..............................

Monday, July 2, 2012

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တပ်မတော် (၅)

ဇန္နဝါရီလ ၂ ရက် ၂၀၁၂


မာန်လက်
ပြည်သူကို ဗဟိုပြုပါဆိုတဲ့ သမ္မတ စကားရဲ့ နောက်ကွယ်မှာ…

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ဗဟို ကော်မတီနဲ့ လုပ်ငန်းကော်မတီကို ကြံ့ဖွတ် အစိုးရသစ်က မေ(၃)ရက် နေ့မှာ ဖွဲ့စည်း လိုက်ပြီး မေ (၁၁) ရက် နိုင်ငံ တော် သမ္မတရုံး အစည်းအဝေးမှာ ဗဟိုကော်မတီ ဥက္ကဋ္ဌ သမ္မတကြီး ဦးသိန်းစိန်က ဒုတိယ အဆင့် မဟာ ဗျူဟာပြုပြင်ပြောင်း လဲမှု အဖြစ် ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘ၀ တိုးတက် မြင့်မားစေရေး တို့ကို သက်ဆိုင်ရာ တိုင်းဒေသ၊ ပြည်နယ် ဒေသ၊ နယ်မြေဒေသ အလိုက် အဆင့်ဆင့် အကောင်အထည်ဖော် ကြိုးပမ်း သွားကြဖို့ လမ်းညွှန် မှာကြား သွားခဲ့သလို ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကလည်း ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင် ရာတွေကို ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့ပါတယ်။

ကြားသိရတာတွေကတော့ တကယ့်ကို အနှစ်သာရတွေချည်း ပါပဲ။ သမ္မတ ကြီးက ပြည်သူ ဗဟိုပြုရမယ်၊ ပြည်သူ အသံ၊ ပြည်သူ့ ဆန္ဒတွေကို မိဘသဖွယ် တလေးတစား နားထောင်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားဖို့ လုပ်ဆောင်ရ မယ်။ အပြောင်းအလဲ မလုပ်ချင်တဲ့သူတွေကို ချန်ထားရစ်ရမယ်။ တခါ ဒု-သမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်း ကလည်း ပြည်သူတွေရဲ့ ဆင်းရဲမွေတေမှု လျှော့ချရေးကို လုပ်ရမယ်၊ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ငန်းကိုင် ငန်းတွေ ဖန်တီးပေးရမယ်၊ ဆိုတော့ သန်း ၆၀သော တိုင်းရင်းသားပြည်သူတွေကတော့ သမ္မတကြီးတို့ရဲ့ ပြောစကားတွေ ကို ကြားသိရရုံနဲ့ ၀မ်းမြောက်မျှော်လင့်ကြမှာပါ။

နိုင်ငံတော်သမ္မတကြီးတို့ ကျန်းမာပါစေ၊ အသက်ရှည်ပါစေလို့ ၀မ်းပမ်းတသာ ဆုတောင်းပေးရင်းနဲ့ သူတို့ဘ၀တွေတော့ ဒီတခါ တကယ်တိုးတက်တော့မယ်၊ မြင့်မားတော့မယ်၊ သားသမီးတွေရဲ့ ပညာရေးနဲ့ မိသားစု ကျန်းမာရေး စောင့်ရှောက်မှု တွေလည်း ကောင်းလာတော့မယ် ဆိုပြီး မယုံကြည်ရဲလောက်အောင် တအံ့တဩ ဖြစ်နေမိကြတာပေါ့။ ဟိုအရင်လို မဟုတ် တန်ကောင်းပါဘူး။ ဟိုတခါလိုမျိုး မဖြစ်တော့ပါဘူးပေါ့။ ဒီတခါတော့ တကယ်ဖြစ်မှာပါ ဆိုတာမျိုး…

ဒါပေမဲ့ ဒီလို အံ့ဩလို့မှ မဆုံးသေးခင် ပြည်သူပြည်သားတွေရဲ့ လယ်ယာ ဥယျာဉ် ခြံမြေတွေကို ကိုလိုနီခေတ် ချစ်တီး ကုလား တွေလုပ်သလို ဗမာတပြည်လုံး အနှံ့ အတင်းအကျပ် နသားပါရား လိုက်လံ သိမ်းပိုက်နေတာ သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ပိုလို့ တိုးပွား များပြား လာနေတာကြောင့် မိန့်ခွန်းပါပြောကြားချက်တွေနဲ့ လုံးလုံး ပြောင်းပြန်ဖြစ်နေ တာမို့ ပြည်သူလူထု တရပ်လုံးက မျက်ကလူး ဆန်ပြာ တောင်ကြည့်မြောက်ကြည့် ဖြစ်နေကြပါတယ်။

ဒါ့ပြင် သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အလုပ်သမား ရပိုင်ခွင့် အခွင့်အရေး လှုပ်ရှားမှု ဆန္ဒပြပွဲတွေ ကလည်း ခပ်စိပ်စိပ် ဖြစ်ပေါ် လာနေသလို ပြည်သူလူထုတွေရဲ့ အနိမ့်ဆုံး အခြေခံ လိုအပ်ချက်ဖြစ်တဲ့ မီး-ရေ မရရှိလို့ ငြိမ်း ငြိမ်းချမ်းချမ်း ဆန္ဒပြ ထုတ်ဖော်သံတွေ ဟာလည်း နေ့ရောညပါ ကျယ်လောင် ထွက်ပေါ် လာနေပါတယ်။

ဒီလိုအခြေအနေအောက်မှာကို အစိုးရလက်နက်ကိုင် ရဲဝန်ထမ်းတွေက တရား လက်လွှတ် ရပ်ကွက်ကျေးရွာတွေထိဝင်ပြီး မင်းမဲ့စရိုက်ဆန်ဆန် ပြည်သူလူထုကို အုပ်လိုက်သင်းလိုက် ရိုက်နှက်ထိုးကြိတ် အနိုင်ကျင့်နေတာတွေက ပြည်သူတွေရဲ့ နေ့တဓူဝ ခံစားနေရတဲ့ လက်တွေ့ပကတိ အခြေအနေတွေပါပဲ။

ဒါတင်မက တောင်ပေါ်ဒေသဘက်မှာလည်း သေနတ်သံတွေက အုန်းအုန်းဒိုင်းဒိုင်း ကြားနေရပြန်တော့ သမ္မတကြီး တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး ဆိုတဲ့အပေါ် နားလည်ယုံကြည်ဖို့ အတော်လေး ခဲယဉ်းနေသေး သလို ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့က မီဒီယာတွေမှာ ပြောဟောနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀-ဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူလက်မှတ် ရေးထိုးထားပြီးပါပြီ ဆိုတာကလည်း အပစ်အခတ် ရပ်စဲရုံဖြစ်နေပြီး ခိုင်မာရေရာတဲ့ ရလဒ်ရယ်လို့ မဆိုနိုင်သေးပါဘူး။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ မေ(၁၉)ရက်နေ့က ရှမ်းပြည်တပ်မတော်-တောင်ပိုင်း ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်လည်းဖြစ် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီးစ၀်ယွက်စစ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တောင် ပိုင်း-ကျိုင်းတုံမြို့မှာ (၁၀)နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အချက် ၁၂-ချက် သဘောတူလက်မှတ် ထိုးခဲ့ကြပြီး လာမယ့်ဂျူလိုင်လမှာ ထပ်မံတွေ့ဆုံကြမယ်လို့ မီဒီယာကတဆင့် ကြားရပေမဲ့ တဘက်မှာတော့ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ တနေ့တခြား စစ်ရေးအရှိန်မြင့်လာနေတာက တိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတုန်းပဲဆိုတာ ဘယ်လိုမှ ဖုံးကွယ်လို့မရနိုင်ပါဘူး။ ကျွဲကူးရေပါဆိုသလို ဒုက္ခသည်ဝန်ထုပ်ဝန်ပိုးကလည်း အဆမတန် ကြီးလာနေပါတယ်။

စုစုပေါင်းလူဦးရေ သန်း ၆၀ရဲ့ သုံးပုံတပုံဟာ တိုင်းရင်းသားလူနည်းစုတွေဖြစ်ကြပြီး အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားက လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေအပေါ် လွှမ်းမိုးချုပ်ကိုင်ထားတာကိုလည်း မနှစ်မြို့ကြတဲ့အတွက် ခုခံကာကွယ်စစ်ကို ဆင်နွှဲရင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက်ပါ လက်နက်ကိုင်တိုက်ပွဲဝင်နေခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၆၀ကျော် ပြည် တွင်းစစ်က သက်သေ ထူနေပါတယ်။ ပြည်တွင်းစစ် မရပ်စဲသရွေ့ ငြိမ်းချမ်းရေး မဖြစ်ပေါ်နိုင်သလို ထာဝရငြိမ်းချမ်းရေး ဆို တာလည်း မရှိနိုင်ပါဘူး၊ အပစ်အခတ် ရပ်စဲရုံသက်သက်မျှနဲ့ ငြိမ်းချမ်းရေးဆိုတာကို စိတ်ကူးယဉ်လို့ လက်တွေ့မကျပါဘူး။ တဖွဲ့နဲ့တော့ အပစ်အခတ်ရပ်စဲလိုက်ပြီ၊ သဘောတူလက်မှတ်ထိုးလိုက်ပြီ၊ အခြားတဖွဲ့နဲ့တော့ တိုက်ပွဲတွေရှိနေတုန်းပဲ ဆိုရင် တော့ ဘာမှအဓိပ္ပါယ်ရှိလိမ့်မယ် မဟုတ် ပါဘူး။

အမှန်တကယ် ပြည်တွင်းငြိမ်းချမ်းရေးကို ဖြစ်ပေါ်ချင်ရင် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့က အလျင်စလို လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ နိုင်ငံရေး အကျဉ်းသားတွေကို ဓါးစာခံသဘောမျိုး အပေးအယူလုပ် လွှတ်ပေးတာမျိုးဆိုရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ဒါ့ပြင် တိုင်းရင်းသား အားလုံးနဲ့လည်း စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေကို မဖြစ်မနေ ဦးသိန်း စိန်အစိုးရက လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက် သွားရပါလိမ့်မယ်။

ဒါကြောင့် သဘာဝသယံဇာတ အရင်းအမြစ်တွေ ပေါများကြွယ်ဝလှတဲ့ တိုင်းပြည်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ရိုးရာယဉ် ကျေးမှု သဘာဝအလှအပတွေ ၀န်းရံပြည့်ဖြိုးတဲ့ ဗမာပြည်ကြီးအဖြစ် အရှေ့တောင် အာရှမှာ ပြန်လည် စန်းပွင့် လာဖို့ကတော့ ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ တိုင်းရင်းသားသွေးစည်း ညီညွတ်ရေးကို တပ်မတော် တရပ်လုံးက လိုလိုလားလား ပူးပေါင်းလုပ် ဆောင်မှသာ နိုင်ငံတော် သမ္မတကြီးတို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့သစ်က ကြိုးပမ်းနေတဲ့ ထာဝရ ငြိမ်းချမ်းရေး ဆီကို တက်လှမ်းရောက်ရှိမှာဖြစ်ပါကြောင်း။

မာန်လက်

Read More...

