စွာကျယ် / ၂၄ ဖေဖော်ဝါရီ ၂၀၀၉
ကြပ်ပြေးနေပြည်တော်ပေါ်ခါစကနေ အခုဆိုရင် (၂) နှစ်ကျော် (၃) နှစ် အတွင်း ချင်းနင်းဝင်ရောက်လာလို့ ဒို့ရွှေဗမာဝန်ထမ်းတွေ ကြပ်ပြေး နေပြည်တော်မှာနေရ၊ ထိုင်ရ၊ သွားရ၊ လာရ၊ စားရ၊ သောက်ရ အခြေကျသလို ဖြစ်နေပြီပေါ့လို့ ရန်ကုန်ကိုပြန်ရင်း ဒီမေးခွန်း အမေးခံရတယ်။
သေချာတာပေါ့၊ ကျုပ်တို့ အခုနေပြည်တော်မှာ ဘယ်နားသွားရင် ဘာရှိတယ်၊ ဘယ်စားစရာက ဘယ်မှာဝယ်လို့ရတယ်၊ ဘာပစ္စည်းဆိုရင် ဘယ်မှာရတယ်၊ ဆေးရုံဆိုရင် ဘယ်လောက်ဝေးတယ်၊ ဘယ်လိုသွားရတာ ခက်တယ်နဲ့ အခုဆို မြို့မသုသာန်က ဘယ်ကိုရွှေ့လို့ ဘယ်ကို ရောက်သွားပြီဆိုတာတွေပါ သိကြပြီ၊ ကြားကြရပြီ၊ ကိုယ်တွေ့လဲမြင်ရပြီဆိုတော့ စောစောက မေးခွန်းကို ဘာမှမစဉ်းစားရဘဲ ပျဉ်းမနားနေပြည်တော်အကြောင်း ပြောနိုင်ကြပြီ။
ပျဉ်းမနား-တောင်ညိုကားလမ်းက သေးသေးလေး။ ဒါ ဟိုးလွန်ခဲ့တဲ့ ကာလတွေ ကပေါ့၊ ပျဉ်းမနား ဆင်ရုပ်ရှိတဲ့ နေရာကနေ အနောက် ယွန်းယွန်းဆီ ဦးတည်နေတာ။ တောင်ညိုကနေ ဆက်သွားရင် တောင်တွင်းကြီး၊ ဒါဆိုရင် ဒီလမ်းက ဘယ်ရောက်တယ်ဆိုတာ ပြောစရာမလိုတော့ဘူး။ တောက ဈေးပတ်ကားတွေနဲ့ မြို့တက် ဈေးလာဝယ်တဲ့ ကတ္တရာစပ်စပ်သာရှိတဲ့ လမ်းသေးပါပဲ။ လမ်းဆိုပေမယ့် လမ်းဆိုး၊ လမ်းကြမ်း၊ လမ်းသေး၊ ပျဉ်းမနားကနေ တောင်တွင်းကြီးဘက်ကို အရင်တုန်းက ဌာနဆိုင်ရာကားတွေသာ အလျင်လိုရင် သုံးတဲ့ဖြတ်လမ်း ဖြစ်ပေမယ့် လမ်းဆိုးလို့ သိပ်အသုံး မများခဲ့တဲ့လမ်း။ ခန့်မှန်း ၉၂-၉၃ ခုနှစ်လောက်က။ အဲဒီတုန်းက အကြီးအကဲ ဖြစ်ကာစ အချိန်ပေါ့။
အခုလိုပဲ မှန်ပြောင်းကြီးတကားကားနဲ့ အမိုးဖွင့်ကားကနေ ပျဉ်းမနား-တောင်ညိုလမ်း၊ တောင်ကြော ပတ်လမ်းတွေကို ကြည့်ခဲ့ဖူးတာကို တီဗွီမှာ ပြန်အမှတ်ရ မြင်နေမိတယ်။ အဲဒီလိုကြည့်ခဲ့လို့ အခုဒီနေရာမှာ ကြပ်ပြေးနေပြည်တော်ကြီး ပေါ်လာရတယ်လို့ ဆိုရင် ရပါလိမ့်မယ်။
အခုပျဉ်းမနားကနေ အနောက် (၆) မိုင်ခန့်ဝေးတဲ့ ကြပ်ပြေးရွာလေးကိုဖယ်ရှား။ သပြေကုန်း ဆိုတဲ့ ပန်းပင် အလှအပတွေ ချယ်သထားတဲ့ အဝိုင်းကြီးဆောက်လုပ်။ ဒီနေရာကနေ တောင်သို့လားသော် ဟိုတယ်ဇုံတဲ့။ အနောက်သို့လားသော် တောင်ညိုခေါ်သတဲ့။ မြောက်သို့ လားသော် ငါးလိုက်ချောင်း ကျော်လို့ ဖောက်ထားတဲ့ အရှည်ဆုံး ကွန်ကရိ လမ်းကြီးတွေ။ ဒီလမ်းကြီးတွေကနေ ဝန်မင်းကြီး၊ ဝန်မင်းလေးတို့ရဲ့ ရုံးပေါင်းစုံကို ရောက်တယ်။ ဒါကြောင့် ကြပ်ပြေး သပြေကုန်းနေရာက၊ အလယ်ကျ၊ အခရာကျတဲ့နေရာ၊ ဒီနေရာက မူလအိမ်ခြေရှိတဲ့ ရပ်ကွက်ကို နေပြည်တော်မြို့မ သပြေကုန်းရပ်ကွက်လို့ မှည့်ခေါ်ပြီး ကြပ်ပြေး အမည်ပျောက်၊ သပြေကုန်း အမည်ရောက်စေ။
ကြပ်ပြေးအမည်ပျောက်ပေမယ့် ပျဉ်းမနားကနေလာရင် အရင်ဆုံးတွေ့ရတဲ့ ပြန်ကပြေး ရွာကတော့ ''ပြန်ကပြေး'' ပါပဲ။ တော်ဝင်လို့ မှည့်ခေါ်တဲ့ ဦးပိုင်က လိုင်းကားစီးရင် ''ပြန်ကပြေး'' ပါသလားလို့ မှတ်တိုင်မေးတဲ့ရွာပါ။ ညဆိုရင် ပျဉ်းမနားကနေ နေပြည်တော်ကို ဦးတည်လာတဲ့ လမ်းမကြီး တစ်လျှောက်လုံး မှောင်မဲနေတာ ဘာမှမဆန်းပါဘူး။ သပြေကုန်းမြို့မ ရပ်ကွက်ရောက်ခါနီး နေပြည်တော် စည်ပင်သာယာရေး ရောက်မှ ထိန်ထိန်ငြီးတဲ့ မီးတိုင်တွေ စထူထားတာ။
ဦးရွှေ ဗမာဝန်ထမ်းတွေကတော့ စောစောကပြောတဲ့ သပြေကုန်းအဝိုင်းကြီး ကနေ ရုံးများသို့ လို့ ညွှန်ပြထားတဲ့ ဆိုင်းဘုတ် အပြာ နောက်ကို လိုက်တဲ့ ကွန်ကရိ လမ်းကြီးအတိုင်း နိစ္စဓူဝ ဖယ်ရီစီး၊ ဟိုငေးဒီငေးနဲ့ နေ့စဉ် (၈) နာရီခွဲ ရုံးကို ရောက်ရတယ်။
တောင်ကုန်းတောင်စွယ်တွေကို ပုန်းကွယ်ပြီး အကြောင်းဗျူဟာနဲ့ ဆောက်ယူထားတဲ့ ဒင်းတို့ ဝန်မင်းကြီး၊ ဝန်မင်းလေးတွေရဲ့ ရုံးတွေကို ရေပြင်ညီကနေ ကြည့်ရင် ဘယ်ရုံးမှ မမြင်ရဘူး။ ကုန်းစောင်းရှိတဲ့ ချိုင့်နေရာတွေကိုရွေး။ သုံးထပ်ရှိတဲ့ ရုံးအဆောက်အဦး အလယ်ထပ်ကို ကုန်းကမ်းပါးမှာ မေးတင်ပြီးဆောက်ထားတော့ အောက်ဆုံးထပ် ဝန်ထမ်းတွေ အပေါ်ထပ်တက် မှ မြေပြင်ကို ရောက်တဲ့ပုံစံ၊ “ခင်ဗျားတို့ရုံးတွေက အလိုလိုနေရင်း အောက်ဆုံးတစ်ထပ်က မြေမျိုနေတာ” လို့ ကျုပ်တို့ အပြောခံရပေမယ့် အခုတော့ ကျုပ်တို့ဘဝက အသားကျနေပြီ။
ဒီမှာက ရုံးတွေက ပုံစံတူ၊ အရွယ်တူ၊ ဆိုက်တူတွေ၊ အကျယ်အဝန်းတူတွေမှာ ကျုပ်တို့အတူတူ နေကြပြီး၊ ဘယ်ကိုမှထွက်လို့မရအောင် ဆယ်ပေခန့်အကွာ ပတ်ချာလည်မှာ သံဇကာခြံစည်းရိုးအပေါ်မှာ သွပ်ဆူးကြိုးတထပ်၊ ထပ်ပတ်ထားလိုက်သေး။
ကမ္ဘာစစ်ကို ပြန်ရိုက်ထားတဲ့ ဂျာမန်စစ်ကားထဲက သုံ့ပန်းစခန်းတွေလိုလိုနဲ့ နေ့စဉ် တိတ်နေတဲ့အသံ၊ ကြိတ်ပြီးခံနေတာ၊ အခုဆို နှစ်နှစ်ကျော်လာပြီလေ၊ အခုတော့ ကျုပ်တို့ဘဝက အသားကျနေပြီ။
ရုံးရောက်တော့ ဖယ်ရီကားကို ကားကွင်းမှာရပ်၊ ခြံစည်းရိုး အဝင်ဂိတ်တံခါးကို တစ်ယောက်ခြင်း တန်းစီ ဝင်ဖြတ်ကြရတာ။ ဟိုးအရင်တုန်းက အောင်ဆန်းအားကစားကွင်း တောင်ဘက် ပွဲကြည့်စဉ်တန်းကို ဒလက်ဂိတ်လှည့် ဝင်ခဲ့ရတာကိုတောင် ပြန်ပြီး သတိရစရာပ။
တစ်ချို့ရုံးတွေ ကတော့ တစ်ယောက်ဝင်ရင် တတီတီမြီတဲ့အသံ ထည့်ထားတဲ့ စက်တပ်ထားလိုက်သေးလို့ ကျုပ်တို့ကို အကြမ်းဖက် သမားလို့ ထင်ရော့သလား။ ညနေ (၄) နာရီ (၄၅) မှာ ဘဲလ်တီးရင် သဲကြီးမဲကြီး ရုံးမှာလုပ် မနေတော့နဲ့ ဖယ်ရီ မမှီရင် ဆိုင်ကယ် ကယ်ရီကို စီးရ။ အလကား မရဘူး။ ရုံးကနေ အဆောင်တွေဆီကို အနည်းဆုံးပေးရမှာက (၁,၅ဝဝ) ကျပ်။
ရုံးဆင်းကားနီး ကားကွင်းမှာ ကားတွေတန်းစီရပ်ထားရ။ ခရာသံကြားမှ ကားစတတ်နိုးရပြီး စထွက်ရတယ်။ ကားတွေ မထွက်မီ တန်းစီရပ်ထားတဲ့ ကားတွေပေါ်မှာထိုင်ပြီး ကားထွက်ချိန် စောင့်ရတဲ့မြင်ကွင်းက အတင်းပြောရရင် ထိန်ပင်လိုလို ရေဝေးလိုလိုနဲ့ နေချိုမှ နေ့စဉ်ပြန်ရတဲ့ ကျုပ်တို့ဘဝ အသားကျနေပြီ။
ဒီရုံးတွေက တနေရာနဲ့တနေရာ မမြင်ရပေမယ့် ကြာလာတော့ ဘယ်ရုံးက ဘယ်နားမှာ၊ ဘယ်လောက် ဝေးတယ်ဆိုတာ ကျုပ်တို့ထက်ပိုသိနေတဲ့ ဆိုင်ကယ် ကယ်ရီတွေက ဒက်ကနဲချက်ကနဲ သွက်ကနဲမို့ သူတို့ကိုပဲ အားကိုးသွားလာနေကြရတာ။
ဒါဟာလဲ တဒုက္ခပဲလေ။ မင်းတို့မကျေနပ်ရင် ထွက်လာကြည့်ပါလား။ ရုံးတွေကနေ တန်းစီ လှည့်လည်ပြီး အော်ကြည့်ပါလား။ ဘယ်ရုံးက ထွက်လာထွက်လာ မင်းတို့ ဇေယျဌာနီ လမ်းမကြီးအတိုင်းပဲ လာရမှာ။ ဘယ်လောက်ဝေးဝေး လမ်းလျှောက်လာပြီး မကျေနပ်တာ အော်ကြည့်။ အဖော်မရှိဘူး၊ မခံနိုင်ပေါင် အလံတိုင်ထောင်ပြီး ချီတက်ကြည့်ပါလား။ အဲဒီဇေယျဌာနီ လမ်းမကြီးက သပြေကုန်း အဝိုင်းကိုပဲ လာဆုံရမှာ။ အဲဒီသပြေကုန်း အဝိုင်းမရောက်မီ၊ တွေ့လား ဟိုမှာ။ မင်းတို့ သတ္တိရှိရင် ရဲချုပ်ရုံး။ ထပ်ကျော်လာရင် ငလိုက်ချောင်းတံတား။ ဘယ်လိုများ ကျော်လို့ ရမတုန်း။ ပြည်ထဲရေး ဝန်မင်းကြီးရုံးက ထိပ်ဆုံးကစောင့်နေတာ အသင့်။ မင်းတို့- မင်းတို့ ဘယ်လိုမှ ပြေးစရာမြေ မရှိဘူးဟေ့လို့ အကွက်ကျကျနဲ့ ဆောက်ထားတဲ့ ရုံးနေရာတွေ။ ပုန်းနေတာလိုဖြစ်အောင် လုပ်ထားလို့ ကျုပ်တို့ဘဝ အသားကျနေပြီ။
ရုံးပိတ်ရက်မှာ ဟိုး (၁ဝ) မိုင်လောက်ဝေးတဲ့ ပျဉ်းမနားကိုသွားပြီး ဈေးဝယ်စရာမလိုဘူး။ မြို့မဈေးကြီး “ငါ”တို့ စီစဉ်ထားတယ်။ ငါတို့ ကိုယ်စီကိုယ်စီ ဆိုင်ခန်းတွေယူထားပြီး ပြန်ငှားထားတဲ့ ဆိုင်တွေမှာ “မင်း”တို့ ဝယ်ဖို့အတွက် စားစရာတွေ ရှိတယ်၊ သောက်စရာတွေရှိတယ်၊ ဝတ်စရာရှိတယ်၊ လိုတာတွေအားလုံး ရောင်းပေးဖို့ ရှိတယ်။ ဘာပူစရာ လိုသေးလို့လဲ။
အဆောင်ကနေ သွားဖို့လာဖို့လဲ ငါတို့စီစဉ်ထားတဲ့ တော်ဝင်ဆိုတဲ့ အဲယားကွန်း ကားကြီးတွေ။ ဒါပေမယ့် အဲယားမွန်းလို့ ခေါ်ကြတာ မဆန်းဘူးလေ။ လူတွေနဲ့ ပြည့်ကြပ်ပြီးမှ မောင်းတဲ့ကား။ ဒီမြို့မဈေး စည်ကားအောင် ဘယ်ကလာလာ ဒီတော်ဝင်ကားတွေက ဒီမှာ ဂိတ်အစုံ လုပ်ထားပြီး ဒီမှာတင် ကားပြောင်းစီးရတယ်။ ဒီမှာ ဆင်းရတယ်။ ဒီမှာ ဈေးဝယ်ရတယ်။ ဒီကပဲ လှည့်ပြန်ရတာ။
ဘယ်မှဆက်မသွားရတော့ ပျဉ်းမနားဆိုတာ မင်းတို့သွားစရာ မလိုတဲ့ နေရာပေါ့။ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေမှာ အဲဒီ ရုံးပေါင်းစုံဆီ သွားတဲ့ ဇေယျဌာနီ လမ်းမကြီးပေါ်မှာ ဘယ်တော်ဝင်ကားမှ မသွားကြ၊ မလာကြ၊ အဆက်ဖြတ်ထားကြတော့ ခြောက်ကပ်ကပ်နဲ့ အခုတော့ ကျုပ်တို့ဘဝ အသားကျနေပြီ။
ကြပ်ပြေးမြေရောက်စက ရန်ကုန်မြေ ပြန်ချင်ပေမယ့် အခုတော့ အောက်ခြေဝန်ထမ်းတွေ ပြန်စရာ သွားစရာထက် စားစရာက ပိုပြီး အရေးကြီးနေလို့ ရန်ကုန်ကို ပြန်ချင်စိတ်တွေ လျော့နည်းလာကြပြီ။
လစာနည်း အောက်ခြေဝန်ထမ်းအများစုက လစာ (၃) သောင်းကျော် (၄) သောင်းနဲ့ ဘယ်လိုပြန်ကြ၊ ဘယ်လိုစားကြမလဲ။ လက်လီ စားသောက်ကုန်တွေက နဂိုဈေးနှုန်းကနေ လားလားမှ မကျလေတော့ ကျုပ်တို့ အပတ်စဉ်ရုံးမှာ ချဉ်ပေါင်းဟင်းနဲ့ ဘဲဥကြော်၊ ငရုပ်သီးလှော်ပြီး လျှာပူပူတိုက်နေကြရတဲ့ ဝန်ထမ်းများ ရုံးတွေမှာ အော်နေကြပြီပေါ့။ အခုတော့ ကျုပ်တို့ဘဝ အသားကျနေပြီ။
ဟုတ်ပြီ-- အဲဒီလို အသားကျနေရတော့ ကျုပ်တို့ဘဝတွေကို ခံနိုင်ရည်ရှိရှိနဲ့ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရ ဆိုတဲ့ စကားအတိုင်း ဆိုပေမယ့် ကြပ်ပြေးနေပြည်တော်မှာ ပျော်လဲ မပျော်ရ၊ တော်ရာနေရာလဲ မဟုတ်တဲ့နေရာမှာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အချိန်တွေ ကုန်ခဲ့ရပြီ။
ကျုပ်တို့အတွက် အခုဆိုရင် ကွင်းကြီးဆိုတဲ့ နေရာ ဟိုး ဥတ္တသီရိမြို့သစ်ကို ကျော်သွားပြီး အကြာကြီး ကားမောင်းသွားရတဲ့ နေရာ၊ ကွေ့ပတ်တဲ့တောင်ကုန်း တောင်စောင်းတွေကနေ ဆင်း-ဆင်းသွားပြီး ဘုံကွဲချောင်းဆည်လို့ ခေါ်မယ့် လျှိုကိုကျော်၊ ကားတော်တော် မောင်းပြီးမှ မြောက်ပိန်းချောင်းဆည် သတ်မှတ်မယ့်နေရာ မရောက်ခင် လျှိုလိုလို မြောင်လိုလို ဖြစ်နေတဲ့ ကွင်းကြီးဆိုတဲ့နေရာမှာ မီးသဂြိုဟ်စက်ဆောက်ပြီး စောင့်နေပြီဆိုတော့ ကျုပ်တို့ဘဝ ပိုပြီးအသားကျနေပြီပေါ့။
အခုတော့ ကြပ်ပြေးနေပြည်တော်ကြီးမှာ (၂) နှစ်ကျော် (၃) နှစ်ထဲရောက်လာကြတဲ့ ကျုပ်တို့ အောက်ခြေ ဝန်ထမ်းအများစုက အညာနေပူပူ လေပူပူမှာနေရလို့ နဂိုက အသားလတ်တဲ့လူက အသားတွေညို၊ အစားတွေကလဲ “ချို” စားရတော့ အသားအရေကပါ မစိုနိုင်။ အသွေးအရောင်က ပွေးခြောက် ပေါင်မှာစွဲသလို မွဲခြောက်ခြောက် အရောင်နဲ့ဘယ်လို စိုပြီး ပြောင်နိုင်ပါ့မလဲ၊၊
ဂျိုးဖြူရေ သောက်သုံးခဲ့ကြတဲ့ ကျုပ်တို့ရန်ကုန်လူမျိုးတွေ ဒီကြပ်ပြေးမှာ နိစ္စဓူဝနေရ၊ ထိုင်ရ၊ သွားရ၊ လာရ၊ စားရ သောက်ရတဲ့ အခြေအနေတွေက လေပွေထဲပါသွားသလို။ ကျုပ်တို့ ဘဝတွေထဲမှာ ဟိုသူကပိန် ဒီသူကပါးနဲ့ “အသား”မရှိတော့။
