ကွန်းချမ်း
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးကို လာမည့်လအတွင်း ကျင်းပရန် စီစဉ်ထားပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကိစ္စမှာ အဓိက ဆွေးနွေးမည့် အကြောင်းအရာ တခု ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာပိန်ခိုင်းက ပြောသည်။
“ငြိမ်းချမ်းရေး ကိုယ်စားလှယ်နဲ့ တွေ့တုန်းက ကျနော်တို့ ဘာမှဆုံးဖြတ်ချက် မချခဲ့ဘူး၊ ညီလာခံ မစခင် ဒီအကြောင်း ဆွေးနွေး ဖြစ်လိမ့်မယ်။” ဟု နိုင်ဟံသာပိန်ခိုင်းက ဆိုကာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တင်ပြလာသော အစိုးရ ကမ်းလှမ်းချက် အပေါ် ဆွေးနွေးမှာ ဖြစ်သည်ဟု ဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက် နောက်ပိုင်းတွင် မွန်ပြည်သစ်ဌာနချုပ် ရှိရာ ရေးချောင်းဖျားဒေသတွင် သုံးနှစ်တကြိမ် ကျင်းပ သည့် အဋ္ဌမအကြိမ် ပါတီ ညီလာခံကိုလည်း ကျင်းပမည် ဖြစ်သည်။ ညီလာခံသို့ ခရိုင် သုံးခုမှ ကိုယ်စားလှယ် တရာကျော် တက်ရောက် လိမ့်မည် ဖြစ်ကာ ဗဟိုကော်မတီဝင်များကို ပြန်လည်ရွေးချယ်ခြင်း အပါအဝင် ရှေ့လုပ်ငန်းစဉ် များကို ချမှတ်မည် ဖြစ်သည်။
မွန်ပြည်သစ်နှင့် ငြိမ်းချမ်းရေးကိစ္စအတွက် ပြည်နယ်အစိုးရက တိုက်ရိုက်စကားပြောသလို အရပ်ဘက်မှ သြဇာ ရှိသူများ ပါဝင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တခုကိုလည်း ဖွဲ့စည်းထားကာ ကြားဝင် ပေးစေသည်။
နိုဝင်ဘာ ၁၃ နှင့် ၁၄ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပလိုင်ကျေးရွာ ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ ဦးဆောင်သည့် ငါး ဦးပါ ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ် ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သည့် ဗဟို အလုပ်အမှုဆောင် အဖွဲ့တို့ နှစ်ရက်တိုင် ဆွေးနွေး ခဲ့ကြသေးသည်။
ကိုယ်စားလှယ်အဖွဲ့က အပစ်အခတ် ရပ်ရန်၊ ဆက်ဆံရေးရုံး ထားရှိရန်၊ သတ်မှတ်နယ်မြေ ပြင်ပသို့ လက်နက် ကိုင်ဆောင် သွားလိုပါက ကြိုတင် သဘောတူညီမှု ရယူရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရနှင့် ညှိနှိုင်း လုပ်ဆောင်သွားရန် ဟူသော ပြည်နယ် အစိုးရထံမှ သတင်းစကားများ ယူဆောင် လာခဲ့သည်။
အောက်တိုဘာလ ခြောက်ရက်နေ့တွင် မွန်ပြည်သစ်ဘက်မှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ ဦးဆောင်သည့် ကိုယ်စား လှယ်များနှင့် အစိုးရဘက်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဦးဆောင် သည့် ကိုယ်စားလှယ်များ ရေးမြို့ အခြေစိုက် ခလရ (၆၁) စစ်တပ်ဝင်းတွင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ခဲ့ကြသေးသည်။ နှစ်ဘက်လုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း ဆွေးနွေးမှု အောင်မြင်ဟန် မရှိဟု လေ့လာ သူများက သုံးသပ်ထားသည်။
သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်အဖြစ် လွှဲအပ်ခံထားရသူဖြစ်သော ရထားပို့ဆောင်ရေး ဝန်ကြီးက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် UNFC အခြေခံအဖွဲ့ဝင် အများစုကို နိုဝင်ဘာ ၁၉ နှင့် ၂ဝ ရက်များတွင် သီးခြားစီ တွေ့ဆုံ ခဲ့သော်လည်း မွန်ပြည်သစ် ကတော့ မပါဝင်ဘဲ ဖြစ်ခဲ့သည်။ ကရင်အမျိုသား အစည်းအရုံး၊ ကရင်နီ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား တပ်ဦးနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့တို့နှင့် ဦးအောင်မင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
နောက်ထပ်ကျန်ရစ်သော UNFC အဖွဲ့ဝင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှာလည်း ဗဟိုအစိုးရက အာဏာလွှဲအပ် ထားသော နောက်ထပ် ကိုယ်စားလှယ် အဖွဲ့တခုဖြစ်သည့် အောက်လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အောက်လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦအောင်သောင်း တို့နှင့် အောက်တိုဘာ ၂၉ ရက်နေ့တွင် နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်။
Ref: မဇ္ဈိမ
Friday, November 25, 2011
မွန်ပြည်သစ် ဗဟိုအစည်းအဝေး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမည်
အရှင်ဂမ္ဘီရ ကျန်းမာရေးကြောင့် မိသားစုနှင့် ပြန်နေရန်လိုဟုဆို
သဲသဲ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၁
နယူးဒေလီ(မဇ္ဈိမ)။ ။ ကလေးမြို့ အကျဉ်းထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွှေ့ခံရသည့် ဆရာတော် ဦးဂမ္ဘီရ၏ စိတ်ကျန်းမာရေး အခြေအနေ စိုးရိမ်ရသဖြင့် မိသားစုနှင့် အတူတကွ ပြန်လည်နေထိုင်ရန် လိုအပ်ကြောင်း ထောင်ဆရာဝန်က အကြံပြုသည်ဟု ဆရာတော်၏ အမဖြစ်သူက ပြောသည်။
ထောင်တွင်း ဆက်လက်ထားရှိပါက မူလစိတ် အခြေအနေ ပြန်ရောက်ရန် မလွယ်ကူဟု ထောင်ဆရာဝန် ပြောကြောင်း တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ဦးဂမ္ဘီရ၏ အမဖြစ်သူ မခင်သူဌေးက ပြောသည်။။
အရှင်ဂမ္ဘီရမှာ အကျဉ်းထောင်အတွင်း စိတ်ရောလူပါ ညှင်းပန်းနှိပ်စက် ခံရမှုကြောင့် စိတ်ဒဏ်ရာ ရှိသွားခြင်း ဖြစ်သည်ဟုလည်း မိသားစုက ယုံကြည်နေသည်။
“ထောင်ထဲမှာ တလလုံး လက်ရောခြေရော ခတ်ထားပြီး ထိုင်ခုံမှာပဲ အပေါ့အလေးသွားခိုင်း၊ ခေါင်းကို အိတ်အမဲ စွတ်ပြီး တုတ်နဲ့ရိုက်၊ ဒီဒဏ်ရာတွေက နည်းမှ မနည်းတာ။ ဒဏ်ရာတွေ ပေါ်လာရင် သူတို့က အိပ်ဆေးထိုး ဖြေရှင်းတာ။ လွတ်လာတဲ့ သူတွေ ပြောပြ တာပေါ့နော်။ ဦးဇင်းကတော့ အမတို့ကို မပြောဘဲ ထိန်းချုပ်ထားပုံ ရတယ်။” ဟု မခင်သူဌေးက ဆိုသည်။
ဆရာတော်၏ ကျန်းမာရေး အခြေအနေအား ငဲ့ညှာကာ လွှတ်ပေးရန် မိသားစုက သမ္မတ ဦးသိန်းစိန်ထံ စာရေး သား တောင်းဆို သွားဦးမည်ဟု ဆိုသည်။ ဦးဂမ္ဘီရ၏ မိသားစုက ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် သမ္မတထံ အသနားခံစာ ရေးသား ပေးပို့ခဲ့သေးသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြာသပတေးနေ့တွင် နေပြည်တော်၌ မှတ်ပုံတင်မည့် အရေးနှင့် ပတ်သက်၍ “NLD ပါတီဝင်လည်း မဟုတ်တော့ မကန့်ကွက်ဘူး၊ ဒါပေမယ့် ထပ်ပြောမယ် မထောက်ခံဘူး။” ဟု ဦးဂမ္ဘီရမှ ပြောဆို ကြောင်းလည်း မခင်သူဌေးက မဇ္ဈိမကိုပြန်လည် ပြောပြသည်။