နိုင်ငံ့စီးပွားရေးမှာ ခြုံငုံသုံးသပ် ပြောရမည်ဆိုပါက မကောင်းဘူး ဆိုသည့် သဘော ရှိကြောင်းနှင့် စီးပွားရေး မကောင်းသဖြင့် အထိခိုက်ဆုံးမှာ အခြေခံ လူတန်းစားများ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြောကြား

Sunday, 01 July 2012

လက်ရှိ နိုင်ငံ့စီးပွားရေး အခြေအနေမှာ ခြုံငုံသုံးသပ် ပြောရမည် ဆိုပါက မကောင်းဘူး ဆိုသည့် သဘော ရှိကြောင်းနှင့် စီးပွားရေး မကောင်း သဖြင့် အထိခိုက်ဆုံးမှာ အခြေခံလူတန်းစား ဖြစ်သည့် လယ်သမား၊ အလုပ် သမားများဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် အသင်း အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးသည့် ပွဲတွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန် ရှိသူများက လက်ရှိကြုံတွေ့ နေရသည့် စီးပွားရေးအခြေအနေ အရပ်ရပ်နှင့် တွေ့ကြုံရသည့် အခက်အခဲ များကို တင်ပြခဲ့ကြပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည်ဆွေးနွေးရာတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ပြောသွားတာတွေကို ပြန်ချုပ်လိုက်တဲ့အခါ ကျွန်တော်တို့နိုင်ငံ ရဲ့စီးပွားရေးဟာ ချုပ်ပြောရမယ် ဆိုရင် မကောင်းဘူး ဆိုတဲ့ သဘော ရှိတယ်။ စီးပွားရေး မကောင်းတာ ဘယ်မှာ အထိခိုက်ဆုံးဖြစ်လဲ ဆိုတော့ တကယ့် အခြေခံ လူတန်းစားတွေမှာ ဖြစ်နေတယ်။ တောင်သူ လယ်သမားပြီးတဲ့ အခါမှာ အထည်ချုပ်မှာဆိုရင် အလုပ် သမားတွေဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ စီးပွားရေး မကောင်းဘူးဆိုတာ က စီးပွားရေး အတွက် အကျိုးဖြစ်ထွန်းမှု မရှိဘူး အရှုံးပေါ်နေတယ်ဆိုတဲ့ အဓိပ္ပာယ် ရှိသော်လည်း ခုနက လယ်သမားနဲ့ အလုပ်သမားများ မွေးမြူရေး သမားများ ပြောမယ်ဆိုရင် အခြေခံ Basic Production သို့မဟုတ် Producer နဲ့ဆက်စပ်တဲ့ အလုပ်သမား တွေမှာအများကြီးထိခိုက်တယ်။ အဲဒီ ထိခိုက်တာက အတိုင်းအတာတစ်ခု ထိတော့တောင့်ခံနိုင်ပြီးတော့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွားလို့ရှိရင် တောင့်မခံနိုင်တဲ့အခါမှာ ကျွန်တော်တို့ မလိုချင်တဲ့ မဖြစ်ချင်တဲ့ကိစ္စတွေကို မဖြစ်စေချင်တဲ့အတွက် ဒီလို ဆွေးနွေးနေတယ်လို့ပဲ သဘောပေါက်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

“ဒီနေ့ဆွေးနွေးတာ အားလုံးခြုံပြောရင် Sanction အကြောင်း ပြောသွားတာ ရှိတယ်။ နောက်တစ်ခုက Transactional Cost တွေ မြင့်နေတယ်။ နောက်တစ်ခုက တော်တော်များများ ပြောသွားတယ် ငွေလဲနှုန်း၊ ကျွန်တော်တို့က မြန်မာတွေ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံသားတွေ အတွက် အရေးကြီးတာက မြန်မာကျပ်ငွေပဲ။ အဲဒီအတိုင်းပဲ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံရဲ့ ထုတ်ကုန်များကို ပြန်ကြည့်ရင် အခြေခံကတော့ လယ်ယာထွက် သီးနှံကုန်ပစ္စည်းများ ဖြစ်တယ်။ နောက်သားငါးပေါ့။ အဲဒီလို လယ်ယာ သားငါးပစ္စည်းတွေ ဟာ တင်ပို့တဲ့အခါမှာ ဈေးကောင်း ဒါမှမဟုတ်မှန်ကန်တဲ့ ဈေးရဖို့လိုပါတယ်။ အဲဒီနေရာမှာ ဒီကနေ့ လယ်ယာလုပ်သား၊ မွေးမြူသူတွေအနေနဲ့ သူတို့လိုချင်မှာကတော့ မြန်မာကျပ် ငွေပါပဲ၊ မြန်မာကျပ်ငွေ များများရဖို့ ဆိုရင် မြန်မာကျပ်ငွေရဲ့ လဲလှယ်နှုန်း တစ်ဒေါ်လာသို့မဟုတ် နိုင်ငံခြားငွေ တစ်ယူနစ် မြန်မာကျပ်ငွေ ဘယ်လောက်လဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိကာလမှာ နိုင်ငံတစ်ဝန်းလုံးရှိ စီးပွားရေး လုပ်ငန်းများ အားလုံး အခက်အခဲ များဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် အချိန်ကာလဖြစ်ကြောင်း၊ နိုင်ငံ သဘာဝ သယံဇာတကို အခြေခံ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ရောင်းဝယ်ရေး လုပ်ငန်းများမှာ အနည်းငယ် သက်သာခွင့် ရှိသော်လည်း နိုင်ငံသား အများစုမှာ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်ပေးနေသည့် လုပ်ငန်းများမှာ အခက်အခဲဆုံး အနေများဖြင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်းနှင့် အထူးသဖြင့် ကျေးလက်ဒေသ အခြေခံသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှာ အခက်အခဲဆုံးနှင့် အဆိုးဝါးဆုံး အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ကော်မရှင် နှင့် ကော်မတီများသို့ တင်ပြခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်ကလည်း လယ်သမား များ၏ စီးပွားရေး အခြေအနေမှာ ဆိုးရွားနေကြောင်း၊ ရာသီဥတုနှင့် ဈေးကွက် အခြေအနေကြောင့် လယ်သမား များ အခြေအနေ မကောင်းရခြင်းဖြစ်ကြောင်း၊ ထိုသို့ စီးပွားရေးမကောင်း ခြင်းကြောင့် ဆန်စပါး အထူးပြုကုမ္ပဏီ များမှ ထုတ်ချေးငွေများကိုအပြေ အလည်မဆပ်နိုင်ကြောင်း၊ ဆန်စပါး အထူးပြုကုမ္ပဏီ အတော်များများမှာ လုပ်ငန်းရပ်ရမည့် အခြေအနေရှိကြောင်း လယ်ယာကဏ္ဍ အခြေအနေမှာ ဆိုးရွားသည့် အခြေအနေရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန် ရှိသူ တစ်ဦးကလည်း ယခု အချိန်သည် Primary Producer များအတွက် အခက်အခဲဖြစ်နေကြောင်း၊ လယ်ယာသားငါး ကဏ္ဍများသည် ရပ်တည်ဖို့ မလွယ်ကူကြောင်း ၂၀၀၉၊ ၂၀၁၀ ခု နှစ်များမှစ၍ စီးပွားရေးမှ တုံ့ဆိုင်း လာကြောင်း Transaction Cost များ လျော့အောင် လျှော့ချနေသော်လည်း ထပ်မံလျှော့ရမည့် ဧရိယာများ ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အချုပ်ပြောရရင်တော့ ဒီနေ့ဆွေးနွေး တင်ပြချက်တွေ အကုန်လုံးကိုရရမယ်လို့ ကျွန်တော် ကတိမပေးနိုင်ပါဘူး။ ကျွန်တော် ကတိပေးနိုင်တာက ကျွန်တော်တို့ နိုင်ငံသားများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် အကာအကွယ်ပေးမယ့် ဥပဒေပေါ်ထွက် လာရေးကို တော့ ကတိပေးနိုင်ပါတယ်။ ကျွန်တော်တို့ ယခင် အစိုးရ လက်ထက် က ပါတီစုံ ဒီမိုကရေစီနဲ့ ဈေးကွက် စီးပွားရေးစနစ် တည်ဆောက်ဖို့ ပြည်သူများရဲ့ဆန္ဒကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အတိအကျပြောမယ် ဆိုရင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ကျွန်တော်ပြောတဲ့ ပြဋ္ဌာန်းချက် ပါပါတယ်။ အဲဒါက ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေ စီစနစ်၊ ဈေးကွက် စီးပွားရေးစနစ် ထူထောင်တဲ့နေရာမှာလည်း ကျွန်တော်တို့ အားလုံး ပါဝင်ပြီးတော့ ထူထောင် ဖို့လိုပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ တင်မရဘဲ ပြည်သူများ၊ ပြောမယ်ဆို လို့ရှိရင် မီဒီယာများပါ ပါဝင်ဆောင် ရွက်ဖို့ လိုပါတယ်။ တိုင်းရင်းသားများရဲ့ အလုပ်အကိုင် အခွင့်အလမ်း များပေးဖို့၊ ပြီးတဲ့အခါ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ နိုင်ငံသားများကို အကာအကွယ်ပေးဖို့ ဥပဒေပြီးတဲ့အခါ တိုင်းရင်းသားများ လုပ်ငန်း ရှင်များနဲ့ နိုင်ငံသားများကို လုပ်နိုင်ဖို့အတွက် အကူအညီအထောက်အပံ့တွေ ပေးမယ်ဆိုတဲ့ မူဝါဒက ရှိနေဆဲပဲဖြစ်ပါ တယ်။ အဲလိုရှိနေတယ်ဆိုရင် ဒီလို စာရွက်ပေါ်မှာပဲ မထားဘဲ လက်တွေ့ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ခုနက ကျွန်တော် ကတိပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ ဒီမူဝါဒရှိတယ်။ ဒီမူဝါဒနဲ့အညီ ကျွန်တော်တို့ နိုင်ငံသားများရဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့်များကို အဓိကထား ကာကွယ်နိုင်တဲ့ ဥပဒေ မျိုးကျွန်တော် တို့ဖော်ဆောင်ပေးမယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့လည်း နိုင်ငံသားများရဲ့အကျိုး စီးပွားကို ဖြစ်ထွန်းစေသော ဥပဒေ များ၊ နိုင်ငံသား များရဲ့အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ ဖြစ်ထွန်းရေးက ကျွန်တော်တို့အတွက် အဓိကတာဝန် ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Ref: EMG News

Read More...

နှလုံးသားများအကြွမစောကြစေဖို့...

Written by ဒေါက်တာဇော်မျိုးထက် (နှလုံးရောဂါအထူးကု၊ UK)

ကျွန်တော် မြန်မာနိုင်ငံကို အလည်အပတ် သွားရာကနေ အင်္ဂလန်ကို ပြန်ရောက်ပြီး ရက်ပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံခြားရောက် မြန်မာ အများစုလိုပဲ ကိုယ့်မြေ သံယောဇဉ် ရှိသူမို့ မြန်မာ နိုင်ငံ သတင်းကို မဖတ်တဲ့နေ့ ဆိုတာ မရှိသလောက် ပါပဲ။ နှစ်သစ်ကူးနေ့မှာ Internet သတင်း ဖတ်ရင်းနဲ့ ဒေါက်တာ နေ၀င်းမောင်ရဲ့ သတင်းကို ဖတ်မိလိုက်တော့ မယုံနိုင်အောင်ကို ဖြစ်မိတယ်။

၁၉၈၈ ခုနှစ်တုန်းက ကျွန်တော် မန္တလေး ပြည်သူ့ ဆေးရုံကြီးမှာ အလုပ်သင် ဆရာဝန် တာဝန် ကျနေတုန်းက ဒေါက်တာ နေ၀င်းမောင်ကို ဆုံခဲ့ ဖူးပါတယ်။ သူ့ရဲ့ ညီဖြစ်သူ ဒေါက်တာ နေလင်းမောင်က ကျွန်တော်နဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးပါ။ နောက်ပိုင်းမှာ သူနဲ့ မဆုံဖြစ် တော့ပေမယ့် သတင်း မီဒီယာတွေမှာ သူ့ရဲ့ အကြောင်းတွေ၊ သူ့ရဲ့ မိန်ခွန်းတွေ ဖတ်ရပါတယ်။ သူ့အပေါ် အမြင် အမျိုးမျိုး ရှိကြပေမယ့် သူဟာ တိုင်းပြည် အပေါ်မှာ အင်မတန် စေတနာ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ပါ။ အသက် ၅၀ ဆိုတာ အတွေ့ အကြုံနဲ့ ခွန်အား ပေါင်းစပ်ပြီး တိုင်းပြည်အတွက် အများကြီး လုပ်နိုင်တဲ့ အရွယ်ပါပဲ။ ကျန်ရစ်ခဲ့သူ မိသားစု အတွက်ကတော့ အစားထိုး မရတဲ့ ဆုံးရှုံးမှုကြီး တစ်ရပ်ပါ။

