2012-07-09
ဇေကမ္ဘာကုမ္ပဏီရဲ့ မြေယာသိမ်းယူခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက ရွာသူ ရွာသား (၅၀) ကျော်ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ ကြပါတယ်။
ဒီကိစ္စကို အာဏာပိုင်ဘက်တွေက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာ မရှိတဲ့ အတွက် စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး တောင်းဆိုချက်တွေ မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ ရွှေနံ့သာ ရွာသူ တစ်ဦးက ဆန္ဒပြပွဲမှာ RFA ကို အခုလို ပြောပါတယ်။
"ကျွန်မတို့ ခံစားရတာပေါ့နော်။ ကျွန်မတို့လယ်တွေကို ကျွန်မတို့ ပြန်လုပ် ချင်တယ်ပေါ့ အမှန်က။ သူတို့ ဒီအမှုခင်းကို မပြေလည်သရွေ့ ကျွန်မတို့ ဒီလိုပဲ ဆန္ဒပြသွားဦးမှာပဲ"
ရွှေနံ့သာကျေးရွာက လယ်ယာမြေ (၈၁၅) ဧက သီးစားချထားမှုနဲ့ ပတ်သက်လို့ တောင်သူ (၈၄) ဦးရဲ့ တင်ပြချက်တွေကို အာဏာပိုင်တွေ ဘက်က စိစစ်ခဲ့ကြောင်း၊ တင်ပြတဲ့ တောင်သူ ၈၄ ဦးအပြင် တောင်သူ (၁၀၄) ဦးကို တစ်ဧကကို (၃) သိန်းနှုန်းနဲ့ ကရုဏာကြေးပေးချေပြီး ဇေကမ္ဘာ ကုမ္ပဏီအပေါ် လွှဲပြောင်းပေးမှုကို နှစ်ဘက် သဘော တူညီခဲ့တဲ့အပြင် ဇေကမ္ဘာ ကုမ္ပဏီကို သီးစား ပြန်လည် ချပေးခဲ့ကြောင်း ရွှေနံ့သာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ဇွန်လ (၆) ရက်နေ့က အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမိန့်အပေါ် ကျေနပ်မှုမရှိရင် ရက် (၃၀) အတွင်း မြို့နယ် အိုးအိမ် ဦးစီးဌာန ထံ အယူခံ ၀င်နိုင်တယ် လို့လည်း အမိန့်မှာ ဖော်ပြ ထားပါတယ်။
ဒီအမိန့်ကို မကျေနပ်တဲ့အတွက် တောင်သူတွေ ဒီကနေ့ စုဝေး ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တောင်းဆိုမှုတွေ မရဘူးဆိုရင် ခရိုင်အထိ အဆင့်ဆင့် အယူခံ ၀င်သွားမယ်လို့ တောင်သူတွေက ပြောပါတယ်။
သိမ်းယူထားတဲ့ လယ်မြေတွေအတွက် လက်ရှိပေါက်ဈေးရဲ့ (၁၀) ရာခိုင်နှုန်းကို နစ်နာကြေးပေးရေး တကယ်လို့ နစ်နစ်ကြေး မပေးဘူးဆိုရင် သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်ပေးဖို့နဲ့ ဇေကမ္ဘာ ကုမ္ပဏီထံက လက်ခံရယူထားတဲ့ ကရုဏာကြေး (၃) သိန်းကိုလည်း ပြန်အမ်းဖို့ တောင်သူတွေဘက်က ကမ်းလှမ်း တောင်းဆိုထားကြောင်းလည်း သိရပါတယ်။
Ref: RFA News
Tuesday, July 10, 2012
မင်္ဂလာဒုံမြို့နယ်မှာ ရွာသားတွေဆန္ဒပြ
Friday, July 6, 2012
တပ်မတော်က ဘာတွေ ပြောင်းရမလဲ
အာရှလူ့အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီ အပြောင်း အလဲတွေကို ကြည့်မယ် ဆိုရင် စစ်တပ်တွေရဲ့ အခန်း ကဏ္ဍကို မတူ တဲ့ အတိုင်း အတာတွေ အရ နည်းလမ်း အမျိုးမျိုးနဲ့ ပြန်လည် ပုံသွင်း ပြောင်းလဲ ခဲ့ရတာကို လေ့လာ သိရှိရပါတယ်။ ဒီဖြစ်စဉ် အပြောင်း အလဲတွေမှာ ကမ္ဘာလုံး ဆိုင်ရာ မဟာဗျူဟာ ပတ်ဝန်းကျင် အပြောင်းအလဲနဲ့ ဒေသတွင်း မဟာဗျူဟာ အပြောင်းအလဲတွေက စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပြန်လည် အဓိပ္ပါယ်ဖွင့်ဆိုဖို့ သက်ဆိုင်ရာအစိုးရတွေအပေါ် ထဲထဲ ၀င်ဝင် တွန်းအားပေး သက်ရောက်မှုတွေ ရှိနေခဲ့တာကို အထင်အရှား တွေ့မြင်ရပါတယ်။
ဥပမာ၊ ဒုတိယကမ္ဘာစစ်အပြီးကစလို့ ဆိုဗီယက်ယူနီယံပြိုကွဲချိန်ထိ ကြာမြင့်ခဲ့တဲ့ စစ်အေးခတ် ကာလ အတွင်း ကမ္ဘာ့ အင်အား ကြီး ၂နိုင်ငံဖြစ်တဲ့ ဆိုဗီယက် ရုရှနဲ့ အမေရိကန် တို့အပေါ် အခြေပြုပြီး ဆန့်ကျင်ဖက် ပင်မ အုပ်စုကြီး ၂ခုနဲ့ အဲဒီ အုပ်စုကြီး၂ခုရဲ့ သြဇာ အာဏာ လွှမ်းမိုးမှုကို မခံလိုတဲ့ ကြားနေ ဘက်မလိုက် အင်အားစု ဆိုတဲ့ အုပ်စုကြီး ၃ စု ပေါ် ခဲ့ဖူးပါတယ်။ မြန်မာပြည်ကတော့ ဒီအုပ်စု ၃ စု ထဲက ဘက်မလိုက် အုပ်စုထဲမှာ ပါခဲ့ပါတယ်။ ဒီလို ပါဝင်ခဲ့တဲ့ အတွက် ဒီ အခြေအနေတွေ အောက်မှာ ကျနော်တို့ ဗမာ့ တပ်မတော်ဟာ ဒေသတွင်းက အိမ်နီးခြင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ လာအို၊ ကမ္ဗောဒီးယား၊ ထိုင်းနိုင်ငံ တို့လို စစ်အေး တိုက်ပွဲရဲ့ ရလဒ်ဖြစ်တဲ့ ဒေသတွင်း စစ်ပွဲတွေရဲ့ အန္တရာယ်ကနေ ကင်းဝေးခဲ့ပြီး ခေတ်မီနိုင်ငံကြီးတွေရဲ့ စွက်ဖက်မှု ကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါက အကောင်းဖက်က ရလဒ်တွေပါ။ ဒါနဲ့အတူ တခြား တဖက်ဖြစ်တဲ့ ဆိုးကျိုးတွေလည်း ရှိခဲ့ပါတယ်။
ဒီကမ္ဘာ့အခင်းအကျင်းအခြေအနေတွေ ရိုက်ခတ် ချက်ကြောင့် တိုင်းပြည်ကို နိုင်ငံကြီးတွေရဲ့ သြဇာ အာဏာ အောက် မကျရောက်ရေး ဆိုတဲ့ စဉ်းစားမှုတွေနဲ့ တိုင်းပြည်ကို တံခါးပိတ်ဝါဒ ကျင့်သုံးနေခဲ့တာကြောင့် ခေတ်မီ နိုင်ငံကြီးတွေနဲ့ အဆက်အစပ် မရှိတော့ဘဲ အပြင် ကမ္ဘာနဲ့ ကင်းကွာကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု နည်းပညာ၊ စတဲ့ နယ်ပယ် အသီးသီးမှာ ခေတ်နောက်ကျ ကျန်နေ ခဲ့ပါတော့တယ်။ အကျိုးဆက်က လူအများရဲ့အတွေးတွေ၊ အထူး သဖြင့် အာဏာ ကိုင်စွဲထား သူတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာပြီး ဒီမိုကရေစီ လမ်းကြောင်းကနေ နောက်ပြန် ဆုတ်သွားတဲ့၊ စစ်တပ်က အကြွင်းမဲ့ အာဏာ သိမ်းတဲ့ စစ်အာဏာရှင်စနစ် လမ်း ကြောင်းပေါ်ထိ ဆိုက်ရောက် သွားပါတော့တယ်။ ဒီတော့ မူလကတည်းက ရှိနေခဲ့တဲ့ ပြည်တွင်း ပဋိပက္ခတွေကို နိုင်ငံ ရေး နည်းလမ်းနဲ့ ဖြေရှင်ရမယ့် အစား တပ်မတော်က ပြည်တွင်းစစ်ကို ပုံအော တိုက်ရတဲ့ ဘ၀ အခြေအနေတွေထိ ရောက်ရှိ သွားပါတော့တယ်။ ဒီလိုနဲ့ တိုင်းပြည်လည်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘက်ပေါင်းစုံတွင် ချွတ်ချုံကျကာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံဘ၀ ရောက်ရှိ သွားခဲ့ရပါတယ်။
အဲဒီကနေ အခုအခါ ၂၀၁၀ ခုနှစ် နိုဝင်ဘာလက စပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ စစ်တပ်တပိုင်း၊ အရပ်သားအစိုး ရတပိုင်း အစိုးရအဖွဲ့တခု ပေါ်ပေါက်လာပြီး စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီနိုင်ငံကို ပြောင်းလဲလိုက်ကြောင်း ကမ္ဘာသိ ကြေညာလုပ်ဆောင်လာတဲ့ အခြေအနေတခုကို ပြန်လည်ရောက်ရှိလာနေပါတယ်။ ဒီအခြေအနေတွေ အောက်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ သံခင်း တမန်ခင်း အခြေအနေတွေ ပြန်လည်ဆက်စပ်မှု ရှိလာပြီး ကမ္ဘာ့မိ သားစုအ၀န်းအ၀ိုင်းထဲ ပြန်ရောက်လာတော့၊ တပ်မတော်ကလည်း ဒီအခြေအနေတွေနဲ့ လိုက်လျော ညီထွေဖြစ်မယ့် ပြည်တွင်း၊ ပြည်ပ အခင်းအကျင်းတွေမှာ မုချ ပြောင်းလဲရပါတော့မယ်။
