လူထုစိန်ဝင်း
Sunday, 18 March 2012
နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနဲ့ အတူ ပညာရေးစနစ်ပါ ပြုပြင်ပြောင်းလဲရေး အတွက် လွှတ်တော်တွင်း လွှတ်တော်ပ ပြောဆို ဆွေးနွေးမှုတွေ အခုတလော အဆက်မပြတ် ကြားနေရတယ်။ ၀မ်းသာ အားတက်စရာပါပဲ။
သန်ရာသန်ရာ အကြံပေးကြ
ပြည်သူလူထုထဲက စိတ်ဝင်စား သူတွေသာမက သားသမီး ပညာရေး အတွက် စိတ်ဝင်စားတဲ့ မိဘများ ကလည်း ဂျာနယ် တွေက တစ်ဆင့် ၀င်ရောက်ဆွေးနွေး အကြံပေးကြတာတွေ ဖတ်ရတယ်။ တချို့ကတော့ တစ်ခုလုံး ခြုံပြီး ဝေဖန်အကြံပြုတာမျိုး မဟုတ်ဘဲ ကိုယ်သန်ရာသန်ရာ အ ကြောင်းအရာတစ်ခုကို ထည့်သွင်း သင်ကြားပေးစေချင်ကြောင်း အကြံပြုကြတယ်။ ဥပမာတချို့က စိုက်ပျိုးရေးပညာသင်ပေးပါလို့ အကြံပြုပြီး တချို့က စက်မှုနည်းပညာ အခြေခံနဲ့ အိုင်တီပညာအခြေခံ သင်ပေးပါလို့ အကြံပြုတယ်။ ဒီလိုပဲ AIDS တားဆီး ကာကွယ်ရေးကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ၊ လူ့အခွင့်အရေးတို့ ပြည်သူ့နီတိတို့လို လူမှုရေး ပညာရပ် ကိစ္စတွေလည်း မဖြစ်မနေ ပါဝင်သင့်တယ်လို့ အကြံပြုသူတွေလည်း ရှိကြတယ်။ စည်းကမ်းတကျ လမ်းဖြတ်ကူးရေးကို မူလတန်းအရွယ်ကတည်းက သင်ကြားပေးသင့်တယ်လို့ အကြံပြုသူလည်း ရှိတယ်။
ဂီတနဲ့ပန်းချီသင်ပေးပါ
ကလေးတွေ စိတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေဖို့ ငယ်စဉ်ကတည်းက ဂီတနဲ့ ပန်းချီ သင်ပေးပါ၊ နိုင်ငံတကာက ကျောင်းတွေ မှာလည်း သင်ပေးတယ်။ ရှေးခေတ်က မြန်မာ စာသင်ကျောင်း တွေမှာလည်း ပန်းချီဆရာတွေ ခန့်ပြီး သင်ကြား ပေးပါတယ်လို့ တိုက်တွန်း နှိုးဆော်သူတွေလည်း ရှိ တယ်။ အကြံပေးချက်တွေ အားလုံးဟာ အဖိုးတန်တဲ့ အကြံပေးချက် တွေချည်း ဖြစ်တယ်။ ဒါပေမဲ့ သင်ရိုးညွှန်းတမ်း ထဲမှာ အားလုံးပါအောင် ထည့်ဖို့ဆိုတာတော့ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ ထင်ပါတယ်။ ကျောင်းသုံးစာအုပ် ပြုစု ရေးသားတဲ့ အခါမှာ ပညာ ပေးတဲ့ အကြောင်းအရာ တွေချည်း တန်းစီပြီး ထည့်သွားလို့ မဖြစ်ပါဘူး။ စာသင်ရတာ ပျော်စရာဖြစ်အောင် ပေါ့ပါးတဲ့ အကြောင်းအရာ လေးတွေလည်း ညှပ်ပြီး ထည့်ပေး ရပါတယ်။
ကျွမ်းကျင်သူနဲ့ တိုင်ပင်
ဘယ်အရွယ် ကလေးအတွက် ဘယ်လိုရေးပြီး ဘယ်လိုပေးရမယ်ဆိုတာကို သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ ပညာရှင် များသာ သိနိုင်ပါတယ်။ လူတိုင်း ၀င်ရေးလို့ မရပါဘူး။ မူလတန်း ကလေးတွေအတွက် ပြဋ္ဌာန်းစာအုပ် ပြုစု ရေးသားမယ် ဆိုရင် သင်ကြားရေး၊ စိတ်ပညာ ကျွမ်းကျင်သူတွေ၊ ကလေး စိတ်ပညာပါရဂူတွေ၊ မူလတန်းဆရာ၊ ဆရာမတွေနဲ့ တိုင်ပင် ညှိနှိုင်းပြီးမှ သင်ရိုး ညွှန်းတမ်း ပညာရှင်တွေက ရေးဆွဲကြရမှာ ဖြစ်တယ်။ ဘယ်အရွယ်ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုက ဘယ်လောက်ရှိတယ် ဆိုတာကို ကလေး စိတ်ပညာ ပါရဂူတွေမှ သိပါတယ်။ သူတို့နဲ့ ညှိ နှိုင်းခြင်းမပြုဘဲ လုံးဝ မရေးသင့်ပါဘူး။
စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ
သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရာမှာ ကလေး အသက်အရွယ်အလိုက် ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သင်ရိုး ညွှန်းတမ်း ရေးဆွဲရေး ပညာရှင်များကသာ ရေးဆွဲရမယ်ဆိုတဲ့မူကို အခိုင်အမာ ချမှတ်ပြီး ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဟိုကပြော၊ ဒီကပြောနဲ့ ပြောသမျှတွေနောက် လိုက်နေရင် ငါးပွက်ရာ ငါးစာချသလို အချိန်သာကုန်ပြီး ငါးရဖွယ်မရှိ ဖြစ်တတ်တယ်။ ပညာရေးနဲ့ ပတ်သက်ပြီး စနစ်သစ်ဆို စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ မနည်းတော့ဘူး။ ကြားထဲက ကျောင်းသူ ကျောင်းသားတွေပဲ ဒုက္ခ ရောက်ကြရတယ်။
မပါမဖြစ်ပါရမယ့် သူတွေ
ဒီတစ်ကြိမ်တော့ သေသေချာချာ အချိန်ယူပြီး ဆောင်ရွက်သင့်တယ်။ တတ်သိနားလည်တဲ့ ပညာရှင် မှန်သမျှဆီက အကြံပြုချက်တွေ ရအောင် ယူသင့်တယ်။ လက်တွေ့ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းသား မိဘတွေရဲ့ အသံတွေကိုပါ နားထောင်ဖို့ လိုပါတယ်။ ကာယကံရှင်တွေရဲ့ ဆွေးနွေး ဝေဖန်ချက်တွေကို ထည့်သွင်း မစဉ်းစားဘဲနဲ့ မှန်ကန်တဲ့ စီမံကိန်းတစ်ရပ် ပေါ်ထွက် မလာနိုင်ဘူး ဆိုတဲ့အချက်ကို မမေ့သင့်ကြဘူး။ ပညာရေးမှာ ကာယကံရှင်က ကျောင်းသားရယ်၊ ဆရာရယ်၊ မိဘရယ် ဖြစ်တယ်။ ဒီသုံးဦးဟာ ပညာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းပွဲ မှန်သမျှကို မပါမဖြစ် ပါဝင်ရမယ့်သူတွေ ဖြစ်တယ်လို့ ဆိုချင်တယ်။
ဂရုမစိုက်ခဲ့ကြလို့
မှားမှားမှန်မှန် ခိုင်းရင်ခိုင်းတဲ့ အတိုင်းလုပ်ဆိုတဲ့ တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ဘာတစ်ခုမှ ထိရောက် အောင်မြင်အောင် မလုပ်နိုင် ခဲ့ကြတာဟာ ပါဝင် ပတ်သက်နေတဲ့ ကာယကံရှင်တွေရဲ့ အသံတွေကို လုံးဝ ဂရုမစိုက်ခဲ့ကြလို့ ဖြစ်တယ်။ ရှေးရှေးက ၀န်ကြီးတစ်ပါး နောက်တော်ပါ တွေနဲ့ တိုင်းခန်း လှည့်လည်ရာမှာ အညာဒေသ ရောက်တော့ ဒီနှစ်မိုးလေ မမှန်လို့ ထန်းအထွက် နည်းတဲ့ အတွက် ထန်းသမားများ ထန်းလျက် ကုန်သည်များ စားဝတ်နေရေး ခက်ခဲကြောင်း ဒေသခံတွေက တင်ပြကြတယ်။ အဲဒီတော့ ၀န်ကြီးက ထန်းသမားတွေကို မျိုးကောင်း မျိုးသန့်တွေ ထုတ်ပေးလိုက်၊ မြစ်ရေတင် စီမံကိန်းကို ဒီဒေသအရောက် တိုးချဲ့လိုက်ဖို့ အမိန့်တော် ချမှတ်လိုက်သတဲ့။
လူမှန်နေရာမှန်
ဒီမိုကရေစီခေတ်ကို မဖြစ်ဖြစ်အောင် ထူထောင်မယ် ဆိုရင်တော့ ထန်းမျိုးစေ့ကောင်း ထုတ်ပေးလိုက် ဆိုသူတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်နေရာ ဘယ်ဌာန ဘယ်စီမံကိန်းမျိုးမှာမဆို တကယ် တတ်သိ နားလည်တဲ့ ပညာရှင်တွေနဲ့ လူမှန် နေရာမှန် ဖြစ်ဖို့ လိုတယ်။ စီမံကိန်းတွေ ရေးဆွဲ ချမှတ်ရာမှာလည်း ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင် ပတ်သက်နေကြတဲ့ ကာယကံရှင် ပြည်သူ လူထုဆီက အကြံပေးချက်၊ တင်ပြချက်တွေကို ဂရုစိုက်နားထောင် ကြဖို့လိုပါတယ်။
၁၉၅၃ ခုနှစ်က စာအုပ်
