ကိုကျော်ကျော်သိန်း
13.05.2013
မဟာစင်ဆိုင်ကလုန်းမုန်တိုင်း ဟာ မြန်မာနိုင်ငံဘက်ဆီ ၀င်လာမယ်ဆိုရင် ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်းဒေသကိုဖြတ်ပြီး ၀င်လာနိုင်ခြေ ရှိတယ်လို့ မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်း ထားပါတယ်။ အားလုံးဟာ မုန်တိုင်း အခြေအနေကို မပြတ် စောင့်ကြည့်နေကြပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ ကိုလည်း လုပ်ထားပြီးတာကြောင့် အရင်အချိန်တွေကထက် ပြင်ဆင်မှု အား ကောင်းပါတယ်လို့ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်ရုံးကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။
မဟာစင်မုန်ုတိုင်းဟာ လွန်ခဲ့တဲ့ ၃ နာရီနီးပါး အချိန်ပိုင်းကအထိ မြန်မာနိုင်ငံဘက်ဆီ ဦးတည် မနေသေးပေမဲ့လည်း ပြန်လှည့် လာနိုင်တယ်လို့ မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားတာပါ။ တကယ်တမ်း ၀င်လာမယ် ဆိုရင်တော့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသဟာ အန္တရာယ်ရှိမှု အဆင့် အများဆုံးဖြစ်ပြီး ပြင်ဆင်မှု အဆင့် အနေနဲ့လည်း သတိပေးအဆင့် သတ်မှတ်ထားပါတယ်။
အခု အသံလွှင့်ချိန်ထိ မုန်တိုင်းတည်ရှိနေတဲ့ အနေအထားကိုတော့ မုန်တိုင်းကို မပြတ်စောင့်ကြည့်နေတဲ့ မိုးလေ၀သပညာရှင် ဦးထွန်းလွင် က ဗွီအိုအေ ကို အခုလို ရှင်းပြပါတယ်။
“မုန်တိုင်းက လောလောဆယ်မှာတော့ အိန္ဒိယဘက် ရောက်တဲ့နေရာမှာရှိတယ်။ ဒါပေမဲ့ ဒီကောင် ပြန်ကွေ့လိမ့်မယ်လို့ ကျနော့်အနေနဲ့ မှန်းတယ်ဗျာ။ မှန်းလို့ အဲ့ဒါကို စောင့်ကြည့်တဲ့အခါမှာ ကွေ့ဖို့များနေတယ်။ လောလောဆယ် အနောက်မြောက်ဘက်ကနေ မြောက်ဘက်သွားတဲ့အဆင့်ကို ရောက်နေပြီ။ ညပိုင်းလောက်ကျရင်တော့ အရှေ့မြောက်ဘက်ကို သူ ထပ်ကွေ့မယ်။ အဲ့ဒီကွေ့ပြီးတဲ့နောက်ပိုင်း ကျနော်တို့ရှိတဲ့ဘက်ကို ၀င်မယ်။ လောလောဆယ် ကျနော်တို့ ခန့်မှန်းထားတာကတော့ ဒါ ဘင်္ဂလားဒေ့ရှ်ကို အဓိက ခန့်မှန်းပါတယ်။ ဒါပေမဲ့ မြန်မာပြည်လည်း ပါနေတော့ မြန်မာပြည်အတွက်လည်း ကျနော်တို့ စောင့်ကြည့်မှရမယ်။ ဒါ မုန်တိုင်းဟာ အရှေ့ဘက်ကို ပြန်လာမှ ကျနော်တို့က ကျနော်တို့နဲ့ဆိုင်တာ ဖြစ်ပါမယ်။ လောလောဆယ်တော့ မြောက်ဘက်သွားနေတုန်းပဲ ရှိပါသေးတယ်။ မှန်းတာကတော့ မြောက်ပြီးရင် အရှေ့မြောက်ဆိုတော့ ဒီကနေ့ညလောက် စကွေ့လိမ့်မယ်လို့ ထင်ပါတယ်။”
နောက်ဆုံး တွက်ထားတာအရကတော့ ကုန်းတွင်းပိုင်း ၀င်ခါနီးမှာ မုန်တိုင်းဟာ အားပျော့သွားလိမ့်မယ်လို့ ဦးထွန်းလွင်က ပြောပါ တယ်။ တနင်္သာရီကမ်းရိုးတန်းနဲ့ မွန်ကမ်းရိုးတန်းတွေအတွက် အန္တရာယ်ပေးအဆင့်မရှိဘဲ စောင့်ကြည့်အဆင့် သတ်မှတ်ထားပြီး မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းအတွက် အန္တရာယ်ပေးအဆင့် နည်းပါးတဲ့ နှိုးဆော်အဆင့် သတ်မှတ်ထားသလို ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းအတွက်ကိုတော့ အသင့်အတင့် အန္တရာယ်ရှိနိုင်တဲ့အဆင့်နဲ့ နှိုးဆော်အဆင့်အဖြစ် ဦးထွန်းလွင်က သတ်မှတ်ထားပါတယ်။
မုန်တိုင်းဒဏ်ခံရနိုင်ခြေအရှိဆုံး ဒေသတွေကတော့ ရခိုင်ပြည်နယ်က မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေဖြစ်တယ်လို့ ဦးထွန်းလွင် က ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအခြေအနေဟာ အ၀ါရောင်အဆင့်ပဲ ရှိပေမဲ့ နောက်ဆုံးတိုင်းထွာရရှိတဲ့ ခန့်မှန်းချက်အရ မေလ ၁၆ ရက်နေ့ ညပိုင်းလောက်မှာ မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသတွေဆီ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပါတယ်။
ရခိုင်ပြည်နယ်ဟာ မကြာခနဆိုသလို မုန်တိုင်းဒဏ်ကျရောက်လေ့ရှိတဲ့ ဒေသဖြစ်တာကြောင့် မုန်တိုင်းအန္တရာယ်ကာကွယ်ရေး လေ့ကျင့်သတိပေးမှုတွေ လုပ်ထားပြီးဖြစ်သလို တာဝန်ရှိသူတွေက အဆက်မပြတ် လှည့်လည် ဆော်သြနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သတင်းပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောပါတယ်။
“ဖြစ်ခဲ့တဲ့နေရာတွေ၊ ဖြစ်နိုင်စွမ်းရှိတဲ့ နေရာတွေကိုတော့ ကြိုတင်တော့ ပြောထားတာပေါ့။ ကျောက်ဖြူဘက်ဆိုရင်လည်း သင်္ဘောတွေ၊ လှေတွေကို ကျနော်တို့ ကြိုတင်စီစဉ်ထားတဲ့ ပုန်းလို့ရတဲ့ ချောင်းငယ်လေးတွေ၊ အဲ့ဒီထဲကို ကျနော်တို့က ကြိုတင်ပြီး သွင်းထားပါတယ်။ ကျန်တဲ့အိမ်တွေကိုတော့ အဲ့လိုပေါ့ သက်ဆိုင်ရာ သူတို့အိမ်တွေကိုလည်း အရင်လည်း ခဏခဏဖြစ်နေတယ်ဆိုတော့ ဘယ်လိုလုပ်ရမယ်ဆိုတာလည်း သူတို့သိပါတယ်ခင်ဗျ။ ပြီးတော့ ဘယ်လိုနေရာမှာ ခိုဖို့၊ ပုန်းဖို့ဆိုတာလည်း ကျနော်တို့ ဆက်တိုက် လေ့ကျင့်ထားတာတွေလည်း ရှိပါတယ်။ WFP က ပေးထားတဲ့ ရိက္ခာတွေလည်း ရှိပါတယ်။ နောက် ကြက်ခြေနီမှာလည်း ရှိပါတယ်။ အဲ့ဒီနေရာတွေကို သွားဖို့လည်း ကြက်ခြေနီတို့ မီးသတ်တပ်ဖွဲ့တို့ ရဲတပ်ဖွဲ့တို့နဲ့ NGO အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်လေ့ ရှိပါတယ်ခင်ဗျ။”
ပြီးခဲ့တဲ့ ၃ နာရီဝန်းကျင် အချိန်ပိုင်း မောင်တောမြို့အခြေအနေကတော့ မိုးမရွာ၊ လေမတိုက်ဘဲ နေလို့ထိုင်လို့ မရလောက်အောင် ပူအိုက်နေတယ်လို့ မောင်တောမြို့နယ်၊ ဗဟိုကျောင်းဆရာတော်က မိန့်ကြားပါတယ်။ မုန်တိုင်းဒဏ် သင့်နိုင်ခြေရှိတဲ့ နေရာဒေသ တွေက လူထုကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်ပေးနေပြီလို့လည်း ဆရာတော်က မိန့်ပါတယ်။
“မြစ်ဘေးမှာရှိနေတဲ့ အိမ်တွေကို မြေမြင့်တဲ့ တောင်ပေါ်ဘက်ကို ဦးဇင်းတို့ ရွှေ့နေပါတယ်။ မနေ့က စပြီးတော့ ရွှေ့ပါတယ်။ မြေမြင့်တဲ့နေရာရယ်၊ တောင်ကြားမှာရှိနေတဲ့ ရွာတွေဆီကို ရွှေ့ပါတယ်။ နောက်ပြီးတော့ အဲ့ဒီမှာ တောင်ကြားမှာရှိတဲ့ တပ်တွေကို ရွှေ့၊ စခန်းတွေကို ရွှေ့ ရွှေ့ပါတယ်။ မြို့ပေါ်မှာလည်း စပီကာနဲ့ လိုက်ပြီးတော့ အော်နေပါတယ်။ မကောင်းအိမ်တဲ့တွေဆိုရင်လည်း ကောင်းတဲ့အိမ်တွေမှာ တက်နေကြဖို့၊ အုတ်တိုက်တွေ၊ အဲ့လို ခိုင်ခံ့တဲ့ အိမ်တွေမှာ ရွှေ့ပြီးတော့ နေကြဖို့၊ ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြီးတော့ နေ ကြဖို့၊ နေမယ့်နေရာ မရှိဘူးဆိုရင် အစိုးရကနေပြီးတော့ ကားနဲ့ ဒုက္ခသည်စခန်းတို့ကို ပြောင်းရွှေ့ပေးဖို့ဆိုပြီးတော့ အကုန်လုံး စီစဉ်နေပါတယ်။”
