..............................

Tuesday, August 2, 2011

ကချင်နှင့် ဆွေးနွေးပွဲဆက် အပစ်ခတ်ရပ်ရေး အလှမ်းဝေးဆဲ

ဖနိဒါ
တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရဘက်က စေလွှတ်လိုက်သော ကိုယ်စားလှယ် အဖွဲ့တို့ လဂျားယန် ကျေးရွာတွင် တနင်္လာနေ့က ဆွေးနွေး ခဲ့ကြသော်လည်း ပြည်နယ်အဆင့်သာ ငြိမ်းချမ်းရေး လုပ်မည် ဆိုသည့် အတွက် အပစ်ခတ် ရပ်ရေး သဘောတူ လက်မှတ်ရေးမှာ မရေမရာပင် ဖြစ်နေသေးသည်။

KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ဦးဆောင်သော ငါးဦးပါအဖွဲ့နှင့် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးစီးသော ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ဝင် ၃ ဦးတို့သည် အပစ်ခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး နှစ်နာရီခွဲ ခန့်ကြာ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင်းရှိ KIO ထိန်းချုပ်ရာ လဂျားယန်တွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

KIO က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ် ရပ်စဲရေး တင်ပြထားချိန်တွင် အစိုးရ ဘက်ကတော့ ပြည်နယ် အဆင့်သာ ငြိမ်းချမ်းရေးကို ဆက်လက် ဆုတ်ကိုင် ထားသည်။

KIO က တင်ပြထားသော တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ် ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရေး တို့နှင့် ပတ်သက်ပြီး ဆက်လက်၍ မျက်နှာချင်းဆိုင် ဆွေးနွေးရန်သာ သဘော တူညီခဲ့ကြသည်ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ ဒီနေ့ တွေ့ဆုံမှုနဲ့တော့ လက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးဘူး။ ဒီ့ထက်ပိုပြီး တွေ့ဆုံမှုတွေ လုပ်ရအုန်းမယ်။ သူတို့ဘက် အပေါ် မူတည် ပါတယ်။ လက်မှတ် ထိုးဖို့က နိုင်ငံတည်ငြိမ်မှု ဘယ်လောက်ထိ လိုလားတယ်ဆိုတဲ့ အပေါ် မူတည်ပါတယ်”ဟု ဦးလနန်က ပြောသည်။

အစိုးရဘက်ကလည်း ပြည်နယ်အဆင့်သာ အပစ်ခတ် ရပ်စဲရန်သာ ဆက်လက် ဆုတ်ကိုင်ထားကြောင်း တွေ့ဆုံမှုတွင် ပါဝင်သော KIO တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ဆွေးနွေးချက်များ အထက် တင်ပြမည်ဟု အကြောင်းပြန်သွားသော အစိုးရ ကိုယ်စားလှယ် အဖွဲ့များက တနင်္လာနေ့ တွင်ပင် မြစ်ကြီးနားသို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ယနေ့ တွေ့ဆုံမှုတွင်လည်း ဇွန်လ ၂၇ ရက်နေ့ကတည်းက ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ဖွဲ့စည်း ထားသော ငြိမ်းညှိနှိုင်းအဖွဲ့ ၅ ဦးထဲမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ပမခ စစ်ဆင်ရေး ဗိုလ်မှူးကြီး ထွန်းထွန်းအုန်းနှင့် စစ်ဘက်ရေးရာဌာနမှ ဗိုလ်မှူးနိုင်လင်းတို့ ပါဝင်ခြင်း မရှိသေးပေ။

အစိုးရ ကိုယ်စားလှယ်များနှင့် လုံခြုံရေး တပ်ဖွဲ့များကို မြစ်ကြီးနားမြို့မှ လမ်းခရီး တဝက်ခန့်ရှိ ရွှေညောင်ပင်-ဂါးရာယန် ကျေးရွာ အကြားရှိ ချောင်းတဖက်ခြမ်းမှ KIO ၏ လုံခြုံရေး တပ်ဖွဲ့များ လာရောက် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၈ ရက်နေ့က KIO ဘက်မှ နှစ်ဘက် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ် ရေးထိုးပြီးနောက် ၄၈ နာရီ အတွင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် တွင်းသို့ မြန်မာတပ်များ ထိုးစစ်ဆင်မှုများကို ရုပ်သိမ်းပေးရန် ညွှန်ကြားချက် ထုတ်ပြန်ပေးရန်နှင့် ၁၅ ရက်အတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းပေးရေး နိုင်ငံရေး ဆွေးနွေး ဖော်ဆောင်မည် ဆိုသော အချက်များကို မြန်မာ အစိုးရက ထုတ်ပြန်ကြေငြာပေးရန် တောင်းဆို ထားသည်။

အစိုးရနှင့် KIO သဘောတူညီချက် လက်မှတ် ရေးထိုးထားသော စာချုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား ထားစေလိုပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အပေါ် သမ္မတ ဦးသိန်းစိန် အစိုးရ၏ သဘောထားကို ရှင်းလင်း စေရန် KIO ၏ စာတွင် ပါရှိခဲ့သည်။

Ref: မဇ္ဈိမ

Read More...

မြန်မာ-အိုမန် ပွဲပျက်မှု ဖီဖာ စတင်စစ်ဆေး

ရန်ပိုင် Monday, 01 August 2011 17:55
E-mail Print
မြန်မာ-အိုမန် ကမ္ဘာ့ဖလား ၂၀၁၄ ခြေစစ်ပွဲ ပျက်ပြားခဲ့ရခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်နေစဉ် ပရိသတ်တချို့က အရာဝတ္ထု မျိုးစုံဖြင့် ကွင်း အတွင်းသို့ ပစ်ပေါက်ကြ သဖြင့် ပွဲပျက်သွားခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဖီဖာ၏ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက စုံစမ်း စစ်ဆေးမှုများ စတင် ပြုလုပ်နေကြောင်း ဖီဖာ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MNL) ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက “အရေးယူတာတော့ ခံရလိမ့်မယ်။ သက်သက် ညှာညှာ စဉ်းစားပေးဖို့လည်း စာတင် ထားတယ်” ဟု ပြောသည်။

နိုင်ငံပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့ည်းထားသည့် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရိုက်ကူး ထားသည့် ဗီဒီယို အခွေများ၊ ကွင်းထဲသို့ ကျရောက်ခဲ့သည့် အရာဝတ္ထု ပစ္စည်းများကို သက်သေအဖြစ် ပေးအပ်ခဲ့ကြောင်း ဦးစိုးမိုးက ပြောသည်။

ဖီဖာ၏ ဥပဒေအရ ကွင်းအတွင်း ကျရောက်သည့် အရာဝတ္တုတခု အတွက် ဒဏ်ကြေး အဖြစ် အမေရိကန် ဒေါ်လာ ၅၀၀၀ သတ်မှတ် ထားသည်။

ပစ်ပေါက်ရာတွင် ထီးအလက်ပေါင်း ၂၀ကျော်၊ ဖိနပ်ပေါင်း များစွာ၊ ခဲများနှင့် ကွန်ပါ ဆူးချွန်များလည်း ပါဝင်သည်ဟု ဘောလုံး သတင်းများကို သီးသန့်ဖော်ပြသည့် Soccer Myanmar အင်တာနက် စာမျက်နှာတွင် ရေးသား ထားသည်။

