ထွဋ်မြတ်ခိုင်
13 June 2010 17:14
Private School တွေဖွင့်တော့ M.sc.MA ရထားတဲ့ မိန်းကလေး တော်တော်များများ ဝမ်းသာကြပါတယ်။ Private School တွေက M.Sc M.A ရထားတဲ့ သူတွေကို ဆရာမအဖြစ် Study Guide အဖြစ် ခန့်မယ်လို့ seven days news ဂျာနယ်မှာ အတိအလင်း ပြောထားတာကို ဖတ်ခဲ့ရလို့ပါ။
အဲဒီထဲမှာ ကျွန်မလည်း တစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။ ကျွန်မက M.Sc ရထားတဲ့ သူကိုး။ မဟာ မြကျွန်း သာ (MMAC) ဆိုတဲ့ ကျောင်းက M.Sc M.A တွေကို ဆရာမ အဖြစ် study guide အဖြစ် ခေါ်ပါတယ်။ ကျွန်မလည်း ၀င်လျှောက် ဖြစ်ပါတယ်။ ဆရာမ အဖြစ် အရွေး ခံရပါတယ်။ အရမ်း နာမည်ကြီး နေတဲ့ ကျောင်းမို့ အရမ်း အထင်ကြီးပြီး လျှောက်ခဲ့တာပါ။ နေစရာ စားစရာ ပေးပြီး လစာကို ၄၅၀၀၀ မှ ၈၀၀၀၀ ထိ ပေးမယ်လို့ ပြောခဲ့ ပါတယ်။ ကျွန်မတို့လို ပညာသာတတ်ပြီး ကိုယ့်ဝမ်းစာကို ကိုယ့်ဘာသာ ရှာစားနေရတဲ့ မိန်းကလေးတွေ အတွက်တော့ မဟာ့မဟာ အခွင့်အရေးပါပဲ။ ဒါပေမယ့် ဒါတွေက အိမ်မက်ပဲ ဖြစ်ခဲ့တာ။ အလုပ် လျှောက်လွှာကို လက်ခံတဲ့ နေရာက ၆မိုင်ခွဲမှာ ရှိတဲ့ မူကြို တစ်ခုမှာပါ။ မူကြို ကလည်း စင်ကာပူ သင်ရိုးအတိုင်း သင်တဲ့ မူကြိုမို့ အထင် ကြီးစရာ အင်မတန် ကောင်းပါတယ်။ မူကြိုတောင် ဒီလောက် အဆင့်မြင့်ရင် private school က ပိုတောင် သားနားမယ်လို့ ထင်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မ အရွေးခံ ရပါတယ်။
အလုပ် အတွက် စာချုပ် ချုပ်ရမယ်လို့ ပြောပါတယ်။ တလကို ၄၅၀၀၀ နဲ့ ၃ နှစ် စာချူပ် ရပါတယ်။ စာချူပ်ထဲမှာလဲ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ အချက်တွေသာ ပါပြီး သင်ကြားရေး တာဝန်ခံ ဆရာမ ဆိုတဲ့ ရာထူးနဲ့ ချူပ်တာပါ။ စာချူပ် ချူပ်ပြီးတာနဲ့ မြရိပ်မာလာ ဆိုတဲ့ အဆောင်ကို ခေါ်သွားပါတယ်။အဲဒီမှာ စပြီးတွေ့တာ ပါပဲ။ ပေ ၁၀၀ ပတ်လည်တောင် မရှိတဲ့ ခြံဝင်းထဲမှာ နှစ်ထပ် တိုက် ၂ လုံး ၊ ဂိုထောင် လိုလို အခန်း ၂ ခန်း၊ စာသင်ဆောင်၂ ခုနဲ့ ရေကန် ၁ ကန် တွေ့ရပါတယ်။ နှစ်ထပ်တိုက် ၂ လုံး ကတော့ ကျောင်းသူတွေ နေတဲ့ အဆောင်ပါ။ ဂိုထောင် လိုလို အခန်းကတော့ ဆရာမများ အတွက် ဖြစ်ပါတယ်။ ဂိုထောင် တခုမှာ ဆရာမ ၄ ယောက် နေရပါတယ်။ မိုးတွင်း ရောက်ရင် ခုတင် ခြေထောက်ထိ ရေမြုပ်တဲ့ အခန်းတွေပါ။
ကျွန်မ တွေ့ခဲ့ရတဲ့ ဖိနှိပ်မှုနဲ့ ချူပ်ချယ် ခံရမှု များကို အောက်မှာ ဆက်ရေးထားပါတယ်။
* (၁) တိုးတက်နေတဲ့ ခေတ်ထဲမှာ သတင်းစာ မဖတ်ရဘူးတဲ့။
* (၂) ရေဒီယို နားမထောင် ရဘူးတဲ့။
* (၃) MP3 MP4 လက်ကိုင်ဖုန်း သုံးခွင့် မပြုဘူးတဲ့။
* (၄) မိမိ မိသားစု အသိုင်းအ၀ိုင်းက မိမိထံသို့ ဖုန်းဆက်ခွင့် မရှိပါတဲ့။ လာရောက် တွေ့ခွင့် မရှိ ပါတဲ့။
* (၅) သန့်ရှင်းရေးနဲ့ ပန်းပင် ရေလောင်းတာကို အလှည့်ကျ လုပ်ရပါတယ်။
* (၆) ညဘက် ရေတင်တာကို အလှည့်ကျ စောင့်ရ ပါတယ်။( ကျောင်းသူများရဲ့ရေချိုးခန်း ထဲကို ထည့်တာပါ)
* (၇) ကျောင်းသူများရဲ့ အခန်းကို room service ၀င်ပေးရပါတယ်။
* (၈) ဂိတ်ပေါက် စောင့်ရပါတယ်။
* (၉) ဆရာမများ တနေ့ကို ရေတခါပဲ ချိုးရမယ်လို့ စည်းကမ်း ထုတ်ထား ပါတယ်။
ရေချိုးရတဲ့ နေရာကို ပြောပြပါမယ်။
လူနှစ်ရပ် လောက်ရှိတဲ့ ရေကန်နဲ့ ခြံစည်းရိုး အုတ်နံရံကြား လူတကိုယ် ၀င်စာရှိတဲ့ နေရာမှာ ချိုးရတာပါ။ လူ နှစ်ရပ် လောက်ရှိတဲ့ ရေကန်မှာ ရေက တစ်တောင်လောက်ပဲ ရှိတာကို ပုံးမှာ ကြိုးတပ်ပြီး ငင်ချိုး ရတာပါ။ မျက်နှာ သစ်ဖို့ ရေက အမှိုက်တွေနဲ့ သံချေးရေပါ။ တစ်နှစ်ပတ်လုံး မိုးတွင်းက လွဲလို့ ကျန်တဲ့ အချိန်တွေမှာ ဒီလိုပဲ သုံးရပါတယ်။ ဒါဟာ လိမ်ညာမှုပါပဲ။ ဒါဟာ အိမ်ဖော်တွေ လုပ်ရတဲ့ အလုပ်မျိုးတွေပါ။ ဆရာမ ဆိုတဲ့ နာမည်တပ်ပြီး အိမ်ဖော် လုပ်ခိုင်းတာပါ။ စာချုပ်မှာ မပါတဲ့ အချက်တွေကို အခိုင်းခံရပေမယ့် စာချုပ် ဆိုတာကြီးကို ကြောက်လို့ မထွက်ရဲတဲ့ သူတွေ အများကြီးပါ။ မဟာမြကျွန်းသာ ဆိုတဲ့ ဒီ private school က ပညာတတ် အမျိုးသမီးတွေကို ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး အကျဉ်းချ ကျွန်ပြုထားတာ ပြည်တွင်း လူကုန်ကူးမှု လို့တောင် ပြောလို့ ရပါတယ်။ တိုးတက်နေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ သတင်းစာ မဖတ်ရ ဆိုတာ တော်တော် ဆိုးဝါးတဲ့ အချက်ပါ။ စီးပွားရေးအရ ကြည့်ရင်လည်း ပိုက်ဆံ ရစရာရှိတဲ့ ကျောင်းသူတွေ ကိုတော့ ကောင်းကောင်း ထားပြီး ပိုက် ဆံပေးရမယ့် ဆရာမ( တနည်း ၀န်ထမ်း၊ အလုပ်သမား) ကိုတော့ ဖိနှိပ်ထားတာ အရင်းရှင် စနစ်ကို ကျင့်သုံး တာ ပါပဲ။ အရမ်းကောင်းပြီး အဆင့်မြင့် ပါတယ်လို့ နာမည်ကြီး နေတဲ့ မဟာ မြကျွန်းသာ private school ကိုတော့ ပညာတတ် မိန်းကလေးများ မလျှောက်မိ ပါစေနဲ့။ အမှားကြီး မှားမှာ စိုးရိမ်လို့ပါ။ နီးစပ်ရာ သူငယ်ချင်းများကို ပြောပြပြီး forward လုပ်ပေးကြပါလို့ အကူအညီ တောင်းပါတယ်။ ကျေးဇူး တင်ပါတယ်။
Ref: မောက္ခ
Wednesday, July 14, 2010
Private ကျောင်းများရဲ့ သွေးစုပ်ခြယ်လှယ်ပုံ
မြန်မာသူပုန် ၃၄ ဦး တရားစီရင်မှု ပြီးသော်လည်း မလွတ်မြောက်
ဇာနည်မာန်
Tuesday, July 13, 2010
အိန္ဒိယ အစိုးရက ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်းပြီး တရားစွဲဆို ထားသော မြန်မာ သူပုန်များကို ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီး ကျခံစေရန် ကာလကတ္တား တရားရုံးမှ ယမန်နေ့က အပြီးသတ် ဆုံးဖြတ်ခဲ့ သော်လည်း ကွင်းလုံးကျွတ် လွတ်မြောက်ရန် မရေရာ သေးကြောင်း သတင်းရရှိသည်။
ကာလကတ္တားမြို့ ပရက်စီဒင်စီ အကျဉ်းထောင်တွင် ထိန်းသိမ်း ထားသော ရခိုင်နှင့် ကရင် တိုင်းရင်းသား ၃၄ ဦးတို့ကို လက်နက် ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းများ ကိုင်ဆောင်မှု အက်ဥပဒေ၊ တရားမ၀င် နိုင်ငံခြားသား အက်ဥပဒေ တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်နှင့် ၃ လ အပြင် ငွေဒဏ် ရူပီး ၆၀၀၀ စီ အသီးသီး ချမှတ်ခဲ့သည်။
“တရားရုံးက ဒီအမှု ပြီးသွားပြီ ဆိုပြီပဲ ပြောလိုက်တယ်။ သူတို့ဟာ ထောင်ထဲမှာ ၁၀ နှစ်ကျော် နေခဲ့ပြီးပြီ။ ထောင်ထဲ ဆက်နေဖို့ မလိုအပ် တော့ဘူး။ ဒါကို တရားရုံးက တခုခု လုပ်ပေးရမှာ ဖြစ်ပေမယ့် သူတို့ကို အကြောင်း ပြချက်မရှိဘဲ ထောင်ထဲမှာပဲ နေစေချင် နေတယ်။ ကျနော် တို့လည်း ဘာမှ လုပ်ပေးလို့ မရဘူး ဖြစ်နေတယ်” ဟု ရှေ့နေ တဦးဖြစ်သူ Akshay Sharma ကပြောသည်။
အကျဉ်းထောင်တွင် နှစ်ရှည်လများ နေခဲ့ရပြီးဖြစ်သောကြောင့် အဆိုပါ ချုပ်ရက်များကို ခံစားခွင့်ပေးသည့် အနေဖြင့် ထောင်ဒဏ်များ လျှော့ပေါ့ ပေးခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ကွင်းလုံးကျွတ် လွှတ်ပေးလိုခြင်း မရှိ ဖြစ်နေသည်ဟု မြန်မာ သူပုန်များ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသူ ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီး ဒေါက်တာ တင့်ဆွေကလည်း ဆိုသည်။
