..............................

Friday, April 8, 2011

အပြောင်းအလဲနဲ့ ကျနော်တို့ရဲ့တာဝန်

April 5, 2011

ကိုရဲဇော်

ကျနော့ဆီကို စာရေးတဲ့ အတွက်ကျေးဇူးပါ။ တချိန်က ကျနော်တို့ တတွေ အတူ ရှိခဲ့ဖူးတဲ့ အချိန်မှာ ဟောင်ကောင် (ဟိုင်း ကြီးကျွန်း) ကလူတွေ ပင်လယ် အော်သံကို အဖော်ပြုပြီး နေ့စဉ်နရီမှန်မှန် လှုပ်ရှားမှုတွေ ခုလောက်ဆိုရင် ကာရန် သံစဉ် ပျက်ယွင်း နေလောက်ရောပေါ့။ နာဂစ်နောက်ပိုင်း ပင်လယ်အော်သံ က ဟောင်ကောင်ကျွန်း ပေါ်က လူတွေအတွက် သေမင်း ခေါ်သံလို နားဝင်ရိုင်းနေမှာ သေချာပါတယ်။ ဟိုင်းကြီးတောင်ပေါ် ဘုရားက ဆည်းလည်း တိုးသံတွေရော ချိုလွင် သာယာ နိုင်ပါတော့မလား..။

မင်းရဲကောင်းပုံနဲ့ မင်းရဲနရသိင်္ခ တို့ရဲ့သူ့ကျွန်မခံ နယ်ချဲ့ရန်ကို ခုခံစစ်တိုက်ပွဲ ရနံ့တွေ ထုံလွှမ်းနေတဲ့ ဟိုင်းကြီးမြေကို ကျနော်လည်း အလည် တခေါက်တော့ ပြန်ရောက် ချင်ပါသေးတယ်ဗျာ….။

ကိုယ့်ရဲဘော်တွေ အဆင်ပြေနေတယ်သိရလို့ ၀မ်းသာ ရပါတယ်။ တပ်ထဲမှာသာ ဆက်ရှိနေရင် ကိုယ့်ဘ၀ သာမက ကိုယ့် ကလေးတွေရဲ့ နောင်ရေးလည်း မကောင်းနိုင်ပါဘူး။ အများစု ကတော့ ဒီသံသရာက ရုန်းမထွက် နိုင်သေး တာအမှန်ပဲ ဗျာ။ ခုနောက်ပိုင်းမှာ တပ်ထဲ ၀င်ရတာ လွယ်သလောက် တပ်က ထွက်ဖို့ကျတော့ နှုတ်ထွက်ခွင့် တင်လည်းမရ (ဆေး ဘုတ်နဲ့ ထွက်ဖို့ ကျပြန်တော့ ကုန်လိုက်တဲ့ငွေက သောက်သောက်လဲ ပြန်ပေးဆွဲ ခံထားရသူကို ရွေးယူရ သလိုပါပဲ)၊ ထွက်ပြေးလို့ မိရင်လည်း ထောင်ကျ မိသားစု ဘ၀ကတော့ ကျွန်ဝယ်ရာ အဆစ် ပါနေရတဲ့ အဖြစ်။ နောင်တတော့ မရပါ ဘူးဗျာ ကိုယ်တိုင် ရွေးတဲ့လမ်းပဲ၊ ဆုံးအောင်လျှောက် ကြည့်ရမှာပေါ့။ လမ်းဆုံးရင် ရွာတွေ့ဖို့ပဲ အရေးကြီးပါတယ်။

အကိုမှတ်မိမှာပေါ့။ ဗိုလ်မှူး မောင်မောင်သန်း (ကိုဂျိန်း) လေဗျာ။ နိုင်ငံတကာထုတ် မဂ္ဂဇင်းတွေ ဘာသာ ပြန်ပြီး စစ်ပညာ ဂျာနယ်မှာ ဆောင်းပါးတွေ ရေးတဲ့ ဗိုလ်မှူး။ သူက ကျနော်တို့ကို ပြောဖူးတယ်။ “စစ်သည်တယောက် တပ်မှာ မပျော်တော့ဘူး ဆိုရင် အရွယ်ရှိတုန်း တပ်က ထွက်ခွင့် ပေးသင့်တယ်။ ဆန္ဒမရှိသူကို တပ်မှာ ဆက်ထားတာဟာ စစ်သည် အတွက်ရော တပ်အတွက်ပါ အကျိုး ယုတ်တယ်” တဲ့။ သူ့လို အမြင်ကျယ်တဲ့ လူမျိုးကျတော့ စောစောစီးစီး တပ်က အနားပေးပစ် လိုက်တယ်။

ဘာပဲဖြစ်ဖြစ်ဗျာ ကျနော်တို့ ရေတပ်သားတွေ ချစ်စရာကောင်းပါတယ်။

အရာရှိတွေထဲမှာလည်း ချစ်စရာ လေးစားစရာကောင်းသူတွေ အများကြီး ရှိပါတယ်။ အာဏာ မက်တဲ့ စစ်ခေါင်းဆောင်တွေ အပေါ်မှာ ခံစားလို့ မရပေမယ့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ကိုတော့ ဘယ်အချိန် ဘယ်နေရာ ရောက်ရောက် မေ့လို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့လည်း အားလုံးရဲ့ ရင်ထဲက စကားတွေကို သူတို့ကိုယ်စား ရေးပြနေတာပါ။ ခုလိုစာရေး ဖြစ်သွားတဲ့ အဓိက အကြောင်းတခု ကတော့ ပြည်သူ အများစုက စစ်သားဆိုရင် သိမ်းကြုံးပြီး မကောင်း မြင်နေကြတာ တွေ့နေရလို့ပါ။

ကျနော်တို့တပ်ကလည်း လွန်ကျူးထားတာတွေများနေတော့ ဖြေရှင်းရ ခက်နေတော့ တာပေါ့။ ဒါကြောင့် ပြည်သူတွေ သိအောင် ကိုယ်ကြုံ တွေ့ခဲ့သမျှ အမှန်အတိုင်း ရေးမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး ရေးနေတာပါ။ ကူညီပြီး လုပ်ပေးမယ့် လူလည်း အဆင်သင့် ရှိနေလို့ပဲ။ ကျနော်က ကွန်ပြူတာ မကျွမ်းကျင် ဘူးလေ။ ဖြစ်ချင်တော့ ကျနော် ဒီအကြောင်းတွေ ရေးနေချိန် ကမ္ဘာမှာရော မြန်မာ နိုင်ငံမှာပါ အပြောင်းအလဲ တွေကို ဖြတ်သန်းတဲ့ကာလ ဖြစ်နေတယ်။ ကျနော်တို့နိုင်ငံ မှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ဆိုရင် စစ်ဖက် အရပ်ဖက် ဆက်ဆံရေး ကောင်းမွန်လာဖို့က အခရာ ကျတယ်လို့ ကျနော် မြင်မိတယ်။

အကိုသိတဲ့အတိုင်း ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင်စနစ် ရှိနေတာ တပ်မတော်ရော ပြည်သူလူထုအ တွက်ပါ နစ်နာတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာလည်း စစ်ခေါင်းဆောင်တွေ လုပ်လိုက်ပုံက သိပ်ပြီး အရှက်မဲ့ လွန်းတယ်။ သမိုင်းမှာ သူတို့ လုပ်ခဲ့တဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့ တပ်မတော်ကို အကာအကွယ် ယူထားကြတယ်။ ပြည်သူလူထုနဲ့ တပ်မတော်သား တွေကြားထဲမှာ အမုန်းပွားအောင် စည်းတွေ ကန့်ထားတယ်။

ကျနော်တို့ကို နိုင်ငံရေးနဲ့ ဝေးဝေးနေခိုင်းပြီး သူတို့ကျတော့ နိုင်ငံရေးမှာ စိတ်တိုင်းကျ ခြယ်လှယ်တယ်။ တပ်မတော် သားတွေဟာ စစ်စည်းကမ်း အရ အထက် အမိန့်ကို နာခံရင်း ပြည်သူလူထုနဲ့ ဖီလာ ဆန့်ကျင် ဖြစ်ကြရတယ်။ ပြည်သူလူ ထုမုန်းတာကို ခံနေရတယ်။ တကယ် တွေးကြည့်ရင် အဓိပ္ပါယ် မဲ့တယ်ဗျာ။ တယောက်နဲ့ တယောက် ဘယ်တုန်းကမှ ရန် ငြိုးရန်စ မရှိခဲ့ပါပဲ ရန်သူကြီးတွေလို ဖြစ်နေရတာ၊ သံသယနဲ့ စောင့်ကြည့် နေကြတာတွေဟာ လူ့ဆက်ဆံရေးမှာ မလို လားအပ်တဲ့ ဆုံးရှုံးမှုတွေပဲ မဟုတ်လား။ သူ့မှာရှိတဲ့ အရည်အချင်း ကိုယ့်မှာရှိတဲ့ အရည်အချင်း ပူးပေါင်း လုပ်ဆောင်ကြပြီး ကောင်းတဲ့ ရလဒ်တွေ ဖော်ထုတ် နေကြရမယ့် အစား ခုတော့ တပြည်တည်း သားတွေ အချင်းချင်း ဆက်ဆံရေး ကွာဟ နေတာ ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ပါ နစ်နာတယ်။

အကို ခုပြင်ပမှာရှိနေတာဆိုတော့ ကိုယ့်နိုင်ငံနဲ့ နိုင်ငံတကာမှာ လက်ရှိ ဖြစ်ပျက်နေတာတွေကို ပိုပြီး နှိုင်းယှဉ် ကြည့်နိုင်မှာ ပေါ့။ အာဖရိက ဆိုရင် မွတ်ဆလင် အစွန်းရောက် ၀ါဒနဲ့ တွဲပြီး ကျနော်တို့ မြင်ထားကြတာ။ ဒါပေမယ့် သူတို့ တိုင်းပြည်မှာ အပြောင်းအလဲ ဖြစ်လာတဲ့ အခါ တပ်မတော်က ပြည်သူဖက်မှာ ရပ်တည်နေတယ်။ ကျနော်တို့ တတွေလည်း မြန်မာပြည်ဖွား ပြည်သူ့ရင်သွေး အစစ်တွေပါ။ အချို့လူတွေ ပြောကြသလို ယူနီဖောင်းဝတ် တပ်မတော် သားအားလုံး “ဒီပုတ်ထဲက ဒီပဲ အတူတူပါပဲ” ဆိုတဲ့ အမြင်မျိုးကို ကျနော်ဘ၀င် မကျတာ အမှန်ပဲ။ စစ်အာဏာရှင် အရိပ်အောက်မှာ အမှုထမ်းရပေမယ့် လွတ်လပ်မှုကို မြတ်နိုးတဲ့ ကိုယ်ချင်းစာ တရား လက်ကိုင်ထားတဲ့ တပ်မတော်သားတွေ ရှိနေတယ် ဆိုတာကို ကျနော် တို့ ဖြတ်သန်းရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေနဲ့ သက်သေတည် ဖော်ပြကြရမယ်။

အထူးသဖြင့် ရေတပ်နဲ့ လေတပ်က စစ်သည်တွေဟာ ပြည်သူနဲ့ ပိုပြီးနီးစပ်တယ်။ ဒါပေမယ့် တထပ်တည်းတော့ မကျ သေးဘူး။ တချို့နေရာတွေမှာ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတာတွေ ရှိနေတယ်။ ဗိုလ်မှူး အောင်လင်းထွတ် ပြောသ လိုပေါ့ .. ရေတပ် ဆိုတာကလည်း တပ်မတော်မှာ ကပ်ပါးအဆင့်ကို ရောက်နေတော့ တပ်မတော်ကြီး တခုလုံးရဲ့ လားရာ ကို ထိန်းကျောင်း တည့်မတ်ဖို့ ဆိုတာ မလွယ်လှပါဘူး။