ဟိုသူကျတော့ ရန်ကုန်ဆေးပြန်ကု၊ အခုတယောက်ကျတော့ နေမြင်ညပျောက်နဲ့ မနေ့ကပဲ ရက်လည် ဆွမ်းသွတ်တယ် သတဲ့။ ပေါင် (၁၄ဝ) လောက်ရှိတဲ့လူ ရန်ကုန်ပြန်ရောက်မှ ပေါင်ချိန်ကြည့်လို့သိရတာ ပေါင် (၁ဝဝ) ကျော် ရုံပဲ ရှိတော့တယ်။
ကျုပ်တို့ဘဝတွေရဲ့ အဆီတွေ အသွေးတွေ အသားတွေ လျောကျလာတာ အသေအချာဆို တော့ နေပြည်တော်မှာ ကျုပ်တို့ဘဝ “အသား” ကျနေပြီ လေ။
Ref: ခေတ်ပြိုင်
Wednesday, February 25, 2009
နေပြည်တော်မှာ ကျုပ်တို့ဘဝ “အသား” ကျနေပြီ
မလေးရှား အထည်ချုပ် မြန်မာအလုပ်သမားများ အလုပ်ရှင်ကြောင့် ပုန်းနေရဆဲ
မင်းနိုင်သူ/၂၄ ဖေဖော်ဝါရီ ၂၀၀၉
မလေးရှားလုပ်ငန်းရှင်၏ ဖိနှိပ်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် အတွက် မြန်မာအထည်ချုပ် အလုပ်သမ (၁၅) ဦးနှင့် လုပ်သား (၁) ဦးတို့၏ ရှေ့ရေးမှာ ယခုအခါ သောင်မတင် ရေမကျ ဖြစ်နေသည်။
မလေးရှားလုပ်ငန်းရှင်၏ ဖိနှိပ်မှုများကြောင့် မြန်မာအလုပ်သမား အခွင့်အရေး အကာကွယ်ပေးရေး ကော်မတီ (BWRPC) သို့ ထွက်ပြေးလာခဲ့ကြပြီး ထွက်ပြေးရာအထိ လုပ်ငန်းရှင်က လိုက်လံ အနိုင်ကျင့် ရိုက်နှက်မှုကြောင့် လုံခြုံရာသို့ ရွေ့ပြောင်း ခိုလှုံနေရသော မြန်မာ အထည်ချုပ် အလုပ်သမ များအား မြန်မာသံရုံးက လိုက်လံ ဆက်သွယ်နေသည်ဟု သတင်းများ ပေါ်ထွက်နေသည်။ မလေးရှားနိုင်ငံ မြန်မာသံရုံးသို့ ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပေ။
သို့သော် မြန်မာအထည်ချုပ် အမျိုးသမီးများက ၄င်းတို့ထံ တိုက်ရိုက်ဆက်သွယ်မှု မရှိသေးကြောင်းနှင့် ၄င်းတို့ ထွက်ခွာစဉ်က ကုန်ကျခဲ့သောငွေ ပြန်လည်ရရှိသည်အထိ နေထိုင်လုပ်ကိုင်လိုကြကြောင်း အထည်ချုပ် အမျိုးသမီးတဦးက ပြောသည်။
မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေးကော်မတီ (BWRPC) မှ ကိုရဲမင်းထွန်းက လွန်ခဲ့သော သောကြာနေ့တွင် မြန်မာသံရုံးမှ ကိုမိုးဆိုသူက (BWRPC) ရုံးအနီးရှိ လ္ဘက်ရည်ဆိုင်မှ တဆင့် လာရောက် တွေ့ဆုံရန် ခေါ်ဆိုခဲ့ကြောင်း၊ မြန်မာအထည်ချုပ် အမျိုးသမီးများသည် ၄င်းတို့ရုံးတွင် မရှိတော့ဘဲ Tenaganida ခေါ် အမျိုးသမီး အန်ဂျီအို အဖွဲ့တခုက စီစဉ်ပေးထားသည့် လုံခြုံရာတွင် ရောက်ရှိနေပြီဖြစ်ကြောင်း ပြောသည်။
“သူ့ကိုသူ ကိုမိုးဆိုပြီး မိတ်ဆက်တယ်ဗျာ။ မြန်မာသံရုံးကတဲ့။ သူက မလေးရဲစခန်းတွေ၊ ဆေးရုံတွေလိုက်သွားပြီး ဒီလူတွေက သူတို့နဲ့ ဆိုင်တဲ့အကြောင်း ပြောတယ်။ ကျနော်တို့က မပေးရင် ကျနော်တို့ကပဲ ညစ်တာလိုလို ဘာလိုလို သံရုံးက ပြောနေတယ်ဗျာ။ တကယ်ဆို သူတို့ကို အကြောင်းကြားတုန်းကတော့ ဘာမှလုပ်မပေးခဲ့လို့ ကျနော်တို့ကို ဆက်သွယ်လာတာဗျာ။ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့နဲ့ ထည့်ပေးလိုက်ရင် ကျနော်တို့က ၀န်တောင် ပေါ့သွားသေးတယ်ဗျာ။ ခေါင်းခြောက် သက်သာတယ်ဗျာ။ ကျနော်တို့တောင် ကံမကောင်းတော့ အရိုက်ခံရ အနှက်ခံရဖြစ်နေတဲ့ အချိန်ကြီးမှာ ဒါမျိုးတွေ မဖြစ်ချင်ဘူး။ ကျနော်တို့က ကာယကံရှင်တွေရဲ့ ဆန္ဒအတိုင်း လုပ်ရတာ။ ခက်နေတာက ကာယကံရှင်တွေက မလိုက်ချင်ကြတာ။ သူတို့ မလိုက်ချင်တာကလည်း (၁) အချက် မြန်မာပြည် ပြန်ပို့ခံရမယ်တဲ့။ ပြန်ပို့ရင် သူတို့ ထွက်လာတဲ့ ငွေလေးတွေ ဆုံးရှုံးမယ်တဲ့။ (၂) အချက် သူတို့အမှုက ဟိုးလေးတကျော် ဖြစ်သွားတော့ မြန်မာပြည် ပြန်ရောက်ရင် သူတို့ အရေးယူ ခံရမလားတဲ့။ အဲဒါတော့ ကျနော်တို့လည်း မပြောပြတတ်ဘူး”ဟု ကိုရဲမင်းထွန်းက ရှင်းလင်း ပြောဆိုသည်။
အဆိုပါ အမျိုးသမီးများ မလေးရှားတွင် ဆက်နေထိုင်ပါက ဥပဒေအရ သက်တမ်းလွန်နေထိုင်မှု (over stay) ဖြစ်သွားမည် ဖြစ်ကြောင်း၊ သို့သော် ယင်းကိစ္စကို ဆောင်ရွက်ပေးနေသော အန်ဂျီအိုက အလုပ်ရှင် Mr.Kumar အနေဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ရှိထားခြင်းကြောင့် အမျိုးသမီးများ၏ နေထိုင်ခွင့် သက်တမ်း ထပ်တိုးပေးခြင်း၊ ညှိနှိုင်းပေးခြင်းများ ရှိလာရမည်ဟု မျှော်လင့်ထားကြောင်း ကိုရဲမင်းထွန်းကပြောသည်။
မြန်မာအထည်ချုပ် အမျိုးသမီးများအား မလေးလုပ်ငန်းရှင် Mr.Kumar ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက် အင်တာဗျူးပြီး ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ညှိနှိုင်းစဉ်က မနက် (၈) နာရီမှ ညနေ (၅) နာရီအထိ အလုပ်ဆင်းချိန် သတ်မှတ်ကာ လစာ ရင်းဂစ် (၇၅၀) နှုန်း သတ်မှတ်ခဲ့ကြကြောင်း၊ အချိန်ပိုပေး သီးသန့်ထပ်ပေးရမည်ဟု ညှိနှိုင်းခဲ့ကြကြောင်း အမျိုးသမီးတဦးက ပြောသည်။ သို့သော် အလုပ်ဆင်းချိန်တွင် အချိန်ပိုကြေး မပေးခဲ့ကြောင်း ၊ ယင်းကိစ္စကို ပြောဆိုရာတွင် မြန်မာ အမျိုးသမီးများအား အပြင်ထွက်ခွင့်၊ ဖုန်းကိုင်ဆောင်ခွင့်များကိုပါ ပိတ်ပင်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
မြန်မာအထည်ချုပ် အလုပ်သမ (၈) ဦးသည် ၂၀၀၈ ခုနှစ် သြဂုတ်လ (၃၀) ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာ ခဲ့ကြပြီး စက်တင်ဘာ (၁) ရက်တွင် စတင် အလုပ်ဆင်းခဲ့ကြကာ နောက် (၄) လကျော်တွင် နောက်ထပ် (၈) ဦး ထပ်မံ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ ၄င်းတို့သည် ယင်းအလုပ်အကိုင်အတွက် ငွေကျပ် (၁၁) သိန်းဝန်းကျင် အကုန်အကျ ခံခဲ့ကြရခြင်းဖြစ်ကြောင်း အမျိုးသမီးတဦးက ပြောသည်။
ထို့နောက် မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေးကော်မတီ (BWRPC) သို့ ထွက်ပြေးလာခဲ့ကြရာ အလုပ်ရှင်က စေလွှတ်လိုက်သော လူများက ဖေဖော်ဝါရီ (၁၄) ရက်တွင် (BWRPC) ရုံးအထိ လာရောက် ရိုက်နှက်ခဲ့သောကြောင့် (BWRPC) အဖွဲ့ဝင်များနှင့် ကိုဖြိုးဆိုသူ လုပ်သားတဦးတို့ ရိုက်နှက်ခံခဲ့ကြရကာ ကိုဖြိုးကို အတွင်းလူနာအဖြစ် ဆေးရုံသို့ တင်ပို့ခဲ့ကြရသည်။
မြန်မာအလုပ်သမများက အလုပ်ရှင်က အချိန်ပိုကြေး မပေးသည့်အကြောင်း မြန်မာသံရုံးသို့ ဦးစွာတင်ပြခဲ့ သော်လည်း မြန်မာသံရုံး ၀န်ထမ်းတဦးက မင့်တို့ကို ငါတို့ခေါ်ထားတာမှ မဟုတ်တာဟု ပြန်လည်ပြောဆို ခဲ့ကြောင်း အလုပ်သမတဦးက ပြောသည်။
“သမီးတို့ကတော့ မြန်မာသံရုံးက ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာ သိမထားရသေးတော့ သူတို့ကို ဘာမှပြောလို့တော့ မရသေးဘူးပေါ့နော်။ အခုလက်ရှိမှာတော့ ကျမတို့ ကိုရဲမင်းထွန်းတို့ကို ထပ်ပြီး အကူအညီတောင်းထားတယ်။ မြန်မာပြည်က လာရတဲ့ သမီးတို့မှာ အခက်အခဲတွေ အရမ်းရှိပါတယ်ရှင့်။ ဘယ်လို အခက်အခဲတွေရှိလဲဆိုတော့ အိမ်တွေ ၊ ခြံတွေကို ပေါင်နှံပြီးတော့ မလေးရှားကို လိုက်လာခဲ့တာပေါ့နော်။ ဒီလိုအချိန် မှာ ချက်ချင်းပြန်သွားရင် မိဘတွေလည်း စိတ်ဆင်းရဲရမယ်။ သမီးတို့မှာရှိတဲ့ အိမ်တွေခြံတွေလည်း ရောင်းပြီး သူများကိုထိုးပေးရမယ်။ သမီးတို့ ကိုယ့် အကြွေးလေးရရင်တော့ ပြန်မယ်ပေါ့နော်။ အဲဒီအချိန် လောက်ထိတော့ လုပ်ချင်ပါသေးတယ်။ အခုနေရတဲ့ နေရာမှာတော့ နေထိုင်စားသောက်ရေး အဆင်ပြေပါတယ်” ဟု အမျိုးသမီးတဦးက ပြောသည်။
Ref: ခေတ်ပြိုင်
Tuesday, February 24, 2009
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဂယက်
ရဲဘော်ဖိုးသံချောင်း / ၂၃ ဖေဖော်ဝါရီ ၂၀၀၉
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဗမာပြည် အရေးကိစ္စကို ပြန်လည် သုံးသပ်ရမယ်လို့ ပြောလိုက်တော့ ဗမာပြည် နိုင်ငံရေးလောကမှာ အတော်လေး လှုပ်ရှုား သွားပါတယ်။ အထူးအဖြင့် ပြည်ပရောက် အတိုက်အခံတွေ အကြားမှာဖြစ်ပါတယ်။ ရေဒီယိုတွေ၊ ဘလော့ဂ်ဆိုက်တွေမှာ အထူး အလေးပေး ပြောဆို ဆွေးနွေးကြတာ ကြားရ၊ ဖတ်ရပါတယ်။
အမေရိကန်ဟာ သူ့ပေါ်လစီတွေ ပြန်သုံးသပ်မယ်ဆိုတာ ထိတ်လန့်စရာလား။ မဟုတ်ဘူး ထင်ပါတယ်။
အမေရိကန်ဟာ အင်အားကြီးနိုင်ငံကြီးတခု အနေနဲ့ သူ့ပေါ်လစီ၊ သူ့ဝါဒတွေကို သူတို့ အကျိုးစီးပွားနဲ့ အညီ၊ ချမှတ်နေ၊ ပြောင်းလဲနေတာဟာ ဘာမှ မဆန်းပါဘူး။ သူတို့ ဒီလို လုပ်တာ နဲ့ စမ္ပာနဂိုရ်က နွားပေါင်ကျိုးတာ မဖြစ်သင့်ဘူး ထင်ပါတယ်။ ဗမာပြည် ပြည်သူတွေရဲ့ အရေးကို ပိုလို့၊ ပိုလို့များတဲ့ နိုင်ငံတွေရဲ့ ထောက်ခံမှုရတာ ကောင်းပါတယ်။ ဒါပေမယ့် ဒါကိုပဲ အင်မတန် အချက်အချာကျတဲ့၊ အရေးပါတဲ့ အချက်ဖြစ်တယ် ဆိုတဲ့အထိ တွက်လိုက်ရင်တော့ မှားပါတော့မယ်။ ဗမာပြည် ပြည်သူတွေရဲ့အရေးဟာ တခြား တနိုင်ငံက ကူညီတာနဲ့ အောင်ပွဲ ရမှာတော့ မဟုတ်သလို တခြားတနိုင်ငံက မကူညီတာနဲ့ ရှုံးနိမ့်သွားမှာလည်း မဟုတ်ပါဘူး။
ကျေးဇူးကန်းတာတော့ မဟုတ်ပါ။ ဒါပေမယ့် ထောက်ပြရမှာက အမေရိကန် အခုလို ဗမာပြည် အရေးမှာ ၀င်ပါနေခဲ့လို့ ဒီအနှစ် (၂၀) အတွင်း ဗမာပြည်ရဲ့ ဒီမိုကရေစီ အရေးတော်ပုံဟာ အောင်ပွဲနဲ့ ဘယ်လောက်များ နီးလာခဲ့ပါသလဲ။ နအဖရဲ့ ပြည်သူတွေအပေါ် ဖိနှိပ် ရက်စက်မှုတွေကို ဘယ်လောက်များ တားနိုင်ခဲ့ပါသလဲ။ အားနာစွာနဲ့ ပြောရရင်တော့ မထိရောက်ခဲ့ဘူးလို့ပဲ ပြောရမှာပါ။ ဒါကို အခု အမေရိကန် ကိုယ်တိုင်ကလည်း သိလို့ ပြန်စဉ်းစားမယ် ပြောနေတာဖြစ်ပါတယ်။
ဝါရှင်တန်က သဘောထားပြောင်းတယ် ဆိုတဲ့အတွက်နဲ့တော့ နအဖအစိုးရရဲ့ အာဏာရှင် လက္ခဏာဟာ နည်းနည်းမှ ပြောင်းလဲ မသွားဘူး ဆိုတဲ့အချက်ကို မျက်ခြေ မပြတ်ရေးက အဓိက ကျပါတယ်။ (အမေရိကန် အစိုးရကလည်း နအဖရဲ့ လက္ခဏာ ပြောင်းသွားတဲ့ အတွက် သူတို့ရဲ့ သဘောထားကို ပြန်သုံးသပ် ရတယ်လို့ မပြောပါဘူး။) ဒါကို အထူး သတိထားသင့်ပါတယ်။ နို့မို့ရင် အမေရိကန်က သဘောထား ပြောင်းတာနဲ့ပဲ ဗမာပြည်ရဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ လမ်းစဉ်သစ်၊ လုပ်ငန်းစဉ်သစ်တွေ ချမှတ်ရတော့ မလိုလို ဖြစ်လာပါမယ်။
တကယ်ကျတော့ အိမ်ဖြူတော်ကလူများက ပိုပြီးလက်တွေ့ကျတဲ့ ပေါ်လစီတွေ ရှာသလို ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲ ၀င်နေသူတွေ ကလည်း ပိုပြီးလက်တွေ့ကျတဲ့ လုပ်ငန်းတွေဆီ ခြေစုံပစ်ဖို့ ဦးလှည့် သင့်ပါတယ်။ စိတ်ကူးယဉ်မှုတွေ ဖယ်ရှားပြီး ကိုယ့်ပြည်သူ လူထုရဲ့ လက်ကို မြဲမြဲတွဲကြရပါမည်။ ရွှေငုံးမင်းအဖို့ အမြီးထွက်လာဖို့ မျှော်နေဖို့ မလိုတော့ဘူးဆိုရင် ကျန်တာ၊ လုပ်စရာရှိတာကို လုပ်နိုင်တာပေါ့။