ရှေးခေတ် ပထမတန်း ဖတ်စာအုပ်ထဲမှာ ပါတာလေးတွေကို နမူနာအဖြစ် ရေးပြလိုက်ပါတယ်။ မြန်မာ ဖတ်စာသစ်လို့ ခေါ်ပါတယ်။ အဖုံးမှာ ဒေါင်းတံဆိပ်ကြီး ပါလို့ ဒေါင်းဖတ်စာလို့ ခေါ်ကြတယ်။ စာမျက်နှာ ၁၀၂ မျက်နှာပါပြီး တန်ဖိုး K 1-50 (တစ်ကျပ် ငါးဆယ်ပြား) ဖြစ်တယ်။ Approved by Text Book Committe, Rangoon လို့ဖော်ပြပြီး British Burma Press. Rangoon Gazette Limited က ၁၉၅၃ ရိုက်နှိပ် ထားတာ ဖြစ်တယ်။ ပထမ နှစ်မျက်နှာက ဗျည်းနဲ့သရတွေကို သင်ထားတာဖြစ်ပြီး သင်ခန်းစာ တစ်က လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ က ကာ ကား၊ ကိ ကီ ကီး ခြောက်လုံးနဲ့ ၀ါကျတွေ ရေးထားပါတယ်။
ဤပုဝါနီ၏။
မီးရထားစီးပါ။
မရီငါးမစားရ။
မနီသတိထားပါ။
အနာမထိရ။
ထီးပါသလား။
သူငယ်များနှင့် ဖားတို့အကြောင်း
သင်ခန်းစာ ၂ ကျတော့ ကု ကူ ကူး၊ ကေ ကေ့ ကေးတို့ သင်ပါတယ်။ လေ့ကျင့်ခန်းက -
ဘဦးရေကူးနေသည်။
ဆေးကု၍မရပါ။
မနေ့က လေလာ၏။
အသီးနုနု မခူးရ။
ဥတုရာသီအေး၏။ တို့ဖြစ်တယ်။
သင်ခန်းစာ ၇ ကစပြီး ၀ါကျ တိုလေးတွေစသင်ပါတယ်။ 'သူငယ်များနှင့် ဖားတို့အကြောင်း' ဆိုတဲ့ ခေါင်းစဉ် အောက်မှာ -
၁။ သူငယ်များသည် ရေကန်တစ်ကန်အနီး၌ ကစားကာ နေကြ၏။
၂။ ထိုကန်ထဲက ဖားအများ နေကြသတည်း။
၃။ ထိုအခါ ဖားကြီးက မောင်တို့သည် သူတစ်ပါးနာအောင်၊ သေအောင် မကစားရာ။ ဆင်ကျီစားရာ ဆိတ်မခံသာပါဟု ဆို၍ ရေထဲသို့ ငုပ်သွားလေ၏။
တန်ခူးရက်မစုံ ၂၉
သင်ခန်းစာ ၉ ကျတော့ တြိချိုး သဖြန်ဆိုတဲ့ ခေါင်းစဉ်နဲ့ - 'ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့် အဖိုးအို၊ ဟောကြည့်ပဆို၊ ဆိုသာဆို ပိုမိုသည့် စကား၊ ကလေးအငို တိတ်အောင်၊ အရိပ်အယောင်ပြတယ် ဖိုးလနတ်သား' ကဗျာကို စ မိတ်ဆက်ပေးတယ်။ သင်ခန်းစာ ၁၂ က 'ပျိုလေးတို့အိမ် ဦး၊ ဆပ်သွားဖူးတဲ့ တစ်ရုံနှစ်ရုံ၊ ကျေး တွေကအုံ' ဆိုတဲ့ကဗျာပါ။ သင်ခန်းစာ ၁၆ က 'အတတ်ပညာ၊ ကြိုးစားကာ သင်ပါမေ့သားလှ' အစချီတဲ့ ပညာအကြောင်း သံပေါက်ပါ။ သင်ခန်းစာ ၂၀ က ယုန်နှင့်လိပ်တို့ အကြောင်း ပုံပြင်ပါ။ သင်ခန်းစာ ၂၆ ကျတော့'သန့်ရှင်းသော အ၀တ်ကိုဝတ် ခြင်းအကြောင်း' ခေါင်းစဉ်နဲ့ ၀ါကျတိုလေး ရှစ်ခု ရေးထားတယ်။ ၃၇ မှာတော့ 'ဥဒေါင်းယောင်ဆောင်သော ကျီးအကြောင်း' ပုံပြင်ဖြစ်တယ်။ ၄၁ က '၀ံပုလွေနှင့် သိုးငယ်အကြောင်း' ပုံပြင် ပါ။ ၅၁ က 'ကျီးနှင့်မြေခွေး အကြောင်း' ပုံပြင်ပါ။ ၅၆ ကျတော့ 'တန်ခူးရက် မစုံ ၂၉၊ ကဆုန်ရက်စုံ ၃၀' ဆိုတဲ့ မြန်မာလများ အကြောင်း ဖြစ်ပါတယ်။
အတုယူနိုင်ကြပါစေ
သင်ခန်းစာ ၆၀ ကနေအကြောင်း၊ ၆၂ က လနှင့်ကြယ်များ အကြောင်း၊ နောက်ဆုံး သင်ခန်းစာ ၆၄ ကတော့ ညီက အစ်ကိုထံ ပေးစာဆိုတဲ့ ပေးစာရေးနည်း ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဆရာများ သတိပြုရန် အမှာစာဆိုပြီး သင်ခန်းစာများ သင်ကြားနည်း ကို ရှင်းလင်း ပြောထားတာ ဖြစ်ပါတယ်။ ဒီဖတ်စာလေး ကြည့်လိုက်ရုံနဲ့တင် သင်ရိုးညွှန်းတမ်းတို့ ဖတ်စာတို့ ရေးဆွဲ ပြဋ္ဌာန်းရာမှာ သက်တမ်း အလိုက် ဘယ်လိုအဆင့်ဆင့် ပေးသွားရမယ် ဆိုတာ သိသာ ထင်ရှားပါတယ်။ ကောင်းတာတွေ အတုယူ နိုင်ကြပါစေ လို့ သတိပေး နှိုးဆော် လိုက်ရပါတယ်။
Ref: EMG News
Read More...
Collapse...
ကွန်းချမ်း
အင်္ဂါနေ့၊ မတ်လ ၂၀ ရက် ၂၀၁၂
စံခလပူရီ (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ဆောက်လုပ်ပြီးစီးလုနီးပါး ဖြစ်သည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ လည်ပတ်ပါက အိုးအိမ်စွန့်ကာ ပြောင်းရွှေ့ကြမည် ဖြစ်ကြောင်း စက်ရုံ အနီး နေထိုင်သူတို့က ပြောသည်။
စက်ရုံမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် အေးရိပ်ငြိမ် ရပ်ကွက်မှ စက်ရုံအနီး နေထိုင်သည့် အိမ်ခြေ ၅ဝ ခန့်မှ မိသားစု ၇ဝ ခန့် ပြောင်းရွှေ့ရန် ပြင်ဆင်ကြခြင်း ဖြစ်သည်။
“ကျောက်မီးသွေးနဲ့ ပတ်သက်ပြီးတော့ အသားအရေ ယားယံတာတွေ၊ အသက်ရှု ကျပ်တာတွေ လောက်ပဲ ကျနော်တို့ သိပါတယ်။ တခြား ဘယ်လို အန္တရာယ် ရှိမယ်ဆိုတာ ကျနော်တို့ အကြောင်းစုံတော့ မသိဘူးပေါ့။ စက်ရုံ လည်ရင်တော့ ကျနော်တို့ အားလုံးက ဒီနေရာကနေ ပြောင်းရွှေ့ကြမှာပဲ” ဟု စက်ရုံအနီး နေထိုင်သူတဦးက ပြောသည်။
အခြား တဦးကလည်း “ကျနော်တို့ ကျောက်မီးသွေး စက်ရုံနားမှာပဲ နေတယ်။ ကျနော်တို့ ရပ်ကွက်က အကုန်လုံး ဒီစက်ရုံကို ကန့်ကွက် ကြတယ်။ ကျနော်တို့ သိတာက ကျောက်မီးသွေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အတွက် အန္တရာယ် ဖြစ်လာမယ့် ဟာကိုပဲ စိုးရိမ်တယ်” ဟု ပြောသည်။
၎င်းတို့အနေနှင့် စက်ရုံလည်ပတ်ခြင်း ကိစ္စကို ကန့်ကွက်နေသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM နှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဟု ဆိုသည်။
လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ် ထုတ်လွှတ်မည့် အေးရိပ်ငြိမ် နှင့် ရွှေပြည်သာ လူနေရပ်ကွက်ကြားရှိ ထိုစက်ရုံသည် လူနေအိမ်နှင့် ပေ ၅ဝ ခန့်သာ ကွာဝေးပြီး မီးခိုး ခေါင်းတိုင်မှာလည်း ပေ ၄၀ ခန့်သာ မြင့်ကာ စက်ရုံနှင့် နှစ်ဖာလုံကျော် တွင် ကော့သောင်းမြို့မှ သောက်သုံးရေ အဖြစ် ရယူနေသည့် ရေလှောင်ကန်လည်း ရှိသည်။
ယခင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် လက်ထက်က ခွင့်ပြုချက် ရရှိပြီး ‘သန်းဖြိုးသူ’ သတ္တုတူးဖေါ်ရေး လုပ်ငန်း ကုမ္ပဏီ လိမိတက် ပိုင်သည့် ထိုစက်ရုံကို ၂၀၁၁ ခု နှစ်လယ်ခန့်တွင် စတင် တည်ဆောက်ခဲ့ရာ ၉၅ ရာနှုန်း ဆောက်လုပ် ပြီးစီးပြီ ဖြစ်သည်။
ထိုစက်ရုံကို ဧပြီလ ၁ဝ ရက်နေ့တွင် စမ်းသပ်ကာ ဇွန်လတွင် စတင် လည်ပတ်မည် ဖြစ်သည့်အတွက် ဒေသခံများ အနေနှင့် စက်ရုံမှ ဖြစ်ပေါ် လာမည့် ဆိုးကျိုးများကို သိရှိနားလည်ရန် အတွက် မတ်လ ၂၂ ရက်နေ့တွင် ပညာပေး လက်ကမ်း စာစောင်များ စတင် ဖြန့်ဝေသွားမည်ဟု DPM ပါတီ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်းက ပြောသည်။
၎င်းတို့ အနေနှင့် ဒေသခံများနှင့် ပူးပေါင်းပြီး လက်ကမ်းစာစောင် တသောင်းကို ကော့သောင်းမြို့အနှံ့ ဖြန့်ဝေ သွားမည့် အပြင် ရပ်ကွက် တိုင်းတွင်လည်း နံရံကပ် စာစောင်များ ကပ်သွားမည်ဟု ဆိုသည်။
စာဖြန့်ဝေခွင့် ရရန်အတွက် မတ်လ ၁၆ ရက်နေ့က ‘ကျောက်မီးသွေး စက်ရုံနှင့် စက်လျဉ်း၍ ဆိုးကျိုးများ ဖော်ပြထား သည့် စာရွက် စာတမ်းများ ဝေမျှခြင်း ကိစ္စ’ အကြောင်းအရာဖြင့် တိုင်းဝန်ကြီးချုပ်ရုံးသို့ လိပ်မူပြီး တင်ပြ ထားသော်လည်း အကြောင်း မပြန်လာ သေးကြောင်းလည်း သူက ပြောသည်။
