Monday, 05 July 2010
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့တောင်ဘက် လွယ်မွေရေဒါစခန်းအပါအ၀င် မြန်မာနိုင်ငံတွင် လက်ရှိ ရေဒါစခန်း ၇ ခုရှိပြီ ဖြစ်ကြောင်း မြန်မာ့အရေး စောင့်ကြည့်လေ့လာသည့် ထိုင်းနယ်စပ် လုံခြုံရေး အသိုင်းအ၀ိုင်း ကပြောပါသည်။
“ကျနော်တို့ ကြားသိရသလောက် အဲဒီရေဒါ တွေက ၃၅၀ ကီလိုအကွာအထိ ထောက်လှမ်းနိုင်တယ်။ ရှင်းအောင်ပြောရ ရင်တော့ ကျိုင်းတုံ လွယ်မွေကနေ ထိုင်းနိုင်ငံ ချင်းရိုင်းအထိ လေယာဉ်ဖြတ်သန်းမှုကို ချက်ချင်းအချက်ပေး နိုင်တယ်” - ဟု ပြော၏။
ရုရှားလုပ် 1L117 အမျိုးအစား (ရုရှားအသုံြးုပပြီး Second Hand) ) ရေဒါများအား သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်း - လွယ်မွေ၊ ကန်းရိုးတန်းတိုင်း - ငွေဆောင်၊ မြိတ်၊ အလယ်ပိုင်းတိုင်း - နတ်ရေကန်တောင်၊ တံတားဦး၊ နေပြည် တော်စစ်တိုင်း တောင်ညို နှင့် မြောက်ပိုင်းတိုင်း ကချင်ပြည်နယ် မိုးညှင်းရှိ - ဓူဝံ ရေဒါစခန်းတို့ ဖြစ်ကြသည်ဟု ဆို၏။
“နေပြည်တော်စစ်တိုင်းက တောင်ညိုရေဒါစခန်း လုပ်ငန်းလည်ပတ်ဖို့ အဲဒီနားမှာ ရေအားလျှပ်စစ် ထုတ်စက်ရုံ တခု ဂျွန်လ က ဆောက်လုပ်ပြီးစီး သွားပြီပြောတယ်” - ဗမာပြည်ရောက် သျှမ်းပြည်သား စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပါသည်။
လွန်ခဲ့သည့် ၂၀၀၉ ဖေဖေါ်ဝါရီလနှောင်းပိုင်းကတည်းက ရုရှား၏ ရေဒါဟောင်းများ ရန်ကုန် -သီလ၀ါ ဆိပ်ကမ်း သို့ ရောက်ရှိ ခဲ့ကြောင်းလည်း ပြောပြပါသည်။
ကျိုင်းတုံမြို့အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ လွယ်မွေတောင်၌ တပ်ဆင်ထားသည့် ရေဒါ 1L117M အမျိုး အစားမှာ ၁၅၀ ကီလိုမီတာ အတွင်း လေယာဉ် ပျံသန်း ၀င်ရောက် လာပါက ရေဒါ လှုပ်ခတ်နှုန်း ပြင်းလာမည် ဖြစ်ကြောင်း၊ ရောက်ရှိသည့် ခရီး အကွာအဝေးနှင့် လာရာ လမ်းကြောင်းကိုလည်း သိရှိနိုင်မည် ဖြစ်ကြောင်း၊ စည်းအပြင်ဘက် ရောက်သွားပါက ရေဒါ လှုပ်ခတ်နှုန်း တဖြည်းဖြည်း နှေးသွားမည် ဖြစ်ကြောင်း - အဆိုပါ မြန်မာအရေး စောင့်ကြည့် လေ့လာသည့် အဆိုပါ အသိုင်းအ၀ိုင်း က ပြောပြပါသည်။
လက်ရှိ ရုရှားသုံးနေသောရေဒါ အမျိုးအစားမှာ 1L117M အမျိုးအစားဖြစ်သည်ဟုလည်း သိရပါသည်။
Ref: သျှမ်းသံတော်ဆင့်
Tuesday, July 6, 2010
တပြည်လုံး၌ ရုရှားရေဒါ ၇ ခု နအဖ တပ်ဆင်ပြီး
ရွှေလီချိုင့်ဝှမ်း၌ ပြည်သူ့စစ်အသွင်ပြောင်း SSA တပ်ဖွဲ့ အခြေချဖွယ်ရှိ
Monday, 05 July 2010
နအဖ၏ ပြည်သူ့စစ်အသွင်ပြောင်းရေးကိုလက်ခံထားသော အပစ်ရပ်သျှမ်းပြည် တပ်မတော်(SSA) အချို့အား တရုတ် နယ်စပ်အနီး ထုန့်မောင်း (ခေါ်) ရွှေလီချိုင့်ဝှမ်း ဒေသတွင် တပ်ရင်း တစ်ရင်း စုဖွဲ့ထားရှိရန် နအဖစစ်တပ် အာဏာပိုင်များ ညွှန်ကြား ထားသဖြင့် ပြည်သူ့စစ် (သို့) နယ်ခြားစောင့် တပ်ရင်းတစ်ရင်း စုဖွဲ့ လှုပ်ရှားလာဖွယ် ရှိကြောင်း စုံစမ်း သိရသည်။
ဂျွန်လကုန်ပိုင်းက အဆိုပါကိစ္စအား အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် မှ ဥက္ကဋ္ဌ ဦးလွယ်မောင်းထံ တိုက်ရိုက်ညွှန်ကြား ထားပြီး ဦးလွယ်မောဝ်းကလည်း ရွှေလီချိုင့်ဝှမ်း ဒေသတွင် လူစုရန် ပြင်ဆင်နေကြောင်း အပစ်ရပ် အက်စ်အက်စ်အေ အသိုင်း အ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
လက်ရှိတွင် အပစ်ရပ်အက်စ်အက်စ်အေသည် သျှမ်းပြည် (မြောက်ပိုင်း) သီပေါမြို့နယ် စိန်ကျော့စခန်း၌ အခြေပြု လှုပ်ရှား နေသော်လည်း ရွှေလီချိုင့်ဝှမ်း ဒေသဟု ခေါ်သော မူစယ်၊ နမ့်ခမ်းမြို့နယ်များတွင် ၄င်းတို့ တပ်ဖွဲ့ဝင်ဟောင်း အချို့ ကျန်ရှိ နေဆဲ ဖြစ်သဖြင့် လက်ကျန်လူဟောင်းများ စုစည်း၍ တပ်ရင်းတစ်ရင်း ဖွင့်လှစ်မည့် အနေအထားဖြစ်သည်။
အဆိုပါဒေသ၌ ထိုင်းနယ်စပ် အခြေစိုက် တိုက်ခိုက်ဆဲ သျှမ်းပြည် တပ်မတော် (တပ်ရင်း ၇၀၁) ဖွဲ့များနှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
၂၀၀၉ ဧပြီလကုန်ပိုင်းမှစ၍ နအဖစစ်အာဏာပိုင်များက အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် (သို့) ပြည်သူ့စစ် အသွင် ပြောင်းဖွဲ့စည်းရန် ဖိအားပေးထားရာ ၂၀၁၀ ဧပြီလကုန်ပိုင်း၌ ဥက္ကဋ္ဌ ဦးလွယ်မောဝ်း ဦးဆောင်သည့် အပစ်ရပ်အ က်အက်အေ တပ်ဖွဲ့ တချို့သည် ယင်းအဆိုကို လက်ခံခဲ့ခြင်းဖြစ်သည်။
အပစ်ရပ် အက်စ်အက်စ်အေတွင် တပ်မဟာ ၃ ခုရှိသည့်အနက် ဗိုလ်ချုပ်ပန်ဖခေါင်းဆောင်သည့် တပ်မဟာ ၁ တပ်ဖွဲ့သည် ပြည်သူ့စစ် အသွင်ပြောင်းရေးကို ဆက်လက် ငြင်းဆန်နေဆဲ ဖြစ်သည်။
အလားတူ မေ ၁၈ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအဆိုကို ငြင်းဆန်နေသော ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ် နယ်မြေအနီး သျှမ်းပြည်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်အတွင်း ပြည်သူ့စစ် တပ်ဖွဲ့ကို နယ်ခြားစောင့် တပ်ရင်း အမှတ် (၁၀၀၉) နှင့် မော်ဖှဒေသ ပြည်သူ့စစ်အား နယ်ခြားစောင့် တပ်ရင်း အမှတ်(၁၀၁၀) အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
Ref: သျှမ်းသံတော်ဆင့်
ဆေး (၁) ပထမနှစ်များ လယ်ဝေးသို့ ရွှေ့မည်
ခက်ထန်
Tuesday, July 06, 2010
ဆေးတက္ကသိုလ် (၁) ရန်ကုန် ပထမနှစ် သင်တန်းများကို နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့သို့ လာမည့်နှစ်တွင် ရွှေ့ပြောင်းရန် အစီအစဉ် ရှိကြောင်း သိရသည်။
ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် တက္ကသိုလ် ပရ၀ုဏ် ၃ ခုရှိပြီး လမ်းမတော်၊ ပြည်လမ်း (လိပ်ခုံးကျောင်း) နှင့် သထုံလမ်း တို့တွင် ဖြစ်သည်။ လမ်းမတော် ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံ သစ်ကြီးတို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန အနီးတွင် တည်ရှိသည်။
ယခု ပြောင်းရွှေ့ရန် စီစဉ်နေသော အတန်းမှာ သထုံလမ်းတွင် သင်ကြားကြရသော ဆေးတက္ကသိုလ် ပထမနှစ် သင်တန်းများ ဖြစ်ကြောင်း သိရသည်။
ဆေးတက္ကသိုလ်(၁) မှ ဆေးကျောင်းသား တဦးက“ဆေး (၁) ပထမနှစ် အတန်းတွေကို ၂၀၁၁ မှာ လယ်ဝေးကို ပြောင်းမယ် လို့ ဆေး(၁) ပါမောက္ခချုပ်က ပြောပါတယ်”ဟု ဆိုသည်။
ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်မှာ ဒေါက်တာ ဖေသက်ခင် ဖြစ်ပြီး ဆေးကျောင်းသား ကျောင်းသူပေါင်း ၂၅၀၀ ခန့် ရှိသည်။
ဆေး (၁) ကို လယ်ဝေးသို့ ရွှေ့ချင်သည်မှာ နေပြည်တော်တွင် ဆေးတက္ကသိုလ် ဖွင့်လိုသောကြောင့် ဖြစ်သည်ဟု အခြား ဆေးကျောင်းသား တဦးက ဆိုသည်။
ဆေး (၁) ကို တခုလုံး ရွှေ့ပြောင်းရန်မှာ ဖြစ်နိုင်ဦးမည် မထင်ကြောင်း၊ ဆေးတက္ကသိုလ် အတန်းကြီးများ အတွက် သင်ကြားရေး ဆေးရုံများနှင့် တွဲဖက်ထားရန် လိုအပ်ကြောင်း ဆရာဝန်တဦးက ပြောသည်။
ဆေးတက္ကသိုလ် (၁) နှင့် တွဲဖက်ထားသော သင်ကြားရေး ဆေးရုံများမှာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံနှင့် အလုပ်သမား ဆေးရုံအပါအဝင် ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၁၀ ရုံ ပါဝင်သည်။