တပ်မတော်က ဘာကို ပြောင်းလဲရမလဲ ဆိုရာမှာ သေချာတာက ပြည်တွင်းရေးမှာ တပ်မတော်က ပြည်တွင်း စစ် တိုက်နေတာကို မုချ ရပ်ပစ်ရမှာ ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တခု တည်ဆောက် ရမှာ ဖြစ်သလို၊ တပ်ဖွဲ့တွေအတွင်း အရာရှိ၊ အကြပ်စစ်သည်အားလုံးရဲ့ စိတ်နေစိတ်ထား၊ အပြုအမူ တွေကို ဒီမိုကရေစီ စနစ်နဲ့ အညီ၊ ပြန်လည် ဖွဲ့စည်းမှုတွေ လေ့ကျင့်မှုတွေ လုပ်ဖို့ အရေးတကြီး လိုအပ် လာနေပါတယ်။ ဒါ့ပြင် ဒေသ တွင်း မှာလည်း မဟာဗျူဟာ ပတ်ဝန်းကျင်သစ်အရ စစ်ဘက်ဆိုင်ရာ ခေတ်မီရေး အပါအ၀င် စစ်သည်တွေရဲ့ စွမ်းရည်မြင့် မားရေးတွေကို လုပ်ဆောင် ရပါတော့မယ်။
ဒီမှာ ဒီအပြောင်းအလဲ ဖော်ဆောင်မှုတွေမှာ တပ်မတော် အတွက် အရေးအကြီးဆုံး ပြောင်းလဲရမယ့် အရာတခုကတော့ “တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ” ဆိုတဲ့အစား “ပြည်သူသာအမိ၊ ပြည်သူသာ အဖ” ဆိုတဲ့ စိတ်ဓါတ် ဆောင်ပုဒ် ကို ပြောင်းလဲ ကျင့်သုံးရေးဟာ ပထမဦးဆုံးနဲ့ အလိုအပ်ဆုံး အရာပဲ ဖြစ်ပါတယ်။ ဒီအရင်းခံ စိတ်ဓါတ် အခြေခံ အပြောင်းအပေါ် မူတည်ပြီး တိုင်းရင်းသား လူမျိုးစုံပြည်သူ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အကာ အကွယ်ပေးရေး ဆိုတဲ့ စိတ်ဓါတ် ကျင့်ဝတ်တွေ ရရှိလာအောင် တစတစ လေ့ကျင့်ပြုစု ပျိုးထောင်ပေးရေးဟာ မရှိမဖြစ် အရေးကြီးလှ ပါတယ်။ ဒီကမှတဆင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ကမ္ဘာ့ စံချိန် စံညွှန်း မီတဲ့ တပ်မတော် တရပ် ဖြစ်ပေါ်လာရေး အထိ ပြုစု ပျိုးထောင် သွားရမှာ ဖြစ်ပါတယ်။
တဖက်မှာလည်း ကမ္ဘာ့အခြေအနေနဲ့ဒေသတွင်း အခြေအနေ အပြောင်း အလဲတွေ အရ ဒေသတွင်း ဆိုင်ရာ မဟာဗျူ ဟာ ရည်မှန်းချက်တွေချမှတ်ကာ တပ်မတော်ခေတ်မီရေး လုပ်ငန်းတွေကို ဆထက်ထမ်းပိုး လုပ်ဆောင် သွားဖို့လည်း ရှိ နေပါသေးတယ်။ ဒေသတွင်း မဟာဗျူဟာ ရည်မှန်းချက် ဆိုတာကတော့ အနီးဆုံး ဥပမာ ပြရမယ်ဆိုလျှင် ထိုင်းနိုင်ငံဟာ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှာ အရင်က ဗီယက်နမ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရေး ဆိုတဲ့ မဟာဗျူဟာ ရည်ရွယ်ချက် ရပ်တည်မှုကို စွန့်လွှတ်လိုက်ပြီး နဂိုမူလက ကွန်မြူနစ် ၀ါဒကို ဆန့်ကျင်တဲ့ စစ်ပွဲတွေရဲ့ ရှေ့တန်း စစ်မျက်နှာမှာ တည်ရှိနေတဲ့ နိုင်ငံတခု အနေအထား ကနေ အိမ်နီးခြင်းကောင်း ဆက်ဆံမှု မဟာဗျူဟာ အခင်းအကျင်း ဦးတည်ချက် တခုဆီ ချမှတ် ပြောင်းလဲ လုပ်ဆောင် လာခြင်းမျိုး ဖြစ်ပါတယ်။
ဒီဖြစ်စဉ် အခြေအနေတွေကို ရှုမြင်ဆင်ခြင်ပြီး အနာဂတ် ဒီမိုကရေစီ အပြောင်း အလဲမှာ တပ်မတော် အနေနဲ့ အသိ ရှိရှိ ပါဝင် ပြောင်းလဲနိုင်ကြဖို့ နိုးနိုးကြားကြား ရှိကြဖို့သာ လိုပါတော့တယ်။
မောင်လူလေး
တိုင်းရင်းသားတန်းတူရေး လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးသင့်ဟု သမ္မတပြော
မျိုးသန့်
ကြာသပတေးနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၂
ရန်ကုန် (မဇ္ဈိမ) ။ ။ သမ္မတ နှစ်ဦး ဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ၏ ပထမဆုံး အစည်း အဝေးတွင် တိုင်းရင်းသားတို့ တန်းတူ အခွင့်အရေး ရရှိရန် လွှတ်တော်မှ ဥပဒေ ပြဋ္ဌာန်း ဆောင်ရွက်ပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်မှ မှာကြားသည်ကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
နေပြည်တော် သမ္မတ အိမ်တော်တွင် ဇွန်လ ၃ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ
နှစ်လပြည့်သည့်နေ့ ပထမဆုံး စည်းဝေးမှုတွင် တိုင်းရင်းသားများ အခွင့်အရေး အတွက် ဥပဒေ တရပ် ပြဋ္ဌာန်းမှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်မည် ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောသွားသည်။
"တိုင်းရင်းသားများအတွက် အသက်တမျှ အရေးကြီးတဲ့ ဥပဒေ တရပ်ပြဋ္ဌာန်း ထားသော တန်းတူရည်တူ အခွင့်အရေးများနဲ့ အခြား
သော တိုင်းရင်းသားများ အခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေ ပြဋ္ဌာန်းပေးမယ် ဆိုရင် မိမိတို့ တာဝန်ယူ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းများ အလျင်အမြန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။" ဟု သမ္မတက ပြောသွား သည်။
သမ္မတက "ပြည်ထောင်စု မြန်မာနိုင်ငံကို တိုင်းရင်းသား အားလုံး ပိုင်ဆိုင်ကြသည့် အတွက် တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ အခွင့်အရေး ရသင့်သူများ ဖြစ်ကြပါတယ်။ တိုင်းရင်းသားတို့ရဲ့ တူညီတဲ့ အဓိက ဆန္ဒဟာ ပြည်ထောင်စု အတွင်း တိုင်းရင်းသား လူမျိုးစု အားလုံး တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ ညီမျှစွာ အခွင့်အရေး ရရှိရေးပင်ဖြစ်ပါတယ်။" ဟုလည်း ပြောသွားသည်။
ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၅ တွင်ပါရှိသည့် "နိုင်ငံသားတိုင်းသည် ဥပဒေနှင့် အညီ မိမိတို့ အမြတ်တနိုး ထားရှိသော စာပေ၊ ယဉ်ကျေးမှု အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်။" ဟူသည့် အပိုဒ်ကို ကိုးကား ထည့်သွင်း ပြောကြားသွားသည်။
ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မထိခိုက်အောင် လွှတ်တော်မှ ဥပဒေများ ပြဋ္ဌာန်းပေးပါက တိုင်းရင်းသား တို့၏ လိုအင် ဆန္ဒ ပြည့်ဝမည်ဖြစ်ပြီး အမျိုးသား ပြန်လည်ပေါင်းစည်းညီညွတ်ရေးနှင့် တိုင်းရင်းသား ပဋိပက္ခများပြေလည် သွားနိုင်သည်ဟုလည်း ပြောသွားသည်။
စစ်အစိုးရထံမှ ၂၀၁၁ ခုနှစ် မတ်လအတွင် အာဏာလွှဲပြောင်း ရယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲ မှုများနှင့် ပတ်သက်၍ "စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက်ပေါ် တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲကို လိုလားနေခြင်းဖြစ်ပါတယ်။ " ဟုလည်း သမ္မတက ဖြည့်စွက်ပြောကြားသည်။
သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မေလ ၃ ရက်နေ့တွင် ဖွဲ့စည်း ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီတွင် ဒုသမ္မတ ရာထူးမှ အနားယူသွားပြီ ဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယ ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးလှမင်း၊ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်တို့က အဖွဲ့ဝင်များ အဖြစ် ပါဝင် ဖွဲ့စည်းထားသည်။