သူ့ရဲ့ နောက်ဆုံး အဖြစ်အပျက်ကို ဖတ်ရတဲ့ အခါ ရင်ထုမနာ ဖြစ်ရပါတယ်။ အထူးသဖြင့် ကျွန်တော်လို နှလုံးအထူးကု သမားတော် တစ်ယောက် အနေနဲ့ ပိုပြီး ယူကျုံးမရ ဖြစ်ရတယ်။ ကျွန်တော် အင်္ဂလန်မှာ နှလုံးရောဂါ အထူးကု သမားတော် လုပ်လာတာ ၁၀ နှစ်ကျော်လို့ ၁၅ နှစ် နီးပါး ရှိပါပြီ။ Heart Attack ရတဲ့သူတွေဟာ တစ်ကမ္ဘာလုံးမှာ တော်တော်ကိုပဲ များပါတယ်။ သူသာ အင်္ဂလန်မှာ ဆိုရင်ဆိုတဲ့ အတွေးက တိုးပြီး ၀င်လာလို့ မနည်းကို ဖျောက်ပစ် လိုက်ရတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ ကျန်းမာရေး စနစ်ကြောင့် သူ အကြွေစော ရတာလား ဆိုတဲ့ မေးခွန်း ကိုတော့ ကျွန်တော်ရဲ့ အတွေးထဲက ဖျောက်လို့ကို မရနိုင်ပါဘူး။

ကျွန်တော်တို့နိုင်ငံမှာ ဆေးရုံဖွင့်တာ လွယ်ပုံ ရပါတယ်။ မကြာသေးမီက စီးပွားရှင်တွေ အပြိုင် အဆိုင် ဆေးရုံတွေ ဆောက်လုပ် လှူဒါန်း ကြတာတွေ ဖတ်ရ၊ ကြားရ ပါတယ်။ ဒီလို စေတနာတွေ ရှိကြတာ အရမ်း ကောင်းပါတယ်။ ဟိုတယ်ကနေ ဆေးရုံကြီး ဖြစ်သွားတာတွေ၊ ဌာနဆိုင်ရာ ရုံးကြီးတွေက ဆေးရုံကြီးတွေ ဖြစ်သွားတာ တွေ့မြင်ရတယ်။ ဆေးရုံလို့ ဆိုင်းဘုတ် တပ်တိုင်း ဆေးရုံ ဖြစ်သွားရောလား ဆိုတာ မေးသင့်တဲ့ မေးခွန်း တစ်ခုပါ။ ဆေးရုံတစ်ခု ဖွင့်ရင် ဆေးရုံ အင်္ဂါရပ်နဲ့ ပြည့်စုံသလား၊ မပြည့်စုံဘူးလား ဆိုတာ ဘယ်သူတွေက တာဝန်ယူပြီး စစ်ဆေး ကြသလဲ။ ဘယ်ဌာနက အသိအမှတ်ပြု လက်မှတ် Accreditation ပေးတာလဲ၊ ဘယ်ဟာကို စံထားပြီး လုပ်တာလဲ ဆိုတာ အရေးကြီး ပါတယ်။ နိုင်ငံတော်တော် များများမှာ Accreditation စနစ်ကို ဆေးရုံကြီးတွေ အတွက် သုံးပါတယ်။ ဥပမာ မြန်မာနိုင်ငံသားတွေ အားထားရာ Bangkot Hospital ဆိုရင် Joint Commission International (JCI) Accreditation ရထားတာပါ။

ဆေးရုံတစ်ရုံမှာ အဆောက်အအုံ၊ ဆေးဝါး ကိရိယာ ပစ္စည်းတွေနဲ့ တတ်သိ ပညာရှင်တွေ လိုပါတယ်။ ပထမ နှစ်ခုကတော့ ငွေရှိရင် အလွယ်တကူ ရနိုင်ပါတယ်။ တတ်သိ ပညာရှင်တွေ ကတော့ ချက်ချင်း လွယ်လွယ် ကူကူနဲ့ မရနိုင်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံက အထူးကုတွေ ခမျာလည်း တော်တော်လေးကို ပင်ပန်းပါတယ်။ တချို့ ဆရာဝန်ကြီးတွေ ဆိုရင် ဆေးရုံ အသစ်ဖွင့်တိုင်း ကိုယ်ပွားရလို့ ၁၀ ကိုယ်ပွားလောက် တောင်များ ရှိကြသလား မသိဘူး။

ကမ္ဘာ့ ရပ်ခြားမှာ တာဝန် ထမ်းဆောင်နေတဲ့ မြန်မာ အထူးကု ဆရာဝန် အရေ အတွက်ဟာ မြန်မာပြည်မှာ ရှိတဲ့ အထူးကု ဆရာဝန် အရေအတွက် ထက် ၁၀ ဆ လောက်ကို ရှိနိုင်ပါတယ်။ ဒီအထူးကု ဆရာဝန်တွေသာ မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ် လုပ်နိုင်ရင်၊ ဆရာဝန် အငယ်တွေကို သင်ကြား ပို့ချ ပေးနိုင်ရင် ပြည်သူ လူထုအတွက် အများကြီး အကျိုးရှိမှာ မလွဲပါဘူး။ လူနာဘဲအုပ်က တစ်ရာ နှစ်ရာ ဖြစ်နေရှာတဲ့ မဗေဒါ အထူးကု ဆရာဝန်ကြီးတွေ အတွက်လည်း ၀န်ပေါ့ သွားနိုင်ပါတယ်။ တတ်သိ ပညာရှင်တွေကို မြန်မာနိုင်ငံ ပြန်လာပြီး အလုပ် လုပ်စေချင်ရင် ဒီလူတွေ အလုပ် လုပ်လို့ရတဲ့ စနစ်နဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ လိုပါတယ်။ Infrastructure မကောင်းရင် အထူးကု ဆရာဝန်တွေလည်း ရမ်းကုတွေနဲ့ နင်လားငါလား ဖြစ်သွား နိုင်ပါတယ်။ ကားအကောင်းတွေ သွင်းလာပြီး လမ်းတွေမကောင်းလို့ မကြာခင် ပျက်ကုန်တာ မထူးဆန်းပါဘူး။

ကျွန်တော် အလုပ်လုပ်တဲ့ Sunderland Royal Hospital (SRH) ဟာ ကုတင် တစ်ထောင်ဆံ့ ဆေးရုံပါ။ ကျွန်တော်တို့ ပြည်ထောင်စု ကျန်းမာရေး ၀န်ကြီး ဆိုရင်လည်း ဆေးရုံ ၀င်းထဲမှာ အလည်အပတ် ရောက်ရင်း တည်းဖူး ပါတယ်။ SRH ဟာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနဲ့ အရွယ်အစား အတူတူ လောက်ပါပဲ။ ကျွန်တော် High Tech စက်တွေ ယှဉ်ပြီး မပြောပါဘူး။ ဆေးပညာ လောကမှာ နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ Defibrillator ခေါ် နှလုံးရပ် Cardiac Arrest မှာ နှလုံးကို Shock ရိုက်တဲ့ စက်တွေပဲ ယှဉ်ကြည့်ပါ။ SRH မှာ Ward တိုင်း၊ Clinic တိုင်း မှာ Defibrillator တွေ ရှိပါတယ်။ ဆေးရုံ တစ်ရုံမှာဆိုရင် Defibrillator အလုံး တစ်ရာနီးပါး ရှိပါတယ်။ ဒီစက်တွေကို တာဝန် ရှိသူတွေက နေ့တိုင်းပဲ Test လုပ်ရ ပါတယ်။

ရန်ကုန်ဆေးရုံကြီးလို မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဆေးရုံ တစ်ရုံမှာ Defibrillator ဘယ်နှလုံး ရှိပါသလဲ။ နောက်ဆုံးဖွင့်တဲ့ ဆေးရုံ အသစ်တွေ မှာရော Defibrillator ဘယ်နှလုံးစီ ရှိပါသလဲ။ တချို့က ''ဟာ မီးတောင်မှ မှန်လို့လား''လို့ ပြောကြ လိမ့်မယ်။ ဆေးရုံဆိုတာ စက်ရုံလို နားထားလို့ ရတဲ့ အချိန် မရှိပါဘူး။ ဆေးရုံတိုင်းမှာ မီးဆိုတာ ၂၄ နာရီ လာနေ ရပါမယ်။ ကျွန်တော် အင်္ဂလန်မှာ ဆရာဝန် လုပ်လာခဲ့တဲ့ သက်တမ်းက ၁၈ နှစ်လောက် ရှိပါပြီ။ UK ဆေးရုံမှာ မီးပျက်တယ် ဆိုတာ ၁၈ နှစ်အတွင်း လက်ချိုး ရေလို့ရပါတယ်။ အဲဒီလောက် မီးပျက်တာ နည်းတာတောင် ဆေးရုံမှာ ကိုယ်ပိုင် မီးစက် Generator ထားတယ်။ နောက်တစ်ခုကတော့ Training ပါ။

ကျွန်တော်တို့ ဆေးရုံမှာ ဆရာဝန်၊ သူနာပြုတွေ သာမက ၀န်ထမ်းတိုင်း နှစ်စဉ် နှလုံး ရပ်တဲ့ လူနာတွေ အတွက် အသက်ကယ် သင်တန်း Basic Life Support (BLS) ကို မတက် မနေရ ပြဋ္ဌာန်းထားတယ်။ လူနာ တစ်ယောက် ဆေးရုံ အတွင်းမှာ Cardiac Arrest ရ နှလုံး ရပ်ရင် အောက်ခြေ အလုပ်သမားက အစ ဘာလုပ်ရမှန်း သိတယ်။ BLS Training က နှစ်နာရီလောက်ပဲ ကြာတာပါ။ High tech မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ BLS တောင် ဆရာဝန် ဘယ်နှယောက် လုပ်နိုင်ပါသလဲ။ နောက်တစ်ခုက Ambulance ကားတွေပါ၊ UK က Ambulance တိုင်းမှာ Defibrillator ပါပါတယ်။ Ambulance driver တိုင်းဟာ Training ရပြီး သက်ဆိုင်ရာ အသိအမှတ်ပြု အောင်လက်မှတ် ရထားတဲ့ သူတွေပါ။ ကျွန်တော်တို့ မြန်မာ နိုင်ငံက Ambulance တွေတိုင်းမှာ Defibrillator ရှိတယ် မရှိဘူး ဆိုတာ တာဝန်ရှိသူတွေ အသိဆုံး ဖြစ်မှာပါ။ Heart Attack ရထားတဲ့ ဒေါက်တာ နေ၀င်းမောင်လို လူနာ တစ်ယောက် ဆေးရုံ တစ်ရုံကို ရောက်လာပြီးမှ ပြည်သူ့ ဆေးရုံကို လူနာကိုယ်တိုင် ကားမောင်း သွားရတယ် ဆိုတာ တစ်ကမ္ဘာလုံးမှာ ဘယ်နှနိုင်ငံများ ရှိမှာလဲ။ အပြစ် တင်ချင်တာထက် ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ကျန်းမာရေးအဆင့်ကို ဘယ်လို တိုးတက်အောင် လုပ်လို့ ရသလဲလို့ တွေးချင်တာပါ။

UK မှာ မကြာသေးမီကမှာ Cardiac Arrest ရသူတွေ အတွက် အလိုအလျောက် နှလုံး Shock ရိုက်စက်၊ Automated External Defibrillator (AED) တစ်သောင်း ကျော်ကို လေဆိပ်တွေ၊ Shopping mall တွေနဲ့ လူအများ သွားလာတဲ့ နေရာတွေမှာ တပ်ဆင် ထားပါတယ်။ Heart Attack ရသူတွေရဲ့ သေဆုံးသူ ဦးရေရဲ့ တစ်ဝက် လောက်ဟာ ဆေးရုံ မရောက်ခင် Cardiac Arrest နဲ့ ဆုံးကြရတာပါ။ AED တွေကြောင့် ၇၅ ရာခိုင်နှုန်းလောက် အသက်ရှင်ဖို့ အခွင့်အလမ်း ပိုရနိုင်ပါတယ်။ တခြား နိုင်ငံတွေမှာလည်း AED တွေကို အဲဒီလို တပ်ဆင်တာတွေ ရှိပါတယ်။ သူတို့ အတိုင်းအတာ အထိ မလုပ်နိုင်ရင်တောင် မြန်မာ နိုင်ငံမှာ တတ်နိုင်တဲ့ အတိုင်းအတာ အထိ လုပ်နိုင်ရင်တော့ ကောင်းမှာပဲလို့ တွေးမိတယ်။

