..............................

Monday, March 7, 2011

ကြံ့ခိုင်ရေး အမတ် ၂ ဦး ထုတ်ပယ်ခံရ

ကိုဝိုင်း
သောကြာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးပါတီဝင် အမတ်နှစ်ဦးမှာ ဧည့်နိုင်ငံသားများ ဖြစ်နေသဖြင့် လွှတ်တော် အမတ် အဖြစ်မှ သောကြာနေ့က ထုတ်ပယ် ခံလိုက်ရကြောင်း အမတ်များက ပြောသည်။

ထုတ်ပယ်ခံရသူများမှာ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဝင် အဖြစ် ယမန်နေ့က ခန့်အပ် ခဲ့သော ပဲခူးတိုင်း မဲဆန္ဒနယ်-၇ မှ ကြံ့ခိုင်ရေးအမတ် ဒေါ်ချိုနွယ်ဦးနှင့် ပဲခူးတိုင်း သနပ္ပင်မြို့နယ်မှ ကြံ့ခိုင်ရေး ပါတီ၏ ပြည်သူ့ လွှတ်တော် အမတ် ဦးအံ့ကြီးတို့ ဖြစ်သည်။

တရုတ်အမျိုးသားဖြစ်သော ဦးအံ့ကြီးသည် ကုန်သည် တဦးဖြစ်ပြီး ကြံ့ခိုင်ရေးတွင် တက်တက် ကြွကြွ ပါဝင် လုပ်ကိုင် ခဲ့သူဟု လူသိများသည်။

“သူတို့အချင်းချင်း ဘယ်လိုကလှော်ကြလည်း မသိပါဘူး။ သူက (ဦးအံ့ကြီး) FRC (Foreign Registration Card) တရုတ် ဆိုပြီးတော့ နုတ်ထွက် သွားတယ်။ အိပ်ယာလိပ် ပြန်သွားပြီ” ဟု အမတ် တဦးကပြောသည်။

ဒေါ်ချိုနွယ်ဦး နှုတ်ထွက် ကြောင်းလည်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမတ်များသို့ ကြေညာခဲ့သည်။

နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသား ဖြစ်သူသာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခွင့် ရှိကြောင်း ၂ဝဝ၈ ခုနှစ်က ပြဋ္ဌာန်း လိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ယခုမှ ဧည့်နိုင်ငံသားဖြစ်ကြောင်း ပေါ်ထွက်လာခြင်း အပေါ် အတိုက်အခံ ပါတီ အမတ်များ ကတော့ ပဟေဋ္ဌိ ဖြစ်နေသည်။

အမျိုးသားလွှတ်တော်မှ လစ်ဟသွားသည့် ကော်မတီဝင်နေရာကို အခြားကြံ့ခိုင်ရေး အမတ် အသက် ၆၃ နှစ် အရွယ် အနာကြီး ရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ ဦးခင်မောင်လေး (ပဲခူး-၈) နှင့် အစားထိုး လိုက်သည်။

မနက် ၁ဝ နာရီ၌ စတင်ပြီး ၁၁ နာရီကျော်ခန့်တွင်ပြီးဆုံးသည့် လေးရက်မြောက် လွှတ်တော် နှစ်ရပ်ကို သီးခြားခွဲ စည်းဝေး ကျင်းပကြသည်။ အစည်းအဝေး များမှ အဖွဲ့ဝင် ၁၅ ဦးစီပါသည့် လွှတ်တော် အခွင့်အရေး ကော်မတီများ ကိုလည်း ဖွဲ့စည်း အတည်ပြုခဲ့ကြသည်။

လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌများအဖြစ် ဥပဒေမူကြမ်း ကော်မတီ ဥက္ကဋ္ဌများနှင့် လွှတ်တော် ဒုဥက္ကဋ္ဌများ ဖြစ်ပြီးနေသော ဦးနန္ဒကျော်စွာ (ဒဂုံ) နှင့် ဦးမြညိမ်း (ရန်ကုန်-၇) တို့ကို ထပ်မံ ခန့်အပ် လိုက်သည်။

ထို့အပြင် အတွင်းရေးမှူးများအဖြစ် ပြည်သူ့လွှတ်တော်အတွက် ဦးလှမြင့်ဦး (ပျဉ်းမနား) ကြံ့ခိုင်ရေးနှင့် အမျိုးသား လွှတ်တော် အတွက် ဦးအောင်ငြိမ်း (မကွေး-၂) ကြံ့ခိုင်ရေး တို့ကို ခန့်အပ်သည်။

လွှတ်တော်အဖွဲ့အစည်းများ ဥပဒေအရ အမတ်တဦးသည် ကော်မတီ ၂ ခုတွင် ပါဝင်ခွင့် ရှိသော်လည်း လွှတ်တော် ကော်မတီများ ဆိုင်ရာ နည်းဥပဒေအရမူ ကော်မတီဝင် များသည် လွှတ်တော် ဒုဥက္ကဋ္ဌများ ဖြစ်ခွင့် မရှိသဖြင့် အမတ်များအကြား ဒွိဟ ဖြစ်နေကြသည်။

ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင်များမှာ ဦးစိုင်းဆောင်ဆီ (ကျောက်မဲ) SNDP၊ ဒေါ်မိမြင့်သန်း (ရေး) AMRDP၊ ဒေါက်တာသန်းဝင်း (မြောက်ဥက္ကဌလာ) NDF၊ ဦးစောသိန်းအောင် (လှိုင်းဘွဲ့) ဖလုံ-စဝေါ်၊ ဦးအေးဖေ (ကိုကိုကျွန်း) ကြံ့ခိုင်ရေး၊ ဒေါက်တာစိုးရင် (ကမာရွတ်) ကြံ့ခိုင်ရေး၊ ဦးမင်းဆွေ (ဒိုက်ဦး) ကြံ့ခိုင်ရေး၊ ဦးသိန်းလွင် (ချောက်) ကြံ့ခိုင်ရေး၊ ဒေါက်တာ စံလှိုင် (တောင်ကုတ်) ကြံ့ခိုင်ရေး၊ ဦးပိုက်ထွေး (ကံမ) ကြံ့ခိုင်ရေး၊ ဦးတင်မောင်ဦး (ရွှေပြည်သာ) ကြံ့ခိုင်ရေး၊ ဦးမြင့်စိုး (ပျော်ဘွယ်) ကြံ့ခိုင်ရေး၊ ဒေါ်နန်းနွံ (ရှားတော) ကြံ့ခိုင်ရေး တို့ဖြစ်သည်။ ထူးခြားချက်မှာ ယခင် ကော်မတီများတွင် ကြံ့ခိုင်ရေး ပါတီက ၁ဝ နေရာသာ ယူသော် လည်း ယခုမူ ၁၁ နေရာ ယူထားခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် လွှတ်တော်အခွင့်အရေးကော်မတီဝင် များမှာ ဂျေယောဝူ (ကချင်-၁၂) တစည၊ ဦးဘိုးရယ် (ကယား-၃) ကြံ့ခိုင်ရေး၊ စောတော်ပလဲ (ကရင်-၇) KPP၊ ဦးဝှေ့ယိန်း (ချင်း-၁၁) CPP၊ နိုင်ထွန်းအုံ (မွန်-၅) AMRDP၊ ဦးမြတ်ကို (စစ်ကိုင်း-၁၂) ကြံ့ခိုင်ရေး၊ ဦးတင်မောင်မြင့် (တနင်္သာရီ-၃) ကြံ့ခိုင်ရေး၊ ဦးရဲမြင့် (ပဲခူး-၄) ကြံ့ခိုင်ရေး၊ ဦးဝင်းမောင် (မန္တလေး-၂) ကြံ့ခိုင်ရေး၊ ဦးညွန့်တင် (ရန်ကုန်-၂) ကြံ့ခိုင်ရေး၊ ဦးနု (ရန်ကုန်-၁ဝ) ကြံ့ခိုင်ရေး၊ ဦးကျော်ကျော် (ရခိုင်-၂) RNDP၊ ဦးနေဝင်းထွန်း (ရှမ်း-၉) ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်တို့ ဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် စုစုပေါင်းအမတ် ၂၂၃ ဦးသာ ကျန်ရှိတော့ပြီး ယနေ့ တဦး ခွင့်ဖြင့် ပျက်ကွက်သည်။ ပြည်သူ့ လွှတ်တော်တွင် အမတ် စုစုပေါင်း ၄၃၃ ဦးသာ ကျန်ရှိတော့ပြီး ယနေ့ ခွင့်ဖြင့် တဦး ပျက်ကွက်သည်။

Ref: မဇ္ဈိမ

Read More...

Saturday, March 5, 2011

ထားဝယ် ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စိန်ခေါ်မှုများ

နိုင်ကျော်
Wednesday, 02 March 2011

၂၀၁၁ ခုနှစ်သို့ ဝင်ရောက်လာသည်နှင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစားများ၊ အသိ ပညာရှင်များ၊ အတတ် ပညာရှင်များ၊ မီဒီယာများ သာမက သာမန် ပြည်သူများပါ စိတ်ဝင်စား နေသည်မှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ကိစ္စဖြစ်သည်။ တဆက်တည်းတွင် အထူး စီပွားရေးဇုန် စီမံကိန်းလည်း အပါအဝင်ဖြစ်သည်။

ထိုစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၆၀၀ ကျော် အကုန်အကျ ခံကာ တည်ဆောက်မည် ဖြစ်သည်။ မြန်မာ နိုင်ငံအတွက် အကြီးမားဆုံး ရင်းနှီး မြုပ်နှံမှုဖြစ်လာမည့် စီမံကိန်း ဖြစ်သော်လည်း နအဖ စစ်အစိုးရသည် ပြည်သူအား အသိပေးခြင်း လုံးဝ မပြုလုပ်ခဲ့ပေ။ ၎င်းတို့ ထိန်းချုပ်ထားသည့် သတင်းဌာန၊ မီဒီယာများမှလည်း ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

မည်သူမဆို ကိုယ့်ဒေသ အမှန်တကယ် ဖွံ့ဖြိုး တိုးတက်လာမည်ဆိုလျှင် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြ ပေလိမ့်မည်။ ဂုဏ်ယူ ကြပေလိမ့်မည်။ ထားဝယ်ဒေသရှိ ပြည်သူများသည်လည်း ဝမ်းမြောက် ဂုဏ်ယူချင်ကြသူများ ဖြစ်မည်သာ။

သို့သော် ထို ဖွံ့ဖြိုးတိုးတက်မှုကို မည်သူတွေက မည်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကြသည်၊ မည်သို့သော အကျိုး အမြတ်များကို မျှော်ကိုး၍ လုပ်ကိုင်ကြသည်၊ ရင်းနှီး မြုပ်နှံကြသည်ကိုမူ အထူး သတိပြုရန် လိုပါသည်။

သေချာသည်မှာ ထိုဒေသရှိ ရေမြေ သယံဇာတများ အမြောက်အများ ပေးဆပ် လိုက်ရပေတော့မည်။ ထို့ အတွက်ကြောင့် မြန်မာ နိုင်ငံအတွက်၊ ထိုဒေသရှိ ပြည်သူများအတွက် အကျိုးကျေးဇူး မည်မျှ ရရှိမည်ကိုမူ အသေအချာ ဆန်းစစ်ရန် လိုအပ်ပေလိမ့်မည်။

ရေမြေ သယံဇာတများအပြင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးစံများကိုပါ ပေးဆပ်ရမည် ကိုမူ မည်သူမျှ သဘော တူနိုင်မည် မဟုတ်ပေ။ ထားဝယ်ဒေသရှိ ပြည်သူများသည်လည်း သဘောတူနိုင်ကြမည် မဟုတ်ပေ။

ရေမြေသယံဇာတများနဲ့ ထားဝယ်ဒေသ

ထားဝယ်ဒေသဆိုသည်မှာ ဟိုးယခင် နှစ်ပေါင်းများစွာကတည်းက ရေမြေသယံဇာတ များစွာပိုင်ဆိုင်သည့် ဒေသတခု ဖြစ်ပေသည်။

ထားဝယ်ဒေသရှိ ဟိန္ဒား၊ ကံပေါက်၊ ဟာမြင်းကြီး သတ္တုတွင်းများသည် ခဲမဖြူ၊ အဖြိုက်နက် အများဆုံး ထွက်ရှိသော နယ်မြေများဖြစ်သည်။ ထို့အပြင် ရွှေကြောများလည်း တွေ့ရှိထားသောဒေသ ဖြစ်သည်။ ရာဘာခြံ၊ ကွမ်းခြံ အမြောက်အများရှိသည်။ သဘာဝပုလဲ အကောင်းဆုံးထွက်ရှိသော ဒေသဖြစ်ပြီး ရေလုပ်ငန်းတွင်လည်း မွေးမြူရေးစီမံကိန်း အများအပြားရှိသော ဒေသလည်း ဖြစ်သည်။ ကျောက်နီမော် ပုစွန်မွေးမြူရေး လုပ်ငန်းသည်လည်း တနင်္သာရီတိုင်းတွင် အကြီးဆုံးမွေးမြူရေးစခန်းတခု ဖြစ်သည်။

၁၉၈၇ ခုနှစ်တွင် တနင်္သာရီကမ်းရိုးတန်း ရေလုပ်ငန်းအားလုံး၏ ဝင်ငွေ ၁၀ ရာခိုင်နှုန်း ရှာပေးမည့် ရေငန် ပုစွန်မွေးမြူရေး စီမံကိန်းကြီးတခုကို လောင်းလုံမြို့နယ်၊ ပြင်ကြီးကျွန်းတွင် စတင်အကောင်အထည် ဖော်ခဲ့ဖူးသည်။ တကန်လျှင် ၁၂၅ ဧကရှိသော ကန် ၆ ကန် တည်ဆောက်မည်ဖြစ်ပြီး ဒီရေအတက်အကျပေါ် မူတည်၍ သဘာဝဖြင့် အလိုအလျောက် ရေလဲလှယ်သောစနစ်ကို အသုံးပြုမည့် စီမံကိန်းဖြစ်သည်။ သို့သော်လည်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ချေးငွေရပ်ဆိုင်းလိုက်သည့်အတွက် စီမံကိန်းပျက်သွားခဲ့ရသည်။

မြန်မာနိုင်ငံတွင် အကောင်းဆုံး ပင်လယ်ကမ်းခြေဖြစ်သည့် မောင်းမကန် ကမ်းခြေ ရှိသည့် ဒေသလည်း ဖြစ်သည်။ သဲသောင်ပြင် ကျယ်ပြောခြင်း၊ သဲဖြူခြင်း၊ ကြည်လင်သော ရေဖြစ်ခြင်း၊ ပြေပြစ်သော ကမ်းခြေဖြစ်ခြင်း၊ ရေချိုတွင်းများရှိခြင်း၊ ရေပူစမ်း ရှိခြင်းတို့ကြောင့် အနားယူရန် အကောင်းဆုံး ကမ်းခြေအခု၏ သွင်ပြင် လက္ခဏာနှင့် ပြည့်စုံသည့် နေရာပင်ဖြစ်သည်။

သို့သော်လည်း နိုင်ငံခြားသားများ သွားလာခွင့် မပြုခြင်း၊ ခေတ်မီသော အပန်းဖြေ စခန်း တခု အဖြစ် တည်ဆောက်မှု မပြုခြင်း၊ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း၊ အာဏာပိုင်များက ဘန်ဂလိုပိုင်ရှင်များအား ပြန်လည် မွမ်းမံခွင့် မပြုခဲ့ခြင်းတို့ကြောင့် မောင်းမကန်ကမ်းခြေမှာ ထင်ရှားခြင်း မရှိခဲ့ချေ။

