မုံပီး
ကြာသပတေးနေ့၊ အောက်တိုဘာလ 29
နယူးဒေလီ (မဇ္ဈိမ) ။ ။ အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှုများ ကြောင့် ဖြစ်ပေါ် လာသည့် နောက်ဆက်တွဲ အကျိုးဆက်များကို ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အချက်အလက် ရှာဖွေ လေ့လာမှုများ ဆက်လက် ပြုလုပ်နေစဉ် မှာပင် အမေရိကန်နှင့် စစ်အစိုးရအကြား ထိတွေ့ ဆက်ဆံမှုများ ကိုလည်း စောင့်ကြည့်အကဲခတ် နေကြောင်းဖြင့် သူမ၏ ပါတီ ပြောရေးဆိုခွင့် ရှိသူက ကြာသပတေးနေ့က ပြောဆိုလိုက်သည်။
`ဒီလိုအချက်အလက်ရှာဖွေ လေ့လာဘို့ အတွက် အမေရိကန်၊ ဥရောပ နှင့် သြစတြေးလျ နိုင်ငံတို့က သံတမန်တွေက လိုအပ်တဲ့ သတင်းအချက် အလက် စာရွက်စာတန်းတွေ ပေးအပ်ခဲ့ ပါတယ်လို့ ဒေါ်စုက ပြောပါတယ်´ ဟု ကြာသပတေးနေ့က ဒေါ်စုကို တွေ့ဆုံခဲ့သူ ဦးဥာဏ်ဝင်းက ပြောသည်။
သူမ၏မေတ္တာရပ်ခံချက်ကို လိုက်လျောသည့် အနေဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစု ကြည်ကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေလျ နိုင်ငံတို့မှ သံတမန်များနှင့် အောက်တို ဘာလ ၉ ရက်နေ့က တွေ့ဆုံခွင့် ပေးခဲ့သည်။ သူမသည် ထိုသံတမန်များနှင့် ပိတ်ဆို့ ဒဏ်ခတ်မှုများ ကိစ္စ ဆွေးနွေးခဲ့သည်။
ပိတ်ဆို့ဒဏ်ခတ်မှုများ လျော့ပါးရေးအတွက် စစ်အစိုးရနှင့် အတူတကွ ဆောင်ရွက်လိုပါကြောင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံ သူမက ကမ်းလှမ်းခဲ့ပြီး အမေရိကန်၊ အီးယူနှင့် သြစတြေးလျ နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့် ပေးရန်လည်း စက်တင်ဘာလက မေတ္တာရပ်ခံခဲ့သည်။
ထိန်းသိမ်းခံနိုဘယ်ငြိမ်းချမ်းရေးဆုရှင်သည် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ကင်းဘဲလ် (Kurt Campbell)နှင့် တွေ့ဆုံရန်လည်း မျှော်လင့် စောင့်စားလျက် ရှိကြောင်းဖြင့် ဦးဥာဏ်ဝင်းက ပြောသည်။ အမေရိကန်က မြန်မာ စစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုများကိုလည်း သူမက စောင့်ကြည့် အကဲခတ်လျက် ရှိသည်။
`တိုက်ရိုက် ထိတွေ့ဆက်ဆံဘို့ဆိုတဲ့ အမေရိကန်ရဲ့ မူဝါဒသစ်ကိုလည်း သူမက ကြိုဆို ခဲ့ပြီးသားပါ´ ဟု ဦးဥာဏ်ဝင်းက ပြောသည်။ ထို့ပြင် ကင်းဘဲလ် နိုဝင်ဘာလ ပထမပတ် အတွင်း ရောက်လာမည့် အကြောင်းလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အသိပေး အကြောင်းကြား ထားပြီး ဖြစ်သည်ဟုလည်း သူက ဆက်လက် ပြောဆိုခဲ့သည်။
ဦးဥာဏ်ဝင်းသည် သူ့လုပ်ဖော်ကိုင်ဘက်ဖြစ်သူ တရားရုံးချုပ် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် အတူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နှင့် ကြာသပတေး နေ့က တွေ့ဆုံခဲ့ပြီး ဗဟိုတရားရုံးသို့ တင်သွင်းမည့် အယူခံလွှာနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ကိုလည်း ဆွေးနွေးခဲ့သည်။
သူမကို ယခင်ထိန်းသိမ်းမှု စည်းကမ်းချက်များကို ချိုးဖောက်သည် ဟူသော စွဲချက်ဖြင့် အင်းစိန် ထောင်တွင်းရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လ ၁၁ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့သည်။ သို့သော် အဆိုပါ ထောင်ဒဏ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့စီမံခန့်ခွဲရေး အာဏာကို အသုံးပြုကာ တဝက်ထိ လျှော့ချ ခဲ့သည်။
သူမ၏ရှေ့နေအဖွဲ့က အဆိုပါ စီရင်ချက်ကို တိုင်းတရားရုံးသို့ အယူခံ ဝင်ရောက်ခဲ့သည်။ သို့သော် တိုင်းရုံးက အောက်ရုံး၏ အမိန့်ကိုပင် အတည် ပြုခဲ့သည်။ သို့သော် ယခုအခါ အဆိုပါ အမှုကို တရားရုံးချုပ်သို့ အယူခံ ဝင်ရောက်ရန် ပြင်ဆင်လျက် ရှိသည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။ အဆိုပါ အယူခံလွှာကို သူတို့ မူကြမ်းရေးသားပြီး ဖြစ်သည်။
`ဒေါ်စုက ဒီအယူခံလွှာ မူကြမ်းကို သူ လေ့လာချင်တယ်လို့ ပြောပါတယ်။ ပြီးရင် သူ့ထင်မြင်ချက်ကို ကျနော်တို့ကို ပြောမယ်လို့ ပြောပါတယ်။ တရားရုံးချုပ်ကို လျှောက်လွှာ တင်သွင်းဘို့လဲ သူ သဘော တူပါတယ်´ ဟု ဦးဥာဏ်ဝင်းက ပြောသည်။
Ref: မဇ္ဈိမ
Friday, October 30, 2009
ဒေါ်စုက အမေရိကန်နှင့်စစ်အစိုးရ တိုက်ရိုက်ဆက်ဆံမှု ကို စောင့်ကြည့်နေဟု ဒီချုပ်ပြော
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် မိုင်းလား တပ်ဖွဲ့ ငြင်းဆန်၍ မရတော့
ကြာသပတေးနေ့၊ 29 အောက်တိုဘာလ 2009
စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေး အစီအစဉ် ဆက်လက် ငြင်းဆန်ရန် အမျိုးသား ဒီမိုရက်တစ် တပ် ပေါင်းစု - သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS ခေါ် မိုင်းလား အထူးဒေသ ၄ တပ် ဖွဲ့ အခြေအနေ မရတော့ကြောင်း ခိုင်လုံသည့် ထိုင်းနယ်စပ် သတင်း ရပ်ကွက်က ပြောပါသည်။
အောက်တိုဘာ၂၈ ရက် ဥက္ကဌကြီး ဦးစိုင်းလင်း ခေါင်းဆောင်သည့် မိုင်းလား ကိုယ်စားလှယ် အဖွဲ့က ကျိုင်းတုံ ရောက် ဗိုလ်ချုပ် ရဲမြင့်နှင့် သွားရောက် တွေ့ဆုံစဉ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ တခွန်းတပါဒမျှ ဈေးဆစ်၍ မရကြောင်း၊ မိုင်းလားအဖွဲ့၏ စက်တင်ဘာ ၂၃ ရက်ပါ စစ်အစိုးရထံ ပေးပို့သည့် စာအတိုင်း မူအရ နယ်ခြားစောင့်တပ် လုပ်တန်လျှင် လုပ်မည် ဟူသော အချက်ကိုသာ ဗိုလ်ချုပ်ရဲမြင့် ကိုင်စွဲ ဖိပြောလိုက်ကြောင်း အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။
“တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေ ဆီလူးဒေသ နဲ့ တပ်မဟာ ၉၁၁ ထိန်းချုပ် နယ်မြေ နမ့်ပန်းဒေသကို မိုင်းလားမြို့ နယ်ထဲ ထားခွင့် မပေးတော့ဘူး၊ ဆီလူးဆိုရင် မိုင်းယန်းမြို့နယ်၊ နမ့်ပန်း ဆိုရင်လဲ မိုင်းယောင်း မြို့နယ်ဘဲ ဖြစ်ရမယ်တဲ့။ ဌာနေ ပြည်သူ့စစ်လဲ လုပ်ခွင့်လဲ မရဘူး၊ တပ်ရင်းတိုင်း နအဖ စစ်အရာရှိ ၃၀ ပါဝင်တဲ့ နယ်ခြားစောင့် တပ်ဘဲ လုပ်ရမယ်။ စစ်အစိုးရ သတ်မှတ်ထားတဲ့ သင်တန်း နေရာကိုဘဲ သွားတက်ရမယ်” - ဟု ဗိုလ်ချုပ်ရဲမြင့် က ပြောသေးကြောင်း ဆို၏။
နယ်ခြားစောင့်တပ်လုံးဝ အသွင်ပြောင်းလဲရေး ကိုသာ ဗိုလ်ချုပ်ရဲမြင့် အပေါ်စီး ဖိပြောခဲ့သော်လည်း မိုင်းလား အဖွဲ့ အနေဖြင့် မည်သို့လက်ခံပြီး မည်မျှ လိုက်နာမည်ကို မဆုံးဖြတ်ရ သေးကြောင်း၊ ယခု အခြေအနေမှာ ၀ တပ်ဖွဲ့ ပန်ဆန်း ဌာနချုပ်နှင့်လည်း ဆက်စပ် နေကြောင်း၊ PDF အဖွဲ့ဝင် ကိုးကန့်ဒေသ လက်လွတ် ဆုံးရုံးပြီးနောက် မိုင်းလား တပ်ဖွဲ့ နယ်မြေ အရှုံးခံမည် မခံမည် ဟူသော အချက်အပေါ် မူတည်နေကြောင်း၊ မိုင်းလား ခေါင်းဆောင်များ ထပ်မံ အစည်းအဝေး ထိုင်ပြီး ပန်ဆန်း နှင့် သွားဆွေးနွေး ရဦးမည် ဖြစ်ကြောင်း၊ ၀ တပ်ဖွဲ့၏ ရပ်တည်မှုနှင့် ဆုံးဖြတ်ချက်လည်း အရေးပါကြောင်း - အဆိုပါဆိုစ့်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