ဦးဂမ္ဘီရကို စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရာမှ ရန်ကုန်ရှိ အင်းစိန်ထောင်သို့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ခေါ်ဆောင်သွားခဲ့ပြီး နောက်တရက်တွင် ဧရာဝတီတိုင်း မြောင်းမြမြို့ အကျဉ်းထောင် သို့ ပြောင်းရွှေ့ခဲ့သည်။
ဓမ္မာစရိယတန်း စာသင်သား ဦးဂမ္ဘီရသည် သက်တော် ၂၉ နှစ်အရွယ်၌ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့ လှုပ်ရှားမှုတွင် သံဃာ့ တပ်ပေါင်းစု၏ ဦးဆောင် ဆရာတော်တပါး အဖြစ် ပါဝင်ခဲ့ရာ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အီလက်ထရောနစ် ပုဒ်မ အပါအဝင် ပုဒ်မ ၁၃ ခုဖြင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၆၃နှစ် ချမှတ်ခံခဲ့ရသည်။
Ref: မဇ္ဈိမ
Tuesday, November 22, 2011
မြန်မာ့လူ့အခွင့်အရေး ဆုံးဖြတ်ချက် ကုလအတည်ပြု
ဒေါ်ခင်မျိုးသက်
တနင်္လာ, 21 နိုဝင်ဘာ 2011
နိုင်ငံပေါင်း ၄၈ နိုင်ငံက ဦးဆောင်တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုပြုချက် မူကြမ်းကို (၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တနင်္လာနေ့က ဆွေးနွေး ခဲ့ကြပြီးတော့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၉၈ မဲနဲ့ အတည်ပြု ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆက်ပြီးတော့ ချိုးဖောက်မှုတွေ လုပ်နေတာကို အထူး စိတ်ပူသလို နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လုပ်ပေးဖို့၊ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေ ပေးဖို့ တောင်းဆို လိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က အစီရင်ခံထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်တဲ့ တတိယ ကော်မတီမှာ နိုင်ငံပေါင်း ၄၈ နိုင်ငံကနေ ဦးဆောင် တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုပြုချက် မူကြမ်းကို တနင်္လာနေ့မှာ ဆွေးနွေး ခဲ့ကြတာပါ။ ဆွေးနွေးပွဲအပြီး မဲခွဲ ဆုံးဖြတ်ရာမှာ နိုင်ငံပေါင်း ၉၈ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ပြီး ၂၅ နိုင်ငံက ကန့်ကွက်မဲ၊ ၆၃ နိုင်ငံက မဲမပေးဘဲ နေခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက်ကို ထောက်ခံမဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။
အခုတကြိမ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ပြင်းပြင်းထန်ထန် သတိပေးထားပြီး လက်တွေ့နဲ့ ထင်ဟပ်မှုရှိတာဟာ ထူးခြားတယ်လို့ ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ Burma Fund အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။
“ဆုံးဖြတ်ချက်က ဒီနှစ်ထူးခြားတာကတော့ ကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြုသဘော ဆောင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ကြိုဆိုတာတွေ၊ မှတ်ချက်ပြုတာတွေ ရှိသလို ဆက်ပြီးတော့ ဖြေရှင်းရမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ် နေသေးတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲဖို့၊ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ အပစ်အခတ် ရပ်စဲပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးကို တနိုင်ငံလုံး အတိုင်း အတာအသွင် လုပ်ဆောင်ဖို့၊ တိုင်းရင်းသား အင်အားစုတွေ ကိုလည်း နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်ဖို့ ဆွေးနွေးတာတွေ တွေ့ရပါတယ်။ အာဆီယံ နိုင်ငံတွေထဲက ထိုင်းတို့၊ အင်ဒိုနီးရှားတို့၊ စင်ကာပူ တို့ကတော့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ တော်တော်လေး အပြုသဘော ဆောင်ပြီးတော့ ဆွေးနွေး သွားတယ်။
“ထူးခြားတာကတော့ အရင်တုန်းက ဆွေးနွေးနေကျ အနောက်နိုင်ငံတွေအပြင်ကို အာဖရိက က ဘော့စ်ဝါးနား ဆိုလို့ရှိရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတဲ့ ပြဿနာတွေ ရပ်တန့်အောင် ကိုင်တွယ် ဆောင်ရွက်ဖို့နဲ့ တကယ့် အင်အားစု အားလုံး ပါဝင်တဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုကို ပြောသွားတာ တွေ့ရပါတယ်။ ဘရာဇီးလ်က အလားတူပဲ တဘက်မှာ ပြုပြင် ပြောင်းလဲမှုတွေအတွက် မျှော်လင့်သလို တိုင်းရင်းသားဒေသ တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ရပ်စဲဖို့ တောင်းဆို သွားတာ တွေ့ရတယ်။”
အမေရိကန်၊ ဗြိတိန်၊ ကနေဒါ တို့လို မြန်မာ့အရေးကို အရင်ကတည်းက တစိုက်မတ်မတ် အားပေးလာခဲ့တဲ့ နိုင်ငံတွေ ကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် အစိုးရသစ်က ကတိပေးထားတဲ့ အတိုင်း မလုပ်ဘဲ ဆက်လက် ချိုးဖောက် နေတာတွေအတွက် အထူး စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်ထဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်ဆောင်မှု အတွက် ကန့်သတ်မှုတွေ မလုပ်ဖို့ တောင်းဆိုတာ ပါဝင်တယ်လို့ ပြောပါတယ်။
“နိုင်ငံတကာရဲ့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင် သင့်တယ်ဆိုတဲ့ အမြင်ရှိပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး ဆောင်ရွက်မှုတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ပေးဖို့ ဆိုပြီးတော့ ထပ်မံ တိုက်တွန်းတဲ့ သဘောမျိုး ဖြစ်ပါတယ်။”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် တာဝန်ယူဖို့ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနဲ့ နိုင်ငံရေး လုပ်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးဖို့ကိုလည်း တောင်းဆို ထားပါတယ်။ ဒီအထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေပါ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်စေဖို့ လိုအပ်သလို ကျန်နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသား ၂၂၀ လောက် လွှတ်ပေမဲ့လို့ နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ လွတ်မြောက်ဖို့၊ ထောင်ထဲမှာရှိတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကိုလည်း ထောက်ပြထားတာ ရှိပါတယ်။ အဲဒီမှာ အရေးကြီးတဲ့ တိုင်းသိပြည်သိ ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင်တွေ၊ ခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားတဲ့ ကိုမြင့်အေးတို့လို ပုဂ္ဂိုလ်တွေ၊ ရွှေဝါရောင် တော်လှန်ရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဦးဂမ္ဘီရတို့လို ပုဂ္ဂိုလ်မျိုးတွေကို ပိုပြီးတော့ ခပ်မြန်မြန် လွှတ်ဖို့ဆိုတဲ့ သဘောမျိုး တိုက်တွန်းတာ တွေ့ရတယ်။”