ထားဝယ်ဒေသသည် မိမိဘာသာစကား သီးသန့်ဖြင့် ပြောဆိုသော ဒေသတခု ဖြစ်သည်။ ထားဝယ် တိုင်းရင်းသား များတွင် ရိုးရာ အ၀တ်အစား၊ အစားအသောက်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ သီးခြားရှိပြီး အေးချမ်းစွာ နေထိုင်သော လူမျိုးဖြစ်သည်။ အများစုက ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး တခြားဘာသာ ကိုးကွယ်သူလည်း အနည်းငယ်ရှိသည်။ ကရင်၊ မွန်၊ ဗမာလူမျိုးများလည်း ရှိပြီး တတူတကွ ပူးပေါင်းနေထိုင်ကြသည်။

စီးပွားရေးအရ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ရာဘာခြံ၊ ကွမ်းခြံ၊ ဒူးရင်းခြံများတွင် လုပ်ကိုင်ခြင်း၊ သတ္တုတွင်း များတွင် လုပ်ကိုင်ခြင်းအပြင် ထိုင်းနိုင်ငံနှင့် ကူသန်းရောင်းဝယ်ရေး လုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။

ထားဝယ်ဒေသသည် သဘာဝက ပေးထားသော အမွေအနှစ်များ ကြွယ်ဝသည့် ဒေသ တခု ဖြစ်သောကြောင့် ဉာဏ်အမျှော်အမြင် ကြီးစွာဖြင့် စီမံ ဆောင်ရွက်မည် ဆိုလျှင် ထားဝယ်ဒေသ တခုတည်း အတွက်သာမက မြန်မာ တနိုင်ငံလုံး ဖွံ့ဖြိုး တိုးတက်ရေး အတွက်ပါ အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေမည့် ဒေသတခု ဖြစ်ပေသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း
၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်သည့် ပညာရှင်များက ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကနဦးလေ့လာမှု ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၀၈ ခုနှစ်မှ စ၍ ကနဦးလေ့လာမှုအဆင့် (Initial phase)၊ စမ်းသပ်ကွင်းဆင်း အဆင့် (Preparation Phase)နှင့် တည်ဆောက်မှု အဆင့် ၁ (Construction Phase 1)၊ အဆင့်၂ (Construction Phase 2)၊ အဆင့်၃ (Construction Phase 3) ဟူ၍ အဆင့် ၅ ဆင့်ခွဲ၍ စီမံကိန်း ရေးဆွဲခဲ့သည်။

စမ်းသပ်ကွင်းဆင်းအဆင့်သည် ၂၀၀၈ ဇွန်လ မှ ၂၀၀၉ နှစ်ကုန်အထိ တနှစ်ခွဲ စီမံကိန်းဖြင့် ပြုလုပ် ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများ အကြား မူဘောင် သဘောတူညီမှု စာချုပ် (Concession signing) ကို ၂၀၀၉ နိုဝင်ဘာလ ၂ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။

တည်ဆောက်ရေးလုပ်ငန်း အဆင့် ၁ ကို ၂၀၁၀ မှ ၂၀၁၄ အထိ ၅ နှစ်စီမံကိန်း ဖြင့်လည်းကောင်း၊ အဆင့် ၂ ကို ၂၀၁၃ မှ ၂၀၁၇ အထိလည်းကောင်း၊ အဆင့် ၃ ကို ၂၀၁၅ မှ ၂၀၁၉ အထိ လည်းကောင်း အသီးသီး စီမံကိန်းချ အကောင်အထည် ဖော်သွားမည်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းမှာ ၂၀၁၀ မှ ၂၀၁၉ အထိ ၁၀ နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်မည့် စီမံကိန်း ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန် နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချန ပူရီသို့ သွယ်တန်း ဖောက်လုပ်မည့် ၁၀၅ မိုင် အရှည်ရှိ ၈ လမ်းသွား စူပါ ဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝ ပိုက်လိုင်းများ ပါဝင်ပြီး နယ်ခြား ဝင်ထွက် ဇုန်တို့ ပါဝင်သည်။ ထို ဆက်သွယ် တည်ဆောက်ရေး ဆိုင်ရာ စီမံကိန်းများကို နှစ် ၆၀ သက်တမ်းရှိ BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့် အကောင်အထည် ဖော်မည် ဖြစ်သည်။

အထူးစီးပွားရေးဇုန်စီမံကိန်း
တည်ဆောက်ရေးလုပ်ငန်းများ အနေဖြင့် ၂၀၀၈ ခုနှစ် ဇွန်လမှ ၂၀၀၉ မေလ အထိ ၂၅၀ စတုရန်း ကီလို မီတာကို လွှမ်းခြုံနိုင်သည့် ကွင်းဆင်း စမ်းသပ်မှု (land site survey) များ ပြုလုပ်ခဲ့သည်။

စက်မှုဇုန် ဇုန် အေ (Zone A) မှ ဇုန် အက်ဖ် (Zone F) အထိ ဇုန် ၆ ခု သတ်မှတ်ပြီး တည်ဆောက်သွားမည် ဖြစ်သည်။

ဇုန် အေ တွင် ရေနက်ဆိပ်ကမ်း ၂ ခု နှင့် အကြီးစား စက်မှုလုပ်ငန်းဇုန်တို့ ပါဝင်သည်။ ထို ရေနက် ဆိပ်ကမ်း ၂ ခုတွင် တန်ချိန် ၂ သောင်းမှ ၅ သောင်းအထိ တင်နိုင်မည့် သင်္ဘော ၂၅ စီး တပြိုင်နက်တည်း ကုန်တင် ကုန်ချ လုပ်နိုင်မည့် ဆိပ်ခံတံတား ၂၂ ခု တည် ဆောက်မည်ဖြစ်သည်။ အကြီးစား စက်မှု လုပ်ငန်းတွင် သင်္ဘောကျင်း၊ ကုန်လှောင်ရုံ၊ သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ ကျောက်မီးသွေး စက်ရုံများ ပါရှိမည်ဖြစ်သည်။

ဇုန် ဘီ တွင် လောင်စာစွမ်းအင် ထုတ်လုပ်ရေး စက်ရုံများမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ သိုလှောင်ရုံ၊ ရေနံချက် စက်ရုံ၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ၊ ပြုပြင် ထိန်းသိမ်းရေး စက်ရုံ (combined cycle power plant) တို့ ပါဝင်သည်။

ဇုန် စီ တွင် ရေနံဓာတု ဆိုင်ရာ စက်မှုလုပ်ငန်းများ ပါဝင်သည်။ ဇုန် ဒီ တွင် အလတ်စား စက်မှု လုပ်ငန်းများ ဖြစ်သည့် အထည်အလိပ်စက်ရုံများ၊ ဆောက်လုပ်ရေး ပစ္စည်း စက်ရုံများ၊ ကားတာယာ စက်ရုံများ စသည်ဖြင့် ပါဝင်မည်ဖြစ်သည်။

ဇုန် အီး တွင် အပေါ့စား စက်မှုလုပ်ငန်းများဖြစ်သည့် အဝတ်အစား စက်ရုံများ၊ အစား အသောက် ထုတ်လုပ်ရေး စက်ရုံ၊ လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံ စသည်ဖြင့် ပါဝင်သည်။ ဇုန် အက်ဖ်တွင် ကုန်တိုက်များ၊ ကုန်သွယ်ရေး အဆောက်အဦများ၊ အုပ်ချုပ်ရေး အဆောက်အဦများ၊ ကျောင်းများ၊ ဆေးရုံများ၊ လူနေအိမ်ရာများ ပါဝင်သည်။

စီမံကိန်း၏ အကောင်း၊ အဆိုး သက်ရောက်မှုများ
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထိုဒေသအတွင်း ဖြစ်ပေါ်လာမည့် အကောင်း အဆိုး အကျိုး သက်ရောက်မှုများကို ကဏ္ဍများခွဲ၍ ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာ ဆန်းစစ်ကြည့်နိုင်သည်။

(က) ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
ထားဝယ်ဒေသမှ ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် စူပါ ဟိုင်းဝေး ကားလမ်း၊ ရထားလမ်းများ ပေါ်ပေါက်လာသည့် အတွက် ဒေသထွက် ကုန်စည်များ စီဆင်းမှု တိုးတက် လာမည်ဖြစ်သည်။ ယခင်က ကုန်ကြမ်းပစ္စည်းများ ထွက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေးကွက်သို့ မရောက်နိုင်ဘဲ ဖြစ်ခဲ့ရာမှ ယခုအခါ ကုန်ကြမ်း ပစ္စည်းများ ဈေးကွက်သို့ လျှင်မြန်စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။ ဥပမာ (ရာဘာ၊ ရေလုပ်ငန်းနှင့် မွေးမြူရေးထွက်ကုန်များ၊ စိုက်ပျိုးရေးထွက်ကုန်များ)

နောက် အကျိုးဆက်တခုအနေနှင့် စီးပွားရေးဇုန် အနီးတဝိုက်ရှိ မြေကွက်များ အဆမတန် ဈေးမြင့် တက်လာမည် ဖြစ်သည်။ လျှော်ကြေးငွေများ ရရှိနိုင်မည်။

သို့သော်လည်း မြေယာသိမ်းဆည်းမှုများ၊ ဒေသခံများ မောင်းထုတ်ခြင်း ခံရခြင်းများ ဖြစ်လာဖွယ် ရှိသည်။ ထိုသို့သော သာဓကများလည်း မြန်မာနိုင်ငံတွင် များစွာရှိခဲ့သည်။ သဘာဝ ဓာတ်ငွေ့၊ ရေနံ ပိုက်လိုင်းသွားရာ လမ်းတလျှောက် ဒေသခံများ ပိုင်ဆိုင်သည့် မြေယာများ၊ ခြံမြေများ၊ လူနေ အိမ်များကို လျှော်ကြေးမပေးဘဲ အတင်းအကျပ် ဖယ်ခိုင်းခြင်း၊ ရေကာတာ တည်ဆောက် ရာတွင်လည်း ဒေသခံများအား မောင်းထုတ်ခြင်း၊ စက်မှုဇုန်များ၊ ကမ်းခြေများ တည်ဆောက်ရာတွင်လည်း ထိုသို့ သိမ်းဆည်းမှု၊ မောင်းထုတ်မှုများ အမြောက်အများ ရှိခဲ့သည်ကို တွေ့ရှိရပြီး ဖြစ်သည်။

ထို့အပြင် နအဖ ကျင့်သုံးနေသည့် နောက်တနည်းမှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲ နေသည့် တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ပြီး ရွာသားများ ထွက်ပြေးစေသည့်နည်း ဖြစ်သည်။ ယခု စီမံကိန်း တွင်လည်း စီမံကိန်းဝင် ဒေသတလျှောက် ရွာအမြောက် အများကို ထိုးစစ်ဆင်ပြီး ရွာများကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရပေမည်။ ထို ထိုးစစ်ကြောင့် ကရင် လူမျိုးများနှင့် ဒေသခံများ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးပြီး ဒုက္ခသည်စခန်းများနှင့် နယ်စပ် ဒေသတွင် ခိုလှုံ၊ ပုန်းအောင် နေထိုင် ရသည်မှာ သောင်းချီရှိခဲ့သည်။

ဤသည်မှာ စီမံကိန်း မဖြစ်မြောက်မီ ကနဦး ခံစားရသော ဆိုးကျိုးသက်ရောက်မှုပင် ဖြစ်သည်။ တနည်းအားဖြင့် ကနဦးပေးဆပ် စတေး လိုက်ရသော အရင်းအမြစ်များပင် ဖြစ်ပေ တော့သည်။ ထိုဒေသ တလျှောက်ရှိ ပြည်သူများအနေဖြင့် ဆိုးကျိုး များကိုသာ ခံစား လိုက်ကြရသည်။

စီးပွားရေးဇုန်များ သတ်မှတ်လိုက်သည့်အတွက် ရုပ်ဝတ္ထုအကောင်အထည်များ သိသာစွာ မြင်တွေ့ လာရမည် ဖြစ်သည်။ ဒေသခံများ မမြင်ဖူးသည့် သင်္ဘောကျင်းများ၊ အဆောက် အအုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ကုန်တိုက်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ အသက်မွေးဝမ်းကျောင်း သိပ္ပံများ၊ ခေတ်မီသော စက်မှုမြို့တော်ကြီးတခု ရုတ်တရက် လျှင်မြန်စွာ ပေါ်ပေါက်လာသည်ကို တွေ့မြင်လာကြရမည်ဖြစ်သည်။

ဒေသခံများအနေဖြင့် ထိုသို့ပေါ်ပေါက်လာသော စက်မှုမြို့တော်ကြီးသို့ မည်သို့ချည်း ကပ်ရမည် ဆိုသည်မှာ ပထမဆုံး ကြုံတွေ့ရမည့် စိန်ခေါ်မှု တရပ်ပင် ဖြစ်သည်။

ဒေသဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေမှုစရိတ်လည်း မြင့်မားလာမည်ဖြစ်သည်။

ထိုဒေသအတွင်းနေထိုင်သူများ အလုပ်အကိုင်ရရှိဖို့ အခွင့်အလမ်း ကောင်းများ ရရှိလာမည် ဖြစ်သော်လည်း ဒေသခံများအများစုသည် အသိပညာ၊ အတတ်ပညာရှင်များ မဟုတ်သောကြောင့် လစာနည်း အောက်ခြေသိမ်းအလုပ်၊ အခြေခံအလုပ်များကိုသာ ရရှိကြပေမည်။

မြန်မာနိုင်ငံသားတဦး၏ အခြေခံလုပ်အားခမှာ မြန်မာကျပ်ငွေ ၃၅၀၀ ရရှိ နေကြသည်။ ယနေ့ ကုန်ဈေးနှုန်း အရဆိုလျှင် လူတယောက်၏ နေထိုင် စားသောက်စရိတ် လောက်ငှရုံသာ ဖြစ်သည်။ လတ်တလော ကာလတွင် အလုပ် လုပ်နေရသော မြန်မာပြည်များအား လုပ်ငန်းခွင် အတွင်း အနားယူရန် နေရာ ထိုင်ခင်းများ စီစဉ်ပေးခြင်း၊ ညအိပ်ညနေ အတွက် စီစဉ်ပေးရှိခြင်း၊ သက်သောင့်သက်သာ ဝယ်ယူ စားသောက်နိုင်ရန် စီစဉ်ပေးခြင်း စသည့် အလုပ်သမားများအတွက် လူမှုဖူလုံရေး အစီအစဉ်များလည်း မရှိခဲ့ပေ။

စီမံကိန်း ပြီးစီးပါက လူနေမှုအဆင့်အတန်း (living standard) မြင့်တက်လာသည် နှင့် အမျှ လူနေမှု စရိတ်လည်း မြင့်မား လာမည်သာဖြစ်သည်။ သို့အတွက် အခြေခံ အလုပ်သမားများ အနေဖြင့် ရရှိသော လုပ်အားခနှင့် ထိုမြင့်မားလာသော လူနေမှု စရိတ်များကို အမီ လိုက်နိုင်ရန် အတွက်မှာ ကြီးစွာသော စိန်ခေါ်မှု တခုပင် ဖြစ်သည်။

