ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  ကိုယ်ရံတော် ခါးပိုက်ဆောင် တပ်ဖွဲ့ (သို့)
အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ - အပိုင်း(၁)
Lt.Comet (တပ်မတော် အရာရှိတစ်ဦး)
စာဖတ်သူများခင်ဗျား
ယနေ့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့  လုံခြုံရေးကို ကြောက်ရွံ့ကြတဲ့နေရာမှာ ရန်သူတွေထက် မိမိအချင်းချင်း နောက်ကျော ဓားနဲ့ ထိုးခံရမှာကို ပိုမိုပြီးသေမလောက် ကြောက်နေကြပါတယ်။ တပ်မတော်သားချင်း တူရင်တောင် တိုင်းစစ်ဌာနချုပ်နဲ့ စစ်ရုံးတို့က စစ်သည်များကို အတွင်းစည်းထိ ကပ်ခွင့်ပေးပေမဲ့ အနီးကပ် ကိုတော့ မရရှိသေးတာမို့ ဗိုလ်သန်းရွှေက ယုံကြည်မှု နည်းနေသေးကြောင်း ထင်ရှားနေပါတယ်။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေ၀င်းလို သနက (၄)ကဲ့သို့အနီးကပ်တပ်မျိုး မထားပေမဲ့ စိတ်ကြိုက် ရွေးချယ် လေ့ကျင့်ထားတဲ့ ကိုယ်ရံတော် ခါးပိုက်ဆောင် တပ်ဖွဲ့ ထားရှိကြောင်းကို သင်တန်းတွေမှာ ထူးချွန်စွာ ဆင်းလာခဲ့တဲ့ ပင်တိုင် ဆောင်းပါးရှင် တပ်မတော် အရာရှိ Lt.Comet က ကျွန်တော်ထံ ရေးသားပေးပို့လာပါတယ်။ ယခုလို ဆောင်းပါး ပေးပို့လာတဲ့ Lt.Comet အား အထူးကျေးဇူးတင်ရှိကြောင်းနဲ့ ဒီဆောင်းပါးကို အခန်းဆက် အထူးကဏ္ဍအနေနဲ့ ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။
မြန်မာနိုင်ငံမှာ နအဖခေါင်းဆောင် ဗိုလ်သန်းရွှေတို့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်သော အကြမ်းဖက် နှိမ်နင်းရေး လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာပုံဟာ ဗိုလ်ခင်ညွှန့်ကနေ စရမယ်လို့ ပြောရပါမယ်။ န၀တ စဖွဲ့ခါစမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် ခံရမှုဖြစ်စဉ် တစ်ခု ဖြစ်ပွားလာရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်က ဖွဲ့စည်းဖို့ အမိန့်ပေးလာခဲ့ပါတယ်။ အဲဒီအခါ ဗိုလ်ခင်ညွှန့်ဟာ ထောက်လှမ်းရေး အကူ(၁) မှ ဗိုလ်မှူးသူရ တင့်ရွှေအား ဦးစီးခိုင်းကာ ရဲမွန်တပ်မြို့ မှာ အခြေပြုပြီး ပထမဦးဆုံး အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ကို စတင်ဖွဲ့စည်းပေးခဲ့ပါတယ်။ တပ်ဖွဲ့ဝင်များကို ကျည်ကာ အင်္ကျီများ ၀တ်ဆင်စေပြီး ဆက်သွယ်ရေး အိုင်ကွန်စက်များ၊ လမ်းလျှောက် စကားပြောစက်များ ကိုင်ဆောင်စေကာ အသေခံ ကွန်မန်ဒို တပ်ဖွဲ့များ သဖွယ် လှုပ်ရှားဆောင်ရွက် စေခဲ့ပါတယ်။ ယနေ့အခါမှာ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ အဓိက တာဝန်ကတော့ ဗိုလ်သန်းရွှေရဲ့  အနီးကပ် လုံခြုံရေးအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ ခရီးစဉ်များတွင်ပါ လိုက်ပါ ဆောင်ရွက်သွားစေရေးဖြစ်ပါတယ်။ ဗိုလ်ခင်ညွှန့်ရှိစဉ်ကသူ့ရဲ့  အနီးကပ် လုံခြုံရေးကိုလည်း သွယ်ဝိုက် ဆောင်ရွက် စေခဲ့ပါတယ်။အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ကို ကြည်း၊ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ကြီးမှာ လည်းပါဝင် လေ့ကျင့်စေခဲ့ပါတယ်။ ကျွန်း တစ်ကျွန်းမှာ ပြန်ပေးဆွဲ အနုကြမ်း စီးခံရတဲ့ အရေးကြီး ပုဂ္ဂိုလ်များ ကို ရဟတ်ယာဉ်ဖြင့် ဆိုင်းကြိုးများနဲ့ ဆင်းကာ ကယ်ထုတ်ရတဲ့ နိုင်ငံတကာ အဆင့်မှီ အကြမ်းဖက် ခံရမှု မှ ကယ်တင်ရေး စစ်ဆင်ရေး လေ့ကျင့်ခန်း ဖြစ်ပါတယ်။
ဒီတော့ကာ အဲဒီတပ်ဖွဲ့ပါ အရာရှိထဲမှာ ဗိုလ်ခင်ညွှန့်ရဲ့ သား ဗိုလ်မှူးတစ်ဦး အပါအ၀င် ထောက်လှမ်းရေး အများစု ပါရှိ ခဲ့တာမို့ ဗိုလ်သန်းရွှေ သွားတဲ့နေရာ မှန်သမျှ ၊လုပ်ဆောင်မှု မှန်သမျှကိုနောက်ယောင်ခံ လိုက်ပြီးသား ဖြစ်နေတာမို့ ဗိုလ်သန်းရွှေ အနေနဲ့ လက်မခံတော့ဘဲ ပြင်ဆင်ဖွဲ့စည်းခိုင်းပါတော့တယ်။ ဟိုအရင် ဗိုလ်ခင်ညွှန့်ဟာ ထောက်လှမ်းရေးအဖွဲ့ကို အသုံးပြုပြီး မိမိရာထူး တည်တန့်ရေးကို လုပ်ဆောင်ခဲ့ပေမဲ့ ဗိုလ်သန်းရွှေက ဗိုလ်ခင်ညွှန့် ရဲ့ အကွက်ကို ကြိုမြင်တော့ ဗိုလ်သန်းရွှေက မင်းတို့ လိုချင်တဲ့ အရာတော့ မရဘူး မင်းတို့ မသွားချင်တဲ့ အင်းစိန်တော့ ပို့မယ်ဆိုပြီးတော့ အင်းစိန်ကိုပို့လိုက်ပါတယ်။ ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဗိုလ်သန်းရွှေက စဉ်းစားမိလာပါတယ်။ ငါသာ ဗိုလ်ခင်ညွှန့်လို အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးထားရင် ဘယ်လိုနေမလဲ ဆိုတဲ့ စဉ်းစားချက်နဲ့အတူ အကောင်အထည် ဖော်လာခဲ့ပါတယ်။
အကြမ်းဖက် နှိမ်နင်းရေး သင်တန်းဆိုတာကို တက်ချင်တိုင်းတက်လို့မရပါဘူး။ အကြမ်းဖက် နှိမ်နင်းရေး သင်တန်း တက်ချင်ပါက စစ်ဖက်ရေးရာ လုံခြုံရေး သင်တန်းနှင့် တန်ပြန်ထောက်လှမ်းရေး သင်တန်းများကို တက်ရောက်ပြီးစီးပြီးဖြစ်ရမဲ့အပြင် ထူးချွန်သူ သင်တန်းသားများ ကိုသာ ရွေးချယ်ခေါ်ယူသော သင်တန်းဖြစ်ပါတယ်။ အကြမ်းဖက်နှိမ်နင်းရေး သင်တန်းကို တက်ရောက်ဖို့ မပြောပါနဲ့ စစ်ဖက်ရေးရာ လုံခြုံရေး သင်တန်းကိုပင် တက်ရောက်ဖို့ အတွက် ပိုက်ဆံတွေ အမြောက်အမြား အကုန်ခံပြီး တက်ရောက်ခွင့် ရဖို့ကို လုပ်နေကြသူတွေ အများကြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို ခက်ခက်ခဲခဲ တက်ရတဲ့ သင်တန်းများတွင်လည်း အထူးချွန်ဆုံး ဖြစ်မှသာ အကြမ်းဖက် နှိမ်နင်းရေး သင်တန်းကို တက်ရောက်ရမှာ ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအ၀န်းတွင် တပ်ခွဲမှူးသင်တန်းမှာ အရေးကြီးသော သင်တန်းဟု အများက လက်ခံထားပြီး တပ်ခွဲမှူး သင်တန်း ခေါ်ယူကြောင်း သိရှိရသည်နှင့် အခြားမည်သည့် သင်တန်းကိုမှ တက်ရောက်ခွင့်မရှိဘဲ တပ်ခွဲမှူး သင်တန်း ဖွင့်တဲ့အထိ စောင့်ဆိုင်းနေရပါတယ်။ တကယ်လို့ အခြားသင်တန်းနဲ့ တိုက်ဆိုင်နေရင် အခြား သင်တန်းများကို ဖျက်ပြီး တပ်ခွဲမှူး သင်တန်းကိုသာ ဦးစားပေး တက်ရောက်ကြရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တပ်ခွဲမှူး သင်တန်းမှာ ကက(ကြည်း) ညွှန်ကြားချက်နဲ့ ခေါ်ယူတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ခွဲမှူး သင်တန်း တက်ရောက်ဖို့အတွက် ဗထူးမြို့သို့ ရောက်ရှိပြီး ဖြစ်ပေမဲ့ အကြမ်းဖက် သင်တန်းမှာ ထပ်မံ အရွေးခံရရင်တော့ အကြမ်းဖက်သင်တန်းကို သွားရောက်တက်ဖို့ ပြန်လည် စေလွှတ်ခြင်းများလည်း ရှိပါတယ်။ ဒါကိုကြည့်ရင် အကြမ်းဖက်သင်တန်းမှာ သင်တန်းအားလုံးထက် အရမ်းကို အရေးကြီးကြောင်း သိရှိနိုင်ပြီး ဦးသန်းရွှေ ကို်ယ်တိုင်ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီ ထူးထူးရှယ် သင်တန်းအကြောင်းကို မနက်ဖန် စောင့်မျှော် ဖတ်ရှူနိုင်ကြပါတယ်ခင်ဗျား။
Ref: ဖိုးတရုတ်
...
Read More...
Collapse...
ဂါမဏိ
ရွှေဝါရောင်တော်လှန်ရေးနဲ့အတူ မြန်မာနိုင်ငံဟာ ကမ္ဘာ့အာရုံစိုက်မှုအောက် ရောက်လာတဲ့အခါ မြန်မာ ပြည်မှာ နအဖကိုဖယ်ရှားပြီး ဒီမိုကရေစီ အတိုက်အခံတွေနဲ့အစားထိုးဖို့ မသင့်တော်ကြောင်း၊ နအဖပြောတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးပုံစံအတိုင်းသာ သွားသင့်ကြောင်း ဆင်ခြေဆင်လက်တွေကို နယ်ပယ်ကဏ္ဍ အများအပြားကနေပြီး အံ့သြစဖွယ် ကြားလာရပါတယ်။ အဲဒီဆင်ခြေရှင် ရှေ့နေရှေ့ရပ်တွေထဲမှာ နိုင်ငံတကာက နိုင်ငံရေးသမားတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ မြန်မာ့ရေးရာကျွမ်းကျင်သူ ဆိုသူတွေနဲ့ ဇာတိမြေကို တခါမှခြေမချဖူး သို့မဟုတ် အမိမြေရဲ့ ပကတိအခြေအနေတွေနဲ့ နှစ်ပေါင်းများစွာ ကင်းကွာ အဆက်ပြတ်နေတဲ့ အဝေးရောက်မြန်မာ တချို့တောင် ပါနေပါတယ်။ စစ်အစိုးရကို ဖယ်ရှား လိုက်ရင်တော့ ဒီ့ထက်ပိုဆိုးတဲ့ မကောင်းဆိုးဝါး သရဲသဘက်လောကကြီး ဖြစ်သွားလိမ့်မယ်လို့ ဒီပုဂ္ဂိုလ်တွေက ရူးရူးနှမ်းနှမ်း အော်နေကြလေရဲ့။
ဆင်ခြေတခုကတော့ စစ်အစိုးရပြုတ်ကျသွားရင် ဥပဒေမဲ့မှုတွေ၊ ဗရုတ်သုက္ခ မင်းမဲ့အခြေအနေတွေနဲ့ ယူဂိုဆလားဗီးယား (ဆားဘီးယား-ဘော့စ်နီးယား ဟာဇီဂိုးဗီးနား) လို 'ဘော်လ်ကန် နိုင်ဇေးရှင်း' လို့ခေါ်တဲ့ တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာကွဲ အကြီးအကျယ်သွေးချောင်းစီးစစ်ပွဲတွေ ဖြစ်လာဖို့များတယ် ဆိုတာပါပဲ။ အဲသလိုဆိုရင် အခုလက်ရှိအနေအထားက ဘယ်လိုရှိနေလို့လဲ။ ဗမာပြည်မှာ ဥပဒေမဲ့မှု ဖြစ်နေပြီ မဟုတ်ဘူးလား။ နိုင်ငံရဲ့ အမြင့်ဆုံးကျင့်ဝတ်ရေးရာ ခေါင်းဆောင်တွေ (သံဃာတွေ) ကိုသတ်တာဟာ အဆိုးဆုံး ဥပဒေမဲ့မှု သဏ္ဌာန်ပဲဖြစ်ပါတယ်။ တဘက်မှာတော့ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင် ဆင်နွှဲခဲ့တဲ့ သံဃာတော်တွေဟာ ကမ္ဘာမှာ ပြိင်စံရှားလှတဲ့ အဆင့်အမြင့်ဆုံး စည်းကမ်းရှိမှု၊ စနစ်ကျမှုကို ပြသခဲ့ကြပါတယ်။ ဗုဒ္ဓအယူဝါဒဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့သဘာဝ၊ မေတ္တာဓာတ် စီးဖြန်းတဲ့ ဗီဇနောက်ခံတွေကြောင့် နာမည်ကျော်တာဖြစ်ပြီး အဲဒါကို မြန်မာသံဃာတွေနဲ့ ဆန္ဒပြပြည်သူတွေက ထပ်မံ သက်သေပြလိုက်တာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေဆိုတာ စိတ်ရူးပေါက်ကိုယ်ကျိုးကြည့် မင်းဆိုး မင်းညစ်တွေ အောက်မှာ အထွန်းကား အပွင့်လန်းဆုံးဖြစ်ပါတယ်။ မြန်မာပြည်မှာ တရားဥပဒေ အာဏာပိုင်စိုးမှု လုံးဝ မရှိပါဘူး။ အတ္တသမား ဗိုလ်ချုပ်ကြီးတွေရဲ့ ပါးစပ်ကထွက်သမျှ ဥပဒေဖြစ်နေပါတယ်။ ဒီလိုအနေအထား မျိုးဟာ ရာဇဝတ်မှုတွေ ပရမ်းပတာ ဗရုတ်သုတ်ခတွေအတွက် အကောင်းဆုံး ရေခံမြေခံပါ။
ကိုယ်ကျိုးရှာစစ်အုပ်စုဟာ မင်းမဲ့ဝါဒနဲ့ ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေတဲ့ တခုတည်းသော အကြောင်းတရား ဖြစ်ပါတယ်။ အရည်အချင်းမရှိတဲ့ စစ်အုပ်စုက တနိုင်ငံလုံးကို စစ်ကျွန်ပြု စစ်ဇာတ်သွင်းမှုကြောင့် မြန်မာ နိုင်ငံဟာ ၁၉၈၇ ခုမှာ 'ဖွံ့ဖြိုးမှုအနိမ့်ဆုံးတိုင်းပြည်' အဆင့်ကို ရောက်ခဲ့ရတယ်။ အဲဒီကနေ အနှစ် (၂ဝ) ထပ်ကြာသွားပြီးနောက်မှာတော့ ဗမာပြည်သမိုင်းမှာ မပေါ်ခဲ့ဖူးတဲ့ ဖရိုဖရဲ ဗရုတ်သုတ်ခတွေ၊ တလွဲတချော် စီမံခန့်ခွဲမှုတွေနဲ့ လူမှုရေးပဋိပက္ခတွေဟာ ကမ္ဘာပေါ်မှာ ကျရှုံးနိုင်ငံ အနည်းငယ်လောက်ကပဲ လိုက်မီနိုင်တဲ့ အခြေအနေဖြစ်နေပါတော့တယ်။ အခုဆိုရင် စစ်အုပ်စုဟာ သူ့ရဲ့လမ်းပြမြေပုံဆိုတာကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေပါတယ်။ အဲဒါ အကောင် အထည်ပေါ်လာရင် ပိုပြီးပျက်ယွင်းပြိုကွဲတာနဲ့ ပဋိပက္ခတွေ ပြင်းထန်သဲသန်လာမှာ သေချာပေါက် ပါပဲ။ ဒီမြေပုံအတိုင်းဆိုရင် ဗိုလ်သန်းရွှေသေပြီးနောက်မှာ သို့မဟုတ် လက်ရှိ စစ်ဗိုလ်ချုပ်မျိုးဆက် လွန်ပြီးနောက်မှာ ဟေတီနိုင်ငံက ဒူဗေးလီးယား၊ မြောက်ကိုရီးယားက ကင်အီဆွန်း၊ ဆီးရီးယားက အာဆဒ်တို့လို အာဏာရှင်မင်းဆက်ပဲ ပေါ်လာပါလိမ့်မယ်။
အတိုက်အခံဘက်ကြည့်ရင်တော့ အဓိက အဖွဲ့အစည်းအားလုံးလိုလိုမှာ အနည်းနဲ့အများ တူညီတဲ့ ပင်မ တောင်းဆိုချက်တွေ မြော်မြင်မှုတွေ ရှိနေပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD သို့မဟုတ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ ဦးဆောင်တဲ့ တိုင်းရင်းသားအင်အားစုတွေဟာ ၁၉၉၈ ခုမှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ထဲ ပေါင်းစည်းလက်တွဲထားပါတယ်။ ဒီကော်မတီကို ၁၉၉ဝ ပြည့် နှစ်တုန်းက အဓိက ရွေးကောက် ခံခဲ့ရတဲ့ ပါတီတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေကြား နှောင်ကြိုးကို ၁၉၉ဝ သြဂုတ်လ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်နဲ့ ပထမဆုံး စခဲ့တာဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား အဖွဲ့တွေကလည်း UNLD, UNA နဲ့ ဆက်စပ်နေပြီး အဲဒီကတဆင့် CRPP နဲ့ ချိတ် ထားပါတယ်။ ၁၉၉၈ ခုတုန်းက ဆိုရင် အပစ်ရပ်အဖွဲ့ (၄) ဖွဲ့က CRPP ကို ဗြောင်အတိအလင်း ထောက်ခံခဲ့ပါတယ်။ အင်အား အကြီးဆုံး တရားဝင်ရှမ်းနိုင်ငံရေးပါတီရဲ့ခေါင်းဆောင် ခွန်ထွန်းဦးနဲ့ အင်အားအကြီးဆုံး ရှမ်းလက်နက်ကိုင် အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်တို့ကို ၂ဝဝ၅ ခုနှစ်မှာ နအဖက ဖမ်းဆီးအကျဉ်းချတဲ့ နောက်ခံ အကြောင်းတခုကတော့ သူတို့ဟာ တိုင်းရင်းသား အပစ် ရပ်အဖွဲ့တွေနဲ့ CRPP ကြားမှာ သြဇာညောင်းတဲ့ ပင်မအဆက်အသွယ်တွေ ဖြစ်နေလို့ပါပဲ။
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ NLD နဲ့ UNLD တို့ဟာ လွှတ်တော်အမတ်နေရာ (၉၅)ရာခိုင် နှုန်းကို ရခဲ့တယ်။ NLD ဟာ တိုင်းရင်းသားဒေသတွေမှာလည်း အမတ်နေရာတွေ နိုင်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေအတွင်းမှာ လူထုအင်အားအများဆုံး ထွက်ကြိုကြ၊ ထောက်ခံကြ တာဟာ (တိုင်းရင်းသား) ပြည်နယ်တွေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်အုပ်စုက ဒေါ်စုအပေါ် ယုတ်မာရိုင်းစိုင်းလှတဲ့ ဒီပဲယင်းလုပ်ကြံမှုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
၁၉၉ဝ က NLD ဟာ တပ်နယ်မြေတွေမှာလည်း မဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် NLD ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တို့ဟာ ဗိုလ်ချုပ်ဟောင်းတွေ၊ တပ်မတော်ခေါင်းဆောင်ဟောင်းတွေဖြစ်သလို တခြား 'အမြင်မှန်ရ'တဲ့ တပ်မှူး ဟောင်းတွေ ရဲဘော်ဟောင်းတွေ အမြောက်အမြားလည်း မြန်မာပြည်ရဲ့ အကြီးဆုံး အတိုက်အခံပါတီ ကြီးထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းအားဖြင့် စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေကြား တိုင်းပြည် အစိတ်စိတ် သွေးချောင်းစီး ပြိုကွဲမှာ မဟုတ်ဘဲ ငြိမ်းချမ်းတည်ငြိမ်စွာနဲ့ ညီညွတ်ပေါင်းစည်းသွား မှာသာဖြစ်ပါတယ်။
မြေအောက်အတိုက်အခံအဖွဲ့တွေဟာလည်း အရေးပါတဲ့ သဘောတူချက်တွေ ရယူနိုင်ခဲ့ပါတယ်။ ၁၉၉၂ ခု ဇူလိုင်လ မာနယ်ပလောစာချုပ်ကနေစခဲ့တာ ၁၉၉၇ ဇန်နဝါရီလမှာ ချုပ်ဆိုတဲ့ `မယ် သရောထ´ သဘော တူညီချက်ဆိုရင် အနာဂတ်ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး အတွက် မှန်ကန်တဲ့ ခြေလှမ်းတ ခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အသိအမှတ်ပြု ထောက်ခံခဲ့ပါတယ်။ ဒီစာချုပ်တွေဟာ ဒီမိုကရေစီအဖွဲ့တွေ သို့မဟုတ် လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့တွေကြား ကွဲလွဲချက်တွေကို တန်းတူညီမျှ သဘောတရားအရ ငြိမ်းချမ်းစွာစေ့စပ်ဖြေရှင်း ဖို့လည်း သဘောတူထားတာကြောင့် ထူးခြားနေပါတယ်။
မြေအောက် တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အားလုံးနီးပါးဟာ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB အတွင်းမှာ စုစည်းညီညွတ်လျက် ရှိနေပါတယ်။ ဒီ တပ်ပေါင်းစုထဲမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ (၁ဝ) ဖွဲ့၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသား သို့မဟုတ် လူနည်းစုအဖွဲ့ (၅) ဖွဲ့နဲ့ (ပြည်ပရောက် NLD ပါတီနဲ့ ကျောင်းသားတပ်မတော် အပါအဝင်) ဒီမိုကရေစီ အဖွဲ့အစည်း သို့မဟုတ် အရပ်ဘက် လူထုအသင်းအဖွဲ့ (၁၃) ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အပြင် NLD၊ တစညနဲ့ တိုင်းရင်းသားပါတီ (၇) ခုက ရွေးကောက်ခံရတဲ့ ပြည်ပရောက် အမတ် (၃၄)ယောက်ပါ ပါဝင်နေပါတယ်။ NCUB အပြင်ဘက်က တိုင်းရင်းသားအဖွဲ့တွေ၊ ဒီမိုကရေစီအဖွဲ့၊ အရပ် ဘက်အသင်းအဖွဲ့တွေကတော့ ပြည်ပရောက် UNLD အဖွဲ့၊ တိုင်းရင်းသားလူမျိုးစုများကောင်စီ ENC၊ စစ်ရေးမဟာမိတ် (၅) ဖွဲ့၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB၊ SYCB နဲ့ NY Forum လို ကျောင်းသားလူငယ်တပ်ပေါင်းစုများ စတဲ့တပ်ပေါင်းစုတွေကတဆင့် NCUB နဲ့ ချိတ်ဆက် ဒါမှမဟုတ် အပြန်အလှန်ဆက်စပ်နေပါတယ်။ ဒီလိုဆက်စပ်ညီညွတ်နေတယ်ဆိုတာ အားလုံး တသားတည်း ပြဿနာမရှိညီညွတ်နေတာကို မဆိုလိုပါဘူး။ အနိမ့်ဆုံးအားဖြင့် ပြဿနာတွေကို ဘော့စ်နီးယား၊ အရှေ့တီမော၊ အီရတ်တို့မှာလို အချင်းချင်းလက်နက်ကိုင်ပြီး သွေးချောင်းစီး ဖြေရှင်းမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
ကူးပြောင်းရေးကာလကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ဖို့အတွက် NLD ဟာ ၁၉၄၇ အခြေခံ ဥပဒေ အပေါ် တစုံတရာအခြေခံထားတဲ့ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေတခုကို ဖော်ထုတ်ထားပါတယ်။ ဒါ့အပြင် ဗမာလူမျိုး အပါအဝင် တိုင်းရင်းသားအားလုံးပါဝင်မယ့် ဒုတိယပင်လုံညီလာခံ ခေါ်ဖို့ အစီအစဉ်တွေလည်း ရှိထားပါတယ်။ အဝေးရောက် အတိုက်အခံအင်အားစုတွေကလည်း အနာဂတ် အခြေခံ ဥပဒေတွေကို ရေးဆွဲ ဖော်ထုတ်နေကြပါတယ်။ အင်မတန့်ကို လွှမ်းခြုံမှုရှိရှိနဲ့ ကျယ်ပြန့်တဲ့ အခြေခံနဲ့ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် အခြေခံ ဥပဒေရေးဆွဲရေးနှင့် ဆက်စပ်ညှိနှိုင်းရေး ကော်မတီ FCDCC ရယ်၊ ပြည်နယ်အခြေခံ ဥပဒေရေးဆွဲရေးကော်မတီ SCDC (၈) ခုရယ်ဟာ ဖြစ်လာနိုင်တဲ့ ကွာဟမှုတွေ ပဋိပက္ခတွေကို ပြေလည်အောင် ညှိနေကြပါတယ်။