သို့သော်လည်း မိုင်ပေါင်းထောင်ချီရှည်လျားတဲ့ မြန်မာ့ ကမ်းရိုးတန်း ရေပိုင်နက်ကို အကာအကွယ် ပေးထား သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကို ခါချဉ်ကောင် မာန်ကြီး ထားရမှာပေါ့လေ။ ရေချုပ်ကြီးက မျက်နှာပူလို့ ရေငုံ နှုတ်ပိတ် လုပ်နေချိန်မှာ ကျနော်တို့လို ဘာအဆင့်မှ မရှိတဲ့ ပါမွှား ငမိုက်သားတွေက အမှားတွေ ထောက်ပြ နေတာကိုတော့ ကျနော်တို့ လူကြီး တွေနားလည်မှု ပေးနိုင်လောက်ပါရဲ့။

(ခုလို ကြိုကန်ထားရတာကလည်း ကျနော့အတွက် ပြေးစရာမြေမရှိတော့တဲ့ တနေ့မှာ အပြစ်ဒဏ် လျှော့ပေါ့ ပေးလိုပေးငြား အသနား ခံထားတဲ့ သဘောပါ)

တခါတခါ ကျနော့ အရေးအသားတွေဟာ ရေတပ်ကို အကာအကွယ် ပေးသလို အသားပေးသလို ဖြစ်နေတယ်လို့ မခံ စားမိဘူးလား။ အတ္တနောမတိ မစင်သေးတဲ့ ပုထုဇဉ် လူသား ဆိုတော့လည်း အားလုံးခြုံပြီး တသားတည်း မမြင်မိတာပါ။ စိတ်ထဲမှာ ခံစားချက် တခုခု ၀င်လာပြီဆိုရင် စိတ်လိုက် မာန်ပါ ဆိုသလို ရေးဖြစ် သွားတတ်တယ်။

အချိန်ကာလတခုကြာမှ ကိုယ်ရေးတဲ့စာကိုယ်ပြန်ဖတ်ကြည့်မိတော့ လိပ်ပြာ မသန့် ဖြစ်မိတာလည်း ကြုံရ တတ်တယ်။ ဘာပဲဖြစ်ဖြစ် လူဆိုတာကလည်း ကိုယ့်အတ္တနဲ့ကိုယ် မွေ့လျော် တတ်တာဆိုတော့ ကိုယ်နဲ့ နီးစပ်ရာအသိုင်း အ၀ိုင်းကို သံယောဇဉ် ပိုတတ်တာမို့လား။ နဂိုကတည်းက ရှိနေပြီးသား သံယောဇဉ် အခံပေါ်မှာ ကိုယ်ကျိုးစီးပွား ဆိုတဲ့ လောဘ မောဟတွေ ရစ်ပတ် နှောင်ဖွဲ့လာတဲ့ အခါ လောကမှာ လူဟာ အမိုက်မဲဆုံး သတ္တ၀ါ အဆင့်ကို အော်တိုမက်တစ် ရောက် ရောက်သွားတာပဲ။

တပ်မတော်သားတွေကို Brain wash အလုပ်ခံထားရတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် တာဝန် ထမ်းဆောင်ရတဲ့ အချိန် ကြာမြင့်လာတာနဲ့ အမျှ ကိုယ်လုပ်နေရတဲ့ လုပ်ငန်းခွင် အခြေအနေကို ပြန်လည် ဆန်းစစ်သူတွေ အများကြီးပဲ ရှိပါတယ်။ အရာရှိတွေ ဆိုရင် ဗိုလ်ကြီးအဆင့် ရှိလာသူတွေဟာ တပ်မတော်ရဲ့သဘောထား အမှန်ကို သိလာကြတယ်။ တပ်မတော်မှာ အနေကြာရင် မေဂျာ ဖြစ်တယ် ဆိုပေမယ့် ဒုဗိုလ်မှူးကြီး ရာထူး ကျတော့ ဆန်ကာစစ်ပြီး ရွေးချယ်တာလေ။ ရာထူး ကြီးလာတာနဲ့ အမျှ ကိုယ်ကျိုးစီးပွား မက်လုံးတွေလည်း ပိုပိုရှိလာတော့ ငယ်စဉ်က မဟုတ်မခံစိတ်တွေ တရားမျှ တလိုစိတ်တွေ အရောင်မှိန် လာကြပြန်ရော။ ဒီလိုနဲ့ အာဏာရှင် စနစ်ကြီး ခိုင်မြဲ တာရှည်နေတာ။ ခုလိုချိန်မှာ အာဏာရှင် စနစ် ဆန့်ကျင်ရေး ရေဆန်ခရီးဟာ လွယ်လွယ်နဲ့တော့ အားကောင်း မောင်းသန် ဖြစ်မလာနိုင်ဘူး။ သတ္တိတွေ မွေးကြရမယ်။ အချင်းချင်း တိုက်တွန်း နှိုးဆော်မှုတွေ လုပ်ရမယ်။ တဖက်ကလည်း ပြည်သူလူထုနဲ့ နားလည်းမှု တည်ဆောက်ရ မယ်။ ဒါ့အပြင် ခေတ်အခြေအနေရဲ့ ပံ့ပိုးပေးမှုကလည်း လိုသေးတယ်မို့လား။

အဖက်ဖက်က အားနည်းချက်တွေရှိနေလို့လည်း စစ်အာဏာရှင်စနစ်ကို မဖယ်ရှား နိုင်သေးတာ။ မြန်မာပြည်မှာ စစ် အာဏာရှင် စနစ် ချုပ်ငြိမ်းသွားမှ တိုင်းပြည် မှန်မှန်ကန်ကန် တိုးတက်လာပြီး ကမ္ဘာ့ အလယ်မှာ ၀င်ဆံ့လာမယ်လို့ ကျနော် ယုံ ကြည်မိပါတယ် အကို။

ကျနော်တို့အနေနဲ့ အားတက်စရာမျှော်လင့်ချက်တစ်ခုတော့ ရှိနိုင်တယ်ဗျာ။ အဲဒါက လက်ရှိ တပ်မတော်မှာ ခေါင်းဆောင်ပိုင်းကို ရောက်နေ သူတွေဟာ DSA အပတ်စဉ် (၂၀) နောက်ပိုင်းက များတယ်။ ဦးသန်းရွှေ၊ ဦးမောင်အေးတို့ရဲ့ သားအရွယ်တွေ ဖြစ်ပြီး ၁၉၈၈ မှာ ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်ပဲ ရှိကြသေးတာ။ သူတို့ဟာ မဆလခေတ် နိဂုံးကို အရာရှိ ငယ်ဘ၀နဲ့ ကြုံလိုက်ရတာ။ တချို့ဆိုရင် ၈၈ လူထု ဆန္ဒပြပွဲတွေမှာ တိတ်တဆိတ် မျောပါ ခဲ့သူတွေ ရှိတယ်လို့ ကျနော် သိထားတာ ရှိတယ်။ ကျနော်တို့ ရေတပ်မှာလည်း လက်ရှိ ဦးစီးချုပ်နဲ့ အရာရှိချုပ်တို့ဟာ သိပ်တော့ ခေတဲ့လူတွေ မ ဟုတ်ကြဘူးဗျ။

ကျနော်တပ်ထဲရောက်စက ဗိုလ်ချုပ်သူရ သက်ဆွေတို့ DSA-22nd က တပ်မှူးတွေ ဖြစ်နေပြီ။ အဲဒီအချိန်က ဘီအီးဒီ အောင်သိုက်ရဲ့ ပြဇာတ်တွေ ခေတ်စားနေဆဲ ကာလ၊ မဆလ ခေတ်ရဲ့ ဖေါက်ပြန်မှုတွေကို သရော်ထားတဲ့ ဇာတ်လမ်း တွေကို နားထောင်ရင်း သူတို့ရဲ့ မဆလ အစိုးရအပေါ် ဝေဖန်မှုတွေကို ကြားခဲ့ရတယ်။ နောက်ပြီး ၂၀၀၄ ခုနှစ် ဗိုလ်မှူး အောင်ဇော်မိုး အသတ်ခံရတဲ့ ကိစ္စမှာ ဗိုလ်ချုပ်ကြီး မောင်အေးက တပ်တွင်း ပုန်ကန်မှု လို့ သဘောထားပြီး အကုန်ရှင်း အကုန်ထောင်ချ လုပ်နေချိန်မှာ ဗိုလ်ချုပ် ဥာဏ်ထွန်းရော ဗိုလ်မှူးကြီး သက်ဆွေပါ စစ်သည် မိသားစုတွေ အပေါ် စာနာ ထောက်ထားတဲ့ လုပ်ရပ်တွေကို ကျနော်တို့ တွေ့မြင် ခဲ့ကြရတယ်။

ခုချိန်မှာတော့ သူတို့နှစ်ယောက်လုံး ရေတပ်မှာ ထိပ်ပိုင်း အကျဆုံး ခေါင်းဆောင်တွေ ဖြစ်နေပြီပဲ။ လုပ်ပိုင်ခွင့် တွေက သူတို့ လက်ထဲ ရောက်နေပြီ။ တိုင်းပြည်ကို တကယ်ချစ်ဖို့ပဲ လိုတော့တာ။ အနည်းဆုံး သူတို့ လုပ်နိုင်တာက ရှေ့လူတွေရဲ့ လမ်းကြောင်းကို အဆက်ဖြတ် ပစ်ဖို့။ မျိုးဆက်ဟောင်း ဆိုတာ ဘယ်တော့မှ ပြန်ပြီး သစ်လွင်လာနိုင်မှာမှ မဟုတ်တာ။ သူတို့ တကယ် အလေးထား ရမှာက နောက်တက်လာမယ့် မျိုးဆက်သစ်တွေ အတွက် ကောင်းမွန်တဲ့ အမွေအနှစ်တွေ ချန် ထားရစ်ဖို့ပဲ မဟုတ်လား။ (မျှော်လင့်ကြည့်တာပေါ့လေ)

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ထဲမှာ ပြောင်းလဲမှုတွေဖြစ်လာဖို့ ဆိုတာက တပ်မတော်သားတွေ ကိုယ်တိုင်ပဲ အဓိက တာဝန် ယူပြီး လုပ်ကြရမှာ။ ဒီအတွက် ကျနော်တို့ အကိုတို့ တတွေ တတ်နိုင်သမျှ ပါဝင် တွန်းအားပေး လုပ်ဆောင်ကြဖို့ တာ ၀န်ရှိတယ်။ တယောက်နဲ့ တယောက် လက်ဆင့်ကမ်း နှိုးဆော် တိုက်တွန်း သွားကြမယ်ဆိုရင် တပ်မတော်အ တွင်းမှာ အနှေးနဲ့ အမြန် ဆိုသလို အရေးပါတဲ့ အင်အားစု တရပ် ပေါ်ပေါက် လာပါလိမ့်မယ်။

အားလုံးကိုလက်ကမ်းကြိုဆိုလျက်

နေမင်းသူ

Ref: နေ့သစ်

Read More...