ဒါ့အပြင် အခုထိ နိုင်ငံရေးနဲ့ဆက်နွယ်နေသူတွေကို ဖမ်းဆီးအကျဉ်းချမှုတွေ ရှိနေတာနဲ့ မြန်မာ့ အကျဉ်းထောင် တွေရဲ့ အခြေအနေ ဆိုးရွားမှုတွေကို ပြုပြင်ဖို့အပြင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ဆက်လက် သွားရောက်ခွင့်တွေ ပေးဖို့လည်း တိုက်တွန်း ထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ရာမှာ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်က ဆက်လက်ပြီး ကူညီပံ့ပိုး ပေးသွားဖို့ ရှိတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဖာရင်ဟိုက်က အခုလို ပြောပါတယ်။
“အတွင်းရေးမှူးချုပ်ဟာ မကြာသေးခင်က မြန်မာခေါင်းဆောင် ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲရေးကို ဆက်လက် လုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂရဲ့ ကူညီပံ့ပိုးမှုကို ရရှိမယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း အသိပေး ခဲ့ပြီးပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို ကုလသမဂ္ဂက ဆက်လက်ထောက်ခံ အားပေး သွားမှာဖြစ်သလို အတွင်းရေးမှူးချုပ် အနေနဲ့လည်း အဆင်ပြေရင် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။”
တနင်္လာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေး ဆုံးဖြတ်မှုတွေဟာ တန်ဖိုးရှိတဲ့ လုပ်ဆောင်မှုတွေ ဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ် ကလည်း ပြောကြားလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကနေ မြန်မာနိုင်ငံရဲ့ တိုးတက်မှု လက္ခဏာတွေ အတွက် အားပေးခဲ့သလို အထူးသဖြင့် တိုင်းရင်းသား ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆက်မပြတ် ဖြစ်နေတာတွေဟာ စိုးရိမ်စရာ ဆိုတာကို ထောက်ပြပြီး မြန်မာသမ္မတ ကတိပေးထားတဲ့ တကယ့်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်း ထားတာဟာ မြန်မာပြည်သူတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ မေ့မထားဘူးဆိုတာ ပြသနေတယ် လို့လည်း ပြောကြား ခဲ့ပါတယ်။
Ref: VOA News
အပစ်ခတ်ရပ်စဲရေး နီးစပ်နေပြီလို့ တိုင်းရင်းသားအဖွဲ့များ ပြောဆို
2011-11-21
မြန်မာအစိုးရရဲ့ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ် အဖွဲ့ဟာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ထိုင်း မြန်မာ နယ်စပ် ဒေသမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်တွေက အာရ်အက်ဖ်အေကို အတည်ပြု ပြောဆိုပါတယ်။
KNU ကရင် အမျိုးသား အစည်းအရုံး အပြင် SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့တွေနဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေ နိုဝင်ဘာလ ၁၉ ရက်က ထိုင်း မြန်မာနယ်စပ်မှာ တစ်ဖွဲ့ချင်းစီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။
KNU နဲ့ မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးမှုဟာ ပဏာမ အဆင့်လို့ KNU ကရင် အမျိုးသား အစည်းအရုံး ခေါင်းဆောင် တစ်ဦး ဖြစ်သူ Naw Zippora Sein က ပြောပါတယ်။
အလားတူ RCSS SSA ရှမ်းပြည် တပ်မတော် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွတ်စစ် နဲ့ အဖွဲ့ဟာ အစိုးရ ကိုယ်စားလှယ်အဖွဲ့ နဲ့ ဆွေးနွေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်းက အခုလို ပြောပါတယ်။
“နဂိုကတည်းက ငြိမ်းချမ်းရေး ရအောင် မကျေလည်သေးတဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြဖို့ ကျွန်တော်တို့လည်း ကြေညာခဲ့ပြီးသားပါ။ အစိုးရကလည်း ကမ်းလှမ်းလာတဲ့ အတွက် ကျွန်တော်တို့ကလည်း သမ္မတကြီးထံ အကြောင်း ပြန်ကြားခဲ့ပါတယ်”
SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းအနေနဲ့ လာမဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း အာရ်အက်ဖ်အေ ကို ပြောပါတယ်။
မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့မှာ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ ရန်ကုန် အခြေစိုက် EGRESS အဖွဲ့က ဒေါက်တာ နေ၀င်းမောင်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ငါးလုပ်ငန်းက ဦးတင်မောင်သန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
အခုလို တိုင်းရင်းသား အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ဖြစ်မြောက်လာအောင် ၀ိုင်းဝန်း ကူညီပေးသူက မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတ စပ်ရွှေသိုက်ရဲ့သား ဥရောပ အခြေစိုက် Euro-Burma Office တာဝန်ခံ ဦးဟန်ညောင်ဝေ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ KNU နဲ့ SSA တောင်ပိုင်း အပြင် KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ CNF ချင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦး အဖွဲ့တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Ref: RFA News
ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲ
မင်းသက်
တနင်္လာနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁
ရန်ကုန် (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အမှတ် ၁ ရပ်ကွက်ရှိ ကြံ့ခိုင်ရေး ပါတီရုံးတွင် တနင်္ဂနွေနေ့ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြန်အောင် မြို့နယ် ရဲစခန်းထံမှ သိရသည်။
