2011-08-02
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည် ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ပြည်တွင်း ပြည်ပမှာရှိတဲ့ သံဃာ့ အဖွဲ့အစည်းတွေက ဦးသိန်းစိန် အစိုးရကို ဒီကနေ့ တိုက်တွန်း လိုက်ကြ ပါတယ်။
ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ ပြောခွင့်ရ ဆရာတော် ဦးဓမ္မသီရိက တိုင်းရင်းသားတွေ ကြည်ညို လေးစားမှု ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဦးဆောင် ကြိုးပမ်းခွင့် ပေးအပ်ဖို့ လိုအပ်ကြောင်း မိန့်ကြားပါတယ်။
“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တခြား ပါတီအားလုံးက ဒေါ်အောင်ဆန်း စုကြည်အပေါ်မှာ လေးစား ယုံကြည်မှု ရှိတယ်။ ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ဖို့ တွန်းအားတွေ ပေးနေကြတယ်။ ဦးဇင်းတို့ မြင်တဲ့ အမြင်ကို ပြောရမယ် ဆိုရင် အခု အစိုးရဘက်က တင်းခံနေတဲ့ အနေအထား မြင်တယ်။ အစိုးရ ဘက်ကသာ လက်ခံခဲ့မယ် ဆိုရင် ဒီပြဿနာဟာ အေးအေးဆေးဆေး ပြေလည် သွားမယ်လို့ ဦးဇင်းမြင်ပါတယ်။ အခု လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပစ်ခတ် နေခြင်းဟာ အစိုးရ ဘက်က တင်းမာနေလို့သာ ဖြစ်နေတာလို့ ဦးဇင်း မြင်ပါတယ်”
အလားတူ သာသာနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော်များအဖွဲ့ရဲ့ ထိုင်းနိုင်ငံ တာဝန်ခံ ဆရာတော် ဦးဇ၀နကလည်း အစိုးရ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ တိုင်းပြည် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အချိန်တန်ပြီလို့ မိန့်ကြား ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က အခုလို တောင်းခံလိုက်တာကို တကမ္ဘာလုံးကလည်း လက်ခံတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကလည်း လိုလိုလားလားကို သဘောကျတယ်။ အစိုးရဘက်က လိုက်လျောဖို့ သဘောတူဖို့ပဲ လိုတော့တယ်။ အဲဒီတော့ အစိုးရ အနေနဲ့လည်း တိုင်းပြည် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက် စေချင်တယ် ဆိုရင် အားလုံး လိုလားနေတဲ့ ဘက်ကို မျက်နှာမှုဖို့ စစ်ခေါင်းဆောင် တွေကို ဦးဇင်း တိုက်တွန်း ချင်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့ ကိစ္စဟာ လူသာဓုခေါ် နတ်သာဓုခေါ်တဲ့ ကိစ္စမို့ ဦးဇင်းတို့ အနေနဲ့ ချွင်းချက်မရှိ ထောက်ခံတယ်။ တိုင်းပြည် အုပ်ချုပ်နေတဲ့ အစိုးရ အနေနဲ့လည်း ဒေါ်အောင်ဆန်း စုကြည်ပြောတဲ့ စကားဟာ တကယ် စေတနာပါလို့ ပြောနေတာ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် စေချင်လို့ ပြောနေတယ် ဆိုတာကို လေးလေးနက်နက် သဘောပေါက်ပြီးတော့ လက်တွဲပြီးတော့ ငြိမ်းချမ်းရေးကို လုပ်ကြပါလို့ ဦးဇင်း အနေနဲ့ တိုက်တွန်းချင်တယ်”
၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တကွ ကချင် လွတ်မြောက်ရေး အဖွဲ့၊ ကရင် အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ် ပါတီနဲ့ ရှမ်းပြည် တပ်မတော် တို့ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အိတ်ဖွင့် ပေးစာ တစောင်ကို ဇူလိုင်လ ၂၈ ရက်နေ့က ပေးပို့ခဲ့ပါတယ်။
ဒီ အိတ်ဖွင့်ပေးစာ ထဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင်ကြောင်း၊ နိုင်ငံရေး အရ ညှိနှိုင်း ဖြေရှင်းမှသာ စစ်မှန်တဲ့ တိုင်းရင်းသား သွေးစည်း ညီညွတ်မှုကို ရရှိမှာ ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ပံ့ပိုးဖို့ သူမအနေနဲ့ ကိုယ်စွမ်းရှိသရွေ့ ပါဝင် ကြိုးပမ်းပေးဖို့ အဆင်သင့် ရှိနေကြောင်း စသဖြင့် ဖော်ပြ ထားပါတယ်။
ဒီပေးစာအပေါ် လောလောဆယ်အထိ အစိုးရဘက်က တုံ့ပြန်မှု မရှိသေးပေမယ့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ထောက်ခံ ကြိုဆို ထားပါတယ်။
Ref: RFA News
Wednesday, August 3, 2011
ဒေါ်စု ကမ်းလှမ်းချက် လက်ခံဖို့ အစိုးရကို သံဃာတွေ တိုက်တွန်း
အိုင်အယ်လ်အို တိုင်တဲ့ ကလေးစစ်သား မိခင်ကို စစ်တပ်က ခြိမ်းခြောက်
2011-08-02
ကလေး စစ်သား တစ်ဦးကို မိခင်ဖြစ်သူက သက်ဆိုင်ရာ တပ်ရင်း တာဝန်ရှိသူတွေထံ သွားရောက် တောင်းခံရာမှာ သူ့ရဲ့သား အကြောင်း အိုင်အယ်လ်အို ကို တိုင်ကြားခဲ့မှု အတွက် မိဘတွေကို ဖမ်းဆီး ထောင်ချနိုင်ကြောင်း သားဖြစ်သူကိုလည်း သတ်ဖြတ်ပစ်မှာ ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း ရပ်ကွက်မှာ နေထိုင်သူ အသက် ၁၆ နှစ်သား မောင်အောင်အောင်ဟာ ၂၀၀၇ ခုနှစ်အတွင်း ကလေး စစ်သားအဖြစ် အဓမ္မ စုဆောင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် မောင်အောင်အောင်ဟာ ရွှေဘို တပ်ရင်း ၁၂ မှာ တာဝန် ထမ်းဆောင်နေကြောင်း သိရှိတဲ့အတွက် မိသားစုက အခုနှစ် မတ်လ ၂၀ ရက်နေ့က ရန်ကုန် အိုင်အယ်လ်အို ရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
မိခင်ဖြစ်သူ ဒေါ်အကာကြီးက ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့မှာ သားဖြစ်သူကို သွားရောက် တွေ့ဆုံခဲ့ရာမှာ စစ်တပ် အရာရှိတွေရဲ့ ခုလို ခြိမ်းခြောက် ခံခဲ့ရ တာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက RFA ကိုဒီကနေ့ ပြောပါတယ်။
“အဲဒီနောက်ပိုင်း သူ့အမေ လိုက်သွားတဲ့ အခါကျတော့ သူ့သားနဲ့ တရက်ပေးတွေ့တယ်။ တွေ့ပြီး သုံးလေးရက်အ ကြာမှာ အာပီလို့ ခေါ်တဲ့ လုံခြုံရေး ဂိတ်က တပ်ကြပ်ကြီး တယောက်က သူ့အမေကို လိုက်ရှာပြီးတော့ ခင်ဗျား ဘာလိုက် ရှုပ်နေတာလဲ။ ခင်ဗျား ဟိုတိုင် ဒီတိုင် လုပ်နေရင်တော့ ခင်ဗျားကိုရော ခင်ဗျားသားကိုပါ ဖျောက်လိုက်မယ် ဆိုပြီး လာပြီး ခြိမ်းခြောက်နေတယ်”
ဒါ့ပြင် အိုင်အယ်လ်အိုမှာ တိုင်ကြားထားတဲ့ အမှုကိုလည်း ရုပ်သိမ်းပေးဖို့ စစ်တပ် အရာရှိတွေက ခြိမ်းခြောက် ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။
