..............................

Friday, January 2, 2009

၂၀၀၉ နိုင်ငံရေး အလားအလာ မကောင်းနိုင်ဟု ဦးဝင်းတင် ခန့်မှန်း

01 January 2009


၂၀၀၉ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာခဲ့ရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကောင်းအဆိုးတွေ ပြီးခဲ့တဲ့နှစ်က ဘာတွေကြုံတွေ့ခဲ့ရသလဲ၊ အခုနှစ်မှာရော ဘာတွေ ကြုံတွေ့ရလိမ့်မယ်လို့ တွက်ဆကြပါသလဲ။ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားနေသူ၊ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ အမြင်ကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

“ကျနော်က စစ်အစိုးရရဲ့ ထောင်တွင်းမှာ ၁၉၈၉ ကစပြီး ၂၀၀၈ ခုနှစ်အထိ ၁၉ နှစ်ကျော် ကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ဦးဝင်းတင် ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်ကို ပြန်ပြီး ခြုံကြည့်လိုက်ရင် စစ်အစိုးရရဲ့ တိုင်းရေးပြည်ရေးနဲ့ပတ်သက်ပြီး ဘာမှ ထောက်ထောက်ထားထား မရှိဘူးဆိုတဲ့ အနေအထားကိုပဲ တွေ့ရတယ်။ ဒီအနေအထားတွေက စီစဉ်ပြီး ကြည့်မယ်ဆိုရင် ရှေ့နှစ်မှာ ဘာဖြစ်မလဲလို့ မှန်းတဲ့အခါကြတော့ ကျနော်ကတော့ အကောင်းမြင်တဲ့ အတွေးအခေါ်နည်းလို့ဆိုပြီး စွပ်စွဲရင်လည်း ခံရမှာပဲ၊ ကျနော်တော့ ရှေ့နှစ်ခါလည်း ဘာမှ ကောင်းတဲ့ လက္ခဏာကို မမြင်ဘူး။

“ဆိုပါတော့ လာမယ့်နှစ်မှာဆိုရင် သူတို့ရဲ့ လမ်းပြမြေပုံအရ ပါတီမှတ်ပုံတင်တွေ ပေါ်လာနိုင်တယ်၊ ရွေးကောက်ပွဲဥပဒေတွေ ထွက်လာနိုင်တယ်။ ဒါကြည့်ရင်တော့ သူတို့ဟာသူတို့ ထင်ရာစိုင်းမယ့် လုပ်ငန်းတွေ၊ ဒါတွေပဲ ပေါ်ထွက်လာမှာပဲ၊ ရှေ့နှစ်တနှစ်လုံး ကတော့။ အဲဒီလိုနဲ့ပဲ ကျနော်တို့ ၂၀၀၉ ကို ကျော်ဖြတ်ပြီးတော့ ၂၀၁၀ ခုနှစ် ရောက်ဦးမှာပဲ။

“အဲဒီတနှစ်ကြရင်လည်း ပိုပိုပြီး ဆိုးသထက်ဆိုးမယ့် အလားအလာတွေပဲ ရှိလိမ့်မယ်၊ တိုင်းပြည်မှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ဒါတွေသာ ကျနော်တို့ ထပ်တလဲလဲ၊ ထပ်တလဲလဲ ရင်ဆိုင်ဖို့သာ ရှိသွားမယ်လို့တော့ ကျနော်က အဲလောက်တောင် ပြောချင်ပါတယ်။”

Ref: VOA News

Read More...

Wednesday, December 31, 2008

သုညဘဝ သာသနာ

ဂါမဏိ

အချိန်မှာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်။

နေရာကား ယခင်က မေမြို့ဟုခေါ်သော ပြင်ဦးလွင်မြို့။

နံနက်ပိုင်း၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်သာသနာပြု တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။ မိန့်ခွန်းမမြွက်ကြားမီ ဗိုလ်လောင်းများက ချီတက်အလေးပြုသည်ကို ခံယူပြီး စစ်ရေးပြ ဗိုလ်လောင်းများအား စစ်ဆေးကြည့်ရှုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာ၌ ယခု သင်တန်းဆင်းမည့် ဗိုလ်လောင်း များသည် မြန်မာနိုင်ငံတွင် သန့်ရှင်းစစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးအတွက် အမာခံ တာဝန်ယူရမည့် ရဲဘော်များဖြစ်ကြောင်း၊ တာဝန်ချထားရာ နယ်မြေများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ရဟန်းငယ် ဦးပဉ္ဇင်းများအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီး နောင်တွင် ကျောင်းထိုင်ဘုန်းကြီးအဆင့်ထိ တက်လှမ်း တာဝန်ယူသွားရမည်ဖြစ်ကြောင်း၊ အမျိုး-ဘာသာ-သာသနာအကျိုးအတွက် တပ်မတော်သာ အမိ တပ်မတော်သာအဖ ဟူသည့် ခံယူချက်ဖြင့် သာသနာ သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းစသည်ဖြင့် မှာကြားသွားသည်။

နေ့လည်ပိုင်းတွင် စစ်ရာထူးခန့်ချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား ပြန်တမ်းဝင် ဒုဗိုလ်
များအဖြစ် ခန့်အပ်လွှာ အပ်နှင်းပြီးနောက် တဆက်တည်းတွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျောင်းတိုက်များသို့ တာဝန်ချ အမိန့်စာများ ပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်ကြီးများက ဝိနည်းနှင့်အညီ ရဟန်းပြုပေးခဲ့သည်။ ညနေပိုင်းတွင် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြီး ဘီအေ (ဓမ္မစာရိယ) (ဒီအက်စ်အေ)ဘွဲ့နှင့် ပထမပြန်ဘွဲ့များ ဆက်ကပ် ချီးမြှင့်ခဲ့သည်။

၂ဝဝ၈ ခုတွင် စတင်ခေါ်ယူခဲ့သည့် ယနေ့သင်တန်းဆင်း ဗိုလ်လောင်းမှာ (၅၄၅) ဦးရှိပြီး နောက်ပိုင်း အပတ်စဉ်များတွင် ဗိုလ်လောင်းအရေအတွက် တိုးမြှင့်ခေါ်ယူခဲ့သည်ဟု သိရှိရသည်။ မြန်မာတပြည်လုံးရှိ သံဃာများ၏ သုံးပုံ နှစ်ပုံကို တပ်မတော်သာသနာပြု တက္ကသိုလ်ဆင်း အရည်အချင်းပြည့် တပ်မတော် အရာရှိ သံဃာတော်များဖြင့် ဖြည့်ဆီးရန် နိုင်ငံတော်မှ (၁ဝ) နှစ် စီမံကိန်းချထားသည်။

တပ်မတော်သာသနာပြုတက္ကသိုလ်မှ ဗိုလ်လောင်းများ သင်တန်းဆင်းပြီးလျှင် ဓမ္မစက်နှင့် အာဏာစက် ပေါင်းစပ်မှု ပြီးပြည့်စုံသွားပြီး နိုင်ငံတော်၏ သာသနာရေး လုပ်ငန်းအားလုံးကို စည်းကမ်းတကျ စီမံခန့်ခွဲ နိုင်တော့မည် ဖြစ်သည်။ ရှင်ပြုရဟန်းခံ အလှူဒါန တရားဟော စာချ စသည့် ပဋိပတ် ပရိယတ် လုပ်ငန်းအားလုံးကို နိုင်ငံတော်မှ စီမံကိန်းရှိရှိ စနစ်တကျ စီမံခန့်ခွဲသွားနိုင်မည်ဖြစ်၍ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲပြီးနောက် လက်ရှိကျင့် သုံးနေသော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကြီးမားစွာ အထောက်အကူပြုသွား မည်ဖြစ်သည်။