Ref: သျှမ်းသံတော်ဆင့်
ကေအိုင်အိုနှင့် နအဖ ရှေ့လတွင် ထပ်မံဆွေးနွေးမည်
ခိုင်လင်း / ၂၉ အောက်တိုဘာ ၂၀၀၉
ယခုလ ပထမပတ်အတွင်း ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးမှ တဆင့် နေပြည်တော်ရှိ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား တင်ပြခဲ့မှုနှင့် ပတ်သက်၍ လာမည့်လ အတွင်း ဆွေးနွေးကြရန် ရှိသည်။
ကေအိုင်အိုမှ ပေးပို့သည့်စာထဲတွင် ကေအိုင်အိုအဖွဲ့သည် ပြည်ထောင်စု ထဲမှ ခွဲထွက်ရေးကို တောင်းဆိုနေခြင်း မဟုတ်ကြောင်း၊ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၏ ကတိ ကဝတ်များအရ တန်းတူ ညီမျှရေးနှင့် စစ်မှန်သော ပြည်ထောင်စု စနစ်ကို လက်ခံ ရရှိလာပါက လက်နက် စွန့်လွှတ်ရန် ပြင်ဆင် ထားပါကြောင်း ဖော်ပြပါရှိပြီး အဆိုပါ စာနှင့် ပတ်သက်၍ နအဖဘက်မှ တုံ့ပြန်သည့် အနေဖြင့် လာမည့် နိုဝင်ဘာလ အတွင်း ဆွေးနွေးရန် ရှိနေကြောင်း ကေအိုင်အို ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။
၎င်းက “ကေအိုင်အိုရဲ့စာကို တုံ့ပြန်တဲ့ အနေနဲ့ ထပ် ဆွေးနွေး ကြတော့မယ်။ မြစ်ကြီးနားက ဆွေးနွေးပွဲတွေက ဧပြီ (၂၈) ရက်နေ့က စလို့ (၈) ကြိမ်လောက် ရှိနေပြီ။ ကေအိုင်အို တောင်းဆို ထားတဲ့ နယ်ခြားစောင့်တပ် အစား ကချင်ဒေသ ကာကွယ်ရေး တပ်ဖွဲ့မယ်၊ လာမယ့် ပြည်နယ် အစိုးရအဖွဲ့ရဲ့ အာဏာ(၃) ရပ်ထဲမှာ တိုက်ရိုက် ပါဝင်နိုင်ရေး ကိစ္စတွေက ဟိုက လုံးဝ လက်မခံတော့၊ အဲဒါနဲ့ အခု စာတင် လိုက်တာနဲ့ ဆွေးနွေးဖို့ လမ်းစတခု ထွက်လာတာပဲ” ဟု ပြောသည်။
နအဖနှင့်ဆွေးနွေးပွဲပြုလုပ်ရာတွင် ခေါင်းဆောင်တာဝန်ယူ ထားသည့် ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ကမူ ကေအိုင်အိုက ပေးပို့ခဲ့သည့် စာနှင့်ပတ်သက်၍ နအဖဘက်မှ မည်သည့် တုံ့ပြန်မှုမှ မရှိသေးကြောင်း ယမန်နေ့က ငြင်းဆိုခဲ့သည်။
ကေအိုင်အိုအဖွဲ့သည် ညောင်နှစ်ပင်အမျိုးသားညီလာခံ တက်နေစဉ် ၂ဝဝ၄ ခုနှစ် နှစ်လယ်ပိုင်း အတွင်း အပစ်ရပ် အဖွဲ့အစည်း တို့နှင့် စုစုပေါင်း (၁၃) ဖွဲ့ စုပေါင်းပြီး ဥပဒေပြုရေး ဆိုင်ရာ အာဏာခွဲဝေမှု အပိုင်းနှင့် စပ်လျဉ်းသည့် စာတမ်း တစောင်အား လက်မှတ်ရေးထိုး တင်ပြ ခဲ့ကြသည်။
အဆိုပါစာတမ်းတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ် ကဲ့သို့ အာဏာ ခွဲဝေ ကျင့်သုံးသည့် စနစ်ဖြင့် အချို့သော ကဏ္ဍများ၌ ပြည်ထောင်စု ဥပဒေပြု အဖွဲ့တွင် ရှိနေသော အာဏာများ နည်းတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး အာဏာများ ခွဲဝေပေးရေးကို တောင်းဆိုခဲ့ရာ နအဖက လက်မခံဘဲ လျစ်လျူရှုခဲ့သည်။
ကေအိုင်အိုအဖွဲ့အပါအဝင် အပစ်ခတ်ရပ် အဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့ရန် နအဖက ကမ်းလှမ်းထားပြီး အဆိုပါ နယ်ခြားစောင့် တပ်ကို နအဖ စစ်တပ်ဘက်မှ အရာရှိနှင့် အခြား အဆင့်များပါ ပူးပေါင်း ဖွဲ့စည်းပြီး ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်အောက်တွင် နေရမည် ဖြစ်၍ အချို့အဖွဲ့များက လက်ခံ သဘောမတူ နိုင်သေးဘဲ ဖြစ်နေသည်။
“ဟိုတုန်းက ကချင် (၁)၊ ကချင် (၂)၊ ချင်း (၁)၊ ချင်း (၂) ဆိုတဲ့ တိုင်းရင်းသား ကိုယ်စားပြု တပ်တွေ ရှိခဲ့တယ်။ မဆလ လက်ထက် အထိ။ နဝတလည်း တက်လာရော အဲဒါတွေ ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ အခု ကေအိုင်အိုလည်း နယ်ခြားစောင့်တပ် လက်ခံ လိုက်ရင် အနှစ် (၅ဝ) လောက် လုပ်လာခဲ့တဲ့ ကေအိုင်အေလည်း အဲလို ပျောက်မယ်ဆိုပြီး စိုးရိမ်နေတာ။ ပျောက်မယ့် အတူတူတော့ မထူးတော့ဘူး၊ ဗမာတွေနဲ့ အတူ တန်းတူ ညီမျှရေးတွေ ရလာရင် လက်နက်စွန့်ပြီး ကေအိုင်အေ အဖွဲ့ပါ ဖျက်ဖို့အထိ စဉ်းစားလာတာ” ဟု ကေအိုင်အိုနှင့် နီးစပ်သည့် ကချင်အမျိုးသားတဦးက ပြောသည်။
နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ကေအိုင်အိုက စာရေး တင်ပြခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ကေအိုင်အိုမှ တာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း ဖုန်းအဆက်အသွယ် မရရှိပေ။
Ref: ခေတ်ပြိုင်
ဝထိပ်ပိုင်း ခေါင်းဆောင်များ ရမခတိုင်းမှူးနှင့် တွေ့ဆုံ နယ်ခြားစောင့်အရေး တိုးတက်မှု မရှိသေး
ကြာသပတေးနေ့၊ 29 အောက်တိုဘာလ 2009
သြဂုတ်လကုန်ပိုင်းက ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သျှမ်းပြည် (မြောက်ပိုင်း)ရှိ ငြိမ်းချမ်းရေး အဖွဲ့ ၀ပြည် သွေးစည်း ညီညွတ်ရေးပါတီ ထိန်းချုပ် နယ်မြေအနီး တ၀ိုက် တိုးချဲ့တပ်စွဲ ထားသော နအဖစစ်တပ်များ ပြန်လည် ရုပ်သိမ်းရန် ၀တပ်ဖွဲ့ ခေါင်းဆောင်များက တောင်းဆို ထားကြောင်း သိရသည်။
ယခုလ ၂၅ ရက်နေ့က ၀တပ်ဖွဲ့ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သော ဒုဥက္ကဌ ရှောက်မီလျှံ အထွေထွေ အတွင်းရေးမှူး ပေါက်ယုံယိ စစ်ဦးစီးချုပ် ကျောက်ကော်ဝမ်း တို့သည် သျှမ်းပြည်(မြောက်ပိုင်း) လားရိုးမြို့ အခြေဆိုက်အ ရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ္ဋ်နှင့် လားရိုးမြို့၌ တွေ့ဆုံစဉ် ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
နှစ်ဘက်တွေ့ဆုံစဉ် ၀ခေါင်းဆောင်များက ၄င်းတို့နယ်မြေ များအား ပိတ်ဆို့ထားသည့် တပ်များ ရုပ်သိမ်းပေးရန်နှင့် အကယ်၍ တပ်များ ဆက်လက် ထားရှိပါက နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲ ဖွဲ့စည်းရေး ကိစ္စအား ဆက်လက် ဆွေးနွေးမည် မဟုတ်ကြောင်း ပြောဆို ခဲ့သည်ဟု ၀တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
မကြာခင်ကာလအတွင်း တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ္ဋ် တာဝန် ပြောင်းရွေ့တော့မည် ဖြစ်သောကြောင့် ၀ခေါင်းဆောင်များက နူတ်ဆက်သည့် အနေဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်းသာ ဖြစ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ အသွင် ပြောင်းလဲရေး ကိစ္စ ဆွေးနွေးမှု တစ်စုံတစ်ရာ တိုးတက် လာခြင်း မရှိသေးကြောင်း သူက ဆိုသည်။
နအဖမှ တိုင်းရင်းသားလက်နက်ကိုင်တပ်များအား နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရန် အောက်တိုဘာလကုန် နောက်ဆုံးထား အကြောင်းပြန်ရန် သတ်မှတ် ထားသော်လည်း ၀တပ်ဖွဲ့နှင့် နအဖကြား နယ်ခြားစောင့် ကိစ္စ ဆွေးနွေးမှုမှာ တိုးတက်မှု လမ်းစ မရှိသေးပဲ ဖြစ်နေသည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး ကိစ္စအား ၀တပ်ဖွဲ့မှ မူအားဖြင့် လက်ခံသော်လည်း ၄င်းတို့ ဘက်မှ နောင် ဖြစ်ပေါ်လာမည့် အစိုးရသစ်နှင့်မှ ဆွေးနွေးမည် ဆိုသည့် မူကို ဆက်လက် ဆုပ်ကိုင်ထားကြောင်း သိရသည်။