Ref: မဇ္ဈိမ
နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတဲ့ အပေါ် ကင်တားနား ကြို
ကြာသပတေး, 05 ဇူလိုင် 2012
မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့ အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ တဦးက ကြိုဆို လိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အားလုံးကိုလည်း လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆို လိုက်ပါတယ်။
“အမျိုးသားပြန်လည် သင့်မြတ်ရေးဆီ ရှေ့ရှုပြီး အစိုးရက လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး အရှိန် အဟုန်နဲ့ တဆင့်ချင်း လုပ်ဆောင်မှုတွေ ကြောင့် အားတက် မိပါတယ်” - လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ ဇူလိုင်လ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။
“ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ခြင်းနဲ့ စနစ်တကျ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုပါတယ်”- လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
မြန်မာအစိုးရက ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အကျဉ်းသား ၄၆ ဦးကို လွှတ်ပေးခဲ့တဲ့ အထဲ နိုင်ငံရေး အကျဉ်းသား ၂၀ ကျော် ပါဝင်ခဲ့ တာပါ။
ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မှတ်တမ်းကို ရှင်းရှင်း လင်းလင်းဖြစ်ဖို့ အတွက် ပြည့်စုံတဲ့ စုံစမ်း စစ်ဆေးမှုတခု လုပ်ဖို့ လိုအပ်ကြောင်း ကိုလည်း မစ္စတာ ကင်တားနားက အလေးအနက်ပြောထား ပါတယ်။ လိုအပ်တဲ့ အချက် အလက်တွေ စုဆောင်းတဲ့နေရာမှာ သက်ဆိုင်သူ အားလုံးနဲ့ အကြံယူ ညှိနှိုင်းဆောင်ရွက် ဖို့လည်း မစ္စတာ ကင်တားနား က မြန်မာ အစိုးရကို တောင်းဆို ထားပါတယ်။
Ref: VOA News
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကို သွားရောက်ဆွေးနွေး
2012-07-05
အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သူ့ရဲ့ မဲဆန္ဒ နယ်မြေဖြစ်တဲ့ ကော့မှူး မြို့နယ်ကို သွားရောက်ပြီး ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်း ခဲ့ကြောင်း သိရပါတယ်။
ကောမှူးမြို့က အောင်ဇမ္ဗူ ပရဟိတကျောင်းတိုက်မှာ ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး ဒေသခံတွေ တင်ပြလာတဲ့ အခက် အခဲတွေကို ဆွေးနွေးမေးမြန်း ခဲ့တယ်လို့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့က ဦးသိန်းဦးက ပြောပါတယ်။
"၁၁ နာရီမှာ ကော့မှူး အောင်ဇမ္ဗူ ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ဘုန်းကြီးကျောင်းကို ငွေလှူပြီးတော့ အဲဒီက နယ်ခံတွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ သူတို့လိုအပ်တာတွေ အဲတာအကုန် တင်ပြကြတယ်ပေါ့။ အစ်မလည်း လုပ်နိုင်သလောက် လုပ်ပေးမယ်။ အထူးသဖြင့်တော့ ဒီလမ်းပန်း ဆက်သွယ်ရေး ကိစ္စတွေပေါ့။ နောက်ပညာရေး၊ ကျန်းမာရေး နောက်ကျောင်းထဲမှာ ရှိတဲ့ စာသင်ခန်းတွေ လိုက်ပြီးတော့ လေ့လာတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက် ဆရာတော်ကို ပရဟိတကျောင်းအတွက် ပညာရေး အလှူငွေအဖြစ် ၁၈ သိန်း လှုဒါန်းခဲ့ပါတယ်။ ကော့မှူးမြို့နယ် NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာကြောင်း သိရပါတယ်။
Ref: RFA News
ရဲစခန်း တိုက်ခိုက်မှုနှင့် ဖမ်းဆီးထားသူများ ရုံးထုတ်
ခင်ဦးသာ
July 5, 2012
ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ ရဲစခန်း၌ တိုက်ခိုက်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး သင်္ကာ မကင်း၍ ဖမ်းဆီး ထားသူ ၁၈ ဦး ကို တရား စွဲဆိုရန် ယနေ့ စတင် ရုံးထုတ်ကြောင်း သိရသည်။
၎င်းတို့အား ပုဒ်မ ၆(၁) ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် တရား စွဲဆိုရန် ယမန်ယူထားပြီး ဖြစ်ကြောင်း၊ ထိုသူများကို ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီး ထားခြင်းဖြစ်ပြီး ယနေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးနေ သည့် ရှေ့နေက ဧရာဝတီ ကို ပြောသည်။
ဖမ်းဆီးခံထားရသူများတွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ၄ ဦး ပါဝင်၍ ထို ၄ ဦးနှင့် တခြား အကူအညီ တောင်းခံ ထားသူများအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ရှေ့နေ ဒေါ်အေးနုစိန် က ပြောဆိုသည်။
ရဲစခန်း တိုက်ခိုက်မှု နှင့်ပတ်သက်သည်ဟု ဆိုပြီး စစ်တွေဒေသခံ ၁၈ ဦးကို ဖမ်းဆီး အရေး ယူထားခြင်း ဖြစ်သည်။
စစ်တွေမြို့ နာဇီဈေး၌ ဈေးခွန် မတရားကောက်ခံခြင်းအား ဦးဆောင် ကန့်ကွက်ခဲ့သူ RNDP ပါတီမှ ဦးအောင်သန်းဝေ ဆိုသူ ကို လူတစုက ဖမ်းဆီး ထားကြောင်း၊ ထိုကိစ္စအား ရဲစခန်းမှ ဖြေရှင်းပေးရန် ဒေသခံများ စုပေါင်း တောင်းဆိုကြရာမှ ရဲစခန်း တိုက်ခိုက်မှု တခု ဇွန်လ ၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည်။
ယခု ဖမ်းဆီးခံထားရသည့် RNDP ပါတီဝင်များသည် ရဲစခန်း တိုက်ခိုက်မှုကို အဓိက လုပ်ဆောင်ခဲ့သူများ မဟုတ်ကြောင်း၊ အမှုအခင်း ဖြစ်ပွားစေရန် လှုံ့ဆော်သူများ၊ အကြမ်းဖက် တိုက်ခိုက်မှု အဓိက လုပ်ဆောင်ခဲ့သူများကို အာဏာပိုင်များ က ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း RNDP ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ပြောသည်။
“ဒေသခံတချို့ အပစ်ခံရတယ်၊ အဲဒီလို ပစ်ခတ်တဲ့သူတွေ အရေးမယူဘူး၊ အဲဒီလို ဘာကြောင့် ပစ်ခတ်ရတယ် ဆိုတာလည်း မဖော်ထုတ်ဘဲ ကျနော်တို့ ပါတီဝင် တချို့ကိုပဲ အရောင်ပြ ဖမ်းဆီး ထားတယ်လို့ မြင်တယ်၊ ကျနော်တို့ ပါတီဝင်တွေ ပြန်လည် လွတ်မြောက်ဖို့ အတွက် ဥပဒေကြောင်း အရ ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ရဲစခန်းကို ခဲဖြင့်ပေါက်ခြင်း၊ ခြံစည်းရိုးများ ဖျက်ဆီးခြင်း စသည့် တိုက်ခိုက် သူများနှင့် ၀ိုင်းအုံ ကြည့်နေကြသည့် လူအုပ်ကြီးကို ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ၁၀ ဦးကျော် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာ ပြင်းထန်သည့် လူနာ ၄ ဦး ဆေးကုသရန် ရန်ကုန်မြို့သို့ ပို့ဆောင် ခဲ့ရကြောင်း သိရသည်။