ထိုပစ်ပေါက်မှုတွင် ပါဝင်သည်ဟု မသင်္ကာသူများကို ပွဲအပြီးတွင် ဖမ်းဆီး ထိန်းသိမ်းမှုများ ရှိခဲ့ကြောင်း ဘောလုံးပွဲ သွားရောက် ကြည့်ခဲ့သည့် ပရိသတ်တဦးက ပြောသည်။

“ဘောလုံးကွင်းကအထွက် လုံခြုံရေးတွေက ခြေထောက်ကို ကြည့်တယ်။ ပြီးတော့ ဖိနပ်မပါရင် တခါတည်း ခေါ်ထား လိုက်တယ်။ တော်တော်များများ ခေါ်အထား ခံရတယ်” ဟု ၎င်းကဆိုသည်။

ဆူပူမှုနှင့် ပတ်သက်၍ ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားပြီး ပါဝင်သည့် သူများကို ညပိုင်း အချိန်တွင် ရပ်ကွက်များသို့ လိုက်လံ ဖမ်းဆီး နေကြောင်း ပြည်တွင်းထုတ် The Voice Weekly ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ ပွဲစဉ်တွင် MNL က အများပြည်သူ ကြည့်ရှုနိုင်စေရန်အတွက် ရိုးရိုးတန်း လက်မှတ်များကို ၀ယ်ယူစရာ မလိုဘဲ အခမဲ့ ၀င်ခွင့်ပြုကြောင်း၊ ကွင်းအတွင်း လူပြည့် သွားချိန်တွင် ကွင်းပြင်ပတွင် ကျန်ရှိနေသည့် လူအများက ၀င်ရောက်နိုင်ရန် ကြိုးစားသည့် အတွက် လုံခြုံရေး တပ်ဖွဲ့များက မထိန်းသိမ်း နိုင်တော့ဘဲ ဖွင့်ပေး လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ယနေ့ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်မှစတင်ပြီး လက်မှတ်များကို စစ်ဆေးခြင်း၊ ပစ္စည်းများ ရှာဖွေခြင်း၊ ရေသန့် ဗူးများကို ကွင်းအတွင်းသို့ ယူဆောင်ခွင့် မပြုခြင်းများ ပြုလုပ်နေသည် MNL ပြောခွင့်ရ ဦးစိုးမိုးက ပြောသည်။

“လက်မှတ်၊ ဖိတ်စာ အကုန်ပါမှ ပေးဝင်မယ်။ ဘယ်သူနဲ့ သိလို့၊ ဘယ်ဝါနဲ့ သိလို့ဆိုတာမျိုး မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းက သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် မြန်မာ-မွန်ဂိုလီးယား ပွဲစဉ် တွင်လည်း မြန်မာ ဘောလုံး အသင်းကို အားပေးရန် အတွက် ပရိသတ်ကို အခမဲ့ ကြည့်ရှုခွင့် ပေးခဲ့သော်လည်း ပြဿနာ တစုံတရာ ပေါ်ပေါက်ခြင်း မရှိခဲ့ပေ။

ယခု မြန်မာ-အိုမန် ပွဲ ဆူပူမှုဖြစ်ကာ ရပ်ဆိုင်းခဲ့ရခြင်းနှင့် ပတ်သက်၍ အစိုးရ သတင်းစာများတွင် ဖော်ပြခြင်း မရှိပေ။

Ref: ဧရာဝတီ်

Read More...

နေပြည်တော် အိမ်ခြံမြေဈေးကွက် ကျဆင်း

စည်သူ
Tuesday, 02 August 2011

လူမနေသည့် အိမ်များကို အိမ်ငှားမချနိုင်ပါက ချိတ်ပိတ်မည် ဆိုသော အမိန့်ကြောင့် နေပြည်တော်ရှိ အိမ်ခြံမြေ ရောင်းဝယ်မှုများ ကျဆင်း လာကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များတွင် ဇွန်လ နောက်ဆုံးရက်များက ဗုံးပေါက်ပွဲမှုများ ဖြစ်ပွား ခဲ့ပြီးနောက် လူမနေသည့် နေအိမ်များကို ချိတ်ပိတ်ရမည် ဆိုသော အမိန့် ထွက်ပေါ် လာခဲ့သည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ လူမနေသည့်အိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ဗုံးပေါက်ကွဲပြီး တပတ် အကြာတွင် အာဏာပိုင်များက လူမနေသည့် နေအိမ်များအား အိမ်ငှား တင်ရန်၊ အစောင့်ထားရန်၊ ထိုသို့ မပြုနိုင်ပါက ချိတ်ပိတ်မည် ဟူသော အမိန့် ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်ထုတ်ပြန်ပြီး တလကျော် အကြာတွင် နေပြည်တော်ရှိ အိမ်ခြံမြေ ရောင်းဝယ်မှုများ ကျဆင်းလာခြင်း ဖြစ်ကြောင်း ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

မူဆယ်နှင့် လားရှိုးဘက်မှ ရတနာကုန်သည်များသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် နေပြည်တော်၌ ကျင်းပသည့် ကျောက်မျက် ပြပွဲမှ စတင်၍ ပြပွဲကျင်းပရာ ကျောက်မျက်ပြတိုက် အနီးရှိ သပြေကုန်း၊ ရွှေကြာပင်၊ ဒက္ခိဏသီရိ အစရှိသည့် မြို့နယ်၊ ရပ်ကွက်များရှိ အိမ်ခြံ မြေများကို စတင် စိတ်ဝင်စားလာကြကြောင်း ပျဉ်းမနား အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် တဦးက ဆိုသည်။

“လားရှိုးတို့၊ မူဆယ်တို့ ဘက်ကလူတွေက နေပြည်တော်မှာ အိမ်တွေခြံတွေ လာဝယ်တာ များတယ်။ သူတို့က ၀ယ်ပြီးရင် ဒီအတိုင်း ထားခဲ့တာလေ။ ကျောက်မျက်ပွဲ နီးမှ လာကြတာ။ အစောင့်လည်း မထားဘူး။ အိမ်ငှားလည်း မတင်ကြဘူး” ဟု ၎င်းက ပြောသည်။

မူဆယ်၊ လာရှိုးဘက်မှ အိမ်ခြံမြေ ၀ယ်လက်များက ဈေးကောင်းပေးကြောင်း၊ ရွှေကြာပင် ရပ်ကွက်မှ ပေ ၆၀၊ ပေ ၄၀ မြေတကွက်ကို မည်သူမျှ မပေးနိုင်သည့် ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ အထိပေးကြကြောင်း၊ ကိုယ်တိုင်ကိုယ်ကျ လာရောက် ဝယ်ယူကြခြင်း ဖြစ်ကြောင်း နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင် များ၏ အဆိုအရ သိရသည်။

ရွှေကြာပင် ရပ်ကွက်သည် ပျဉ်းမနား ကိုးရွာ သပြေကုန်းမှ ဒေသခံများကို အထူးစီမံကိန်း တခုကြောင့် ပြောင်းရွှေ့ နေရာချထား ပေးခဲ့သည့် နေရာဖြစ်ပြီး အစိုးရ ချပေးထားသည့် ဈေးနှုန်းထက် အဆများစွာ ရရှိသောကြောင့် အများစုမှာ ရောင်းချပြီး တခြားသော ဈေးသက်သာသည့် နေရာများသို့ ပြောင်းရွှေ့ နေထိုင်ကြသည်။