ယူဂိုဆလားဗီးယားတို့ အာဖရိကတိုက်က တိုင်းပြည်တွေနဲ့မတူတာက မြန်မာပြည်ရဲ့ နှစ် (၂ဝဝဝ) ကျော် ယဉ်ကျေးမှု မြင့်မားခဲ့တဲ့ သမိုင်းမှာ ဘောလ်ကန်နိုင်ဇေးရှင်းဆိုတဲ့ ယဉ်ကျေးမှုနိမ့် လူရိုင်းဆန်ဆန် အစိတ်စိတ်ကွဲ ထိန်းမနိုင် သိမ်းမရ သတ်ကြဖြတ်ကြတဲ့ အဖြစ်မျိုး မကြားဖူးပါဘူး။ မြန်မာ့သမိုင်းမှာ ရှိခဲ့တဲ့ စစ်ပွဲတွေဟာ အဓိကအားဖြင့် ပဒေသရာဇ်ဘုရင်တွေက ပတ်ဝန်းကျင်နယ် မြေတွေအပေါ် ဘုန်းတန်ခိုး ချဲ့ထွင်တဲ့ စစ်ပွဲတွေသာ ဖြစ်ပါတယ်။ ဒါဟာ ရှေးခေတ်က ဘယ်တိုင်း ပြည်မှာမဆိုထုံးစံဖြစ်တဲ့ ပဒေသရာဇ် တွေရဲ့ အမူအကျင့်အတိုင်းပါပဲ။ မြန်မာပြည် လွတ်လပ်ရေး မရခင်နဲ့ ရပြီးစကာလက လူမျိုးရေး အဓိကရုဏ်းတွေဟာ ကိုလိုနီ နယ်ချဲ့သမားတွေရဲ့ 'သွေးခွဲ အုပ်ချုပ်ရေး' နည်းပရိယာယ်ကြောင့်နဲ့ လူမျိုးခွဲခြားရေးသမား အနည်းစုကြောင့် ပေါ်တာဖြစ်ပါတယ်။ အဲဒါတွေကို အမြော်အမြင်ကြီးတဲ့ နှစ်ဘက် တိုင်းရင်းသားခေါင်းဆောင်တွေ ပြည်သူတွေက အမြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
စစ်အစိုးရက ဖက်ဒရယ်စနစ်ကို သရုပ်ဖျက် အဓိပ္ပာယ်တလွဲဖော်မှုဟာလည်း မြန်မာပြည်သူတွေ အပေါ် အရင်ကလို မထိရောက်တော့ပါဘူး။ ဖက်ဒရယ်စနစ်ရဲ့ တကယ့်အဓိပ္ပာယ်ကို ဗမာအပါအဝင် တိုင်းရင်းသားတွေက ပိုမိုသိမြင် လက်ခံလာကြပါပြီ။ အတိတ်ကာလစစ်ပွဲတွေမှာ အောင်နိုင်သူ ဖြစ်လေ့ ဖြစ်ထရှိခဲ့တဲ့ ဗမာလူမျိုးတွေဟာ အခုအခါမှာ တိုင်းရင်းသားလူမျိုးတွေကို ကမ္ဘာ့စံနှုန်းတွေအတိုင်း ရသင့် ရထိုက်တဲ့အခွင့်အရေးတွေ ငြင်းပယ်ထားလို့ အကျိုးမရှိပုံကို သဘောပေါက်လာပါပြီ။ ဒါနဲ့ပတ်သက်လို့ တခုတည်း ကြွင်းကျန်နေတဲ့ အဟန့်အတားကတော့ စစ်အုပ်စုပဲဖြစ်ပါတယ်။
၂ဝဝ၇ စက်တင်ဘာလမှာ ကုလသမဂ္ဂက ချမှတ်ပြဋ္ဌာန်းလိုက်တဲ့ ဌာနေတိုင်းရင်းသား အခွင့်အရေး ကြေညာ စာတမ်းဟာ ဗမာပြည်က ဒီမိုကရေစီနဲ့ တိုင်းရင်းသားပြဿနာအတွက် အားဖြစ်စေပါလိမ့်မယ်။ နောက်တခု သိထားဖို့ကတော့ ဗမာပြည်မှာ စစ်အစိုးရပြောနေသလို တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးလည်း မရှိပါဘူး။ အရေအတွက်အစစ်အမှန်က (၆ဝ) ပတ်ဝန်းကျင်လောက်ပဲရှိပြီး နအဖက လူမျိုးတမျိုးတည်းကို နာမည် (၄-၅) မျိုးနဲ့ ထပ်ခါထပ်ခါ လှည့်ပတ်ရေတွက်ထားလို့ ဖောင်းပွနေတာပါ။
ကနေဒါနိုင်ငံ ကွိဘက်နယ်၊ ဗြိတိန်နိုင်ငံ စကော့တလန်နယ်၊ ဘယ်လ်ဂျီယမ်နိုင်ငံ ဖလန်ဒါးနယ် တွေမှာလိုပဲ လုံးဝခွဲထွက်ချင်တဲ့ လူနည်းစုဆိုတာက အမြဲရှိပါတယ်။ နောင်မှာလည်း ရှိနေမှာ ဓမ္မတာပါပဲ။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးတမျိုးစီအတွင်းမှာ အများစုကြီးကတော့ တန်းတူအခွင့် အရေးပဲ ရချင်တာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲထွက်ချင်သူတွေမှာ သူတို့ဆန္ဒကို လက်တွေ့ အကောင် အထည်ဖော်ဖို့ နည်းလမ်းတွေ အနေအထားတွေလည်း မရှိပါဘူး။ ယခင် ဝန်ကြီးချုပ်ဦးနု လက်ထက် ၁၉၅၈ ခုတုန်းကတောင် တိုင်းရင်းသား တွေဟာ ၁၉၄၇ အခြေခံဥပဒေရဲ့ ပုဒ်မ ၁၄ဝ ကို အသုံးချပြီး ဥပဒေနဲ့အညီ ခွဲထွက်ဖို့ အခွင့်အရေး ရှိခဲ့တုန်းကတောင် ခွဲထွက်ဖို့အားထုတ်မှု မရှိခဲ့ဘဲ ပြည်ထောင်စုဘောင်ထဲမှာ အခွင့်အရေး ပိုရဖို့ကိုသာ ငြိမ်းငြိမ်းချမ်းချမ်း ဒီမိုကရေစီနည်းကျ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒါကို နေဝင်းစစ်အုပ်စုက အကြမ်းပတမ်း အင်အားသုံးနှိပ်ကွပ်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၊ အထူးသဖြင့် အပစ်ရပ်အဖွဲ့တွေနဲ့ အပစ်ရပ်အဖွဲ့နယ်မြေတွေ ထဲက ပြည်သူလူထုတွေဟာ အခြေခံအားဖြင့် စစ်ပန်းနေကြပါတယ်။ ဒါကြောင့်လည်း နအဖက သူတို့အပေါ် ဖိအားပေးခြိမ်းခြောက် ကစားလို့ရတာဖြစ်ပါတယ်။ ၁၉၉၈ ခု စက်တင်ဘာလတုန်းက အပစ်ရပ်အဖွဲ့တချို့ စစ်အုပ်စုကိုအာခံပြီး CRPP ကိုအားပေးခဲ့တုန်းက ဒေသခံလူထုဖိအားနဲ့ အပစ် ရပ်စစ်အရာရှိကြီးတွေရဲ့ စစ်ရှောင်လိုစိတ်ကြောင့် စစ်ပြန်မဖြစ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အေးခေတ်ပြီး တဲ့နောက်ပိုင်း ကမ္ဘာမှာ လွှမ်းလာတဲ့ အကြမ်းမဖက်ရေးသဘောတရားနဲ့ မီဒီယာရဲ့ သြဇာသက်ရောက်မှုတွေဟာ ဗမာပြည်က လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအပေါ် ဖြစ်သင့်တာထက်ပိုပြီး သြဇာညောင်းခဲ့ပါတယ်။ ဗမာပြည်မှာ စစ်တိုက်ရေးထက် (သုံးပွင့်ဆိုင်) တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းမဖက်ရေးတို့က ပိုခေတ်စားနေပါတယ်။
တဖက်ကကြည့်ရင် ကမ္ဘာပ်ါမှာ ဘော်လ်ကန်နိုင်ဇေးရှင်းတခုတည်းသာ ဖြစ်ကြတာ မဟုတ်ပါဘူး။ ချက်ကို စလိုဗေးကီးယားနိုင်ငံလို 'ကတ္တီပါလမ်းခွဲ' နဲ့ လုံးဝငြိမ်းချမ်းစွာ ခွဲခွာခဲ့ကြတာတွေလည်း ရှိပါတယ်။ အထိန်း အချုပ်မဲ့ ကျရှုံးနေတဲ့ နအဖစစ်အုပ်စုဘဝကနေ စစ်ဘုရင်တဖြစ်လဲ စစ်အုပ်စုဝင် ဗိုလ်ချုပ်တွေ သို့မဟုတ် တိုင်းမှူးတွေက သီးခြားစီ ထိန်းချုပ်တဲ့ အာဏာပြိုင် တဗိုလ်တမင်း နယ်ပယ်တွေ တထွေးကြီးအဖြစ် ပြိုကွဲ သွားခြင်းအားဖြင့်သာ သမ္မတ ဆီယဒ်ဘား အလွန် ဆိုမာလီယာ၊ သမ္မတ နာဂျီဘူလာ အလွန် အာဖဂန် နစ္စတန်၊ သမ္မတ မိုဘူတူအလွန် ကွန်ဂိုနိုင်ငံတွေမှာလို ဘော်လ်ကန်နိုင်ဇေးရှင်းနဲ့ မင်းမဲ့ဝါဒ ပေါ်လာနိုင်ပါတယ်။
ဒါပေမယ့် အဲဒီနိုင်ငံတွေနဲ့မတူဘဲ ကံကောင်းထောက်မတာက မြန်မာနိုင်ငံမှာ ဥပဒေကြောင်းနဲ့ညီပြီး လူထု ထောက်ခံတဲ့ ဒီမိုကရေစီခေါင်းဆောင်မှုတရပ်က အာဏာယူဖို့ အသေအချာပြင်ဆင်မှု ရှိရှိ အရည်အချင်း ရှိရှိနဲ့ အဆင်သင့်ရှိနေပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ တိုင်းရင်းသား အတိုက်အခံ ခေါင်းဆောင်တွေဟာ နအဖ စစ်ခေါင်းဆောင်တွေထက် ပိုပြီးအရည်အချင်းပြည့်ဝ၊ အတွေ့အကြုံလည်းကြီး၊ အမြင်ပိုကျယ်၊ သဘောထားကြီး၊ အမြော်အမြင်ရှိတာ လုံးဝ အသေ အချာပါပဲ။
အီရတ်တို့ အာဖဂန်နစ္စတန်တို့နဲ့ မတူတာက မြန်မာပြည်က ယုတ်မာရက်စက်မှုတွေ အကြမ်းဖက် မှုတွေ အားလုံးဟာ အုပ်စိုးသူနအဖရဲ့ လုပ်ရပ်တွေသာဖြစ်ပါတယ်။ အတိုက်အခံတွေထဲမှာ အစွန်းရောက် သမားတွေ အကြမ်းဖက်သမားတွေ လုံးဝမရှိပါဘူး။ ဒါကြောင့် နအဖကိုသာ ထိန်းချုပ်ဖယ်ရှားနိုင်ရင် နောင်မှာ သွေးချောင်းစီးစရာ ရှိမှာမဟုတ်တော့ပါဘူး။
မျက်မှောက်ကာလမှာ စစ်အုပ်စုရဲ့ ဦးနှောက်မဲ့ ရူးရူးနှမ်းနှမ်း စီးပွားရေးမူဝါဒတွေကြောင့် ဗိုလ်ချုပ် တွေကလွဲလို့ လူတိုင်း မွဲပြာကျ နေပါတယ်။ စင်ကာပူက ဝါရင့်ခေါင်းဆောင်ကြီး မစ္စတာ လီကွမ်းယူး ကတောင် စီးပွားရေးနဲ့ပတ်သက်လာရင် ဒီဗိုလ်ချုပ်တွေဟာ 'လဒူ' တွေပဲလို့ သမုတ်ခဲ့ပါတယ်။ ပြည်သူ ပြည်သားတွေအတွက်ရော၊ တိုင်းရင်းသားလုပ်ငန်းရှင်တွေအတွက်ရော၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ အတွက်ပါ အကျိုးအမြတ်ရှိမယ့် ဘာ ဂလိုဘယ်လ်လိုက်ဇေးရှင်းမှ ဗမာပြည်မှာ အမြစ်မတွယ်နိုင် ဖြစ်နေပါတယ်။
ဒါနဲ့ယှဉ်ကြည့်မယ်ဆိုရင်တော့ NLD ဟာ မိမိ ခေါင်းဆောင်ပိုင်းကိုရော အောက်ခြေအဖွဲ့ဝင် တွေကိုပါ ဘာသာရပ်ပေါင်းစုံနဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆင့်မီအောင် အရည်အသွေး မြှင့်တင်ပေးမှုတွေ တောက်လျှောက် လုပ်နေခဲ့ပါတယ်။ တနေ့နေ့မှာ တရုတ်၊ ဗီယက်နမ်တို့လို ဂလိုဘယ်လ်လိုက်ဇေးရှင်း လှိုင်းစီးပြီး တိုင်းပြည်တိုးတက်စေဖို့ မျှော်မှန်းချက်နဲ့ လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့် တင်းနေပါတယ်။ ပြည်ပရောက်ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေဟာလည်း နှစ်ပေါင်းများစွာ ပြည်ပမှာ လေ့လာသင်ကြားနေခဲ့ပြီး ငြိမ်းချမ်းရေး နောက်ခံ နိုင်ငံတကာအဆင့် စွမ်းဆောင်ရည်တွေ ကောင်းကောင်း လေ့ကျက်ထားပါပြီ။
အရေးကြီးတဲ့အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ချက်ချင်းလက်ငင်း 'အစိုးရ ပြောင်းပစ်ရေး' ကို တောင်းဆိုနေတာ မဟုတ်ဘဲ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍကို အလေးထား စဉ်းစားပြီး စေ့စပ်ဆွေးနွေးညှိနှိုင်းရင်း နိုင်ငံရေးအဖြေရှာဖို့နဲ့ သိတ်မဝေးတဲ့ အနာဂတ် တချိန်မှာ စစ်တပ်အုပ်စိုးမှုကို အပြီးအပိုင်ဖျက်သိမ်းဖို့သာ တောင်းဆိုနေတာဖြစ်ပါတယ်။ ၂ဝဝ၆ ဖေဖော်ဝါရီမှာ NLD က ကူးပြောင်းရေးအစီအစဉ်တခု အဆိုတင်ခဲ့ရာမှာ နအဖကို ကြားကာလတခုအတွက် 'ဒီဂျူရီ' တရားဝင် အစိုးရအဖြစ် ၁၉၉ဝ ရွေးကောက်ခံလွှတ်တော်က အသိအမှတ်ပြုပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
၂ဝဝ၇ သြဂုတ်လမှာလည်း ရွေးကောက်ခံအမတ် (၉၂) ယောက်က အစားထိုးလမ်းပြမြေပုံတခု အဆိုပြုခဲ့ ရာမှာ နအဖကို အခြေခံဥပဒေရေးဆွဲရေးနဲ့ ကူးပြောင်းရေးဖြစ်စဉ်တွေအတွင်း ရွေးကောက်ခံ NLD အမတ်တွေ၊ တိုင်းရင်းသားအမတ်တွေနဲ့ အတူ အရေးပါတဲ့အခန်းကပါဝင်ခွင့် ကတိပေးခဲ့ပါတယ်။ "ဘယ်ဟာကိုမဆို စေ့စပ်ညှိနှိုင်းလို့ ရနိုင်တယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ တပ်မတော်ကို ဖျက်သိမ်းပစ်မှာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကိုသာ စနစ်တကျ ညှိညှိနှိုင်းနှိုင်းနဲ့ ဖျက်သိမ်း ပစ်မှာဖြစ်ပါတယ်။ ဒါဟာ အတိုက်အခံတွေအားလုံးရဲ့ တညီတည်း သဘောထားလည်း ဖြစ်ပါတယ်။
ခေါင်းမာလှတဲ့ ဗိုလ်ချုပ်တွေကတော့ ဒီကမ်းလှမ်းချက်အားလုံးကို ပယ်ချပစ်ခဲ့ပါတယ်။ တကယ်တော့ ဒီအဓိပ္ပာယ်ပြည့်ဝလှတဲ့ အဆိုပြုချက်တွေဟာ တင်းမာလှတဲ့ စစ်အုပ်စုဘက်ကနေ အူတူတူနဲ့ ရှေ့နေလိုက်နေသူတွေ ပြောနေတဲ့ အဓိပ္ပာယ်မဲ့ 'တဖြည်းဖြည်းပြောင်းလဲရေး' အသံတွေနဲ့ အင်မတန်မှ ကွာခြားလှပါတယ်။ နအဖစစ်အုပ်စုကလည်း တဖြည်းဖြည်းပြောင်းလဲရေး လုပ်နေပါ တယ်လို့ (၁၉) နှစ်လုံးလုံး ပြောနေခဲ့ရာမှာ ရလဒ်ကတော့ ဗုဒ္ဓသားတော်ရဟန်းသံဃာတွေ အစု လိုက်အပြုံလိုက် အသတ် ခံရတာပဲ ဖြစ်လာပါတယ်။ ဒါကြောင့် စစ်အစိုးရရဲ့ တဖြည်းဖြည်း ပြောင်း လဲရေးအတိုင်းဆိုရင်တော့ ဘာမှ ဒီမိုကရေစီဘက် ပြောင်းလဲမှာ မဟုတ်ဘဲ ပိုပြီးတော့ သွေးချောင်း စီးဖို့သာရှိပါတယ်။
နအဖစစ်အုပ်စုကို ဖိအားမပေးဘဲ လူမိုက်အားပေး ထိတွေ့ဆက်ဆံရေးလုပ်ဖို့လည်း အာဆီယံ၊ တရုတ်၊ ဂျပန်နိုင်ငံတွေက ဆော်သြကြ ရပ်တည်ကြပါတယ်။ ဒါနဲ့ပဲ ဂျပန်နိုင်ငံခမျာ သူ့သတင်းထောက် မစ္စတာနဂါအီ တယောက် ရွှေဝါရောင်တော်လှန်ရေးအတွင်း အနီးကပ်ပစ်သတ် ခံလိုက်ရပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း ချင်လ်စတန်ပါ့က် ဆွေးနွေးပွဲဆိုပြီး နအဖနဲ့ ထိတွေ့ဆက်ဆံ ကျောသပ် ရင်သပ်လုပ်ဖို့ ကြိုးစားနေသူတွေ ရှိပါတယ်။
ဒါတွေအားလုံးရဲ့ရလဒ်ကတော့ စစ်ကျွန်ပြု လူသတ်ယန္တရား ပိုမိုကြီးထွားလာပြီး အိမ်နီးချင်း တိုင်းပြည်တွေ ဆီ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုထွက်လာတာဖြစ်ပါတယ်။ အေ့ဒ်စ်အပါအဝင် ရောဂါ ဆိုးတွေ၊ အဓမ္မလုပ်အားပေးတွေ၊ စစ်တပ်ရဲ့မုဒိမ်းမှုတွေနဲ့ ပြည်တွင်း အိုးအိမ်မဲ့ဒုက္ခသည်တွေ ပိုပျံ့နှံ့ ပိုများပြားလာတာလည်း အားလုံးအသိပါပဲ။
ဒီတော့ နိုင်ငံမှာ အလေးအမြတ်အထားဆုံး (သာသနာ့) အလွှာကို တိုင်းပြည်ရဲ့ အမြင့်မြတ်ဆုံး ဘုရားပုထိုး ပေါ်မှာ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်တဲ့ လပြည့်နေ့ကြီးမှာ သွေချောင်းစီး သတ်ပစ်ဖို့ လက်မနှေးတဲ့စစ်အုပ်စုကို မ,တင်ပေးနေလို့ ဘာအကျိုးထူးများ ရနိုင်မယ် ထင်နေ ကြပါသလဲ။ စိတ်ကူးယဉ် အမြင်သာဖြစ်တဲ့၊ လက်တွေ့မဖြစ်နိုင်တဲ့ ဘော်လ်ကန်နိုင်ဇေးရှင်း သွေး ချောင်းစီးပြိုကွဲမှုနဲ့ မင်းမဲ့ဝါဒ ဗရုတ်သုတ်ခ အခြေအနေဆိုးကို ကာကွယ်ဖို့ဆိုပြီး ဒီလိုစစ်အစိုးရမျိုးနဲ့ ထိတွေ့ဆက်ဆံတာ၊ ပိုနေမြဲ ကျားနေမြဲ အခြေအနေထိန်းသိမ်းဖို့ ရပ်ခံတာဟာ လူ့ကျင့်ဝတ်အရ လုပ်သင့်သလား၊ ဖြစ်ရောဖြစ်နိုင် မှာလား။ ဒီလိုသွေးချောင်းစီး ဖရိုဖရဲအလားအလာကို တကယ် ကာကွယ်ချင်ရင်တော့ ဒီစစ်အစိုးရနေရာမှာ အတိုက်အခံတွေ ဖော်ထုတ်ပြထားတဲ့ လမ်းပြမြေပုံ အတိုင်း ပြည်သူက အခွင့်အာဏာအပ်နှင်းထားတဲ့ အတိုက်အခံတွေနဲ့ အစားထိုးဖယ်ရှားပစ်ဖို့က လွဲလို့ တခြားနည်းလမ်းမရှိပါ။
Read More...
Collapse...
ဂါမဏိ
နအဖက စစ်ကိုလိုနီအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုတော့မယ်လို့ ဆိုလာတဲ့အခါ မိုးသံ လေသံကြားရင် ဖားတွေအုံးအွမ်အော်သလို အချို့အချို့သော ပြည်တွင်းပြည်ပက အတွေ့ အကြုံ ရင့်ကျက်သူ၊ အကြားအမြင် ဗဟုသုတများသူဆိုတာတွေက “အခြေခံဥပဒေ လုံးဝမရှိတာ ထက်စာရင် အခြေခံဥပဒေ တခုခုရှိနေတာက တော်သေးတယ်” လို့ ဟောင်သံပေးလာတာတွေ ကြားရပါတယ်။
အမှန်ကတော့ တိုင်းပြည်တပြည်မှာ အခြေခံဥပဒေရှိမရှိထက် ပိုအဓိကကျတဲ့အချက်တွေ ရှိတာ ကိုသိဖို့က ပိုအရေးကြီးပါတယ်။
၁၉၄၂ ခု မတ်လမှာ ဂျပန်က ဗမာပြည်ကိုသိမ်းပိုက်ခဲ့ပြီး စစ်အုပ်ချုပ်ရေးချခဲ့ပါတယ်။ ဘာအခြေ ခံဥပဒေမှ မရှိခဲ့ပါဘူး။ ၁၉၄၃ သြဂုတ် (၁) ရက်မှာတော့ ဂျပန်က ဗမာနိုင်ငံတော်ကို “လွတ်လပ် ရေးပေး” လိုက်တဲ့အခါ အခြေခံဥပဒေတခုနဲ့ အုပ်ချုပ်စေပါတော့တယ်။ ဒါပေမယ့် အခြေခံဥပဒေ မရှိတာထက် စာရင်တော့ (၄၃) သြဂုတ်လ နောက်ပိုင်း အခြေခံဥပဒေ ရှိလာတာက ပိုကောင်း လာတယ်လို့ သမိုင်းမှာ ဘယ်သူမှ ကောက်ချက်ချတာမတွေ့ရဘဲ “ရွှေရည်စိမ်လွတ်လပ်ရေး” လို့ပဲ သမိုင်းတွင်ခဲ့ ပါတယ်။
၁၉၄၇ အခြေခံဥပဒေ ရှိတာဟာ မရှိတာထက်စာရင် တော်သေးတယ်လို့လဲ အပြည့်အဝ မပြော နိုင်ပါဘူး။ အထူးသဖြင့် ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်နဲ့ ပအို့ဝ်တိုင်းရင်းသားတွေအတွက် ဘယ်လိုမှ မမှန်ပါဘူး။ ဒါကြောင့်လည်း လွတ်လပ်ရေး ရပြီးတာနဲ့ လပိုင်းအတွင်းမှာ လက်နက်ကိုင်ခုခံ တော်လှန်ရတဲ့ အခြေ ဆိုက်သွားခဲ့ရပါတယ်။ နောက် (၁ဝ) နှစ်အကြာမှာလည်း ဒီ (၄၇) အခြေခံဥပဒေ ရှိနေတာ ဆိုးကျိုးပဲ ပိုဖြစ်လာလို့ ရှမ်းနဲ့ကချင်တိုင်းရင်းသားတွေက နောက်ထပ်လက်နက် စွဲကိုင် ခုခံ တော်လှန်ရပြန်ပါတယ်။ (၄၇) အခြေခံဥပဒေဟာ ဒီမိုကရေစီပိုင်းမှာလည်း ချို့ယွင်းချက် တချို့ရှိနေလို့ သတင်းစာတိုက်တွေ ရိုက်ချိုးတာတို့၊ ဗကပ၊ ပြည်သူ့ရဲဘော်နဲ့ တပ်မတော် အစိတ်အပိုင်းတချို့ လက်နက်ကိုင်ပုန်ကန်တာတို့ ဖြစ်ခဲ့ရတယ်။
၁၉၆၂ ခုမှာ နေဝင်း စစ်အုပ်စုက (၄၇) အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီး စစ်အစိုးရအဖြစ် (၁၁) နှစ်ကြာ အုပ်စိုးခဲ့ရာက ၁၉၇၄ ခုမှာ အခြေခံဥပဒေတခုကို ပြဋ္ဌာန်း၊ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်း အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ အခြေခံဥပဒေ မရှိတာထက်စာရင် ရှိတာက ဘာမှပို မထူးကြောင်းကို ၁၉၇၄ မေ-ဇွန် အလုပ်သမားအရေးတော်ပုံ၊ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေး တော်ပုံ၊ ၁၉၇၅ ဇွန် ရွှေတိဂုံအရေးတော်ပုံ၊ ၁၉၇၆ မတ် မှိုင်းရာပြည့်အရေးတော်ပုံတွေက သက်သေပြခဲ့ပြီး၊ ရှိတာပိုမကောင်းတဲ့ တပါတီ အာဏာရှင် စနစ် အခြေခံဥပဒေကို နောက်ဆုံးမှာ (၈) လေးလုံး အရေးတော်ပုံကြီးက မြောင်းထဲလွှင့်ပစ်လိုက်ပါ တော့တယ်။
အခုတခါ လာပြန်ပါပြီ။ နအဖရဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကလည်း (၄၃) အခြေခံဥပဒေ၊ (၇၄) အခြေခံ ဥပဒေတွေနဲ့ မတိမ်းမယိမ်းဖြစ်တာကို တကယ်ပဲမသိကြတာလား။ အခြေခံဥပဒေ မရှိတာကိုမြင်သလို ဖြစ်လာမယ့်အခြေအနေတွေကို သိနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် ညောင်နှစ်ပင် အခြေခံဥပဒေရဲ့ အနာဂတ်ကို သိဖို့လိုပါတယ်။ ညောင်နှစ်ပင် အခြေခံဥပဒေရဲ့ အနှစ်သာရဟာ ၁၉၄၃ တုန်းကလို ဖက်ဆစ်အနှစ်သာရတွေပဲဖြစ်တာ၊ “ရွှေရည်စိမ်ဒီမိုကရေစီ” ကိုဘဲ ဦးတည်တာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ဒီထဲမှာ ဒီမိုကရေစီကို တိုက်ရိုက်ထိခိုက်တဲ့ မူတွေနဲ့ တိုင်းရင်းသားတန်းတူရေးကို တိုက်ရိုက် ထိခိုက်တဲ့မူတွေ ပါဝင်နေတယ်။
စစ်တပ်ကြီးစိုးရေးအခြေခံမူတွေက အခန်း (၁) နိုင်ငံတော်အခြေခံမူများမှာ အပိုဒ်(၂-စ) အမျိုး သား နိုင်ငံရေးမှာ စစ်တပ်ကအမြဲဦးဆောင်ရေး၊ အပိုဒ် (၆-ဃ) လွှတ်တော်တွေမှာ ရွေးကောက် မခံရတဲ့ စစ်သားတွေ လေးပုံတပုံပါရေး၊ အပိုဒ် (၇-ဂ) ကာကွယ်ရေးလုံခြုံရေး နယ်စပ်ဒေသရေး ရာတာဝန်တွေကို စစ်သားတွေကသာ ထမ်းဆောင်ရေး၊ အပိုဒ် (၉-ခ၊ ဂ၊ ဃ၊ င၊ စ)နဲ့ အပိုဒ် (၂၈-က၊ ခ၊ ဂ) တရားဝင် စစ်တပ်ကြီးစိုးခွင့်၊ အာဏာသိမ်းခွင့်၊ အခန်း (၅)အုပ်ချုပ်ရေးမှာ အပိုဒ် (၂-က-၂၊ ခ) (၃-ခ) (၂၂-က-၂၊ ခ) (၃၄-ဃ-၂) (၃၅-ဂ-၃) ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ် ရေးရာဝန်ကြီး ဒုဝန်ကြီးနေရာများကို စစ်သားများခန့်ခြင်း၊ အပိုဒ် (၅-ဂ-၂) (၂၄-ခ-၂) စစ်သား ဝန်ကြီး ဒုဝန်ကြီး ထုတ်ဖြုတ်ရာမှာ တပ်ချုပ် အဓိက ကျခြင်း၊ အပိုဒ် (၅-စ-၂) (၂၄-ဃ-၂) ဝန် ကြီး ဒုဝန်ကြီး ခန့်ခံရတဲ့ စစ်သား တပ်ကထွက်ဖို့ မလိုခြင်း၊ အခန်း (၇) တပ်မတော်မှာ အပိုဒ် (၂) (၃) (၄) (၅) (၆) (၁ဝ) စစ်တပ်၏တရားဝင်ကြီးစိုးခွင့်၊ အပိုဒ် (၇) (၈) (၉) (၁၂) တပ်ချုပ်ရဲ့ အဆင့်အတန်း သတ်မှတ်ချက်၊ အခန်း (၁၁) အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များမှာ အပိုဒ် (၉) (၁ဝ) အရေးပေါ် အခြေအနေကြေညာရင် တပ်ချုပ်ကိုအာဏာအပ်ရခြင်း။
