..............................

Tuesday, June 1, 2010

မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယား နည်းပညာပေး

ကိုထွေး
Monday, May 31, 2010

မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။

မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် အေပီ သတင်း တရပ်တွင် ရေးသား ထားသည်။

“မြောက်ကိုရီးယားက သဘောင်္ ကွန်တိန်နာတွေမှာ မှားယွင်းတဲ့ ပိုင်ရှင်လိပ်စာ အညွှန်းတွေ တပ်ပြီးတော့ ကုန်ပစ္စည်းတွေ ဘယ် ကနေ ဘယ်ကို ပို့တယ်ဆိုတာ မသိရအောင် လှည့်စားတယ်၊ မြောက်မြားလှတဲ့ ကြားခံ လက်နက်ကုမ္ပဏီတွေနဲ့ ငွေကြေး အဖွဲ့ အစည်းတွေကို အသုံးပြုတယ်”ဟု ကျွမ်းကျင်သူများက ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှု ရှိသည်ဟု ယူဆရသော မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာတမျိုး တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီးခဲ့သည့် ဖြစ်ရပ်နှင့် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း ကူညီခဲ့သည့် Namchongang Trading ကုမ္ပဏီစသော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သံသယ ဖြစ်ဖွယ် လှုပ်ရှားမှုများကိုလည်း ဆက်လက် စောင့်ကြည့်နေကြောင်း အဆိုပါ ကျွမ်းကျင်သူများ အဖွဲ့ကဆိုသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းဆိုင်ရာ အကူအညီ ပေးခဲ့သော မြောက်ကိုရီးယား Namchingang Trading ကုမ္ပဏီကို အမေရိကန်နိုင်ငံက ဘဏ္ဍာရေး ဆိုင်ရာ တားမြစ် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။

“တရားမ၀င် လက်နက် ဖြန့်ချိဖို့နဲ့ သယ်ဆောင်ဖို့အတွက် မြောက်ကိုးယားက ပြည်ပ အခြေစိုက် ဥပဒေ ပြင်ပက အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာလည်း တွေ့ရတယ်” ဟု ကျွမ်းကျင်သူများက အစီရင်ခံစာတွင် ထောက်ပြထားသည်။

ယင်းကျွမ်းကျင်သူများက လေဆိပ်များ၌ မြောက်ကိုရီးယားက တင်သွင်းသည့် ပစ္စည်းများကို စစ်ဆေးရာတွင် ပိုမို သတိဝီရိယ ရှိရန် နှိုးဆော်ထားပြီး မြောက်ကိုရီးယားမှ ထွက်ခွာလာသော လေယာဉ်များကိုလည်း သေချာစွာ စောင့်ကြည့်ရန် တိုက်တွန်း ထားသည်။

အဆိုပါ ၄၇ မျက်နှာရှိ အစီရင်ခံစာကို မေလ ၂၇ ရက်နေ့တွင် အေပီသတင်းဌာနက လက်ခံရရှိထားပြီး အစီရင်ခံစာ ထွက်ပေါ် လာသည့် အချိန်သည် တောင်ကိုရီးယား ရေတပ်သင်္ဘောကို မြောက်ကိုရီးယားတို့က ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတကာ စုံစမ်း လေ့လာရေး အဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ချင်းမိုင်မြို့အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက မြောက်ကိုရီးယားက မြန်မာနိုင်ငံသို့ နျူကလီးယား လက်နက် ရောင်းချခြင်းနှင့် ပတ်သက်၍ အသေအချာ မသိရှိရသော်လည်း ဒုံးကျည် လက်နက်များကို တင်ပို့ ရောင်းချနေသည်မှာ ခိုင်မာကြောင်း ဆိုသည်။

“မြောက်ကိုရီးယားက သူ့သဘာဝအရ အဲသလို ကြားခံ ကုမ္ပဏီတွေနဲ့ လုပ်လေ့ရှိတယ်၊ နိုင်ငံတကာ စာရင်းမှာတော့ မြောက်ကိုရီးယား သုံးတဲ့ ကုမ္ပဏီ စာရင်းတွေ အတိအကျရှိတယ်၊ မြန်မာကလည်း နျူကလီးယား နည်းပညာတွေ ရအောင်တော့ ကြိုးစား နေတာပဲ”ဟု ဦးဝင်းမင်းက ပြောသည်။

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခြင်း ခံခဲ့ရသည့် နိုင်ငံဖြစ်သည်။

ယင်းဆုံးဖြတ်ချက် ၁၈၇၄ အရ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့် သင်္ဘော၊ လေယာဉ်များကိုမဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိရမည် ဖြစ်သည်။

မေလက အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ်နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းတို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်ဟု ဦးသောင်းက ပြောသည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက်ရမည့် တာဝန်လည်း ရှိသည်ဟု ဆက်လက် ပြောဆိုသွားသည်။

မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ဖူးသည်။ ထိုနှစ်က မြန်မာနိုင်ငံသို့ အလည် လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲ တိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င်၂၁ ဦး သေဆုံးပြီး နောက်ပိုင်း သံတမန် ဆက်ဆံရေး ရပ်သွားခြင်း ဖြစ်သည်။

ထိုကဲ့သို့ မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေးသော နှစ်များအတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။

ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက် အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးက စီစဉ် ကျင်းပရာ မြန်မာ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

Monday, May 31, 2010

SNDP အဖို့အခြားတိုင်းရင်းသားများအားစည်းရုံးရန်အဓိက စိန်ခေါ်မှုဖြစ်

Saturday, 29 May 2010 10:32 မွေခေါဝ်
E-mail Print

ဦးစိုင်းအိုက်ပေါင်းဦးဆောင်သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအဖို့ သျှမ်းပြည်တောင်ပိုင်း၌ သျှမ်းလူမျိုး မဟုတ်သော အခြား တိုင်းရင်းသားများအား မဲဆွယ် စည်းရုံးရန်မှာ အဓိက စိန်ခေါ်မှုကြီးတခု ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။

“ကျားဖြူပါတီ အနိုင်ရခဲ့ရင် အခြားတိုင်းရင်းသားတွေအတွက် ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတဲ့ အာမခံချက် ပေးနိုင်ဖို့ အတွက် အဓိကထား ကြိုးစား စည်းရုံးရမယ်။ တစညပါတီနဲ့ ကြံ့ဖွံ့ပါတီတို့ကျတော့ ဘာသာစာပေ အကြောင်း မပြောပဲ သူတို့ကို မဲပေးဖို့တစ်ခုတည်း လာပြောနေလို့ ဒေသခံလူ သိပ်နားမ၀င်ဘူး”ဟု ပင်လုံ ဒေသခံတစ်ဦးက ပြောပါသည်။