မန္တလေး ဆေးတက္ကသိုလ်ကိုလည်း မုံရွာသို့ ရွှေ့မည်ဟု သတင်းများ ထွက်ပေါ်သော်လည်း မဖြစ်နိုင်သဖြင့် ကောလာဟလသာ ဖြစ်နိုင်သည်ဟု ဆေးတက္ကသိုလ် အသိုင်းအဝန်းမှ သိရသည်။
ဆေးတက္ကသိုလ် သင်တန်းကာလ ၆ နှစ်တွင် စာတွေ့ ၅ နှစ်နှင့် အလုပ်သင် ဆရာဝန်ကာလ ၁ နှစ် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မန္တလေး ဆေးတက္ကသိုလ်နှင့် မကွေး ဆေးတက္ကသိုလ် ဟူ၍ ၄ ခုရှိသည်။
ဆေးတက္ကသိုလ် (၁) ရန်ကုန် သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ်များအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ဆေးကျောင်းဖြစ်ပြီး ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာစပင် ဆာဟာကုတ် ဘတ္တလာက အုတ်မြစ် ချပေးခဲ့သည်။
Ref: ဧရာဝတီ်
နေပြည်တော်တွင် မကွေး FC ဗိုင်းရပ်စ် ပျံ့နှံ့
ခက်ထန်
Monday, July 05, 2010
နေပြည်တော်ရှိ အစိုးရဌာနများနှင့် ကုမ္ပဏီများ၏ ကွန်ပျူတာများတွင် “မကွေး FC” ခေါ် ဗိုင်းရပ်စ် ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပျံ့နှံ့ နေကြောင်း သိရသည်။
နေပြည်တော် အစိုးရ ဌာနများရှိ အင်တာနက်နှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာများ သာမက Memory Stick များမှ တဆင့် တခြား ကွန်ပျူတာများသို့လည်း မကွေး FC ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေကြောင်း နည်းပညာရှင် တဦးက ပြောသည်။
နေပြည်တော်အခြေစိုက် ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက “ကွန်ပျူတာလည်း ဖွင့်ရော Start Menu မှာ မကွေး FC ဆိုပြီး ပေါ်နေတယ်။ စက်ထဲက ရှိသမျှဖိုင်တွေ၊ သွင်းထားသမျှ ပရိုဂရမ်တွေ အကုန် Empty ဖြစ်ကုန်တယ်။ စက်ကို ဘယ်လိုမှ ပြန်လုပ်လို့ မရတော့ ဆိုင်ပို့ပြီး Window အသစ် တင်ရတော့မယ်” ဟု ပြောသည်။
ယင်းဗိုင်းရပ်စ်ကို မည်သူက ရေးသားသည်ကို မသိရကြောင်း၊ ဗိုင်းရပ်စ် ဝင်သွားပါက ဖိုင်များ ပျက်စီးကုန်ပြီး Start Menu နေရာတွင် မကွေး FC ဆိုသည့် စာတမ်းကိုသာ တွေ့ရကြောင်း မြန်မာ နည်းပညာ ဝက်ဘ်ဆိုက်များတွင် ရေးသား ဆွေးနွေး ထားကြသည်။
မကွေး FC မှာ မြန်မာ နေရှင်နယ် လိဂ် ဘောလုံးပြိုင်ပွဲတွင် မကွေးတိုင်း ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နေသော ဘောလုံး အသင်း၏ အမည်ဖြစ်သည်။
ကွန်ပျူတာ နည်းပညာရှင်တဦးက “ဒီလို ဗိုင်းရပ်စ်ဝင်တာက အီးမေးလ်မှာ ကိုယ်မသိတဲ့ .zip ဖိုင်တို့၊ .rar ဖိုင်တို့၊ .exe ဖိုင်တို့ကို အရမ်း သွားဖွင့်လို့ ဖြစ်တာပါ။ အခု မကွေး FC က .exe ဖိုင်ပါ” ဟု ရှင်းပြသည်။
မကွေး FC ဗိုင်းရပ်စ်ကို ဖယ်ရှားရန် ပရိုဂရမ်တခုကို Myanmar Chat Online (http://www.myanmarchatonline.org/fil...rusRemoval.exe) တွင် ရယူနိုင်ကြောင်း သိရသည်။
မြန်မာ ကွန်ပျူတာ ပညာရှင် လူငယ်များ၊ ဟက်ကာများ ရေးသည့် ဗိုင်းရပ်စ်များ ၁၉၉၄ ခုနှစ်မှ စ၍ ပျံ့နှံ့ခဲ့ဖူးကြောင်း၊ ဝင်းနိုင် ဗိုင်းရပ်စ်၊ သရက်မြို့ ဗိုင်းရပ်စ်၊ “ချစ်လား” “မချစ်ဘူးလား” မေးရာတွင် မချစ်ဘူးဟု ကလစ်နှိပ်မိပါက စက်ပိတ် သွားတတ်သည့် I Love You ဗိုင်းရပ်စ်နှင့် လွိုင်ကော် ဗိုင်းရပ်စ်တို့ ဒုက္ခပေးခဲ့ဖူးကြောင်း မြန်မာ ကွန်ပျူတာ ပညာရှင်များ၏ အွန်လိုင်း ဆွေးနွေးချက်များ အရ သိရသည်။
Ref: ဧရာဝတီ်
ကချင်ပါတီအား ကော်မရှင်မှ လက်မခံသေးမှုပေါ် လူထုရှင်းလင်းပွဲပြုလုပ်
Tuesday, 06 July 2010 00:00
ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ဗဟိုရုံးတွင် ပါတီအား မြန်မာ စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်မှ ယခုထိ လက်မခံသေးသည့် ကိစ္စပေါ် လူထု ရှင်းလင်းပွဲ တစ်ခုကို ဇူလိုင် ၃ ရက် ပြီးခဲ့အပတ် စနေနေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစည်းဝေးသို့ တက်ရောက်သူများကို KSPP ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာ က ကချင်ပါတီ အား ကော်မရှင်မှ အဘယ်ကြောင့် တရားဝင်ပါတီ အဖြစ် လက်မခံနိုင်သေးသည့်ကိစ္စကို အဓိကထား ရှင်းလင်းခဲ့ကြောင်း အစည်းဝေး တက်ရောက်သူများ ပြောပါသည်။
ယခုချိန်ထိ KSPP ပါတီအား ကော်မရှင်မှ လက်မခံသေးသည့် အဓိက အကြောင်းရင်းကတော့ ပါတီသည် စစ်အစိုးရ တင်ပြုသည့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ဆက်စပ် နေသည်ဟု သတ်မှတ် ခံရမှုကြောင့် ဖြစ်သည်။
“ကျွန်တော်တို့ ပါတီ က KIO နဲ့ ပတ်သက်မှုမရှိဘူး အကယ်လို ပါတီတည်ထောင်ခွင့် မချပေးဘူးဆိုရင် သူတို့ မချပေးချင်လို့ မချပေးတာပဲ ဖြစ်မယ်လို့ သတ်မှတ်ရပါလိမ့်မည်” ဟု ဒေါက်တာတူးဂျာ ပြောသည်။
ထိုအစည်းဝေးသို့ မြစ်ကြီးနားမြို့မှ ဒေသခံပြည်သူများ၊ ပါတီဝင်များအပြင် ကချင်ပြည်နယ် အနယ်နယ် အရပ်ရပ်မှ ပါတီအဖွဲ့ဝင်ပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
မြန်မာစစ်အစိုးရ၏ ယခုနှစ် နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ကို ကချင်ပါတီ တစ်ရပ် အနေနဲ့ ပါဝင်ခွင့် မရ ရအောင် ကြိုးစား ပြုလုပ်သွားမည်ဖြစ်ပြီး အခက်အခဲများရှိရင် စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းပေးရန် ပြည်သူများအား ပန်ကြား ထားကြောင်း ပါတီ အရာရှိ တစ်ဦးကပြောသည်။
“အကယ်၍ ကျွန်တော်တို့ပါတီ ကို ပါတီတည်ထောင်ခွင့် လက်မခံဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင့်ရမှာဖြစ်တယ်” ဟု ကချင်ပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးကပြောသည်။
ပါတီတည်ထောင်ခွင့်ရရှိရေးအတွက် ပါတီအရာရှိများ အကြီးအကဲများ ဆက်လက်ကြိုးပမ်းသွားရန် အစည်းဝေး တက်ရောက်သူများမှ KSPP ပါတီခေါင်းဆောင်များကို တိုက်တွန်း ခဲ့ကြသည်ဟု မြစ်ကြီးနား မြို့ခံတစ်ဦးကပြောသည်။
ကျွန်တော်တို့ အနေနဲ့ ယခုကချင်ပါတီ အသစ်ထွက်လာတဲ့ ပါတီတွေက ကျွန်တော်တို့ နဲ့မဆိုင်ဘူး” ဟု သူက ထမ်မံပြောသည်။
ကချင်ပါတီ အသစ်အနေနဲ့ ကြံ့ဖွံ့မှခွဲထွက်သော ဒူဝါ ခက်ထိန်နန် ဦးဆောင်သော “စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) (UNITY AND DEMOCRACY PARTY OF KACHIN STATE -UDPKS) အဖွဲ့” ၏ ပါတီမှတ်ပုံတင် လျှောက်ထားချက်ကို ရွေးကောက်ပွဲ ကော်မရှင်မှ လက်ခံ ရရှိကြောင်းကို ဇူလိုင် ၂ ရက်နေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြခဲ့သည်။
UDPKS ပါတီ ကို ဇွန်လ ၂၆ နေ့က ကြံ့ဖွံ့ပါတီမှ ခွဲထွက်၍ ကချင်ပါတီအသစ်တည်ထောင်ရန် ကြံ့ဖွံ့ပါတီ အတွင်းရေးမှုး နှစ်ဦးဖြစ်သည့် ဆက်သွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် နှင့် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းတို့ တိုက်တွန်းချက် အရ ဖွဲ့စည်းခြင်းလည်း ဖြစ်သည်။
ကချင်ပြည်နယ်တွင် အကြီးဆုံးပါတီ ဖြစ်နိုင်သည့် KSPP ပါတီကို ကချင်အဖွဲ့အစည်းကြီး ၃ ဖွဲ့ဖြစ်သည့် KIO၊ ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့ (WMR) နှင့် ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) (အခုနယ်ခြားစောင့်တပ်ဖွဲ့) တို့၏ ထောက်ခံမှုဖြင့် ဖွဲ့စည်းခဲ့သည်။