အထက်ပါ ဖြစ်ရပ်များနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းအား ဧရာဝတီမှ ဆက်သွယ် ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။
Ref: ဧရာဝတီ
ဒုသမ္မတ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားရွေးမည်
မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၂
ရန်ကုန် (မဇ္ဈိမ) ။ ။ ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူ သွားသူ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး ၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော် အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံး ထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ ဗုဒ္ဓဟူးနေ့တွင် သဝဏ်လွှာပေးပို့ အကြောင်း ကြားသည်ဟု လွှတ်တော်တက် အမတ်များက မဇ္ဈိမကို ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာအတွင်း ဦးတင်အောင်မြင့်ဦး ရာထူးမှ အနားယူ သွားခြင်းနှင့် ပတ်သက်၍ ဒုသမ္မတ သည် ဧပြီလ ၁၈ ရက်နေ့တွင် စင်္ကာပူသို့ သွားရောက်ဆေးကုသမှု ခံယူခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့ အထိ ဆေးကုသခွင့် တောင်းခံ ခဲ့သည်ဟု ပါရှိသည်ကို အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
ယင်းနောက် ဇူလိုင်လ ၂ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ တရားဝင် တင်ခဲ့သည် ဟုလည်း သဝဏ်လွှာ အတွင်း ပါဝင်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် လစ်လပ် သွားသည့် ဒုသမ္မတကို ရွေးချယ်ပေးခဲ့သည့် အစု အဖွဲ့မှာ တပ်မတော် သား လွှတ်တော် အမတ်များ ဖြစ်ခြင်းကြောင့် ယခု အကြိမ်တွင်လည်း တပ်မတော်သား လွှတ်တော် အမတ်များမှ ပြန်လည်ရွေးချယ်ပေးရန် ဖြစ်သည်ဟု ပါဝင်ကြောင်းလည်း သိရသည်။
ဦးဖုန်းမြင့်အောင်က တပ်မတော်သား လွှတ်တော် အမတ်များ သမ္မတ ရွေးချယ်မှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပေါ်တွင်သာ မူတည်သည်ဟု လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် အမတ်များ၏ အခြေအနေကို သူ၏ အတွေ့အကြုံပေါ် မူတည်၍ မဇ္ဈိမကို ပြောသည်။
"သူတို့က လွှတ်တော်ထဲမှာ ဆွေးနွေးစရာ ရှိရင်တောင် အထက်က အမိန့်အတိုင်းဆွေးနွေး ရတာဗျ။ ဒီ သမ္မတ ရွေးချယ် မှုမှာလည်း ကာချုပ် မင်းအောင်လှိုင် အပေါ်မှာပဲ မူတည်မယ် ထင်တယ်။" ဟု မဇ္ဈိမကိုပြောသည်။
တပ်မတော်သား လွှတ်တော်အမတ်များမှ ရွေးချယ်ပြီးသည့် ဒုသမ္မတကို ပြည်သူ့ လွှတ်တော်မှ လွှတ်တော် အမတ် ၃ ဦး၊ အမျိုးသား လွှတ်တော်မှ အမတ် ၃ ဦး၊ တပ်မတော်သား လွှတ်တော် အမတ် ၃ ဦးတို့ဖြင့် ဖွဲ့စည်း ထားသည့် သမ္မတ အရည်အချင်းစစ် ကော်မတီမှ စိစစ်ကာ လွှတ်တော်သို့ ပြန်လည်တင်ပြ၍ အတည်ပြုရွေးချယ်ကြမည် ဖြစ်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၇ တွင်ပါရှိသည့် သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက် ၆ ချက်ရှိသည်။ ထိုအထဲတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည့်အပြင် "မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်၊ သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ဟု ပြဋ္ဌာန်းပါရှိသည်။
ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး တွင်းသို့ တက်ရောက်ခွင့် ရှိသူ ၆၅၄ ဦး အနက် ခွင့်ဖြင့်ပျက်ကွက်သူ ၁၅ ဦးခန့်ရှိပြီး ၉၅ ရာခိုင်နှုန်း တက်ရောက်သည် ဟုလည်း သိရသည်။
လွှတ်တော်အစည်းအဝေးသို့ ခွင့်ယူထားသူ များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်ကိုင်းတိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်သိန်း တို့လည်း ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်ပခရီးစဉ်များအတွင်း ပင်ပန်းခြင်းကြောင့် ယခုလ ၆ ရက်နေ့အထိ လွှတ်တော် တက်ရန် ခွင့်ယူ ထားသည်ဟုလည်း NLD လွှတ်တော် အမတ်နှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းကို ဆွေးနွေး ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ခေါ်ယူကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများ အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဥပဒေ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဥပဒေနှင့် မီဒီယာ ဥပဒေ တို့ကို ဆွေးနွေးရန် ရှိမည်ဟု လွှတ်တော်အမတ်များက ခန့်မှန်းကြသည်။
Ref: မဇ္ဈိမ
ဆဲဗင်းဇူလိုင် ရွှေရတု ကျင်းပခွင့် တားမြစ်ခံရ
ရန်ပိုင်
July 5, 2012
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အဆောက်အဦး ဖြိုဖျက် ခံရသည့် နှစ် ၅၀ ပြည့် ဆဲဗင်းဇူလိုင် ရွှေရတု အထိမ်း အမှတ် အစီအစဉ်ကို မန္တလေးမြို့တွင် မပြုလုပ်ရန် တိုင်းဒေသကြီး ရဲသတင်း အထူးတပ်ဖွဲ့က အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင် များကို ယမန်နေ့ညက ခေါ်ယူ သတိပေးသည်။
ရွှေရတု အခမ်းအနား ဖြစ်မြောက်ရေး ဆောင်ရွက်နေသည့် ကိုရဲရင့်ကျော်၊ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမိုးထက်နေ အပါအ၀င် ၇ ဦးသည် ဗကသ အဖွဲ့ချုပ် ဖွဲ့စည်းရေး အထက် မြန်မာပြည် တာဝန်ခံများ ဖြစ်ကြပြီး ၎င်းတို့ကို ရဲမှူးကြီး သန်းဝင်းက မန္တလေး တောင်ခြေရှိ သတင်းတပ်ဖွဲ့ ရုံးတွင် ယမန်နေ့ည ၇ နာရီက ခေါ်ယူပြောဆိုခြင်း ဖြစ်သည်။
“သမိုင်း အနာဟောင်းတွေကို ပြန်ဆွရင် မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးလို့ အထက်လူကြီးတွေက တားမြစ်တာ၊ ဥပဒေအရ လုပ်ပါ ပြောလို့ မလုပ်ရင် အပြစ်ရှိသလို၊ မလုပ်ပါနဲ့ ဆိုတဲ့ ကိစ္စတွေ လုပ်ရင်လည်း အပြစ်ရှိတယ်” ဟု ရဲမှူးကြီး သန်းဝင်းက ဆိုကြောင်း ကိုရဲရင့်ကျော်က ဧရာဝတီကို ပြောသည်။
ရဲမှူးကြီး သန်းဝင်းက ဆဲဗင်းဇူလိုင် ဆိုသည်မှာ နိုင်ငံတော်က တရားဝင် သတ်မှတ်ပေးထားသည့် နေ့ရက် မဟုတ်သည့် အတွက် မလုပ်သင့်ကြောင်း၊ ဗကသ ဆိုသည်မှာလည်း တရားဝင် မှတ်ပုံ တင်ထားသည့် အဖွဲ့အစည်း မဟုတ်ကြောင်း ထောက်ပြ ပြောဆိုသည်ဟု ၎င်းက ဆိုသည်။