ပေါက်ကွဲသော ဗုံးသည် လက်လုပ်ဗုံး အမျိုးအစားဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားစဉ် အဆိုပါရုံးတွင် လူ လေးဦး ရှိနေသော်လည်း ထိခိုက်ဒဏ်ရာ မရရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ပေါက်ကွဲတဲ့ အချိန်မှာဦးကျော်ဌေးဆိုတဲ့လူ ရှိတယ်။ သူက ပါတီကပေါ့။ နောက်ထပ် လူငယ်သုံးယောက် ရှိတယ်။ ပေါက်ကွဲသံ ကတော့ နည်းနည်း ကျယ်တယ်။ ပေါက်ကွဲတဲ့ နေရာက ပါတီရုံး နောက်ဘက်ကျမှာပေါ့။ အဲဒီမှာ တိုယိုတာ ဟိုင်းလတ် ကားတစီး ထားတယ်။ ကားတစီး ပျက်သွားတယ်။ ပြီးတော့ ရုံးတွင်းမှာရှိတဲ့ ရုံးသုံး ကွန်ပျူတာတွေ၊ စာရွက်တွေ ပျက်တာပေါ့” ဟု မြန်အောင်ဒေသခံက မဇ္ဈိမကို ပြောသည်။
ယင်းအပြင် ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံ ဖြစ်သော အမြင့် ၁၂ ပေ၊ အလျား ပေ ၆၀ ၊ အနံ ၂၆ ပေ ရှိ RC နှစ်ထပ် အခန်းတွင် အချင်း ၁၂ ပေခန့်ရှိ နံရံအပိုင်းမှာ လုံးဝ ပျက်စီး သွားကြောင်း သိရသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သူ့ လက်ချက်ဖြစ်ကြောင်းကိုမူ မသိရသေးပေ။
“ကျနော်တို့ ဖြစ်စဉ်ကိုကြည့်ပြီးတော့ စုံစမ်းနေပါတယ်” ဟု မြန်အောင်ရဲစခန်းမှ ရဲအရာထမ်းတဦးက ဆိုသည်။
Ref: မဇ္ဈိမ
NLD အမှတ်တံဆိပ် ပြောင်းလဲ အသုံးပြုမည်
သဲသဲ
တနင်္လာနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁
နယူးဒေလီ(မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမှတ်တံဆိပ် ဖြစ်သော ခမောက်ပုံကို ပါတီပြန်လည် မှတ်ပုံ တင်ရာ၌ အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။
“ဘာကိုပြောင်းမယ်ဆိုတာ စိတ်ကူးမရှိသေးဘူး။ ဒါပေမယ့် ခမောက်တံဆိပ် လိုဂို ကတော့ ကျနော်တို့ သုံးမှာ မဟုတ်တော့ဘူး၊ ဝိဝါဒ ဖြစ်စရာတွေ ရှိနေလို့။” ဟု NLD၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။ ပါတီတံဆိပ် ပြောင်းမည်ဖြစ်သော်လည်း ပါတီ အလံအား ပြောင်းလဲရန် မရှိဟုဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားသည့် အခြားပါတီတခုက ခမောက်တံဆိပ် အသုံးပြုထားသဖြင့် NLD ပါတီ၏ အမှတ် တံဆိပ်ကို အခြားတံဆိပ်ဖြင့် ပြောင်းလဲ မှတ်ပုံတင်ရန် စီစဉ်နေခြင်းဟုလည်း သိရသည်။
ပါတီ၏ အမှတ်တံဆိပ် ပြောင်းရန်နှင့် ပါတီမှတ်ပုံတင်ရေး လုပ်ငန်းစဉ်များအတွက် လာမည့် သီတင်းပတ် အတွင်း ဗဟို အလုပ်မှုဆောင်များ အစည်းအဝေး ကျင်းပမည် ဖြစ်သည်။ ပါတီ ပြန်လည် မှတ်ပုံတင်ကာ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် NLD၏ ဗဟိုကော်မတီ ဝင်များက ဆုံးဖြတ် ခဲ့ကြသည်။
NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၉၃ ပါတီအနက် ခမောက်ကို ရွေးကောက်ပွဲဝင် သင်္ကေတ အဖြစ် အသုံးပြုသည့် တခုတည်းသော ပါတီဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်း ခဲ့သည့် ပါတီ သက်တမ်း တလျှောက်တွင်လည်း ခမောက် တံဆိပ်ကို အစဉ်တစိုက် အသုံးပြုခဲ့သည်။
သို့သော် ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီ ခေါင်းဆောင်ဟောင်းများ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)က ခမောက်ပုံအား ပါတီ အမှတ်တံဆိပ် အဖြစ် အသုံးပြုသဖြင့် NLDက ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ရာ ရှုံးနိမ့်ခဲ့သည်။
ပါတီ၏ အမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ရာတွင် မှတ်ပုံတင်ပြီးသည့် အခြားပါတီ တခု၏ အမည်၊ အလံ၊ အမှတ် တံဆိပ်တို့နှင့် တူညီလျှင် သို့မဟုတ် ဆင်တူရိုးမှား ဖြစ်နေလျှင် ကွဲပြားစေ ရန် ကော်မရှင်က ညွှန်ကြား ရမည်ဟု နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
Ref: မဇ္ဈိမ
Monday, November 21, 2011
ထိပ်တန်းကျသော အစိုးရ
အခုတလော စာရေးပျက်တာတွေ များနေတယ်။ နိုဝင်ဘာလလယ် ရောက်နေတာတောင် ရန်ကုန်မှာ ဆောင်းမ၀င် သေးဘဲ ပူမြဲ ပူနေသေးတာကြောင့် နေလို့ထိုင်လို့ သိပ်မကောင်းဘူး။ ပြီးတော့ ဒီရက်ပိုင်းအတွင်း ခေါင်းပူစရာ တွေကလည်း များတယ်။
လွတ်ပြီဆိုနဲ့ ၀င်မယ်ဆို
တိုင်းရေးပြည်ရေး လှုပ်လှုပ်ရှား ရှားဖြစ်လာတဲ့ အခါမျိုးတွေဆိုရင် ဧည့်များသလို ဖုန်းခေါ်သံတွေလည်း များတယ်။ မျက်စိကြီး နားကြီး ရပ်ကွက်ထဲက လူတစ်ယောက်လို့ အများက ထင်မှတ်မှား နေကြလေတော့ တစ်ခုခု အသံကြားတိုင်း လှမ်းမေး တတ်ကြတယ်။ ဒီရက်ပိုင်းမှာတော့ 'လွတ်ပြီဆို' နဲ့ '၀င်မယ်ဆို' မေးခွန်း နှစ်ခုကို မောလောက်အောင်ကို ဖြေနေရတယ်။ မသိပါဘူး၊ မကြားပါဘူး၊ မသိပါဘူး။ မကြားပါဘူးပေါ့။ ဟုတ်တယ်လေ နိုင်ငံ့အရေး ပေါက်နဲ့ကျေးဆိုတာ အင်မတန် ခန့်မှန်းရ ခက်တာကလား။ မိုးလေ၀သ ခန့်မှန်းသလို ရာသီဥတု သာသာယာယာရှိ မယ် ခန့်မှန်းထားပေမယ့် တ၀ုန်းဝုန်း တဒိုင်းဒိုင်း ထစ်ချုန်းပြီး မိုးတွေသည်း ကြီးမဲကြီး ရွာချင် ရွာချတတ်တာ။
ဒီမိုကရေစီကြာတောမိုး
မျက်စိကြီးနားကြီး ရပ်ကွက်သားဆိုပေမယ့် မျက်စိကမှုန်သီပြီး နားကလည်း ထိုင်းနေပြီဆိုတော့ တည့်တည့် ပြောမှ ရိပ်မိတယ် ဆိုရုံလောက် ရှိတော့တာ။ အဲဒီတော့ မသိပါဘူး။ မကြားပါဘူး ဆိုတာထက် ဘာမှ ပိုမပြောနိုင် တော့ဘူး။ ဒီမိုကရေစီ ဆိုတာကလည်း ကြာတောမှာရွာတဲ့ ပေါက္ခရ ၀သမိုးလို စိုချင်တဲ့ နေရာမှာ စိုပြီး ခြောက်ချင်တဲ့ နေရာမှာ ခြောက်တဲ့ သဘောရှိတယ် ထင်ပါရဲ့။ အများအားဖြင့်တော့ ရုပ်မြင်သံကြားမှာ ထုတ်ပြန်ကြေညာ တော့မှ သိရတာချည်းပါပဲ။ ကိုယ်တိုင်က သတင်းသမား ဖြစ်တော့ အချက်အလက် မရှိရင် မပြောတတ်ဘူး။ ရော်ရမ်းမှန်းဆလည်း မလုပ်တတ်ဘူး။ ခုအချိန်မှာ သတင်းစာ ထုတ်မလားလို့မေးရင် ခေါင်းခါမိမှာပဲ။ ဘယ်လိုမှ လုပ်တတ်မှာ မဟုတ်တာ သေချာတယ်။
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်
စာတွေအများကြီးရေးနေတော့ ဓာတ်မသိသူတွေ ကတော့ မျက်စိကြီး နားကြီးလို့ ထင်ကြ ရှာတာပေါ့။ အဲဒီ အထင်နဲ့ပဲ တစ်ခုခု လှုပ်လှုပ်ရွရွ ကြားရမြင်ရတာနဲ့ ဖုန်းလှမ်း ဆက်ကြတယ်။ တက္ကသိုလ် ရိပ်သာလမ်းက ခြံထဲကို ဘယ်အချိန်က ကားဘယ်နှစင်း ၀င်သွားတယ် ဆိုတာမျိုး၊ အင်းစိန်ထောင် ဗူးဝမှာ သတင်းထောက်တွေ အများကြီး လာစောင့်နေတယ် ဆိုတာမျိုး သတင်းတွေ လှမ်းပြောကြတယ်။ ဒီလိုနဲ့ပဲ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလို လူထုဆီက ရတဲ့ သတင်းတွေကို လူထုဆီ ပြန်ပို့ပေးရတယ်။ နည်းနည်းလေး ၀ါယမ စိုက်ထုတ်ပြီး သေချာ အောင် ထပ်ဆင့် မေးမြန်းရတာမျိုးတော့ ရှိတာပေါ့လေ။ ဒါလောက်ကလေးမှ မလုပ်ရင်လည်း သတင်းသမားလို့ အခေါ်မခံ ထိုက်တော့ပါဘူး။