မြို့ပေါ်က ကြက်ခြေနီတပ်ဖွဲ့တွေ၊ မြို့သူမြို့သား အသင်းအဖွဲ့တွေကလည်း ကူညီ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထား ပြီးပြီလို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။
မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ရင် မေလဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အမှတ်ရစရာတွေနဲ့ ပြည့်နေတဲ့လတစ်ခုပါ။ ၂၀၀၈ ခုနှစ်၊ မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံး ခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသတွေနဲ့ လူထုတွေအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ဒီနေ့အချိန်ထိ လုပ်ဆောင်နေရဆဲ ရှိပါတယ်။
Ref: VOA News
Tuesday, May 14, 2013
မုန်တိုင်းအန္တရာယ်အတွက် ရခိုင်ဒေသခံတွေ စတင်ပြင်ဆင်
ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဒေသခံ အမျိုးသမီး ၅၀၀ ကျော် ဆန္ဒပြ
2013-05-13
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အတွက် ဒီကနေ့နေ့လည်ပိုင်းက လက်ပံတောင်းတောင်ဒေသခံ အမျိုးသမီး ၅ဝဝ ကျော်ဟာ လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
လက်ပံတောင်းတောင်ဒေသမှာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် မကြာခဏ ဆန္ဒပြခဲ့ ကြပေမယ့် အခုလိုဒေသခံ အမျိုးသမီးတွေ ချည်းပဲ ဆန္ဒပြတာကတော့ ပထမဆုံး အကြိမ်ဖြစ်ကြောင်း တုံရွာသူ မသန်းသန်းထွေးက RFA ကို အခုလိုပြောပါတယ်။
“ရွာသားတွေကို ယောက်ျားလေးတွေ မြင်လို့ရှိရင် ဖမ်းမယ် ဆီးမယ်လို့ သူတို့က မတရားပြောထား တယ်လေ၊ ရွာသားတွေ မပါပါဘူးရှင့်၊ ရွာသူအမျိုးသမီးတွေပဲ ဆန္ဒပြနေတာပါရှင့်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေးရယ်၊ မီးလောင်ဗုံး တရားခံများ အမြန်ဆုံးဖော်ထုတ်ပေးဖို့ အရေးရယ်၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ တောင်ယာမြေများပေါ် ထွန်ယက်စိုက်ပျိုးဖို့ရယ် ဆန္ဒပြနေတာပါရှင့်”
ဒီနေ့ဆန္ဒပြရာမှာ ဒေသခံတွေက တောင်းဆိုချက် ၁၀ ချက်ကို ကြွေးကြော်ပြီး တုံရွာထိပ်ကနေ ညောင်ပင်ကြီးဆိပ်အထိ လမ်းလျှောက် ချီတက် ခဲ့ကြတယ်လို့သိရပါတယ်။
သူတို့တောင်းဆိုချက်တွေထဲမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့၊ ပုဒ်မ၁၄၄ ရုတ်သိမ်းပေးဖို့၊ မီးလောင်ဗုံး အသုံးပြုခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ပေးဖို့ အပါအ၀င် ၀မ်ပေါင်ကုမ္ပဏီကို အလိုမရှိ၊ ၀မ်ပေါင် အလိုကျ မတရား ထုတ်ပြန်ထားတဲ့ နည်းဥပဒေတွေ ရုတ်သိမ်းပေးဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
Ref: RFA News
ဟုန်စိန် ပီနံအိတ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
2013-05-13
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဟုန်စိန် ပီနံအိတ်ခွံ ထုတ်လုပ်ရေး စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ အခြေခံလစာတွေ တိုးမြှင့်သတ်မှတ်ပေးရေးအတွက် ဒီကနေ့တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
လက်ရှိအလုပ်သမားတွေရဲ့ အခြေခံလစာဟာ တစ်ရက်ကို ပျမ်းမျှ ကျပ် ၅၀၀ ကနေ ၇၅၀ သာ ရရှိကြပါတယ်။ အဲ့ဒီအတွက် အခြေခံလစာကို တစ်ရက် ကျပ် ၁ ထောင်အထိ တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
လစာဖြတ်တောက်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အလုပ်သမားခေါင်းဆောင် မချိုသက်မွန်က RFA ကို ပြောပါတယ်။
“အဓိကက လစာ၊ အပိုချိန်တွေမှာ ဒဏ်ကြေးမရိုက်ဖို့ပေါ့၊ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ရှောင်တခွင်ခွင့်တို့၊ ဆေးခွင့်တို့၊ လုပ်သက်ခွင့်တို့ဆိုလို့ရှိရင် ခံစားခွင့်ဘာမှကိုမရှိဘူး၊ ခွင့်တင်လို့ရှိရင်လည်း စစ်ဆေးတယ်”
အလုပ်သမားတစ်ဦးရဲ့ ဝင်ငွေဟာ အခြေခံလစာအပြင် ရက်မှန်ကြေး၊ အချိန်ပိုကြေးတွေပါ အားလုံးပေါင်းမှ တစ်လကို အလွန်ဆုံး ကျပ် ၆ သောင်းကျော်သာ ရရှိကြပါတယ်။ ဒါပေမယ့် အချိန်ပိုမဆင်းတာတွေကို လစာဖြတ်လေ့ရှိပြီး အများပြည်သူ ရုံးပိတ်ရက်တွေအတွက်လည်း ပိတ်ရက်ပေးတာမျိုး မရှိတဲ့အပြင် အဲ့ဒီနေ့တွေမှာ အလုပ်ပျက်ကွက်ခဲ့ရင်လည်း လစာဖြတ်တောက်တာတွေရှိတယ်လို့ သိရပါတယ်။
အများပြည်သူ ရုံးပိတ်ရက်တွေအတွက် လစာမဖြတ်တောက်ဖို့၊ စက်ရုံတွင်းမှာ ညှိနှိုင်းရေးအဖွဲ့၊ အလုပ်သမား အဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးဖို့၊ လူမှုဖူလုံရေးကဒ်ထုတ်ပေးဖို့၊ အချိန်ပိုကြေး တိတိကျကျပေးဖို့၊ လစာထုတ်ပေးတဲ့ စာရင်းစာရွက်ကို တရုတ်ဘာသာအစား မြန်မာဘာသာနဲ့ ဖော်ပြပေးဖို့စတဲ့ အချက်တွေပါတဲ့ အချက် ၁၄ ချက်ကို အလုပ်ရှင်နဲ့ မြို့နယ်အလုပ်သမားရုံးထံ တင်ပြထားတယ်လို့ သိရပါတယ်။
Ref: RFA News
အမေရိကန်၊ တရုတ်သံအမတ်ကြီးတွေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ တွေ့ဆုံ
2013-05-13
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell၊ တရုတ် သံအမတ်ကြီး ရန်ဟိုဟန်တို့နဲ့ ဒီနေ့မှာသီးခြားစီ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဆွေးနွေးရာ မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်လဲရေး ဆိုင်ရာ ကိစ္စတွေကို အဓိကထားဆွေးနွေး ခဲ့တာလို့ သိရပါတယ်။
ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFA ကို အခုလိုပြောပါတယ်။