Defibrillator တစ်လုံးဟာ အက္ခရာဟောင်း အပ်နှံကား လောက်တောင် ဈေးမကြီး ပါဘူး။
ကျွန်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ထဲမှာ မြန်မာပြည်ကို အလည်အပတ် ပြန်ရောက် ထားတာပါ။ ကျွန်တော် ရန်ကုန် မြန်မာနိုင်ငံ ဆရာဝန် အသင်းတိုက်မှာ ဆရာဝန် ၁၆၀ လောက်ကို နှလုံးရောဂါနဲ့ ပတ်သက်ပြီး ECG သင်တန်း ပေးခဲ့ပါတယ်။ သင်တန်း လာတက်သူ အများစု ထဲမှာ လက်ရှိ ရန်ကုန်က ဆေးရုံတွေမှာ အလုပ် လုပ်နေသူတွေ ပါပါတယ်။ စာသင်ရင်းနဲ့ Defibrillator အကြောင်း ရောက်သွား ပါတယ်။ ရန်ကုန်က ဆေးရုံတွေမှာ Ward တိုင်းမှာ Defibrillator ရှိသလားလို့ ကျွန်တော်က မေးတော့ ဆရာဝန် အများစုက ခေါင်းရမ်းကြတယ်။ ၀မ်းနည်းစရာပါပဲ။ ကျွန်တော်ရဲ့ မိတ်ဆွေ ပါမောက္ခ တစ်ဦးကလည်း သူ Heart Attack
ရရင် ဘယ်သွား ကုရမှာလည်း မသိဘူးလို့ ပြောတော့ တော်တော်လေးကို စိတ်မကောင်း ဖြစ်ရတယ်။ သူ့ အပြောနဲ့ ဒေါက်တာ နေ၀င်းမောင်ရဲ့ အဖြစ်တွေကို ဆက်စပ် ကြည့်တဲ့အခါ တွေးစရာတွေက အစီအရီ ပေါ်လာတယ်။ Heart Attack အရေးပေါ် ရောဂါမျိုးက တခြား နာတာရှည် ရောဂါတွေလို Bangkok တို့ Singapore တို့ သွားကုဖို့ အချိန် မမီနိုင်ပါဘူး။

တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၂ ခုနှစ်ဆန်းရဲ့ ပထမပတ် အတွင်းမှာပဲ ကျွန်တော် SRH မှာ နှစ်စဉ် ၀န်ထမ်းတိုင်း မတက်မနေရ ဖြစ်တဲ့ BLS သင်တန်းကို တက်ရပါတယ်။ တခြား ဌာနတွေက အထူးကု ဆရာဝန်ကြီး တွေပါ ကျွန်တော်နဲ့ အတူတူ တက်ရပါတယ်။ အဲဒီ BLS သင်တန်း တက်ရင်း Defibrillator တွေ Dummy အရုပ်တွေနဲ့ လေ့ကျင့်ရင်း ကနေ ဒေါက်တာ နေ၀င်းမောင် အကြောင်း၊ မြန်မာနိုင်ငံ အကြောင်း မတွေးမိပဲကို မနေနိုင်ပါဘူး။ ကျွန်တော်ရဲ့အလုပ်မှာ နှလုံးသွေးကြော ကျဉ်းတဲ့ လူနာတွေကို နေ့စဉ်ပဲ တွေ့ရပါတယ်။ လူနာ အသစ်တိုင်းကို Heart Attack ရတယ်လို့ တင်ရင် ဘာလုပ်ရမယ် ဆိုတာ နှလုံးရောဂါ အထူးကု သမားတော် အနေနဲ့ အကြံပေး ရပါတယ်။ UK မှာတော့ လူနာတွေက သူတို့ Heart Attack ရတယ်လို့ ထင်ရင် ၉၉၉ နံပါတ်ကို ဖုန်းဆက်ပြီး Ambulance ခေါ်လို့ ရပါတယ်။ အဲဒီလို လူနာမျိုး ဆိုရင် Ambulance တွေက မဆိုင်းမတွ ချက်ချင်း လာပါတယ်။ ဆရာဝန်တွေက နှလုံး ရောဂါရှင်တိုင်းကို Heart Attack ရတယ်ထင်ရင် ဘာလုပ်ရမယ် ဆိုတဲ့ Heart wise ကတ်ကလေးတွေ ပေးထားကြတယ်။ ကျွန်တော့် အဲဒီ ကတ်ကလေးတွေ လူနာတိုင်းကို ပေးတိုင်း ဒေါက်တာ နေ၀င်းမောင် အကြောင်းကို ခေါင်းထဲက မထွက်တော့ပါဘူး။ ဒီလို စနစ်မျိုးများ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိရင် ဆိုတဲ့ အတွေးက ဖုံးဖိလို့ကို မရနိုင်ပါဘူး။

ကျွန်တော် အခုလို ရေးသားတာဟာ ဘယ်သူ့ကိုမှ နစ်နာ စေချင်တဲ့ စိတ်နဲ့ ရေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ ကျန်းမာရေး အဆင့်ကို တတ်နိုင် သလောက် ရှုထောင့် တစ်နေရာက ထောက်ပြတာပါ။ UK ရဲ့ ကောင်းတဲ့ စနစ် တစ်ခုကတော့ ဘယ်နေရာ ဖြစ်ဖြစ် အမှားတွေ့ရင် သိအောင် အဖြေရှာတယ်။ ပြောင်းဖို့ လိုအပ်ရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲမှုတွေ
လုပ်တယ်။ အစိုးရကိုချည်း အားကိုးလို့ မရပါဘူး။ ပြောင်းလဲမှု တစ်ခု လုပ်ချင်ရင် လူတိုင်း အဖွဲ့ အစည်း တိုင်းမှာ တာဝန် ရှိပါတယ်။ အခု အချိန်အခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စာနယ်ဇင်း ကဏ္ဍ အသီးသီးမှာ ပြုပြင် ပြောင်းလဲမှုတွေ တိုးတက်မှုတွေ မြင်နေရ ပါပြီ။ ကျန်းမာရေး ကဏ္ဍ အနေနဲ့လည်း ခေတ်နဲ့အညီ ပြုပြင် ပြောင်းလဲမှုတွေ လုပ်တဲ့ အခါမှာ ပြည်တွင်းမှာ ရှိတဲ့ ကျန်းမာရေး လုပ်သားတွေက အရေး အကြီးဆုံးပါ။ တိုးတက်တဲ့ ပညာရေးစနစ်ဖြင့် သာလျှင် ကျန်းမာရေး စနစ် တိုးတက် လာအောင် အထောက် အကူ ပြုမှာ ဖြစ်ပါတယ်။ ကျွန်တော် အပါအ၀င် ပြည်ပ ရောက်နေတဲ့ မြန်မာ တတ်သိ ပညာရှင်တွေ ကလည်း လက်လှမ်း မီသ၍ ပါဝင် ဆောင်ရွက်ကြမှာပါ၊ ပြိုင်တူ တွန်းလျှင်တော့ တကယ်ကို ရွေ့နိုင်ပါတယ်။

ဒေါက်တာနေ၀င်းမောင်တစ်ယောက် သူရဲ့ နောက်ဆုံး အချိန်မှာ သူကိုယ်တိုင် ခံစားချက် တွေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အဆင့်အတန်းကို တိုးတက် စေချင်ခဲ့မှာ မလွဲပါဘူး။ ကျွန်တော်တို့ အားလုံး ညီညီ ညွတ်ညွတ်နဲ့ ကြိုးစား ကြရင်တော့ နှစ်များ မကြာမီမှာ တိုင်းပြည်ရဲ့ ကျန်းမာရေး အဆင့် အတန်း မြင့်လာပြီး နှလုံးသားတွေ အကြွေ မစောကြလေအောင် ဆောင်ရွက် နိုင်ကြလေမယ်လို့ မျှော်လင့်ပါတယ်။

Ref: EMG News

Read More...

ဒေါ်စု လွှတ်တော်တက်မယ့်ရက် ရွှေ့ဆိုင်း

မနန္ဒာချမ်း
တနင်္ဂနွေ, 01 ဇူလိုင် 2012

ဥရောပ ၅ နိုင်ငံခရီး ဆက်တိုက် ထွက်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဇူလိုင်လ ၄ ရက်နေ့ နေပြည်တော်မှာ ပြန်လည် ကျင်းပမယ့် ပထမ အကြိမ် စတုတ္ထ ပုံမှန် လွှတ်တော် အစည်းအဝေးကို တက်ရောက်ဖို့ ရွှေ့ဆိုင်း ခဲ့ကြောင်း ပါတီက အတည်ပြု ပြောဆိုပါတယ်။ ခရီးပန်းလွန်းတဲ့ အတွက် ပထမ တပတ်ကို လွှတ်တော် အစည်းအဝေး မတက်နိုင်ကြောင်း ပြီးခဲ့တဲ့ တပတ်က တင်ပြခဲ့ပြီးနောက် လွှတ်တော်ကလည်း ခွင့်ပြုခဲ့တဲ့ အတွက် အခုလို ရွှေ့ဆိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၈ ရက်ကြာ ၅ နိုင်ငံခရီး ဆက်တိုက် သွားရောက်ခဲ့တဲ့ အတွက် ခရီးပင်ပန်း လွန်းတာကြောင့် လာမယ့် ဇူလိုင်လ ၄ ရက် နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်တာသာ ဖြစ်ပြီး လွှတ်တော် ဘက်ကလည်း ဒါကို ခွင့်ပြု လက်ခံတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။

“ဟုတ်တယ်။ ခရီးပန်းလာလို့ ၄ ရက်၊ ၅ ရက် နဲ့ ၆ ရက်ကို ကျနော်တို့ ခွင့်ယူ ထားပါတယ်။ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နေ့ကို မတက်ပါဘူး။ နောက်တပတ် ၉ ရက်နေ့က စတက်ပါမယ်။ ကျနော် ဆက်သွယ် မေးမြန်းပြီးပြီ။ ကျနော် ဆက်သွယ် မေးမြန်းပြီးပြီ။ သူတို့ လက်ခံတယ်လို့ ပြောပါတယ်။”

ခရီးစဉ်ပင်ပန်းလွန်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပထမ တပတ် လွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်ပေမဲ့လို့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကတော့ တက်ရောက်ကြမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဥရောပ ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော် က ပြောပါတယ်။

“အမေစုကို ခွင့်ယူဖို့အတွက် ကျနော်တို့ အားလုံးပဲ ၀ိုင်းဝန်းပြီးတော့ တိုက်တွန်း လိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခရီးစဉ် တလျှောက်လုံးလည်း ပင်ပန်းထားတဲ့ အတွက်ကြောင့် မိုလို့ အနားယူ သင့်တယ်လို့ ကျနော်တို့ တိုက်တွန်းတာပါ။ ကျန်းမာရေး အခြေအနေကြောင့် မဟုတ်ပါဘူးခင်ဗျ။ သွေးအားနည်းလို့ ဆိုတာလည်း မဟုတ်ပါဘူး၊ နောက် တခြား ဘာကိစ္စကြောင့်မှလည်း မဟုတ်ပါဘူး။ ခရီးစဉ်မှာ ခရီးတလျှောက်လုံး ပင်ပန်းလာတဲ့ အတွက်ကြောင့်မိုလို့ အဲဒီအတွက် အနားယူသင့်လို့ ကျနော်တို့က အနားယူပါလို့ ၀ိုင်း တိုက်တွန်း လိုက်တာပါခင်ဗျ။ ခွင့်ရက် အနားယူပြီး သွားရင်တော့ အမြန်ဆုံး လိုက်လာမှာပါခင်ဗျ။ ကျနော်တို့က တက်ဖြစ်မှာပါခင်ဗျ။ ကျနော် မနက်ဖြန် သွားမှာပေါ့။ ၂ ရက်နေ့ သွားမှာပါခင်ဗျ။ ကိုယ်စားလှယ်တွေ အားလုံး တက်ဖြစ်မှာပါခင်ဗျာ။”

မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီက ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံဖို့တော့ ရှိတယ်လို့ အန်အယ်လ်ဒီ ပါတီကပြောဆိုပါတယ်။ ဇူလိုင်လ ၉ ရက်နေ့မှာတော့ လွှတ်တော် အစည်းအဝေးကို ပြန်လည် တက်ရောက်မှာဖြစ်ပါ တယ်။

ဆယ်စုနှစ် ၂ ခုနီးပါးကြာ နေအိမ်အကျယ်ချုပ် ကျခံ ခဲ့ရပြီးနောက် ဥရောပကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ် ၅ နိုင်ငံခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့တာပါ။ ပထမဆုံး ဆွစ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့ပြီး အဲ့ဒီမှာ ဆွစ်ဇာလန် နိုင်ငံခြားရေး ၀န်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ်တာ (Didier Burkhalter) နဲ့ ပူးတွဲ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ရုတ်တရက် နေမကောင်းတဲ့ အတွက် သတင်းစာ ရှင်းလင်းပွဲကို ရပ်ဆိုင်း ခဲ့ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ် ခရီးရှည်ကြောင့် သတင်းစာ ရှင်းလင်းပွဲ အစ မိနစ်ပိုင်း အတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းတော့ ကျန်တဲ့ ခရီးစဉ်အားလုံးကို ချောချောမွေ့မွေ့နဲ့ သွားရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်ခရီးစဉ်ပြီးနောက် နော်ဝေနိုင်ငံ အော်စလိုမြို့မှာတော့ ဒေါ်အောင်ဆန်း စုကြည်ကို ၁၉၉၁ ခုနှစ်က ချီးမြှင့် ထားတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆု အတွက် နိုဘဲလ် မိန့်ခွန်း ပြောတာပြင် နော်ဝေနိုင်ငံ ဘာဂင်မြို့မှာလည်း Rafto လူ့အခွင့်အရေး ဆုကို လက်ခံ ခဲ့ပါတယ်။

အဲဒီနောက် အိုင်ယာလန်နိုင်ငံဘက် ခရီးဆက်ခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တခုဖြစ်တဲ့ Amnesty International ကချီးမြှင့်တဲ့ Ambassador of Conscience ဆုကို လက်ခံပါတယ်။

နောက်တော့ ဗြိတိန်နိုင်ငံမှာ ဗြိတိန် နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ချားလ်စ်နဲ့ရော ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်စတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဗြိတိန်ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒါ့အပြင် တိဘက်ခေါင်းဆောင် ဒလိုင်းလားမား နဲ့လည်း လန်ဒန်မြို့မှာ တွေ့ဆုံပြီး ပြင်သစ်နိုင်ငံကို နောက်ဆုံး သွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ ပြင်သစ်သမ္မတ Francois Hollande၊ သမ္မတဟောင်း နီကိုးလက်စ် ဆာကိုဇီ အပြင် ပြင်သစ် အစိုးရ အဖွဲ့ဝင် တချို့နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့သလို ပါရီမြို့တော်သူ ဆုကိုလည်း ဒေါ်အောင်ဆန်းစုကြည် လက်ခံ ရယူခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာတော့ ဥရောပခရီးစဉ်အဆုံးသတ်ပြီး ဇွန်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ခဲ့ တာပါ။ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ လူထုကလည်း သောင်းသောင်းဖြဖြနဲ့ ကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်။

Ref: VOA News

Read More...

Burma လို့ ခေါ်ဝေါ်မှု NLD ခုခံချေပ

ကိုရဲကျော်အောင်
သောကြာ, 29 ဇွန် 2012

ပြည်ပခရီးစဉ်တွေအတွင်းမှာ မြန်မာကို Burma လို့ ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ ခေါ်ဝေါ် သုံးစွဲ တာဟာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိပုဂ္ဂိုလ်တွေ က ချေပ လိုက်ကြပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အခုလို ခေါ်ဝေါ် သုံးစွဲတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတဲ့ အတွက် မြန်မာနိုင်ငံ အဖြစ်နဲ့ သုံးစွဲဖို့ အသိပေး အကြောင်းကြား တဲ့ အကြောင်းကို ဒီကနေ့ သတင်းစာ ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ရန်ကုန်မြို့ကနေ ကိုရဲကျော်အောင်က သတင်းပေးပို့ ထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမရဲ့ မိန့်ခွန်းတွေမှာ မြန်မာနိုင်ငံကို Burma လို့ ပြောဆို အသုံးပြုနေတဲ့ အပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဇွန်လ ၂၈ ရက်၊ ရက်စွဲနဲ့ မြန်မာနိုင်ငံလို့ သုံးစွဲဖို့ အသိပေး အကြောင်းကြားစာ တစ်စောင် ပေးပို့ထားတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြ လာပါတယ်။

ဖွဲ့စည်ပုံ အခြေခံဥပဒေ ပုဒ်မ (၄၀၅) မှာ ပါရှိတဲ့ အတိုင်း နိုင်ငံရေး ပါတီတွေ အနေနဲ့ တည်ဆဲ ဥပဒေတွေ ကို လေးစား လိုက်နာပါမယ်လို့ ဆိုထားတဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့လည်း ဒီဥပဒေတွေကို လေးစား လိုက်နာရမယ် ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် က အကြောင်းကြားစာပေးပို့ပြီး သတင်းစာတွေမှာပါ သတင်း ထုတ်ပြန် ခဲ့တာလို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဇွန်လ ၁ ရက်နေ့က ထိုင်းနိုင်ငံမှာ ကျင်း ပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ မိန့်ခွန်း ပြောကြားခဲ့စဉ်က Myanmar ကို Burma လို့ သုံးနှုန်းခဲ့တာ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ အခန်း(၁) ပုဒ်မ (၂) မှာ ဖော်ပြချက် အတိုင်း Myanmar လို့ သုံးနှုန်းဖို့ ဇွန်လ ၁ ရက် နေ့ကလည်း အကြောင်းကြား စာ ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့လာတဲ့ အကြောင်းကြား စာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

“အကြောင်းကြားစာပို့တာ ဟုတ်ပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ ပို့ပေး တာ။ ဒေါ်အောင်ဆန်းစုကြည် ဒီစာကို မသိသေးဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဘယ်လို ရှိသလဲဆိုတာ ကျနော် မပြောနိုင်သေးဘူး။ ကျနော်တို့မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ် -မှာ မြန်မာစာသာ အဓိက ။ နောက် မြန်မာလိုရေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက---။ အင်္ဂလိပ် ဘာသာပြန်က ဘယ်လို ပြန်မှန်း မသိဘူး။ တရားဝင် ဘာသာပြန်လို့လည်း မဖော်ပြထားဘူး။ အဲဒါကြောင့် Burma - Myanmar ဆိုတဲ့ဟာက အင်္ဂလိပ်လိုမှာ ပါတာ။ ဗမာလိုမှာက အရင်ကတည်းက မြန်မာနိုင်ငံပဲ၊ အခုလည်း မြန်မာနိုင်ငံပဲ။ ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ ဥရောပ ခရီးစဉ် မိန့်ခွန်းတွေ မှာလည်း Myanmar ကို Burma လို့ ထပ်မံ သုံးစွဲပြောဆိုနေတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နေပြီး အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ကို ဇွန်လ ၂၈ ရက် ရက်စွဲနဲ့ အကြောင်းကြားစာ တစ်စောင် ထပ်မံ ပေးပို့ရုံသာမက နိုင်ငံပိုင် သတင်းစာတွေရဲ့ စာမျက်နှာတွေမှာပါ ဒီနေ့ အတိ အလင်းဖော်ပြ လာတာကို မြင်တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က အခုလိုပြော ပါတယ်။

“ဗမာစကားနဲ့ပြောမယ်ဆိုရင်တော့ ရှောမွေး ဗာရာဏသီချဲ့ ဆိုတဲ့ စကားရှိတယ်ဗျ။ မဟုတ်တဲ့ အသေးအဖွဲ ကိစ္စတွေကို အကျယ် ချဲ့နေတာ။ ဥက္ကဋ္ဌပြောတဲ့ဟာ အင်္ဂလိပ်လို ပြောတဲ့ အခါမှာ Burma လို့ ပြောတာ၊ ဗမာ လို ပြောတဲ့ အခါမှာ မြန်မာနိုင်ငံလို့ပဲ ပြောတာပဲ။ သူ့ဟာနဲ့သူ ဒီလိုပဲ ကမ္ဘာကနေ သိတဲ့ နာမည်ပေါ့ ဗျာ- ဘယ် လို အကြောင်းကြောင့်ပဲ သိသိ၊ ကိုလိုနီ အစိုးရတွေက ခေါ်သွားတယ် ခေါ်ခေါ်၊ သတင်းစာထဲ က ရေးလို့ ပဲ ခေါ်ခေါ် နာမည်ပဲ၊ အရေးကြီးတာက အနှစ်သာရ အားဖြင့် ဗမာပြည်ကို ကိုလိုနီခေတ် ပြန် သွင်းမယ်လို့ ပြောနေတာ မဟုတ်ဘူး။ အခြေခံ ဥပဒေနဲ့ မညီဘူး၊ ညီတယ် ဆိုတာကလည်း ရှင်းရှင်းပြော ရရင် အခြေခံ ဥပဒေနဲ့ သတ်မှတ် ပြဌာန်းတယ် ဆိုပေမဲ့လို့ ကမ္ဘာမှာ လူဦးရေ သန်းပေါင်း များစွာဟာ ဗမာကို Burma လို့ပဲ သိတယ်ဗျာ။ အဲဒီတော့ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် ပြောချင်တာက- ဒါ ကော်မရှင် တို့ ဘာတို့က မွေး ပြီးတော့ တမင် ချုပ်ကိုင်ချင်တဲ့ သဘောပဲဖြစ်တယ်လို့-”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ရေး ပါတီတွေကို ကြပ်မတ် လာပုံနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက အခုလို သုံးသပ် ပါတယ်။

“သူ့ရဲ့လုပ်ပိုင်ခွင့်ထဲမှာ ပါတီတွေကို ကြိကြပ်ရမယ် ဆိုတာ ပါနေတော့ အဲဒီခေါင်းစဉ်အောက်က လုပ်နေ တယ် လို့ ထင်ပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတွေရဲ့ လုပ်ဆောင်ပုံတွေနဲ့ ပတ်သက်ပြီး မကြာ ခဏ ခေါ်ပြောဆိုလေ့ ရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဉာဏ်ဝင်းကိုလည်း ရွေးကောက်ပွဲ ကာလ အတွင်းက မမှန် သတင်းပေးပို့မှုနဲ့ ဇွန်လ ၁၄ ရက်နေ့က တရားစွဲဆို ထားတယ်လို့လည်း သိရပါတယ်။

Ref: VOA News

Read More...