စောင့်ကြည့်မယ်ဆိုတဲ့ ကိစ္စ
သမ္မတဦးသိန်းစိန်အစိုးရကို မထောက်ခံသေးဘူး။ ထောင်ထဲက လူတွေလွှတ်၊ မလွှတ် ဆိုတဲ့စံနဲ့ ပြည်တွင်းစစ် ရပ်စဲရေး လုပ် မလုပ် ဆိုတဲ့ စံနှစ်ခုနဲ့ ချိန်ထိုးပြီး စောင့်ကြည့်ဦးမယ်လို့ ဂျာနယ်တွေ အတော်တော်များများမှာ ရေးခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းကြသူ တော်တော် များတယ်။ တချို့က ဖုန်းဆက်တယ်။ တချို့က စာရေးတယ်။ တချို့က လူကိုယ်တိုင် လာပြီးမေးတယ်။ အင်တာနက်က တစ်ဆင့် မေးတာတွေလည်း ရှိတယ်။ တချို့က စောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာ လိုသလဲ ဒီပုတ်ထဲက ဒီပဲ တွေပဲ မဟုတ်ဘူးလားလို့ စောဒက တက်ကြတယ်။ တက်ပါစေ။ ဒီလို ကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင် ခေါင်းညိတ်လုပ်တဲ့ အကျင့်တွေ ဆက်ပြီး သယ်ဆောင်လာဖို့ မကောင်းပါဘူး။
ဖြည့်စွက်ချက်
စောင့်ကြည့်တာကို သဘောတူသူနဲ့ မတူသူပဲ ရှိတာမဟုတ်ဘူး။ ဖြည့်စွက်ဆွေးနွေးသူလည်း ရှိပါတယ်။ သူ့ဆွေးနွေး ချက်ကလည်း မှန်နေတာကြောင့် ထည့်မစဉ်းစားလို့ မဖြစ်ဘူး ယူဆတယ်။ သူက စံနှစ်ခုနဲ့ ချိန်ထိုးကြည့်ရုံ နဲ့တင် မလုံလောက်ဘူးလို့ ထောက်ပြတယ်။ တိုင်းသူ ပြည်သား အများစုကြီးရဲ့ကျောပေါ်မှာ ပိနေတဲ့ ၀န်ထုပ် ၀န်ပိုးတွေကို လျော့ချမပစ်သရွေ့ ကာလပတ်လုံး ဒီမိုကရေစီ လမ်းကြောင်းမှန် ပေါ်ကို ရောက်ပြီလို့ မဆိုနိုင်ဘူးလို့ ဆိုပါတယ်။ ဆွေးနွေးသူ မိတ်ဆွေက မန္တလေးက လုပ်ငန်းရှင် တစ်ယောက်ပါ။ တိုင်းသူပြည်သားများ အနေနဲ့ မြေခွန်၊ အိမ်ခွန်၊ ရေခွန်၊ မီးခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်စတဲ့ တရားဝင် အခွန် အတုတ်များကို မှန်မှန်ကန်ကန် ပေးသွင်း ထမ်းဆောင်ဖို့ တာဝန်ရှိတယ်။ ရှောင်ရှားပျက်ကွယ်ရင် အရေး ယူသင့်တယ်လို့ သူက လက်ခံပါတယ်။
ခါးစည်းခံခဲ့ရ
တရားဝင်ဥပဒေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ အခွန်အတုတ်များအပြင် မလိုလားအပ်တဲ့ ဥပဒေနဲ့လည်း မကိုက်ညီတဲ့ ခေါင်းစဉ် အမျိုးမျိုး တပ်ထားတဲ့ ကောက်ခံမှုတွေက တရားဝင် အခွန်အခတွေထက် အမျိုးပိုစုံပြီး ကောက်ခံ မှုပမာဏကလည်း မတန်တဆ ကြီးမား များပြား လွန်းတဲ့ဒဏ် ကို တောရောမြို့ပါ မကျန် နှစ်ငါးဆယ် လုံးလုံး ခါးစည်း ခံခဲ့ရတာကြောင့် တိုင်းပြည်ရဲ့စီးပွားရေး နာလန် မထူနိုင်အောင် ဖြစ်နေတာလို့ သူက ဆိုပါတယ်။ မြို့ပေါ်က လုပ်ငန်းရှင်တွေဆိုရင် ဥပဒေအရ ကောက်ခံတဲ့ အခွန်တွေအပြင် တော်တော်ကြာ လမ်းခင်းဖို့ဆိုပြီး အနည်းဆုံး ငါးသိန်းက ဆယ်သိန်း၊ ဆယ့်ငါးသိန်းထိ ကောက်လိုက်၊ တော်တော်ကြာ ထရန်စဖော်မာ ထိုင်ဖို့ ဆိုပြီး ငါးသိန်း၊ ဆယ်သိန်းကောက်လိုက်၊ ရေပိုက်သွယ်ဖို့၊ ဖုန်းလိုင်းသွယ်ဖို့ဆို ကောက်လိုက်နဲ့ တစ်နှစ်ပတ်လုံး ကောက်လို့ မပြီး နိုင်တော့ဘူး။
ပြာတာတောင် ဆရာခေါ်ရ
ဒီကောက်ခံမှုတွေလုပ်ပြီး လုပ်ငန်းတွေပြီးအောင် လုပ် မလုပ်ဆိုတာ မသိရသလို စာရင်းအင်း ရှင်းတမ်းလည်း ဘယ်တော့မှ မမြင်ရဘူး။ တောက တောင်သူ လယ်သမားတွေဆို ပိုဆိုးတယ်။ ရုံးက စာလာပိုတဲ့ ပြာတာကိုတောင် ကြောက်ပြီး ဆရာ ခေါ်နေ ကြရတာဆိုတော့ ဘာလာကောက် ကောက် မေးရဲ မြန်းရဲကြတာ မဟုတ်ဘူး။ ထည့်လိုက်ကြရ တာပဲ။ အမတော်ကြေး ထုတ်ချေးတဲ့ အခါများ ဟိုဟာဒီဟာတွေ ဖြတ်ယူထားလည်း မပြောရဲဘူး။ ငြိမ်နေကြရတယ်။ အဆိုးဆုံးကတော့ ဈေးလာရောင်းတဲ့ သူတွေ ဖြစ်တယ်။ အမတော်ကြေး ထုတ်ပေးတဲ့ နေရာနားမှာ ကားတွေ ထိုးဆိုက်ပြီး ဌာနဆိုင်ရာလိုလို ဘာလိုလိုနဲ့ ရောင်တော်ပြန် ရောလွှတ်ပြီး မြေဆီတွေနဲ့ ပိုးသတ်ဆေးတွေ မ၀ယ်မနေရ ဇွတ်ရောင်းကြတယ်။ သူတို့ ရောင်းတဲ့ တံဆိပ်တွေက မကောင်းလို့ မ၀ယ်ချင်ပေမယ့်လည်း လယ်သမားတွေက ပြန်ပြောရဲတာ မဟုတ်ဘူး။
အမတော်ကြေးစနစ်ပြင်ဖို့လို
အမတော်ကြေးပေးတဲ့စနစ်ကို လည်းပြုပြင်ဖို့ စဉ်းစားသင့်တာကြာပြီ။ အမတော်ကြေးပေးရုံနဲ့ လယ်သမား တွေရဲ့ အခက်အခဲ ပြေလည် သွားတာ မဟုတ်ဘူး။ ပေးတုန်းက ဟိုနှုတ် ဒီနှုတ်နဲ့ အပြည့်မရပေမယ့် ပြန်ဆပ်ချိန် ရောက်တော့ အပြည့်ဆပ်ကြရတာ။ လယ်သမားတွေရဲ့ ဘ၀ အမှန် တကယ် တိုးတက်ဖို့ဆိုရင် မျိုးကောင်းမျိုးသန့် သီးနှံတွေ ဖြန့်ဖြူးပေးပြီး နည်းပညာ အကူအညီတွေ လုံလုံလောက်လောက် ပံ့ပိုး ပေးကြရမှာ ဖြစ်တယ်။ အဓိကကတော့ လယ်သမားတွေရဲ့ ကျောပေါ်က ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်တဲ့ တရားမ၀င် ငွေကောက်ခံမှု မျိုးစုံကို အမြန်ဆုံး ရပ်စဲပစ်ဖို့ ဖြစ်တယ်။ ဒါတွေမလုပ်ဘဲနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်မယ် ပြောဆိုနေခြင်းဟာ အိတ်ပေါက်နဲ့ ဖားကောက်သလိုသာ ရှိလိမ့်မယ်လို့လည်း မိတ်ဆွေက ထောက်ပြပါတယ်။
ထိပ်တန်းကျသော အစိုးရ
နောက်ဆုံးတော့ မိတ်ဆွေက လူထုဦးလှရဲ့ 'ထောင်နဲ့လူသား' စာအုပ် အဖွင့်စာမျက်နှာမှာ ပါတဲ့ စာပိုဒ်ကလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့် စမ်းပါလို့ ညွှန်းလိုက်တဲ့ အတွက် ရှာပြီး ဖတ်ကြည့်လိုက်တော့ ဒီလိုတွေ့ရပါတယ်။
"အစိုးရ"
''ဆင်းရဲသားများပျော်ရွှင်၍ ပညာမတတ်သူ၊ ဒုက္ခရောက်သူများ မရှိဘဲ အကျဉ်းသားမဲ့သော ထောင်၊ သူတောင်းစားကင်းသော လမ်း၊ လူအိုများချမ်းသာ၍ အခွန်အတုတ် နည်းပါပေသည်ဟု ပြောနိုင်သော အစိုးရမျိုးမှ လောကတွင် ထိပ်တန်းကျသော အစိုးရဟု ကြွားနိုင်သည်"
သောမတ်စ်ပိန်း
Ref: EMG News
NLD ရွေးကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက် ကြိုဆိုကြ
မျိုးသန့်
သောကြာနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြန်လည် မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်သည်ကို ပြိုင်ဘက် ဟောင်းများနှင့် မိတ်ဆွေများက ကြိုဆိုလိုက်ပြီး NLD နှင့် ပူးပေါင်းရန် ဆန္ဒရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၏ မူဝါဒရေးရာ ကော်မတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