"အမေရိကန်ခရီးစဉ်မှာ အမေရိကန်အစိုးရ အနေနဲ့ အကူအညီပေးနိုင်မယ့် ကိစ္စတွေကို ဆွေးနွေးတယ်၊ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စရယ်၊ ကျင့်ထုံး ဥပဒေပုဒ်မ ၄ဝ၁ အရ ထောင်ချတဲ့ ကိစ္စပေါ့၊ အဓိက ထားပြီးတော့ ဆွေးနွေးတယ်၊ ဒါဟာဘယ်လိုမျိုးလဲ၊ အကြွင်းအကျန် ဆိုတာ ရှိသင့်တဲ့ ကိစ္စလား ဆိုတာ ဆွေးနွေးတယ်၊ နိုင်ငံတကာ မိသားစုရဲ့အမြင်မှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီပြောင်းလဲမှုတွေ လုပ်ဖို့အတွက်ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ လုံးဝမရှိသင့်တော့တဲ့ အနေအထားကို သူတို့လက်ခံထားတယ်၊ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ပိုပြီးအားကောင်းလာဖို့အတွက်လည်း အမေရိကန်အစိုးရအနေနဲ့ နီးနီးကပ်ကပ် အကူအညီပေးသွားမယ်၊ အဲဒီအတွက် အသင့်ရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောသွားတယ်"
နေ့လည်ပိုင်းမှာတော့ တရုတ်ပြည်သူ့သမ္မတ သံရုံးက သံအမတ်ကြီး မစ္စတာ ရန်ဟိုးဟန်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြည်သူချင်း ဆက်ဆံရေး၊ မြန်မာ၊ တရုတ်နယ်စပ် ဒေသဖွံ့ဖြိုးရေးအပြင် လူထုအခြေပြု အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တရုတ်သံအမတ်ကြီးနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဆွေးနွေးမှုဟာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ခုနှစ်တုန်းက ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူး လူ့အခွင့်အရေး ဆုကို ရယူဖို့ အတွက် လာမယ့်မေလ ၁၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
အဲဒီနောက် အမေရိကန်ပြည်ထောင်စုအခြေစိုက် National Endowment for Democracy က ချီးမြှင့်တဲ့ဆုကို လက်ခံဖို့ အတွက် တောင်ကိုရီးယားနိုင်ငံကနေ တဆင့် အမေရိကန်ပြည်ထောင်စုကို သွားရောက်မှာဖြစ်ပါတယ်။
Ref: RFA News
ထိုင်းနိုင်ငံကို လူပွဲစားနဲ့ တရားမ၀င်ရောက်လာတဲ့ မြန်မာ ၈၀ ကျော်ကို နေရပ်ပြန်ပို့
2013-05-13
ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက တာ့ခရိုင် မဲဆောက်မြို့မှာ တနင်္ဂနွေနေ့က ဖမ်းဆီး လိုက်ကြောင်း သိရပါတယ်။
အမျိုးသမီးတွေနဲ့ လူလတ်ပိုင်းအရွယ် မြန်မာနိုင်ငံသား ၈၁ ဦးကို ထိုင်းနယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့က မဲဆောက်မြို့မြောက်ဘက် မဲ့ကဆာကျေးရွာက တောင်ယာတွေ ထဲမှာ ဖမ်းဆီး မိခဲ့တာဖြစ်ကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦမိုးကြိုးက ပြောပါတယ်။
"ဘန်ကောက်တက်ဖို့ ကြိုးစားတဲ့သူတွေပေါ့ဗျာ၊ လူပွဲစားတွေကနေပြီးတော့ ဘတ် ၃၀၀၀ နဲ့ ပို့ပေးမယ်၊ ဘတ် ၃၀၀၀ ကနေပြီးတော့ ဘတ် ၁၅၀၀၀ ခွဲပေါ့ဗျာ၊ အစားစားပေါ့ သူတို့ပို့ပေးမယ်၊ ဘန်ကောက်မှာ ရှိတဲ့ စက်ရုံတို့၊ ဆောက်လုပ်ရေးတို့၊ အိမ်ဖော်တို့ အဲ့လုပ်ငန်းခွင်တွေ ပို့ပေးမယ် ဆိုပြီးတော့ မက်လုံးပေးပြီးတော့ ထားထားတာ၊ အဲ့ဒါကို နယ်ခြားစောင့်တပ်နဲ့ အမှန်တော့ နယ်တော့ ကျေးရွာပြည်သူ့စစ်ကနေ မသင်္ကာဖွယ်ရာတွေ့ရှိတာနဲ့ နယ်ခြားစောင့်တပ်ကို အကြောင်းကြား၊ နယ်ခြားစောင့် တပ်ကနေ မဲဆောက်မြို့နယ် ရဲကို အကြောင်းကြားတာ"
သူတို့တွေဟာ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်ဖို့အတွက် လူပွဲစားတွေဆီကနေ တဆင့် ထိုင်းနိုင်ငံတွင်းကို ပြီးခဲ့တဲ့ သီတင်းပတ် ထဲက ရောက်ရှိ ခဲ့ကြတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက အယောက် ၃၀ ခန့်ကို ထိုင်းအာဏာပိုင်တွေက ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ အမှတ် ၁၇ ကူးတို့ ဆိပ်ကနေ မနေ့က မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လည် ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း မဲဆောက်မြို့နယ် မယ်ပရပ်ကွက်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူ ၁၂၀ ခန့်ကို ထိုင်းလဝကက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Ref: RFA News
မိတ္ထီလာတွင် ပုဒ်မ ၁၄၄ ဆက်လက်ထားရှိရန် သမ္မတ လိုလား
ဇော်ဇော်ထွေး
တနင်္လာနေ့၊ မေလ ၁၃ ရက် ၂၀၁၃
ရန်ကုန် (မဇ္ဈိမ)။ ။ အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့တွင် သတ်မှတ်ရက် ပြည့်တော့မည်ဖြစ် သည့် ပုဒ်မ ၁၄၄ အား ဆက်လက် ထုတ်ပြန်ထားရန် သမ္မတ က လိုလားကြောင်း ၎င်း၏ သဝဏ်လွှာတွင် ဖော်ပြထားပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် တောင်းဆိုလိုက်သည်။
“ဒီကိစ္စကို လွှတ်တော်က ဆုံးဖြတ် အတည်ပြုပေးရမှာပါ။ လွှတ်တော် ကိုယ်စားလှယ်က အခြား လုံခြုံအေးချမ်း နိုင်တဲ့ နည်းလမ်းတွေ တင်ပြရမယ်၊ အကြံပြုရမယ်။ အဲဒီလိုနည်းလမ်းတွေ မရှိဘူးဆိုရင်တော့ သမ္မတကြီး ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးပဲ ထပ်ပြီး ထားရဦးမယ့် သဘောပါ” ဟု အထက်လွှတ်တော် အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင် က မဇ္ဈိမသို့ ပြောသည်။
သမ္မတမှ ပေးပို့သော ဧပြီလ ၂၇ ရက်နေ့ သဝဏ်လွှာတွင် မိတ္ထီလာ၌ ထုတ်ပြန် ထားသော ပုဒ်မ ၁၄၄ မှာ ရက်ပေါင်း ၆၀ ပြည့်လုပြီ ဖြစ်သော်လည်း မူလအခြေအနေအတိုင်း တည်ငြိမ်အေးချမ်းမှု ရရှိသည်အထိ ဆက်လက်ဆောင်ရွက်ရန် ကျင့်သုံး လိုပါသဖြင့် ဥပဒေတည်သော၊ အာဏာတည်သော အမိန့်ကို ဆက်လက် အာဏာတည်စေရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးရန်ဟု ဖော်ပြပါရှိသည်။
“ဒီပုဒ်မကို ဆက်လက် ထားရှိသင့်ပါတယ်။ ဒါမှ နဂိုအတိုင်း တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်မှာပါ။ အခုလို ပြဿနာတွေဖြစ်ခဲ့တော့ ဒီပုဒ်မဟာ ကြာကြာထားနိုင်လေ ပိုမိုပြီး အေးချမ်းမှုကို ရရှိနိုင်လေလေပါပဲ” ဟု ကြံ့ခိုင်ရေးပါတီမှ အထက်လွှတ်တော် အမတ်ဖြစ်သူ ဦးလှဆွေ က ပြောသည်။