“အလုပ်နဲ့ ထောင်ဒဏ်ကတော့ သူတို့ ချုပ်ရက်တွေ လျှော့ပေးလိုက်လို့ ကျခံဖို့ မလိုတော့ဘူး။ ဒဏ်ငွေကတော့ ဆောင်ရမယ်။ မဆောင်ရင် ထောင်ဒဏ် ၈ လ လို့ ထပ်ပြောတယ်။ ဒဏ်ငွေ ဆောင်မယ် ဆိုရင်တောင် သူတို့ကို မလွှတ်ပေးချင်ဘူး ဖြစ်နေတယ်။ တရားမ၀င် နိုင်ငံခြားသား ပုဒ်မ တပ်ပြီး ထောင်ထဲကို ပြန်ထည့်ဖို့ လုပ်နေကြတာ” ဟု ဒေါက်တာ တင့်ဆွေက ပြောပြသည်။
ဒဏ်ငွေဆောင်လိုက်ပါက လွတ်မြောက်ရမည် ဖြစ်သော်လည်း ထိုသူတို့သည် အိန္ဒိယမြေပေါ်တွင် တရားဝင် နေထိုင်ခွင့် မရှိသည့်အတွက် တရားမ၀င် နိုင်ငံခြားသား အမှုဖြင့် အိန္ဒိယ အစိုးရက ထပ်မံ အရေးယူနိုင်ကြောင်း သိရသည်။
ဒေါက်တာ တင့်ဆွေက ဆက်လက်၍ “သူတို့ကို UNHCR က ဒုက္ခသည်အဖြစ် အသိမှတ်ပြုဖို့ စဉ်းစားဆဲအဆင့် လက်မှတ်ကို တင်ပြ ထားပေမယ့် ဒါက တရားဝင်နေထိုင်ခွင့် မဟုတ်ဘူးဆိုပြီး ပယ်ချထားတယ်။ အဲဒီတော့ သူတို့တွေ လုံးဝ လွတ်သွားဖို့ အတွက်က ကျနော်တို့ ဆက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို တက်ပြီး ကြိုးစားကြရဦးမယ်” ဟု ပြောသည်။
အမှုအပေါ် ညှာတာ ထောက်ထားပြီး ထောင်ဒဏ်များ ချမှတ်ရာတွင် သတ်မှတ်ထားသည့် နှစ်များထက် လျှော့ပေါ့ ချမှတ် ပေးခဲ့သော်လည်း တရားရုံး၏ ဆုံးဖြတ်ချက်မှာ ရှင်းလင်းမှု မရှိကြောင်း ရှေ့နေများက ဆိုသည်။
အမှုပြီးဆုံးသွားပြီဟု ဆိုသော်လည်း မြန်မာသူပုန်များ၏ လွတ်မြောက်ရေးမှာ မရေမရာ ဖြစ်နေပြီး ကာလကြာရှည် ထိန်းသိမ်း ခံထားရသူများ အပေါ် ချမှတ်သည့် ဒဏ်ငွေ ပမာဏမှာလည်း များပြားနေသဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်များသည် တရားမျှတမှု မရှိကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ကြသည်။
လတ်တလောတွင် ၃၄ ဦးအနက် ကိုစိုးနိုင်ဆိုသူသည် အစာအိမ်ရောဂါ ခံစားနေရသည်မှ လွဲ၍ ကျန်သူများမှာ ကျန်းမာရေး ကောင်းမွန် နေကြပြီး ကာလကတ္တားရှိ ပရက်စီဒင်စီ အကျဉ်းထောင်တွင်ပင် နေကြရမည် ဖြစ်သည်ဟု သိရသည်။
“သူတို့ကတော့ ထောင်ပဲ အကျခံလိုက်မယ် ပြောကြတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သူတို့ လုံးဝ လွတ်မြောက်ဖို့ လုပ်ရမယ်။ သူတို ခံခဲ့ရတာတွေက များလွန်းနေပြီ” ဟု ဒေါက်တာ တင့်ဆွေက ပြောသည်။
အိန္ဒိယရေပိုင်နက်အတွင်းရှိ လန်းဖောလ်ကျွန်းသို့ ရောက်လာသော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့မှ ရခိုင်နှင့် ကရင် တိုင်းရင်းသားများ ပါဝင်သည့် လူစုကို ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယ ရေတပ်က ဖမ်းဆီးခဲ့သည်။
ထို့နောက် လက်နက်ခဲယမ်းများ လက်ဝယ် တွေ့ရှိမှုဖြင့် အက်ဒမန်ကျွန်းစု ပို့ဘလဲယားမြို့တွင် ၈ နှစ်ကျော်ကြာ အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ထိုအတောအတွင်း သူတို့အဖွဲ့မှ ခေါင်းဆောင် ၆ ဦးတို့မှာ သေဒဏ်ပေး ကွပ်မျက်ခံရပြီး ကျန်သူများကိုမူ ကလကတ္တား အကျဉ်းထောင်သို့ ပို့ဆောင်၍ အိန္ဒိယဗဟို ထောက်လှမ်းရေး အဖွဲ့ (CBI) က ၂၀၀၆ အောက်တိုဘာလတွင် တရားလိုပြု တရား စွဲဆိုခဲ့သည်။
မြန်မာ သူပုန်များဟု အစွပ်စွဲ ခံခဲ့ရသူများသည် အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့မှ ဒုဗိုလ်မှူးကြီး ဗီ အက်စ် ဂရာဝယ်လ် (Lt. Col. V.S. Grewal) နှင့် လျှို့ဝှက် သဘောတူညီထားသည့် “ပင်လယ်မျှော့ စစ်ဆင်ရေး” အတွက် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့နှင့် မြန်မာ စစ်အစိုးရတို့ ပူးပေါင်း အကွက်ချ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
အိန္ဒိယ အစိုးရမှ စွပ်စွဲသည့်အတိုင်း အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို လက်နက်များ ထောက်ပံ့မည့် လက်နက်ကိုင် သူပုန်များ မဟုတ်ကြောင်း အဖမ်းခံရသူများက အစဉ်တစိုက် ထွက်ဆိုခဲ့ကြသည်။
အမှု စစ်ဆေးစဉ် ကာလတလျှောက်လုံး တရားလိုဘက်မှ အထောက်အထားများ၊ သက်သေများ တင်ပြရန် ပျက်ကွက်မှုများစွာ ရှိခဲ့ပြီး တင်ပြခဲ့သည့် အထောက်အထား များမှာလည်း ခိုင်လုံမှု တစုံတရာ မရှိကြောင်း မြန်မာသူပုန်များ၏ ရှေ့နေများက ဝေဖန် ပြစ်တင်ခဲ့သည်။
အဆိုပါ ၃၄ ဦးတို့ကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ရှေ့နေများက လျှောက်လဲခဲ့ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးရေးအတွက် စဉ်းစားနေဆဲ အဆင့် လက်မှတ်များကို တင်ပြခဲ့ကြသည်။
မြန်မာသူပုန်များကို နိုင်ငံရေး ခိုလှုံခွင့်ပေးရန် ချက်သမ္မတနိုင်ငံက ပြောဆိုမှုများ ရှိခဲ့ပြီး မြန်မာ သူပုန်များအရေး လှုပ်ရှားနေသော Solidarity Committee ကလည်း ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးရန် တောင်းဆိုခြင်းများ ရှိခဲ့သည်။
ဖမ်းဆီးထားသူများ လွတ်မြောက်ရေးအတွက် အိန္ဒိယ လူ့အခွင့်အရေး လှုပ်ရှားသူများက ကြိုးပမ်းခဲ့ကြပြီး ဒေါက်တာ တင့်ဆွေ၊ Euro Burma ရုံးမှ ဒါရိုက်တာ ဦးဟန်ညောင်ဝေနှင့် အိန္ဒိယနိုင်ငံ အနောက် ဘင်ဂေါပြည်နယ်ရှိ အားကစားရေးရာ ၀န်ကြီးဌာနမှ အရာရှိ တဦးတို့ကလည်း တရားရုံးတွင် အဖမ်းခံရသူ ၃၄ ဦးသည် မြန်မာပြည် လွတ်မြောက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေသည့် တော်လှန်ရေး သမားများသာ ဖြစ်သည်ဆိုသည့် အထောက်အထားများကို ယမန်နှစ် နိုဝင်ဘာလအတွင်းက တင်ပြ ထွက်ဆို ခဲ့ကြသေးသည်။
အိန္ဒိယနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးကို ထောက်ခံ အားပေးခဲ့သော်လည်း အရှေ့မျှော် မူဝါဒကို စတင် ကျင့်သုံးခဲ့သည့် ၁၉၉၀ နောက်ပိုင်းတွင် မြန်မာ စစ်အစိုးရနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့ပြီး စစ်သုံးပစ္စည်းများ၊ နည်းပညာ အကူအညီများ ပေးခြင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်းများ ပြုခဲ့သည်။
Ref: ဧရာဝတီ်
Tuesday, July 13, 2010
အန်ဒီအက်ဖ်အား မှတ်ပုံတင်ခွင့်ပြုခြင်းကို အန်အယ်လ်ဒီ ရှုတ်ချ
ဝီရ
၁၂ ဇူလိုင် ၂၀၁၀
ခမောက်ပုံကို ပါတီတံဆိပ် အသုံးပြုခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သည့်ကြားမှ ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီကို နိုင်ငံရေး မှတ်ပုံတင်ခွင့် ပြုလိုက်သည့် အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က လက်မခံနိုင်ကြောင်း ရှုတ်ချ လိုက်သည်။
အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲကော်မရှင်က အန်အယ်လ်ဒီရဲ့ ကန့်ကွက်လွှာကို အသိအမှတ် မပြုတာဘဲလို့ မြင်တယ်။ ဒါဟာ ဥပဒေကြောင်း အရ လက်ခံနိုင်စရာ မရှိပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ကန့်ကွက်တာကို မျက်ကွယ်ပြုသလို ပြုနေတာကြောင့် ကျနော်တို့ အန်အယ်လ်ဒီက ရှုတ်ချပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခမောက်ပုံ တံဆိပ် အမှတ်အသားကို အခြားပါတီ တရပ်ရပ်အား ယင်းကဲ့သို့ အသုံးပြုခွင့် ပေးလိုက်သည့် အတွက် ပြည်သူတို့အား ထင်ယောင်ထင်မှား ဖြစ်စေကြောင်း အန်အယ်လ်ဒီက ထောက်ပြသည်။