ယခုအခါ နအဖတပ်မ (၉၉)နှင့်တပ်ရင်း(၁၀)ရင်းသည် ၀တပ်ဖွဲ့နှင့် ကိုးကန့်ဒေသ စပ်ကြား နယ်မြေ အနီး တ၀ိုက်ရှိ ဟိုပန် ပန်လုံ ဒေသများတွင် တပ်စွဲထားကာ ကိုးကန့် ဒေသတွင် တပ်မ ၃၃ စကခ (၁၆) တို့က ၀င်ရောက် လှုပ်ရှားလျှက်ရှိသည်။
ယခုလဆန်းပိုင်းက ထွက်ပေါ်ခဲ့သော သတင်းများအရ တပ်မ (၇၇) နှင့်တပ်မ (၈၈) တို့အား အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အရံ တပ်ရင်းများ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
Ref: သျှမ်းသံတော်ဆင့်
နအဖ ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ကရင် ငြိမ်းချမ်းရေးကောင်စီ လက်မခံ
နန်းထူးစံ
အောက်တိုဘာ ၂၉ရက်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် နအဖ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံမည် မဟုတ်ကြောင်း ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ - ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့က အောက်တိုဘာ (၂၀)ရက်နေ့တွင် ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်။
နအဖ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ခင်ဇော်တို့ ဦးစီးသော အထက်တန်း အရာရှိ (၂၀)ဦး တို့သည် ဗိုလ်မှူးချုပ် စောဌေးမောင် ခေါင်းဆောင်သော ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ကို တပ်အသွင် ပြောင်းရေး ကိစ္စ လက်ခံရန် အတွက် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အောက်တိုဘာ ၁ ရက်နေ့က လာရောက် တွေ့ဆုံကာ ကမ်းလှမ်းခဲ့သည်ကို လက် မခံနိုင်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ထိုသို့ နအဖ၏ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခြင်းမှာ ကရင် လူထု အနေဖြင့် ကရင် တပ်ဖွဲ့ဝင်များကို မြန်မာတပ်များ၏ သြဇာခံအဖြစ် မလိုလားသည်က တကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများကို ဝါးမျိုရေးဟု အဓိပ္ပါယ် ဆောင်သည့် ထိုဒီမိုကရေစီ ကျင့်သုံးမှု အခန်းကဏ္ဍများကို အယုံအကြည် မရှိသည်က တကြောင်းနှင့် စစ်တပ် အုပ်ထိန်းမှုသည် မပြီးဆုံးနိုင်သည့် ရှုတ်ထွေးမှု ပဋိပက္ခများ ဖြစ်လာနိုင်ပြီး ၂၀၁၀ ဒီမိုကရက်တစ် လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေနိုင်သည်ဟု ၎င်းတို့အနေဖြင့် ယုံကြည် ထားသည့် အတွက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ဗိုလ်ချုပ်ရဲမြင့်၏ ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်မည် ဆိုပါက ကရင်ပြည်နယ် အတွင်း အကြမ်းဖက်မှုများ၊ အချင်းချင်း သတ်ဖြတ်မှုများ ပို၍ ဖြစ်ပွား လာမည်ဖြစ်ပြီး ဒီကေဘီအေ တပ်ဖွဲ့သည် နအဖ၏ အဆိုပြုချက်ကို သဘောတူ လက်ခံလိုက်ပြီးနောက် နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အောက်တွင် ကရင်ပြည်သူ လူထုများ အပေါ် အကြမ်းဖက်မှုများ၊ စစ်ပွဲများ ပိုမို ကျင့်သုံးလာရာ ယခုလက်ရှိ ကရင်ပြည်နယ် တပ်မဟာ ၁၊ ၂၊ ၃နှင့် ၅နယ်မြေအတွင်း သတ်ဖြတ်ခံရသည့် ကရင် လူထုများမှာ သက်သေအဖြစ် ထင်ရှားလျှက် ရှိသည်ဟု ဆိုသည်။
၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒီကေဘီအေ အဖွဲ့ဝင်တဦးက “ဒီကေဘီအေ အဖွဲ့ဟာ စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကေအဲန်ယူကို ဆန့်ကျင် နေပေမယ့်လည်း ကျနော်တို့ လုပ်တာ ကရင်လူထုတွေ အတွက်ပါ။ အများကြီး မလုပ်နိုင်သော်လည်း လက်လှမ်းမီတဲ့ နေရာတွေမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကျနော်တို့ ကြိုးစား လုပ်ဆောင်နေပါတယ်။ အချင်းချင်း တိုက်ပွဲဖြစ်တာ ကျနော်လည်း မလိုလားပါဘူး”ဟု ကေ အိုင်စီကို ပြောသည်။
စစ်အစိုးရအနေဖြင့် လက်ရှိဖြစ်ပွားလျက်ရှိသော မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာသည် စစ်ရေးနည်းဖြင့် မဖြေရှင်းနိုင်ဘဲ အများယုံကြည်မှု အတိုင်း ငြိမ်းချမ်းသော တွေ့ဆုံ ဆွေးနွေးရေး နည်းဖြင့် အဖြေရှာရန် လိုအပ်ပေသည်ဟု ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီက စစ်အစိုးရအား တိုက်တွန်းထားသည်၊
ငြိမ်းချမ်းရေးကောင်စီ၏ ထုတ်ပြန်ချက်အပေါ် ကေအဲန်ယူ တွဲဖက် အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူက “အဲဒီလိုမျိုးပဲ ဖြစ်သင့်ပါတယ်။ နအဖက သူ့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ အတွက် အပစ်ရပ်တဲ့ တိုင်းရင်းသားတွေကို သူတို့ တပ်အောက်မှာ လိုက်သိမ်း သွင်းတာ လူတိုင်းအသိပဲ။ အခုလို ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က နအဖရဲ့ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူး ဆိုတာကို ကျနော်တို့က ကြိုဆိုပေမယ့် သူတို့အပေါ် တမျိုးတဖုံ အကြပ်ကိုင် ဖိအားပေးလာနိုင်တယ်” ဟု ကေအိုင်စီကို ပြောသည်။
နအဖသည် နယ်ခြားစောင့်တပ်နှင့် ပတ်သက်၍ ပြီးခဲ့သည့်မေလက အလားတူ ကမ်းလှမ်း ခဲ့ဖူးသော်လည်း ငြိမ်းချမ်းရေး ကောင်စီအနေဖြင့် နအဖ၏ တပ်အသွင် ပြောင်းရေး အစီအစဉ်ကို လက်မခံဘဲ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ (၄)ချက်ကို ဆုပ် ကိုင်ထားကာ ကရင်ပြည်သူများ အတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဗိုလ်မှူးချုပ်စောဌေးမောင် ခေါင်းဆောင်သော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့သည် ၂၀၀၇ခုနှစ် ဖေဖော်ဝါရီ (၁၁) ရက်နေ့က ကေအဲန်ယူမှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး ဖားအံခရိုင်၊ ထို့ကော်ကိုး ကျေးရွာတွင် အခြေ စိုက်လျှက်ရှိသည်။
Ref: Karen Information Center
ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံပြင်ဖို့ နိုဘဲလ်ဆုရှင် များ တောင်းဆို
29 October 2009
မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မကျင်းပခင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုတယ်လို့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးများ အဖွဲ့က တောင်းဆို လိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ တိဘက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးတက် ကောင်းမွန်ခြင်း မရှိဘဲ တဖြည်းဖြည်း ပိုမို ဆိုးရွားလာနေတဲ့ အခြေအနေ တွေကို မီးမောင်း ထိုးပြဖို့ အတွက် ဒီ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးများ အဖွဲ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံနဲ့ တိဘက်ဒေသတွေမှာ ဒီကနေ့ ဖြစ်နေတဲ့ အခြေအနေ တွေကို ရှင်းပြဖို့အတွက် အိန္ဒိယနိုင်ငံက သတင်းထောက်များ အသင်းမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ကြတဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးများ အဖွဲ့ဝင်တွေ ကတော့ အမေရိကန် နိုင်ငံက ဂျိုဒီ ၀ီလီယံစ် (Jody Williams) နဲ့ အိုင်ယာလန် နိုင်ငံက မိုင်းရက်ဒ် မဂွိုင်းရား (Maired Maguire) တို့ ဖြစ်ကြပါတယ်။
