Friday, 05 March 2010
စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ဝ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သိရသည်။
စစ်အစိုးရ အရာရှိများက နေပြည်တော်နှင့် အဆက် အသွယ် ရှိသော တရုတ် အစိုးရ အရာရှိ များကို မကြာသေးမီက ယင်းသို့ ပြောကြားကြောင်း စစ်ဘက် သတင်းများက ဆိုသည်။
နယ်ခြား စောင့်တပ် ပြောင်းလဲရေး အတွက် စစ်အစိုးရက မတ်လ ၁၀ ရက်မတိုင်မီ UWSA နှင့် ဆွေးနွေး နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သူများ ကလည်း ပြောဆိုသည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို UWSA တပ်ဖွဲ့ လက်ခံလာစေရေး ကြားဝင် ဖျောင်းဖျရန် စစ်အစိုးရ အရာရှိများက တရုတ် အာဏာပိုင်များကို ပန်ကြား ထားကြောင်း၊ အကယ်၍ UWSA တပ်ဖွဲ့သာ တရားမဝင်အဖွဲ့ ဖြစ်သွားပါက အင်အား သုံးသောင်းခန့် ရှိ UWSA တပ်ဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရသည်။
ယခုအခြေအနေမှာ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးဖြစ်ကြောင်း၊ မိုးများသည့် မုတ်သုံရာသီတွင် စစ်ဆင်ရေး လုပ်မည် ဆိုပါက စစ်အစိုးရ တပ်များ အနေဖြင့် အခက်အခဲ ရှိကြောင်း၊ UWSA တပ်ဖွဲ့ အနေဖြင့် ထိပ်တိုက် ရင်ဆိုင်မှုမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ပြောက်ကျား တိုက်ခိုက်သည့် မဟာဗျူဟာကို အသုံးပြုနိုင်သည့် အတွက် စစ်ပွဲမှာ ကြာရှည်နိုင်ကြောင်း တရုတ် မြန်မာနယ်စပ် ရှိ စစ်ရေး အကဲခတ်များက ဆိုသည်။
တရုတ်-မြန်မာ နယ်စပ်တွင် တင်းမာမှုများရှိနေသည်နှင့် အမျှ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကလည်း နယ်စပ် ဒေသတွင် အနီးကပ် စောင့်ကြည့်၍ တပ်လှန့်ထားကြောင်း တရုတ် စစ်ဘက် သတင်းများက ဆိုသည်။
ယင်း မတရားအသင်း ကြေညာမည့် ကိစ္စနှင့်ပတ်သက်၍ UWSA သို့ ဆက်သွယ်၍ မရရှိခဲ့ပေ။
စစ်အစိုးရတပ်များက UWSA တပ်ဖွဲ့ကို စစ်ဆင်တိုက်ခိုက်ခဲ့ပါက ဒုက္ခသည်သစ်များ တရုတ်ပြည်သို့ နောက်တကြိမ် ခိုလှုံရဖွယ် ရှိနေသည်။
ပြီးခဲ့သည့်နှစ်က တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသရှိ ဦးဖုန်ကြားရှင် ခေါင်းဆောင်သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) အဖွဲ့ကို တိုက်ခိုက်ပြီး စစ်အစိုးရက ပထမဆုံးအကြိမ် မတရား အသင်းအဖြစ် ကြေညာခဲ့သည်။
ယင်း ကိုးကန့်ဒေသ ပဋိပက္ခကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းပြီး တရုတ်ပြည်ဘက်သို့ ဒုက္ခသည် ထောင်ပေါင်း များစွာ ရောက်ရှိခဲ့သည်။
Ref: ဧရာဝတီ်
Saturday, March 6, 2010
စစ်အစိုးရက ဝ တပ်ဖွဲ့ကို မတရားအသင်း ကြေညာမည်ဟု သတင်းထွက်
ဘန်ကီမွန်းကို ကေအဲန်ယူ မေတ္တာရပ်ခံ