အခုအခါ တချို့လူတွေ စိုးရိမ်နေကြတဲ့ နောက်ကိစ္စတခုက နအဖစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲဒီလူတွေဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အတည် ဖြစ်သွားမှာကိုလည်း အလားတူ စိုးရိမ်ကဲခဲ့ ကြပါတယ်။ ဒါကြောင့် သူတို့က ဒါတွေကို ဖျက်ရေး၊ မပေါ်ပေါက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ရမယ် ဆိုတာမျိုး ပြောနေကြပါတယ်။ ပြည်ပဖိအားနဲ့ ရွေးကောက်ပွဲ မကျင်းပ ဖြစ်အောင် လုပ်နိုင်မယ် ဆိုတာမျိုးတွေ ပြောကြပါတယ်။ စိတ်ထဲမှာရှိတဲ့ အတိုင်း ပြောရရင် ဗမာပြည်ရဲ့ ကနေ့ အနေအထားမှာ ဒီလို ကိစ္စတွေကို ပြည်ပ ဖိအားနဲ့ ဖျက်သိမ်းလို့ရမယ်လို့ ယူဆစရာအကြောင်း တချက်မှမရှိပါဘူး။ ဒီလိုကိစ္စတွေဟာ လက်ထဲမှာ အာဏာရနေရင် လုပ်လို့ရတဲ့ ဟာတွေမို့ ဒီလိုပြောတာ ဖြစ်ပါတယ်။
ဗမာပြည် သမိုင်းထဲက ရွေးကောက်ပွဲဆိုတာ မှန်သမျှကို ပြန်စဉ်းစားကြည့်ပါ။ ၁၉၄၇ ခုနှစ်က တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ၊ ၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀ အဲဒီနောက် မဆလ လက်ထက် ရွေးကောက်ပွဲတွေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၊ (ကိုလိုနီလက်ထက်က ရွေးကောက်ပွဲ အမျိုးမျိုးကို မပြောတော့ပါဘူး)၊ အားလုံးကို ပြန်ကြည့် လိုက်ရင် အဲဒီကာလမှာ တိုင်းပြည်ရဲ့ အာဏာကို ရနေတဲ့ အစိုးရတွေက အကြောင်း အမျိုးမျိုးကြောင့် ရွေးကောက်ပွဲ လုပ်ချင်စိတ်ရှိလို့ လုပ်ပေးပြီး ပေါ်ပေါက်ခဲ့တဲ့ ရွေးကောက်ပွဲတွေချည်း ဖြစ်ပါတယ်။ ဒါကို တနည်းပြန်ပြောရရင် ရွေးကောက်ပွဲဆိုတာ အာဏာရှိမှ လုပ်လို့ရပါတယ်။ ထပ်ပြီးတနည်း ပြောရရင် အာဏာရှိနေရင် ရွေးကောက်ပွဲ လုပ်လို့ရပါတယ်။
ဖွဲ့စည်းပုံ၊ အုပ်ချုပ်ပုံ ဆိုတာလည်း အတူတူပါပဲ။ အာဏာဟာ သော့ချက်ဖြစ်ပါတယ်။ ဒါကို မျက်စေ့လည်ရင် ကျန်တာတွေလည်း မှားကုန်တတ်ပါတယ်။
ဗမာပြည်က စစ်အစိုးရဟာ ကမ္ဘာ့သမိုင်းမှာ တိုင်းပြည်အာဏာကို ကာလ အရှည်ကြာဆုံး အာဏာ ဆက်တိုက် ယူထားတဲ့ စစ်တပ်တွေထဲက တခုဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာ၊ အာဏာကို ကိုင်တဲ့နေရာမှာ ဘာတွေဟာ အရေးအကြီးဆုံးလဲ ဆိုတာကို သူတို့က ကောင်းကောင်းကြီး သဘောပေါက် ပါတယ်။ ဒီတိုင်းပြည်မှာ သူတို့လောက် ဘယ်သူမှ နားမလည်ဘူး လို့တောင် ပြောရင် ရမယ်ထင်ပါတယ်။ ဒါကြောင့် သူတို့ဟာ အဲဒီ အနှစ် လေးဆယ်ကျော် အတွေ့ အကြုံထဲကနေ သုံးသပ် နိဂုံးချုပ်ထားတာတွေကို အခြေခံပြီး ဘယ်ဝန်ကြီးဌာန မျိုးတွေကိုတော့ တခြားလူတွေကို ပေးထားနိုင်တယ်ဆိုပြီး ဒီရွေးကောက်ပွဲကို လုပ်တာပါ။
ဒီရွေးကောက်ပွဲမှာ ဘယ်သူပဲဘယ်လောက်နိုင်နိုင်၊ သူတို့စစ်အုပ်စုရဲ့ အာဏာနဲ့ စည်းစိမ်ကို နည်းနည်းမှ အန္တရာယ် မပြုနိုင်ကြောင်း သေချာအောင်လုပ်ပြီးမှ ဒီရွေးကောက်ပွဲကို လုပ်ပေးတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ မလုပ်နိုင်လို့ ပျက်သွားလည်း နအဖ အဖို့က အရင်းပဲဆိုတာကို မေ့လို့မဖြစ်ပါ။ အာဏာဟာ သူတို့ရဲ့ လက်ထဲမှာပဲ ကျန်ရစ်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အစိုးရတွေတရပ်ဟာ ဖွဲ့စည်းပုံတွေ၊ ရွေးကောက်ပွဲတွေ လုပ်နိုင်တဲ့ အတွက် အာဏာ မြဲသွားပါလေရော လို့တော့ မပြောနိုင်ပါဘူး။ အဲဒီလို အစိုးရတရပ်နဲ့ ဖွဲ့စည်းမှု သဏ္ဍာန်ပိုင်းနဲ့ ပြောရရင် ဖဆပလ၊ ပထစ၊ မဆလ အဲဒီအစိုးရတွေ အားလုံး ပြည်စုံတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် အဲဒီအစိုးရတွေ အားလုံးဟာ ပျောက်ကွယ်ချင်တော့လည်း တမုဟုတ်ချင်းပဲ ပျောက်ကွယ်သွားတာပဲ မဟုတ်ပါလား။
ဒါကိုမမြင်ဘဲ နအဖရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ ရွေးကောက်ပွဲတို့ကို ပိုတွက်သူတွေဟာ “မဆန့်ကျင်နိုင်ရင် ၀င်ပူးမှ” (When you can’t resist, join ‘em) ဆိုတဲ့ ဆောင်ပုဒ်ကို ကျင့်သုံးလာကြပါတယ်။ အဲဒီအတွက် သဘောတရားတွေ ရှာကြံ ထူထောင်ကြပါတယ်။ တဆက်တည်းမှာ တခြား မြေခွေးတွေကိုလည်း အမြီးဖြတ် ခိုင်းကြပါတယ်။ ဒီလိုလုပ်တာကို ပြည်တွင်းရော၊ ပြည်ပမှာပါ အခုတလော တွေ့နေရပါတယ်။ တကယ်က သူတို့ ပြောနေတာတွေဟာ ကိုယ့်ဖက်က အလျော့ပေးရေးသာ ဖြစ်ပါတယ်။ ဒီလိုအတွေးအခေါ် ရှိသူတွေ အဖို့တော့ အမေရိကန် အစိုးရက ပေါ်လစီပြောင်းတယ်ဆိုရင် သူတို့ရဲ့ အလျော့ပေးရေး ၀ါဒအတွက် အကြောင်းပြစရာ အချက်တချက် ရသွားမှာ မုချပါပဲ။
သူတို့တော်တော်များများ ပြောလေ့ရှိတဲ့ စကားတခွန်းက နအဖ ပေးသမျှ ဒီမိုကရေစီကို ယူထားပြီး နောက်မှ တဖြည်းဖြည်း ပုံသွင်းယူမယ်၊ ပြောင်းယူမယ် ဆိုတာပါပဲ။ ဒါဟာ လှောင်ချိုင့် တခုထဲမှာ လူသားစားကျားနဲ့ အတူနေပြီး အဲဒီကျားကို လိမ္မာအောင် ပုံသွင်းယူမယ်လို့ ပြောတာနဲ့ တူမနေပေဘူးလား။ အဲဒီလို အဆိုတင် နေသူတွေကို နောင်မှာ ဘယ်နွားပြာကြီး အောက်သွား မရှိဖြစ်မလဲ စောင့်ကြည့်ရတာပေါ့လို့ပဲ ပြောလိုက်ဖို့ ကောင်းပါတယ်။
ပြန်ချုပ်ရရင် ဒီနေ့ နိုင်ငံတကာ အပြောင်းအလဲတွေက ဗမာပြည် ပြည်သူတွေရဲ့ အရေးတော်ပုံကို ဆက်လက် သယ်ဆောင်ရေး အတွက် ပြည်တွင်းက ပြည်သူလူထုက လွဲလို့ ဘယ်သူ့ကိုမှ အားကိုးလို့ မဖြစ်ဘူးဆိုတာကို ထပ်ပြီး ထင်ထင်ရှားရှား သက်သေပြနေပါတယ်။ ပြည်တွင်းမှာ ထိထိရောက်ရောက် တခုခုဖြစ်ပါမှ အခြေခံ ကျတဲ့ အပြောင်းအလဲမျိုး ဖြစ်မယ်ဆိုတာ အမြဲ သတိရနေသင့်ပါတယ်။ အထူးသဖြင့် ဧရာဝတီ မြစ်ရိုး တလျောက်မှာ ဖြစ်ပါတယ်။
Ref: ခေတ်ပြိုင်
နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံကူး လက်မှတ် အဖျက်ခံရ
NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉
အင်ဂျင်နီယာ ဘီအီးဘွဲ့ရသူများအပါအ၀င် စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ထမ်းပြေး အဖြစ် သတ်မှတ်ထားပြီး ပြည်ပနိုင်ငံများတွင် သွာရောက် အလုပ် လုပ်ကိုင်နေသူများအား ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီး ဦးအောင်သောင်းက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် စက်မှု (၁) ၀န်ထမ်းများအား ချက်ခြင်း အရေးယူ ဆောင်ရွက်ရန်နှင့် ၄င်းတို့အား ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ် နေ့စွဲ၊ ၀န်ထမ်းပြေး ဖြစ်ရသည့် ပြစ်ဒဏ်များကို စုံစမ်းဖော်ထုတ်၍ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီး ဦးအောင်သောင်းက ညွှန်ကြားထားခြင်း ဖြစ်ကြောင်း နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။
“စက်မှု (၁) ၀န်ထမ်းများကို ခံစားခွင့်မယူဘဲ အလုပ်ကနေ နှုတ်ထွက်ခွင့် မပေးဘူး။ နှုတ်ထွက်ချင်တယ် ဆိုရင် လျော်ကြေးငွေ သိန်း (၄၀-၅၀) ထိ ပေးရမယ်ဆိုပြီး ညစ်ထားတယ်ဗျာ။ နောက် ၀န်ကြီးဦးအောင်သောင်းရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် အင်ဂျင်နီယာ ဘီအီးဘွဲ့ရ အရာရှိတွေ ၀န်ထမ်းပြေး အဖြစ်ခံပြီး အလုပ်ခွင်ကို ပြန်မလာတာ ပါဘဲ။ ဒါကြောင့် ဒီကြေငြာချက်ထုတ်ပြီး ၀န်ကြီးဦးအောင်သောင်းက ဒုက္ခပေးဖို့ ကြံစည်တယ်လို့ပဲ မြင်ကြတယ်” ဟု အမည်မဖော်လိုသည့် စက်မှု (၁) ၀န်ထမ်းတဦးက ပြောသည်။
စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ ကျောက်ဆည် အပ်ချုပ်စက်ရုံမှ မဟာအင်ဂျင်နီယာဘွဲ့ရ ဦးရဲထွန်းဆိုလျင် ၀န်ထမ်းဘ၀မှ ထွက်ခွင့် မရသည့်အတွက် အလုပ်ခွင်သို့ ပြန်မလာတော့ဘဲ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသဖြင့် ဦးရဲထွန်း၏ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပေးရန် စင်ကာပူ မြန်မာသံရုံးသို့ ၀န်ကြီး ဦးအောင်သောင်းက အကြောင်းကြားခဲ့သလို လိုအပ်သလို အရေးယူပေးရန် ပြည်ထဲရေး ၀န်ကြီးဌာနကိုပါ စာဖြင့် အကြောင်းကြားခဲ့သည်ဟု စုံစမ်းသိရသည်။
အလားတူပင် မကွေး ဆေးတက္ကသိုလ်မှ လက်ထောက်ကထိက တဦးနှင့် မန္တလေး ဆေးတက္ကသိုလ်မှ သရုပ်ပြဆရာ ဆရာဝန် (၇) ဦးတို့အား တာဝန်မှ စွန့်ခွာခြင်း၊ ၀န်ထမ်း စည်းမျဉ်းဖောက်ဖျက်ခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ၂၀၀၉ နှစ်ဆန်းပိုင်းတွင် အမိန့်ထုတ်ပြန် ခဲ့သည်။
ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေး ၀န်ကြီးကိုယ်စား ဆေးသိပ္ပံပညာ ဦးစီးဌာန ဒု- ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက အလုပ်မှ ထွက်ခွာသွားသော ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမ (၂၃) ဦးအား ၎င်းတို့ပိုင် ၀က်ဘ်ဆိုက်မှ ထုတ်ပြန်ကာ လျော်ကြေး ငွေတောင်းခံခဲ့ကြောင်း ခေတ်ပြိုင်က ဖော်ပြခဲ့သည်။ လျော်ကြေးငွေ တောင်းခံမှုတွင် သက်ဆိုင်ရာ ဘွဲ့များအလိုက် မြန်မာငွေ (၅) သိန်းမှ (၃၄) သိန်းအထိ ပါဝင်သည်။
Ref: ခေတ်ပြိုင်
ပြန်လွတ်လာလဲ အန်အယ်ဒီအဖွဲ့ဝင်လို့ ခံယူထား ဒေါက်တာဇော်မြင့်မောင် ခေတ်ပြိုင်ကိုပြော
မင်းနိုင်သူ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉
မကြာခင် ရက်ပိုင်းအတွင်း မြစ်ကြီးနားထောင်မှ ပြန်လွတ်လာသူ မန္တလေးတိုင်း၊ အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က မိမိကိုယ်မိမိ အန်အယ်ဒီ အဖွဲ့ဝင် တဦးအဖြစ် ခံယူထားကြောင်း ခေတ်ပြိုင်သို့ ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်သည် မကြာခင်က ပြန်လွတ်လာသည့် အကျဉ်းသား (၆,၀၀၀) ကျော်တွင် တဦး အပါအ၀င်ဖြစ်ပြီး ခေတ်ပြိုင်နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်သည် မြစ်ကြီးနားထောင်မှ ပြန်လွတ်လာခြင်း ဖြစ်ပြီး မြစ်ကြီးနား ထောင်တွင် (၁၂) နှစ်မျှ အကျဉ်းချ ခံခဲ့ရသည်။ လောလောဆည် ကျန်းမာရေးအတွက် ဆေးစစ်ခံဦးမည်ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး အစည်းအဝေး တက်ရောက်မှုဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၂၅) နှစ် အပြစ်ပေးခံရသည်။ ၁၉၉၁ ခုတွင် စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်က ဒေါက်တာဇော်မြင့်မောင်အား ပါလီမန်မှ ပယ်ဖျက်ပြီး နောက် ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သည်။
မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်မလွှတ်သေးသူများထဲတွင် ကိုမျိုးအောင်သန်း၊ ကိုကြည်လင်း ၊ ကိုဇာဂနာ၊ ကိုလှမျိုးနောင် တို့ကဲ့သို့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများအပြင် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ၊ အကောက်ခွန် အရာရှိများ ၊ စသုံးလုံး ညွှန်ချုပ်တို့လည်း ကျန်နေသေးသည်ဟု ပြန်လွတ်လာသူတွေက ပြောသည်။