သူတို့က မြန်မာနိုင်ငံနဲ့ တိဘက်ဒေသတွေမှာ နိုင်ငံရေးအရ လွတ်လပ်မှု မရှိတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာတွေကို မီးမောင်း ထိုးပြလိုတဲ့ အတွက် အခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ပြောကြား ခဲ့ကြတာပါ။ ဒီ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေနဲ့ အတူ သတင်းစာ ရှင်းလင်းပွဲကို ပူးတွဲ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် (WLB) က မသင်းသင်းအောင်က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်တွေ ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ဒီ Noble Women Initiative က ဦးဆောင်တဲ့လူတွေ ဖြစ်တဲ့ နိုဘဲလ်ဆုရှင် အမျိုးသမီး ၂ ယောက်က သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေ ကလည်း အခုထက်ထိ ဘာမှ ကောင်းမွန် တိုးတက် ပြောင်းလဲလာတာ မရှိသေးဘူး။ အခု အနှစ် ၂၀ ကျော်ရှိပြီ။ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကလည်း ရှိနေဆဲပဲ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အဖမ်း ခံနေရဆဲပဲ ဖြစ်တယ်။
“အဲဒါကြောင့် အခုလာမယ့် ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ နအဖက ကြေညာ ထားတာတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီ မတိုင်ခင်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်ပေးဖို့ လိုတယ်။ ပြီးတော့မှ တကယ် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ဆိုရင် အဲဒီ မတိုင်ခင်မှာ အားလုံးကို ပါဝင်ခွင့်ရှိအောင် ပြုပြင် ပြောင်းလဲရမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ပြန်ပြီး Review လုပ်ဖို့ လိုတယ်ပေါ့။ အဲဒါတွေ သူတို့ ပြောသွားတယ်။”
ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့လည်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ အတွက် ပါးစပ်က အပြောချည်း မဟုတ်ဘဲ လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကူညီ လုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်တွေက ထည့်သွင်း ပြောကြား သွားကြပါတယ်။
“နိုင်ငံတကာ အနေနဲ့လည်း ပါးစပ်ကပဲ ပြောနေတာ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာဖို့ အတွက်ကို တကယ်တမ်း ထိရောက်စွာ ကူညီဖို့ လိုတယ်။ အခုလောလောဆယ် အမေရိကန်က နေပြီး ပေါ်လစီတွေ ပြောင်းပြီးတော့ သူတို့ရဲ့ ချဉ်းကပ် မှုတွေကို ပြောင်းတဲ့ နေရာမှာလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ချဉ်းကပ်မှု အရ တကယ် ထိရောက်တဲ့ ပြောင်းလဲမှုကို ဦးတည် သင့်တယ်ပေါ့။ အမေရိကန် အစိုးရရဲ့ ပြောင်းလဲတဲ့ ဥပဒေကလည်း တကယ်တမ်း မြန်မာနိုင်ငံမှာ တိုးတက်တဲ့၊ ကောင်းမွန်တဲ့၊ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ မဖြစ်မချင်းကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဆက်ပြီး ထားသင့်တယ်ပေါ့။”
WLB မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်ဟာ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးများ အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် အခုလို သတင်းစာ ရှင်းလင်းပွဲ ပူးတွဲကျင်းပတာ ဖြစ်ပြီး ရှေ့နှစ် ၂၀၁၀ ခုနှစ် ဧပြီလ အတွင်းမှာလည်း ၂ ဖွဲ့ ပေါင်းပြီး လူ့အခွင့်အရေးတွေ ချိုးဖောက် ခံနေကြရတဲ့ အမျိုးသမီးတွေ အတွက် ခုံရုံးဖွဲ့ ကြားနာမှုတွေ ပြုလုပ်သွားဖို့လည်း စီစဉ် ထားတယ်လို့ ဆိုပါတယ်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများအဖွဲ့ကို နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီး ၆ ယောက်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံက နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ အဖွဲ့ဝင်အဖြစ် ထည့်သွင်းပြီး ၇ ယောက်အဖွဲ့လို့ သတ်မှတ် ထားတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်နဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာကြောင့် သူတို့နဲ့အတူ ဒီလှုပ်ရှားမှု တွေမှာ ပါဝင်နိုင်ခြင်း မရှိတာကြောင့် သူတို့ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တစိုက် မတ်မတ် ကြိုးစား လုပ်ဆောင် နေကြတာပါ။
တိဘက် အဝေးရောက်အစိုးရ တည်ထောင်တဲ့ နှစ် ၅၀ မြောက် အထိမ်းအမှတ် အနေနဲ့ တိဘက် ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) က ဒီ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးများ အဖွဲ့ကို ဖိတ်ကြား ခဲ့တာကြောင့် သူတို့ အိန္ဒိယနိုင်ငံကို ရောက်ရှိ နေကြရာက အခုလို ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Ref: VOA News
Thursday, October 29, 2009
သတင်းထောက်နှင့် လူငယ်အချို့ ဖမ်းဆီးခံရ
NEJ / ၂၈ အောက်တိုဘာ ၂၀၀၉
Foreign affair ဂျာနယ်မှ ဘာသာပြန် အယ်ဒီတာ ကိုသန့်ဇင်စိုး အပါအဝင် လူငယ် (၈) ဦးသည် အောက်တိုဘာ (၂၇) ရက်ည၌ ဒဂုံဆိပ်ကမ်း မြို့နယ် ယုဇန ဥယျာဉ်မြို့တော်အိမ်ရာရှိ ၎င်းတို့နေထိုင်ရာ တိုက်ခန်းတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရကြောင်း ကိုသန့်ဇင်စိုး၏ လုပ်ဖော်ကိုင်ဖက် တဦးက ပြောသည်။
၎င်းက “ကိုသန့်ဇင်စိုးရယ်၊ အရင်က ပြည်မြန်မာ ဂျာနယ်မှာ လုပ်ကိုင်ဖူးပြီး လက်ရှိ Freelance သတင်းထောက် အဖြစ် လုပ်ကိုင်နေတဲ့ ကိုပိုင်စိုးဦး အပါအဝင် လူငယ် စုစုပေါင်း (၈) ဦးကို သူတို့နေထိုင်ရာ ယုဇန ဥယျာဉ်မြို့တော်က တိုက်ခန်းမှာ အာဏာပိုင်တွေက လာပြီး ဖမ်းသွားတယ်။ ကျနော် သိသလောက် ကိုသန့်ဇင်စိုး ဆိုတာဟာ ဧရာဝတီတိုင်း အတွင်းမှာ နာဂစ်မုန်တိုင်းဘေး ဖြစ်ပြီးနောက် နာဂစ်ဘေးဒဏ် သင့်တဲ့ ပြည်သူတွေကို ကူညီဖို့ဆိုပြီး ဂျာနယ် သတင်းထောက် အများစုနဲ့ စိတ်တူကိုယ်တူ စုစည်းထားတဲ့ လင်းလက်ကြယ် ဆိုတဲ့ အကူအညီ ပေးရေး အုပ်စုထဲက ဖြစ်တယ်။ နာဂစ်မုန်တိုင်း ကူညီရေး ကိစ္စတွေကို တက်တက်ကြွကြွ လုပ်ကိုင်နေသူဖြစ်တယ်။ နောက် ကိုပိုင်စိုးဦးကလည်း အဲဒီအဖွဲ့က ဖြစ်သလို သတင်းလိုက်ရာမှာ တက်ကြွသူ ဖြစ်တယ်။ တခါတုန်းက ဆိုရင် မီးလောင်တဲ့ သတင်း သွားလိုက်ပြီး သတင်းဓာတ်ပုံ ရိုက်မိလို့ အာဏာပိုင်တွေက ဖမ်းတာကိုတောင် ခံရဖူးတယ်။ ဘေးပတ်ဝန်းကျင်မှာ နေသူတွေ ပြောပြချက် အရတော့ ဧည့်စာရင်း စစ်တာမျိုး မဟုတ်ဘူး။ သူတို့ တိုက်ခန်းကို အသေအချာ လာဝိုင်းပြီး ဖမ်းသွားတာ” ဟု ပြောသည်။