“ဝန်ကြီးချုပ် ခွင့်မပြုလည်း ကျနော်တို့ ဇွတ်ဝေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ကျနော်တို့ အသိပေး ထားပြီးပြီလေ။ ကော့သောင်း ပြည်သူ လူထုကလည်း ကျောက်မီးသွေး စက်ရုံရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို လုံးဝ မသိသေးဘူး” ဟု ကိုသန်းထွန်းက ပြောသည်။
စက်ရုံ တည်ဆောက်နေစဉ် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်းတွင် တကြိမ်၊ ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် တကြိမ် ကော့သောင်း DPM ပါတီက စက်ရုံ ဆောက်လုပ်ခြင်း ကိစ္စကို ကန့်ကွက်ခဲ့သော်လည်း ဆက်လက် ဆောက်လုပ်လျက် ရှိပြီး ရပ်ကွက် အတွင်းတွင်လည်း ဓါတ်တိုင်များ စိုက်ထူရန်အတွက် တွင်းများ တူးဖော်လျက် ရှိသည်ဟု ဆိုသည်။
စက်ရုံ လည်ပတ်ရန်အတွက် လိုအပ်သည့် ကျောက်မီးသွေးကို တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ်၊ လေညာ သစ်တောကြိုးဝိုင်း အတွင်းမှ ထုတ်ယူကာ လိုအပ်မည့် ရေကို ထိုင်း-မြန်မာနယ်စပ်အဖြစ် သတ်မှတ်ထားသည့် ပါချန်မြစ်မှ စုတ်ယူ သုံးစွဲမည် ဖြစ်သည်။
ဒေသခံများနှင့် ပညာရှင်များ၏ ကန့်ကွက်ပြောဆိုမှုကြောင့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက အကောင် အထည် ဖော်မည့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း အတွင်းရှိ မဂ္ဂါဝပ် ၄,၀၀၀ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ဇန်နဝါရီ လဆန်းတွင် အစိုးရက ဆောက်လုပ်ခွင့် မပြုဘဲ ရန့်တန့်ပေးခဲ့သည်။
ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်း စေနိုင် သည့် ဆာလဖာဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့၊ အသက်ရှူ လမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှား အများအပြား ထွက်လာနိုင်သည့် အပြင် ကာဗွန်မို နောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင် သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓါတ် စသည့် လေထု၊ ရေထုနှင့် မြေထုကို ညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်း များစွာ ထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။
Ref: မဇ္ဈိမ
Read More...
Collapse...
2012-03-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း မဲဆွယ် စည်းရုံးရေး ခရီးစဉ် အတွက် ရေယာဉ် ငှားရမ်း အသုံးပြုခွင့်ကို အာဏာပိုင်တွေက တားမြစ် ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။
မတ်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ မြိတ်မြို့ကို သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အတွက် ရှပ်ပြေး ရေယာဉ်ကို မငှားရမ်းဖို့ ရေယာဉ် ပိုင်ရှင်ကို အာဏာပိုင်တွေက တားမြစ် ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။
"ကျွန်တော်တို့ အရင်တခေါက် လာစီစဉ်တဲ့ အချိန်တုန်းက အမက အဲဒီ ကျွန်းစုတွေကို လှည့်သွားဖို့ပေါ့။ အချိန်ရနိုင်အောင် ဆိုပြီးတော့ ရှပ်ပြေး တစ်စီး စီစဉ်ခဲ့ပါတယ်။ တနာရီ ရေမိုင် ၂၅- ၃၀ သွားနိုင်တာပေါ့။ အဲဒါကို ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ အာဏာပိုင်တွေက မငှားရဘူး ဆိုပြီးတော့ ဖိအားပေးတယ်။ အာဏာပိုင် အဟောင်းရော အခုအသစ် လက်ရှိရောပေါ့။"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် တခြားအမြန်ရေယာဉ်တွေ နဲ့ စီစဉ် ဆောင်ရွက် နေပေမဲ့ အခက်အခဲတွေ ရှိနေ ကြောင်းလည်း ဦးခွန်သာမြင့်က ပြောပါတယ်။
"ကျွန်တော်တို့ မနေ့က နဲနဲ မြန်တဲ့ မော်တော်လေးပေါ့။ အမသွားမယ့် လမ်းကြောင်းအတိုင်း သွားတာပေါ့။ အမနေမယ့် အချိန်လောက် ရွာတွေမှာ နေပြီးတော့ ပြန်လာတာကို အဲဒါ ည ၁၀ နာရီလောက်မှ မြိတ်ကို ပြန်ရောက်တယ်။ အမကိုတော့ ည ၁၀ နာရီလောက် အထိ ပင်လယ်ကြီးထဲမှာ မထားနိုင်တော့ ကျွန်တော်တို့ အစွမ်းကုန်တော့ ရှပ်ပြေးရအောင် ကြိုးစား နေပါတယ်။ အဲဒါ လာလို့ မရအောင်၊ သွားလို့ မရအောင်ပေါ့၊ နောက်တခါ အန္တရာယ် များအောင်ပေါ့။"
မြိတ်အနောက်မြို့နယ်က လစ်လပ်တစ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောဖို့ နေရာတွေ အတွက် ကျွန်းစုတွေ အတွင်းက ရွာကွင်းတွေမှာ စီစဉ် ထားပြီး ဖြစ်ကြောင်း သိရပါတယ်။
Ref: RFA News
Read More...
Collapse...
2012-03-20
ဝန်ကြီးဌာနတချို့ရဲ့ကျပ်သိန်းပေါင်း ထောင်နဲ့ချီတဲ့ အလွဲသုံးစားမှုတွေ စစ်ဆေးတွေ့ရှိကြောင်း သတင်းရေးသား ထုတ်ဝေခဲ့တဲ့ The Voice Weekly ဂျာနယ်ကို သတ္တုတွင်း ၀န်ကြီးဌာနက အသရေ ဖျက်မှုပုဒ်မနဲ့ တရားစွဲဆို လိုက်ပြီလို့ သိရပါတယ်။
သတ္တုတွင်းဝန်ကြီးဌာနက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်တရားရုံးမှာ စွဲဆိုခဲ့ကြောင်း၊ The Voice ဂျာနယ် အနေနဲ့လည်း ဥပဒေကြောင်း အရ ပြန်လည် တုံ့ပြန် ဆောင်ရွက်မှာ ဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။
မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်မှာ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) မုံရွာ ကြေးနီ စီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၁၀၀ နဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်ကို ရောင်းချခဲ့ကြောင်း၊ ဒါပေမယ့် ဦးပိုင် လီမိတက်က ငွေပေးချေရမည့် အစား နိုင်ငံခြား ကုမ္ပဏီ တစ်ခုက ပေးချေခဲ့ကြောင်း စသည်ဖြင့် သတ္တုတွင်း ၀န်ကြီးဌာနမှ အလွဲသုံးစားမှုကို ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီရဲ့ အစီရင်ခံစာ အရ ကိုးကားပြီး ထုတ်ဖော် ရေးသားခဲ့ပါတယ်။
သတ္တုတွင်းဝန်ကြီးဌာနကလည်း The Voice Weekly မှာဖော်ပြတဲ့ သတင်းဟာ မှားယွင်းနေပြီး၊ ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက်မယ်လို့ အစိုးရပိုင် သတင်းစာတွေက ထုတ်ပြန် ပြောဆို ခဲ့ပြီးနောက် အခုလို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
The Voice Weekly ဂျာနယ်ရဲ့ထုတ်ဝေသူ၊ ဂျာနယ်တာဝန်ခံနှင့် သတင်းရေးသားသူ သတင်းထောက်တို့ကို တရားရုံးက ဆင့်ခေါ် ထားပြီး မတ်လ ၂၂ ရက်နေ့မှာ အမှုစတင် စစ်ဆေးမယ်လို့လည်း သိရပါတယ်။
Ref: RFA News
Read More...
Collapse...