ဦးဉာဏ်ဝင်းက “ကန့်ကွက်နိုင်တဲ့အချိန်တောင် မပြည့်သေးဘဲ ပါတီဖွဲ့ခွင့် ပေးလိုက်တယ် ဆိုတာကို အန်ကယ်လ်တို့ နားမလည်နိုင်ဘူး။ ဒီကိစ္စကို အန်အယ်လ်ဒီ ခေါင်းဆောင်လူကြီးတွေ ဆက်ဆွေးနွေးပြီး ရှေ့ဆက် ဘာလုပ်သွားမလဲ ဆိုတာ မကြာခင် ဆုံးဖြတ် သွားမှာပါ” ဟု ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၎င်းတို့ပါတီ၏ အလံနှင့် တံဆိပ်များကို ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်၌ ကြေညာ ခဲ့ပြီးနောက် အဆိုပါ ခမောက်ပုံကို အန်ဒီအက်ဖ်က ဆင်တူယိုးမှား တုပပြီး ပုံမှား ရိုက်သည်ဟူ၍ ရွေးကောက်ပွဲ ကော်မရှင်ထံ အန်အယ်လ်ဒီက ပြီးခဲ့သည့် ဇူလိုင် (၅) ရက်တွင် ကန့်ကွက်စာ တင်သွင်းခဲ့သည်။
သို့သော် ကန့်ကွက်နိုင်သည့်အချိန် (၇) ရက် မပြည့်ခင် ပြီးခဲ့သည့် ဇူလိုင် (၉) ရက်နေ့၌ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင် အမှတ် (၃၈) ဖြင့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီအား နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။
အန်ဒီအက်ဖ်မှ ပါတီခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ သန်းငြိမ်းက “နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီ ဆိုတော့ ဒီခမောက်ပုံ တံဆိပ်ကို သုံးခွင့် ပေးလိုက်ပြီ ဆိုတဲ့ သဘောလို့ ကျနော်တော့ နားလည်တယ်။ ရှေ့ဆက် လုပ်ငန်းစဉ်တွေ အနေနဲ့ ပါတီကို အတည်တကျ ပြန်လည် ဖွဲ့စည်းသွားဖို့ ဒီအပတ်ထဲမှာ အစည်းအဝေး ခေါ်ဖို့ ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ပါတီမှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီသည် လာမည့် ရွေးကောက်ပွဲ၌ မြို့နယ်ပေါင်း (၅၀) ကျော်တွင် ဝင်ရောက် အရွေးခံသွားမည် ဖြစ်ကြောင်း ဒေါက်တာ သန်းငြိမ်းက ပြောသည်။
အန်ဒီအက်ဖ်ပါတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နုတ်ထွက်ခဲ့သည့် ဗဟိုအလုပ်မှုဆောင်ဟောင်း ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာ ဝင်းနိုင် အပါအဝင် ခေါင်းဆောင် (၁၉) ဦးတို့က ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြီးခဲ့သည့် မေလ (၆) ရက်နေ့က စတင် တည်ထောင်ခဲ့သည်။
Ref: ခေတ်ပြိုင်
အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းလိုရင် မြန်မာ့နိုင်ငံရေး ပြောင်းလဲရမည်
ဦးသားညွန့်ဦး
တနင်္လာ, 12 ဇူလိုင် 2010
မြန်မာစစ်အစိုးရ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်ချင်ရင် မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ရှိဖို့ လိုမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ လက်ရှိအားဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အပါအ၀င် မြန်မာ့နိုင်ငံရေး အခြေအနေတွေ အပေါ်မှာ အမေရိကန် ပြည်ထောင်စုဘက်က စိတ်ပျက်နေပါတယ်။ အသေးစိတ်ကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။
မြန်မာနိုင်ငံအပေါ် အထီးကျန် ပိတ်ဆို့ထားတာမျိုး သက်သက်နဲ့တော့ အလုပ်မဖြစ်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့် ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာ စစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးသွားဖို့ ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒအသစ်ဟာ အဓိက ဆိုလိုရင်းကတော့ မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖြစ်ရေးပဲလို့ သူက ပြောသွားပါတယ်။
“နှစ်ပေါင်းများစွာ အတွေ့အကြုံတွေအရ အထီးကျန် ဖြတ်တောက်ထားတာကလည်း အလုပ် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မြန်မာ တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေ ဘယ်တော့ ထပ်ဖြစ်မလဲ ဆိုတာတော့ မခန့်မှန်း နိုင်သေးပါဘူး။ ဒါပေမဲ့ အခုအချိန်အထိ စစ်အစိုးရ တုံ့ပြန်မှုတွေမှာတော့ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ စိတ်ပျက် စရာတွေပါပဲ။ ဒါဟာ အခွင့်အလမ်းကောင်းတွေ ဆုံးရှုံးသွားတာပါ။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီး ဆွေးနွေးသွားမှာပါ။ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲ တခုခုဖြစ်ဖို့ မျှော်မှန်းတယ်ဆိုရင် ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ ဆွေးနွေးသွားမှာပါ။”
အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ပြည်တွင်း အဓိက နိုင်ငံရေး အင်အားစုတွေနဲ့ စစ်အစိုးရက ဆွေးနွေးသွားဖို့ အမေရိကန် ပြည်ထောင်စုဘက်က အမြဲ တိုက်တွန်း နားချနေတယ်လို့လည်း ပီ.ဂျေ ခရော်လီက ပြောပါတယ်။
“မြန်မာအစိုးရနဲ့ ထိစပ် ဆက်ဆံမှုတွေ ဆက်လုပ်သွားမှာပါ။ ဒီအတွက် ကျနော်တို့ စိတ်ဝင်တစား ရှိတာကြောင့်ပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ဖြစ်လာစေဖို့ ကိုယ့်နိုင်ငံတွင်းက အဓိက အုပ်စုတွေကို လမ်းဖွင့်ပေးပြီး ပိုပြီး ထိစပ် ဆွေးနွေးတာမျိုး ပိုလုပ်သင့်တယ်လို့ မြန်မာ တာဝန်ရှိသူတွေနဲ့ တွေ့တိုင်း ဒီကိစ္စကို ကျနော်တို့ ဆက်ပြီး ပြောသွားမှာပါ။”
အခုလို မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးသွားနိုင်ဖို့ အမေရိကန် ပြည်ထောင်စုက ကြိုးပမ်း နေချိန်မှာပဲ တဘက်မှာ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို သက်တမ်းတိုး ချမှတ်နေတုန်းပါ။ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အများက လက်ခံ ယုံကြည်နိုင်မှု မရှိတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ပြောခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲဝင်အချို့ အခု ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီထောင်တဲ့ ဆုံးဖြတ်ချက် အပေါ်မှာ လေးစား အသိအမှတ်ပြုပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထား ကတော့ မပြောင်းလဲပါဘူး။
“ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကျနော်တို့ စိုးရိမ်ပူပန်မှုတွေက မပြောင်းလဲပါဘူး။ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ချို့ယွင်း အားနည်းမှုတွေ ရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်ဟောင်းတွေ အခုလို ရွေးကောက်ပွဲ ၀င်ဖို့ အဆုံးအဖြတ် ကိုလည်း အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့လည်း အခု မြန်မာနိုင်ငံမှာ လုပ်မယ့် ဒီလုပ်ငန်းစဉ်တွေဟာ နည်းနည်းလေးတောင် လွတ်လပ်မျှတပြီး လက်ခံ ယုံကြည်နိုင်တဲ့ တရားဝင်မှု ရလဒ် ဖြစ်လာမယ်လို့တော့ ကျနော်တို့ မျှော်လင့် မထားပါဘူး။”
အမေရိကန် ပြည်ထောင်စု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့ပြီး မြန်မာ အာဏာပိုင်တွေ၊ အတိုက်အခံ ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲတဲ့ လက္ခဏာတော့ မတွေ့ရဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန် ပြည်ထောင်စုဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နောက်ထပ် စိုးရိမ်ပူပန်နေတဲ့ အချက်က မြောက်ကိုရီးယား နိုင်ငံနဲ့ ဆက်ဆံနေတဲ့ ကိစ္စပါ။ မြောက်ကိုရီးယားနိုင်ငံဟာ စစ်လက်နက်ပစ္စည်းတွေ၊ အထူးသဖြင့် နျူကလီးယားနဲ့ ဒုံးကျည်ဆိုင်ရာ နည်းပညာ ပစ္စည်းတွေ မြန်မာနိုင်ငံကို လျှို့ဝှက် ရောင်းချနေတယ်လို့ နိုင်ငံတကာမှာ သံသယ ဖြစ်နေကြပါတယ်။ အကယ်၍ အဲဒီလို ဆက်ဆံမှုမျိုးရှိရင် ဒါဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာ ဖြစ်လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု ဘက်ကတော့ မြန်မာနိုင်ငံကို သတိပေးထားပါတယ်။