ဒီမိုကရေစီဆန့်ကျင်ရေးအခြေခံမူတွေက အခန်း(၁) နိုင်ငံတော်အခြေခံမူများ မှာ အပိုဒ်(၇-က) နိုင်ငံ့ အုပ်ချုပ်ရေး အကြီးအကဲဟာ သမ္မတဖြစ်ခြင်း၊ အခန်း (၃) နိုင်ငံတော်အကြီးအကဲမှာ အပိုဒ် (၄-ဃ၊ င၊ စ၊ ဆ) သမ္မတ အရည်အချင်း သတ်မှတ်ချက်များ၊ အပိုဒ် (၅-က၊ ခ၊ င) သမ္မတနဲ့ ဒု သမ္မတရွေးချယ်ပုံ၊ အခန်း (၄) ဥပဒေပြုရေးမှာ အပိုဒ် (၂-က၊ ခ) (၃) (၄) (၁၃) (၂၃-ဃ)(၃၄- ဈ) လွှတ်တော်တွေမှာ ရွေးကောက် မခံရတဲ့ စစ်သားအမတ် တမတ်သားပါခြင်း၊ အပိုဒ် (၁၁-က-၂) (၁၉-ခ) လွှတ်တော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကော်မတီကို ရွေးကောက်မခံ စစ်သားအမတ် များနဲ့ ဖွဲ့စည်းခြင်း၊ အပိုဒ် (၃၃-ခ၊ ည) (၃၅-ခ၊ ဂ) (၃၇-က၊ ခ) လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း သတ်မှတ်ပုံများ၊ အခန်း (၅) အုပ်ချုပ်ရေးမှာ အပိုဒ် (၁-က၊ ဂ) နိုင်ငံအုပ်ချုပ်ရေး အကြီးအကဲဟာ သမ္မတဖြစ်ခြင်းနဲ့ အစိုးရအဖွဲ့မှာ သမ္မတ ဒုသမ္မတများပါခြင်း၊ အပိုဒ် (၂-က-၁) (၃-က) အမတ်မဟုတ်သူများ အပါအဝင် ဝန်ကြီးနှင့်ဒုဝန်ကြီးများကို သမ္မတက ရွေးချယ်ခြင်း၊ အပိုဒ် (၂-ဂ) (၂၂-ဂ) သမ္မတရဲ့ ဝန်ကြီးလောင်းစာရင်းကို လွှတ်တော်က ငြင်းခွင့်မရှိခြင်း၊ အပိုဒ် (၂-ဆ) (၇-င) ဝန်ကြီးများနဲ့ ရှေ့နေချုပ်ဟာ သမ္မတကို တာဝန်ခံရခြင်း၊ အပိုဒ် (၃၅-ဂ-၂) မြို့တော် ကောင်စီကို သမ္မတက ခန့်ခြင်း၊ အပိုဒ် (၃၅-ဌ) ထွေအုပ်ဦးစီးမှူးဟာ မြို့တော်ကောင်စီ အတွင်းရေးမှူး ဖြစ်ခြင်း၊ အပိုဒ် (၃၇) (၃၈) ခရိုင် မြို့နယ် ရပ်-ကျေးအုပ်ချုပ်ရေးကို ရွေးကောက် မခံ အစိုးရဝန်ထမ်းတွေ၊ ရိုးရိုးလူတွေအား တာဝန်ပေးခြင်း၊ အခန်း (၆) တရားစီရင်ရေးမှာ အပိုဒ် (၂-ဂ-၁၊ ၂၊ ၃) (၂-ဃ-၁၊ ၂၊ ၃) သမ္မတက တရားသူကြီးချုပ်နဲ့ တရားရုံးချုပ်တရားသူကြီးများ ခန့်ခြင်း၊ အပိုဒ် (၄) သမ္မတက တရားသူကြီးချုပ်နဲ့ တရားသူကြီးများကို စွဲချက်တင်ရာထူးဖြုတ် နိုင်ခြင်း၊ အခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေးများမှာ အပိုဒ် (၁ဝ) (၁၃) (၁၅) (၂၄) (၂၅) (၃၁) (၃၅) ကြိုတင်စည်းကမ်း သတ်မှတ် ချက်ဖြင့်သာ လွတ်လပ်ခွင့်၊ လုံခြုံခွင့်၊ အဓမ္မလုပ် အားမပေးခွင့်၊ ပညာသင်ခွင့်၊ ကျန်းမာရေး စောင့်ရှောက် ခံခွင့်၊ ပိုင်ဆိုင်ခွင့်၊ ၂၄ နာရီထက်ကျော် လွန်ချုပ်နှောင် မခံခွင့်ရှိခြင်း၊ အခန်း (၁၁) အရေးပေါ် ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များမှာ အပိုဒ် (၁) (၃-၊ ခ) (၄-ခ) (၈) သမ္မတက လွှတ်တော်သဘောမပါဘဲ အရေးပေါ်အခြေအနေနှင့် စစ် အုပ်ချုပ်ရေးကြေညာနိုင်ခြင်း၊ တပ်ချုပ်ကို အာဏာလွှဲနိုင်ခြင်း၊ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းမှာ အပိုဒ် (၄-က၊ ခ) စစ်သားအမတ် (၂၅) ရာခိုင်နှုန်း ပါတဲ့ လွှတ်တော် ထဲမှာ အမတ် (၇၅) ရာခိုင်နှုန်းကျော်သဘောတူမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ခြင်း။ တိုင်းရင်းသား ဖိနှိပ်ရေးအခြေခံမူတွေက အခန်း(၁) နိုင်ငံတော်အခြေခံမူများမှာ အပိုဒ်(၄-ခ၊ ဂ) (၆-ဂ) လွှတ်တော် တခုစီရှိတဲ့ တိုင်းဒေသကြီး (၇) ခုထားခြင်း၊ အခန်း (၂) နိုင်ငံတော် ဖွဲ့စည်း တည်ဆောက်ပုံမှာ အပိုဒ် (၂) (၃) ပြည်နယ်နဲ့အဆင့်တူ တိုင်းဒေသကြီး (၇) ခုထားခြင်း၊ အပိုဒ် (၄) (၁၁) ပြည်နယ်-ကိုယ်ပိုင် အုပ်ချုပ်ရေးစီရင်စု အမည်ပြောင်းရာမှာ သက်ဆိုင်ရာလွှတ်တော် အခန်းကဏ္ဍမပါခြင်း၊ အပိုဒ်(၅-ခ) ဘယ်နယ်မြေကိုမဆို သမ္မတတိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေအဖြစ် ကြိုက်သလိုသတ်မှတ် နိုင်ခြင်း၊ အပိုဒ် (၇) ခွဲထွက်ခွင့် မရှိလို့ ပြဋ္ဌာန်း ထားခြင်း၊ အပိုဒ်(၉) ပြည်နယ်နယ်နိမိတ်သတ်မှတ်ရာမှာ ပြည်ထောင်စုလွှတ်တော်အတည်ပြု ချက်လိုခြင်း၊ အခန်း (၄) ဥပဒေပြုရေးမှာ အပိုဒ် (၁၉-ဂ) လိုအပ်မှသာ တိုင်းရင်းသားလူမျိုးများ အရေး လွှတ်တော်ကော်မတီကို ကာလသတ်မှတ် ဖွဲ့စည်းခွင့် ရှိခြင်း၊ အခန်း (၅) အုပ်ချုပ်ရေးမှာ အပိုဒ် (၁-ဃ) လူမျိုးစုရေးရာဝန်ကြီး သို့မဟုတ် ပြည်နယ်ရေးရာ ဝန်ကြီးမထားခြင်း၊ အပိုဒ်(၂၁-င၊ စ) ပြည်နယ်ဝန်ကြီးချုပ်ကို (ပြည်နယ်အမတ်များထဲမှ) သမ္မတက ရွေးချယ်ခန့်အပ်ခြင်း၊ အပိုဒ် (၂၂-ဌ) ပြည်နယ်ဝန်ကြီးချုပ်ဟာ သမ္မတကို တာဝန်ခံရခြင်း၊ ပြည်နယ် ဝန်ကြီးများဟာ ပြည်နယ် ဝန်ကြီးချုပ်မှ တဆင့် သမ္မတကို တာဝန်ခံရခြင်း၊ အပိုဒ် (၂၆) (၃၄-ဍ) ထွေအုပ်ဦးစီးမှူးဟာ ပြည်နယ် အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဦးစီးအဖွဲ့ အတွင်းရေးမှူးဖြစ်ခြင်း၊ အခန်း (၈) နိုင်ငံသား များ၏ မူလ အခွင့်အရေးများမှာ အပိုဒ် (၂၃) ကြိုတင် စည်းကမ်းသတ်မှတ်ချက်ဖြင့်သာ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်း ဆောင်ရွက်ခွင့်ရှိခြင်း၊ ပြည်နယ် ဥပဒေပြုအာဏာပိုင်းမှာလည်း အရေးမပါတဲ့ အာဏာ များသာရှိခြင်း။
တကယ်တော့ ဒီမူတွေအားလုံးကို ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးက တခဲနက် ပယ်ချ လိုက်ပြီး ဖြစ်ပါတယ်။ လူထုဆန္ဒကို ပေးခဲ့ပြီးဖြစ်ပါတယ်။ ၁၉၈၈ တုန်းက မောင်နေဝင်းရဲ့ ပါတီစုံ ကြိုက်သလား၊ တပါတီ ကြိုက်သလား၊ လူထုဆန္ဒခံယူပွဲ လုပ်မယ်ဆိုတာကို (၈) လေးလုံးအရေးတော်ပုံကြီး က ပယ်ချလိုက်သလိုပါပဲ။ ဒီတော့ ဆန္ဒပေါ်လွင်ပြီးသား ဖြစ်နေတာကို ဆန္ဒခံယူပွဲလုပ်မယ် ဆိုကတည်းက မရိုးမသားကလိမ်ကကျစ်လုပ်ဖို့ သက်သက်ပဲဖြစ်ပါတယ်။ မဲလိမ် မဲခိုးမှာ လုံးဝသေချာနေပါတယ်။
ကျနော်တို့တာဝန်က ပြည်သူလူထုက ကန့်ကွက်မဲပေးအောင် စည်းရုံးပညာပေးလှုံ့ဆော်ဖို့ မလိုပါဘူး။ ပြည်သူလူထုဟာ ညောင်နှစ်ပင် အခြေခံဥပဒေ အူဘယ်နှခွေရှိတယ်ဆိုတာ နောကျေနေပါပြီ။ ဒါကြောင့် နအဖ မဲလိမ်မဲခိုးတာကိုပဲ ဆန့်ကျင်တိုက်ပွဲဝင်ဖို့၊ ဖော်ထုတ်ဖွင့်ချပစ်ဖို့ လိုပါတယ်။ ဆန္ဒခံယူပွဲ အောင်နိုင်ရေး ကော်မတီတွေ ဖွဲ့စည်းမယ်ဆိုရင် အနှစ်သာရအားဖြင့် မဲခိုး မဲလိမ် ဆန့်ကျင် တိုက်ဖျက်ရေးကော်မတီတွေ ဖြစ်စေရပါမယ်။ ပြည်သူလူထုကြီးရဲ့ဆန္ဒက ညောင်နှစ်ပင် အခြေခံဥပဒေကို လုံးဝလက်မခံဘူး။
“ရွှေရည်စိမ်ဒီမိုကရေစီ” ကို မလိုချင်ဘူးဆိုတာ အင်မတန်သေချာနေပါတယ်။ ၉ဝ ရွေးကောက်ပွဲ တုန်းက လိုပဲ တကယ်တမ်း ဒီမိုကရေစီကျ လွတ်လပ်တရားမျှတတဲ့ ဆန္ဒခံယူပွဲဆိုရင် ကန့်ကွက်မဲက သေချာပေါက် အပြတ်အသတ်များ ရပါလိမ့်မယ်။ ဒါကြောင့် ညောင်နှစ်ပင် အခြေခံဥပဒေ ထောက်ခံမဲက ကန့်ကွက်မဲထက် ပိုများနေမယ်ဆိုရင်တော့ မဲလိမ် မဲခိုးတာ လုံးဝ ရာနှုန်းပြည့် သေချာပါတယ်။ ဒါ့ကြောင့် ဒီလို မဲ မသမာတာ ကို လူထုအင်အားနဲ့ ဆန့်ကျင် တိုက်ခိုက်ဖို့ဘဲ ဦးတည်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ မဲခိုးမှုဖြစ်လာရင် (ခိုးဖို့ကလည်း လုံးဝသေချာပါ့) လူထုအားလုံးဟာ ဖိလိပိုင်၊ ယူကရိန်း၊ ဆားဘီးယား၊ ဂျော်ဂျီယာ နိုင်ငံတွေမှာ လုပ်ခဲ့သလို တခဲနက် အုံကြွကြ ဖို့ပဲဖြစ်ပါတယ်။
နောက်တခု သတိထားဖို့က နအဖဟာ ၁၉၉ဝ ကတည်းက သူတို့ရှုံးလို့ အာဏာ လွှဲမပေးခဲ့တာ ဖြစ်တော့ ဒီတခါလည်း အတိုက်အခံဘက်က နိုင်တာကိုခံမှာမဟုတ်ပါဘူး။ ညောင်နှစ်ပင်ဥပဒေ ပယ်ချခံရလည်း (၉ဝ) ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို အာဏာလွှဲပေးမှာ မဟုတ်ပါဘူး။
နောက်ထပ် ညောင်နှစ်ပင် မျက်လှည့်ပွဲ အပိုင်း (၂) ထပ်လုပ်ပြီး ဇာတ်မျောကြီး ဆက်ကအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အကယ်၍များ ကံကောင်းထောက်မပြီး တရားမျှတ လွတ်လပ်တဲ့ ဆန္ဒခံ ယူပွဲဖြစ်သွားလို့ ပြည်သူ လူထုဘက်က နိုင်သွားရင်တော့ (၉ဝ) ပြည့်နှစ်နိုင်တုံးကလို၊ ဖုတ်သွင်း ရထားဆိုက်မှာကို ကိုယ့်အိမ်ထဲကနေ မိန့်မိန့်ကြီးထိုင်စောင့်နေလို့မဖြစ်ပါဘူး။ လူနာအမဲခြောက် ဖုတ်တောင်းသလို တကျီကျီ တောင်းနေလို့လည်း မကိုက်ပါဘူး။ ကိုယ့်ရဲ့အောင်သီးအောင်နှံကို ကိုယ့်လက်ထဲ ပိုင်ပိုင်ရောက်အောင် လူထုအားနဲ့ တိုက်ပွဲဆင်ရယူရမှာ ဖြစ်ပါတယ်။ မဲထည့်ပြီး ပြီးရောလုပ်လို့ မဖြစ်ပါဘူး။ ကျနော်တို့ဟာ နအဖထက် ရှေ့ကို နှစ်ကွက် သုံးကွက်လောက်ကြိုမြင်ထားဖို့ လိုပါတယ်။ အိမ်ထဲက မထွက်ဘဲ ဆန္ဒခံယူပွဲကို လုံးဝသပိတ်မှောက်ဖို့ ဒါမှမဟုတ် ညောင်နှစ်ပင် အခြေခံဥပဒေကို ကန့်ကွက်မဲ ပေးပယ်ချဖို့ထက် လူထုအင်အားစုဝေးခွင့်နဲ့ လူထုတိုက်ပွဲဆင်နိုင်တဲ့ အကြောင်း ပြစရာ အချက်အလက် အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်အသုံးချဖို့က ပိုအရေးကြီးပါတယ်။
Read More...
Collapse...
ဂါမဏိ
၂ဝဝ၁ ခုနှစ်ဖေဖော်ဝါရီလမှာ နအဖဟာ ဝ အဖွဲ့က အက်စ်အက်စ်အေ (တောင်ပိုင်း) အဖွဲ့ကို တိုက်ပြီး ထိုင်း နယ်စပ်ဘက် နယ်မြေလုတာကို အကူအညီပေးတဲ့အနေနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေးဆင်နွှဲခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း ဖေဖော်ဝါရီ (၉)ရက် ညနေပိုင်းမှာတော့ နအဖတပ်တွေက ထိုင်းနိုင်ငံအတွင်း နယ်စပ်မျဉ်းကနေ (၁)ကီလိုမီတာအကွာမှာရှိတဲ့ မဲဖာလွမ် ခရိုင် ဘန်ပန်နွန်းရွာအနီး တောင်ကုန်းပေါ်က ထိုင်းနယ်ခြားစခန်း အမှတ် (၉၆၃၁) ကို စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ ဒီစခန်းဟာ ကီလိုမီတာ (၄ဝ) အကွာမှာရှိတဲ့ တာချီလိတ် တဖက်ကမ်း မယ်ဆိုင်နဲ့ ချင်းရိုင်လမ်းကြောင်းကို စိုးမိုးထားပြီး အမြဲတမ်းတပ် မဟုတ်တဲ့ ထိုင်း ရိန်းဂျားတပ် အင်အား(၂ဝ) က စခန်းထိုင်ထားပါတယ်။ ဒါကို နအဖတပ်အင်အား (၉ဝဝ) ကျော်နဲ့ ဝ တပ်ဖွဲ့ အင်အား (၆ဝဝ) ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်တဲ့အ ကြောင်းကတော့ လွယ်ကောဝမ် ရှမ်းသူပုန်စခန်းကို တိုက်ဖို့ သို့မဟုတ် လက်နက်ကြီးနဲ့ ပစ်ဖို့ ပစ်ကွင်းကောင်းမယ့် ခြေကုတ် ရချင်တဲ့အတွက်နဲ့ ထိုင်းနိုင်ငံထဲ မူးယစ်ဆေးတွေ ခိုးသွင်းနိုင်အောင် လမ်းကြောင်းပေါ် ပိတ်နေတဲ့ ထိုင်းတပ်တွေကို ဖယ်ရှား ချင်တဲ့အတွက် ဖြစ်ပါတယ်။
တိုက်တဲ့အချိန်ဟာ သောကြာနေ့ ညနေပိုင်းဖြစ်တော့ ထိုင်းရိန်းဂျားစစ်သားတွေ အတော်များများ အိမ်ခဏ ပြန်သွားချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ရှိနေတဲ့ရိန်းဂျားတွေဟာ ဗမာတွေချဉ်းကပ်လာ တာကို အချိန်မိသိခဲ့ပြီး အပြင်းအထန် ခုခံခဲ့ပါတယ်။ ဒါကြောင့် အင်အား အဆမတန် သာလွန်တဲ့ ဗမာနဲ့ “ဝ” တပ်တွေဟာ တိုက်ပွဲချိန် လေးနာရီကြာတာတောင် စခန်းမသိမ်းနိုင်ခဲ့ပါဘူး။
လေးနာရီအတွင်း ဗမာတပ် (၂ဝဝ) လောက်ထဲမှာ (၁၄) ယောက်ကျခဲ့ပြီး (၃ဝ)လောက် ဒဏ် ရာ ရသွားပါတယ်။
ထိုင်းရိန်းဂျားတွေဘက်ကတော့ (၂)ယောက်ကျပြီး (၁၁)ယောက် ဒဏ်ရာ ရခဲ့ပါတယ်။ ထိုင်းတွေဟာ ကျည်ကုန်ခါနီးပြီဖြစ်လို့ ဒဏ်ရာသမားအားလုံးကို အပါခေါ်ပြီး ဆုတ်လိုက်တဲ့အတွက် စခန်း အမှတ် (၉၆၃၁) ဟာ နအဖတပ်တွေလက်ထဲ ကျသွားပါတယ်။
နအဖ ဟာ သိမ်းပိုက်ရထားတဲ့ စခန်းနဲ့ ဖမ်းမိထားတဲ့ရိန်းဂျားတွေကို အသုံးချ ထောင်ချောက် ဆင်ပြီး ရောက်လာမယ့် ထိုင်းစစ်ကူတွေကို သတ်ကွင်းဆင်ချေမှုန်းဖို့ မူလတုန်းက ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် ရိန်းဂျားတွေက အပြင်းအထန်ခုခံလို့ သူတို့အကြံ ပျက်သွားတဲ့အတွက် သတ်ကွင်းဆင်စောင့်ဖို့ ထားတဲ့ အရံတပ်တွေကို တိုက်ပွဲထဲဆွဲ သွင်းခဲ့ရပါတယ်။
ဖေဖော်ဝါရီ (၁ဝ)ရက်နေ့မှာ ထိုင်းသံချပ်ကာတပ်မ (၁) လက်အောက်ခံ အမှတ် (၃) မြင်းစီး တပ်ရင်းက ဘရင်းကယ်ရီယာတရင်း၊ ခြေလျင်တပ်ခွဲတခွဲ၊ အမ်-၆ဝ တင့်ကားတခွဲ ပေါင်းစုပြီး စစ်ကူလာပါတယ်။ ညနေပိုင်းမှာ မယ်ဆိုင်အနီးရောက်လာပြီးတော့ ဆုတ်သွားတဲ့ရိန်းဂျားတွေနောက် လိုက်တိုက်နေတဲ့ ဗမာ တပ်တွေကို ဝင်တိုက်ပါတယ်။ မြင်းစီးတပ်ရင်းက ဒလကြမ်း တိုက်တဲ့အတွက် နအဖ တပ်တွေဟာ နယ်စပ်မျဉ်းကျော်အောင် ပြန်ဆုတ်သွားပါတယ်။ နအဖ ဘက်က (၁၇)လောင်း ကျန်ခဲ့ပြီး ဒဏ်ရာသမား (၆ဝ)ကို ထိုင်းက သုံ့ပန်းရလိုက်ပါတယ်။ ဝ အများစု ဖြစ်ပါတယ်။ ထိုင်းဘက်ကတော့ ကျဆုံးသူမရှိဘဲ (၇)ယောက်ဘဲ ဒဏ်ရာရပါတယ်။
(၁၁) ရက်နေ့မနက်မှာတော့ နအဖ တပ်ရင်း(၃) ရင်းဟာ တရုတ်လုပ် တီ-၆၉ တင့်ကားတွေ၊ အမြောက်ကြီးတွေနဲ့ မယ်ဆိုင်ကို တိုက်ပါတယ်။ ထိုင်းတွေက နအဖ ပင်မ စစ်ကြောင်းက တီ-၆၉ တွေကို အမ်-၆ဝ တွေနဲ့ ရင်ဆိုင်ပါတယ်။ နောက်ပိုင်းမှာ ချင်းမိုင်လေတပ်စခန်းက တက်လာတဲ့ ထိုင်းလေတပ် အက်ဖ်-၅ တိုက်လေယဉ်တွေက လေဆာပဲ့ထိန်း ဗုံးတွေနဲ့ချပါတယ်။ ထိုင်းဘက်က အမ်-၁ဝ၉ ၁၅၅မမ အော်တိုပစ် ဟောင်ဝစ်ဇာအမြောက်တွေ၊ အစွမ်းထက်လှတဲ့ ဂျီစီအန်-၅၅ ဂြိုဟ်တုသုံး လက်နက်ကြီး ပစ်မှတ် ရှာစက်တွေပါ စစ်ကူရောက်လာတော့ နအဖ စစ်ကြောင်းတွေ ကျဆုံး ဒဏ်ရာ သုံ့ပန်းဖမ်းခံရ တာတွေများပြီး ဆက်မတက်နိုင်တော့ပါဘူး။
ထိုင်းအမှတ် (၃) တပ်မတော်တခုလုံးက အင်အားစုစည်းစစ်ပြင်ပြီး မယ်ဆိုင်ဘက် စစ်ကူပို့ ပေးသလို ထိုင်းလေတပ်ကလည်း ဗမာတပ်တွေနဲ့ ထောက်ပံ့ရေးစစ်ကြောင်းတွေကို ထပ်ခါ ထပ်ခါ အပြင်းအထန် တိုက်ပါတယ်။ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာတော့ ထိုင်းတပ်တွေဟာ အက်စ်အက်စ်အေ(တောင်ပိုင်း) ရှမ်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးတွဲပြီးတော့ ဗမာတပ်တွေကို ထိုင်းမြေထဲက အပြီးသတ်တိုက်ထုတ်၊ နယ်ခြားစခန်းအမှတ် (၉၆၃၁) ကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။
တာချီလိတ်အနောက်ဘက် နှစ်မိုင်အကွာက တောင်ကုန်းတခုမှာလည်း ထိုင်းနဲ့ ဗမာတပ်တွေ တိုက်ကြပါတယ်။ ထောက်ပံ့ရေး တာဝန်ယူနေတဲ့ ထိုင်းလေတပ် ရဟတ်ယဉ် ယူအိတ်ခ်ျ-၁ အိတ်ခ်ျတစီးကို ဗမာဘက်ကပစ်လို့ ထိခိုက်ခဲ့ပြီး မြေပြင်ကို အရေးပေါ် ဆင်းခဲ့ရပါတယ်။ လေတပ်သားတွေတော့ အထိအခိုက်မရှိပါ။
ည (၇) နာရီခွဲမှာတော့ နှစ်ဘက် အပစ်ရပ်သဘောတူညီချက် ရခဲ့ပါတယ်။ ဒါပေမယ့် နအဖ က နောက်ထပ် တပ်အင်အား (၂ဝဝဝ) ကို လက်နက်ကြီးတွေနဲ့အတူ ကျိုင်းတုံကနေ တာချီလိတ် ပို့ခဲ့ပြီး လက်နက်ကြီးတွေ အပြန်အလှန်ပစ်ကြတာနဲ့ ထိုင်းစစ်လေယာဉ်တွေ စစ်ဆင်တာတွေ ကြိုကြား ကြိုကြားဆက်ဖြစ်ခဲ့ပါတယ်။ ချင်းမိုင်အခြေစိုက် ထိုင်းလေတပ်စခန်းဌာနချုပ်ဟာ ထိုင်းလေကြောင်း စစ်ဆင်ရေးအားလုံးကို ဒီတိုက်ပွဲစဉ်အတွင်း ဦးစီးခဲ့ပါတယ်။ အင်မတန်လည်း အောင်မြင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ (၁ဝ) ရက်နဲ့ (၁၂)ရက်ကြားမှာ ထိုင်းတိုက်လေယာဉ်တွေ အကြိမ်(၇ဝ) စစ်ထွက် ခဲ့ပါတယ်။ တာချီလိတ်ဂေါက်ကွင်းမှာချထားတဲ့ နအဖအမြောက်တပ်ကို ထိုင်းလေတပ် အက်ဖ် -၅ (၄)စီးက လေဆာ ပဲ့ထိန်းဗုံးတွေနဲ့ တိုက်ခဲ့တယ်။ တစီးက အစ္စရေးနည်းပညာနဲ့ လေဆာ လမ်းညွှန်ပေးပြီး ကျန်တဲ့သုံးစီးက ဗုံးကြဲတာဖြစ်တယ်။ နအဖလေယာဉ်ပစ် အမြောက်က နည်းနည်းပါးပါးပဲ ပြန်ပစ်နိုင်ပြီး ထိုင်းလေယာဉ် တွေကိုလည်း မထိခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုအတွင်း ဗမာစစ်သား အနည်းဆုံး (၁) ဒါဇင်လောက်ကျပြီး အနည်းဆုံး အရပ်သား (၅) ယောက်သေ (၁၀) ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့သိရတယ်။
ဗမာလေတပ်ကတော့ ဒီစစ်ပွဲအတွင်း အမြီးတောင်မတွေ့ရပါဘူး။ အဲဒီတုန်းက နအဖဆီမှာ အမ်အိုင်ဂျီ-၂၁ ကို တုထားတဲ့ တရုတ်လုပ် အက်ဖ်-၇ တိုက်လေယာဉ်အုပ်တအုပ် စစ်ဆင်ရေးမှာ ပါခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ပါတယ်။ တကယ်တော့ တပ်မတော်(လေ)မှာရှိတဲ့ အက်ဖ်-၇ လေယာဉ်အုပ် သုံးအုပ်စလုံး အစင်း (၃ဝ)ကျော်ကို နအဖ က တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ ဒီ အက်ဖ်-၇ တွေကို အစ္စရေးနည်းပညာနဲ့ အဆင့်မြှင့်ထား ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီထဲက (၆) စင်းပဲ ပျံလို့ရပြီး ကျိုင်းတုံကွင်းကို ရောက်လာပါတယ်။
တာချီလိတ်/မယ်ဆိုင်ဟာ ကျိုင်းတုံတောင်ဘက် ကီလိုမီတာ (၁၅ဝ) လောက်ဝေးပြီး အက်ဖ်-၇ မှာ လက်နက်ခဲယမ်း အပြည့် တပ်ဆင်လိုက်ရင် ပျံနိုင်တဲ့ခရီးတာရဲ့ နယ်ကုန်ဖြစ်နေပါတယ်။ ထိုင်းလေတပ်က အက်ဖ်-၅ တွေ ဗမာပြည်ထဲက ပစ်မှတ်တွေကို တိုက်တဲ့အခါ ဒီဗမာလေတပ် အက်ဖ်-၇ တွေ တစီးမှ ပေါ်မလာပါဘူး။ နအဖ လေတပ်မှာ ကျန်တဲ့တခြားလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကလည်း အဆင့်နိမ့်ပြီး တဝက်လောက်ဘဲ ပျံသန်းတိုက်ပွဲဝင်နိုင်တဲ့ အခြေ အနေရှိပါတယ်။ အမ်အိုင်ဂျီ-၁၉ ကို လိုက်တုထားတဲ့ တရုတ်လုပ် အေ-၅ အမ် တွေကတော့ အက်ဖ်-၇ ထက်တောင် စွမ်းဆောင်ရည်ပိုညံ့ပါတယ်။ အခြေခံ အားဖြင့် ပြောရရင် နအဖမှာ အဲဒီတုန်းက လောက်လောက်လားလားလေတပ် မရှိပါဘူး။
ဗမာလေကြောင်းကာကွယ်ရေးကလည်း ထိုင်းတိုက်လေယာဉ်တွေ လုပ်ချင်သလိုလုပ်နေတာကို တားဆီး နိုင်စွမ်း မရှိခဲ့ပါဘူး။ ၁၉၉၈ ခုတုန်းက ဘူလ်ဂေးရီးယားကဝယ်ထားတဲ့ အက်စ်အေ-၁၆ ဂျင်းမ်လက်/ အစ်ဂလာ အိုင်အီး ပခုံးထမ်း လေယာဉ်ပစ်ဒုံးကျည် အလက် (၁ဝဝ)ကျော် ရှိနေပေမယ့် အခုစစ်ပွဲမှာ မသုံးခဲ့ပါဘူး။