ယခင်က ထိုမျှဝင်ငွေမရကြသော်လည်း မိရိုးဖလာလုပ်ငန်းများ၊ အသား ကျနေပြီ ဖြစ်သော ပုံမှန်လုပ်ငန်းများဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်း ခဲ့ကြသည်။ တချို့ တံငါ လုပ်ငန်းများဖြင့် အသက်မွေးမြူကြရာ အစား အသောက်အတွက် ပူပင်ကြောင့်ကြရန် မလိုပေ။ စက်မှုမြို့တော်ကြီး ဖြစ်လာသောအခါ ရေလုပ်ငန်းနှင့် မွေးမြူရေုးလုပ်ငန်းများကို ငွေရှင်၊ ကြေးရှင်များက လက်ဝါးကြီး အုပ်လာမည်သာ ဖြစ်သည်။ ထိုအခါ ကိုယ့်လှေ၊ ကိုယ်ကျားဖြင့် ငါးဖမ်း၊ ကျားထောင်ရာမှ သူတပါး၏ အလုပ်သမားဖြစ်ကြရတော့မည်။ ထိုသို့ဆိုလျှင် ဖွံ့ဖြိုးလာသည့် အသီး အပွင့်တို့ကို ဒေသခံများ မည်မျှ ခံစားရမည်နည်း ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။

(ခ) ပညာရေးကဏ္ဍ
ပညာရေးကဏ္ဍကို ကြည့်လျှင်လည်း ပေါ်ပေါက်လာမည့် မစ်ရှင်ကျောင်းများ၊ ခေတ်မီသော သက်မွေး ပညာရပ် သင်တန်း ကျောင်းများကို ဒေသခံများ၏ မည်မျှသော ရာခိုင်နှုန်းက သင်ယူခွင့် ရရှိကြည်မည်နည်း။ ယခင်နှင့် မတူသည့် မြင့်မားလှသည့် ကျောင်းစရိတ်များ ကာမိအောင် မိဘများက စွမ်းဆောင် နိုင်ကြမည်လော။

ခေတ်နှင့်အမီ လိုက်နိုင်လောက်သည့် ဝင်ငွေရရှိမှသာ ထိုပညာရပ်များကို သင်ကြား နိုင်ခွင့် ရရှိကြမည် ဖြစ်သည်။

ထိုသို့မဟုတ်ပါက ယခင်ကဲ့သို့ ဘုန်းတော်ကြီး ပညာသင်ကျောင်းများ၊ အစိုးရ ကျောင်းများ တွင်ပင် ဆက်လက် ပညာ သင်ကြားရမည်သာ ဖြစ်သည်။ ထိုကျောင်းများ ဆက်ရှိလိမ့်မည် ဟုတ် မဟုတ်ကိုလည်း မည်သူမျှ မမှန်းဆ နိုင်သေးပေ။ ထိုအခါ ကွာဟလှသော ပညာရေးစနစ် ၂ ခုအကြားတွင် နိမ့်ကျသည့် ပညာရေးကိုပင် ဆက်လက် သင်ကြားရပေမည်။ အကျိုးဆက် အနေဖြင့် ဝင်ငွေ ကောင်းသော အလုပ်ရနိုင်ရန် အလှမ်း ဝေးနေလိမ့်ဦးမည်။ လတ်တလော စားဝတ် နေရေး ဖြေရှင်းရန် အတွက် အောက်ခြေ အလုပ်များကိုပင် မဖြစ်မနေ လုပ်ကြရ ပေတော့မည်။

ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းက ထိုဒေသခံများ၏ ပညာရေးမြင့်မား လာအောင် နောင်နှစ်ပေါင်း အတော်ကြာအောင် စောင့်ခိုင်း ပေတော့မည်။

(ဂ) သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကဏ္ဍ
သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကဏ္ဍအနေဖြင့် စက်ရုံကြီးများမှ ထွက်ရှိ လာမည့် မီးခိုးများ၊ စွန့်ပစ် ပစ္စည်းများကြောင့် ထိုဒေသတွင် သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ထိခိုက်မည်မှာ အသေအချာ ဖြစ်သည်။

ဤအချက်မှာ အစိုးရအနေဖြင့် အလေးအနက်ထားရမည့် ကိစ္စတခုဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရနှင့် လုပ်ငန်းရှင်များ အကြား မည်သို့သော စီမံကိန်းချ ဆောင်ရွက်ထားသည်၊ မည်သို့ သဘောတူညီချက်များ ရှိထားသည်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စီမံကိန်းများချမှတ်ထားခြင်းလည်း အသေအချာ မရှိသေးပေ။

ဆိုးကျိုးများအနေဖြင့် ထိုဒေသရှိ သစ်တောများပြုန်းတီးခြင်းနှင့် ဖြစ်ပေါ်လာမည့် အကျိုး ဆက်များ၊ မြစ်ချောင်းများ တိမ်ကောမှု၊ ရာသီဥတုမမျှတမှုစသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်ပေသည်။

ထိုမှတဆင့် ဒေသခံများ၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ်စရာ ကောင်းသော အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ် ရှိသည်။ အထက်တွင် ဖော်ပြခဲ့သကဲ့သို့ စက်မှုမြို့တော်ကြီး၏ အင်္ဂါရပ်နှင့် အညီ ကျန်းမာရေး စရိတ်စကလည်း အလွန်အမင်း တက်လာမည် ဖြစ်သောကြောင့် ဒေသခံများ ဆေးကုသခွင့် ရရှိရေးသည်လည်း ကြီးစွာသော စိန်ခေါ်မှု တရပ်ပင်ဖြစ်တော့မည်။

(ဃ) လူမှုရေးကဏ္ဍ
လူမှုရေးကဏ္ဍမှာ အဆိုးရွားဆုံး ရင်ဆိုင်ရမည့် စိန်ခေါ်မှုပင်ဖြစ်သည်။

ကိုယ့်ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာနှင့် နှစ်ပေါင်းများစွာ အသားကျ နေပြီ ဖြစ်သော ထိုဒေသခံများသည် လူမှုရေး စိန်ခေါ်မှု အသစ်နှင့် ရင်ဆိုင် ကြရပေမည်။ စီမံကိန်း စတင် အခြေချသည့် နဘုလယ်ထိန်ကြီး ရွာသည် ထားဝယ် ဒေသ၏ ဘာသာစကား၊ ယဉ်ကျေးမှု အနက်ဆုံး နေရာဖြစ်သည်။ ယခုတော့ ထိုဒေသကို ဝါးမြိုခြင်း ခံရပေတော့မည်။ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ လာရောက်မည့်၊ နိုင်ငံတကာမှ အမျိုးမျိုးသော မတူကွဲပြားသည့် လူမျိုးများ လာရောက် အခြေချမည့် ဒေသ ဖြစ်လာတော့မည်။

ထိုအခါ မည်သည့်ဘာသာစကားဖြင့် ပြောဆိုဆက်ဆံကြမည်နည်း။

ဖြစ်လာမည်မှာ အဓိကအားဖြင့် မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာ စကားသည် လူမျိုး တမျိုးနှင့်တမျိုး ဆက်ဆံရာတွင် လွယ်ကူသော ဘာသာစကားများ ဖြစ်၍ အသုံး အများဆုံး ဘာသာစကားများ ဖြစ်လာပေမည်။ နောင်နှစ်ပေါင်း ကြာလာသည်နှင့် အမျှ ဒေသခံ စကားဖြစ်သည့် ထားဝယ်စကား တစတစ မှိန်းမှိန် လာမည်ကိုတော့ စိုးကြောက်ရပေသည်။ ရှေးသာဓကများ အနေနှင့် ထားဝယ် ဒေသသို့ ပြောင်းရွှေ့ အခြေချလာသော အစိုးရ အမှုထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲ များသည် မြန်မာ ဘာသာဖြင့်သာ ပြောဆိုသည့် အတွက် ထားဝယ်သားများ အနေဖြင့် သူတို့အား မြန်မာ ဘာသာဖြင့်သာ ပြောဆို ဆက်ဆံခဲ့ရသည်။

သို့သော်လည်း ရုံးများ၊ မိုင်းတွင်းများတွင် အများစုမှာ ဒေသခံများဖြစ်သည့်အတွက် ပြောင်းရွှေ့ လာသော ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဆက်ဆံမှုမှ လွဲ၍ မိမိ ထားဝယ် ဘာသာ စကားဖြင့်သာ ပြောဆို ဆက်ဆံကြသည်။ ယခုအခါ ထိုသို့ မဆို စလောက်သော လူနည်းစု ပြောင်းရွှေ့လာမည် မဟုတ်ဘဲ၊ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ နေထိုင် အခြေချလာမည် ဖြစ်သည်။ ထိုအခါ မိမိဘာသာစကား သုံးစွဲမှုမှာ မသိမသာ တဖြည်းဖြည်းနှင့် တိမ်ကော ပျောက်ကွယ်မှာကို စိုးရိမ်စရာဖြစ်လာသည်။ ထိုနည်းတူစွာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများတွင်လည်း အခြားယဉ်ကျေးမှုများ အနည်းနှင့် အများဆိုသလို ထိုးဖောက် ဝင်ရောက်လာမည်သာဖြစ်သည်။

“မြေမြို၍ လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မည်” ဟု ဆိုင်းဘုတ်များ ရေးထားသည့် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာနကို သတိရမိသည်။ ထားဝယ်လူမျိုးများ အမြိုခံရတော့မည့် အရေး ကိစ္စကို ထိုလူဝင်မှု ကြီးကြပ်ရေး ဌာနက မည်သို့မျှ အရေးတယူ ဆောင်ရွက်လာတာ မတွေ့ရပေ။

တခြားလူမှုရေး ကဏ္ဍအနေဖြင့် မြန်မာနိုင်ငံတွင် ခေတ်အမီဆုံး မြို့ပြကြီး ဖြစ်ပေါ် လာသည်နှင့် အမျှ တပါတည်း ဖြစ်ပေါ်လာမည့် လူမှုဝန်းကျင်အသစ်လည်း ထပ်တူ ပေါ်ပေါက် လာမည်ဖြစ်သည်။ ဟိုတယ်များ၊ မိုတယ်များ၊ အပန်းဖြေစခန်များ၊ အနှိပ်ခန်းများ၊ ပျော်ပွဲစားရုံများ၊ ဗျစ်ရည်ဆိုင်များ၊ ပချုပ်ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ ညကလပ်များ စသဖြင့် ဇိမ်ခံလူတန်းစားများအတွက် အသုံးအဆောင်အင်္ဂါရပ်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုစားသုံးသူများ၏ လိုအင်ကို ဖြည့်ဆည်းပေးရန် အလို့ငှာ ထိုနေရာများတွင် ထားဝယ်၊ မြန်မာ အမျိုးသမီးများစွာ ပျော်တော်ဆက်အဖြစ် ဝင်ရောက် အလုပ် လုပ်ကိုင်ကြရ ပေလိမ့်မည်။

မြန်မာနိုင်ငံတွင် ထိုအခြေအနေကို လိုက်လျောညီထွေစွာ လိုက်ပါနိုင်ရန် လူမှုရေး စောင့်ရှောက်မှု စနစ် (Social welfare system) အဆင်သင့် မဖြစ်သေးပေ။ ဇိမ်မယ်များကို တွေ့ရှိပါက ဖမ်းဆီး အရေး ယူခြင်းများကို ပြုလုပ် နေသော်လည်း ကူညီ စောင့်ရှောက်မှု ပေးရမည်ကိုမူ လျစ်လျူရှု ထားခဲ့သည်။ ညကလပ်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေ ဆိုင်များကိုလည်း တရားဝင် မှတ်ပုံတင်ခြင်း မဟုတ်ဘဲ နားလည်မှု များဖြင့်သာ ဖွင့်ခွင့် ပေးထားခဲ့သည်။

ထိုအခြင်းအရာများသည် အမျိုးသမီးများအား အလွယ်အကူ ပျက်စီးအောင်၊ ကူးစက် ရောဂါများ ပိုမိုပြန့်ပွားအောင် အထောက်အကူပေးသလို ဖြစ်နေပေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ထိုအခြေအနေများကို လိုက်ပါနိုင်အောင် လူမှုရေးစောင့်ရှောက်မှုစနစ် မြှင့်တင် ပေးခဲ့သည်။ မြှင့်တင်ပေးရန်လည်း လိုအပ်သည့် ဓနအင်အားရှိကြသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဟုဆိုသော်လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဆင့်မှ တက်ရောက်နိုင်ခဲ့ခြင်း မရှိသေးချေ။ သို့အတွက် မည်သို့သော ကာကွယ်စောင့်ရှောက်မှုစနစ်များ ထားရှိမည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ မြန်မာအမျိုးကောင်း သားသမီးများအတွက် ရင်လေးစရာ စီမံကိန်းပင်။

(င) အကျိုးအမြတ်များကို ခံစားရာတွင်
ထိုဒေသမှ ရရှိသော အကျိုးအမြတ်အများစုကို နိုင်ငံတော်မှ ရရှိမည်ဖြစ်သည်။ နိုင်ငံတော် ဆိုသည်မှာ နိုင်ငံတော် ဘဏ္ဍာထဲသို့ ရာခိုင်နှုန်းမည်မျှ ရောက်ရှိသွားမည်ကိုမူ မည်သူမျှ ခန့်မှန်း နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် စစ်အစိုးရနှင့် စာချုပ်ချုပ်ဆိုထားသည်ဖြစ်ရာ ထိုစီမံကိန်းဆိုင်ရာ ကိစ္စ အဝဝကို စစ်တပ်မှသာ ကိုင်တွယ် လိမ့်မည်ဟု သိရှိနေကြပေသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှနေ၍ စစ်ဗိုလ်ချုပ်ကြီးများ၏ အိပ်ကပ်ထဲရောက် သွားမည့် ငွေကြေး ပမာဏမှာ များစွာရှိပေလိမ့်မည်။

ဖြစ်ပေါ်လာသည့် အစိုးရသစ်ဆိုသည်မှာလည်း စစ်ဗိုလ်ချုပ်များ ဆက်လက်လွမ်းမိုး နေဦးမည်သာ ဖြစ်သောကြောင့် ထူးခြားသော ပြောင်းလဲ ကိုင်တွယ်မှုများ ဖြစ်ပေါ်လာ မဟုတ်ပေ။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများပြီးစီး သွားပါက ရရှိ လာမည့် အကျိုးအမြတ်များသည် နိုင်ငံတော်နှင့် တိုင်းသူပြည်သားများအတွက် မည်သို့သော အကျိုး ကျေးဇူးများ ခံစားရမည်နည်း။ နှစ်ပေါင်း မည်မျှ ခံစားရမည်နည်း ဆိုသည့် မေးခွန်းများ၏ အဖြေကို နိုင်ငံတော် အစိုးရမှ ပြန်ကြားရန် တာဝန်ရှိပေသည်။ သို့သော် ယနေ့အထိ ပျက်ကွက်နေသည်သာ။

လေ့လာသူများအနေဖြင့် နီးစပ်ရာ အချက်အလက်များ ရှာဖွေ၍ ဆောင်းပါးများ၊ စစ်တမ်းများ၊ အစီရင် ခံစာများ ရေးသား နေခဲ့ကြရသည်။ ဤသည်မှာ တာဝန်ရှိသူ အစိုးရအနေဖြင့် အလွန် ရှက်စရာ ကောင်းသော လုပ်ရပ်ဖြစ်သလို တာဝန်မဲ့ရာလည်း ကျနေပါသည်။ ပြန်ကြားရန် မဖြစ်နိုင်သည့် လာဘ်စားမှုများ၊ ကိုယ်ကျိုးစီးပွားများ ရှိနေ၍သာ ထိုသို့ ပြန်ကြားရန် ပျက်ကွက်ခြင်း ဖြစ်သည်ဟု ယူဆနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ ပြီးစီး သွား၍ ပေါ်ပေါက်လာမည့် စက်မှုမြို့တော်ကြီး ဆိုသည်မှာ စစ်ဗိုလ်ချုပ် မိသားစု ဆွေမျိုးများသာ ပိုမို ခေတ်မီ ဖွံ့ဖြိုးတိုးတက် သွားပြီး၊ ဒေသခံများကမူ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ရေးရာ စသည့် ကဏ္ဍအသီးသီးတွင် ဘက်ပေါင်းစုံ ဆုတ်ယုတ်ကျဆင်းစေမည့် စိန်ခေါ်မှုများစွာနှင့်အတိ ဖြစ်နေပါပြီ။

ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အကောင်အထည်ဖေါ်မည်ဆိုလျှင် ယေဘုယျ အားဖြင့် ပြောရလျှင် နိုင်ငံ တနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများဖြင့် အကောင်အထည် ဖော်သည်မှာ ကောင်းပါသည်။ သို့သော် မိမိ တိုင်းပြည် အခြေအနေနှင့် ကိုက်ညီစွာ အဆင့်ဆင့် အကောင်အထည် ဖော်ရပေမည်။

ထိုသို့ အဆင့်ဆင့် အကောင်အထည် ဖော်နိုင်ရန်အတွက် တိုင်းပြည် တပြည်တွင် တနိုင်ငံလုံး အတိုင်း အတာနှင့် စီးပွားရေး အခြေခံ အဆောက်အအုံ (Infrastructure) များ ဦးစွာ တည်ဆောက် ထားရမည်ဖြစ်သည်။

ထိုစီးပွားရေးအခြေခံ အဆောက်အအုံများတွင် ခိုင်မာသည့် ငွေကြေး စနစ်နှင့် ဘဏ်စနစ်၊ နိုင်ငံရေး တည်ငြိမ်မှု၊ ဥပဒေပြု စနစ်၊ တရားစီရင်ရေး စနစ်၊ အစိုးရ ယန္တရား စသည်တို့ ပါဝင်သည့် အဖွဲ့ အစည်းဆိုင်ရာ အခြေခံ အဆောက်အအုံ (Institutional Infrastructure) များ၊ ဆေးရုံနှင့် ကျန်းမာရေး ဝန်ဆောင်မှု၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ် ကောလိပ်များ၊ လူမှု ဖူလုံရေးစနစ်များ စသည့် လူမှုရေးအခြေခံ အဆောက်အအုံ (Social Infrastructure) များ၊ ပြတိုက်များ၊ စာကြည့်တိုက်များ ပါဝင်သည့် ယဉ်ကျေးမှုအခြေခံ အဆောက်အအုံ (Cultural Infrastructure) များ ပါဝင်ပေသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေရုံသာမက စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် အတွက် ကနဦးလိုအပ်ချက်ဖြစ်သည့် နိုင်ငံရေး တည်ငြိမ်မှု ရှိသည့် နိုင်ငံလည်း မဟုတ်သည့် အပြင် ဖော်ပြခဲ့သည့် အခြေခံ အဆောက်အအုံများလည်း မရှိသေးပေ။

ထိုသို့ဆိုလျှင် “အလှမ်းကျယ် အလယ်လတ်”၊ “ဝမရှိဘဲ ဝိ လုပ်”၊ “(ဟိုဟာ) မနိုင်ဘဲ ပဲကြီးဟင်းစား” ဆိုသည့် ဆိုရိုး စကားများအတိုင်း တိုင်းပြည်ဖွံ့ဖြိုးရေး တိုးတက်ရေး မဖြစ်ဘဲ ဒေသတခုတွင် စီးပွားရေးဇုန် စီမံကိန်း ပြုလုပ်ခြင်းသည် ဒေသခံ ပြည်သူများရော၊ နိုင်ငံတနိုင်ငံလုံးပါ ဆိုးကျိုး ဆုတ်ယုတ်မှုများကို ရိုက်ခတ် ခံစား ကြရပေတော့မည်။

Ref: ဧရာဝတီ်

Read More...

Friday, March 4, 2011

ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

Thursday, 03 March 2011

အောင်လင်းထွဋ် 

လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့တူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံမှာ ထည့်သွင်း ဆွေးနွေးခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးထားတဲ့ ဥပဒေကို ၂၀၀၈ အခြေခံ ဥပဒေမှာ ဘာကြောင့် ထည့်သွင်း ခဲ့ရပါသလဲ။ ဘယ်သူကိုမှ မတိုင်မပင်ဘဲနဲ့ ကော်မရှင် အဖွဲ့ဝင် ဦးသောင်းညွန့် (ဥပဒေပညာရှင်နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်) ကို သူ့အခန်းထဲ ခေါ်ပြီး ဘာဖြစ်လို့ ရေးခိုင်း ရပါသလဲ။

ဘုရားတရား ကြည်ညိုတဲ့ ဦးသောင်းညွန့် ငါးပါးသီလကံကို ချိုးဖောက်ခဲ့ရလို့ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ အကြောင်း နေပြည်တော် အတွင်းစည်းထဲက သတင်းတွေ ကျနော့်ထံ ရောက်လာခဲ့ပါတယ်။

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၄၊ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ၊ အပိုဒ် ၄၄၅ မှာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် နဝတနှင့် နအဖတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင် တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရလို့ ဖော်ပြထားပါတယ်။)

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ကျနော် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ တာဝန် ထမ်းဆောင်နေစဉ် ကာလက အဖြစ် အပျက်လေး တခုကို သွားပြီး သတိရမိပါတယ်။ ၂၀၀၁ ခုနှစ်တွင်းက သံရုံးအမှုထမ်း တဦး မြန်မာနိုင်ငံကနေ အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

ဒီသံတမန်က ကျနော့်အတွက်၊ အထက်က ဗိုလ်မှူးအတွက် အရေးတကြီး သတင်း စုံစမ်းဖို့ ညွှန်ကြားချက် ပေးလိုက်တယ်လို့ ပြောတော့ ဘာလဲလို့ ကျနော်က မေးမိတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ အထိ စဉ်းစား နေတာ ရှိမရှိ သိချင်တယ်၊ အမြန်စုံစမ်းပြီး အကြောင်း ပြန်ပေးပါလို့ ညွှန်ကြား လိုက်ကြောင်း ပြောပါတယ်။ ကျနော် ပြုံးမိလိုက်တယ်။

သြော် … ကိုယ်ခံရမှာကျတော့ ကြောက်တတ် လိုက်တာ၊ သူတပါးတွေကျတော့ “အပြတ် ရှင်းပစ်လိုက်၊ အစိတ်သားတောင် မချန်နဲ့၊ ကုလား၊ လူမှမဟုတ်တာ၊ အမြင့်ဆုံး ထောင်ဒဏ် ချလိုက်” ဆိုပြီး အမိန့်တွေ ပေးနေတဲ့ ဗိုလ်ချုပ်မှူးကြီးရယ်။

အဲဒီအချိန်က ကမ္ဘာမှာ ယူဂိုဆလားဗီးယား သမ္မတဟောင်း မီလိုဆီဗစ်၊ လိုက်ဗေးရီးယား သမ္မတဟောင်း ချားလ် တေလာ၊ ကမ္ဘောဒီးယား အာဏာရှင်ဟောင်း ပိုပေါ့၊ ဆူဒန်သမ္မတ ဘတ်ရှီးယားတို့ နိုင်ငံတကာ တရားရုံးမှာ အမှု ရင်ဆိုင်နေချိန် ဖြစ်လို့ သူ့အလှည့်များ ဘယ်တော့ ရောက်မလဲ ဆိုတာကို စိုးရိမ်လို့ စုံးစမ်း ခိုင်းလိုက်တယ် ဆိုတာ ကျနော် နားလည် လိုက်ပါတယ်။

ကျနော်လည်း ဝတ်ကျေတန်းကျေပဲ လောလောဆယ် အခြေ အနေမှာတော့ အမေရိကန် နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဝါရှင်တန်ဒီစီက ပင်တဂွန် စစ်ဌာနချုပ်နဲ့ နယူးယောက်က World Trade Center အတိုက် ခံနေရလို့ မြန်မာနိုင်ငံကို စိတ်မဝင်စား နိုင်သေးဘူးလို့ သတင်း ပြန်ပို့ ပေးခဲ့ရတယ်။

စက်တင်ဘာ ၁၁ အရေးခင်းဟာ ဗိုလ်ချုပ်မှူးကြီးအတွက် ဝမ်းသာစရာ ဖြစ်ခဲ့ရတယ်။ ဘယ်လောက် ဝမ်းသာသလဲ ဆိုရင် တခြား နိုင်ငံတွေက ခေါင်းဆောင် အသီးသီး အမေရိကန် သမ္မတ ဂျော့ ဘုရှ်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ အသီးသီး ပို့နေကြတဲ့ အချိန်၊ ကျနော်တို့က ပို့ဖို့တင်ပြတော့ ဟိုလိုလို ဒီလိုလို လုပ်ပြီး အချိန် အတော်ကြာသည် အထိ မပို့ဘူး။ နောက်ဆုံး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန Burma Desk က သံရုံးကို မေးလို့ မြန်မာနိုင်ငံကို ပြန်ပြောတော့မှ မပို့ချင်ပို့ချင်နဲ့ ဗိုလ်ချုပ်မှူးကြီးက ပို့လိုက်တယ်။

ဗိုလ်ချုပ်မှူးကြီး ဘာဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရသလဲ ဆိုရင် ပြည်သူ လူထု အပေါ်မှာ ရက်ရက် စက်စက် လုပ်ခိုင်းခဲ့တဲ့ အပေါ် သူကိုယ်တိုင် တာဝန် မယူရဲလို့ပဲ။ သူ တိုက်ရိုက်၊ သွယ်ဝိုက် အမိန့် ပေးခဲ့တာတွေကို ပြောရရင်တော့ ၁၉၉၃ ခုနှစ် ဧပြီလမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော နယ်မြေမှာ ရိုဟင်ဂျာ ၄၀၀ ကျော်ကို ရှင်းပစ်ဖို့ အဲဒီအချိန်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့် (နောင် အတွင်းရေးမှူး ၃၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်) ကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့် ပေးခဲ့တယ်။

အဲဒီတုန်းက ရိုဟင်ဂျာ သောင်းကျန်းသူတွေက ဘူးသီးတောင် မောင်းတော နယ်မြေမှာ တနေ့တည်းမှာ မိုင်း ၁၈ လုံးခွဲပြီး ဝင်ရောက် ပစ်ခတ်ခဲ့လို့ စစ်တပ်က ပြန်ပြီး စစ်ဆင်ရေး လုပ်တဲ့ အခါ သူပုန်ရော အရပ်သားပါ စုစုပေါင်း လူ ၄၀၀ ကျော် အရှင် ဖမ်းဆီးရမိတယ်။ စစ်ရုံးချုပ်ကို သတင်းပို့တော့ “ကုလား၊ လူမှမဟုတ်တာ ရှင်းပစ်” လို့ အမိန့်ပေးခဲ့တယ်။

၁၉၉၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသား ညီလာခံက ထွက်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက NLD ကို အကြီးအကျယ် ဒေါသထွက်ပြီး NLD ဆိုရင် ဆွေမျိုး အစဉ်အဆက် ကြောက်သွားအောင် နည်းမျိုးစုံနဲ့ အကျပ် အတည်းဖြစ်အောင် လုပ်ဖို့ ထောက်လှမ်းရေးကို ခိုင်းစေခဲ့တယ်။

၁၉၉၆ ခုနှစ်ထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာရှိတဲ့ စစ်တပ် အင်အားတွေကို သုံးပြီး ရွာတွေရွှေ့ခိုင်းတာမှာ မလိုက်နာရင် အစိတ်သား (၂၅ ကျပ်သား) ဝမ်းဗိုက်ထဲက ကလေးတောင် မချန်နဲ့လို့ အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့တယ်။

၁၉၉၈ ခုနှစ် မေလမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ် ကြည်မင်း (ရေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် မြင့်ဆွေ (လေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် သူရမြင့်အောင် (စစ်ရေးချုပ်ဟောင်း)၊ ဗိုလ်မှူးကြီး ဇော်မင်း (အမှတ် ၁ လျှပ်စစ် ဝန်ကြီး) တို့ကို ခရစ္စတီးကျွန်းမှာ အပြစ်မဲ့အရပ်သား အမျိုးသား၊ အမျိုးသမီး၊ ကလေး ၈၁ ယောက်တို့ကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ အဲဒီခရစ္စတီးကျွန်းမှာ ကျနော်ကိုယ်တိုင် ရှိနေတာကြောင့် သက်သေ ထွက်ဆိုနိုင်ပါတယ်။

၂၀၀၃ ခုနှစ် ဒီပဲရင်းကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဒေါ်အောင်ဆန်း စုကြည်ကို လုပ်ကြံဖို့ ဗိုလ်ချုပ် စိုးဝင်း (ဝန်ကြီးချုပ်ဟောင်း)၊ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) တို့ကို ခိုင်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး ဟောင်းများ၊ တပ်မတော် အရာရှိများ၊ ရဲ အရာရှိများက သက်သေ ထွက်ဆိုနိုင်ပါတယ်။ ဒါတွေက ကျနော် သိတာတွေပါ။ တခြား လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ ပြည်သူ လူထုတွေ သိတာ အများကြီး ရှိပါလိမ့်ဦးမယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဘုရားသားတော်တွေကို သတ်ဖြတ်ညှင်းဆဲ တဲ့ ကိစ္စ ကတော့ ကမ္ဘာကျော် ကိစ္စတခုပါ။ ဒီလို မတရားပြစ်မှုတွေ အများကြီး ကျူးလွန်ထားတဲ့ အတွက်ကြောင့်လည်း နိုင်ငံတကာ တရားရုံးကို အရမ်း ကြောက်ခဲ့တာ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား တင်ပြတဲ့ စုံးစမ်း စစ်ဆေးရေး အဖွဲ့သာ မြန်မာ နိုင်ငံအတွင်း ဝင်ရောက် စစ်ဆေးခွင့် ရမယ်ဆိုရင် ဒီထက်ပိုပြီး အကြောင်းစုံကို သိနိုင်မှာပါ။

ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခိုးကြောင် ခိုးဝှက်နဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးထားတဲ့ ဥပဒေအား ၂၀၀၈ အခြေခံဥပဒေမှာ ထည့်ခဲ့တယ် ဆိုတာကို အသိ ပေးလိုက်ပါတယ်။

ဒါပေမယ့် “စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးဟာ အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်ဖြစ်တဲ့ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန် အရှိဆုံးပါ၊ ရှောင်လို့ မရဘူးဆိုတာကို သတိ ပေးလိုက်ပါတယ်”။

ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အာဏာရှင် တိုင်းပြည်တွေနဲ့ မြန်မာပြည်ရဲ့ အခြေအနေကို နှိုင်းယှဉ် ကြည့်မယ် ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီလို ရက်စက် ယုတ်မာတဲ့ လူစားမျိုးပါ။ ဒီလို လူမျိုးကိုလည်း မြန်မာ့ တပ်မတော်အနေနဲ့ လစ်ဗျား တပ်မတော်ကဲ့သို့ ဆက်လက် သစ္စာ မခံသင့်တော့ပါဘူး။

မြန်မာ့တပ်မတော်အတွင်းက လူစွမ်းကောင်းများ ထွက်ဖို့ လိုနေပါပြီ။ မြန်မာ ပြည်သူတွေ ဘက်က ရပ်တည်ရမယ့် အချိန်ကို ရောက်နေပါပြီ။ ပြည်သူ လူထုနဲ့ ပူးပေါင်းပြီး အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုကို လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့ မိသားစုလို နိုင်ငံတကာ စစ်ခုံရုံး ပို့ပြီး အရေးယူနိုင်ရေး ဝိုင်းဝန်း ကြိုးစားကြပါ စို့လို့ တိုက်တွန်း လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုကို ဥပဒေအရ လုံးဝ (လုံးဝ) လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ပါ။ ။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။

Ref: ဧရာဝတီ်

Read More...