သို့သော် ဇူလိုင်လဆန်းမှစ၍ လူမနေသည့် နေအိမ်များအတွက် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်တွင် ထိုဒေသများ၌ အိမ်ခြံမြေ အရောင်း အဝယ် ကျဆင်း လာခြင်းဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။

အိမ်ခြံမြေ အကျိုးဆောင်များ၏ အဆိုအရ ပျဉ်းမနား ပုဗ္ပသီရိမြို့နယ် ဘက်တွင် အရောင်းအ၀ယ် ပုံမှန် ဖြစ်နေကြောင်း၊ ကျောက်မျက် ပြတိုက် အနီးရှိ အိမ်ခြံမြေ များမှာမူ ခဏတာ အရောင်းအ၀ယ် အေးနေဦးမည် ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

၁၀ ကျပ်ဖြင့် မှတ်ပုံတင်ရရန် လဝကကိုယ်စား ကြံ့ဖွံ့ အာမခံ

Monday, 01 August 2011

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က မှတ်ပုံတင် မရှိသူအားလုံးကို ငွေ ၁၀ ကျပ်ဖြင့် မှတ်ပုံတင် ရရှိစေရန် ကူညီ ဆောင်ရွက်ပေးမည်ဟု အာမခံပြီး လူထုကို စည်းရုံးနေကြောင်း သတင်းရရှိသည်။

ရန်ကုန် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ဦးဆောင်သော ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီက တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ပြည်သူများ မှတ်ပုံတင် လွယ်ကူစွာ ရရှိလိုပါက ၎င်းတို့ ပါတီကို တိုက်ရိုက် ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း၊ ထိုသို့ အကူအညီ တောင်းခံလာပါက ၁၀ ကျပ် ခန့်ဖြင့် မှတ်ပုံတင် ရရှိစေရန် ကြံ့ဖွံ့ပါတီက အခမဲ့ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း စသည့် အချက်များ ပါဝင်သော ကြံ့ဖွံ့တံဆိပ်ပါ လက်ကမ်း ကြော်ငြာများကို တောင်ဥက္ကလာပ လိုက်လံဝေငှ နေသည်။

“ရပ်ကွက်တိုင်းမှာ ကြံ့ဖွံ့က လက်ကမ်းကြော်ငြာတွေ ဝေတယ်။ မှတ်ပုံတင်မရှိရင် သူတို့ပါတီက လုပ်ပေးမယ်၊ ကြားပွဲစားနဲ့ မှတ်ပုံတင် မလုပ်နဲ့ ဆိုပြီး သတိပေးထားတယ်” ဟု တောင်ဥက္ကလာပ မြို့နယ် ၇ ရပ်ကွက်မှ ဒေသခံ တဦးက ပြောသည်။

အသက် ၁၀ နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့် မှတ်ပုံတင် လျှောက်ထားမှု အတွက် ငွေ ၆ ကျပ်ဖြင့် လည်းကောင်း၊ အသက် ၁၀ နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့် မှတ်ပုံတင် လဲလှယ်ခြင်းအတွက် ငွေ ၃ ကျပ်ဖြင့် လည်းကောင်း၊ မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးမှုကြောင့် ပြန်လည် လျှောက်ထားမှု အတွက် ငွေ ၁၀ ကျပ် ဖြင့် လည်းကောင်း ကြံ့ဖွံ့ပါတီက ကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။

“မှတ်ပုံတင်အတွက် ၆ ကျပ်၊ ၃ ကျပ်၊ ၁၀ ကျပ် ဆိုတဲ့ ပိုက်ဆံက လ၀က (လူဝင်မှုကြီးကြပ်ရေးရုံး) ကို သွင်းရမယ့် ငွေပါ။ ပါတီကို တပြားမှ ပေးစရာ မလိုဘူး။ စာရွက်စာတမ်း အပြည့်အစုံနဲ့ဆိုရင် နေ့ချင်းပြီး ဒါမှမဟုတ် တလအတွင်း ရအောင် ဆောင်ရွက် ပေးမယ်” ဟု ကြံ့ဖွံ့ပါတီ ရပ်ကွက် စည်းရုံးရေးမှူး တဦးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေး၏ လုပ်ငန်းစဉ်များကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးအဖြစ် အသုံးချနေခြင်းသည် လက်မခံ နိုင်သော လုပ်ရပ် တခု ဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ပါတီဝင်တဦးက ဝေဖန်သည်။

“နိုင်ငံရေး ပါတီတခု အနေနဲ့ နိုင်ငံတော်ပိုင်ပစ္စည်း၊ ငွေကြေး၊ လုပ်ငန်းတွေကို ပါတီပိုင်အဖြစ် အသုံးပြုရင် နိုင်ငံရေး ပါတီ အဖြစ်က ဖျက်သိမ်း ခံရမယ်လို့ ရွေးကောက်ပွဲ ဥပဒေထဲမှာ တရားဝင် ပြဋ္ဌာန်းထားပြီးသား။ လူဝင်မှု ကြီးကြပ်ရေးရဲ့ လုပ်ငန်းကို ပါတီ စည်းရုံးရေး အဖြစ် အသုံးချတာ ရွေးကောက်ပွဲ ဥပဒေကို ဖောက်ဖျက်တာပါပဲ။ ဒါကို ကော်မရှင်က အရေး ယူသင့်တယ်” ဟု ပြည်တွင်း အခြေစိုက် နိုင်ငံရေးသမား တဦးက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် လာမည့် ရွေးကောက်ပွဲတွင် ယခင်ထက် သန့်ရှင်းမျှတစေရန် ဆောင်ရွက်ပေးမည်ဟု ပြောဆို ခဲ့သော်လည်း လက်တွေ့တွင်မူ ကြံ့ဖွံ့ပါတီက အစိုးရ၏ အရှိန်အ၀ါကို အသုံးပြုပြီး တရားမျှတမှုမရှိသော စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲလိမ်၊ မဲခိုးမှုများ ပြုလုပ်ခဲ့သော်လည်း အရေးမယူခဲ့ကြောင်း၊ အခုလည်း အခြေခံ အကျဆုံးသော ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေး များတွင် ကြံ့ဖွံ့ပါတီမှ လူများကို ထည့်ထားကြောင်း၊ ပြည်သူပိုင် လုပ်ငန်းများအား ပါတီ စီးပွားရေး အဖြစ် လုပ်ကိုင်သည်သာမက၊ ပြည်သူပိုင် ငွေကြေးနှင့် ကျောင်းဆောက်၊ ဘုရားတည်ကာ ပြည်သူကို ပြန်လည် စည်းရုံးကြောင်း ရန်ကုန် အခြေစိုက် သတင်း ထောက်တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာအများစုအနိုင်ရရှိခဲ့သော ကြံ့ဖွံ့ပါတီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွှတ်တော် ကိုယ်စားလှယ် လစ်လပ်သွားသော မဲဆန္ဒနယ် ၄၂ နေရာ၌ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီက အပြည့်အ၀ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