ဒေသခံတို့ကမူ လက်ရှိ မိတ္ထီလာမြို့မှာ တည်ငြိမ်အေးချမ်းမှုကို ရရှိပြီ ဖြစ်သည်ဟု ဆိုသည်။ သို့သော် စီးပွားရေးလုပ်ငန်းများမှာ ကောင်းမွန်လာမှုမရှိသေးဟု ပြောဆိုကြသည်။ ဒေသခံများအနေဖြင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် နှစ်ဖက်လုံး တည်ငြိမ်အေးချမ်းစွာဖြင့် အတူယှဉ်တွဲနေထိုင်နိုင်ရန် ဆန္ဒရှိကြောင်း စုံစမ်းသိရှိရ သည်။
“ပြဿနာတွေက အရင်ကလို မဖြစ်တော့ဘဲ အေးသွားပါပြီ။ ဒါပေမယ့် လူတွေမှာတော့ ကြောက်စိတ်တွေ သံသယစိတ်တွေ ရှိနေကြတုန်းပဲ။ ဘာစီးပွားရေးမှ လုပ်စားလို့ မကောင်းတော့ဘူး။ ပြီးတော့ ပုဒ်မ ၁၄၄ ရုတ်သိမ်းသွားရင် ပြန်ချမယ်ဆိုတဲ့ ကောလာဟလ တွေလည်း ကြားနေရသေးတယ်” ဟု မိတ္ထီလာမြို့နယ် ဘူတောင်းအောင်ဇေယျာ ရပ်ကွက်မှ ဒေသခံ အမျိုးသမီးတဦး က ပြောပြသည်။
ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်ဘာသာဝင်များအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ စ၍ မိထ္ထီလာ ပုဒ်မ ၁၄၄ အား သမ္မတကြီး ဦးသိန်းစိန်က ထုတ်ပြန်ခဲ့ရာတွင် မေလ ၂၀ ရက်နေ့တွင် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်သည်။ အခြေခံဥပဒေ ပုဒ်မ ၂၁၂ (ခ)အရ ထပ်မံ သက်တမ်းတိုးရန် ပြည်ထောင်စုလွှတ်တော် သို့ သမ္မတ က အတည်ပြုချက် ရယူရခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
တပ်မှ သိမ်းထားသည့် လယ်မြေ ဧက ၃,၀၀၀ ကျော် စဥ့်ကူး တောင်သူတို့ ပြန်ရလို
အောင်ကိုဦး
တနင်္လာနေ့၊ မေလ ၁၃ ရက် ၂၀၁၃
မန္တလေး (မဇ္ဈိမ)။ ။ စစ်တပ်မှ သိမ်းယူထားသည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်း ကျေးရွာရှိ လယ်မြေ ဧက ၃,၀၀၀ ကျော်ကို ပြန်ရလိုကြောင်း ဆန္ဒပြရန် ဒေသခံတို့ ပြင်ဆင်လျက် ရှိသည်ဟု လယ်သိမ်းခံ တောင်သူများက မဇ္ဈိမကို ပြောသည်။
၁၉၉၃ နှင့် ၁၉၉၄ တို့တွင် တပ်မှ သိမ်းခဲ့သော လယ်မြေမှာ စုစုပေါင်း ၃,၀၆၂ ဧကအထိ ရှိခဲ့သည်ဟု တောင်သူများက ပြောဆိုကြပြီး ပြန်ရရေး ဆန္ဒပြပွဲကို အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်း အခြေစိုက်ရာ မန္တလေးမြို့ နန်းမြို့တွင် မြောက်ပေါက်အထိ ချီတက်ရန် ပြင်ဆင်နေကြသည်။
“တပ်ကတော့ အစုံပဲ။ ၉၅ ခြေလျှင် တပ်ရင်းလည်း ပါတယ်။ ကျန်တဲ့ တပ်တွေကိုတော့ မသိဘူး။ လာသိမ်းတဲ့ ဗိုလ်ကြီးတွေ ပြောတာကတော့ တပ်တွင်းရိက္ခာ မလုံလောက်လို့ သိမ်းတယ်လို့ ပြောတယ်။ ပြည်သူတွေရဲ့ ဝမ်းရေးကျ ဘာဖြစ်ဖြစ် ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ မျက်ရည် ကျမိတယ်ဗျာ။ အခုတော့ တပ်မတော်က သိမ်းထားတဲ့ လယ်မြေတွေ ပြန်တောင်းရင် ရတယ်ဆိုလို့ ပြန်တောင်းကြတာပါ။ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကိုလည်း တင်ပြ အသနားခံထားပါတယ်” ဟု ညောင်ဝန်းရွာမှ ဦးလှိုင်ဝင်း က မဇ္ဈိမကို ပြောသည်။
လက်ရှိ ထောက်ပံ့ရေးတပ် ၁၂၁ မှ ဗိုလ်ကြီးညီညီနိုင် က တောင်သူတို့၏ တင်ပြစာကို လက်ခံရရှိထားပြီး တောင်သူတို့နှင့် တွေ့ဆုံညှိနှိုင်းလျက်ရှိနေသည်ဟု ဆိုသည်။
“ကျနော်တို့ ဒေသခံတွေနဲ့ တွေ့ဆုံ ညှိနှိုင်းနေပါတယ်။ သူတို့ တင်ပြတဲ့ စာတွေလည်း ရပါတယ်။ ကျနော်တို့ လည်း အထက်ကို တင်ပြထားပါတယ်။ ဘာဆက်လုပ်ရမယ်ဆိုတာ ညွှန်ကြားချက် မထွက်သေးပါဘူး။ အဲဒီ ညောင်ဝန်းရွာကို ဆင်းပြီးကြည့်ထားပါတယ်။ လယ်မြေပိုင်ဆိုင်ခွင့် စာရွက်စာတမ်းတွေလည်း ကြည့်ပြီးပါပြီး။ မှန်မမှန်လည်း စစ်ဆေးနေပါတယ်” ဟု ပြောသည်။
ထောက်ပံ့ရေးတပ်မှ တပ်ကြပ်ကြီး တင်ဦးကလည်း “ကွင်းဆင်းပြီး ဆောင်ရွက်တာတွေလို လုပ်နေပါတယ်။ အရမ်း လောလို့ကတော့ မရဘူး။ သူတို့ တင်တဲ့စာတွေ အားလုံး ကျနော်တို့ဆီမှာ ရှိပါတယ်။ ဆန္ဒဖော်ထုတ်မယ် ဆိုတာလိုတော့ မသိပါဘူး။ တရားဝင် ခွင့်ပြုချက်တင်ပြီး လုပ်ကြမယ်ဆိုရင်တော့ ဘာမှပြဿနာ မရှိနိုင်ပါ ဘူး” ဟု မိဇ္ဈိမကို ပြောသည်။
ထိုလယ်မြေများကို တပ်မတော်မှ ၁၉၉၃ နှင့် ၁၉၉၄ တို့တွင် သိမ်းယူခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စ၍ ယခုအချိန်အထိ ဂရိတ်ဝေါ ကုမ္ပဏီသို့ လွှဲပြောင်း၍ အငှားချထားသည်ဟု လယ်သမားများထံမှ သိရှိရသည်။
Ref: မဇ္ဈိမ
ဝ ပြည် ထူထောင်ခွင့်ရရေး UWSA တောင်းဆို
ကိုမိုးဇော်
13.05.2013
မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့က အနာဂတ်မှာ သီးခြားပြည်နယ် တစ်ခု ရရှိရေး အာမခံပေးဖို့ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေကို တောင်းဆို လိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ၀ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူတွေကို တောင်းဆို လိုက်တာပါ။ လက်နက်ကိုင် အင်အား အတောင့်တင်းဆုံး ၀တပ်ဖွဲ့နဲ့ မြန်မာ အစိုးရတို့ ကြား ဆွေးနွေးနေတဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေ (မြန်မာပိုင်း) သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ ထားပါတယ်။
ဦးသိန်းဇော် ခေါင်းဆောင်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး တာဝန်ရှိသူတွေနဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေး ပါတီ UWSP က ဒုဥက္ကဌ လျှောက်မီလျံ နဲ့ ပေါက်ယိုယီ တို့ ဦးဆောင်တဲ့ အဖွဲ့တို့ဟာ ၀ အဖွဲ့ အခြေစိုက်ရာ ပန်ဆန်းမြို့မှာ တွေ့ဆုံချိန် သူတို့ရဲ့ အနာဂတ် ရပ်တည်ရေး ကိစ္စတွေအတွက် အဓိက အာရုံစိုက် ဆွေးနွေးခဲ့တာ ဖြစ်ပါ တယ်။ ဒီဆွေးနွေးပွဲမှာ ၀အဖွဲ့က အလေးထား တင်ပြတဲ့ အချက်တွေကို UWSP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က အခုလို ပြောပါတယ်။
“အခု နိုင်ငံတော်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပြီ။ ၂၀၀၈ အခြေခံဥပဒေဟာ ဆိုလို့ ရှိရင် အရင်က အခြေအနေ အပေါ်မှာ အခြေခံပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်တယ်။ အခု ပြောင်းလဲ လာတဲ့ အခြေအနေနဲ့ လိုက်လျော ညီထွေစွာပေါ့ အခြေခံဥပဒေကို ပြုပြင်ရေးဆွဲဖို့ လိုအပ်တယ်။ ပြင်ဖို့ လိုအပ်တဲ့အထဲမှာပဲ ကျနော်တို့ ၀တိုင်းရင်းသားတွေ တင်ပြဆွေးနွေးနေတဲ့ တောင်းဆိုနေတဲ့ ၀ပြည်နယ် ရရှိရေး ဆိုတာကိုလည်း ထည့်သွင်းစဉ်းစား။ ထည့်သွင်းပြုပြင်သွားဖို့ လိုအပ်တယ် ဆိုတာကိုလည်း ဆွေးနွေးတယ်လေ။ ပြည်နယ်အဆင့် သတ်မှတ်ရေးပေါ့။ ဒါလေးကို ဦးစားပေးပြီး ပြောပါတယ်။”