ခင်ဦးသာ
March 20, 2012
တရုတ်မြန်မာနယ်စပ်တွင် ရဲအရာရှိတဦး နှင့် အမျိုးသမီးတဦး အသတ်ခံရပြီးနောက် တရုတ် အာဏာပိုင် တို့က ပြီးခဲ့သည့် တပတ်အတွင်း ရာနှင့် ချီသော မြန်မာပြည်သားများကို ဖမ်းဆီးလျက် ရှိကြောင်း သိရသည်။
လူသတ်မှုကျူးလွန်သူဟု ယူဆရသူ မြန်မာပြည်သား တချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ မတ်လ ၁၂ ရက်နေ့မှ စတင်သည့် ရွှေလီမြို့ နှင့် ကျယ်ခေါင်မြို့ ဖမ်းဆီးမှုများကြောင့် ၇၀၀ ၀န်းကျင်အထိ အထိန်းသိမ်း ခံခဲ့ရသည်ဟု တရုတ်-မြန်မာ နယ်စပ် အရေး လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇောက ဧရာဝတီကို ပြောသည်။
“မြန်မာနိုင်ငံသားတွေ မှန်သမျှ လိုက်ဖမ်းနေတယ်၊ လူကောင်းရော၊ လူဆိုးရော တယောက်မှ အလွှတ်မပေးဘူး၊ အကုန် ဖမ်းပြီး ထောင်ထဲ တန်းပို့တယ်” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
ထိုဒေသတွင် မြန်မာပြည်သား သုံးသောင်းကျော်ရှိပြီး စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များတွင် ၀င်ရောက် လုပ်ကိုင် နေသူများ၊ ကုန်သည် ပွဲစားများ ဖြစ်သည်ဟု ဦးအောင် ကျော်ဇောက ပြောသည်။ မြန်မာပြည်သားများ လုယက်ခံရမှု၊ မတော်တဆမှု၊ ထိခိုက် ဒဏ်ရာရ သေဆုံးမှု တို့ ရှိခဲ့သည့်တိုင် တရုတ် အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ပေးခြင်း မတွေ့ရကြောင်း သူက ရှင်းပြသည်။
ပြီးခဲ့သည့် တပတ် လူသတ်မှုများအတွင်း သေဆုံးသွားသည့် တရုတ်ရဲအရာရှိတဦး နှင့် တရုတ်အမျိုးသမီး တဦး တို့၏ အမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပေ။
ယူနန်ပြည်နယ်အတွင်းရှိ ရွှေလီ၊ ကျယ်ခေါင်ဒေသတို့တွင် ရာဇ၀တ်မှု ထူပြောနေသဖြင့် နယ်စပ်လူဝင်၊ လူထွက် အခြေအနေကို တရုတ် အာဏာပိုင်များက တင်းကျပ်ထားခြင်း ဖြစ်ဖွယ်ရှိသည်ဟု ရွှေလီ ဒေသခံ ကုန်သည် တဦးက ဧရာဝတီကို ပြောသည်။
“ဆိုင်ကယ်နဲ့ သွားတာတောင် ဆွဲကြိုးတွေ ဆွဲဖြုတ်ခံရတာ၊ ခါးပိုက်နှိုက်ခံရတာတွေ တအား များလာတယ်။ ရာဇ၀တ်မှု ကျူးလွန်သူတွေ ထဲမှာ မြန်မာ လူမျိုးတွေလည်း များလာတဲ့ အတွက် ဖမ်းတာပါ၊ အရင်က ဒီလိုမျိုး မဖမ်းဖူးဘူး” ဟု ထိုကုန်သည်က ဆိုသည်။
တရားဝင် နေထိုင်ခွင့် မရှိသူများကို ဖမ်းဆီးရမိပါက တရုတ်အာဏာပိုင်တို့က လနှင့်ချီ၍ ချုပ်နှောင်ထားလေ့ ရှိကြောင်း သိရသည်။
Ref: ဧရာဝတီ
Read More...
Collapse...
ရန်ပိုင်
March 20, 2012
ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ၎င်းသည် အစိုးရ အဖွဲ့အတွင်း၌ သဘောထား တင်းမာသည့် ခေါင်းမာဂိုဏ်းသား တဦး မဟုတ်ကြောင်း ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်နှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် တနာရီခန့်အကြာ တွေ့ဆုံစဉ် ပြည်ပ အခြေစိုက် မီဒီယာများက ဝန်ကြီး ဦးကျော်ဆန်းအား သဘောထား တင်းမာသူဟု ဝေဖန်ချက်များနှင့် ပတ်သက်၍ ကိုအောင်ဇော်က မေးမြန်းခဲ့ရာ “ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် ဘယ်လို ယုံကြည်လဲဆိုရင် ကျနော် Hard-liner လည်း မဟုတ်ဘူး၊ Soft-liner လည်း မဟုတ်ဘူး။ ကျနော်က ဘာလဲ ဆိုလို့ရှိရင် Pragmatist (လက်တွေ့သမား)။ သို့သော် ကျနော်က ဘာကို အမြဲတမ်း ဦးစားပေးလဲ ဆိုရင် Rule and regulation ပဲ” ဟု ဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။
ကိုအောင်ဇော်က လတ်တလောတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲနေသော မီဒီယာ ဥပဒေမူကြမ်း ရေးဆွဲမှု အခြေအနေ၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြောဆိုနေသော စာနယ်ဇင်းများ၏ လွတ်လပ်မှုနှင့် တာဝန်ယူမှုနှင့် ပတ်သက်၍ မြန်မာ့ မီဒီယာများ၏ အနေအထား၊ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့် ပြုမပြုနှင့် စာနယ်ဇင်း သမားများအပေါ် အကာအကွယ် ပေးမည့် အစီအစဉ်များကို ဝန်ကြီး ဦးကျော်ဆန်းအား မေးမြန်း ဆွေးနွေးခဲ့သည်။
ဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေကို ၂၀၁၂ ခုနှစ်အတွင်း အပြီးရေးဆွဲမည် ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံ၏ ဥပဒေကိုမျှ ပုံတူ ကူးယူခြင်း မရှိဘဲ နိုင်ငံတိုင်းမှ ကောင်းမွန်သော အချက် အလက်များကို ရယူထားခြင်းသာ ဖြစ်ကြောင်း၊ မီဒီယာများ၏ သြဇာကြီးမှုကြောင့် ပြည်သူများ၏ အမှားအမှန် ခွဲခြားနိုင်မှုအတွက် မီဒီယာများတွင် တာဝန် ရှိကြောင်းနှင့် နောက်ရေးဆွဲသည့် ဥပေဒများတွင် စာနယ်ဇင်း သမားများကို ကာကွယ်သည့် ဥပဒေ ပါလာမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ထို့ပြင် ဝန်ကြီး ဦးကျော်ဆန်းက ဒီမိုကရေစီ လမ်းကြောင်းမှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေရာတွင် လမ်းကြောင်း သွေဖည်ပြီး နောက်ပြန် ဆုတ်သွားမည် မဟုတ်ကြောင်းလည်း ပြောဆိုသွားသည်။
ယမန်နေ့က တွေ့ဆုံပွဲတွင် ဝန်ကြီး ဦးကျော်ဆန်းအပြင် စာပေစိစစ်ရေးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးတင့်ဆွေ၊ ပုံနှိပ် ထုတ်ဝေရေးမှ ညွှန်ကြားရေးမှူး ဦးရဲတင့်၊ မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်တို့ တက်ရောက်သည်။
ဧရာဝတီသတင်းဌာနမှ ကိုအောင်ဇော်နှင့်အတူ ရုံးမန်နေဂျာ ကိုဝင်းသူ၊ မစ္စ ရေချယ်တို့လည်း တက်ရောက်သည်။
ဝန်ကြီး ဦးကျော်ဆန်းသည် ၂၀၀၁-၀၂ ခုနှစ်ဝန်းကျင်တွင် ကုန်သွယ်ရေး ဒု ၀န်ကြီး၊ ၂၀၀၄ ၀န်းကျင်မှ ယနေ့ အထိ ပြန်ကြားရေး ၀န်ကြီး တာဝန် အပြင် ယမန်နှစ်မှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်လျက် ရှိသည်။
Ref: ဧရာဝတီ
Read More...
Collapse...