ဒါကြောင့်လည်း မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို အထူးဂရုပြု အနီးကပ် စောင့်ကြည့် နေတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီက မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ထပ်မံ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ အထူး ကိုယ်စားလှယ် ထားရေး ကိစ္စကတော့ အခုအချိန်အထိ မကြေညာနိုင် သေးဘူးလို့လည်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက သတင်းထောက်တွေကို ဖြေဆိုခဲ့ပါတယ်။
Ref: VOA News
မျိုးဖြုတ်သတ်ဖြတ်မှုနဲ့ ဆူဒန်သမ္မတကို ICC ဖမ်းဝရမ်း ထပ်ထုတ်
By Selah Hennessy
တနင်္လာ, 12 ဇူလိုင် 2010
ဆူဒန်သမ္မတ အိုမာ အယ်လ်-ဘာရှား (Omar al-Bashir) ကို ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက စွဲချက်တင်ထားတဲ့ အမှုတွေထဲမှာ လူသားမျိုးနွယ် တုံးအောင် သတ်ဖြတ်မှုကိုပါ ထည့်သွင်းလိုက်ပြီး သူ့ကို ဒုတိယအကြိမ် အဖြစ် ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ အရင် နှစ်တုန်းကလည်း ICC က မစ္စတာဘာရှားကို စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ ပြစ်မှု ထင်ရှားရှိကြောင်း စွဲချက်တင်ခြဲ့ပီး ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လန်ဒန်က ဗွီအိုအေ သတင်းထောက် ဆီလာ ဟန်နက်ဆီ (Selah Hennessy) ပေးပို့ထားတဲ့ သတင်းလွှာကို နော်ရှိုးက တင်ပြ ပေးထားပါတယ်။
ဆူဒန်သမ္မတ အယ်လ်-ဘာရှား ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထဲမှာ လူမျိုးစု ၃ ခုကို ပစ်မှတ်ထားပြီး မျိုးတုံးအောင် သတ်ဖြတ်မှု Genocide လည်း ပါဝင်တာ ဖြစ်တယ်လို့ ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ပြောခွင့်ရသူ ဆွန်ဂျာ ရော့ဘ်လာ (Sonja Robla) က ပြောပါတယ်။
“မစ္စတာ အယ်လ်-ဘာရှားဟာ ဖူး (Fur)၊ မာဆာလစ် (Masalit) နဲ့ ဇာဂါဝါ (Zaghawa) လူမျိုးတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ကြောင်း သက်သေ အထောက်အထားတွေ ရှိတယ်လို့ ICC တရားသူကြီးတွေက ယူဆကြတာ ဖြစ်ပါတယ်။”
ICC က မစ္စတာ အယ်လ်-ဘာရှားကို အရင်နှစ်ကတည်းက ပထမအကြိမ် ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီတုန်းက war crime စစ်ရာဇ၀တ် ကျူးလွန်မှုနဲ့ crime against humanity လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု ဆိုတဲ့ ၂ ချက်နဲ့ပဲ စွဲချက် တင်ခဲ့တာပါ။ လူမျိုးတုံး သတ်ဖြတ်မှုကိုတော့ သက်သေ အထောက်အထား မလုံလောက်လို့ဆိုပြီး ချန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခုတခါမှာတော့ မစ္စတာ အယ်လ်-ဘာရှားဟာ လူမျိုးတုံး သတ်ဖြတ်မှုကိုပါ ကျူးလွန်ခဲ့ကြောင်း သက်သေ အထောက်အထားတွေ ရှိတယ်လို့ ICC က တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တဲ့အကြောင်း ICC ပြောခွင့်ရသူ မစ်စ် ရော့ဘ်လာက ပြောခဲ့တာပါ။
“အခုဆိုရင် မစ္စတာ အယ်လ်-ဘာရှား စွဲချက်တင်ခံရတဲ့ အမှုတွေထဲမှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တာလည်း ပါဝင်ပြီ ဖြစ်ပါတယ်။ မစ္စတာ အယ်လ်-ဘာရှားဟာ သူ ပစ်မှတ်ထား သတ်ဖြတ်တဲ့ လူမျိုးစု တခုစီကို လူမျိုးနွယ် ပျက်သုဉ်း လောက်တဲ့အထိ ကိုယ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပြင်းပြင်းထန်ထန် ထိခိုက် စေခဲ့ပါတယ်။”
သမ္မတ ဘာရှားကတော့ သူ့ကို စွဲချက်တင်ထားတာတွေကို ငြင်းဆို ထားပါတယ်။ အခုချိန်ထိလည်း သူ့ကို နိုင်ငံတကာက မဖမ်းရသေးပါဘူး။
အီးလစ်စ် ကက်ပ်လာ (Elise Kepler) ကတော့ နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က နိုင်ငံတကာ တရားမျှတမှု လေ့လာရေး ဌာနက ဖြစ်ပါတယ်။ မစ္စတာ အယ်လ်-ဘာရှားကို ICC က ဖမ်းဝရမ်း ထုတ်ထားတာကို ဆူဒန်အစိုးရ အနေနဲ့ ပူးပေါင်း ဆောင်ရွက်လာအောင်လို့ လုံခြုံရေး ကောင်စီက ဖိအား ပေးသင့်တယ်လို့ သူက ပြောပါတယ်။
“မစ္စတာ ဘာရှားနဲ့ တခြား ရာဇ၀တ်မှု ကျူးလွန်တယ်လို့ သံသယဖြစ်ရသူတွေ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို ရောက်လာရေး အတွက် လုံခြုံရေး ကောင်စီက လုပ်သင့် လုပ်ထိုက်တာကို ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဒါမှပဲ တရားမျှတမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပြစ်မှု ထင်ရှားရှိကြောင်း စီရင်တာနဲ့တင် မလုံလောက်ပါဘူး၊ တရားခံတွေ တရားရုံးကို ရောက်လာဖို့လည်း လိုအပ်ပါတယ်။”
မစ္စတာ ဘာရှားဟာ အာဏာရ နိုင်ငံ့ခေါင်းဆောင်တဦး အနေနဲ့ ပထမဆုံးအကြိမ် အဖြစ် ICC ရဲ့ စွဲချက် တင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ မစ္စတာ ဘာရှားကို ဖမ်းဝရမ်း ထုတ်ထားတာကို အာဖရိက သမဂ္ဂလို ဒေသတွင်း အဖွဲ့အစည်း အပါအ၀င် နိုင်ငံတွေ တော်တော် များများက ကန့်ကွက် ထားပါတယ်။ မစ္စတာ ဘာရှားကို ဖမ်းဆီး လိုက်တာဟာ ဒါဖော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အဟန့် အတားတွေ ဖြစ်စေလိမ့်မယ်လို့ သူတို့က ယူဆ နေတာကြောင့် ဖြစ်ပါတယ်။ ကုလသမဂ္ဂ ကိန်းဂဏန်းတွေ အရ လွန်ခဲ့တဲ့ ၇ နှစ်က စတင်ခဲ့တဲ့ ဆူဒန်နိုင်ငံ အနောက်ပိုင်း ဒါဖောဒေသက ပဋိပက္ခတွေကြောင့် လူပေါင်း ၃၀၀,၀၀၀ အထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
Ref: VOA News
ထိုင်းရှပ်နီဝတ်များအား မိုင်းလားတပ်ဖွဲ့ စစ်သင်တန်းလျှို့ဝှက်ပေးသည့် သတင်းထွက်
Tuesday, 13 July 2010 08:44
ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်ရှင်နာဝပ် ထောက်ခံသူ ရှပ်နီဝတ် ဆန္ဒပြသမားများအား မိုင်းလားတပ်ဖွဲ့က စစ်သင်တန်း လျှို့ဝှက် ပေးနေသည် ဆိုသည့် သတင်းကြောင့် ထိုင်းနိုင်ငံ လုံခြုံရေး တပ်ဖွဲ့များ အကြား ဂယက် ရိုက်စေခဲ့သည်ဟု စုံစမ်း သိရှိရပါသည်။
အမည်မဖေါ်လိုသည့် နယ်စပ် ထိုင်းလုံခြုံရေး အရာရှိတဦးက - “၀န်ကြီးချုပ် အဘီဆစ် ဖြုတ်ချရေး ဆန္ဒပြတဲ့ ရှပ်နီဝတ်တွေကို သျှမ်းပြည် အရှေ့ပိုင်း ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ မိုင်းလားတပ်ဖွဲ့က လျှို့ဝှက်စစ်သင် တန်းပေးနေတယ် ဆိုတဲ့ သတင်း ဘယ်က ရလာလဲ မသိဘူး။ အထက်ပိုင်းက ရုတ်တရက်ကြီး ကျနော်တို့ကို လာမေးတော့ ခေါင်းနဲနဲခဲသွားတာပေါ့” - ဟု ပြော၏။
ထိုသတင်းနှင့်ပတ်သက်၍ မိုင်းလားတပ်ဖွဲ့ထံ သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့ရာ မိုင်းလားတပ်ဖွဲ့ အရာရှိတစ်ဦးက ဤကဲ့သို့ ပြောသည်။
“နအဖနဲ့ရှင်းနေရတဲ့ နိုင်ငံရေး ပြသနာတင် ကျနော်တို့အတွက် လက်တောင်မလည်ဘူး။ ပြဿနာ မီးထွန်း မရှာအားပါဘူး။ ရှင်းရှင်း ပြောရရင် ထိုင်းဆန္ဒပြသမား/ ရှပ်နီတွေနဲ့ ကျနော်တို့ တပ်ဖွဲ့ ဘာမှ မပါတ်သက်ရပါဘူး”
ထိုင်းနယ်စပ်လုံခြုံရေးအရာရှိတဦးကလည်း နယ်စပ်တလွှား အလုပ်လုပ်ရသည့် အတွေ့အကြုံများ အရ ယခု ပြောဆိုမှု အပေါ် လုံးဝ မဖြစ်နိုင်ကြောင်း၊ လက်တွေ့ စုံစမ်း ထောက်လှမ်းချက် အရလဲ ရှပ်နီနှင့် မိုင်းလားတပ်ဖွဲ့တို့ ပါတ်သက်ခြင်း မရှိကြောင်း သျှမ်းသံတော်ဆင့်သို့ ဆက်၍ ပြောပြပါသည်။