Monday, August 1, 2011

စစ်ထောက်လှမ်းရေးဟောင်းများ​ အခမ်းအနားဖြင့်​​ စုစည်းခွင့်မရ

မင်းလွင်
July 31, 2011

ထောင်ဒဏ်နှစ်ရှည် ပြစ်ဒဏ်ခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာတဲ့ ထောက်လှမ်းရေး အရာရှိ ဟောင်းတွေကို အချင်းချင်း ပြန်လည် တွေ့ဆုံတာတွေကို လုပ်ခွင့် မရဘူးလို့ ထောက်လှမ်းရေးဟောင်း တွေနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

ယခင်အမှတ် (၆) တပ်မတော် ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူး စည်သူ အဖွဲ့နှင့် အမှတ် (၇) တပ်မတော် ထောက်လှမ်းရေး တပ်မှူး ဗိုလ်မှူး လှသက်မော်အဖွဲ့က ဘာသာရေး အခမ်းအနားတွေ ပြုလုပ်ဖို့ ကြိုးစားတာကို ပြည်ထောင်စု အစိုးရက ခွင့်မပြုခဲ့တာပါ။

“ထောက်လှမ်းရေး ဟောင်းတွေ စုစည်းပြီးတော့ ၀ါဆို သင်္ကန်းကပ်ဖို့ ရှိတယ်။ အဲဒါ တချို့ လူကြီးပိုင်း တွေက မလုပ်သင့်ဘူး ဆိုပြီးတော့ ပြောတယ်။ အဲဒါ အချေအတင် ဖြစ်နေတာ။ အကယ်၍ တစုတည်း လုပ်လိုက်ရင် ဒီကောင်တွေ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဟန်ပြပြီးတော့ လုပ်တာလား။ စုစည်း ချင်လို့လား ဆိုတဲ့ အကြောင်းလေး တွေပေါ့။ ထောက်လှမ်းရေး ဟောင်းတွေ စုစည်း လာပြီဆိုရင် သူတို့က နည်းနည်း ကြည့်လာပြီလေ။”

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရ လက်ထက် ၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေး အဖွဲ့က အရာရှိချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအ၀င် အရာရှိ အတော်များများကို အာဏာ ဖီဆန်မှု လာဘ်ပေး လာဘ်ယူမှုစတဲ့ ပြစ်ဒဏ် အမျိုးမျိုးနဲ့ အရေးယူ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး တပ်မတော် စစ်ထောက်လှမ်းရေး အဖွဲ့ကိုလည်း အဲဒီနှစ် ကတည်းက ဖျက်သိမ်း ခဲ့ပါတယ်။

တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ စစ်ဦးစီးမှူး ဒုတိယတန်း တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူး အောင်လင်းထွဋ်က စစ်ထောက်လှမ်းရေး ဟောင်းတွေ ပြန်လည် စုစည်းမိပြီး ဦးသိန်းစိန် ခေါင်ဆောင်းတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် စစ် ဗိုလ်ချုပ်ဟောင်း ၀န်ကြီးများရဲ့ အရင် လုပ်ရပ်တွေကို ပြန်လည် ဖော်ထုတ်မှာ စိုးရိမ်တဲ့ အတွက် အခုလို ထောက်လှမ်းရေး ဟောင်းတွေကို ပြန်လည် စုစည်းဖို့ ခွင့်မပြုတာ ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။

“တခုခု လုပ်နိုင်မှု ဆိုတာက သူတို့ စိုးရိမ် ကြောင့်ကြမှုပါဗျာ။ ကျနော်တို့တွေ အချင်းချင်း စုမိတဲ့ အခါမှာတော့ ချက်ဆို နားကွက်က မီးတောက် ဆိုသလိုပေါ့။ ဘယ်ကောင်က ဘာလုပ်နေတယ် ဆိုတာကတော့ အချင်းချင်း ကျနော်တို့ စုစည်းမိတာနဲ့ အခုလည်း အတူတူပါပဲ ဖုန်းနဲ့ ပြောလိုက်တာနဲ့၊ တယောက်နဲ့ တယောက်က ဒီကောင်တွေ ဒီလမ်း သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ သိကြတဲ့ အနေအထားမျိုးတွေ ရှိကြပါတယ်။ အထူးသဖြင့်တော့ သူတို့ မဟုတ်တာ လုပ်ခဲ့တာဟာကို ဖော်မှာ ကြောက်တယ်။ အဓိက ကတော့ ဒါပဲ။ တော်တော် များများကလည်း သူ့ဟာသူ လန့်နေတဲ့ သဘော ဖြစ်တဲ့ အနေအထားမျိုးပါ။”

Ref: DVB News

Read More...

ဆီးရီးယား ဆန္ဒပြပွဲ နှိမ်နင်းမှု လူ ၈၀ ထက်မနည်း သေဆုံး

တနင်္ဂနွေ, 31 ဇူလိုင် 2011

ဆီးရီးယားနိုင်ငံက အချက်အချာမြို့ တမြို့ဖြစ်တဲ့ ဟားမား (Hama) မှာ သံချပ်ကာကားတွေ အကူအညီနဲ့ ရောက်လာတဲ့ စစ်သားတွေက အရပ်သားတွေကို ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၈၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

စက်သေနတ်သံတွေ၊ သံချပ်ကာကားတွေက အမြောက်နဲ့ ပစ်ခတ်သံတွေဟာ တနင်္ဂနွေနေ့မှာ တမြို့လုံး ပဲ့တင် ထပ်နေခဲ့တယ် လို့လည်း ပြောပါတယ်။

ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေပြီး သွေးလှူရှင်တွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆေးဘက် ဆိုင်ရာ တာဝန် ရှိသူတွေက ပြောပါတယ်။

စစ်တပ် ၀င်မလာနိုင်အောင် အရပ်သားတွေက လမ်းပေါ်မှာ ချထားတဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး စစ်သားတွေက ထင်သလို ပစ်ခတ်မှုတွေနဲ့ တနင်္ဂနွေနေ့ အရုဏ် တက်ချိန်မှာ တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင် ခဲ့တာလို့လည်း သတင်းတွေက ဖော်ပြ နေကြတာပါ။

ဆီးရီးယားသမိုင်းမှာ အုပ်ချုပ်သူအပေါ် ဆန့်ကျင်ရာမှာ နာမည်ကြီးတဲ့ ဟားမားမြို့ လူထုက သမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al Assad) အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ် လုပ်ခဲ့ကြတာပါ။

၁၉၈၂ ခုနှစ် လက်ရှိသမ္မတ အာဆတ်ရဲ့ ဖခင်လက်ထက် ဟားမားမြို့မှာ တော်လှန် ပုန်ကန်သူတွေကို စစ်တပ်က နှိမ်နင်း ခဲ့တဲ့ အတွက် ထောင်နဲ့ချီ သေဆုံး ခဲ့ဖူးပါတယ်။

ဟားမားမြို့မှာ စစ်တပ်က တနင်္ဂနွေနေ့က နှိမ်နင်းနေချိန်မှာပဲ နိုင်ငံတောင်ပိုင်းက အယ်လ် ဟီရပ်ခ် (al Hirak) မြို့မှာလည်း လုံခြုံရေး တပ်တွေရဲ့ လက်ချက်ကြောင့် လူ ၃ ယောက် သေဆုံးပြီး တော်တော်များများ ဒဏ်ရာရသွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်း ဝင်ရောက်စီးနင်းမှုအတွင်း လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့လည်း အယ်လ် ဟီရပ်ခ် မြို့ခံတွေက ပြောပါတယ်။

Ref: VOA News

Read More...