မသင်းသီရိ
အင်္ဂါ, 20 မတ် 2012
ချင်းပြည်နယ် မတူပီ မြို့နယ်မှာ မတ်လ (၁၀) ရက်နေ့က ကျင်းပခဲ့တဲ့ ဘာသာရေး ဆိုင်ရာ စည်းဝေးပွဲကို နယ်မြေ အခြေစိုက် မြန်မာအစိုးရ စစ်တပ်က အနှောင့်အယှက် ပေးခဲ့သလို တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ကိုလည်း သေနတ်ထုတ်ပြီး ခြိမ်းခြောက်တဲ့ အဆင့်မျိုးထိ ဖြစ်ခဲ့ပါတယ်၊ ချင်းပြည်နယ်တွင်း အခုလို ဘာသာရေး ဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု တွေ နဲ့အတူ တခြား လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ကြုံနေရတာ ဖြစ်တယ်လို့လည်း ချင်း လူ့အခွင့်ရေး အဖွဲ့က ထောက်ပြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြ ပေးပါအုံးရှင်။
ချင်းပြည်နယ် အနောက်တောင်ပိုင်း မှာရှိတဲ့ မတူပီမြို့ က စပေါင်းဂိတ် ( Sabawnget) ရွာမှာ မတ်လ (၈) နေ့က နေ မတ်လ (၁၃) ရက်နေ့ထိ ကျင်းပခဲ့တဲ့ ခရစ်ယာန် ဘာသာရေး စည်းဝေးပွဲတွင်း အခုလိုပြသနာ ဖြစ်ခဲ့တာပါ။ Mara Evangelical Church ကနေပြီးတော့ နှစ်စဉ်ကျင်းပတဲ့ ဘာသာရေး စုပေါင်းပွဲကို ဒီနှစ် မတူပီမှာ ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲကျင်းပ နေစဉ် မတ်လ (၁၀) ရက်နေ့မှာ ချင်းပြည်နယ် ထဲ အခြေစိုက်တဲ့ မြန်မာအစိုးရ စစ်တပ်က ရုတ်တရက် ဆိုသလို ကန့်သတ်ချက်တွေ ထုတ်ပြီး တားမြစ်တာ တွေ လုပ်လာပါတယ်။ ဒါ့ကြောင့် ဒီပွဲကို ရောက်နေတဲ့ တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေး ပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးပူဗန်ကျင်းက မလုပ်ဖို့ ညိနှိုင်း တဲ့အခါ တာဝန်ရှိသူ ဗိုလ်ကြီး သေနတ် ထောက်ပြီး ပြန်ခြိမ်းခြောက် တာတွေ လုပ်ခဲ့တယ်လို့ ပြည်နယ် ကိုယ်စားလှယ် ဦးပူဗန်ကျင်း ကိုယ်တိုင် ဗီအိုအေ ကို အခုလိုပြောပြပါတယ်။
“မီဇိုရမ်ပြည်နယ်၊ စိုင်းဟ က လာတဲ့ ကားတွေကို နှင်ထုတ်လိုက်တယ်။ ပြီးတော့လည်း ညနေမှာ ဧည့်စာရင်း ချက်ချင်း လုပ်ပြီးတော့ လုပ်မယ်လို့ ထုတ်ပြန် ထားတယ်။ ပြီးတော့လည်း ဝတ်ပြု ကိုးကွယ်မှု အစီအစဉ်ကို ည မှာ အကြာကြီး မလုပ်ရဘူး။ ပိတ်ရမယ် လို့ သူတို့ ပြောလိုက်တယ်။ အဲဒီ ကိစ္စကို လူထုတွေက တော်တော် လည်း စိတ်ပူပန် နေကြတယ်။ လူတွေကလည်း လာပြောတယ်။ ဒါနဲ့ ကျနော် တပ်မှူး ဗိုလ်ကြီးဆီကို ကျနော် သွားပြီးတော့ "ဗိုလ်ကြီး အစည်းအဝေးက ကျနော်တို့ ကျင်းပနေပြီ။" သူတို့က အစတုန်းက ခင်ဗျားတို့ ဒီလို လုပ်တာ ဟာ ကောင်းတယ်။ ပွဲတဝက် မှ ခင်ဗျားတို့ ဒီလို လုပ်တာဟာ လူတွေက စိတ်မချမ်းသာပါဘူး။ ခင်ဗျားတို့ ပွဲကို တင်းကျပ်အောင် မလုပ်ပါနဲ့ လို့ ကျနော် သွားပြောလိုက်တယ်။ အဲဒီ အခါမှာ ဗိုလ်ကြီး မျိုးမင်းထိုက် က သေနတ်ကို ချိန်ပြီးတော့ "မင်းဘာကောင်လဲ။ ဘာတွေ ပြောနေလဲ။ မင်းကို သတ်ပစ်မယ်" ဆိုပြီး သေနတ်ကို ချိန်လိုက်တယ်။ "ဟာ ခင်ဗျား ဒီလို မလုပ်ပါနဲ့။ ကျနော် လွှတ်တော် ကိုယ်စားလှယ်တွေ" ဘာတွေ ဆိုတာ မကြားချင်ဘူး။ အဲဒါတွေက မပြောနဲ့ ဆိုပြီးတော့ သေနတ်ကို ချိန်တယ်လေ။”
တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးပူဗန်ကျင်း ပါရှင်။ ဒီလို အခြေအနေ တွေကြောင့် ညတွင်းချင်း နယ်စပ် လုံခြုံရေး ၀န်ကြီးဆီကို ဦးပူဗန်ကျင်း ကိုယ်တိုင် ဖုန်းဆက် တိုင်ကြားခဲ့တယ် လို့လည်း ပြောပါတယ်။ အခုလိုမျိုး ဘာသာရေး ဖိနှိပ် ကန့်သတ်မှု ပြသနာတွေကို ချင်းပြည်နယ် တွင်း မကြာခဏ ဆိုသလို ကြုံနေ ရတယ်လို့လည်း ချင်း လူ့အခွင့်ရေး အဖွဲရဲ့ ဒါရိုက်တာ ဆလိုင်း ဇာအုတ်ကလင်း(za Uk Ling) က ပြောပါတယ်။
“ကျနော် တို့ ဒီ အခု အချိန် အထိ ဘာသာရေး လုပ်ဆောင် ခွင့် နဲ့ ပတ်သက်ပြီးမှ တိုးတက်တာ ကျနော်တို့ မမြင်ရ သေးပါဘူး။ ချင်းပြည်နယ်က (၉၀) ရာခိုင်နှုန်း လူတွေက ခရစ်ယာန်တွေ ဖြစ်ကြတော့ အခုအချိန် အထိ သူတို့ ဒီလိုမျိုး အစည်းအဝေး ကြီးကြီး ကျယ်ကျယ်လုပ်မယ် ဆိုရင် အမြဲတမ်းဘဲ ပွဲမိန့် မပေးတာရယ်၊ အမျိုးမျိုး နှောက်ယှက်တာမျိုး ကြုံတွေ့ နေရပါတယ်။ ဘာသာရေး အဆောက် အအုံတွေ ဆောက်ပိုင်ခွင့်၊ ပြင်ပိုင်ခွင့် ဆိုတဲ့ ဟာလည်း သူတို့ အခုအချိန် အထိ မရသေးပါဘူး။”
ဆင်းရဲနွမ်းပါးပြီး ဖံွ့ဖြိုးမှုလည်း နှောင့်နှေးနေတဲ့ ချင်းပြည်နယ်ထဲမှာ တခြားလူ့အခွင့်ရေး ချိုးဖောက်မှု တွေလည်း ရှိနေတယ် လို့လည်း ဆိုပါတယ်။
“ချင်း အခွင့်အရေး အဖွဲ့အနေနဲ့ လူ့အခွင့်အရေး မှတ်တမ်းတင်ထားချက်အရ (၁၇) နှစ် ရှိသွားပြီ။ ဒီနှစ် ဆိုလို ရှိရင်။ အဲဒီ အချိန်မှာ ကျနော် တို့ တွေ့ခဲ့ရတာ စစ်တပ်ရှိတဲ့ နေရာတိုင်းမှာ တပ်စွဲတဲ့ နေရာ တိုင်းမှာ၊ ဒေသ အဲဒီ အနီးနား တဝိုက် ရဲ့ ပြည်သူလူထုဟာ ဆိုရင် တော်တော်လေး အနှိပ်စက် ခံရတယ်။ အတင်း အဓမ္မ လုပ်အားပေးခိုင်း တာဘဲ ဖြစ်ဖြစ်ပေါ့။ ထမ်းခိုင်းတာဘဲ ဖြစ်ဖြစ်၊ အမျိုးမျိုး ညှင်းပန်း နှိပ်စက်တာဘဲ ဖြစ်ဖြစ်၊ အဲဒါတွေ စစ်တပ်ရှိတဲ့ နေရာတိုင်းမှာ အဲဒီလို ပြဿနာတွေ ကျနော်တို့ ကြုံတွေ့နေရတယ်။”
ချင်းလူ့အခွင့်ေ၇းအဖွဲ့က ဆလိုင်း ဇာအုတ်ကလင်း (za Uk Ling) ပြောပြခဲ့တာပါရှင်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖောက်မှု တွေဟာ နယ်မြေ တည်ငြိမ်မှု မရှိတဲ့ တိုင်းရင်းသား ဒေသတွေမှာ အဖြစ်များ နေတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်ရေးအဖွဲ့ ကထောက်ပြ နေကြတာပါ။ အဲဒီလို အခြေအနေ ထဲကမှ ပြီးခဲ့တဲ့ ဇန်န၀ါရီ (၁၂) ရက်နေ့ကဆိုရင်လည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနယ်နယ်ထဲမှာ ဒေသခံ လယ်သမားတဦးကို တရားမ၀င် နယ်စပ် ဖြတ်ကျော် ၀င်လာတဲ့ မြန်မာစစ်သား နှစ်ဦးက သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ် နိုင်ငံခြားရေး ဌာနက မြန်မာအစိုးရကို တောင်းဆိုထားတဲ့ ပြသနာမျိုး တွေလည်း ရှိနေပါတယ်။
Ref: VOA News
Read More...
Collapse...