ဗမာတွေ ငတုံး၊ ငအ မဟုတ်ပါ

March 26, 2011

တလောက မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေး Democr atisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီ တက္ကသိုလ် ဇခါဟူစိန် ကောလိပ် (Zakir Husain College) မှာ ကျင်းပ တဲ့ပွဲကို ဦးဇင်းတို့ တက်ရောက်ခဲ့ကြတယ်။ မြန်မာပြည် ဒီမိုကရေ စီ ဖော်ဆောင်ရေး ဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေး ဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့ အတိုက်ခံ ဒီမိုကရေစီ ခေါင်းဆောင်တွေ ပြောကြ ဆိုကြတဲ့ ပွဲပါ။

ဖိတ်ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ၀င် တက်တာပဲ ဆိုပါတော့။ ကြံကြံဖန်ဖန် ကြော်ညာ ထားတဲ့ ပိုစတာ လေး တခုတွေ့ရလို့ တော်သေးတယ် လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာ မရတဲ့ အဖွဲ့ ခေါင်းဆောင်တွေ မနဲမနော ပါပဲ။ တချို့ ခေါင်းဆောင်တွေက ဖိတ်စာ မရောက်ပေမယ့် သိတယ် မတက်ဘူးပေါ့။ တချို့ကတော့ သိကို မသိတာပါ။

အံ့သြစရာ တခုက ဒီဖိတ်စာက နိုင်ငံရေးဆိုတာ လူစုပြီး ပါလီမန် နားက ပန်းခြံတခုမှာ အော်ကြ ဟစ်ကြတာ လောက်သိပြီး တတိယ နိုင်ငံ ကူးဖို့ လုပ်နေတဲ့ လူတချို့ စီမှာတော့ တွေ့နေရပြန်ရော။ ဖိတ်စာ မရောက်ပေမယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်းကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက် ပြောမယ် ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ် နေတယ်လို့ သံသယ ရှိထားတာကိုး။ ပြည်တွင်းက သံဃာတွေကို တရားဝင် ဗီဇာတွေနဲ့ ခေါ်ပြီး သင်တန်း တွေ ပေးနေတာတွေ သိနေတော့ ဧရာမ နိုင်ငံရေး မှောင်ခိုဂိုဏ်း ကြီးလို့ သဘောထားတဲ့ အဖွဲ့ပါ။ ဒီလူတွေ ပြောရင်တော့ ပြည်သူ့ ဆန္ဒတော့ ပြောမှာ မဟုတ်ဘူး၊ စစ်တပ် ဆန္ဒပဲ ပြောမှာပါ။ ဒါမှမဟုတ် သခင်ကြီးတွေ ဖြစ်တဲ့ အီးယူတို့ အမေရိကန်တို့ရဲ့ ဆန္ဒတွေ ပြောကြမှာပါ။

အစည်းဝေးခန်းမထဲ ရောက်တော့ ဂိုရှယ်ဆိုတဲ့လူက မြန်မာစစ်အာဏာရှင်တွေကို အထီးကျန် မထားဖို့၊ လက်တွဲ ခေါ်ဖို့ တွေ၊ ဆန်ရှင် ဖြုတ်ဖို့တွေ အတောမသတ် ပြောနေ တော့တာပါ။ အိန္ဒိယက ပညာရှင်တွေ အကုန်လုံး တီးလုံး တိုက်ညှိ ထားတဲ့ အတိုင်း ဆန်ရှင်ဖြုတ်ဖို့ လူတိုင်းလောက် ပြောကြတာပါ။ ထူးထူးဆန်းဆန်း အမျိုးသမီး တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဂတိတရား လေးပါး အကြောင်းနဲ့ မစန္ဒာရဲ့ ခေါက်ထီးလေး မလုံ့တလုံ ၀တ္ထုထဲက ဇာတ်လမ်း တခုကြောင်း ပြောပါတယ်။ ထိုင်းဘက်က မခင်ဥမ္မာ ကတော့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အကြောင်းတွေ သူ လက်ရှိ လုပ်နေတာတွေ ပြောပါတယ်။ တော်တော် နားထောင်လို့ ကောင်းပါတယ်။ အားလည်း တက်မိပါတယ်။

ခဏနေ တော့ မဇ္ဈိမအယ်ဒီတာ ကိုစိုးမြင့် ပြောပါတယ်။ အဲဒီမှာ တကယ့်ကို အကျိုးနဲတွေ ပြောတော့တာပါပဲ။ ဒီလူတွေ ဆိုတာက ပြည်သူ့ ဆန္ဒတွေ ပြောရမှာလေ။ သူပြောတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေ ရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိ အခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေး အတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ် ကြောင်း။ အကြောင်းကတော့ လူနည်းစု ဒေသများတွင် တိုင်းရင်းသား များလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်း စီးပွားရေး အခြေနေများ အလွန် ဆိုးဝါးနေပြီး အလျှင်အမြန် အရေးယူ ဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းတဲ့။ ဒီစကားတွေ ပြောချင်ရင် အခု နေပြည်တော်မှာ ကျင်းပနေတဲ့ လွတ်တော်ထဲမှာ သွားပြောပေါ့။ ဒီနိုင်ငံ ကလူတွေ စစ်တပ်နဲ့ ပေါင်းဖို့ ပြောတာတွေကို ခင်များတို့ စစ်တပ် လုပ်နေတာတွေ နားမလည်လို့ မှားမှား ယွင်းယွင်းတွေ ပြောနေတာ ဆိုတာကို အတိုက်ခံ လုပ်နေပါတယ် ဆိုတဲ့ လူတွေက ချေဖျက် ပြောရမှာပေါ့။ မီဒီယာသမား ဖြစ်နေလို့ ဒေါနဲ့ မောနဲ့ မပြောချင်နေပေါ့။ သြော်… ခက်ပါရော။

မေးခွန်းတွေမေးကြတဲ့ အချိန်ရောက်တော့ ရဲဘော်ကျော်သန်း ကတော့ အာဘောင် အာရင်း သန်သန်နဲ့ ကုလား ပညာ ရှင်တွေ ပြောတာကို ချေဖျက်တော့တာပဲ။ အခန်းနားမှူး လုပ်တဲ့ အမျိုးသမီးကြီးဆို မျက်နှာတွေ ပျက်လို့၊ ဂိုရှယ်ဆိုတဲ့ လူ တော့ နဖူးနဲ့ ဆံစပ်တွေမှာ ချွေးတွေများတောင် ပြန်လို့။ အမျိုးသမီး တယောက်ကပါ သူ့တင်ပြချက်တွေကို မေးခွန်းထုတ် နေတာကိုး ချွေးပြန် တော့တာပေါ့။ ပြောရရင်တော့ ပွဲကြီးက လုပ်ပွဲကြီးပါ။ တယောက်နှစ်ယောက်က ၀င်ထောက်လိုက် တာနဲ့ အခြေမလှ ဖြစ်သွားတယ်။ ပညာတတ်တွေ ဆိုတော့ ဘာမှ မဖြစ်သလို ခပ်တည်တည်ပဲပေါ့။ ပွဲကမလှတော့ ညနေ ပိုင်း သတင်း နားထောင်တော့ ဘယ်လေဒီယို သတင်းဌာနမှ ပါမလာတော့ဘူး။

မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေးဆိုတဲ့ ဧရာမ ခေါင်းစဉ်ကြီးနဲ့ နိုင်ငံခြားရေး ဌာနက လူကြီးတွေ၊ တက္ကသိုလ် အသီး သီးက ပညာရှင်တွေနဲ့ လုပ်တဲ့ပွဲ၊ ငွေတွေ အများကြီး ကုန်ကျတဲ့ပွဲ၊ တိုးတိုး တိတ်တိတ်နဲ့ ပြီးသွားရတယ်။ ရွာလည်က ကြက်ပွဲကမှ အသံ ထွက်လိမ့်အုန်းမယ်။ နောက်ရက်တော့ ဦးဇင်းတို့လည်း မသွားတော့ဘူး။ ပြီးပြီလေ ဘာဆိုဘာမှ မ ဟုတ်တာကြီး။ ကိုယ်ကပြီးပေမယ့် မပြီးနိုင်တဲ့ သူက ရှိလာပြန်တယ်။

ဒီမှာရှိတဲ့လူတွေ အခမ်းအနားလုပ်တဲ့ BCRC လို့ခေါ်တဲ့ ဗမာ့ရိပ်သာ ခန်းမမှာ အစည်းဝေးပွဲ ထပ်လုပ်တာပေါ့။ ဒီပွဲလည်း ဖိတ်စာ မရောက်ပါဘူး။ သွားတော့ တက်ရတာပေါ့။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တာတွေ ပြောနေရင် မခက်ပေဘူးလား။ ထင်တဲ့ အတိုင်းပဲ ပြောတာပါပဲ။ ဒေါက်တာတင့်ဆွေ ကနေ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ ပွဲဟာ အိန္ဒိယမှာရှိတဲ့ ပညာရှင်တွေရဲ့ အမြင်တွေကို ပြောကြတာပါတဲ့။ ဒါဟာ ကောင်းပါ တယ်တဲ့ ကျနော်တို့ သူတို့ရဲ့ အမြင်တွေ သိရတာပေါ့တဲ့။ နောင်လည်း ဒီလိုပွဲတွေ ဆက်လုပ် သွားမယ်လို့ ပြောပါတယ်။ ရဲဘော်ကျော်သန်းကြီး ကတော့ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲမှာ သူတင်ပြချက်တွေနဲ့ ပညာရှင်တွေရဲ့ အလွဲအမှားတွေကို ပရိသတ်ကို ပြန်ပြောပြပါတယ်။

ဒီနေရာမှာ ပညာရှင်ဆိုတာကို ယေဘုယျအားဖြင့် (၃) မျိုးလောက် ခွဲပြောချင်ပါတယ်။ မိမိပညာရပ်ကို လေးစားပြီး အမှန်တိုင်း ထုတ်ဖော် ပြောကြားတဲ့ ပညာရှင်၊ မိမိပညာကို အမှန်တိုင်း မပြောမဆိုဘဲ လိမ်ညာပြီး အမှားကိုပြောပြီး နာမည် ရောင်းစားတဲ့ ပညာရှင်၊ သိပေမယ့် ဘာမှမပြောဘဲ ဆွံ့အနေတဲ့ ပညာရှင်တွေပါပဲ။ ပထမ အမျိုးစားကတော့ အိန္ဒိယနိုင်ငံ က အမတြာဆင်း တို့လို လူမျိုးတွေပါ။ ဒုတိယ အမျိုးစားကတော့ အစည်းဝေးတွေမှာ ကိုယ့်စကားနဲ့ကို ပြောပြီး မဟုတ် မမှန်တာတွေ ဆိုတာ သိပြီး မေးခွန်းတွေ တက်လာတဲ့အခါ ချွေးပြန်တတ်တဲ့ ဂိုရှယ်တို့လို လူမျိုးပါ။ နောက်တမျိုးကတော့ ဖေ့ဘုတ်တွေမှာ ဘာမှ မပြောမဆို နေနိုင်ကြတဲ့ မြန်မာပြည်က မဟာ ပညာရှင်ကြီးတွေပါ။

အဲဒီမှာ ၈၈ မျိုးဆက်ထဲက ကျောင်းသားတယောက်က ခင်များတို့ NGO တွေလုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလား၊ ဒေါ်စု လုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလားဆိုပြီး မေးခွန်း ထုတ်ပါတော့တယ်။ ကျနော်တို့ ကတော့ ဘယ်လောက် ငတ်ငတ် ပြတ်ပြတ် ဒေါ်စု နောက်ပဲ လိုက်မယ်လို့ ခပ်ပြတ်ပြတ် ခပ်တင်းတင်းကို ပြောတော့တာပါ။

ထိုင်းဘက်က မခင်ဥမ္မာကတော့ သူတို့က ပြည်တွင်းမှာ လုပ်နေတဲ့ အီးဂရက်က နေ၀င်းမောင်တို့၊ ဒေါက်တာ ခင်ဇော်ဝင်း တို့နဲ့ လိုင်းမတူပါဘူးလို့ ပြောလာ တော့တယ်။ ဦးဇင်းလည်း အခုလို ပြောလာတော့ တခု ပြောချင်ပါတယ်။ ပြည်တွင်းက နေ၀င်းမောင်တို့ အီးမေးတွေနဲ့ အတူ ပြည်ပမှာရှိတဲ့ အဖွဲ့စည်းတွေကို ထောက်ပံ့နေတဲ့ NGO တွေရဲ့ အီးမေးတွေပါတဲ့ ဖော်ဝါဒ့်မေးတွေ ဦးဇင်းတို့ဆီမှာ ရောက်လာတယ်။ NGO တွေရဲ့ အထောက်ပံ့တွေနဲ့ အလုပ် လုပ်ရင်တော့ ဒီကရှေ့ သတိကြီးကြီးထားပြီး မျက်စိကြီး၊ နားကြီးနဲ့ အလုပ် လုပ်ကြပါလို့ သတိပေးခဲ့ပါတယ်။ အခုပဲ လမ်းခွဲဖို့ ပြောနေတာကို ထောက်ဆ ကြည့်ပေတော့လို့ ပြောဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးတာပါ။ ပြည်သူတွေဟာ လက်ရှိ အုပ်ချုပ် သူတွေကို မလိုချင် တော့ပါဘူး။ လက်ရှိ စစ်အာဏာရှင် တွေဟာ ၈၈ မှာ ကျောင်းသားတွေကို သတ်တယ်၊ ၂၀၀၇ မှာ ဘုန်းကြီးတွေကို သတ်တယ်။ နာဂစ်မှာ ပြည်သူတွေ ဒုက္ခ ရောက်နေတာတွေကို အကူညီ မပေးတဲ့အပြင် လာကူညီတဲ့ လူတွေကို ပြဿနာ ရှာတယ်၊ ကူညီခွင့် မပေးဘူး၊ နိုင်ငံတကာက လှူတဲ့ ငွေတွေကို ဖြတ်ယူတယ်။ ပြောမကုန် နိုင်လောက်အောင် ယုတ်မာတဲ့ ဒီအုပ်ချုပ်သူတွေကို ပြည်သူတွေ အလို မရှိတော့ဘူး။ ဒီလူတွေကို နိဂုံးကမ္ပတ် အဆုံးသတ်တဲ့နေ့ကို ရောက်ချင်နေပြီ။