“နောက်တခုက ဘာပြောလဲဆိုတော့ သူ့အမေကို တယ်လီဖုန်းခွက် ထိုးပေးတယ်။ ခင်ဗျား အိုင်အဲလ်အို ရုံးကို ဖုန်းဆက်တဲ့။ ခင်ဗျားသား ကျန်းမာကြောင်း၊ ဒီမှာပျော်ကြောင်း၊ အဆင့်မီမီ နေနေကြောင်း ဖုန်းဆက်ပါတဲ့၊ နောက်တခုက တိုင်ထားတာကို အမှု ပိတ်ပေးပါတဲ့။ သူ့အမေက လုံးဝ မဆက်ဘူး။ သားကတော့ ကြောက်နေတယ်။ အမေ ဆက်ပေးလိုက်ပါ။ အဲသလို နေနေရင် အမေကော သားပါ သေလိမ့်မယ်။ သားတို့ကို ထောင်ချမယ် လို့လည်း ပြောနေတယ် ဆိုပြီးတော့ ကလေးက အသားတွေတုန်ပြီး ငိုပြောနေတယ်လို့ ပြောတယ်”
မိသားစု အနေနဲ့ လောလောဆယ် ကလေးစစ်သားအရေး ကူညီဆောင်ရွက် ပေးနေသူတွေနဲ့ ဆက်သွယ်ပြီး ကလေးစစ်သား မောင်အောင်အောင် တပ်ကနေ ထွက်ခွင့်ရရှိအောင် ကြိုးပမ်း နေတယ်လို့ သိရပါတယ်။
Ref: RFA News
NLD ပါတီ ရပ်တည်မှု လူ့အခွင့်အရေးကောင်စီထံ တင်မည်
ဒေါ်ခင်မျိုးသက်
အင်္ဂါ, 02 သြဂုတ် 2011
၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံမတင်ခဲ့လို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိတော့ကြောင်း အစိုးရရဲ့ တဖက်သတ် ကြေညာခြင်း ခံထားရတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တရားဝင် ရပ်တည် ပိုင်ခွင့် အတွက် ရန်ကုန် ကုလသမဂ္ဂ ရုံးက တဆင့် ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။ NLD ဘက်က အယူခံတွေကို လျှောက်ထား ခဲ့ပေမဲ့ အဆင့်ဆင့် ပယ်ချခံခဲ့ရပြီးနောက် အခုလို လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) တရားဝင် ရပ်တည်နေကြောင်းနဲ့ ပါတီရဲ့ နိုင်ငံရေးသမိုင်း တလျှောက် အဖိနှိပ် ခံရမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ဒီသီတင်းပတ် ထဲမှာပဲ တင်သွင်းသွားဖို့ ရှိတယ်လို့ အဖွဲ့ချုပ် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်မှာ။ ကျနော်တို့ ဒီအပတ်ထဲ ကြိုးစားနေတယ်။ ပြီးပြီးချင်း တင်ပါ့မယ်။ ပါတီ ရပ်တည်ခွင့် ကိစ္စတွေ၊ ပါတီရဲ့ နိုင်ငံရေး သမိုင်းတလျှောက် ဖိနှိပ်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ဒီအခြေအနေတွေ အားလုံးကို သိရှိအောင် ကြိုးစားပြီးတော့ ဖော်ပြနေတာ။ အချက်အလက်တွေ အရ မှန်တယ် ဆိုတာကို နိုင်ငံရေး အဓိပ္ပာယ်အရ လိုချင်တယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကိစ္စကို အမြဲတမ်း ညှိနှိုင်းပြီး ဆောင်ရွက်နေတာ ကြာပါပြီ။ တလ နှစ်လလောက် ရှိပြီ။ ဒါက ဥပဒေအရ ဆောင်ရွက်သင့်တဲ့ ဟာတွေကို ဆောင်ရွက်တဲ့ သဘောပါပဲ။”
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပါတီတွေရဲ့ အနေအထား၊ အဖိနှိပ် ခံရမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိသလို လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာ ထဲမှာလည်း ထည့်သွင်း ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
“ဒီကိစ္စဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူးအဖြစ် တာဝန် ယူထားတဲ့ ကျနော့် အတွက် အထူး စိုးရိမ်ရတဲ့ အချက်ပါ။ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေ၊ အထူးသဖြင့် NLD ပါတီရဲ့ အခြေအနေတွေ စိုးရိမ်ရတဲ့ အကြောင်း အစီရင်ခံစာ ထဲမှာပါ ကျနော် ထည့်သွင်း ရေးသား ခဲ့တာပါ။ အခုတော့ အစိုးရသစ် အဖွဲ့ တက်လာပြီမို့ အရင်တုန်းက ချမှတ်ထားတဲ့ မူဝါဒတွေကို ပြောင်းလဲပစ်ဖို့ အတွက် တောင်းဆိုနေတာပါ။” လို့ ပြောသွားပါတယ်။
ဒါ့အပြင် မကြာခင်ကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်အဖွဲ့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တာ တွေ့ရတာမို့ ဒီတွေ့ဆုံ ဆွေးနွေးမှုတွေ ကနေ နောင်မှာ အပြောင်း အလဲတွေ ဖြစ်လာဖို့ အတွက် မျှော်လင့် ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
၂၀၁၀ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီ တရားဝင် ရပ်တည်နေမှု ပျက်ပြယ်ကြောင်း ကြေညာ ခဲ့ပါတယ်။ NLD ပါတီဘက်က တရားစွဲဆိုပြီး အယူခံ အဆင့်ဆင့် လျှောက်ထား ခဲ့ပေမဲ့ အထူး အယူခံကို နေပြည်တော် ဗဟို တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။
ဒါပေမဲ့ NLD ပါတီဟာ လူထုရဲ့ ထောက်ခံမှုနဲ့ ဆက်လက် ရပ်တည်နေခဲ့တာမို့ လက်ရှိ အစိုးရသစ် အဖွဲ့ရဲ့ ပြည်ထဲရေး ၀န်ကြီးက မကြာခင်ကမှ NLD ပါတီရဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးစာ ပေးပို့ခဲ့ပါတယ်။ NLD ပါတီက တရားဝင် အဖြစ် ဆက်လက် ရပ်တည်နေကြောင်း မကြာခင်မှာပဲ ကုလသမဂ္ဂကို တင်ပြဖို့ ရှိသလို အစိုးရသစ်အဖွဲ့က ပေးပို့တဲ့ စာနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့လည်း စောင့်မျှော် နေတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ပြည်ထဲရေးဝန်ကြီးက စာပို့ကတည်းက ကျနော်တို့ အကြောင်းပြန်တယ်။ အကြောင်းပြန်တဲ့ စာထဲမှာ ဥပဒေ အချက် အလက်တွေ ပြောထားတယ်။ အဲဒီအချက်မှာ အဓိက ပြောရရင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်ပြီး နောက်ပိုင်းမှာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေအရ ကျနော်တို့ ပါတီကို တရားမ၀င်ဘူးလို့ ပြောတာ။ အဲဒီလို ပြဋ္ဌာန်းတဲ့ ဥပဒေများဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘဲနဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက် စကတည်းက ပျက်ပြယ်တယ်။ ဒီဥပဒေတွေဟာ တရားမ၀င်ဘူး ဆိုတဲ့ အချက်အပေါ်မှာ အဓိက တင်ပြထားတာ။ အဲဒါ ကျနော်တို့ရဲ့ ဥပဒေဆိုင်ရာ ရပ်တည်ချက်ပါ။
“အစိုးရဘက်ကတော့ အခုထိ လက်မခံသေးလို့ ပြည်ထဲရေးက အကြောင်းကြားတာ။ သို့သော် ပြည်ထဲရေးကို ပြောတဲ့ အထဲမှာလည်း ကိုယ်မှန်တယ်၊ သူမှန်တယ်ကို အခြေခံ ပြောနေတာ မဟုတ်ဘူး၊ ကျနော်တို့နဲ့ အစိုးရအဖွဲ့ အမြင်နဲ့ မတူဘူး။ မတူတဲ့ ဥပဒေ အချက် အလက်တွေကို လိုအပ်သလို နားလည်မှုရအောင် ဆွေးနွေးကြစို့လို့ ဒါပြောတာပါ။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။
Ref: VOA News
NLD ဦးဆောင်၍ လှူဒါန်းမှုများ တိုးမြှင့် လုပ်ဆောင်
လင်းသန့်
Tuesday, 02 August 2011