ပါတီ တရားဝင်လက်ခံပေးရေးကိစ္စ သတိယအကြိမ် (သို့မဟုတ်) နောက်ဆုံးအကြိမ်ကြိုးပမ်းမှု အနေဖြင့် KSPP ပါတီ အရာရှိများ နေပြည်တော် အခြေစိုက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ ယခုလ ၁၆ ရက်နေ့ ထပ်မံ သွားရောက်ရန် ရှိကြောင်း ပါတီ ခေါင်းဆောင်များ ပြောပါသည်။
ပြီးခဲ့သည့် မေ ၇ ရက်နေ့တွင် ပထမအကြိမ် နှင့် ဇွန် ၁၅ ရက်နေ့တွင် ဒုတိယအကြိမ်အားဖြင့် KSPP အရာရှိများ ရွေးကောက်ပွဲ ကော်မရှင်သို့ သွားရောက်ပြီး ပါတီအား လက်ခံ အတည်ပြုပေးပါရန် တင်ပြ ခဲ့ပြီးဖြစ်သည်၊
ကော်မရှင်မှ ကချင်ပါတီအား တရားဝင်ပါတီအဖြစ် လက်ခံ လက်မခံကြောင်း အဖြေကို ယခုလ လယ်ပိုင်းတွင် အသိပေးလိမ့်မည်ဟု ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာက ပြောပါသည်။
Ref: Kachin News
အပစ်ရပ်နိုင်ငံရေးပြဿနာများအား မျှော်တွေးကြည့်ခြင်း
ချန်းဦး
၀၅ ဇူလိုင် ၂၀၁၀
၂၀၁၀ ဧပြီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး BGF ၊ HGF ၊ ဌာနေပြည်သူ့စစ် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်း ဖွဲ့စည်းကြရန် အပစ်ရပ် အဖွဲ့များ (KIO ၊ UWSP ၊ SSA –N ၊ မိုင်းလား အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ) အား နအဖက ရာဇသံ ပေးခဲ့ဖူးတယ်။
ထိုအပစ်ရပ်အဖွဲ့တိုင်းက မိမိတို့နဲ့သက်ဆိုင်တဲ့ နိုင်ငံရေးသဘောထား ရပ်တည်ချက်များကို သတ်မှတ်ရက် မတိုင်မီ ကတည်းက ရှင်းရှင်း လင်းလင်း ထုတ်ဖော် ပြောဆိုခဲ့ကြတယ်။ အသွင်ပြောင်းရေး စီမံချက်ကို လက်မခံသည့် အပစ်ရပ် အဖွဲ့အစည်း အများစုဟာ မူလနိုင်ငံရေး ရပ်တည်ချက်တွေကိုပဲ ဆက်လက်ဆုပ်ကိုင် ထားလိုက်တယ်။ နအဖရဲ့ ရာဇာသံကို အာခံလိုက်သလို ဖြစ်သွားခဲ့တယ်။ နအဖအတွက် နိုင်ငံရေးအရ အရှက်ကွဲစရာတခု ထပ်မံ ရရှိလာခဲ့ပြန်ပြီ။ ဒါကလည်း နအဖက ရှက်တတ်ဦးမှပါ။ ရှက်ရမ်းရမ်းပြီ မာန်ဖီလာမယ်၊ အာဃာတတွေ ကြီးထွားလာမယ် ဆိုရင် အပစ်ရပ် နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်တဲ့ဘက်ကို ဦးတည်ရွေ့လျားသွားမယ့် အလားအလာ ရှိနေတယ်။
အခုတော့ နအဖနိုင်ငံတော်ရဲ့ သဘောထားအမှန်နဲ့ အပစ်ရပ်အဖွဲ့တခုခြင်းစီရဲ့ အကျိုးစီးပွား တထပ်တည်း မကျတော့ဘူး။ တကယ်ဆိုရင် အပစ်ရပ် အဖွဲ့တွေရဲ့ တုံ့ပြန် ပြောဆိုချက်တွေဟာ နအဖနဲ့ နိုင်ငံရေးအရ ဆက်ဆံခဲ့စဉ်က ရရှိခဲ့တဲ့ ကိုယ်ပိုင် အတွေ့အကြုံများ အပေါ် အခြေခံပြီး တင်ပြ တောင်းဆိုချက်များသာ ဖြစ်တယ်။ အပစ်ရပ်အဖွဲ့များရဲ့ တုံ့ပြန် တောင်းဆိုချက်တွေ အပေါ် နအဖကလည်း ဘ၀င် မကျတော့ဘူး။ ဧပြီ (၂၈) နောက်ပိုင်းရက်တွေမှာ နအဖနဲ့ အပစ်ရပ် အဖွဲ့များကြားက အေးစက်လာတဲ့ ဆက်ဆံရေးတွေကို ကြည့်လိုက်ရင် သိသာတယ်။ တယောက်ခြေလှမ်း တယောက်က မျက်ခြည်မပြတ် စောင့်ကြည့်နေရတဲ့ အခြေအနေ ထိတောင် ရောက်နေလို့ပါပဲ။
ဒီရက်ပိုင်းအတွင်း အပစ်ရပ်ဒေသများတွင် ငြိမ်းချမ်းရေးတေးသံတွေ တိုးတိမ် လာနေသလိုပဲ။ အဲဒီအစား နအဖ စစ်ကားတွေ၊ စစ်သားတွေရဲ့ လှုပ်ရှားသံတွေက အသံ ပိုကျယ်လာနေတယ်။ ဘယ်နေရာ၊ ဘယ်အချိန်မှာ အပစ်ရပ်နိုင်ငံရေး အခြေအနေ ပျက်စီး ပျောက်ကွယ် သွားမလဲဆိုတဲ့ စိုးရိမ်စိတ်ကလည်း အပစ်ရပ်ဒေသမှ ပြည်သူတွေရဲ့ နေ့စဉ် ဘဝတွေထဲ အထိ ခြိမ်းခြောက် လာနေပြီ။
နအဖစစ်အစိုးရဟာ ဧပြီ (၂၈) ရက်နေ့ နောက်ဆုံး ရာဇာသံပေးပြီးနောက် အပစ်ရပ်များရဲ့ တောင်းဆိုချက်တွေကို မဆိုင်းမတွ ပယ်ချခဲ့တယ်။ အဲဒီနောက် အပစ်ရပ် အဖွဲ့များအား နိုင်ငံရေး၊ စစ်ရေးနည်းများဖြင့် ဖိအားပေး အကြပ်ကိုင်ကာ နအဖရဲ့ အသွင်ပြောင်းရေး စီမံချက်ကို ထပ်မံ အကောင်အထည် ဖော်နေပါတယ်။ ဒီတကြိမ် အကောင်အထည် ဖော်မှုကို ကြည့်လိုက်ရင် ကုန်လွန်ခဲ့တဲ့ တနှစ်ကလိုမျိုး လက်နက်အင်အား၊ လူအင်အားတောင့်တဲ့ အဖွဲ့ကြီးတွေနဲ့ ထိတွေ့တာမျိုး မလုပ်သေးဘဲ နားထား လိုက်တယ်။ အတော်အတန် အင်အားရှိပြီး အဖွဲ့အတွင်း တွယ်ဆက်မှု အားနည်းမယ်ထင်ရတဲ့ အဖွဲ့တွေဆီကို ပစ်မှတ်ရွေ့ လှုပ်ရှားနေတာ တွေ့ရတယ်။ မေလအတွင်း နအဖနှင့် အပစ်ရပ်များ ထိတွေ့ဆက်ဆံရေးကို လေ့လာ ကြည့်တဲ့အခါ…
မေလ တတိယအပတ်ထိ နအဖက အထိတွေ့အများဆုံး အဖွဲ့ကတော့ SSA-N (ရှမ်းပြည်တပ်မတော် မြောက်ပိုင်း) အဖွဲ့ ဖြစ်ပါတယ်။ အထိ အတွေ့များရတဲ့ အကြောင်းမှာ SSA-N အဖွဲ့အစည်းထဲက အတွင်းပိုင်း ညီညွတ်ရေး အားနည်းချက်ကို ချက်ကောင်းယူပြီး နအဖဟာ သူရဲ့ နိုင်ငံရေးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြံစည် နေလို့ပါပဲ။
SSA-N အတွင်း ဧပြီ (၂၈) နောက်ပိုင်း နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် အုပ်စု (၂) ခု သိသိသာသာ ပေါ်ပေါက်ခဲ့တယ်။ နအဖရဲ့ နယ်မြေစောင့် ပြည်သူ့စစ် (HGF) အသွင်ပြောင်းရေး စီမံချက်ကို လက်ခံသည့်အုပ်စုနှင့် လက်မခံသည့် အုပ်စု အဖြစ် ကွဲထွက် လာခဲ့ခြင်းဖြစ်တယ်။ HGF အသွင်ပြောင်းရေးကို လက်ခံတဲ့ အုပ်စုကတော့ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နဲ့ တပ်မဟာ (၃) တပ်မဟာ (၇) တို့ဖြစ်တယ်။ လက်မခံသည့် အဖွဲ့ကတော့ တပ်မဟာ (၁) မှ ဗိုလ်ချုပ်ပန်ဖတို့ ဖြစ်တယ်။
ဒီနေရာမှာ ထူးခြားတာတခုက HGF ကို လက်ခံသည့် အုပ်စုအား ချက်ချင်း အသွင်ပြောင်းတပ်ဖွဲ့ ဖွဲ့တာမျိုး မလုပ်သေးဘဲ သဘောမတူတဲ့ အုပ်စုအား စည်းရုံးသိမ်းသွင်းရန် နအဖက တာဝန်ပေး လုပ်ခိုင်းနေတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တဲ့ နည်းပါ။ ဒါဟာ အချင်းချင်း ပဋိပက္ခ ဖြစ်စေဖို့ ဖန်တီးထားတာမျိုး အဖြစ် ယူဆနိုင်တယ်။ ဒီပဋိပက္ခကို အသုံးချပြီး နအဖ လုပ်နေကျ ကြက်လည်းမောစေ၊ ယာလည်း ညက်စေ ပေါ်လစီအတိုင်း၊ ကိုးကန့်ပြဿနာမျိုး ဖန်တီးနိုင်တယ်လို့ တွက်ဆ သူတွေလည်း ရှိနေကြပါတယ်။
တဖက်ကလည်း HGF ကို လက်မခံသည့်အဖွဲ့ကို စစ်ရေးအရ ခြိမ်းခြောက် ဖိအားပေးတာမျိုးတွေ ရှိနေတယ်။ ဖိအားပေးတာ ကလည်း ရွေးကောက်ပွဲ မတိုင်ခင် သေနတ်သံ ပြန်မပေါက်စေဖို့ ဟန့်တားချင်တဲ့ သဘောမျိုးလည်း တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နအဖဟာ ၂၀၁၀ နိုင်ငံရေးလိုအပ်ချက် (စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး) ပြည့်မီဖို့ လိုနေတယ်။ ဒါကြောင့် အပစ်ရပ် နိုင်ငံရေး အင်အားစုတွေကို သူရေးဆွဲထားတဲ့ ပုံစံခွက်ထဲ ရောက်အောင် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး လုံးပန်း အားထုတ်နေမယ် ဆိုတာ ယုံမှားဖွယ် မရှိ။
အသွင်ကူးပြောင်းစီမံကိန်းက ရှေ့တိုးမရ ဖြစ်နေတဲ့အချိန်မှာ နအဖဟာ နိုင်ငံတကာနဲ့ ပြည်တွင်းကို လှည့်စားဖို့ ခြံထဲက ကြက် ထုတ်ပြီး ရိုက်ပြရတဲ့ အဖြစ်မျိုး ပေါ်လာခဲ့တယ်။ မဆလခေတ်ကတည်းက နအဖခေတ်အထိ တော်လှန်ရေးတွေကို ဆန့်ကျင်ဖို့ လူအုပ်စုများကို စုဝေးစေပြီး ပြည်သူစစ် အမည်နဲ့ စုဖွဲ့ပေးခဲ့တယ်။ နိုင်ငံရေးအရ လိုအပ်လာရင် အဲဒီလူအုပ်စုကို လူမျိုးစု နာမည်တခုတတ်ပြီး အသုံးချ လာတတ်တယ်။