အီးယူတို့၊ အမေရိကားတို့ကလည်း သူတို့ ဒဏ်ခတ်အရေးယူ ထားတဲ့ ဆန်ရှင်ကို ပြန်ဖြုတ် ချင်နေပြီ။ စစ်တပ်ရဲ့ လွတ် တော်ထဲမှာ ၀င်ပလူး ချင်နေပြီ။ လွတ်တော်ထဲမှာ သူ့လူတွေ (proxy) ရောက်နေပြီ ဆိုတော့ ဒီနှစ်ထဲမှာ ပိုပြီး သိသိသာ သာ ပြောလာတယ်၊ လုပ်လာတယ်။ ဇခါဟူစိန် ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲဟာ အိန္ဒိယနဲ့ အမေရိကန် ပေါင်းပြီး ဆန်ရှင်ဖြုတ်ဖို့ ပြောကြ ဆိုကြတဲ့ ပွဲပါ။ မြန်မာ အတိုက်ခံတွေကို ဒီပွဲမှာ စကားပြောခိုင်းတာ အမေရိကန်ပဲ လုပ်နိုင်တာပါ။

မြန်မာ့အရေးကို ပေါ့ပေါ့တွေးပြီး စိတ်ဓာတ်ရေးရာ ပျက်ပြားနေတဲ့ တော်လှန်ရေး သမားတွေ၊ ခပ်ညံ့ညံ့ ပညာရှင်တွေနဲ့ မ လိမ့်တပတ် ၀င်ကစားတဲ့ အီးယူနဲ့ အမေရိကန်တွေဟာ ပေါတောတော ကြောင်ကြောင်တွေလို့ မြန်မာ ပြည်သူတွေက မြင်တတ်ပါတယ်။ မြန်မာ စကားပုံမှာ အပွေးမြင် အပင်သိ ဆိုသလို လယ်ပြင်ဆင်သွား အထင်အရှား မြင်ပါတယ်၊ စကားတခွန်း ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာ သိတယ်၊ ဗမာစကားပုံတွေကို ကြည့်ရင် မြန်မာတွေဟာ ရှေးအစဉ်လာ ကတည်းက အသိဉာဏ် ကိစ္စမှာ ငတုံး ငအတွေ မဟုတ်ဘူး ဆိုတာ လုပ်စား နိုင်ငံရေးသမားတွေ၊ နိုင်ငံကြီးသားတွေကို ပြောလိုက် ချင်ပါတယ်။

အရှင်ပညာဇောတ (ဒေလီ)

၂၅၊ ၃၊ ၂၀၁၁

Ref: နေ့သစ်

Read More...

စီးပွားရေး ပိတ်ဆို့အရေးယူမှု ရုတ်သိမ်းဖို့မသင့်သေးကြောင်း အမေရိကန် ထပ်မံ ပြောဆို

2011-04-07

အမေရိကန်အစိုးရအနေနဲ့ မြန်မာ ခေါင်းဆောင်သစ်နဲ့ ချည်းကပ် ဆက်ဆံဖို့ ကြိုးပမ်းမှာ ဖြစ်သလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု တွေကိုလည်း ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က မနေ့က ပြောကြား လိုက်ပါတယ်။ လတ်တလော အခြေအနေတွေ အရ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ ကိစ္စဟာ မသင့်တော် သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော အခြေအနေတွေအရ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ခတ်မှုကို ရုပ်သိမ်းပေးဖို့ ကိစ္စဟာ မသင့်တော်သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေ ဘယ်လိုရှိသလဲ၊ မြန်မာခေါင်းဆောင်သစ်နဲ့ အပြုသဘော တွေ့ဆုံေ ဆွးနွေးရေး ကြိုးပမ်းမှု ဖြစ်ထွန်းနိုင်မလား ဆိုတာတွေကို လေ့လာ စောင့်ကြည့်နေတယ်လို့ Mr. Campbell က ပြောပါတယ်။

ဒါ့ပြင် Mr. Campbell က မြန်မာခေါင်းဆောင်သစ်တွေနဲ့ ချည်းကပ် ဆက်ဆံရေးအတွက် အမေရိကန် အစိုးရရဲ့ ကြိုးပမ်းမှုတွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ ထောက်ခံ အားပေးကြောင်း ပြောပါတယ်။

တဆက်တည်းမှာဘဲ သူက မြန်မာအစိုးရသစ်ရဲ့ စရိုက်လက္ခဏာကို အကဲဖြတ်ဖို့ စောလွန်းသေးကြောင်း ကိုလည်း ပြောဆို ခဲ့ပါတယ်။

Ref: RFA News

Read More...

မြန်မာနယ်စပ်အနီး တရုတ် တပ်စခန်းသစ်တွေ တည်ဆောက်

2011-04-07

တရုတ် မြန်မာနယ်စပ်နားက ရှမ်းပြည်နယ် မြောက်ပိုင်း မုံဂိုးမြို့ရဲ့တဖက်- တရုတ်နိုင်ငံ ဖက်ခြမ်း (မန်ဟိုင်း) မှာ တရုတ် ပြည်သူ့ လွတ်မြောက်ရေး (PLA) တပ်စခန်းသစ်တွေ တည်ဆောက် နေရာမှာ အခုအခါ ပြီးစီးလုနီးပါး ဖြစ်နေပြီလို့ သတင်း ရရှိပါတယ်။

တရုတ် (PLA) တပ်စခန်းသစ်တွေ တည်ဆောက်နေတာနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေကို စောင့်ကြည့်နေတဲ့ ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက အခုလို ပြောပါတယ်။

"အဲဒီနယ်စပ်မှာ နှစ်အတော်ကြာကြာ တိုက်ခိုက်ရေး တပ်ဖွဲ့တွေ မရှိခဲ့ဘူး။ အခုကျတော့ မြန်မာပြည် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု ပေါ်မှာ အဓိက အခြေခံပြီးတော့ ဗမာပြည်မှာ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရတို့ အကြား ပြည်တွင်းစစ် ဖြစ်လာရင် စောင့်ကြည့် နိုင်ဖို့လည်းဖြစ်တယ်။ နောက်တခုက ဗမာပြည် အစိုးရနဲ့ အမေရိကန် အစိုးရတို့ ကြားမှာ ဆက်ဆံရေး ပြေလည် သွားလို့ရှိရင်လည်း တရုတ်ပြည်ရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တဲ့ အတွက်ကြောင့် တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ချထားတာလို့ ကျတော်တို့ သိရပါတယ်။"

တရုတ်နိုင်ငံဖက်ခြမ်းမှာ အခုအသစ်ဆောက်လုပ်နေတဲ့ PLA တပ်စခန်းတွေဟာ KIA တပ်မဟာ (၄) စခန်းနဲ့ မိုင် (၂၀) လောက်သာ ဝေးကြောင်း၊ အဲဒီစခန်းဟာ KIA တပ်တွေ တရုတ်နိုင်ငံထဲ ဖြတ်ပြီး ကချင်ပြည်နယ် ဖက်ကို ကူးသန်း သွားလာဖို့ လွယ်ကူတဲ့ လမ်းကြောင်း တခု ဖြစ်သလို၊ UWSA ၀တပ်ဖွဲ့တွေနဲ့ ရှမ်းပြည် တပ်မတော်တို့ အဓိက အသုံးပြုနေတဲ့ လမ်းကြောင်းလည်း ဖြစ်ကြောင်း ကိုနော်ဒင်းက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ် စစ်ရေးလေ့လာသူတွေကတော့ တရုတ် မြန်မာနယ်စပ် မတည်မငြိမ် ဖြစ်လာမှာကို တရုတ်က မလိုလားတာကြောင့် အခုလို တရုတ် ရှေ့တန်းတပ်တွေ လာချထားတာ ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆို နေကြပါတယ်။

Ref: RFA News

Read More...

သင်္ကြန်အပြီး လမ်းပြန်ခင်းမည်ဟု ကြံ့ခိုင်ရေး ပြော

ကျော်ခ
ကြာသပတေးနေ့၊ ဧပြီလ ၀၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ မတိုင်ခင်က လမ်းခင်းပေးခဲ့သော်လည်း တိုးလို့ တန်းလန်း ဖြစ်နေခဲ့သော လုပ်ငန်း များကို သင်္ကြန်အပြီး ဆက်လက် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးသာဝင်းက ပြောသည်။

အာဏာရပါတီ၏ ခေါင်းဆောင်များက ဇန်နဝါရီလ ၃၁ ရက်နေ့မှ မက်လ ၃ဝ ထိ နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော် အစည်း အဝေးတွင် တက်ရောက် နေသဖြင့် လမ်းများကို ပြုလုပ်ပေးရန် လစ်ဟင်း ခဲ့သည်ဟု ဦးသာဝင်းက ကာကွယ် ပြောဆိုပြီး ရန်ကုန်တိုင်း အတွင်း အနည်းဆုံး ၁၃ မြို့နယ်တွင် လမ်းများ ပြီးစီးအောင် ခင်းပေးရန် ကျန်ရှိနေသည်ဟု ဆိုသည်။

“တချို့နေရာတွေ နည်းနည်း နည်းနည်းနဲ့ အရှေ့ပိုင်းခရိုင်က ဟာတွေ ကျန်နေတာ ရှိတယ်။ အကုန်လုံး ပြီးဆုံးအောင် ကျနော်တို့ ခင်းမှာပါ။ ကျနော်တို့တွေက လွှတ်တော် တက်နေတာတွေ ကြောင့်ရယ်၊ ပြန်ရောက် တော့လည်း ပါတီလုပ်ငန်း တာဝန် ကိစ္စတွေ ဘာတွေနဲ့ ဆက်နေလို့ပါ။ ဒီသင်္ကြန်ပြီးရင် ဆက်လုပ်ကြမှာပါ” ဟု ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်သူ ဦးသာဝင်းက မဇ္ဈိမကို ပြောသည်။

သာကေတ၊ ဗိုလ်တထောင်၊ ဒေါပုံ၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံ-မြောက်၊ ဒဂုံ-တောင်၊ ဒဂုံ-အရှေ့၊ ဒဂုံ-ဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့များတွင် ကြံ့ခိုင်ရေးက ခင်းပေးသော လမ်းအများစုမှာ ထက်ဝက်သာ ပြီးစီးခဲ့သည်ကို တွေ့ရသည်။

ထို့အတူ ရွေးကောက်ပွဲနီး ကာလများတွင် ပါတီဝတ်စုံများ ဝတ်ဆင်၍ လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ ဆေးရုံနှင့် လူမှုရေး လုပ်ငန်းများတွင် ကူညီ လုပ်ဆောင်ခဲ့သည့် ကြံ့ဖွံ့ ပါတီဝင်များသည် ၂ဝ၁ဝ နိုင်ဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ နောက်ပိုင်းတွင် အဆိုပါ လုပ်ဆောင်နေခြင်းများ မတွေ့ရ တော့ကြောင်း ရန်ကုန်မြို့ခံများက ဝေဖန်ကြသည်။