နှစ်ဖက်စလုံးက တပ်ကူတွေ ထပ်အားဖြည့်ကြပေမယ့် မယ်ဆိုင်တိုက်ပွဲဟာ နောက်ဆုံးမှာ စေ့စပ် ဆွေးနွေးပြီး ဖြေရှင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အခြေအနေကတော့ ဆက်လက်တင်းမာနေခဲ့ပြီး မေ (၁ဝ)ရက်မှာ ရှမ်းပြည် ကျောက်ခက်ဒေသကို ဒီအက်ဖ်-၁၆ တွေက တိုက်ခိုက်ခဲ့သေးတယ်။ နအဖက သင့်တော်သလို လက်တုံ့ပြန်မယ်လို့ ကန့်ကွက်ခြိမ်းခြောက်ခဲ့ပေမယ့် ဘာစစ်ရေး (လေ ကြောင်းအပါအဝင်) မှ မလှုပ်ရှား နိုင်ခဲ့ပါဘူး။ ထိုင်း ဘက်ကလဲ နောက်ထပ် လေ ကြောင်းတိုက်ခိုက်မှုတွေ မလုပ်တော့ဘဲ စေ့စပ်ဆွေးနွေးမှု တွေ ဆက်လုပ်ခဲ့ကြပါတယ်။ ဒီ့ နောက် သက်ဆင်အစိုးရ တက်လာတော့ တင်းမာမှုတွေ လျော့ပါးအောင် လုပ်ခဲ့ပါတယ်။
ထိုင်းဘက်ကသတင်းအရ ထိုင်းရိန်းဂျား တပ်တွေကြောင့်တင် ဗမာစစ်သား (၈ဝ)အထိ ကျခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲစဉ်တခုလုံးမှာ ထိုင်းဘက်က တယောက်ကျပြီး (၃၇) ယောက် ဒဏ်ရာရခဲ့ပါတယ်။ ထိုင်းရွာသား (၃) ယောက်လည်း သေပြီး (၇)ယောက် ဒဏ်ရာရခဲ့တယ်။ မယ်ဆိုင်မြို့က အမျိုးသမီး (၂) ဦးလည်း ဗမာအမြောက်တွေ လက်ချက်ကြောင့်သေသွားတယ်လို့ ထိုင်းဘက်က တရားဝင်ထုတ်ပြန် ပါတယ်။ ထိုင်းဘက်က မြေပြင်တိုက်ပွဲဦးစီးခဲ့တဲ့ အမှတ် (၃) မြင်းစီးတပ်ရင်းက ဗိုလ်ကြီးဆွန်ခန်နီလ်ဖန် အပြောအရ ဗမာစစ်သား (၁ဝဝ)နီးပါး ကျခဲ့ တယ်လို့ဆိုပါတယ်။ နယ်ခြားစခန်း အမှတ် (၉၆၃၁) ကို ပြန်သိမ်းရချိန်မှာတော့ နအဖစစ်သား (၃) လောင်းပဲ တွေ့ခဲ့ရပါတယ်။ ကျန်တဲ့ အလောင်းတွေကိုတော့ ဗမာပြည်ဘက် ပြန်ဆွဲ သွားတယ်လို့ ယူဆရပါတယ်။
(အခုပြုတ်သွားပြီဖြစ်တဲ့) နအဖ ထောက်လှမ်းရေး အရာရှိကြီး ဗိုလ်မှူးကြီးကျော်သိန်းကတော့ နအဖ တပ်ဘက်က (၁၂) ယောက်ကျပြီး (၁၅)ယောက် ဒဏ် ရာရတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အဲဒါတွေက ထိုင်းတပ်နဲ့တိုက်လို့ထိတာ မဟုတ်ဘဲ ရှမ်းသူပုန်တွေနဲ့ တိုက်ရင်းထိတာလို့ ဆိုပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီတိုက်ပွဲအရှိန်ကြောင့် သွေးပျက်သွားတဲ့ နအဖတပ်ဟာ ၂ဝဝ၂ ခု ဇွန်လမှာ ထိုင်းတပ်တွေနဲ့ စစ်ထပ်ဖြစ်တဲ့အခါ နအဖတပ်ရင်း တရင်းဟာ လုံးဝမတိုက်ဘဲ ထွက်ပြေးတဲ့ အတွက် တရင်းလုံးကို သေဒဏ်ပေးလိုက်ကြောင်း အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ဒီစစ်ပွဲရဲ့ရလဒ်အဖြစ် နအဖဟာ ၂ဝဝ၁ ဇွန်လမှာ ရုရှနိုင်ငံက ဒေါ်လာသန်း (၁၃ဝ)ဖိုး အမ်အိုင် ဂျီ-၂၉ (၁ဝ)စီး အော်ဒါမှာခဲ့ပါတယ် (တန်ဖိုး ၃ဝ ရာခိုင်နှုန်းကို လက်ငင်းငွေချေပြီး ကျန်တာကို ဆယ်နှစ် အတွင်း အပြီးချေရမှာဖြစ်ပါတယ်)။ ဗမာလေတပ်အတွက်ဝယ်တဲ့ အမ်အိုင်ဂျီ-၂၉ တွေဟာ ၁၉၈ဝ ခုနှစ်များ နှောင်းပိုင်းက တည်ဆောက်ခဲ့တာဖြစ်ပြီး မူလတုန်းက အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေအတွက် ထုတ်လုပ်ခဲ့တဲ့ အစီး (၇ဝ) ထဲကဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကို မရောင်း ဖြစ်လို့ ရုရှနိုင်ငံ လူခိုဗစ်စီစက်ရုံမှာပဲ ဂိုဒေါင်ထဲ အောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဗမာလေတပ်ရဲ့ အစဉ်အလာတွေ လည်ပတ်ပုံတွေအရကြည့်ရင် ဒီအမ်အိုင်ဂျီ-၂၉ တွေဟာ ထိုင်းလေတပ်ရဲ့ သာလွန်မှုကို ဘယ်လောက် ချေဖျက်နိုင်မယ် ဆိုတာလည်း မရေရာလှပါဘူး။
၂ဝဝ၂ ခုနှစ်စပိုင်းမှာ ဗမာလေတပ်က လေယာဉ်မှူးတွေ အစုလိုက်အပြုံလိုက် တပ်ကထွက်ကြတဲ့ သတင်းတွေ ကြားခဲ့ရပါတယ်။ အဓိကအကြောင်းရင်းကတော့ တရုတ်နိုင်ငံကပေးတဲ့ လေယာဉ်တွေ (အက်ဖ်-၇ နဲ့ အေ-၅ တွေ)၊ စက်ပစ္စည်းကိရိယာတွေ အရည်အသွေးညံ့ဖျင်းလှတာ ကြောင့် လေယာဉ်တွေ အများစုဟာ မပျံနိုင်ဖြစ်ပြီး တချိန်လုံး လေယာဉ်ရုံထဲက မထွက်နိုင် ဖြစ်နေလို့ စိတ်ဓာတ်ကျပြီး တပ်ထွက် ကုန်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာ့လေတပ်စခန်းတွေမှာ ဒီလေယာဉ်တွေ ထိန်းသိမ်းပြုပြင်ရေးအတွက် တွဲဖက်ပေးထားတဲ့ တရုတ်ပညာရှင်တွေ နည်းပြ ဆရာတွေကလည်း မောက်မာလှပြီး ဆက်ဆံရေး ရိုင်းပြတာကလည်း မကျေနပ်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဗမာလေယာဉ်မှူးတချို့ကဆိုရင် တရုတ်တွေဟာ သင်ကြားပြသကူညီပေးဖို့ထက် ဗမာလေတပ်ကို သူလျှိုလုပ်ထောက်လှမ်းဖို့ အဓိကထားတယ်လို့တောင် စွပ်စွဲကြပါတယ်။
ဒါ့အပြင် အခုလိုလေတပ်အရာရှိတွေ တပ်ထွက်ကြတဲ့ နောက်အကြောင်းတခုက အမ်အိုင်ဂျီ-၂၉ တွေ ဝယ်တာကို မကျေနပ်တာလည်း ပါပါတယ်။ တပ်မတော်(လေ)က ထိပ်တန်းအရာရှိ အများစုဟာ ရုရှနိုင်ငံက အမ်အိုင်ဂျီ-၂၉ တွေဝယ်တာကို ဆန့်ကျင်ကြပါတယ်။ သူတို့က ပို အဆင့်မြင့်တဲ့ ပြင်သစ်လုပ် မီးရတ်ဂ်ျ ၂ဝဝဝ သို့မဟုတ် ကမ္ဘာ့နံပတ်(၁) တိုက်လေယာဉ်ဖြစ်တဲ့ ရုရှလုပ် အက်စ်ယူ-၂၇ တွေကို လိုချင်ကြပါတယ်။ ဒီကိစ္စကြောင့် မိတ္ထီလာလေတပ်စခန်း ဌာန ချုပ်မှူးနဲ့ အထက်က နအဖထိပ်သီးတွေ အပြင်းအထန် စကားများခဲ့ပါတယ်။
မိတ္ထီလာလေတပ်မှူးအမြင်မှာ ဒီအမ်အိုင်ဂျီ-၂၉ တွေဟာ သူ့စွမ်းဆောင်ရည်နဲ့ မကာမိလောက်အောင် ဈေးကြီး လွန်းတယ် (ဝါ) မတန်ဘူး၊ အီရတ်နိုင်ငံအတွက် ရည်ရွယ် ထုတ်လုပ်ခဲ့တာဖြစ်လို့ ဂိုဒေါင်ထဲ (၁ဝ)နှစ်လောက် လေ နေခဲ့ပြီးပြီ၊ တိုက်ဆွေးဖြစ်နေပြီ၊ ထိုင်းလေတပ် အက်ဖ် -၁၆ တွေကို မယှဉ်နိုင်ဘူးလို့ တင်ပြခဲ့ပါတယ်။ အခုလို အကြံဉာဏ်ကောင်းတွေ ပေးတဲ့အတွက် နအဖဟာ မိတ္ထီလာလေတပ်စခန်းမှူးကို ရာထူးဖြုတ်၊ အဆင့်ချပြီး မြစ်ကြီးနားလေတပ်စခန်းကို ပြောင်းပစ်ခဲ့ပါတယ်။ အဲဒီအခါမှာ တပ်မှူးကလည်း တပ်က ထွက်ပစ်လိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နအဖက သူ့ကိုပြန်ချော့တဲ့ အနေနဲ့ ဦးပိုင် လီမိတက်မှာ မြက်မြက်ကလေးစားရတဲ့ ရာထူးနေရာတခု ပေးခဲ့ပါတယ်။
ယေဘုယျပြောရရင် ဗမာ့လေတပ်မှာ လေယာဉ် အလွန်ဆုံး (၁ဝ)ရာခိုင်နှုန်းက (၂ဝ) ရာခိုင် နှုန်းပဲ “ပျံသန်းနိုင်” တဲ့ အဆင့်ရှိပါတယ်။ ဒါဟာ တိုက်ပွဲဝင်နိုင်တဲ့အဆင့်ကို ပြောတာမဟုတ်ဘဲ ပျံရုံပျံနိုင်တာကို ပြောတာဖြစ်ပါတယ်။ အသစ်ရောက်လာတဲ့ အမ်အိုင်ဂျီ-၂၉ တွေဟာ အရင် ဗမာ့တိုက်လေယာဉ်တွေ ထက်တော့ အဆင့်မြင့်ပေမယ့် မြေပြင်အထောက်အကူကို အကြီး အကျယ်အားထားရပါတယ်။ မြေပြင် ထိန်းသိမ်းကြံ့ခိုင်မှု မကောင်းရင် ထိထိရောက်ရောက် တိုက်ပွဲဝင်နိုင်မှာ မဟုတ်ပါဘူး။ ဗမာ နအဖနဲ့ ဗမာစစ်တပ်ရဲ့ ထုံးတမ်းစဉ်လာ ညံ့ဖျင်း လဘော်ကျမှုဟာ ဘယ်လောက်ကောင်းတဲ့ ပစ္စည်းဖြစ်ပစေ သုံးမရအောင် ဖြစ်သွားစေမှာပဲ ဖြစ်ပါတယ်။
စစ်တပ်အလုပ် စစ်တပ်မလုပ်တဲ့ စစ်လက်ဝါးကြီးအုပ် အခြေခံဥပဒေကို ဇွတ်အတင်းအတည်ပြု ချမှတ် လိုက်ရင်တော့ မြန်မာ့တပ်မတော်ဟာ နိုင်ငံတကာနဲ့ ပခုံးချင်းမယှဉ်နိုင်တော့တဲ့ ကျောက်ခေတ် စစ်တပ် ဘဝမှာပဲ ဂုဏ်သိက္ခာမဲ့မဲ့၊ ဝမ်းမဝ ခါးမလှနဲ့ စုတ်ပြတ်စွာ ဆက်လက် ကျောက်ချနေမှာ မြေကြီး လက်ခတ်မလွဲဖြစ်ပါတယ်။ ။
ကိုးကားအညွှန်း။ ။ www.acig.org
Read More...
Collapse...
၂ဝဝ၇ စက်တင်ဘာလ၌ မြန်မာပြည်သူတို့ နောက်တဖန်အုံကြွချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် တို့ ကြုံတောင့်ကြုံခဲ တွေ့မြင်လိုက်ရသည်။ သူမကို ရန်ကုန်မြို့တော်၏ အင်းယားကန်နဘေးမှ အကျယ် ချုပ်ကျခံနေရသော နေအိမ်ခြံတံခါးဝ၌ မတ်တပ်ရပ်လျက် တွေ့လိုက်ရခြင်းဖြစ်ပါသည်။ သူမကိုကြည့်ရ သည်မှာ ပိန်လှီလှသည်။ ပြည်သူလူထုများကား သူမနေအိမ်ဘေးမှ ဖြတ်သွားနိုင်ရုံလောက်၊ သူမ၏ စန္ဒယားလက်သံကို ကြားလိုက်ရ၍ စိတ်အေးသွားနိုင်ရုံလောက်အတွက် လမ်းပိတ်ဆို့တားဆီးစစ်ဆေးမှု များကို ရင်ဆိုင်ကျော်ဖြတ်ကြသည်။ သူမသည် ခြံပြင်မှ လူသံသူသံများကို အိပ်ရာထဲလှဲရင်း စောင့် နားထောင်နေတတ်သည်၊ မိမိ၏နှလုံးခုန်သံကိုလည်း အိပ်ရာထဲလှဲရင်း နားထောင်နေတတ်သည်ဟု ကျနော့်ကို ပြန်ပြောပြခဲ့ဖူးသည်။ “ကျမ နေမကောင်းဖြစ်ပြီးတဲ့နောက် ပက်လက်လှန်အိပ်ရင် အသက်ရှူ ရတာ ခက်လာတယ်” ဟု သူမကပြောဖူးသည်။
ထိုသို့ပြောခဲ့သည်မှာ လွန်ခဲ့သော ဆယ်နှစ်ကဖြစ်သည်။ ထိုစဉ်က သူမအိမ်ထဲ ခိုးဝင်ရသည်မှာ မြန်မာ့ယူဂျီ လောက၏ အစွမ်းကုန်ကျွမ်းကျင်ပိုင်နိုင်မှု လိုအပ်ခဲ့သည်။ ကျနော်နှင့် အဖော်ရုပ်ရှင်ရိုက်သမား ဒေးဗစ် မန်ရိုကို သူမ၏ လက်ထောက် ကိုဝင်းထိန်က ကြိုခဲ့သည်။ ကိုဝင်းထိန်မှာ အကျဉ်းထောင်တွင်း ခြောက်နှစ် ကျခံခဲ့ဖူးပြီး ငါးနှစ်ကို တဦးတည်းတိုက်ပိတ်ခံ ဖြတ်သန်းခဲ့ရသည်။ ထိုသို့ကြုံခဲ့ရသော်ငြား သူ၏မျက်နှာမှာ ကြည်လင်နေပြီး လက်ဆွဲနှုတ်ဆက်ရာ၌လည်း နွေးထွေးနေသည်။ သူက ကျနော်တို့ကို အိမ်ထဲခေါ်သွား သည်။ တချိန်က ခန့်ညားထယ်ဝါခဲ့သောအိမ်ကြီးမှာ ယခု အခြေအနေမကောင်းတော့သည့် ခေတ်ကာလ ကို ပြနေသည်။ ခြံဝင်းအတွင်း အုန်းပင်များ ဖရိုဖရဲပေါက်ရောက်နေသည်မှာ အင်းယားကန်ရေစပ်အထိ၊ သံဆူးကြိုးတန်းအထိ ဖြစ်သည်။ ဤသံဆူးကြိုးက ဤအိမ်သည် ၁၉၉ဝ ခုတွင် ရွေးကောက်ပွဲကို တခဲနက် အနိုင်ရခဲ့သည့် အမျိုးသမီးကြီး၏ အကျဉ်းထောင်ဖြစ်ကြောင်း သတိရစေသည်။ ၁၉၉ဝ ခု၏ ဒီမိုကရေစီ ဇာတ်ဝင်ခန်းမှာ ကို့ယို့ကားယားယူနီဖောင်းများဝတ်ထားသည့် ဗိုလ်ချုပ်များမှ ပြည်ဖုံးကားချပစ်ခြင်းကို ခံခဲ့ ရလေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပိုးထမီဝတ်ထားပြီး ဆံကေသာ၌ သစ်ခွပန်း ထိုးထားသည်။ သူမသည် ထူးခြား ထင်းလင်းစွာ ဆွဲဆောင်နိုင်စွမ်းရှိပြီး သူမ၏ တည်ကြည်ချိန်မျက်နှာက သူမ၏စွန့်လွှတ်စွန့်စားခရီး စဉ်ကို လျှောက်လှမ်းစေသောပိုင်းဖြတ်မှုကို ပြသနေသည်။
ကျနော်တို့က သူမ တခါမှမမှတ်မိသည့်ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရသော မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်သမား ဗိုလ်ချုပ်အောင်ဆန်း၏ နံရံပြည့်ရုပ်ပုံကြီး အရှိန်အဝါလွှမ်းမိုးနေသည့်အခန်းထဲ ထိုင်ခဲ့ ကြသည်။
“ကျနော် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ” ဟု ကျနော်ကစမေးလိုက်သည်။
“နာမည်ကို အစအဆုံးခေါ်ဖို့ခက်ရင် သူငယ်ချင်းတွေခေါ်သလို စု လို့ဘဲ ခေါ်ပေါ့၊”
“စစ်အစိုးရကတော့ အမြဲဘဲပြောနေတယ်ဗျာ၊ မစုရဲ့အခန်းကဏ္ဍ ပြီးသွားပြီတဲ့။ ဒါပေမဲ့ ကဲ... အခုဒီမှာ၊ ဘယ်လိုမှ မပြီးသေးဘူး။ အဲဒါ ဘယ်လိုလဲမစုရေ။”
“အဲဒါက ဘာလို့လဲဆိုတော့ ဗမာပြည်မှာ ဒီမိုကရေစီအခန်းက မပြီးသေးလို့ဘဲပေါ့၊... [လမ်းမတွေပေါ်က] လူတွေ၊ ဒီမိုကရေစီအတွက် ဆက်လုပ်နေကြတဲ့လူတွေ၊ ထောင်ထဲရောက်ဖူးတဲ့လူတွေ၊ ဒီလူတွေရဲ့သတ္တိ ကိုကြည့်။ အချိန်မရွေး ထောင်ထဲပြန်ရောက်ဖို့များတယ်ဆိုတာကို သိရက်နဲ့ သူတို့ လက်မလျှော့ကြဘူး ရှင့်။”
“ဒါပေမဲ့လဲ မစုရယ်၊ မစုတို့ကို ထိပ်တိုက်ဆိုင်ထားတဲ့ ဘီလူးသဘက်အာဏာဆီကနေ မစုတို့ မဲပုံးမှာ နိုင်ထားတဲ့အာဏာကို ဘယ်လိုလုပ်ပြန်ရနိုင်မလဲ။”
“ဗုဒ္ဓွဘာသာမှာ အောင်မြင်ထမြောက်ရာ အကြောင်းလေးပါးဆိုတာကို ကျမတို့ သင်ခဲ့ရတယ်။ ပထမ တချက်က အောင်ချင်တဲ့ဆန္ဒ၊ နောက်ပြီးတော့ မှန်ကန်တဲ့အမြင်၊ ဇွဲလုံ့လ၊ အဲဒီနောက် ဉာဏ်ပညာ ...”
“ဒါပေမဲ့ ဟိုဘက်မှာက သေနတ်တွေရှိတယ်လေ မစုရဲ့။”
“ဟုတ်တယ်၊ ဒါပေမဲ့ စစ်ရေးနည်းလမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာ တနေ့တခြား ပိုလို့ပိုလို့ ခက်ခဲ လာနေတယ်ရှင့်။ အခု အဲဒီနည်းကို လက်မခံကြတော့ဘူး။”
ကျနော်တို့က မြန်မာနိုင်ငံသို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ခရီးသွားကုမ္ပဏီများ လာရောက် ရန် ဆန္ဒပြင်းနေမှုနှင့် အနောက်နိုင်ငံများရှိ “မိတ်ဆွေများ”၏ ကြောင်သူတော်ကျမှု အကြောင်းများ ဆွေးနွေး ကြသည်။ “ဗြိတိန်နိုင်ငံကဲ့သို့ ဒီမိုကရေစီနိုင်ငံများနှင့် ကူးသန်းရောင်းဝယ် ဆက်ဆံမှုများမှတဆင့် မြန်မာ ပြည်သူတို့သည် ဒီမိုကရေစီအခြေခံမူများနှင့်ပတ်သက်၍ အတွေ့အကြုံ ရလာလိမ့်မည်” ဟုဆိုထားသော ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးရုံး သတင်း ထုတ်ပြန်ချက်ကို သူမအား ကျနော်ဖတ်ပြခဲ့သည်။
“နည်းနည်းလေးမှမဖြစ်နိုင်ဘူး” ဟု သူမကတုန့်ပြန်သည်။ “ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေက ရေပေါ်ဆီလက်တဆုပ်စာကိုဘဲ ပိုချမ်းသာသထက်ချမ်းသာစေတယ်။ တပြည်လုံးမှာ အဓမ္မလုပ်အားပေး တွေဖြစ်နေတယ်၊ အဲဒီစီမံကိန်းအတော်များများက ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအတွက် ရည်ရွယ်ထားပြီး ကလေးလုပ်အားနဲ့ လုပ်နေတာဘဲ။”
“ကျနော်နဲ့ စကားပြောခဲ့ဖူးတဲ့လူတွေကတော့ မစုကို သူတော်စင်တယောက်လို၊ တန်ခိုးရှင်လို ယူဆနေကြ တယ်ဗျ။”
“ကျမ သူတော်စင်တန်ခိုးရှင်မဟုတ်ပါဘူးရှင်၊ အဲဒါကို ကမ္ဘာကသိအောင်ပြောပြပေးပါ။”
“ဒါဖြင့် မစုရဲ့ မကောင်းမှုအရည်အချင်းတွေက ဘာတွေလဲ။”
“အဲ၊ ကျမကစိတ်တိုတတ်တယ်။”
“မစုစန္ဒယားက ဘာဖြစ်သွားတာလဲ။”
“ကြိုးပြတ်သွားတုံးကကို ပြောတာလား။ ဒီကရာသီဥတုမျိုးမှာ စန္ဒယားတွေက တဖြည်းဖြည်းပျက်စီးလာ တတ်တယ်လေ၊ တချို့ခလုတ်တွေကလဲ ကပ်လာတယ်။ ဒါနဲ့ ကျမက ခြေနင်းခလုတ်ကို ဆောင့်နင်းတော့ ကြိုးတချောင်းက ပြတ်သွားတယ်ပေါ့။”
“မစု လွတ်ထွက်သွားတယ်ပေါ့နော်၊... ပေါက်ကွဲသွားတယ်ပေါ့၊ ဟုတ်လား။”
“ဟုတ်ကဲ့။”
“ဟား၊ ဒါ တကယ့်ကိုစိတ်လှုပ်ရှားစရာမြင်ကွင်းဘဲဗျာ။ ဒီအိမ်ကြီးထဲမှာ မစုကတယောက်တည်း၊ ဒေါသ တအားထွက်လာတော့ စန္ဒယားကို ထုထည့်လိုက်တယ်ပေါ့။”
“ကျမပြောတယ်လေ၊ ကျမက စိတ်တိုတတ်တယ်လို့။”
“ကိုယ့်ကို ရန်ဘက်အင်အားစုက ဝိုင်းပိတ်ဆို့ထားတယ်၊ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်ဖြတ်ခံနေရတယ်၊ အဲသလိုအခြေအနေမှာ မစုအနေနဲ့ တကယ့်ကိုကြောက်လန့်တုန်လှုပ်လာမိတဲ့ အချိန်တွေ ရှိခဲ့ဖူးလား။”
“ဟင့်အင်း၊ မရှိခဲ့ဘူးရှင့်။ ဘာလို့လဲဆိုတော့ ကျမကိုဝိုင်းပိတ်ထားတဲ့ အစောင့်တွေကို ရန်ဘက်လို့ သဘောမှ မထားတာဘဲ။ ကြောက်တယ်ဆိုတာ ရန်လိုမှုကနေ ပေါ်လာတာလေ၊ ကျမက သူတို့အပေါ် ရန်လိုတာမှမရှိဘဲ။”
“ဒါပေမဲ့ အဲဒါက ဆိုးဝါးလှတဲ့ အထီးကျန်မှုကိုရော မဖြစ်စေဘူးလားဗျ ... ။”
“သြော၊ ကျမက တရားထိုင်တယ်လေ၊ ရေဒီယိုလည်းရှိတယ်။... အထီးကျန်တယ်ဆိုတာ အတွင်းစိတ်ထဲက လာတာရှင့်၊ သိတယ်မဟုတ်လား။ လွတ်လပ်နေတဲ့လူတွေ၊ မြို့ကြီးပြကြီးတွေမှာနေတဲ့လူတွေလဲ အထီးကျန်တာကို ခံစားရတာဘဲ၊ ဘာလို့လဲဆိုတော့ အဲဒါ အတွင်းစိတ်ကနေလာလို့ပေါ့။”
“မစုအနေနဲ့ လုပ်ဖို့ရှိတဲ့ ပျော်စရာ ကြည်နူးစရာ အသေးအမွှားလေးတွေ ဘာတွေရှိလဲ။”
“ကျမကတော့ ဘီဘီစီ စာအုပ်စင်ကဏ္ဍက စာအုပ်ကောင်းကောင်းတအုပ် ဖတ်ပြပေးဖို့ မျှော်လင့်တယ်။ တရားထိုင်တာလဲ ပါတာပေါ့နော်။... ကျမ လေ့ကျင့်ခန်းတွေတော့ သိပ်ကြီးမလုပ်ဖြစ်ဘူး။ ကျမကိုယ်၌က အားကစား တအားလိုက်စားတဲ့အကျင့် တခါမှ မရှိခဲ့ဖူးဘူးလေ။”
“ကြောက်ရွံ့မှုကို ကျော်လွှားနိုင်ဖို့ အားထုတ်ခဲ့ရတဲ့အခါများ ရှိခဲ့ဖူးသလား။”
“ရှိတာပေါ့။ ကျမ ငယ်ငယ်တုံးက ဒီအိမ်ကြီးထဲမှာနော။ အမှောင်ထဲလျှောက်သွားပြီး သရဲတစ္ဆေတွေ ရှိနိုင် မယ့် နေရာအားလုံးကို လိုက်ကြည့်တယ်... ဘာသရဲမှ မတွေ့ခဲ့ဘူး။”
ကျနော် သူမနှင့်တွေ့ဆုံခဲ့ပြီးနောက် နှစ်ကာလအချို့ကြာသည့်တိုင်အောင် သူမပေးထားသည့် ဖုံးနံပတ်ကို ဆက်ကြည့်ခဲ့သည်။ ဖုံးခေါ်သံမြည်ပြီးနောက် လိုင်းသေသေသွားသည်။ တနေ့တွင်မူ ဖုံးရသွားခဲ့သည်။
“စာအုပ်တွေပို့ပေးတာ သိပ်ကျေးဇူးတင်တာဘဲ” ဟုသူမကပြောသည်။ “စာအုပ်တွေ အစုံပြန်ဖတ်ရတာ စိတ်ချမ်းသာစရာဘဲရှင်။” (ကျနော်က သူမထံသို့ သူမအကြိုက်စာရေးဆရာ တီအက်စ်အီးလီးယော့ စာပေါင်းချုပ်နှင့် ယောနသံကိုး ရေးသည့် နိုင်ငံရေးမီးရှူးမီးပန်းစာအုပ် ‘ခွဲကြဝေကြပုံများကတော့’ တို့ကို ပို့ပေးခဲ့သည်။) သူမအိမ်အပြင် ဘက်တွင် ဘာဖြစ်နေသည်ကို ကျနော်မေးကြည့်ခဲ့သည်။ “သြော်၊ လမ်းကို ပိတ်ထားတယ်လေ၊ [စစ်တပ်က] တလမ်းလုံး အပြည့်ဘဲပေါ့... ”
“ဆိုးဝါးလှတဲ့ လိပ်ခဲတင်းလင်းအခြေအနေထဲ မစု ပိတ်မိနေနိုင်တာကို မစိုးရိမ်မိဘူးလား။”
“ကျမ အဲဒီအသုံးအနှုံးကို လုံးလုံးမကြိုက်ဘူး” သူမက အသံခတ်မာမာနှင့် ပြန်ဖြေသည်။ “လူထုတွေက လမ်းတွေပေါ် ထွက်လာတယ်။ အဲဒါ လိပ်ခဲတင်းလင်းမဟုတ်ဘူး။ တိုင်းရင်းသားတွေ၊ ကရင်တွေကလည်း ပြန်တိုက်နေကြတယ်။ အဲဒါ အပ်ကွက်မဟုတ်ဘူး။ လူထုဘဝတွေထဲမှာ အံတုမှု အာခံမှု နေ့တိုင်း နေ့တိုင်း ရှိနေတယ်။ အပေါ်ယံမျက်နှာပြင်မှာ အရာရာငြိမ်သက်နေပုံရနေတာတောင် အောက်ထဲမှာ လှုပ်ရှားမှု အမြဲရှိနေတယ်ဆိုတာ ရှင်သိတယ် မဟုတ်လား။ အခုက ရေခဲနေတဲ့အိုင်နဲ့တူတယ်၊ ရေခဲ အောက်က အိုင်ထဲမှာ ကျမတို့ တထစ်ချင်း တထစ်ချင်း ရှေ့တိုးနေတယ်။”
“အတိအကျ ဘာကိုဆိုလိုတာလဲ။”
“ကျမဆိုလိုတာက စစ်အစိုးရမှာ ရုပ်ပိုင်းစွမ်းအား ဘယ်လောက်ဘဲကြီးကြီး၊ နောက်ဆုံးမှာတော့ ပြည်သူ လူထုကို တားဆီိးနိုင်မှာမဟုတ်ဘူး။ လွတ်လပ်ရေးကို တားဆီးနိုင်မှာမဟုတ်ဘူး။ ကျမတို့ခေတ်ကို ရောက်ကို ရောက်ရလိမ့်မယ်။”
၂ဝဝ၇ အောက်တိုဘာ ၄ ရက်ထုတ် New Statesman မဂ္ဂဇင်းမှ သြစတြေးလျနိုင်ငံသား သတင်းထောက် ဂျွန်ပင်လ်ဂျာ၏ ဆောင်းပါးကို ဘာသာပြန်သည်။
ဂါမဏိ
Read More...