ဆွေးနွေးပွဲမှာ တင်ပြတဲ့ အခြားအချက်တွေကတော့ ၀အဖွဲ့က ပြည်ထောင်စုက ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး တောင်းဆိုမှာ မဟုတ်ကြောင်း၊ တိုင်းရင်းသားတွေ ကြားက နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်း အရ ဖြေရှင်းဖို့နဲ့ စစ်ရေးနည်းအရ ဖြေရှင်းတာကို ကန့်ကွက်ကြောင်း ဆိုတာတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တွေ့ဆုံချိန်မှာ UWSP က တင်ပြခဲ့တာကို ဦးသိန်းဇော်နဲ့ အဖွဲ့က အထက်ကို ဆက်လက် တင်ပြသွားမယ်လို့ တုံ့ပြန်ထားပါတယ်။
ဦးသိန်းဇော်တို့နဲ့ ၀ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ တရုတ်ကနေ ၀အဖွဲ့ကို အဆင့်မြင့် စစ် ရဟတ်ယာဉ်တွေ အပါအ၀င် လက်နက်တွေ ထောက်ပံ့ပေးနေတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။
နာမည်ကျော် စစ်ဘက်ဆိုင်ရာ စာစောင်တစ်ခုဖြစ်တဲ့ Jane’s Defense Weekly က ဒုံးလက်နက်တွေ ပါဝင်တဲ့ စစ်ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တဲ့ အကြောင်း မကြာသေးခင်က ဖော်ပြခဲ့တာကို နှစ်ဘက် တာဝန်ရှိသူတွေ အလွတ်သဘော ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဦးအောင်မြင့်က ပြောပြပါတယ်။
“ဒီကိစ္စဟာ သူတို့ပြောတာက အခြေအမြစ် မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ ကျနော်တို့ တကယ်ကိုပဲ လော (Lao) ကနေပြီးတော့ ရဟတ်ယာဉ် တစ်စီး ၀ယ်တယ်။ ဖော်ကာ တစ်စီးဝယ်တယ်။ နောက်သင်္ဘောလေး တစ်စီး ၀ယ်ထားတယ်။ ကျနော်တို့ ဆီကို ကားနဲ့တင်လာတယ်။ ဘာလုပ်ဖို့လဲ၊ ဘာလို့ ၀ယ်လဲဆိုတော့ ကျနော်တို့ မိုင်းပေါက်ဒေသမှာ သဘာဝ ဥယျာဉ်တစ်ခု တည်ထောင်ဖို့ စီမံထားတယ်။ လုပ်လည်း လုပ်နေတယ်။ ဒီတော့ သဘာဝ ဥယျာဉ်ကို လုပ်ပြီးတဲ့အခါမှာ ဒေသက အရပ်သားတွေ လေယာဉ်ပျံ ဆိုတာ ဘာလဲ မတွေ့ဖူးဘူး၊ သင်္ဘောဆိုတာ ဘာလည်း မတွေ့ဖူးဘူး။ ဒါကြောင့် သူတို့တွေ တွေ့ရအောင်လို့ ၀ယ်လာတာဖြစ်တယ်။ ကျနော်တို့ အင်တာနက်မှာ ဒီပုံတွေ အကုန်လုံး ပြန်ပြီး ဖော်ပြထားပါတယ်။ ဦးသိန်းဇော်ဆိုရင် ဓာတ်ပုံလည်း ပေးလိုက်ပါတယ်။”
လောနိုင်ငံကတဆင့် သယ်ယူလာတဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေဟာ အင်ဂျင် မပါကြောင်းနဲ့ နိုင်ငံတော် သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ် ဆီကိုလည်း အဲဒီ ဓာတ်ပုံတွေကို ဦးသိန်းဇော်က တဆင့် ပေးပို့ခဲ့ကြောင်း ဦးအောင်မြင့်က ဆက်ပြောပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ် ပါတီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့တာကြောင့် နှစ်ဘက်တင်းမာမှုတွေ ဖြစ်ခဲ့ပေမဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ် ဖွဲ့စည်းပြီးချိန်မှာ အပစ်အခတ် ရပ်စဲရေးကို ဆက်လက် စောင့်ထိန်းဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။
လောလောဆယ်မှာတော့ UWSA အဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ထဲမှာတော့ အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။
Ref: VOA News
Monday, May 13, 2013
လက်ပံတောင်းတောင် အစီရင်ခံစာကို ဦးပိုင်နှင့် ၀မ်ပေါင် ချိုးဖောက်နေဟု ဆို
ထက်နိုင်ဇော်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် ၀မ်ပေါင် ကုမ္ပဏီတို့က ချိုးဖောက်လျက် ရှိကြောင်း လက်ပံတောင်း ဒေသခံများက ပြောဆိုသည်။
စုံစမ်းရေး ကော်မရှင်မှ ညွှန်ကြားထားသော စီမံကိန်း လုပ်ပိုင်ခွင့်အတွက် စာချုပ်အသစ် ထပ်မံ ချုပ်ဆိုခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိန်းသိမ်းရေး အတွက် EIA, SIA စစ်တမ်းများ ပြုလုပ်လေ့လာခြင်း၊ မြေယာလျော်ကြေးများ အတွက် ဒေသခံများနှင့် ဆွေးနွေးခြင်းများ မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော မကျေနပ်ချက် များကို တုံရွာသစ်၊ အလည်တော၊ ဆည်တည်း၊ တုံ၊ မိုးကြိုးပြင်နှင့် ဇီးတောရွာ ၆ ရွာ ကိုယ်စား ဆရာတော် သံဃာတော်များနှင့် ဒေသခံများက စုပေါင်း၍ သတင်းစာ ရှင်းလင်းပွဲ တခု ရန်ကုန်မြို့တွင် မေလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။
မြေယာများကို ရာသက်ပန် စွန့်လွတ်ပါသည်ဟု ဆိုသော စာရွက်များတွင် ဦးပိုင်နှင့် ၀မ်ပါင်ကုမ္ပဏီက လက်မှတ်ထိုးခိုင်းပြီး လျော်ကြေး ထုတ်ပေးနေကြောင်း၊ တောင်သူအချို့မှာ လျော်ကြေးလိုချင်သော်လည်း မြေယာ ရာသက်ပန် စွန့်လွှတ်ရမည် ဆိုသောကြောင့် လက်မှတ်မထိုးဘဲ ပြန်လာသူများရှိကြောင်း၊ လက်မှတ်ထိုး လျော်ကြေးယူခဲ့သူများမှာ နောင်တရနေကြောင်း ဒေသခံများက ပြောသည်။
“ကော်မရှင် အစီရင်ခံစာအတိုင်း မလုပ်ဘဲ သူတို့ မလုပ်ချင်တာကို ချန်ထားတယ်။ သူတို့ ဆန္ဒရှိတာကို အရင်လုပ်နေတယ်” ဟု လက်ပံတောင်းတောင် ဒေသခံ ရှင်မတောင် ဆရာတော် ဦးက၀ိန္ဒောဘာသက မိန့်သည်။
ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီအနေဖြင့် ကော်မရှင်၏ လမ်းညွှန်ချက်အတိုင်း အပြည့်အ၀ လုပ်ဆောင်ပါက လက်ခံနိုင်ကြောင်း၊ ဆိုလိုသည်မှာ စီမံကိန်းတွင် အသုံးမပြုသော မြေများပြန်ပေးခြင်း၊ စာပြန်ချုပ်ပြန်ချုပ်၍ လုပ်ငန်းအတိုးအလျှော့၊ မြေယာ အတိုးအလျှော့များ ပြုလုပ်ခြင်းများ မလုပ်ဆောင်ဘဲ ကော်မရှင် အစီရင်ခံစာအရ စီမံကိန်း ဆက်လက်လုပ်ဆောင်ခွင့် ရှိသည်ဟုဆိုကာ မိမိထင်ရာ လုပ်ဆောင်နေခြင်းသည် ဥပဒေမဲ့ လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် နိုင်ငံတော် အစိုးရကို မလေးစားရာ ရောက်ကြောင်း၊ နိုင်ငံတော်ကလည်း လျစ်လျူရှုထားကြောင်း ဒေသခံများက ပြောဆိုသည်။
“မလိုတာတွေ ပြန်ပေးဖို့က ဒေသခံတွေနဲ့ တိုင်ပင်ပြီး လုပ်ရမယ့်ဟာတွေပါ။ မြေဆီလွှာ ထိန်းသိမ်းမှု၊ သားစဉ်မြေးဆက်တွေရဲ့ အနာဂတ်အရေးတွေကိုတော့ ဦးပိုင်-၀မ်ပေါင်က ဘာမှ လုပ်မပေးဘူး” ဟု ဒေသခံတဦးက ဆိုသည်။