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး ချိတ်ဆက်ထားသည့် အဖွဲ့များက ရန်ကုန်တိုင်း အတွင်းရှိ လိုအပ် နေသူများ အတွက် အာဟာရ ကျွေးမွေးရေးနှင့် အ၀တ်အထည် ဝေမျှရေး လုပ်ငန်းများကို လုပ်ဆောင် နေကြောင်း သိရသည်။
“ကျမတို့ ဒီနေ့တော့ ဖောင်ကြီးမှာရှိတဲ့ အရေပြားရောဂါ ဝေဒနာသည်တွေဆီကို သွားလှူတာပါ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အစီအစဉ်နဲ့ တနင်္လာနေ့ကနေ စနေနေ့ အထိ အဖွဲ့အသီးသီးက တရက်စီ တာဝန်ယူပြီး လိုအပ်တဲ့ သူတွေကို လှူဒါန်းနေတာပါ” ဟု NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ဧရာဝတီကို ပြောသည်။
ယခင်နှစ်နှောင်းပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက် လာပြီးနောက် NLD ပါတီသည် လူမှုရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။ NLD နှင့် ချိတ်ဆက်ထားသည့် အဖွဲ့အစည်း အသီးသီးကလည်း ဇူလိုင်လ ၅ ရက်နေ့မှ စတင်၍ အစာ အာဟာရများ၊ အ၀တ်အထည်များနှင့် လိုအပ်သည့် ပစ္စည်း တချို့ကို ရန်ကုန်တိုင်းအတွင်းရှိ ဒုက္ခ ခံစားနေရသော ဂေဟာများသို့ လိုက်လံ ဝေငှမှုခဲ့ကြသည်။
NLD ပါတီဝင်များ၊ ပူးပေါင်းပါဝင်ကြသည့် ကွန်ရက်အဖွဲ့ဝင်များနှင့် အလှူရှင်တချို့၏ ထည့်ဝင်မှုများဖြင့် ယခုကဲ့သို့ လိုအပ် နေသူများထံ လှူဒါန်းမှုများ ပြုနေခြင်းဖြစ်သည်ဟု ဒေါ်မေ၀င်းမြင့်က ရှင်းပြသည်။
NLD အမျိုးသမီးအဖွဲ့က ၂ ရက်၊ ကွန်ယက်အဖွဲ့ဝင်များကက ၂ ရက်၊ HIV လူနာများအား စောင့်ရှောက် နေသည့် မဖြူဖြူသင်း ဦးဆောင်သော NLD လူမှုကူညီရေးအဖွဲ့က ၁ ရက်၊ ဦးအေးသာအောင် ဦးစီးသည့် တိုင်းရင်းသားများ အဖွဲ့က ၁ ရက် စသည်ဖြင့် စီစဉ်၍ ရန်ကုန် ကြည့်မြင်တို်င် မျက်မမြင်ကျောင်း၊ ခ၀ဲခြံ မျက်မမြင်ကျောင်း၊ အမျိုးသမီး ဂေဟာ၊ အမေ့အိမ် ကျောင်းများ စသည့် နေရာများသို့ အလှည့်ကျ အဖွဲ့အလိုက် တာဝန်ယူ သွားရောက်လှူဒါန်းမှုများ လုပ်ဆောင်နေခြင်းဟု ၎င်းကဆိုသည်။
“ခိုကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အို တွေဆီကိုလည်း ဒီလို လိုက်လံလှူဒါန်းမှုမျိုး ကျမတို့ လုပ်နေပါတယ်” ဟု ဒေါ်မေ၀င်းမြင့်က ပြောသည်။
စားဝတ်နေရေး အဆင်ပြေမှုမရှိဘဲ အစစအရာရာ အခက်အခဲရှိသူများမှာ များပြားလှသော်လည်း ၎င်းတို့ အနေဖြင့် ဖြစ်နိုင်သည့် အကူအညီ ပေးမှုများကိုသာ စတင် လုပ်ဆောင် နေရသည်ဟု သူကဆိုသည်။
“အခက်အခဲ အမှန်တကယ်ရှိတဲ့သူတွေကို လိုက်လှူဒါန်းနေတာ တလလောက်ပဲ ရှိသေးတော့ လူသိပ် မသိသေးဘူး။ နောက်ပိုင်း အလှူရှင်တွေ တိုးပွားလာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဒေါ်မေ၀င်းမြင့်က ပြောသည်။
တိုင်းရင်းသား အဖွဲ့များကလည်း ဆွံ့အ နားမကြားကျောင်း၊ ဘုန်းတော်ကြီးသင် ပညာကျောင်း၊ စသည်တို့ကို လှူဒါန်းမှုများ လုပ်ဆောင် နေသည်ဟု သိရသည်။
Ref: ဧရာဝတီ်
နေပြည်တော် စီးပွားရေး ဆွေးနွေးပွဲသို့ NLD မပါဘဲ ဒေါ်စုကို ဖိတ်ရန်ရှိ
အေးလဲ့
အင်္ဂါနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၁
ချင်းမိုင်(မဇ္ဈိမ)။ ။ နေပြည်တော်တွင် ကျင်းပမည့် အမျိုးသားအဆင့် စီးပွားရေးအလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားရန် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်ကို မက်ခရိုဘောဂဗေဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် တဦးဖြစ်သည့် ဒေါက်တာ နေဇင်လတ်၏ ပြောဆိုချက်ကို ကိုးကားပြီး RFA မြန်မာပိုင်း အစီအစဉ်က ဖော်ပြထားသည်။
ဖိတ်ကြားချက် နှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ NLD နှင့် တစုံတရာ ဆွေးနွေးခြင်း မရှိကြောင်း NLD ဗဟိုကော်မီတီဝင် ဦးဝင်းတင်က မဇ္ဈိမသို့ပြောသည်။
“ဒီစစ်အစိုးရနဲ့ NLD ပါတီ အနေနဲ့ ပြောလို့မရ၊ ဆိုလို့မရ ဖြစ်နေတဲ့အချိန်မှာ သူက တဦးချင်း ဆောင်ရွက်တာပဲလို့ ကျနော် ယူဆ ပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် တရားဝင်ပါတီ အဖြစ်မှပျက်ပြယ်ခြင်း ရှိမရှိ ဆိုသည့် အချက်တွင် NLD နှင့် အစိုးရ အကြား အချေအတင် ဖြစ်နေသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော ထုတ်ပြန်ထားသည့် တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင် ပဋိပက္ခများ ကို ဆွေးနွေး အဖြေရှာရန် ပန်ကြားချက် တွင် ပါတီအမည်ကို ထည့်သွင်း ထားခြင်း မရှိဘဲ မိမိတဦးတည်း အမည်ဖြင့် လက်မှတ် ရေးထိုးထားသည်။
ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ဖွံ့အစိုးရ တက်ပြီးနောက် နေပြည်တော်တွင် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၂ ကြိမ် ကျင်းပခဲ့သည်။ ပထမတကြိမ်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြီး ဒုတိယ တကြိမ်တွင် E-Government ဖေါ်ဆောင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ခဲ့သည်။
ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ၌ နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ ဦးမြင့်က ‘ ဆင်းရဲ မွဲတေမူ လျှော့ချရေး လမ်းပြ စာတမ်း’ ကို တင်သွင်းခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်အား ပုဂ္ဂိုလ်ရေးအရ ခင်မင်မှု ရှိသည်။
Ref: မဇ္ဈိမ
ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ပေးရန် ENC လိုလား
ကျော်ခ
အင်္ဂါနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ)။ ။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံး ရပ်ရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်း ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ “အိတ်ဖွင့်ပေးစာ” အပေါ် တိုင်းရင်းသား လူမျိုးများ ကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENC က ထောက်ခံ ကြိုဆိုကြောင်း နှင့် တိုင်းရင်းသားပြဿနာ ပြေလည်စေရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြားဝင်ေ ဆာင်ရွက်ပေးရန် လိုလားကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။