Friday, 5 March 2010No
ကရင်ပြည်သူများအား ရန်သူသဖွယ် တိုက်ခိုက်နေသည့် နအဖ စစ်အစိုးရကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အနေဖြင့် ဟန့်တားပေးပါရန် မေတ္တာရပ်ခံသည့် ကြေညာချက် စာတစောင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)က ယမန်နေ့၌ ထုတ်ပြန် လိုက်သည်။
စစ်အစိုးရ၏ တိုက်ခိုက်ခြင်းခံနေရသည့် ကရင်လူထုများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဒေသတွင်း လူထုများ အနေဖြင့် ကိုယ့်အရေးလို သဘောထားကာ စာနာ ထောက်ထား ဖြေရှင်းပေးရန် ရည်ရွယ်၍ ကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက ကေအိုင်စီကို ယခုလို ပြောသည်။
“နအဖက ထိုးစစ်တွေပြုလုပ်ပြီး တိုင်းရင်းသားတွေကို ညှင်းပမ်း နှိပ်စက်တယ်။ အခု မြန်မာနိုင်ငံ ပြည်တွင်းထဲမှာ အိုင်ဒီပီ တွေကလည်း တောထဲမှာ ဒုက္ခရောက်နေကြတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းထဲက ဒုက္ခသည်တွေဟာလည်း သူတို့ရဲ့ ဘ၀ရပ်တည်ချက်ဟာ မသေချာ မရေရာ စိုးရိမ်နေရတဲ့ အနေအ ထားမှာ ရှိတယ်။ ဒါတွေကို ကျနော်တို့ မီးမောင်း ထွန်းပြချင်လို့ပါ။ ကုလအနေနဲ့လည်း ဒီထက် နအဖ စစ်အစိုးရကို ထိရောက်တဲ့ ဖိအားမှုတွေ ပေးသင့်တယ်”ဟု သူက ပြောသည်။
ဆက်လက်၍ သူက ကေအဲန်ယူသည် ဒီမိုကရက်တစ်အဖွဲ့အစည်းဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးကို ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းလိုကြောင်း၊ ကေအဲန်ယူသည် ပြည်သူအတွင်းမှ ပေါက်ဖွားလာသည့် တော်လှန်ရေး အဖွဲ့အစည်းဖြစ်သည့် အတွက် တော်လှန်းရေးကို ဆုံးခန်းတိုင် အောင်ပွဲရသည်အထိ ဆက်လက် ချီတက်သွားမည် ဖြစ်ကြောင်းနှင့် စစ်အစိုးရ အင်အားကြီးသည်ကို ကြောက်မနေဘဲ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
မြန်မာ့ပြည်တွင်းစစ် နှစ်(၆၀)ကျော်ကြာလာသည်နှင့် အမျှ အလားတူ မေတ္တာရပ်ခံချက်၊ ပန်ကြားချက်များ ကုလသမဂ္ဂသို့ အကြိမ်ကြိမ် တင်ပြခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် စစ်အစိုးရအား တွေ့ဆုံဆွေးနွေးပွဲ စားပွဲခုံသို့ ရောက်အောင် ဆက်လက်စွမ်း ဆောင်ပေးနိုင်ရန်ကိုလည်း ကေအဲန်ယူ ကြေညာချက်တွင် ရေးသားထားသည်။
ထို့အပြင် ကေအဲန်ယူက ကရင်ပြည်သူများကို စစ်အစိုးရတပ် တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ယခု ရက်ပိုင်းအတွင်း မစ္စတာ ဘန်ကီမွန်း ထုတ်ဖော် ပြောကြားလိုက်သည့် အပေါ် ကြိုဆိုသော်လည်း ယင်းအကြောင်း တခုတည်းဖြင့် ပြည့်စုံ လုံလောက်လိမ့်မည် မဟုတ်သေးကြောင်း ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။
Ref: KIC News
Friday, March 5, 2010
မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်