ဥရောပပြန် ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြို

လင်းသန့်
June 30, 2012

ဥရောပခရီးစဉ်အဖြစ် ၁၆ ရက်ကြာပြီးနောက် ပြန်လည်ရောက်ရှိ လာတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ် အထိ လမ်းတလျှောက် ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆို ခဲ့ကြပါတယ်။

“မနက်ပိုင်း ပထမပိုင်းလောက်က လေဆိပ်ဝင်းထဲ နဲ့ မုခ်ဦး အ၀င် ဂိတ်နားလောက် အထိပဲ လူတွေက ရှိသေးတယ်။ တဖြည်းဖြည်းနဲ့ များလာတာ အန်တီ ရောက်လာတဲ့ အချိန် ၁၁ နာရီ ထိုးတော့မယ်ဗျ။ အန်တီ ထွက်လာတဲ့ အချိန်ပေါ့။ အဲဒီအချိန် ကျတော့ စောင့်နေတဲ့ လူတွေက တော်တော့်ကို များနေပြီ။ တလမ်းလုံးလည်း လာကြိုတဲ့ ကားတွေနဲ့ ပိတ်ကုန်တယ်။ နောက် လမ်းတလျှောက်လုံး တက္ကသိုလ် ရိပ်သာလမ်း အိမ်အနား အထိ လူက ထောင်သောင်းချီ ကြိုဆိုကြတာ” လို့ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေသူ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ဧရာဝတီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် အပြန်လမ်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးတင်ဦး၊ ဦးဝင်တင် အစရှိတဲ့ ခေါင်းဆောင်တွေ သာမက တချို့ မြို့နယ် အလိုက် NLD တွေ၊ စွယ်စုံ အနုပညာရှင် ထွန်းအိန္ဒြာဗို၊ အဆိုတော် သျှီ၊ သရုပ်ဆောင် လူမင်းတို့လို့ ထင်ရှားသူတွေ၊ လူငယ်မျိုးဆက် သစ်တွေ၊ ရပ်ဝေးက လာသူ အရွယ်မျိုးစုံက NLD အလံတွေ ဝှေ့ရမ်းကာ ကြိုဆိုခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ TG 303 လေယာဉ် ခရီးစဉ်ဟာ ဒီမနက် ရန်ကုန် စံတော်ချိန် ၈ နာရီခွဲကျော် ဆိုက်ရောက်ရမှာ ဖြစ်ပေမယ့် ခရီးစဉ် အချိန်ရွှေ့လိုက်တာကြောင့် ၁၀ နာရီ ၅၀ မိနစ် ကျမှပဲ ရန်ကုန် လေဆိပ်ကို ဆိုက်ရောက် လာခဲ့တာပါ။

“အန်တီ့ကို ရိပ်ကနဲ မြင်တာနဲ့ လူအုပ်ကြီးက အမေစု ကျန်းမာပါစေ ဆုတောင်း လိုက်သံက ဘ၀ဂ် ညံသွားသလား ထင်ရတယ်၊ ကြက်သီးတောင် ထတယ်။ ဂုဏ်ပြု သင့်တာကို ဂုဏ်ပြုကြတာပါ။ ဘယ်သူ ဆော်သြလို့မှ မဟုတ်ပါဘူး။ အသိစိတ်နဲ့ လူတွေက လာကြိုဆိုကြတာ” လို့ ကိုနေမျိုးဇင်က ဆိုပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ် လမ်းတလျှောက် လမ်းဘေး ၀ဲယာမှာ ကြိုဆိုသူတွေ အပြည့်မြင်ခဲ့ ရပြီး NLD ပါတီဝင်တွေ သာမက ၀န်ထမ်းတချို့ပါ နိုင်ငံတော် အလံများ ကိုင်ဆောင်ပြီး ကြိုဆိုကြောင်း၊ လူ ၁ သန်း ကြိုဆိုရေး လှုံ့ဆ်ာမှုဟာ နာမည်ကြီးချင်လို့ မဟုတ်ဘဲ အကြောက်တရားများနဲ့ ပိတ်လှောင် ခံနေရတဲ့ ၀န်ထမ်းနဲ့ အခြားနိုင်ငံရေး နယ်ပယ်ပြင်ပက လူတွေ ပါဝင် လာစေဖို့သာ ဖြစ်ကြောင်း၊ ယနေ့ ကြိုဆိုမှု မြင်ကွင်းကြောင့် စိတ်ကြည်နူး ဂုဏ်ယူကြောင်းလည်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ကိုနေမျိုးဇင်က ဆက်ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမာကီးက “ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ကျနော်တို့ ဒီမိုကရေစီ အရေးတော်ပုံကြီး အတွက် ခေတ်သမိုင်းက ထိုက်ထိုက် တန်တန် ပေးအပ်လာတဲ့ လက်ဆောင်မွန်ပါ။ အစားထိုးလို့ မရနိုင်တဲ့ ခေါင်းဆောင်ပါ။ လူထုရဲ့ ချစ်ခင် ကြည်ညိုမှုကို ထိုက်ထိုက် တန်တန် ရရှိထားတဲ့ လူထုခေါင်းဆောင်ပါ။ အခုလို လူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြတာဟာ သူ့အပေါ်မှာ ထားရှိတဲ့ လူထုရဲ့ ယုံကြည် ကိုယ်းစားမှုကို လှစ်ပြ လိုက်တာပါပဲ” လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  မြန်မာကို ကမ္ဘာက သိအောင် လုပ်ပြနိုင်ခဲ့ တာနဲ့ နိုင်ငံသားတွေ အတွက် တကယ့် သံတမန်ကောင်း တဦး ပီပီ ကမ္ဘာတလွှားက မြန်မာတွေ အတွက်ရော၊ မြန်မာပြည်တွင်းက လူတွေအားလုံး အတွက်ရော ကြိုးပမ်းပေးခဲ့တာဖြစ်ကြောင်း၊ ဒီ့အပြင် နိုင်ငံရေး သဘောတရားနဲ့ ဒဿန အမြင်များကိုလည်း နိုင်ငံတကာကို မိတ်ဆက်ပေးနိုင်ခဲ့တာတွေကြောင့်၊ နိုင်ငံတကာက အားကျလေးစားမှုတွေ ရခဲ့တာကြောင့် အခုလို သွားရောက် ကြိုဆို ဂုဏ်ပြုတာလို့ လုပ်ငန်းရှင် တဦးဖြစ်တဲ့ မကလျာက ပြောပါတယ်။

“ဒါက ဂုဏ်ပြုကြိုဆိုထိုက်တဲ့ သူကို ဂုဏ်ပြုတာ မင်္ဂလာ တပါးပါ။ နောက် ဒါဟာ သမိုင်းပါ။ ကျမတော့ အရမ်း ဂုဏ်ယူတယ်။ ဒီနေ့ အံ့မခန်းကြိုဆိုတဲ့ လူတွေကိုလည်း အရမ်း လေးစားတယ်။ ကျေးဇူးလည်း တင်တယ်” လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုသူများ များပြား သလိုပဲ ဝတ်စုံပြည့်နဲ့ လက်နက်၊ ဒိုင်းများ တပ်ဆင်ထားတဲ့ လုံခြုံရေး တပ်ဖွဲ့ အင်အားတွေလည်း ရာနှင့်ချီ ချထားပြီး လုံခြုံရေး တင်းကျပ် ထားကြောင်းလည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်ကို နေ့လယ် ၁၂ နာရီ ၄၀ မိနစ်လောက်မှာ ကောင်းမွန်ချောမောစွာ ပြန်လည် ရောက်ရှိလာပြီး ခရီးပန်းနေလို့ အနား ယူနေတယ်လို့ နေအိမ်ခြံဝင်း အတွင်း အနီးကပ် လုံခြုံရေး တာဝန်ယူထားသူ တဦးဖြစ်တဲ့ ကိုကျော်စိုးလှိုင်က ပြောပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ရန်ကုန် စတင် ထွက်ခွာသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ညီလာခံကို တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီနောက် နော်ဝေနိုင်ငံကို ခရီးဆက်ပြီး ၁၉၉၁ ခုနှစ်က ပေးအပ်ထားတဲ့ နိုဗဲလ် ငြိမ်းချမ်းရေး ဆုလက်ခံ မိန့်ခွန်းပြောတာ၊ နောက် အိုင်ယာလန် နိုင်ငံ၊ ထိုမှတဆင့် ဗြိတိန်ကို ခရီးဆက်ပြီး ပါလီမန်မှာလည်း သမိုင်းဝင် မိန့်ခွန်းပြောခဲ့ပါတယ်။ နောက်ဆုံး ပြင်သစ်နိုင်ငံကို ရောက်ရှိခဲ့ပြီး အဲဒီကနေ မြန်မာပြည်ကို ပြန်ခဲ့တာပါ။

ခရီးစဉ်တလျှောက် သက်ဆိုင်ရာ နိုင်ငံ အကြီးအကဲတွေ၊ ထင်ရှားသူတွေ၊ မြန်မာ မိသားစုတွေနဲ့ သမိုင်းတွင်စေတဲ့ မိန့်ခွန်း စကားတွေလည်း ပြောကြား ခဲ့ပါတယ်။

ယနေ့ ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇူလှိုင်လ ၄ ရက်နေ့မှာ နေပြည်တော်မှာ ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးများကို ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ စတင် တက်ရောက်တော့မှာ ဖြစ်ပါတယ်။

Ref: ဧရာဝတီ

Read More...

မြောက်ကိုရီးယားက မြန်မာနဲ့ စစ်လက်နက်အပေးအယူ လုပ်ခဲ့ဖွယ်ရှိ

သောကြာ, 29 ဇွန် 2012

မြောက်ကိုးရီးယားက ဆီးရီးယားနဲ့ မြန်မာနိုင်ငံတို့နဲ့ စစ်လက်နက် ဆိုင်ရာ ပစ္စည်းများ အပေးအယူတွေ လုပ်ခဲ့ဖွယ် ရှိတယ် ဆိုတဲ့ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ အဖွဲ့တစ်ဖွဲ့က စုံစမ်း စစ်ဆေးရေးသားထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ကုလသမဂ္ဂက ဇွန်လ (၂၉) ရက်နေ့စွဲနဲ့ ထုတ်ပြန် ခဲ့ပါတယ်။ ဒီအစီရင်ခံစာကို Reuters သတင်းဌာနက လွန်ခဲ့တဲ့ မေလကတည်းက ကြည့်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ကျွမ်းကျင်သူအဖွဲ့က စာမျက်နှာ (၇၄) မျက်နှာပါတဲ့ ဒီအစီရင်ခံစာကို ပြီးခဲ့တဲ့ မေလက ကုလ သမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြောက်ကိုးရီးယားကို အရေးယူ ပိတ်ဆို့ ဒဏ်ခတ်ရေး ကော်မတီဆီ တင်သွင်း ခဲ့ပြီးတော့ ဒီအစီရင်ခံစာ ထုတ်ပြန်ရေးကို တရုတ်က ကန့်ကွက်နေတာကြောင့် တစ်လကျော် နောက် ကျပြီးမှ ထွက်လာ ရတာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

မြောက်ကိုးရီးယားဟာ စစ်လက်နက်တွေ တင်ပို့နေတာမှာ တရုတ်နိုင်ငံကို ကြားစခန်း အဖြစ် ထားပြီး တင်ပို့နေတာဖြစ်တယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားတာကြောင့် တရုတ်က အရင် အစီရင်ခံ စာဟောင်းတွေကို မထုတ်ပြန်ဖို့ လုံခြုံရေးကောင်စီမှာ တားဆီးခဲ့ကြောင်း၊ နောက်ဆုံးမှာ တရုတ်က သဘောတူညီခဲ့ တာကြောင့်၊ အစီရင်ခံစာကို အခုအခါ ထုတ်ပြန်နိုင်ခဲ့တာလို့ ကုလသမဂ္ဂ သံတမန်တွေက Reuters ကို ပြောပြခဲ့ပါတယ်။

နျူကလီးယားဆိုင်ရာ အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ WMD လက်နက်ဆိုင်ရာ ပဲ့ထိန်းတပ် ဒုံးကျည် ဆိုင်ရာ အစိတ်အပိုင်းတွေကို တင်ပို့တဲ့ သတင်း အချက်အလက်တွေ မတွေ့ရပေမယ့်လည်း တခြားနိုင်ငံတွေကို စစ်လက်နက်ပစ္စည်းရောင်းချတာကို မလုပ်ရဆိုတဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေ ကို မြောက်ကိုးရီးယားက ဆက်ပြီး ချိုးဖောက်နေတယ်လို့ ဒီအစီရင်ခံစာက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုက မြောက်ကိုးရီးယားရဲ့ တခြားနိုင်ငံတွေကို စစ်လက်နက် ပစ္စည်းရောင်းချတာကို မတားဆီးနိုင်ခဲ့ပေမယ့် ဒီလိုရောင်းချနေမှုကို နှေးကွေး သွားစေ၊ ပိုပြီး ခက်ခဲ သွားစေသလို ပိုပြီးတော့လည်း အကုန် အကျများစေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ မြောက်ကိုးရီးယားဟာ ၂၀၀၇ ခုနှစ်က SCUD ဒုံးကျည်တွေမှာ တပ်ဆင်တဲ့ ပန်ကာ ဒလက်တွေနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တွေ မှာ တပ်ဆင်တဲ့ တခြား အစိတ်အပိုင်းတွေ ဆီးရီးယားကို တရုတ်နိုင်ငံကတဆင့် တင်ပို့ခဲ့သလို မြန်မာနိုင်ငံနဲ့လည်း သမားရိုးကျ လက်နက်တွေ ပူးပေါင်းထုတ်လုပ်ရေး အပေးအယူ လုပ်ခဲ့ဖွယ် ရှိတယ်လို့ ဒီအစီရင်ခံစာက ဆိုပါတယ်။ ဒီအစီရင်ခံစာကို ရေးသားခဲ့တဲ့ အဖွဲ့ကပဲ မကြာခင်မှာ အီရန်နိုင်ငံဆိုင်ရာ အစီရင်ခံစာ ကို ထုတ်ပြန်ဖို့ ရှိနေတယ်လို့ သံတမန်တွေက ဆိုကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

Ref: VOA News

Read More...