ဤအိပ်မက်ဆိုးမှာ နအဖ စစ်အာဏာရှင်တို့ သက်ဆိုးရှည်ခဲ့ပါက ကျနော်တို့တိုင်းပြည် တွေ့ကြုံရမည့် အနေအထားဖြစ်သည်။ ဇန်နဝါရီ (၁၃) ရက်က သာသနာ့ဥသျှောင် ဆရာတော်ကြီးများ ဖြစ်သော ပီနန်ဆရာတော် ဦးပညာဝံသနှင့် ဦးဥတ္တရတို့ မဲဆောက်မြို့သို့ကြွရောက် သြဝါဒ ချီးမြှင့်မှုကို ကြားနာခဲ့ရာမှ နအဖလက်အောက် ဗုဒ္ဓသာသနာ၏ အနာဂတ်ကို ဤသို့ ခြောက်ခြားဖွယ် ခံစားခဲ့ရသည်။
နအဖသည် ကျောင်းသားလှုပ်ရှားမှုကို ချေမှုန်းနိုင်ရန်အတွက် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများကို အရေအတွက် များစွာ ဖြန့်ခွဲပစ်၍ ဝေးလံလှသော မြို့ပြင်သို့ပို့ပြီး အဆောင်နေ ကျောင်းသားစနစ်ကို ဖျက်သိမ်း ခဲ့သည်။ ထို့အပြင် အင်အားပြန့်ကျဲသွားသော ကျောင်းသားများကို ကျောင်းဝင်းအတွင်းသို့ ကျောင်းသားမှတ်ပုံတင်ပြ၍ သတ်မှတ်ချိန်အတွင်း ဝင်ရောက်ကျောင်း တက်စေပြီး ပြင်ပလောကနှင့် အဆက်ဖြတ်ခံရသည်။ နေ့ကျောင်းတက်ဖို့စရိတ်ကို အကြီးအကျယ် မြင့်တက်သွားစေပြီး အဝေးသင် စနစ်ဖြင့် ဘွဲ့လက်မှတ်ကို ပေါပေါလောလော ဝယ်နိုင်အောင် အခြေအနေ ဖန်တီးပေးခဲ့သည်။

အလားတူ သံဃာ့အင်အားစုများကိုလည်း ဖြိုခွဲဖို့ ကြံစည်မည်မှာ သေချာပေါက်ဖြစ်သည်။ စစ်အုပ်စုသည် ၁၉၆၂ ခု အာဏာသိမ်း ပြီးနောက် မကြာမီ ၁၉၆၅ ခုမှစ၍ မြန်မာနိုင်ငံ၏ ဗုဒ္ဓ သာသနာအမာခံ သံဃာတော် များကို စစ်အာဏာအောက်၌ ထိန်းချုပ်နိုင်ရန် စတင်ကြိုးပမ်းခဲ့သည်။ ၁၉၈ဝ တွင် သံဂါယာနာအတု ကျင်းပပြီး သာသနာ့တံခွန်ကို ဦးနှိမ်ပစ်ခဲ့သည်။ သို့သော် သံဃာတော်တို့သည် ဘုရားသားတော်များ ဖြစ်မြဲဖြစ်နေသည်ကို ၂ဝဝ၇ စက်တင်ဘာတွင် တကမ္ဘာလုံးက ကြက်သီးမွှေးညှင်းထဖွယ် မျက်ဝါးထင်ထင် မြင်တွေ့သွားခဲ့သည်။

ဤသို့ဖြင့် မြန်မာနိုင်ငံမှ သံဃာတော်များ၏ လှုပ်ရှားမှုအားလုံး စစ်အာဏာရှင်တို့ လက်အောက် လုံးလုံး လျားလျား ကျရောက်အောင် ဘုန်းကြီးကျောင်းများကို အရေအတွက် လျှော့ချ ချိတ်ပိတ် ဖျက်သိမ်းကာ ရပ်ကွက် မြို့နယ် လူဦးရေအလိုက် သံဃာအရေအတွက် ကန့်သတ်၊ ရဟန်းခံ ရှင်ပြုမှု အားလုံးနှင့် ဆွမ်းလောင်း အလှူအတန်းမှအစ ဘာသာရေး ပွဲလမ်းသဘင်အားလုံး ရယက၊ မယက၊ ခယက၊ သက်ဆိုင်ရာ ရဲစခန်း၊ ကြံ့ဖွတ်၊ အက်စ်ဘီ၊ စရဖတို့ထံ အနည်းဆုံး (၆)လ ကြိုတင် လျှောက်ထား ခွင့်ပြုချက်ယူ၊ စာသင်တိုက်များကို ပိတ်ပစ်ပြီး အဝေးသင် ပရိ ယတ္တိပညာရေး ကျင့်သုံး၊ သံဃာများ၏ သွားလာမှုကို အဆင့်ဆင့် သတင်းပို့ ခွင့်ပြုချက်ယူ၊ စေတီပုထိုးနှင့် ကျောင်းကန်များသို့ ဝင်ထွက်သွားလာမှု အားလုံး မှတ်ပုံတင်ပြ ခွင့်ပြုချက် ကြိုတင် လျှောက်ထား၊ နောက်ဆုံးတွင် စစ်ဗိုလ် စစ်သားများကိုယ်တိုင် အထက်တွင် မှန်းဆကြည့်ခဲ့သလို ဗြောင်အတိအလင်း သင်္ဃန်းဝတ်ပြီး ဘာသာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်၊ ဤသည်မှာ ၂ဝဝ၈ မေလ ဆန္ဒခံယူပွဲဖြင့် ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုလိုက်ပါက ပေါ်ပေါက်ဖြစ်တည်လာမည့် စစ်အာဏာရှင်စနစ်အောက်မှ အနာဂတ်သာသနာ၏ ရုပ်ပုံလွှာ ပင်ဖြစ်သည်။

ယခုအခါ ထေရဝါဒ ဗုဒ္ဒဘာသာ၏ ပြည်ပသာသနာပြုလုပ်ငန်းမှာ များစွာအောင်မြင်လျက်ရှိသည်။ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လော ဘုန်းတော်ကြီးများသည် ကမ္ဘာအရပ်ရပ်၌ ဗုဒ္ဓ သာသနာ ပြန့်ပွားအောင် စွမ်းဆောင်နိုင်ကြသည်။ အာဖရိကတိုက်မှာပင် ထေရဝါဒ ဗုဒ္ဓဘာသာ စတင်ခြေချလျက် ရှိသည်မှာ အများအသိပင်ဖြစ်သည်။ သို့ရာတွင် ယခုလို ပြည်ပတွင် မြတ်နေ သော်လည်း ပြည်တွင်း၌ သာသနာမှာ အကြီးအကျယ် ဖျက်ဆီးခံနေရသဖြင့် အရင်းရှုံးနေသည်ဟု ပီနန်ဆရာတော်ကြီးက သုံးသပ်ပြသည်။

၁၉၇၅ ခု ဧပြီလတွင် ခမာနီတို့က ကမ္ဘောဒီးယားခေါ် ကမ်ပူချားနိုင်ငံကို သိမ်းပိုက်လိုက်သည်။ “သုညသက္ကရာဇ်” ဟု ခမာနီတို့က ကင်ပွန်းတပ်ခဲ့သည့် ထိုအချိန်မှစ၍ နိုင်ငံ့လူဦးရေ၏ (၉ဝ) ရာခိုင်နှုန်း ကိုးကွယ်သော ထေရဝါဒ ဗုဒ္ဓသာသနာကို ပိတ်ပင်ခဲ့သည်။ သံဃာများကို အဓမ္မလူဝတ် လဲပစ်ခဲ့သည်။ လူဝတ်လဲရန် ငြင်းသည့် သံဃာများကို သတ်ပစ်ခဲ့သည်။ သံဃာအချို့သာ ထိုင်းနိုင်ငံသို့ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။

ထိုစဉ်က မြန်မာနိုင်ငံသို့ပင် ကမ္ဘောဒီးယား ဆရာတော်ကြီးတပါး ထွက်ပြေးရောက်ရှိလာခဲ့သည်။ အသတ် မခံရသည့် သံဃာအချို့က လူဝတ်ဖြင့် လူများအကြား ရောနှောနေထိုင်ပြီး ဘာသာရေး ဓလေ့ထုံးတမ်း များကို လျှို့ဝှက်ဆောင်ရွက်ခဲ့သည်။ လျှို့ဝှက်စွာတရား အားထုတ်ခဲ့ကြသည်။

ခမာနီများထံ သတင်းပေါက်ကြားသွား၍ အသတ်ခံရသည့် လူဝတ်လဲ သံဃာများလည်း မနည်းလှ။ ဘုရားရှိခိုး နေသည်ကို ခမာနီတို့ တွေ့သွားသဖြင့်လည်းကောင်း၊ ထောက်လှမ်းရေး သတင်းပေးများက ခမာနီတို့ထံ သတင်းပေးသဖြင့်လည်းကောင်း အသတ်ခံရသည့် သာမန်အရပ်သား ပြည်သူ များမှာလည်း အများအပြားဖြစ်သည်။