နအဖ စစ်အစိုးရက အကျဉ်းသား (၆,၃၁၃) ဦး လွတ်ပေးမည်ဟု ဖေဖော်ဝါရီ (၂၀) ရက်တွင် ကြေညာခဲ့ပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့သူများ အနက် နိုင်ငံရေး အကျဉ်းသားမှာ (၂၀) ၀န်းကျင်ခန့်သာ ရှိနေသေးသော်လည်း ယင်းတို့အနက် ထောင်ဒဏ် (၁၈) နှစ် (၃) လ ကျခံခဲ့ရသော အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ပါရှိလာခဲ့ခြင်းကိုမူ ကျေနပ်ရကြောင်း အန်အယ်လ်ဒီအသိုင်းအ၀န်းက လည်းပြောဆိုသည်။
ဒေါက်တာဇော်မြင့်မောင်သည် မြစ်ကြီးနား အကျဉ်းထောင်တွင် (၁၂) နှစ်မျှ အကျဉ်းချ ခံခဲ့ရကာ ယခုလ (၂၀) ရက်တွင် ကချင်ပြည်နယ် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးဖေစိန်နှင့် အတူ ပြန်လည် လွတ်မြောက်လာသည်။ မြစ်ကြီးနား အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၂၀) ကျော် ရှိနေသည့်အနက်မှ ၄င်းတို့နှစ်ဦးသာ ပြန်လည်လွတ်မြောက်ခဲ့သည်။
ဦးဖေစိန်သည် မြစ်ကြီးနား အကျဉ်းထောင်အတွင်း အသက် (၇၄) နှစ်ရှိ အသက်အကြီးဆုံး နိုင်ငံရေး အကျဉ်းသားဖြစ်ကာ ၂၀၀၇ စက်တင်ဘာ အရေးအခင်း အပြီးတွင် ပုဒ်မ (၅၀၅/ခ) ဖြင့် မြစ်ကြီးနား အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးနေ၀င်းနှင့် အတူ ထောင်ဒဏ် (၂) နှစ်စီ ကျခံခဲ့ရသည်။
“မိုးကွက်ကျားရွာတယ်လို့ပြောရမလား။ ဒီမှာက နိုင်ငံရေး အကျဉ်းသား (၂၀) ကျော်ကျန်နေ သေးတယ်။ အပြည့်အ၀ ၀မ်းမသာနိုင်ပါဘူး။ ကိုနေ၀င်းတို့ ကိုကျော်မောင်တို့လည်း ကျန်နေ သေးတယ်ဗျာ။ ကိုမျိုးအောင်သန်း (ILO)၊ ကိုကြည်လင်း (တောင်ဒဂုံNLD)တို့ဆိုလည်း နှစ်တွေကြာလှပြီလေ။ သူတို့ကိုလည်း လွတ်စေချင်ပါတယ်”ဟု ဦးဖေစိန်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသာနှစ်ဦးနှင့် အတူ မူဆယ် (၁၀၅) မိုင်ဂိတ် အရေး အခင်းကြောင့် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ပေးခံထားရသော ထောက်လှမ်းရေး တပ်မှ ဗိုလ်ကြီး တင့်ဆွေလည်း ပြန်လည် လွတ်မြောက်လာကြောင်း ခေတ်ပြိုင်က စုံစမ်းသိရှိရသည်။
Ref: ခေတ်ပြိုင်
မြန်မာမှောင်ခိုဆန် ထိုင်းဘက်က ပိတ် ထိုင်း နိုင်ငံရေးသမား တွေပါ ပတ်သက်
NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉
လွန်ခဲ့သည် နှစ်လခန့် ကောက်သစ်ပေါ်ချိန်မှ စ၍ မြ၀တီမှ မဲဆောက်ဘက်သို့ ညစဉ် ဆန်အိတ်ရေ တစ်သောင်းခန့် တရားမ၀င် တင်သွင်းနေခြင်းကို ထိုင်းဘက်မှ ရုတ်တရက် တင်သွင်းခွင့် ပိတ်လိုက်သည့် အတွက် မြ၀တီဘက်ကမ်းတွင် မြန်မာဆန်အိတ်ရေ နှစ်သောင်းခန့် သောင်တင်နေသည်။
မြန်မာဆန်ကုန်သည်တဦးက “ထိုင်းဘက်က ပိတ်လို့ မြန်မာဆန်တွေ သောင်တင်နေတာ လှေဂိတ် တဂိတ်မှာ ဆိုရင် အိတ်ရေ ငါးထောင်လောက်ကို ဒီအတိုင်း ကမ်းနဖူးမှာ ပုံထားရတယ်။ ဟွေ့မုတ်ဂိတ်နဲ့ သုံညဂိတ်မှာ ဆိုရင် ပိုများတယ်။ ထိုင်းဘက်က ဆန်ကုန်သည်ပြောတာက ဆန်ခိုးသွင်းတဲ့ကိစ္စ စစ်ဆေးရေးဝင်လို့ ပိတ်ထားရတယ်လို့ ပြောတယ်။ အခုပိတ်တာ ငါး ရက်ရှိပြီ။ ထိုင်းဘက်က ပြန်ဖွင့်မဲ့ရက်ကိုပဲ စောင့်နေရတယ်။ ကိုယ်က တရားဝင်သွင်းတာ မဟုတ်တော့ သူတို့ လာသိမ်းရင် အလကားဖြစ်မှာကိုလဲ စိုးရိမ်ရတယ်” ဟု ပြောသည်။
ထိုင်းဘက်ခြမ်း ကမ်းနဖူးရှိ အထည်ချုပ်စက်ရုံများမှ မြန်မာအလုပ်သမား များသည် အလုပ် မရှိသည့် ရက်များတွင် မြန်မာဆန် ထမ်းပို့ပေးရသည့်အတွက် တဦးလျင် တည မြန်မာငွေ တသောင်းခန့် ရရှိကြသည်ဟု သိရသည်။ ဆန်ထမ်းသမားတဦးက “ဆန်ထမ်းတာ နှစ်လကျော် သွားပြီး၊ တအိတ်ကို (၂) ဘတ်ခွဲရတယ်။ ဆန်ထမ်းတဲ့လူ ရာနဲ့ချီရှိတယ်။ ညတိုင်းပဲ အိတ်ရေ တသောင်းအထက်မှာ ရှိတယ်။ မြ၀တီဘက်က စက်လှေနဲ့ လာတဲ့ဆန်ကို ထိုင်းဘက်လှေဆိပ်ကနေ ဆယ်ဘီးကားပေါ် ထမ်းတင်ရတယ်” ဟု ပြောသည်။
ဆန်ထမ်းသူများ၏ အဆိုအရ ညဘက်ဆန်ခိုးထုတ်ရာတွင် ထိုင်းဘက်မှ အရပ်ဝတ် အာဏာပိုင်များ လာကြည့်တတ်ပြီး ကားအစီးတိုင်းပေါ်တွင် တင်သည့် ဆန်အိတ် အရေအတွက်အား စစ်ဆေးမှုများ ပုံမှန်လုပ်ကြောင်း၊ အရပ်ဝတ်များနှင့် ဖြစ်သော်လည်း ခြောက်လုံးပြူးများ ခါးထိုးထားကာ လမ်းလျှောက် စကားပြောစက်များ ပါရှိကြောင်း အဆိုပါ လူများအား နေ့ခင်းဘက်တွင် အကောက်ခွန် ၀န်ထမ်း ၀တ်စုံများ၊ အခြား ၀န်ထမ်းဝတ်စုံများ ၀တ်ဆင်ထားသည်ကို တွေ့ရှိရသည်ဟု ခေတ်ပြိုင်သို့ ပြောသည်။
မြန်မာဆန် ထိုင်းဘက်မှောင်ခိုသွင်းသူများနောက်တွင် ရာထူးကြီး နိုင်ငံရေးသမားများ၊ ၀န်ကြီးဟောင်းများနှင့် ယူနီဖောင်းဝတ်များပါသည်ဟု ယနေ့ထုတ် ဘန်ကောက်ပိုစ် သတင်းစာကြီးက ဖော်ထုတ်ထားသည်။ အထူးသဖြင့် မဲဆောက်နှင့် မယ်ရမတ်ခရိုင်များရှိ အရာရှိများ၏ ကူညီမှုဖြင့် ထိုင်း-မြန်မာ နှစ်ဖက်လုံးမှ ဆန်မှောင်ခိုသမားများက ခိုးသွင်း ကြခြင်းဖြစ်သည်။ မြန်မာမှောင်ခို ဆန်တအိတ်ကို နယ်စပ်ဖြတ်ဖို့အတွက် တအိတ် ဘတ်ငွေ (၆၀၀) ထိ အရာရှိများကို ပေးရသည်ဟုပါ ရေးထားသည်။
မြန်မာဆန်ကုန်သည်တဦးက ဆန်တင်ပို့မည့် ကုမ္ပဏီများ အနေဖြင့် တင်ပို့မည့် ဆန်များ အရံသင့် စုစည်းပြီးမှသာ လိုင်စင်လျှောက်ထားနိုင်ကြောင်း၊ မည်သည့်မြို့နယ်များမှ ဆန်ဝယ်ယူ စုဆောင်းပြီး တင်ပို့မည် ဆိုသည့်အချက်ကို ဖော်ပြရကြောင်း၊ ပြီးလျင် အဆင့်ဆင့် အစစ်အဆေး ခံရကြောင်း၊ ၎င်းအပြင် ကုမ္ပဏီကြီးများကိုသာ အဓိက ခွင့်ပြုသဖြင့် သာမန် ကုန်သည်များမှာ ယခုနည်းဖြင့် ထိုင်းသို့ ဆန်တင်ပို့ခြင်းသည် ကုန်စည်စီးဆင်းမှု မြန်ဆန်ပြီး ကြန့်ကြာမှုမရှိသည့်အတွက် ကုန်သည်ငယ်များသည် အာဏာပိုင်အဆင့်ဆင့်နှင့် နားလည်မှု ယူပြီး လုပ်ကိုင်ရခြင်းဖြစ်ကြောင်း ခေတ်ပြိုင်သို့ ပြောသည်။
၂၀၀၈ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလ (၁၂) ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ လိုင်စင် ထုတ်ပေးသည့် ကုမ္ပဏီ (၉) ခုရှိပြီး ဆန်တန်ချိန်ပေါင်း သုံးထောင် တင်ပို့ပြီးဖြစ်သည်ဟု မြန်မာ့ လယ်ယာထွက်ကုန် ရောင်းဝယ်ရေးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
မြ၀တီမှ မဲဆောက်သို့ တရားမ၀င်တင်ပို့နေသည့် မြန်မာဆန်များမှာ ညစဉ် အိတ်တသောင်း ဆိုပါက တန်ချိန် ငါးရာ ရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် လိုင်စင်ဖြင့် တင်သွင်းသည့် ဆန်တန်ချိန်အရေအတွက်သည် တရားမ၀င် တင်သွင်းသူများ၏ အစွန်းထွက်ပင်မရှိဟု ဆန်ကုန်သည်တဦးက ပြောသည်။
ထိုင်းဆန်ကုန်သည် နိုင်စုံချိုင်းက “မြန်မာဆန်နဲ့ ထိုင်းဆန်က ဈေးနှုန်းခေါက်ချိုး လောက်ကွာ တော့ ဒေသတွင်းနဲ့ ထိုင်းနိုင်ငံတလွှားမှာ ရောက်နေတဲ့ မြန်မာတွေဟာ တစ်သန်းအထက်မှာ ရှိတယ်။ သူတို့ကိုပဲ အဓိက ပြန်ဖြန့် ပေးရတယ်။ တချို့ကိုတော့ ထိုင်းနိုင်ငံမှာ တရိစ္ဆာန်အစာ ပြန်လုပ်တယ်၊ ဆန်ကြာဇံ၊ ဆန်ခေါက်ဆွဲနဲ့ မုန့်တီ၊ မုန့်ဖတ်တွေ ပြန်လုပ်ရာမှာ ဈေးသက်သာ တဲ့ မြန်မာဆန်ကို သုံးကြတယ်” ဟုပြောသည်။
မြန်မာဆန်သည် နိုင်ငံတကာရှိ ဆန်တင်ပို့သည့် နိုင်ငံများနှင့် ယှဉ်လျင် “အရည်အသွေးပိုင်းနဲ့ ထုတ်လုပ်မှုအပိုင်းမှာ မယှဉ်နိုင်သေးကြောင်း၊ ဒါကြောင့် ဈေးနှုန်းနဲ့ပဲ ယှဉ်နိုင်ကြောင်း၊ သဘောကတော့ အောက်ဈေးနဲ့ပဲ ရောင်းနေရတယ်။ မြန်မာဆန်တတန်ဟာ နိုင်ငံခြားကို ပို့ရင် အများဆုံး အမေရိကန် ဒေါ်လာ (၃၃၀) အထက် ပိုမရဘူး”ဟု မြန်မာဆန်ကုန်သည် တဦးက ပြောသည်။
မြ၀တီမြို့တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန် ဖွင့်လှစ်ထားသော် လည်း တရားမ၀င်ဆန်နှင့် အခြားကုန်စည်တင်သွင်းမှုများ ဖြစ်ပေါ်နေခြင်းသည် စနစ်မကျ သည့် နယ်စပ်ကုန်သွယ်ရေး၏ လုပ်ထုံးလုပ်နည်းများကြောင့် ဖြစ်ပြီး ရှေ့ဆက် မြ၀တီနယ်စပ် ကုန်သွယ်ရေးအခြေအနေမှာ ပိုမိုရှုပ်ထွေးလာနိုင်သည်ဟု မြ၀တီမြို့ခံကုန်သည်တဦးက ပြောသည်။
Ref: ခေတ်ပြိုင်
Monday, February 23, 2009
ထိုင်း-မြန်မာ အောက်လမ်းခရီး ဟွေ့ဟင်ဖွန်ဂိတ်နှင့် (၉၉၉) လူပွဲစားများ
ရဲရင့်မြင့်မောင် / ၂၃ ဇန်န၀ါရီ ၂၀၀၉
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကမ်းနားရှိ အမှတ် (၁၀) ဂိတ်တည်ရှိရာ ထာ့အာရွာ၏ တဖက်ကမ်း မြန်မာနိုင်ငံ မြဝတီ ဘက်ကမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ပြီး အလုပ်အကိုင် ရှာဖွေကြသည့် မြန်မာ နိုင်ငံသားများကို လူကုန်ကူး ရောင်းဝယ်ဖောက်ကားရာ နေရာဒေသ တခုအဖြစ် တည်ရှိလာခဲ့သည်မှာ ဆယ်စုနှစ်တခုခန့် ရှိခဲ့ပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြဝတီခရိုင်အာဏာပိုင်များ၊ ဒီကေဘီအေအဖွဲ့ဝင်များ၊ လူပွဲစားများ ပူးပေါင်းကာ လုပ်ကိုင်ကြသဖြင့် မည်သည့် အာဏာပိုင် အဖွဲ့အစည်းများမှ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ယနေ့ထက်တိုင် လူကုန်ကူးမှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေလျက်ရှိသည်။
ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံနေရာဒေသအနှံ့အပြားတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများမှာ မြန်မာပြည် ပြန်မည့် အချိန်တွင် မိမိတို့ စုဆောင်းထားသည့် လုပ်အားခများကို နယ်စပ်ရှိ မိမိတို့ ဆွေမျိုးသားချင်း အသိမိတ်ဆွေ များထံ ဘဏ်မှတဆင့် ငွေလွှဲကြပြီး ဘန်ကောက်ရှိ မော်ချိကားဂိတ်သို့သွားကာ ဘန်ကောက်-မဲဆောက် ပြေးဆွဲသည့် ညကားဖြင့် မဲဆောက်သို့ ပြန်လာကြသည်။
မနက် (၅) နာရီခန့်တွင် မဲဆောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကြီးဖြစ်သည့် ဟွေ့ဟင်ဖွန်ဂိတ် အရောက်တွင် ထိုင်း လူဝင်မှုကြီးကြပ်ရေး တပ်ဖွဲ့ဝင်များ ကားပေါ်တက်လာပြီး “ဒီကားပေါ်မှာပါတဲ့ ဗမာ၊ ကရင်၊ မွန် အားလုံး ဆင်းကြပါ” ဟုဆိုလျှင် ကားပေါ်ပါ မြန်မာနိုင်ငံသား အားလုံး မိမိတို့ ယူဆောင်လာသည့် ပစ္စည်း၊ အထုပ်အပိုးများနှင့်အတူ ကားပေါ်မှဆင်းပြီး အဖမ်းခံကြရသည်။
ဘန်ကောက်-မဲဆောက် ကားတစီးလျှင် နေ့စဉ်မြန်မာ (၁၅) ဦးမှ (၂၀) အထိ ပုံမှန်ပါရှိတတ်ပြီး မဲဆောက်-ဘန်ကောက်ပြေးဆွဲသည့် ခရီးသည်တင် လိုင်းကားကြီးများမှာ နေ့စဉ် (၁၅) စီးခန့် ပုံမှန်ပြေးဆွဲလျက်ရှိသည်။ ၎င်းနည်းလမ်းဖြင့် ဘန်ကောက်မှ ပြန်လာကြသည့် မြန်မာ နိုင်ငံသားများ နေ့စဉ် (၁၀၀) မှ (၁၅၀) ခန့် ပုံမှန်ရှိသည်။ အခါကြီး ရက်ကြီးများဖြစ်သည့် သင်္ကြန်ကာလ၊ နှစ်သစ်ကူးကာလ၊ သီတင်းကျွတ်ကာလ များတွင် ဘန်ကောက်မှ လိုင်းကားစီး၍ ပြန်ဆင်းလာသူ နေ့စဉ် (၃၀၀) ခန့်ရှိသည်။