ကိုသန့်ဇင်စိုး အလုပ်လုပ်ကိုင်နေသည့် Foreign affair ဂျာနယ်သည် The Voice ဂျာနယ်နှင့် Living Color မဂ္ဂဇင်းကို ထုတ်ဝေနေသည့် ဒေါက်တာ နေဝင်းမောင် မီဒီယာက ပိုင်ဆိုင်သည့် ဂျာနယ်ဖြစ်သည်။
ကိုသန့်ဇင်စိုးကို ဘာကြောင့် ဖမ်းဆီးသွားရသည် ဆိုသည်ကို ဒဂုံ ဆိပ်ကမ်း မြို့နယ် ရဲစခန်းသို့ စုံစမ်းကြည့်ရာ ၎င်းတို့ အနေဖြင့် မသိရကြောင်း၊ အက်စ်ဘီနှင့် စရဖက လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ဖြေကြားသည်။
ယခုကဲ့သို့ ကိုသန့်ဇင်စိုး အဖမ်းခံရသည့်အတွက် ၎င်းနှင့်အတူ နာဂစ် လေဘေးသင့် ပြည်သူများကို တက်တက်ကြွကြွ အကူအညီ ပေးနေသည့် လင်းလက်ကြယ် အဖွဲ့တွင် ပါဝင်သူများကလည်း အထူး စိုးရိမ် နေကြကြောင်း၊ လင်းလက်ကြယ် အဖွဲ့တွင် နာမည်ကြီး ဂျာနယ်တိုက် အားလုံးနီးပါးက လူငယ် သတင်းထောက်များ ပါဝင်ကြသည့် အတွက် အချို့ ကြောက်ရွံ့ပြီး တိမ်းရှောင်မှုမှုများ ပြုလုပ် နေကြောင်း သိရသည်။
နာမည်ကြီး သတင်းဂျာနယ်တခုမှ အယ်ဒီတာ လူငယ် အမျိုးသမီး တဦးက “သမီးတို့လည်း လင်းလက်ကြယ် ဆိုပြီး နာဂစ်ဘေးတွေ ဝိုင်းလုပ်ခဲ့တယ်။ ပြီးခဲ့တဲ့ လတွေတုန်းကတောင် သမီးတို့လို ကူညီရေး အန်ဂျီအို အဖွဲ့တွေ တွေ့ဆုံပြီး အမြင်ဖလှယ်တာတွေ လုပ်ခဲ့သေးတယ်။ ခု ကိုသန့်ဇင်စိုးကို ဘာလို့ ဖမ်းတာလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် သမီးလည်း စိုးရိမ်တယ်” ဟု ပြောသည်။
ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီးတဦးကမူ အန်ဂျီအို လုပ်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားကို သတင်းများ ပေးပို့လို့ပဲ ဖြစ်ဖြစ် ဘာကြောင့် ဖမ်းဖမ်း မစိုးရိမ်ကြောင်း၊ သို့သော် ယခုကဲ့သို့ နိုင်ငံအတွက် ကောင်းရာ ကောင်းကျိုး လုပ်ကိုင်နေကြသည့် လူငယ် မျိုးဆက်သစ် သတင်းထောက်များကို မဆီမဆိုင် ဖောက်ခွဲ ဖျက်ဆီးရေး ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထောင်ချမည်ကိုမူ စိုးရိမ်ကြောင်း၊ လက်ရှိ စစ်အစိုးရသည် အလွန်ကောက်ကျစ်သည့် အစိုးရ ဆိုသည်ကို မည်သူမှ မငြင်းနိုင်ကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုသည်။
ယခု သတင်းကြောင့် အဆိုပါသတင်းထောက်များ၏ မိတ်ဆွေ သူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက်များ အကြား အလွန် စိုးရိမ်နေကြကြောင်း စုံစမ်း သိရသည်။
Ref: ခေတ်ပြိုင်
ရမခ တိုင်းမှူးအား ဝခေါင်းဆောင်များ တွေ့ဆုံနှုတ်ဆက်
ခိုင်လင်း / ၂၈ အောက်တိုဘာ ၂၀၀၉
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ သဘောထား အဖြေ မပေးနိုင်သေးသည့် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ခေါင်းဆောင် အချို့သည် တာဝန်မှ ပြောင်းရွှေ့ရန် ရှိနေသည့် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးအား ယခုလ (၂၅) ရက်တွင် သွားရောက် တွေ့ဆုံခဲ့သည်။
ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျံ၊ အထွေထွေ အတွင်းရေးမှူး ဦးပေါက်ယိုယိ ဦးဆောင်သည့် ဝကိုယ်စားလှယ် အဖွဲ့တဖွဲ့ ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့သို့ သွားရောက်ပြီး ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်အား တွေ့ဆုံ နှုတ်ဆက်ခဲ့သည်ဟု အမည် မဖော်လိုသည့် ဝတပ်မှူး တဦးက အတည်ပြုပြောသည်။
၎င်းက “တိုင်းမှူးက လားရှိုးကနေ ပြောင်းရတော့မယ်။ အဲဒီအတွက် ကျနော်တို့ ခေါင်းဆောင်တွေ သွားနှုတ်ဆက်တာ။ ဆွေးနွေးတဲ့ ကိစ္စ မဟုတ်ဘူး။ အခုက တိုင်းမှူး ပြောင်းရမယ့် အတွက် သွားနှုတ်ဆက်တာ သက်သက်ပါ။ အခြား ကိစ္စတွေ မပါဘူး။ သူတို့အားလုံး မနေ့က ပြန်ရောက် လာပါပြီ” ဟု ပြောသည်။
ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်သည် ၂ဝဝ၅ ခုနှစ် နှစ်လယ်ပိုင်းက တိုင်းမှူး ဗိုလ်ချုပ် မြင့်လှိုင် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြီး သူ့နေရာတွင် ရောက်ရှိလာသူဖြစ်ကာ မကြာမီကာလအတွင်း ကာကွယ်ရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ရရန် ရှိနေသည်။
ဝတပ်ဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် ဆက်လက် ဆွေးနွေးရန် ရှိနေပြီး ထိုသို့ ဆွေးနွေးရန် အတွက် ဝနယ်မြေအနီး တပ်ချထားသည့် နအဖတပ်များ ပြန်ရုပ်သိမ်ပေးရန် တောင်းဆို ထားသည်ဟု ဝတပ်ဖွဲ့နှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
၎င်းက “နယ်ခြားစောင့်တပ်ကိစ္စက နောက်ထပ် ဆွေးနွေးဖို့တော့ ရှိတယ်။ သူတို့ကတော့ ဝနယ်နားမှာ ရှိနေတဲ့ နအဖတပ်တွေ အားလုံး ပြန်ဆုတ်ပေးမှသာ နယ်ခြားစောင့် ကိစ္စ ဆွေးနွေးပွဲ လုပ်မယ်လို့တော့ ပြောထားတယ်။ အခုကလည်း တိုင်းမှူးကို သွားနှုတ်ဆက်တာ ဆိုပေမယ့် နယ်ခြားစောင့်တပ် ကိစ္စတွေလည်း ပြောကြ ဆိုကြမယ့် သဘောတော့ ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒု-ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနဲ့ ဗဟိုစစ်ဦးစီးမှူး ကျောက်ကော်အန်းတို့လည်း ပါသွားတယ်” ဟု ပြောသည်။
ဝမြောက်ပိုင်းဒေသအနီး ဟိုပန်မြို့နယ်အတွင်း တပ်မ (၉၉) လက်အောက်ခံ တပ်များနှင့် ရမခ လက်အောက်ခံ တပ်အချို့က သြဂုတ် လကုန်ပိုင်း ဖြစ်ပွားခဲ့သည့် ကိုးကန့် အရေးအခင်း မတိုင်မီ ကာလနှင့် အရေးအခင်း နောက်ပိုင်း ဝင်ရောက် တပ်စွဲနေခြင်း ဖြစ်သည်။
Ref: ခေတ်ပြိုင်
Wednesday, October 28, 2009
စဉ်းစားစရာဝေါဟာရနဲ့စံ
ရဲဘော်ဖိုးသံချောင်း
၂၇ အောက်တိုဘာ ၂၀၀၉
အခုနောက်ပိုင်း နအဖရဲ့ ဒီမိုကရေစီအောက်မှာ အပြောများလာ၊ မီဒီယာတွေထဲမှာ အတွေ့ရ များလာတဲ့ နိုင်ငံရေး ဝေါဟာရ တွေထဲမှာ “စတိတ်စမင်း” (statesman) ဆိုတာလည်း ပါတယ်လို့ ဆိုရပါမယ်။ ဒါကို ဒီတိုင်းပြည်မှာ စကားလုံးကြီးတွေနဲ့ ထုတဲ့ အကျင့်က မပျောက်ကြ သေးပဲကိုးလို့ မှတ်ချက်ချရုံနဲ့ မပြီးဘူး ထင်ပါတယ်။ ဒီစကားလုံး၊ ဒီဝေါဟာရကို ရှေ့တန်းတင် ပြောဆို နေကြသူတွေရဲ့ တကယ့် ရည်ရွယ်ချက်နဲ့ ဗမာပြည် နိုင်ငံရေး နောက်ခံနဲ့ ဟပ်ပြရမယ်လို့ ထင်ပါတယ်။
ဒီပညာရှိတွေဟာ ဒါနဲ့တူညီတဲ့ ဝေါဟာရမျိုး ဗမာစကားထဲမှာ မရှိဘူး ဆိုပြီး (ဒီလို အရည်အချင်း ရှိတဲ့လူ ဗမာပြည်မှာ မရှိဘူးလို့ မပြောရုံတမယ်) အင်္ဂလိပ် အဘိဓာန်ကြီးတွေ၊ နိုင်ငံခြားသား တွေရဲ့ အဆိုအမိန့်တွေနဲ့ ကိုယ်လိုရာ ဆွဲပြီး အနက် ဖွင့်ပြကြပါတယ်။ သူတို့ထဲက တချို့ရဲ့ အဆိုအရ ဒါဟာ “နိုင်ငံရေး ရေချိန် နိမ့်နေသေးတဲ့ ဗမာပြည်သားတွေ” ကို ပညာပေးတဲ့ သဘော ဖြစ်ဟန် တူပါတယ်။ သူတို့ရေးတာတွေ ထဲမှာ သတိထားမိတဲ့ တချက်က သူတို့ပြောတဲ့ စတိတ်စမင်း ဆိုတာမျိုးကို ဗမာပြည်သား ထဲက တဦး တယောက်ကိုမှ ကိုးကား ထောက်ပြတာ မတွေ့ရတာပါပဲ။ ဒီတော့ အင်္ဂလိပ်နယ်ချဲ့ သမားနဲ့ ဂျပန် ဖက်ဆစ်တွေကို တွန်းလှန် ဖယ်ရှားခဲ့တဲ့၊ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းစစ်ကို ဆင်နွှဲနေတဲ့၊ နှစ်ပေါင်း (၅ဝ) နီးပါး စစ်အာဏာရှင်တွေကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ဒီနိုင်ငံမှာ စတိတ်စမင်း တယောက်မှ မရှိပါကလားလို့ တွေးယူရမလို ဖြစ်လာပါတယ်။