“ဒေါ်စုလို ပြည်သူတွေ က ယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ် တယောက်ကနေ ကြားက ဝင်လုပ်ပေးရင် ကောင်တယ်လို့ ကျနော်တို့ မြင်လို့ ဒါကိုကြိုဆို လိုက်တာပါ” ဟု ENC အထွေထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါး ကမဇ္ဈိမကိုပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ဇူလိုင်လ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည့် အိတ်ဖွင့်ပေးစာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကချင် လွတ်မြောက်ရေး အဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီ နှင့် ရှမ်းပြည် တပ်မတော်တို့သို့ လိပ်မူထားပြီး ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန် အတွက် ကျမ အနေဖြင့် ကိုယ်စွမ်း ရှိသမျှ ပါဝင်ကြိုးပမ်းရန် အသင့်ရှိနေပါသည်” ဟု ရေးသားထားသည်။
မိမိတို့၏ ရပိုင်ခွင့်များအတွက် အသီးအသီး လှုပ်ရှားနေသည့် တိုင်းရင်းသား အဖွဲ့များ စုပေါင်းပါဝင်သည့် ENC က ဒေါ်အောင်ဆန်း စုကြည်၏ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်ထောင်စု အရေးတွင် လုပ်ကိုင်နိုင်စွမ်း ရှိမည်ဟု ယုံကြည်ကြောင်း ၎င်းတို့၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
ENC က “မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲနိုင်ရေးအတွက် သော်လည်းကောင်း၊ ပြည်ထောင်စု ကြီး၏ အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိနိုင်ရေးအတွက် သော်လည်းကောင်း ဒေါ်အောင်ဆန်း စုကြည် က တဖက်တလမ်းမှ လုပ်ကိုင် စွမ်းဆောင် နိုင်မည်ဟု ကျနော်တို့ တိုင်းရင်းလူမျိုးများ အနေဖြင့် ယုံကြည်သည်” ဟု ပါရှိသည်။
၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူသည့် အစိုးရသစ် လက်ထက် ရက်ပေါင်း တရာ မပြည့်မီပင် နိုင်ငံအတွင်းရှိ နယ်ခြားစောင့်တပ်အဖြစ် လက်မခံသည့် ကရင်၊ ကချင်၊ ရှမ်း စသော တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် အစိုးရတပ်များ အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ စစ်ဖြစ်ရာ ဒေသများ၌ ဒေသခံ စစ်ပြေး ဒုက္ခသည်များမှာ အိုးအိမ်များ လယ်ယာများကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ပွဲ ဒေသတွင်း စာသင်ကျောင်း များလည်း ယခုတိုင် ပိတ်ထားရဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ အိတ်ဖွင့်စာ၌ ပြည်ထောင်စုသား အချင်းချင်း ဖြစ်နေသော ပြဿနာများကို “အပြန်အလှန် ယုံကြည် လေးစားမှုတို့ဖြင့် ဖြေရှင်းရန်” တိုက်တွန်းထားသည်။
ENC ကလည်း မြန်မာအစိုးရသစ်အနေဖြင့် ပြည်တွင်းစစ် ရပ်စဲပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆို ထားသည်။
“လက်နက်နဲ့ စစ်တိုက်တဲ့နည်းနဲ့ကတော့ ဘယ်လိုနည်းနဲ့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီပြဿနာကို ဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းဖို့ အကြိမ်ကြိမ် တိုက်တွန်း ခဲ့တာပါ” ဒေါက်တာရွှေခါး က ပြောသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသည် ဘုန်းတော်ကြီးများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဖြိုခွဲမှု နောက်ပိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီမှ တဆင့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများ နှင့် လက်တွဲ ဆောင်ရွက်လိုကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ထိုစဉ်က တိုင်းပြည် အုပ်ချုပ်သည့် စစ်အစိုးရက အပစ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက် အပေါ် ကန့်ကွက်မှုများ ပြုလုပ်စေပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားများ တိုက်ရိုက် ဆက်သွယ်မှု မရှိစေရန် တားဆီးခဲ့ဖူးသည်။
Ref: မဇ္ဈိမ
SSC နှင့် Hot News ကျေအေးပြီ
သဲသဲ
အင်္ဂါနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၁
နယူးဒေလီ(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ရှိ ရွှေဂုံတိုင် အထူးကုဆေးရုံ SSC ၏ ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဆေးရုံ ဘက်မှ ဖြေရှင်းချက်ကို Hot News ဂျာနယ်တွင် ဖော်ပြပေးမည့် သဘော တူညီချက်ဖြင့် ဆေးရုံဘက်က ဂျာနယ် အပေါ် စွဲဆို ထားချက်များကို ပြန်လည် ရုပ်သိမ်းကာ ကျေအေး လိုက်ကြသည်။
SSC ဆေးရုံကို အသေရေ ပျက်စေသည် ဆိုသော Hot News ဂျာနယ်ပါ ဆောင်းပါး တပုဒ်ကြောင့် အယ်ဒီတာချုပ် ဒေါ်ဟမာ (ခ) မမနှင့် ဂျာနယ်အား နစ်နာကြေး ကျပ်သိန်းပေါင်း ၂ သောင်း ရလိုသော တရားစွဲဆို မှုကို ပြန်လည် ရုပ်သိမ်း ပေးလိုက်ခြင်း ဖြစ်သည်။
နစ်နာကြေးအတွက် ရန်ကုန်တိုင်း တိုင်းဒေသကြီး တရားရုံးတော်တွင် အမှုကို စတင်ကြားနာရန် ချိန်းဆိုထားသော ဇွန်လ ၂၉ ရက်နေ့တွင်ပင် တရားရုံးတော်သို့ အမှုကျေအေးလွှာ တင်သွင်းကာ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု SSC ၏ အမှုလိုက် ရှေ့နေ ဦးရဲမြင့်က ပြောသည်။
“ကျနော်တို့ နှစ်ဘက်အကျိုးကို လိုလားသူ တယောက် က နေပြီးတော့ စေ့စပ် ညှိနှိုင်းပေးမှုနဲ့ နှစ်ဘက် သဘော တူညီချက် ရလို့ ရုပ်သိမ်း လိုက်တာပါ။ Hot News က ဆေးရုံကို အင်တာဗျူးလုပ်ပြီး ဆေးရုံဘက်က ဖြေရှင်းချက်ကို သူတို့ ဂျာနယ်မှာ ဖော်ပြ ပေးလိမ့်မယ်” ဟု ဦးရဲမြင့်က မဇ္ဈိမကို ပြောသည်။
ထို့အပြင် ဗဟန်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသော အသရေဖျက်မှု အတွက်လည်း အမှုကြားနာရန် ချိန်းဆို ထားသည့် သြဂုတ် ၅ ရက် နေ့တွင် ကျေအေးလွှာ တင်သွင်းသွားမှာ ဖြစ်သည်ဟု သူက ဆက်ပြောသည်။
SSC ဆေးရုံ၏ အစုရှယ်ယာဝင် တဦးဖြစ်သော ကမ္ဘောဇဘဏ် သူဌေး ဦးအောင်ကိုဝင်း၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် ဒေါ်မမနှင့် ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့တို့ နှစ်ကြိမ်တိုင် တွေ့ဆုံပြီး ပြေလည်မှု ရခဲ့ခြင်း ဖြစ်သည်။