အဆိုပါ ထိုင်းလဝက၏ ဖမ်းဆီးခြင်းခံရသူများကို မဲဆောက် ထိုင်းလဝကရုံးတွင် ကိုယ်ရေး အချက်အလက်နှင့် ဓာတ်ပုံ မှတ်တမ်းများ ယူပြီး ထိုင်းလဝက က ထိုင်းဘက်ကမ်း အမှတ် (၁၀) ဂိတ်မှ မြန်မာဘက်ခြမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သို့ စာရင်းနှင့်တကွ လွှဲအပ်ပြီး နယ်နှင်လိုက်သည်။ နယ်နှင်ခံရသည့် မြန်မာနိုင်ငံသားများ (၉၉၉) ဒီကေဘီအေ ဂိတ်သို့ ရောက်ရှိချိန်တွင် အသင့် စောင့်ဆိုင်းနေသော ဒီကေဘီအေဂိတ်မှ တာဝန်ရှိသူများက လူစာရင်း ကောက်ယူပြီးနောက် ၎င်းတို့ လက်သပ်မွေးထားသည့် အမာခံ လူပွဲစားများထံသို့ ရောက်ရှိလာသူများကို တဦးလျှင် ထိုင်းဘတ်ငွေ (၉၀၀) နှုန်းဖြင့် အချိုးကျ ခွဲဝေပေးလိုက်သည်။ လူတဦး (၉၀၀) နှုန်းဖြင့် လူတရာအတွက် ဘတ်ငွေ (၉) သောင်းအား ဒီကေဘီအေသို့ ပေးရသည်။
ဒီကေဘီအေဂိတ်မှ ရွေးထုတ်သွားသူများကို ပွဲစားများက မိမိတို့ နေအိမ်အသီးသီးသို့ ခေါ်ဆောင်သွားပြီး လူတဦးလျှင် (၁,၂၀၀) နှုန်းဖြင့် အရွေးခံစေသည်။ မြဝတီမှ အောက်ပြန်ဆင်းမည့် ခရီးစဉ်ကိုလည်း ၎င်းတို့ပိုင်ကားများဖြင့်သာ လိုရာသို့ သွားစေသည်။ ဘန်ကောက်ပြန် အများစုမှာ နယ်စပ်အခြေအနေအား ကြိုတင်သိရှိထားသဖြင့် အနည်းဆုံး ဘတ်ငွေ (၃-၄) ထောင်ခန့် ဆောင်ထားကြသည့် အတွက် ပွဲစားအား ငွေ (၁,၂၀၀) ပေး၍ ပွဲစား၏ အစီစဉ်ဖြင့် မြဝတီမြို့ ကားဂိတ်မှတဆင့် အနယ်နယ်အရပ်ရပ်သို့ လိုရာခရီး ဆက်ကြရသည်။ အချို့ ငွေပါမလာသူများအား ပွဲစားများက ၎င်းတို့အိမ်တွင် ထား၍ ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဆွေမျိုးများအား အဆက်အသွယ် လုပ်စေပြီး ငွေဖြင့် လာ၍ရွေးရသည်။ လူကိုယ်တိုင် မလာနိုင်သူ များအနေဖြင့် ပွဲစား၏ ဘဏ်စာရင်းမှ တဆင့် ငွေလွှဲပေးရသည်။ လာရွေးမည့်လူ မရောက်ခင်စပ်ကြား နေထိုင်စားသောက် ရေးအတွက် ပွဲစားက တရက် (၁၀၀) နှုန်းဖြင့် တာဝန်ယူ ကျွေးမွေးထားပြီး ရက်အလိုက် ကုန်ကျသမျှကို ဆွေမျိုးများက ငွေ ပေးချေပြီးမှ ခေါ်သွားခွင့်ရှိသည်။
လူတဦးလျှင် ဘတ် (၉၀၀) နှုန်းဖြင့် နေ့စဉ် လူ (၁၀၀) မှ (၂၀၀) အတွက် ရရှိသည့်ငွေများကို ဒီကေဘီအေသို့ ပေးရသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာလူပွဲစားတဦးက “ဒီကေဘီအေက ဒီငွေတွေကို အကုန်လုံးမရဘူး။ ထိုင်းလဝကကို လည်း ရာခိုင်နှုန်းနဲ့ ပြန်ပေးရတယ်။ လူတယောက်ကို ဒီကေဘီအေက (၉၀၀) ရတယ်။ ထိုင်းလဝကကို တယောက် သုံးရာနှုန်းနဲ့ ပြန်ပေးရတယ်လို့ သိရတယ်။ ဒါတရားဝင်တော့မဟုတ်ဘူး။ ထိုင်းလဝကရယ်၊ ဒီကေဘီအေရယ် မြန်မာလူပွဲစားတွေ သူတို့ညှိပြီးလုပ်ထားတဲ့ နားလည်မှုပဲ” ဟု ပြောသည်။
ယခင်ကဆိုလျှင် ဘန်ကောက်မှမဲဆောက်သို့ ပြန်လာသူများမှာ တရားဝင်မဟုတ်သောနည်းဖြင့် ထိုင်းလဝကကို တဦးလျှင် ဘတ် (၅၀၀) နှုန်း ဒဏ်ကြေးပေးဆောင်ရပြီး ထိုင်းလဝကမှ နယ်စပ်သို့ သွားရောက် ပို့ဆောင်ပေးသည်။ ၎င်းကိစ္စနှင့်ပတ် သက်၍ အထက်သို့ တိုင်တန်းမှုများရှိ၍ ပြဿနာ တက်သောကြောင့် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ခန့်ကစကာ ယခင်ကဲ့သို့ဘတ် (၅၀၀) ပေးဆောင်စရာ မလိုတော့သော်လည်း ထိုင်းလဝက၊ ဒီကေဘီအေနှင့် လူပွဲစားများညှိကာ နားလည်မှုဖြင့် ဆက်လက် လုပ်ကိုင်ကြသည်ဟု ဒီကေဘီအေ တပ်ဖွဲ့ဝင် တဦးက ပြောသည်။
အဆိုပါ (၉၉၉) ဒီကေဘီအေဂိတ်ကို အခြေပြု၍ လူပွဲစားများက မြဝတီမှတဆင့် ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် မြန် မာနိုင်ငံသားများကို လူတဦးလျှင် ထိုင်းဘတ်ငွေ (၁၅,၀၀၀) ဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
လိုရာခရီးရောက်သူများရှိပြီး အချို့လမ်းခရီးတွင် ဖမ်းဆီးခံရကာ နယ်စပ်ပြန်ပို့ခံရ သူများလည်းရှိသည်။ အချို့မှာ ခရီးစဉ် လမ်းကြောအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူများနှင့် ပျောက်ဆုံးသူများလည်း မကြာခဏ ဖြစ်လေ့ရှိသည်။
မြန်မာလူပွဲစားများက ဘန်ကောက် သွားမည့်သူများကို ထိုင်းဘက်ကမ်းသို့ တဆင့်ပေးပို့ပြီး ထိုင်းဘက်ကမ်းရှိ လူကြိုလူပို့မည့် ဒေသခံများနှင့် ဆက်သွယ်ကာ လိုရာခရီးသို့ ပို့ဆောင်ပေးကြသည်။ မဲဆောက်မှ ဘန်ကောက်သို့ သွားရာတွင် ကားကြီး ကားငယ်များတွင် နည်းအမျိုးမျိုးဖြင့် ဝှက်ကာ တိုက်ရိုက် သယ်ဆောင်သူများရှိပြီး အချို့လူကယ်ရီများမှာ မဲဆောက်မှ တာခ်ခရိုင်မြို့အထိ တောလမ်းခရီးကို တရက်၊ နှစ်ရက်ခရီးခန့် လမ်းလျှောက်ရပြီး စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်း၍ သွားကြရ သူများလည်း ရှိသည်။ အချို့တောလမ်းခရီးတွင် အဖမ်းခံရပြီး ငွေကုန် လူပန်းဖြစ်ရသူများနှင့် ဖျားနာ၍ သေဆုံးသူများလည်း မကြာခဏ ရှိသည်ဟု ကိုယ်တွေ့ကြုံခဲ့ ရသူတဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်၊ လူရွယ်အများစုမှာ လုပ်အားခ ပိုမိုရရှိသည့် ထိုင်းနိုင်ငံသို့ မည်မျှပင်အခက်အခဲနှင့် အန္တရာယ်ရှိစေကာမူ မြန်မာပြည်တွင် ငတ်တလှည့်၊ ပြတ်တလှည့်ဖြင့် နေရသည်ထက် ယခုကဲ့သို့ စွန့်စားပါက မြန်မာနိုင်ငံထက် စာလျှင် မျှော်လင့်ချက် များစွာရှိသည်ဟု လယ်သမားဘဝကို ကျောခိုင်းပြီး မိသားစုနှင့်အတူ မဲဆောက်ရောက်လာသည့် ပဲခူးမြို့သား ကိုတင်အောင်က ပြောသည်။
(၉၉၉) ဂိတ်မှ လူပွဲစားအမျိုးသမီးတဦးက “လူကုန်မှုဥပဒေတွေဘာတွေ ငါတို့မသိဘူး။ ဘယ်သူ့ဆီမှလည်း ပိုက်ဆံအလကား မတောင်းဘူး။ တန်ရာတန်ကြေးပဲ ယူတယ်။ အကုန်လုံးရတာလည်း မဟုတ်ဘူး။ ဟိုခွံ့ ဒီခွံ့ လိုက်လုပ်ရတာတွေလည်း အများကြီး ရှိတယ်။ ဘန်ကောက်သွားဖို့ လာခဲ့ကြလို့ ဘယ်သူ့ကိုမှ မခေါ်ဘူး၊ ဒီဂိတ်က ပြန်လာကြပါလို့ ဘယ်သူ့ကိုမှလည်း မပြောဘူး၊ သွားမယ့်သူက သူတို့ဘာသာ သူတို့ သွားကြလာကြတာပဲ။ ကားတန်း တရက်ခြား အောက်ကနေ မြဝတီကို တက်လာတဲ့လူ တနေ့ (၃-၄) ရာလောက်ရှိတယ်။ ကိုယ်တိုင်လုပ်တာလည်း မဟုတ်ဘူး၊ ငါတို့က တဆင့်ခံ ပွဲစားပဲ။ ငါတို့ရတာပဲ လူမြင်တယ်၊ ပြဿနာဖြစ်လို့ အဖမ်းခံရတာ၊ ငွေကုန်တာ ဘယ်သူမှ မမြင်ဘူး။ မြဝတီမှာက အကုန်လုံးနဲ့ ဝေစားမျှစား လုပ်ရတယ်။ အဲလိုလုပ်တာတောင်မှ မနှစ်က ပွဲစားတယောက် နေပြည်တော်က လာဖမ်းလို့ အခု ထောင်ကျနေတယ်။ မထွက်သေးဘူး။ ဘန်ကောက်က ပြန်လာတဲ့သူတွေကို ငါတို့က (၉၀၀) နဲ့ရွေးပြီး (၁,၂၀၀) နဲ့ ပြန်တောင်းတယ်။ တချို့ပြန်လာတဲ့ လူတွေ မြဝတီက ဟိုလူကြီးအမျိုး၊ ဒီလူကြီး အမျိုးဆိုပြီးတော့ ဒီအတိုင်းလာခေါ်သွားတယ်။ အဲဒါတွေကျတော့ ငါတို့စိုက်ထားတာတွေ တပြားမှပြန်မရဘူး။ လူတွေကို မလာစေချင်ရင် မြဝတီမှာ အဝင်မခံနဲ့ပေါ့။ ကော့ကရိတ်မှာ ပိတ်ဖမ်းပါလား။ ဘယ်သူလာရဲမလဲ။ သိချင်ရင်အောက်ဆင်းသွား၊ ကရင်ပြည်နယ်မှာဆိုရင် ရွာတိုင်းပဲ အပျိုလူပျိုမရှိတော့ဘူး။ အားလုံး ထိုင်းမှာချည်းပဲ။ ဒီကိစ္စရဲ့ အရင်းခံဟာ ပွဲစားမဟုတ်ဘူး၊ သဘောပေါက်" ဟု ခေတ်ပြိုင်သို့ ပြောသည်။
ထိုင်းလဝကမှ (၉၉၉) ဂိတ်သို့ ပြန်ပို့သည့် ဘန်ကောက်ပြန်များမှာ ငွေကြေးရှိပြီး မိမိအစီစဉ်ဖြင့် ပြန်လာကြသူများကိုသာ အဓိကပို့ဆောင်ပေးပြီး မိမိအစီစဉ်ဖြင့်မဟုတ်ဘဲ ဘန်ကောက်နှင့် အခြားဒေသများတွင် အဖမ်းခံရ၍ ပြန်လာကြသူများကို ထိုင်းလဝကက အခြားဂိတ်များမှတဆင့် မြဝတီဘက်ပြန်ပို့ကြသည်။
မဲဆောက်မှမြဝတီသို့ ဝင်ရောက်ရာတွင် (၉၉၉) ဂိတ်အပါအဝင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီး၏ ဘေးဝဲယာတွင် ထိုင်း-မြန်မာနှစ်နိုင်ငံနားလည်မှုဖြင့် ဖွင့်လှစ်ထားသည့် လှေဆိပ် (၁၇) ဂိတ်ရှိသည်။ အဖမ်းခံရ၍ ရောက်ရှိလာသူများမှာ ငွေကြေးမပါရှိကြဘဲ အဝတ်တထည် ကိုယ်တခုဖြင့် ပြန်လာကြသူများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများ ဖမ်းဆီးခံရပါက ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဥပဒေအရ သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရမည်ဖြစ်သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး မြန်မာအလုပ်သမားအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုကျော်ထွေးက ပြောသည်။
ကားတန်းတရက်ခြား မြဝတီမြို့မှတဆင့် မဲဆောက်ဒေသအတွင်း ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေသူ (၃၀၀) ခန့်ရှိသည် ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်တဦးက ခန့်မှန်းပြောဆိုသည်။ မြန်မာလူကယ်ရီတဦး၏အဆိုအရ ဘန်ကောက်နှင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မဲဆောက်မြို့မှတဆင့် ဝင်ရောက်သူများမှာ နေ့စဉ်လူဦးရေ (၁၅၀) ခန့်ရှိသည်ဟု ဆိုသည်။
ထိုင်းအစိုးရက ၂၀၀၈ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေ (BE ၂၅၅၁) အရ ထိုင်းအာဏာပိုင်များက မြန်မာအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံအချို့မှ အလုပ်အကိုင်လာရောက် ရှာဖွေသူများအား ထိုင်း နိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်မှုတားဆီးရေးကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်လျက်ရှိသော်လည်း သန်းချီသည့် တရားမဝင် ဝင်ရောက်သူများ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေခြင်းသည် လူကုန်ကူးမှုများတွင် ဒေသခံများနှင့် အာဏာ ပိုင်အချို့ ပါဝင်ပတ်သက်မှုရှိ၍သာ ဖြစ်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့တခုမှ တာဝန်ရှိသူ တဦးက သုံးသပ်ပြောဆိုသည်။
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြားတွင်လည်း နယ်စပ်ဖြတ်ကျော်သည့် လူကုန်ကူးမှုတွင် နှစ်နိုင်ငံ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဒေသခံအာဏာပိုင်များ ပါဝင်ပတ်သက်မှုမရှိလျှင် ယခုကဲ့သို့ လူကုန်ကူးမှုနှင့် ဆက်စပ်သည့် အခြေနေဆိုးများ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။
ထိုင်းရှေ့နေများအဖွဲ့က ကမကထပြုပြီး မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်း အလုပ်သမားများ ဆိုင်ရာ ဥပဒေ ရေးရာ ဆွေးနွေးပွဲတခုတွင် လာရောက်ဆွေးနွေး ပို့ချသည့် ထိုင်းရှေ့နေအဖွဲ့မှ ရှေ့နေတဦးက ဆွေးနွေးပွဲ တက်ရောက်လာသည့် မြန်မာ့အရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များကို “ထိုင်းနိုင်ငံမှာ လာဘ်စားမှု တွေရှိတဲ့အတွက် အဲဒါကို ခင်ဗျားတို့ ကျေးဇူးတင်ရမယ်။ ဒီကလူတွေ လာဘ်မစားဘူးဆိုရင် ခင်ဗျားတို့ အခုလိုတောင် ဒီဆွေး နွေးပွဲကို လာတက်ခွင့်ရမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။