NLD ခေါင်းဆောင်ဟောင်းဖြစ်ခဲ့သူ ဦးခင်မောင်ဆွေက “ကျနော်တို့ကတော့ လက်တွဲလုပ်သွားဖို့ အဆင်သင့်ပါပဲ။ အတွဲခံမယ့် လူကသာ အတွဲခံဖို့ လိုပါတယ်။ ပေါင်းချင်တယ်ဆိုရင် ကျနော်တို့က ငြင်းစရာ အကြောင်း မရှိပါဘူး။ ဒေါ်စုက ဟိုလို လုပ်ချင်ပါတယ် ဒီလို လုပ်ချင်ပါတယ် ဆိုရင်လည်း ကျနော်တို့က လက်ကမ်းဖို့ အသင့်ပါပဲ။” ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး၏ မီးရှုးတန်ဆောင်ဟု ဦးခင်မောင်ဆွေက ညွှန်းဆိုလိုက်ပြီး ဒေါ်စု ကိုယ်တိုင် လွှတ်တော် အတွင်း ဝင်ရောက်လာပါက ပြည်သူအတွက် အကျိုးပြု ဥပဒေများ ပြဋ္ဌာန်းနိုင်မည်ဟု ယုံကြည်ခြင်းကြောင့် ထောက်ခံရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
“လွှတ်တော်ထဲမှာ ပြည်သူအတွက် အကျိုးပြုမယ့် ဥပဒေတွေကို ဖန်တီးနိုင်မယ်လို့ ကျနော် ယုံကြည်တဲ့အတွက် NLD မှတ်ပုံတင်မယ် ဆိုတာကိုလည်း ထောက်ခံပါတယ်။ ရွေးကောက်ပွဲ ဝင်မယ်ဆိုတာကိုလည်း အပြည့်အဝ ထောက်ခံ ပါတယ်။” ဟု ဦခင်မောင်ဆွေက ပြောသည်။
ယင်းအပြင် ၁၉၉၀ ရွေးကောက်ပွဲ ကာလအတွင်း ပြိုင်ဘက်ဖြစ်ခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကလည်း NLD ပါတီ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်သည်ကို ထောက်ခံလိုက်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ခြေလှမ်း တခုဟု တစည ပါတီ၏ ပြောခွင့်ရ ဦးဟန်ရွှေက ပြောသည်။
“ကျနော်တို့အနေနဲ့ အားလုံး လက်ခံပါတယ်။ နောက်တခုက တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေပေါ့။ ဒီကိစ္စဟာ လည်း ခြေလှမ်း တခုအနေနဲ့ ကျနော် မြင်ရပါတယ်။” ဦးဟန်ရွှေက မဇ္ဈိမကိုပြောသည်။
ယင်းအပြင် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့မှ ကိုတိုးကျော်လှိုင်ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မှတ်ပုံတင်ရေး ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်ပြီး ပြည်သူ အများစု၏ ဆန္ဒဖြစ်သည်ဟု ဆိုသည်။
“NLD ရဲ့ ဆုံးဖြတ်ချက်က NLD အဖွဲ့ဝင် အများစုရဲ့ သဘောထားအပေါ်မှာ အခြေခံတယ်လို့ ကျနော်တို့ ယုံကြည် ပါတယ်။ သူတို့ သယ်ဆောင် လာတဲ့ ဆုံးဖြတ်ချက် ကလည်း သူတို့ ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ လိုလားချက်ကို ထင်ဟပ် ထားတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။” ဟု မဇ္ဈိမကို ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် သောကြာနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါတီ ရုံးချုပ်တွင် ပြည်နယ်နှင့် တိုင်း ဗဟိုဦးစီး အဖွဲ့ဝင် ၁၀၆ ဦးမှ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်ဟု ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။
Ref: မဇ္ဈိမ
တနိုင်ငံလုံး ညီညွတ်ရေး NLD ကြေညာချက် ထုတ်ပြန်
2011-11-20
အမျိုးသားညီညွတ်ရေးဆိုတာ ခေါင်းဆောင်များသာ ညီညွတ်တာကို မဆိုလိုဘဲ တနိုင်ငံလုံး စိတ်ရော ကိုယ်ပါ ညီညွတ်တာကို ဆိုလိုတယ်လို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ ကြောင်း ဒီနေ့ ကျရောက်တဲ့ (၉၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။
နယ်ချဲ့အစိုးရ ပြဋ္ဌာန်းတဲ့ တက္ကသိုလ် အက်ဥပဒေကို ကျောင်းသား ၁၁ ဦးက ငြိမ်းချမ်းတဲ့နည်းနဲ့ သပိတ်မှောက် ဆန္ဒပြရာက ပေါ်ပေါက်လာတဲ့ အမျိုးသား အောင်ပွဲနေ့ သမိုင်းကို ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ညီညွတ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အမျိုးသား ညီညွတ်ရေးဆိုတာ တနိုင်ငံလုံးက လူမျိုး ဘာသာ၊ ယောက်ျား မိန်းမ၊ ဂိုဏ်းဂဏ မရွေး လူထုတရပ်လုံး အပြောသာမဟုတ် အလုပ်နဲ့တကွ အမျိုးသားတွေရဲ့ အလိုဆန္ဒတွေ ပြည့်ဝနိုင်ဖို့ အမျိုးသားတို့ရဲ့ လုပ်ငန်းတွေမှာ သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြတာကို ဆိုလိုကြောင်း ၁၉၄၆ ခုနှစ် ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို ခံယူပြီး စည်းလုံးညီညွတ်စွာ လိုက်နာဆောင်ရွက်ခြင်း၊ အမျိုးသားရေး တာဝန် တရပ်ကို ထမ်းဆောင်ခြင်း၊ စည်းစနစ် ရှိခြင်းနဲ့ ပြည်သူက ထောက်ခံခြင်းတို့ကြောင့် ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ် အောင်မြင်ခဲ့တာလို့ ကြေညာချက်က ဆိုပါတယ်။ ညီညွတ်မှ လွတ်လပ်မှု ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် တက္ကသိုလ်ကျောင်းသား သပိတ်ကြီးက ပြသခဲ့တဲ့ ညီညွတ်သွေးစည်းမှု၊ စည်းကမ်းရှိမှုကို နမူနာယူ၊ အမျိုးသား သင်ြ့မတ်ရေး၊ ငြိမ်းချမ်းရေးတို့ကို အမြန် တည်ဆောက်ပြီး ဒီမိုကရေစီ နိုင်ငံတော်ကို တက်ညီလက်ညီ အကောင်အထည် ဖော်ဖို့ လိုအပ်ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။
Ref: RFA News
NLD မှတ်ပုံတင်ဖို့ဆုံးဖြတ်ချက် ပြည်ပတိုင်းရင်းသားကောင်စီ ထောက်ခံ
ကိုသားညွှန့်ဦး
တနင်္ဂနွေ, 20 နိုဝင်ဘာ 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တရားဝင်ပါတီအဖြစ် ပြန်မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အပေါ် ပြည်ပရောက် တိုင်းရင်းသားလူမျိုးများ ကောင်စီ (ENC) က ကြိုဆိုလိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်တွင်း ၀င်ရောက်ပြီး လုပ်ပိုင်ခွင့် ရယူ ဆောင်ရွက်မှသာ တနိုင်ငံလုံးလိုလားတဲ့ ဒီမိုကရေစီရေး၊ တိုင်းရင်းသား အရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ENC ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆလိုင်းလျှံမုန်းက ပြောပါတယ်။ ဒေါက်တာ လျှံမုန်းကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းတဲ့အခါ ENC အနေနဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ လိုလားတာကြောင့် ဖြစ်တယ်လို့ အခုလို ဖြေကြားသွားပါတယ်။