ဥပမာတခုအနေနဲ့ပြောရရင် ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က နအဖအား ဝေဖန်သည့် ထုတ်ပြန် ကြေညာချက် တစောင်ကို စင်ကာပူနိုင်ငံမှ နေပြီး ထုတ်ပြန်ခဲ့ဖူးတယ်။ ဒီနိုင်ငံရေး ထုတ်ပြန်ကြေညာချက်ကို ဆန့်ကျင်ကြောင်း နအဖဟာ အဖွဲ့အစည်းပေါင်း (၇၀) ကျော်ကို ဇွတ်အတင်း ဆွဲထုတ်ပြီး နအဖပိုင် သတင်းစာများမှာ ဖော်ပြခဲ့တယ်။ အဖွဲ့ (၇၀) ထဲမှာ နအဖ မွေးမြူထားတဲ့ ပြည်သူစစ်တွေက (၁၀) ဖွဲ့ ပါရှိပါတယ်။ အခုလည်း အမှတ် (၁၀၀၇), (၁၀၀၈), (၁၀၀၉), (၁၀၁၀) နယ်ခြားစောင့်တပ်ဖွဲ့ ဆိုတဲ့ အမည်ဖြင့် မတ်လ (၃၀) ရက်၊ မေ (၁၈၊ ၂၀) ရက်များက ပွဲထုတ်လာတယ်။ အသွင်ကူးပြောင်းရေး စီမံချက်ကို လူကြိုက် များလာအောင် မီဒီယာအားကိုးနဲ့ နိုင်ငံရေး ကြော်ငြာအဖြစ် ရှိုးပြလိုက်ခြင်းသာ ဖြစ်ပါတယ်။ မျက်စိလည်စရာ မရှိပါ။
ဒါပေမယ့် အဲဒါတွေရဲ့ ဆိုးကျိုးဂယက်ကတော့ သက်ဆိုင်ရာဒေသတွေမှာ လူမျိုးရေးအမြင် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ရေရှည်မှာ လူမျိုးရေးပဋိပက္ခ အသွင်ဆောင်တဲ့ ပြဿနာတွေအထိ တိုးပွားမလာရင်ဘဲ တော်လှပြီ။ နအဖဟာ ရှင်းနေတာကို ရှုပ်အောင် လုပ်တတ်တယ်။ ရှုပ်နေတာကို ရှင်းမရအောင် လုပ်တတ်တဲ့ အကျင့်အတိုင်း အပစ်ရပ်နိုင်ငံရေး ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းနေတာဖြစ်တယ်။ ဒါကိုလည်း နအဖနဲ့ နိုင်ငံရေးအရ ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့ အပစ်ရပ် အဖွဲ့တိုင်းက သတိ ပြုမိကြလိမ့်မယ် ထင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် (၂၀) က န၀တရဲ့ နိုင်ငံရေးလိုအပ်ချက်အရ အပစ်ရပ်အဖွဲ့တွေ ဖြစ်ပေါ်လာစေခဲ့တယ်။ အခုတော့ နအဖရဲ့ နိုင်ငံရေး လိုအပ်ချက်အရ အပစ်ရပ် အဖွဲ့တွေ ပျောက်ကွယ်ဖို့ လိုအပ်နေပြီ။ ဒါပေမယ့် ထင်သလို ဖြစ်မလာဘူး။ မထွေးနိုင်၊ မအန်နိုင် အလုံးကြီး တခုကို မျိုဆို့ ထားရသလို ဖြစ်နေပြီ။ နအဖ ဖြေရှင်းနေရတဲ့ လတ်တလောပြဿနာတွေထဲက တခုအဖြစ် ထင်ထင်ရှားရှား တွေ့မြင် နိုင်ပါတယ်။
ဒီပြဿနာပြေလည်ချင်ရင်တော့ နအဖဟာ ရူးမိုက်စွာ စဉ်းစားရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေး စီမံချက်ကို ဖျက်သိမ်း ပစ်ရပါလိမ့်မယ်။ အပစ်ရပ်အဖွဲ့များရဲ့ နိုင်ငံရေး တောင်းဆိုချက်တွေကို လေးစား လိုက်နာရလိမ့်မယ်။ မပြေမလည် ဖြစ်နေတဲ့ အပစ်ရပ် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရဲတဲ့ သတ္တိတော့ မွေးမြူ ထားရလိမ့်မယ်။
ဒီလိုမဟုတ်ဘဲ အပစ်ရပ်နိုင်ငံရေးပြဿနာများကို လက်စမသတ်နိုင်တော့တဲ့ နအဖစစ်အစိုးရဟာ အရေခွံလဲပြီး ရွေးကောက်ပွဲမှာ အနိုင်ရအောင် လုပ်မယ်။ ပြီးတော့ နိုင်ငံရေး အာဏာ ချုပ်ကိုင်ထားမယ့် အသွင်ပြောင်း စစ်အစိုးရ အဖြစ်နဲ့ ဆက်လက် ဖြေရှင်းဖို့ ကြံစည်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကတော့ ဘယ်လက်ကနေ၊ ညာလက် ပြောင်းကိုင်တဲ့ နည်းပါ။ ဘယ်လို အခြေအနေပဲ ဖြစ်ပါစေ တက်လာမယ့် အစိုးရနဲ့ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ နိုင်ငံရေး ပြဿနာကတော့ ဆက်လက်တည်ရှိကာ ကြီးထွား လာနေဦးမှာပါ။
သို့သော် ထိုပြဿနာအား အခုပဲရှင်းရှင်း၊ နောက်မှပဲရှင်းရှင်း ဖြေရှင်းဖို့တာဝန်ရှိသူတိုင်းဟာ “တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေး၊ အတူတကွ စည်ပင်ဝပြောရေး” ဆိုတဲ့ အခြေခံမူကို ဘေးဖယ်ထားမယ်။ ပြီးတော့ ယခင်အစိုးရ အဆက်ဆက် တွေလို နည်းလမ်းဟောင်းဖြင့် ဖြေရှင်းကြမယ် ဆိုရင်တော့ ဒီတိုင်းပြည်ဟာ အပြင်းစား နိုင်ငံရေး ပဋိပက္ခတွေရဲ့ ပေါက်ကွဲသံတွေနဲ့ ညံစီနေမယ်ဆိုတာ တွေးကြည့်ရင်း စိတ်မောမိပါတော့တယ်။
Ref: ခေတ်ပြိုင်
Monday, July 5, 2010
ကော်မရှင်က ပါတီခေါင်းဆောင်များ ကိုယ်ရေးအချက်များ ထပ်တောင်း
ဆလိုင်း ဟံသာစန်း
သောကြာနေ့၊ ဂျူလိုင်လ ၀၂ ရက် ၂၀၁၀
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲဝင်ရောက်ရန် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ပြီး ဖြစ်သည့် ပါတီများမှ ဗဟို ကော်မတီဝင်တို့၏ ကိုယ်ရေး အချက်အလက်များကို ကော်မရှင်က ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ထပ်မံ တောင်းခံနေကြောင်း သိရသည်။
နိုင်ငံရေးပါတီများသည် ပါတီတည်ထောင်ခွင့်ပြုရန် လျှောက်ထားစဉ်က တည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးတို့၏ ကိုယ်ရေး အချက်အလက်များကို ကော်မရှင်သို့ တင်ပြခဲ့ပြီး ဖြစ်သော်လည်း ယခုတဖန် ဗဟိုအလုပ်အမှုဆောင်များ၏ ကိုယ်ရေး အတ္ထုပတ္တိကို အလိုရှိသည်ဟု ဆိုကာ ထပ်မံတောင်းခံလာခြင်း ဖြစ်သည်။
“ပါတီဗဟိုအလုပ်အမှုဆောင်တွေ ကိုယ်တိုင်ဖြည့်ဖို့ဆိုပြီးတော့ ဖောင်တွေ မနေ့ညနေပိုင်းက လာပေးသွားတာပါ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ကိုနေမျိုးဝေက မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း “ကျနော်တို့ဆီကို လာပို့သွားတာ ၄ ရက်လောက်ရှိပါပြီ။ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်တွေ အကုန်လုံး ဖြည့်ပြီးတော့ အချိန်မီ ကော်မရှင်ကို ပြန်ပို့ဖို့ ပြင်နေပါတယ်” ဟု ပြောသည်။
ချင်းအမျိုးသားပါတီကလည်း ဖြည့်စွက်ရမည့်ပုံစံစာရွက်များကို ယခုအပတ်အတွင်း ရုံးချုပ်သို့ လာရောက် ပို့ဆောင်သွားကြောင်း ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောသည်။
ကော်မရှင်က ပေးပို့ခဲ့သည့် ကိုယ်ရေးအချက်အလက် ဖြည့်စွက်ရမည့် ပုံစံစာရွက်တွင် အမည်၊ အခြားအမည်၊ မိဘအမည်၊ မွေးနေ့ သက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ပညာသင်ကြားခဲ့သည့် ကျောင်းများစသဖြင့် ဖြည့်စွက်ရမည့် အချက် ၁၉ ချက် ပါဝင်သည်။
သို့သော် အဆိုပါအချက်များတွင် ပါတီတည်ထောင်ခွင့် လျှောက်ထားစဉ်က ဖော်ပြရခြင်း မရှိသည့် ထောင်ကျခဲ့ဖူးခြင်း ရှိ/မရှိ၊ ဝင်ရောက် လုပ်ကိုင်ခဲ့သည့် ပါတီအဖွဲ့အစည်း၊ ဇနီးသည်နှင့် သားသမီးတို့၏ အမည်၊ အလုပ်အကိုင် စသည့်အချက်များအပြင် ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ဖြတ်သန်း ခဲ့သည်များကို အပိုင်း ၄ ပိုင်းဖြင့် ခွဲခြားဖော်ပြရန် ထပ်တိုး ပါဝင်လာသည်။
ပါတီများသည် အဆိုပါ ပုံစံစာရွက်များကို ပါတီ CEC အားလုံး ဖြည့်စွက်ပြီးနောက် လက်ခံရရှိသည့်နေ့မှ ၁၄ ရက်အတွင်း ကော်မရှင်သို့ ပြန်လည် ပို့ဆောင် ပေးရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း မပေးပို့နိုင်ပါက ကော်မရှင်က မည်ကဲ့သို့ အရေးယူမည်ဟု ဖော်ပြထားခြင်း မရှိပါ။
“ကျနော်တို့ ၁၄ ရက်အတွင်း အချိန်မီရင်လည်းပို့မယ်။ ရက်စွဲတွေ ခေါင်းထဲ မထားနိုင်တော့ဘူး။ တခြားလုပ်စရာတွေ အများကြီး ရှိသေးတယ်။ အဲဒါမှ မကြိုက်လို့ ပါတီကို ဖျက်မယ်ဆိုလည်း ဖျက်ပါစေတော့ဗျာ” ဟု ကိုနေမျိုးဝေက ပြောသည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီတွင် ဗဟိုကော်မတီဝင် ၁၆ ဦး၊ ချင်းအမျိုးသားပါတီတွင် ၁၆ ဦး နှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီတွင် ဦးဆောင်လုပ်ကိုင်နေသူ ၁၈ ဦး ရှိကြောင်း သိရသည်။