SNDP ခေါ် ကျားဖြူပါတီအဖို့ သျှမ်းပြည်တောင်ပိုင်းအချို့ဒေသများ၌ အခြားတိုင်းရင်းသားများအား မဲဆွယ် စည်းရုံးရန်မှာ အဓိက စိန်ခေါ်မှုဖြစ်ရကြောင်း၊ သာဓကအားဖြင့် လွယ်လင်မြို့နှင့် ပင်လုံမြို့ဆိုလျှင် သျှမ်းလူမျိုးတစ်စုတည်း နေထိုင်သည် မဟုတ်ဘဲ ပအိုဝ်း၊ ယင်းနက်၊ ပလောင်၊ ဗမာနှင့် တရုတ်တို့လည်း နေထိုင်ကြကြောင်း၊ ပအိုဝ်းလူမျိုး လူဦးရေသည် သျှမ်းပြည်တောင်ပိုင်းတွင် ဒုတိယ အများဆုံး ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်တွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နှင့် SNDP တို့ စတင် လှုပ်ရှား မဲဆွယ် စည်းရုံလာပြီ ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

“လွယ်လင်ခရိုင်နဲ့ ပင်လုံမြို့နယ်ခွဲတွေမှာ ကျားဖြူပါတီ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်နဲ့ အဓိက ယှဉ်ပြိုင်ရမှာဖြစ်တယ်” ဟု မြို့ခံတစ်ဦးကလည်း ပြောကြားပါသည်။

ဦးအောင်ခမ်းထီဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် တောင်ကြီး၊ လွယ်လင်နှင့် ပင်လုံမြို့များတွင်လည်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော် လွယ်လင်မြို့နှင့် ပင်လုံမြို့တို့တွင် ပြည်သူလူထုသည် ယနေ့အထိ ရွေးကောက်ပွဲ အကြောင်း စိတ်ဝင်စားခြင်း မရှိဘဲ အချို့ ပါတီများ လိုက်လံ စည်းရုံး မဲဆွယ်နေသည်ကိုပင် သတိ မထားမိကြကြောင်းလည်း သိရှိရသည်။

ကြံ့ဖွံ့ပါတီသည် နအဖအာဏာပိုင်များကိုအားထား၍ တပြည်လုံးတွင်လှုပ်ရှား စည်းရုံးလာသည် သာမက သျှမ်းပြည်နေရာ တော်တော်များများတွင်လည်း စည်းရုံး မဲဆွယ်နေပြီး မြို့ရွာ အကြီးအကဲများအား ပါတီဝင် စုဆောင်းပေးရန်အတင်းခိုင်းစေ နေသည်ဟု ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

လုပ်ကြံမှုဖြင့် စွဲချက်တင်ခံရသူ ကိုးကန့် (၆) ဦး ထောင် ၅ နှစ်စီ ကျ

Saturday, 29 May 2010 10:20

မြန်မာစစ်တပ်လိုလားသူ ကိုးကန့်ဥက္ကဋ္ဌသစ် ဦးပိုင်ဆုံချိန်အား လုပ်ကြံရန် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ကိုးကန့် လက်နက် ကိုင် (၆) ဦးကို သျှမ်းပြည် (မြောက်ပိုင်း) လောက်ကိုင် ခရိုင်တရားရုံးက မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် (၅) နှစ်စီ ပစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

ယခင်ကိုးကန့်တပ်ဖွဲ့ဝင်ဟောင်းများဖြစ်သော ဗိုလ်မှူးချိန်လိကျုံး အပါအ၀င် ကျီဝေ၊ လော်ဝေ၊ စင့်ရွန်းလျန်၊ ရှမ့်ရှမ်း၊ လျှို့ရင်ဟောင်ကျား တို့ (၆) ဦးသည် လွန်ခဲ့သည့်နှစ် ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက် ပွဲများအပြီး တစ်လခွဲခန့် အကြာတွင် လုပ်ကြံရန် စွပ်စွဲချက်ဖြင့် ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့တွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။

ယင်းအမှုကို လောက်ကိုင်တရားရုံးက လုပ်ကြံမှုဖြင့် စွဲချက်တင်အမှု ဖွင့်ခဲ့သော်လည်း ယခုအခါ ပုဒ်မ ၁၉ စ လက်နက်မှုဖြင့် ထောင် (၅) နှစ်စီ တစ်ပြေးညီ ပစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကိုးကန့်အရေးအခင်းအပြီး ရက် ၄၀ လောက်အကြာမှာ ထွက်ပြေးသွားတဲ့ ဥက္ကဋ္ဌဟောင်း ဖုန်ကျားရှင်းက ပိုင်ဆုံချိန်ကို လုပ်ကြံဖို့ လက်နက်တွေနဲ့ သူတို့ကို လွတ်လိုက်တယ် ”

“ဒါပေမဲ့သူတို့က ပိုင်ဆုံချိန်ကိုမသတ်ချင်လို့ သူတို့လမ်းသူတို့သွားချင်တယ်လို့ ဖုန်းဆက်ပြီး ပိုင်ဆုံချိန်ကို ပြောတယ် အဲလို ပြောလိုက်တော့ အဖမ်းခံရတယ် ဒါကြောင့် နောက်ဆုံးသူတို့ကို လက်နက်မှုနဲ့ပဲ ထောင် ၅ နှစ်စီချလိုက်တာ ” ဟု သူက ဆိုသည်။

ယခုအခါ အဆိုပါ တရားခံ (၆) ဦးအား လောက်ကိုင်မြို့အချုပ်တွင် ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားပြီး ဇွန်လဆန်းပိုင်းတွင် လားရှိုး အကျဉ်းထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် မြန်မာစစ်တပ်က ဦးဖုန်ကျားရှင်း ဦးဆောင်သည့် ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့ အား လက်နက်စက်ရုံ တည်ရှိမှု မူးယစ်ဆေးဝါး အမှုတို့ဖြင့် အကြောင်းပြ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ အပြီး ဦးပိုင်ဆုံချိန်အား ကိုးကန့်ဒေသ ယာယီ အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

ထို့နောက်ပိုင်း မြန်မာစစ်တပ်က ကိုးကန့်အထူးဒေသ(၁) တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

သို့သော် ကိုးကန့်ဒေသအတွင်း ဗုံးများ မကြာခဏပေါက်ကွဲနေပြီး ဒေသတွင်းတည်ငြိမ်မှု မရှိသေးကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ပိုင်ရှင်မဲ့ အလောင်းများကို နာရေးကူညီမှုအသင်း သင်္ဂြိုဟ်ပေး