တကယ်ကျတော့ ဗိုလ်သန်းရွှေတို့ခေတ်မှာ ပေါ်ထွန်းလာတဲ့ ဂုရုများဟာ လက်ရှိ အတိုက်အခံ နိုင်ငံရေး လုပ်နေသူတွေကို ရှုတ်ချတဲ့ သဘောနဲ့ ဒီလို စံတခု တင်နေကြတာ ဖြစ်ပါတယ်။ အတိုက်အခံ နိုင်ငံရေး သမားတွေဟာ မီဒီယာ အမျိုးမျိုးမှာ ဘယ်လိုပဲပွဲထွက် နေနေ၊ ဘာကြေညာချက်တွေ ထုတ်နေနေ တယောက်မှ စတိတ်စမင်း မဟုတ်ဘူးလို့ ဆိုချင်ကြတာပါ။ ဦးဝင်းတင်က စလို့ ပြည်ပရောက်တွေ အဆုံးကို သူတို့က နာမည် မတပ်ရုံတမယ် စောင်းလို့တဖုံ၊ တည့်တည့်တမျိုး အပြစ်ရှာပြနေတာ ဖြစ်ပါတယ်။ အဲဒီလို အရေးအသား တွေထဲက ဆောင်းပါးတပုဒ်မှာ “လက်တွေ့မကျသော၊ စိတ်ကူးယဉ် ဝါဒနှင့် အလုပ်မဖြစ်သော အစစ်အမှန် ဝါဒတို့ကို ရှောင်ရှား နိုင်ရေးသည် စတိတ်စမင်း၏ အရည်အချင်း တပါးဖြစ်သည်” လို့ ရေထားပါတယ်။ ဆိုလိုတာက ရှင်းပါတယ်။ ဘယ်လိုပဲ ဝေ့ကာဝိုက်ကာ ရေးနေနေ၊ အပြီးသတ်တော့လည်း ဝှီးဖတ် ဆိုသလို ဒီဘူတာကိုပဲ ဆိုက်တာပါ။ နအဖ စီစဉ်သမျှကို လက်မခံရင် လက်တွေ့ မကျဘူး၊ စိတ်ကူးယဉ်ဝါဒ ဖြစ်တယ်လို့ ဆိုပြီး ရွေးကောက်ပွဲ ဝင်ခိုင်းတာပါပဲ။ ဒီနေ့ဗမာပြည်ရဲ့ နိုင်ငံရေး ဇာတ်ခုံမှာ စတိတ်စမင်း ဆိုသူဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့်တယ်ဆိုတဲ့ သဘောထား ရှိကိုရှိရမယ်လို့ ဆိုလိုက်တာပါ။
သူတို့ ဒီလိုပြောဆိုရေးသားနေတာတွေကို နအဖ စစ်အစိုးရက သဘောကျမယ် ဆိုတာကတော့ ဘာမှ သံသယဖြစ်စရာ မလိုပါဘူး။ ဒါကြောင့် ရေးသူများဟာ သူတို့ရဲ့ရည်မှန်းချက် ကိုတော့ အရောက်သားလို့ အောက်မေ့ရမှာပါ။ ဒါပေမယ့် ဒီနေရာမှာ သူတို့ကို မေးလိုက်ချင်စရာ တချက် ပေါ်လာပါတယ်။ အဲဒါက ဒီလိုဆိုရင် ဗိုလ်နေဝင်း - ဗိုလ်သန်းရွှေ အပါ နိုင်ငံတကာထွက် လှုပ်ရှားနေကြတဲ့ ဗိုလ်သိန်းစိန် - ဗိုလ်ဉာဏ်ဝင်းတို့ အလယ်၊ ပြုတ်သွားတဲ့ ဗိုလ်ခင်ညွန့် - ဗိုလ်စောမောင် အဆုံး ဘယ်သူတွေကိုများ စတိတ်စမင်းလို့ သတ်မှတ်လို့ ရပါသလဲလို့။ ဒါကိုတော့ သူတို့က ဘယ်သူဖြင့် ဟုတ်တယ်၊ ဘယ်သူဖြင့် မဟုတ်ဘူးလို့ ပြောရဲမယ် မထင်ပါဘူး။ သူတို့ ခံစားနေရတဲ့ ဒီမိုကရေစီကလည်း အကန့်အသတ် ရှိနေတာကိုး။
ဒီလိုနဲ့ ဗမာပြည်မှာ ဘယ်သူ့ကိုများ စတိတ်စမင်းလို့ သတ်မှတ်နိုင်သလဲ ရာဇဝင် လှန်မှောက်၊ ဝက်ဘ်ဆိုက်တွေ ချောင်းပေါက်လို့ ဒေါင်းတောက်အောင် ရှာပစ်လိုက်တော့ နောက်ဆုံးမှာ “လား-လား၊ ငါနဲ့ငါပဲ ရှိတာကိုး” လို့ ဆိုချင်ကြတာနဲ့ တူနေပါတယ်။ သူတို့ရဲ့ ရေးသားချက် တခုမှာလည်း “အသွင် ကူးပြောင်းနေသော ကာလတွင် မည်သည့် အရာသည် တိုးတက်သည်၊ မည်သည့် အရာသည် ဖောက်ပြန်သည် ဆိုသော အချက်ကို စတိတ်စမင်းက ရွေးချယ် နိုင်ရမည်” လို့ ရေးထားပါတယ်။ ဆိုလိုတာ သူတို့လို စစ်အုပ်စု လုပ်နေတာတွေကို တိုးတက်တဲ့ အရာတွေအဖြစ် ကြည့်မြင်နိုင်ရမယ်၊ အတိုက်အခံတွေ လုပ်နေတာတွေကို ဖောက်ပြန်တဲ့ အရာတွေလို့ ကြည့်မြင် နိုင်ရမယ်လို့ ဆိုတာပါပဲ။ စတိတ်စမင်း ဆိုတာရဲ့စံကို တင်ပြသလိုလိုနဲ့ နအဖရဲ့စံကို ပွဲထုတ် နေကြတာ ဖြစ်ပါတယ်။
သူတို့ပြောတဲ့ စတိတ်စမင်းဆိုတာက ပြည်ပမှာပဲ ရှိသလိုလို၊ ကစ်ဆင်းဂါးလို ဗီယက်နမ် လူမျိုး အသောင်းအသိန်းကို သတ်ဖြတ်ခဲ့သူ ကိုပဲ စတိတ်စမင်း ခေါ်ရမလိုလို၊ စတိတ်စမင်းဆိုတာ လူသူတော်လိုလို ညွှန်းကြပါတယ်။ သူတို့ခမျာ ဘာမှ အငြင်းပွားဖွယ် မရှိတဲ့ ဗမာပြည် အတွက် လွတ်လပ်ရေး ရယူနိုင်အောင်လုပ်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်များကိုတောင် လက်ညှိုး ထိုးမပြရဲပါဘူး။
စတိတ်စမင်းဆိုတဲ့ ဝေါဟာရဟာ အစောပိုင်းမှာရော၊ အခုနောက်ပိုင်း မှာပါ နိုင်ငံရေး လောကထဲမှာ တွင်ကျယ်နေတဲ့ မင်းညီမင်းသားတွေ၊ လူဂုဏ်တန်တွေ အတွက် အသုံးပြုတဲ့ ဝေါဟာရတခု ဖြစ်ပါတယ်။ အနောက်နိုင်ငံ မီဒီယာတွေနဲ့ ပါတီကြီးတွေက တခြား ပါတီငယ်တွေ၊ အလုပ်သမား ခေါင်းဆောင်လို လူတွေ၊ အထူးသဖြင့် အတိုက်အခံ နိုင်ငံရေး သမားတွေကို နှာခေါင်းရှုံ့ရာမှာ ကိုယ့်လူကိုယ် အမွှန်းတင်ဖို့ အတွက်၊ ငါမှတပါး လုပ်ဖို့အတွက် သုံးတဲ့ ဝေါဟာရလို ဖြစ်နေတယ် ဆိုတာကော သတိ ထားမိကြပါ သလား။ လက်နက်ကိုင် တော်လှန်တဲ့ လူတွေကို စတိတ်စမင်း စာရင်း မသွင်းတာကို ပြန်စဉ်းစားကြည့်ပါ။ ဘက်လိုက်မှု အပြည့်ရှိတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ အစိုးရ ဆန့်ကျင်သူတွေကို စတိတ်စမင်းလို့ ခေါ်ကြ၊ ရေးကြသူတွေဟာ လက်ဝဲ သမားတွေ ထဲကသာ များပါတယ်။ ကျန်တဲ့လူတွေက အသိအမှတ် မပြုချင်လှပါဘူး။ ဒါကြောင့် တချို့ကများဆိုရင် ဒီအသုံးအနှုန်းကို အင်္ဂလိပ်လူမျိုး တို့ရဲ့ (snobbery) ကိန်းကြီး ခန်းကြီး ဂိုက်ထုတ်မှု တမျိုးလို့တောင် ဆိုကြပါတယ်။
တဆက်တည်း ပြောစရာဖြစ်လာတာက ဒီနေ့ဗမာပြည် နိုင်ငံရေးမှာ လိုအပ်နေတာက သူတို့ပြောတဲ့ စတိတ်စမင်း ကြီးတွေလား ဆိုတာပါပဲ။ ဗမာပြည်ကြီး ဒီလို ပစ်စလက်ခတ် ဖြစ်နေတာကို စတိတ်စမင်းကြီးတွေ ကမှ ကယ်တင်နိုင်မှာလား၊ ဗမာပြည်သူတွေ ရာစုနှစ် တဝက်နီးပါး မျှော်လင့် တောင့်တနေတဲ့ ဗမာပြည် သစ်ကြီးကို စတိတ်စမင်းကြီး တွေကမှ တည်ဆောက် နိုင်မှာလား။ စတိတ်စမင်းတွေရဲ့ ပါးစပ်က ပြောတဲ့ ဒီမိုကရေစီကမှ ဒီမိုကရေစီ၊ လယ်သမားက ဒီမိုကရေစီ စကား ပြောတာကို မတန်မရာစကား ပြောတယ်လို့ ဆိုချင်တာလား။
ဗမာပြည်နိုင်ငံရေးမှာ နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ လူငယ်တွေကို အဲဒီလို သဏ္ဌာန် ဆန်တဲ့ ကိစ္စတွေမှာ စီးပါ နစ်မျောနေတာ၊ အရည်မရ အဖတ်မရ ငြင်းခုန်မှုတွေနဲ့ပဲ အချိန်တွေ ကုန်နေတာဟာ နအဖ အဖြစ်စေချင်ဆုံး အခြေအနေ တခုဖြစ်ပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ လူငယ်တွေအနေနဲ့ ဗမာပြည် နိုင်ငံရေးမှာ ဘယ်သူ့ကိုမှ စတိတ်စမင်း ခေါ်သင့်တယ်၊ ဘယ်သူ့ကိုတော့ မခေါ်သင့်ဘူး စသဖြင့် ငြင်းခုန်နေကြရင် ဒီနေ့ လက်တွေ့ လုပ်စရာတွေကို မျက်ခြည် ပြတ်သွားနိုင်ပါတယ်။ ပြည်ပက သိသင့်တာတွေကို ပြည်တွင်း သယ်လာတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ပြည်ပကစံတွေနဲ့ ပြည်တွင်း နိုင်ငံရေးကို ရှုပ်ထွေးအောင် လုပ်ရင်တော့ ခွင့်မလွှတ်သင့်ပါဘူး။
ဗမာပြည်သားများအနေနဲ့ လက်ရှိအခြေအနေမှာ ဒီလူကြီးမင်းတို့ရဲ့ စတိတ်စမင်း ကြီးတွေကို ကယ်တင်ရှင်လို မျှော်ယောင်နေ ကြလို့ မဖြစ်ပါဘူး။ သူတို့ စကားအတိုင်းပဲ ပြောရရင် ဒါဟာ လက်တွေ့မကျပါဘူး။