“ပါတီတည်ထောင်သူတွေဟာ လျှောက်ထားတုန်းကလည်း ကိုယ်တိုင် လက်မှတ်ထိုးပြီး ပေးခဲ့ပြီးပြီ။ အခုတခါ ထပ်ပေးဆိုတော့ ကိုယ်ရေး ပရိုဖိုင်ကို ၂ ခါ ပြန်ပေးရသလို ဖြစ်နေတယ်။ ဒါက လုပ်ဖို့ မလိုအပ်ဘူးလို့ ထင်တယ်။ နောက်ပိုင်းမှာ ဗဟိုဦးစီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်အထိပါ တောင်းလာမလား မသိဘူး”ဟု ကိုဖြိုးမင်းသိန်းက ပြောသသည်။
မန္တလေးတိုင်းတွင် လက်ရှိအချိန်အထိ ဖွဲ့စည်းထူထောင်ထားသည့် တခုတည်းသော ပါတီဖြစ်သည့် ဝံသာနု အန်အယ်ဒီပါတီထံသို့ ကော်မရှင်ထံမှ အချက်အလက်များ ဖြည့်စွက်ရမည့် စာရွက် ပေးပို့ခြင်း မရှိသေးကြောင်း သိရသည်။
ကော်မရှင်သည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့က ရွေးကောက်ပွဲဝင်မည့်ပါတီများ စည်းရုံးရေး ဆင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက် ၁၄ ချက်ကို ၂/ ၂ဝ၁ဝ ညွန်ကြားချက်ဖြင့် ထုတ်ပြန်ခဲ့သေးသည်။
မှတ်ပုံတင်ခွင့် ကျပြီးဖြစ်သည့် ပါတီတခုမှ အမည်မဖော်လိုသည့် ခေါင်းဆောင်တဦးက “အခုဆိုရင် မိသားစုဝင်တွေရဲ့ ပရိုဖိုင်တွေတောင်း တောင်းလာတဲ့အဆင့် ဖြစ်နေတော့ တရစ်ခြင်းကို တင်းကြပ်လာသလို ဖြစ်နေတယ်။ အဲတော့ ဒါဟာ ပါတီ ခေါင်းဆောင်တွေကို ဖမ်းချင်တဲ့အခါ အချိန်မရွေး အားလုံး အဆင်သင့်ဖြစ်အောင် လုပ်နေတယ်လို့ ထင်တယ်” ဟု ပြောသည်။
Ref: မဇ္ဇျိမ
ခမောက်တံဆိပ် အငြင်းပွားမှု နှစ်ဖက်စလုံးက ရင်ဆိုင်သွားမည်ဟု ပြောဆို
ဝီရ / ၀၂ ဇူလိုင် ၂၀၁၀
ယခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ အမှတ်တံဆိပ် ခမောက်ပုံသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အမှတ်တံဆိပ် သင်္ကေတ ဖြစ်နေသည့်အတွက် ရွေးကောက်ပွဲ ကော်မရှင်သို့ လာမည့် ရက်ပိုင်းအတွင်း ကန့်ကွက်ရန်ရှိကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။
အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အဖွဲ့ချုပ်အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ ခမောက်ပုံ တံဆိပ်ရယ်၊ အသုံးပြု လာခဲ့တဲ့ မူရင်းစာရွက် စာတမ်းတွေနဲ့ နေပြည်တော် ကော်မရှင်ရုံးကို တင်နိုင်ဖို့ အခု စီစဉ်နေပါတယ်။ လာမယ့် တနင်္လာနေ့ကျရင် ကော်မရှင်ရုံးကို သွားတင်မှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အန်ဒီအက်ဖ်ပါတီက တံဆိပ်အဖြစ် အသုံးပြုမည့် ခမောက်ပုံသည် ပြည်သူလူထုအား ထင်ယောင်ထင်မှား ဖြစ်စေပြီး အန်အယ်လ်ဒီကို ပုံမှားရိုက်မှု ဖြစ်စေသည်ဟု ယမန်နေ့ အန်အယ်လ်ဒီ အဖွဲ့ချုပ် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ (၂၈) အရ လိမ်လည် တုပခြင်း ပြုလုပ်မှုဖြင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
၎င်းက “အန်အယ်လ်ဒီကို ပြည်သူတွေက ခမောက်အမှတ်အသားနဲ့ တွဲပြီး သိထားကြတယ်။ ပါတီတရပ်ရဲ့ အလံ၊ တံဆိပ်တို့နဲ့ ဆင်တူယိုးမှား ဖြစ်နေရင်လည်း (၇) ရက်အတွင်း ကန့်ကွက် နိုင်တယ်လို့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ဖော်ပြ ထားပါတယ်” ဟု ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈ (ခ) တွင် “မှတ်ပုံတင်ခွင့်အတွက် လျှောက်ထားဆဲနှင့် မှတ်ပုံတင်ပြီးသော အခြား ပါတီတခု၏ အမည်၊ အလံ၊ တံဆိပ်တို့နှင့် တူညီနေလျှင် သို့မဟုတ် ဆင်တူယိုးမှား ဖြစ်နေလျှင် ကန့်ကွက်နိုင်ကြောင်း” ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက ၎င်းတို့ပါတီ၏ အလံနှင့်တံဆိပ်များကို ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်၌ ကြေညာခဲ့သည်။
အန်ဒီအက်ဖ်ပါတီ၏ အလံကို အနီရောင်အောက်ခံ လေးထောင့်၏ အပေါ်ဘက်အစွန်း၌ ကြယ်ဖြူ (၂) လုံးကို အသုံးပြုထားပြီး ပါတီ တံဆိပ်ကို အနီရောင် အောက်ခံ၏ ဗဟို၌ ရွှေရောင် ခမောက်တလုံး ပါရှိပြီး ၎င်း၏ထိပ်တွင် နှစ်ထပ်ကြယ်ဖြူ (၁) လုံးပါကာ အောက်ခြေတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု၊ National Democratic Force ဟူ၍ စာတမ်းပါရှိသည်။
ခမောက်ပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ရွေးကောက်ပွဲဝင်ပြိုင်သည့် အမှတ်အသားသာ ဖြစ်ပြီး အန်အယ်လ်ဒီ ပါတီ၏ တံဆိပ်၊ အလံတို့နှင့် မသက်ဆိုင်ကြောင်း အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ငြင်းဆိုသည်။
ဒေါက်တာ သန်းငြိမ်းက “ခမောက်က အန်အယ်လ်ဒီရဲ့ အလံနဲ့ တံဆိပ်တွေမှ မဟုတ်တာဘဲ။ အန်အယ်လ်ဒီရဲ့ အလံက ကြယ်နဲ့ ဒေါင်းပဲလေ။ တံဆိပ်လည်း အဲဒီပုံပဲ သုံးလာခဲ့တာ။ ခမောက်ကို အန်အယ်လ်ဒီက ရွေးကောက်ပွဲ အတွက် သုံးတဲ့ သင်္ကေတတခုသာ ဖြစ်တယ်။ သူတို့ရဲ့ တံဆိပ်မဟုတ်ဘူး။ ပါတီ ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထဲမှာ အလံ၊ တံဆိပ်နဲ့ ပတ်သက်၍ ကန့်ကွက်နိုင်တာက ဒို့တာဝန်အရေး (၃) ပါးကို ထိခိုက်စေတာရယ်၊ ဘာသာရေး ယှက်နွယ်တာရယ်၊ ပါတီတရပ်ရပ်ရဲ့ နာမည်၊ အလံ၊ တံဆိပ် တူတာ၊ ဆင်တူယိုးမှား ဖြစ်တာရယ် ဒီ (၃) ရပ်ထဲကပဲ ကန့်ကွက်လို့ရမှာပေါ့။ အခု အန်ဒီအက်ဖ်က ခမောက်ကို ပါတီရဲ့ တံဆိပ်အနေနဲ့ သုံးတာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အန်ဒီအက်ဖ်ပါတီ အနေဖြင့် မြန်မာပြည်သူ အများစုကို ကိုယ်စားပြုပြီး အများထက် ထင်သာမြင်သာ စေသော မြန်မာ့ရိုးရာ ရွှေရောင် ခမောက်ကို အသုံးပြုရခြင်း ဖြစ်ကြောင်း၊ ဥပဒေကြောင်း အရ ယင်းအမှုကို ရင်ဆိုင် သွားမည်ဖြစ်ကြောင်း အန်ဒီအက်ဖ် ပါတီဥက္ကဋ္ဌက ပြောဆိုသည်။
အန်အယ်လ်ဒီပါတီ၏ ဗဟိုအလုပ်မှုဆောင်ဟောင်းများ ဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာ ဝင်းနိုင်နှင့် အခြား အန်အယ်လ်ဒီ ဗဟိုဦးစီး အဖွဲ့ဝင်ဟောင်း (၇) ဦးတို့က အန်အယ်လ်ဒီ၏ ရပ်တည်ချက်နှင့် သဘောထားခြင်း မတိုက်ဆိုင်၍ ရွေးကောက်ပွဲဝင်ရန် ပြီးခဲ့သည့် မေ (၆) ရက်တွင် အန်ဒီအက်ဖ်ပါတီကို တည်ထောင်ခဲ့သည်။
Ref: ခေတ်ပြိုင်
Saturday, July 3, 2010
ဗိုလ်ချုပ်မှူးကြီး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိ
ဘစောတင်
Friday, July 02, 2010
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထားသည့် စာအုပ် ဖြန့်ချိခြင်းနှင့် ရှင်းလင်းပွဲ တရပ်ကို ယမန်နေ့ ညဦးပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ပြုလုပ်သည်။
ယင်း 'THAN SHWE' UNMASKING BURMA’S TYRANTဟု အမည်ပေးထားသည့် စာအုပ်ကို Benedict Rogers ဆိုသူက ပြုစု ရေးသားထားခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း ရေးသား ထုတ်ဝေသည့် ပထမ ဦးဆုံး စာအုပ်လည်း ဖြစ်သည်။