Collapse...
ဂါမဏိ
“ ကမ္ဘာတခု အိပ်မက်တခု ” ဆိုတဲ့ဆောင်ပုဒ်နဲ့ အိုလံပစ်ပွဲတော်ကျင်းပဖို့ တနှစ်တိတိအလို ၂၀၀၇ ခု သြဂုတ် (၈) ရက် ည ၈ နာရီ ၈ မိနစ်ဆိုတဲ့ မင်္ဂလာအချိန်မှာ တရုတ်နိုင်ငံပီကင်းမြို့ တော်ရဲ့ တိန်အန်မင်ရင်ပြင်မှာ အိုလံပစ်အကြို တနှစ်လိုအခမ်းအနားကိုကျင်းပခဲ့တယ်။ မော်စီတုံးဓာတ်ပုံကြီး ချိတ်ဆွဲ ထားတဲ့ ကောင်းကင် ဘုံငြိမ်းချမ်းရေးမုခ်ဦးကို အခမ်းအနားအတွက် ရွှေ ရောင်နဲ့အနီရောင်မီးတွေ ထွန်းထားပြီး အကအခုန် အမျိုးမျိုး၊ နာမည်ကျော်အဆိုတော် အမျိုးမျိုးနဲ့ မီးရှူးမီးပန်းတွေ ပါဝင်ခဲ့ပါတယ်။
လာမယ့် ၂၀၀၈ အိုလံပစ်ပွဲဟာ အာဏာရတရုတ်ခေါင်းဆောင်တွေအတွက် သူတို့နိုင်ငံကို ဂုဏ်တင်ဖို့ အခွင့် အလမ်း ဖြစ်ပေမဲ့ တကမ္ဘာလုံးက လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ပျော်ရွှင်ဝမ်းသာစရာ ပွဲလမ်း သဘင် အဖြစ် မယူဆကြပါဘူး။ ဒါကြောင့် ဒီတနှစ်အကြိုသမယမှာ ဆန္ဒပြပွဲတွေကို တခဲနက်စတင်ခဲ့ ကြပါတယ်။
မဟာတံတိုင်းကြီးပေါ်မှာ တိဘက်လွတ်လပ်ရေးထောက်ခံသူ (၆) ဦးက “ ကမ္ဘာတခု အိပ်မက် တခု တိဘက်လွတ်လပ်ရေး ချက်ချင်းပေး ၂၀၀၈ ” ဆိုတဲ့ နဖူးစည်းစာတမ်းကို ချိတ်ဆွဲခဲ့တယ်။ ပီကင်းအိုလံပစ် ဦးစီးကော်မတီရုံးဝင်းအပြင်မှာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က အရာရှိတွေက အကျဉ်းခံ တရုတ် သတင်းထောက်တွေလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဖြစ်ချင်တော့ တရုတ်ပုလိပ်ကလဲ အဲဒီမှာသတင်း ယူနေတဲ့ နိုင်ငံခြားသတင်းထောက် တဖွဲ့ကို ဖမ်းလိုက်သေးတယ်။ တက်ကြွလှုပ်ရှားသူ တချို့ကလဲ မြန်မာနိုင်ငံ နဲ့ ဆူဒန်နိုင်ငံလို ဖိနှိပ်ချုပ်ချယ် လွန်းတဲ့အစိုးရတွေကို ထောက်ခံအားပေးနေတဲ့ တရုတ်ပေါ်လစီ မပြောင်းရင် အိုလံပစ်ပွဲကို သပိတ်မှောက်ကြဖို့အထိ လှုံ့ဆော်စည်းရုံး လှုပ်ရှားနေကြတယ်။ တရုတ် အစိုးရပိုင်း ကတော့ အိုလံပစ်ပွဲကို နိုင်ငံရေးမပတ်သက်ဖို့ ထပ်တလဲလဲတောင်းဆိုနေ လေရဲ့။ ဒါပေမဲ့ ဒီမျှော်လင့်ချက် ကတော့ မဖြစ်နိုင်တဲ့စိတ်ကူးပါ၊ သမိုင်းကိုပြန်ကြည့်ရင် ၁၉၃၆ ခု ဘာလင်အိုလံပစ်ကို ဟစ်တလာက ၀ါဒ ဖြန့်ချိရေး အတွက် စအသုံးချခဲ့တယ်။ ၁၉၆၈ ခု မက္က ဆီကိုအိုလံပစ်မှာတော့ အမေရိကန် ပြည်ထောင်စု ရဲ့လူမည်းအားကစားသမား နှစ်ယောက်က အမေရိကန်နိုင်ငံရဲ့ လူဖြူလူမည်းခွဲခြားရေးဝါဒ ကန့်ကွက်တဲ့ ဆန္ဒပြမှုကို ဆုယူနေရင်းနဲ့လုပ်ခဲ့တယ်။
ဟန်ဂေရီတော်လှန်ရေးကို ဆိုဗီယက်ပြည်ထောင်စုက သွေးချောင်းစီးနှိမ်နင်းခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ နယ်သာလန်၊ စပိန်၊ ဆွစ်ဇာလန်တို့က ၁၉၅၆ ခု မဲလ်ဘုန်းအိုလံပစ်ကိုသပိတ် မှောက်ခဲ့သလို ဆူးအက် တူးမြောင်း အရေးအခင်းမှာ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေးတို့ရဲ့ စွက်ဖက်မှုကို ကန့်ကွက်တဲ့အနေနဲ့လဲ ကမ္ဘောဒီးယား၊ အီဂျစ်၊ အီရတ်၊ လက်ဘနွန်တို့က အဲဒီ မဲလ်ဘုန်း အိုလံပစ်ကို သပိတ်မှောက်ခဲ့ကြတယ်။ အသားအရောင်ခွဲတဲ့ တောင်အာဖရိကနိုင်ငံကို ပါဝင်ခွင့်ပြုလို့ ၁၉၇၂ ခု မြူးနစ်အိုလံပစ်ပွဲနဲ့ ၁၉၇၆ ခု မွန်ထရီယယ်အိုလံပစ်ပွဲတွေကို အာဖရိကနိုင်ငံ (၂၈) နိုင်ငံက သပိတ်မှောက်ခဲ့တယ်။ တရုတ်နိုင်ငံကလည်း နိုင်ငံတကာအိုလံပစ် ကော်မတီ (အိုင်အိုစီ)က တရုတ်တနိုင်ငံတည်းမူကို လက်မခံလို့ဆိုပြီး ၁၉၇၆ အိုလံပစ် ကို သပိတ်မှောက်ခဲ့တယ်။ ဒီ့အရင်ကလည်း တိုင်ဝမ်(တရုတ်ဖြူ)ကို တရုတ်နိုင်ငံအဖြစ် အသိအမှတ်ပြု ပြိုင်ပွဲ ၀င်ခွင့်ပေးထားလို့ဆိုပြီး အိုလံပစ်ပွဲတွေမှာ ၀င်ပြိုင်ဖို့ဖိတ်တာတွေကို တရုတ်(နီ)က ၁၉၅၂ အိုလံ ပစ် ကစပြီးတောက်လျှောက် သပိတ်မှောက်ခဲ့ပါတယ်။ ၁၉၈၄ ကျမှ တရုတ်နိုင်ငံဟာ ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲတွေ မှာ စတင်ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၀ ခု မော်စကိုအိုလံပစ်ကိုတော့ အမေရိကန်ခေါင်းဆောင်တဲ့ နိုင်ငံ (၆၂)နိုင်ငံက အာဖဂန်နစ္စတန် အရေးကြောင့် သပိတ်မှောက်ခဲ့သလို ၁၉၈၄ ခု လော့စ်အိန်ဂျယ်လိအိုလံပစ်ပွဲကိုတော့ ဆိုဗီယက်ရုရှ ခေါင်း ဆောင်တဲ့ (၁၅)နိုင်ငံက ၈၀ ခုနှစ်အတွက် လက်စားချေတဲ့အနေနဲ့ သပိတ်မှောက်ခဲ့တယ်။ အာဖဂန်ကိစ္စ ကြောင့် မော်စကိုအိုလံပစ်ကို သပိတ်မှောက်တဲ့အထဲမှာ တရုတ်ပြည်သူ့သမတနိုင်ငံလည်း ပါခဲ့ပါတယ်။
၁၉၇၂ မြူးနစ်အိုလံပစ်မှာဘဲ ပါလက်စတိုင်းအကြမ်းဖက်သမားတွေက အစ္စရေးအားကစားသမားတွေကို ၀င်ရောက် ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အတွက် အစ္စရေးအားကစားသမား (၁၁) ယောက်၊ ဂျာမန်ရဲ (၁) ယောက်၊ အကြမ်းဖက်သမား (၅) ယောက် သေခဲ့တယ်။ ၁၉၉၆ အတ္တလန် တာအိုလံပစ်မှာတော့ အမေရိကန် အကြမ်း ဖက်သမားတယောက်ကဗုံးခွဲလို့ လူနှစ်ယောက်သေ (၁၁၁) ယောက်ဒဏ်ရာခဲ့တယ်။
၂၀၀၈ ဧပြီ(၂၄)ရက်မှာ အိုင်အိုစီက နိုင်ငံအသီးသီးက အိုလံပစ်ကော်မတီတွေဆီ တရားဝင်စာတစောင် ပို့ခဲ့ ရာမှာ အိုလံပစ်ပွဲတော်ဝင်းအတွင်း ဘယ်နေရာမှာမဆို အားကစားသမားတွေရဲ့ နိုင်ငံရေးသဘောထား ဖော် ထုတ်မှုကို တားမြစ်ထားပါတယ်။ စကားအားဖြင့် (သို့မဟုတ်) စာအား ဖြင့် လွတ်လပ်စွာဖော်ပြမှုတင်မက အသံတိတ် အမူအရာဟန်ပန်အားဖြင့် ဖော်ပြမှုကိုပါတားမြစ်တာဖြစ်ပါတယ်။ ဒီနေရာမှာ အိုင်အိုစီက အိုလံ ပစ် ပဋိညာဉ်စာတမ်း ပုဒ်မ ၅၁/၃ ကို ရည် ညွှန်းပြီး “ မည်သည့် အိုလံပစ်ပွဲခင်းများ သို့မဟုတ် ပြိုင်ပွဲကွင်း များ သို့မဟုတ် အခြားနေရာများတွင်မှ ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးဝါဒဖြန့်မှု သို့မဟုတ် ဘာသာရေးဝါဒ ဖြန့်မှု သို့မဟုတ် လူမျိုး ရေးဝါဒဖြန့်မှုမှန်သမျှကို ခွင့်မပြု ” လို့ ထောက်ပြထားပါတယ်။ ဒါဟာ အင်မတန့်ကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ကောက်လို့ရတာ ဖြစ်တဲ့အတွက် ပုဂ္ဂိုလ်တဦးတယောက်ကဖြစ်စေ ဒါမှမဟုတ် ပုဂ္ဂိုလ်တစုကဖြစ်စေ ပြုလုပ်တဲ့လုပ်ရပ်တွေ၊ တုံ့ပြန်မှုတွေ၊ သဘောထားတွေ သို့မဟုတ် ဘယ်လို ဖော်ပြပုံ မျိုးမဆို အကြုံးဝင်နေပြီး အဲဒီလူတွေရဲ့ပုံသဏ္ဌာန် အပြင်အဆင်အ၀တ်အစား ကိုယ်ဟန်မူရာ၊ စာဖြင့်ထုတ် ပြန် ကြေညာချက်၊ နှုတ်အားဖြင့်ထုတ်ပြန်ကြေညာချက်တွေ အားလုံး ပါဝင်ပါတယ်။
ဂျော့အော်ဝဲလ်ရေးတဲ့ “ ၁၉၈၄ ” ၀တ္ထုဆံဆံ မနောကံပြစ်မှုတွေကို အိုင်အိုစီက စာရင်းထုတ်ပြန်တာဟာ တိဘက်အရေးလှုပ်ရှားမှုတွေ၊ မြန်မာ့အရေးလှုပ်ရှားမှုတွေကို တရုတ်အလိုကျ ဟန့်တားဖို့ရည်ရွယ်တာ ဖြစ်ပါတယ်။ ပြင်သစ်အားကစားသမားတွေက “ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးအတွက် ” လို့ ခပ်ပျော့ပျော့ ရေးထားတဲ့ ရင်ထိုးတံဆိပ်တွေ တပ်ဖို့ကြံရွယ်ထားတာတောင် ပိတ်ပင်ခံရဖို့ ဖြစ်သွားပါတယ်။ ဒါ့အပြင် ခြေ ဟန် လက်ဟန်ပြတာမျိုး၊ မျက်နှာအမူအရာ ပြတာမျိုးကိုပါ အရေးယူနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ တချိန် တုံး ကလည်း ဗြိတိန်နဲ့ နယူဇီလန်နိုင်ငံ အိုလံပစ်ကော်မတီတွေက ဒီလို အမိန့်မျိုးတွေ ထုတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လူထုဖိအားတွေကြောင့် အဲဒီအိုလံပစ်ကော်မတီတွေ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံကတော့ အားကစားသမားတွေဟာ တခြားနိုင်ငံသားတွေလိုဘဲ ပီကင်းအပါအ၀င် ဘယ် နေရာမှာဖြစ်ဖြစ် လူ့အခွင့်အရေးနဲ့အညီ ငြိမ်းချမ်းစွာနဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ရှိရမယ်လို့ ရပ်တည်ထားပါ တယ်။ (၁၉၆၈ ခုတုံးကတော့ အိုလံပစ်ပွဲမှာဆန္ဒပြတဲ့ လူမည်းအားကစား သမားနှစ်ယောက်ကို အမေရိကန် အိုလံပစ်ကော်မတီက ရာသက်ပန်အားကစားပြိုင်ခွင့် ပိတ်ပစ်ခဲ့ပါတယ်။)
အိုင်အိုစီက အဲသလိုမီးစိမ်းပြပြီးတဲ့နောက် ဇွန်(၄)ရက်မှာ ပီကင်းအိုလံပစ်ပွဲတော်ဦးစီး ကော်မတီက အိုလံ ပစ်ပွဲလာ နိုင်ငံခြားသားတွေအတွက် ရှောင်ရန် ဆောင်ရန် စည်းကမ်းချက်တွေ တသီကြီးထုတ်ခဲ့ပါတယ်။ ဒီထဲမှာ ဟော်တယ်မှာ မတည်းတဲ့သူတွေ ရဲစခန်းမှာ ဧည့်စာရင်း တိုင်ရမယ်၊ အဆောက်အဦးပြင်ပ လေဟာ ပြင်မှာ မအိပ်ရ၊ အိုလံပစ်လက်မှတ် ၀ယ်ထားသူ တိုင်းကို ဗီဇာအလိုအလျောက် မထုတ်ပေးနိုင်၊ အိုလံပစ် ပွဲခင်းအတွင်း နိုင်ငံရေး ဘာသာရေး လူမျိုးရေး ကြွေးကြော်သံများ အော်ဟစ်ခြင်း နဖူးစည်းစာတန်းများ ပိုစတာများ ကိုင်ဆောင်ခြင်း မပြုရ၊ တရုတ်နိုင်ငံတော်အလံကို မီးရှို့ခြင်း ဖျက်ဆီးခြင်း မလုပ်ရ၊ ‘ စိတ်ရောဂါ ’ ရှိသူများ မလာရ၊ တိဘက်အကြောင်း လုံးဝပါးစပ်မဟရ စသည်တို့ ဖြစ်ပါတယ်။ ဒီစည်းကမ်းချက်တွေ ကို အင်္ဂလိပ်ဘာသာနဲ့ မထုတ်ဘဲ တရုတ်ဘာသာနဲ့ဘဲ ထုတ်တာလည်း ထူးဆန်းနေပါတယ်။
အိုင်အိုစီကတော့ မိမိတို့ဟာ နိုင်ငံရေးအသွင်မဆောင်တဲ့ အိုလံပစ်အစဉ်အလာကို ထိန်းသိမ်း ရပ်ခံနေတာ သာ ဖြစ်တယ်လို့ဆိုပါတယ်၊ ဒါပေမဲ့ အိုလံပစ်ပဋိညာဉ်ထဲမှာ “ အားကစားဖြင့် လူသား၏ သဟဇာတကျ ပြေ ပြစ်ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးဆောင်ပြီး လူ့ဂုဏ်သိက္ခာ ထိန်းသိမ်းခိုင်မြဲရေးနှင့်ဆိုင်သည့် ငြိမ်းချမ်းသောလူ့ဘောင် ဖြစ်ထွန်းရေးကို အားပေး မြှင့်တင်ရန် ” လို့လည်း အတိအလင်းကြေညာထား ပါတယ်၊ တကယ်တော့ ဒါဟာ နိုင်ငံရေးဘဲ မဟုတ်ပါလား၊ ငြိမ်းချမ်းရေးရချင်ရင် စေ့စပ်ဆွေးနွေးရပါတယ်၊ လူ့ဂုဏ်သိက္ခာခိုင်မြဲဖို့ဆိုရင် တရားမျှတမှု၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတို့ လိုအပ်ပါတယ်။
အိုင်အိုစီက ၂၀၀၈ ခု အိုလံပစ်ပွဲအိမ်ရှင်အဖြစ် တရုတ်နိုင်ငံကိုရွေးခဲ့စဉ်တုံးက အကြောင်း တချက်က ဒီ အိုလံပစ်ပွဲကြောင့် တရုတ်နိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတိုးတက်အောင် အားပေးနိုင်လိမ့်မယ်ဆိုတဲ့ စဉ်းစားချက်နဲ့ရွေးခဲ့တာဖြစ်ပါတယ်။ အခုတော့ အိုင်အိုစီက ငြိမ်း ချမ်းစွာတိုက်ပွဲဆင်မှုတွေကို ပိတ်ပင် နေတာဟာ (၁၉၃၆ ခု ဟစ်တလာရဲ့ ဘာလင်အိုလံပစ်တုံး ကလို) တရုတ်နိုင်ငံရဲ့ စီးပွားရေးကြော်ငြာဆံဆံ ၀ါဒဖြန့်ပွဲကြီး အကျိုးအတွက်သာဖြစ်ပြီး အားကစားပြိုင်ဆိုင်မှုထက် အများကြီးပိုအရေးကြီးတဲ့ တန်ဖိုးစံတွေ ကို မြေမြှုပ်စတေးပစ်ရာ ရောက်နေပါတယ်။
“ အိုလံပစ်ဆိုတာ လူ့သဘာဝနဲ့ ပတ်သက်နေတယ်”လို့ ယခင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်း ရေးမှူး ကျောက်ကျိယန်ရဲ့ အကြံပေးအရာရှိဟောင်း ပေါက်တုံးကိုယ်တိုင်က ပြောပါတယ်၊ “ ဒီတော့ အိုလံပစ်ကို လူ့အခွင့်အရေး နဲ့ ခွဲခြားပစ်ဖို့ မဖြစ်နိုင်ဘူးဗျ ” တဲ့။ တကယ်တော့ တရုတ်ဟာ သူ့တိုင်းပြည်မှာ အိုလံပစ်ပွဲလုပ်ဖို့ လျှောက်လွှာမတင်မီ ကတည်းက အဲဒါကို စဉ်းစားခဲ့ဖို့ ကောင်းပါတယ်။ အခုတော့ တရုတ်အစိုးရဟာ ပီကင်းအိုလံပစ်နဲ့ မြန်မာ့ရွှေဝါရောင် တော်လှန်ရေး၊ တိဘက်ရွှေဝါရောင် တော်လှန်ရေး တွေ၊ ဆူဒန်နိုင်ငံ ဒါဖာလူသတ်ပွဲတွေ ချိတ်ဆက်မိမှာကို အကြီးအကျယ် စိုးရိမ်ကြောက်လန့်နေပြီး အဲဒါမျိုး ချိတ်ဆက်တာဟာ “ တာဝန်မဲ့ လုပ်ရပ် ” ဖြစ်တယ်လို့ သွေးရူးသွေးတန်းပြောနေပါတယ်။
မြန်မာ့အရေးနဲ့ တိဘက်အရေးတွေကြောင့် ပီကင်းအိုလံပစ်ပွဲ ကို သပိတ်မှောက်ဖို့ ငြိမ်းချမ်းရေးနိုဘယ်ဆု ရှင် တောင်အာဖရိက ဂိုဏ်းချုပ်ဘုန်းတော်ကြီးဒက်စမွန်တူးတူးက လှုံ့ဆော်ထားပါတယ်။ နော်ဝေး ၀န်ကြီး ချုပ်ဟောင်း ဘွန်ဒီဝစ်ကတော့ မြန်မာနိုင်ငံအခြေအနေကို အာရုံစိုက်လာအောင် ပီကင်းအိုလံပစ်ကို ကမ္ဘာက အသုံးချရမယ်လို့ ရွှေဝါရောင်တော်လှန်ရေးအပြီး ၂၀၀၇ အောက်တိုဘာလမှာ ဆော်သြခဲ့ပါတယ်။ ပီကင်း အိုလံပစ်ပွဲဟာ တရုတ်ပြည်ရဲ့အိမ်နီးချင်း မြန်မာနိုင်ငံအခြေအနေ တိုးတက်လာစေနိုင်တဲ့ နည်းလမ်းဖြစ်နိုင် တယ်လို့ နော်ဝေး ၀န်ကြီးချုပ်ဟောင်းက ယုံကြည်ပါတယ်။ ဒီအတွက် အိုလံပစ်ပွဲ မတိုင်မီမှာရော အိုလံပစ်ပွဲ ကာလအတွင်းမှာပါ အိုလံပစ်နဲ့ချိတ်ဆက်ပြီး လှုပ်ရှားမှုတွေလုပ်ရမယ်လို့ အော်စလို ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဗဟိုဌာနရဲ့ လက်ရှိအကြီးအကဲဖြစ်နေတဲ့ ဘွန်ဒီဝစ်က ဆိုပါတယ်။ အားကစားနဲ့ နိုင်ငံရေး ကို လုံးလုံးလျားလျား ခွဲခြားရမယ်ဆိုတဲ့ ခေတ်ဟောင်းအမြင်ဟာ ဒီနေ့ ခေတ်ကမ္ဘာနဲ့ မကိုက်ညီတော့ဘူးလို့ ဘွန်ဒီဝစ်က ပြောပါတယ်။
ဂါမဏိ
ရည်ညွှန်း၊တိုင်းမဂ္ဂဇင်း၊ သြဂုတ် ၂၀၊ ၂၀၀၇၊နော်ဝေပို့စ်၊ အောက်တိုဘာ ၂၊ ၂၀၀၇၊၀ါရှင်တန်ပို့စ် သတင်းစာ၊ မေ ၁၁၊ ၂၀၀၈၊
Read More...
Collapse...