တောင်ဥက္ကလာပ ၇ ရပ်ကွက်တွင်နေထိုင်သူ တဦးက “ကျနော်တို့ရပ်ကွက်က ၁၁ လမ်းမှာဆိုရင် မဲမထည့်ခင် တုန်းက တခြမ်း ခင်းပေးထားတယ်။ သူတို့လည်း မဲရပြီးသွားရော ထပ်မခင်းပေး တော့ဘူး။ ကိုယ်တိုင်ပဲ ခင်းရမလား၊ သူတို့ ဆက်ခင်းမလား ဆိုတာ ဒီနေ့ထိ ဘာမှ မသိရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာတဦးက “သူတို့က လုပ်ပေးတဲ့ နေရာမှာလည်း မျက်နှာလိုက်ပြီး လုပ်တာတွေ တွေ့ရတယ်။ မြို့နယ်ကြီးတွေမှာ ဆိုရင်တော့ အဲဒါမျိုး လုပ်တာ နည်းတယ်။ ဆင်ခြေဖုံးမြို့တွေမှာ အခြေခံ လူတန်းစားတွေ နေတဲ့ မြို့နယ်တွေကို အဲလိုမျိုး အများဆုံး လုပ်တာတွေ့ရတယ် မတူဘူး” ဟု ပြောသည်။

တောင်ဒဂုံမြို့နယ်၌ ခင်းရန် ကျန်ရှိနေသေးသည့် လမ်းများကို ထပ်ခင်းရန်အတွက် ရပ်ကွက်တွင်း နေထိုင်သူများ အနေဖြင့် ကြံ့ဖွံ့ပါတီဝင် အဖြစ် လက်မှတ် ထိုးပေးမှသာလျှင် လမ်းများကို ဆက်လက် ခင်းပေးသွားမည်ဟု လာရောက် ပြောဆိုမှုများ ရှိကြောင်း တောင်ဒဂုံ ၁၈ ရပ်ကွက်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

အလားတူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဗိုလ်ချုပ်လှထွန်း ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း မြို့ပေါ်တွင်လည်း ရွေးကောက်ပွဲ မတိုင်မီ အတိုး သက်သာစွာဖြင့် ငွေတိုး ချပေးခြင်းများ ရှိသော်လည်း ရွေးကောက်ပွဲ ကာလ နောက်ပိုင်းတွင် ထိုသို့ ပြုလုပ်ပေးခြင်းများ မရှိတော့ဟု မြို့ခံများက ပြောသည်။

သို့သော် စည်ပင်သာယာရေးဌာန ဘဏ္ဍာငွေကို အသုံးပြုကာ လမ်းပြုပြင်မှု၊ အသစ်ခင်းမှုများ ပြုလုပ်ပြီး၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးက လှူဒါန်းသည့်ပုံစံ တံဆိပ်ကပ် လုပ်ဆောင်ကာ မဲဆွယ်ခဲ့သည်ဟု လေ့လာသူများက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ဖြင့် စစ်အစိုးရက ထူထောင်ခဲ့ပြီး၊ ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ် ပြောင်းလဲခဲ့သည်။ ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့ပါတီက ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်။


Ref: မဇ္ဈိမ

Read More...

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဖမ်းဆီးခံရမှု NLD ကူညီမည်

နရီလင်းလက်
Thursday, 07 April 2011

ဖမ်းဆီးထိန်းသိမ်းခံရသည့် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်အား မိသားစုနှင့်တွေ့ဆုံခွင့် ရရှိရန် တရားဥပဒေ လမ်းကြောင်း အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥပဒေပြု အထောက်အကူပြု အဖွဲ့မှ ကူညီသွားမည်ဟု ရှေ့နေ ဦးအောင်သိန်းက ပြောလိုက်သည်။

NLD လူငယ်များ ဖွဲ့စည်းထားသည့် သွေးကူညီပေးရေး အဖွဲ့တွင် လိုက်လံ ကူညီပေးနေသည့် ကိုနေမျိုးဇင်ကို ရဲအထူး သတင်း တပ်ဖွဲ့ (SB) မှ မေးမြန်းဆွေးနွေး စရာများ ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားသည်မှာ ၆ ရက်မြောက် ပြည့်ပြီဟု သိရသည်။

ယခု ဖမ်းဆီးမှုသည် အစိုးရသစ်ဖွဲ့စည်းပြီးချိန်၌ ပထမဆုံး ဖမ်းဆီးမှု ဖြစ်သည်။

“မိသားစုက စိတ်ပူပြီး ဘာလုပ်ရမလဲဆိုတာ အကြံတောင်းတာနဲ့ ကျနော်တို့ဘက်ကနေ အာဏာပိုင် တွေဆီ ကိုနေမျိုးဇင်ကို မိသားစုနဲ့ တွေ့ဆုံခွင့်ပေးဖို့ စာတင်ဆိုပြီး ဥပဒေကြောင်း အရ အကြံပေးထားတယ်။ ဒီအတွက်လည်း ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် နောက်ဆုံး ထားပြီးတော့ ရန်ကုန်တိုင်း ရဲသတင်းတပ်ဖွဲ့မှူး ရုံးရယ်၊ နေပြည်တော် ရဲသတင်းတပ်ဖွဲ့ မှူးရုံးရယ်ကို လိပ်မူပြီး စာတင်မယ်။ ရုံးလက်ခံ တစောင် ယူထားမယ်”ဟု ရှေ့နေ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

သူက ဆက်၍“မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ ၂၄ နာရီ ကျော်နေပြီဆိုတော့ မိသားစုကို တွေ့ခွင့် ပေးဖို့ စာတင်တာကို ပထမဆုံး လုပ်ခိုင်းထားတယ်။ တချို့ တပတ်လောက် ခေါ်မေးပြီးမှ ပြန်လွှတ်တာတွေ ရှိတတ်သလို အခု ဘာကိစ္စကြောင့် ခေါ်သွားပါတယ် ဆိုတာ သေချာမသိရဘူး။ သူကလည်း စစ်တပ်က ထွက်လာတဲ့ လူဆိုတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေများရှိ နေလား။ ဒီနောက်မှာမှ ဖြစ်လာတဲ့ အခြေအနေ ကြည့်ပြီး လုပ်သင့် လုပ်ထိုက်တာ ဆက်လုပ် သွားမှာပေါ့”ဟု ပြောသည်။

ဧပြီ ၂ ရက်နေ့ ညနေ ၄ နာရီတွင် ခေါ်ဆောင်သွားပြီး ၃ ရက်နေ့တွင် အာဏာပိုင်များက အ၀တ်အစားများ လာရောက် ယူဆောင် သွားကာ ဧပြီလ ၄ ရက်နေ့တွင် နေအိမ်နှင့် အတူ တွဲဖွင့်ထားသည့် အင်တာနက် ဆိုင်သို့ ၀င်ရောက်၍ စစ်ဆေးမှုများ ပြုလုပ်ပြီး ကိုနေမျိုးဇင် အသုံးပြုသည့် လက်ပ်တော့ (ခရီးဆောင် ကွန်ပျုတာ) ကို ယူဆောင်သွားသည်ဟု ကိုနေမျိုးဇင်၏ မိခင် ဒေါ်ခင်သီ ကပြောသည်။

“အိမ်ရော ဆိုင်ရော ၀င်လာပြီး စစ်သွားတာ။ သူ သုံးတဲ့ ကွန်ပျုတာကို ယူသွားမယ် ပြောတော့ အန်တီတို့က ဘာတွေပါလဲ ဖွင့်ကြည့် မယ် ဆိုတော့ ဖွင့်ကြည့်တာ ဘာမှ မတွေ့ဘူး။ ဘာမှလည်းမရှိဘူး။ ဒါပေမယ့် သူတို့က ကွန်ပျူတာကို ယူသွားမယ် အထဲက ဒေတာတွေကို စီဒီထဲ ထည့်ပြီး ထားခဲ့ပေးပါမယ် ပြောတယ်။ ဘာမှ မတွေ့ရင်တော့ နောက် ၃ ရက်လောက်နေ လာပို့ပေးပါမယ် ပြောသွားတယ်။ ဒီကနေ့ ဆို ၃ ရက်ပြည့်ပြီ အခုထိ အကျိုး အကြောင်းဘာမှ လာပြောတာ မရှိသေးဘူး။ အန်တီတို့လည်း အရမ်း စိုးရိမ်ပြီး သားကို အမြန်ဆုံး ပြန်တွေ့ချင်တယ်”ဟု ၎င်းက ပြောဆိုသည်။

သွေးကူညီပေးရေးအဖွဲ့ ခေါင်းဆောင် ကိုညီညီက“ဘယ်နေရာမှာထားတယ်။ ဘာအတွက်ကြောင့် ဖမ်းသွားတယ် ဆိုတာ အခုချိန်ထိ မိသားစု ၀င်တွေရော ၊ ကျနော်တို့ပါ ဂဃနဏ မသိရဘူး။ မရမ်းကုန်းက အောင်သပြေ စစ်ကြောရေး စခန်းမှာ ထားတယ် ဆိုတာကလည်း အကြားပဲရှိတယ်။ ဒီလို မသိရတဲ့ အတွက်ကြောင့်လည်း ရန်ကုန်က NLD သွေးကူညီပေးရေး အဖွဲ့ရော၊ အနယ်နယ် အရပ်ရပ်မှာ စည်းရုံးထားတဲ့ အဖွဲ့ဝင်တွေ အကုန်လုံးက အရမ်းကို စိုးရိမ်နေကြတယ်”ဟု ပြောသည်။

ဧပြီလ ၄ ရက်နေ့က အာဏာပိုင်များသည် အိမ်အနှံ့ ရှာဖွေခြင်း ၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်သည့် အပြင် ကိုနေမျိုးဇင် သုံးစွဲခဲ့သည့် ခရီးဆောင် ကွန်ပျုတာကိုပါ သိမ်းဆည်း သွားခဲ့သည်။

“အဲဒီလို ရှာဖွေနေတဲ့ အချိန်မှာ ကျနော်တို့မှာ မျက်မြင် သက်သေအဖြစ်နဲ့ ဥပဒေကြောင်း အရ နေပိုင်ခွင့် ရှိပေမယ့် အပြင်မှာ စောင့်နေတဲ့ SB တယောက်က ၀င်လို့ မရပါဘူး။ အပြင်ကနေ စောင့်နေပါ ဆိုတာနဲ့ မကြည့်လိုက်ရဘူး။ ဒါပေမယ့် သူတို့ လက်ပ်တော့ ယူသွားမယ် ဆိုတော့ မိသားစုဝင်တွေက ဖွင့်ခိုင်းတာနဲ့ ဖွင့်ကြည့်တာ မိသားစုဝင်တွေ ပြောပြချက်အရ ဘာမှ မတွေ့ပါဘူးပေါ့။ ပြည်တွင်းမှာ တရားဝင် ထုတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိလို စာအုပ်တွေ ၊ ဦးသန့် စာအုပ်တွေ ပဲ တွေ့ရတယ် ပြောတယ်”ဟု ကိုညီညီက ပြောသည်။

လက်ရှိ အစိုးရသစ်လက်ထက်တွင် အာဏာပိုင်များပြောခဲ့သည့် Good Goverment ၊ Clean Goverment ကဲ့သို့ အုပ်ချုပ် မှု စနစ်ကောင်းဖြင့် အုပ်ချုပ် သွားမည်ဆိုသည့် အတိုင်း ကိုနေမျိုးဇင်သည် ပရဟိတမှ လွဲ၍ နိုင်ငံတော် ပျက်စီးစေမည့် လုပ်ရပ်မျိုး မတွေ့ရှိပါက ခြွင်းချက်မရှိ ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်း သူက ပြောဆိုသည်။