ပြီးပြည့်စုံသည့် စာတအုပ် မဟုတ် သော်လည်း မြန်မာပြည်ကို အုပ်ချုပ် နေသည့် စစ်အာဏာရှင် တဦးအကြောင်း လေ့လာရန် လိုအပ်လာပါက ဤစာအုပ်က တစုံတရာ အထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း Benedict Rogers က ဧရာဝတီသို့ ပြောသည်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတာ ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ မြန်မာ စစ်ခေါင်းဆောင်ပါ၊ ဆယ်စုနှစ် ၂ ခု နီးပါး ကိုယ့်ပြည်သူ လူထုကို အနိုင်ကျင့် နှိပ်ကွပ်နေတဲ့ အာဏာရှင် ဖြစ်ပါတယ်၊ ကြမ်းကြုတ် ရက်စက်ပြီး အင်မတန် ရှေးဆန်တဲ့၊ အယူသည်းတဲ့ လူဆိုတာ အထူးပြောစရာ မလိုပါဘူး၊ ဒါပေမယ့် ဒီလို လူမျိုးအကြောင်းကို အသေအချာ ရေးထားတဲ့ စာတအုပ် ပေတဖွဲ့ မရှိသေးဘူး၊ ဒါကြောင့် ကျနော် သူ့ အကြောင်းကိုရေးဖို့  မြန်မာပြည်ကိုလည်း သွားခဲ့တယ်၊ နယ်စပ် တလျှောက်က မေးသင့် မေးထိုက်တဲ့ သူတွေကိုလည်း မေးမြန်းတယ်၊ လေ့လာခဲ့ပါတယ်” ဟု ၎င်း က ပြောဆိုသည်။
ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလက် ဟာဗဲလ်ကလည်း ယခုစာအုပ်သည် မင်းဆိုး မင်းညစ် တဦးအကြောင်းကို အဓိက ရေးသား ထားသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပ္ပတ္တိ သက်သက်ကို ရေးသားထားခြင်း မဟုတ်ကြောင်း၊ ယနေ့ မြန်မာပြည်သားများ ကိုယ်တိုင် ခံစားနေရသော သက်ရှိသမိုင်းကို ထင်ဟပ်စေသော စာအုပ်တအုပ် ဖြစ်ကြောင်း အမှာစာတွင် ပြောဆိုထားသည်။
“ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေ မင်းဆိုးမင်းညစ်တွေအကြောင်းကို ကျနော်တို့သိအောင် ကြိုးစားဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် အခု ထုတ်ဝေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေစာအုပ်ဟာ အရေးကြီးတဲ့ စာအုပ် တအုပ်ပါပဲ၊ သူဟာ ဘယ်လို လူလဲ ဘာကြောင့် ဒီလိုပြုမူ ဆိုးသွမ်း နေသလဲ ဆိုတာကို သိထားမှဖြစ်မယ်၊ ကျနော်တို့ကိုယ်တိုင် ကွန်မြူနစ်တွေ အောက်မှာ နှစ်ပေါင်း ၄၀ လောက် ခံခဲ့ရဖူးတယ်၊ အဲဒီတုန်းက ကျနော်တို့လိုအပ်ချက်တွေကို လွတ်လပ်တဲ့ တိုင်းပြည် က လူတွေက ကူပြောခဲ့ကြတယ်၊ ကူညီခဲ့ကြတယ်၊ အခု ကျနော်တို့ လွတ်လပ်နေပြီ၊ ဒါကြောင့်မို့လို့ မလွတ်လပ်တဲ့ အရပ်မှာ နေကြရတဲ့ လူတွေအတွက် ကူညီကြရမှာပဲ”ဟုလည်း ဗားကလက် ဟာဗဲလ် က အမှာစာ ရေးသားသည်။
'THAN SHWE' UNMASKING BURMA’S TYRANTစာအုပ် ပထမဆုံးအခန်းမှာ From Postman to Tyrant (စာပို့သမားဘ၀မှ ရက်စက် ကြမ်းကြုတ်သော အာဏာရှင် မင်းဆိုးမင်းညစ် အဖြစ်သို့) ဟူ၍ စာအုပ်ကို မိတ်ဆက် ဖွင့်လှစ် ထားသည်ကို တွေ့ရသည်။
စာအုပ်တွင် အခန်း ၈ ခန်းပါရှိပြီး စာမျက်နှာ ၂၇၀ ရှိသည်။ ၀တ္ထု စာအုပ်ဆိုဒ် အရွယ်ဖြစ်ပြီး ထိုင်းဘတ် ၆၂၅ ဘတ်ဖြင့် ရောင်းဈေး သတ်မှတ်ထားသည်။
စာအုပ်ဖြန့်ချိ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့မှ ၀န်ကြီးအဖွဲ့ဝင် ဦးဝင်းလှိုင်က“ဒီစာအုပ်မှာ ကျနော်တို့ မျှော်လင့်နိုင်တာက ကျနော်တို့ မသိသေးတဲ့ ဖုံးကွယ်ထားတဲ့ လျှို့ ဝှက်ထားတာတွေကို သိတန်သရွေ့တော့ သိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ တိုင်းပြည်ကို ကံဆိုးမိုးမှောင် ကျစေတဲ့ လူတယောက် အကြောင်းကို ပြည်သူလူထုက သေသေချာချာ သိခွင့်ရတယ်ဆိုရင် တိုင်းပြည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရာမှာ ပိုမိုထိရောက်မှု ရှိလာမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
မြန်မာ့ တပ်မတော်(လေတပ်)တွင် အမှုထမ်းခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံ ကာလတွင် ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့သည့် စစ်သားဟောင်း တဦးဖြစ်သူ ဦးမြင့်ဝေ ကလည်း “ဒီစာအုပ်နဲ့ ပတ်သက်လို့ မြန်မာ့ တပ်မတော်မှာ စစ်မှုထမ်းခဲ့သူ တယောက်အနေနဲ့ ပြောရရင် တပ်မတော် အတွက် အရေးကြီးတဲ့ သင်္ခန်းစာ၊ မှတ်တမ်း၊ တပ်မတော်ကြီး တခုလုံးရော၊ တိုင်းပြည် အတွက်ရော နောက်ထပ် ဗမာအာဏာရှင် ဆိုတဲ့ လူတယောက် မပေါ်ပေါက်အောင်အတွက် ဖတ်ထားရမယ့် စာအုပ် တအုပ်ပါ၊ ဒီစာအုပ်ကို မြန်မာပြန်ပြီး မြန်မာ ပြည်သူ တရပ်လုံး သိလာအောင် ဖြန့်ဝေရင် ကောင်းမယ်”ဟု ဆိုသည်။
ဦးမြင့်ဝေ သည် ယခုအခါ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) အဖွဲ့ ဒါရိုက်တာ တာဝန်ကို ထမ်းဆောင် နေသူဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုနှစ် ကမ္ဘာ့ အဆိုးဆုံး အာဏာရှင် စာရင်းတွင် တတိယ နေရာ သတ်မှတ် ခံထားရသူ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာပေါ်ရှိ ဆိုးရွားသော အာဏာရှင်များနှင့် နိုင်ငံခေါင်းဆောင်၂၃ ဦးအနက် ပထမနေရာတွင် မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံ အီးလ်၊ ဒုတိယတွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီတို့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးကို တတိယ နေရာ ရွေးချယ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ယင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း စာအုပ် ပြုစုရေးသားသူ Benedict Rogers မှာ International Herald Tribune, Wall Street Journal, Far Eastern Economic Review, Guardian စသော သတင်းစာ၊ မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားသူတဦး ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခု စာအုပ်မတိုင်မီ A land without Evil; Stopping the Genocide of Burma’s Karen People အမည်ရှိ စာအုပ်ကိုလည်း ထုတ်ဝေဖူးသည်။
Benedict Rogers သည် ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့Christian Solidarity Worldwide(CSW) ၏ ဒုတိယ ဥက္ကဌ လည်းဖြစ်သည်။
Ref:
အထက်တန်းကျောင်းသားများ ကျောင်းဆင်းကျောင်းတက်ချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက် ခံနေရ
လွန်းဒင်။ ဇူလိုင် ၂၊ ၂၀၁၀
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အ.ထ.က (၂) ကျောင်းရှိ ကျောင်းသားများ ကျောင်းဆင်း ကျောင်းတက်ချိန် များတွင် အရပ်သားများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခံရမှုများ အခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အပေါင်းအသင်းများနှင့် အစ်ကိုတွေကို ပြန်ပြောရာမှ ကျောင်းသားတွေကို အရပ်သားများက အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကျောင်းသားမိဘ တဦးက ပြောသည်။
မနက်ပိုင်းကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာ ကျောင်းသားအချင်းချင်းရန်ဖြစ်ပြီး ရိုက်ပွဲတွေဖြစ်နေတာ ခဏခဏဘဲ ကျောင်းထဲမှာ ဖြစ်သွားတဲ့ ကျောင်းသား အချင်းချင်း ပြဿနာကို အပြင်မှာရှိတဲ့ အကိုတွေ အပေါင်းသင်းတွေကို ပြန်ပြောကြတော့ အပြင်ကနေ အုပ်စုလိုက်ဖွဲ့ပြီး ကျောင်းက ခလေးတွေကို အသေရိုက်ကြတယ်။ တချို့ဆို လူမှား အရိုက်ခံရတာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆိုရင် အထက်တန်း ကျောင်းသား တစ်ယောက်ဆို ၀ိုင်းရိုက်လို့ ပုဆိုးတောင်ကျွတ်ပြီး ပြေးရတဲ့အဆင့်ထိ ရုပ်ပျက်ဆင်းပျက် နိုင်သွားတယ်လေ။