မြဝတီခရိုင်အတွင်း ဖြစ်ပွားနေသည့် လူကုန်ကူးမှုများနှင့်ပတ်သက် ၍ မြဝတီမြို့ခံ ကုန်သည်တဦးက "ဒီကိစ္စမှာ ဒီကေဘီအေနဲ့ လူပွဲစား တွေ အဓိကလုပ်နေကြပေမယ့် တကယ်မရှိမဖြစ်ကတော့ ခရိုင်အာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှုက အဓိက ကျပါတယ်။ ခရိုင်အာဏာပိုင်တွေရဲ့ နားလည်မှုမရရင် မြဝတီမှာ ဘာမှလုပ်လို့ မရပါဘူး။ မနှစ်ကဆိုရင် (၉၉၉) ဂိတ်က ပွဲစားကြီးတဦးကို နေပြည်တော်က တိုက်ရိုက်လာဖမ်းပြီး လူကုန်ကူးမှုနဲ့ အဲဒီလူ အခု ထောင်ကျနေတယ်။ အဲဒီလူကို စစ်ကြောရေးဝင်တော့ အကုန်ဖော် ရတော့တာပဲ။ ခရိုင်အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ရပ်ကွက် အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူ့ကို ရာခိုင်နှုန်း ဘယ်လောက်ပေးရလဲ၊ လစဉ်ကြေး ဘယ်လောက်ပေးရသလဲ ဆိုတာကအစ ဖော်တော့ သူတို့ ပိုက်ဆံပေးရတဲ့ လူတွေထဲမှာ မြဝတီခရိုင် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆွေညွန့်လည်း ပါဝင် ပတ်သက်နေတဲ့ အတွက် နေပြည်တော်ကနေ သူ့ကို မနှစ်က နယ်ပြောင်းပြီး အရေးယူလိုက်တယ်။ ကျနော်တို့ နိုင်ငံမှာက လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ ခရိုင်ဥက္ကဋ္ဌလို အဆင့်တောင် နယ်ပြောင်းတာလောက်ပဲ အရေးယူ ခံရတယ်။ တကယ် တိုင်းပြည်ကောင်းအောင် လုပ်မယ့်လူတွေကို တော့ ထောင်နှစ် (၁၀၀) တို့၊ (၇၀) တို့ချတာတွေ လုပ်တယ်။ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးစနစ်ကို တွက်သာကြည့်တော့။ အခု သူ့နေရာမှာ လာတဲ့ မြဝတီခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းထွန်း လက်ထက်မှာလည်း အစကတော့ ဟုတ်မလိုလိုနဲ့ အခုပုံမှန်လိုပဲ ပြန်ဖြစ်နေပါပြီ။ ဒီကေဘီအေနဲ့ လူပွဲစားတွေဟာ ဘန်ကောက်က ပြန်လာတဲ့ လူတွေကို ရွေးထုတ်တာအပြင် နေ့တိုင်းဘန်ကောက်ကို ခိုးသွားကြတဲ့ မြန်မာတွေကိုလည်း သူတို့ပဲ လူပွဲစားလုပ်ပြီး စီစဉ် ဆောင်ရွက်ပေးနေတာပါ။ ဒီကိစ္စ ကနေ့အထိ လုပ်လို့ရနေတာကတော့ အာဏာပိုင်တွေရဲ့ ပူးပေါင်း ပါဝင်မှုကြောင့်ဖြစ်တယ်။ ခက်တာက မြဝတီမှာ အမှန်ပြောရင် ပြဿနာရှိတယ်” ဟု ပြောသည်။
လူပွဲစားများသည် မြဝတီ-ဘားအံ ပြေးဆွဲသည့်ကားများ အသီးသီးဝယ်ထားကြပြီး ဘန်ကောက်တက်၍ အလုပ်လုပ်မည့် လူများအား ဘားအံမှတဆင့် မြဝတီ၊ ဘန်ကောက်သို့ တိုက်ရိုက် ပို့ဆောင်ပေးမှုများလည်း ရှိသည်။
ဘားအံမှ စထွက်ရာတွင် မှတ်ပုံတင် မရှိသူများအတွက် လူပွဲစားများက ဘားအံနှင့် မြဝတီကြားရှိ စစ်ဆေးရေး ဂိတ်များကို လာဘ်ငွေပေး၍ အခက်အခဲမရှိ ဖြတ်ကျော်နိုင်ကြပြီး မြဝတီ ရောက်ရှိသည့်အခါ ၎င်းတို့ ခေါ်လာသူများအား ဒီကေဘီအေ (၉၉၉) ဂိတ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့ အိမ်များတွင် တည်းခိုစေသည်။ ထိုမှတဆင့် ဘန်ကောက်သို့ ဘတ် (၁၅,၀၀၀) နှုန်းဖြင့် လက်ငင်း ငွေပေးချေပြီးမှ ဆက်လက် ပို့ဆောင်ပေးသည်။ ဘားအံ-မြဝတီ လမ်းကြောအတွက် ကုန်ကျသည့် လမ်းခရီးစရိတ် ကျပ် (၁) သောင်းခန့်ကိုလည်း သီးခြားပေးရသည်ဟု သိရှိရသည်။
မြဝတီမှ မြန်မာဘုန်းတော်ကြီးတစ်ပါးက “ဒီကိစ္စဘာကြောင့် ဖြစ်ရသလဲဆိုတာ လူတွေအားလုံးသိကြပါတယ်။ မြန်မာပြည် ကို အုပ်ချုပ် မင်းလုပ်နေတဲ့ လူတွေလည်း သူတို့သိကြပါတယ်။ ခက်တာက အမှန်တရားကို သူတို့ လက်မခံကြဘူး။ သူတို့ဖြစ် ချင်တာပဲ သူတို့ လုပ်တယ်။ တိုင်းပြည် မအေးချမ်း သရွေ့တော့ ဒီပြဿနာတွေ ရှိနေအုံးမှာပဲ။ တိုင်းပြည် အေးချမ်းမှပဲ လူထု တွေလည်း သက်သာမယ်။ ဒါမှမဟုတ်ပဲ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင်တော့ ဒီဒုက္ခ သံသရာကြီးဟာ ဒီလိုပဲ သံသရာ လည်နေမှာဖြစ်တယ်” ဟု မိန့်ကြားခဲ့သည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ အဆိုအရ ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၂) သန်းခန့်ရှိပြီး ထိုင်း အလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ထားသူမှာ (၅) သိန်းခန့်ရှိသည်ဟု သိရသည်။
Ref: ခေတ်ပြိုင်
Sunday, February 22, 2009
အန်အယ်လ်ဒီနှင့်စစ်အစိုးရ တွေ့ဆုံဖို့အရေး ခပ်ဝေးဝေး
(သတင်းသုံးသပ်ချက်)
NEJ / ၂၀ ဖေဖော်ဝါရီ ၂၀၀၉
မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အန်အယ်လ်ဒီတို့ ကြိုတင်စည်းကမ်းသတ်မှတ်ချက် မထားဘဲ မြန်မြန်ဆန်ဆန် ဆွေးနွေးကြရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌက ယမန်နေ့က တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံဆွေးနွေး အပြီးတွင် အထွေထွေ ညီလာခံ ဥက္ကဋ္ဌ မီးဂဲလ်ဒက်စကိုတို က ယင်းကဲ့သို့ တောင်းဆိုလိုက် ခြင်းဖြစ်သည်။
မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တင်ပြခဲ့သည့် အကြံပေးချက်များအရ ခိုင်မာသည့် ရလဒ်ကောင်းများ ပေါ်ထွက်အောင် လုပ်သည့်နည်းဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဆောင်ရွက်ပေးမှုအား ပူးပေါင်း လုပ်ကိုင်ပါမည်ဆိုသည့် မိမိတို့ကတိကို အကောင်အထည်ဖော် ပြသရန် အခွင့်အရေးကောင်းတခု ဖြစ်သည့်အတွက် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရန် စစ်အစိုးရအား မစ္စတာဒက်စကိုတိုက ဆက်လက်တိုက်တွန်းထားသည်။
အထွေထွေညီလာခံ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ယင်းညီလာခံမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်များမှ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လေးစားရေး၊ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ပေါ်ထွန်းလာအောင် အထွေထွေညီလာခံ၏ အဆက်မပြတ်လုပ်ကိုင်နေမှုကို ထပ်လောင်းအတည်ပြုစေသည်။ ထို့အပြင် မစ္စတာဂမ်ဘာရီ၏ ကြိုးပမ်းအားထုတ်မှုနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ဆောင်ရွက်မှုကို အထွေထွေညီလာခံ ဥက္ကဋ္ဌက ဆက်လက်ထောက်ခံနေကြောင်း ထပ်လောင်းပြသခြင်းလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။
မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏အခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ရှင်းလင်းတင်ပြမည်ဖြစ်သည်။
စစ်အစိုးရနှင့် အန်အယ်လ်ဒီတို့ တွေ့ဆုံဆွေးနွေးရန် အထွေထွေညီလာခံဥက္ကဋ္ဌက တောင်းဆို နေသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာယူထားသမျှ ကာလပတ်လုံး တွေ့ဆုံဆွေးနွေးပွဲဖြစ်ရန် အလားအလာနည်းသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။
“အခြေအနေကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှိနေသမျှတော့ တွေ့ဆုံဖို့ မလွယ်ဘူး။ နောင်ကျရင်တော့ အပြောင်းအလဲတွေ ဖြစ်လာရင်တော့ မြန်မာ့နိုင်ငံရေးလည်း ပြောင်းလဲသွားမယ်လို့ ဒီလိုပဲယုံကြည်တယ်။ ဒါတကယ့် အခြေအနေပဲလေ။ သူကတော့ သူ့တသက်ကို အာဏာရှင်အနေနဲ့ နေသွားချင်တယ်လို့ ဒီလိုပဲမြင်တယ်လေ။ အခု အခြေအနေ အရကလည်း နေနိုင်တဲ့ အခြေအနေလို့ ကျနော်ကတော့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီဟာက ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အင်ဒိုနီးရှားဖြစ်ဖြစ်၊ ကိုရီးယားဖြစ်ဖြစ်၊ ဖိလစ်ပိုင်ဖြစ်ဖြစ် အပြောင်းအလဲ ပေါ်လာတယ်ဆိုတာက အတွင်းက လူတွေကိုယ်တိုင်က တပ်ဆို တပ်တွင်းက လူတွေကိုယ်တိုင်က ဒီမိုကရေစီကို လိုလားပြီးတော့ ပူးပေါင်း ဆောင်ရွက်လာမှသာဖြစ်တာ။ မြန်မာပြည်မှာ အဲဒီလို အခြေအနေကို အခုထိအောင်တော့ ကျနော် မမြင်သေးဘူး။ အတွင်းမှာ ဘယ်လောက်ဖြစ်နေမယ် ဆိုတာတော့ မသိဘူးပေါ့လေ။ ဒါပေမယ့် အပေါ်ယံ ကြည့်ရတာကတော့ နိုင်နိုင်နင်းနင်း အုပ်ချုပ်နေနိုင်တယ်လို့ ဒီလိုပဲမြင်တယ်။ ကုလသမဂ္ဂအနေနဲ့ကလည်း တွေ့ဆုံဆွေးနွေးရေး ဆုံးဖြတ်ပေးထားတာလည်း အများကြီးပဲ။ နှစ်တွေလည်းအများကြီးပဲ။ ဘာမှမဖြစ်ဘူး။ လုံခြုံရေးကောင်စီကျတော့လည်း ရုရှနဲ့ တရုတ်ကနေ မြန်မာအစိုးရဘက်ကို အကာအကွယ်ပေးထားတော့ ဘာမှမဖြစ်ဘူး” ဟု သခင်ချန်ထွန်းက သုံးသပ်သည်။
အန်အယ်လ်ဒီဘက်ကမူ စစ်အစိုးရအား တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းသည့် ကြေညာချက်တရပ်ကို ဖေဖော်ဝါရီ (၁၇) ရက်က ထုတ်ပြန်ခဲ့သော်လည်း စစ်အစိုးရဘက်မှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
အဆိုပါကြေညာချက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူမနာကိုယ်မနာ လမ်းစဉ်ဖြင့် အလျော့အတင်းလုပ်၍ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသော်လည်း စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးခြင်းမဖြစ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။
သို့သော် တွေ့ဆုံဆွေးနွေးရေး စတင်နိုင်ရန်အတွက် သင်ပုန်းချေရေးကိစ္စကို စတင်ဆွေးနွေးသင့်သည် ဆိုသည့်မူကို အန်အယ်ဒီက လက်ကိုင်ထားသည့်အတွက် သူမနာကိုယ်မနာ လမ်းစဉ်မှာ သင်ပုန်းချေရေးကို ရည်ရွယ်ပုံရသည်ဟု ရန်ကုန် နိုင်ငံရေးအကဲခတ်အချို့က ယူဆသည်။
ယနေ့ပေါ်ပေါက်နေသော အမျိုးသားရေးပြဿနာများ၏ အဖြေမှာ သင်ပုန်းချေရေးအပေါ် မူတည်နေသည်ဟု အဖွဲ့ချုပ်က ယုံကြည်သည့်အကြောင်း ၂၀၀၄ ဒီဇင်ဘာ (၂) ရက်တွင် ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် သင်ပုန်းချေရေးနှင့် ပတ်သက်၍ အကောင်အထည်ပေါ်လာပါက မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အခြေအနေများ တိုးတက်လာမည့် လမ်းစပေါ်နိုင်သည်ဟု ယုံကြည်ကြောင်း အဖွဲ့ချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေး အဆက်အသွယ် ဖြတ်တောက်ရေး၊ အလုံးစုံ ပိတ်ဆို့ရေး စသည့် အချက် (၄) ချက်ကို အန်အယ်လ်ဒီဘက်က စွန့်လွှတ်မှသာလျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် တွေ့ဆုံမည်ဆိုသည့်အကြောင်း စစ်အစိုးရဘက်က ကြေညာချက်အမှတ် ၁/၂၀၀၇ ဖြင့် ထုတ်ပြန်ထား ပြန်သည်။ တချိန်တည်းမှာပင် နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက အန်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးရန်မလိုကြောင်း ကြိမ်ဖန်များစွာ တရားဝင် ပြောကြားခဲ့ပြီး ဖြစ်သည်။