မြန်မာအစိုးရတပ် ၀မ့်ဟိုင်းက ဆုတ်ခွာပေမဲ့ ငြိမ်းချမ်းမယ့်ပုံ မရှိသေး

နိုင်ကွန်းအိန်
တနင်္ဂနွေ, 31 ဇူလိုင် 2011

ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/SSPP) အခြေစိုက်ရာ ၀မ့်ဟိုင်းဒေသကနေ မြန်မာအစိုးရ တပ်တွေ ဆုတ်ခွာ သွားပေမဲ့ နယ်မြေ အေးချမ်းမယ့်အသွင် မဆောင်သေးဘူးလို့ SSPP ခေါင်းဆောင်တွေက ပြောပါတယ်။ ၁၈ ရက်လောက်ကြာအောင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်းမှာ မြန်မာစစ်တပ်ဘက်က အထိအခိုက် များတဲ့အပြင် တပ်ကနေ ထွက်ပြေးတဲ့ စစ်သားတွေ ရှိနေတယ် လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြ ပေးထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကို ၀ိုင်းပတ် ပိတ်ဆို့ထားတဲ့ မြန်မာစစ်တပ်တချို့ဟာ ဇူလိုင် ၂၉ ရက်နေ့မှာ တပ်ကို ရုပ်သိမ်း သွားတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမဲ့ အခုလို မြန်မာ စစ်တပ်ကနေ ဆုတ်ခွာ သွားခဲ့ပြီလို့ ဆိုပေမဲ့ နယ်မြေ အေးချမ်းသွားတဲ့ အသွင် မရှိသေးသလို မြန်မာစစ်တပ်တွေ အနေနဲ့ ပြန်လည် ပြင်ဆင်မှု အခြေအနေကြောင့် ဆုတ်ခွာ ရတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“သူတို့ ဆုတ်သွားတာ နယ်မြေအေးချမ်းတာတော့ မဆောင်သေးဘူး။ သူတို့ဘက်ကလည်း နည်းနည်း ပြန်ပြင်ဆင်မှုတော့ ရှိတာပေါ့။ ကျနော်တို့ ဘက်ကလည်း နည်းနည်း ပြန်ပြင်စရာတွေ ရှိတာလည်း ပြင်ဆင် ထားတာရှိတယ်။ လူနာတွေပို့မယ်၊ လူနာတွေ ပို့ပြီးတော့ ဒီတပ်က အထိနာတယ် ဆိုတော့ တခြားတပ်တွေ အစားထိုးပြီး ပြန်လာတိုက်မယ်ပေါ့။ အဲဒီ သဘောမျိုးပဲ ကျနော်တို့ သုံးသပ် ထားတယ်။”

ဝမ့်ဟိုင်းဒေသကနေ ရုပ်သိမ်းသွားတဲ့ တပ်တွေဟာ မိခင်တပ်ရင်းနဲ့ တာဝန်ကျရာ ဒေသကို ပြန်လည် ရောက်ရှိသွားပြီလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ဘက်က ၀မ့်ဟိုင်းဒေသဘက်မှာ ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး မြန်မာ စစ်တပ်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ အကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ရက်သတ္တ ၂ ပတ်ကျော် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ရှမ်းပြည် တပ်မတော်ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်ကနေ ထိခိုက်မှုများသလို တိုက်ပွဲအတွင်း တပ်ပြေးတွေ ရှိနေတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“သူတို့ တပ်ပြေးလည်း များတယ်၊ ဒဏ်ရာရတဲ့သူလည်း များတယ်၊ ကျဆုံးတဲ့သူလည်း များတယ်။ ဒါကြောင့် ရှေ့ဆက် မတိုးနိုင်ဘူး။ နောက် တပ်ပြေးက ၆၀ ကျော် ရှိတယ်ခင်ဗျ။ တချို့လည်း ကျနော်တို့ဆီ ရောက်တယ်။ တချို့လည်း မရောက်သေးဘူးပေါ့။ အဲဒါလည်း ကျနော်တို့ သတင်း မလွှင့်ဘူးလေ။”

မြန်မာစစ်တပ်ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်လို့ ခေါ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ဌာနချုပ်ကို တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ် ဆင်ခဲ့ပေမဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ထိုးစစ်တွေ ရပ်တန့် သွားခဲ့ပါတယ်။ အထိုင်ချ နေရာယူ ပုံစံကနေ အခုလို တပ်တွေ ရုပ်သိမ်း သွားခဲ့ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ တပ်မတော်တွေကလည်း ကျေးသီးမြို့နယ်ထဲကအပြင် မိုင်းယန်၊ မိုင်းပန်၊ သီပေါ၊ ကျောက်မဲမြို့နယ်တွေ ဘက်မှာလည်း တိုက်ပွဲတွေ ပုံဖော်ခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်ကနေ စဖြစ်ပွားခဲ့တဲ့ နှစ်ဘက် တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်အတွင်းက ဒေသခံပြည်သူ ၂,၀၀၀ ခန့် စစ်ဘေး လွတ်ရာကို တိမ်းရှောင်နေရပြီး တချို့ဆိုရင် တောတောင်၊ တောင်ယာတွေထဲမှာ ဖြစ်သလို နေထိုင် နေကြရတယ်လို့ ရှမ်းအမျိုးသား လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ပြောပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကြားကပဲ မြန်မာစစ်အာဏာပိုင်တွေက ဇူလိုင်လ ၂၅ ရက်နေ့မှာ သံဃာတော် ၂ ပါးကို စေလွှတ် ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ရှမ်းပြည် တပ်မတော်ကို ကမ်းလှမ်း လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ တရားဝင်ပုံစံ မဟုတ်ဘူးဆိုပြီး ရှမ်းပြည် တပ်မတော် ဘက်ကနေ ပြောဆိုခဲ့ပါတယ်။ အခုလို မြန်မာ စစ်တပ်တွေ အနေနဲ့ ၀မ့်ဟိုင်းဌာနချုပ်ကို ထိုးစစ်ဆင် နေရာကနေ တပ်ကို ရုပ်သိမ်း သွားတာဟာ မြန်မာ စစ်တပ်ထဲမှာ အပြောင်းအလဲ တခုခု ရှိနိုင်တယ် ဆိုပြီး ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း အတည်ပြုချက်တော့ မပေးနိုင် သေးပါဘူး။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို တိုက်တွန်းမှု တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ အစိုးရဘက်ကတော့ ဒီကနေ့ထိတိုင် အကြောင်းပြန်တာ မရှိသေးဘူးလို့ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးက ပြောပါတယ်။

Ref: VOA News

Read More...