“ကျနော်တို့ တိုင်းရင်းသားလူမျိုးများကောင်စီအနေနဲ့ ပြည်ထောင်စုရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်း ကြိုးစား နေပါတယ်။ အဲဒီအတွက်ကြောင့်ပဲ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးချင်း နောက်တစ်ရက်မှာ ပေါ့နော် ကျနော်တို့ တိုင်းရင်းသား လူမျိုးများ ကောင်စီကနေပြီးတော့ အလားတူ ကြေညာချက် တစ်ခု ထုတ်ပြီးတော့ ကြိုဆိုခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်စုပါမှ ကျနော်တို့ ပြည်ထောင်စု ပြဿနာကို ဖြေရှင်းလို့ရမယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။”
ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုပဲ ပြန်ပြီးမှတ်ပုံ မတင်တဲ့ တိုင်းရင်းသားပါတီတွေ ရှိပါတယ်။ အထူးသဖြင့် SNLD (ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ရခိုင် တိုင်းရင်းသား တို့ပါ၊ UNA ရဲ့ သဘောထားထဲမှာတော့ UNA က ယတိပြတ် ထောက်ခံတယ် ဆိုတာတော့ ထွက်မလာ သေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ သိရသလောက်တော့ တချို့ ခေါင်းဆောင်ပိုင်းက မကြိုက်တဲ့ သဘော လက္ခဏာ တွေ့ရပါတယ်။ အထူးသဖြင့် သူတို့ပါတီ ခေါင်းဆောင်တွေ၊ ဥပမာ ဦးခွန်ထွန်းဦးတို့ ဆိုရင် ထောင်ထဲမှာပဲ ရှိပါသေးတယ်။ အဲဒီတော့ ENC ရဲ့သဘောထားနဲ့ အထဲမှာ တိုင်းရင်းသား ပါတီတွေရဲ့ သဘောကကော ဒီမှာ နည်းနည်း သဘော ကွာဟနေတဲ့ သဘော မရှိဘူးလား။ -
“ပြည်ထောင်စုရဲ့ ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက်ဆိုရင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး ပါတီတွေ အနေနဲ့ နိုင်ငံရေး မှတ်ပုံ တင်ပြီးတော့မှ လှုပ်ရှားတာ ပိုကောင်းတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ပြီးတော့ ပြည်ပမှာ ရောက်နေတဲ့ ကျနော်တို့ အဖွဲ့အစည်း တွေကလည်းပဲ အခု သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့လိုတယ် ဆိုပြီးတော့ ကျနော်တို့ သုံးသပ်ပါတယ်။”
အခုအနေအထားကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအာဏာပိုင်တွေနဲ့ မကြာခဏ တွေ့ဆုံတာ တွေတော့ ရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ တောက်လျှောက် တောင်းဆိုလာတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ မျှော်လင့်စရာ ရှိသေးလဲခင်ဗျ။ -
“သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲလို့ ကျနော်တို့ပြောတဲ့အခါမှာ လူအတော်များများက နားလည်မှုလွဲပါတယ်။ ဟိုတုန်းက ပင်လုံ ညီလာခံကဲ့သို့ ညီလာခံကြီးကို ခေါ်ပြီးတော့ အဲဒီမှာ အဖွဲ့သုံးဖွဲ့ လာတွေ့ဆုံ ဆွေးနွေးမယ် ဆိုတဲ့ပုံစံမျိုး မြင်ယောင်ပြီးတော့ လူတွေက အမျိုးမျိုး စိတ်ကူး ယဉ်နေတာဖြစ်တယ်။ ကျနော်တို့ ပြောနေတဲ့ သုံးပွင်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆိုတာ ကျနော်တို့ ပြည်ထောင်စုရဲ့ အဓိက ပြဿနာသုံးရပ်ကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။ စောစောက ကျနော်ပြောတဲ့ တိုင်းရင်းသား ပြဿနာ၊ ဒုတိယက စောစောက ကျနော်ပြောတဲ့ ဒီမိုကရေစီပြဿနာ၊ နောက် တတိယ ပြဿနာတစ်ခုက စစ်အာဏာရှင် ပြဿနာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သုံးပွင့်ဆိုင်လို့ ကျနော်တို့ ပြောနေတဲ့ ပြည်ထောင်စု ပြဿနာ သုံးရပ်ဖြေရှင်းဖို့ ဆိုတာ လုံးဝကို လိုအပ်ပါတယ်။ ကျနော်တို့ မရမနေ ကြိုးစားပြီးတော့ ကျနော်တို့ ဖြေရှင်းဖို့ လိုအပ်ပါတယ်လို့ ဆိုပြီးတော့ ကျနော် ပြောချင်ပါတယ်။”
အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်တဲ့ကိစ္စပေါ့နော်၊ အခုလက်ရှိအားဖြင့်တော့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွေထဲမှာ ရှိပါသေးတယ်။ တချို့နေရာတွေမှာ ဆိုရင်လည်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်။ ဒီလိုအခြေအနေ အောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မှတ်ပုံတင်တာ စောတယ် ဆိုပြီးတော့ ဝေဖန်သံတွေ ကျနော်တို့လည်း ကြားထားပါတယ်။ အဲဒီတော့ ENC ရဲ့အမြင်ကရော ဘယ်လို ရှိပါသလဲခင်ဗျ။ -
“NLD အနေနဲ့ ခွင်ထဲကိုဝင်ပြီးတော့ စင်မြင့်ပေါ်တက်ပြီးတော့ ဒိုင်လုတဲ့ပွဲထဲမှာ ၀င်သင့်တယ်လို့ ကျနော်တို့ မြင်မိပါတယ်။ အခု ကျနော်တို့ ပြည်ထောင်စုရဲ့ နိုင်ငံရေးစင် ဒိုင်လုရမယ့်စင်က လွှတ်တော် ဖြစ်နေပါတယ်။ အပြင်မှာရှိနေပြီး အော်နေတာထက် အထဲကနေပြီးတော့မှ NLD အနေနဲ့ ၀င်ပြီးတော့ အခုန ကျနော်တို့ ပြောနေတဲ့ ဒီမိုကရေစီပြဿနာ၊ တိုင်းရင်းသားပြဿနာ၊ အခုတိုက်ပွဲတွေဖြစ်နေတဲ့ အစိုးရထဲမှာ သော်လည်းကောင်၊ တပ်မတော် ထဲမှာသော်လည်းကောင်း hardliner တွေ အများကြီး ရှိနေတယ်။ ဆိုတော့ ဒီလူတွေကို ကျနော်တို counter လုပ်ဖို့က အပြင်ကနေ အော်နေတာထက် စာရင် NLD အနေနဲ့ လွှတ်တော်ထဲမှာ လွှတ်တော်က နေပြီးတော့ ၀င်ကစားရင် ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်တို့ သုံးသပ်မိပါတယ်။
“ကျနော်တို့ ညီနောင်တိုင်းရင်းသား ပါတီတွေပေါ့နော်၊ UNLD၊ UNA မှာလည်း ကျနော် အတွင်းရေးမှူး လုပ်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးပါ။ အဲဒီအတွက်ကြောင့် ကျနော့်ရဲ့ ပါတီဟောင်းဖြစ်တဲ့ UNLD အဖွဲ့ဝင်အားလုံး ကလည်းပဲ ပြန်လည် မှတ်ပုံတင်ပြီးတော့မှ တဖြည်းဖြည်းနဲ့ ရွေ့ရင်း မြန်မြန်သွားနိုင်ဖို့ပဲ ကျနော်တို့ အားလုံး ကြိုးစားကြရအောင်လို့ ကျနော် တိုက်တွန်း ချင်ပါတယ်။”
တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလျှံမုန်းကို ကိုသားညွန့်ဦး ဆက်သွယ် မေးမြန်း ထားတာဖြစ်ပါတယ်။
Ref: VOA News
မြစ်ကြီးနားဗုံးခွဲမှု KIO ရှုတ်ချ၊ အမှုမှန် ဖော်ထုတ်ရန် တိုက်တွန်း
ဖနိဒါ
သောကြာနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁
ချင်းမိုင်(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက် နေအိမ် ဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦး သေဆုံးမှုနှင့် ပတ်သက်၍ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO က ရှုတ်ချလိုက်ပြီး ဗုံးပေါက်ကွဲသည့် ဖြစ်ရပ် အမှုမှန် ဖော်ထုတ်ရန် သောကြာနေ့တွင် ပြောဆိုလိုက်သည်။