စစ်အစိုးရဘက်က တောင်းဆိုထားသည့် အချက် (၄) ချက်မှာ အန်အယ်လ်ဒီဘက်မှ ကျူးလွန်ထားခြင်း မရှိသည့် အချက်များကို တောင်းဆိုထားသည့်အတွက် အန်အယ်လ်ဒီနှင့် ဆွေးနွေးပွဲမဖြစ်အောင် စစ်အစိုးရဘက်က တမင်ကြံစည်ထားသည့် နိုင်ငံရေးညစ်ကွက် ဖြစ်သည်ဟု အတိုက်အခံဘက်က ယူဆသည်။
သို့သော် စစ်အစိုးရတောင်းဆိုထားသည့် အချက် (၄) ချက်နှင့် ပတ်သက်သည့် ကိစ္စများ မဖြစ်ပေါ်ရအောင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သဘောတူညီချက်များကို လည်း နှစ်ဖက်ကြေညာချက်ထုတ်ပြန်ရန် အသင့်ရှိကြောင်း ဆက်ဆံရေးဝန်ကြီးမှတဆင့် စစ်အစိုးရအာဏာပိုင်များထံ အသိပေးခဲ့ကြောင်း အန်အယ်လ်ဒီ၏ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြန်သည်။
ထို့ကြောင့် အန်အယ်လ်ဒီနှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး အခြေအနေသည် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဒက်စကိုတို တောင်းဆိုထားသကဲ့သို့ အမှန်တကယ်အကောင်အထည် ပေါ်လာမည်လား၊ သို့မဟုတ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ယူဆသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပြောင်းအလဲဖြစ်မှ အဆင်ပြေမည်လား ဆိုသည်မှာ စောင့်ကြည့်ရမည်ဖြစ်သည်။
သေချာသည့် အချက်မှာ အန်အယ်လ်ဒီအား စွပ်စွဲထားသည့် အချက် (၄) ချက်ကို စစ်အစိုးရဘက်က ပြန်လည်မရုတ်သိမ်းသမျှ တွေ့ဆုံဆွေးနွေးရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။
Ref: ခေတ်ပြိုင်
Saturday, February 21, 2009
၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း (၄)
၂၀ ဖေဖော်ဝါရီ ၂၀၀၉
UWSA “၀” တွေဟာ ဗကပကို တော်လှန်ခဲ့ပြီးတဲ့နောက် န၀တနဲ့ စတင်ဆွေးနွေး လာပါတယ်။ ထိုစဉ်က ထောက်လှမ်းရေး အကူတပ် တပ်မှူးဖြစ်သူ ဒုဗိုလ်မှူးကြီး တင်ဝင်းဟာ “၀” ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ခဲ့ပါတယ်။ ကက (ကြည်း) က ကျိုင်းတုံရှိ တပ်မ (၈၈) တပ်မမှူးဖြစ်နေတဲ့ ဗိုလ်သိန်းဟန်ကို စေ့စပ် ငြိမ်းချမ်းရေး လုပ်လိုတဲ့ “၀” တိုင်းရင်းသား ခေါင်းဆောင်များအား လက်ခံ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ အထူးသဖြင့် သဘောတူညီချက်တွေထဲမှာ ပါဝင်ရမဲ့ နယ်နိမိတ်၊ ဧရိယာကိစ္စ ပိုင်းခြားရာမှာ ရှေ့တန်း နယ်မြေကို ကိုင်တွယ်ထားတဲ့ တပ်မမှူးတဦးရဲ့  အခန်းကဏ္ဍ အရေးပါလှတာမို့ လိုအပ်တာ လုပ်ပေးရန်ကိုပါ ညွှန်ကြားခဲ့ပါတယ်။
ဒုဗိုလ်မှူးကြီး တင်ဝင်းနဲ့ “၀” အဖွဲ့တွေဟာ ကျိုင်းတုံရှိ တပ်မ ဌာနချုပ်ထံ သွားရောက်ကာ တပ်မမှူး ဗိုလ်သိန်းဟန်ကို တွေ့ခွင့် တောင်းပါတယ်။ ဒါပေမဲ့ ဗိုလ်သိန်းဟန်ဟာ မူလကတည်း က ကွန်မြူနစ် ဗကပဖြစ်တဲ့ “၀” များကို တိုက်ခိုက်နေခဲ့သူ ပီပီ မုန်းတီးမှုကြောင့် အတွေ့မခံဘဲ “ငါးကန်” စစ်ဆေးရန် ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်ထွက် သွားခဲ့ပါတယ်။ အဲဒီ ထောက်လှမ်းရေးအဖွဲ့ စစ်ရုံးကိုပြန်ရောက်ပြီး ကက (ကြည်း) ထံ ကကလှမ်းရဲ့ အစီရင်ခံစာ အဖြစ် ဒီဖြစ်စဉ်ကို တင်ပြလိုက်တဲ့အခါ တပ်ချုပ် ဗိုလ်စောမောင်က ဒေါသတကြီး ပစ်တင်ပြော ဆိုခဲ့ပါတယ်။ အထက်က မူဝါဒနဲ့ လုပ်နေတာကို ဒီကောင်က ပမာမခန့် လုပ်ရသလားဆိုပြီး တပ်မမှူးအား ရာထူးဖြုတ်ပစ်ကာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ချောင်ထိုးရွှေ့ပြောင်းလိုက်ပါတယ်။
အဲဒီအချိန်မှာ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတဲ့ ဗိုလ်သန်းရွှေက လက်တို့ပြီး ဂျပန် သံအမတ်ကြီးအဖြစ် စောင့်ရှောက်ရန် ပြောဆိုစီမံကာ ဗိုလ်သိန်းဟန်ကို နှစ်သိမ့်ဆု ပေးလိုက်ပါတယ်။ အဲဒီအချိန်တုန်းက ရပခ တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်မောင်အေးကလည်း တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထား ဟန့်တားမှုတွေနဲ့ တုန့်ပြန်ခဲ့မှုတွေ ရှိခဲ့တာကြောင့် အဆင်မသင့်ရင် သူ့ကိုပါဆက်ပြီး “ဆော်” မယ့် အနေအထား ရှိခဲ့ပါတယ်။ ကံကောင်းချင်တော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကိစ္စနဲ့ ဗိုလ်စောမောင် နပန်းလုံးနေရာက စိတ်ဂယောင်ချောက်ချား ဖြစ်ခဲ့တာမို့ ဗိုလ်မောင်အေး သက်သာရာ ရောက်သွားခဲ့ပါတယ်။
ဗိုလ်မောင်အေး စိတ်နာတဲ့နောက် အပစ်ရပ် တိုင်းရင်းသားအဖွဲ့ကတော့ ကယားတိုင်းရင်းသား အပစ်ရပ် KNPP အဖွဲ့ပဲ ဖြစ်ပါတယ်။ ကယားပြည်နယ်ဟာ ချောင်းရှိသော်လည်း ရေမရှိဘဲ ရေရှားသလို တောင်တွေကလည်း ကျောက်တောင်များ ဖြစ်လို့ မတ်စောက်လွန်းတာရယ်၊ မိုင်းပေါတာရယ်၊ ရိက္ခာ စပါး အသီးအနှံများ ရှားပါးတာရယ်ကြောင့် တစ်ရွာနှင့် တစ်ရွာ ဘာသာစကားမတူတဲ့ အခက်အခဲများနှင့်အတူ ကယားပြည်နယ်ကို စစ်ဆင်ရေး ၀င်ရတဲ့ တပ်တွေအတွက် အင်မတန်ခေါင်းခဲရပါတယ်။ ကယားပြည်နယ် စစ်ဆင်ရေး ၀င်ခဲ့တဲ့ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးကအစ ဗိုလ်မောင်အေး အဆုံး ခေါင်းတွင်တွင်ခါရတဲ့ အထိ လန်ပြန်ထွက်အောင် တပ်များ အထိနာခဲ့လို့ KNPP ကို အငြိုးထား မုန်းတီးခဲ့ပါတယ်။
KNPP အပြင် တာကလယ် ဦးစီးတဲ့ ပအိုဝ်နီ ရလလဖ အဖွဲ့ကလည်း လက်သံပြောင်ပြောင်နဲ့ “ဆော်” လေရာ ကက (ကြည်း) ဟာ ရပခကို ထုတော့တာမို့ ရပခ တိုင်းမှူးဘ၀က ရခဲ့တဲ့ ဒဏ်ရာကို ဗိုလ်မောင်အေး အနေနဲ့ ဒုချုပ် ဖြစ်နေချိန်အထိ မေ့ပျောက်ရန် ကြိုးစားဖို့ ခက်ခဲ ခဲ့ပါတယ်။
အဲဒီနောက် KNPP နှင့် ကကလှမ်းတို့ ညှိနှိုင်းသဘောတူညီချက် အရ ငြိမ်းချမ်းရေး စတင် ယူနေပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ကယားပြည်နယ်အတွင်း ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်းရဲ့ ကုမ္ပဏီနဲ့ ဦးကျော်ဝင်းရဲ့  ရွှေသံလွင် ကုမ္ပဏီတွေကို သစ်ခုတ်လှဲခွင့် ပါမစ်အား စစ်အစိုးရက ပေးခဲ့ပေမယ့် ရှေ့ တန်းအနက်ရောင် နယ်မြေမို့ KNPP ကို အခွန်ပေး လာဘ်ထိုးကာ နားလည်မှုယူ ခုတ်လှဲနေခဲ့ရပါတယ်။ KNPP ကလည်း ငြိမ်းချမ်းရေး ၀င်ရောက် ရမှာဖြစ်လို့ ယခင်လို ကုမ္ပဏီတွေထံမှ ပိုက်ဆံတောင်းဖို့ အခွင့်အရေး မရတော့မှာ စိုးရိမ်နေတဲ့ အတွက် ကုမ္ပဏီများနဲ့ အပြိုင်အဆိုင် သစ်တွေကို ခုတ်လှဲပါတော့တယ်။
ဒါကြောင့် ကုမ္ပဏီတွေက ကကကြည်းကို တိုင်တန်းခဲ့ရာမှာ အခဲမကျေ ဖြစ်နေတဲ့ ဗိုလ်မောင်အေးက ကယားပြည်နယ်အတွင်းသို့ စကခ (၇) တပ်မ တစ်ခုလုံးအား ဖယ်ခုံတွင် အခြေစိုက် ဖွင့်လှစ်စေပြီး ကယားပြည်နယ်ကို မွှေနှောက်ခိုင်း ပါတော့တယ်။ အဲဒီ အခြေအနေ ကို ထိန်းသိမ်းဖို့ လွိုင်ကော်မြို့ က ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးဇော်သက်နိုင်ကို ကကလှမ်း မှ ညွှန်ကြားပြောဆိုခဲ့ပါတယ်။ သို့သော် KNPP က မလုပ်တော့ကြောင်း ပြန်ကြားပေမဲ့ အခြေအနေ တင်းမာနေပြီး စစ်တပ်နဲ့ KNPP တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
ပထမ စောစောပိုင်းကာလ စစ်ဆင်ရေး စတင်ရာမှာ နအဖ တပ်မှရှုံးနိမ့်ခဲ့လို့ စကခ (၇) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကိုကိုကျော် အဖြုတ်ခံရပြီး စစ်သံမှူးအဖြစ် လွင့်ထွက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့  ပါဝါကုန်သုံးပြီး စစ်တပ် အလုံးအရင်းနဲ့ တပ်မ (၅၅) ကိုပါ ထည့်သွင်းချေမှုန်းတာမို့ အင်အားမမျှလို့ KNPP လည်း တောထဲသို့ ပြန်ဝင် သွားခဲ့ရပါတယ်။ ကကလှမ်းအနေနဲ့ KNPP ကို တွေ့ဆုံ ဆွေးနွေးရေးအတွက် ပြန်လည် ကြိုးစား ကြည့်ခဲ့ပါသေးတယ်။ KNPP ရဲ့  ကိုယ်စားလှယ် ခူအူးရယ် အဖွဲ့ဝင် (၅) ယောက်အား ရန်ကုန်သို့ ခေါ်ယူညှိနှိုင်းရာ KNPP က အရင်သဘောတူညီချက်များအတိုင်း နေထိုင် လုပ်ဆောင်ခွင့်ရရင် ပြန်လည်ဝင်ရောက်မယ်လို့ပြောရာ ကက(ကြည်း) ထံ ကကလှမ်းမှ အကျိုးအကြောင်းပြန်လည် တင်ပြခဲ့ပါတယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကကကြည်းဟာ “အင်း မလုပ်၊ အဲ မလှုပ်” ဆိုင်းငံ့ ထားပြန်ပါတယ်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ခရစ်ယာန်သာသနာပြု ဂိုဏ်းချုပ်ဆရာတော် ဆိုတေးရို ဖာရိုမို ဆိုရင် ကယားပြည်နယ် ငြိမ်းချမ်းရေးကို လိုချင်လွန်းတာကြောင့် အခေါက်ခေါက် အခါခါ လွန်းပျံသွားရောက်ညှိနှိုင်းရာ ဒုက္ခကြီးလှတာမို့ ငဲ့ညှာဖို့ ကောင်းလှပါတယ်။
ဒီနေရာမှာ သုံးသပ်ချင်တာက ဗိုလ်သန်းရွှေဟာ ငြိမ်းချမ်းရေးကိစ္စအား ယခင်မူဝါဒအတိုင်း မပြင်ရဲဘဲ ဗိုလ်ခင်ညွန့်ရဲ့  အပစ်ရပ် အဖွဲ့တွေအပေါ် ညှိနှိုင်းတဲ့ အစီအစဉ်တွေကို မဖျောက်ချင် ပေမဲ့ ကကကြည်းအား ကိုင်တွယ်ထားတဲ့ ဗိုလ်မောင်အေးရဲ့  တင်းမာတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် အပေါ် ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်မောင်အေးတို့အကြား မှန်မှန်ကန်ကန် အလယ်အလတ် ရပ်တည် ပေးခဲ့မှုမရှိတာ တွေ့ရပါတယ်။ ဗိုလ်သန်းရွှေကိုယ်တိုင် အပစ်ရပ် အဖွဲ့တွေအပေါ် မူလကတည်း က နှိမ့်ချဆက်ဆံလိုပြီး ယုံကြည်မှုမရှိတဲ့ အတွက်ကြောင့် “ကြားနေ” ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ တိုင်းရင်းသားတွေရဲ့  အရေးဟာပိုပြီးတောင် အလှမ်းဝေးခဲ့ပြီဖြစ်ပါတယ်။
လေးလပတ် အစည်းအဝေးတွေမှာ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးရဲ့  မကြာခဏ လက်သုံး စကားကတော့ “သူပုန်တွေ တို့တပ်ကို လာစော်ကားရင်တော့ ချမယ်ကွာ၊ အတင်အစီးမခံဘူး၊ ဒီကောင်တွေ လူပါးဝတယ်” စသဖြင့် အမြဲပြောနေတာကြောင့် ဗိုလ်ခင်ညွန့် အနေနဲ့ ဟိုစဉ်ကတည်းက ဘေးကျပ်နံကျပ် မျက်နှာပျက်ရတဲ့ကိန်း အမြဲဆိုက်ရောက်ခဲ့ရပါတယ်။
တကယ်တော့ ဗိုလ်သန်းရွှေက ငါးတစ်ကောင်ကို ၀မ်းပျဉ်းသားအဆီဖြိုးဖြိုးကို ယူထားပြီး ခေါင်းပိုင်းကို ဆွေမျိုးပေါက်ဖော် တရုတ်ကိုကျွေးသလို အမြီးပိုင်းကိုတော့ သူ့လက်အောက် ငယ်သား ဗိုလ်ချုပ်အပေါင်းနဲ့ အပေါင်းအပါတွေကို ကျွေးထားတာမို့ အရိုးအရင်း အကျတွေ ကြားက အသားစရှာစားနေရတဲ့ အဖြစ်ကို အပစ်ရပ် တိုင်းရင်းသားတွေ အနေနဲ့ သိမြင်ဖို့ လိုပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးဟာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို နှိမ့်ချ ဆက်ဆံသလို တိုင်းရင်းသားတွေ အပေါ်မှာတော့ အမြတ်ထုတ် အခွင့်အရေးယူ “ဖျံ” ကျတတ်ပုံတွေ၊ နိုင်ထက်စီးနင်းရယူ အမြတ်ထုတ်ခဲ့ပုံတွေကို ဆက်လက် တင်ပြပါဦးမယ်။
Ref: ခေတ်ပြိုင်
....