သူရဦးရွှေမန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံး အကြိမ် တွေ့ဆုံ

2012-07-01

မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ အချင်းချင်း ယုံကြည်မှုတွေ ရရှိကြပြီး အထွေထွေ သဟဇာတ ဖြစ်မြောက်ရေး အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ကြပါတယ်။

အဲဒီဆွေးနွေးပွဲဟာ ပွင့်လင်းပြီး အပြုသဘော ရှိကြတယ်လို့ တက်ရောက် ကြသူတွေထဲ ပါဝင်တဲ့ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောပါတယ်။

"အဓိက ပြောဖြစ်တာကတော့ အလုပ်သမား ကိစ္စ၊ နောက် ဒီလယ်ယာမြေ နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အစရှိသဖြင့် လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေပေါ့လေ။ အဲဒီမှာ လွှတ်တော်ကနေပြီး ဒီဥပဒေတွေ ပြင်ဆင်တာ၊ ပြဌာန်းတာ၊ ဖြည့်ဆွက်တာ၊ ပြန်သုံးသပ်တာ၊ အစရှိသဖြင့်ပေါ့။ အဲဒါတွေကို တကယ် အသက်ဝင်လာဖို့ အာဏာကြီး သုံးရပ်ဖြစ်တဲ့ ဥပဒေပြု၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်၊ ဒီ ၃ခု ပြန်လှန် ထိန်းကျောင်းပြီးတော့ စစ်ဆေးတဲ့ check and balance တွေ အားကောင်းဖို့ ကျွန်တော်တို့ နိုင်ငံရေး အင်အားစုတွေ အပိုင်းက လူထု ယုံကြည်ထောက်ခံမှု ရထားတဲ့ moral authority ကို ဒီဖက်က အုပ်ချုပ်ရေး အာဏာ ရထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ အထွေထွေ သဟဇာတ ဖြစ်မှုဟာ ကျွန်တော်တို့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး အတွက် အရေးကြီးတယ်။ ဒါ ကျွန်တော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာ ပြောခဲ့တာပါ။"

ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာ ရှိတဲ့ ပြည်သူလွှတ်တော် ဥပဒေရေးရာ သုံးသပ်ရေး ရုံးခွဲမှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ ဆွေးနွေးကြတဲ့အ ထဲမှာ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ နဲ့ ကိုအံဘွယ်ကျော် တို့လည်း ပါဝင်ကြပါတယ်။

Ref: RFA News

Read More...

Famoso အလုပ်သမားများ လစာ တိုးပေးရေး ပြေလည်မှု မရသေး

နေမျိုး
ကြာသပတေးနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ Fsmoso စက်ရုံ ဆန္ဒပြ အလုပ် သမားများ၏ လစာ တိုးပေးရေး ကိစ္စကို ဇွန်လ၂၈ ရက်နေ့က ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိ ရုံးတွင် ကြားနာခဲ့ရာ ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

တောင်းဆိုချက်များအနက် အဓိကကျသည့် အခြေခံ လစာနှင့် ရှားပါး စားရိတ် တိုးပေးရေး တောင်းဆိုချက် အား ခုံသမာဓိ ရုံးမှ ဆုံးဖြတ်နိုင်ခြင်း မရှိ၍ ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ်က ပြောသည်။

“ခုံသမာဓိက ၃ ခုပဲကြားနာပေးမယ်ပြောတာလေ။ ပထမ အချက်က Supervisor(အလုပ်သမား ကြီးကြပ်သူ) တွေက ကြမ်းတမ်းစွာ ပြောဆိုတာ၊ မပြောဆိုဖို့။ နောက်တချက်က ခွင့်ကိစ္စ။ အဲဒီအချက်တွေ ပြေလည်တယ်။ နောက်ဆုံး အချက် အခြေခံလစာ တိုးပေးရေး ကိစ္စကတော့ သူတို့ ဆုံးဖြတ်လို့မရဘူး ဖြစ်နေတယ်တဲ့။ မင်္ဂလာဒုံမြို့နယ်ရုံးကို ချပေးလိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ အင်္ဂါနေ့က အလုပ်သမားရေးဌာနမှ ညွှန်မှူး ဦးဝင်းရှိန် ၏ တိုက်တွန်းချက်ဖြင့် ဆန္ဒပြ အလုပ်သမား များ စက်ရုံ အတွင်း ပြန်ဝင်ကာ ပုံမှန် အလုပ်လုပ်ကိုင်ခဲ့ပြီး ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ညွန်ကြားရေးမှူး ဦးဝင်းရှိန် အလုပ်သမားများ၏ သဘော တူညီချက်ဖြင့် ပထမ အဆင့်က အမြင့်ဆုံး လုပ်ခ ၈ သောင်း ကျော်၊ ဒုတိယအဆင့် ၇ သောင်းကျော်၊ အနိမ့်ဆုံး လုပ်ခလစာ ၆ သောင်းကျော်နဲ့ တိုးမြှင့်ပေးရန် ဇွန်လ ၈ ရက်နေ့က ညှိနှိုင်းခဲ့သော်လည်း လုပ်ငန်းရှင်ဘက်မှ တိုးမပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့၍ ခုံသမာဓိအဖွဲ့သို့ တင်ပြကြခြင်း ဖြစ်သည်။

“အခြေခံလစာကို တရက် တထောင်နှုန်း တောင်းထားတာ။ သူ ပေးလောက်တယ် လို့ တွက်ထားတာ။ ဘာဖြစ်လို့ မပေးလဲ မသိဘူး။ လူကြီးတွေက သူတို့ ဆုံးဖြတ်လို့ မရဘူး ပြောတယ်။ လူကြီးတွေက ကိုယ့်ဘက်ကနေ ရှင်းပေးမှာလို့ တွက်ထားတာ။ ထင်သလို ဖြစ်မလာတော့ အားလုံးက စိတ်ဓါတ်ကျတယ်။ ဆက်လုပ်သွားမှာပါ။ နောက်ဆုံးအဆင့် နေပြည်တော် ခုံသမာဓိ အထိ တက်မှာပါ။ အလုပ်သမား သမဂ္ဂ ဖွဲ့ဖို့ရှိတယ်။ စာရွက်စာတမ်းတွေ၊ အလုပ်သမား ထောက်ခံချက်တွေ သက်ဆိုင်ရာကို တင်ပြသွားမယ်” ဟု မဟေမန်ချစ်က ဆိုသည်။

စက်ရုံမန်နေဂျာနှင့် အလုပ်သမားများ မင်္ဂလာဒုံမြို့နယ် အလုပ်သမား ရုံးတွင် ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ကာ မန်နေဂျာ ဘက်မှ ပြန်လည် တိုင်ပင်ဦးမည်ဟု ပြောဆိုကြောင်း သိရသည်။

အလုပ်သမားများကလည်း အလုပ်သမားရေးရာ တတ်ကျွမ်း နားလည်သည့် အလုပ်သမား များနှင့် တိုင်ပင်ကာ အကြံဉာဏ် ရယူဆောင်ရွက် သွားမည်ဖြစ်ပြီး အလုပ်ရှင်ဘက်မှ အခြေခံလစာ တိုးမြှင့်ပေးမယ်လို့ မျှော်လင့်ကြောင်း မဇ္စျိမကို ပြောဆိုသွားသည်။

ဂျပန်နိုင်ငံသားပိုင် Famoso စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး လုပ်ခ တိုးမြှင့်ရေး အတွက် ဇွန်လ ၈ ရက်နေ့မှ စတင် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဆောက်လုပ်ရေး လုပ်သားများ တော်ဝင်ကုမ္ပဏီကို ဆန္ဒပြ

မျိုးသန့်
ကြာသပတေးနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ လုပ်အားခ တိုးမြှင့်ပေးရန်၊ လုပ်အားခ အချိန်မှန်ပေးချေ ရန်နှင့် လုပ်ငန်းခွင် သာယာရေး ဆောင်ရွက်ပေးရန်တို့ ပါဝင်သည့် တောင်းဆိုချက် ၁၆ ချက်ဖြင့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ လုပ်သားများက ကြာသပတေးနေ့တွင် ဆန္ဒပြကြသည်။

အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက် ဖန်စက်လမ်း မုဒိတာ အိမ်ယာ အမှတ် ၂ မှ ဆောက်လုပ်ရေး လုပ်သား ၇ဝဝ ခန့်က တော်ဝင် ကုမ္ပဏီသို့ တောင်းဆိုကြခြင်း ဖြစ်သည်။

အလုပ်ရှင်မှ လုပ်အားခ ပုံမှန်မပေးခြင်းကြောင့်လည်း အခက်အခဲများ ဖြစ်ပေါ်နေရ သည်ဟု ဆန္ဒပြ အလုပ်သမား တဦး က မဇ္ဈိမကို ပြောသည်။

“သမီးတို့က တနေ့လုပ်မှ တနေ့စားရတာ သမီးတို့မှာ အကြွေးတွေ ဝိုင်းနေပြီ။ အမှန်အတိုင်း ပြောပြတာ။ သမီးတို့ကို မရှင်းပေးတာ သုံးပတ်ရှိပြီ။ သမီးတို့ အခန်းတွေလည်း ပြန်ပြင်ပြီးနေရတာ တသောင်းကျော် ကုန်တယ်။ လိုင်းခန်းကြေး ကလည်း တသောင်းကျော် ပေးရတယ်။ မပေးနိုင်တော့ သမီးတို့ကို လိုင်းခန်းကနေ ဆင်းခိုင်းတယ်” ဟု မဇ္ဈိမကို ပြောသည်။

အလုပ်သမားတို့၏ တောင်းဆိုချက်များတွင် အလုပ်ပိတ်ရက်ကို ကြိုတင် အကြောင်းကြားရန်၊ ကြိုပို့ကားများ စီစဉ် ဆောင်ရွက်ပေးရန်၊ လုပ်ငန်းခွင်အတွင်း ခွဲခြား ဆက်ဆံခြင်း မပြုရန်၊ သက်ကြီး အလုပ်သမားများနှင့် ကိုယ်ဝန်ဆောင် အလုပ်သမား အမျိုးသမီးများ အတွက် ခံစားခွင့်များပေးရန် တို့လည်း ပါဝင်သည်။