Ref: ခေတ်ပြိုင်
ထောင်အကြောက်တရား မဟောရန် ဦးဝင်းတင် ပြော
မြင့်မောင်
အင်္ဂါနေ့၊ အောက်တိုဘာလ 27 ရက် 2009
နယူးဒေလီ(မဇ္ဈိမ)။ ။ ထောင်အကြောက်တရား မဟောကြားရန် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ယနေ့ ပြောကြား လိုက်သည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အပါအဝင် လူဦးရေ ၂၀၀ ကျော်က သတင်းစာဆရာ ဦးဝင်းတင်ကို ကြည်ညို လေးစားသော အားဖြင့် မြန်မာ့ရိုးရာ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပစဉ် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တချို့လူတွေက ထောင်ကြောက်ရမယ်ဆိုတဲ့ တရားတွေ ဟောနေကြတယ်။ နားမယောင်ပါနဲ့၊ နားမထောင်ပါနဲ့။ အဲဒီလို ပြောခြင်းက ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးနဲ့ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်တို့ကအစ အကုန်လုံးကို စော်ကားသလို ဖြစ်နေတယ်။ အဲဒီလို စကားတွေ လက်မခံပါနဲ့။ ထောင်ကို ရှောင်ရင် ရှောင်ပါ၊ ထောင်ကြောက်တဲ့ တရားကို ကိုယ်လည်း မဟောနဲ့၊ ကိုယ့်ကို ပြောရင်လည်း လက်မခံပါနဲ့” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောပြသည်။
လက်ရှိတွင် မြန်မာပြည်ရှိ ပညာသင်ရေး၊ သက်မွေးဝမ်းကြောင်း၊ လုပ်ငန်းကိုင်ငန်း၊ လယ်ထွန် စိုက်ပျိုးရေး အပါအဝင် နယ်ပယ်စုံတွင် ထောင်နံရံများ ကဲ့သို့ ပိုင်းခြား ခံထားရသဖြင့် တပြည်လုံး အကျဉ်းကျ နေကြောင်း အန်အယ်ဒီ၏ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်က ပြောသည်။
သက်ကြီးပူဇော်ပွဲသို့ အကျဉ်းကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုပဏ္ဍိတ်ထွန်း၊ ဗကသ ကျောင်းသား ခေါင်းဆောင် ဒီငြိမ်းလင်းနှင့် အန်အယ်ဒီ ပါတီဝင်များ၏ မိသားစု ဝင်များအပြင် လက်ရှိ တက္ကသိုလ် ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့သည်။
ဦးဝင်းတင်သည် ၁၉ နှစ်ကျော် အကျဉ်းကျခံရပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။ သို့သော် ထောင်ပြင်ပတွင်လည်း လွတ်မြောက်ခြင်း မရှိသည့် အထိမ်းအမှတ်အဖြစ် ထောင်အင်္ကျီ အရောင် ဖြစ်သည့် အပြာရောင် အင်္ကျီကိုပင် တစိုက်မတ်မတ် ဝတ်ဆင်လာခဲ့သည်။
ပူဇော်ပွဲနှင့်ပတ်သက်ပြီး ဦးဝင်းတင်က ''အခုလို အချင်းချင်း ပေါင်းစည်းပြီး စည်းရုံး ညီညွတ်မှု၊ သွေးစည်း ညီညွတ်မှု ပိုမို ကောင်းမွန်လာတဲ့အပြင်၊ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်တဲ့ ကန်တော့ပွဲဖြစ်သလို၊ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ဂါရဝပြုတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်'' ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁၇၀ ခန့် ရှိနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း - AAPP (B) အရ သိရသည်။
ယနေ့ ကျင်းပသည့် ဂါရဝပြု ပူဇော်ပွဲတွင် ဆရာကြီးက လွတ်လပ်သော အာရှအသံ RFA တွင် ထုတ်လွှင့်သည့် စာရေးဆရာမ နှင်းပန်းအိမ်၏ 'အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်' ဆောင်းပါးကို ရည်ညွှန်းကာ မြန်မာပြည်သည် သူရဲကောင်းတို့ တိုင်းပြည်ဖြစ်ကြောင်း ပြောသွားသည်။
ထို့အပြင် ဗကသ ခေါင်းဆောင်ဟောင်းနှင့် အကျဉ်းသားဟောင်း ကိုအောင်ဒင် ရေးခဲ့သလို 'သူရဲကောင်းတို့ရဲ့ ခြေအစုံကနေ မြူတမှုန် ကျန်ရစ်ရင်တောင် အောင်မြေဖြစ်တယ်' ဆိုသကဲ့သို့ နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် အကျဉ်းကျခံ ဘဝကို စိတ်ဓာတ် မကျဘဲ ရပ်တည်ချက် အခိုင်အမာဖြင့် ဆက်လက်လုပ်ကိုင်ရန် တိုက်တွန်းသွားသည်။
Ref: မဇ္ဈိမ
ဝ' တပ်ဖွဲ့ အလျှော့ပေးမည့် လက္ခဏာမရှိဟု အကဲခတ်များ ပြော
မုံပီး
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 28 ရက် 2009
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဝ'ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA သည် စစ်အစိုးရ အဆိုပြုထားသည့် နယ်ခြားစောင့် တပ်ဖွဲ့ BGF အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သဘော တူညီလိုက်ပြီ ဟူသော ကောလာဟလကို တရုတ်-မြန်မာ နယ်စပ် အခြေစိုက် အကဲခတ်တဦးက မဖြစ်နိုင်ကြောင်း ငြင်းဆို ပြောကြား လိုက်သည်။
စစ်အစိုးရက သူတို့အဆိုကို လက်ခံရန် ထပ်တလဲလဲ ဖိအား ပေးခဲ့ပြီးနောက် အင်အား ၂၅၀၀၀ ရှိ ဝ'တပ်ဖွဲ့သည် စစ်အစိုးရ၏ အစီအစဉ်ကို လိုက်နာရန် သဘော တူညီခဲ့သည်ဟု မြန်မာ့အရေး အကဲခတ်များ အကြား ကောလာဟလများ ပျံ့နှံ့ခဲ့သည်။
''နအဖ SPDC ကမ်းလှမ်းတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ရေး အစီအစဉ်ကို ဝ'တပ်ဖွဲ့ က မကြာသေးခင်က လက်ခံ လိုက်တယ်လို့ ကျနော် ကြားတယ်'' ဟု သတင်းရပ်ကွက် တခုက စစ်အစိုးရ၏ တရားဝင်အမည် ဖြစ်သော နိုင်ငံတော် အေးချမ်းသာယာရေး ကောင်စီ SPDC ကို ရည်ညွှန်း၍ မကြာသေးခင်က မဇ္ဈိမကို ပြောကြားခဲ့သည်။
သူ့ယှဉ်ပြိုင်ဘက်များကို အနိုင်ရရေး ကြိုးပမ်းသည့်အနေနှင့် စစ်အစိုးရ ကမ်းရိုးတန်းတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် ကျော်ဝင်းကလည်း ရန်လိုသည့် အပြုအမူများ ပြသခဲ့ကြောင်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
သို့သော် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် အကဲခတ်တဦး ဖြစ်သည့် ဦးအောင်ကျော်ဇော က မူ ဝ' တပ်ဖွဲ့နှင့် စစ်အစိုးရကြား သဘောတူညီမှု ရရှိခဲ့ခြင်း မရှိသေးကြောင်း၊ နောင်တွင် ရရှိနိုင်ဖွယ်ရှိသည် ဆိုသည့် သတင်းကိုမူ ငြင်းဆိုခြင်း မပြုနိုင်ကြောင်း ပြောသည်။
''အခုထိတော့ ဒီလိုမျိုး သဘောတူညီမှုမျိုး မရှိသေးပါဘူး။ ဒီတလောအတွင်း စစ်အစိုးရနဲ့ ဝ'တပ်ဖွဲ့ ကြားမှာလည်း အဆင့်မြင့် ဆွေးနွေးပွဲတွေ မရှိသေးပါဘူး။ တင်းမာမှု ကတော့ ကြီးကြီးမားမား ရှိနေဆဲပဲ၊ နှစ်ဖက်လုံးက တပ်အင်အား ဖြည့်တင်းတာတွေ လုပ်နေတယ်'' ဟု ဦးအောင်ကျော်ဇောက ပြောသည်။
သို့သော် တောင်ပိုင်း ဝ'တပ်ဖွဲ့ တပ်မှူး ဖြစ်သည့် ဝေရှောက်ခန်း အပါအဝင် ဝ' တပ်မှူး အတော် များများတွင် စီးပွားရေး အကျိုးစီးပွားများ ရှိနေသည့် အတွက် နောင်တွင် ဤသို့ သဘော တူညီမှုမျိုး မရနိုင်ဟုမူ မဆိုနိုင်ကြောင်း သူက ပြောသည်။
''ဒါပေမဲ့ ခေါင်းဆောင်တွေက ဒီအဆိုပြုချက်ကို လက်ခံချင်တယ် ဆိုဦးတော့၊ အောက်ခြေနဲ့ အလယ်အလတ် ခေါင်းဆောင်တွေက လက်ခံမယ့် အလားအလာ မရှိဘူး'' ဟု သူက ဆက်လက် ပြောဆိုသည်။
သူတို့၏ တပ်ဖွဲ့များကို စစ်အစိုးရအုပ်ချုပ်မည့် နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် အသွင် ပြောင်းလဲရေး အဆိုပြုချက်ကို ဝ' တပ်ဖွဲ့နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် KIA အပါအဝင် တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့ အနည်းငယ်က ဆန့်ကျင် ပယ်ချခဲ့ကြသည်။
