖြစ်၏။ လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့် အခါ လူတန်းစား အလျောက် လူလိုနေ၊ လူလိုစား၊ လူလိုသောက်၊ လူလို လုပ်ချင်လာ၏။ လူလိုလုပ်ရန် ကြိုးစားရင်း အထမြောက် အောင်မြင်လာသည်။ ပိုမို ကျယ်ပြောလာ၏။ လူနှင့် တိရစ္ဆာန် ကွဲပြားမှုမှာ လူတွင် တတ်သည့် အစွမ်း၊ မြင်သည့် အစွမ်း ရှိခြင်းပင် ဖြစ်သည်'' ဟူ၍ ရေးခဲ့သည်။ ဗမာ့ နိုင်ငံရေးဝါဒနှင့် စပ်လျဉ်းပြီး ''ဗမာပြည်မှာဆိုရင် အုပ်စိုးကြတဲ့ လူများရဲ့ နိုင်ငံရေးက တစ်မျိုး (နယ်ချဲ့စနစ်ကို အမှီပြုနေသည်) အုပ်စိုးခံရသော ဗမာ လူမျိုးများ၏ နိုင်ငံရေးက တစ်မျိုး (လွတ်လပ်ရန် အခြေခံသည်) လွတ်လပ်ရေး လိုချင်သည် ဆိုရာမှာလည်း ဗမာတွေ ငတ်ပြတ်နေရာမှ ၀ ၀ လင်လင် စားချင်လို့၊ ကုသိုလ် လုပ်ချင်လို့ပင် ဖြစ်သည်''ဟု ရှင်းလင်း ရေးသားခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံ မခံရမီ ငါးရက်အလို ၁၄-၇-၁၉၄၇ ရက်နေ့က အတွင်းဝန်ရုံး၌ စာပေ ပညာရှင်များနှင့် ပြောခဲ့ပုံမှာ ဗိုလ်ချုပ်၏ ဒဿနအမြင်ကို ထင်လင်း စေပါသည်။ သူက ဒီးဒုတ် ဦးဘချိုအား ''ကျွန်တော်လည်း နိုင်ငံရေးက ထွက်မှာပါပဲ ဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျွန်တော် ကျောင်းမှာနေတုန်းက ပါဠိရော မြန်မာစာကိုပါ ယူခဲ့တယ်။ မြန်မာစာမှာ အမှတ် ကောင်းကောင်း ရတယ်။ ကျွန်တော် ကြိုးစားရင် ဒစ်စ်စတေးရှင်းတောင် ရမှာပဲ'' ဟုပြောခဲ့ပုံမှာ ဗိုလ်ချုပ်၏ ၀ါသနာကို ဖော်ညွှန်း နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့် ဆောင်းပါး ၁၆ ပုဒ် ရေးခဲ့သည်။ ဘာသာရေး၊ လူမှုရေး၊ သမိုင်းရေး၊ စစ် စာပေ စုံလှ၏။ ပဲခူးကဝေ၊ အညာသားလေး၊ မောင်အောင်ဆန်း၊ သခင်အောင်ဆန်း ကလောင် အမည်များကို အသုံးပြုခဲ့သည်။ (Burma and Buddhism) ဆောင်းပါးကို အင်္ဂလိပ်လို ရေးခဲ့သည်။ ဘာသာရေးပိုင်း အစုံအလင် ပါသည်။ ကာလာမသုတ္တန် (Kalama Suta)ကို ကိုးကား၍ ရေးခဲ့သည်။ ဗုဒ္ဓဘုရားက 'ကြားရရုံဖြင့် မယုံကြည်ရန်၊ မြင်ရရုံဖြင့်လည်း မယုံကြည်ရန်၊ ရှေးဆရာများ ပြောခဲ့ရုံမျှဖြင့်လည်း မယုံကြည်ရန် ဟောဖူးကြောင်းကို ''Lord Buddha Said; Do not believe in anything because you have heard; Do not believe in tradition by they have been handed down; Do not believe in anything, because it is rumoured and spoken by many''ဟူ၍ ရှင်းလင်း ရေးသားခဲ့ပါသည်။