အရေအတွက် (၂,၈ဝဝ) ရှိသော ဘုရားကျောင်းကန်များ အားလုံးကို ဖျက်ဆီးပစ်၊ သို့မဟုတ် ရိက္ခာစတိုများ၊ ဂိုဒေါင်များ၊ နွားခြံ ဝက်ခြံများ၊ စည်းဝေးခန်းမများ၊ အချုပ်ခန်းများအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ဆင်းတုတော်များကို ရိုက်ချိုးပြီး မြစ်ချောင်း အင်းအိုင်များထဲ ပစ်ချခဲ့သည်။ သို့မဟုတ် ထင်းအဖြစ် မီးဆိုက်ခဲ့သည်။ ဌာပနာများ၊ လှူဒါန်းထားသည့် ရွှေငွေရတနာများကိုလည်း ခမာနီတို့က နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခဲ့သည်။

ခမာနီတို့ အာဏာမရမီက ကမ္ဘောဒီးယားတွင် သံဃာဦးရေ (၈ဝ,ဝဝဝ) ခန့် ရှိခဲ့သည်။ ၁၉၇၅-၇၉ ကာလတွင် သံဃာများ လုံးဝပျောက်ကွယ်သွားခဲ့ရာ ထိုင်း၊ အမေရိကန် စသည့် နိုင်ငံခြား တိုင်းပြည်များတွင် ခိုလှုံနေသော သံဃာ (၂,ဝဝဝ) ခန့်သာ ကျန်ရှိတော့သည်။ ဤကာလအတွင်း သေဆုံးသည့် ခမာ ပြည်သူများ အတွက် သရဏဂုံတင်ပေးမည့်ရဟန်း မရှိတော့။ သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော်ကြီး များလည်း ဤကာလအတွင်း ပျံလွန်တော်မူခဲ့ရာ ပြန်လည်အစားထိုး နိုင်ခြင်းမရှိခဲ့။ ကမ္ဘောဒီးယား သံဃာ့ ဂိုဏ်းများအနက် သံမယုတ်ဂိုဏ်းမှာ ထိုင်းဘုရင်နှင့် ဆက်စပ်မှုရှိသဖြင့် ခမာနီတို့က ပို၍ပြင်းထန်စွာ နှိပ်ကွပ်ခြင်းကို ခံရသည်။
၁၉၇၆ ဒီမိုကရက်တစ် ကမ်ပူးချား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၂ဝ) ၌ ဘာသာရေး လွတ်လပ်ခွင့် ရှိသည်ဟု ဆိုထားသည်။ သို့သော် တဆက်တည်းတွင် “ဒီမိုကရက်တစ်ကမ်ပူးချားနှင့် ကမ်ပူးချား ပြည်သူများကို အကျိုးမဖြစ်စေသော ဖောက်ပြန်သည့် ဘာသာရေးအားလုံးကို တင်းကြပ်စွာတားမြစ်သည်” ဟု ကြေညာထားသည်။

ခမာနီအစိုးရက ဗုဒ္ဓရဟန်းများကို ကပ်ပါးများအဖြစ် သဘောထားပြီး အဓမ္မလူဝတ်လဲပစ်ကာ “ပြန်လည် ပညာပေးစခန်းများ” သို့ပို့၍ လုပ်အားပေး တပ်ဖွဲ့များအဖြစ် ဖွဲ့စည်းပစ်ခဲ့သည်။ ဆည်မြောင်းများတူးဖော်ခြင်း၊ လယ်ယာများ ထွန်ယက်ခြင်း လုပ်ခိုင်းသည်။ သံဃာ (၅ဝ,ဝဝဝ) ခန့် အသတ်ခံရ သို့မဟုတ် ပင်ပန်းဆင်းရဲမှု ဒဏ် ငတ်မွတ်ခြင်းဒဏ် ရောဂါဘယဒဏ် တို့ဖြင့် အသက် ဆုံးခဲ့သည်။ တချိန်က ရဟန်းဝတ်ခဲ့ဖူးသည့် ခမာနီခေါင်းဆောင် ပိုးလ်ပေါ့က သံဃာများသည် အသုံးမကျသည့် ခွေးလေ ခွေးလွင့်များဖြစ်သည်။ ခေတ်ဟောင်း ပဒေသရာဇ် အာဏာ၏ အစိတ် အပိုင်းများဖြစ်သည်ဟု ဆဲရေးရှုတ်ချခဲ့သည်။

ခမာနီတို့က ကမ္ဘောဒီးယားမွတ်ဆလင် ချမ်တိုင်းရင်းသား လူမျိုးစုများကို သေနတ်နှင့်ချိန်၍ ဇွတ်အတင်း ဝက်သား စားခိုင်းသကဲ့သို့ အဓမ္မ လူဝတ်လဲပေးထားသည့် သံဃာများကိုလည်း ခမာနီ တပ်များအတွက် ကြက်သတ် ဝက်သတ်ခိုင်းခြင်းသာမက 'သူလျှိုများ' 'ဖောက်ပြန်ရေးသမားများ' ဟု ၎င်းတို့ စွပ်စွဲ ထားသူများကိုပါ ကွပ်မျက် သတ်ဖြတ်ခိုင်းသည်။ ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလများ၊ ဝိနည်းဓိုရ် များကို စနစ်တကျ ဖောက်ဖျက်ခိုင်းသည်။

ထိုင်းနိုင်ငံ၌ တောရဆောက်တည် တရားကျင့်နေသော မဟာဂေါသနန္ဒ မထေရ်ကြီးသည် ထိုင်း နယ်စပ်သို့ စတင်ရောက်ရှိလာသော ကမ္ဘောဒီးယားဒုက္ခသည်များထံ ၁၉၇၈ ခုတွင် ကြွချီလာပြီး တရားဓမ္မများ ဟောကြား သာသနာပြုခဲ့သည်။ ဤသည်မှာ ကမ္ဘောဒီးယား လူမျိုးများအနေဖြင့် နှစ်ပေါင်းများစွာအတွင်း ဗုဒ္ဓရဟန်းတပါးကို ပထမဆုံး ဖူးတွေ့ရခြင်းဖြစ်၍ ဒုက္ခသည်အများအပြားမှာ စိတ်မထိန်းနိုင်ဘဲ ငိုကြွေး ခဲ့ကြသည်။ ဆရာတော် မဟာဂေါသနန္ဒ၏ မိသားစုအားလုံးနှင့်တကွ မိတ်ဆွေများ ဒါယကာများမှာမူ သုညသက္ကရာဇ်များ အတွင်း ခမာနီတို့၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။

၁၉၇၉ ခုနှစ် ခမာနီတို့ ပြုတ်ကျချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ သံဃာတပါးမှမရှိတော့ဘဲ စေတီပုထိုး ဘုန်းကြီးကျောင်း အများစုမှာ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်း ပျက်စီးပြိုကျနေကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ခမာနီခေါင်းဆောင်များမှာ လက်လွတ်ခွက်ချွတ် အသေဆိုးနှင့် သေခဲ့ကြရသည်။ မသေသေးသူများလည်း မည်သို့မှ ဘဝမကောင်းတော့။ ခမာနီတစုံတယောက်မှ ဘုရားရိုက်ခြင်းမှ ပြေးမလွတ် နိုင်ခဲ့။ သို့သော် ထေရဝါဒ ဗုဒ္ဓသာသနာမှာမူ ယနေ့ကမ္ဘောဒီးယားတွင် ပြန်လည်ပွင့်လန်းလျက် ရှိနေလေပြီ။ အလားတူပင် သက်တမ်းနှစ်ပေါင်း ၂,၅ဝဝ ကျော်ခဲ့ပြီဖြစ်သည့် ဗုဒ္ဓသာသနာတော်ကို သက်တမ်းနှစ်ပေါင်း ၃-၄ဝ သာရှိသေးသည့် မြန်မာစစ်အာဏာရှင် ဝါဒက ယှဉ်နိုင်မည်လော။