ဂါမဏိ
မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင်ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ်အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။ အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာစစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ပါလက်ပါ ကိုယ်စားပြုပေးခဲ့တာ ဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေလုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယား လူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးကပြောခဲ့ပါသေးတယ်။
အဘာချာအစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကိုလမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလမှာ နာမည်ကျော်စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီ တိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာ ဖြစ်တယ်၊ လူသတ်သမားဖြစ်တယ်လို့ စီအဲန်အဲန်ရုပ်သံအစီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာ တော့ ဒီလိုမပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေ နည်းလမ်းတကျ တရားရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံကာကွယ် လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံးမှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာ စစ်တာ၊ အမှုစစ်ပုံကို ကန့် ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြ သက်သေတွေကို စစ်အစိုးရကငွေ ပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့် မရတာတွေကိုတော့ ထည့်မပြောပါဘူး။ ကင်ဆာရိုနဲ့ အိုဂိုနီတိုင်း ရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံ တွေကိုသွားပြီး သေဒဏ်ကိစ္စ လက်ခံဖို့ စည်းရုံးနားချတာရော ရေနံလက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီး ယားသံတမန် (၂)ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံ တွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယား ဘဏ္ဍာရေးဌာနကိုပိုင်တယ်၊ သူ့မှာ အဘာချာစစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆိုလုပ်နိုင်ဖို့ အကန့် အသတ်မဲ့ရင်းမြစ်တွေရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
၁၉၉၈ ခုမှာ အာဏာရှင်အဘာချာတယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာမအားဆေး) ဆေးလွန်လို့သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော် ဆိုးဖက် တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်းဖြေကြားတာတွေ မလုပ်ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်ကခေါ်ယူ သူကောင်းပြု ပေးပြီး လက်ထောက် အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။ တကယ်တော့ ကိုဖီအာနန့်သား ကိုဂျို အာနန်ဟာ အဘာချာစစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယားရေနံလုပ်ငန်း ထဲ ပတ်သက်နေလို့ ကိုဖီအာနန် ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီ ရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျို အာနန်ရဲ့ ဧရာမဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာနန်နဲ့ အဘာချာနဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိကဂျိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ (ကိုဖီ အာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန်လက်ထက် အီရတ်ကိုပိတ်ဆို့ အရေးယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေးဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့အောက်လမ်းကဝင် စီးပွားရေး သောင်းကျန်းခဲ့ပါသေးတယ်။)
အဘာချာသေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမတရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ (အဘာချာအာဏာသိမ်းလို့ သမတမဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲမင်းဒိတ် စွန့်လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထားချပေးခဲ့တာ ဖြစ်ပါတယ်။ အာဘီယိုလာခမျာ အဘာချာသေပေမဲ့ သမတမဖြစ်လိုက်ဘဲ ထောင်ထဲမှာဘဲ သေသွားခဲ့ပါ တယ်။
ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင် ကော်မတီဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယားပြည်သူတွေက အပြင်းအထန်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၅ တုံးက လည်း အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင် တွေက ဂမ်ဘာရီကို လာဟောပြော ပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက် နိုင်ဂျီး ရီးယားအသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှုအခွင့်အရေးအကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ဘီးလိုဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ အဘာချာလက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေး ကာကွယ်ပေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေးတို့ကို ပိတ်ပင်တဲ့အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံကာကွယ် လျှောက်လဲပေးခဲ့သူဖြစ်ပါတယ်။ ပုဆိန်က မေ့နိုင်ပေမဲ့ သစ်ပင်က ဘယ်တော့မှမမေ့ဘူးလို့ နိုင်ဂျီးရီးယား ပြည်သူတွေက ဆိုပါတယ်။ ကင်ဆာရိုဝီဝါ ဆိုတဲ့နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ်ခြောက် လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေးစွန်း ထားတဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောထားပါတယ်။
အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုံးက ရန်ကုန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတအောင် လုပ်မယ်ဆိုပြီး နအဖ အခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြ မြေပုံတွေကို အသိအမှတ်ပြုတဲ့ ဘက်ကနေ ရူးကြောင်မူးကြောင်နဲ့ပြောခဲ့တာ ဘာများဆန်းပါသလဲ။ သူ့ဆရာ ဘန်ကီမူးကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စသက်သက်အတွက် ဗမာပြည်ကိုလာ တယ်ဆိုပြီး သန်းရွှေနဲ့တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံးပြီးမြောက်အောင်မြင် သွားအောင်လုပ်ဖို့ ခယဝယလုပ်ခဲ့သေးတယ် မဟုတ်ပါလား။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့ တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့်ခံရရုံသက်သက် အတွက် ဂမ်ဘာရီနဲ့တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်း ပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက်လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေ တပ်မှုးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင် တိုက်ထုတ်ရမှာဖြစ်ပါကြောင်း။
ဂါမဏိ
Read More...
Collapse...
ဂါမဏိ
မေ (၂)ရက်နှင့် (၃)ရက်က အင်အားပြင်းထန်မှုအဆင့် ကြယ် ၄ ပွင့်ရှိ၍ တနာရီ မိုင် ၁၂ဝ နှုန်းဖြင့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ မြန်မာနိုင်ငံတွင် လူ (၂)သိန်းခန့် သေသည်ဟု ကုလသမဂ္ဂနှင့် အန်ဂျီအိုများက ခန့်မှန်းကြသည်။ နအဖ က ၁၃၃၆၅၅ ယောက်သေဆုံး ပျောက်ဆုံးနေသည်ဟု ဆိုသည်။ အမည် မဖော်လို သည့် နအဖအစိုးရ အရာရှိကြီးတဦးကမူ သေဆုံးသူ အရေအတွက် ၆ သိန်းကျော် သည်ဟု တရားမဝင် ပြောပြသည်။ ဤသို့ မုန်တိုင်းကြီးများ တိုက်ခတ်မှုဒဏ်ချက် ကို အခြားဘဝတူ တတိယ ကမ္ဘာ့ နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်သောအခါ ယခုလို တွေ့ရသည်။
လွန်ခဲ့သည့် ၁၇ နှစ်ဖြစ်သော ၁၉၉၁ ခုက ဘင်္ဂလားဒေ့ရှ် ဆိုင်ကလုန်းမုန်တိုင်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ) တွင် လူ ၁၃၅ဝဝဝ (တသိန်းသုံးသောင်းခွဲ) သေခဲ့သည်။ သို့သော် ၂ဝဝ၇ နိုဝင်ဘာလက ဆီဒါ ဆိုင်ကလုန်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ)ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၁ဝဝဝဝ (တသောင်း) ခန့်သာသေခဲ့သည်။ အိန္ဒိယနိုင်ငံတွင်လည်း ၁၉၉၉ နိုဝင်ဘာလက သြရစ်သ ဆိုင်ကလုန်းမုန်တိုင်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ) တိုက်ရာ လူ ၁ဝဝဝဝ (တသောင်း) သေခဲ့သည်။ ၂ဝဝ၆ နိုဝင်ဘာလက ဒူးရင်းတိုင်ဖွန်းမုန်တိုင်း (ကြယ် ၄ ပွင့်၊ တနာရီ မိုင် ၁၄ဝ) တိုက်၍ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် လူ ၁၅ဝဝ သေခဲ့သည်။ ၂ဝဝ၄ မတ်လမှာ ဂါဖီလို ဆိုင်ကလုန်းမုန်တိုင်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ) တိုက်၍ အာဖရိကတိုက် မာဒါဂါစကာနိုင်ငံတွင် လူ ၄ဝဝ နီးပါး သေခဲ့သည်။
လွန်ခဲ့သည့် ၃၈ နှစ်ဖြစ်သော ၁၉၇ဝ က အရှေ့ပါကစ္စတန် ဆိုင်ကလုန်း (ကြယ် ၃ ပွင့်၊ တနာရီ ၁၁၅ မိုင်) တွင် လူ ၅ သိန်း သေခဲ့သည်။ လွန်ခဲ့သည့် နှစ် ၄ဝ ဖြစ်သော ၁၉၆၈ ခု မေလက ရခိုင်ပြည် တပြည်လုံးကို စိစိညက်ညက် ကြေသွားစေခဲ့သည့် ထိုခေတ်က နာမည်ကျော် ရခိုင်လေမုန်တိုင်းကြီး (ကြယ် ၄ ပွင့်၊ တနာရီ မိုင် ၁၅ဝ) တွင် လူ ၁ဝဝဝ ကျော်သာ သေခဲ့သည်။ လူ ၁၈ဝဝ ကျော် သေသဖြင့် အကြီးအကျယ် နာမည်ပျက် သိက္ခာကျသွားသော အမေရိကန်နိုင်ငံ၏ ၂ဝဝ၅ ခုနှစ် သြဂုတ်လ ကက်ထရီနာ ဟာရီကိန်း မုန်တိုင်းမှာ ကြယ် ၅ ပွင့် အဆင့်ရှိပြီး တနာရီ ၁၇၅ မိုင်နှုန်း တိုက်ခတ်ခဲ့သည်။
ဤအချက်များကိုကြည့်လျှင် ၂ဝ ရာစု အကုန်နှင့် ၂၁ ရာစု အစပိုင်း၌ ဆင်းရဲ ခေတ်နောက်ကျသည့် တတိယကမ္ဘာ နိုင်ငံများတွင် ၂ဝ ရာစု အလယ်ပိုင်းနှင့် ယှဉ်ပါက ယေဘုယျအားဖြင့် လေမုန်တိုင်းဒဏ် ခံနိုင်ရည်ပြင်ဆင်မှု တိုးတက်လာသည်ကို တွေ့ရသည်။ သို့သော် မြန်မာနိုင်ငံမှာ ခြွင်းချက်ဖြစ်နေသည်။ ကြယ် ၄ ပွင့်အဆင့်၊ တနာရီ မိုင် ၁၂ဝ ဆိုင်ကလုန်းမုန်တိုင်း တခုကြောင့် ပုံမှန်အားဖြင့် ၂၁ ရာစုဆန်း တတိယကမ္ဘာ နိုင်ငံတနိုင်ငံတွင် လွန်ရောကျွံရော လူ ၁ဝဝဝဝ ခန့်သာ သေနိုင်သည်။
သို့သော် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်၏ ယုတ်ညံ့မှု၊ ကိုယ်ကျိုးကြည့်မှုများကြောင့် ကာကွယ် ကယ်တင် နိုင်ရမည့် အပြစ်မဲ့ ပြည်သူ့အသက်ပေါင်းများစွာ မလိုအပ်ဘဲ အလွန်အကျွံ ဆုံးရှုံးခဲ့ရသည်။ မုန်တိုင်းကြို တင် သတိပေးစနစ် ညံ့ဖျင်း (သို့) မရှိ၊ ကြိုတင်ကာကွယ်ရေး အဆောက်အဦစနစ် ညံ့ဖျင်း (သို့) မရှိ၊ ပညာပေးစနစ်များ ညံ့ဖျင်း (သို့) မရှိ။ ဤသို့ဖြင့် နအဖနှင့် နာဂစ်လက်အောက်တွင် အလွန်ဆုံးအားဖြင့် သေဆုံးသူ ၁ဝဝဝဝ (၁ သောင်း) မှာ နာဂစ်ကြောင့်ဖြစ်ပြီး၊ ယင်းထက်ပိုလွန်၍ သေဆုံးသူများမှာ မသေသင့်ဘဲနှင့် နအဖစစ်အုပ်စု ပယောဂကြောင့် သေဆုံးရခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် နိုင်ငံတကာ အကူအညီများနှင့် ပြည်တွင်း အကူအညီများကို ပိတ်ပင်ခြင်း၊ အကန့်အသတ် အမျိုးမျိုး ချမှတ်ခြင်းတို့ ကြောင့် နောက်ထပ် အသက်များ ထပ်မံဆုံးရှုံးရခြင်း၊ မလိုအပ်ဘဲ ရုပ်ခန္ဓာအရနှင့် စိတ်ပိုင်းဆိုင်ရာအရ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာ ပျက်စီးခြင်းများလည်း ကြီးကြီးမားမား ရှိနေသည်။
မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်အားပေးမှု အပါအဝင် လူ့အခွင့်အရေး ဆုံးရှုံးရမှုများ၊ စီးပွားရေး အခွင့် အလမ်း ဆုံးရှုံးရမှုများကြောင့် မြန်မာနိုင်ငံသား ၂ သန်း ထိုင်းနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်း အလုပ်လုပ် နေရကာ မလေးရှားနိုင်ငံတွင်လည်း ၅ သိန်းနှင့် ၁ သန်းကြား ရွှေ့ပြောင်းလုပ်ကိုင်နေရသည်။
ဤသို့ တရားမဝင် ရွှေ့ပြောင်းကူးဝင်လာကြရာ၌ ၂ဝဝ၈ ဧပြီ ၉ ရက်က ထိုင်းနိုင်ငံ ရနောင်းမှ ထိုင်း တောင်ပိုင်းသို့ ခိုးပို့သည့် ကွန်တိန်ကားထဲ လေမွန်းပြီး မြန်မာ ၅၄ ယောက် သေခဲ့ရသည်။ ၂ဝဝ၇ ဒီဇင်ဘာ ၂ဝ ရက်ကလည်း ကော့သောင်းမှ ရနောင်းသို့ ခိုးကူးသည့် စက်လှေမှောက်၍ မြန်မာနိုင်ငံသား ချင်းလူမျိုး ၄၅ ယောက်သေခဲ့ရသည်။ ၂ဝဝ၈ မတ် ၂ ရက်က မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူမျိုး လှေစီးပြေး ဒုက္ခသည် ၅ဝ ပင်လယ်ထဲ မျောနေသည်ကို သီရိလင်္ကာရေတပ်က တွေ့ရှိ ကယ်ဆယ်ခဲ့ရသည်။ နှစ်ပတ်ကြာ မျောနေစဉ်အတွင်း အစာရေစာပြတ်၍ လူ ၂ဝ သေခဲ့ရသည်။ ၂ဝဝ၈ မတ် ၈ ရက်ကလည်း ရိုဟင်ဂျာလူမျိုး လှေစီးပြေး ဒုက္ခသည် ၁၂ဝ ပါ စက်လှေတစီး ဘင်္ဂလားပင်လယ်အော်ထဲ နစ်မြုပ်ခဲ့ရာ ၅ ယောက်သာ အသက်ရှင်ခဲ့သည်။ ၂ဝဝ၇ ဇွန်လက ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဝန်ကျောက်တွင် တရားမဝင် မြန်မာအလုပ်သမားများကို ခိုးပို့သည့် ကားမှောက်၍ ၂၅ ယောက် သေခဲ့ရသည်။
ဤလထဲမှာပင် တာ့က်ခရိုင်အတွင်း မြန်မာအလုပ်သမားများ ခိုးပို့သည့် ကားတိုက်၍ ၁ဝ ယောက် သေသေးသည်။ ၂ဝဝ၆ အောက်တိုဘာလတွင် ထိုင်းနိုင်ငံ သင်းဘူရီဒေသ၌ အလားတူ လူမှောင်ခိုကား မှောက်၍ ၅ ယောက်သေကာ ၂၈ ယောက် ဒဏ်ရာရခဲ့သလို ၂ဝဝ၇ အောက်တိုဘာတွင်လည်း ပက်ခ်ျဘူရီအရပ်တွင် လူမှောင်ခိုကား မှောက်၍ တရားမဝင် မြန်မာအလုပ်သမား ၈ ယောက်သေကာ ၁၄ ယောက် ဒဏ်ရာရခဲ့ပြန်သည်။ ၂ဝဝ၈ ဇန်နဝါရီ ၁၅ ရက်တွင်မူ ကန်ချနဘူရီဒေသ ရေလှောင်ကန်ကို ခိုးဖြတ်နေသော လူမှောင်ခိုလှေ မှောက်၍ ကလေးငယ်များ အပါအဝင် မြန်မာ ၇ ယောက် သေခဲ့သည်။ ၂ဝဝ၈ ဖေဖော်ဝါရီ ၂၇ ရက်တွင်မူ ရနောင်းမှ ဟတ်ယိုင်သွား လူမှောင်ခိုကားကို ထိုင်းလုံခြုံရေးက ပစ်ခတ်၍ ၉ နှစ်သား ရခိုင်ကလေး မောင်ဦးမင်းစိုးသေပြီး ၃ ဦး ဒဏ်ရာရခဲ့သည်။
နအဖစစ်အစိုးရ လက်ထက်တွင် ကရင်ပြည်၌ ရွာပေါင်း ၃ဝဝဝ ကျော် ဖျက်ဆီးခံရပြီး ကရင်အရပ်သား ၃ဝဝဝ ကျော် အသတ်ခံရသည်။ ကရင်ပြည်၊ မွန်ပြည်နှင့် တနင်္သာရီဒေသတို့တွင် ပြည်သူ ၆ သိန်းကျော်မှာ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည် IDP ဖြစ်နေပြီး ရွာပုံး ရွာရှောင်များတွင် နေရာအတည်တကျမရှိ လှည့်လည်ရွှေ့ပြောင်း နေထိုင်နေရသည်။ ကရင်ပြည်တွင် ၁၉၈၈ နှင့် ၂ဝဝ၄ ကြား၌ အနည်းဆုံး ကရင်အမျိုးသမီး ၁၂၅ ယောက် မုဒိမ်းကျင့်ခံရသည်။ ကရင်နီပြည်တွင်လည်း ပြည်သူ ၁ သိန်းနီးပါးမှာ အလားတူ အိုးအိမ်မဲ့ဒုက္ခသည် ဖြစ်နေသည်။ ဤဒေသများတွင် ၅ နှစ်အောက်ကလေး သေနှုန်းမှာ မြန်မာတနိုင်ငံလုံး ပျမ်းမျှနှုန်းထက် နှစ်ဆကျော်နေသည်။
ရှမ်းပြည်တွင်မူ ရွာပေါင်း ၂ဝဝဝ ခန့်ဖျက်ဆီးခံရပြီး ရှမ်းပြည်သူ ၂ဝဝဝ ခန့် အသတ်ခံရသည်။ ရှမ်း လူထု ၄ သိန်း ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည် ဖြစ်နေသည်။ ၁၉၉၆ နှင့် ၂ဝဝ၁ ကြား၌ အနည်းဆုံး အမျိုးသမီး ၆၂၅ ယောက် မုဒိမ်းကျင့်ခံရသည်။ ဤသည်မှာ လက်လှမ်းမှီသလောက် ကောက်ယူရရှိသည့် စာရင်းသာ ဖြစ်သည်။ တကယ်တမ်းအားဖြင့် ကရင်ပြည်၊ ကရင်နီပြည်၊ ရှမ်းပြည်တို့တွင် မုဒိမ်းကျင့်ခံရသည့် အမျိုး သမီး အရေအတွက်၊ အသတ်ခံရသည့် ပြည်သူလူထု အရေအတွက်တို့မှာ အထက်ပါ စာရင်းများထက် များစွာပိုသည်။ အိုးအိမ် အတည်တကျမရှိ တောထဲတောင်ထဲ လှည့်ပတ်ရှောင်ပုန်း နေကြရသဖြင့် ငှက်ဖျား၊ တီဘီ၊ အာဟာရချို့တဲ့မှုနှင့် ရောဂါဘယ အမျိုးမျိုးကြောင့် ထောင်သောင်းချီ၍လည်း မသေသင့် ဘဲသေနေကြရသည်။ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း ပြည်သူလူထု နှစ်သိန်းကျော်မှာ ထိုင်းနယ်စပ်သို့ နယ်စပ်ကျော် စစ်ပြေးဒုက္ခသည်များအဖြစ် ရောက်ရှိနေရသည်။
၂ဝဝ၇ စက်တင်ဘာလက သံဃာတော်တို့၏ လှုပ်ရှားမှုကို နအဖစစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းခဲ့ရာ ဗုဒ္ဓဘာသာ သံဃာတော် ၁၅ ပါးအပါအဝင် ဆန္ဒပြသမား ၁ဝဝ နီးပါး အသတ်ခံခဲ့ရသည်။ ၁၉၈၈ ခုနောက်ပိုင်း မြန်မာနိုင်ငံမှ အကျဉ်းထောင်များအတွင်း၌လည်း နိုင်ငံရေးအကျဉ်းသား ၁၅ဝ နီးပါး သေဆုံး ခဲ့ပြီဖြစ်သည်။ ထောင်နှင့်သောင်းနှင့် ချီသော သာမန်ရာဇဝတ် အကျဉ်းသားများလည်း အကျဉ်းထောင်များ၊ ရဲဘက်စခန်းများ၊ ရှေ့တန်းစစ်မြေပြင်များ၌ သေဆုံးခဲ့ကြ၊ သေဆုံးနေကြသည်။
စင်စစ်အားဖြင့် နအဖစစ်အာဏာရှင်တို့၏ ပေါ်လစီများ၊ လုပ်ရပ်များ၊ တွေးခေါ်စဉ်းစားမှုများမှာ ညံ့ဖျင်းခြင်း၊ မှားယွင်းနေခြင်းမျှ မဟုတ်ပေ။ ဆရာမြသန်းတင့် ပြောဖူးသည့် ဆိုးယုတ်ခြင်း ဖြစ်သည်။ Evil ဖြစ်သည်။ ဟစ်တလာ အပါအဝင် ကမ္ဘာပေါ်မှ အဆိုးဆုံး အာဏာရှင်များနှင့် ထပ်တူထပ်မျှ ဖြစ်သည်။ သံဃာကိုပင် ဗြောင်အတိအလင်း သတ်ရဲသော ဗမာပြည်အာဏာရှင်တို့အတွက် မလုပ်နိုင်စရာ ဆိုးယုတ်မှုဟူသည် ဘာမှမရှိ။
ကမ္ဘောဒီးယားနိုင်ငံတွင် ခမာနီအစိုးရလက်ထက် ၁၉၇၅ မှ ၁၉၇၉ အထိ လေးနှစ်အတွင်း ပြည်သူ ၂ သန်း သေခဲ့ရာ လူငါးသောင်းမှ ရှစ်သောင်းမှာ အသတ်ခံရခြင်းဖြစ်ပြီး ကျန်တသန်းကျော်မှာ ခမာနီအစိုးရ ပေါ်လစီများကြောင့် ငတ်ပြတ်ဖျားနာ ပင်ပန်းဆင်းရဲ၍ သေကြရခြင်း ဖြစ်သည်။ အရှေ့တီမော နိုင်ငံတွင်လည်း အင်ဒိုနီးရှားနိုင်ငံက ၁၉၇၅ မှ ၁၉၉၉ အထိ တိမောသား ၂ သောင်းကို သတ်ခဲ့သည်။ သို့သော် အင်ဒိုနီးရှား အစိုးရကြောင့် ဖြစ်ရသည့် ငတ်ပြတ်ပင်ပန်းမှုနှင့် ရောဂါဘယများကြောင့် နောက်ထပ် တိမောသား ၉ သောင်းသေခဲ့သည်။
အီရတ်အာဏာရှင် ဆဒ္ဒန်ဟူစိန်က ၁၉၈၈ ခုနှစ်တွင် ကာ့ဒ်တိုင်းရင်းသားလူမျိုး ၅ သောင်းကို ဓာတု လက်နက်ဖြင့် လူမျိုးတုံး စစ်ဆင်ရေး လုပ်ခဲ့သည်။ ရဝမ်ဒါနိုင်ငံ၌ အာဏာရှင်အစိုးရနှင့် လက်ပါးစေတို့က ၁၉၉၄ ဧပြီလမှ ဇူလိုင်လအထိ ရက်ပေါင်း ၁ဝဝ အတွင်း လူ ၈ဝဝဝဝဝ (ရှစ်သိန်း)ကို သတ်ပစ်ခဲ့သည်။ ၁၉၉၂-၉၅ မှာ ဆားဘီးယားနှင့် သြဇာခံ ဘော့စ်နီးယား ခွဲထွက်ဆာ့ဘ်တို့က ဘော့စ်နီးယား - ဟာဇီ ဂိုဗီးနား တွင် မွတ်ဆလင်များအပေါ် လူမျိုးတုံး စစ်ဆင်ရေး လုပ်ခဲ့သည်။ ၁၉၉၅ ဇူလိုင်လက ဆဘရင် နီကာမြို့တွင် ဘော့စ်နီးယား အရပ်သား ၈ဝဝဝ ကို ဗိုလ်ချုပ်ကြီး မလာဒစ် ဦးစီးသော ဆားဘီးယားတပ်က သတ်ပစ်ခဲ့သည်။ လူမျိုးတုံးသတ်ပွဲများ အဓိက ကျူးလွန်သည့် ဆာ့ဘ်လက်မရွံ့တပ်ဖွဲ့ အမည်မှာ စကော်ပီယံ ဟူ၏။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမဏီနိုင်ငံက ဂျူးလူမျိုး ၆ သန်း၊ ဆိုဗီယက်ပြည်သူ ၂၅ သန်းနှင့် သောင်းနှင့်ချီသော ဥရောပပြည်သူများကို သေစေခဲ့သည်။ အတော်များများမှာ ငတ်ပြတ်မှုဒဏ်၊ ရောဂါဘယဒဏ်တို့ဖြင့် အသက်ဆုံးရခြင်း ဖြစ်သည်။ စစ်ကြီးအပြီး၌ ဂျာမန်ဖက်ဆစ် ခေါင်းဆောင် များအား နျူရင်ဘတ် စစ်ခုံရုံးမှာ ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။ ဂျီနိုဆိုက်ဒ် (လူမျိုးတုံး သုတ်သင်မှု) ဆိုသော အယူအဆသည် ဥပဒေပိုင်းအရ ထိုအချိန်မှ အစပြုခဲ့ပြီးနောက် ကုလသမဂ္ဂက ၁၉၄၈ ခုတွင် ဂျီနိုဆိုက်ဒ် ကွန်ဗင်းရှင်း စာချုပ်ကို အသေအချာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ၁၉၅၁ ခုမှာ စတင်အသက်ဝင်ခဲ့ပြီး ယခုအခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၃ဝ ကျော်က လက်ခံအတည်ပြုထားသည်။ ဤသဘောတူစာချုပ် ပုဒ်မ ၂ တွင် ဂျီနိုဆိုက်ဒ်ကို ယခုလို အဓိပ္ပာယ်ဖွင့်ထားသည်။