တချို့က အတန်းထဲတွင် စာတော်သည့်ကလေးကို အချင်းချင်းမနာလိုဖြစ်ပြီး အပြင်မှ သူငယ်ချင်းတွေကို ရန်တိုက် ပေးပြီး ရိုက်ခိုင်း တာတွေလည်း ရှိကြောင်းနှင့် ကျောင်းသားများ ရိုက်နှက်ခံရသည့် အမှုများ ကျောင်းရှေ့တွင် ဖြစ်ပွားနေသော်လည်း တာဝန်ရှိသူများက ဖြေရှင်းပေးတာမျိုး မရှိကြောင်းကိုလည်း အဆိုပါလူက ဆက်ပြောသည်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆယ်တန်းကျောင်းသားကောင်လေးတစ်ယောက်ဆိုရင် စာအရမ်းတော်တယ် အချင်းချင်း မနာလိုတဲ့သူက လူမိုက်တွေကို ထောင်ပေးလိုက်တော့ ခလေးကျောင်းအပြန်မှာ လူသုံးယောက်က အဲဒီခလေးကို ၀ိုင်းရိုက်တာ ခံရတယ်။ ရိုက်တဲ့လူတွေက ကျောင်းဆင်း ကျောင်းတက်ချိန်တွေမှာ ကားတွေပေါ်က ဆင်းလာပြီး ကျောင်းသားလေးတွေကို ၀ိုင်းရိုက်ပြီး ကားပေါ် ပြေးတက် သွားကြတယ်လေ။ ဆရာ/မတွေကို တိုင်တော့လည်း သူတို့နဲ့ မဆိုင်ဘူးဆိုတော့ ဘယ်သူ့ကို သွားတိုင်ရမှန်းကို မသိဘူး။ တနေ့ထက်တနေ့ ပိုဆိုးလာတယ်၊
ကျောင်းသားမိဘများအနေဖြင့် မိမိကလေးကို ကျောင်းကြိုကျောင်းပို့လုပ်ရနှင့် အလုပ်ရှုပ်ပြီး ကလေးများ၏ ပညာရေး ထိခိုက်မှာကို စိုးရိမ် ပူပန်နေကြရကြောင်းနှင့် ဆရာ/မတွေက ကလေးတွေစီမှ ကျောင်းသားကဒ်လုပ်ရန် ရန်ပုံငွေအဖြစ် ငွေကြေးကောက်ခံပြီး ကျောင်းသားတွေရဲ့ အန္တရာယ်ကို ဂရုတစိုက် ကာကွယ်ပေးတာမျိုး လုပ်မပေးသည့် အတွက်ကြောင့် မကျေမနပ်ဖြစ်နေသည်။
“ကျောင်သားကဒ်လုပ်ဖို့ဆိုပြီး (၁၆၀၀) တောင်ကောက်တယ်၊ အမှန်ဆိုရင် ကျောင်းသားကဒ်က ကျောင်းက လုပ်ပေးရမှာ စားမေးပွဲကြေး ဆိုပြီးတော့လည်း (၁၂၀၀)ကောက်တယ်၊ အဲဒီလို ကလေးတွေဆီက ရန်ပုံငွေရှာဖို့တော့ သိကြတယ်။ ကလေးတွေရဲ့ အန္တာရာယ်ကိုတော့ မကာကွယ်ပေးချင်ဘူး” ဟု ၎င်းမြို့ခံက ပြောသည်။
ယင်းအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးဌေးအောင်က တာဝန်ယူနေပြီး အခုထက်ထိ ရန်ပွဲများ ဆက်လက် ဖြစ်ပွားလျှက် ရှိသည်ဟု သိရသည်။
Ref: ရိုးမ ၃
Friday, July 2, 2010
စည်ပင်အလုပ်ကို ကြံ့ဖွံ့အမည်ဖြင့် လုပ်ကိုင်မည်ဟု မြို့တော်ဝန် ပြော
ညိမ်းသူ
ကြာသပတေးနေ့၊ ဂျူလိုင်လ ၀၁ ရက် ၂၀၁၀
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့တော်ဝန်က ၎င်းပြုလုပ်နေသော လုပ်ငန်းအားလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အမည်ဖြင့် လုပ်ကိုင်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လ နောက်ဆုံးအပတ်အတွင်း ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် လမ်းများ ရေးစီးရေလာ ကောင်းမွန်ရေး အတွက် သွားရောက် စစ်ဆေးသည့် နေ့က မြို့တော် စည်ပင် အရာထမ်းများနှင့် ကြံ့ခိုင်ဖွံ့ရေး ပါတီဝင်များ ရှေ့မှောက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
’’စမ်းချောင်းမှာ လမ်းတွေ လာကြည့်တယ်။ အဲဒီနေ့က သူပြောသွားတာက သူ့အနေနဲ့ ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) လုပ်ငန်းတွေပဲ ဦးစားပေး လုပ်သွားမယ်၊ အခု လုပ်နေတာတွေ အားလုံးဟာ ပြည်ခိုင်ဖြိုး နာမည်နဲ့ပဲ လုပ်နေတာ၊ ပါတီကလည်း ဖွဲ့ပြီးပြီဆိုတော့ ပါတီအမည်နဲ့ပဲ လုပ်သွားတော့မှာ၊ ဘယ်လို အကြောင်းပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးအမည်ပဲ သုံးမယ်လို့ ထပ်တလဲလဲ ပြောတယ်’’ ဟု စမ်းချောင်းမြို့နယ် ကြံ့ဖွံ့ အသင်းဝင်တဦးက ပြောသည်။
မြို့တော်စည်ပင်သည် ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်မှ စတင်ကာ လမ်းများ ပြုပြင်လုပ်ငန်းများတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းအမည်ကို ရောထွေး သုံးစွဲခဲ့ရာမှ နောက်ပိုင်းတွင် လူသိရှင်ကြား အသုံးပြုလာသည်။
ယခုနှစ် နွေရာသီတွင် ရေအခက်အခဲ တွေ့ကြုံနေသည့် ရန်ကုန်တိုင်းရှိ မြို့နယ်များသို့ ရေဘောက်ဆာကား ၁ဝ စီးခန့်ဖြင့် ရေပေးဝေရာ မြို့တော်ဝန်က ကားများတွင် ‘ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက အခမဲ့ ရေပေးသည်’ ဟူသော စာတန်းများ ချိတ်ဆွဲစေခဲ့သည်။ ထို့ပြင် ယခုနှစ် ရန်ကုန်တိုင်းရှိ လယ်သမားများကို ကြံ့ဖွံ့ပါတီ အမည်သုံးကာ ချေးငွေများ ပေးအပ်ခဲ့သည်။
’’လယ်သမားတွေကို ကျပ်သိန်းပေါင်း ၁ သိန်းလောက် ထုတ်ချေးမှာပါ။ အရင်နှစ်ကတော့ အသင်းအနေနဲ့ပဲ ချေးပေးတယ်။ ဒီနှစ်ကတော့ ရွေးကောက်ပွဲလည်း ရှိနေတယ်။ အသင်းကလည်း ပါတီအနေနဲ့ တရားဝင် လုပ်ခွင့်ရတယ်ဆိုတော့ အဲဒီနာမည်နဲ့ပဲ ချေးပေးတာ ဖြစ်တယ်’’ ဟု ရန်ကုန် စည်ပင်ကော်မတီမှ အကြီးတန်း အရာထမ်းတဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က မင်္ဂလာဈေးကြီး မီးလောင်ခဲ့ရာ မီးသင့်ဆိုင်ခန်း ပိုင်ရှင်များကို မြို့တော်စည်ပင် ဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်းက စည်ပင်ဘဏ်မှ ငွေထုတ်ချေးပေးမည်ဟု ထိုလ နောက်ဆုံးအပတ်တွင် ကြေညာခဲ့သည်။ သို့သော် ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင်မူ ဈေးသာယာရေး ကော်မတီမှတဆင့် ဆိုင်ရှင်များကို ဖိတ်ခေါ်ကာ ကြံ့ဖွံ့ပါတီက ချေးငွေ ထုတ်ပေးမည်ဟု ပြောဆို ခဲ့ပြန်သည်။
မြို့တော်စည်ပင်ရှိ လမ်းနှင့် တံတားဌာနမှ အင်ဂျင်နီယာတဦးကလည်း ’’ကျနော်တို့က ရှက်မိတယ်။ တသက်လုံး လုပ်လာတာ စည်ပင်သာယာ အဖွဲ့မှာလေ။ အခုတော့ ပြည်သူတွေက စည်ပင်ဟာ ကြံ့ဖွံ့လို့တောင် ပြောကုန်ကြပြီ’’ ဟု ပြောသည်။
လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲ ကော်မရှင်တွင် ယခုနှစ် ဧပြီလ ၂၉ ရက်နေ့မှစတင်၍ ပါတီလျှောက်လွှာ တင်ခဲ့ပြီးနောက် ကော်မရှင်က မှတ်ပုံတင် ခွင့်ပြုချက် ချပေးခဲ့ပြီးဖြစ်သည်။
ဦးအောင်သိန်းလင်းသည် ရန်ကုန်မြို့တော်ဝန်အဖြစ် ၂ဝဝ၃ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပြီး၊ ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သည်။ ယခုအခါ တောင်ဥက္ကလာပမြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းဖြစ်ကြောင်း ရန်ကုန်စည်ပင် အသိုင်းအဝိုင်းက ဆိုသည်။
ရန်ကုန် စည်ပင်သာယာရေးကော်မတီသည် ပြည်သူများထံမှ နှစ်စဉ်ရရှိသော အခွန်ငွေမှာ ငွေကျပ်ဘီလီယံ ၅ဝ ခန့်ရှိကြောင်း ရန်ကုန်စည်ပင် စာရင်းများအရ သိရသည်။
ယခင် ကြံ့ဖွံ့အသင်းနှင့် ယခု ကြံ့ဖွံ့ပါတီအတွက် မြို့တော်ဝန်သည် ယင်းအခွန်ငွေများဖြင့်သာ သုံးစွဲနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဘတ်ဂျက်ဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က-၅) တွင် ရွေးကောက်ပွဲဝင်မည့် ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းဖြင့် ရယူသုံးစွဲခွင့် မပြုကြောင်းနှင့် သုံးစွဲပါက ယင်းပါတီမှာ ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိကြောင်း ဖော်ပြထားသည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ’’နိုင်ငံပိုင်ငွေနဲ့ ပါတီတွေ သုံးစွဲခွင့် မရှိဘူးဆိုတာ ရွေးကောက်ပွဲ ဥပဒေမှာ ပါပြီးသား။ အဲဒီတော့ တကယ်လို့သာ ပါတီတခုခုက အဲဒီလို သုံးစွဲနေတယ် ဆိုတာကို တိုင်ကြားရင် ရတယ်။ အဲဒီအခါ ကော်မရှင်က စစ်ဆေးရမှာ ဖြစ်တယ်။ ရောထွေးပြီးတော့ မလုပ်သင့်ဘူးလို့ မြင်တယ်’’ ဟု မဇ္ဈိမကို ပြောသည်။