“စေတီနဲ့ သာသနိက အဆောက်အဦးတွေကလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က တောင်ကြားကျောင်းနေရာနဲ့ သာသနိက အဆောက်အဦများကို စီမံကိန်းနဲ့ မလွတ်လို့ရှိရင် မူလပကတိမပျက် လိုအပ်ရာကို ရွှေ့ပြောင်းပြီးတော့ ဆောင်ရွက်သင့်ပါတယ်လို့ အကြံပြုထားပါတယ်။ မူလပကတိမပျက်ဆိုတာ တကယ်တော့ ဖျက်ပြီးတော့ ရွှေ့ခိုင်းတာ မဟုတ်ပါဘူး” ဟု ရှင်မတောင် ဆရာတော် ဦးက၀ိန္ဒောဘာသက မိန့်သည်။
ပိုလျှံမြေများ ပြန်ပေးမည်ဆိုကာ ဧက ၉၀၀ ကျော်ရှိသော နေရာတခုကို ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီက စီစဉ်နေရာ ယင်းနေရာမှာ စိုက်ပျိုးစားသောက်ရန် မဖြစ်နိုင်သော နေရာတခုဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
“အခုရွာတွေထဲမှာ လိုက်ပြီးတော့ လက်မှတ်ထိုးခိုင်းနေတာက ဘာတွေလဲဆိုရင် လှည်းလမ်းနဲ့ ဆည်မြောင်းကြီးကြားက လှည်းသာသာ မောင်းလို့ရတဲ့ နေရာလေးပါ။ ကျမတို့ကို လက်မှတ်ထိုးပြီး ယူရမယ်လို့ ပြောပါတယ်။ ကျမတို့ မယူပါဘူး။ တချို့နေရာလေးတွေက ဧက၀က်၊ တဧကလောက်ရှိတဲ့ နေရာလေးတွေကို ပြန်ပေးတာဟာ ကျမတို့ လူနေမှုဘ၀တွေ လုံခြုံဖို့အတွက် ဖြည့်ဆည်းမပေးနိုင်ပါဘူး။ အဲဒီနေရာလေးတွေက လှည်းပဲ မောင်းလို့ရတဲ့ နေရာလေးတွေပါ” ဟု တုံရွာမှ မစန္ဒာက ပြောသည်။
“အခု ဦးပိုင်-၀မ်ပေါင်က ဒီအစီရင်ခံစာကို သမ္မတရဲ့ ဆုံးဖြတ်ချက်ပုံစံ ကျင့်သုံးနေပါတယ်။ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လုပ်သင့် မလုပ်သင့် အဖြေထုတ်ပြန် မထားသေးပါဘူး။ ကော်မရှင် အစီရင်ခံစာအရ စာချုပ်အသစ်ချုပ်ဖို့၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးအတွက် EIA, SIA မှတ်တမ်းတွေကို ပြည်သူလူထုကို အသိပေးဖို့ ဒါတွေ မလုပ်ပါဘူး” ဟု မစန္ဒာက ဆိုသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာမှာ ကြေးနီစီမံကိန်း ဆက်လုပ်ရန်သာ ဦးစားပေး ဖော်ပြထားပြီး ဒေသခံပြည်သူများ၏ နစ်နာချက်၊ ခံစားချက်များ မပါဝင်ကြောင်း၊ ဒေသခံတောင်သူများ မကျေနပ်ခြင်းမှာ မြေယာလျော်ကြေး နည်းသောကြောင့် မဟုတ်ကြောင်း၊ နောက်ကွယ်က သွေးထိုးလှုံဆော်ပေးသည် ဆိုသော စကားရပ်သည် ဒေသခံ ပြည်သူလူထုနှင့် တောင်သူ လယ်သမားများကို သေးသိမ်သွားအောင် နှိမ့်ချခြင်းပင် ဖြစ်ကြောင်း၊ ၄င်းတို့ အနေဖြင့် ဦးပိုင်နှင့်ဝမ်ပေါင် ဆီမှ မြေယာလျော်ကြေးကို ဘယ်သောအခါမှ မယူခဲ့ကြောင်း၊ သီးနှံလျော်ကြေး ၃ နှစ်စာကိုသာ ရယူခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ရှင်းပြသည်။
“မိုးကြိုး ဆာလ်ဖျူရစ် စက်ရုံကို ၀န်ကြီးဌာန ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတာကို အရေးယူဖို့ မလုပ်ဘဲနဲ့ ၀န်ကြီးဋ္ဌာန ခွင့်ပြုချက်တောင်းဖို့ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်” ဟု ဒေသခံတဦးက ပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ထားသော လယ်မြေတွင် ဒေသခံလယ်သမားများ ၀င်ရောက် ထွန်ယက်ခဲ့သောကြောင့် ဧပြီလ ၂၅ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့် တောင်သူများ ပဋိပက္ခဖြစ်ရာ တုံရွာသစ်မှ ရွာသား ကိုတင်ဇော် သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆည်တည်းရွာမှ မရီဝင်းက ပြောသည်။
မိုးကြိုးပြင်ရွာမှ ဦးဝင်းကျော်က “ငါက ပြောင်းကြဲပြီးပြီ။ မင်းတို့ ၀င်ဖျက်ရင် ငါ့ သားသမီးလေးတွေလည်း ကျောင်းထားပေးနိုင်မှာ မဟုတ်ဘူး။ ငါဆက်လုပ်လို့ရမှာလို့။ အဲဒီလိုပြောပြီး ဆက်လုပ်နေတဲ့ အချိန်မှာပဲ ကျနော့်ကို ကူညီလုပ်နေတဲ့ ကိုသောင်းထိုက်ကို ရဲအင်အား ၄၀ လောက်က ၀င်ရိုက်ပြီး ဆွဲတော့တာပဲ။ ပုဒ်မ ၁၄၄ ထုတ်ထားလို့ နောက်နေ့လည်း လာမထွန်နဲ့လို့ ပြောလိုက်တယ်” ဟု ဆိုသည်။
ဒေသခံများကို ကူညီပေးနေသော ကျောင်းသား ကွန်ရက်အဖွဲ့ဝင်များကိုလည်း ဖမ်းဝရမ်းများ ထုတ်ပြန်ဖမ်းဆီးခဲ့ကြောင်း၊ လက်ခံကူညီပေးသူကိုလည်း ဖမ်းဆီးထောင်ချမည်ဟု ထုတ်ပြန်လိုက်ကြောင်း ဒေသခံများက ပြောသည်။
“ဒေသခံ ပြည်သူလူထုကို အကူအညီပေးနေတဲ့ ကျောင်းသားတွေ၊ ကွန်ရက် ၀င် ၈ ဦးကို ဖမ်းဝရမ်း ထုတ်ပါတယ်။ ဖမ်းထားတဲ့ ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုဆန်းတို့ကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ လယ်ယာမြေတွေပေါ်မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ရုတ်သိမ်းပေးပါ။ လျော်ကြေး မလိုချင်သလို ရောင်းဖို့လည်း မဟုတ်ဘဲ မိမိတို့ သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်ဖို့ ဖြစ်ပါတယ်” ဟု ဒေသခံ မစန္ဒာက ဆိုသည်။
“ကျနော်တို့ကို ဘာမှမပြောဘဲနဲ့ ငွေလျော်ကြေးပဲ လှိမ့်ပေးနေတယ်။ အခုသူတို့ပေးတဲ့ ငွေလျော်ကြေးက အစီရင်ခံစာမှာ ပါသလို ဒေသပေါက်ဈေးကို ညှိနှိုင်းပေးရမှာကို ဘာမှ မညှိနှိုင်းဘဲနဲ့ သူတို့ပေးချင်တဲ့နှုန်း ပေးတယ်။ ကျနော်တို့ ရွာသား သုံးပုံနှစ်ပုံလောက်က မယူပါဘူး” ဟု မိုးကြိုးပြင်ရွာမှ ဦးဝင်းကျော်က ဆိုသည်။
ဒေသခံ ဆရာတော်များကိုလည်း လက်ပံတောင်းတောင် ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခြင်း မပြုရန် မေတ္တာရပ်ခံ အကြောင်းကြားစာများ ပေးပို့ထားကြောင်း ဒေသခံဆရာတော်များက ပြောသည်။
ကော်မရှင်၏ အစီရင်ခံတွင် ပါဝင်သော လမ်းညွှန်ချက်များ အတိုင်းသာ ဦးပိုင်နှင့် ဝမ်ပေါင် ကုမ္ပဏီအနေဖြင့် တိတိကျကျ လိုက်နာ ဆောင်ရွက်စေလိုကြောင်း၊ ဒေသခံများနှင့် ၀မ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်နှင့် နိုင်ငံတော်အစိုးရတို့ကြား ပြေလည်စေရန် ယခု သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
Ref: ဧရာဝတီ
မြန်မာနိုင်ငံသို့ ၃ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်လာဖွယ် ခန့်မှန်း