မြန်မာနိုင်ငံအပေါ် ကုလစုံစမ်းရေးကော်မရှင် ဖွဲ့ရေး အိမ်ဖြူတော်မှာ ဆွေးနွေး

2011-03-03

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ဖို့ အမေရိကန် နိုင်ငံက ဘယ်လို ကူညီ ဆောင်ရွက် နိုင်သလဲဆိုတဲ့ ဆွေးနွေးပွဲတရပ်ကို မတ်လ ၂ ရက်က အမေရိကန် သမတ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အမေရိကန် သမတ အိမ်ဖြူတော်ရဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသား လုံခြုံရေး ကောင်စီ အကြီးတန်း ညွှန်ကြားမှူး တဦးဖြစ်သူ Ms. Samantha Power က US Campaign for Burma အဖွဲ့အပါအဝင် A.I အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့၊ HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့ကို ဖိတ်ကြားပြီး ဆွေးနွေး ခဲ့ကြောင်း US Campaign for Burma အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်းရေးမှူး မစ္စတာ ကင်တားနား ကလည်း မတ်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာကို တင်သွင်း လိမ့်မယ်။ အဲဒီလို တင်သွင်းပြီးတဲ့ အခါမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂ နိုင်ငံများက ပူးတွဲပြီးတော့ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို တင်သွင်းဖို့လည်း ရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ကို ရှင်းပြတယ်၊ ကျွန်တော်တို့ ကလည်း ကျွန်တော်တို့ သိချင်တာတွေ၊ ကျွန်တော်တို့ ဖြစ်စေ ချင်တာတွေကို ပြန်ပြီးတော့ ဆွေးနွေးတယ်ပေါ့။”

အာဖရိကမြောက်ပိုင်း နိုင်ငံတခုဖြစ်တဲ့ လစ်ဗျားနိုင်ငံ ပြည်သူတွေရဲ့ အုံကြွမှုကို သမတ ကဒါဖီက သွေးထွက် သံယို နှိမ်နင်း ခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူမှုတွေ လုပ်လာသလို ၊ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် လစ်ဗျား နိုင်ငံကို စေလွှတ်ဖို့ ဖြစ်လာတာကြောင့် မြန်မာ နိုင်ငံကိုလည်း အလားတူ အရေးယူမှုမျိုး ဖြစ်လာနိုင်မဲ့ နည်းလမ်းတွေကို သမတ အိမ်ဖြူတော်မှာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ လာမဲ့ မတ်လ ၂၄ ရက်နေ့ထိ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအတွင်း မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့မှာ တင်သွင်းဖို့ ရှိပြီး အဲဒီနောက်မှာတော့ အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် တရပ် စေလွှတ်သင့်တဲ့ အကြောင်း အစီရင်ခံစာ တရပ် တင်သွင်းဖို့ ရှိတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

မူးယစ်ဆေး ထိန်းချုပ်မှု မြန်မာအစိုးရ အားနည်းမှုလွန်ကဲ

ကြာသပတေး, 03 မတ် 2011

မြန်မာနိုင်ငံဟာ ၂၀၁၀ ထဲမှာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံ ၃ နိုင်ငံထဲမှာ ပါဝင်နေတယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သတ်မှတ်လိုက်ပါတယ်။

ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မူးယစ်ဆေးဝါး ဆိုင်ရာ INCSR နှစ်ပတ်လည် အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံနဲ့ အတူ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေကိုပါ ထည့်သွင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေကို အရေးယူဖို့ ဆန္ဒရှိနေတာ တွေ့ရပေမဲ့ ဒီအဖွဲ့ရဲ့ လုပ်ငန်းတွေကို မြန်မာ စစ်အာဏာရှင်တွေက ပံ့ပိုး ဆောင်ရွက် ပေးတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

အလယ်အလတ်ပိုင်း အဆင့် နိုင်ငံရေး သမားတွေ အကြား မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ အဂတိ လိုက်စားမှုတွေ ရှိနေတာ ထင်ထင်ရှားရှား တွေ့ရတဲ့အပြင် မြန်မာ စစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဆီက ထောက်ခံ ပံ့ပိုးမှုတွေ ရရှိအောင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားခွင့်တွေ ပေးထားတယ် လို့လည်း ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံဟာ အဓိက ဘိန်းစိမ်းထွက်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အပြင် ဘိန်းဖြူ အဓိက ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတ်မှတ် လိုက်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ်ထဲမှာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှု လုံးဝ ပပျောက်စေမယ့် ရည်ရွယ်ချက်ကို အောင်မြင်စေဖို့ ဆိုရင် အစိုးရ ၀န်ထမ်းတွေ အဂတိ လိုက်စားမှုကို အရေးယူရမယ့် အပြင် တိုင်းရင်းသား အဖွဲ့အစည်း တွေနဲ့ နိုင်ငံရေးအရ မူးယစ်ဆေးဝါး ကုန်သွယ်ခွင့် ပြုနေတာတွေကို ရပ်ဆိုင်းပစ်ပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေရဲ့ ကြိုးပမ်းမှု အောင်မြင်အောင် နိုင်ငံတကာက ကူညီ ထောက်ပံ့မှုတွေ ပိုပြီး ပေးကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ပြောင်းလဲမှုတွေဟာ အဓိပ္ပာယ်ရှိမှ အကူအညီ ပေးချင် သူတွေကြောင့် ဒီအကူအညီတွေ အတွက် အဟန့် အတားတွေ ဖြစ်နေ စေတယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

Ref: VOA News

Read More...

လူထု နိုင်ငံရေး ခံစားချက် လေ့လာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မသင်းသီရိ
ကြာသပတေး, 03 မတ် 2011

မြန်မာပြည်သူလူထု လက်ရှိ ခံစားနေရတဲ့ နိုင်ငံရေး ခံစားချက်တွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပိုပြီးသိအောင် တိုးမြှင့် လုပ်ဆောင်ကြဖို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။ ဒီကနေ့ NLD ဗဟို အလုပ်အမှုဆောင် တွေနဲ့ ရန်ကုန်တိုင်း ထဲက မြို့နယ်နဲ့ တိုင်း စည်းရုံးရေး မှူးတွေ NLD ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတဲ့ ပွဲမှာ အခုလို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာ ပြည်သူလူထုတွေရဲ့ ခံစားနေရ မှုတွေကို NLD ပါတီက ပိုပြီး သိရအောင် လူထုဆီက အသံတွေ နားထောင်ဖို့၊ တုံ့ပြန်ချက်တွေ ပေးနေတဲ့ လူထုဆီကို NLD ပါတီဝင်တွေ အရောက်သွားဖို့ ကိစ္စတွေကို ဒီကနေ့ အဓိက ဆွေးနွေး ခဲ့ကြတယ်လို့ NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ပါတီတရပ်မှာ အထက် အောက် အမြဲတမ်း ထိတွေ့ ဆက်ဆံဖို့ရယ်၊ ပြီးတော့ လက်ရှိ နိုင်ငံရေး အခြေအနေ ပေါ်မှာ ပြည်သူလူထု ဆီက တုံ့ပြန်မှု၊ ခံစားမှု ဒါတွေကို သိချင်တယ်။ နောက် ဒီအပေါ်မှာ ဆွေးနွေးတာပေါ့။ နိုင်ငံရေး ဆိုတာ ပြည်သူလူထု အတွက် လုပ်တာ။ အဲတော့ ပြည်သူလူထုဆီက ခံစားမှုကို သိနေရမယ်။ သူတို့က လာမပြောတောင် ကိုယ်က ဒီဟာကို သွားရောက် နားထောင်ဖို့၊ လေ့လာဖို့ တာဝန်ရှိတယ်။ ဒီတာဝန်တွေကို ကျေကျေပွန်ပွန် ဆောင်ရွက်ကြဖို့၊ ဒါကို ဆွေးနွေးကြတာ။”

NLD ပါတီဟာ လူထုကြား အရောက်သွားဖို့နဲ့ ပြည်သူတွေ အကျိုးအတွက် တောင်းဆိုနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စကိုလည်း ယုံကြည်ချက် အပြည့်နဲ့ ရှေ့ဆက်ဖို့ NLD ပါတီခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ခဲ့တယ်လို့လည်း ပြောပါတယ်။

“ပြည်သူတွေဆီက သတင်းမရရင်တောင် ကိုယ်က သတင်းကို၊ ပြည်သူတွေ ခံစားမှုကို သိအောင် လုပ်ရမယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို ပြောကြားတဲ့ စကားပါ။ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ ပြည်သူတွေရဲ့ အကျိုးအတွက် တောင်းဆိုတာ၊ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံး နည်းလမ်းနဲ့ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်တာ။ ဒီဥစ္စာက မဖြစ်သေးဘူးလို့ အပြစ် ပြောနေမယ့်အစား ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။”

NLD ရုံးချုပ်မှာ ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ NLD တိုင်းနဲ့ပြည်နယ် ၁၃ ခုက စည်းရုံးရေး အဖွဲ့ဝင်တွေဟာ ဒီကနေ့ မတ်လ ၃ ရက်နေ့က စလို့ မတ်လ ၁၈ ရက်နေ့ထိ အလှည့်ကျ တွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ ပထမဆုံး နေ့မှာ ရန်ကုန်တိုင်း တာဝန်ခံ စည်းရုံးရေးမှူးတွေ၊ ရန်ကုန်တိုင်း အတွင်းက မြို့နယ်တာဝန်ခံ စည်းရုံးရေးမှူး တွေနဲ့ ဆွေးနွေးပွဲ စခဲ့ပါတယ်။ အထူးသဖြင့် ကိုယ်ယူထားတဲ့ တာဝန်ကို ကျေပွန်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ရန်ကုန်တိုင်းဟာ ဗဟိုအဖွဲ့ချုပ်နဲ့ အနီးဆုံးဖြစ်တာမို့ တခြားမြို့နယ်နဲ့ တိုင်း၊ ပြည်နယ်တွေထက် စာရင် စံပြ အဖွဲ့အစည်း တခု ဖြစ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း သွားသလို ကိုယ်ယူထားတဲ့ တာဝန်ကို မကျေဘူး ဆိုရင်လည်း လူထုကို အားနာစရာ ကောင်းတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ တခါ NLD ပါတီဟာ လှုပ်ရှား သင့်သလောက် မလှုပ်ရှား၊ လုပ်သင့်သလောက် မလုပ်သလို တက်ကြွ သင့်သလောက်လည်း တက်ကြွတာ မတွေ့ရဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ဝေဖန် သွားပါတယ်။

ကိုယ့်ကို ထောက်ခံတယ်ဆိုပြီး ထိုင်မနေကြဖို့နဲ့ ကိုယ့်ကို ထောက်ခံစေချင်ရင် ကိုယ့်ဘက်ကလည်း လူထု အတွက် ကြိုးစား အလုပ် လုပ်ကြရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံမှာ အကြောက်တရား ကင်းဖို့အတွက် ကြောက်တဲ့ သူဘက်ကလည်း အဲဒီခံစားမှု ပျောက်အောင် ကြိုးစားရမှာ ဖြစ်သလို မကြောက်စေချင်သူ ဘက်လည်း ကြိုးစား ရမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပါတယ်။ လက်ရှိ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်တွင်း ကနေ ထွက်လာတဲ့ ဥပဒေတွေနဲ့ လူထုကို အသိပေး တင်ပြဖို့ ဆက်လက် ဆွေးနွေးသွားမယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပြည်သူလူထု သိသင့်သိထိုက်တဲ့ ကိစ္စတွေ ကျနော်တို့ နောက်ထပ် စာတွေ ထုတ်ဖို့လည်း စီစဉ်ပါတယ်။ ဒါ ပြည်သူတွေကို အသိပေးမှာ။ လက်ရှိ လွှတ်တော်ကြီးလည်း ခေါ်နေတယ်၊ ဥပဒေတွေ ကလည်း ထုတ်နေတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး အသိပေးဖို့ အစီအစဉ် ရှိပါတယ်။ ပါတီတရပ်က အမြဲတမ်း သိရှိနေရမယ်၊ သိရှိအောင်လည်း လုပ်ဖို့ တာဝန်ရှိတယ်၊ ဒီတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြဖို့ ပြောတာပါ။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့ထိ ကျင်းပသွားမယ့် NLD ပါတီရဲ့ ဆွေးနွေးပွဲမှာ နိုင်ငံရေး အခြေအနေတွေ အပြင် လူမှုရေးနဲ့ စီးပွားရေး ကိစ္စတွေကိုပါ အပြန်အလှန် ဆွေးနွေးကြပြီး လူထုကို တင်ပြဖို့ စီစဉ် ထားတယ်လို့လည်း NLD ပါတီက ပြောပါတယ်။

Ref: VOA News

Read More...

ကဒါဖီ နှုတ်ထွက်ပေးဖို့ အိုဘားမား တောင်းဆို

ကြာသပတေး, 03 မတ် 2011


လစ်ဗျားနိုင်ငံက မိုမာ ကဒါဖီ (Moammar Gadhafi) ဟာ နိုင်ငံကို ခေါင်းဆောင်ဖို့ တရားဝင်မှု မရှိတော့တဲ့ အတွက် ရာထူးကနေ နှုတ်ထွက်ပေးဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့က မက္ကဆီကို သမ္မတ ဖိလစ်ပီ ကယ်လ်ဒီရွန် (Felipe Calderon) နဲ့ သမ္မတ အိမ်ဖြူတော်က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြား လိုက်တာဖြစ်ပြီး လစ်ဗျားနဲ့ ပတ်သက်လို့ ရွေးချယ်စရာ လမ်းကြောင်း အကုန်လုံးကို စုံစမ်းစစ်ဆေးဖို့ အမေရိကန် ဌာနပေါင်းစုံကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လစ်ဗျားနိုင်ငံထဲက အီဂျစ်နိုင်ငံသားတွေကို သယ်ထုတ်ရာမှာ ကူညီဖို့အတွက် အမေရိကန် လေယာဉ်တွေကို သုံးခွင့် ပေးထားတယ် လို့လည်း ပြောပါတယ်။

မက္ကဆီကို သမ္မတကလည်း လစ်ဗျား ပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းတာကို ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံး (ICC) က လူးဝစ်စ် မိုရမ်းနိုး အိုကမ်ပို (Luis Moreno-Ocampo) က မစ္စတာ ကဒါဖီနဲ့ သူ့နောက်လိုက်တွေ အပြင် သူ့ရဲ့ သားကိုပါ ပြစ်မှု ကျူးလွန်မှု ရှိမရှိ စုံစမ်း စစ်ဆေးမယ်လို့ ကြေညာ လိုက်ပါတယ်။

EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ကလည်း မတ်လ ၁၀ ရက်နေ့မှာ လစ်ဗျားနိုင်ငံ ဆိုင်ရာ ဆွေးနွေးပွဲတွေ စတင်ဖို့အတွက် ဘရပ်ဆဲလ်မှာ လာရောက် စုဝေးကြဖို့ EU နိုင်ငံခြားရေး ၀န်ကြီးတွေကို ဖိတ်ခေါ် လိုက်ပါတယ်။

နေတိုးအကြီးအကဲ အန်းဒါးစ် ရပ်စ်မူဆန် (Anders Rasmussen) ကတော့ နေတိုးနဲ့ မဟာမိတ် တပ်တွေဟာ လစ်ဗျား အရေးကို ၀င်ရောက် မစွက်ဖက်ချင်ပေမဲ့ ဖြစ်နိုင်ချေ အားလုံးအတွက် အစီအစဉ်တွေ လုပ်နေတယ်လို့ ကြာသပတေးနေ့မှာ ပြောကြား လိုက်ပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီကတော့ ကြာသပတေးနေ့မှာပဲ တိုက်လေယာဉ်တွေ လွှတ်ပြီး အရှေ့ဘက်ခြမ်းက အဓိက ရေနံတင်ပို့တဲ့ ဘရီဂါ ဆိပ်ကမ်း တ၀ိုက်မှာ ဗုံးကျဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

သားဖြစ်သူ ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ (Saif al-Islam Gadhafi) ကတော့ ဒီဗုံးတွေဟာ သူပုန်တွေ ကျဖို့အတွက် ရည်ရွယ်ပြီး ကျဲခဲ့တာလို့ ဆိုပါတယ်။

Ref: VOA News

Read More...