အခမ်းအနား ဖြစ်မြောက်ရေး ဆောင်ရွက်နေသူများကလည်း ယခုနှစ် ဆဲဗင်းဇူလိုင် အခမ်း အနားသည် နှစ် ၅၀ ပြည့် ရွှေရတုဖြစ် သည့် အတွက် သမိုင်းတာဝန် အရ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြန်လည်ပြောဆို ခဲ့သည်ဟု သိရသည်။
ရန်ကုန် တက္ကသိုလ်ဝန်းအတွင်း တည်ဆောက်ထားသည့် ကျောင်းသားသမဂ္ဂ အဆောက် အဦးသည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ဖြိုဖျက် ခံခဲ့ရသောကြောင့် ယခုနှစ် ဆိုလျှင် နှစ် ၅၀ ရှိပြီဖြစ်ရာ အထိမ်းအမှတ် ရွှေရတု အခမ်းအနားကို ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီး တချို့တွင် ကျင်းပနိုင်ရေး အတွက် ကျောင်းသားများက စီစဉ်နေသော်လည်း အစိုးရ အာဏာပိုင်များက ခွင့်မပြုပေ။
ရန်ကုန်မြို့တွင်လည်း ဆဲဗင်းဇူလိုင် အခမ်းအနားကို သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာ လမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ၏ ရုံးတွင် ကျင်းပမည်ဟု ဗကသ အဖွဲ့ချုပ် ပြန်လည်ဖြစ်မြောက်ရေး အဖွဲ့ဝင် ကိုကျော်ကိုကိုက ပြောသည်။
“အရင်ကတော့ တော်ဝင်နှင်းဆီမှာ လုပ်ဖို့ စီစဉ်ထားပေမယ့် ရန်ကုန်တိုင်း ဒေသကြီး ထွေအုပ်က ဖိအားပေးတော့ ဆိုင်ပိုင်ရှင်က မငှားရဲတော့ဘူး၊ အာဏာပိုင်တွေ ကြားထဲမှာ ကျောင်းသားတွေက ဆန္ဒပြဖို့လား၊ အတိတ်ကို ပြန်ဆွပြီး ဆူပူအောင် လှုံဆော် မှာလား ဆိုတဲ့ အမြင်တွေရှိတယ်” ဟု ၎င်းက ဆိုသည်။
နှစ် ၅၀ မြောက် ရွှေရတု ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဆူပူစေရန် သွေးထိုးခြင်း မဟုတ်ဘဲ ကျဆုံးသွားသည့် ကျောင်းသား ရဲဘော်များကို ဂုဏ်ပြုခြင်း၊ သတိရ အောင့်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခြင်းနှင့် နောင်မျိုးဆက်များ အနေဖြင့် သမိုင်း အဖြစ်အပျက်များ အပေါ် သင်္ခန်းစာ ယူစေရန် အတွက်သာ ရည်ရွယ်ကြောင်း ကိုကျော်ကိုကိုက ဆက်ပြောသည်။
မကြာသေးမီကလည်း ရန်ကုန်တက္ကသိုလ်ဝန်း အတွင်းရှိ သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက် အဦးကို ပြန်လည် တည်ဆောက် ရန် သမ္မတ ဦးသိန်းစိန်၏ စီးပွားရေး အကြံပေး ဒေါက်တာဦးမြင့်က တိုက်တွန်းပြောကြားသည့် စာတမ်းတစောင် ထွက်ပေါ် လာခဲ့သည်။
ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးနှင့် ပတ်သက်၍ ကိုကျော်ကိုကိုက “ကျောင်းသား သမဂ္ဂ ပြန်ဆောက်ရေး ဆိုတာ ကျနော်တို့ မျှော်လင့်ချက်ပါ၊ ဒါပေမယ့် အဆောက်အဦး ပြန်ဆောက်ရုံနဲ့ မပြီးဘူး၊ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ရပ်တည်ပြီး လှုပ်ရှားခွင့်ကိုလည်း အသိအမှတ်ပြုမှ အင်္ဂါစုံမယ်လို့ ပြောနိုင်မယ်” ဟု ဆိုသည်။
၁၉၆၂ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာ သိမ်းယူခဲ့ခြင်းကို ဗကသ က ဦးဆောင် ဆန့်ကျင်ခဲ့ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့တွင် ဒု ဗိုလ်မှူးကြီးစိန်လွင် (နိုင်ငံတော် သမ္မတဟောင်း) ဦးဆောင်သည့် တပ်များက ဆန္ဒပြ ကျောင်းသားများကို သတ်ဖြတ်ခဲ့သည့် အပြင် ကျောင်းသားသမဂ္ဂ အဆောက်အဦး ကိုပါ ဗုံးခွဲ ဖျက်ဆီးခဲ့သည်။
သို့သော် ထိုစဉ်က တာဝန်ရှိသည့် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေ၀င်းနှင့် ဒု ဥက္ကဋ္ဌ ဦးအောင်ကြီးတို့ ကမူ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၀န်မခံကြပေ။
Ref: ဧရာဝတီ
ဟောင်ကောင်မင်းသား Jackie Chan မြန်မာနိုင်ငံကို ရောက်ပြီ
မစုမြတ်မွန်
ကြာသပတေး, 05 ဇူလိုင် 2012
ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသား Jakie Chan ဟာ မန္တလေးမြို့က မိဘမဲ့ ကလေးတွေကို စောင့်ရှောက် ထားတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားခဲ့ပါတယ်။ သူ့ကို ဧည့်ခံကြိုဆိုဖို့ ၅ စုတိုက်ကျောင်းမှာ အစီအစဉ် လုပ်ထားခဲ့ပေမဲ့ ခဏလေးပဲ လာသွား ခဲ့တာမို့ သူ့ကို တွေ့ဖို့ နာရီနဲ့ချီစောင့်ခဲ့ကြသူတွေက အားမရဘူးလို့ ပြောကြ ပါတယ်။ ကလေးငယ်တွေကို ရောင်းချမှု တိုက်ဖျက်ရေး အတွက် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Jakie Chan ရဲ့ ခရီးစဉ် အကြောင်း စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ကုလကမဂ္ဂရဲ့ ကလေးများအရေးပေါ် ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ အစီအစဉ်နဲ့ ၃ ရက်ခရီးနဲ့ ဒီကနေ့ ညနေ ပိုင်းမှာ မန္တလေးကို Jakie Chan ရောက်လာခဲ့တာဖြစ်ပါတယ်။ UNICEF အကျိုးဆောင် သံအမတ်ကြီး အဖြစ် Jakie Chan မန္တလေးမြို့ကို ရောက်ရောက်ချင်းမှာပဲ ချမ်းအေး သာဇံမြို့နယ်မှာ ရှိတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အရင်ဆုံး သွားခဲ့ပါတယ်။ အဲဒီမှာ သူ့ကို တွေ့ဆုံ နှုတ်ဆက်နိုင်ဖို့ ပရိတ်သတ်တွေ နာရီနဲ့ ချီအောင် ဘုန်ကြီးကျောင်းရှေ့မှာ စောင့်နေခဲ့ကြပေမဲ့ ခဏလေးပဲတွေ့လိုက်ကြ ရတယ်လို့ မန္တလေးမြို့ခံ ကို ငြိမ်းချမ်းက ပြောပြပါတယ်။
“ယာဉ်တန်းက ၁၀ စီးလောက်ပါမယ်။ UNICEF အပြာရောင် တီရှပ်တွေနဲ့ ဗမာ ဝန်ထမ်းတွေရော၊ နိုင်ငံခြား သား ဝန်ထမ်းတွေရော ပါတယ်။ အဖွဲ့ ၁၊ ၂၊ ၃၊ ဆိုပြီး UN အဖြူရောင် ကားတွေနဲ့ ရောက်လာပါတယ်။ မီဒီယာတွေနဲ့ တရုတ် အမျိုးသားတွေကို အများဆုံးတွေ့ရတယ်။ ဝင်လာမယ် ဆိုကတည်းက တစောင့်စောင့်နဲ့ စောင့်နေကြတဲ့ ပရိတ်သတ်ကတော့ ရာကြီးပိုင်းလောက် ရှိတယ်။
ယာဉ်တန်းလည်း ဝင်လာရော နောက်ဆုံး ကားမှာပါတဲ့ ဂျက်ကီချဲန်းကိုလည်းတွေ့ရော အကုန်လုံး ပြုံပြီးတော့ လိုက် သွားကြတယ်။ ကျောင်းဝန်းထဲ အရှေ့ဘက် ထိပ်စည်းကို ရောက်သွားပြီးတော့ ဆရာတော်ကြီးလည်း ရှိပါတယ်။ ဆရာတော်ကြီးနဲ့ ကြိုပြီးတော့မှ အတွင်းပိုင်း ထဲဝင်မယ့် အချိန်မှာ ဘေး နားမှာ ပရိတ်သတ်ကတော့ များနေတာပေါ့။ အုံနေတယ် ဆိုပေမယ့် မန္တလေး ပရိတ်သတ် အနေနဲ့ ဆိုရင်တော့ အဲဒီလောက် အုံနေတာ များလှတယ် လို့တော့ မယူဆပါဘူး။