သို့သော်ငြားလည်း သံဃာတော်တို့အလုပ်မှာ မေတ္တာပို့ခြင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောကြား ပြသခြင်း၊ အားထုတ်ခြင်းသာဖြစ်သည်။ ဆွမ်းခံကြွလာသော ဘုန်းကြီးကို လိုက်ခတ်သည့် ကျွဲအား ခဲနှင့် ပေါက် ဒုတ်နှင့်ရိုက်၍ လက်ထိလက်ရောက် နှိမ်နင်းဖို့ရန်မှာ လူဝတ်ကြောင် ကပ္ပိယများ၊ ဒါယကာများ၏ အလုပ်သာဖြစ်သည်ဟု ပီနန်ဆရာတော်ကြီးက ဆက်လက်ဟောကြား အလင်းပြပေးခဲ့သည်။ သို့ဖြစ်၍ ကျွဲဆိုးကို မည်သည့်နည်းလမ်းဖြင့် နှိမ်နင်းရမည်မှာ သာမန်စဉ်းစား ဆင်ခြင်ဥာဏ်ရှိသူတို့ အဖို့ ခက်ခဲစွာ စဉ်းစားရမည့်အရာ မဟုတ်။

အကောင်အထည် မမြင်ရသော နိဗ္ဗာန်ကိုပင် အစွမ်းကုန် စွန့်လွှတ်ကျင့်ကြံပါက မလွဲမသွေ ရရှိမည်ဟု လုံးဝယုံကြည်ကြသူများအတွက် ဒီမိုကရေစီမှာ နိဗ္ဗာန်လောက် မခက်၊ နိဗ္ဗာန်လောက် မဝေးဟု သံဃာ့ဥသျှောင် အတွင်းရေးမှူး ဆရာတော်ဦးဥတ္တရက မဲဆောက်မြို့ သြဝါဒချီးမြှင့်ပွဲ၌ မြွက်ကြားခဲ့ လေသည်။

Read More...

မြန်မာ့ဒီမိုကရေစီရေး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရ

30 December 2008

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြတဲ့ အတိုက် အခံပါတီဝင် လူငယ်တချို့ကို အာဏာပိုင်တွေက ရန်ကုန်မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ သူတို့နဲ့နီးစပ်တဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင် လူငယ် အနည်းဆုံး ၉ ဦးကို အာဏာပိုင်တွေက ဒီကနေ့ပဲ ဖမ်းဆီးလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။



နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်န်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပါတီဝင်လူငယ်တွေ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ တောင်းဆို ဆန္ဒပြကြရင်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ အန်န်အယ်လ်ဒီ ရုံးချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုတဲ့ စာတန်းတခုကို ကိုင်ဆောင်ပြီး စတင်လှည့်လည်ခဲ့တာ နောက်ဆုံး လုံခြုံရေး အာဏာပိုင်တွေက ၀ိုင်းဝန်း ဖမ်းဆီးတာကို ခံလိုက်ရတာလို့ ဖမ်းဆီးခံရသူတွေရဲ့ လုပ်ဖော်ကိုင်ဖက် လူငယ် တဦးက ပြောပါတယ်။

“၉ ယောက်ပါသွားတယ်။ သူတို့က ဒီနေ့ လူငယ်ဟောပြောပွဲကနေ ပြန်ကြတာပေါ့။ အန်ကယ် ဦးခင်မောင်ဆွေရဲ့ ဟောပြောပွဲက ပြန်ကြတာ။ ပြန်ကြတော့ ပင်နီတိုက်ပုံတွေနဲ့၊ Free Daw Aung San Suu Kyi ဆိုပြီး ဆိုင်းဘုတ်ကိုင်သွားတယ်။ Free Daw Aung San Suu Kyi ဆိုပြီး အင်္ဂလိပ်လို ပိတ်စအဖြူပေါ်မှာ အနီစာလုံးနဲ့ ရေးထားတယ်။ အဲဒီဆိုင်းဘုတ်မှာပဲ ဘေးတဖက်စီမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ကပ်ထားတယ်။

“အဲဒီအတိုင်း အေးချမ်းစွာပဲ သူတို့ လမ်းလျှောက်သွားကြတယ်။ သူတို့ဘာသာ သူတို့ ဘာမှလည်း မပြောဘူး၊ ပင်နီ တိုက်ပုံလေးတွေနဲ့ ရင်ထိုးလေးတွေ ထိုးထားကြတယ်။ တချို့ကလည်း စံပယ်ပန်းလေးတွေ ချိတ်ထားတယ်၊ ရင်ဘတ်တွေမှာ။ အန်န်အယ်လ်ဒီ ရုံးရှေ့ကနေ ချီတက်သွားကြတာ။ မြေနီကုန်းကနေပြီး ပြည်လမ်းကနေ မြို့ထဲဘက် ပြန်ထွက်တာ၊ ပြည်သူ့ လွှတ်တော်ရှေ့ရောက်တော့ အရပ်ဝတ်နဲ့ အမည်မသိ လူတွေက ၀င်ပြီး ဖမ်းဖမ်းဖမ်းဆိုပြီး ၀င်ဆွဲကြတယ်။ အဲလို ဆွဲတဲ့အချိန်မှာပဲ ရဲကားတစီး ရောက်လာတယ်။ ပြီးတော့ တုတ်တွေနဲ့ ပြေးဆင်းပြီး ဆွဲကြ ရိုက်ကြတာပဲ။”

ဒီလို ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို လှုပ်ရှားခဲ့ကြတဲ့ လူငယ်တွေထဲက ဒီကနေ့ ဖမ်းဆီး ခံခဲ့ရတာဆိုရင် အနည်းဆုံး အန်န်အယ်လ်ဒီ ပါတီဝင် လူငယ် ၉ ဦး ပါတယ်လို့လည်း ဆိုပါတယ်။

“အားလုံးပေါင်း ၉ ယောက်ပေါ့။ ဘယ်သူတွေပါလဲဆိုတော့ ကိုထွန်းထွန်းဝင်း စမ်းချောင်းလူငယ်တာဝန်ခံ၊ ကိုထွန်းလင်း စမ်းချောင်း၊ ကိုပြည့်ပြည့် စမ်းချောင်း၊ သူက ဒဂုံတက္ကသိုလ်က ပထမနှစ် ဥပဒေ ကျောင်းသားတယောက်ပေါ့၊ ပြီးတော့ ကောင်းထက်လှိုင် စမ်းချောင်း၊ အောင်ဖြိုးဝေ စမ်းချောင်း၊ သက်မောင်ထွန်း စမ်းချောင်း၊ ထက်ထက်ဦးဝေ ရွှေပြည်သာ၊ ၀င်းမြင့်မောင် ခေါ် ပဲပြုတ် ခရမ်း၊ ကိုမင်းသိန်း သာကေတ တို့ဖြစ်တယ်။ သူတို့ကိုဆွဲတာတော့ ပြည်သူ့လွှတ်တော်ရှေ့မှာ ဆွဲသွားကြတာပဲ။ အရပ်ဝတ်တွေနဲ့ ၀င်ဆွဲတာ။ ဆွဲနေတဲ့အချိန်မှာပဲ ယူနီဖောင်းဝတ်တွေနဲ့ ရဲကားတစီးရောက်လာပြီး တုတ်တွေနဲ့ ပြေးဆင်းသွားကြပြီး ၀င်ဖမ်းကြတာပေါ့။”

ဒီလို ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်တဲ့အခါ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က ဖမ်းဆီးအရေးယူတာတွေနဲ့သာ တုံ့ပြန်လေ့ ရှိတဲ့ကြားကပဲ အခုလို လှုပ်ရှားမှုတွေကစပြီး လူထုအုံကြွမှုတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လေ့ရှိတာပါ။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ထဲတုန်းက ကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေး ကျဆင်းရေး လှုပ်ရှားမှုတွေ၊ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားခဲ့ကြတဲ့ နေရာတွေမှာ ဆိုရင်လည်း နောက်ပိုင်းတွေမှာ တနိုင်ငံလုံး အတိုင်းအတာအထိ ရိုက်ခတ်ခဲ့တာတွေ ရှိခဲ့လို့လည်း အာဏာပိုင်တွေက သွေးထွက် သံယိုဖြစ်တဲ့အထိ ချေမှုန်းပြီး ကိုင်တွယ်ခဲ့တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

Ref: VOA News

Read More...

ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်ကီမွန်းတိုက်တွန်း

30 December 2008

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက အစ္စရေးနဲ့ ပါလက်စတိုင်းက Hamas စစ်သွေးကြွအုပ်စုအကြား တဘက်နဲ့ တဘက် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန်းကရပ်ဖို့ ဆော်ဩလိုက်ပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသ တ၀ှမ်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကို လက်မခံနိုင်ဖွယ်မရှိဘူးလို့ မနေ့က New York က သတင်းစာ ရှင်းလင်းပွဲတခုမှာ မစ္စတာ ဘန်ကီမွန်က ပြောခဲ့တာပါ။ ဒီစစ်ရေး ပဋိပက္ခနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့  တုံ့ပြန်မှု အပေါ်မှာ လည်း မစ္စတာ ဘန်ကီမွန်းက ကဲ့ရဲ့ ပြစ်တင်ခဲ့ပါတယ်။

နှစ်ဘက် တွေ့ဆုံ စကားပြောရေးနဲ့  အဓွန့်ရှည်မယ့် အဖြေကို ရှာတွေ့ နိုင်ရေးအတွက် ကမ္ဘာ့ ခေါင်းဆောင်တွေအနေနဲ့ ဒီထက်ပိုပြီး ကြိုးပမ်း အားထုတ်သင့်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး မစ္စတာ ဘန်ကီမွန်းက ဂါဇာဒေသမှာ အရေးတကြီး လိုအပ်နေတဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေကို ၀င်ခွင့်ပေးဖို့ အစ္စရေး ခေါင်းဆောင်တွေက အာမခံပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှား နိုင်ငံခြားရေး ၀န်ကြီး Sergei Lavrov က Hamas အုပ်စုကို Fatach အဖွဲ့ခွဲက ပါလစတိုင်း သမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံ စကားပြောဖို့ ငြင်းဆိုတယ်ဆိုပြီး ကဲ့ရဲ့ ပြစ်တင်ခဲ့ပါတယ်။ ပါလက်စတိုင်း ပြည်သူတွေအနေနဲ့ သမ္မတ Abbas ရဲ့ ဦးဆောင်မှုကို လက်ခံရမှာ ဖြစ်တယ်လို့ လည်းပြောခဲ့ပါတယ်။ အစောပိုင်းတုန်းကလည်း ဂျာမဏီဝန်ကြီးချုပ် Angela Merkel ကလည်း ဂါဇာကမ်းမြှောင်ဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ ပတ်သက်ပြီး Hamas အုပ်စုကို ရှုတ်ချခဲ့ပါတယ်။

Ref: VOA News

Read More...

Tuesday, December 30, 2008

၂၀၀၉ ခုနှစ် မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီ ပိုမိုဖိအားပေးနိုင်

ဇန္နဝါရီလ ၁ ရက်နေ့ကစပြီး လုံခြုံရေးကောင်စီမှာ ဂျပန်နဲ့ ယူဂန်ဒါတို့က အစားထိုး ဝင်ရောက်လာမှာ ဖြစ်လို့ လာမဲ့နှစ် လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံဟာ အနောက်နိုင်ငံက ပိုအလေးသာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဇန္နဝါရီလနောက်ပိုင်း ကျရင် မြန်မာ့အရေး ပိုမိုဖိအားပေး ဆောင်ရွက်လာနိုင်တယ်လို့ လျှို့ဝှက် အစီရင်ခံစာ တစ်စောင်မှာ သုံးသပ်ထားပါတယ်။

နယူးယောက်မြို့ အခြေစိုက် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင့်ဆွေရဲ့ နေပြည်တော်ကို အစီရင်ခံတဲ့စာ ဆိုပြီး အင်တာနက်မှာ ထွက်ပေါ်နေပါတယ်။

အဲဒီစာအရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အကျိုးဆောင်မှု တိုးတက်မှု မရှိဘူးဆိုပြီး အနောက်နိုင်ငံတွေက် မစ္စတာ ဂမ်ဘာရီကို သူတို့ သြဇာညောင်းသူနဲ့ အစားထိုးလိုကြောင်း၊ ဒါပေမယ့် အာရှနဲ့ ရုရှားတို့က မထောက်ခံလို့ မအောင်မြင်ကြောင်း ဖေါ်ပြထားပါတယ်။

အာရှပါလီမန် အမတ်များ၊ နိုင်ငံရေးခေါင်းဆောင်ဟောင်းများက မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုမှုတွေ နောက်ပိုင်း မြန်မာ့မိတ်ဆွေ နိုင်ငံများက တံခါးပိတ်အစည်းအဝေး လုပ်တဲ့ကိစ္စကို မစ္စတာ ဂမ်ဘာရီက အမြဲတမ်း ကိုယ်စားလှယ်ကို ခေါ်ယူပြောပြတဲ့ အချက်တွေလည်း အဲဒီစာထဲမှာ ပါဝင်ပါတယ်။

အခုပေါက်ကြားတာဟာ အစစ်မဟုတ် အတည်မပြုနိုင်ပေမယ့် ဦးကျော်တင့်ဆွေ လက်မှတ်ရေးထိုးတာကို မြင်ဖူးတဲ့ သံတမန် အသိုင်းအဝိုင်းကတော့ ပေါက်ကြားချက် ဖြစ်နိုင်တယ်လို့ ယူဆကြောင်း ဝါရှင်တန်ရှိ ဘီဘီစီ သတင်းထောက်က ပြောကြားသွားပါတယ်။

Ref: BBC

Read More...

အရူးလက်ထဲမှာသေနတ်ရှိတယ်

သူ့မြင်းသူ စိုင်းနေတယ်ဆိုပေမယ့်
စစ်ကိုင်းမှ မဟုတ်ဘူး
ဘယ်ကိုမှလည်း မရောက်ဘူး
သူပြောတော့ တဟုန်ထိုးဆိုပဲ
အနားသိပ်မကပ်နဲ့
အရူးလက်ထဲမှာ သေနတ်ရှိတယ်။

ဆုပ်လည်းဆူး စားလည်းရူးမယ့်ဒုက္ခ
အတ္တနဲ့ အတောမသတ်နိုင်တဲ့ လောဘ
လောကပါလ အောချရပါတဲ့
အိုဘယ့်... မဟာဥမ္မ...။
ဇရာလည်းထောင်းပြီ
ခန္ဓာလည်းညောင်းပြီ
သတိနဲ့ယှဉ် အသိဝင်မှ
မရဏကို ဘ၀ကူးကောင်းမယ်။

စိတ်မဆိုးကြပါနဲ့
ဗြောင်လိမ်တာ မဟုတ်ပါဘူး
သူ့ကိုယ် သူကိုမသိတော့တာ...။

စုန်းစုန်းမမြုပ်သရွေ့တော့
လှေကလှော်ကောင်းတုန်းပေါ့...
ပဲခူးပဲရောက်တော့မလိုလို
အမျိုးပဲမြင့်မြတ်သလိုလိုနဲ့
တန်ခိုးအာဏာတွေက
ကစားစရာကျနေတာပဲ။

ကိုလေးဖြူရေ... ယုံကြည်တာတွေကို
မြောင်းထဲလွှင့်ပစ်ဖို့လည်း မကြံဘူး
ယိုနေတာတွေကို
လက်ပိုက်ကြည့်နေတာလည်းမဟုတ်ဘူး
အဲဒီအရူးလက်ထဲမှာ သေနတ်ရှိတယ်။ ။

နွေဆူးလင်္ကာ

Read More...

ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ် ပေါ်လစီ မကြေညာနိုင်

NEJ/ ၂၉ ဒီဇင်ဘာ ၂ဝဝ၈

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများက ထိုင်းလွှတ်တော် ရုံးဝင်ပေါက်များကို ၀ိုင်းထားသည့်အတွက် လွှတ်တော်မှာ အစိုးရပေါ်လစီသစ် စတင်ကြေညာမည့် အစီအစဉ်ကို ၀န်ကြီးချုပ် အာဘီဆစ်က ရွှေ့ဆိုင်းလိုက်ရသည်။

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထက်လွှတ်တော်၊ အောက်လွှတ်တော် (၂) ရပ်လုံး စုံညီစွာ တက်ရောက်မည့် လွှတ်တော်တွင် အစိုးရပေါ်လစီသစ် ကြေညာချက်ကို မထုတ်ပြန်မချင်း ထိုင်းအစိုးရသစ် အနေဖြင့် တရားဝင်လုပ်ငန်းများ စတင်လုပ်ကိုင်ခွင့် မရှိပေ။

သောင်းနှင့်ချီသည့် တပ်ဆင်ထောက်ခံသူများ တနင်္ဂနွေနေ့က ဘန်ကောက်မြို့ ဆနမ်းလွမ် ကွင်းပြင်တွင် စုဝေးပြီး အာဘီဆစ် အစိုးရသစ်အား ဆန္ဒပြပြီးနောက် တနင်္လာနေ့မနက်ပိုင်းတွင် အစိုးရသစ်ပေါ်လစီ မကြေညာနိုင်အောင် လွှတ်တော်ကို ၀ိုင်းထားခဲ့ခြင်း ဖြစ်သည်။

အစိုးရဆန့်ကျင်သည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများကိစ္စကို မစိုးရိမ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝပ်က ပြောသော်လည်း လိုအပ်လျှင် ဆန္ဒပြသူများအား လူစုခွဲရန်အတွက် ရဲနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု အမှတ် (၁) စစ်တိုင်း တပ်မှူး ဒု-ဗိုလ်ချုပ်ကြီး ကာနစ်က ပြောသည်။

ဝန်ကြီးချုပ် အာဘီဆစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးနာလန်ထူအောင် လုပ်မည့် အစိုးရ ဖြစ်စေရမည်ဟု ကတိပေးသော်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ၂၀၀၉ ခုတွင် (၀) ရာခိုင်နှုန်းနှင့် (၂) ရာခိုင်နှုန်းကြားသာ ရှိမည်ဟု ဘဏ္ဍာရေးဝန်ကြီး ကွန်း ချတ်တီကာဗန်းနစ်က မှန်းထားသည်။

Ref: ခေတ်ပြိုင်

Read More...

သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက်စတိုင်း ၃၀၀ကျော် သေဆုံး

29 December 2008

ဂါဇာ ကမ်းမြှောင်ဒေသရှိ ဟားမတ်စ်တို့ကို အစ္စရေးက လမ်းကြောင်းကနေ စစ်ဆင်တိုက်ခိုက်နေတာ တတိယနေ့ထဲကို ၀င်လာနေပြီး သေဆုံးသူ ပါလက်စတိုင်း လူဦးရေလည်း ၃၀၀ထက် မနည်းရှိသွားပါပြီ။ ဂါဇာရှိ ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာ သတင်းရပ်ကွက်များကို အခြေခံပြီး အရပ်သား ၅၁ ယောက်ထက် မနည်း သေဆုံးကြောင်း ကုလသမဂ္ဂ အေဂျင်စီ တခု က ဆိုပါတယ်။

ပါလက်စတိုင်း တာဝန်ခံများကလည်း ဟားမတ်စ် အဖွဲ့ဝင် ၁၈၀ သေဆုံး သွားကြောင်း ပြောဆိုကြပါတယ်။ ဂါဇာမြို့ရှိ ဟားမတ်စ် ပြည်ထဲရေး ဌာနကို အစ္စရေး တိုက်စစ်လေယာဉ်များက ဖျက်ဆီးပြစ်လိုက်ပြီး အစ္စလာမ် တက္ကသိုလ်ကိုလည်း ၅ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ကြောင်း မျက်မြင်သက်သေများက ပြောကြားကြပါတယ်။

ဂါဇာကနေ အစ္စရေး နယ်မြေထဲကို ထပ်သလဲလဲ ပစ်ခတ်နေလို့ လက်တုန့်ပြန် တိုက်ခိုက် ရတာ ဖြစ်တယ်လို့ အစ္စရေး နိုင်ငံက ဆိုပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသကို ကန့်သတ် စစ်နယ်မြေ အဖြစ် အစ္စရေး စစ်တပ်က ကြေညာလိုက်ပြီမို့ အရင်တုန်းကလို မြေပြင်က ၀င်တိုက်မယ့် လုပ်ရပ်လို့ ဆိုကြပါတယ်။

ဟားမတ်စ်တို့ ဒုံးကျည်များနဲ့ ပစ်ခတ်လို့ အစ္စရေး ၁ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရသွားကြောင်း အစ္စရေး နိုင်ငံ တောင်ပိုင်း အက်ရှ်ကာလွန် မြို့တော်ဝန် က ပြောဆိုပါတယ်။

Ref: VOA News

Read More...

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မှာ ပျောက်ဆုံးနေ

29 December 2008

ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံတို့က ထွက်ခွာလာကြတဲ့ လူ ၃၀၀ကျော်ဟာ ကပ္ပလီကျွန်းနဲ့ နီကိုဗာကျွန်းတို့ အနီးမှာ ပျောက်ဆုံးနေကြတယ်လို့၊ သူတို့ ရေနစ်ကုန်ကြပြီလို့လည်း စိုးရိမ်ရတယ်လို့ အိန္ဒိယ ကမ်းခြေစောင့်များက ပြောကြားကြပါတယ်။

ပင်လယ်ထဲမှာ သတင်း ၂ ပတ်အကြာအဲဒီ စက်လှေ မြောနေကြပြီး စက်လှေပေါ်မှာလည်း အစားအစာနဲ့ သောက်ရေ ပြတ်လို့ ရေထဲကို ခုန်ချတယ်။ အဲဒီထဲက ၁၀၀လောက်ကို ကယ်တင်နိုင်ပေမယ့် ၃၀၀ကျော်ကတော့ ပျောက်ဆုံးနေဆဲပဲလို့ သူတို့က ဆက်လက် ရှင်းပြပါတယ်။ အဲဒီ လူတွေထဲက အများစုဟာ မလေးရှားနိုင်ငံမှာ ဆက်လက် အလုပ်ရှာဖို့ ထွက်ခွာလာကြတာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၄၅ရက်လောက်က ဘင်္ဂလားဒေရှ့် နိုင်ငံကနေ စက်လှေ အသီးသီးနဲ့ ထွက်ခွာလာခဲ့ကြပြီး တနေရာမှာ သူတို့ စုပြီး စက်လှေ တစ်စင်းပေါ်ကို အဲဒီ လူ ၄၀၀ စုပြုံ တက်လာခဲ့ကြတာ၊ သောကြာနေ့မှာ အဲဒီလို ခုန်ချခဲ့ကြတာဖြစ်တယ်လို့ သတင်းများမှာ ရှင်းလင်းဖော်ပြထားပါတယ်။

Ref: VOA News

Read More...

ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

29 December 2008

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဓာတ်ပုံကို မြန်မာသစ် မဂ္ဂဇင်း မျက်နှာဖုံး အဖြစ် စာပေစိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းမဂ္ဂဇင်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

မြန်မာသစ်မဂ္ဂဇင်းတွင် ယခင်လက လယ်တီဆရာတော်ကြီး အကြောင်း၊ ယခင်လမတိုင်မီက ဦးမေအောင် အကြောင်း စသည်ဖြင့် ထင်ရှားသူ ရှေးမြန်မာများ၏ မျက်နှာဖုံးဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယခုတပတ်တွင်မူ မြန်မာပြည်အတွက် ထင်ရှား ဂုဏ်ယူဖွယ် ဖြစ်သော ကုလအထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆောင်းပါး ဝေဝေဆာဆာဖြင့် ဖော်ပြရန် ဖြစ်သော်လည်း မျက်နှာဖုံး ဓာတ်ပုံခွင့်ပြုချက်မရသဖြင့် တခြားပုံတပုံ လွှဲပြောင်းတင်ပြရတော့မည် ဖြစ်ကြောင်း သိရသည်။


ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့် (ဓာတ်ပုံ - UN/Grunbaum)

ဦးသန့်အကြောင်းနှင့် ပတ်သက်၍ ထုတ်ဝေမည့် ၄ ကြိမ်မြောက် မြန်မာသစ်မဂ္ဂဇင်း အတွက် ကဗျာစုစုပေါင်း ၁၀ ပုဒ် ရွေးချယ် တင်ပြ ထားရာ စိစစ်ရေးက ၇ ပုဒ်ပယ်ခဲ့ပြီး ဆောင်းပါး ၅ ပုဒ်ကိုပါ ဖြုတ်ပယ်ခံခဲ့ရသည်ဟု သိရသည်။