အောင်ထက်
၂၈ မေ ၂၀၁၀

နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ပိုင်ရှင်မဲ့အလောင်း ပျမ်းမျှ (၁၅) လောင်းခန့်ကို လစဉ် သင်္ဂြိုဟ်ပေးနေရကြောင်း သိရသည်။

အသင်းဥက္ကဋ္ဌ ဦးကျော်သူက “ရဲက အကူအညီတောင်းမှ၊ အာမခံမှ၊ ထောက်ခံချက်ပေးမှ ကျနော်တို့ သင်္ဂြိုဟ်ပေးပါတယ်။ ဆေးရုံက ရောက်လာတာ မှန်ပေမယ့် ရဲက အာမခံရပါတယ်။ ဆေးရုံက သေစာရင်း ထုတ်ပေးတယ်။ တချို့ ဖြစ်စဉ်တွေကျ မြို့နယ် ကျန်းမာရေး ဌာနတွေက ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပိုင်ရှင်မဲ့အလောင်းဆိုသည်မှာ သက်သေခံ အထောက်အထားလက်ဝယ် မတွေ့ရသည့် ရေနစ်သေဆုံးခြင်း၊ ဆွဲကြိုးချ သေခြင်း၊ လမ်းဘေး အမှိုက်ပုံ၌ သေဆုံးနေခြင်း၊ ခရီးသွားစဉ် ရုတ်တရက် သေဆုံးခြင်း စသည်ဖြင့် သေဆုံးသူများဖြစ်သည်။

အဆိုပါ ပိုင်ရှင်မဲ့အလောင်းကို PC (police case) ဟု သတ်မှတ်ကာ ရဲထောက်ခံမှုဖြင့်သာ သင်္ဂြိုဟ်ပေးပြီး သင်္ချိုင်းလက်မှတ် သီးခြား ထုတ်ပေးမှု မရှိဟု သိရသည်။

နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “လမ်းဘေး သေတယ်။ ရ၀တ သက်သေနဲ့ ရဲက စစ်ဆေးတယ်။ ပြီးတော့ ဆေးရုံပို့တယ်။ ဆေးရုံက ရင်ခွဲပြီး ရဲက သေမှုသေခင်း (Police Case) ဖွင့်တယ်။ အလောင်းပိုင်ရှင် ပေါ်လာတဲ့အထိ ဆေးရုံက စောင့်ပေးပါတယ်။ ပိုင်ရှင် မပေါ်တော့ဘူးလို့ ဆေးရုံက ဆုံးဖြတ်ပြီးမှ ကျနော်တို့အသင်းကို အကူအညီတောင်းပါတယ်” ဟု ရှင်းပြသည်။

နယ်အဝေးမှ ရန်ကုန်ရောက်ရှိလာစဉ် လမ်းဘေး၌ သေဆုံးသူအချို့ ရှိတတ်ကြောင်း၊ ဆေးရုံအနေဖြင့်လည်း အလောင်းပိုင်ရှင်ကို နှစ်ရက်ထက် ပိုမစောင့်နိုင်ကြောင်း၊ နာရေးကူညီမှုက ပို့ဆောင်သင်္ဂြိုဟ်ပြီးမှ အလောင်းပိုင်ရှင်တို့ ရောက်ရှိလာတတ်သည်ကိုလည်း ကြုံဖူးကြောင်း ၎င်းက ပြောသည်။

နာရေးကူညီမှုအသင်း မပေါ်မီက ဤကဲ့သို့ ပိုင်ရှင်မဲ့အလောင်းများကို မြို့တော်စည်ပင်မှ တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။ သို့သော် နိုင်ငံတော်အမှုများတွင်မူ စည်ပင်ကတာဝန်ယူပေးကြောင်း စည်ပင်သာယာဝန်ထမ်းတဦးက ပြောသည်။

“ခုလည်း စည်ပင်က ပို့ပေးနေရတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ ရှိတတ်ပါတယ်။ ရထားမှောက်၊ ဗုံးကွဲ၊ ယာဉ်တိုက် စတဲ့ နိုင်ငံတော်အမှုတွေမှာ အလောင်းပိုင်ရှင် အချိန်မီရောက်မလာရင် ကျနော်တို့ပဲ တာဝန်ယူရပါတယ်” ဟု ၎င်းက ပြောသည်။

ပိုင်ရှင်မဲ့အဖြစ် အခြေခံသတ်မှတ်ခြင်းမှာ မှတ်ပုံတင်ကဲ့သို့ အထောက်အထားမတွေ့ရှိရခြင်းဖြစ်ကြောင်း၊ ယင်းသို့ မှတ်ပုံတင်မပါဘဲ ပိုင်ရှင်မဲ့အဖြစ် သေဆုံးရသည့်ကိစ္စသည် ကာယကံရှင်ကြောင့် ဖြစ်နိုင်သကဲ့သို့ နိုင်ငံတော်အစိုးရ၏ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့နေ အငြိမ်းစား ကျောင်းဆရာကြီးတဦးက သုံးသပ်ပြောဆိုသည်။

၎င်းက “မှတ်ပုံတင် မရှိတာရယ်၊ ယူဆောင်သွားလေ့ မရှိတာရယ်လည်း ပါတာပေါ့။ မှတ်ပုံတင်မရှိတဲ့သူတွေဆို ဥပမာ ပျံကျကျူးကျော်တဲတွေ ရန်ကုန်မှာ ရှိနေသေးတယ်။ အဲဒီက လူတွေမှာ မှတ်ပုံတင် ကိုင်နိုင်သူ ဘယ်နှယောက်ရှိမလဲ။ နောက်ပြီး အိမ်မဲ့ရာမဲ့ အခြေအနေမဲ့တွေ ရှိသေးတယ်။ ဒီတော့ မြန်မာပြည်မှာ ဖွားသေစာရင်းတို့၊ အိမ်ထောင်စု လူဦးရေ စာရင်းတို့ အတိအကျရှိနိုင်ပါ့မလား။ ဒါတွေဟာ နိုင်ငံတော်ရဲ့ အားနည်းချက်တွေပဲ” ဟု ပြောဆိုသည်။

နာရေးကူညီမှုအသင်းတွင် အလောင်းသယ်ယာဉ် (၁၇) စီးထားရှိပြီး တနေ့ ပျမ်းမျှ ရုပ်ကလာပ် (၄၀ - ၅၀) ခန့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ သင်္ကြန်အပြီး အပူချိန် ပြင်းထန်စဉ်က တနေ့လျှင် ရုပ်ကလာပ် (၇၀ - ၈၀) ခန့် ပို့ဆောင်ပေးခဲ့ရကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