နန်းလွင်နှင်းပွင့်
စနေနေ့၊ မေလ ၁၁ ရက် ၂၀၁၃
ရန်ကုန် (မဇ္ဈိမ)။ ။ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းနှစ်ခု အနက် ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ ၃ ရက်အတွင်း ဝင်ရောက်လာရန် အလားအလာများ ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များက ပြောသည်။
လက်ရှိတွင် မုန်တိုင်းသည် အိန္ဒိယမြောက်ဘက် (အနောက်မြောက်ဘက်)သို့ ဦးတည်နေပြီး ၁၂ နာရီအတွင်း တွင် အင်အားကောင်းလာကာ ဆိုင်ကလုန်း အဖြစ်သို့ပြောင်းလဲပြီး မြောက်ဘက်သို့ ဦးတည်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးချစ်ကျော် က ပြောသည်။
“မြောက်ဘက်ကို ဦးတည်သွားမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံဘက်ကို ဦးတည်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မေလ ၁၃ ရက် ကျော်ရင်တော့ ကျနော်တို့ဘက်ကို ဦးတည်လာနိုင်မယ့် အနေအထား ရှိပါတယ်။ ဦးတည်လာမယ် ဆိုပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်ဘက်လို့ပဲ သင်္ချာပုံစံနည်းအရ ဖော်ပြနေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ထိုခန့်မှန်းချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနများသို့ သတင်းပေးပို့ထားပြီး မုန်တိုင်းအခြေအနေအပြောင်း အလဲများအား ၃ နာရီတကြိမ်နှုန်းဖြင့် သတင်းများ ထုတ်ပြန်နေမည်ဟု ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်ကမူ ထိုမိုန်တိုင်းမှာ ၄ ရက်ကြာလျှင် ရခိုင် နယ်စပ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းသည်။
“ကျနော့်ခန့်မှန်းချက်အရ ဆိုရင်တော့ ၁၅ ရက်နေ့ ညနေပိုင်းလောက်မှာ ဝင်လာနိုင်တယ်။ မောင်တောနဲ့ စစ်တကောင်း ဘက်ကိုပေါ့။ မြန်မာပြည်အထဲဘက်ကိုတော့ အရမ်းကြီး တိတိကျကျ မရောက်ပါဘူး။ အခုက လေတိုက်နှုန်းတော့ နည်းနေသေးတယ်။ အဲတာကြောင့် မုန်တိုင်းနာမည်ကို မဖော်ပြကြသေးဘူး။ မုန်တိုင်းက အပူပိုင်းမုန်တိုင်း (Tropical Cyclone 01B13) ပါ။ ကျနော်တို့ မုန်တိုင်းပြောင်းလဲနှုန်းကို သတင်း ဆက်တိုက် ထုတ်ပြန်နေမှာပါ” ဟု မဇ္စျိမကို ပြောသည်။
မုန်တိုင်းသည် နှစ်ခုဖြစ်ပေါ်နေပြီး အိန္ဒိယပင်လယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းအား ဂျမာလာဟု အမည်ပေးထားပြီး ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာမူ အမည် အတိအကျ ပေးထားခြင်း မရှိဟု ၂၀၀၈ နာဂစ် မုန်တိုင်းကို တိကျစွာ မှန်းပေးနိုင်ခဲ့သော www.wunder-ground.com တွင် ဖော်ပြထားသည်။
အင်္ဂါနေ့ည သန်းခေါင်ကျော် (19:00 GMT on 14 May)၊ ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) နံနက် ၁ နာရီခွဲ အချိန်၊ စစ်တွေမြို့ အနီးသို့ တနာရီလျှင် မိုင် ၁၀၀ ကျော်နှုန်းဖြင့် ဝင်ရောက်လာနိုင်သည်ဟု ၎င်းဝဘ်ဆိုက်က ခန့်မှန်းထားသည်။ ယင်းဖော်ပြချက်များထဲမှ ခန့်မှန်းချက်များအရ ဂျမာလာ မုန်တိုင်းမှာမူ သီရီလင်္ကာနိုင်ငံသို့ ဦးတည်နိုင်သည်ဟု သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းသည် ၂၀၁၃ ခုနှစ်တွင် ပထမဦးဆုံး ဖြစ်ပေါ်သော မုန်တိုင်းဟု ဦးထွန်းလွင်၏ မိုးလေဝသ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။ မုန်တိုင်း ဝင်ရောက်လာနိုင်ဖွယ်ရှိ
သော မောင်တောနှင့် စစ်တကောင်းမြို့များ၏ ကုန်းတွင်းသို့ တိုက်ခတ်မည် ဆိုလျှင် လေတိုက်နှုန်းမှာ တနာရီလျှင် ၇၅ မှ ၁၀၅ မိုင်နှုန်းဖြင့် တိုက်ခတ်နိုင်ပြီး မုန်တိုင်းဒီရေ အမြင့် ၃ ပေမှ ၅ ပေထိ မြင့်တတ် လာနိုင်သည်ဟု ၎င်း ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားပင်လယ်အော်မှ အစပြုဖြစ်ပေါ်ကာ မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်အမည်ရှိ မုန်တိုင်းသည် အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် တနာရီ လေတိုက်နှုန်း ၁၃၀ ဝန်းကျင်ခန့် တိုက်ခတ်သွားခဲ့သည်။
Ref: မဇ္ဈိမ
အခြေခံဥပဒေ မပြင်ရင် ရွေးကောက်ပွဲ မ၀င်ဘူးလို့ KNPP ဆုံးဖြတ်
2013-05-11
မြန်မာအစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေကို ပြန်ပြင်ရေးဆွဲမှု မရရှိရင် KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တရားဝင် ပါတီ အဖြစ် ရပ်တည်ပြီး ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ KNPP ရဲ့ ၁၂ ကြိမ်မြောက် ပါတီညီလာခံကနေ ဆုံးဖြတ် လိုက်ပါတယ်။
မေလ ၁၀ ရက်နေ့က ပြီးဆုံးသွားတဲ့ KNPP ရဲ့ ၅ ရက်ကြာ ညီလာခံကနေ ပါတီ ဥက္ကဌ အဖြစ် ဦးအေဘယ်တွဒ်၊ ဒု ဥက္ကဌအဖြစ် ခူးဦးရယ်၊ အတွင်းရေးမှူး ၁ အဖြစ် ဦးအောင်ဆန်းမြင့်၊ အတွင်းရေးမှူး ၂ အဖြစ် ဦးရွှေမျိုးသန့်တို့ ပါဝင်တဲ့ ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီ ၇ ဦးကို ရွေးချယ် တင်မြောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ရှေ့လုပ်ငန်းစဉ်အဖြစ် ပါတီစည်းရုံးရေး၊ အမျိုးသားစာပေ တိုးတက်ပြန့်ပွားရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ လူထုပြန်လည်နေရာ ချထားရေးတွေကို ဆွေးနွေး ချမှတ်ခဲ့ကြပြီး၂၀၁၅ ရွေးကောက်ပွဲ အပေါ် သဘောထားကိုလည်း ပါတီဝင်တွေက ဆုံးဖြတ်ပေးခဲ့ကြတယ်လို့ အတွင်းရေးမှူး ၁ ဦးအောင်ဆန်းမြင့်က RFA ကို ပြောပါတယ်။
အစိုးရကနေပြီး၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင် မရေးဆွဲဘူး ဆိုရင် KNPP ရဲ့ မူလဦးတည်ချက်၊ ရည်မှန်းချက်တွေဖြစ်တဲ့ တရားမျှတရေး၊ တန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး စတာတွေနဲ့ မကိုက်ညီဘူး လို့လည်း ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ဟာ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု စတင်ခဲ့ချိန်က တောင်းဆိုချက် ၂၂ ချက် တင်ပြခဲ့ပေမယ့် လောလောဆယ် အထိ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နဲ့ ဆွေးနွေး ညှိနှိုင်းရာမှာ ၁၄ ချက်ပဲ သဘောတူညီမှု ရရှိသေးတယ်လို့ သိရပါတယ်။