ဂျက်ကီချဲန်းဆိုတာက ကမ္ဘာကျော် အနုပညာရှင်လည်းဖြစ်တယ်၊ နောက်ပြီးတော့ ဗမာ ပရိတ်သတ် အများဆုံး ထိ တွေ့ခဲ့ရတဲ့ မင်းသားလည်းဖြစ်တယ်၊ အခုလို ကုလသမဂ္ဂ အစီအစဉ်နဲ့ လာတယ်၊ နောက်ပြီးတော့ ဂျက်ကီချဲန်း ကိုယ်တိုင်ကလည်း ကလေး ပရိတ်သတ်က ချစ်ကြတယ်လေ၊ အဲဒါမျိုးဆိုတော့ အုံကြမှာပေါ့ဗျာ။ သို့သော် UNICEF တာဝန်ရှိတဲ့ သူတွေက ဘာများ စိုးရိမ်ကြီးတယ် မသိဘူး၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင် စိုးရိမ်လို့လားတော့ မသိဘူး။ မဆင်းနိုင်ဘူးဖြစ်နေတယ်။ ကလေးတွေက တန်းစီပြီးကြို နေပါတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ကို ကောင်းကောင်း နှုတ်မဆက် လိုက်ရ ပါဘူး။ သူက ထမင်းစားဆောင် အတွင်းထဲ မှာပဲ ကလေးတွေနဲ့ နှုတ်ဆက်ဖို့ အစီအစဉ်က လောလောဆယ် ယာယီ ရပ်ဆိုင်းသွားပြီးတော့ ကားပေါ်ကနေဆင်း၊ ဆင်းပြီး လက်ပြနှုတ်ဆက်ရင်းနဲ့ သူနဲ့ ဆန့်ကျင်ဘက် ကားတစီးပေါ် အမြန်ပြေးတက်ပြီးတော့ အဲဒီကားက အသင့်ပြင်ထား တာပေါ့ဗျာ။ အဲဒီကားက အမြန်ပြန် ထွက်သွားတယ်။ အားလုံးနဲ့တွေ့လိုက်ရတာ ဝမ်းသာအားရ၊ အထူးသဖြင့်တော့ တရုတ်အမျိုးသားတွေပဲ။ တရုတ်လိုတွေ အော်ကြ၊ နှုတ်ဆက်ကြတာ ဆိုတော့ ကျနော်တို့လည်း သိပ်မသိရဘူး။ ”
၅ စုတိုက်ဘုန်းကြီးကျောင်းမှာ စောင့်ရောက် ပညာသင်ပေးနေတဲ့ မိဘမဲ့ ကလေးပေါင်းက ၂၇၀ လောက် ရှိပါတယ်။ အဲဒီထဲက ကိုခင်မောင်လုံး က သူမျှော်လင့်သလို တရုတ်သိုင်းကား ဟာသ Action ကားတွေ ရိုက်တဲ့ မင်းသား Jakie Chan ကို အားရပါးရ မတွေ့ခဲ့ရလို့ စိတ်မကောင်း ပါဘူးတဲ့။
“တွေ့ချင်လွန်းလို့ ဒီမှာ မျက်ရည်တောင် ၀ဲနေတာဗျ။ မြင်ဖူးချင်ကြတာပေါ့။ တချို့ ကလေးတွေ က ကောင်းကောင်းလည်း မမြင်ရဘူး။ လူကြီးတွေတောင် ကောင်းကောင်းမှ မမြင်ရတာဗျာ။ သူလာမယ့် အချိန်ကို ကျနော်တို့ နာရီကြည့်ပြီး စောင့်ပြီး မျှော်လင့်နေကြတာ။ ဂျက်ကီချမ်းကို တော်တော် ကြိုက်ကြ တယ်။ တအားကြိုက်တာ၊ ဂျက်ကီချဲန်း ကားတွေကို။ သူ့ဇာတ်ကားဆို အလွတ် မရှိဘူးပေါ့ဗျာ။ အကုန်လုံး ကြည့်တာပေါ့။ မကြည့်ဖူးတဲ့ကား မရှိဘူး။ အကုန်ကြည့်ဖူးတယ်။ အဲဒီလိုပေါ့။ သူ့ကိုတွေ့ရင် ဒီလို သူ့ဇာတ်လမ်းတွေ ကောင်းတဲ့ အကြောင်းတွေပေါ့၊ ဖိုက်တင်ခန်း ကောင်းတဲ့ အကြောင်းလေးတွေ၊ သိုင်း ကျွမ်းကျင်တဲ့ အကြောင်းလေးတွေ ပြောမှာပေါ့ဗျာ။”
ရုပ်ရှင်မင်းသား Jakie Chan ရဲ့ ၃ ရက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ကုန်ကူးရောင်းချ ခံခဲ့ရတဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ UNICEF အထောက်အပံ့ပေးထားတဲ့ နေရာတွေဆီ ကိုလည်း သွားရောက်ကြည့်ရှုဖို့ အစီအစဉ် ရှိပါတယ်။ ကလေးတွေ ရောင်းချခံရမှုကို အထိရောက်ဆုံး ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာကိုလည်း မန္တလေးမြို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး တပ်ဖွဲ့ဝင်တွေနဲ့လဲ Jakie Chan တွေ့ ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ရောင်းကုန်ပစ္စည်း မဟုတ်ပါဘူး၊ ရာသက်ပန် ထိခိုက် မှုတွေ ရသွားစေတဲ့ ရာဇဝတ်မှုကြီးကို အမြစ်ဖြတ်နိုင်ဖို့ ကမ္ဘာပေါ်က ကလေးတွေ အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံကို မလာခင်မှာ Jakie Chan ကပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ဘယ်လို ခုခံကာကွယ်လို့ ရနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို လည်း မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ သင်ကြား ပြောပြမှာဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံက မပြန်ခင် July ၇ ရက် စနေနေ့မှာ ခရီးစဉ်အကြောင်း သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ UNICEF တာဝန် ရှိသူက ပြောပါတယ်ရှင်။
Ref: VOA News
Thursday, July 5, 2012
မရိုးနိုင်အောင် ဇာတ်က ကောင်းတဲ့ကြံ့ဖွတ် မင်းသားကြီး
နေပြည်တော်မှာ ဇူလိုင်လ ၁-ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းက ဗမာနိုင်ငံမှာ ထာဝရ ငြိမ်းချမ်းရေး ရဖို့အတွက် အပစ်အခတ် ရပ်စဲဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့နဲ့ ၂၀၁၅ ခုနှစ်မတိုင်ခင် တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ညီလာခံတခု ကျင်းပဖို့ ဆိုပြီး အဆင့် သုံးဆင့်ရှိတဲ့ လမ်းပြမြေပုံ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ ဒီလို ငြိမ်း ချမ်းရေးရအောင် ကြိုးပမ်းတဲ့နေရာမှာလည်း ပိုမို အဆင်ပြေစေဖို့ ဒီလထဲ ရန်ကုန်မှာ ငြိမ်းချမ်းရေး စင်တာ တခုကို ဖွင့်လှစ်သွားမှာ ဖြစ်တယ် လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုတွေက တိုင်းရင်းသားပြည်သူ လူထု အတွက်တော့ အပ်ကြောင်း ထပ်နေတာမို့ သိပ်မထူးဆန်း လှတော့ပါဘူး။
အစိုးရတာဝန်ရှိသူတွေဘက်က ဒီလိုမျိုး အမြဲလိုလို ပြောနေပေမဲ့ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာက ပိုလို့ သံသယ ဖြစ်စရာ ရှိနေပါတယ်။ အထူး သဖြင့်တော့ ဒုက္ခသည်တွေ ထောင်သောင်းချီ ဆက်လက်ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်နေတဲ့ ဗမာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာမို့ အစိုးရအာဏာပိုင်တွေဟာ အပြောနဲ့အလုပ် မညီဘူး ဖြစ်နေခဲ့တာလည်း ကြာလှပါပြီ။
ဦးအောင်မင်းရဲ့ ပြောကြားချက်တွေဟာ တွေ့ဆုံဆွေးနွေးတဲ့အခါကျတော့ တမျိုး၊ သတင်းစာရှင်းလင်းပွဲကျတော့ တမျိုး ဖြစ်နေတာက ရှေ့နောက်မညီညွတ်ဘဲ ကွဲလွဲမှုရှိနေပါတယ်။ သမ္မတပြောဆိုသွားတဲ့ Road Map အဆင့်သုံးဆင့်ကို တိုင်းရင်းသားဘက်က ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့အကြောင်းကို တွေ့ဆုံမှုတိုင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့က အစဉ်တစိုက် ပြောဆိုပြီးသားဖြစ်သလို အဲဒီကိစ္စတွေကို အခြားတိုင်းရင်းသားတွေကကော လက်ခံနိုင်လား၊ မလက်ခံနိုင် ဘူးလားဆိုတာကိုတော့ အစိုးရဘက်က ထည့်သွင်းစဉ်းစားတာမျိုးမရှိဘဲ သူတို့လိုချင်တဲ့ ပုံစံခွက်ထဲ နည်းမျိုးစုံသုံး တဖက် သတ် ဇွတ်ဆွဲသွင်းနေတာသာ ဖြစ်ပါတယ်။
ဆိုလိုတာက တိုင်းရင်းသားတွေနဲ့ ဒီအဆင့်သုံးဆင့်စလုံးကို သေချာထိတွေ့ ဆွေးနွေးတာမျိုးမဟုတ်ဘဲ လက်ခံသဘောတူ ညီချက် မရယူဘဲ အပေါ်ကချပေးလိုက်တဲ့ မူအပေါ်မှာ လိုက်ဆွေးနွေးနေရတာမျိုး ဖြစ်နေတာဆိုတော့ ဒီမိုကရေစီအသွင် ကူးပြောင်းနေပါတယ်ဆိုတဲ့ ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရရဲ့လုပ်ရပ်က ဒီမိုကရေစီစံနှုန်းနဲ့ ဆန့်ကျင်ဘက်ပြောင်းပြန် ဖြစ်နေပါ တယ်။