နာရေးကူညီမှုအသင်းက လစဉ် သင်္ဂြိုဟ်ပေးနေသည့် အလောင်းများအပြင် အခြား လူမှုအသင်းများ၊ စည်ပင်စာရင်းများ၊ နယ်တို့တွင် မထင်မရှားသေဆုံးသည့် ပိုင်ရှင်မဲ့အလောင်းများလည်း ရှိကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး

Friday, May 28, 2010

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းသည် ရာထူးမှ နုတ်ထွက်မည့် နေ့တွင် ၎င်း၏ အစိုးရ နေအိမ်မှ နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာတစောင် ရေးသားခဲ့ကြောင်း သိရသည်။

လန်ဒန်မြို့ရှိ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်မှ ဂေါ်ဒွန် ဘရောင်းက လက်ရေးဖြင့် ရေးထားသည့် စာတွင် “ကျနော် ရေးသမျှထဲမှာ ဝန်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နောက်ဆုံးရေးတဲ့ စာပါ၊ မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးဖို့ပါ။ ခင်ဗျားကို ကျနော် တတ်နိုင်သမျှ အားလုံး ထောက်ခံ သွားမယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားဟာ ကျနော့်ကို အားတက်စေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော် တိုက်ပွဲဝင်သွားပါမယ်” ဟု ပါရှိကြောင်း New Statesman မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တောင်အာဖရိကမှ နယ်လ်ဆင် မင်ဒဲလားနှင့် နေအိမ် အကျယ်ချုပ်ဖြင့် အထိမ်းသိမ်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည် တို့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျကြသူများ ဖြစ်ပြီး ဂေါ်ဒွန် ဘရောင်းအတွက် အကြီးအကျယ် စိတ်ခွန်အား ပေးခဲ့သူများ ဖြစ်သည်ဟု စာထဲတွင် ဆက်လက် ရေးသားထားကြောင်း ဂေါ်ဒွန် ဘရောင်း၏ မိတ်ဆွေတဦးကို ကိုးကား၍ အဆိုပါ ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

ဂေါ်ဒွန် ဘရောင်းသည် ၂၀၀၇ ဇွန်လတွင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီ အနိုင်ရပြီးနောက် မေလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။

Ref: ဧရာဝတီ်

Read More...

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်တိုး

ဖနိဒါ
သောကြာနေ့၊ မေလ ၂၈ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖြန့်ဝေ၍ ထောင်ကျနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးကို နောက်ထပ် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံ တိုးလိုက်ရာ စုစုပေါင်း ၁၄ နှစ်ခွဲ ဖြစ်သွားသည်။

တာမွေမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးက တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုကျော်မိုးနိုင် ခေါ် ကိုကျော်ကြီးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁ဝ နှစ် ယမန်နေ့က ချမှတ် လိုက်သည်။

အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(ခ)ဟူသည် နိုင်ငံတော် တည်ငြိမ် လုံခြုံရေးကို ထိခိုက် စေနိုင်သော သတင်း အချက်အလက်များကို အင်တာနက်မှ တဆင့် ပေးပို့ ဖြန့်ချီမှုဖြစ်ကာ ဒီမိုကရေစီ လိုလားသော အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်တွင် ကျယ်ကျယ် အသုံးပြုလာသော ဥပဒေ ဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် ရှိသည့်အနက် “၂ဝဝ၅ ခုနှစ်နောက်ပိုင်း နှစ်ရှည် ထောင်ဒဏ်ချခံရသူ အကုန်လုံးလိုလို” မှာ အီလက်ထရောနစ် အက်ဥပဒေဖြင့် စွဲဆို ထောင်ချခံရသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“တရားသူကြီးဖတ်ပြတာက အီးမေးကို အသုံးပြုပြီးတော့ တဖက်က တရားမဝင် အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်ပြီး သတင်းပို့တယ် ဆိုပြီးတော့ ပြောတယ်” ဟု တရားခွင်သို့ တက်ရောက် နားထောင်ခဲ့သော ကိုမျိုးသန်းထက်က ပြောသည်။ သို့သော်လည်း မည်သည့် အဖွဲ့အစည်းများ ဖြစ်သည်ကို တရားသူကြီးက ရည်ညွှန်းသွားခြင်း မရှိဟု သိရသည်။

ကိုကျော်မိုးနိုင်နှင့် ပါတီလုပ်ဖော်ကိုင်ဖက် ကိုအောင်အောင် ခေါ် ကိုအောင်အောင်ဦး၊ ကိုကျော်ဝင်းထွန်း ခေါ် ကိုဘိုထွန်းတို့က အတိုက်အခံ ခေါင်းဆောင်၏ ဓာတ်ပုံများ လမ်းသွား လမ်းလာများအား ရန်ကုန်မြို့ တာမွေ အဝိုင်းအနီး ယခင်နှစ် ဇွန်လ ၁၂ ရက်နေ့က ဖြန့်ချီနေစဉ် ရဲက ဖမ်းဆီးခဲ့သည်။

ကိုကျော်မျိုးနိုင်ကို နိုင်ငံတော် ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ၂ နှစ် နှင့် တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ၂ နှစ်ခွဲချထားရာ အင်းစိန်ထောင်တွင် ရှိနေသည်။ ကျန် ၂ ဦးမှာလည်း နိုင်ငံတော် ဆူပူစေရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချခံရသည်။

လူငယ်များ ဖမ်းဆီးခံရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ နေအိမ်သို့ မဖိတ်ခေါ်ဘဲ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ဧည့်ခံမှုဖြင့် အင်းစိန်ထောင်တွင်း တရား ရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။

Ref: မဇ္ဈိမ



Read More...

Friday, May 28, 2010

NLD တရားဝင် ရပ်တည်မှုကို စစ်အစိုးရဖျက်လို့ မပျက်နိုင်

ကြာသပတေး, 27 မေ 2010

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတခုအဖြစ် မှတ်ပုံ မတင်တော့ပေမဲ့ NLD ရဲ့တရားဝင်မှုကို မြန်မာပြည်သူတွေနဲ့ အတူ နိုင်ငံတကာက သန်းနဲ့ချီတဲ့ ပြည်သူတွေ ဆက်လက် အသိအမှတ် ပြုနေတဲ့အကြောင်း အမေရိကန် အထက်လွှတ်တော် အမတ်တွေက မေလ ၂၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ် အမေရိကန်ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် အထက်လွှတ်တော် အမတ်တွေ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ NLD ရဲ့ တရားဝင်မှုကို စစ်အစိုးရအနေနဲ့ ဘယ်လိုမှ ပယ်ဖျက်လို့ မရနိုင်တဲ့အကြောင်း ဖေါ်ပြထားပါတယ်။

Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Mitch McConnell၊ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော် အမတ် Dianne Feinstein၊ အရီဇိုးနားပြည်နယ် ရီပတ်ဗလစ်ကန် အထက်လွှတ်တော် အမတ် John McCain နဲ့ Connecticut ပြည်နယ် တသီးပုဂ္ဂလ အထက် လွှတ်တော်အမတ် Joe Liberman တို့ အပါအ၀င် အထက်လွှတ်တော်အမတ် ၆ ယောက်စုပေါင်း ကြေညာချက် ထုတ်ပြန်ထားတာပါ။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိပြီး လွတ်လပ်မှုတွေနဲ့ ထိုက်တန်သူတွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနှစ် ၂၀ မြောက်အောင်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ရန်ကုန်မြို့မှာ ကျင်းပ ခဲ့ကြပါတယ်။ အမတ်နေရာ ၈၂ % ကို NLD က နိုင်ခဲ့ပေမဲ့၊ စစ်အစိုးရက ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြု အာဏာ မလွှဲခဲ့ပါဘူး။

ခုလို အနှစ် ၂၀ မြောက်ရွေးကောက်ပွဲအောင်ပွဲ အထိမ်းအမှတ်ကို NLD ဒုဥက္ကဌဦးတင်အိမ်မှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အာဏာမလွှဲခြင်းကြောင့် တပ်မတော်သမိုင်း အကျည်းတန်

ကြာသပတေး, 27 မေ 2010

၁၉၈၈ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှိမ်နင်းပြီး လက်ရှိ စစ်အစိုးရကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ
အခု ဒီနေ့ဆိုရင် နှစ် ၂၀ တင်းတင်း ပြည့်ခဲ့ပါပြီ။ ၉၀ ခုနှစ် ရွေးကောက်ပွဲဟာ သမာသမတ် ကျခဲ့တယ်လို့ အဲဒီတုန်းက ရွေးချယ်ခံ ကိုယ်စားလှယ်တွေက တညီတည်း ပြောကြမယ့် ဒီနေ့ကာလမှာ အဲဒီ ရွေးကောက်ပွဲရလဒ် ရှိသင့်မသင့် ဆိုတာတော့ သဘောထားတွေ မညီကြပါဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကတော့ ၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော် ပေးနိုင်ခဲ့တာဟာ သမိုင်းမှာ တပ်မတော်အတွက် အမဲစက်ပဲလို့ ရှုမြင်ပါတယ်။ ကိုသားညွန့်ဦးက ဒီအမြင်တွေကို စုစည်းတင်ပြပေးထားပါတယ်။

၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဆိုတာ မြန်မာသမိုင်းမှာတော့ ခုချိန်ထိ ဖြေရှင်းလို့မရသေးတဲ့ ပြဿနာတရပ် အဖြစ် ယူဆရမှာပါ။
၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွေ ပေါ်လာပြီး ဒီမိုကရေစီ လှုပ်ရှားမှုတွေ အားကောင်းနေဆဲ အချိန်မှာပဲ ၉၀ ရွေးကောက်ပွဲ ဖြစ်ခဲ့တာပါ။

ဒါကြောင့်လည်း ၉၀ ရွေးကောက်ပွဲရလဒ်ဟာ သာမန် ရွေးကောက်ပွဲအဖြေ မဟုတ်ပဲ၊ လူထုရဲ့ ဒီမိုကရေစီ လိုလားမှုကိုပြတဲ့ သင်္ကေတ တရပ် အဖြစ် ဒီမိုလှုပ်ရှားသူတွေက မှတ်ယူကြပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် ပေါင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ကိုယ်စားလှယ်အဖြစ် အရွေးချယ် ခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ စစ်အုပ်ချုပ်ရေးကို မခံရပ်နိုင် တဲ့အတွက် လူထုဟာ အဖွဲ့ချုပ်ကို ပုံပြီး မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။

"သိပ်ပြီးတော့ အခရာ ကျပါတယ်။ ၁၉၆၂ ခုနှစ်က စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူလူထုက စစ်တပ်က
တိုင်းပြည် အုပ်ချုပ်ရေး ၀င်ရောက် ကိုင်တွယ်တာကို လူတိုင်း ခံစားရတယ်။ အဲဒီ ခံစားရတာကို တုံ့ပြန်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တခဲနက် မဲပေးခဲ့တာလို့ ကျနော် အဲဒီလို မြင်ပါတယ်။"

"၁၉၉၀ ရွေးကောက်ပွဲအနေနဲ့ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုပြီးတော့ တကမ္ဘာလုံးကလည်း ပြောကြတာပဲလေ။ ကျနော်တို့ နိုင်ငံရေး ပါတီတွေကလည်း တရားမျှတစွာ ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြတာပါပဲ။ ပြီးတော့ ရွေးကောက်ပွဲ ရလဒ်ကလည်း ပြည်သူလူထု မှန်မှန်ကန်ကန် ထဲ့တယ်လို့ပဲ ယုံကြည်ပါတယ်။"

၉၀ ရွေးကောက်ပွဲကို မျှမျှတတဖြစ်အောင် စစ်တပ်က ဦးစီးကျင်းပပေးခဲ့တယ် ဆိုတာ သမိုင်းမှာ ကျန်ခဲ့သလိုပဲ ရွေးကောက်ပွဲ့ ရလဒ်ကို စစ်တပ်က ပယ်ဖျက်ခဲ့တယ် ဆိုတာဟာလည်း သမိုင်းမှာ အမဲစက်တခုလို ရှိနေမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက အပြစ်တင်ပါတယ်။

"ပါတီစုံ ဒီမိုကရေစီဆိုပြီးတော့ကာ လူထုတွေက အင်မတန် တောင့်တ၊ တမ်းတနေတာကို တပ်မတော်ကနေပြီးတော့ အကောင်အထည် ဖော်ပေးလိုက်တဲ့ အတွက်ကတော့ဖြင့် အင်မတန်ပဲ ကောင်းမြတ်တဲ့ သမိုင်းပေါ့ဗျာ။ ဒါပေမဲ့ နောက်ပိုင်းကျတဲ့ အခါကျတော့ ဒီ စစ်တပ် အဖွဲ့ အုပ်ချုပ်ရေး ဖြစ်သွားတော့ ဟို သမိုင်းအစဉ်အလာ မကောင်းဘူးပေါ့ဗျာ၊ ဒီလိုတော့ပဲ ပြောရမှာပေါ့။"