မသိင်္ဂီထိုက်
တနင်္ဂနွေ, 18 မတ် 2012
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပါဝင်ကြဖို့နဲ့ အကြောက်တရားကင်းကြဖို့ ဒီကနေ့ ရှမ်းပြည်နယ် သိန္နီ လူထုကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီအရေး အတွက် တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းရင် မြန်မြန်ဆန်ဆန် တိုးတက် လာမယ်လို့လည်း ပြောပါတယ်။ ရှမ်းပြည်နယ်ကို ၂ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒုတိယမြောက်နေ့ အဖြစ်နဲ့ လားရှိုးမြို့က တက္ကသိုလ် ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရှမ်းပြည်နယ် သိန္နီမြို့ကို သွားရောက်ပြီး ဒေသခံ လူထုနဲ့ တွေ့ဆုံပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေး အပြောင်းအလဲဟာ တပ်မတော်နဲ့ ပြည်သူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှ အောင်မြင် တိုးတက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သိန္နီ လူထုကို အခုလို ပြောပါတယ်။
“နိုင်ငံရေး အပြောင်းအလဲတွေ တည်ငြိမ်ဖို့ဆိုတာဟာ တပ်မတော်ရဲ့ပါဝင်ပတ်သက်မှုဟာ လိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ကျမတို့ ပြည်သူတွေနဲ့ တပ်မတော်ဟာ ညီညီညွတ်ညွတ်နဲ့ အများအကျိုးအတွက် လုပ်သွားနိုင်ရင် ဒီနိုင်ငံဟာ အချိန်ကာလ တိုတို အတွင်းမှာ တိုးတက် နိုင်ပါတယ်။”
တိုင်းရင်းသား သွေးစည်း ညီညွတ်မှုနဲ့ လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးရာမှာ သိန္နီ စော်ဘွားလည်း ပါဝင်ခဲ့တဲ့ အကြောင်းနဲ့ ဒေသခံ လူထုအနေနဲ့ အကြောက်တရား ကင်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ခဲ့တယ်လို့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။
“အဓိက ကတော့ သိန္နီ ဆိုတာက အစဉ်အလာရှိပါတယ်။ ပင်လုံစာချုပ်ကို စတင်အကောင်အထည် ဖော်ကြတာမှာ သိန္နီ စော်ဘွားကြီး ပါပါတယ်။ ပါတော့ ပြည်ထောင်စု စိတ်ဓာတ်ပေါ့နော်။ ပြည်ထောင်စု အခြေခံမူကို စတည် ထောင်ခဲ့တာ ပင်လုံမှာ သိန္နီရဲ့ ပါဝင်မှုက အများကြီး ရှိပါတယ်။ ပြီးတော့ သိန္နီမှာ အများစုကလည်း ရှမ်းပါ။ ခုချိန်ထိလည်း ရှမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီဟာကိုပဲ အဓိကထား ပြောပါတယ်။ အကြောက်တရား ကိစ္စတွေ ဘာတွေလည်း ပြောပါတယ်။”
စနေနေ့က မဲဆွယ်စည်းရုံးပွဲ လုပ်ခဲ့တဲ့ လားရှိုးဒေသခံတွေကတော့ နိုင်ငံရေး စိတ်ဓာတ် တက်ကြွပြီး အကြောက် တရား ကင်းသလောက် သိန္နီ ဒေသခံတွေ ကတော့ အကြောက်တရား ကြီးစိုးနေပုံ ရတယ်လို့လည်း ဦးခွန်သာမြင့်က ပြောပါတယ်။
“လူထုရဲ့ အခြေအနေ စိတ်ဝင်စားမှုက လားရှိုးမြို့တ၀ိုက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သန္နီနယ်က နှစ်ပေါင်းများစွာ ဖိနှိပ် ခံရတာပေါ့နော်။ လူတွေက အကြောက်တရားတော့ တော်တော် ကြီးစိုးပါတယ်။ သန္နီမှာ NLD ဆို ရုံးတောင် မဖွင့်နိုင်သေးပါဘူး။ ဆိုင်းဘုတ်တောင် မတင်နိုင်သေးပါဘူး။ မတင်နိုင်တော့ ကျနော်တို့ တိုးရတာလည်း ခက်ပါတယ်။ နောက်ပြီးတော့ အခုမှ ပြန်ပြီး တည်ရမယ်ဆိုတော့ ကျေးရွာလေးတွေက လူတွေ အသိနည်းပါတယ်။ အစ်မ လာမယ်ဆိုတာတောင် အစ်မ အပြန်ခရီးကျမှ ပိုများပါတယ်။ အဲဒီကျမှ တဆင့်ကြားနဲ့ လာကြတာပေါ့။ လုပ်နိုင်ကိုင်နိုင်တာလည်း နည်းပါတယ်။ မြို့ပေါ်က ပရိသတ်ကတော့ သိန္နီမြို့ပေါ်က ပရိသတ်ကတော့ နားထောင်ကြ၊ တက်ကြွကြတယ်ပေါ့။ သြဘာပေးကြပေါ့။ ဒါပေမဲ့ ရွာတွေမှာတော့ အကြောက်တရား တော်တော် လွှမ်းနေသေးတဲ့သဘော ရှိပါတယ်။ တော်တော် လုပ်ရဦးမှာပေါ့။”
သိန္နီမြို့နယ် ကိုယ်စားပြု အမျိုးသား လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက် အရွေးခံမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင် ကိုလည်း လူထုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အကျဉ်းကျနေဆဲ ဖြစ်တဲ့ သိန္နီ NLD ဥက္ကဋ္ဌ ဦးစိုင်းအောင်လှ မိသားစုကိုလည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ပြီး လားရှိုးက နည်းပညာ တက္ကသိုလ်နဲ့ လားရှိုး တက္ကသိုလ်က ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
“ဒီနေ့မနက် ကျနော်တို့ လားရှိုးကနေ မနက် ၈ နာရီလောက် လားရှိုးနဲ့ ၃၂ မိုင်ဝေးတဲ့ သိန္နီကို သွားပါတယ်။ သိန္နီက ကျောင်းဆိုင်ကျောင်း ဆိုတာ သိန္နီက အထင်ကရ ဘုန်းကြီးကျောင်း ပါပဲ။ အဲဒီမှာ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ သံဃာ့ မဟာနာယက အဖွဲ့ ဆရာတော်ကြီး နောက်ထပ် လေးပါးကို လှူဖွယ်ပစ္စည်းတွေနဲ့ ဆပ်ကပ်ပါတယ်။ ဆပ်ကပ်ပြီးတော့ ပြန်အထွက်မှာ မြို့လူထုရဲ့ တောင်းဆိုချက်အရ ဘုန်းကြီးကျောင်းအ၀ ကားလမ်းပေါ်မှာပဲ မြို့လူထုကို ၁၅ မိနစ်လောက် ကြာပါတယ်။ မြို့လူထုကို စကားပြောတယ်။ ပြောပြီးတော့ သိန္နီ NLD ဥက္ကဋ္ဌပေါ့၊ အခု ထောင်ထဲရောက်နေပါတယ်။ ဦးစိုင်းအောင်လှ ဆိုတာ၊ သူ့နေအိမ်ကို သွားပြီးတော့ သူ့မိသားစုကို အားပေးစကား ပြောပြီးတော့ ကျနော်တို့ နေ့လယ်ကပဲ လားရှိုးကို ပြန်ပါတယ်။ လားရှိုးမှာ အခု ထမင်းစားပြီးတော့ လားရှိုး နည်းပညာ တက္ကသိုလ်နဲ့ လားရှိုးတက္ကသိုလ်က ကျောင်းသားတွေက လာ ကန်တော့တာတို့၊ ဂါရ၀ပြုတာတို့၊ နှုတ်ဆက်တာတို့၊ အဲဒါတွေနဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ လေယာဉ်ကွင်းကို သွားဖို့ စောင့်နေပါတယ်။ ရန်ကုန်ကို ပြန်မှာပါ။”
ရှမ်းပြည်နယ်က လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ မိုင်းရယ်နဲ့ တန့်ယန်း မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ အတွက် အမျိုးသား လွှတ်တော် အမတ်နေရာ ၅ နေရာ လစ်လပ်နေတာမှာ NLD က ၅ နေရာလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။ ဒေါ်အောင်ဆန်း စုကြည် ကတော့ လားရှိုးနဲ့ သိန္နီ မြို့တွေကိုပဲ မဲဆွယ်ပွဲ သွားရောက်တာ ဖြစ်ပြီး ကျန်တဲ့ မြို့နယ်တွေကိုတော့ သွားဖို့ မရှိပါဘူး။ ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာပဲ ရှမ်းပြည်နယ် ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်ဖို့ ရှိနေပါတယ်။
Ref: VOA News
Read More...
Collapse...
မျိုးသန့်
တနင်္လာနေ့၊ မတ်လ ၁၉ ရက် ၂၀၁၂
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးကပ် လာချိန်တွင် ရွေးကောက်ပွဲ ဆိုင်ရာ မတရား လုပ်ဆောင်ချက်များ ပိုမိုများပြားလာပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ထိခိုက် စေနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က တနင်္လာနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။
NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့၏ အဆိုပါ ထုတ်ပြန်ကြေကြာချက်တွင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း အတွင်း ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများကြောင့် “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်” ဟု ဖေါ်ပြထားသည်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စမြင်ကျေးရွာအုပ်စုတွင် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဆန်းဝင်း မှ ကျေးရွာ လူထုကို မတ်လ ၁၆ ရက်နေ့တွင် သူ၏ပါတီ အစည်းအဝေးသို့ တအိမ်တယောက် မတက်မနေရ တက်ရောက်ရန် အမိန့်ပေး ဖိတ်ကြားခြင်း ရှိသည်ဟု NLD မှ စွပ်စွဲထားပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဒေါက်တာဆန်းဝင်း က ပုတ်ခတ် ပြောဆိုမှုများ ရှိသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်မှ မတ်လ ၃၀ နှင့် ၃၁ ရက်နေ့များတွင်သာ ကြိုတင်မဲ ကောက်ယူရန် ညွှန်ကြား ထားသော်လည်း တနင်္သာရီတိုင်း လောင်းလုံမြို့နယ်တွင် ကြိုတင်မဲများ ကောက်ယူနေသည်ဟု အဆိုပါ ကြေညာချက် တွင် ဖေါ်ပြထားသည်။
ကြေညာချက်အရ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင်လည်း NLD ၏ ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ တနင်္ဂနွေနေ့ မဲဆွယ် စည်းရုံးမှုအတွင်း သစ်သားချွန်ဖြင့် ပစ်ခတ်မှု ကြုံခဲ့ရပြီး လုံခြုံရေး အဖွဲ့ဝင် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
NLD က ထုတ်ပြန်သည့် မတ်လ ၁၆ ရက်နေ့က ကြေညာချက်တွင်လည်း ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းတွင် ရွာပေါင်း ၅၄ ရွာမှ သေဆုံးပြီးသူ ၄၁၃ ယောက် ပါဝင်နေခြင်း၊ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်တွင် မတ်လ ၅ ရက်နေ့အထိ မဲဆန္ဒရှင် အရေတွက် ထုတ်ပြန်ပေးမှု မရှိသေးခြင်းများ ဖြစ်ပေါ်နေသည်ဟု ဖော်ပြ ပါရှိသည်။
ထိုဖြစ်ရပ်များအပြင် ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ရှမ်းရေကျော် ကျေးရွာတွင်လည်း NLD ရုံးအတွင်း စိုက်ထူထား သော အလျား ၆ ပေ၊ အနံ ၄ ပေရှိ မဲဆွယ် ပိုစတာကြီး သုံးချပ်၊ မဲပေးနည်း ပိုစတာ တချပ်၊ စုစုပေါင်း လေးချပ်တို့အား မတ်လ ၁၆ ရက်နေ့က ချွန်ထက်သည့် အရာဖြင့် လှီးဖြတ်ထားမှု ကြုံခဲ့ရသည်ဟု မြောင်းမြမြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ဦးဝင်းရွှေက မဇ္ဈိမကို ပြောသည်။
“ဖျက်တာက ဦးမန်းဂျော်နီရဲ့ ပုံကို ထွင်းလှီးသွားတယ်။ ပိုစတာတိုင်းမှာ ဦးမန်းဂျော်နီရဲ့ပုံကို ထွင်းလှီးတာပေါ့။ မဲပေးနည်း လမ်းညွှန်မှာက ဦးမန်းဂျော်နီဆိုတဲ့ ပိုစတာနဲ့ အလယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမှတ်အသားနဲ့ နောက်က ကွက်လပ်ထဲမှာ အမှန်ခြစ် ပြထားတာပေါ့။ အဲဒီမှာ ဦးမန်းဂျော်နီဆိုတဲ့ စာသားကို လှီးထုတ်သွားတယ်” ဟု ပြောသည်။
အဆိုပါဖြစ်ရပ်ကို မြောင်းမြမြို့နယ် မြို့မရဲစခန်းတွင် တနင်္ဂနွေနေ့က အမှုဖွင့် တိုင်ကြားထားရာ ရဲစခန်းက အမှုအမှတ် ပ/၇၄ ဖြင့် လက်ခံထားပြီး ရှမ်းရေကျော် ရွာသို့ သွားရောက် စစ်ဆေးနေပြီဟုလည်း “ဟုတ်ပါတယ်ခင်ဗျာ့၊ ကျနော့် အမှုစစ် ခုပဲ ဆင်းသွားပါပြီ ခင်ဗျာ့” ဟု မြောင်းမြမြို့မ စခန်းမှူး ဦးစိန်ဝင်းက မဇ္ဈိမကို ပြောသည်။
ယင်းကဲ့သို့သော ဖြစ်ရပ်မျိုး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းရွာတွင်လည်း မတ်လ ၁၂ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပြီး မန္တလေးတိုင်း ချမ်းမြသာစည်နှင့် ပြည်ကြီး တံခွန် မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာရွက်ငယ်များ ဖြန့်ဝေမှုများ ရှိခဲ့သည်။
Ref: မဇ္ဈိမ
Read More...