လာမည့် ၂၀၀၉ ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ အနှစ် ၁၀၀ ပြည့်မွေးနေ့ဖြစ်ပြီး ဦးသန့် နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ စာတိုက်၊ ဆက်သွယ်ရေးဌာနက တံဆိပ်ခေါင်းများ ထုတ်ဝေမည် ဖြစ်သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သက်တမ်း ၂ ခုစာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း တာဝန်ထမ်းဆောင်စဉ် ကျူးဘား ဒုံးပျံအရေးအခင်းနှင့် ကွန်ဂို ပြည်တွင်းစစ်ပြဿနာများ ဖြေရှင်းခဲ့သည်။

အာရှ၏ ပထမဆုံးသော ကုလအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ မြန်မာပြည်အတွက် ဂုဏ်ယူဖွယ် ဦးသန့်၏ ဈာပန အခမ်းအနားကို ဦးနေဝင်းအစိုးရက ဖြစ်သလို ဆောင်ရွက်ခဲ့သဖြင့် ထိုစဉ်က တက္ကသိုလ်ကျောင်းသား များက ဦးသန့်ရုပ်အလောင်းကို လုကာ ရန်ကုန်တက္ကသိုလ်အတွင်း မြေချရန် ကြံစည်ရာမှစ၍ မြန်မာ့သမိုင်းတွင် ယနေ့တိုင် ထင်ရှားသော “ဦးသန့်အရေးအခင်း” ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်က အရေးအခင်းကို ဦးနေဝင်းအစိုးရက အပြင်းအထန် နှိမ်နင်းခဲ့သောကြောင့် ကျောင်းသား၊ ပြည်သူ ဒါဇင်ပေါင်းများစွာ ကျဆုံးသူများ၊ အရေးယူ ထောင်ချခံရသူများ ရှိခဲ့သည်။

ဦးသန့်အကြောင်း ဖော်ပြမည့် မြန်မာသစ်မဂ္ဂဇင်းသည် မြန်မာပြည်တွင် ထင်ရှားလူသိများကာ မြန်မာနိုင်ငံ၏ အကျိုးကို သယ်ပိုးခဲ့သူ ရှေးမြန်မာကြီးများ အကြောင်းကို တဦးချင်းစီ လစဉ်ဖော်ပြသွားမည့် မဂ္ဂဇင်းဖြစ်သည်ဟု အယ်ဒီတာအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောပြသည်။

“ဒီမဂ္ဂဇင်းမှာ ရေးတဲ့သူတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ စိစစ်ရေးကို တင်ပြရတယ်” ဟု မြန်မာသစ် နှင့် နီးစပ်သူကပြောပြသည်။

မကြာသေးမီအချိန်က မဂ္ဂဇင်းများအားလုံးတွင် ရေးသားသူ စာရေးဆရာ၊ ကဗျာဆရာများ၏ ကိုယ်ရေးအချက် အလက်များကို စိစစ်ရေးသို့ တင်ပြရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တရားဝင်အကြောင်းမကြား သေးကြောင်း ရန်ကုန်မဂ္ဂဇင်း အသိုင်းအဝန်းမှ သိရသည်။

ယခုလက်ရှိ ရန်ကုန်အခြေစိုက် မဂ္ဂဇင်းများ၏ အနေအထားမှာ ပုံစံပြောင်းကာ တိုးတက်မှုရှိလာပြီး စာပေပုံသဏ္ဍန်မဂ္ဂဇင်းများ၊ ပညာပေးမဂ္ဂဇင်းများ သုံး၊ လေးလအတွင်း နေရာရလာသည်ကို တွေ့ရကြောင်း ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာ တဦးကပြောပြသည်။

ယခင်ကဆိုလျှင် စီးပွားရေးအရ တွက်ခြေကိုက်သည့် ပေါ့ပ် (Popular) မဂ္ဂဇင်းများကိုသာ ထုတ်ဝေကြသော် လည်း ယခုနောက်ပိုင်းတွင် လူထုကို အသိဥာဏ်၊ အတွေးအခေါ်၊ အနုပညာ မြှင့်တင်ပေးမည့် မဂ္ဂဇင်းပုံစံများအား စီးပွားရေးအရ အမြတ်အစွန်းမရှိသလောက်ဖြင့် ထုတ်ဝေလာသည်ကို တွေ့ရကြောင်း သူက ဆက်ပြောသည်။

သာဓက အနေဖြင့် မြန်မာသစ်၊ ပိတောက်ပွင့်သစ်၊ စတိုင်သစ်၊ နွယ်နီ၊ ရနံ့သစ်၊ လှိုင်းသစ် စသည့် မဂ္ဂဇင်းများ ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး

29 December 2008

မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး၊ နေရေးထိုင်ရေးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်သံတွေ ကြားနေရတဲ့ အချိန်မှာပဲ နိုင်ငံရေးအကျဉ်းသားတဦး ထောင်ထဲမှာပဲ ကျန်းမာရေး ဆိုးရွားလို့ ဆုံးပါးတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ မိသားစုက ပြောပါတယ်။ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဋ္ဌေးလွင်ဦး ဟာ မန္တလေးထောင်တွင်းမှာ ကွယ်လွန်သွားခဲ့လို့ ဒီကနေ့ပဲ သူရဲ့ဈာပနကို မိသားစုက ကျင်းပခဲ့တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင် ကိုဋ္ဌေးလွင်ဦး တယောက် ထောင်တွင်းဆိုးရွားတဲ့ အခြေအနေတွေ အောက်မှာ ကျန်းမာရေးကုသစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက် မရနိုင်ပဲ ဖြစ်နေရာက အခုနောက်ဆုံး ကွယ်လွန် ဆုံးပါးတဲ့ အထိ ဖြစ်ရတာလို့ မိသားစုကပြောတာပါ။ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရတဲ့ ကိုဋ္ဌေးလွင်ဦး ဟာ ထောင်တွင်းရောက်မှ နာတာရှည်ရောဂါတွေ စွဲကပ်လာရာက မနေ့တုန်းကပဲ ဆုံးပါးသွားခဲ့လို့ မိသားစုက ဒီကနေ့ပဲ မန္တလေးမြို့မှာ သဂြိုဟ်ခဲ့ရတယ်လို့ ဇနီးသည်ဖြစ်သူ မခင်လှမြင့် က ပြောပါတယ်။


“အမအမျိုးသားက မနေ့ ၂၈ရက် တနင်္ဂနွေနေ့ မနက် ၅နာရီနဲ့ ၅မိနစ်မှာ ဆုံးတယ်။ ဒီနေ့မနက် ၁၁နာရီမှာ ထောင်ကနေ ထုတ်ပေးတယ်။ အခု ၁၂နာရီမှာ သင်္ဂြုလ်တယ်။ ဘယ်လို ဖြစ်ပြီး ဆုံးသွားတာတုန်းဆိုရင် ၂၀၀၈ခုနစ်စမှာ တီဘီဖြစ်ပြီး သတိလစ်ပြီး တတ်တဲ့ရောဂါ ကနေပြီး သွက်ချာပါဒ ဖြန်းတယ်၊ ပါးတခြမ်းရွဲ့ပြီး ကိုယ်တခြမ်းသေသလိုဖြစ်သွားတယ်။ ဆေးရုံပေါ်မှာပဲ ထားတာ ၃လကျော် ၄လ လောက်ရှိပြီ။ ဆရာဝန်က သိပ်ပြီး ဘာဆေးဝယ်ဆိုပြီးတော့ ရေးပေတာ မရှိဘူး။ ဆေးဝါးလုံလုံလောက်လောက် မရဘဲ အနားတခြား ဆေးတခြားတွေ ဖြစ်ပြီး အခုလို ဖြစ်ရတာလို့ အမ ယူဆတယ်။”