Ref: RFA News
TNLA ဒေသကို အစိုးရမှ နည်းဗျူဟာသစ်ဖြင့် စတင် တိုက်ခိုက်
Sunday, 12 May 2013
တစ်လကျော် တိုက်ပွဲငြိမ် သက်နေရာမှ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့နှင့် အစိုးရ ခလရ ၁၂၃ ပူးပေါင်း တပ်ဖွဲ့ တို့သည် ယမာန်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည်ဟု TNLA ၏ ဗဟို ကော်မတီဝင် တဦးဖြစ်သူ တာအိုက်ညမ်းက ဆိုပါသည်။
“တပ်တွေက နီးနီး ကပ်ကပ်ဘဲ ရှိနေတော့ ကျွန်တော်တို့တပ်ဖွဲ့က အမြဲ ကင်းပုန်း လှည့် နေရတယ်။ အခုဖြစ်တာက ကျွန်တော်တို့ တပ်ရင်း ၁၁၂ ၊ တပ်ခွဲ ၂ ရှိတဲ့ ဝန်းကျင်မှာ အစိုးရ ခလရ ၁၂၃ နဲ့ ခလရ ၄၅ ပူးပေါင်း တပ်ဖွဲ့တွေပေါ့ သူတို့ တက်လာတော့ ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ခဲ့ရတာပေါ့။” ဟု ဆိုပါသည်။
ယင်း တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့ ဘက်မှ (၃) ဦး ကျဆုံးပြီး တအာင်း တပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိဟု TNLA ဘက်က ဆို ပါ သည်။
အဆိုပါ တိုက်ပွဲသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာ အုပ်စု ဂျရမ်းကျေးရွာ အနီးတွင် ဖြစ်ပွား ခဲ့ပြီး TNLA တပ်ရင်း ၁၁၂ မှ တပ်ခွဲ (၂) နှင့် ကွတ်ခိုင် အခြေစိုက် အစိုးရ ခလရ ၄၅ ပူးပေါင်း တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပါသည်။ တိုက်ပွဲသည် နေ့လည် ၁၁ နာရီမှ ၁၂ နာရီကျော် အထိ ကြာမြင့် ခဲ့ပါသည်။
ဤစစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ရှိပြီး နမ့်ဖက်ကာ ကျေးရွာ အုပ်စု ငေါ့ငါးကျေးရွာ၌စခန်း အသစ် တည် ဆောက်ရန် အတွက် နယ်မြေ ရှင်းလင်းရေးကို လှုပ်ရှားရာတွင် ဂျရမ်းကျေးရွာ အနီးတွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု တာ အိုက်ညမ်း က ပြောသည်။
“ စခန်းသစ်ဆောက်ဖို့ ရွာသားတွေကို ထင်းခုတ်ခိုင်းတာ၊ ကတုတ်ကျင်း တူးခိုင်းတာ၊ အမိုးမိုးဖို့ သက်ကယ်ဖက်တွေ ပို့ခိုင်း တာ၊ ပေါ်တာခိုင်းတာတွေ လုပ်ခိုင်း ပါတယ်။ ပြီးတော့ တိုက်ပွဲလည်း မဖြစ်တာ တလလောက် ရှိပါပြီး၊ ဘာကြောင့်လဲတော့ မပြောတတ်ဘူး၊ အခု တိုက်ပွဲတွေ ပြန်ဖြစ်လာတော့ ရွာသားတွေလည်း ထိပ်လန့်နေကြတာပေါ့။ ထွက်ပြေးရရင် ကောင်းမလားအထိ ဖြစ်လာနေပါတယ်” ဟု ဆိုပါသည်။
TNLA တပ်ဖွဲ့နှင့် အစိုးရ ကွတ်ခိုင် အခြေစိုက် ခလရ ၄၅ တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ကလည်း နမ့်ဖက်ကာ ကျေးရွာ အုပ်စု၌ပင် တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။ ဧပြီလ ၂၅ ရက်နေ့၌လည်း TNLA တပ်ရင်း (၂၅၆) တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့သည် ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ ပန်စရီကျေးရွာ အနီးတွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ ၄င်းတိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့ဘက်က ၄ ဦး ကျဆုံး သွားသည်ဟု တာအိုက်ညမ်းက ဆိုပါသည်။
ဤအချိန်သည် တအာင်း (ပလောင်) လူမျိုးတို့၏ လက်ဖက်ခူး ရာသီ အချိန်ဖြစ်ပါသည်။ ဤသို့ကြောင့် TNLAသည် ဤ လက်ဖက်ခူးရာသီ အချိန်အတောအတွင်း၌ တိုက်ပွဲများ မဖော်ဆောင် မိရန် မိမိတို့ တပ်ဖွဲ့အား ပြီးခဲ့သည့် မတ်လ၂၂ ရက် နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ပါသည်။
သို့သော်လည်း ပြီးခဲ့သည့် ဧပြီလ ဆန်းပိုင်း၌ ကွတ်ခိုင် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး (စကခမှူး)သည် ကွတ် ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာ အုပ်စုသို့ ကွင်းဆင်း လေ့လာ ခဲ့ပါသည်။ ဤကဲ့သို့ ကွင်းဆင်းလေ့လာခဲ့ပြီးသည်နှင့် တချိန် ထဲတွင် ဧပြီလ ၂ ရက်နေ့တရက်ထဲမှာပင် TNLA တပ်ဖွဲ့များအား နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပါသည်။
ထို့အပြင် အစိုးရ တပ်များသည် TNLA ဒေသ၌တိုးချဲ့ စခန်းသစ်များ တည်ဆောက်နေပါသည်။ ဧပြီလ ၁၆ ရက်နေ့ နောက် ပိုင်းတွင် တအာင်း တပ်ဖွဲ့ တပ်စခန်း အနီး၌ နောက်ထပ် စခန်းသစ် (၆) ခု အထိ တိုးချဲ့ ချထား လာခဲ့ပြီး စစ်အင်အား (၃၀၀) ခန့်ဖြင့် စစ်ကြောင်း ဖွဲ့ကာ နယ်မြေ စိုးမိုးရေးအတွက် လှုပ်ရှား လာခဲ့သည်ဟု ဗိုလ်မှူး တာဘုန်းကျော်က ဆိုပါသည်။
ဤကဲ့သို့ တပ်စခန်း များကို အနီးကပ် လာရောက် တပ်စွဲ ထားသောကြောင့် ရှမ်းပြည်မြောက်ပိုင်း အတွင်း၌တိုက်ပွဲများ ဆက်လက် ဖြစ်ပွားဖွယ်ရာ ရှိနေကြောင်း ဗိုလ်မှူးတာဘုန်းကျော်က ဆိုပါသည်။
အစိုးရတပ်များသည် စခန်းချင်း အနီးကပ်တပ်စွဲပြီး စစ်ရေးအရလှုပ်ရှားနေခြင်းအပြင် တဖက်တွင်လည်း တွေ့ဆုံဆွေးနွေး ပွဲများကျင်းပခဲ့ပါသည်။ မေလ ၉ ရက် နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်သည် ရှမ်းပြည် အရှေ့ ပိုင်း အထူးဒေသ (၄)မှ မိုင်းလား(NDAA)ခေါင်းဆောင်များနှင့် သွား ရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အစိုးရ တပ်ဖွဲ့များသည် ထိုကဲ့သို့ ဆွေးနွေးပွဲ ကျင်းပသည့် ရက်၌ပင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ၏ အမှတ် ၇၀၁ စခန်းဌာနချုပ် နှင့် အခြား တပ်ခွဲ စခန်းငယ် (၄) ခုအား တိုက်ခိုက် သိမ်းပိုက် ခဲ့ပါသည်။
ဤလုပ်ရပ်သည် ဆွေးနွေးပွဲ ကျင်းပ ခဲ့သည့် အဖွဲ့ကို အချိုသိပ်ပြီး၊ အခြား တဖွဲ့အား စစ်ရေးအရ တိုက်ခိုက် လိုက်ခြင်းဖြစ်သည့် အတွက် ဤသည်သွေးခွဲရေး စစ်ဗျူဟာ တခု၏ နည်းပရိယာယ်ပိုင်း တခုပင်ဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုပါ သည်။ အစိုးရ တပ်ဖွဲ့များသည် ဤသွေးခွဲရေး နည်းဗျူ ဟာကို ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ၊ RCSS၊ SSPP နှင့် မိုင်းလား (NDAA) တပ်ဖွဲ့တို့အကြား၌ စတင် ကျင့်သုံး နေပြီးဖြစ် ကြောင်း ဆိုပါသည်။
Ref: ရွှေဟင်္သာ