နယ်စပ်ဖြတ်သန်းသွားလာရောင်းဝယ်နေသူတစ်ဦးကလည်း - “စစ်ရေးလေ့ကျင့်ဖို့ အနည်းဆုံး အချိန် တစ်လလောက် ယူရတယ်။ မယ်ဆိုင် - တာချီလိတ်ဂိတ်က နယ်စပ်ဖြတ်သန်းခွင့် (၇) ရက်ဘဲရတာ။ တာ့ပင်း - နမ့်လွေနယ်စပ် ဂိတ်မှာလဲ နအဖ ဘက်က စစ်ဆေးရေး အရမ်းတင်းကြပ်တယ်။ ဒီတော့ စစ်ရေး လေ့ကျင့်ပေးတယ် ဆိုတာ မဖြစ်နိုင်ဘူး” - ဟု ပြောပါသည်။
Ref: သျှမ်းသံတော်ဆင့်
Monday, July 12, 2010
ယူဂန်ဒါမှာ ကမ္ဘာ့ဖလားပွဲ ကြည့်နေသူတွေ ဗုံးခွဲ တိုက်ခိုက်ခံရ
တနင်္လာ, 12 ဇူလိုင် 2010
ယူဂန်ဒါနိုင်ငံမြို့တော် ကမ်ပါလာ (Kampala) က နေရာ ၂ ခုမှာ ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲ စုဝေး ကြည့်ရှုနေကြတဲ့ အချိန် ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူပေါင်း ၆၄ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ကိစ္စရဲ့ နောက်ကွယ်မှာ ဆိုမာလီ အစွန်းရောက် အုပ်စု တခုဖြစ်တဲ့ အယ်လ်-ရှာဘပ်ဘ် (al-Shabab) ပါဝင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက သံသယ ရှိနေကြပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ ခေါင်းဆောင်တွေက ရှုတ်ချခဲ့ကြသလို အယ်လ်-ရှာဘပ်ဘ်နဲ့ တခြား စစ်သွေးကြွ အုပ်စုတွေကို တိုက်ခိုက်နေတဲ့ ယူဂန်ဒါ အစိုးရကို ထောက်ခံမှု ပေးသွားမယ့်အကြောင်း ကတိပြု ပြောဆို လိုက်ကြတာပါ။
ဧရာမ ရုပ်မြင်သံကြားကြီးတွေမှာ ပြသနေတဲ့ ကမ္ဘာ့ဖလားပွဲကို မနေ့တုန်းက ကြည့်နေကြရာ ဘောလုံးကွင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ရာမှာတော့ လူပေါင်း ၄၉ ယောက် သေဆုံး ခဲ့ကြောင်းလည်း အစိုးရက ပြောပါတယ်။ နိုင်ငံခြားသားတွေနဲ့ စည်ကားရာ နေရာက အီသီယိုးပီးယား စားသောက်ဆိုင်က ပေါက်ကွဲမှုမှာတော့ လူပေါင်း ၁၅ ယောက် သေဆုံးခဲ့တာပါ။
ဗုံးတွေကို ကိုယ်ပေါ်မှာ ပတ်ထားတဲ့ အသေခံ ဗုံးခွဲသမားတွေက တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တဲ့ လက္ခဏာတွေ တွေ့ရကြောင်းလည်း အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။
တိုက်ခိုက်မှုတွေဟာ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်မှုရှိတဲ့ အယ်လ်-ရှာဘပ်ဘ် အဖွဲ့ရဲ့ မကြာသေးခင်က ခြိမ်းခြောက် မှုတွေနဲ့ ဆက်နွယ်မှု ရှိတယ်လို့ ယူဂန်ဒါ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောဆိုခဲ့တာပါ။ ဒီအဖွဲ့က တိုက်ခိုက်တာ ဖြစ်တယ် ဆိုရင်တော့ ဒါဟာ အယ်လ်-ရှာဘပ်ဘ်က ပထမဆုံး အကြိမ် ဆိုမာလီ နိုင်ငံပြင်ပမှာ ကျူးလွန်တဲ့ လုပ်ရပ်တခုလည်း ဖြစ်လာ ပါလိမ့်မယ်။
Ref: VOA News
Sunday, July 11, 2010
၂၀၁၀ ရွေးကောက်ပွဲ မပါဝင်ကြရန် ရွှေလီမြစ်ဝှမ်းဒေသ၌ လျှို့ဝှက်စာ ဖြန့်ဝေ
Saturday, 10 July 2010
နအဖ စစ်အုပ်စု ဦးစီးကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ကြရန် မူစယ် နမ့်ခမ်းမြို့နယ်အတွင်း စာများ လျှို့ဝှက် ဖြန့်ဝေလျက် ရှိကြောင်း စုံစမ်း သိရှိရပါသည်။
“ထုန့်မောဝ်း အခြေစိုက် SSA - S အမှတ် ၇၀၁ တပ်ရင်း သျှမ်းမျိုးချစ် ဆိုပြီးတော့ ဒီလဆန်းပိုင်းမှာ စဖြန့်တယ်။ အဲဒီစာထဲ မှာ ပြည်သူ အနေအနဲ့ နအဖ ရွေးကောက်ပွဲမှာ မပါဝင်ဖို့ အဓိက တိုက်တွန်း ထားတယ်၊ ပါဝင်ရင် ဘာလုပ်မယ် ညာလုပ်မယ် ဆိုတာတော့ ပြောမထားဘူး”- ဟု မူစယ်မြောက်ရပ်ကွက်နေ စိုင်းနွံမောဝ်းက ပြောပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ အပါအ၀င် မေလနှောင်းပိုင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ခွင့် ရသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများ ဆက်တိုက် လှုပ်ရှားမှု ပြုလာနေချိန် ဤကဲ့သို့ စာဖြန့်ဝေမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
၎င်းနှင့်ပါတ်သက်၍ သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင်က - “ ကျနော်တို့ သျှမ်းပြည် တပ်မတော် ပေါ်လစီအရ ၂၀၁၀ ရွေးကောက်ပွဲဟာ ပြည်သူအတွက် ဘာမှ အကျိုးမရှိဘူး။ သန်းရွှေ စစ်အုပ်စု စိတ်တိုင်းကျ ရေးဆွဲတဲ့ ၂၀၀၈ အခြေခံ ဥပဒေ အသက် သွင်းဖို့ဘဲဖြစ်တယ်၊ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ဘဲ ဖြစ်တဲ့အတွက် ပြည်သူအနေနဲ့ မပါဝင်/မဲမထည့်ကြဖို့ အတိအလင်း သတိ ပေးလိုက်ပါတယ်၊ မလွဲသာလို့ ဖိအားနဲ့ မဲပေးခိုင်းရင်လဲ ဗလာမဲ ပေးတဲ့နည်းဘဲ အသင့်လျှော်ဆုံး - ဆိုတဲ့ အချက်ပေါ် လုပ်ဆောင်သွားခြင်းသာ ဖြစ်တယ်”- ဟု သျှမ်းသံတော်ဆင့်သို့ ပြော၏။
တဖက်တွင်လည်း ရွေးကောက်ပွဲကော်မရှင်က နမ့်ခမ်း မြို့နယ် နောင်ခန် ကျေးရွာအုပ်စုဘက် စည်းရုံးရေး မဆင်းရန် ၎င်းတို့ ပါတီအား တားမြစ် ထားကြောင်း နမ့်ခမ်းမြို့နယ် ကော်မတီ ကျားဖြူပါတီဝင် တဦးက ဤကဲ့သို့ ရှင်းပြ၏။
“နမ့်ခမ်းမြို့ နောင်ခန်ဘက်မှာဆို အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ဖို့ ကွင်းဆင်း ဟောပြောတဲ့ နမ့်ခမ်း ကြံ့ဖွတ် ဥက္ကဌ စိုင်းကျော်မြင့် အသတ်ခံရတယ်။ နောက်ပိုင်းမှာလဲ အဲဒီနေရာဘဲ အောက်တိုဘာ ၁၇ ရက်နေ့ည နောင်ခန်အုပ်စု အတွင်းရေးမှူး စိုင်းကျော်ညွှန့် ဘုံကထိန် အတွက် အစည်းအဝေး လုပ်နေတုန်း ပစ်သတ် ခံလိုက်ရ ပြန်တယ်- စသဖြင်ပေါ့။ ဘာဘဲ ဖြစ်ဖြစ် ကျနော်တို့ အနေနဲ့တော့ တတိယ လက်သည်/အုပ်စု ရှိလာမှာကိုဘဲ စိုးရိမ်တယ်”
နမ့်ခမ်းမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအား ပေါက်လုံ ရပ်ကွက်နေ စိုင်းခမ်းအောင် ၅၃ နှစ်က ဦးဆောင်ပြီး၊ (သျှမ်း)ကျားဖြူပါတီ မြို့နယ်ကော်မတီ ဥက္ကဌမှာ ဒါက်တာစိုင်းကျော်အုန်း၊ ပလောင် အမျိုးသားပါတီ DPNP မြို့နယ် ကော်မတီ ဥက္ကဌမှာ စိုင်းအေးမောင် ဖြစ်၏။ တိုင်းရင်းသား စည်းလုံး ညွတ်ရေး ပါတီကိုမူ ပေါက်တိုက်ရပ် ကွက်နေ အသက် ၅၃ နှစ်ရှိ စိုင်းလှအောင် က ဦးဆောင်ကြောင်း သိရပါသည်။
Ref: သျှမ်းသံတော်ဆင့်
မလေးရှားလွှတ်တော်တွင် မြန်မာ့အရေး ကြားနာ
ဘစောတင်
Saturday, July 10, 2010
မလေးရှား အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ့အရေး ကြားနာမှု အတွေ့အကြုံ ရှင်းလင်းပွဲ တရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ တရုတ်တန်းခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။
ယင်းမြန်မာ့အရေး ကြားနာမှုကို မြန်မာ့ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားများ အခွင့်အရေး လှုပ်ရှားနေသော တပ်ပေါင်းစု ၁၀ ဖွဲ့၏ ကိုယ်စားလှယ်များက ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်ခင်ဥမ္မာက မလေးရှားလွှတ်တော် ကိုယ်စားလှယ်များကို နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ တိုင်းရင်းသား အရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စရပ်များကို ပြောဆိုခဲ့ကြောင်း ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(မလေးရှား) နိုင်ငံရေးဌာန တာဝန်ခံ ကိုမျိုးခိုင် က ဧရာဝတီသို့ ပြောပြသည်။