၉၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိတယ်ဆိုတာ ကိုယ်စားလှယ်အရွေးခံရသူတွေ ကြားထဲမှာ တစ်တဘောတည်း ရှိခဲ့ပေမဲ့လို့ အခု အချိန်မှာ ၉၀ ရလဒ် အသက်ဝင် မ၀င်ဆိုတာမှာတော့ သဘောထားတွေ မတူကြပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် ဖြစ်ခဲ့ပေမဲ့လို့ စစ်အစိုးရ ပြုလုပ်တဲ့ အမျိုးသား ညီလာခံ တက်ရောက်ခဲ့ပြီး အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ ပြင်ဆင်နေတဲ့ ဦးကြည်ဝင်းကတော့ ၉၀ ရွေးကောက်ပွဲဟာ သက်တမ်းလွန်သွားပြီလို့ ခံယူပါတယ်။

"နှစ် ၂၀ လောက်ရှိပြီ။ လွှတ်တော်သက်တမ်း ၅ နှစ်နဲ့တွက်ရင် သက်တမ်း လေးခုလောက် ရှိသွားပြီ။ ဒီထဲမှာ ကြိုက်ပါတယ် ဆိုတဲ့လူက ဒီအချိန်မှာ ကြိုက်ချင်မှ ကြိုက်တော့မှာ။ မကြိုက်ပါဘူး ဆိုတဲ့လူတွေက ဒီအချိန်မှာ ကြိုက်ချင်လည်း ကြိုက်လာမယ်။ သက်တမ်းတခု ကျော်သွားလို့ ရှိရင် လူတွေရဲ့ ဆန္ဒတွေ၊ စိတ်ထားတွေပေါ့ သူတို့ အယူအဆတွေ၊ လုပ်သွားတဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ မူတည်ပြီးတော့ ကြိုက်ခြင်း မကြိုက်ခြင်းတွေက ဖြစ်လာတတ်တယ်။ အဲဒါကြောင့် အဲဒါတွေက အရမ်း Date out သွားပြီးလို့ အန်ကယ်လ်ကတော့ ယူဆ တာပဲ။"

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကတော့ ၉၀ ခုနှစ်ရလဒ်ဟာ အသက် မ၀င်သေးသရွေ့ သက်တမ်းသတ်မှတ်လို့ မရဘူးလို့ ပြောပါတယ်။

Ref: VOA News

Read More...

ထက်ထက်မိုးဦးအမှု တရားရုံး ကြားနာ

မင်းနိုင်သူ
Thursday, May 27, 2010

ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7 day ဂျာနယ် သတင်းထောက် အမှုကို ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ ဆက်လက် ကြားနာ စစ်ဆေးကြောင်း သိရသည်။

“ဒီနေ့ တရားလိုပြ သက်သေ ၂ ဦးကို စစ်တာပါ။ 7day က Entainment section editor မအေးမြကျော်နဲ့ Hello ဂျာနယ်က ကိုဘုန်းနေလ တို့ကို စစ်ပါတယ်"ဟု 7 day ဂျာနယ်အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ဧရာဝတီသို့ ပြောသည်။

မအေးမြကျော်သည် တရားလို သတင်းထောက် မအေးသူစံကို အခင်း ဖြစ်ပြီးနောက် ပထမဆုံး တွေ့မြင်ခဲ့ရသူ ဖြစ်သည်။ ကိုဘုန်းနေလကမူ အခင်း ဖြစ်ပွားမှုကို မျက်မြင် တွေ့မြင်ရသူ ဖြစ်သည်။

ထို့ကြောင့် တရားလိုပြ သက်သေများ အဖြစ် တရားရုံးသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားလို မအေးသူစံ ဘက်မှ တရားလိုပြ သက်သေ (၄) ဦး တင်သွင်းခဲ့ သော်လည်း သက်သေ တဦးမှာ တရားရုံး၏ ဆင့်ခေါ်မှုကို ငြင်းပယ် ခဲ့ကြောင်း တရားလို၏ အယ်ဒီတာက ပြောသည်။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်နေသည့် ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် 7 day ဂျာနယ် သတင်းထောက်တို့ အင်တာဗျူးတခု ပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရား ရင်ဆိုင်နေရခြင်း ဖြစ်သည်။

အဆိုပါအမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့သည်။ ကနဦး ကြားနာမှုတွင် တရားလို သတင်းထောက် မအေးသူစံနှင့် မ၀င်းမာတို့က ထွက်ဆိုချက် ပေးခဲ့ကြသည်။

ယနေ့ ရုံးချိန်းကို နံနက် ၁၁ နာရီတွင် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးကာ ဇွန်လ ၃ ရက်သို့ ထပ်မံ ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

“အဲဒီနေ့ကျရင် တရားသူကြီးက ပုဒ်မတွေ ဖတ်ပြမယ် ပြောပါတယ်"ဟု 7 day အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။

အဆိုပါတရားစီရင်မှုကို စာနယ်ဇင်းအသိုင်းအ၀ိုင်းက စိတ်ဝင်စားမှုရှိနေပြီး တရားရုံးချိန်းများတွင် လာရောက် နားထောင်သူ များကြောင်း၊ တရားရုံးသို့ လာရောက်သူများကို ရဲအဖွဲ့က အမည်စာရင်း တောင်းယူလေ့ ရှိကြောင်း ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

Ref: ဧရာဝတီ်

Read More...

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ

မွေခေါဝ်
Thursday, 27 May 2010 17:46

RCSS ခေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဆဲ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း မေ ၂၆ ရက်နေ့၌ ကြေငြာချက်တစောင် ထုတ်ပြန်သည်။

နအဖတို့ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံသူနိုင်ငံသားများ၏ စိတ်ရင်း ဆန္ဒမှန် မဟုတ်သောကြောင့် မထောက်ခံနိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည် ဖော်မည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း အသိအမှတ် မပြုကြောင်း ပါရှိသည်။

တစညပါတီနှင့် ကြံ့ဖွံ့ပါတီတွင် ပါဝင်ကြမည့် သျှမ်းပြည်မှ ပြည်သူလူထုအား RCSS က အသိအမှတ်ပြု ထောက်ခံခြင်း မရှိကြောင်း ထိုကြေငြာချက်ကဆို၏။

၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်း ထူထောင်သည့် ပါတီသစ်များကို ကန့်ကွက်ကြောင်းလည်း ရေးသားထားသည်။

“ဒီလိုဆိုရင် ဦးစိုင်းအိုက်ပေါင်းဦးဆောင်ဖွဲ့စည်းတဲ့ ကျားဖြူပါတီ(SNDP)ဟာ RCSS ရဲ့ ထောက်ခံ အသိအမှတ်ပြုမှုရဖို့ မျှော်လင့်ချက် မရှိဘူးဆိုတဲ့ သဘော သက်ရောက်တယ်” ဟု တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြူ ပါတီအဖွဲ့ဝင် တဦးက ပြောကြားပါသည်။