သူတို့၏ အဆိုပြုချက်ကို အကြောင်းပြန်ရန် နောက်ဆုံး နေ့ရက်ကို အောက်တိုဘာ လကုန် အထိ စစ်အစိုးရက ပေးထားသည်။ ဤကန့်သတ်ရက် ကျော်လွန်သည့် အခါ မည်သို့ ဆောင်ရွက်မည် ဆိုသည်ကိုမူ သဲကွဲစွာ မသိရသေးပါ။ တိုက်ပွဲများ ဖြစ်ပွားလာမည့် အရိပ်အယောင်အဖြစ် မြန်မာ တပ်ဖွဲ့များ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများသို့ ပြောင်းရွှေ့ ချထားနေသည်ကို တွေ့ခဲ့ရသည်ဟု ကိုယ်တိုင် မြင်တွေ့ခဲ့ရသူများ က ပြောသည်။
ဤအတောအတွင်း ရှမ်းပြည်နယ်နှင့် တိုင်းရင်းသား သူပုန်တပ်ဖွဲ့များ အကြောင်း အသေးစိတ် ရေးသား တင်ဆက်နေသည့် ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ် - SHAN အယ်ဒီတာ ဦးစိန်ကြည်ကမူ စစ်အစိုးရ၏ အဆိုပြုချက်ကို ဝ'တပ်ဖွဲ့က လက်ခံလိုက်ကြောင်း သဘောတူညီ ချက် ရရှိခဲ့သည် ဟူသော သတင်းမျိုး ယခုအထိ သူကြားသိရခြင်း မရှိသေးကြောင်း ပြောသည်။
''ကျနော် ပန်ဆန်း (ဝ'မြို့တော်) က ရတဲ့ သတင်းတွေအရ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ အဆိုပြုချက်ကို လက်ခံလိုက်တယ် ဆိုတာမျိုး သဘောတူ လိုက်ပြီ ဆိုတာမျိုး မကြားသေးပါဘူး'' ဟု ဦးစိန်ကြည်က ရှင်းလင်းပြောပြသည်။
''နှစ်ဖက်ကြား တင်းမာမှုကတော့ ကြီးတုန်းပဲ။ နှစ်ဖက်အကြား တရားဝင် ဆွေးနွေးနေတာ မျိုးလည်း မရှိဘူး'' ဟု သူက ဆက်လက်ပြောဆိုသည်။
ဖုန်ကြားရှင် ခေါင်းဆောင်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - MNDAA ကို စစ်အစိုးရက သြဂုတ်လ အတွင်းက တိုက်ခိုက်ခဲ့ပြီးနောက် မုန်းလား အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS) အပါအဝင် အခြားငြိမ်းချမ်းရေး တပ်ဖွဲ့များ ကိုလည်း အလားတူ တိုက်ခိုက်မှုများ ပြုလုပ် လာလိမ့်မည်ဟု အကဲခတ်များက ခန့်မှန်း တွက်ဆ ခဲ့ကြသည်။
သို့သော် စစ်အစိုးရ၏ အဆုံးစွန် ရည်မှန်းချက်မှာ အင်အား အကြီးဆုံးနှင့် သူတို့ စစ်အစိုးရ အုပ်ချုပ်မည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ခြိမ်းခြောက်နေသည့် ဝ' တပ်ဖွဲ့ကို အလဲထိုးရေးပင် ဖြစ်သည်ဟု ဝေဖန် သုံးသပ်သူများက ပြောဆိုကြသည်။
စစ်အစိုးရ၏ အစီအစဉ်အရ နယ်ခြားစောင့်တပ်များ အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းရေးကို ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ အပြီး ပြုလုပ်ရမည် ဖြစ်သည်။
ဤသို့ အင်အားသုံး ဖိနှိပ်ဖြိုခွဲရုံဖြင့် တိုင်းရင်းသား လူမျိုးများ၏ မျှော်မှန်းချက် များကို အသံ တိတ်သွားအောင် လုပ်နိုင်မည် မဟုတ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။
''ဝ တပ်ဖွဲ့ ခေါင်းဆောင်တွေက စစ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး သူတို့ အဆိုပြုချက်ကို လက်ခံချင်တယ် ဆိုဦးတော့ ဝ' တွေက နောက်နာမည် တခုနဲ့ ပြန်ပေါ်လာပြီး သူတို့ ခုခံစစ်ကို ဆက်တိုက်ဦးမှာပဲ။ သူတို့ကို အသံ တိတ်သွားအောင် လုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး'' ဟု သူက ဆက်လက် ပြောဆိုသည်။
ပေါက်ယူချန်း ခေါင်းဆောင်သော UWSA တပ်ဖွဲ့သည် ဗမာပြည် ကွန်မြူနစ် ပါတီမှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်တွင်ပင် ထိုအချိန်က စစ်အစိုးရ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည်။
Ref: မဇ္ဈိမ
Tuesday, October 27, 2009
နအဖ နှင့်ဆက်ဆံရေး ၀/မိုင်းလား တို့ နည်းဗျူဟာ ပုံစံပြောင်း
တနင်္လာနေ့၊ 26 အောက်တိုဘာလ 2009
E-mail Print
စစ်အစိုးရ နှင့် UWSA ၀ တပ်ဖွဲ့ NDAA-ESS မိုင်းလား အပစ်ရပ် တပ်ဖွဲ့တို့အကြား ဆက်ဆံရေး လချီ တင်းမာ ခဲ့ရာမှ မကြာသော အချိန်အတွင်း ဆက်ဆံရေး ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း တရုတ်နယ်စပ် သတင်း ရပ်ကွက် အရ သိရ ပါသည်။
ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး နှင့် တွေ့ဆုံရန် မကြာတော့သော အချိန်အတွင်း မိုင်းလားတပ်ဖွဲ့ အဆင့်မြင့် ကိုယ်စားလှယ် စေလွတ်မည်ဟု ပန်ဆန်း ကုန်သည် တဦးက ပြော၏။
“ကျနော် သိရသလောက်ဆို စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို မူအရသာ သူတို့ လက်ခံတယ်၊ ပြောင်းဖို့ကိုတော့ ဒီမိုကရေစီ အစိုးရသစ် ပေါ်လာမှ ဆုံးဖြတ်မယ်၊ အခု အခြေအနေထိ သူတို့ရဲ့ ရပ်တည်မှုက မပြောင်းဘူး၊ ဒါပေမဲ့ ပုံစံ နည်းနာပြောင်းတာ” - ဟု အဆိုပါ ကုန်သည်က ပြော၏။
ဝ ပြည်သွေးစည်းရေး တပ်မတော် UWSA ပန်ဆန်း ဌာနချုပ်ကလည်း ယခု လကုန်ပိုင်း စစ်အစိုးရနှင့် သွားရောက် တွေ့ဆုံ ဖွယ်ရှိကြောင်း၊ သွားမည့်သူနှင့် နေ့ရက် နေရာ အတိအကျကိုမူ မသိရသေးကြောင်း ၀ အရာရှိ အသိုင်းအ၀ိုင်းက ဆိုသည်။
“ BGF ပြောင်းတာမပြောင်းတာက အစိုးရသစ် ပေါ်လာမှ ကျနော်တို့ ဆုံးဖြတ်မယ်။ အထူးဒေသတိုင်း အစား ဖက်ဒရယ် ပြည်ထောင်စု ထဲက ပြည်နယ်တခု အဖြစ် ကျနော်တို့ လိုချင်တယ်။ ဒါနဲ့ပတ်သက်ပြီး ပြုပြင် ပြောင်းလဲဖို့ မရှိဘူး။ လောလောဆယ် ဆက်ဆံရေးက သဘောထား ကြီးပြီး Compromise ဖြစ်ဖို့ လိုတယ်။ စစ်အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ လားရှိုး စစ်တိုင်းရုံး ဖြစ်ဖြစ် တန့်ယန်း မြို့မှာဘဲ ဖြစ်ဖြစ် ကျနော်တို့ အဆင့်မြင့် အရာရှိတွေ စေလွတ်ဖို့ ရှိတယ်” - ဟု အမည်မဖေါ် လိုသည့် ၀ အရာရှိတဦးက ပြောပါသည်။
သြဂတ်စ်လ နှောင်းပိုင်း ကိုးကန့် အရေးအခင်း မတိုင်မီ ကတည်းက နယ်စပ်ရှိ အပစ်ရပ် တပ်ဖွဲ့များ အားလုံး BGF/HGF အသွင် ပြောင်းရန် စစ်အစိုးရဘက်မှ အင်အားပြ ဖိအား ပေးသည့်အတွက် နှစ်ဘက် အင်အား ဖြည့်တင်း စစ်ရေး ပြင်ဆင်ခဲ့ ကြသည်။ ကိုးကန့် ဒေသကိုလည်း စစ်အစိုးရ အင်အားသုံးပြီး ၀င်ရောက် သိမ်းပိုက်သည် အထိ ဖြစ်ခဲ့သည်။
တရုတ်-မြန်မာနယ်စပ် တလျှောက် တည်ငြိမ်အေးချမ်းရေး အတွက် ထိန်းသိမ်း စောင့်ရှောက်ကြရန် နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးအား တရုတ် ဒုဝန်ကြီးချုပ် လီခေချဲန်က အောက်တိုဘာ ၁၉ ရက်ကတိုက်တွန်း လိုက်ပါသည်။ ထိုင်းနိုင်ငံ ဟိုဟင်၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင်လည်း တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်က နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား ထိုနည်းတူ ပြောကြားခဲ့သည်။ “အဲဒီအချက်တွေကြောင့် စစ်အစိုးရနဲ့ အပစ်ရပ်တွေ သဘောထား ပြောင်းလဲ လာတာလဲ ဖြစ်နိုင်တယ်” - ဟု ထိုင်းနယ်စပ်ရှိ နိုင်ငံရေး လေ့လာသူ တဦးက သုံးသပ်ပါသည်။
Ref: သျှမ်းသံတော်ဆင့်