ဒေါ်မမသည် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်မောင်သန်း၏ သမီးဖြစ်ကာ၊ ခင်ပွန်းမှာလည်း စစ်တပ်မှာ အရာရှိဟောင်း တဦး ဖြစ်သည်။ ပေဖူးလွှာ မဂ္ဂဇင်း အမှုဆောင် အယ်ဒီတာချုပ်နှင့် Faces မဂ္ဂဇင်း ထုတ်ဝေသူအဖြစ် လုပ်ကိုင် နေသည်။
Ref: မဇ္ဈိမ
Tuesday, August 2, 2011
တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့
ဒီတစ်ခါအိပ်ရာက မထနိုင်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဘယ်လောက်ထိ ကြာသွားလဲ ဆိုရင် နံပါး နှစ်ဖက်မှာ ဘိုလို bedsore လို့ခေါ်တဲ့ အိပ်ရာပွန်းနာတွေ ရလာတဲ့ အထိပါပဲ။ သုံးလလုံးလုံး နေ့ရောညပါ အိပ်ရာထဲမှာပဲ နေပြီး ညာဖက် နံတောင်းနဲ့ စောင်းအိပ်လိုက်၊ ဘယ်ဖက် နံတောင်းနဲ့ စောင်းအိပ် လိုက်နဲ့သာ နေရတာကိုး။
စိတ်ပူရှာကြ
ရေးနေကျ ဂျာနယ်တွေအတွက် စာမရေးနိုင်တော့ နယ်ပေါင်းစုံက စာဖတ်ပရိတ်တွေ ဖုန်းဆက်ကြ၊ စာရေးကြနဲ့ စိတ်ပူ ရှာကြတယ်။ ရန်ကုန်နဲ့ နီးတဲ့ဒေသက စာဖတ်သူ များကတော့ လူကိုယ်တိုင် ရောက်လာပြီး စုံစမ်း မေးမြန်း ကြတယ်။ နဂိုက ဧည့်မပြတ်ရတာ ထက်တောင်ပိုပြီး အရောက်အလာ များတယ်။ နေမကောင်းဘူး ကြားတော့ စာပေသမား သတင်းသမားတွေ ကလည်း စိတ်ပူပြီး တစ်ယောက်ပြီး တစ်ယောက် ရောက်ရောက်လာ ကြတယ်။ တချို့များဆို ၀ီရိယကောင်းလွန်းလို့ နေမကောင်းတဲ့ ကြားက ပြုံးတောင် ပြုံးမိသေးတယ်။ စာရေး နိုင်ပြီလားဆိုတာ သိချင်လို့ လာတာပါ ဆိုပြီး အိပ်ရာထဲ လှဲနေတဲ့သူကို ထောင့်မျိုးစုံက လှည့်ပြီး ဓာတ်ပုံ ရိုက်သူကရိုက်၊ ဗီဒီယို ရိုက်သူကရိုက်နဲ့ လုပ်ကြတော့ သတင်းသမားချင်း မဟုတ်လား။ သူတို့လာတဲ့ ရည်ရွယ်ချက်ကို မသိဘဲ ဘယ်နေပါ့မလဲ။
မဂိုးသေးပါဘူး
လူငယ်လေးတွေမို့ ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်ပေမယ့် စိတ်ထဲကတော့ ''မဂိုးသေးပါ ဘူးကွယ်၊ တစ်သွေး တစ်သံ တစ်မိန့်ဆိုတဲ့ အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းပြီး ကျောင်းသား လူငယ်တွေ၊ ဆရာတော် သံဃာတော်တွေ၊ တပ်မတော် သားတွေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေ အားလုံး လိုလား တောင့်တနေကြတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို မမြင်ရမချင်း အကြာကြီးကို နေသွားဦးမှာပါ''လို့ ပြောနေမိတယ်။ အနိစ္စမသိ၊ တရားမရှိလို့ ပြောတာ မဟုတ်ဘူး။ ဒုတိယ ကမ္ဘာစစ်ကြီးမှာ မွေးပြီး နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်း စစ်ကြီးနဲ့ တစ်ပါတီ တစ်ဖွဲ့ တစ်စည်း အုပ်ချုပ်မှု အောက်မှာ နှစ်ပေါင်း ၅၀ နီးပါး နေထိုင် ခဲ့ရသူ တစ်ဦးအနေနဲ့ ဒါလောက်ကလေး လိုလား တောင့်တတာဟာ မလွန်လောက်ဘူး ထင်လို့ပါ။
ဒါကြောင့်
''စစ်ဆိုရင်မုန်းလွန်းလို့ ရေတောင်စစ်မသောက်ချင်ဘူး'' လို့ ရှေးလူကြီးတွေ ပြောကြ သလိုတောင် တစ်ခါတစ်ခါ ပြောချင်မိတယ်။ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ကြီး အတွင်းမှာ တပ်ထဲဝင်သွားတဲ့ ဦးလေးသားချင်း စစ်ဗိုလ်တွေ တိုက်ပွဲမှာ ကျဆုံးသွားတာ ရှိသလို၊ ရဲဘော်ဖြူတွေထဲ ကွန်မြူနစ်တွေထဲ ရောက်သွားပြီး ကျဆုံးသွားတဲ့ ဆွေမျိုးတွေလည်း ရှိခဲ့တယ်။ ကိုယ်ကြီးလာတော့လည်း ဒီအတိုင်းပဲ။ သူငယ်ချင်း စစ်ဗိုလ်တချို့ ကျဆုံး သွားကြသလို တောထဲ တောင်ထဲ ရောက်သွားပြီး တိုက်ပွဲမှာ ကျသွားတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ချစ်တာ၊ ဒီမိုကရေစီကို လိုချင်တာ။
အဆုံးအဖြတ် ပြုနိုင်လောက်တဲ့ သတင်း
ဇူလိုင်ကုန်ခါနီးတော့ ဧည့်သည် အ၀င်အထွက် ပိုများလာတယ်။ နည်းနည်း သက်သာသလို မြင်ရရင် စကား ပြောလာ ကြတယ်။ ရူးပတ်မားဒေါ့ရဲ့ မီဒီယာ အင်ပါယာကြီး ကိစ္စအပေါ် ထင်မြင်ချက် မေးချင်လာကြတယ် ''ဇူလိုင် နောက်ဆုံးပတ် ရောက်တော့ မားဒေါ့ ကိစ္စတုန်းက အလိုက်သိစွာနဲ့ ဘာမှမမေးဘဲ နှုတ်ဆိတ် နေခဲ့ကြတဲ့ မိတ်ဆွေ တချို့တောင် မမေးဘဲ မနေနိုင် ကြတော့ဘဲ ''ထင်မြင်ချက်လေး ပေးပါဦး''လို့ ပြောလာကြတယ်။ မားဒေါ့ ကိစ္စလို မဟုတ်ဘဲ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက်တော့ အရေးကြီးဆုံး ထိပ်တန်း သတင်းကြီး မဟုတ်လား။ တိုင်းပြည်ရဲ့ ကံကြမ္မာကို အကောင်းအဆိုး အဆုံးအဖြတ် ပြုနိုင်လောက်တဲ့ အထိ အရေးပါတဲ့ သတင်းကြီးပဲလေ။ အစိုးရ သစ်ရဲ့ ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြတဲ့ သတင်းပေကိုး။
ကောင်းတာတွေ့ရင် ကောင်းတယ်လို့ ရေးသလို၊ မကောင်းတာ တွေ့ရင်လည်း မကောင်းဘူးလို့ ရေးရတယ်။ အစိုးရသစ် ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံတာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ မင်္ဂလာ သတင်းဖြစ်တယ် . . .
သို့လော၊ သို့လော
သူတို့ အရေးတကြီးနဲ့ အလေးထားကြတာ မလွန်ပါဘူး။ ကိုယ်တိုင်လည်း အိပ်ရာက မထနိုင်ပေမယ့် သတင်း မှန်သမျှ ကိုတော့ မျက်ခြည်မပြတ် စောင့်ကြည့် နေခဲ့ရပါတယ်။ အစိုးရသစ်က ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမည်တပ်ပြီး သတိပေးချက် ထုတ်ပြန်လိုက်တော့ လူတိုင်းရဲ့ စိတ်ထဲမှာ သို့လော သို့လော တွေးနေကြခိုက်မှာ မထင်မှတ်ဘဲ အစိုးရ သစ်ရဲ့ ၀န်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်း စုကြည်နဲ့ နှစ်ဦးတည်း တွေ့ဆုံမယ်လို့ ကြေညာ လိုက်တာကိုး။ ဒီတော့ ဘယ်လို ဖြစ်လာနိုင်သလဲ။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်ရေး အတွက် အလားအလာ ကောင်းများ ဖြစ်နိုင်သလား။ စာနဲ့ သတိပေးချက်ကို ပိုပြီး ခိုင်မာစေဖို့ လူကိုယ် တိုင်တွေ့ဆုံ သတိပေးတာလား။ ဒီလို အခြေအနေမှာ ဒီမိုကရေစီ အင်အားစုများ အနေနဲ့ ဘာတွေ လုပ်ဆောင်သင့်ကြ သလဲ စတဲ့စတဲ့ လဲပေါင်းများစွာ၊ လားပေါင်း များစွာကို မေးခွန်း ထုတ်နေကြတယ်။
ထင်မြင်ချက်မျိုးစုံ
''ထင်မြင်ချက်ပေးပါဦး'' ဆိုလာ သူတွေကို ထင်မြင်ချက်မပေးမီ အရင်ဆုံးအနေနဲ့ လာသမျှ ဧည့်သည် မျိုးစုံနဲ့ မီဒီယာ သမားကြီးငယ် မျိုးစုံတို့ရဲ့ ပြောသံ ဆိုသံတွေနဲ့ ထင်မြင် ယူဆချက်တွေ၊ ဆန္ဒစွဲမှန်းဆမှု (wishful speculation) တွေကို စုစည်း ကြည့်လိုက်တယ်။ ဒီလို တွေ့ရတယ်။