ခုံရုံးကြောင့် NLD အာဏာနှင့်လွဲဟု ကော်မရှင်ပြော

လင်းသန့်
Friday, 29 July 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင် များကို နိုင်ငံတကာ နျူရင်ဘတ် ခုံရုံးတင်ကာ အရေးယူရန် ပြောဆိုခဲ့ သဖြင့် အာဏာ အလွှဲမခံရခြင်း ဖြစ်သည်ဟု နေပြည်တော် အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ပြောဆိုလိုက်သည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေးပါတီ ၃၇ ခု၏ ခေါင်းဆောင်များ တွေ့ဆုံစဉ် ဒု-ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေးက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“သူတို့ အာဏာလွှဲမပေးခဲ့တာ အဲဒါကြောင့် လို့ ကော်မရှင် ဥက္ကဋ္ဌက မိန့်ခွန်းမှာ ထည့်ပြောတာ” ဟု အစည်း အဝေး တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။

နျူရင်ဘတ် ခုံရုံး ဟူသော အသုံးအနှုန်းကို ၁၉၉၀ ရွေးကောက်ပွဲကာလ NLD ကို ခေါင်းဆောင်ခဲ့သူ တဦး ဖြစ်သည့် ဦးကြည်မောင်က သုံးစွဲခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ဟောင်ကောင် အခြေစိုက် Asiaweek မဂ္ဂဇင်းမှ နိုင်ငံခြား သတင်းထောက်တဦး၏ “စစ်တပ်က စစ်ရာဇ၀တ် မှုတွေ ကျူးလွန် ခဲ့တာတွေကို NLD က တရားစွဲဖို့ လိုအပ်သလား” ဟူသော မေးမြန်းချက်ကို ဦးကြည်မောင်က “တို့ မြန်မာပြည်မှာ နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါဘူးကွာ” (“Here in Burma We do not need any Nuremberg-style tribunal”) ဟု ပြန်လည် ပြောဆိုခဲ့သည်။ ထိုအကြောင်း ၁၉၉၀ ဇူလိုင်လက Asiaweek တွင် ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကလည်း သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်စဉ် ဦးကြည်မောင်၏ ပြောဆိုချက်ကို မှားယွင်း ကိုးကားခဲ့သည်ဟု ဦးသုဝေက ထောက်ပြသည်။

“အဲဒီတုန်းက ဦးကြည်မောင် ပြောတာလည်း အဲဒီလို မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်ခင်ညွန့်က သတင်းစာ ရှင်းလင်းပွဲမှာ ဦးကြည်မောင်က အဲဒီလို ပြောခဲ့တယ်ဆိုပြီး အဓိက ပြောခဲ့တာ။ မဟုတ်မှ မဟုတ်တာ” ဟု ဦးသုဝေက ဆိုသည်။

ဦးကြည်မောင်သည် ၂၀၀၄ ခုနှစ်က ကွယ်လွန်ခဲ့သည်။

သူ၏ ပြောဆိုချက်တွင် ပါဝင်သော နျူရင်ဘတ်သည် ဒုတိယ ကမ္ဘာစစ်ကာလ အတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော ဂျာမန် တို့ကို အပြစ်ပေး အရေးယူသည့် နိုင်ငံတကာ ခုံရုံးတခု ဖြစ်သည်။

မြန်မာဗိုလ်ချုပ်ကြီးများက ဦးကြည်မောင်၏ပြောဆိုချက်ကို နားလည်မှုလွဲခြင်း ဖြစ်သည်ဟု လက်ရှိ NLD ခေါင်းဆောင်များက ဆိုသည်။

“ကျနော်တို့ NLD မှာ အဲဒီလို သဘောထား လုံးဝ မရှိဘူး” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ရှင်းပြသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း “NLD ဟာ ဒီလိုမျိုး သဘောထား မရှိခဲ့ဘူး။ ဦးကြည်မောင်ကလည်း အဲဒီလို ပြောခဲ့တာ မဟုတ်ဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို NLD က ထောက်ခံကြောင်း၊ ထိုကော်မရှင်သည် ခုံရုံး မဟုတ်ကြောင်း၊ အချက်အလက် ပြည့်စုံအောင် စုံစမ်းမည့် အဖွဲ့သာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်သူများဖြစ်သည်ဟု နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီး များက နိုင်ငံတကာ ခုံရုံးနှင့် ပတ်သက်ပြီး လိုလားခြင်း မရှိကြောင်း ထင်ထင်ရှားရှား ပြသခဲ့ပြီး ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က ဦးကြည်မောင်၏ “နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါ” ဟူသော ပြောဆိုချက်အပြီးတွင် အာဏာပိုင် တို့က သူ့ကို ထိန်းသိမ်း လိုက်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက နေပြည်တော်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ၎င်းတို့၏ စိုးရိမ်မှုနှင့် ပတ်သက်ပြီး ထပ်မံ ပြောကြား လိုက်ပြန်သည်။

ထိုစိုးရိမ်ချက်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ NLD ကို စစ်တပ်က အာဏာမလွှဲရခြင်း ဖြစ်ကြောင်း အရပ်သား အစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းက ပထမဆုံး အကြိမ် တရားဝင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးတင်အေးက ဆက်လက်ပြောသည်မှာ တပ်မတော်အစိုးရက လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ တွင် NLD အနိုင်ရခဲ့သည်ဟူ၍ ဖြစ်သည်။

အာဏာကို ဆက်လက် ချုပ်ကိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးတို့က ထိုရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များကို အမျိုးသား ညီလာခံ (၁၉၉၃-၂၀၀၇) သို့ တက်စေပြီး အခြေခံဥပဒေ ရေးဆွဲရန် စီစဉ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း အာဏာပိုင်တို့က ကြေညာပြီး ရွေးကောက်ပွဲ တခုကို ထပ်မံ ကျင်းပခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ဖုန်းအခွန်အတွက် AGD ဘဏ် အွန်လိုင်းဝန်ဆောင်မှု စတင်

ရန်ပိုင်
Friday, 29 July 2011

ပထမဦးဆုံး အင်တာနက် အွန်လိုင်းဘဏ်စနစ်ဖြင့် ၀န်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ခွင့်ကို စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) က စတင် အသုံးပြုခွင့် ရရှိသွားပြီ ဖြစ်သည်။

AGD ဘဏ်အနေဖြင့် ယခုလောလောဆယ်တွင် ဖုန်းသုံးစွဲသူများ မြန်မာဆက်သွယ်ရေးရုံးများသို့ အခွန်ငွေကို အင်တာနက်မှ တဆင့် ပေးဆောင်နိုင်ရန် ရတနာပုံ တယ်လီပို့ဖြင့် ဆက်သွယ်ပြီး ၀န်ဆောင်မှု စတင်ပေးနေကြောင်း၊ တခြားသော ATM ငွေထုတ်စက်၊ Debit Card စသည့် ဘဏ်စနစ်နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆက်လက် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း AGD ဘဏ်မှ တာဝန်ရှိသူတဦးက ပြောသည်။

“နိုင်ငံခြားမှာလိုတော့ အခု ချက်ချင်း ခလုတ်နှိပ် အခုချက်ချင်း ဆောင်သလိုမျိုးတော့ မရသေးဘူး။ ဖုန်းဘီလ် မှားသွင်းလို့ ဖုန်းအဖြတ် ခံရသူတွေ၊ အချိန်ယူ တန်းစီရတာကို စိတ်ပျက်နေရသူတွေအတွက် ကောင်းမွန်တဲ့ ၀န်ဆောင်မှုလို့ ထင်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