အဆိုပါ ဆန္ဒပြပွဲကို အလုပ်သမားညွှန်ကြားမှုဦးစီဌာန ဦးစီး အရာရှိ၊ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ အတွင်းရေးမှူး ဦးတင်နိုင် က အလုပ်သမားနှင့် အလုပ်ရှင်တို့ကြား ညှိနှိုင်းပေးခဲ့ပြီး ဆန္ဒထုတ်ဖေါ်မှုကို ခေတ္တ ရပ်ဆိုင်း ထားလိုက်သည်။

ဆန္ဒထုတ်ဖေါ်ပွဲသို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ရန်ကုန်တိုင်း အလုပ်သမားရေးရာ ဒုတိယ တာဝန်ခံ ဦးအောင်စိုး လည်း လာရောက်ညှိနှိုင်းပေးခဲ့သည်။

“သူတို့ရဲ့ လိုလားချက်တွေကို ငြိမ်းချမ်းစွာ တင်ပြပါ။ အလုပ်သမားနဲ့ ပိုင်ရှင်နဲ့ ပြဿနာ မဖြစ်အောင်၊ အလုပ်သမားတွေ ကလည်း တည်ဆဲ ဥပဒေတွေ မဖေါက်အောင် ကျနော်တို့ လာရောက် ညှိနှိုင်းတာပါ။ ကျနော်တို့ ပါတီတွေကိုလည်း အလုပ်သမား အလုပ်ရှင် ပြဿနာရှိရင် သွားရောက်ညှိနှိုင်းပေးပါဆိုတဲ့ တာဝန်ပေးချက်ရှိပါတယ်” ဟု ဦးအောင်စိုးက မဇ္ဈိမကို ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဇော်ဇော်မင်းလည်း အဆိုပါ ဆန္ဒ ထုတ်ဖေါ်ပွဲသို့ ရောက်ရှိ ညှိနှိုင်းပေးခဲ့ပြီး “လောလောဆယ် မှာတော့ ခိုင်မာတဲ့ ဥပဒေတရပ် မရှိသေးသရွေ့ ဒီအလုပ်ရှင် အလုပ်သမားပြဿနာတွေ ဖြစ်နေ ဦးမှာပဲ။ အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ ဥပဒေ မရှိသေးတဲ့အတွက်လည်း ပါတယ်။ လွှတ်တော်ကနေ ဥပဒေတွေကို မြန်မြန်လေး ချမှတ်ဖို့လိုတယ်” ဟု ပြောသည်။

မုဒိတာအိမ်ယာ အမှတ် (၂) ကို ဇန်နဝါရီလမှစ၍ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီမှ စတင်ဆောက်လုပ် ခဲ့ပြီး အခန်းပေါင်း တထောင်ကျော် ပါဝင် ဖွဲ့စည်းထားသည်။ ရှစ်ထပ် အမြင့်ရှိမည်ဖြစ်သည့် အဆိုပါ အဆောက်အဦးကို အဆောင် A နှင့် B ဟူ၍ အဆောင် နှစ်ဆောင် ခွဲထားသည်။

Ref: မဇ္ဈိမ

Read More...

အစိုးရနှင့် KIO တိုက်ပွဲ ပြင်းထန်နေစဉ် KIO နှင့် UKA ပူးပေါင်း

ဖနိဒါ
သောကြာနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နှင့် ခြောက်မိုင် အကွာရှိ ဒေါ့ဖုန်းယန် မြို့နယ်ခွဲတွင် အစိုးရ တပ်နှင့် KIO တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာနှင့် နားလုံကျေးရွာ အကြားတွင် အစိုးရ၏ တပ်အင်အား ၁၀၀ ကျော်ခန့် တက်လာရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIO မှ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“မနေ့က နားလုံဘက်မှာ မနက်ကနေ ည ၈ နာရီထိ တိုက်နေတယ်။ ဗန်းမော် ဘက်ကရော၊ မြစ်ကြီးနား ဘက်က (အစိုးရတပ်များ) တက်လာလို့ တိုက်ပွဲဖြစ်တယ်။ ဒီမနက်ပိုင်းလည်း ဆက်ဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

နှစ်ရက်ကြာ တိုက်ပွဲအတွင်း နှစ်ဖက်လုံးမှ ကျဆုံး ဒဏ်ရာရမှုများ ရှိသည်ဟု KIO ၏ ရှေ့တန်းမှ အရာရှိတဦးက ပြော သည်။

“ကျနော်တို့ဘက်က ဒီမနက် ၈ နာရီ ၁၁ မိနစ်မှာ ဗိုလ်တဦး ကျသွားပြီ။ အစိုးရဘက်ကလည်း တော်တော် ကျတယ်။ တချို့က ဒေါ့ဖုန်း ဘက်ကနေ လာတယ်။ တချို့က ရှထန်ပါ ဘက်ကနေ တက်လာတယ်။ မနေ့က တိုက်ပွဲမှာက တဦးကျ၊ တဦး ဒဏ်ရာရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုသို့ အစိုးရတပ်နှင့် KIO တပ်အကြား တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေစဉ် KIO နှင့် ပြည်ပ အခြေစိုက် ကချင် အမျိုးသား အစည်းအရုံး KNO တို့ ပူးတွဲ လုပ်ဆောင်သွားရန် လိုင်ဇာဌာနချုပ်တွင် နှစ်ရပ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် KNO ၏ United Kachinland Army - UKA တပ်ဖွဲ့ကို ရုတ်သိမ်းလိုက်ပြီး KIA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

“KIO နှင့် KNO သည် ကချင်အမျိုးသားရေးတွင် အတူ လက်တွဲပြီးကာ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပြီး လုပ်ကိုင်ရ မယ့် လုပ်ငန်း စဉ်တွေကို စုပေါင်းညှိနှိုင်းပြီ လုပ်ဆောင်သွားမည်။ သဘော တူညီချက်အတိုင်း KNO ကနေ ဖွဲ့စည်းထား တဲ့ UKA ကို ရုပ်သိမ်း လိုက်ပြီး KIA နဲ့အတူ ပူးပေါင်းသွားမည်” ဟု ကချင်ဘာသာဖြင့် ဖော်ပြပါရှိသည်။

အင်အား ရာဂဏန်းရှိ UKA တပ်ဖွဲ့များသည် အများအားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားနေသည်ဟု သိရသည်။

ထိုသို့ ပူးပေါင်းလိုက်ခြင်းနှင့် ပတ်သက်၍ “အမျိုးသားရေး အတွက် ပေါင်းလိုက်တာ။ တခုပဲ ဖြစ်အောင် ပေါင်းဖို့ ဆုံးဖြတ် လိုက်တယ်။ ကျနော်တို့က အဖွဲ့တွေ အများကြီး အားလုံး စုစည်း သင့်နေပြီဆိုတာ ကချင်တိုင်းက သိသင့်နေပြီ” ဟု ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ၁၉၉၉ ခုနှစ်က ထူထောင် ခဲ့ပြီးသော်လည်း နောက်ပိုင်းတွင် KIO နှင့် KNO အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာခဲ့ရာမှ ၂ဝ၁၁ ခုနှစ် ဇန်နဝါနရီလက သဘောထား ပြန်လည် ညှိနှိုင်းခဲ့ကြသည်။

KNO ကို ကချင်ကျောက်စိမ်းလုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ဝင် များမှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်၊ တရုတ်နှင့် ထိုင်း စသည့် နိုင်ငံများတွင် ရှိသည်။

Ref: မဇ္ဈိမ

Read More...

KNPP နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

ကျော်ခ
June 29, 2012

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘော တူညီချက်ပြုလုပ် ထားသော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တပ်ဖွဲ့ ၀င်များနှင့် အစိုးရ တပ်ဖွဲ့များ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကယားပြည်နယ် မော်ချီးမြို့နယ်အတွင်းရှိ ဘွာဒိုကျေးရွာ အနီး မော်ချီးမြို့နှင့် တောင်ငူမြို့သို့ ဆက်သွယ် ထားသော ကားလမ်း ဟောင်း အနီးတွင် KNPP အမှတ် ၁ တပ်ရင်းနှင့် အင်အား ၈၀ ကျော်ပါဝင်သော မော်ချီးမြို့နယ် အခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) ၅၃၀ တို့ တနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNPP အတွင်းရေးမှူး ၁ ခူးဦးရယ် က ပြောပြသည်။

“သူတို့အကြောင်းပြတာကတော့ တောင်ငူ-မော်ချီး ကားလမ်းကို တိုင်းတာဖို့ အတွက် သွားတာလို့ပြောတာပဲ၊ ဒါပေမယ့် စစ်တပ် ကတော့ ဒါမျိုး အလုပ်တွေ လုပ်နေကြ မဟုတ်ဘူးလေ၊ သူတို့က ကျွံပြီး ဝင်လာတော့ ကျနော်တို့ တပ်တွေနဲ့ ပစ်ခတ်ကြတာပါ”ဟု ခူးဦးရယ် ကပြောသည်။

တိုက်ပွဲကြောင့် အစိုးရ တပ်ဘက်မှ ၅ ဦး ကျဆုံးကြောင်း KNPP ဘက်မှပြော ဆိုသော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် နယ်မြေစိုးမိုးမှု အရ ယင်းတိုက်ပွဲတွင် အသာစီး ရခဲ့သည်ဟုလည်း KNPP က ဆိုသည်။

ခမရ ၅၃၀ နယ်ကျွံ လှုပ်ရှားလာမှုနှင့် ပတ်သက်၍ တိုက်ပွဲမဖြစ်ပွားမီ KNPP ခေါင်းဆောင်များက ပြည်နယ်အဆင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်စိုး ထံ အကြောင်းကြားခဲ့သော်လည်း ၎င်းတို့တပ်ရင်းများ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

နှစ်ဘက်တိုက်ပွဲများဖြစ်ပွားမှုနှင့် ပတ်သက်၍ “ဒါမျိုးနောက်ထပ် ထပ်မံမဖြစ်ပွားဖို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကိုတော့ ဖုန်းနဲ့ တိုက်ရိုက် အကြောင်းကြားပြီးပါပြီ”ဟု ခူးဦးရယ်က ပြောသည်။

အစိုးရတပ်များက KNPP ထိန်းချုပ်ဒေသများသို့ ၀င်ရောက်မှုနှင့်ပတ်သက်၍ တပ်ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်(IDP) များ ပြန်လည် နေရာချထားရေး စသည့် အချက်များအပါအ၀င် ၁၄ ချက်ကို ဇွန်လ ၉ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။

ထိုသဘောတူ လက်မှတ်ရေးထိုးမှုတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဌ ဦးအောင်မင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် ၊ KNPP ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးနှင့် ခူးဦးရယ် အပါအ၀င် ကိုယ်စားလှယ် ၉ ဦးတို့ ပါဝင်ခဲ့ကြသည်။

အစိုးရနှင့် KNPP တို့အကြား နယ်မြေသတ်မှတ်ရေးနှင့်ပတ်သက်၍ တရားဝင် သဘောတူညီချက် ရရှိထားခြင်း မရှိသေး သော် လည်း လာမည့် နောက်တကြိမ် အစည်းအဝေးတွင် ယင်းကိစ္စကို ဆွေးနွေးကြမည်ဟု ဇွန်လ ၉ ရက်နေ့က နှစ်ဘက် သဘောတူခဲ့ကြ သည်။

“လှုပ်ရှားမှုနဲ့ ပတ်သက်လို့ တပ်တွေက မလိုအပ်ဘဲနဲ့ လမ်းကြောင်းက လွဲရင် မသွားလာဖို့ အဲသလိုတော့ အကြမ်း သဘောတူ ထား တာတော့ ရှိတယ်။ ဒီတိုင်း ထိန်းသိမ်းလာတာ ၃ လကျော် ၄ လလောက်ရှိပြီ ပေါ့ဗျာ၊ အခုကျနော်တို့က အကြောင်းကြားတာကို သူတို့တပ်တွေ မဟုတ်ဘူး ဆိုတဲ့နောက်ပိုင်းမှာ တိုက်ပွဲက ဖြစ်သွားတာပဲ”ဟု ခူးဦးရယ်က ပြောဆိုသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့