နောက်တခု အရေးကြီးတဲ့အပိုင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက လက်ခံနိုင်တဲ့အကြောင်းအရာ၊ ပေးနိုင်တဲ့ အကြောင်းအရာ ရှိရင်တော့ ခွင့်ပြုချက်ပေးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါတဲ့အချက်ကိုတော့ ဘယ်လိုမှ မပေးနိုင်ဘူးဆိုတဲ့ကိစ္စကို ဦးအောင်မင်းတို့ဘက်က ပြောထားပြီးသားပါ၊ အဓိက ကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း သွားကိုသွားရမယ်ဆိုတာပါပဲ၊ မေ(၃)ရက် ထုတ်ပြန်တဲ့ ၁၂/၂၀၁၂အမိန့်ကြေညာချက် အပိုင်း(ခ)မှာ အတိ အလင်းကို ဖော်ပြထားပြီးဖြစ်တာမို့ တိုင်းရင်းသားအဖွဲ့တွေ ဆွေးနွေးတင်ပြ ပြောဆိုထားတဲ့ အချက်တွေနဲ့ အများကြီး ကွဲလွဲ နေပါတယ်။
အဲဒါကြောင့် အရင်အပတ်တွေက တင်ပြခဲ့သလို အဆက်ဆက် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ တရားလက်လွှတ် ဥပဒေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုကျူးလွန်ထားမှုတွေကတဆင့် ရရှိပိုင်ဆိုင်လာတဲ့ အကျိုးစီးပွား ချမ်းသာကြွယ်ဝမှုတွေကို အကာအကွယ်ပေးထားတဲ့ ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ တနည်း သူ့လည်ပင်း ကြိုးကွင်းစွပ်မဲ့ ဒီဥပဒေကိုတော့ ဘယ်လိုနည်းနဲ့မှ အထိခံ အလျှော့ပေးလိမ့်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ ကျားကုတ်ကျားခဲ ကာကွယ်သွား မှာသာ ဖြစ်ပါတယ်။
လက်ရှိ ကချင်ပြည်နယ်တွင်းမှာကို တိုက်ပွဲတွေဟာ တနေ့ကို အနည်းဆုံး ၃ ကြိမ်ဖြစ်ပွားနေပြီး ဇွန်လ တလတည်းမှာတင် တိုက်ပွဲပေါင်း အကြိမ် ၁၀၀-ကျော်ရှိခဲ့ပြီး အခုရက်ပိုင်းအတွင်းမှာ KIA ထိန်းချုပ်တဲ့ တပ်မဟာ-၁နဲ့ တပ်မဟာ-၅ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို အစိုးရတပ်ဘက်က ထွက်ပြေးလာတဲ့ စစ်သားတွေလည်း KIA လက်ထဲမှာ ရှိနေတယ်၊ အတော်များများက ကလေးစစ်သားလေးတွေ ဖြစ်နေတယ်လို့ KIA ပြောခွင့်ရ ဦးလာနန်က ပြောပါတယ်။
ဒါ့ပြင် ထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် ဦးရေဟာလည်း တနေ့တခြား တိုးလာနေပြီး အခုဆိုရင် ဒုက္ခသည်ဦးရေ တစ်သိန်းနီးပါး ရှိသွားပြီလို့ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ တနှစ်ကျော်ကာလ အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ပေမဲ့လို့ အခုထိတော့ ပြေလည်မှုရတဲ့အဆင့်မှာ မရှိသေးပါဘူး။
ဒီဇူလိုင်လထဲမှာတော့ နှစ်ဘက်တပ်တွေ နေရာချထားရေးနဲ့ တပ်အင်အားလျှော့ချရေး ကိစ္စတွေကို ဆွေးနွေးဖို့အတွက် ပထမဆုံးအကြိမ်အနေနဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် လာရောက်မှာဖြစ်ပြီး မီးရထားဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ KIO တို့ ထပ်မံတွေ့ဆုံဖို့ ရှိပေမဲ့ နေရာသတ်မှတ်ချက် အဆင်မပြေသေး တာကြောင့် ဘယ်နေ့ တွေ့ဖြစ်မယ်ဆိုတာ မရေမရာ ဖြစ်နေဆဲပါပဲ။
အခြားတဘက်မှာလည်း တိုက်ပွဲသံတွေက မရပ်စဲသွားပါဘူး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP၊ ရှမ်းပြည်မြောက် ပိုင်းတပ် SSPP/SSAနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-ရှမ်းပြည်တောင်ပိုင်း RCSS/SSAတပ်တွေနဲ့လည်း နေ့စဉ် ရက်ဆက် တိုက်ပွဲတွေဖြစ်နေတာကို ကြည့်ရင်လည်း ဦးသိန်းစိန်အစိုးရတပ်တွေက သဘောတူညီထားတဲ့အချက်တွေကို တမင်ကလာ ချိုးဖောက်တာကြောင့် အစိုးရဘက်က သဘောထားမရိုးသားဘူးဆိုတာ အထင်းသားပါပဲ။ မွန်ပြည်သစ်ပါတီ NMSPကလည်း အစိုးရဟာ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ သဘောထားဆန္ဒ မရှိဘူးလို့ ပြော ဆိုထားပါတယ်။
ပါးစပ်ကတော့ သကာပုံးထဲနှစ်ထားတဲ့ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ စကားလုံးတွေကို တွင်တွင်ပြောနေပြီး တဘက်မှာတော့ စစ်ဦးဘီလူးဆိုသလို တိုင်းရင်းသားတွေကို အမှည့်ချွေဖို့ လုပ်နေမယ်ဆိုရင်တော့ ပြည်တွင်းစစ်ရပ်စဲဖို့ဆိုတာ မဖြစ်နိုင်သလို အရှည်တည်တန့်မယ့် ထာဝရငြိမ်းချမ်းရေးဆိုတာဟာလည်း အာဏာဆုပ်ကိုင်အစိုးရအဆက်ဆက်ကနေ ဦးသိန်းစိန်အစိုးရ အထိ သူတို့ စစ်ရေပေါ်ဆီတအုပ်စု ဆက်လက်သက်ဆိုးရှည်နိုင်ဖို့အတွက် နိုင်ငံရေးလိုအပ်ချက်အရ အဖန်တရာတေနေတဲ့ နည်းဗျူဟာဟောင်းအတိုင်း နိုင်ငံရေးကျားကွက်ရွှေ့ ကစားနေတာသာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
မာန်လက်
ဇူလိုင်လ ၇ ရက် အခမ်းအနား ခွင့်ပြုမှာမဟုတ်
2012-07-04
ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုခွဲခံခဲ့ရတဲ့ ဇူလိုင်လ ၇ ရက်နေ့ နှစ် ၅၀ ပြည့် အခမ်းအနားကို လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆို လိုက်တယ်လို့ သိရပါတယ်။
ဇူလိုင် ၇ ရက်နေ့ကို နိုင်ငံတော် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ထားတာ မဟုတ်တဲ့ အတွက် ခွင့်မပြုနိုင်ဘူးလို့ ဗိုလ်မှူးကြီး တင်ဝင်းက ပြောတဲ့အကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က RFA ကို ပြောပါတယ်။
"RFA မှာ ကျွန်တော်ပြောတဲ့အချိန်မှာ ပြတ်သားတဲ့ အဖြေသူက မပေးထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့မှာ ဒီအခမ်းအနားကို အမိုးအကာအောက်က ကျင်းပမယ် ဆိုရင် ကျင်းပနိုင်တဲ့ အလားအလာ ရှိတယ်လို့ ကျွန်တော်တို့ကို ပြောခဲ့တယ်။ အဲတာကို ဒီနေ့မနက်ကျတော့ အခါမှာ သူက အဲဒီသဘောထား မရှိကြောင်းကို ထင်ရှားအောင်လို့ ကျွန်တော်ကို တယ်လီဖုန်းဆက်ပြီး ထပ်ပြောပါတယ်။ သူလုံးဝလုပ်ခွင့်ပြုမှာ မဟုတ်ဘူး။ သူ့မှာ အဲဒီသဘောထား မရှိဘူး။ လုံးဝပိတ်ပင်တားမြစ် တယ်ဆိုတဲ့ သဘောမျိုးကို သူကတိတိကျကျ ထပ်ပြောပါတယ်"
ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဇူလိုင် ၇ ရက် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို ဆက်လက်ဆောင်ရွက် သွားဖို့ ရှိတယ်လို့လည်း ကိုကျော်ကိုကို ကပြောပါတယ်။
"ကျွန်တော်တို့ အနေနဲ့ကတော့ အမှတ်တရ အနေနဲ့တော့ တစ်ခုခုဖြစ်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ။ ထိပ်တိုက် ရင်ဆိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့က ဒီဟာက အထင်ကရနေ့ တစ်ခုဖြစ်တဲ့ အတွက် အခမ်းအနားတစ်ခု သို့မဟုတ် အမှတ်တရ တစ်ခုကို ကျင်းပပိုင်ခွင့် ရှိတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ သဘောထားပါ"
အင်္ဂလိပ် ကိုလိုနီခေတ်မှာ စတင်ပေါ်ပေါက်လာပြီး မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂနဲ့ သမိုင်းဝင် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်ပြီး အာဏာသိမ်းလိုက်တဲ့ အစိုးရက ဖြိုခွဲဖျက်ဆီးလိုက်တဲ့ 7 July အဖြစ်အပျက်ဟာ ဒီနှစ်မှာ နှစ် ၅၀ ပြည့်မှာ ဖြစ်ပါတယ်။