ကိုဋ္ဌေးလွင်ဦး ဟာ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ကို ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၁၁ ဦးနဲ့အတူ အာဏာပိုင်တွေက ၂၀၀၃ ခုနှစ်ထဲမှာ ဖမ်းဆီးခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ကို ထောင်ဒဏ် (၇) နှစ်အထိ ပြစ်ဒဏ်စီရင်ခံခဲ့ရပြီး ကွယ်လွန်ချိန်အထိ မန္တလေးထောင်မှာ ထိန်းသိမ်းခံခဲ့ရတာပါ။ ဒီလို ထိန်းသိမ်းခံနေရတဲ့ နေရာမှာ ကျန်းမာရေးယိုယွင်းလာရာက လုံလောက်တဲ့ ကုသမှုတွေလည်း မရလို့ ခုလို ကွယ်လွန် ဆုံးပါးတဲ့အဖြစ်အထိ ကြုံရလို့လည်း မိသားစုအနေနဲ့ ယူကြုံးမရ ဖြစ်နေရတယ်လို့လည်း ဇနီးသည်ဖြစ်သူက ဆိုပါတယ်။

“ထောင်မကျခင်က ဘာရောဂါမှမရှိဘူး။ အမနဲ့ အိမ်ထောင်သက် ၁၀နှစ် အတွင်းမှာ ဆေးတောင် မထိုးဖူးဘူး၊ ညောင်းတာလောက်ပဲ ရှိတယ်။ အနှိပ်တောင် မထောင်ဘူး၊ အပြင်မှာတော့ ၀၀ဖြီးဇြီးပဲ ရောဂါမရှိဘူး၊ အမရပူရနဲ့ မန္တလေးအသွားအပြန် ဘီးနင်းပြီး စာသင်ကျောင်းကို သွားတယ်။ ထောင်ထဲမှာတောင် ၄နှစ်မှာ ရောဂါမရှိဘူး၊ ၅နှစ်ထဲရောက်မှာ ရောဂါတွေတွေ့ရတယ်။ ကိုယ့်ယောင်္ကျားဖြစ်တော့ ဇနီးသည် တယောက်အနေနဲ့ ၀မ်းနည်းပေမယ့် သူဟာ အများအတွက် ကောင်းတာလုပ်တာပဲ ဆိုပြီး ဂုဏ်ယူပါတယ်။ သားအတွက် ၀မ်းနည်းတယ်။ သားကလည်း သူ့အဖေကို တွေ့ချင်နေတယ်။ သား ၃နှစ်သားမှာ ထောင်ကြသွားတော့ သိတတ်နေပြီလေ။ သူ့အဖေနဲ့ အပြင်မှာ အတူတူနေချင်တယ်။ သူ့အဖေကိုပဲ အမြဲတမ်းတွေ့ချင်နေတယ်။ အခုဆိုရင် ပိုတောင် ၀မ်းနည်းသေးတယ်။ သားရှင်ပြု အလှူလှည့် အပြန်မှာ ကိုဌေးလွင်ဦး သေတယ်ဆိုတော့ စဉ်းစားကြည့်ပါ၊ အမရင်ထဲ ဘယ်လို ခံစားသွားရသလဲ ဆိုတာ။”

မနေ့ကပဲ ဆုံးပါးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဋ္ဌေးလွင်ဦး ရဲ့ ဇနီးသည် မခင်လှမြင့်ပါ။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ဒီနှစ်ထဲမှာ ရာဂဏန်းရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချပြီး နောက်ဆက်တွဲ ဝေးလံ ခေါင်ဖျားပြီး မိသားစုလက်လှမ်းမမှီရာ ရာသီဥတု ကြမ်းတမ်းရာ အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့လို့ သူတို့အတွက် ကျန်းမာရေးကအစ စိုးရိမ် ပူပမ်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ကိုဋ္ဌေးလွင်ဦး မတိုင်မီ ဒီနှစ်ထဲမှာပဲ မန္တလေးထောင်က နိုင်ငံရေးအကျဉ်းသား နောက်တဦးဖြစ်တဲ့ ကိုရာပြည့် ဟာဆိုရင်လည်း အလားတူ ကွယ်လွန်ဆုံးပါးခဲ့တာပါ။ ပြည်ပမှာ အခြေစိုက်ထားပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေ အရဆိုရင်လည်း ဒီမိုကရေစီရေး တောင်းဆိုအုံကြွခဲ့ကြတဲ့ ၁၉၈၈ ခုနှစ်ကစလို့ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်တွင်း ဆုံးပါးခဲ့တာ အနည်းဆုံး ၁၃၈ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်ခင်ဗျာ။

Ref: VOA News

Read More...

Monday, December 29, 2008

အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊ မြေပြင်တပ်များ ပြင်ဆင်နေ

29 December 2008

ဂါဇာ ကမ်းမြှောင်က ဟားမတ်စ် စစ်သွေးကြွ ပစ်မှတ်တွေကို အစ္စရေး စစ်တပ်က ဒုတိယနေ့ အဖြစ် လေကြောင်းက တိုက်ခိုက်ခဲ့ပြီး မြေပြင် တပ်ဖွဲ့တွေကလည်း ၀င်ရောက် တိုက်ခိုက်ဖို့ ပြင်ဆင်မှုတွေ ရှိနေပါတယ်။ ဂါဇာ ကမ်းမြှောင် တောင်ပိုင်းက အီဂျစ်နယ်စပ်နဲ့ ဆက်နေတဲ့ ဟားမတ်စ်တွေရဲ့ လက်နက်နဲ့ ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်း လိုဏ်ဂူတွေကို အစ္စရေး လေတပ်က တနင်္ဂနွေနေ့က အဓိက ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် ဂါဇာမြို့ထဲက ဗလီတခုကိုလည်း အစ္စရေး လေယာဉ်တွေက တိုက်ခိုက် ဖျက်ဆီးလိုက်ပြီး ဒီဗလီဟာ အကြမ်းဖက်သမားတွေရဲ့ ခြေတပ် စခန်းဖြစ်တယ်လို့ အစ္စရေးတို့က ဆိုပါတယ်။ အစ္စရေး စစ်တပ်က အရံတပ်ဖွဲ့ အင်အား ၆၅၀၀ ကိုလည်း ဆင့်ခေါ်ထားပါတယ်။ ၂ရက်ကြာ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ပါလက်စတိုင်း ၂၉၀ ကျော် သေဆုံးပြီး အဲဒီအထဲမှာ ဟားမတ်စ် စစ်သွေးကြွ အနဲဆုံး ၁၈၀ ပါတယ်လို့ ဂါဇာက အရာရှိတွေက ပြောပါတယ်။

ဂါဇာ ကမ်းမြှောင်က တိုက်ခိုက်မှုတွေကို ချက်ခြင်းရပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တောင်းဆိုလိုက်ပြီ ပဋိပက္ခတွေကို နိုင်ငံရေး အရ ဖြေရှင်းကြဖို့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို တိုက်တွန်းလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဗနဲဒစ် က ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ အကြမ်းဖက်မှုတွေက တကယ့်အမှန်တရားကို ဆန့်ကျင်ဘက် ဖြစ်စေတယ်လို့ ပြောဆိုပြီး ၂ဘက် စေ့စပ်ညှိနှိုင်းကြဖို့ တောင်းဆိုလိုက် ပါတယ်။ ပြင်သစ်သမ္မတ ဆာကိုဇီက အခုလို အင်အားသုံး တိုက်ခိုက်မှုတွေဟာ မသင့်လျော်တဲ့ လုပ်ရပ်ဖြစ်ပြီး ရန်စ တိုက်ခိုက်မှုတွေက ဂါဇာကမ်းမြှောင်မှာ ပြဿနာတွေကို ကြီးထွားစေလိမ့်မယ်လို့ ဆိုပါတယ်။ အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ရာပေါင်းများစွာ နယ်စပ် ခြံစည်းရိုးကို ကျော်ပြီး အီဂျစ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားကြရာမှာ အ၀င်မခံဘဲ အီဂျစ် လုံခြုံရေးတပ်တွေက သေနတ်တွေနဲ့ ပစ်ခတ် ခြောက်လန့် မောင်းထုတ်ခဲ့ကြပါတယ်။ အရှေ့ အလယ်ပိုင်း နိုင်ငံတွေမှာတော့ အစ္စရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေက အီဂျစ်၊ အီရက်၊ ဂျော်ဒန်၊ လယ်ဘနွန်၊ စီရီးယားစတဲ့နိုင်ငံတွေမှာ ထောင်နဲ့ ချီပြီး ဟားမတ်စ်တွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

Ref: VOA News

Read More...

အပေါ်သို့