လွှတ်တော်ဥက္ကဋ္ဌခုံများ ၅ နှစ် ခံပါ့မလား

ကိုဝိုင်း
ကြာသပတေးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ လွှတ်တော်ဥက္ကဋ္ဌများ၏ ခုံများသည် တူဖြင့် နေ့စဉ် အထုခံ နေရသဖြင့် လွှတ်တော် သက်တမ်း ၅ နှစ်ပြည့်သည် အထိ ခံနိုင်ပါ့မလားဟု အမတ်အချို့ စိုးရိမ်နေကြသည်။

လွှတ်တော်အတွင်း အမတ်များ၏ “သဘောတူညီချက်” ကို တောင်းခံပြီးပါက လွှတ်တော် ဥက္ကဋ္ဌများက ခုံအား တူဖြင့်ထု၍ အဆုံးသတ်လေ့ ရှိသည်ကို ရည်ညွှန်း ပြောဆိုကြခြင်း ဖြစ်သည်။

“ကြားထဲမှာ ခဏနားတယ်။ ပြည်သူ့ ငွေစာရင်း ကော်မတီ ၁၅ ယောက်ကို ခေါ်ပြီးတော့ လွှတ်တော် ဥက္ကဋ္ဌက ပြောတယ်။ ၁၁ နာရီမှာ ပြန်စတယ်။ အဲဒီ နာမည် စာရင်းတွေ ဖတ်ပြပြီးတော့ အတည်ပြုတယ် ဆိုတာ သုံးကြိမ်အော်၊ ပြီးတော့မှ ခုံကို တူနဲ့ ရိုက်ပြီးတော့ ပြီးသွားတာပေါ့” ဟု အမတ်တဦးက မဇ္ဈိမကို ပြောသည်။

“အဲဒီခုံတော့ မသက်သာဘူးဗျ။ တနေ့ကို ၄ ကြိမ်လောက် အရိုက်ခံနေရတယ်။ ၅ နှစ်တောင် ခံပါ့မလား မသိဘူး” ဟု အမတ် တဦးကလည်း ပြောသည်။

ကြာသပတေး မနက် ၁ဝ နာရီ၌ စတင်ကျင်းပပြီး ၁၁ နာရီ ၅ မိနစ်တွင် ပြီးသည့် အမျိုးသား လွှတ်တော် ၃ ရက်မြောက် အစည်း အဝေးမှ ပြည်သူ့ ငွေစာရင်း ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအဖြစ် ကြံ့ခိုင်ရေး အမတ်များ ဖြစ်ကြသော ဦးအောင်ထွန်း (မကွေး-၁၁) နှင့် ဦးခင်မောင်အေး (စစ်ကိုင်း-၇) တို့ ဖြစ်သွားသည်။ ဦးအောင်ထွန်းသည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးဖြစ်ပြီး ဗိုလ်မှူးချုပ်ဟောင်း ဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် ဦးဘရန်ရှောင် (ကချင်-၃) တစည၊ ဦးဆားရယ် (ကယား-၆) ကြံ့ခိုင်ရေး၊ ဦးစောထွန်းမြအောင် (ကရင်-၅) ကြံ့ခိုင်ရေး၊ ဦးဇုန်လှယ်ထန်း (ချင်း-၂) CPP၊ ဦးစတီဗင်သာဘိတ် (ချင်း-၄) CNP၊ ဒေါ်ရီရီမြင့် (မွန်-၁) ကြံ့ခိုင်ရေး၊ ဦးသိန်းဝင်း (စစ်ကိုင်း-၉) ကြံ့ခိုင်ရေး၊ ဦးမိုးမြင့် (တနင်္သာရီ-၇) ကြံ့ခိုင်ရေး၊ ဒေါ်ချိုနွယ်ဦး (ပဲခူး-၇) ကြံ့ခိုင်ရေး၊ ဒေါ်ခင်ဝိုင်းကြည် (ရန်ကုန်-၁) NDF၊ ဦးခင်မောင်ရီ (ဧရာဝတီ-၆) ကြံ့ခိုင်ရေး၊ ဦးခင်မောင် (ခ) ဦးအောင်ကျော်ဦး (ရခိုင်-၃) RNDP နှင့် ဦးရှုမောင် (ရှမ်း-၈) ကြံ့ခိုင်ရေး ဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် ကြံ့ခိုင်ရေးက ၁၂၉ ဦး၊ တပ်မတော်ခန့် အမတ် ၅၆ ဦး၊ အခြား ပါတီများမှ ၃၉ ဦး စုစုပေါင်း ၂၂၄ ဦး ရှိရာမှ ယနေ့ တဦးသာ ခွင့်တိုင် ပျက်ကွက်သည်။ ၄ ရက်နေ့ အစည်းအဝေးကို မနက်ဖြန် ၁ဝ နာရီတွင် ဆက်လက် ကျင်းပမည်။

ဦးအောင်ထွန်း ခေါ် ခင်မောင်ထွန်း

အသက် = ၅၈ နှစ်
ဇာတိ = ပေါက်မြို့နယ်၊
ပညာနှင့် စစ်ဘက်ရာထူးများ = မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး)၊ ဗိုလ်မှူးချုပ် (ငြိမ်း)၊ စစ်တက္ကသိုလ် အမှန်စဉ်-၁၆ ဗိုလ်လောင်း သင်တန်း၊ ခလရ-၅၆ (မြင်းခြံ)၊ ခလရ-၃၆ (ကျုံပျော်)၊ ခလရ-၉ဝ (မှော်ဘီ)၊ ခလရ-၅ဝ (ဂန့်ဂေါ)၊ ခမရ-၁ဝ၄ (မော်လမြိုင်)၊ နတခ၊ တမခ (၅၅)၊ တမခ (၆၆)၊ ဥစသ တို့တွင် ထမ်းဆောင်ခဲ့ပြီး ဒုဝန်ကြီး အဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဌာန၌ တာဝန် ထမ်းဆောင်။ (သင်္ဂဟတံဆိပ်၊ တိုက်ပွဲဝင်တံဆိပ်၊ နအဖ တံဆိပ်၊ မိုင်းယန်း/မယ်သဝေါ တိုက်ပွဲတံဆိပ်၊ စစ်မှုထမ်း သက်တမ်း တံဆိပ်၊ စစ်ဦးစီး တက္ကသိုလ် သင်တန်းဝင် တံဆိပ် ရရှိထားသည်။)
လိပ်စာ = တောင်ဥက္ကလာပ၊ ရန်ကုန်။

ဦးခင်မောင်အေး

အသက် = ၆၃ နှစ်
ဇာတိ = ပင်လယ်ဘူးမြို့၊
ပညာ = သိပ္ပံဘွဲ့ (သတ္တဗေဒ) (OHIO University USA)၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ငါးလုပ်ငန်း ဦးစီးဌာန၊
လိပ်စာ = သာကေတမြို့နယ်၊ ရန်ကုန်တိုင်း။
ခလရ-၈၂ (ဒုဗိုလ်)၊ ခမရ-၁၇ (တပ်ခွဲမှူး)၊ ခမရ-၁၁၂ (ဒု-ရင်းမှူး)၊ ခမရ-၃၃၉ (ဒု-ဗိုလ်မှူးကြီး)၊ သင်တန်း အမှတ်စဉ်-၄၃ ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊

Ref: မဇ္ဈိမ

Read More...

အင်းတိုင် စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်မှာ မီးလောင်

မသိင်္ဂီထိုက်
ကြာသပတေး, 03 မတ် 2011

မြန်မာစစ်အစိုးရရဲ့ လက်နက် သိုလှောင်တဲ့ တပ်စခန်းတခုမှာ မနေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွား ခဲ့ပါတယ်။ ပဲခူးမြို့နဲ့ ၁၀ မိုင်လောက် အကွာမှာ ရှိတဲ့ ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေး တပ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြ ပေးထားပါတယ်။

ပဲခူးတိုင်း အင်းတိုင်မြို့နယ်မှာရှိတဲ့ အင်းတိုင် ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေး တပ်မှာ ကြာသပတေးနေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွား ခဲ့တာလို့ ပဲခူးမြို့ခံ တဦးက ပြောပါတယ်။

“အင်းတိုင် COD ဆိုတာ ပဲခူးနဲ့ ၁၀ မိုင်ကွာတယ်၊ စစ်လက်နက်ပစ္စည်း သိုလှောင်ရေး တပ်ပဲ။ အဲဒီမှာ တပ်က အကျယ်ကြီး၊ တောင်သုံးလုံး နားမှာ။ ညနေ ၅ နာရီခွဲ၊ ၆ နာရီလောက်က လောင်တယ်လို့ ကျနော်တို့ သိရတယ်။ အခု ကျနော်တို့ သိတဲ့ အချိန်အထိတော့ မီးသတ်ကားတွေ ပြန်မရောက်သေးဘူး။ ဝေါ၊ သနပ္ပင်၊ ပဲခူး မီးသတ်တွေလည်း သွားတယ်။ ပြန်မရောက်သေးဘူး။

“ရဲတွေကလည်း လောင်တာမှန်ကြောင်း ပြောပြတာပဲ သိသေးတယ်။ စစ်တပ်က လက်နက် သိုလှောင်တဲ့ စက်ရုံ မီးလောင်တယ် ဆိုတာ အန္တရာယ်လည်း ရှိတယ်၊ နောက်တခုက သွားကြည့်တဲ့ လူတွေကိုလည်း စစ်ဆေး မေးမြန်းခြင်း ခံရမှာမို့ လူတွေက ကြောက်ပြီး ခပ်လှမ်းလှမ်း ကပဲ ကြည့်တယ်၊ သတင်း စုံစမ်းနေတယ်။”

ပဲခူးမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှာ မီးလောင်နေတာကို ငြှိမ်းသတ်ဖို့ အတွက် ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း အတွင်းက မီးသတ် ဌာနတွေက လိုက်ပါ ငြှိမ်းသတ် နေရတယ်လို့ ပဲခူးဒေသခံ တဦးက ပြောပါတယ်။

“မီးသတ်ကား ၂ စီးသွားတယ်၊ ရှေ့ကနေ စစ်ကားတစီး ပါသွားတယ်။ ပဲခူးမြို့က အထွက်မှာ။ ကျနော်တို့ ကလည်း ပဲခူးမြို့ နားမှာပဲ လောင်တယ် အောက်မေ့လို့။ တအောင့်လောက် ကြာတော့ သတင်းက ၀င်လာတာပေါ့၊ တောင်သုံးလုံးက စစ်တပ်က လက်နက်တွေ ထားတဲ့ နေရာမှာ ပေါက်ကွဲမှုတွေ ဖြစ်တယ် ပေါ့လေ။”

ညနေ ၆ နာရီလောက် ကတည်းက မီးလောင်မှုကို သွားရောက် ငြှိမ်းသတ်နေတဲ့ မီးသတ်ကားတွေ ညသန်းခေါင် အချိန်အထိ စခန်းကို ပြန်မရောက် လာကြ သေးပါဘူး။ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ အပျက်အစီး ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ အတိအကျ မသိရှိရ သေးပါဘူး။

Ref: VOA News

Read More...

အမ်အိုင်ဂျီ - ၂၉ နဲ့ အကျိုးနည်းတော့မည်

Monday, 28 February 2011

ဂါမဏိ

၂၀၀၁ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တုန်းက ယိုးဒယား - ဗမာ စစ်ပွဲ အတွင်း ယိုးဒယား လေတပ်ရဲ့ (အမေရိကန်လုပ်) အက်ဖ် - ၁၆ တိုက်လေယာဉ် တွေရဲ့ အရသာကို ခပ်စပ်စပ်ကလေး မြည်းလိုက်ရလို့ တပ်ချုပ်ကြီးနဲ့ ဒု တပ်ချုပ်ကြီး တို့ဟာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ပြီး အက်ဖ် - ၁၆ ကို ယှဉ်နိုင်မယ့် စစ်လေယာဉ်ကို အသည်းအသန် လိုက်ရှာ ဝယ်ခဲ့ပါတယ်။ ဒါနဲ့ဘဲ ၂၀၀၈ ခုနှစ်မှာ ရုရှား နိုင်ငံဆီက အမ်အိုင်ဂျီ -၂၉ အဟောင်းတွေကို ပွဲစားကြီး တေဇ အကျိုးနဲ့ (၂၂) စီး စတင် ရောက်ရှိ လာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ နောက်ထပ်အစီး (၂၀) ဝယ်ခဲ့ရာ (၁၂) စီး ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ရှေ့ပြေး ၀င်လာတဲ့ လေယာဉ် (၁၂) စီး မှာ MiG-29 B အမျိုးအစား(၁၀)စီး နဲ့ MiG-29 UB အမျိုးအစား လေ့ကျင့်ရေး နှစ်ယောက်မောင်း (၂) စီး ဖြစ်ပြီး စုစုပေါင်း (၁၂) စီး ဖြစ်ပါတယ်။ ဒလခ မှာ (၆) စီးနဲ့ လကသ မှာ (၆) စီး (B-5 စီး+ UB 1 စီး) ခွဲထား ပါတယ်။ အဆိုပါ (၁၂) စီးတွင် လက်နက်အစုံ ပါရှိတဲ့ လေယာဉ်ဟာ (၆) စီးသာ ပါရှိပြီး အဲဒီ (၆) စီးထဲမှာ တောင်မှ HMS စနစ်ပါတဲ့ လေယာဉ်က (၃) စီးစာသာ ပါပါတယ်။ အဆိုပါ လေယာဉ်များဟာ မြေပြင် ရေဒါတွေနဲ့ ပေါင်းစပ် တိုက်ပွဲဝင်နိုင်မှု အဆင်ပြေခြင်း မရှိကြောင်း တွေ့ရှိရပါတယ်။ အဲဒီလို လေယာဉ်တွေမှာ လက်နက်အစုံ ပစ္စည်းအစုံ ပါမလာတာတွေ ဖြစ်နေပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ ရေဒါဖျက်စက် radar-jamming device မပါလာတာ တဝက်ကျော် ရှိနေလို့ ထပ် ဝယ်တပ်ရပါတယ်။