Collapse...
ဖနိဒါ
တနင်္လာနေ့၊ မတ်လ ၁၉ ရက် ၂၀၁၂
ချင်းမိုင်(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် ၃ နယ်မြေတွင် ပါဝင်သည့် ကန့်ဘလူ မြို့နယ် မဲစာရင်း လွဲမှားမှု အရေအတွက် တသောင်းနီးပါး ရှိနေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရွှေဘိုခရိုင် အောင်နိုင်ရေး ကော်မတီက ပြောသည်။
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၉၆ စု၌ ကျေးရွာပေါင်း ၂၇၁ ရွာ ရှိရာတွင် မဲပေးနိုင်သူဦးရေ ၁ သိန်း ၆ သောင်းကျော် ရှိသည့် အနက် လူဦးရေ တသောင်းနီးပါးမှာ မဲစာရင်း လွဲမှားမှု အမျိုးမျိုး ဖြစ်နေသည်ဟု NLD ရွှေဘိုခရိုင် အောင်နိုင်ရေး ကော်မတီဝင် ကိုဝင်းအောင် က ပြောသည်။
“ကျေးရွာမှာ မဲစာရင်းပြုစုတဲ့အခါမှာ ၂ဝ၁ဝ မဲစာရင်းတွေပဲ ပြန်သုံးထားတယ်။ သေတဲ့လူတွေ ပါတယ်။ နာမည် ထပ်တာတွေလည်း ရှိတယ်။ ‘မောင်’နဲ့ ‘မ’နဲ့ မှားတယ်။ မှတ်ပုံတင် နံပါတ်တွေ လွဲတယ်။ စာရင်းထဲမှာ မရှိတဲ့ နာမည်တွေ ပါတယ်။ အချို့ဆို တရွာလုံး အုပ်စုလိုက် မဲစာရင်း ပျောက်တယ်”ဟု ကိုဝင်းအောင်က ဆိုသည်။
စစ်ကိုင်းတိုင်း အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ်(၃) တွင် မဲရုံပေါင်း ၄၅၆ ရုံရှိပြီး ကန့်ဘလူ မြို့နယ်တွင် ၁၈၆ ရုံ၊ ရေဦးမြို့တွင် ၇၉ ရုံ၊ ကျွန်းလှမြို့တွင် ၇၇ ရုံနှင့် တန့်ဆည်မြို့တွင် ၁၁၃ ရုံ ရှိကြောင်း သိရသည်။
ကန့်ဘလူ ကဲ့သို့ပင် ကျွန်းလှ၊ ရေဦး၊ တန့်ဆည် များတွင်လည်း မဲစာရင်း လွဲမှားမှုများ တွေ့ရကြောင်း၊ အရေအတွက် အတိအကျကို NLD အနေဖြင့် အသေးစိတ် စာရင်း ပြုစုနေဆဲ ဖြစ်ကြောင်း ကိုဝင်းအောင်က ပြောသည်။
ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာရှိ ဘုရားဝင်းအတွင်း တနင်္ဂနွေနေ့က ကြံ့ခိုင်ရေးပါတီ မဲဆွယ် ဟောပြောမှုများ ရှိသလို ပါတီနှင့် ပုဂ္ဂိုလ်ရေး အရ ပုတ်ခတ် ပြောဆိုခြင်းများ ရှိခဲ့သဖြင့် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်ရာ ရောက်ကြောင်း သူက ဆက်ပြောသည်။
“NLD က ထောင်ထွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီ၊ မဲပေးလို့ ဖြစ်မလား ပြောတယ်။ NLD က ဆင်းရဲတဲ့ပါတီ ဖြစ်တဲ့ အတွက် ဒီလို ပါတီကို ယုံပြီး မဲပေးလို့ ဖြစ်ပါ့မလားဆိုတာကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း ကိုယ်တိုင်က ပြောတာ”ဟု ဆိုသည်။
ထိုမဲဆန္ဒနယ်တွင် NLD မှ ဒေါက်တာမြင့်နိုင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးတင်မောင်ဝင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီမှ ဦးဘိုမြင့်အောင် နှင့် ပြည်သူ့ဒီမိုကရေစီပါတီမှ ဦးလှဆန်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
NLD ဗဟိုအောင်နိုင်ရေးအဖွဲ၏ တနင်္လာနေ့ သတင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် စမြင် ကျေးရွာ အုပ်စုတွင် ကြံ့ခိုင်ရေးပါတီ၏ အစည်းအဝေးသို့ တအိမ် တယောက် မတက်မနေရ တက်ရောက်ရန် မတ်လ ၁၆ ရက်နေ့က ဆင့်ခေါ်ခြင်း၊ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ဒေါက်တာ စန်းဝင်းက ပုတ်ခတ် ဟောပြော ခြင်းများ ရှိသဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ငြိစွန်းနေသည်ဟု ဖော်ပြထားသည်။
Ref: မဇ္ဈိမ
Read More...
Collapse...