“နိုင်ငံလုံးဆိုင်ရာ လူအုပ်စု သို့မဟုတ် တိုင်းရင်းသားလူမျိုးဆိုင်ရာ လူအုပ်စု သို့မဟုတ် ဘာသာရေးဆိုင်ရာ လူအုပ်စုတခုကို တခုလုံးသော်လည်းကောင်း၊ တစိတ်တပိုင်းသော်လည်းကောင်း ဖျက်ဆီးပစ်ရန် ရည်ရွယ် ချက်ဖြင့် အောက်ပါလုပ်ရပ်များကို ကျူးလွန်ခြင်း။
(က) ယင်းလူအုပ်စု အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊ (ခ) ယင်းလူအုပ်စု အဖွဲ့ဝင်များကို ရုပ်ခန္ဓာပိုင်းအရ သော်လည်းကောင်း၊ စိတ်ပိုင်းအရ သော်လည်းကောင်း ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေခြင်း၊ (ဂ) တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုဖြစ်စေရန် အသေအချာ စီစဉ် ထားသည့် ဘဝအခြေအနေများကို ယင်းလူအုပ်စုအပေါ်၌ သက်ရောက်စေခြင်း၊ (ဃ) ယင်းလူအုပ်စု အတွင်း ကလေးမွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း၊ (င) ယင်းလူ အုပ်စုမှ ကလေးသူငယ်များကို အခြားလူစုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းပစ်ခြင်း။”
၁၉၉၄ ခု ရဝမ်ဒါနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးက ဂျီနိုဆိုက်ဒ်ကို ယခုလို ထပ်မံချဲ့ထွင်၍ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။
“လူအုပ်စုတခုကို မသေရုံတမယ် မဝရေစာ ကျွေးထားခြင်း၊ နေအိမ်များမှ စနစ်တကျ မောင်းထုတ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို အနိမ့်ဆုံး လိုအပ်ချက်ထက် နှိမ့်ချပစ်ခြင်း။... ယင်းလူအုပ်စုကို တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရ ဖျက်ဆီးပစ်ရန် အထူးရည်ရွယ်ချက်ဖြင့် မုဒိမ်းမှု၊ လိင်ကိစ္စ အကြမ်းဖက်မှု ကျူးလွန်ခြင်း။”
ဂျီနိုဆိုက်ဒ် အဓိပ္ပာယ်ဖွင့်ဆိုချက် အပိုဒ်ခွဲ (ခ) မှာ မနုဿဗေဒ ပညာရှင် ကဗျာဆရာ ဖေသက်နီ ပြောခဲ့ဖူးသည့် မဲန်တယ်လ်ဂျီနိုဆိုက်ဒ် ခေါ် စိတ်ဓာတ်ရေးရာ ဂျီနိုဆိုက်ဒ်ကို ဆိုလိုခြင်း ဖြစ်သည်။ ပြည်သူ ပြည်သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်များ၊ ကျင့်ဝတ်တန်ဖိုးများ၊ စာရိတ္တ စာရဏတရားများကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ နအဖလက်ထက်တွင် ကိုယ်ကျိုးကြည့် အကျင့်ပျက်မှုများ နိုင်ငံနှင့်အဝှမ်း ထိန်းမနိုင် သိမ်းမရ ရုပ်ပျက်ဆင်းပျက် ကြီးထွားနေသည်။ သာမန်ပြည်သူထဲမှ ဖြစ်လာသော ရယက၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ မီးသတ်တို့သည် စစ်အာဏာရှင်တို့ထံမှ အရိုးအရင်းလေး ရဖို့အတွက် ဇာတ်တူ သားဖြစ်သော ပြည်သူလူထုကို ရက်ရက်စက်စက် စားကုန်ကြသည်။ ဤသို့ စာရိတ္တ စာရဏ ပျက်ပြားမှုများ တနိုင်ငံလုံး လွှမ်းမိုးကြီးစိုးနေရာ နယ်စပ်ကျော်လွန်၍ ဒုက္ခသည်စခန်းများ၊ အတိုက်အခံ အဖွဲ့များထဲမှာပင် ရင်မောတုန်လှုပ်ဖွယ် လှိုက်စားနေသည်။
ဂျီနိုဆိုက်ဒ်သည် လူသားမျိုးနွယ် ဆန့်ကျင်ရေး ရာဇဝတ်မှုများ၏ အစိတ်အပိုင်းဖြစ်ပြီး စစ်ကာလ အတွက်သာမက စစ်မဖြစ်သည့် ကာလအတွက်လည်း အကျုံးဝင်သည်။
ဂျီနိုဆိုက်ဒ် ကျူးလွန်သည့် အာဏာရှင် နိုင်ငံများတွင် လူ့အသက်ကို တန်ဖိုးမထားသည့် သဘောထား ဓလေ့ထုံးတမ်းများ ပျံ့နှံ့နေပြီး အာဏာရှင် ဘက်တော်သားတို့က ကျန်နိုင်ငံသားတို့အား ဘာသာကွဲ ဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ သရုပ်ပျက်များ၊ ဥပဒေဘောင် ပြင်ပကလူများ၊ အောက်တန်းစား လူမျိုးများ၊ ခွဲထွက်ရေး သမားများ၊ သောင်းကျန်းသူ အဖျက်သမားများ၊ မင်းမဲ့ဝါဒီများ၊ အကြမ်းဖက်သမားများ၊ နယ်ချဲ့ လက်ပါးစေများ၊ ပုဆိန်ရိုးများ၊ လူတန်းစား ရန်သူများ၊ တန်ပြန်တော်လှန်ရေးသမားများ စသဖြင့် တံဆိပ်အမျိုးမျိုး သမုတ်ပြီး ဂျီနိုဆိုက်ဒ်ကို ကျူးလွန်ကြခြင်း ဖြစ်သည်။ ကိုယ့်အတွက်ကိုမူ မြင့်မြတ်သော တာဝန် ထမ်းဆောင်နေသူများ၊ မြင့်မြတ်သော လူမျိုးများ၊ အမျိုးဘာသာသာသနာ သန့်ရှင်းတည်တံ့ရေးကို စောင့်ထိန်းသူများ၊ အသိအမြင် ပြည့်ဝရင့်ကျက်သူများ၊ တိုင်းပြည်ကို အဓိက စောင့်ရှောက်နေရသူများ၊ နိုင်ငံအတွက် အဓိက အနစ်နာခံနေသူများ၊ အမျိုးသားနိုင်ငံရေးသမားများ၊ စစ်မှန်သည့် တော်လှန်ရေး သမားများ စသည်ဖြင့် မိမိတို့ ကိုယ်မိမိ သတ်မှတ်ကြသည်။ အထူးသဖြင့် ပြည်သူ၊ နိုင်ငံတော်၊ အချုပ်အခြာအာဏာ၊ အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို ဆိုင်ဆိုင် မဆိုင်ဆိုင် ရေလဲနှင့် သုံးလေ့ရှိသည်။
ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီနှင့် ဂျာမန်ကွန်မြူနစ်ပါတီတို့က နာဇီအာဏာရှင်အစိုးရကို အကြမ်း မဖက်ရေးနည်း၊ လက်နက်ကိုင်ပုန်ကန်နည်း၊ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်နည်း စသည့်နည်းမျိုးစုံဖြင့် ဆန့်ကျင်ခဲ့ကြသည်။ ၁၉၄၄ ခုတွင် ဒီမိုကရေစီလိုလားသူ ဗိုလ်ချုပ်များဦးစီး၍ ဂျာမန်စစ်တပ်က ဟစ်တလာကို ဗုံးခွဲလုပ်ကြံ အာဏာသိမ်းရန် အထိပင် စီစဉ်ခဲ့သည်။ မအောင်မြင်ခဲ့။ နောင်တွင် ဘူလ်ဂေးရီးယား သမ္မတ ဖြစ်လာမည့် ဂျာမန်ကွန်မြူနစ်ခေါင်းဆောင် ဒီမီထရော့ဗ် (ရိုက်ခ်ျစတက် လွှတ်တော် မီးရှို့မှုဖြင့် အမှုဆင် အဖမ်းခံရပြီးနောက် တရားခွင်၌ ကမ္ဘာကျော်လျှောက်လဲချက် ပေးခဲ့သူ)သည် ကွန်မြူနစ်ပီပီ ပြည်တွင်းမှ ပြည်သူ့အင်အားကို အဓိကထားပြီး နာဇီအာဏာရှင်စနစ် ဖြုတ်ချရေး အယူအဆကို ရပ်တည်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အမေရိကန်-အင်္ဂလိပ်- ရုရှား မဟာမိတ် စစ်အင်အားဖြင့် ဂျာမန်အာဏာရှင်စနစ် ဖြုတ်ချရေးကို တက်ကြွစွာ လှုပ်ရှား အကျိုးဆောင် ပေးသူ ဖြစ်သွားသည်။ အီတလီ ဖက်ဆစ်အာဏာရှင်တို့ကို လည်း အီတလီ ကွန်မြူနစ်ပါတီ၊ အီတလီ ဆိုရှယ်လစ်ပါတီ၊ အက်ရှင်ပါတီ၊ ခရစ်ယာန် ဒီမိုကရက်ပါတီ စသည်တို့က လက်နက်ကိုင်တိုက်ပွဲ အပါအဝင် သဏ္ဍာန်အမျိုးမျိုးဖြင့် ဆန့်ကျင်အံတုခဲ့ကြသည်။ အလားတူ ဂျပန်ဖက်ဆစ်တို့ကိုလည်း ဂျပန် ကွန်မြူနစ်ပါတီနှင့် ဒီမိုကရေစီအင်အားစုများက လျှို့ဝှက်အံတုခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက်ပြည်ထောင်စုတို့မှ (အဏုမြူဗုံး အပါအဝင်) စစ်ရေးနည်းလမ်းဖြင့်သာ ဂျာမန်၊ အီတလီ၊ ဂျပန် ဖက်ဆစ်အာဏာရှင်တို့ကို ဇီဝိန်ခြွေပစ်နိုင်ခဲ့သည်။
သည်ဘက်ခေတ်တွင်လည်း ဂျီနိုဆိုက် ကျူးလွန်သည့် အဆိုးဆုံး အာဏာရှင်တို့ကို ပြင်ပမှ အင်အား သုံးသည့်နည်းဖြင့်သာ နိဂုံးချုပ်စေနိုင်ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘောဒီးယား၊ ရဝမ်ဒါ၊ အရှေ့တိမော၊ ဘော့စ်နီးယား- ဟာဇီဂိုဗီးနား၊ ကိုဆိုဗို၊ လိုင်ဘေးရီးယား၊ ဆီယာရာလီယွန်း၊ ဟေတီ၊ ပနားမား၊ အီရတ်၊ အာဖဂန်နစ္စတန် စသည့် ဥပမာများ အထင်အရှားရှိနေသည်။ မည်သူမျှ ငြင်းမရနိုင်သည့် သက်သေ သာဓကများဖြစ်သည်။ (နောက်ဆက်တွဲ ပြဿနာများတွင်သာ ငြင်းစရာများ ပေါ်တတ်သည်။ သို့ရာတွင် နဂိုမူလ အာဏာရှင် ပြဿနာလောက် မကြီးတော့သည်မှာ သေချာသည်။)
မည်သို့ပင်ဖြစ်စေ ပြည်တွင်းမှ အာဏာရှင် ဆန့်ကျင်ရေးသမား အတိုက်အခံများ၊ ပြည်သူများ၏ လှုပ်ရှား မှုများကိုမူ လုံးဝပစ်ပယ်၍ မရ။ ဤပြည်တွင်းလှုပ်ရှားမှုများ ရှိမှသာ ပြည်ပမှ အင်အားသုံး စွက်ဖက်မှု အတွက် လမ်းခင်းလမ်းပြရာ ရောက်မည်ဖြစ်သည်။
ကမ္ဘောဒီးယားမှ ခမာနီခွဲထွက် သူပုန်ခေါင်းဆောင်များ ဖြစ်သော ဟင်ဆာရင်နှင့် ဟွန်ဆင်၊ ဘုရင့်ဂိုဏ်း သူပုန်ခေါင်းဆောင် မင်းသားကြီး သီဟာနု၊ ရဝမ်ဒါ မျိုးချစ်တပ်ဦး သူပုန်အဖွဲ့ခေါင်းဆောင် ပေါလ်ကာဂါမီ၊ အရှေ့တိမောမှ ဖရီတီလင် သူပုန်အဖွဲ့ခေါင်းဆောင် ဂတ်စ်မာအိုနှင့် ဟိုဆေးရားမို့စ်ဟိုတာ၊ ဘော့စ်နီးယားမှ ရွေးကောက်ခံသမ္မတ အလီယာ အီဇက်ဘီဂိုဗစ်ခ်ျ၊ ကိုဆိုဗို လွတ်မြောက်ရေးတပ်မတော် သူပုန်အဖွဲ့ခေါင်းဆောင် ဟာရှင်သက်ဆီနှင့် အဂင်ချီကူး၊ လိုင်ဘေး ရီးယား ညီညွတ်ရေး ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး သူပုန်အဖွဲ့ခေါင်းဆောင် ဆီကူကွန်နယ်နှင့် သောမတ်နင်မလီ၊ ဆီယာရာလီယွန်းမှ ရွေးကောက်ခံသမ္မတ ကက်ဘာ၊ ဟေတီမှ ရွေးကောက်ခံသမ္မတ ဘုန်းတော်ကြီး အာရစ္စတိဒ်၊ အာဖဂန်နစ္စတန်မှ သူပုန်ခေါင်းဆောင် ရှားမာဆွဒ် စသူတို့ ရှိ၍သာ ပြင်ပမှ အင်အားသုံး ဝင်ရောက်နိုင်ခြင ဖြစ်သည်။ ခြွင်းချက်အားဖြင့် အချို့အာဏာရှင်နိုင်ငံများတွင် မဟာ ဗျူဟာ မြောက် တူးမြောင်း၊ မဟာဗျူဟာမြောက် ရေနံစသည့် ထူးခြားချက်များကြောင့် ပြင်ပမှ အင်အားသုံး ဝင်ရောက်ခြင်းလည်း ရှိသည်။
ထူးခြားချက်မှာ အာဏာရှင်ကို ပြည်တွင်းအင်အားစုများက လက်နက်ကိုင် အကြမ်းပတမ်းနည်း ဖြင့် အုံးအုံးခြိမ့်ခြိမ့် တုံ့ပြန်ရင်ဆိုင် ပွက်လောရိုက်နေသော high-intensity conflict နိုင်ငံများတွင် ပြည်ပမှ အင်အားသုံးဝင်ရောက်မှု ပိုလုပ်လေ့ရှိသည်။ မြန်မြန်ပွဲပြတ်လေ့ ရှိသည်ကို တွေ့ရသည်။ ပြည်တွင်း လှုပ်ရှားမှု လုံးဝမရှိ (သို့မဟုတ်) မပြင်းထန်သည့် low- intensity conflict အာဏာရှင်နိုင်ငံကို ပြင်ပမှ အင်အားသုံး စွက်ဖက် ပွဲသိမ်းပေးခြင်း ပြုလေ့မရှိ။ အထူးသဖြင့် အကြမ်းမဖက် ငြိမ်းချမ်းစွာ အံတုသည့် နည်းလမ်းများကို လည်းကောင်း၊ ဒိုင်ယာလော့ကို မဟာဗျူဟာအဖြစ်လည်းကောင်း စွဲစွဲမြဲမြဲ ကျင့်သုံး နေသည့် အာဏာရှင် နိုင်ငံများကို ပြင်ပမှ အင်အားသုံး စွက်ဖက်ခြင်း မရှိပေ။ သို့ရာတွင် တဖက်မှ ကြည့်ပါက ယင်းကဲ့သို့ အာဏာရှင်နိုင်ငံများမှာ ကြယ် ၂ ပွင့် ကြယ် ၃ ပွင့်အဆင့် အာဏာရှင်နိုင်ငံများ လောက်သာ ဖြစ်တတ်ပြီး ပြည်တွင်းအင်အား သက်သက်ဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်း နိုင်စွမ်းရှိကြသည်။
သို့ဖြစ်၍ ကမ္ဘာပေါ်မှ အာဏာရှင်များအနက် ဆိုးယုတ်မှုအဆင့် ကြယ် ၄ ပွင့် ကြယ် ၅ ပွင့်အထိ ရောက်သွားသည့် ဂျီနိုဆိုက် အာဏာရှင်များကို ပြင်ပမှ စစ်ကူအင်အားများကသာ ပွဲသိမ်းပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပြီး ပြည်တွင်းအင်အားစုများက အာဏာရှင်ကို ခြိမ့်ခြိမ့်သဲသဲ ပြင်းပြင်းထန်ထန် တန်ပြန် တိုက်ပွဲဝင်လေ၊ ပြည်ပမှစစ်အင်အားများ အမြန်ဆုံး ဝင်ရောက်ကူညီနိုင်ရေးကို လှုံ့ဆော်အားပေးရာ ရောက်လေဖြစ်သည်။ ဤနည်းဖြင့်သာ ဂျီနိုဆိုက်အာဏာရှင်ကို force out လုပ်နိုင်မည် ဖြစ်သည်။ ပြည်တွင်းအင်အားစုများက မည်သည့်တိုက်ပွဲမှ ဆူပွက်လှုပ်ရှားမနေဘဲ ပါးစပ်မှ ထိုင်အော်နေရုံမျှဖြင့် မည်သည့်နိုင်ငံခြား စစ်တပ်မှ ဝင်တိုက်ပေးလိမ့်မည် မဟုတ်ပါကြောင်း။
ဂါမဏိ
Read More...
Collapse...
ဇာနည်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 18:54 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေသောကြောင့် "၀" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ထိပ်သီး ခေါင်းဆောင်များနှင့် သူတို့နှင့် ဆက်နွယ်သော ကုမ္ပဏီများ ပိုင်ဆိုင်မှုများကို ထိန်းချုပ်သော တားမြစ် အရေးယူမှု ပြုလုပ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်သော အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဘိန်းရာဇာတဦးဖြစ်သော ဝေရှောက်ခန် အပါအ၀င် "၀" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)မှ ပုဂ္ဂိုလ် ၂၆ ဦးနှင့် ရန်ကုန်အဲယားဝေး၊ ဟုန်ပမ်း ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၁၇ ခုတို့ကို မူးယစ်ဆေးဝါးဆိုင်ရာ ကင်းပင်း အက်ဥပဒေအရ သူတို့၏ အမေရိကန်နိုင်ငံတွင်းရှိ ပိုင်ဆိုင်မှု ငွေနှင့် ပစ္စည်းများကို ထိန်းချုပ်ခြင်းနှင့် ဆက်သွယ်မှု တားမြစ်သည်ဟု အမေရိကန် အစိုးရ ဘဏ္ဍာရေးဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ဌာန (OFAC) ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။
"ဒီနေ့ OFAC က 'ဝ' စစ်ဗိုလ်ကြီးတွေနဲ့ သူတို့ ငွေကြေးကို ဦးတည်ပြီးတော့ သူတို့ရဲ့ ကြီးမားတဲ့ မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်လိုက်တယ်။ တခြားတိုင်းပြည်တွေကလဲ ဒီလိုမျိုးလုပ်ကြဖို့ ပြောချင်ပါတယ်" ဟု ဟမ်မရယ်က ပြောသည်။
ဝေရှောက်ခန်၏ ညီနှစ်ဦးဖြစ်သော ဝေရှောက်လောင် နှင့် ဝေရှောက်ရင်၊ UWSA၏ စစ်သေနာပတိချုပ်တဦးဖြစ်သော ပေါင်ယုဆိုင်နှင့် ညီအစ်ကို ၅ ဦး၊ ဟိုချန်တင်နှင့် ရှီခူနန်တို့အပါအ၀င် သူတို့၏ မိသားစုဝင်များနှင့် သူတို့နှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်နှင့် တရုတ်တို့မှ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။
"UWSA ဟာ အရှေ့တောင်အာရှတခွင်မှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့၊ ဖြန့်ချီ ကုန်သွယ်မှု ပြုလုပ်နေတဲ့ အကြီးဆုံးနှင့် အာဏာ အရှိဆုံး အဖွဲ့စည်းတခု ဖြစ်တယ်" ဟု OFACမှ ဒုညွှန်ကြားရေးမှူး ဘာဘရာ စီ ဟမ်မရယ်က ကြေငြာချက်တွင် ပြောကြားသည်။
တားမြစ်ခံရသော ကုမ္ပဏီများတွင် ဟုန်ပန်း ကုမ္ပဏီလုပ်ငန်းစု လက်အောက်မှ ဟုန်ပန်းအမည်နှင့် လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်တူးဖော်ရေး၊ အထည်အလိပ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ၊ စင်ကာပူနှင့် မြန်မာရှိ တက်ခမ်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ တက်ခမ်း ကျောက်မျက် ကုမ္ပဏီ၊ ရန်ကုန်အဲဝေး လေကြောင်းလိုင်း၊ Vest Spectrum (S) pte., Ltd. တရုတ်နိုင်ငံမှ Dehong Thailong Hotel Co., Ltd၊ ထိုင်းနိုင်ငံမှ Sangsiri Kankaset Company Limited နှင့် Khum Thaw Company Limited တို့ပါဝင်သည်။
ကင်းပင်းအက်ဥပဒေမှ တားမြစ်ချက်များကို ချိုးဖောက်လျှင် အဖွဲ့စည်းလိုက် ပါဝင် ပတ်သက်မှုအတွက် ငွေဒဏ် အမေရိကန် ဒေါ်လာ ဆယ်သန်း အထိ၊ တဦးချင်း ပါဝင်ပတ်သက်မှုအတွက် အမေရိကန်ဒေါ်လာ ၅ သန်းအထိနှင့် ထောင်ဒဏ် နှစ် ၃၀ အထိ ပြစ်ဒဏ်များ ကျခံရနိုင်သည်။
အမေရိကန် အစိုးရက ဝေရှောက်ခန်ကို ဖမ်းမိလျှင် ဒေါ်လာ ၂သန်းအထိ ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။ သမတ ဘုရှ်က ၂၀၀၅ ခုတွင် ဝေရှောက်ခန်တို့ ညီအစ်ကို ၃ ဦးနှင့် ပေါင်ယုဆိုင် ညီအစ်ကို ၅ ဦးတို့ကို ဘိန်းရာဇာ စာရင်းတွင် ထပ်မံ ထည့်သွင်း ကြေငြာခဲ့သည်။
လက်ရှိအချိန်တွင် ဝေရှောက်ခန်သည် UWSA ၏ အကြီးတန်း စစ်ဦးစီးချုပ်ဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်သားဖြစ်သူ ဝေရှောက်ခန်သည် တရုတ်-မြန်မာ နယ်စပ်သို့ ရောက်ရှိလာပြီးနောက် ဘိန်းဘုရင် ခွန်ဆာ၏ ဘဏ္ဍာထိန်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၀ တွင်မူ ခွဲထွက်ပြီးနောက် ကိုယ်ပိုင် ဘိန်းအင်ပါယာများကို တည်ထောင်ခဲ့ကြသည်။ ဝေရှောက်ခန် ညီအစ်ကိုများသည် ၁၉၈၉တွင် ပေါင်ယုဆိုင် ညီအစ်ကိုများ၏ UWSA နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး အကြီးတန်း အရာရှိ တဦးအဖြစ် ပါဝင်ခဲ့သည်။
ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်ခံ ဖြစ်ခဲ့ရာမှ ၁၉၈၉ ခုနှစ် မတ်လအတွင်းတွင် အင်အား နှစ်သောင်းကျော်နှင့် ခွဲထွက်ပြီး UWSA ဟု ၀ များက ထူထောင်ခဲ့သည်။ များမကြာမီ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည်။
အပစ်ခတ် ရပ်စဲပြီးနောက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ မြောက်ဖက်ရှိ ပန်ဆန်းမှ မြောက်ဖက် ယိင်းချန်းဒေသအထိ တရုတ် - မြန်မာ နယ်စပ်ကို '၀' အထူးဒေသ (၂) ဟု သတ်မှတ်နေထိုင်သည်။

ဤပုံအား ဒီနေရာတွင် ပုံကြီးချဲ့ကြည့်နိုင်ပါသည်။
Ref: မဇ္ဈိမ
Read More...
Collapse...
နိုဝင်ဘာလ 14 2008
ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အများစုအပါအ၀င် တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ယနေ့တွင် တရားရုံးအသီးသီးက ၁၆ နှစ်အထိ ရှည်လျားသော ထောင်ချမှုများ ပြုလုပ်လိုက်ပြန်သည်။
တံခါးပိတ်ကျင်းပသည့် ကျောက်တံတားမြို့နယ် တရားရုံးက ဒေါပုံမြို့နယ်မှ ကိုကျော်ဇင်ဝင်းကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်ပြီး မောင်ကျော်ကျော်လင်းကို ၁၃ နှစ်၊ မကြည်ကြည်ဝါကို ၁၁ နှစ်နှင့် ကိုနေဇာမျိုးဝင်း (ဒေါပုံ)၊ ကိုအောင်ဇော်ဦး (တောင်ကြီး) တို့အား ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။
အင်းစိန်ထောင်တွင်း အထူးတရားရုံးက လှိုင်သာယာမြို့နယ်မှ ပါတီဝင်လူငယ် ကိုသန်းဇော်မြင့်၊ ကိုစန်းဝင်း ၊ ကိုသန့်ဇင်မျိုး တို့ကို ၉ နှစ်ခွဲနှင့် ဒေါ်ငယ်မ၊ ကိုကျော်စိုးဝင်း ၊ ကိုသိုက်မင်းတို့အား ၇ နှစ်ခွဲစီ ထောင်ဒဏ်ချမှတ်သည်။
"အဖမ်းခံရသူ မိသားစုတွေက လာပြီးတော့ ထောင်အ၀မှာ စောင့်နားထောင်တယ်လေ… ဒီကနေ ထောင်အရာရှိတဦးကို ဖုန်းဆက်ပြီး မေးခိုင်းကြည့်တယ်။ သူတို့ကို နှစ် ဘယ်လောက် ချလိုက်တယ်ပေါ့။ အဲဒါကြောင့် သူတို့ သိခဲ့ရတာ" ဟု ထောင်ချခံရသူတဦး၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။
ကိုနေဇာမျိုးဝင်း၏ ဖခင်က "သားသမီး အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့။ ၀မ်းနည်းခြင်း တော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ ယုံကြည်ချက်နဲ့ သူတို့ ရွေးချယ်ရာလမ်း ပေါ့ဗျ။ သူတို့ ဒီလမ်းကို လျှောက်တဲ့ ကိစ္စဖြစ်လို့ ဒီလိုဖြစ်တာပါပဲ" ဟု ပြောသည်။
ထို့အပြင် အင်းစိန် အထူးတရားရုံးမှ မန္တလေးတိုင်း အန်အယ်ဒီ ပါတီဝင်များဖြစ်သည့် ဦးရွှေမောင်း၊ ကိုဝဏ္ဏအောင်၊ ကိုဇော်ဝင်းတို့အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုဖြင့် တဦးလျှင် ၄ နှစ်စီ ချမှတ်သည်။
သူတို့ အကုန်လုံးပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဖြစ်ကြပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သော
စီတန်းလှည့်လည် မေတ္တာပို့သော ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံရသူခြင်း သို့မဟုတ် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး ဆုတောင်းပွဲများတွင် ပါဝင်၍ အဖမ်းခံရခြင်း ဖြစ်သည်။
ထို့အပြင် ဒဂုံမြို့နယ်မှ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား တောင်ဒဂုံတရားရုံးတွင် ယနေ့ ညနေ ၃ နာရီခန့်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။
ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည် ၂၀၀၈ ခုနှစ် ဧပြီလအတွင်းက စစ်အစိုးရက မေလအတွင်း ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့်အနေဖြင့် NO အကျီ ၀တ်ဆင်ကာ သင်္ကြန်တွင် လည်ပတ်သည့်အတွက် ဖမ်းဆီးခံရသူများ ဖြစ်သည်။
ယနေ့ စီရင်ချက် ချသူများထဲမှ ကိုစန်းဝင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်းတို့သည် ယမန်နေ့ ကလည်း စွဲဆိုထားသော အမှုအချို့ဖြင့် စီရင်ချက် ချခံရသူများဖြစ်ပြီး ယနေ့တွင်လည်း အမှုတွဲများဖြင့် ထောင်ဒဏ် တိုးခံရသူများ ဖြစ်သည်။
သန်းထိုက်ဦး
Ref: မဇ္ဇျိမ
Read More...
Collapse...