အမ်အိုင်ဂျီ -၂၉ ကို ရုရှားနိုင်ငံ (ယခင်က ဆိုဗီယက်ပြည်ထောင်စု) မှာ ၁၉၇၇ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ကော်မရှင် ရခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် လေယာဉ် သက်တမ်း နှစ် ၃၀ လောက် ရှိနေပြီ ဖြစ်ပါတယ်။ ရုရှား နိုင်ငံကလည်း အမ်အိုင်ဂျီ -၂၉ ကို မွမ်းမံ ထိန်းသိမ်းတာ အဆင့်မြှင့်တာတွေ မလုပ်တော့ဘဲ အက်စ်ယူ -၂၇ နဲ့ အမ်အိုင်ဂျီ - ၃၁ တို့ကိုဘဲ အလေးပေး အဆင့်မြှင့် တာတွေ လုပ်နေ ပါတော့တယ်။

၂၀၀၈ ခုနှစ်ထဲမှာ ရုရှားလေတပ်က အမ်အိုင်ဂျီ -၂၉ ၊ (၂) စီး ပျက်ကျ ခဲ့ပြီးနောက် အမ်အိုင်ဂျီ -၂၉ တွေကို ပျံသန်းခွင့် ပိတ်လိုက် ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမ်အိုင်ဂျီ -၂၉ အားလုံးကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး အစီး (၁၀၀) လောက်ကိုဘဲ ပျံသန်းခွင့် ပေးခဲ့ပါတယ်။ အဓိက ပြဿနာက အမ်အိုင်ဂျီ -၂၉ တွေဟာ စတင် ထုတ်လုပ် ကတည်းက အမြီးပိုင်းမှာ သံချေးကိုက် လှိုက်စားပြီး အက်ကွဲမယ့် အလားအလာ ရှိခဲ့တာ ဖြစ်ပါတယ်။ အခု မြန်မာပြည်ကို ရောင်းတဲ့ လေယာဉ်တွေမှာ ဒီ ချို့ယွင်းချက်ကို ပြုပြင်ပြီး မပြီး ဆိုတာ ကတော့ စီးကြည့်လို့ ပျက်ကျမှ သိနိုင်ပါတယ်။

အရှေ့ဂျာမဏီမှာ ကွန်မြူနစ်စနစ် ပြိုကွဲသွားပြီး အနောက် ဂျာမဏီနဲ့ ပြန်ပေါင်းသွားတဲ့ အခါ အရှေ့ ဂျာမဏီ၊ ဂျာမန် လေတပ်မှာ ရှိတဲ့ အမ်အိုင်ဂျီ -၂၉ တွေကို အမေရိကန် သိပ္ပံ ပညာရှင်တွေ ၁၉၉၁ ခုနှစ်မှာ လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီမှာ တွေ့ရှိတာက အမ်အိုင်ဂျီ-၂၉ ဟာ တာတို လေယာဉ် စီးချင်းထိုးရာမှာ အမေရိကန်ထုတ် အက်ဖ် - ၁၅ ထက် သာတယ်၊ အမြန်နှုန်းနိမ့်မှာ ထိန်းသိမ်း ကိုင်တွယ်ရ ပိုကောင်းတယ်လို့ ကောက်ချက် ချခဲ့ပါတယ်။ အဓိက အားကောင်းချက်က လေယာဉ်မှူး ဦးထုပ်မှာ တပ်ဆင်ထားတဲ့ လက်နက်ဆိုက် (ပစ်မှတ်ချိန်ခွက်) Helmet Mounted Weapons Sight (HMS) ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆိုက်ဟာ မျက်စိ မြင်ကွင်းထဲ ရှိသမျှ ပစ်မှတ်တွေကို (၄၅ ဒီဂရီ စောင်းတာတောင်) မလွဲစတမ်း ချိတ်နိုင်စွမ်း ရှိပါတယ်။ အမေရိကန် လေယာဉ်တွေ ကတော့ ရှေ့တည့်တည့် မှန်ပြူတင်း မြင်ကွင်း ကျဉ်းကျဉ်းလေး ထဲက ပစ်မှတ်တွေကိုဘဲ ချိတ်နိုင်ပါတယ်။ ၂၀၀၃ ခုနှစ်ကျမှ အမေရိကန်က HMS စနစ်ကို တီထွင် တပ်ဆင် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗမာပြည်ကို ရောင်းတဲ့ အမ်အိုင်ဂျီ -၂၉ အားလုံးမှာ ဒီဆိုက် ပါမပါ မသေချာပါ။ အီလက် ထရွန်းနစ် ပစ္စည်းတွေ ပါမလာတာ အတော်များတယ်လို့ သိရပါတယ်။

၁၉၉၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုထဲက ခွဲထွက်လာတဲ့ မော်လ်ဒိုးဗား နိုင်ငံဆီက အမ်အိုင်ဂျီ -၂၉ (၁၄) စီးကို အမေရိကန်က ဝယ်ခဲ့ပါတယ်။ ဒီလေယာဉ်တွေမှာ ရေဒါ ဖျက်စက် တပ်ဆင် ထားပြီး နျူကလီးယား လက်နက် တင်ဆောင် နိုင်ပါတယ်။ အမေရိကန်ဟာ ဒီလေယာဉ်တွေကို တစ်စစီ ဖြုတ်ပြီး အားကောင်းချက် အားနည်းချက် လျှို့ဝှက်ချက် အားလုံးကို အိတ်သွန် ဖာမှောက် လေ့လာ နိုင်ခဲ့ပါတယ်။ ဒါကြောင့် နောင်မှာ အမ်အိုင်ဂျီ -၂၉ စစ်လေယာဉ် တွေကို တန်ပြန် ချေမှုန်းဖို့ နည်းလမ်းတွေ ဗျူဟာတွေချမှတ်၊ လက်နက် ပစ္စည်း ကိရိယာတွေ တီထွင် တပ်ဆင် နိုင်ခဲ့ပါတယ်။

ဒီကနေ့ထိ စစ်ပွဲတွေမှာ အမ်အိုင်ဂျီ -၂၉ ရဲ့ စွမ်းဆောင်ရည် သမိုင်းကို ကြည့်လိုက်ရင် အားရစရာ မရှိပါဘူး။

- ၁၉၈၀ ကနေ ၁၉၈၈ ခုအထိ ဖြစ်ခဲ့တဲ့ အီရန် - အီရတ် စစ်ပွဲမှာ အဆင့် အမြင့်ဆုံး စစ်လေယာဉ် အဖြစ် အီရတ်က မီးရတ်ဂ်ျ -၂၀၀၀ နဲ့ အမ်အိုင်ဂျီ -၂၉ တွေ သုံးခဲ့ပြီး အီရန်က အက်ဖ် - ၁၄ တွေနဲ့ တိုက်ခဲ့ပါတယ်။ အီရန်က အဆင့်နိမ့်တဲ့ အက်ဖ် - ၄၊ အက်ဖ် - ၅ တွေကိုလဲ သုံးခဲ့ပြီး အီရတ်ကတော့ အမ်အိုင်ဂျီ -၂၁၊ အမ်အိုင်ဂျီ -၂၃၊ အက်စ်ယူ -၂၀၊ အက်စ်ယူ - ၂၂၊ မီရတ်ဂ်ျ အက်ဖ် - ၁ တွေ ကိုလဲ သုံးခဲ့ပါတယ်။ အီရတ်ဘက်က အမ်အိုင်ဂျီ - ၂၉ (၄) စီး ထိခဲ့ပေမဲ့ လေယာဉ် စီးချင်း ထိုးရာမှာ ကျတာ မဟုတ်ဘဲ ကွင်းမှာတင် ဖျက်ဆီး ခံရတာ ဖြစ်ပါတယ်။ တခြား စစ်လေယာဉ် တွေတော့ နှစ်ဖက်စလုံးမှာ အတော်များများ ထိခဲ့ကြပါတယ်။

- အဲဒီ အီရန် - အီရတ် စစ်ပွဲအတွင်း ရဟတ်ယာဉ် စစ်ပွဲမှာတော့ အီရန်ရဲ့ (အမေရိကန်လုပ်) အေအိပ်ခ်ျ - ၁ ဆူပါ ကော်ဘရာ ရဟတ်ယာဉ်တွေနဲ့ အီရတ်ရဲ့ (ရုရှားလုပ်) အမ်အိုင် - ၂၅ (ဗမာပြည်ကို ရောင်းပေးတဲ့ အမ်အိုင် - ၂၄ နဲ့ အတူတူ) လေကြောင်း တိုက်ပွဲမှာ ၁၉၈၀ စက်တင်ဘာလတွင် အမ်အိုင် - ၂၅ (၂ ) စီး၊ ၁၉၈၁ ဧပြီလမှာ အမ်အိုင် - ၂၅ ( ၂ ) စီး ပျက်ကျ သွားပါတယ်။

- ၁၉၉၁ အီရတ် - အမေရိကန် ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန် အက်ဖ် - ၁၅ တိုက်လေယာဉ် တွေက အီရတ် အမ်အိုင်ဂျီ - ၂၉ (၂ ) စီးကို ပစ်ချနိုင်ခဲ့ပါတယ်။

- ၁၉၉၆ အောက်တိုဘာလမှာ ဂရိနိုင်ငံနဲ့ တူရကီနိုင်ငံ ပဋိပက္ခ ဖြစ်ရာမှာ ဂရိ လေတပ်မှ (ပြင်သစ်လုပ်) မီးရတ်ဂ်ျ ၂၀၀၀ တိုက်လေယာဉ်က တူရကီ လေတပ်ရဲ့ အက်ဖ် - ၁၆ ကို ပစ်ချ နိုင်ခဲ့ပါတယ်။

- ၁၉၉၉ ကိုဆိုဗိုစစ်ပွဲမှာ နေတိုး အဖွဲ့ဝင် ဒိန်းမတ်လေတပ်မှ အက်ဖ် - ၁၆ က ယူဂို ဆလားဗီးယား လေတပ်ရဲ့ အမ်အိုင်ဂျီ -၂၉ တစ်စီးကို ပစ်ချခဲ့သလို အမေရိကန် လေတပ်က အက်ဖ် - ၁၆ တစ်စီးကလည်း အမ်အိုင်ဂျီ - ၂၉ တစ်စီးကို ပစ်ချ နိုင်ခဲ့ပါတယ်။ အမေရိကန် လေတပ်က အက်ဖ် - ၁၅ လေယာဉ်တွေ ကလဲ အမ်အိုင်ဂျီ - ၂၉ (၄) စီးကို ပစ်ချခဲ့ပါတယ်။ ဒါကြောင့် ကိုဆိုဗို စစ်ပွဲအတွင်း စုစုပေါင်း အမ်အိုင်ဂျီ - ၂၉ (၆) စီး လေယာဉ်ချင်း ပစ်ချတာ ခံခဲ့ရပါတယ်။

- ၁၉၉၉ ခု ဖေဖော်ဝါရီလအတွင်းက အီသီယိုးပီးယား - အီရီထရီးယား စစ်ပွဲမှာ အီသီယိုးပီးယား နိုင်ငံက (ရုရှား လုပ်) အက်စ်ယူ - ၂၇ တိုက်လေယာဉ်တွေက အီရီထရီးယား လေတပ်ရဲ့ (ရုရှားလုပ်) အမ်အိုင်ဂျီ - ၂၉ တိုက် လေယာဉ် (၄) စီးကို ပစ်ချ ခဲ့ပါတယ်။ အတည် မပြုနိုင်တဲ့ သတင်း တစ်ခုကတော့ အက်စ်ယူ - ၂၇ တွေကို ရုရှားလူမျိုး ကြေးစား စစ်သားတွေက မောင်းပြီး အမ်အိုင်ဂျီ - ၂၉ တွေကိုတော့ ယူကရိန်းလူမျိုး ကြေးစား စစ်သားတွေက မောင်းတယ်လို့လဲ ဆိုပါတယ်။

- ၂၀၀၁ ခု စက်တင်ဘာလမှာ ဆီးရီးယားလေတပ် အမ်အိုင်ဂျီ - ၂၉ (၂ စီး) ကို အဇ္ဇရေး လေတပ် အက်ဖ် - ၁၅ (၂ ) စီးက လက်ဘနွန်နိုင်ငံ ကမ်းခြေပေါ်မှာ ပစ်ချ ခဲ့တယ်လို့ သတင်း ထွက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အနည်းဆုံး အက်ဖ် - ၁၆ အစီး (၆၀) ရှိပြီး ဘင်္ဂလားဒေ့ရှ် လေတပ်မှာတော့ အမ်အိုင်ဂျီ - ၂၉ ဘဲ အကောင်းဆုံး ရှိပါတယ်။ ထိုင်းကြည်းတပ်မှာ အေအိပ်ခ်ျ - ၁ ရဟတ်ယာဉ် (၁၀) စီးလောက်ရှိပြီး အေအိပ်ခ်ျ - ၁ ထက် ပိုအဆင့်မြင့်တဲ့ အပါချီ အေအိပ်ခ်ျ - ၆၄ ရဟတ်ယာဉ်တွေ ဝယ်ယူဖို့ ရှိနေပါတယ်။

လေကြောင်းစစ်ဆင်ရေးကို အသက်မွေးဝမ်းကျောင်း ပညာအဖြစ် လေ့လာ တတ်မြောက် ထားတဲ့ ဝါရင့် မြန်မာ့ တပ်မတော် (လေ) တပ်မှူးကြီးတွေ၊ လေယာဉ်မှူးကြီး တွေဟာ လေတပ် ခေတ်မှီ တိုးတက်ရေး၊ အမေရိကန် အက်ဖ် - ၁၆ တွေကို ပုခုံးချင်းယှဉ် ချေမှုန်းနိုင်ရေး အတွက် အမ်အိုင်ဂျီ - ၂၉ တွေ မဝယ်ဘဲ အက်စ်ယူ - ၂၇ သို့မဟုတ် မီးရတ်ဂ်ျ -၂၀၀၀ တွေကို ဝယ်စေ ချင်ကြပါတယ်။

ဒါပေမဲ့ လေယာဉ်အကြောင်း၊ လေကြောင်း တိုက်ပွဲအကြောင်း နကန်း တစ်လုံးမှ မသိတဲ့ တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီး တို့ဟာ မျက်မျက်ကလေး စားရတဲ့ လက်နက် ပွဲစားက မျက်မျက်ကလေးကျွေး ရိုက်စား သွားတာကို ကျေကျေနပ်နပ် ခံယူ အားပေးပြီး ပစ္စည်းမစုံ ဂိုဒေါင်အောင်း အမ်အိုင်ဂျီ - ၂၉ အဟောင်းတွေကို ဝယ်ချ လိုက်တာ ဖြစ်ပါတယ်။

တခြားဝယ်ထားတဲ့ ခေတ်မှီ လက်နက်တွေနဲ့ ပတ်သက်လို့ ပြောရရင် နအဖ တပ်ချုပ်ကြီးတို့ အားထား နေတဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီး တွေဟာ ၁၉၈၈ ခု အင်ဂိုလာ စစ်ပွဲတုံးက တောင်အာဖရိက တပ်တွေ သုံးခဲ့ရာမှာ ထိရောက်ခဲ့ပြီး ကျူးဘား - အင်ဂိုလာ တပ်တွေကို ဟန့်တားနိုင်ခဲ့ပေမဲ့ တွဲဖက်ရမယ့် လေကြောင်း အသာစီးရမှု မရှိခဲ့လို့ တောင်အာဖရိက ထိုးစစ် တန့်သွားခဲ့ရပြီး အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ရပါတယ်။

အီရန် - အီရတ်စစ်ပွဲမှာလဲ အီရတ်တွေရဲ့ ၁၅၅ မမ တွေကြောင့် အီရန်တပ် ထိုးစစ်ရပ် နောက်ဆုတ် သွားခဲ့ပါတယ်။ ဒါပေမဲ့ လေကြောင်း အသာစီး မရှိတော့ အီရတ် မြေပြင်တပ်တွေ အီရန် နိုင်ငံထဲ ဝင်မသိမ်း နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပင်လယ်ကွေ့ စစ်ပွဲမှာ အီရတ် ဟောင်ဝစ်ဇာ အမြောက်တွေဟာ အမေရိကန်ရဲ့ လေကြောင်း စိုးမိုးမှုအောက်မှာ ထိရောက်မှု ကျဆင်းပြီး နောက်ဆုံးမှာတော့ အမေရိကန် အထူးတပ် (ကွန်မန်ဒို) တွေရဲ့ လက်ထဲ ကျဆင်းခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာတော့ ၁၅၅ မမ ဟောင်ဝစ်ဇာ အနည်းဆုံး အလက် ၃၂၀ ကျော် ရှိနေပါတယ်။

ဒါကြောင့် တပ်မတော်တိုးတက်ဖို့၊ နိုင်ငံကို တကယ် ကာကွယ်နိုင်ဖို့ ဆိုရင် အမြင် ကျယ်ကျယ်နဲ့ တစ်ခုလုံး လွှမ်းခြုံတဲ့ စစ်ရေး အမြင်ရှိဖို့ လိုပါတယ်။ စစ်ရေးမှာ ကြည်း - ရေ - လေ လွှမ်းခြုံဖို့ သာမက စစ်ရေးနဲ့ နိုင်ငံရေး - စီးပွားရေး -ပညာရေး တဆက် တစပ်တည်း မြှင့်တင်နိုင်မှ ၂၁ ရာစု ကမ္ဘာကြီးမှာ ခန့်ခန့်ညားညား ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

Ref: စည်းလုံးခြင်းရဲ့အင်အား

Read More...