(၁) ဘန်ကီမွန်းလို ဒါဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် ကောင်းမွန်တဲ့ လမ်းစ ဖြစ်တယ် ဆိုတဲ့ အကောင်းမြင် ရှုထောင့်က ကြည့်တဲ့သူများ။
(၂) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြောသလို၊ မှန်ကန် ကောင်းမွန်တဲ့ လမ်းကြောင်း ဖြစ်တယ်။ ဒါပေမဲ့ ဒါလောက်နဲ့ မလုံလောက် သေးဘူး။ လက်တွေ့ အလုပ်နဲ့ သက်သေပြဖို့ လိုတယ်ဆိုတဲ့ 'ထောက်ကွက်' လုပ်သူများ။
(၃) အမေရိကန်နဲ့ အာဆီယံ နိုင်ငံတွေက ပရက်ရှာ(ဖိအား) ပေးနေတာတွေ လျော့ကျ သွားစေဖို့နဲ့ အာဆီယံမှာ ဥက္ကဋ္ဌနေရာ ရယူဖို့ အတွက် လှည့်ကွက် သက်သက်မို့ 'အရာကြီးနဲ့ ဘာဘူကြီး'လို ထူးမခြားနား ပါပဲလို့ ဆိုသူများ။
(၄)တွေ့ဆုံကြတဲ့ ဘက်နှစ်ဖက်မှာ ကိုယ်စီကိုယ်စီ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေရှိနေ၊ တစ်ဖက်နဲ့ တစ်ဖက် ကျောခိုင်း နေတာထက်တော့ မျက်နှာချင်းဆိုင် တွေ့ဆုံတာက ပိုကောင်းတယ်။ ဒါကြောင့် ထောက်ခံသင့်တယ်။ တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲ ဖြစ်အောင် အားလုံးဝိုင်းပြီး တွန်းအား ပေးရမယ်လို့ ဆိုတဲ့သူများ။
အကျိုးတော်ဆောင်လုပ်ဖို့
အဓိက အနေနဲ့တော့ အဲဒီလေးမျိုးလေးစား တွေ့ရတယ်။ ဒီကြားထဲမှာ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အတွက် နှစ်ဖက်စလုံးနဲ့ ထိတွေ့မှု အများဆုံး ရရှိနေတဲ့ မီဒီယာကြီးတွေက 'အကျိုးတော်ဆောင်' ၀င်လုပ်ပေးရင် မကောင်းဘူးလားလို့ ပြောလာသူ နှစ်ဦး သုံးဦးလည်း ရှိသေးတယ်။ သူတို့ကတော့ လူနည်းစုလေးမို့ အထက်မှာ ပြောခဲ့တဲ့ လေးမျိုးလေးစားထဲ ထည့်မတွက်ဘဲ ချန်လှပ် ထားခဲ့တာပါ။ မီဒီယာကြီးတွေလို့ ပြောတော့ ကိုယ်နဲ့လည်း ဆက်စပ် နေတာကြောင့် ဖြေတဲ့ အခါမှာတော့ ထည့်သွင်း ဖြေကြား သွားပါမယ်။
ကြိုတင်ပြောပါရစေ
ထင်မြင်ချက်ပေးဖို့ ပြောသူများထဲမှာ နိုင်ငံရေးသမားတွေ ပါသလို၊ မီဒီယာ သမားတွေလည်း ပါပါတယ်။ နိုင်ငံရေး သမား မီဒီယာသမား မဟုတ်တဲ့ ရိုးရိုး လူငယ်တွေလည်း တော်တော်များများ ပါကြတယ်။ ကိုယ်တိုင်က နိုင်ငံရေး ပါတီ တစ်ခုခုမှာ ပါဝင်ပတ် သက်နေသူ မဟုတ်ဘဲ သတင်း မီဒီယာသမား သက်သက်သာ ဖြစ်တာကြောင့် နိုင်ငံရေးသမားလို 'ခွဲခြမ်းစိပ်ဖြာ' (analyse) စဉ်းစားတာမျိုး မလုပ်နိုင်ပါဘူး။ သတင်းသမား တစ်ယောက်ရဲ့ သုံးသပ် ဝေဖန်ချက် ရေးသလိုမျိုးသာ ဖြေတတ်တယ်။ ဒါကြာင့် နိုင်ငံရေး သုံးသပ်ဝေဖန်ချက် စစ်တမ်းတစ်ခုလို မကြည့်ဘဲ၊ ပုံနှိပ်ဖော်ပြဖို့ သတင်းစာ၊ ဂျာနယ်ထဲမှာ ရေးတဲ့ သတင်း သုံးသပ်ချက် ဆောင်းပါး တစ်ပုဒ် အဖြစ်နဲ့သာ ရှုမြင်ပါလို့ ကြိုတင် ပြောထားပါရစေ။
မင်္ဂလာသတင်း
သတင်းသမားဆိုတာ သတင်းဖြစ်လာရင် ဖြစ်လာတဲ့အတိုင်း အပိုအလိုမရှိ အမှန်အတိုင်း အရှိအတိုင်း ရေးရတယ်။ သုံးသပ် ဝေဖန်ရာမှာလည်း ကောင်းတာတွေ့ရင် ကောင်းတယ်လို့ ရေးသလို၊ မကောင်းတာ တွေ့ရင်လည်း မကောင်းဘူးလို့ ရေးရတယ်။ အစိုးရသစ် ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ မင်္ဂလာသတင်း ဖြစ်တယ်။ ဒီလို တွေ့ဆုံမှုမျိုး ထပ်ခါထပ်ခါ ပြုလုပ်ကြဖို့ တိုက်တွန်း နှိုးဆော်ရမယ်။ ဒီတွေ့ဆုံမှု မတိုင်မီက အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့အဖွဲ့ဝင်တွေ ချီတက် အလေးပြုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူချင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက် ခဲ့ကြတယ်လို့ သိရတယ်။ သားအမိ နှစ်ယောက်ရဲ့ ပုဂံဘုရားဖူး ခရီးစဉ်မှာလည်း တာဝန်ရှိသူချင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက် ခဲ့ကြတယ်လို့ သိရတယ်။
တွေ့ဆုံခြင်းရလဒ်
အာဇာနည်နေ့ ကိစ္စရော၊ ပုဂံဘုရားဖူး ကိစ္စပါ မြန်မာနိုင်ငံ သားတွေ သာမက ကမ္ဘာ တစ်ခုလုံးကပါ ရင်တမမနဲ့ စောင့်ကြည့် နေခဲ့ကြပေမယ့် မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စမျိုး တစ်ခုမှ ဖြစ်ပေါ် မလာခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံး သွားခဲ့တယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် တွေ့ဆုံ ညှိနှိုင်းမှုကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်။ ပြည်သူ ပြည်သား အားလုံး ၀မ်းမြောက် ၀မ်းသာ ဖြစ်ကြ ရတယ်။ ကမ္ဘာမှာ အစိုးရသစ်ရဲ့ ဂုဏ်သိက္ခာလည်း တက်သွား စေတယ်။ အစိုးရသစ်ဟာ လုံခြုံရေး ရှုထောင့် တစ်ခုတည်း ကသာ ကြည့်ပြီး လုံခြုံရေး အတွက် စစ်တပ်တွေ ရဲတပ်တွေ အများအပြား ချထားခြင်း မပြုဘဲ နိုင်ငံရေးရှု ထောင့်ကပါ ရှုမြင် သုံးသပ်ပြီး ပါးပါးနပ်နပ် ဆောင်ရွက် ခဲ့တာကြောင့် ဒီလိုရလဒ်မျိုး ရရှိခဲ့တာဖြစ်တယ်။
အာမခံချက်ပေး
ဒီမိုကရေစီနိုင်ငံတိုင်းမှာ တိုင်းသူပြည်သား အားလုံးအတွက် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ စည်းရုံး လှုပ်ရှားခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့်၊ ဆန္ဒပြ စာတမ်း လှည့်လည်ခွင့် တို့ကို ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ထည့်သွင်း ရေးသားပြီး အာမခံချက် ပေးထားကြတယ်။ မြန်မာနိုင်ငံက လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာလည်း ပြဋ္ဌာန်း ပေးထားတယ်။ ဆန္ဒပြတယ် ဆိုတာ ဒီမိုကရေစီ နိုင်ငံတွေမှာ မထူးဆန်းပါဘူး။ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ တောင်ကိုရီးယား လမ်းမတွေ ပေါ်မှာ လူ လေးငါးဆယ် လောက်ကနေ လေးငါးရာနဲ့ လေးငါးထောင်ထိ ဆိုင်းဘုတ်လေးတွေ ကိုင်ပြီး စီတန်း လမ်းလျောက် နေကြတာတွေ ရုပ်မြင် သံကြားမှာ နေ့တိုင်း တွေ့နေ ကြရတာပါ။ ဆန္ဒပြသူ ကပြ၊ လမ်းသွား လမ်းလာတွေက သွားမြဲလာမြဲ၊ ရုံးသူ ရုံးသားတွေက ရုံးတက်မြဲပါပဲ။ ဆန္ဒပြသူတွေ ကလည်း သူတို့ ပြစရာရှိတာပြ၊ တောင်းဆိုချက် ပေးစရာရှိတာ တွေပေးပြီး အေးအေးဆေးဆေး ပြန်သွားကြတာ ပါပဲ။
ပြောမယုံကြုံဖူးမှသိ
လုံခြုံရေး ရှုထောင့် တစ်ခုတည်းက မကြည့်ဘဲ နိုင်ငံရေး ရှုထောင့်ကပါ ရှုမြင်သုံးသပ်လို့ ရလဒ်ကောင်း ရခဲ့တဲ့ 'ဖြစ်ရပ်ဆန်း' တစ်ခု အာဇာနည်နေ့က ကြားသိခဲ့ရတယ်။ မြောက်ဒဂုံက လူပေါင်း နှစ်ဆယ် အစိတ်လောက်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ ချီတက် အလေးပြုမှာကို သွားရောက် ပူးပေါင်းဖို့အတွက် စီတန်း ထွက်ခွာ လာကြတယ်။