“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေဆဲ ဖြစ်တယ်။ သူတို့ကို လွှတ်ပေးဖို့ နအဖဟာ အရိပ်အယောင်တောင် ပြတာကို မတွေ့ရ သေးဘူး။ တခါ တိုင်းရင်းသားတွေကို စစ်ရေးအရ တိုက်ခိုက် နေတာကိုလည်း ရပ်တန့်ဖို့ စိတ်မကူးဘူး။ ပြီးတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဖို့ကိုလည်း ငြင်းဆန်နေမယ် ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒါကြောင့် မလေး လွှတ်တော် အမတ်များအနေနဲ့ ရှုတ်ချကြဖို့ ပြောခဲ့တယ်လို့ ဒီနေ့ရှင်းလင်းပွဲမှာ ပြောသွားတယ်”ဟု ၎င်း က ပြောသည်။
မလေးရှားနိုင်ငံ သို့ သွားရောက်ခဲ့ကြသော မြန်မာ ကိုယ်စားလှယ်များတွင် ပအို့ဝ် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ NCGUB မှ ၀န်ကြီး ဦးဝင်းလှိုင်၊ NLD(LA)မှ ဦးမိုးဇော်ဦးနှင့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက် (NDD) မှ ဒေါ်ခင်ဥမ္မာတို့ ပါဝင်ကြသည်ဟု သိရသည်။
မြန်မာ ကိုယ်စားလှယ်များသည် မလေးရှား ၀န်ကြီးချုပ်ရုံးဝန်ကြီး Dato Seri Nazri Abdul Aziz ၊ အတိုက်အခံ ခေါင်း ဆောင် Dato Seri Anwar Ibrahim နှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (မလေးရှား) AIPMC –Malaysia ဥက္ကဌ YB lim Kit Siang တို့ နှင့်လည်း တွေ့ဆုံ ခဲ့ကြသည်ဟု ဆိုသည်။
AIPMC အဖွဲ့ ဝင်များသည် NLD အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ထားသော ပါတီများ၏ ရပ်တည်ချက်ကို လည်းကောင်း၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လည်းကောင်း ထောက်ခံသည်ဟု သိရသည်။
ထို့အပြင် နအဖ အနေဖြင့် ဒီမိုကရေစီ စည်းမျဉ်း စည်းကမ်းများနှင့် အာဆီယံ ပဋိညဉ်စာတမ်း အတိုင်း လုပ်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း တို့ကို မပြုလုပ် ပါက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းထားရန်လည်း AIPMC က တောင်းဆိုထားသည်။
မြန်မာကိုယ်စားလှယ် အဖွဲ့ ဝင်တဦးဖြစ်သော ဗိုလ်မှူးကြီး ခွန်ဥက္ကာက“စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ နဲ့ အာဆီယံ ဒေသမှာ တိုးတက်တဲ့ ခြေလှမ်းတခု ဖြစ်လာမှာမဟုတ်ဘူး။ တက်လာမယ့် အစိုးရသစ် ဟာလည်း စစ်အုပ်စုက စိတ်ကြိုက် ရေးဆွဲထားတဲ့ မှားယွင်းနေတဲ့ အခြေခံ ဥပဒေရဲ့ ပျက်စီးနေတဲ့ အခြေခံ အုတ်မြစ်ကို အခြေခံပြီး ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီလို မှန်မှန်ကန်ကန် ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် တိုင်းပြည်ကို ပိုပြီး ပြိုပျက် သွားစေဖို့က သိပ်ကြာမှာ မဟုတ်သလို အဲဒီ နောက်တက်လာမယ့် အာဏာရှင် အစိုးရရဲ့ ဆိုးကျိုးတွေကိုလည်း ဒေသ တွင်း မှာ ထပ်ပြီး ခံစားလာကြရမှာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါ ရှင်းလင်းပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (မလေးရှား)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (မလေးရှားဌာနခွဲ)၊ ဇိုမီး အမျိုးသား ကွန်ဂရက်နှင့် မလေးရှားရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသား အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြသည်ဟု ဆိုသည်။
မြန်မာ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအရေး လှုပ်ရှားမှု တပ်ပေါင်းစု ၁၀ ဖွဲ့ တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB)၊ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့ (NCGUB)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)၊ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ဂရက်(SYCB)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD - LA) အစရှိသော အဖွဲ့ အစည်းများ ပါဝင်ကြကြောင်း သိရသည်။
Ref: ဧရာဝတီ်
Saturday, July 10, 2010
ယခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ လျော့နည်းလာ
ဝီရ
၀၉ ဇူလိုင် ၂၀၁၀
ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများမှတဆင့် ၂၀၁၀ ခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့် ရသူ ဦးရေသည် ယမန်နှစ်ထက် များစွာ လျော့နည်းခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းကူညီရေး အဖွဲ့ (တီဘီဘီစီ) က ပြောကြားသည်။
၂၀၁၀ ခုနှစ် (၆) လတာ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှတဆင့် တတိယနိုင်ငံသို့ အခြေချခွင့်ရခဲ့သူ (၄,၆၇၀) ဦးရှိပြီး ၂၀၀၉ ခုနှစ်တွင်မူ ဦးရေ (၁၆,၆၈၅) ဦးအထိရှိခဲ့ကြောင်း တီဘီဘီစီ၏ စာရင်းတွင်ဖော်ပြသည်။
ယင်းသို့ ထွက်ခွာခွင့်ရရှိသူ နည်းပါးလာရသည့် အဓိကအကြောင်းမှာ အခြေချခွင့်ပေးသော နိုင်ငံများက ဒုက္ခသည်များအား ရွေးချယ်ရာတွင် အချက်အလက်များ ပိုမို တင်းကျပ်လာခြင်းကြောင့်ဖြစ်သည်ဟု တီဘီဘီစီ အကြီးအကဲဖြစ်သူ Jack Dunford က ပြောသည်။
၎င်းက “ဥပမာ ဒုက္ခသည်အများစုဟာ လက်နက်ကိုင်အဖွဲ့အစည်းတခုခုနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေဖြစ်တယ်။ အဲဒီအတွက် အခြေချခွင့် ပေးတဲ့ နိုင်ငံတွေရဲ့ အလေးပေးမှုထဲမှာ အဲဒီလူတွေ မပါတော့ဘူး။ ပြီးတော့ ရွေးချယ်ရာမှာ ဒုက္ခသည်တွေရဲ့ အတွေ့အကြုံ ဗဟုသုတ ရှိမှု၊ မရှိမှု အပေါ်မှာလည်း နောက်ပိုင်းမှာ မူတည်လာတယ်။ အခြားအချက်တွေက ကျန်းမာရေးဆိုင်ရာတွေကြောင့်ပါ။ ဒါကြောင့် ဒီ (၆) လအတွင်းမှာ ထွက်ခွာခွင့်ရသူ နည်းသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အခြေချခွင့်ရရှိသူ အများစုအနက် အမေရိကန်နိုင်ငံက အများဆုံး လက်ခံခဲ့ပြီး သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ယူကေနိုင်ငံတို့က အနည်းငယ်စီ လက်ခံခဲ့ကြသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း (၉) ခုတွင် တီဘီဘီစီ၏ အထောက်အပံ့ ရရှိထားသူ ဒုက္ခသည်ဦးရေ (၁၄၀,၀၉၄) ဦးရှိကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။
တီဘီဘီစီသည် နိုင်ငံပေါင်း (၁၀) နိုင်ငံမှ အန်ဂျီအိုအဖွဲ့ (၁၂) ဖွဲ့ဖြင့် စုစည်းထားသော ညွန့်ပေါင်းအဖွဲ့အစည်းတရပ်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်များအတွက် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးနှင့် ခိုလှုံခွင့်အတွက် အကာအကွယ် ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
တတိယနိုင်ငံသို့ အခြေချရာတွင် စခန်းအကြီးအကဲအချို့နှင့် ပွဲစားအချို့ကြောင့် မသမာမှုများ ရှိနေဆဲဖြစ်ကြောင်း မယ်လဒုက္ခသည်စခန်းမှ ကိုရင်မောင်က ဆိုသည်။
၎င်းက “ထွက်ခွင့်ရတဲ့ အချို့သူတွေရဲ့နေရာမှာ ပွဲစားတွေက လူအစားထိုးပြီး သွားခိုင်းတာတွေ အခုရှိနေဆဲပဲ။ ဒီကိစ္စက စခန်းထဲက အကြီးအကဲတွေ မပါဘဲနဲ့တော့ ဘယ်လိုမှ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ အဲဒီအတွက် ရန်ကုန်မြို့အပါအဝင် ပိုက်ဆံရှိတဲ့သူတွေက ထွက်ချိန်ရောက်မှ စခန်းကို ခဏရောက်လာပြီး သွားခွင့်ရတာတွေ ရှိတယ်။ ကျနော်က မိသားစုရှိတော့ မိသားစုအားလုံး သွားနိုင်တဲ့နိုင်ငံရမှ ဖြစ်မယ်လေ။ ဒီလိုဆိုပြန်တော့လည်း ကိုယ်သွားချင်တဲ့နိုင်ငံတွေက လက်မခံပြန်ဘူး” ဟု ပြောသည်။
ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းနယ်စပ်သို့ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်လာဖွယ်ရှိပြီး ယခုနှစ်သည် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း Jack Dunford က ဆိုသည်။
ငွေလဲလှယ်နှုန်း ကျဆင်းလာခြင်း၊ ဆန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ဒုက္ခသည်များ ထပ်မံတိုးပွားလာခြင်းတို့ကြောင့် ဒုက္ခသည်များအား ထောက်ပံ့ပေးထားသည့် ခွဲတမ်းများကိုလည်း နှစ်စဉ် လျှော့ချနေရပြီး ယခုနှစ်တွင် ထပ်မံ လျှော့ချရဖွယ် ရှိကြောင်း သိရသည်။
၂၀၀၆ ခုနှစ်မှစ၍ တတိယနိုင်များသို့ အခြေချခွင့် ရရှိပြီးသူပေါင်း (၆) သောင်းခန့်ရှိပြီဖြစ်ကြောင်း တီဘီဘီစီက ဖော်ပြသည်။
Ref: ခေတ်ပြိုင်
Friday, July 9, 2010
မြန်မာ စစ်လက်နက်တိုက်ပေါက်ကွဲ
9 July 2010
ကချင်ပြည်နယ် ဟိုပင်မြို့ အနောက်မြောက် ၄ မိုင်အကွာမှာရှိတဲ့ ခလရ ၃၈၉ တပ်ရင်းရဲ့ လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှု ပြင်းထန်တဲ့အတွက် လက်နက်ရုံ တစ်ခုလုံး မြေပေါ်မှာ ပြားသွားတယ်လို့ ဒေသခံများက ပြောပါတယ်။
မိုးရာသီ မိုးရွာသွန်းမှု များတဲ့အချိန် ဖြစ်တာကြောင့် လက်နက်ရုံ ပေါက်ကွဲမှုဟာ ရာသီဥတုကြောင့် မဟုတ်ပဲ တစ်စုံတစ်ယောက်က ဖေါက်ခွဲတာလို့ ဒေသခံတွေက ထင်မြင် ယူဆ နေကြပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီး ဗိုလ်ချုပ်သာအေး ရောက်လာပြီး စုံစမ်းစစ်ဆေးမှု၊ ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဝ တပ်ဖွဲ့က အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှုးအိုက်ထွန်းရဲ့ အိမ်ကို ဝင်ရောက်စစ်ဆေးပြီး ပြောင်းတို၊ ပြောင်းရှည် သေနက်တွေနဲ့ ပါဂျဲရိုးကားတို့ကို သိမ်းဆည်း သွားတယ်လို့လည်း သိရပါတယ်။ စစ်ဆေးချိန်မှာ ဗိုလ်မှုးအိုက်ထွန်းဟာ နေအိမ်မှာ မရှိပါဘူး၊
ယခုပေါက်ကွဲမှုနဲ့ ဗိုလ်မှုးအိုက်ထွန်းနဲ့ ပတ်သက်မှု ရှိ မရှိ ကိုလည်း အတည်ပြုချက် မရပါဘူး။
ဟိုပင်မြို့ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။
Ref: BBC News
တရုတ်မဟာဗျူဟာနဲ့မြန်မာ
ဦးအောင်ခင် / ၀၉ ဇူလိုင် ၂၀၁၀
မြန်မာတပြည်လုံး အတိုင်းအတာနဲ့ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေဟာ ပြည်ပမှာ မြစ်ဖျားခံတာများတယ်။ တရုတ်ပြည် ဂန်စု ဒေသမှာ နေထိုင်တယ်လို့ ယူဆရတဲ့ မြန်မာတွေ ကျောက်ဆည်နယ်ကို ၀င်ရောက် လာချိန်က စပြီး မြန်မာပြည်တွင်းမှာ အခြေအနေတွေ ပြောင်းလဲ ခဲ့ပုံကို ခေတ်ဟောင်း သမိုင်းဆရာတွေဖြစ်တဲ့ ဆရာလူ့စ်၊ ဆရာသန်းထွန်း၊ ဆရာဘရှင်တို့က သုတေသန လုပ်ခဲ့ကြတယ်။ ဒါပေမယ့် (၁၃) ရာစုနှောင်းပိုင်း မွန်ဂို တရုတ်တပ်တွေ ၀င်ရောက်တိုက်ခိုက်လို့ ပုဂံခေတ် နိဂုံးချုပ်သွားတာကို လူသိများတယ်။ (၁၃) ရာစု မြန်မာနိုင်ငံ မြောက်ပိုင်းကို တရုတ်ပိုင် ‘ချင်မြန်’ ပြည်နယ် အဖြစ် ကြေညာပြီး ပုဂံကို သိမ်းပိုက်ပြီးတဲ့ အခါမှာ မြန်မာပြည် အလယ်ပိုင်းကို တရုတ်ပိုင် ‘မြန်ချွန်’ ပြည်နယ်အဖြစ် သတ်မှတ်တယ်။ ဒါပေမယ့် တရုတ်က မြန်ချွန်ပြည်နယ်ကို တိုက်ရိုက် မအုပ်ချုပ်ဘဲ သူတို့ကို သစ္စာခံတဲ့ ဒေသခံ မင်းတွေကိုသာ အုပ်ချုပ်ခိုင်းတယ်။
တရုတ် ‘မင်’ မင်းဆက်ကို မန်ချူးချင်က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ ‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက် ခိုလှုံတယ်။ အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည် ရောက်တရုတ်တွေ စခန်းထကြတဲ့ အတွက် တိုင်းရေးပြည်ရာ အလွန် ရှုပ်ထွေးလာတယ်တဲ့။ နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်း လိုက်ရတယ်။ ဒါပေမယ့် တရုတ်တပ်ကြီး အပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားတဲ့ ယုံလီမင်းရဲ့ ကိုယ်ရံတော် တပ်ဖွဲ့ဟာ ကိုးကန့် ဒေသမှာ အခြေစိုက် နေထိုင်တဲ့အတွက် ကိုးကန့်တရုတ် ပေါ်ပေါက်လာတာလို့ အဆိုရှိတယ်။
၁၉ ရာစုမှာ ပန်းသေးတရုတ် မွတ်စလင်ရဲ့ ယူနန်သူပုန် အရေးနိမ့်တဲ့ အခါမှာလည်း ပန်းသေးတရုတ် အများအပြား ရှမ်းပြည်မှာ ၀င်ရောက်ခိုလှုံပြီး အရင်ရောက်တဲ့ ကိုးကန့်တရုတ်နဲ့ ရောကုန်တာ ရှိသလို ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ ဆင်းသွား သူတွေလည်း ရှိတယ်။ နယ်ချဲ့ဝါဒီ အင်္ဂလိပ်နဲ့ အဆင်ပြေအောင် မဆက်ဆံတတ်တဲ့ ကုန်းဘောင်မင်းဆက်နဲ့ အတူ ဗမာမင်း အုပ်ချုပ်ရေးစနစ် ၁၈၈၅ မှာ နိဂုံးချုပ်တယ်။ လက်ရှိမြန်မာနိုင်ငံ နယ်နိမိတ်ဟာ အင်္ဂလိပ် ရေးဆွဲခဲ့တဲ့ နယ်နိမိတ်ဖြစ်တယ်။ ကုန်းဘောင်ခေတ်ရဲ့ အရှေ့ဘက် အစွန်ဆုံး ဒေသဟာ ကျိုင်းတုံပဲ။ ၁၉၆၈ က ထုတ်ဝေတဲ့ ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့် ရာဇ၀င် ပထမတွဲမှာ ကျိုင်းတုံကို ဗမာမင်း လက်ထက်က အလံဦးကင်းဖျား (သို့မဟုတ်) ကင်းဦးလံဖျားလို့ ခေါ်ကြောင်း ဖော်ပြတယ်။ အဓိပ္ပာယ်က မြန်မာ့အလံတော်ကို အသိအမှတ်ပြုရာ အရပ်ရဲ့ အစွန်ဆုံးဒေသပဲ။
မြန်မာပြည်ကို တရုတ်လက်အောက်က အင်္ဂလိပ်က လုယူသွားတာလို့ ခေတ်သစ် တရုတ်ခေါင်းဆောင် တွေက ယူဆတယ်။ တရုတ် သမ္မတနိုင်ငံကို တည်ထောင်သူ ဆွန်ယက်စင် ၁၉၂၄ က ရေးသားတဲ့ စာထမ်းမှာ မြန်မာပြည်ကို တရုတ် လက်အောက်ခံ နယ်ပယ် အဖြစ် ဖော်ပြတယ်။ မော်စီတုန်း ၁၉၃၉ မှာ ထုတ်ဝေတဲ့ တရုတ်ကွန်မြူနစ် ပါတီနဲ့ တရုတ်တော်လှန်ရေး ဆိုတဲ့ စာတမ်းမှာ မြန်မာ၊ ဘူတန်နဲ့ နီပေါကို တရုတ်ပိုင် ပြည်နယ်တွေ အဖြစ် ဖော်ပြတယ်။ ၁၉၅၃ မှာ တရုတ်အစိုးရ ထုတ်ဝေတဲ့ မြေပုံမှာလည်း မြစ်ကြီးနား မြောက်ဘက်ပိုင်းကို တရုတ်ပြည်ထဲ ထည့်ထားတယ်။ ၁၉၅၄ မှာ ထုတ်ဝေတဲ့ မြေပုံမှာ မြစ်ကြီးနား မြောက်ပိုင်း တင်မကဘဲ ရှမ်းပြည်နဲ့ ‘၀’ နယ်ကိုပါ တရုတ်ပိုင်နယ်မြေ အဖြစ် ဖော်ပြ ထားတယ်။
တရုတ်ကွန်မြူနစ် အာဏာရလာတဲ့အခါမှာ အရေးနိမ့်သွားတဲ့ ကေအမ်တီ တရုတ်ဖြူ တပ်ရင်းအချို့ဟာ မြန်မာပြည်ထဲ ၀င်ရောက် ခိုလှုံကြတယ်။ မြန်မာပြည်မှာ ခြေကုပ်ယူပြီး ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးပမ်းတာပါပဲ။ ကေအမ်တီတပ်ရဲ့ ဘိန်းကုန်ကူးပြီး ရန်ပုံငွေ ရှိတဲ့နည်းကို ရှမ်းပြည်က လက်နက်ကိုင် အဖွဲ့က ဆက်လက် ကျင့်သုံးတယ်။ ကေအမ်တီ တရုတ်ဖြူကို တိုက်ထုတ်ဖို့ ကြိုးစားရင်း ဗမာစစ်တပ် အင်အား ကြီးမားလာတာမို့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ပေါ်ထွက်လာအောင် တရုတ်ပြည်တွင်း စစ်က သွယ်ဝိုက်တဲ့ နည်းနဲ့ ကူညီခဲ့သလို ဖြစ်သွားတယ်။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ အိန္ဒိယနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍဟာ ကြီးမားခဲ့တယ်။
အာဏာရလာတဲ့ တရုတ်ကွန်မြူနစ်ရဲ့ နိုင်ငံခြားရေး လမ်းစဉ်ဟာ ကွန်မြူနစ် တော်လှန်ရေးတွေ အောင်မြင်ဖို့ ဦးတည်ထားတယ်။ မြန်မာပြည်ဟာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲတဲ့ ဗကပ (ခေါ်) ဗမာကွန်မြူနစ် ပါတီကို ထောက်ခံ အားပေးတဲ့ အပြင် မြန်မာပြည်ထဲ အထိ တရုတ်တပ်တွေ ၀င်ရောက် တိုက်ခိုက်လေ့ ရှိတာကြောင့် တရုတ်ဒဏ်ကို ဗမာစစ်တပ် လှိမ့်ခံခဲ့ရတယ်။ နယ်ချဲ့ အရင်းရှင်နဲ့ ကွန်မြူနစ် အကြားမှာ ကြားနေတဲ့ လမ်းစဉ်ကို ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းက ရှုတ်ချတယ်။ တရုတ် နိုင်ငံခြားရေး လမ်းစဉ်မှာ တော်လှန်ရေး ကြွေးကြော်သံနဲ့ အခိုင်အမာ တောင်းဆိုသံတွေ ပဲ့တင်ထပ်နေတာမို့ အိမ်နီးချင်းတွေ ဖြစ်တဲ့ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ရုရှတို့နဲ့လည်း စစ်ဖြစ်ခဲ့ရတယ်။