SSA-S က PNO ၏ မူးယစ်ဆေးဝါး စက်ရုံကို ဝင်တိုက်

Thursday, 03 March 2011

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ ၀င်များ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပအိုဝ်း တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး၍ လက်နက် တချို့တို့ကို SSA-S က သိမ်းဆည်း ရမိခဲ့သည်။

SSA-S တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများ သတင်းပေးမှုများကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်ဇန် မြို့နယ်မှ ၄၀ ကီလိုမီတာခန့် အကွာရှိ မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စက်ရုံတွင် လုံခြုံရေး ယူပေးနေသော ပအိုဝ်း တပ်ဖွဲ့ ၀င်များကို ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်ပြီး ၇ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSA-S မှ လက်ထောက် ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

စိုင်းဆိုင်မိဏ်းက ဆက်လက်၍ “သူတို့ချက်မယ့် ဘိန်းအစိမ်း ပိဿာပေါင်း ၁၀၀ ကို ကျနော်တို့ ဖမ်းဆီး ရမိပါတယ်။ ဘိန်းချက်တဲ့ နေရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း အရည် ၅ ပုံးကိုလည်း သိမ်းဆည်း ရမိပါတယ်။ ပြီးတော့ သူတို့ရဲ့ လက်နက် တချို့ကိုလည်း သိမ်းဆည်း ရမိပါတယ်” ဟု ပြောသည်။

တိုက်ပွဲတွင် ပအိုဝ်းတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးသည်ဟု သတင်း ရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိ သူများ စာရင်းကိုမှု မသိရ သေးကြောင်း၊ ယင်း စက်ရုံအတွက် လုံခြုံရေး ယူပေးနေသော ပအိုဝ်း တပ်ဖွဲ့ဝင် ခန့်မှန်ခြေ အင်အား ၅၀ ခန့်ရှိပြီး SSA-S ဘက်မှ တပ်ဖွဲ့ စစ်ကြောင်း တကြောင်းစာ ရှိကြောင်း၊ SSA-S ဘက်မှ ကျဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။

တောင်ကြီးမြို့တွင်ရှိသော PNO ရုံးကို ဧရာဝတီက ဆက်သွယ်၍ မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူ ခွန်အောင်စိုးက အခြေအနေများကို ဘာမျှ မသိရှိရကြောင်း ပြန်လည် ဖြေကြားသည်။

ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် PNO သည် ၁၉၉၁ ခုနှစ် ဧပြီလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၁၉၉၃ တွင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သည်။

အပစ်အခတ်ရပ်စဲပြီးနောက် PNO သည် ရှမ်းပြည်တောင်ပိုင်း အထူးဒေသ ၆ ကို ထိန်းချုပ် ထားသည်။ စစ်အစိုးရက PNO ကို စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ယင်းနောက် PNO သည် ပတ္တမြားနဂါး ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာ ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ဦးနေ၀င်းထွန်းကို စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးခဲ့သည်။

ဦးနေ၀င်းထွန်းသည် PNO ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပြီး ရှမ်းပြည်နယ် အမှတ် (၉) မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

PNO ပိုင် ကုမ္ပဏီသည် ရှမ်းပြည်နယ်ရှိ မိုင်းရှုး၊ ကချင်ပြည်နယ်ရှိ ဖားကန့်၊ တောမှော်၊ စစ်ကိုင်းတိုင်းရှိ ကောလင်း၊ မန္တလေး တိုင်းရှိ မိုးကုတ်တို့တွင် ကျောက်မျက် ရတနာနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ၎င်းတို့ ရှာဖွေ တွေ့ရှိခဲ့သည့် တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရအား လွှဲပြောင်း လှူဒါန်းခဲ့သည်။

Ref: ဧရာဝတီ်

Read More...

Thursday, March 3, 2011

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်

မသိင်္ဂီထိုက်
ဗုဒ္ဓဟူး, 02 မတ် 2011

တူနီးရှားနဲ့ အီရန်ကစပြီး လက်ရှိ လစ်ဗျားနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ကမ္ဘာ့ ကုန်ဈေးနှုန်းတွေ တက်လာ ခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာလည်း လအနည်းငယ်ကြာ အေးစက်စက် ဖြစ်နေခဲ့တဲ့ အမေရိကန် ဒေါ်လာငွေ ဈေးနဲ့ ရွှေဈေးတွေဟာ ဖေဖော်ဝါရီ လလယ်ပိုင်းလောက်စပြီး တဖြည်းဖြည်းနဲ့ ဈေးနှုန်း ပြန်လည် မြင့်တက်ခဲ့ပါတယ်။ ရွှေဈေး၊ အမေရိကန် ဒေါ်လာဈေးနဲ့ လောင်စာဆီ ဈေးတွေဟာ တခုနဲ့တခု ချိတ်ဆက်နေတာ ဖြစ်ပြီး အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်း မြင့်တက် လာတာကြောင့် ၀င်ငွေနည်း မြန်မာပြည်သူ လူထု အကျပ်အတည်းတွေ တစထက်တစ ပိုပြီး ကြုံလာရတဲ့အကြောင်း မသိင်္ဂီထိုက်က စုစည်း တင်ပြပေးထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ဆန်ကြမ်းတပြည်ကို ၇၀၀ ကျပ်ကနေ ၁,၀၀၀ ကျပ်အထိ မြင့်တက် လာပါတယ်။ ဆန်ချော ဈေးတွေလည်း အမြင့်ဘက်ကို ရောက်လာပါတယ်။ ဆန်ချော တအိတ်ကို အရင်ဈေးထက် ၅,၀၀၀ ကျပ်လောက် မြင့်တက် လာတာပါ။ ရန်ကုန်မြို့ခံ အိမ်ရှင်မ တဦးကတော့ အထွေထွေ စားသောက်ကုန် ဈေးနှုန်းတွေ တက်လာတဲ့ အတွက် ၀င်ငွေနဲ့ ထွက်ငွေ မျှတအောင် သုံးစွဲရတာ မလွယ်ဘူးလို့ ပြောပါတယ်။

“ဆန်ဈေးတွေကလည်း တက်လာတယ်၊ ဆီဈေးတွေကလည်း တက်လာတယ်။ ကုန်ဈေးနှုန်းတွေက တက်လာတဲ့ အခါ ကျတော့ အိမ်ရှင်မတွေ အတွက်တော့ ကသီတာပေါ့။ ဘာကြောင့် တက်နေမှန်းလဲ မသိဘူး၊ ကုန်ဈေးနှုန်းတွေ။”

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေက တစထက်တစ အတက်ဘက်ကို အမြဲတမ်း ဦးတည် နေတာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ လအနည်းငယ် ကတော့ အကြမ်းဖျင်း တဒေါ်လာကို ၁,၀၀၀ ကျပ်နှုန်း ပေါက်နေတဲ့ အမေရိကန် ဒေါ်လာ ဈေးနှုန်းတွေ ကျပ် ၈၀၀ လောက် အထိ ကျဆင်း ခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းမှာ မူလက ဈေးကျနေတဲ့ အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်း တဖြည်းဖြည်းနဲ့ ပြန်လည် မြင့်တက် လာခဲ့ပါတယ်။ အမေရိကန် ဒေါ်လာဈေး ပြန်မြင့်တက် လာတာနဲ့အမျှ ပြည်တွင်း ရွှေပေါက်ဈေးလည်း မြင့်တက် လာခဲ့တာ ဖြစ်တယ်လို့ ရွှေကုန်သည်တဦးက ပြောပါတယ်။

“အခု ရွှေဈေးတွေက တက်နေတယ်။ စီးပွားရေးဆိုတာက ဈေးကွက်အားလုံးနဲ့ ဆက်စပ် နေတော့ ဥပမာ ရွှေဈေးဆိုရင် ဒေါ်လာဈေး အတက် အကျနဲ့ သက်ဆိုင်နေတယ်။ ဆီဈေးဆိုလည်း ရေနံဈေး အတက်အကျနဲ့ ဆက်စပ် နေတာပေါ့။”

တဒေါ်လာ ကျပ် ၈၀၀ ခန့်ကနေ ၉၅၀ ကျပ်အထိ ငွေလဲနှုန်း ပြန်လည် မြင့်တက်လာတာနဲ့ တပြိုင်နက် ရွှေဈေးကလည်း အခေါက်ရွှေ တကျပ်သား ၅၉၀,၀၀၀ ကျပ်ကနေ ၆၅၀,၀၀၀ ကျပ်အထိ မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က ရွှေဆိုင် လုပ်ငန်းရှင် ကတော့ ရွှေဈေး မြင့်လာပေမဲ့ အရောင်းအ၀ယ် ကောင်းလာတယ်လို့ ပြောပါတယ်။

“ရွှေအရောင်းအ၀ယ်တွေက ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဲပေါ်ချိန် ဖြစ်နေတော့ ရွှေလုပ်တဲ့ လူတွေက များများလာတယ်။ အရင်လကတော့ ရွှေဈေး ကျနေတာတောင်မှ အရောင်းအ၀ယ် သိပ်မကောင်းဘူး။ အခု ရွှေဈေး တက်နေတာတောင် အရောင်းအ၀ယ် တွေက ပြန်ကောင်းလာတယ်။”

ကမ္ဘာ့ရေနံ အဓိက တင်ပို့ရောင်းချရာ အာရပ်နိုင်ငံတွေမှာ နိုင်ငံရေး မငြိမ်သက်မှု တွေကြောင့် ကမ္ဘာ့ ရေနံစိမ်း ဈေးနှုန်းလည်း စံချိန်တင် မြင့်တက်လာတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ မှာလည်း လောင်စာဆီ ဈေးနှုန်းတွေ လိုက်ပါ မြင့်တက် လာပါတယ်။ မူလက ဒီဇယ်ဆီ တဂါလံ ၃,၁၀၀ ကျပ် ပေါက်ဈေးကနေ အခု မတ်လဆန်းမှာ တဂါလံကို ကျပ် ၄,၀၀၀ လောက်အထိ မြင့်တက် လာခဲ့တာပါ။

ဈေးမြင့်တဲ့ အရောင်းအ၀ယ် ဖြစ်နေတဲ့ လက်ရှိ အိမ်ခြံမြေ ဈေးကွက်က လတ်တလော အမေရိကန် ဒေါ်လာနဲ့ ရွှေဈေးနှုန်း ပြန်လည် မြင့်တက် လာတဲ့ အတွက်ကြောင့် ဈေးနှုန်း အတက်ဘက်ကို ထပ်ပြီး ဦးတည်လာဦးမယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တွေက မှန်းဆ ထားပါတယ်။ အိမ်ခြံမြေ ဈေးကွက် အလားအလာကို အကျိုးဆောင် တဦးက အခုလို ပြောပြပါတယ်။

“အခြေခံ အဆောက်အအုံ တိုက်ခန်းတို့၊ ကွန်ဒိုတို့၊ စက်ရုံတို့ ဒါတွေက မရှိမဖြစ်ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ Foreigner တော်တော် များများကျတော့ ၀ယ်လို့မှ မရတာ။ ၀ယ်လို့ မရတဲ့အတွက် သူတို့က ငှားရမ်းပြီးမှပဲ လုပ်ရမှာပဲ။ အဲဒီတော့ ဘာပဲပြောပြော လုံးချင်း အိမ်တွေ၊ ကွန်ဒိုတွေ၊ တိုက်ခန်းတွေ ဒီ့ထက်တောင် ပိုပြီး လိုသွားနိုင်တယ်။”

လက်ရှိ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး ပြန်လည်မြင့်တက်လာတဲ့ တချိန်တည်းမှာပဲ တခြား အထွေထွေ ကုန်စည်တွေ အားလုံး လိုက်ပါ ဈေးတက် လာပါတယ်။ အခုတော့ မြင့်တက် လာတဲ့ ပြည်တွင်း ဆန်ဈေးနှုန်းနဲ့ အထွေထွေ စားသောက်ကုန် ဈေးနှုန်းတွေ ပြန်လည် တည်ငြိမ်လာရေး အတွက် စစ်အစိုးရက ပြည်ပ ဆန်တင်ပို့မှုကို ယာယီ ရပ်ဆိုင်း လိုက်ပါတယ်။

ပြည်တွင်း ကုန်ဈေးနှုန်းတွေ ကမ္ဘာ့ဈေးနှုန်းနဲ့အညီ လိုက်ပါ မြင့်တက်လာတိုင်း စစ်အစိုးရက ပြည်တွင်းက စီးပွားရေး သမားတွေကို ဖမ်းဆီးတာ၊ ပြည်ပ တင်ပို့မှု ပိတ်ပင်တာတွေကို အဆင်အမြဲ လုပ်ကိုင် လာတာပါ။ ဒါပေမဲ့ စီးပွားရေး သမားတွေကတော့ ကုန်ဈေးနှုန်းတွေဟာ တခုနဲ့တခု ဈေးနှုန်းအတက်အကျ ချိတ်ဆက်နေတာ ဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ ဆန်ဈေးနှုန်း မြင့်တက် လာတာမှာလည်း လောင်စာဆီဈေးနှုန်း မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ အာဆီယံ စံချိန် စံညွှန်းနဲ့ အညီ သတ်မှတ် တန်ချိန်ပဲ သယ်ယူခွင့် ပြုလိုက်တာတွေကလည်း အကြောင်းရင်းတခု ဖြစ်တယ်လို့ ပြောကြားပါတယ်။


Ref: VOA News

Read More...

အပေါ်သို့