မနက်ဖြန် မြန်မာ တနိုင်ငံလုံးရှိ အကျဉ်းသား ၆၃၁၃ ယောက် လွှတ်မည်
မြန်မာ စစ်အစိုးရပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ ယနေ့ သောကြာနေ့ ညပိုင်း အစီစဉ် များတွင် အကြောင်းပြချက် တစုံတရာ မပြုပဲ လွတ်ငြိမ်း ချမ်းသာခွင့် အစီစဉ် များဖြင့် တနိုင်ငံလုံးရှိ အကျဉ်းသား ခြောက်ထောင်ကျော် လွှတ်ပေးမည် ကြေညာ သော်လည်း နိုင်ငံရေး အကျဉ်သားများ မည်၍ မည်မျှ ပါဝင်၊ မပါဝင်ကို သေခြာ ဂဃနဏ ရှင်းလင်းစွာ ပြောဆိုခြင်း မပြုချေ။
စစ်အစိုးရပိုင် မီဒီယာများ၏ ပြောကြားချက်အရ လာမည့် ၂၀၁၀ ခုနှစ် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲအား ကောင်းမွန်စွာ ပူးပေါင်း ပါဝင်မည် ဖြစ်သော အမှု အမျိုးအမည် ပေါင်းစုံ အကျဉ်းသား ၆၃၁၃ ယောက်အား မနက်ဖြန် စနေနေ့မှ စတင်ကာ လွှတ်ပေးသွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်။
ယမန်နှစ် စက်တင်ဘာလက တနိုင်ငံလုံးရှိ အကျဉ်းသားပေါင်း ၉၀၀၂ ဦး လွှတ်ပေး ခဲ့သော်လည်း ဒါဇင် မျှသာရှိသော နိုင်ငံရေး အကျဉ်းသားများသာ ပါဝင် လွတ်မြောက်ခဲ့သည်။ မကြာသေးမည် လများ ကလဲ ရာနှင့်ချီသော နိုင်ငံရေး လှုပ်ရှားသူများအား ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အချိန်ကျော်အောင် အထိ အချိန်ဆွဲသော ထောင်သက်တမ်း များဖြင့် သတ်မှတ်ချလေ့ ရှိသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက ထောက်ပြ ပြောဆိုလျှက် ရှိသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော်အား ထိမ်းသိမ်းထား သဖြင့် လွန်ခဲ့သော လက ကုလသမဂ္ဂမှ အထူးသံတမန် မစ္စတာ ဂမ်ဘာရီ စေလွှတ်ခဲ့သော်လည်း၊ မြန်မာ စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံခဲသော မစ္စဂမ်ဘာရီမှာ နယူးယောက် သို့ ပြန်ရောက်သော အခါ သတင်းစာ ရှင်းလင်းပွဲ၌ “ ကျနော့် အနေနှင့် နိုင်ငံရေး အကျဉ်းသားများ၊ အခြားသော အကျဉ်းသားများ စစ်အစိုးရမှ ပြန်လွှတ်ပေး မည်ဟု ယုံကြည်ပါတယ် ” သာပြောဆို သွားခဲ့သည်။
ဂမ်ဘာရီ၏ တုန့်ပြန်မှုအား အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး မီရှဲလ် မွန်းတတ်(စ်) အား အေပီ သတင်းဋ္ဌာနမှ မေးမြန်းသောအခါ “ ပြန်လွှတ်ရာမှာ နိုင်ငံရေး အကျဉ်းသားများ ပါ၊ မပါ ရှင်းရှင်းလင်းလင်း မသိရသေး သော်လည်း၊ ဆက်လက် ညှိုနှိုင်း ဆောင်ရွက်နေဆဲ ” ဟုသာ ပြန်လည် ဖြေကြားပါသည်။
Ref: လူထုအသံ
ကွင်တားနား ၆ မိနစ်ကြာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 20 2009 10:09 - မြန်မာစံတော်ချိန်
ရန်ကုန် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး တိုးတက်မှုများနှင့် ပတ်သက်၍ လေ့လာရန် မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့သော ကုလသံတမန် မစ္စတာ တောမတ် အိုဂျီ ကွင်တားနားသည် မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ယမန်နေ့ ည ၇ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အထူး သီးသန့်ဆောင်၌ မြန်မာနိုင်ငံရှိ နိုင်ငံခြား သတင်းထောက်များ၊ ပြည်တွင်းဂျာနယ်များမှ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။
မစ္စတာ ကွင်တားနားက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် စိမ်ခေါ်မှုများနှင့် ရင်ဆိုင်နေရာဆဲ ဖြစ်သည်ဟု ၆ မိနစ်တာ ကြာမြင့်သော သတင်းစာ ရှင်းလင်းပွဲ၏ အစမှာပင် ပြောကြားသွားသည်။
ခရီးစဉ်ကို စီစဉ်ပေးသော မြန်မာအစိုးရကို အထူးပင် ကျေးဇူးတင်ပါကြောင်းနှင့် သူ၏ ပြောဆို ဆွေးနွေးမှုများကို မြန်မာအစိုးရ အနေဖြင့် အလေးထား စဉ်းစားပြီး အပြုသဘော ဆောင်သော တိုးတက်မှုများ ရလိမ့်မည်ဟု မျှော်လင့် မိပါကြောင်း အထူး သံတမန်က ပြောပါသည်။
သူသည် တရားသူကြီးချုပ် ဦးအောင်တိုးနှင့်လည်း တွေ့ဆုံခွင့်ရခဲ့ပြီး လွတ်လပ်သော တရားစီရင်ရေး စနစ်ဖြစ်ရန် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဥပဒေများ ပြန်လည် သုံးသပ်မှု ပြုလုပ်ရန်နှင့် ပြည်သူ ပြည်သားများ၏ အခြေခံ ရပိုင်ခွင့်တို့ကို လေးစားရန် စစ်အစိုးရကို အကြံပြုခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါသည်။
"တရားသူကြီးချုပ်၊ ၀န်ကြီးတို့နဲ့တွေ့ပြီး ဆွေးနွေးတော့ သူတို့ဘက်က နိုင်ငံရေး သမားတွေကို ပြစ်ဒဏ် စီရင်တဲ့ ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စတွေ ဆွေးနွေးတော့ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ရပါတယ်" ဟု ကွင်တားနားက ပြောသည်။
လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အင်းစိန်ထောင်ရှိ ကျောင်းသား၊ သီလရှင်၊ ရှေ့နေ၊ လွှတ်တော် အမတ်တို့မှ ယုံကြည်ချက်ကြောင့် ထောင်ချခံရသူ နိုင်ငံရေး အကျဉ်းသား ငါးဦးနှင့် တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ပြီး အချိန် လေးနာရီကျော် ကြာမြင့်သည်ဟု သူက ထည့်သွင်း ပြောဆိုသွားသည်။
ကရင်ပြည်နယ် ခရီးစဉ်တွင်မူ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားခဲ့သော ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ကာ ငြိမ်းချမ်းရေး ရယူထားသည့် ဗိုလ်ချုပ် စောဋ္ဌေးမောင် (KNU/KNLA) ငြိမ်းချမ်းရေး ကောင်စီ၊ ပဒိုအောင်ဆန်း၏ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့၊ ဦးသာထူးကျော်၏ DKBA အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။
Ref: မဇ္ဈိမ
Friday, February 20, 2009
အမေရိကန်ပေါ်လစီသစ်နှင့် မြန်မာနိုင်ငံ
(သုံးသပ်ချက်)
သတင်းထောက် ဟန်တင်အောင် / ၁၉ ဖေဖော်ဝါရီ ၂၀၀၉
မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်သည့် အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ဖို့များသည်ဟု နိုင်ငံတကာ သတင်းတွေက သုံးသပ်သည်။
သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ထားသည့် ဥပဒေကို ရုတ်သိမ်းမည် သို့မဟုတ် မည်သည့်ပေါ်လစီနှင့် အစားထိုးမည် ဆိုသည်ကိုမူ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က တိတိကျကျ ပြောမသွားပေ။
မြန်မာအရေး မည်သို့ဖြေရှင်းရမလဲ ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှား အစိုးရနှင့်လည်း တိုင်ပင် ဆွေနွေးနေကြောင်း မစ္စကလင်တန်က အင်ဒိုနီးရှား သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောကြားသည်။ သို့သော် စီးပွားရေး ဒဏ်ခတ်မှုကို လျော့ပါးစေမည့်အချက်သည် အိုဘားမား အစိုးရ စဉ်းစားနေသည့်အထဲမှ တချက်ဖြစ်သည် ဆိုသည်ကိုမူ မစ္စကလင်တန်က ငြင်းဆိုခြင်း မရှိပေ။
“မြန်မာနိုင်ငံအပေါ် ကျမတို့ချမှတ်ခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်မှုက စစ်အစိုးရကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ကြိုးစားတဲ့ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေသုံးတဲ့ ပေါ်လစီလဲ စစ်အစိုးရအပေါ် သြဇာမညောင်းခဲ့ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
သို့သော် အိုဘားမားအစိုးရဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ထားမှုကို လျော့ပါးအောင် ကြိုးစားမှုမှန်သမျှ အမေရိကန် ကွန်ဂရက်မှာ အတိုက်အခံနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပို့စ် သတင်းစာကြီးက ထောက်ပြထားသည်။ လက်ရှိ အိုဘားမား အစိုးရ၏ ဒုသမ္မတ ဘိုင်ဒန်သည်ပင် မြန်မာ ကျောက်မျက် ဥပဒေ ဖြစ်ပေါ်ရေးအတွက် တချိန်က တွန်းအားပေးခဲ့သူ ဖြစ်သည်။
သို့သော် ဘရပ်ဆဲ အခြေစိုက် International Crisis Group ကဲ့သို့ သြဇာရှိသည့် လူမှုရေး ကူညီမှု အဖွဲ့တွေကတော့ စီးပွားရေးဒဏ်ခတ်မှု ပေါ်လစီကို မေးခွန်းထုတ်လာကြသည်။ လွန်ခဲ့သည့် အောက်တိုဘာ လမှာ ထုတ်ပြန်ခဲ့သည့် ICG အစီရင်ခံစာအရ ဆိုလျှင် မြန်မာနိုင်ငံတွင်း လူမှုရေး အကူအညီများ ရောက်သင့်သလို အထည်ချုပ်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ငါးလုပ်ငန်းတွေအပေါ် တားမြစ်ချက်တွေ၊ ခရီးသွား လုပ်ငန်းအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းသင့်ပြီဟု ရေးထားသည်။
U.S Campaign for Burma အဖွဲ ညွှန်ကြားရေးမှူး Jeremy Woodrum မူ အိုဘားမား အစိုးရအနေနှင့် မြန်မာ အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်မှုကို မရုတ်သိမ်းသင့်ကြောင်း၊ ယင်းအစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေအစိုးရ ပြည်သူတွေအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုများ ရပ်တန့်စေရန်အတွက် မြန်မာစစ်အစိုးရအား တကမ္ဘာလုံးက လက်နက် မရောင်းချရေး ပိတ်ဆို့မှု လုပ်သင့်ကြောင်း ပြောသည်။
စင်စစ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုသည် ရာသက်ပန်မဟုတ်။
မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက် ထားသော အစိုးရဘက် အခြေ အနေ အရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံ လာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေ ပြဋ္ဌာန်းချက်များကို အမေရိကန် သမ္မတအနေဖြင့် ရုတ်သိမ်းနိုင်သည်။
ထိုဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်စေရေး အတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သား အစိုးရအား အာဏာလွှဲပြောင်းပေးရန် အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါ အချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။
အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးမည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။ ထိုအချက်သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို ပြန်သုံးသပ်မှုနှင့် တိုက်ရိုက်ပတ်သက်မှု ရှိမရှိ အတိအကျ မသိရပေ။
၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန် သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြသည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်း များဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း၊ စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။
ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆိုသည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည်အသွေး ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်ညှဉ်းပန်း အုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။
ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရာထူး လျာထားခံရသူ မစ္စ ကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။
သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့် နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် ဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။ ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန် နိုင်ငံခြားရေးပေါ်လစီသစ် အဖြစ် ကမ္ဘာကလည်း မှတ်ယူခဲ့ကြသည်။
အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင် နိုင်ငံများ (Axis of Evil) ဆိုပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီးနောက်ပိုင်း မိစ္ဆာအုပ်စုဝင် နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။
အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။
သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီ ရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှု တို့ကြောင့် ဟီလာရီ ကလင်တန်၏ smart power နိုင်ငံခြားရေး ပေါ်လစီ သည်လည်း မြန်မာ့အရေးအတွက် အနာနှင့် ဆေး တည့်ပါ့မလား ဆိုသည်မှာလည်း မသေချာပေ။
Ref: ခေတ်ပြိုင်