ထိုစနစ်ကို အသုံးပြုပြီး ဖုန်းအခွန်ငွေ ဆောင်လျှင် ၀န်ဆောင်ခအဖြစ် ကျပ် ၅၀၀ သတ်မှတ်ထားကြောင်း သိရသည်။

အစိုးရပိုင် လုပ်ငန်းများအနက် မြန်မာစီးပွားရေးဘဏ်များတွင်လည်း ယင်းကဲ့သို့သောစနစ်ကို စတင်အသုံးပြုနေသည် ဟု သိရှိရသည်။

ထိုစနစ်ကို အသုံးပြုမည်ဆိုလျှင် ဖုန်းအခွန်ဆောင်သူအနေဖြင့် AGD ဘဏ်တွင် ငွေစာရင်းတခု ဖွင့်ရမည်ဖြစ်ပြီး ဘဏ်မှ အသုံးပြုသူ၏ အမည်နှင့် လျှို့ဝှက် ကုဒ်နံပါတ်ကို ပေးမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် billing.yatarnarpon.com.mm သို့ ၀င်ရောက် အသုံးပြုနိုင်ကြောင်း ယမန်နေ့က လှိုင်မြို့နယ် MICT Park တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ADG ဘဏ်တာဝန်ရှိသူက ပြောသည်။

ဖုန်းသုံးစွဲသူ မန္တလေးမြို့ခံတဦးကမူ အင်တာနက်မှတဆင့် ဖုန်းအခွန်ဆောင်သည့်စနစ်မှာ ကောင်းမွန်သော်လည်း မြန်မာနိုင်ငံတွင် အင်တာနက် နှေးကွေးခြင်း၊ လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်ခြင်းတို့ကြောင့် အသုံးပြုသူများတွင် အခက်အခဲများ ဖြစ်ပေါ် နေလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်း ဦးတေဇကို AGD ဘဏ်၊ ဦးဇော်ဇော်ကို ဧရာဝတီဘဏ်၊ ဦးချစ်ခိုင်ကို မြန်မာ့ ရှေ့ဆောင်ဘဏ်၊ ဦးနေအောင်ကို အမရာ ယူနိုက်တက်ဘဏ် တို့အား လုပ်ကိုင်ခွင့်များ ချပေးခဲ့ရာ အဆိုပါ စီးပွားရေး အုပ်စုကြီးများသည် ငွေအရင်း အနှီး များစွာဖြင့် ဘဏ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၏ ဧရာဝတီဘဏ်သည် ဘဏ်ခွဲ ၁၂ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ဘဏ်များမှာ ၇ ခုခန့်စီသာ ဖွင့်လှစ်နိုင်ခဲ့သည်။

အဆိုပါ ဘဏ်အသစ် ၄ ခုတွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ မြန်မာရှေ့ဆောင်ဘဏ်မှာ လူကြိုက် အများဆုံးဖြစ်နေပြီး ဦးတေဇ၏ AGD ဘဏ်သည် အပ်ငွေ အများဆုံး လက်ခံရရှိသည့် ဘဏ်ဖြစ်ကြောင်း၊ ဦးဇော်ဇော်၏ ဧရာဝတီ ဘဏ်မှာမူ ဗဟိုဘဏ်၏ တားမြစ်ချက်ကို ကျော်လွန်ကာ ငွေသိမ်းငွေလွှဲ လုပ်ငန်းများကို အိမ်တိုင်ရာရောက် လုပ်ကိုင် ပေးနေသည်ဟု ဘဏ်လုပ်ငန်း အသိုင်းအ၀န်း အတွင်း ပြောဆိုဝေဖန်မှုများလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှစ၍ ဒေါက်တာ စိန်မောင်ကို ပထမ ပုဂ္ဂလိကဘဏ်၊ မြန်မာနိုင်ငံဖွား တရုတ်လူမျိုး Mr. Surge Pun (ခေါ်) ဦးသိန်းဝေကို ရိုးမဘဏ်၊ ဦးအိုက်ထွန်းကို အာရှဓနဘဏ်၊ ဦးကျော်ဝင်းကို မေဖလားဝါးဘဏ်နှင့် တခြားသော မြန်မာ ယူနီဗာဆယ်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် စသည်တို့ကို ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးခဲ့သည်။

မေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရရှိသည့် တရားမ၀င် ငွေကြေးများကို ခ၀ါ ချသည်ဟု အမေရိကန် ပြည်ထောင်စု၏ စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက ယင်းဘဏ်များကို လုပ်ကိုင်ခွင့် ပိတ်ပင်ခဲ့ပြီး ပုဂ္ဂလိက ဘဏ်အသစ်များ ဖွင့်လှစ်ခွင့် မပေးတော့ပေ။

ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်မပေးသော်လည်း စစ်အစိုးရ စစ်တပ်ပိုင် မြ၀တီဘဏ်၊ အင်းဝဘဏ်၊ ရတနာပုံ ဘဏ်နှင့် ဝန်ကြီး ဌာနများပိုင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးဘဏ်၊ နယ်စပ်စည်ပင်ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံဖြိုးရေး (မွေး/ရေ) ဘဏ်၊ မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၊ သမ၀ါယမဘဏ် တို့ကို ဖွင်လှစ်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ကျောက်မဲ ပစ်ခတ်မှု ၃ ဦးသေ

ရန်ပိုင်
Friday, 29 July 2011

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်တွင် ယနေ့နံနက် ၅ နာရီခန့်က အမည်မသိ သေနတ်သ မားများ ၀င်ရောက် ပစ်ခတ်မူကြောင့် လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားသည်။

လက်နက်ကိုင်ဆောင်ထားသည့် လူ ၁၀ ဦးခန့်က ထိုသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ် ကယ်ရီ သမားတဦး၊ ကောက်ညင်းပေါင်းသည် အမျိုးသမီး တဦးနှင့် ကလေးတဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဆိုင်ကယ်ဖြင့် ဈေးရောင်းသူ အမျိုးသမီး တဦးက ၀မ်းဗိုက်တွင် သေနတ်ထိမှန်သည့် ဒဏ်ရာ၊ ကလေးတဦးက ခြေထောက်တွင် ဒဏ်ရာနှင့် တခြားတဦးလည်း ဒဏ်ရာ ရသွားကြောင်း ကျောက်မဲမြို့ခံတဦးက ပြောသည်။

“ပစ်တဲ့သူတွေက အရပ်သားမှန်း သိလျက်နဲ့ ပစ်တာ။ ဈေးသည်တွေ၊ အရပ်ဝတ်တွေနဲ့။ အရင်စစ်တပ်က စောင့်တဲ့ ဘန်ကာမှာ ဆိုင်ကယ် ကယ်ရီသမားက ၀င်အိပ်နေတာကို ပစ်သွားတာ။ တဖောင်းဖောင်းနဲ့ တွေ့တဲ့လူ ပစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