04 March 2010
မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတဲ့ အကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတဦးက ပြောဆို လိုက်ပါတယ်။
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ၀ယ်ယူဖို့ လုပ်နေတာတွေကို ဟန့်တားဖို့ ကြိုးပမ်း နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P J Crowley) က မနေ့တုန်းက ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
“မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံ အဆက်အဆံ ရှိတာတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်ပူပန်တဲ့ အကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ဒီနှစ်နိုင်ငံဟာ နျူကလီးယား ကိစ္စမှာ ပူးပေါင်း ဆောင်ရွက် နေကြသလား ဆိုတာ စိုးရိမ်မိတာပါ။ ဒါကြောင့်လည်း မြောက်ကိုရီးယား နိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ အတိုင်း နိုင်ငံတကာ အသိုင်းအ၀န်းက လိုက်နာကြဖို့၊ မြန်မာနိုင်ငံ ကိုယ်တိုင်လည်း ဒီဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ ကျနော်တို့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ကတော့ အပြန်အလှန် ဆွေးနွေး ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဆက်လုပ်သွားမှာပါ။”
အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ ပြောသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲက မြောက်ကိုရီးယားက လက်နက်ရောင်းချမှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မြန်မာစစ်အစိုးရက ထောက်ခံခဲ့တာဟာ တိုးတက်မှုတခု ဖြစ်ပေမဲ့ ဒီအတိုင်း ဆက်လက် ရပ်တည်သွားဖို့ နှစ်ဘက်အကြား ဆွေးနွေးပွဲတွေမှာ ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။
မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက ထိတွေ့ ဆက်ဆံမှုတွေ လုပ်သွားမယ့် မူဝါဒတွေကိုပါ ကျင့်သုံးသွားဖို့ ကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ အပါအ၀င် ၂ နိုင်ငံကြား ဆက်ဆံမှုတွေ ၄ ကြိမ် ရှိခဲ့သလို မကြာခင် နောက်ထပ် တွေ့ဆုံဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
ဒါပေမဲ့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ နောက်တကြိမ် တွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ အတိအကျ မပြောနိုင်သေးဘူးလို့ မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Ref: VOA News
ရမခ တိုင်းမှူးအား အပစ်ရပ် SSA ဥက္ကဌ တဦးတည်း သွားတွေ့
Thursday, 04 March 2010