အဲဒီမှာ ''မပြောမယုံကြုံဖူးမှသိ'' လို့ ပြောရမယ့် ဖြစ်ရပ်ကို တွေ့ရတယ်။ စီတန်း ချီတက် လာသူတွေကို လုံခြုံရေး တာဝန် ရှိသူတွေက ရင်ဆိုင် တွေ့ဆုံ မေးမြန်းပြီးတော့ သူတို့ သွားလိုရာ အရောက် ကားတွေပေါ် တင်ပြီး လိုက်ပို့ လိုက်သတဲ့။ ကဲအဲဒါထက် ဆန်းတဲ့ သတင်း ရှိသေးရဲလား။ ဒီလုံခြုံရေး အဖွဲ့ဝင်များရဲ့ လုပ်နည်း လုပ်ဟန်ကို မချီးကျူးဘဲ မနေနိုင်ဘူး။ နမူနာကောင်းလေး ဖြစ်ပါစေလို့ အောက်မေ့ လိုက်ရတယ်။
ဗျူဟာတွေလိုတယ်
သတင်းသမားတစ်ယောက် အနေနဲ့ မြင်တာကို မြင်တဲ့ အတိုင်း ပြောတာဖြစ်တယ်။ မမြင်ရတဲ့ ကိစ္စ မဖြစ်သေးတဲ့ ကိစ္စကို ပြောလို့ မရပါဘူး။ အစိုးရက ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မသိပါဘူး။ သိအောင် လုပ်တဲ့ ကိစ္စက နိုင်ငံရေး ပါတီတွေရဲ့ အလုပ်ပါ။ သတင်းသမား အလုပ် မဟုတ်ဘူး။ နိုင်ငံရေး ပါတီတွေ ဆိုတာက မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ ချမှတ် လုပ်ဆောင်ရတာ ဖြစ်တော့ တစ်ဖက်သားရဲ့ ရည်ရွယ်ချက်နဲ့ တစ်ဖက်သားရဲ့ အခံစိတ်ဓာတ်ကို အသေးစိတ် လေ့လာ တွက်ချက်ပြီး မှန်းဆရတယ်။ အဲဒီလို မှန်းဆရာမှာ မှန်ကန်ဖို့ သိပ်အရေး ကြီးတယ်။ 'ဆန္ဒစွဲမှန်းဆချက်' (wishful speculation) မဖြစ်ဖို့ လိုတယ်။ မြန်မာပြည် နိုင်ငံရေး အသိုင်းအ၀ိုင်း ထဲက ပုဂ္ဂိုလ်အများစု မှားလေ့ရှိတဲ့ အမှားမျိုးထပ် မမှားစေဖို့ သတိ ထားသင့်တယ်။ အမေရိကန်နဲ့ အီးယူက ဖိအားပေးလို့ အာဆီယံက 'ပရက်ရှာ' ပေးလို့ အစိုးရက လိုက်လျောလာတာ ဆိုတဲ့ အမြင်ဟာ အင်မတန် မှားယွင်းတဲ့ အမြင်ဖြစ်တယ်။ နှစ်ပေါင်း ငါးဆယ်နီးပါး လက်တွေ့ မြင်တွေ့ခဲ့ရတဲ့ အချက်ကတော့ မြန်မာ အစိုးရဟာ ဘယ်သူ့ ဖိအားကိုမှ ဂရု မစိုက်ဘူး ဆိုတဲ့ အချက် ဖြစ်တယ်။ သမ္မတ ဘီလ်ကလင်တန်ရဲ့ ဖိအားကိုတောင် အရေး မလုပ်ခဲ့တဲ့ အစိုးရဟာ သူ့မိန်းမ ဟီလာရီလို နိုင်ငံခြားရေး ၀န်ကြီးရဲ့ မိန့်ခွန်းလောက်ကို ဂရုစိုက် နားထောင်မှာတောင် မဟုတ်ပါဘူး။
အပ်နဲ့ ထွင်းလို့မရ
အရေးကြီးတာက ကိုယ့်အားကိုယ်ကိုးဖို့ပဲဖြစ်တယ်။ ကိုယ့်မှာ ခံ့ညားရိုသေ လောက်တဲ့ အင်အားရှိမှ အများက လေးစားမှာ ဖြစ်တယ်။ သတင်းသမား တစ်ယောက်ရဲ့ မျက်စိထဲမှာ လောလောဆယ် မြင်နေရတဲ့ အဖြစ်အပျက်တွေ သတင်းတွေက ကြာရှည် လစ်လျူရှုထားရင် 'အပ်နဲ့ထွင်း' ရုံနဲ့ မရတဲ့ အခြေအနေ အထိ ရောက်လာ နိုင်ပါတယ်။ တိုင်းရင်းသား ဒေသ အားလုံး လိုလိုမှာ စစ်ပွဲတွေ အရှိန်ပြင်းပြင်းနဲ့ ဖြစ်လာ နေတာတွေဟာ အင်မတန် အန္တရာယ် ကြီးလှတယ်လို့ သဘောရတယ်။ စိတ်မချမ်းသာစရာ ဖြစ်တယ်။ တပ်မတော်သား ကျဆုံးလည်း မြန်မာပဲ။ ကေအိုင်အေကကျလည်း မြန်မာပဲ။ ဒီကေဘီအေနဲ့ ကေအင်န်ယူက သေလည်း မြန်မာပဲ။ ရှမ်းဘက်ကကျလည်း မြန်မာ နိုင်ငံသားပဲ။ ကိုယ့်အချင်းချင်း တိုက်နေ သတ်နေရတာ ဘာကောင်းလို့လဲ။
မျက်နှာမလှတဲ့ ကိစ္စ
ခုချိန်မှာ မြန်မာတစ်မျိုးသားလုံး အတွက် အရေးကြီးဆုံးက သေနတ်သံတွေ ရပ်စဲပြီး အသေအပျောက် သတင်းတွေ မကြားရ တော့ဖို့ ဖြစ်တယ်။ ဒီကိစ္စကို အားလုံး ၀ိုင်းဝန်း ကြိုးစား ကြစေချင်တယ်။ နောက်အရေးကြီးတာ တစ်ခုကတော့ အစိုးရ အတွက်လည်း နိုင်ငံတကာမှာ မျက်နှာ မလှဖြစ်နေရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ အပါအ၀င် လူပေါင်း နှစ်ထောင်နီးပါး ကိစ္စဖြစ်တယ်။ ဒီလို ထိန်းသိမ်း ထားမှုတွေဟာ အစိုးရအတွက် မျက်နှာမလှ ဖြစ်ရုံသာမက တိုင်းပြည် အတွက်လည်း စွမ်းအားတွေ အဟောသိကံ ဖြစ်ရာ ရောက်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ဧရာဝတီ မြစ်ကြီး ကယ်တင်ရေး ကိစ္စ၊ လယ်သမားတွေ အကြောင်း အမျိုးမျိုးကြောင့် လယ်မလုပ် နိုင်ကြတော့ဘဲ မြို့တက်ပြီး ရွှေ့ပြောင်း လုပ်သား ဖြစ်ကုန်တဲ့ ကိစ္စ၊ မြန်မာ အမျိုးသမီးတွေ အိမ်နီးချင်း နိုင်ငံတွေဘက် ရောင်းစား ခံနေရတဲ့ကိစ္စ၊ ချမ်းသာသူ တစ်စုက ပိုပို ချမ်းသာနေပြီး ဆင်းရဲသူတွေက ပိုပိုပြီး ဆင်းရဲ လာနေတဲ့ကိစ္စ၊ စတဲ့ စတဲ့ ကိစ္စတွေက မနည်းလှဘူး။
ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာကနေ ဆွေးနွေးတဲ့ အဆင့်ကို ရောက်ရင်တောင် ဖြေရှင်းရမယ့် ပြဿနာတွေ တောင်လို ပုံနေတယ်လို့ ဆိုချင်တယ်။ အဲဒါကြောင့် တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲ ဖြစ်လာအောင် အားလုံး ၀ိုင်းဝန်း ကြိုးစားကြဖို့ မြန်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ကြဖို့ နှိုးဆော် လိုက်ပါတယ်။
ဆက်ရေးပါဦးမယ်
Ref: EMG News
၉ဝ နောက်ပိုင်း ပါတီဆောင်ရွက်ချက်တွေ ဒေါ်အောင်ဆန်းစုကြည် သုံးသပ်ဆွေးနွေး
2011-08-01
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ဗဟို ဦးစီး အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး NLD ပါတီရဲ့ ဆောင်ရွက်ချက်တွေ အပေါ် ပြန်လည် သုံးသပ် ဆွေးနွေး ခဲ့ကြကြောင်း သိရပါတယ်။
လစဉ် ပုံမှန်ကျင်းပနေတဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင် ရပြီးနောက်ပိုင်း NLD ပါတီရဲ့ ဆောင်ရွက်ချက်တွေကို အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
“ပါတီတွင်းကိစ္စတွေ၊ ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ၊ သမိုင်းတွေကို ဆွေးနွေးကြ တာပါ။ အဲဒီတုန်းက အထွေထွေ အတွင်းရေးမှူးကလည်း နေအိမ် အကျယ်ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကလည်း ထောင်ကျနေတယ်။ ဦးဝင်းတင် ကလည်း ထောင်ကျနေတယ်။ တချို့ပုဂ္ဂိုလ်တွေကလည်း ကျန်းမာရေး မကောင်းတော့ ဦးအောင်ရွှေတို့ ဦးလွင်တို့ကလည်း မလာနိုင်တော့ဘူး။ အဲဒီတုန်းကတည်းက အဖွဲ့ချုပ် ဘယ်လို ရပ်တည်ခဲ့သလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ပြန်ပြီး ဆွေးနွေးကြတာပါ”
ဒီကနေ့ ဆွေးနွေးပွဲကို မနေ့က မျက်စိ ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ကျန်းမာရေး အခြေ အနေကြောင့် ဆေးရုံတက် ကုသနေရတဲ့ ဦးဝင်းတင်တို့လည်း တက်ရောက် လာကြတယ်လို့ သိရပါတယ်။