ဂါမဏိ
ယူရေနီယမ်လှုပ်ရှားမှုများ
ဗမာပြည်ရဲ့ ယူရေနီယမ်သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အရင်သတင်းတွေကို အတည်ပြုပေးတဲ့ နောက်ထပ်အချက် အလက်တွေ ထပ်ထွက်လာပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ယူရေနီယမ်သတ္တုရိုင်းဟာ ကျောက်ဖြုံး၊ ဖောင်း ပြင်နဲ့ ကျောက်ဆင့် ဒေသတွေမှာ ရှိနေပါတယ်။ ဒါ့အပြင် တနင်္သာရီတောင်ပိုင်း၊ ကရင်နီပြည် (လွိုင်ကော်ဒေသ)၊ ကချင်ပြည် မိုးညှင်း နဲ့ ရှမ်းပြည် တောင်ကြီးအနောက်ဖက်တွေမှာလည်း ယူရေနီယမ် စမ်းသပ်ရှာဖွေနေပါတယ်။ ယူရေနီယမ် သတ္တုရိုင်း ကြိတ်ခွဲမှုကိုတော့ သပိတ်ကျဉ်းမှာ လုပ်ဆောင်နေပါပြီ။ ဒါ့အပြင် ကြိတ်ခွဲပြီးယူရေနီယမ် (အဝါရောင် ကိတ်မုန့်)ကို ယူ-၂၃၅ အဆင့်ရောက်အောင် သန့်စင်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုကိုလည်း သပိတ်ကျဉ်းမှာ စလုပ်နေပြီ လို့ သတင်းရပါတယ်။ အခုအခါမှာ ဒီသပိတ်ကျဉ်းမှာ လုပ်နေတာ အားလုံးကို နျူကလီးယားတပ်ရင်း ၁ လို့ ရည်ညွှန်း သုံးစွဲနေပြီဖြစ်ပါတယ်။
၂၀၀၆ ခု နှစ်ဦးပိုင်းတုံးက အဝါရောင်ကိတ်မုန့်ကို မြောက်ကိုးရီးယားနိုင်ငံကို ရောင်းချခဲ့တဲ့အကြောင်း အတည်ပြု သတင်းရခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင်မှာတော့ စစ်အစိုးရဟာ မြောက်ကိုးရီးယား ဆီကနေ ယူရေနီယမ်သန့်စင် အဆင့်မြှင့် ရာမှာသုံးဖို့နဲ့ ပလူတိုနီယမ် ထုတ်လုပ်ရာမှာပါ သုံးဖို့ နျူကလီးယား ဓာတ်လှုံ့ ကရိယာတွေ ဝယ်ယူခဲ့ပါတယ်။ ဒီစက်ကရိ ယာအကြောင်းကို ကျနော်တို့ တိတိကျကျ မသိသေးပေမဲ့ တခြားသတင်း အချက်အလက်တွေအရ အများကြီး ဖြစ်နိုင်တာကတော့ စင်ထရီဖျူ့ဂ်ျ (ဗဟိုဆွဲအားကရိယာ)တွေ ပါဝင်ပါလိမ့်မယ်။ မြောက်ကိုးရီးယား နျူကလီးယားပါရဂူ အနည်းဆုံး တယောက်လောက်ကတော့ အခု သပိတ်ကျဉ်းမှာ အလုပ်လုပ်နေပါတယ်။
နောက်ထပ် အတည်ပြုနိုင်တဲ့ သတင်းကတော့ လွန်ကျော်နားက စကျင်တောင်မှာ နျူကလီးယားနဲ့ ဆက်နွယ်နေတဲ့ စစ်ဘက် သုတေသန ဌာနတခု တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ လွန်ကျော်ဒေသမှာလည်း နျူကလီးယားတပ်ရင်း တရင်းထားတယ်လို့ သတင်းရထားပါတယ်။ ကျောက်ဆည်မြို့နယ်မှာတော့ အရပ်ဘက် သုတေသနဌာနတခု ဖွင့်ထားပါတယ်။ မေမြို့မှာလည်း ရုရှား နျူကလီးယား ပါရဂူတွေက ပြည်တော်ပြန်လာတဲ့ ပညာတော်သင်တွေကို မွမ်းမံသင် တန်းတွေ ပေးနေပါတယ်။
စစ်ဘက်ခေတ်မှီရေးနဲ့ နေပြည်တော်ကာကွယ်ရေး
နအဖ ဟာ ခေတ်မှီလက်နက်တွေ ဝယ်ယူရရှိဖို့နဲ့ မိမိရဲ့လက်နက်ကိုင်တပ်တွေကို ခေတ်မှီအောင်လုပ်ဖို့ အကြီးအကျယ် ကြိုးစား နေပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲက ထူးထူးခြားခြား ဝယ်ယူမှုတွေကို အောက်ပါအတိုင်း ဖော်ထုတ်သိရှိရပါတယ်။
၂၀၀၂ ခုမှာ နအဖဟာ မြောက်ကိုးရီးယားနိုင်ငံက ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ဝယ်ခဲ့ပါတယ်။ တရုတ် နိုင်ငံ မြောက်ပိုင်း စက်မှု ကော်ပိုရေးရှင်းဆီက လေတပ်သုံး အကြီးစားရေဒါ ၁၅ ခု ဝယ်ခဲ့ပြီး မင်္ဂလာဒုံ လေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း၊ ရခိုင်ပြည် အမ်းမြို့နယ် နတ်ရေကန်တောင်ထိပ် ရေဒါစခန်း၊ ဟိုင်းကြီးကျွန်း ရေဒါစခန်း၊ ကိုကိုးကျွန်း ရေဒါစခန်းတို့မှာ တပ်ဆင် နေရာချခဲ့ပါတယ်။ ပင်လယ်ပြင်နဲ့ ကမ်းခြေ လုံခြုံရေးအတွက်လည်း ဧရာဝတီတိုင်း ထဲက ပြင်ဝိုင်း၊ တိတ်စွန်းနဲ့ တာပင်မှော်ကျွန်းများ၊ ရခိုင်ပြည်ထဲက ကျွန်းသာယာ၊ မေယု၊ မာန်အောင်နဲ့ နံ့သာကျွန်းများ၊ တနင်္သာရီတိုင်းထဲက ကျွန်း(၈)ကျွန်းတို့မှာ ရေတပ်သုံး ရေဒါတွေ တပ်ဆင်ခဲ့တယ်။ နအဖဟာ ရုရှားနိုင်ငံကနေ ၂၀၀၂ ခုထဲမှာဘဲ အမ်အိုင်ဂျီ-၂၉ (၁၀)စီးဝယ်ခဲ့ပြီး ၂၀၀၅ ဖေဖော်ဝါရီမှာ ဒုံးပျံပစ်စင်တွေနဲ့ ဒုံးပျံတင်ထရပ်ကားတွေ၊ ၂၀၀၆ နိုဝင်ဘာမှာ ၁၂၂ မမဒုံးပျံတွေနဲ့ ၂၄၀ မမဒုံးပျံတွေ ဝယ်ခဲ့ပါတယ်။
နအဖဟာ ရေတပ်က စစ်ဗိုလ်တွေကို အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေမှာ သင်တန်း တက်ခိုင်းထားပါတယ်။ အိန္ဒိယမှာ သင်္ဘောပုံစံတုနဲ့ လေ့ကျင့်ရေး Ship Simulator သင်တန်း၊ ရုရှားမှာ ရေပြင်မှရေပြင် အမြောက်ပစ်နဲ့ ဒုံးကျည်ပစ် သင်တန်းတွေ တက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ နအဖဟာ သင်္ဘောပစ် ဒုံးကျည်ပစ်စင် (၂၈)ခုနဲ့တကွ ဆက်စပ်ဒုံးကျည်တွေကို အသုတ်လိုက် ခွဲဝယ်ခဲ့ပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံစလုံးက ဗမာပြည်ကို လက်နက်တွေ ရောင်းလည်းရောင်း၊ ပေးလည်းပေးနေပါတယ်။
၂၀၀၇ ခုမှ အိန္ဒိယနိုင်ငံက နအဖကို ၇၆ မမ နဲ့ ၇၅ မမ တောင်ပေါ်ပစ်အမြောက်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း (၁၀)ရင်းအတွက် ၁၂၀ မမ လေယာဉ်ပစ် အမြောက်တွေ ပေးခဲ့ပါတယ်။ ၂၀၀၀ ခုမတိုင်ခင်က မြန်မာနိုင်ငံမှာ အမြောက်စခန်း ဌာနချုပ် (ဝါ) အမြောက်တပ်မ (၂)ခုဘဲရှိခဲ့ပါတယ်။ ၂၀၀၄ ခုရောက်တဲ့အခါမှာတော့ အမြောက်တပ်မ (၁၀)ခုနဲ့ ဒုံးပျံတပ်မ (၁)ခုအထိ တိုးချဲ့ခဲ့ပါတယ်။
စစ်ရုံးချုပ်ကို ပျဉ်းမနားရွှေ့ပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်တွေနဲ့ ဆက်သွယ်ဖို့ ဖိုင်ဘာအော့ပ်တစ် (အလင်းဖန်မျှင်) ကြိုးတွေ အသုံးပြုခဲ့ပါတယ်။ နေပြည်တော် ကာကွယ်ရေးစည်းကြောင်း၊ ရန်ကုန်တိုင်းက ရေဒါစခန်းတွေ၊ လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ စသည်ဖြင့် မဟာဗျူဟာကျတဲ့ နေရာတွေကို ဆက်သွယ်ဖို့ ဂွင်ကျယ်ကွန်ယက် WAN တခုကို သုံးပါတယ်။ ဒါ့အပြင် ပျဉ်းမနား ကာကွယ်ရေးအတွက် စကခ ၆ ရဲ့တပ်ရင်း (၁၀)ရင်းကို ဒေသထဲမှာ ချထားပါတယ်။ ပဲခူးရိုးမနဲ့ တဆက်တည်းဖြစ်တဲ့ ပျဉ်းမနား တောင်ညိုမှာ လေယာဉ်ပစ် တပ်ရင်းတရင်းထားပြီး နောက်လေယာဉ်ပစ် တပ်ရင်းတရင်းကိုတော့ ဝဲကြီးနဲ့ သာဝတ္ထိအရှေ့ဘက်မှာ ချထားပါတယ်။ လေယာဉ်ပစ် ဒုံးကျည်တချို့ကိုလည်း ပျဉ်းမနားမြို့ပေါ်မှာ အခြေစိုက်ထားပါသေးတယ်။ နေပြည်တော်အတွက် အပိုဆောင်း လုံခြုံရေးအဖြစ် သံချပ်ကာ တပ်ရင်း (၂)ရင်းကို ပျော်ဘွယ်နဲ့ ပျဉ်းမနားကြားမှာ တပ်ချထားပြီး အမြောက်တပ်ရင်း (၃)ရင်းနဲ့ အမြောက်စခန်း ဌာနချုပ် အမှတ် ၉၀၁ ကို ပဲခူးတိုင်း ဘောနက်ကြီး-ဘုရားကြီး ဒေသမှာ ချထားပါတယ်။
အချက်ပြ ဆက်သွယ်မှု လုံခြုံရေးအတွက် နအဖဟာ မိမိကိုယ်ပိုင် ဝါယာလက် (ကြိုးမဲ့) ဆက်သွယ်ရေးစနစ်တွေ ဖော်ထုတ် နေပါတယ်။ ၂၀၀၆ ခုမတိုင်ခင်က XD-D6M ဆက်သွယ်ရေး စက်တွေကို သုံးခဲ့တယ်။ ဒီစက်တွေဟာ လှိုင်းနှုန်း .၀၁ မီတာကနေ ၉၉ မီတာအထိ လွှင့်နိုင် ဖမ်းနိုင်ပြီး ဆက်သွယ်မှုကို အလွယ်တကူ ကြားဖြတ်ဖမ်းယူလို့ ရနိုင်ပါတယ်။ အဲဒါကြောင့် နအဖဟာ တပ်မတော် ပင်မ ဆက်သွယ်ရေး အလုပ်ရုံကို စက်ကရိယာသစ်တွေ ထုတ်လုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၆ ခုမှာတော့ ပင်မ ဆက်သွယ်ရေး အလုပ်ရုံက တရုတ်နည်းပညာ အကူအညီနဲ့ ကြိုးမဲ့ ဆက်သွယ်ရေး စက်အသစ်တမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ဒါကို 2006M1 လို့ ယာယီ နာမည်ပေးထားပါတယ်။ စက်အသစ်တွေဟာ လှိုင်းနှုန်း .၀၀၀၀၁ မီတာကနေ .၀၀၀၀၉ မီတာအထိ ထုတ်လွှင့်နိုင်ပါတယ်။ ဒီစက်သစ်တွေနဲ့ ပို့လွှတ်တဲ့ သတင်းတွေကို ကြားဖြတ်ဖမ်းဖို့ အတော့်ကို ခက်ခဲတယ်လို့ ကြားရပါတယ်။
နအဖဟာ ၇၆ မမ နဲ့ ၁၂၀ မမ အမြောက်တွေ၊ မော်တာတွေ၊ ၂၅ ပေါင်ဒါအမြောက်နဲ့ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တွေ အတွက်လည်း ကိုယ်တိုင် ချိန်ရွယ်ပစ်ခတ်တဲ့ စနစ်ကို အစားထိုးဖို့ ကွန်ပျူတာဆော့ဖ်ဝဲ တီထွင်ဖော်ထုတ် နေပါတယ်။ မြေပြင်ကရော ဝေဟင်ကပါ အကဲခတ် စနစ်တွေအတွက် ဆော့ဝဲ သုတေသနကိုလည်း ဆောင်ရွက်နေပါ တယ်။
ကပစ ၁၆ နဲ့ ၁၉ ကို အကြီးအကျယ် ပြန်လည်မွမ်းမံ ပြင်ဆင်ပစ်လိုက်ပြီး အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် လုပ်ထားပါတယ်။ (တရုတ်လက်နက်နဲ့ ရုရှားလက်နက်တွေဟာ အပိုပစ္စည်းတွေနဲ့ ပုံမှန်အစားထိုး လဲလှယ်ဖို့လိုတဲ့ နာမည်ပျက်ရှိပြီး အပူပိုင်း ရာသီဥတုမှာ လက်နက်တွေကလည်း ပိုပျက်စီး ယိုယွင်းလွယ်ပါတယ်။) တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ နအဖဟာ တရုတ်နဲ့ မြောက်ကိုးရီးယား ပါရဂူတွေနဲ့ ကပစ ၁၄ ကို ပြင်ဆင် မွမ်းမံခဲ့ပါတယ်။ ကပစ ၁၄ ကို ၂၀၀၀ ပြည့်နှစ်မှာ မကွေးတိုင်း ငဖဲမြို့နယ်မှာ တည်ဆောက်ခဲ့ပြီး အခု လည်ပတ် ထုတ်လုပ်နေပြီလို့ ယူဆရပါတယ်။ အဲဒီစက်ရုံမှာ ခန့်မှန်းခြေအားဖြင့် စစ်အင်ဂျင်နီယာ ၃၀၀၀ လောက် အလုပ်လုပ်နေပါတယ်။ (မှတ်ချက်။ အရင်က နအဖအနေနဲ့ တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ ငါးနှစ်လောက် ကြာအုံးမယ်လို့ ကျနော်တို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ရုရှားလုပ် ပဲ့ထိန်းဒုံးပျံတွေကို ဆိုလိုတာဖြစ်လို့ သီးခြားစီမံကိန်း ဖြစ်နိုင်ပါတယ်။)
နိဂုံး
နအဖအနေနဲ့ နျူကလီးယား လက်နက်တွေကို သဲကြီးမဲကြီး ကြိုးပမ်းနေတာဟာ (တခြားစီမံကိန်းကြီးတွေလည်း ရှိသေးတယ်) ထိုင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ တကမ္ဘာလုံးက အထူးစိုးရိမ် ပူပန်သင့်ပါတယ်။ ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းက စစ်အုပ်စု အပေါ် ချော့မြှူရေးပေါ်လစီ ကျင့်သုံးနေတာကို လုံးဝပြောင်းပြန် လှန်ပစ်ဖို့လိုပါတယ်။ နအဖဟာ အဆိုးဆုံး အန္တရာယ်ကြီး ဖြစ်ပါတယ်။ ဒါကို ရပ်တန့်ပစ်ရပါမယ်။ ရုရှားနဲ့ တရုတ် ဗီတိုအာဏာတွေ ပါနေတဲ့ လုံခြုံရေး ကောင်စီဟာ ကိုင်တွယ်နိုင်စွမ်း မရှိတဲ့အတွက် တခြား ရွေးစရာ ဖြေရှင်းချက် ရှိရပါမယ်။ တကယ့်လက်တွေ့ ဖြေရှင်းနိုင်တာက အမေရိကန် တခုဘဲရှိပြီး သူ့တနိုင်ငံတည်းကဖြစ်စေ သို့မဟုတ် တခြား စိုးရိမ်ပူပန်တဲ့ နိုင်ငံတွေနဲ့ (ထိုင်းနိုင်ငံ?) ပူးတွဲ၍ဖြစ်စေ မြန်မာနိုင်ငံက ပြည်သူတွေ မိမိတို့ဖာသာ လွတ်မြောက်အောင် ကြိုးပမ်းနေတာကို ကူညီပေးဖို့ လမ်းတခုဘဲ ရှိပါတယ်။ အဲဒီအတွက် လိုအပ်သမျှ ဘာနည်းလမ်းဘဲဖြစ်ဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။
ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ
Read More...
Collapse...
ဂါမဏိ
နအဖရဲ့ ရည်မှန်းချက်ပန်းတိုင်
ဗမာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းမယ်လို့ ဗမာစစ် အစိုးရရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဆိုသူ ဦးသောင်းက ၂၀၀၁ ခု မေလအတွင်းက ရန်ကုန်မှာရှိတဲ့ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှာ ပြောခဲ့ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ထမြောက်သွားရင် နအဖစစ်အုပ်စုဟာ အရှေ့တောင် အာရှမှာ စစ်အင်အား အတောင့်ဆုံး နိုင်ငံ ဖြစ်သွားပါလိမ့်မယ်။ ဗမာပြည်ဟာလည်း "စတုတ္ထမြန်မာနိုင်ငံတော်" အဖြစ် အသွင်ပြောင်းသွားပြီး ထိုင်းနိုင်ငံကို စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် နအဖဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဆိုးဆိုးဝါးဝါး အန္တရာယ်ပြု ခြိမ်းချောက်နေပြီဖြစ်ပါတယ်။ နအဖရဲ့ အသစ်စက်စက် (၁၀) မီဂါဝပ် နျူကလီးယား ဓာတ်ပေါင်းဖိုကို ငြိမ်းချမ်းတဲ့ သုတေသန လုပ်ငန်းအတွက် ရည်ရွယ်တယ်လို့ ကြေညာထားတာဟာ လိမ်ညာမှု သက်သက်သာဖြစ်ပါတယ်။
စီမံကိန်းနောက်ခံ
နအဖရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးစီမံကိန်းဟာ ၁၉၉၀ ခု နဝတခေတ်မှာ စတင်ခဲ့ပါတယ်။ နဝတဟာ နျူကလီးယား နည်းပညာ ဖော်ထုတ်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခ ဦးဖိုးစောနဲ့ တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြား ပညာတော်သင်စေလွှတ်ဖို့ လူရွေးချယ်ရေး ကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ နျူကလီးယား နည်းပညာအတွက် ဗိုလ်လောင်းတွေ လေ့ကျင့် မွေးမြူဖို့ အစီအစဉ်ကိုတော့ ၁၉၉၇ ခု စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၄၂ နဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်မှာ နအဖဟာ ရုရှားနျူကလီးယား ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဓာတ်ပေါင်းဖို တည်ဆောက်ရေး၊ နေရာရွေးချယ်ရေး၊ ပညာတော်သင်တွေ စေလွှတ်ရေးကိစ္စတွေ ဆွေးနွေး ခဲ့ကြပါတယ်။
ကျနော်တို့ သတင်းရင်းမြစ်ကရတာက စစ်အုပ်စုဟာ နျူကလီးယား နည်းပညာရဖို့ ပထမဦးစွာ အိန္ဒိယနိုင်ငံကို အရင် ချဉ်းကပ်ခဲ့တယ်၊ အိန္ဒိယကလည်း ပညာတော်သင်တွေ လက်ခံဖို့တောင် သဘောတူခဲ့သေးတယ်။ ဒါပေမဲ့ ဓာတ်ပေါင်း ဖို လည်ပတ်မှုကို ကြီးကြပ်ရေးနဲ့ ထိန်းချုပ်ရေးကိုပါ အိန္ဒိယက တောင်းဆိုလာလို့ နအဖက ဒီချဉ်းကပ်မှုကို နားပစ်လိုက် ပါတယ်။
နအဖဟာ တရုတ်နိုင်ငံ အကူအညီနဲ့ ရုရှားနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါ့အပြင် နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့ တရုတ်အစိုးရက နအဖစစ်အုပ်စုကို အကြံပေးခဲ့ပြီး ရည်မှန်း သတ်မှတ်ကာလ ၂၀၂၀ ရောက်လို့မှ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်သေးရင် ဝယ်ယူဖို့ အကြံပေးခဲ့ပါတယ်။ ၂၀၀၃ ခုမှာ စစ်အစိုးရဟာ မြောက်ကိုးရီးယားကို စစ်ဗိုလ် အယောက်(၃၀)စေလွှတ်ပြီး နျူကလီးယား နည်းပညာ လေ့လာ သင်ယူစေခဲ့ပါတယ်။ ၂၀၀၆ မှာတော့ ဓာတ်ပေါင်းဖို တည်ဆောက်ရေး အတွက် လိုအပ်တဲ့ စက်ယန္တရားတွေကို မြောက်ကိုးရီးယားဆီက စတင်ဝယ်ယူခဲ့ပါတယ်။ နအဖနဲ့ရုရှား ဆက်ဆံရေး ပျက်ပြားသွားလို့ နျူကလီးယား စီမံကိန်း ရပ်သွားတာမျိုး မဖြစ်ရအောင် မြောက်ကိုးရီးယားနဲ့ လမ်းဖောက်ခဲ့တာ ဖြစ်ပါတယ်။
နအဖဟာ နိုင်ငံခြား ပညာတော်သင်တွေ စရိတ်အပါအဝင် နျူကလီးယားနည်းပညာ ရနိုင်ဖို့အတွက် သဘာဝ သယံဇာတ တွေကို ရောင်းထုတ်ခဲ့ပါတယ်။ (အတည်ပြုနိုင်တဲ့ သတင်းတရပ်အရ ရုရှား တနိုင်ငံတည်းမှာတင် ပညာတော်သင် ၄၆၀၀ ရှိတယ်လို့ သိရပါတယ်။) သယံဇာတတွေ ရောင်းထုတ်တဲ့ အထဲမှာ ကချင်ပြည် ဖားကန့်ဒေသ ကသိုင်းတောင် က တူးဖော်တဲ့ သံရိုင်းတန်ချိန် ၂၀၀၀၀ ပါတယ်လို့လည်း သတင်းရခဲ့ပါတယ်။ ဒါပေမဲ့ အများ သိကြတဲ့ အတိုင်း နအဖဟာ ၂၀၀၅ ခုမှာ ဘဏ္ဍာရေး ပြဿနာတွေ ကြုံခဲ့ရပြီး ရုရှားနဲ့လုပ်ထားတဲ့ စီမံကိန်းကို ရပ်နားလိုက် ရပါတယ်။ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ပြီးနောက် စီမံကိန်းကိုပြန်စခဲ့ပါတယ်၊ အခု အခါမှာတော့ နအဖဟာ ဘဏ္ဍာရေးအရ ခိုင်မာနေပါပြီ။ (ဒီလိုကံဇာတာတက်လာတဲ့ အကြောင်းရင်းက သိသာပါတယ်။ ရတနာ ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဗမာ အစိုးရအတွက် အနိမ့်ဆုံးအားဖြင့် နှစ်စဉ် ဒေါ်လာသန်း ၂၀၀၀ ဝင်ငွေရနေပါတယ်။)
နအဖဟာ အီရန်နိုင်ငံကနေလည်း အကူအညီရဖို့ လျှို့ဝှက်ကြိုးပမ်းခဲ့တယ်လို့ ကျနော်တို့ဘက်က သတင်းထပ်ရခဲ့ ပါတယ်။ ဒီသတင်းက တခြားသတင်းရင်းမြစ်တွေကရထားတဲ့ ဆက်ဆံမှုသတင်းကို အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကလည်း ၂၀၀၀ ပြည့်နှစ်မှာ ဓာတ်ပေါင်းဖိုကိုင်တွယ်ရေးဆိုင်ရာ ပါရဂူအဆင့်ပညာသင်ဖို့ ပညာ တော်သင်တွေ စလက်ခံပေးခဲ့ပါတယ်။ ဂျပန့်အကူအညီနဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မေမြို့ စစ် တက္ကသိုလ်တွေမှာ နျူကလီးယားသိပ္ပံဌာနသစ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။
ရုရှားရောက်ပညာတော်သင်
၂၀၀၁ ခုမှာ ပထမအသုတ် ပညာတော်သင် စစ်ဗိုလ် ၁၅၀ ကို စင်းလုံးငှား အယ်ရိုဖလုတ် လေယာဉ်တွေနဲ့ မန္တလေး တံတားဦး လေဆိပ်ကနေ ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ နအဖပညာတော်သင်တွေဟာ ကိုယ်သင်မယ့် ဘာသာရပ် ပေါ်မူတည်ပြီး မော်စကိုနဲ့ စိန့်ပီတာစဘာ့ဂ်မြို့တော် တွေမှာရှိတဲ့ တက္ကသိုလ်နဲ့ သိပ္ပံဌာနအမျိုးမျိုးမှာ တက်ရောက် ပညာသင်ကြပါတယ်။ အဲဒီကျောင်းတွေထဲမှာ --
မော်စကိုအင်ဂျင်နီယာရူပဗေဒတက္ကသိုလ် MEPHI
မော်စကိုအီလက်ထရွန်းနစ်နည်းပညာတက္ကသိုလ် MIET
မော်စကိုလေကြောင်းနည်းပညာတက္ကသိုလ် MATI
မော်စကိုလေကြောင်းသိပ္ပံ MAI
ဘောမင်းမော်စကိုအစိုးရနည်းပညာတက္ကသိုလ် BMSTU
မော်စကိုအပူနည်းပညာတက္ကသိုလ် MITT
မော်စကိုဆောက်လုပ်ရေးအင်ဂျင်နီယာသိပ္ပံ MISI
မော်စကိုအစိုးရသတ္တုတူးဖော်ရေးတက္ကသိုလ် MSMU စသည်တို့ ပါဝင်ပါတယ်။
MEPHI က နျူကလီးယားသိပ္ပံသင်ပေးပြီး MIET က ဒုံးပျံလမ်းကြောင်းထိန်းပညာ၊ MAI က လေကြောင်းနဲ့ အာကာသ ပညာတွေ၊ MATI က ဂြိုလ်တုလွှတ်နိုင်တဲ့ ဒုံးပျံတည်ဆောက်ရေးနည်းပညာကို သင်ပေးပါတယ်။ ဒါ့အပြင် ဥမင် လှိုင်ခေါင်းတူး ဘာသာရပ်၊ ယူရေနီယမ်သတ္တုတူးဖော်ရေး ဘာသာရပ် နဲ့ ယူရေနီယမ် သတ္တုရိုင်းသန့်စင်ရေး ဘာသာရပ် တွေအတွက် သီးခြားသင်တန်းတွေလည်း ရှိပါတယ်။
ဒီပညာတော်သင် အများအပြားဟာ မပျော်ကြဘူးလို့ အတည်ပြု သတင်းရထားပါတယ်။ သူတို့ဟာ ရုရှားကို ဇွတ်အတင်း စေလွှတ်ခံရတယ်၊ လစာက တအားနည်းတယ်၊ ရာသီဥတုက ကြမ်းလွန်းလို့ ဒုက္ခရောက်ရတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုက ချို့ငဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ မော်စကိုက ဗမာ သံရုံးကိုသွားပြီး တိုင်တန်း တင်ပြကြ၊ အိမ်ပြန်ခွင့်ရဖို့ အသနားခံကြပေမဲ့ (ထိုစဉ်က) ကကလှမ်းက သူတို့ကို အပတ်စဉ် ညွှန်ကြားချက်တွေပို့ပြီး သင်တန်းပြီးအောင် တက်ဖို့နဲ့ နိုင်ငံတော်ရဲ့ ရည်မှန်းချက် (ဝါ) နျူကလီးယား လက်နက်ထုတ်လုပ်ရေးကို ဖြည့်ဆီးဖို့ဘဲ တိုက်တွန်းခဲ့ပါတယ်။ တခါတော့ (ထိုစဉ်က) နိုင်ငံခြားရေး ဝန်ကြီးဦးဝင်းအောင် ကိုယ်တိုင်လာပြီး ပညာတော်သင် စစ်ဗိုလ်တွေကို ပညာဆုံးခန်းတိုင်သင်ဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင် ရုရှားမ တယောက်ကို လက်ထပ်ပြီး ဗမာပြည်ပြန်လာနိုင်သူ ဘယ်သူ့မဆို ဆု ချီးမြှင့် ဂုဏ်ပြုမယ်ဆိုတဲ့ ဒုတပ်ချုပ်မောင်အေးရဲ့ အမှာစကားကိုလည်း ပါးလိုက်ပါသေးတယ်။
၂၀၀၂ ခုမှာလည်း စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီးတို့ဟာ ရုရှားနိုင်ငံကိုသွားပြီး ဝယ်ထားတဲ့ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တွေကို ဗမာပြည် ပြန်မောင်းလာဖို့အတွက် နအဖ လေတပ် လေယာဉ်မှူး အယောက် ၂၀ သင်တန်းပေးဖို့ ကိစ္စ စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ လေယာဉ်တင် သင်္ဘောတွေ ရေငုပ်သင်္ဘောတွေ ဝယ်ဖို့ လို မလိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၀၂ ဇူလိုင်လမှာ နအဖ သိပ္ပံနဲ့နည်း ပညာဝန်ကြီး မောင်သောင်း ရုရှားနိုင်ငံကိုသွားပြီး နျူကလီးယား ဓာတ်ပေါင်းဖို ဝယ်ယူတည်ဆောက်ရေး သဘောတူ စာချုပ် လက်မှတ်ထိုးခဲ့ ပါတော့တယ်။
ဓာတ်ပေါင်းဖိုတည်နေရာ
ကျနော်တို့ဟာ အရင်ကတော့ ဓာတ်ပေါင်းဖို တည်နေရာကို သပိတ်ကျဉ်းနားက ကျောက်ပုထိုးလို့ ပြောခဲ့ပါတယ်။ ဒါကို အတည်မပြုနိုင်သေးပေမဲ့ နအဖက တည်နေရာ လျှို့ဝှက်ထားဖို့ ကြိုးစားတဲ့အကြောင်း နောက်ထပ်သတင်းတွေ ရခဲ့ပါ တယ်။ ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ပညာရပ် သင်တန်းတက်ထားတဲ့ ပညာရှင်တွေတောင် စက်ရုံတည်နေရာကို သိခွင့်မရကြပါဘူး။ ၂၀၀၆ ဇွန်လမှာတော့ သတင်းပေါက်ကြားမှု တခုဖြစ်ခဲ့ပြီး စီမံကိန်းမှာပါတဲ့ အရာရှိတွေ နေပြည် တော်ခေါ်ပြီး စစ်ကြော မေးမြန်းခံခဲ့ရပါတယ်။ အဲဒါကတော့ ဘာတင်းလ်လစ်တနာရဲ့ ၂၀၀၆ ဇူလိုင်ထုတ် အာရှတိုင်းမ် ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ လစ်တနာက မကွေးမြို့အရှေ့ဘက်က နတ်မောက်မြို့နားမှာ မြောက်ကိုးရီးယားပညာ ရှင်တွေ တွေ့ခဲ့တယ်လို့ သတင်းရေးခဲ့လို့ ဖြစ်ပါတယ်။
အခုတော့ ဒီ ၁၀ မီဂါဝပ် ဓာတ်ပေါင်းဖိုကို မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ တည်ဆောက်ခဲ့တယ် (သို့မဟုတ်) တည် ဆောက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ကျနော်တို့သိရပါပြီ။ ဒါ့အပြင် ဒီဓာတ်ပေါင်းဖိုဟာ ရေလေး heavy water ကိုသုံးမှာ ဖြစ်တယ်၊ ဒါကြောင့် ပလူတိုနီယမ် အဆင့်ထိ ထုတ်နိုင်မယ်ဆိုတာလည်း သိရပါတယ်။
ဒါကြောင့် အခုဆိုရင် ဖြစ်နိုင်တဲ့ ဓာတ်ပေါင်းဖိုစက်ရုံနေရာ နှစ်ခုရှိနေပါတယ်။ အဲဒါတွေကတော့ မြိုင်မြို့နယ် နဲ့ ကျောက်ပုထိုး တို့ဘဲဖြစ်ပါတယ်။ အခုလို ကွဲပြားနေရတဲ့ အကြောင်းတခုကတော့ နအဖဟာ နဂိုမူလက စက်ရုံကို မကွေး ဒေသမှာတည်ဖို့ စီစဉ်ခဲ့ပေမဲ့ ဧရာဝတီ မဂ္ဂဇင်းက ဖော်ပြခဲ့သလို ငလျင်စက်ကွင်းဖြစ်နေလို့ အစီအစဉ်ပြောင်း လိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မကွေးဒေသဟာ ဖြစ်နိုင်ခြေတခု ဖြစ်မြဲဖြစ်နေပြီး သပိတ်ကျဉ်းမှာဖြစ်ဖို့ တော့ အင်မတန် အလားအလာများနေပါတယ်။
ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ
Read More...
Collapse...