Ref: RFA News
ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ အလုပ်ဖြုတ်ခံရ
မအေးအေးမာ
ဗုဒ္ဓဟူး, 04 ဇူလိုင် 2012
မကြာသေးခင်လတွေအတွင်းက မြန်မာနိုင်ငံ ရန်ကုန်၊ စက်မှုဇုန် သီးသီးမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး တဲ့နောက် အလုပ် အထုတ်ခံရသူတွေ များလာတဲ့ အတွက် အလုပ်သမားရေးကို ဖြေရှင်းတဲ့ အခါမှာ အလုပ်သမား ၀န်ကြီးဌာနရဲ့ ဖြေရှင်းမှု နည်းလမ်းဟာ အားနည်းချက်တွေ ရှိနေတယ်လို့ အလုပ်သမား အရေး ဆောင်ရွက် သူတွေက ထောက်ပြကြပါတယ်။ အခုနောက်ဆုံး အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
မေလနဲ့ဇွန်လအတွင်း မြန်မာနိုင်ငံစက်မှုဇုန် အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပြီးတဲ့နောက် မှာတော့ ဆန္ဒပြမှုမှာ ပါဝင် ဦးဆောင်တဲ့ အလုပ် သမားတွေကို အလုပ်က ထုတ်ပယ်မှုတွေ လှိုင်သာယာ စက်မှုဇုန် ၄ မှာဖြစ်ခဲ့ပါ တယ်။
အလုပ်သမားအရေး ဦးဆောင်နေသူ ဦးဌေးက လှိုင်သာယာ စက်မှုဇုန် ထဲမှာတင် စက်ရုံ ၃ ရုံက အလုပ် သမားတွေ အကြောင်း အမျိုးမျိုးနဲ့ ထုတ်ပယ် ခံနေရတယ်လို့ ဆိုပါတယ်။
“အလုပ်သမားတွေကတော့ အခု စက်ရုံအလုပ်ရုံ ကိစ္စတွေ ဖြေရှင်းမှုနောက်ပိုင်းမှာ ပိုင်ရှင်ဘက်က အလုပ် ထုတ်တာတချို့ ရှိတယ်ပေါ့ဗျာ။ အဲဒါတွေတော့ မြို့နယ် ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ကို ကျနော်တို့ တင်ခိုင်းထား တယ်ပေါ့။ ပထမဆုံး အစောပိုင်းက ထုတ်တာကတော့ ဦးမြအောင်ပေါ့ဗျာ။ သူက ခွင့်မဲ့ ပျက်ကွက်တယ် ဆိုပြီးတော့ နေမကောင်းတာကို ခွင့်မပေးဘဲနဲ့ ထုတ်ပစ် လိုက်တာ။ နောက် ထပ်ကတော့ ထွန်းပိုင် ဘလောက်တုံး စက်ရုံ။ ထွန်းပိုင် ဘလောက်တုံး စက်ရုံက ပြီးခဲ့တဲ့ သပိတ်မှောက်တုန်းက ခေါင်းဆောင်ကို သူက အလုပ်ခန့် ထားရေး သဘောတူစာချုပ်ကို လက်မှတ် မထိုးလို့ ဆိုပြီးတော့ အလုပ် ထုတ်လိုက်တယ်။ အဲဒါကတော့ ၅ ရက်နေ့ ချိန်းထားပါတယ်။ နောက်တခုကတော့ အအေးခန်းစက်ရုံပေါ့။ အအေးခန်းမှာ လည်း ပြီးခဲ့တဲ့ သပိတ်မှောက်တုန်းက အလုပ်သမားပဲ။ အဲလိုပဲ အလုပ်ထုတ်ပစ်လိုက်တာ။”
လှိုင်သာယာ စက်မှုဇုန် (၁)၊ တော်ဝင်မြန်မာ အထည်ချုပ် စက်ရုံ အလုပ်သမား ၄၀ ကျော်ကိုတော့ အသက် မပြည့်လို့ ထုတ်ပစ် လိုက်ရကြောင်း အလုပ်ရှင်နဲ့ အလုပ်သမား ဖြန်ဖြေရေး ကိစ္စတွေ ဆောင်ရွက်ပေးနေတဲ့ အလုပ်သမား ဥပဒေ စိစစ်ရေး ညွှန်ကြားမှုဦးစီး ဌာနက ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်က ဆိုပါတယ်။ ဒါပေမဲ့လည်း အလုပ်ထုတ်ပစ်မှုဟာ အလုပ်သမားဥပဒေပါ အချက်အလက်တွေအတိုင်း မဟုတ်တဲ့ အကြောင်း ဦးဌေးက ဆိုပါတယ်။
“ဥပဒေအရတော့ အလုပ်ရုံဥပဒေမှာပါတယ်။ ၁၃ နှစ်အောက်ကတော့ လုပ်ပိုင်ခွင့်မရှိဘူးပေါ့။ ၁၃ နှစ် အထက်နဲ့ ၁၈ နှစ်ကြားကဟာတွေ တာဝန်ခံဆရာဝန်က လက်မှတ်ထုတ်ပေးထားရင် ခန့်ပိုင်ခွင့်ရှိတယ်။ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ။ အကယ်၍ ကလေးတွေကို အလုပ်ထုတ်ဖို့ ဥပဒေမှာ မပါဘူးဗျ။ ဥပဒေမှာတော့ တာဝန်ခံ ဆရာဝန်က လက်မှတ်ထုတ်ပေးရတယ်။ လက်မှတ်ထုတ်ပေးရင် သက်ဆိုင်ရာ အလုပ်သမားကလည်း ကိုင် ထားရတယ်။ စက်ရုံမှာလည်း ကလေးအလုပ်သမားတွေခိုင်းမယ်ဆိုရင် အများမြင်သာတဲ့နေရာမှာ ဘယ်နှစ်ယောက်ခိုင်းတယ်၊ ဘယ်လိုအလုပ်မျိုး၊ ဘယ်လိုအခြေအနေမှာ အလုပ်ချိန်တွေကအစ အများမြင် သာအောင် ကပ်ထားပေးရတယ်။ ဒါ အလုပ်ရုံ ဥပဒေမှာပါတယ်။
အကယ်၍ အဲဒါကို မလိုက်နာရင် အရေးယူရမှာက အလုပ်ရုံပိုင်ရှင် ဒါမှမဟုတ် သူတို့လူကို အရေးယူရမှာ။ အခုကျတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ပြီးခဲ့တဲ့ သပိတ်မှာပါတဲ့သူတွေကို အသက်မပြည့်လို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ထုတ်ပစ်တယ်လို့ ပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ ဥပဒေအယူအဆအရ ကျနော်တို့က ရှင်းပြတာပါ။ အဲဒီလို ထုတ်ပိုင်ခွင့်မရှိဘူး။ ကျနော်တို့ မျက်မြင်အရ ဗမာပြည်မှာက အလုပ်ရှင်နဲ့ အလုပ်သမားရုံးတွေက ဝန်ထမ်းတွေရဲ့ဆက်ဆံရေးက ကောင်းမွန်ပြီးတော့ အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးက မကောင်းမွန် ဘူး။ အလုပ်သမားနဲ့ အလုပ်သမားရုံးက ဝန်ထမ်းတွေရဲ့ဆက်ဆံရေးက မကောင်းမွန်ဘူး ဖြစ်နေတယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင် အဂတိလိုက်စားမှုတွေများတယ်ဆိုရင် အလုပ်သမားတွေက အခွင့် အရေးတွေ ဆုံးရှုံးကြရတယ်။”
တကယ်တော့ အလုပ်သမားတွေအနေနဲ့ ဆန္ဒပြပြီး တောင်းဆိုချက်အတော်များများကို တောင်းခဲ့ကြရာမှာ လုပ်အားခပြဿနာအပြင် တနေ့ ၁၂ နာရီကျော် ခိုင်းစေမှုတွေ၊ အလုပ်သမားတွေရသင့်တဲ့ လူမှုဖူလုံရေး ဥပဒေခံစားခွင့်အတိုင်း မရရှိတာတွေ၊ အလုပ်ရှင်တွေက လိုက်နာ ဆောင်ရွက်ပေးမှု မရှိတာတွေကြောင့်လို့ ဆိုပါတယ်။
“ဆိုလိုတာက စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်တွေဘက်ကနေပြီးတော့ ဥပဒေနဲ့မညီညွတ်တာတွေ ဆောင်ရွက်နေ တာကို သိလျက်နဲ့ သက်ဆိုင်ရာ အလုပ်သမားရုံးက အရာရှိတွေက အချိန်မီ မဆောင်ရွက်ကြတာပေါ့။ အထူးသဖြင့် အလုပ်ရုံဥပဒေရှိတယ်။ အလုပ်တက်ရက်နဲ့ ခွင့်ရက် ဥပဒေတွေရှိတယ်။ နောက် လူမှုဖူလုံရေး ဥပဒေတွေရှိတယ်။ အဲဒီ ဥပဒေတွေက ကြာလှပြီပေါ့ဗျာ။ ၅၁ ခုနှစ်ကတည်းက ပြဌာန်းထားတာ။ လူမှု ဖူလုံရေး ဥပဒေဆိုရင် ၅၄ ခုနှစ်ကတည်းက ပြဌာန်းထားတာ။ အဲဒီဥပဒေတွေကို စက်ရုံတွေက မလိုက်နာ တာကို အလုပ်သမားရုံးက အရာရှိတွေက အရေးယူလို့ရတာပဲ။ အရေးမယူခဲ့ဘူး။ အထူးသဖြင့် ဒီကာလ မှာပေါ့ဗျာ။ အရေးယူတာမျိုးမရှိဘူး။ အရေးယူတာမရှိတဲ့အတွက် အလုပ်သမားတွေက အခွင့်အရေးတွေ အများကြီး ဆုံးရှုံးကြရတာ။”
အလားတူပဲ မန္တလေးတိုင်းက အောင်စိန် အထည်ဆိုးဆေးစက်ရုံမှာလည်း အလုပ်သမားခေါင်းဆောင် ၁၀ ဦး ဟာ အကြောင်းပြချက်မပေးဘဲ အလုပ်ရှင်က အလုပ်ထုတ်ပစ်တာခံခဲ့ရပါတယ်။
အလုပ်သမား ဆန္ဒပြမှုတွေဖြစ်လာနေတာနဲ့ပတ်သက်လို့ လှုံ့ဆော်သူတွေကို အညှိုးထားပြီး အလုပ်ကနေ အကြောင်းအမျိုးမျိုးနဲ့ ထုတ်ပယ်တာဟာ အလုပ်ရှင်နဲ့အလုပ်သမားတွေကြား အမြဲလိုလို ကြုံနေရတာ လည်း ဖြစ်ပါတယ်ရှင်။
Ref: VOA News