“ပရဟိတ လုပ်ငန်းဆိုတာကလည်း ဘယ်အစိုးရပဲ တက်တက်ပေါ့ နိုင်ငံသား တယောက်ရဲ့လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပဲ။ ဒီဟာ ပေါ်မှာ အကြောင်းရှာပြီး အရေးယူ ဆောင်ရွက်တာတွေ လုပ်မယ်ဆို လုပ်တဲ့အစိုးရရဲ့ တာဝန်ပဲဖြစ်တယ်။ လက်ရှိ အခြေအနေမှာလဲ အစိုးရသစ်က ပေါ်ထွန်းလာပြီ ဆိုပေမယ့် ပုံသဏ္ဍာန်ကတော့ အစိုးရ အဟောင်း ပုံသဏ္ဍာန် လမ်းကြောင်း ပေါ်မှာပဲ ဆက်လျှောက် နေပြီး အသစ်ဆိုတဲ့ သဘောထားပေါ်မှာ ကောင်းကောင်း မလျှောက်တတ် သေးတာလား သဘော မပေါက် သေး ဘူးလားတော့ မသိဘူး။ အရင်ပုံစံ အဟောင်းမှာပဲ ဆက်လျှောက် နေသေးတယ်”ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ဥပဒေဆိုင်ရာအရ အစိုးရသစ်ပြောင်းလဲလိုက်ပြီးချိန်တွင် တရားရုံးများ၌ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆိုသည့် အခေါ်အဝေါ် ပုံသဏ္ဍာန်အရ ပြောင်းသာပြောင်းလဲ သွားပြီး တကယ့် အနှစ်သာရ ဖြစ်သည့် အာဏာပိုင်များ ပြောဆိုနေသော ကောင်းမွန်၊ သန့်ရှင်းသည့် အစိုးရသစ် ဆိုသည်ကို ရောက်ရန် မျှော်မှန်း၍ မရနိုင်သေးဟု သူက ပြောသည်။

“ဘာမှ မရှိတာကို တွေ့ပေမယ့် ခရီးဆောင်ကွန်ပျုတာ ထပ်ယူသွားတာကို ကြည့်ရင် အီလက် ထရွန်နစ် ဥပဒေ ၃၃ ဃ ၊ ၃၈ တို့နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လို့ ရတဲ့ အနေအထားတွေ ရှိနေတယ်လေ။ အိမ်မှာ ဖွင့်စစ်တာ မတွေ့ဘူး ဆိုပေမယ့် သိမ်းဆည်းသွားတဲ့ အာဏာပိုင်တွေ အနေနဲ့ ရဲလုပ်ထုံး လုပ်နည်းအရ ရှာဖွေ ပုံစံနဲ့ စနစ်တကျ သိမ်းဆည်းသွားတာ မဟုတ်ဘဲ စာရွက် တရွက်မှာ ယူသွားပါတယ် ရေးသွားတာမျိုး ဆိုတော့ ခရီးဆောင် ကွန်ပျုတာ ပြန်ပေးရင်တောင် အီးမေးလ် ၊ အင်တာနက် နဲ့ ပတ်သက် တာတွေနဲ့ အရေးယူမယ် ဆို ရတာပဲ။ အဲဒီလို ပုံစံက သူတို့ လုပ်နေကျပဲဆိုတော့ စောင့်ကြည့်ရမှာပေါ့”ဟု ဦးအောင်သိန်းက ပြောသည်။

အသက် ၃၆ နှစ် အရွယ်ရှိ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် တောင်ကြီးမြို့ တပ်ထိန်းအဖြစ် တိုင်းမှူး လုံခြုံရေး တာဝန်ယူကာ ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

ဝန်ကြီးဌာန ၂ ခုလိုဟု ချင်းပါတီများ ပြော

သဲသဲ
ကြာသပတေးနေ့၊ ဧပြီလ ၀၇ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ချင်းပြည်နယ် အစိုးရ ဝန်ကြီးဌာနများတွင် ပညာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၂ ခု လိုအပ်နေကြောင်း ဒေသခံ ချင်းပါတီ ၂ ခုက ပြောသည်။

မရှိမဖြစ် လိုအပ်သည်ဟုဆိုကာ ချင်းတိုးတက်ရေးပါတီ CPP က ပညာရေး ဝန်ကြီးဌာနကို လည်းကောင်း၊ ချင်းအမျိုးသား ပါတီ CNP က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို လည်းကောင်း ထပ်မံ တိုးချဲ့ရန် လိုလားနေခြင်း ဖြစ်သည်။

“ချင်းပြည်နယ်အတွက် ဝန်ကြီးစာရင်းမှာ ပညာရေး ပါမလာတော့ အတော်လေး အံ့သြ သွားတယ်။ ချင်းတောင်မှာ ကျောင်းအဂါင်္နဲ့ ညီတဲ့ ကျောင်းရှိဖို့ မပြောနဲ့ ဆရာတွေ တနှစ် တခါတောင် ကျောင်းကို မလာတာရှိတယ်။ ဒါကို သိမြင်နိုင်တဲ့ ပြည်နယ်က တိုက်ရိုက် လုပ်နိုင်မှ ပညာရေးမှာ ကောင်းသွားမှာ” ဟု CPP ဥက္ကဋ္ဌ ဦးနိုးထန်ကပ်က မဇ္ဈိမကို ပြောသည်။

CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က “ချင်းတောင်မှာဆိုရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သစ်တော ဝန်ကြီးဌာနကို တာဝန် ပေးတယ်။ ကဲ.. ပိုက်ဆံယူပြီး၊ ခုတ်ခွင့်ပြုပြီး၊ ယုန်ကို မုန်လာဥ ဂိုဒေါင် စောင့်ခိုင်း သလိုပါပဲ။ စည်းကမ်းမဲ့ အမဲလိုက်တာ၊ တောမီးရှို့တာ၊ မြစ်တွေ ရေခန်းလာတာ၊ ချင်းပြည်နယ်မှာ ဒါတွေလုပ်ဖို့ ဘယ်ဌာနက တာဝန်ယူမလဲ” ဟု ပြောသည်။

ယခုဝန်ကြီးဌာန ထည့်သွင်းရန် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ အဆိုတင်ခဲ့သော်လည်း ပြည်နယ် ဝန်ကြီးချုပ်က နောင်မှ ဆွေးနွေးမည်ဟု ပြောဆို ခဲ့ကြောင်းနှင့် ပထမအကြိမ် လွှတ်တော် အစည်း အဝေးများ၌ အထက်က ပေးပို့သည့် အဆို လွှာများကိုသာ ထောက်ခံခဲ့ရကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပို့ဆောင်ရေး၊ လူမှုရေး (ရှေးဟောင်း သုတေသန ဦးစီးဌာန) ဟူ၍ ဝန်ကြီးဌာန ၉ ခု ရှိသည်။

ထိုဝန်ကြီးဌာနများအတွက် CNP နှင့် CPP က ဝန်ကြီးတဦးစီ ရွေးချယ်ခံရပြီး၊ ကျန်နေရာများကို ကြံ့ခိုင်ရေး ပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ ရရှိထားသည်။ ဤသည်မှာ ဝန်ကြီးချုပ် ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးဟုန်ငိုင်း (ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ) က ဖေဖော်ဝါရီ ၁၄ ရက်နေ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ပြီး၊ ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့တွင် ချင်းတိုင်းရင်းသားအမတ်များ ပိုမိုပါဝင်သင့်သည်ဟု CNP က ပြောသော်လည်း၊ CPP ကမူ ဝန်ကြီး ၂ နေရာ အတွက် ချင်းပါတီ အမတ်များ ရရှိခြင်းကို ကျေနပ်သည်ဟု ဆိုသည်။

ဝန်ကြီးစာရင်း တင်ရာ၌ ကြံ့ခိုင်ရေးအမတ် ဦးပူးကွီထန်သည် ဝန်ကြီးခန့်ရန် အသက်မပြည့် သဖြင့် ချင်းပါတီ များက ကန့်ကွက် သဖြင့် ပယ်ချ ခံခဲ့ရသေးသည်။ သို့သော် ၎င်းနေရာတွင် အစားထိုး ခန့်အပ်ခြင်း မရှိသေးပေ။

ချင်းပါတီများကမူ အကြီးမားဆုံး လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးကို ပြည်နယ် အစိုးရက ဦးစားပေး လုပ်ဆောင် သင့်သည်ဟုလည်း ပြောဆိုကြသည်။

ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၄ နေရာ၌ CPP နှင့် CNP က ၅ ဦးစီနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေး ပါတီ ENDP မှ ၁ ဦး၊ ကြံ့ခိုင်ရေးမှ ၇ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၆ ဦးတို့ ဖြစ်သည်။

ဝန်ကြီးများ စာရင်း

၁။ ဦးဟုန်းငိုင်း ဝန်ကြီးချူပ် (ကြံ့ဖွံ့)
၂။ ဦးနိန်းနိုင်း စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု (ကြံ့ဖွံ့)
၃။ ဦးကျင့်လျန်ပေါင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး (ကြံ့ဖွံ့)
၎။ ဦးနန်ဇမုန်း ဘဏ္ဍာရေးနှင့် စီမံကိန်း (ကြံ့ဖွံ့)
၅။ ဒေါက်တာဘမောင် လူမှုရေး (အငြိမ်းစား ညွှန်ချုပ်၊ ရှေးဟောင်းသုတေသန ဦးစီးဌာန)(ရွေးကောက်ခံမဟုတ်)
၆။ ဦးဗန်ထောင် စိုက်ပျိုးရေး (ပြည်နယ်မန်နေဂျာဟောင်း၊ မြန်မာ့ဝါနှင့် ပိုးချည်လုပ်ငန်း) (ရွေးကောက်ခံမဟုတ်)
၇။ ဗိုလ်မှူးကြီးဇော်မင်းဦး လုံခြုံရေးနှင့် နယ်စပ်ရေးရာ (စစ်တပ်)
၈။ ဦးရမ်မန်း စီးပွားရေး (CNP)
၉။ ဦးကျော်ငြိမ်း စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော (CPP)


Ref: မဇ္ဈိမ

Read More...

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်

ဦးမိုးဇော်
ကြာသပတေး, 07 ဧပြီ 2011

ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ နဲ့ မြန်မာ အစိုးရ တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ တလနီးပါး ရှိလာချိန်အထိ တိုက်ပွဲငယ်လေးတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။ မနေ့က မိုင်းရှူးမြို့နယ် အတွင်းမှာ တိုက်ပွဲငယ် တကြိမ် ဖြစ်ခဲ့ပြီးနောက် ဒုက္ခသည် ရာဂဏန်း လောက်ဟာ မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။ ရှမ်းတပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရတပ်ကြား ဖြစ်ပွားနေတဲ့ ပြောက်ကျား တိုက်ပွဲငယ်တွေဟာ အရင်က မြို့နယ် ၃ ခုလောက်မှာ ဖြစ်ပွားနေရာက အခုအခါ ၁၀ မြို့နယ်လောက် အထိ ကျယ်ပြန့်လာနေပြီလို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။ ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်တပ်မတော် (SSA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ အပစ်ရပ် ရှမ်းပြည် တပ်မတော် မြောက်ပိုင်းရဲ့ တပ်မဟာ ၁ တပ်တွေနဲ့ အစိုးရ တပ်ဖွဲ့တွေဟာ မိုင်းရှူးမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က တိုက်ပွဲတွေ စတင် ဖြစ်ခဲ့ရာက အခုချိန်ထိလည်း ငြိမ်းအေး မသွားသေးဘဲ တိုက်ပွဲငယ် လေးတွေဟာ ရက်ခြားဆိုသလို ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေကို ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပြပါတယ်။

“မနေ့ကနဲ့ ဒီနေ့ ထပ်ဖြစ်တာပဲ။ မိုင်းရှူးမြို့နယ် မိုင်းရှူးကနေ ၀မ်ဟိုင်းဌာနချုပ်ကို သွားတဲ့လမ်း ၀မ်ဟိုင်းရဲ့ တောင်ဘက် ၇ မိုင် ၈ မိုင်လောက်ပဲရှိမယ့် ကားလမ်းပေါ်မှာ ရှိတဲ့ ၀မ်ဆော့ရွာကြီးထဲမှာ သူက တိုက်နယ်ရွာပေါ့။ အဲဒီ ရွာကြီးထဲမှာ အခြေပြုနေတဲ့ နအဖတပ် အင်အား ၂၀၀ ကျော်ကို ရှမ်းတပ်ဘက်က သွားပြီးတော့ ပစ်တယ်။ အဲဒါ မနေ့က တမနက်လုံး ချကြတယ်တဲ့။ အသေအပျောက် အတိ အကျတော့ မသိသေးဘူး။ နအဖ တပ်တွေက ခပ်များများက တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် ဘုန်းကြီးကျောင်းက ၂ ကျောင်း ၃ ကျောင်းရှိတယ်။ သူက ၃-၄ ရပ်ကွက် ရှိတာကိုး။ အဲဒီ ၀မ်ဆော့ ရွာကြီးထဲမှာ ဘုန်းကြီးကျောင်း ၀င်းထဲကို အကုန်လုံး ပြေးဝင်ပြီးမှ နေရာယူ ထားကြတာပေါ့။ အဲဒါကြောင့် ရှမ်းတပ် ကလည်း မပစ်တော့ဘူး။ သံဃာတော်တွေ ထိမှာစိုးတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်း ပျက်စီးမှာလည်း စိုးရိမ်တယ်လေ။”

ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ရာနဲ့ချီတဲ့ ဒေသခံ ရွာသူရွာသားတွေဟာ မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင် ကုန်တယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။ ဒီလို ဒုက္ခသည်တွေ ထွက်ပြေးတဲ့ သတင်းကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

လွန်ခဲ့တဲ့လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ သံဃာတော်တွေနဲ့ ကိုရင်တွေ အပါအ၀င် အနည်းဆုံး အရပ်သား ၁၀ ယောက်လောက် ပျံလွန်၊ သေဆုံးပြီး ဒေသခံရွာသား ၇၀၀ လောက် မိုင်းရှူးမြို့ကို ထွက်ပြေးကြတယ်၊ နောက် ဘုန်းတော်ကြီး ကျောင်းတွေလည်း ပျက်စီး ခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ လလယ်လောက်က စတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ အရင်က မြို့နယ် ၃ ခုလောက်မှာ ဖြစ်ပွား နေရာက ဒီလ အတွင်းမှာတော့ မြို့နယ် ၁၀ ခုလောက်အထိ ပျံ့နှံ့နေပြီလို့ ဦးစိန်ကြည်က ပြောပါတယ်။

“အစကတော့ တိုက်ကြတာက ၃-၄ မြို့နယ်လောက်ပဲ ရှိတယ်လေ။ ဥပမာ တန့်ယန်းမြို့နယ်၊ မိုင်းယိုင်မြို့နယ်၊ ကျေးသီးမြို့နယ်၊ တခါတလေ လားရှိုးမြို့နယ် တစိတ်တပိုင်း၊ အခုဟာက ၁၀ မြို့နယ်လောက်အထိ ပျံ့နှံ့သွားပြီ။ ကျောက်မဲ၊ သီပေါ၊ လားရှိုးကားလမ်းရဲ့ အထက်ပိုင်းဘက်၊ ကားလမ်းရဲ့ မြောက်ဘက်ပိုင်းဘက်ကို အဲဒီဘက်မှာ သွားပြီးတော့ လှုပ်ရှားကြပြီ ရှမ်းတပ်က။ နမ့်ဆန်မြို့နယ်၊ မိုးမိတ်မြို့နယ်၊ သီပေါမြို့နယ် သီပေါရဲ့ မြောက်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၅ ရက်၊ ၆ ရက်က၊ ၂၈ ရက်နောက်ပိုင်းပေါ့။ အဲဒါကြောင့် အခု အားလုံးတွက်လိုက်မယ်ဆိုရင် ၉ မြို့နယ်၊ ၁၀ မြို့နယ်လောက် ပြန့်သွားပြီ၊ ဒီ ရှမ်းပြည်တောင်ပိုင်း၊ အလယ်ပိုင်းကနေ ဟိုးမြောက်ပိုင်းအထိပေါ့။”

ပြီးခဲ့တဲ့လအတွင်းက ဒီတိုက်ပွဲတွေမှာ မြန်မာစစ်အစိုးရဘက်က လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)၊ တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ ကျောက်မဲ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နဲ့ မိုင်းနောင်အ ခြေစိုက် စကခ ၂ က တပ်ရင်းတွေသာ ပါဝင် တိုက်ခိုက်ခဲ့ရာက အခုအခါမှာ တပ်မ ၃၃၊ ၅၅ နဲ့ ၉၉ က တပ်ရင်းတွေကိုပါ ထပ်မံ အင်အားဖြည့် လာတာကြောင့် ဒီစစ်ဆင်ရေးဟာ ရေရှည် ဆက်ဖြစ်နိုင်မယ်လို့ ဦးစိန်ကြည်က သုံးသပ်ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အပေါ် အခုလို သုံးသပ်ပါတယ်။

“တိုက်ပွဲတခုလုံး ခြုံပြောရရင်တော့ တိုက်ပွဲက ဖြိုးဖြိးဖြောက်ဖြောက်တော့ ဖြစ်နေတာ။ ပွဲကြီးတွေ မဖြစ်ဘူး။ မိုင်းအောတို့ မိုင်းရှူးတို့ ဆိုတာ မြို့နယ်တွေပါတယ်။ ကျေးသီးကလည်း မြို့နယ်၊ အဲဒီမရောက်ခင် လဲချားဆိုတာလည်း မြို့နယ်ငယ်တွေ အများကြီး ရှိတယ်။ အဲလိုမျိုးပြောရင် ၁၀ မြို့နယ် ကချင်မှတောင် ကမယ်။ သံလွင်မြစ်ရဲ့ အနောက်ဘက် ခြမ်းမှာရော အရှေ့ဘက် ခြမ်းမှာရော ဖြန့်ပြီးတော့ စစ်တွေ ဖြစ်နေတယ်။ ဒီဟာက ဗမာအစိုးရအတွက်တော့ သူ့ဘက်က ဖြေရှင်းနည်း မကောင်းဘူး ဆိုရင်တော့ ရှမ်းမြောက်နဲ့ ရှမ်းအလယ်တို့က မကြာခဏ တိုက်ပွဲတွေ ဖြစ်လာတဲ့ နေရာတွေ ဖြစ်လာတော့မှာ။ ဗမာအစိုးရ အနေနဲ့ ကိုပန်ဖတို့ကို တည်တည် ငြိမ်ငြိမ်နဲ့ ဆွေးနွေးဖို့ ကြိုးစားရင် ကြိုးစား၊ မကြိုးစားရင် ခုနက ကျနော်ပြောတဲ့ ခွင်ကြီး တခုလုံးကတော့ သိပ်တည် ငြိမ်အေးချမ်းမယ့်ပုံ မပေါ်ဘူးဗျ။”

တချိန်တည်းမှာတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀ ခုက မြန်မာအစိုးရ သစ်ဟာ အသွင် ကူးပြောင်းရေးကို လက်တွေ့ ပြသတဲ့ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားသလို KNU ခေါ် ကရင်အမျိုးသား အစည်းအရုံး ကလည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တောင်းဆို ထားပါတယ်။

Ref: VOA News

Read More...

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်ကို ချုပ်ကိုင်ဆဲ

Thursday, 07 April 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ကို ဖျက်သိမ်း၍ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လွှဲပြောင်းပေးပြီး ဖြစ်သော်လည်း တပ်မတော်ကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် နီးစပ်သူများက အတည်ပြု ပြောကြားသည်။

မတ်လ ၃၀ ရက်နေ့တွင် နအဖအဖွဲ့ကို ဖျက်သိမ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ သမ္မတသစ် ဦးသိန်းစိန်ကို အာဏာ လွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲပြောင်း ပေးခဲ့သည်။

ထိုသို့ လွှဲပြောင်းပေးပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာများကြားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ရာထူးနှင့် အစိုးရ အကြီးအကဲ ရာထူးများမှ အနားယူ သွားပြီဆိုသော သတင်းများ တွင်တွင် ကျယ်ကျယ် ထွက်ပေါ် ခဲ့ကြောင်း၊ သို့ရာတွင် နေပြည်တော် အခြေစိုက် ကာကွယ်ရေး ၀န်ကြီးဌာနက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်တပ် လိပ်မူထားသော လျှို့ဝှက်ဆိုသည့် စာတမ်းပါ တပ်မတော် ဆိုင်ရာ အစီရင်ခံစာများ တရားဝင် ထွက်ရှိနေကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအဝန်းက ပြောသည်။

နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက “အငြိမ်းစားဖြစ်သွားတဲ့ စစ်ဗိုလ်ချုပ် တဦးဆီ ဘာကိစ္စမှ တပ် အစီရင်ခံစာ ပို့ဖို့ မလိုဘူး။ အခုစစ်ရုံးကပို့တဲ့ အစီရင်ခံစာက ဗိုလ်ချုပ်မှူးကြီးကို လိပ်မူ အမည် တပ်ထားတယ်။ ဗိုလ်ချုပ်မှူးကြီးက ဇေယျာသီရိ စစ်ရုံးတွေ ဘက်မှာ ရုံးမထိုင်တာတော့ သေချာ ပြောနိုင်တယ်။ လောလောဆယ် ပို့နေတဲ့ အစီရင်ခံစာတွေ အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ကို တရားဝင် ချုပ်ကိုင် ထားဆဲပါ၊ အရေးပါနေဆဲပါ။ အငြိမ်းစား သွားတယ်၊ အနားယူတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု ပြောသည်။

အာဏာလွှဲပြီးနောက် မတ်လ ၃၁ ရက်နေ့တွင် အစိုးရသစ် တဖွဲ့လုံးကို ခေါ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားချက် သြဝါဒ ပေးကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသည် မတ်လ ၃၁ ရက်နေ့မှ စတင်အာဏာတည်နေပြီ ဖြစ်သော်လည်း သမ္မတရုံး၊ ကာကွယ်ရေး ၀န်ကြီးဌာနရုံး အပါအ၀င် နေပြည်တော်ရှိ အစိုးရ၀န်ကြီးဌာန ရုံးများ အားလုံးတွင် ချိတ်ဆွဲထားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံကို ဖြုတ်ချခြင်း မရှိကြောင်း သိရှိရသည်။

“တကယ်ဆိုရင် သမ္မတ ဦးသိန်းစိန်ပုံကို ချိတ်ရမှာ။ အခုထိ ဗိုလ်ချုပ်မှူးကြီးဓာတ်ပုံပဲ ချိတ်ထားတယ်။ ရုံးမှာလည်း ဓာတ်ပုံ လဲချိတ်ဖို့ ပြောဆို ဆွေးနွေးတာမျိုးလည်း မရှိဘူး။ အားလုံး အရင်အတိုင်းပဲ” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနမှ အရာရှိ တဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆေးမှူးများဖြစ်ကြသော ဗိုလ်ချုပ် နေဝင်း၊ ဗိုလ်မှူးချုပ် စိုးရှိန်နှင့် ဗိုလ်မှူးကြီး မြင့်ကြည်တို့ သည်လည်း ဗိုလ်ချုပ်မှူးကြီး အနီးတွင် ဆက်လက် တာဝန် ယူနေကြဆဲ ဖြစ်ကြောင်းလည်း သိရသည်။

စစ်တက္ကသိုလ် အမှတ်စဉ် ၁၉ ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ခန့်သည့် အပြင် စစ်တက္ကသိုလ် အမှတ်စဉ် ၁၇ ကျောင်းဆင်း ကာကွယ်ရေးဦးစီးချုပ် (လေ) ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအောင် တို့ကိုလည်း ဗိုလ်ချုပ်ကြီး ရာထူးသို့ တပြိုင်နက်တည်း အသီးသီး ရာထူး တိုးပေးခဲ့သဖြင့် စစ်တပ်အတွင်း အာဏာ ချိန်ခွင်လျှာ မျှနိုင်ရန် ဗိုလ်ချုပ်မှူးကြီးက လုပ်ဆောင် ထားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ် အသိုင်းအဝန်းက ပြောသည်။

နေပြည်တော် စစ်ဘက်ဆိုင်ရာနှင့် နီးစပ်သူတဦးက “မတ်လကုန်လောက်မှာပဲ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အဖြစ် ရာထူး တိုးတဲ့အချိန်၊ ကာချုပ်-ရေနဲ့ ကာချုပ်-လေတွေလည်း ဗိုလ်ချုပ်ကြီးရာထူး တခါတည်း တိုးပေးလိုက်တယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုပေမယ့် တပ်ကိစ္စတွေကို ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအောင်၊ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နဲ့ အတူ ပူးတွဲ ကိုင်တွယ်ရပုံရှိတယ်” ဟု ဆိုသည်။

ယခင်က တိုင်းမှူး၊ တပ်မမှူးများသည် စစ်ဘက်ဆိုင်ရာ ကိစ္စများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လူကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး သတင်း ပို့ရသော်လည်း ယခု အခါ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထံသို့သာ သတင်း ပို့ရတော့ကြောင်း သိရသည်။

သို့သော် အမှန်တကယ် အာဏာရှိသူမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာဖြစ်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဟန်ပြသာ ဖြစ်သည်ဟု စစ်တပ် အသိုင်းအဝန်း အတွင်းတွင်လည်း ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။

ယမန်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဒု ဝန်ကြီးချုပ်များကို သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားရာ၌ ဗဟို ချုပ်ကိုင်မှု စနစ်ကို ဖျက်သိမ်းရမည်ဟု ပြောသွားသော်လည်း လေ့လာ အကဲခတ် သူများကမူ အစိုးရသစ်အပေါ် သံသယ ရှိနေကြသည်။

Ref: ဧရာဝတီ်

Read More...