Ref: RFA News
တာချီလိတ်မှာ စာရွက်စာတမ်း ဖြန့်ဝေတဲ့ အမေရိကန် အမျိုးသမီးကို ပြည်နှင်ဒဏ်ပေး
2011-08-01
တာချီလိတ်မြို့မှာ ဒီမိုကရေစီရေး စာရွက်စာတမ်း ဖြန့်ချိခဲ့မှုနဲ့ အမေရိကန် အမျိုးသမီးတဦးကို မြန်မာ အာဏာပိုင် တွေက ဖမ်းဆီးပြီး ထိုင်းနိုင်ငံ ဘက်ကို ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Joy Agner ဆိုသူ အမေရိကန် အမျိုးသမီးက သူဟာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအပါအဝင် မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ စာရွက် စာတမ်းတွေကို တာချီလိတ်မြို့မှာ ဖြန့်ချိခဲ့တဲ့ အတွက် အဖမ်း ခံရတာလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေကို အငှား မော်တော်ဆိုင်ကယ်တွေမှာ ကပ်ခဲ့တာနဲ့ စားသောက်ဆိုင်တွေမှာ မြန်မာ့ ဒီမိုကရေစီ ရေးနဲ့ ပတ်သက်တဲ့ မဂ္ဂဇင်း စာအုပ်တွေကို ချထား ခဲ့တာတွေကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်ကြောင်း၊ ဘယ်သူ တဦး တယောက်ကိုမှ အန္တရာယ် မဖြစ်စေလိုတဲ့ အတွက် လက်ထဲကို ဝေငှပေးတာမျိုး မလုပ်ခဲ့ကြောင်း၊ သူ့ကို တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့လ ၁၆ ရက်နေ့က ဖမ်းဆီးပြီး ၁၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘက်ကို ပြန်လည် နှင်ထုတ်ခဲ့ကြောင်း ပြောပါတယ်။
Joy Agner ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်ပရောက် မြန်မာရဟန်းတော်တချို့ ဖွင့်လှစ်ထားတဲ့ The Best Friend စာကြည့် တိုက်ကနေ မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ စာရွက်စာရွက်တမ်းတွေ ယူဆောင်သွားပြီး ဖြန့်ချီခဲ့တာလို့ ပြောပါတယ်။ သူဟာ ဒီမိုကရေစီရေး လူ့အခွင့်အရေး တွေနဲ့ ပတ်သက်ပြီး ဂွာတီမာလာ၊ ဂါနာနဲ့ လိုင်ဘေးရီးယား စတဲ့ နိုင်ငံတွေက ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။
Ref: RFA News
ကားခမြင့်၍ စစ်တွေ တက္ကသိုလ်တွင် ရုန်းရင်း ဆန်ခတ်ဖြစ်
ထွန်းထွန်း
8/1/2011
စစ်တွေ တက္ကသိုလ်တွင် ပြေးဆွဲနေသော သုံးဘီးကားခကို ရုတ်တရက် မြင့်တင် လိုက်သဖြင့် ကျောင်းသားများနှင့် သုံးဘီး သမားများ အကြား စကားများရာမှ ရုန်းရင်း ဆန်ခတ်မူ တစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါ ရုန်းရင်း ဆန်ခတ်မူမှာ ယနေ့ နေ့လည် ၁ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား တစ်ဦးက ပြောသည်။
"အခင်းဖြစ်တာက စစ်တွေ တက္ကသိုလ် ကျောင်းရှေ့မှာပါ။ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ဖြစ်တာပါ။ အမြဲ သွားနေကျ သုံးဘီး ကားခကို ၁၀၀ ကနေ ကျပ် ၂၀၀ ထိ ကောက်ကာ ငင်ကာ တိုးလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ အဲသလို တိုးလိုက်တဲ့ အပေါ် ကျောင်းသား တွေဟာ ဒေါပွပြီး ပြဿနာ စဖြစ်တာ ပါဘဲ" ဟု သူက ပြောသည်။
ပြဿနာ ဖြစ်ပွားသဖြင့် ကျောင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ချက်ချင်း သက်ဆိုင်ရာ အာဏာပိုင်များ ရောက်လာပြီး လူစုခွဲကာ ကျောင်းကိုလည်း ခေတ္တ ပိတ်ထားလိုက်ရသည်ဟု သူက ပြောသည်။
"ကားသမားနဲ့ ကျောင်းသားတွေ ပြဿနာ ဖြစ်နေချိန်မှာ ကျောင်းတံခါးတွေကို ပိတ်ပစ်လိုက်ပါတယ်။ ကျောင်းထဲ ရှိတဲ့ ကျောင်းသား တွေကိုလည်း အပြင်ထွက်ခွင့် မပေးတော့ဘူး။ အခင်းဖြစ်ပွားပြီး တနာရီ ကျော်ကြာမှ ပြဿနာကို ပြေလည်သွားပုံ ရပါတယ်။ နောက်တော့ ကျောင်းသားတွေကို ကားတွေနဲ့ စီစဉ်ပြီး အိမ်ပြန်ပို့ပေးပါတယ်" ဟု သူက ပြောသည်။
သို့သော်လည်း ကျောင်းကားခ တိုးမြှင့်လိုက်သည်ကို မကျေနပ်သော ကျောင်းသား ၃၀ ခန့်က တက္ကသိုလ်မုတ်မှ မီးစက် လမ်းဆုံထိ ခြေကျင် ချီတက်ကာ သူတို့၏ မကျေနပ်ချက်ကို ထုတ်ဖေါ် ပြသခဲ့သည်ဟု တခြားကျောင်းသား တစ်ဦးက ပြောသည်။
" ကျွန်တော်တို့က ကျောင်းကနေ မီးစက်ခွဆုံထိ လမ်းလျှောက်ပြီး မကျေနပ်ချက်ကို ထုတ်ဖေါ် လိုက်ပါတယ်။ မီးစက် လမ်းဆုံ ရောက်တဲ့ အခါ ဆရာ ဆရာမတွေ လိုက်လာပြီး ကားတွေနဲ့ အိမ်တွေကို လိုက်ပို့ပေးပါတယ်။ အခု အခြေအနေက အေးအေး ဆေးဆေးနဲ့ ပီးသွားပါပြီ" ဟု ပြောသည်။
ယခုအခါအဆိုပါ ကားခဈေးကြီးမှုအပေါ် ပြဿနာ ဆက်တက်မည်ကို စိုးရိမ်၍ နေရာတချို့တွင် သက်ဆိုင်ရာမှ ရဲနှင့် ထောက်လှမ်းရေး များကို ချထားပြီး လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု သိရသည်။
ကားခဈေး ကျပ် ၂၀၀ ထိတိုးကောက်မူကို လျော့ချပေးမည် ဖြစ်ကြောင်း ကျောင်းအာဏာပိုင်များက ကတိပြု ပြောကြား ခဲ့သည်ဟု သိရသည်။
Ref: နိရဉ္စရာ
လူရွယ် ပေါ်တာ ၄၀ မပေးလျှင် ရွာ မီးရှို့ပစ်မည်ဟု မြန်မာစစ်တပ် ခြိမ်းခြောက်
Monday, 01 August 2011
သြဂုတ် ၁ ရက် ကချင်ပြည်နယ် အနောက်ဘက် ကားမိုင်းမြို့၊ ကထန်ယန်ကျေးရွာ ဆက်သွယ်ရေး မျှော်စင် အောက်တွင် မြန်မာ စစ်တပ်က ပေါ်တာအတွက် ၎င်းရွာမှ လူရွယ် ၄၀ ရွေးထုတ်ပေးရန် ကျေးရွာ လူကြီးများအား အတင်း အဓ္ဓမ အမိန့်ပေးနေသည်။
ထုတ်မပေးပါက ရွာကို ဖျက်ဆီး မီးရှို့ပစ်မည်။ ရွာသားများကို နှိပ်စက်မည်ဟု မြန်မာစစ်တပ်က ခြိမ်းခြောက် နေသည်ဟု ဒေသခံ များမှ တဆင့် သိရသည်။
အင်အား ၄၀ ရှိ အမိန့်ပေးသည့် မြန်မာစစ်သားများမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လက်အောက် ဆားမှော် နယ်မြေခံ ခလရ (၁၀၅)၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက် နောင်ချိုနယ်မြေခံ ခမရ (၁၁၅)နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် (တသခ) လက်အောက် မိုင်းယန်း (Mong Yang) နယ်မြေခံ ခလရ (၂၈၁) မှ ဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီခန့် ပေါ်တာလိုက်စုသဖြင့်ကြောက်လန့်ထွက်ပြေးကြသည့် ရွာသား များကို ၎င်းမြန်မာ စစ်တပ်က ပစ်ခတ်သောကြောင့် အဘ မရစ်ယော်၏ သား အသက် (၁၅) နှစ်အရွယ် မရစ်တန် (Marip Tang) သေဆုံး သွားသည်ဟု ဒေသခံများ ပြောသည်။
Ref: KNG News