မသိဂီ င်္ထိုက်
တနင်္လာ, 19 မတ် 2012
မြေလွတ်မြေရိုင်း ဥပဒေနဲ့ လယ်ယာမြေ ဥပဒေ တွေကို မနေ့က တနလာင်္နေ့မှာ ပြည်ထောင်စု လွှတ်တော် က အတည်ပြုလိုက် တာပါ။ဒီ ဥပဒေတွေက လယ်ယာမြေ အဓမ္မ သိမ်းဆည်း ခံနေရမှု တွေကိုတော့ အနည်း ငယ် အကာအကွယ် ပေးနိုင်မယ့် သဘောရှိပေမဲ့ လယ်သမားတွေရဲ့ လယ်ယာမြေ ပိုင်ဆိုင် လုပ်ကိုင်ခွင့် နဲ့ မြေလွတ် မြေရိုင်း ပိုင်ဆိုင်ခွင့်တွေကိုတော့ အပြည့်အဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုပြီးတော့ လွှတ်တော် အမတ် တချို့က သုံးသပ်ပါတယ်။ ဘာကြောင့် အခုလို သုံးသပ်ကြတာပါလဲ။ ဆက်သွယ် မေးမြန်းထား တဲ့ မသိဂီ င်္ထိုက်က အပြည့်အစုံ တင်ပြပေးပါမယ်။
ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ မြေလွတ်မြေရိုင်း ဥပဒေမှာ ဆိုရင် စီးပွားရေး လုပ်ငန်းရှင် ကြီးတွေကို ဧက ငါးသောင်း အထိ ရယူ လုပ်ကိုင်ခွင့် ပေးထားပေမဲ့ မိရိုးဖလာ ဒေသခံ လယ်သမားတွေ မြေလွတ် မြေရိုင်း တွေ လုပ်ကိုင် လိုတယ် ဆိုရင်တော့ ဧက (၅၀) ထိဘဲ ပေးမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိ မြေလွတ်မြေရိုင်းတွေမှာ လုပ်ကိုင်နေကြတဲ့ ဒေသခံ လယ်သမားတွေရဲ့ လယ်ယာမြေ တွေ ကိုတော့ အစိုးရ အနေနဲ့ အဓမ္မ သိမ်းဆည်းတာ ဖယ်ခိုင်းတာတွေ မလုပ်ရဘူး ဆိုတာကို လွှတ်တော် အမတ် တွေက ထည့်သွင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဥပဒေဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဦးစား ပေးထား တဲ့ ဥပဒေ ဖြစ်ပြီး ဒေသခံ လယ်သမားတွေကို နစ်နာ စေတယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ဝေဖန် လိုက်ပါတယ်။
“လုပ်ငန်းရှင် အကြီးကြီးတွေ ဆိုရင် တစ်ခါဆိုရင် ဧက ငါးသောင်း ခွင့်ပြုပါတယ်။ ပြီးရင်တော့ နောက်ထပ် သူတို့ ငါးထောင်၊ ငါးထောင် ဆီ ခွင့်ပြုမယ့် အလား အလာလည်း ထပ်ပြီး ရှိနေပါတယ်။ အဓိက ကတော့ ဒီ မြေလွတ် မြေရိုင်း ဥပဒေက ကျနော်တို့ ဒီ ဒေသခံ လုပ်ငန်းရှင်လေးတွေကိုတော့ ၁၀ ဧက လောက်ဘဲ သူက ပေးပါတယ်။ လုပ်ငန်းရှင်ကြီးတွေဆိုရင် မြေလွတ် မြေရိုင်းနဲ့ ကျနော်တို့ ငါးသောင်းအထိ ပေးပါတယ်။ အဲဒီ အပေါ် မှာ ကျနော်တို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လာတဲ့ အခါမှာလည်း အဲဒီလိုဘဲ ပေးမှာပါခင်ဗျ။ ပြီးတော့ ပြည်တွင်း လုပ်ငန်းရှင်ကြီးတွေ နဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမယ့် သူတွေရဲ့ အဓိက ကတော့ သူတို့ အတွက် ပြဌာန်းပေးတယ် လို့ ဆိုနိုင်ပါတယ်။”
စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့်တွေ ချထားပေးလာတာက ဒေသခံတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာ နိုင်တယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။
“ဒေသခံတွေ အနေနဲ့ မိမိ ပတ်ဝန်းကျင်မှာလာပြီးတော့ ကုမ္ပဏီတွေ ပုဂ္ဂလိက အဖွဲ့အစည်းတွေက လာပြီး တော့ ရင်းနှီး မြုပ်နှံတဲ့ အခါမှာ သူတို့ရဲ့ ဓားမဦးချ လုပ်ကိုင် စားသောက်တဲ့ မြေတွေ၊ နောက်ပြီးတော့ ဒီ ကျေးရွာ ဘုံပိုင်မြေတွေ ပေါ့ဗျာ။ ဥပမာ ထင်းခုတ်မယ်။ ဝါးခုတ်မယ်။ သစ်ခုတ်မယ်။ နွယ်ဖြတ်မယ်။ အဲဒီ လို လုပ်ငန်းခွင် သုံး ပစ္စည်းတွေ အိမ်သုံး ပစ္စည်းတွေကို အဲဒါ အဲဒီ ဒေသတွေ ပါဝင်သွားတာပေါ့။ ဒေသခံတွေ လည်း တော်တော်ကို ဒုက္ခ ရောက်ပါတယ်။ ဒေသခံတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေ အချက်အလက် တွေ လိုတာပေါ့။ နို့မို့ရင် ဒီ လုပ်ငန်းရှင်ကြီး တွေက အဲဒီ နေရာရောက်တော့ ဒေသခံတွေမှာ တော်တော့်ကို အကြပ် အတည်း ဖြစ်တာရှိပါတယ်။ တချို့ဆိုရင် တောမတက်ရ၊ တောတက်၊ တောင်တက် နေရာတောင် မရှိတော့ ဘူးဆို။ ကျွဲမြေ နွားမြေ လွှတ်ကျောင်းတဲ့ နေရာတွေ မရှိတော့ဘူး။ အဲဒီလို အခြေအနေမျိုး ဖြစ်သွားတဲ့ အခါမှာ သူတို့ အနေနဲ့ တော်တော်ကို ဒုက္ခရောက်တယ်။ အဲဒီတော့ ဘယ်လို ဖြစ်လာလဲဆိုတော့ လုပ်ငန်းရှင်နဲ့ ဒီ အောက်ခြေ ဒေသခံတွေ နဲ့ ပြဿနာ ဖြစ်လာတာပေါ့။”
တနလာင်္နေ့မှာဘဲ လွှတ်တော် အတည်ပြုလိုက်တဲ့ လယ်ယာမြေ ဥပဒေကြမ်းဟာလည်း လယ်သမားတွေရဲ့ လယ်ယာ ပိုင်ဆိုင်ခွင့်ကို ပေးမထားပါဘူး။ လယ်သမားတွေ အနေနဲ့ လယ်ယာ လုပ်ပိုင်ခွင့်ကို စည်းမျဉ်း စည်းကမ်းနဲ့ အညီ လွှဲပြောင်းခွင့် ရှိတယ်လို့ ဥပဒေမှာ ဖော်ပြထားပေမဲ့ အစိုးရက လိုအပ်ရင် သိမ်းဆည်း ခွင့် ရှိတယ်လို့ အတိအကျ ဖော်ပြထားပါတယ်။ လယ်ယာမြေ ဥပဒေမှာ စားကျက် မြေတွေ သတ်မှတ်ပေးဖို့ ဖြည့်စွက် ပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။
“လယ်ယာမြေနဲ့ ပတ်သက်လို့ ခုနကလို မြေနုကျွန်းတို့၊ တခြား နှစ်ရှည်တို့၊ ယာတို့၊ တောင်ယာတို့၊ စပါးစိုက် တဲ့ လယ်မြေတို့ ဘာညာ ခွဲခြားတဲ့ အခါမှာ တိရစ္ဆာန် မွေးမြူရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍတစ်ခုကိုလည်း ဥပဒေ အရ သတ်မှတ်တဲ့ နေရာမှာ မွေးမြူခွင့် ရှိရမယ် ဆိုတဲ့ ပုံစံ နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး လယ်ယာ မြေ မှာ တကယ် တကယ် လယ်လုပ် ကိရိယာဖြစ်တဲ့ ခိုင်းကျွဲ နွားတွေ တခြား လယ်လုပ် ကိရိယာ တွေ ကို ထားဖို့၊ သိုဖို့ အတွက် ထားခွင့်ပေါ့နော်။ ဟိုတုန်းကဆိုရင် Pasture ရှိတယ် ဗျ။ စားကျက်မြေ။ အခု စားကျက် မြေ လည်း ပျောက်ပျက်ကုန်ပါပြီ။ အဲဒါမျိုး ထားခွင့်ကို ကျနော်တို့ က မရခဲ့ပါဘူး။ ဒါပေမဲ့ လို့ လယ်ယာ မြေပေါ်မှာ ခုနကလို ဆန်စက်လို ဟာမျိုး စပါးလှောင်တဲ့ ဂိုဒေါင်ကြီးလိုဟာ မျိုး ဒါ တည်ထောင် ဆောက်လုပ် ထားတာ ခွင့်ပြုတဲ့ သဘော မို့လို့ ကျနော် အနေနဲ့ အဲဒါလေး ကိုတော့ ဆွေးနွေးခဲ့ပါတယ်။”
တနလာင်္နေ့ မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မြေလွတ်မြေရိုင်း ဥပဒေကြမ်း၊ လယ်ယာမြေ ဥပဒေကြမ်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ ကြမ်းတွေကို အတည်ပြု ခဲ့ကြပါတယ်။ ဒီဥပဒေတွေကို သမ္မတ လက်မှတ် ရေးထိုး ပြီးရင်တော့ ဥပဒေ အဖြစ် ထွက်ပေါ်လာဖို့ရှိပါတယ်။ ဒီ ဥပဒေတွေမှာ လိုအပ်ချက်တွေတော့ အများ ကြီး ရှိနေပါတယ်။ လွှတ်တော် အမတ်တွေကတော့ ဒီဥပဒေတွေကို လက်တွေ့ ကျင့်သုံးလာတဲ့ အခါမှာ ပြည်သူ လူထုရဲ့ ထောက်ပြချက်နဲ့ လိုအပ်ချက်တွေကို လွှတ်တော်က ဆက်ပြီး ပြင်ဆင် သွားရအုံးမယ်လို့ ပြော ပါတယ်။
Ref: VOA News
Read More...
Collapse...
ဇာနည်မာန်
March 19, 2012
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင် တဦးဖြစ်သူ ထောင်ဒဏ် တသက်တကျွန်း ချမှတ် ခံထားရသော ပဒို မန်းငြိမ်းမောင်ကို ယနေ့ နံနက်တွင် အင်းစိန်ထောင်မှ ပြန်လွှတ်ပေး လိုက်ကြောင်း သတင်း ရရှိသည်။
“သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ပုဒ်မ ၄၀၁ ရယ်နဲ့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ မနက် ၈ နာရီက လွှတ်ပေး ပြီးတော့ အခု အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) ရုံးကို ခေါ်သွားတယ်လို့ သိရပါတယ်” ဟု ပဒို မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ပဒို မန်းငြိမ်းမောင်ကို မိခင်အဖွဲ့အစည်းဖြစ်သည့် KNU သို့ မကြာမီ ပြန်လည်ပေးပို့မည်ဟုလည်း သိရသည်။
ပဒို မန်းငြိမ်းမောင်အား နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် တသက် တကျွန်း၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၃ နှစ်တို့ဖြင့် အင်းစိန် အထူး တရားရုံးက မတ်လ ၁၃ ရက်နေ့တွင် စီရင်ချက် ချထားခဲ့ရာမှ ယခု ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်သည်။
နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပဒို မန်းငြိမ်းမောင်ကို မကြာမီ လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တရုတ်ပြည် ကူမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံ ရန်ကုန် လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူး လက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီး အရေးယူ ခံခဲ့ရသည်။
ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
လွတ်မြောက်ရန် ၂၂ ရက် အလို ပြီးခဲ့သည့် ဇန်န၀ါရီ ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟို ကော်မတီဝင် ဖြစ်သည် ဟူသော အကြောင်း ပြချက်ဖြင့် နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့် ထပ်မံ စွဲချက်တင် တရားစွဲခံခဲ့ရသည်။
Ref: ဧရာဝတီ
Read More...
Collapse...