အသွင်ပြောင်းရေးအတွက်သျှမ်းပြည်မြောက်ပိုင်း လားရှိုး အခြေစိုက်အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်အား အပစ်ရပ် SSA ဥက္ကဌ ဗိုလ်ချုပ် လွယ်မောဝ် တဦးသည်း သွားရောက် တွေ့ဆုံခဲ့သည် ဟု စုံစမ်း သိရှိရပါသည်။
“ဥက္ကဌကြီး စ၀်လွယ်မောဝ် တယောက်ထဲဘဲ သွားတာ၊ အားလုံးအတွက် အသေခံတယ် ငါသွားတွေ့မယ် ဆိုပေမယ့် ဒီတခေါက် တွေ့ဆုံပွဲက တအားကြီး အကြပ်မကိုင်ဘူးလို့ ပြောတယ်” - ဟု လားရှိုး သျှမ်းအသိုင်း အ၀ိုင်း တဦးက ပြောပါသည်။
ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား ဗိုလ်ချုပ်လွယ်မောဝ်က သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ တိုင်းမှူးနှင့် တွေ့ဆုံပြီး နောက်ပိုင်း ဗိုလ်မှူးကြီး ၀င်းသိန်းနှင့်လည်း ထပ်မံ တွေ့ဆုံခဲ့ကြောင်း၊ နအဖ ကိုယ်စားလှယ်များက နယ်မြေစောင့်တပ်/ပြည်သူ့စစ်တပ် အသွင်ပြောင်းရေး အမြန်ဆုံး စာရင်းပေးသွင်းရန် သာ ပြောကြားခဲ့ကြောင်း သိရ၏။
အပစ်ရပှ်ဗ ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်က - “အတတ်နိုင်ဆုံးကြိုးစားပြီး ရှင်းပြပေးပါတယ်။ ကျနော်က ဥက္ကဌ ဆိုပေမယ့် တယောက်ထဲ အသွင်ပြောင်းဖို့ ဆုံးဖြတ်လို့ မရဘူး၊ တခြားခေါင်းဆောင်ပိုင်းတွေက အသွင် ပြောင်းရေး အတွက် နားမလည်လို့ ခင်ဗျားတို့နဲ့တောင် လာမတွေ့ နိုင်ကြဘူး - စသဖြင့်ပေါ့ ” - ဟု ပြောဆိုခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။
ယခုလ ၁ ရက်နေ့ကလည်း အပစ်ရပ် သျှမ်းပြည် တပ်မတော် ခေါင်းဆောင်ပိုင်းများ၊ ကေဒါ တပ်သားများ အသွင် ပြောင်းရေး မပြောင်းရေးအတွက် အကြိတ်အနယ် နွေးခဲ့ကြသော်လည်း အပေါင်းလက္ခဏာ ဆောင်ခြင်း တစုံတရာ မရှိဟု တပ်မှူးအချို့နှင့် ရင်းနှီးသည့် လားရှိုးသား တဦးက ပြောပြပါသည်။
ဖေဖေါ်ဝါရီလဆန်းပိုင်း အပစ်ရပ် SSA ခေါင်းဆောင်ဗိုလ်ချုပ်လွယ်မောဝ်းအား စရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က သတ်မှတ်ထား သည့် ပြည်သူ့စစ် အသွင်ပြောင်း အင်အားစာရင်း ဖေဖေါ်ဝါရီလ နောက်ဆုံး မပေးပို့ပါက အင်အားသုံး တိုက်သင့်က တိုက်မည် ဟု အဓိပ္ပါယ်ပါသည့် လေသံမျိုး ပြောခဲ့သော်လည်း ဗိုလ်ချုပ်အောင်သန်းထွဋ် က ထိုကဲ့သို့ သုံးနှုန်း ပြောဆိုခြင်း မရှိပေ။
Ref: သျှမ်းသံတော်ဆင့်
အလုပ်သမားဆန္ဒပြမှုများကို ပြည်သူများအားပေး
မျိုးချစ်သူ/ ၄ မတ် ၂ဝ၁ဝ
ရန်ကုန်ရှိ စက်ရုံလုပ်သားများသာမက အခြားအလုပ်သမားများပါ အလုပ်ရှင်အပေါ် မကျေနပ်သည်များကို ဆန္ဒပြလာနိုင်ကြောင်း နေပြည်တော် အလုပ်သမားရေး ၀န်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။