ထိုကြေငြာချက်တွင်

* RCSS သည် နအဖနှင့် ငြိမ်းချမ်းရေးရယူထားသော အပစ်ရပ်အဖွဲ့များအား ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် အသွင် ပြောင်းခိုင်းသည့် ကိစ္စကို ကန့်ကွက်ကြောင်း
* ထိုင်းနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို RCSS က စွက်ဖက်ဘက်လိုက်မည် မဟုတ်ကြောင်း
* RCSS က သျှမ်းပြည်လူ့အခွင့်အရေးကို ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း
* အာဆီယံအဖွဲ့အစည်းနှင့် UN လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များအား သျှမ်းပြည်နှင့် မြန်မာနိုင်ငံရှိ ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လာရောက်စုံစမ်းရန် RCSS က တောင်းဆိုကြောင်း ပါရှိသည်။

RCSS ခေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို ၁၉၉၉ တွင် ဦးဆောင်နိုင်ငံရေးအဖွဲ့အဖြစ် လက်ရှိ RCSS ဥက္ကဋ္ဌ စ၀်ယွတ်စစ်က လွယ်တိုင်းလျဲန်း၌ ဖွဲ့စည်း ထူထောင်ခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ပြည်သူ့ရွေးကောက်ပွဲ ရွှေ့ပြောင်းလုပ်သားများ မဲပေး

ကျော်ခ | ကြာသပတေးနေ့၊ မေလ ၂၇ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယှဉ်ပြိုင်မဲ အရွေးခံသော ”ပြည်သူ့ရွေးကောက်ပွဲ” ကို ရွှေ့ပြောင်း အလုပ်သမားများက မဲဆောက်မြို့တွင် မဲပေးကြပြီး စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲကို ရှုတ်ချလိုက်ကြသည်။

ရွှေ့ပြောင်းအလုပ်သမား ၂ဝဝ ကျော်က ထိုင်း-မြန်မာနယ်စပ် မြို့လေးတွင် ကြာသပတေးနေ့က ပြုလုပ်သော မဲရွေးပွဲတွင် နအဖ စစ်ခေါင်းဆောင်နှင့် အတိုက်အခံ ခေါင်းဆောင်တို့ကို ဆန္ဒမဲပြားပေါ်တွင် စိတ်ကြိုက်ရွေးချယ်ကာ မဲထည့်ရခြင်း ဖြစ်သည်။

နောက်ရက်များတွင်လည်း မဲထဲ့ပွဲများ ဆက်လက်ပြုလုပ်မှာ ဖြစ်ပြီး ရလာဒ် မဲပြားများကို ဇွန်လ ၁၉ ရက်နေ့တွင် ရေတွက်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အတွင်းရေးမှူး ဆူရင်း ပစ်ဆူဝမ် ရုံးသို့ ပေးပို့သွားမှာ ဖြစ်သည်ဟု ပွဲကျင်းပသူ အတိုက်အခံများ စုပေါင်းအဖွဲ့၏ နိုင်ငံခြားရေး တာဝန်ခံ ဦးသွင်လင်းအောင်က ပြောသည်။

နေအိမ်အချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်သတ် အနိုင်ရခဲ့သောနေ့ နှစ် ၂ဝ မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ ”ပြည်သူ့ရွေးကောက်ပွဲ” ဟု အမည် ပေးထားကြသည်။

ဆန္ဒမဲ ပို့စ်ကဒ်ပြား တဖက်စီတွင် မေ ၂၇ ရက်၊ ၁၉၉ဝ ရွေးကောက်ပွဲ၌ မဲ ၈၂ ရာခိုင်နှုန်း ကျော်ဖြင့် အနိုင်ရခဲ့သည့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ် ရွေးကောက်ပွဲကို ကျင်းပပေးမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ ပုံများပါသည်။

အန်အယ်ဒီကို အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းပယ်ခဲ့ပြီး စစ်တပ်၏ ဦးဆောင်မှုကို အာမခံထားသော အခြေခံဥပဒေကိုသာ အတင်းအကြပ် ရေးဆွဲစေခဲ့သည်။ အန်အယ်ဒီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ပင်မ အတိုက်အခံများက ပါဝင်ရန် ငြင်းပယ်ခံရသော အခြေခံဥပဒေ ရေးဆွဲမှုသည် ၁၄ နှစ် ကြာမြင့်ခဲ့ပြီး အငြင်းပွားဖွယ်ရာ အတည်ပြုမှုလည်း လိုက်ပါလာသည်။

အဆိုပါ အခြေခံဥပဒေကို အသက်သွင်းမည့် ရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလ အစောဆုံးထား၍ ကျင်းပရန် စစ်အစိုးရက စီစဉ်လျှက် ရှိသော်လည်း အန်အယ်ဒီ အပါအဝင် အတိုက်အခံ အင်အားစုကြီးက ပါဝင် ယှဉ်ပြိုင်ခြင်း မပြုရန် ငြင်းဆန်ထားသည်။

ပြည်ပရောက် ဒီမိုကရေစီ လိုလားသော အတိုက်အခံ အဖွဲ့အစည်းပေါင်း ၁၅ဝ က စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို တညီတညွတ်ထဲ ဆန့်ကျင် ထားကြသည်။

သို့သော်လည်း အချက် ၃ ချက်ပါ တောင်းဆိုချက်ကို လိုက်လျောလျှင် အနှစ် ၂ဝ ကာလတွင် ပထမဆုံး ပြန်ဖြစ်လာမည့် ရွေးကောက်ပွဲကို အသိအမှတ် ပြုမည်ဟု အတိုက်အခံများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ တိုင်းရင်းသား လူမျိုးစုများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများ အပေါ် အကြမ်းဖက် တိုက်ခိုက်မှု ရပ်တန့်နှင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုများ ပါဝင်သော တွေ့ဆုံ ဆွေးနွေးမှုလုပ်ရန် တောင်းဆိုထားသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲမှာ တဖက်သတ် ကျင်းပနေခြင်းဖြစ်ကြောင်း ပြသနိုင်ရန် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်အပြင် အိန္ဒိယ၊ ဂျပန်နိုင်ငံများအပါအဝ် နိုင်ငံ ၁၅ ခုတွင် အတိုက်အခံများက ”ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု” အဖြစ် တပြိုင်တည်းလိုလို ပြုလုပ်ရန် ကြိုးစားနေကြသည်။