Ref: မဇ္ဈိမ
ခမောက်ပုံ သုံးခြင်းသည် ဆင်တူယိုးမှားလုပ်သည်ဟု NLD ပြောဆို
ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ ဂျူလိုင်လ ၀၁ ရက် ၂၀၁၀
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ အမှတ်တံဆိပ်တွင် ခမောက်ပုံ သုံးစွဲခြင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ဆင်တူယိုးမှား ပြုလုပ်ခြင်းဟု NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောဆိုလိုက်သည်။
NLD ပါတီအကြီးတန်း ခေါင်းဆောင်ဟောင်း ၁၁ ဦး ဦးဆောင်ပါဝင်သည့် NDF ပါတီက ရွေးကောက်ပွဲ ကော်မရှင်သို့ ပြီးခဲ့သည့်လ ၂၄ ရက်နေ့တွင် လျှောက်ထားသော ၎င်းတို့ပါတီ၏ အမှတ်တံဆိပ်တွင် ခမောက်ပုံ အသုံးပြုထားခြင်း အပေါ် NLD က ယခုလို ပြောဆို လိုက်ခြင်း ဖြစ်သည်။
“ပြည်သူက NLD နဲ့ ခမောက်နဲ့ တွဲသိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခမောက်နဲ့ တွဲသိတယ်။ ဒါကို ယူသုံးတယ် ဆိုတာက NLD ကို ဆင်တူရိုးမှား လုပ်တဲ့သဘော ဖြစ်နေတယ်” ဟု သတင်းစာဆရာဟောင်းနှင့် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၉၃ ပါတီအနက် ခမောက်ကို ရွေးကောက်ပွဲဝင် သင်္ကေတအဖြစ် အသုံးပြုသော တခုတည်းသော ပါတီဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း ၂၀ ကြာ ဖြတ်သန်းခဲ့သည့် ပါတီ သက်တမ်း တလျှောက်တွင်လည်း ခမောက် တံဆိပ်ကို အစဉ်တစိုက် အသုံးပြုခဲ့သည်။
“သူတို့နဲ့ ကျနော်တို့က ဘာမှမဆိုင်တော့ဘူးလေ။ ကိုယ့်အလုပ် ကိုယ်လုပ်ကြပေါ့။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြပေါ့။ အဲလိုလုပ်တာ ကောင်းမယ်လို့ ထင်တယ်။ လူထုကို မျက်စိလှည့်တာ၊ ပုံမှားရိုက်တာတွေကို လုံးဝ လက်မခံနိုင်ဘူး” ဟု ဦးဝင်းတင်က ပြောသည်။
ယခုကဲ့သို့ ပါတီ၏ သင်္ကေတ ခမောက်တံဆိပ်ကို NDF က ယူငင်သုံးစွဲသည့်အပေါ် ရွေးကောက်ပွဲ ကော်မရှင်သို့ အမြန်ဆုံး ကန့်ကွက် သွားရန် NLD ပါတီခေါင်းဆောင်များက ယနေ့ ညှိနှိုင်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
“ဒီနေ့ ပါတီခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး ကော်မရှင်မှာ ကန့်ကွက်သွားဖို့ကို အားလုံး သဘောတူညီ ခဲ့ကြပါတယ်။ ပါတီရဲ့ ဥပဒေပညာရှင် ဦးဥာဏ်ဝင်းက ဥပဒေ လမ်းကြောင်းအရ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါပြီ။ ဒီတပတ်အတွင်း အမြန်ဆုံး ကန့်ကွက် သွားမှာပါ” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “NLD လည်း မဟုတ်ဘဲနဲ့ NLD ရဲ့ အခြေခံမူတွေကို လက်မခံဘဲနဲ့ ခွဲထွက်သွားတဲ့ လူတွေက ပါတီသင်္ကေတ ခမောက်ကို ယူသုံးတာဟာ NLD ကို ပုံမှားရိုက်သလို ဖြစ်နေတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး” ဟု ပြောသည်။
ရွေးကောက်ပွဲကော်မရှင်က NDF ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် မြန်မာ့အလင်း သတင်းစာမှ တဆင့် ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့ပြီး ကန့်ကွက်လိုပါက ၇ ရက်အတွင်း ကော်မရှင်သို့ လာရောက် ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့သည်။
သို့သော် NDF ပါတီ ဒု ခေါင်းဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းညွန့်က NLD က ကော်မရှင်သို့ ပါတီတံဆိပ်ကို ကန့်ကွက်လာခဲ့ပါက ဥပဒေကြောင်း အရ ရင်ဆိုင်သွားမည်ဖြစ်ပြီး ကော်မရှင်၏ အဆုံးအဖြတ်ကို ခံယူသွားမည်ဟု ပြောသည်။
“သူတို့မှာ ကန့်ကွက်ပိုင်ခွင့် ရှိတယ်ထင်ရင် ကန့်ကွက်ပေါ့။ ကျနော်တို့က ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာပဲ။ ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူသွားမှာပဲ” ဟု သူက ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈ (က) (ခ) အရ လျှောက်ထားသော ပါတီအမည်၊ အလံ၊ တံဆိပ်တို့ကို ကန့်ကွက်မည် ဆိုပါက ဘာသာ၊ သာသနာနှင့် ယှက်နွယ်သော၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်စေသော၊ မှတ်ပုံတင်ခွင့် အတွက် လျှောက်ထားဆဲနှင့် မှတ်ပုံတင်ပြီးသော အခြားပါတီတခု၏ အမည်၊ အလံ၊ တံဆိပ်တို့နှင့် တူညီနေလျှင် သို့မဟုတ် ဆင်တူယိုးမှား ဖြစ်နေလျှင် ကန့်ကွက်နိုင်ကြောင်း သိရသည်။
ကော်မရှင်က မည်သို့ပင်ဆုံးဖြတ်ခဲ့သည်ဖြစ်စေ မိမိတို့ ကန့်ကွက်ရသည့် အဓိက အကြောင်းရင်းမှာ မြန်မာ့နိုင်ငံရေး လောကတွင် ပုံတူကူးချခြင်း၊ ပုံမှားရိုက်ခြင်းနှင့် ပြည်သူလူထုကို လှည့်စားခြင်းတို့ မရှိစေလိုသည့် အတွက်ဖြစ်ကြောင်း NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။
“အန်အယ်ဒီပါဝင်နေတဲ့အတွက် ကော်မရှင်က ဘယ်လိုဆုံးဖြတ်လာမလဲ မသိဘူး။ ကျနော်တို့က သူတို့ရဲ့ ရပ်တည်ချက်၊ မူဝါဒတွေကို တိုက်ခိုက်တာ မဟုတ်ဘူး။ ပုံတူကူးချတာ၊ ပုံမှားရိုက်တာ၊ ပြည်သူလူထုကို လှည့်စားတာတွေကို ကန့်ကွက်တာပါ” ဟု ပြောသည်။
NDF အနေဖြင့် ခမောက်သည် မြန်မာ့ရိုးရာဖြစ်ပြီး ပြည်သူတရပ်လုံးကို ကိုယ်စားပြုသည့် အတွက် အသုံးပြုခြင်း ဖြစ်ပြီး ကော်မရှင်၌ မှတ်ပုံ တင်ရာတွင်လည်း ပါတီတံဆိပ် အနေဖြင့်သာ မှတ်ပုံ တင်ခြင်းဖြစ်ကြောင်း NDF ဒု ခေါင်းဆောင်က ဆက်ပြောသည်။
“ခမောက်ဆိုတာက ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲကာလ အတွက် NLD ကို အငှားချပေးထားတဲ့ ရွေးကောက်ပွဲ သင်္ကေတ ဖြစ်တယ်။ အခုတင်တာက ရွေးကောက်ပွဲ သင်္ကေတအဖြစ် တင်တာမဟုတ်ဘူး။ သူ့ဥပဒေမှာ ပါတဲ့အတိုင်း တံဆိပ်အနေနဲ့ တင်တာ ဖြစ်ပါတယ်။ NLD ရဲ့ တံဆိပ်၊ အလံတို့အနေနဲ့ တင်တာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
NLD ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတ၀ှန်းလုံး၌ အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော် အနိုင် ရရှိခဲ့သော်လည်း ယင်းရလဒ်ကို စစ်အစိုးရက အသိအမှတ်ပြုခြင်း မရှိဘဲ ယခုနှစ်အတွင်း ရွေးကောက်ပွဲတရပ် ထပ်မံကျင်းပမည်ဟု ကြေညာခဲ့သည်။
NLD သည် ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည့် အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတခြင်း မရှိဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင်ပါတီကို ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။
NLD ပါတီ၏ ဆုံးဖြတ်ချက်နှင့် ရပ်တည်ချက်အပေါ် သဘောထားခြင်း မတိုက်ဆိုင်သော ပါတီဗဟို အလုပ်အမှုဆောင် ၄ ဦးနှင့် ဗဟို ဦးစီးအဖွဲ့ဝင် ၇ ဦး အပါအ၀င် ပါတီဝင်ဟောင်း ၂၇ ဦးတို့က ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် NDF ပါတီကို တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် ကော်မရှင်က ပါတီ တည်ထောင်ရန် ခွင့်ပြုခဲ့သည်။
Ref: မဇ္ဈိမ