“ဒီနှစ်ထဲမှာ ဆန္ဒပြတာတွေက (၁၀) ကြိမ်အထက်မှာ ရှိနေပြီ။ ဘယ်သူ့ကိုမှလည်း မဖမ်းပါဘူး။ အစိုးရ အနေနဲ့လည်း ဒီကိစ္စကို ဖမ်းဆီး လောက်သည်ထိ မလုပ်ပါဘူး။ ပြောချင်တာက ဒီနှစ်ထဲမှာ ပြောင်းလဲလာမယ့် နိုင်ငံရေး အခြေအနေတွေကြောင့် အဲဒီ ဖမ်းဆီးတဲ့ ကိစ္စကို မလုပ်တာလို့လည်း အကြမ်းပြောနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ်အတွင်း အလုပ်သမားများ ဆန္ဒပြမှုစိပ်လာသည်ကို ရန်ကုန်လူထု အလွန် စိတ်ဝင်စားလာကာ ဆန္ဒပြ အလုပ်သမားများ ဘက်မှ အားပေးလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
“ပြသင့်တာပေါ့။ အလုပ်သမားတွေရတဲ့ လစာက ဘယ်လောက်မှ မရှိဘူး။ အလုပ်ရှင်တွေက လူပါးဝတယ်။ အစိုးရ ရုံးပိတ်ရက်တွေ ဆိုရင်လည်း မပိတ်ပေးဘူး၊ အဲဒီနေ့ အလုပ်ဆင်းတဲ့ သူတွေကိုလည်း အချိန်ပိုကြေး မပေးဘူး၊ မသိလိုက် မသိဘာသာ နေကြတာလေ။ ကျမတို့လည်း ကုမ္ပဏီ ၀န်ထမ်းပါ၊ ဒါ့ကြောင့် သိတယ်။ အခုလို ဆန္ဒပြတာကို အားပေးတယ်” ဟု ရန်ကုန်မြို့ နာမည်ကြီး ကွန်ပျူတာ ကုမ္ပဏီတခုမှ ၀န်ထမ်းတဦးက ပြောသည်။
မကြာသေးခင်က အစိုးရ၀န်ထမ်းများအား ပေါကြွယ်စရိတ်ဟု နာမည်တပ်ကာ အစိုးရက လစာ (၂၀,၀၀၀) ကျပ် အပို ပေးခဲ့သော်လည်း ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီ အချို့တွင်သာ လစာ တိုးမြှင့်ပေးပြီး အများစုမှာ အလုပ်ရှင် သူဌေးများက မသိကျိုးကျွံ ပြုနေကြကြောင်း ရန်ကုန်မြို့မှ ကုမ္ပဏီ ၀န်ထမ်းအများစု၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ ၀န်ထမ်းတဦးက “ကျနော်တို့ မိတ်ဆွေတယောက် လုပ်တဲ့ ဂျာနယ်တိုက်မှာ လစာ အရမ်းနည်းတယ်။ နည်းရတဲ့အထဲ လစာကို ခွဲပေးတယ်။ စာမူခတပုဒ်ကို (၂၀၀) ကျပ်ရတယ်။ တလကို သတင်း (၄၅) ပုဒ် ပေးရတယ်လို့ သိရတယ်။ ပြီးတော့ သတင်းထောက်ကို ဟိုခိုင်း ဒီခိုင်းလုပ်တယ်။ အဲဒီသူဌေးကို စာနယ်ဇင်း အသိုင်းအ၀ိုင်းက လူတိုင်း သိပါတယ်။ အဲဒီဂျာနယ်တိုက် ရှိတဲ့ မြို့နယ် အလုပ်သမားရုံးမှာလည်း သူ့ကို တိုင်တဲ့တိုင်စာတွေက ပွစာ တက်နေပြီ။ ဒါပေမယ့် ဘာမှ မထူးလာပါဘူး။ အလုပ်သမား ဆန္ဒပြမှုက ဂျာနယ်တိုက်တွေမှာလည်း ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ (၃) ရက်နေ့ကလည်း ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန် (၃) ဖန်ချက်ဝန်၊ ဦးရွှေအိုးလမ်း အမှတ် (၆၄) ရှိ Grand Royal ဝီစကီစက်ရုံတွင် အလုပ်သမား (၁) ထောင်ကျော်ခန့်က လုပ်အားခ တိုးမြှင့်တောင်းဆိုကာ ဆန္ဒပြခဲ့သည်။
တောင်းဆိုမှုများမှာ လုပ်အားခ တိုးမြှင့်မှုအပြင် အလုပ်ချိန် လျှော့ချရန်နှင့် သတ်မှတ်ထားသောလ၊ နှစ်များပြည့်ပါက နေ့စားအဖြစ်မှ တရားဝင် permanent ၀န်ထမ်းဖြစ်ရန်နှင့် အစိုးရ ရုံးပိတ်ရက်များကို ပိတ်ပေးရန်၊ အလုပ်ဆင်းရလျှင်လည်း အချိန်ပို ရရှိစေရန်တို့ကို တောင်းဆိုကြောင်း သိရသည်။
Ref: ခေတ်ပြိုင်