ဒါပေမယ့် ဈေးကွက်စနစ်ကို စတင်ကျင့်သုံးပြီး ကမ္ဘာ့ဈေးကွက်နဲ့ ဆက်သွယ်ချိန်ကစပြီး ကွန်မြူနစ် တော်လှန်ရေးနဲ့ လူတန်းစား တိုက်ပွဲ ကြွေးကြော်သံတွေ ပျောက်ကွယ်သွားပြီး လက်တွေ့ အကျိုးစီးပွား မြှင့်ရေးကိုသာ အဓိက ထားတယ်။ တရုတ်ဈေးကွက် လမ်းစဉ်ဟာ ဗမာပြည်ကို ဂယက် ရိုက်လာတယ်။ ချွတ်ခြုံကျတဲ့ မဆလ စစ်အစိုးရဟာ ၁၉၈၇ ကတည်းက နယ်စပ်ဒေသ ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်ပေးရတယ်။ ၁၉၈၉ အောက်တိုဘာလမှာ ဗိုလ်သန်းရွှေနဲ့ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် ခေါင်းဆောင်တဲ့ ဗမာ ကိုယ်စားလှယ် အဖွဲ့ တရုတ်ပြည်မှာ (၁၂) ရက် နေထိုင်ပြီး အကူအညီ တောင်းချိန်က စပြီး တရုတ်အစိုးရကို မှီခိုလာတယ်လို့ ပြောနိုင်တယ်။ တရုတ်ကွန်မြူနစ်ကို ဗကပ ကရော ဗမာ စစ်အစိုးရကရော မှီခိုနေရတဲ့ သဘောပဲ ဖြစ်တယ်။
အခုဆိုရင် တရုတ်ပြည်မှာ ဈေးကွက်စနစ် ကျင့်သုံးတာ အနှစ် (၃၀) ကျော်သွားပြီ။ ဒါပေမယ့် အရင်းရှင် ဈေးကွက် ခရီးစဉ်မှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ကျန်းမာရေး ထိခိုက်မှု၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ အဂတိ လိုက်စားမှု စတဲ့ ပြဿနာတွေ ရှိတာမို့ အနာဂတ်ရေးဟာ မရေမရာ ဖြစ်နေပါတယ်။ ဒါကြောင့် တရုတ်ပြည်ဟာ အင်အားကြီး နိုင်ငံ မဟုတ်ဘဲ တိုးတက် ဖွံ့ဖြိုးနေတဲ့ နိုင်ငံသာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် ၀မ်ကြားပေါင်က ၂၀၀၈ က Fareed Zakaria ကို CNN မှာ ပြောပြ သွားတယ်။ လူဦးရေ သန်း (၁,၃၀၀) မှာ ဆင်းရဲသား လယ်သမားက သန်း (၈၀၀) ရှိတယ်။ အစိုးရ ထောက်ပံ့ကြေး ထိုင်စားနေရသူက သန်း (၆၀) ရှိတယ်လို့ ဆိုတယ်။ နှစ်စဉ် မြို့တက်ပြီး အလုပ်ရှာတဲ့ လယ်သမားက သန်း (၂၀၀) လောက်ရှိတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်း မြန်မာပြည်ကို နည်းမျိုးစုံနဲ့ ၀င်ရောက်လာကြတဲ့ တရုတ်ဦးရေဟာ (၁) သန်းကျော်နေပြီလို့ ခန့်မှန်းကြတယ်။
ဈေးကွက်စီးပွားရေး စတင်ကျင့်သုံးကတည်းက တရုတ်နိုင်ငံခြားရေး လမ်းစဉ်လည်း ပြောင်းလဲ လာတယ်။ ငြိမ်းချမ်းစွာ တိုးတက် ဖွံ့ဖြိုးရေးတွက် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူဝါဒဟာ အရေးကြီးတယ်လို့ ယူဆတယ်။ ဒီရည်ရွယ်ချက် အကောင်အထည် ဖော်နိုင်အောင် နိုင်ငံအားလုံး အထူးသဖြင့် အင်အားကြီး နိုင်ငံတွေနဲ့ အဆင်ပြေဖို့ ကြိုးစားတယ်။ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ဒေသဆိုင်ရာ အသင်းအဖွဲ့မှာ တရုတ် ပါဝင်နေတာဟာ ဆက်ဆံရေး အဆင်ပြေဖို့နဲ့ ကိုယ်ကျိုးစီးပွား မြှင့်တင်ဖို့ပါပဲ။ ဒါကြောင့် အရင်ကလို အင်အားသုံး အကျပ်ကိုင်တဲ့ နည်းကို တရုတ်က မသုံးတော့ဘူး။ ဥပမာ အိန္ဒိယနယ်စပ် ပြဿနာမှာလို စေ့စပ်ဆွေးနွေးပြီး ဖြေရှင်းနိုင်ဖို့ အလားအလာ မရှိဘူးဆိုရင် ပြဿနာဖြေရှင်းဖို့ မကြိုးပမ်းဘဲ အချိန်အကန့်အသတ် မရှိ လိပ်ခဲတည်းလည်း လုပ်ထားတယ်။ ခေါင်းဆောင်နိုင်တဲ့ အင်အားကြီးနိုင်ငံ အဆင့်ကို မရောက်မချင်း တရုတ်ဟာ ဒီနည်းကိုပဲ ဆက်လက် ကျင့်သုံးဖွယ်ရှိတယ်။
အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိမှသာ စီးပွားရေးတိုးတက်ဖွံ့ဖြိုး နိုင်မှာကို တရုတ်ကွန်မြူနစ်က သဘော ပေါက်တယ်။ အမေရိကန် ဈေးကွက် ၀င်ခွင့်ရလို့သာ တရုတ်စီးပွားရေး တိုးတက်နေတာ မဟုတ်ပါလား။ ဒါပေမယ့် အမေရိကန် တဦးတည်းကိုသာ မှီခို နေရတဲ့ အဖြစ် မရောက်အောင် အခြား အင်အားကြီး နိုင်ငံတွေနဲ့လည်း အဆင်ပြေအောင် တရုတ်ကွန်မြူနစ်က ကြိုးစားတယ်။ ကုလသမဂ္ဂနဲ့ အခြား နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ပါဝင်ပေမယ့် ဒီအဖွဲ့အစည်းရဲ့ ဦးတည်ချက်နဲ့ အခြေခံ သဘောတရား တွေကို တရုတ် ကွန်မြူနစ်က ယုံကြည်တာ မဟုတ်ပါဘူး။
ဒါပေမယ့် ဆန့်ကျင်ဖို့လည်း စိတ်ကူးပုံမရပါဘူး။ မိမိရရှိနိုင်မယ့် အကျိုးအမြတ်ကိုတွက်ပြီး နိုင်ငံတကာ အဖွဲ့တွေထဲ ပါဝင်လာတာပါ။ ဥပမာ ဒေသဆိုင်ရာ အဖွဲ့ထဲမှာပါဝင်ဖို့ ပထ၀ီ အနေအထားအရ ဘောင်မ၀င်တဲ့ တောင်အာရှ နိုင်ငံများအဖွဲ့ (SAARC) မှာ လေ့လာသူ အဖြစ် တရုတ် ပါဝင်လာတာဟာ မိမိ အကျိုးစီးပွားကို ဆန့်ကျင်တာမျိုးတွေ မလုပ်နိုင်အောင် ဟန့်တားတဲ့ သဘောပါပဲ။ ကွန်မြူနစ် အာဏာရှင် စနစ်ရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ နိုင်ငံရေးလွတ်လပ်မှု၊ ပုဂ္ဂလိကလွတ်လပ်မှု၊ လူ့အခွင့်အရေး မြှင့်တင်မှု စတာတွေကို တရုတ်က အားမပေးပါဘူး။ နောက်ပြီးတော့ စည်းကမ်း သေ၀ပ်မှုဟာ ပုဂ္ဂလိက လွတ်လပ်မှုထက် ပိုပြီး အရေးကြီးတယ်လို့ တရုတ်က ယူဆတယ်။
ဒါကိုအတုခိုးပြီး ဗမာစစ်အစိုးရကလည်း ‘စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ’ ကို တည်ဆောက်မယ်လို့ ကြွေးကြော်လာတာ ဖြစ်ပုံရတယ်။ နိုင်ငံခြား ဆက်ဆံရေး မတည်မငြိမ် ဖြစ်လာရင် စီးပွားရေးပါ ထိခိုက်နိုင်တာမို့ လိုက်လျော ညီထွေလုပ်တဲ့ လက်ရှိ မဟာဗျူဟာကိုပဲ တရုတ်က ဆက်လက် ကျင့်သုံးဖွယ်ရှိတယ်။ တရုတ်ရဲ့ မဟာဗျူဟာ ပြောင်းလဲမှုကြောင့် မြန်မာပြည်က စီးပွားရေး လုပ်ငန်းတွေမှာ တရုတ်နဲ့ တရုတ်အနွယ်ဝင်တွေ ကြီးစိုးတဲ့ အဖြစ်ကို ရောက်ရှိလာတာ ဖြစ်တယ်။ ဗမာ စစ်အုပ်စုကတော့ အာဏာရှိဖို့နဲ့ ငွေရဖို့သာ အဓိက ထားနေတော သူတို့လိုချင်တာ တရုတ်ဆီက ရနေရင်ပြီးတာပဲ။
တရုတ်-မြန်မာ စင်္ကြံလမ်းလို့ နအဖ သတင်းစာတွေမှာ ဖော်ပြတဲ့ ကျောက်ဖြူ-ရွှေလီ ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းဟာ ‘၀’ နယ်မြေကို မရောက်ဘဲ မူဆယ်မှာ တရုတ်ပြည်ထဲ ၀င်မှာမို့ ဗမာ စစ်အစိုးရဟာ ‘၀’ နဲ့မိုင်းလား တပ်ဖွဲ့တွေကို ထိုးစစ် ဆင်နိုင်တယ်။ ဒီလိုဆိုရင် တရုတ် ဘယ်ဘက်က ရပ်မှာလည်းလို့ စဉ်းစားကြတာတွေ ရှိတယ်။ ‘၀’ တပ်ဖွဲ့ဟာ တရုတ်ကွန်မြူနစ်တွေ ဦးစီးပြီး တည်ထောင်ထားတဲ့ စစ်တပ်ဖြစ်တယ်။ ယူနန်မှာလည်း ‘၀’ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ရှိတယ်။ တရုတ်ဟာ ဗမာ စစ်အစိုးရနဲ့လည်း ဆတက်ထမ်းပိုး တိုးပြီး ပူးပေါင်း ဆောင်ရွက်နေတယ်။ ဒါကြောင့် နယ်စပ်စစ်ပွဲ ဖြစ်ပွားပြီ ဆိုရင် တရုတ်ဟာ ဘယ်ဘက်ကမှ ပါမှာ မဟုတ်ဘဲ နှစ်ဘက်စလုံးက လိုချင်တဲ့ လက်နက်ပစ္စည်းကို ထောက်ပံ့ပြီး အပစ်အခတ် ရပ်စဲဖို့ နောက်ပိုင်းကနေ ကြိုးစား နိုင်တယ်လို့ သုံးသပ်ကြတယ်။
မိမိအကျိုးစီးပွား ထိခိုက်နိုင်တယ်လို့ ယူဆရင် အသွင်မတူတာကို ပြောင်းလဲဖို့ တရုတ်က မကြိုးစားပါဘူး။ ဒီသဘော တရားကို ဟောင်ကောင် ကိစ္စမှာ အထင်အရှား တွေ့မြင်နိုင်တယ်။ တနိုင်ငံ စနစ် (၂) မျိုး မူကို ချမှတ်ပြီး ဟောင်ကောင်ကို အထိုက်အလျောက် လွတ်လပ်မှု ပေးထားတယ်။ အဲဒီလိုပဲ မြန်မာပြည်မှာလည်း ဗကပ တဖြစ်လဲ ‘၀’ တပ်ဖွဲ့ကိုရော နအဖ တပ်ဖွဲ့ကိုရော နည်းမျိုးစုံသုံးပြီး ဆက်ဆံ လိမ့်မယ်လို့ ယူဆရပါတယ်။
Ref: ခေတ်ပြိုင်