ဂျပန် အင်အားကြီးငလျင် ထပ်လှုပ်ပေမဲ့ ဆူနာမီ သတိပေးချက် ပြန်ရုပ်သိမ်း

ကြာသပတေး, 07 ဧပြီ 2011

ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့ညက အင်အားကောင်းတဲ့ ငလျင် ထပ်မံလှုပ်ခဲ့လို့ လျှပ်စစ်မီးတွေ ပျက်ပြီး ဂျပန် အရှေ့မြောက်ပိုင်း တလွှားမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန် ထားခဲ့ရပါတယ်။ လှုပ်ပြီး ၂ နာရီလောက် အကြာမှာတော့ အစိုးရက သတိပေးချက်ကို ရုပ်သိမ်းလိုက်ပေမဲ့ သတိရှိရှိ နေကြဖို့ အဲဒီဒေသမှာ နေထိုင်ကြတဲ့ သူတွေကို သတိ ပေးထားပါတယ်။

ပျက်စီးပြီးဖြစ်တဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံမှာ အရေးပေါ် အခြေအနေ ထပ်မံ ဖြစ်တယ်လို့ သတင်း မရသလို ထိခိုက် ဒဏ်ရာ ရသူတွေ ရှိတယ်လို့ မကြား သိရကြောင်း တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီ TEPCO က ပြောပါတယ်။

၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်က ဖူကူရှီးမား ဒေသမှာ ဒေသစံတော်ချိန် ည ၁၁ နာရီခွဲက လှုပ်ခဲ့ပြီး စက်ရုံ လုပ်သား တွေဟာ ချက်ချင်းပဲ အကာအကွယ် ရမယ့် နေရာတွေမှာ ခိုလှုံ ခဲ့ကြရပါတယ်။ အန္တရာယ် ကြီးလောက်အောင် အလွန် အကျွံ အပူများနေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ အေးအောင် နိုက်ထရိုဂျင်နဲ့ ရေကို ပက်သွင်း နေတယ်လို့ ဂျပန်နိုင်ငံ နျူကလီးယား စက်မှုလုပ်ငန်းနဲ့ လုံခြုံရေးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။

နောက်ဆုံးငလျင်ကြောင့် တခြား နျူကလီးယား စက်ရုံကို ပေးနေတဲ့ လျှပ်စစ် ဓာတ်အား လိုင်းတွေ အပေါ် သက်ရောက်မှု ရှိခဲ့ပေမဲ့ ဂျပန် အရှေ့မြောက်ပိုင်း မီယာဂျီ ခရိုင်မှာရှိတဲ့ အိုနာဂါဝ (Onagawa) နျူကလီးယား စက်ရုံမှာ ပြဿနာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေတော့ မရရှိပါဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ဆက်တွဲ ဒီငလျင်ဟာ ပြင်းအား ၇ ရှိပြီးတော့ ပင်လယ်ရေမျက်နှာပြင်အောက် ၂၄ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိ လေ့လာရေးဌာနက ဆိုပါတယ်။

ငလျင်လှုပ်တာကို တိုကျိုကနေ တော်တော်ကြီး ပြင်းအားကောင်းကောင်း ခံစားလိုက်ရပါတယ်လို့ အဲဒီမှာ ရှိတဲ့ ဗွီအိုအေ သတင်း ထောက်က ပြောပါတယ်။

Ref: VOA News

Read More...

Thursday, April 7, 2011

အစိုးရစစ်တပ်က SSA (မြောက်ပိုင်း) ကို ဆွေးနွေးရေးကမ်းလှမ်း

2011-04-06

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ထိုးစစ်တွေ မအောင်မြင်တဲ့ အတွက် စစ်အစိုးရ တပ်ဖက်က SSA မြောက်ပိုင်း တပ်ကို စေ့စပ်ဆွေးနွေးရေး ကမ်းလှမ်း လာတယ်လို့ သတင်း ရရှိပါတယ်။

အဲဒီလို စေ့စပ်ညှိနှိုင်းမယ်ဆိုရင် SSA မြောက်ပိုင်းတပ်ရဲ့ တပ်မဟာ (၁) နယ်မြေမှာ ဝင်ရောက် နေရာ ယူထားတဲ့ စစ်အစိုးရ တပ်တွေ အရင်ဆုံး ပြန်ပြီး ရုပ်သိမ်းရမယ်လို့ SSA မြောက်ပိုင်းအဖွဲ့က အကြောင်းပြန် ထားတယ်လို့လည်း သိရှိရပါတယ်။

ဒါ့အပြင် စစ်အစိုးရ ထိုးစစ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေကို ပြန်လျော်ဖို့နဲ့ SSA မြောက်ပိုင်း တပ်ကို သတ်မှတ် ပေးထားတဲ့ အရင်ရှိတဲ့ နယ်မြေ အတိုင်း ပြန်နေခွင့် ပြုရမယ်လို့ ပြန်ကြား ထားတာကိုလည်း SSA မြောက်ပိုင်းနဲ့ နီးစပ်တဲ့ သတင်း ရပ်ကွက်အရ သိရပါတယ်။

“သူတို့ရဲ့ ပျက်စီးဆုံးရှုံးမှုတွေ လျော်ကြေးပြန်တောင်းတယ်။ နောက် ရပ်ရွာတွေ ပျက်စီးတာတို့ ဒီ လက်နက်ကြီးနဲ့ ထုတာ ပေါ့လေနော်၊ ပြန်ပြီးတော့ ပေးဆပ်လျော်ရမယ်။ နောက် သူတို့ရဲ့ SSA လှုပ်ရှားတဲ့ ဂွင်ပေါ့၊ သတ်မှတ်ထားတဲ့ ဂွင်အတိုင်းပဲ သူတို့ နေသွားမယ်။ နဝတက ဘာပြောလဲ ဆိုတော့ နမ့်ပန်ချောင်း အရှေ့ဖက်ပေါ့နော်၊ မကျော်ပါနဲ့တဲ့။ သူတို့ တောင်းဆိုတာပေါ့။ စစ်ရေး ရပ်စဲမယ်၊ SSA က လက်မခံဘူး။”

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့တဲ့ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ SSA မြောက်ပိုင်း တပ်ကို စစ်အစိုးရ တပ်က ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကနေ စပြီး ထိုးစစ်ဆင်နေတာပါ။ စစ်ရေး သတင်းတွေအရ မတ်လ ၁၃ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ထိုးစစ်မှာ စစ်အစိုးရတပ်ဖက်က ၁၃ ယောက် ကျဆုံးတယ်လို့ သိရပါတယ်။

ဧပြီလ ၁ ရက်နေ့ကလည်း မိုင်းရယ်ဒေသခံ စစ်တပ်က လူထု အစည်းအဝေး တခု ပြုလုပ်ပြီး SSA မြောက်ပိုင်း တပ်ကို စစ်ကြောင်း မထိုးတော့ဘူးလို့ ပြောဆိုကြောင်း သိရပါတယ်။

ဆွေးနွေးပွဲ ကျင်းပဖြစ်ရင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ကိုယ်တိုင် တက်ရောက်မှာ မဟုတ်ပဲ ကိုယ်စားလှယ်ပဲ လွှတ်မယ် လို့လည်း ဆိုပါတယ်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်ခံထားတဲ့ SSA မြောက်ပိုင်း တပ်မဟာ (၃) နဲ့ တပ်မဟာ (၇) က အင်အား နည်းပြီး၊ အသွင် ကူးပြောင်းရေးကို လက်မခံတဲ့ တပ်မဟာ (၁) ဘက် မှာတော့ အင်အား ပိုများတယ်လို့ တိုင်းရင်းသား အဖွဲ့တွေက ပြောပါတယ်။
စစ်အစိုးရဟာ အပစ် ရပ်ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေထဲမှာ သူတို့ အမိန့်ကို မနာခံတဲ့ အဖွဲ့တွေထဲက အင်အား အနည်းဆုံး ကိုးကန့်အဖွဲ့ကို ထိုးစစ်ဆင် အနိုင်ယူပြီးတဲ့ နောက်မှာ ဒုတိယ အင်အား အနည်းဆုံးလို့ ယူဆတဲ့ ဗိုလ်ချုပ် ပန်ဖ ဦးဆောင်တဲ့ SSA မြောက်ပိုင်း တပ်ကို ထိုးစစ် ဆင်လာတာလို့ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေက သုံးသပ် ပြောဆိုကြပါတယ်။

Ref: RFA News

Read More...

မြန်မာနိုင်ငံကို အမေရိကန် ပိတ်ဆို့မှု ဆက်ထားမည်

ဗုဒ္ဓဟူး, 06 ဧပြီ 2011

မြန်မာပြည်မှာ စစ်အစိုးရကနေ အရပ်သား အစိုးရကို ပြောင်းလဲသွားပြီ ဆိုပေမဲ့လည်း အမေရိကန် ပြည်ထောင်စုက မြန်မာပြည်ကို ချမှတ် ထားတဲ့ အရေးယူ ပိတ်ဆို့မှု တွေကိုတော့ ဆက်ပြီး လုပ်ထားဦးမှာပဲလို့ အမေရိကန်ရဲ့ အရှေ့ အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောလိုက်ပါတယ်။

သူ့ရဲ့ အာရှခရီးစဉ်အတွင်း စင်ကာပူနိုင်ငံမှာ မနေ့တုန်းက သတင်းထောက်တွေကို မြန်မာပြည်နဲ့ ပတ်သက်ပြီး အခုလို ပြောခဲ့တာပါ။

လက်ရှိအခြေအနေတွေအရ အမေရိကန် ပြည်ထောင်စုက မြန်မာပြည်ကို ချမှတ်ထားတဲ့ ပိတ်ဆို့ အရေး ယူမှုတွေကို ပြန်ရုပ် သိမ်းဖို့ မသင့်တော် သေးဘူးလို့ ယူဆတဲ့ အကြောင်း မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောပါတယ်။

မြန်မာအစိုးရက ဘယ်လို လုပ်ဆောင်နေတယ် ဆိုတာကို ကျနော်တို့ စောင့်ကြည့်နေတယ်၊ ခေါင်းဆောင် ပိုင်းနဲ့ ထိရောက်ပြီး အကျိုးရှိတဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတာကိုလည်း လေ့လာ စောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ ခေါင်းဆောင်သစ်တွေနဲ့ အမေရိကန်ဘက်က ညှိနှိုင်းပြောဆိုဖို့ ကြိုးစားမယ့် အရေးကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံ အားပေးတယ်၊ ကျနော်တို့ဘက်ကလည်း အစိုးရ ခေါင်းဆောင် သစ်တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ရှိနေတာပါလို့ မစ္စတာ ကမ်းဘဲလ်က ပြောပါတယ်။

မြန်မာအစိုးရသစ်ရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုဖို့တော့ သိပ်ပြီး စောနေ သေးတယ် လို့လည်း ဆိုပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ မြန်မာပြည်ကို ၂ ကြိမ် သွားခဲ့ ဖူးပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖူးတဲ့ သူပါ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ရော တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် တချို့နဲ့ရော တွေ့ဆုံဖူးပါတယ်။ မစ္စတာ ကမ်းဘဲလ်ရဲ့ အခု အာရှ ခရီးစဉ်မှာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကိုလည်း သွားမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့