“ဒီလို လူတွေရဲ့ အသက်အိုးအိမ် ခြိမ်းခြောက်ပြီးတော့ ဗုံးဖေါက်ခွဲ ခြိမ်းခြောက်တာတွေ အားလုံးကို ကျနော်တို့က ရှုတ်ချတယ်။ ကျနော်တို့က ဒီဖြစ်ရပ်တခုကိုပဲ ရှုတ်ချတာ မဟုတ်ဘူးခင်ဗျ။ မြို့ပေါ်မှာ လူထုကို ထိတ်လန့် ကြောက်ရွံ့စေတဲ့ လုပ်ရပ် မှန်သမျှကို ကျနော်တို့ KIO က ရှုတ်ချတယ်။”ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
ကချင်ပြည်နယ် အစိုးရမှ လက်သည်ကို မှန်ကန်စွာ ဖော်ထုတ်ကာ အရေးယူပါရန်လည်း KIO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
တနင်္ဂနွေနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ညက မိဘမဲ့ကလေးများ စောင့်ရှောက်ထားသည့် ဦးဒယောင်တန်ဂွန်း၏ နေအိမ်မှ စတင် ဗုံးပေါက်မှုတွင် လူ ၁၀ သေဆုံးပြီး ၂၇ ဦး ဒဏ်ရရှိခဲ့သည်။ ပိုင်ရှင် ဦးဒယောင်တန်ဂွန်း၏ သားနှစ်ဦးနှင့် မြေးတဦး သေဆုံးခဲ့သလို၊ သူ့ကိုလည်း အမှတ် (၁) ရဲစခန်းမှ ဖမ်းဆီး စစ်ဆေးနေသည်။
ထိုစဉ်တွင် လဆန်းပိုင်း ယင်းဂါးယန်ကျေးရွာတွင် ဖြစ်ပွားသော အစိုးရတပ်နှင့် KIO ၏ တပ်များအတွင်း တိုက်ပွဲတွင် ကချင်တပ်မှ စစ်သားများ မူးဝေ၊ အော့အန်မှု လက္ခဏာများ ရှိသည်ဆိုကာ အစိုးရတပ်မှ ဓါတုလက်နက်များ အသုံးပြုသည်ဟု သံသယဖြစ်ကာ ပြည်ပနိုင်ငံ တခုသို့ သဲလွန်စ ပို့ဆောင်ကာ ဓါတ်ခွဲစမ်းသပ်မှု ပြုလုပ်နေသည်ဟု ဦးလနန်က ပြောသည်။
“အခုသက်သေ အထောက်အထားတွေကို ကျနော် စမ်းသပ် စစ်ဆေးတုန်း ကာလပါ။ ထူးခြားမှုက ဓါတ်ခွဲမှု တခုမှာ လူကို ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ အဆိပ်ဓါတ်ငွေ့ ပါတယ် ဆိုတာကတော့ ယတိပြတ် ပြောနိုင်တယ်။ ဒါကြောင့် ဒီသက်သေ အထောက် အထားတွေကို ပြည်ပကို ပို့ပြီးတော့ ဓါတ်ခွဲစမ်းသပ်ဖို့ ပို့ထားတယ်။”ဟု သူက ပြောသည်။ မည်သည့်နိုင်ငံသို့ ပို့ဆောင် စစ်ဆေးနေသည်ကို အသေးစိတ် ပြောဆိုသွားခြင်း မရှိပေ။
ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်မော်လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် ဂါးရားယန်ရွာနှင့် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အောင်ဂျာ ကျေးရွာများတွင် ကြာသပတေး နေ့က KIO ဗဟို ဌာနချုပ် တပ်မဟာ (၅) နှင့် (၃) တပ်ဖွဲ့များနှင့် အစိုးရ ပူးပေါင်း တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ရှမ်းပြည်နယ် KIO တပ်မဟာ ( ၄ ) နယ်မြေ မုန်ကိုးမြို့နယ်ခွဲ၊ တာမိုးညဲမြို့နယ်၊ နမ်းခမ်းစသည့် မြို့နယ်အတွင်း အနည်းဆုံး တပ်ရင်းပေါင်း ၁၃ ရင်း အင်အား ၁,၀၀၀ ကျော်ရှိနေပြီး KIO တပ်ဖွဲ့များနှင့် တိုက်ပွဲ နေ့စဉ်ဖြစ်ပွား နေသည်ဟု တပ်မဟာ (၄) တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။
တန်းတူရေးကို အခြေခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများဖြင့် အစပြုသင့် ပါသည်ဟုလည်း KIO မှ တုံ့ပြန်ထား သည်။
Ref: မဇ္ဈိမ
လာမည့် ရွေးကောက်ပွဲများ NLD ဝင်ပြိုင်မည်
ကိုဝိုင်း
သောကြာနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က နောင်လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သောကြာနေ့တွင် ကျင်းပသော ဗဟိုဦးစီး ကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။
တိုင်းနှင့်ပြည်နယ် ရုံးခွဲများမှ ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးလုံးက ကန့်ကွက်သူမရှိ ထောက်ခံ ဆွေးနွေးကြပြီး အသံဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့သည်ဟု ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီ မှတ်ပုံတင်မယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်။ အဲဒါကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ကြောင်း ကြေညာ လိုက်ပါတယ်။” ဟု ဦးအုန်းကြိုင်က ပြောသည်။
ပါတီအနေဖြင့် ယတိပြတ် မပြောနိုင်သေးသော်လည်း လစ်လပ်နေသော မဲဆန္ဒနယ် အကုန်လုံး သို့မဟုတ် အများစု ကို ဝင်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသည်ဟု ပါတီတွင်း သတင်း ရပ်ကွက်များက ပြောသည်။
ပြည်နယ်/တိုင်း တခုကို နှစ်ဦးကျ ဆွေးနွေးခွင့် ပြုထားသော်လည်း သဘောထား တူသဖြင့် တဦးစီသာ ဆွေးနွေးပြီး အားလုံးက မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ဆွေးနွေးကြပြီး ကန့်ကွက်သူ မရှိဟု ဆိုသည်။
“နောက်ဆုံးကျတော့ စီအီးစီ (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) ကနေပြီးတော့ အများသဘောတူ ဒီဆုံးဖြတ်ချက် နှစ်ခုကို ချမှတ်ကြောင်း မူကြမ်း ရေးလိုက်တာပေါ့ဗျာ။ ပြီးတော့ အများသဘောဆန္ဒ ယူလိုက်တာပေါ့။ အားလုံးက အသံနဲ့ပဲ သဘောတူကြောင်း ဆုံးဖြတ် လိုက်ကြတယ်။”ဟု ပြောသည်။
တက်ရောက်ခွင့်ရှိသူ ဗဟိုဦးစီးအဖွဲ့ဝင် ၁၁၆ ဦးမှ ၁၀၆ ဦးတက်ရောက်ပြီး ကျန်းမာရေး မကောင်းသူ သုံးဦး၊ ထောင်ကျ ခံရဆဲဖြစ်သော ဒေါ်ဝင်းမြမြ၊ ဦးညီပု၊ ဒေါက်တာတင်မင်းထွဋ် အပါအဝင် ခြောက်ဦး၊ ခရီးလွန်နေသူ တဦး စုစုပေါင်း ၁၀ ဦး ပျက်ကွက်သည်ဟု ဆိုသည်။
ကျန်းမာရေး မကောင်းသူ သုံးဦးမှ မန္တလေးတိုင်းမှ ဒေါက်တာသိန်းလွင်သည် ကြာသာပတေးနေ့၌ လေဖြတ်သွားခြင်း ဖြစ်သည်။
ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်းတို့မှ ဗဟိုဦးစီး အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ကယား ပြည်နယ် NLD မှ ဆက်သွယ်ရေး ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။
“ကယားကလည်း ထူးထူးခြားခြား ဒီတခါ ဆက်သွယ်ရေး ကိုယ်စားလှယ် အဖြစ်နဲ့ တက်တယ်။ ကယားမှာ ကျနော် တို့ ရုံး မရှိသေးဘူး။ ပြည်နယ်စည်း မဖွဲ့နိုင်သေးဘူး။ ကြာပြီ။” ဟု ဦးအုန်းကြိုင်က ပြောသည်။
အထုတ်ပယ်ခံရသူ၊ ကွယ်လွန်သွားသူ အမတ်များနှင့် ဗဟိုအစိုးရနှင့် ပြည်ထောင်စု အဆင့် အဖွဲ့များအတွင်း ရာထူး လက်ခံ ရယူလိုက်သော အမတ်များ၏ မဲဆန္ဒနယ်များ အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပလိမ့်မည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။
Ref: မဇ္ဈိမ