ယခုလှုပ်ရှားမှုတွင် အဖွဲ့ ၁ဝ ဖွဲ့ပါဝင်ကာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကဲ့သို့သော တပ်ပေါင်းစုများ၊ တိုင်းရင်းသား လူငယ်အဖွဲ့များ၊ လွှတ်တော် အမတ်များနှင့် စင်ပြိုင် ညွှန့်ပေါင်းအစိုးရတို့ ဖြစ်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်လည်း မြန်မာ ၂ဝဝ ကျော်က မြန်မာစစ်အစိုးရက အတိုက်အခံတို့၏ လိုလားချက်ကို လျစ်လျူရှုကာ ရွေးကောက်ပွဲ ကျင်းပလျှင် ရှုတ်ချရန် အိန္ဒိယနှင့် အာဆီယံ အစိုးရများသို့ တောင်းဆို လိုက်ကြသည်။

နယူးဒေလီရှိ မြန်မာပြည်သားများက ပေးအပ်သော ”ပြည်သူ့ရွေးကောက်ပွဲ” မဲဆန္ဒများကိုလည်း အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ရုံးသို့ ယနေ့ ပေးအပ်လိုက်ကြသည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ကိုကင်မ်က ပြောသည်။

“မဲတွေကို တနင်္ဂနွေနေ့ကတည်းက ရပ်ကွက်တွေထဲမှာရှိတဲ့ အိမ်တွေ၊ ဘုရားကျောင်းတွေ ကနေတဆင့် ကောက်တာ” ဟု ကိုကင်မ်က ပြောသည်။

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်လည်း လူ ၁ဝဝ ကျော်က ဆန္ဒပြခဲ့ကြပြီး အလားတူ တောင်းဆိုချက်များကို သံရုံးစာတိုက်ပုံးသို့ ထည့်ခဲ့ကြသည်။

ထိုင်ဝမ်၊ ဟောင်ကောင်၊ သြစတြေးလျ၊ ပြင်သစ်၊ ဆွီဒင်၊ အမေရိကန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ အိုင်ယာလန်၊ ဆွစ်ဇာလန်၊ အီတလီ၊ ကနေဒါနှင့် ဘရာဇီးနိုင်ငံ အသီးသီးတွင် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားကြသည်။

Ref: မဇ္ဈိမ

Read More...

ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ မေလ ၂၇ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ အပစ်ခတ်ရပ်အဖွဲ့များအပေါ် နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားများ ဆက်လက် ရှိနေချိန်တွင် စစ်အစိုးရက တိုင်းရင်းသား အဖွဲ့တခုကို တိုက်ခိုက်ပါက ပြန်လည်၍ ပူးပေါင်း တွန်းလှန် တိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ က သဘော တူလိုက်ကြသည်။

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ လျှို့ဝှက် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်များ တွေ့ဆုံပြီးနောက် စစ်ရေး သဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“အဓိကကတော့ တိုင်းရင်းသားအဖွဲ့တွေကို အစိုးရက နိုင်ငံရေး၊ စစ်ရေးတွေနဲ့ ဖြေရှင်းလာခဲ့ရင် အတူတကွ လက်တွဲ ဖြေရှင်းသွားဖို့ သဘော တူညီခဲ့ကြပါတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

အစည်းအဝေးသို့ ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA – N တို့ကို ဖိတ်ကြားခဲ့သော်လည်း မတက်ရောက် နိုင်ခဲ့ကြောင်း သိရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်ခဲ့ကြသော တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်၏ ကွပ်ကွဲမှုအောက်သို့ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေးကို စစ်အစိုးရက ဖိအား ပေးနေသော်လည်း UWSA ၊ KIO ၊ NMSP ၊ SSA-N ၊ ကရင်အဖွဲ့ငယ် တခုဖြစ်သော ဗိုလ်ချုပ်ထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ မိုင်းလားအဖွဲ့ NDAA တို့က ငြင်းဆန်ထားသည်။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုကော်မတီဝင်တဦးက ‘’ တဖွဲ့ကို တိုက်လာခဲ့ရင် ဝိုင်းဝန်းကူညီဖို့နဲ့ အခါအခွင့် သင့်တဲ့အခါ ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေ အကုန်လုံးက စုပေါင်းပြီး တပြိုင်နက်ထဲ စစ်မျက်နှာတွေ ဖွင့်ဖို့ စတဲ့အချက်တွေလည်း ပါတယ်။ ...ရွေးစရာ လမ်းလည်း မရှိတော့ဘူး” ဟု ပြောသည်။

အဖွဲ့ ၅ ဖွဲ့၏ ခေါင်းဆောင်များသည် ယခုနှစ် ဖေဖော်ဝါရီလက ပထမအကြိမ် လျှို့ဝှက် တွေ့ဆုံခဲ့ပြီးနောက် ယခုတကြိမ် တွေ့ဆုံမှုတွင် မဟာမိတ်အဖွဲ့ တခုအဖြစ် ဖွဲ့စည်းခြင်း မဟုတ်ဘဲ အချင်းချင်း လက်တွဲ ရင်ဆိုင်သွားရန် သဘော တူညီခဲ့ကြခြင်း ဖြစ်သည်။

မကြာမီတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယခုထက် ပိုမိုစုံညီစွာ ပါဝင်မည့် ဆွေးနွေးပွဲပြုလုပ်ပြီး ညီညွတ်သော အင်အားစုတရပ် အဖြစ် ဖွဲ့စည်းနိုင်ရေး အတွက်လည်း သဘော တူခဲ့ကြသည်။

အပစ်ရပ်အဖွဲ့များနှင့် KNU ၊ KNPP ၊ CNF အပစ်ရပ်မဟုတ်သည့် အဖွဲ့များအကြား သဘော တူညီချက်ရခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ သဘောတူညီမှုမျိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက UWSA ၊ KIO ၊ ကိုးကန့်တပ်မတော် ခေါ် MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့အကြား ထားရှိခဲ့ဖူးသည်။

သို့သော် စစ်အစိုးရက မူးယစ်ဆေးဝါးအကြောင်းပြကာ ဖုန်ကျားရှင် ဦးဆောင်သည့် MNDAA ကို ၂ဝဝ၉ ခုနှစ် သြဂုတ် လကုန်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် ကျန်မဟာမိတ် အဖွဲ့များက ကူညီနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

မြန်မာပြည်တွင် အခြားသော လက်နက်ကိုင်အဖွဲ့များ စုစည်းထားသည့် အဖွဲ့တခုမှာ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - မဒတ NDF ဖြစ်ပြီး အဖွဲ့ပေါင်း ၁၃ ဖွဲ့ ပါဝင်သည်။

နောက်ပိုင်း၌ စစ်အစိုးရနှင့် အပစ်ရပ်သွားသည့် အဖွဲ့များရှိလာသဖြင့် ယခုအခါ KNU ၊ CNF ၊ NMSP ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PKLO ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP စသည့် ၈ ဖွဲ့သာ ကျန်ရှိသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့