မောင်အောင်ဆန်း အမည်ဖြင့် ရေးသော ၀ိဟာရ ဆောင်းပါးတွင် ''သတ္တ၊ သင်္ခါရ၊ သြကာသ လောကကြီးသည်ကား ငါတို့ အားလုံး အဖိုး မဖြတ်နိုင်သော ၀ိဇ္ဇာပညာကို သင်ရာ ကြားရာ၊ မှတ်ရာ တက္ကသိုလ်ကျောင်းကြီး အစစ်ပင်တည်း။

. . . ရာဇ၀င် အစုံစုံကို ကြည့်မည် ဆိုလျှင် ပထမ လူရိုင်းခေတ်၊ ထို့နောက် အိမ်ထောင်ယာချ ပြုသောခေတ်၊ နောက်တစ်ဦးနှင့် တစ်ဦး ကူးလူးဆက်ဆံ၊ ခိုက်ရန်ဖြစ်ပွား၊ လောဘမီး၊ ဒေါသမီး တောက်လောင်သော ခေတ်ဖြစ်၏။ သို့ဖြင့် မင်းကျင့်တရား ဆယ်ပါး၊ သင်္ဂဟတရား လေးပါး စသော ၀တ္တရားများကို ထမ်းဆောင်နိုင်မှု မရှိ။ ပျက်ကွက်သဖြင့် ဝေသန္တရာမင်းကြီး တိုင်းပြည်မှ ထွက်သွားရသည်။ သီဟဗာဟု မင်းသား တိုင်းပြည်မှ အနှင်ခံလိုက်ရ၏' စသည်ဖြင့် အကိုးအထောက်နှင့် တကွ ရေးသားခဲ့သည်။

ဗိုလ်ချုပ်သည် 'အောင်ဆန်းနှင့် စာပေဆောင်းပါး'တွင် လူထုလူတန်းစား အသီးသီးကို ဤသို့ လှုံ့ဆော်ခဲ့သည်။

''ဒါကြောင့် ကျွန်တော်တို့ ပြုစုရမယ့် စာပေ အရေးအသားဟာ ဒီသဘောတရား များနဲ့ ပြည့်စုံတဲ့ စာပေမျိုး ဖြစ်ရမယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ စာပေဟာ ကမ္ဘာ့ အဆင့်အတန်းကို မီမယ်။ ကမ္ဘာ့အဆင့်မီမှ ကျပ်ပြည့် ဒင်ပြည့် တန်ဖိုး ရှိမယ်။ ယဉ်ကျေးမှု စနစ်ကြီးလည်း ချက်ချင်း တိုးတက်လာလိမ့်မယ်။ ယဉ်ကျေးမှု စနစ်ကြီး တိုးတက် ပြောင်းလဲခြင်း မရှိဘဲနှင့် ခေတ်ပြောင်း၊ စနစ်ပြောင်း တိုးတက်ရေး မအောင်မြင်နိုင်ဘူး။''

''တစ်ကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေချိန် ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက် မကျန်အောင် အမီ လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံကြီးမှာ ကမ္ဘာ့ တေးသံစုံတွေကို လိုက်ပြီး ကနိုင်တဲ့ ကမ္ဘာကြီး ဖြစ်အောင် ဖန်တီး ပြုပြင်ကြစို့။ လက်ဝယ်ရှိတဲ့ လုပ်ငန်း တာဝန်တွေ အလိုက် ကျွန်တော်တို့ အလုပ်လုပ်ကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေး သမားရော၊ စာရေးဆရာ၊ သတင်းစာ ဆရာများပါ ဗမာ တစ်မျိုးလုံး . . . ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့'' ဟူ၍ ရေးသားခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ သဘောတရားများကို နိဂုံးချုပ် တင်ပြရပါသည်။

ကျမ်းကိုး
ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ (မြဟန်)
မြန်မာ့ရေးရာသုတပဒေသာ
မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)

Ref: EMG News

Read More...

အပေါ်သို့