ဝမ်းဗိုက်တွင် ဒဏ်ရာရသူ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ပြီး ကျောက်မဲဆေးရုံရှိ ဆရာဝန်များက ကုသ ပေးနေကြောင်း၊ အသတ် ခံရသည့် ရုပ်အလောင်းများကို ခွဲစိတ်ခြင်း မပြုရသေး၍ မနက်ဖြန်မှသာ သင်္ဂြိုလ် နိုင်မည် ဖြစ်သည်ဟု အဆိုပါ မြိုခံက ပြောသည်။

တချိန်တည်းမှာပင် ကျောက်မဲမြို့ နောင်အမ်းကျေးရွာတွင် တပ်စွဲထားသည့် တပ်မတော်မှ တပ်စုတစုနှင့် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSA-N) တပ်များ တိုက်ပွဲဖြစ်ရာ စစ်သား ၅ ဦး ဒဏ်ရာ ရသွားသောကြောင့် မေမြို့ စစ်ဆေးရုံသို့ ပို့ဆောင် လိုက်သည်ဟုလည်း အဆိုပါ မြို့ခံက ပြောသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ကျောက်မဲရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျအရာရှိ ဒုရဲအုပ် ကိုကိုလွင်က ဖြေဆိုခြင်း မရှိဘဲ ဖုန်းချသွားသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရော မြောက်ပိုင်း ကပါ ယင်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက SSA- N တပ်ဖွဲများ စိမ့်ဝင်လှုပ်ရှားနေကြောင်း စစ်ဘက်မှ ပြောဆိုမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်အနီးတွင် ည ၉ နာရီခန့်က ဗုံးတလုံး ပေါက်ကွဲပြီး အရပ်သား ၄ ဦး ဒဏ်ရာ ရရှိသွားသေးသည်။

ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာ မြို့ဖြစ်ပြီး ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ဖူးသည့် စိန်ကျော့ဒေသနှင့် နီးသည်။

Ref: ဧရာဝတီ်

Read More...

NLD နိုင်ငံရေးသိပ္ပံသင်တန်း အောင်မြင်စွာပြီး

ကိုပေါက်
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရက်သတ္တ တပါတ်ကြာ သင်ကြားပို့ချခဲ့သည့် ပထမဆုံးအကြိမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နိုင်ငံရေး သိပ္ပံသင်တန်းကို ကြာသပတေးနေ့က အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဆက်တိုက် သင်ကြားပို့ချခဲ့သော အဆိုပါ သင်တန်းတွင် အနှောက်အယှက် တစုံတရာ မရှိခဲ့ကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း လုံးဝ အောင်အောင်မြင်မြင် ပြီးဆုံးပါတယ်။ လုံးဝ အနှောက်အယှက် မရှိပါဘူး။ ” ဟု သူက ပြောသည်။

သင်တန်းဆရာ ၂ ဦးအဖြစ် တောင်ကိုးရီးယားနိုင်ငံ Ewha အမျိုးသမီး တက္ကသိုလ်မှ ပါမောက္ခ Dr Brendam Howe နှင့် ပါမောက္ခ Dr Mathias Maas တို့က ပို့ချခဲ့ရာ သင်တန်းသား ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။

သင်တန်းပို့ချမှု ပုံစံနှင့် ပတ်သက်၍ ဦးအုန်းကြိုင်က “အလုပ်ရုံ ဆွေးနွေးပွဲပုံစံ ကျင်းပတာဖြစ်တဲ့ အတွက် ကျောင်းသူ/သားများ အရမ်း စိတ်ဝင်စားမှု ရှိပါတယ်။ ပြဿနာတွေကို ဖြေရှင်းကြပါတယ်။ စာတမ်းတွေ ပြုစုပါတယ်” ဟု ပြောသည်။

နေ့စဉ် နံက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပို့ချသည့်သင်တန်းတွင် Human Security and Human Development, State Security and State Development and other prospects, Art of Negotiation, Negotiation Process နှင့် Introduction to International Relations ဘာသာရပ်များ ပါဝင်ပြီး သင်တန်း တာဝန်ခံ ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နှင့် ကိုမျိုးရန်နောင်သိန်း တို့က ဘာသာပြန်ဆို ပေးခဲ့ကြသည်။

ကြာသတေးနေ့ ညနေက ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲတွင် သင်တန်းဆရာ Dr Mathias Maas က သင်တန်းဆင်း နှုတ်ဆက်စကား ပြောကြား ခဲ့ကြောင်း “အချိန်တိုတိုပဲ ပြောခွင့်ရတဲ့အတွက် အားနာတယ်တဲ့၊ ဒါပေမယ့် သူပြောတာတွေဟာ စပြီး လေ့လာစရာ၊ စဉ်းစားစရာတွေ၊ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်စရာတွေ လမ်းကြောင်း ပွင့်သွားမယ်လို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြန်ပြောပြသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် သဘာပတိအဖြစ် NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ဆောင်ရွက်ပြီး ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါ်မေဝင်းမြင့် စသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များလည်း တက်ရောက်ကြသည်။

အင်္ဂါနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က သင်တန်းဆရာ နှစ်ဦးအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး တနာရီကြာ စကား လက်ဆုံ ပြောဆိုဖြစ်ခဲ့သေးသည်။

သင်တန်းသို့ ပြည်နယ်နှင့်တိုင်း အသီးသီးမှ ပါတီဝင်များနှင့် ဗေဒါအင်စတီကျုမှ သင်တန်းသား ၃၃ ယောက်လည်း လာရောက် လေ့လာ ခဲ့ကြသည်။

ယခင်က မြန်မာတိုင်းရင်းသား ဆရာများ ပါဝင်သည့် နိုင်ငံရေး သိပ္ပံသင်တန်းများ၊ ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ခဲ့ဖူး သော်လည်း အကြောင်း မညီညွတ်၍ အစီအစဉ် ပျက်ခဲ့ရကြောင်း ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အထူးသဖြင့် လူငယ်များအား ရည်ရွယ်၍ လယ်သမား သင်တန်း၊ ကွန်ပြူတာ သင်တန်း၊ အင်္ဂလိပ်စာ သင်တန်းများကို NLD မှ စီစဉ်ပြုလုပ်လာခဲ့ရာမှ ပြည်ပ တက္ကသိုလ်များမှ ပညာရှင် များအား ဖိတ်ခေါ်၍ ဤကဲ့သို့ နိုင်ငံရေး သိပ္ပံသင်တန်း ပို့ချနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီးလည်း နိုင်ငံရေး သိပ္ပံသင်တန်းများ ပြုလုပ်ဦးမည်ဟု သိရှိရသည်။


Ref: မဇ္ဈိမ

Read More...

ထိုးစစ်ရုပ်ရန်နှင့် တနိုင်ငံလုံး အပစ်ရပ်ရန် KIO ထပ်မံတောင်းဆို

ဖနိဒါ
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ထိုးစစ်ဆင်ထားမှုများ ရုပ်သိမ်းရန်နှင့် တနိုင်ငံလုံး အပစ်ခတ် ရပ်ဆိုင်း ပေးရေးတို့ ပါဝင်သည့် တောင်းဆို ထားသော အကြောင်းပြန်စာကို ကချင် လွတ်မြောက်ရေး အဖွဲ့က မြန်မာ အစိုးရထံ ကြာသပတေး နေ့တွင် ပေးပို့လိုက်သည်။

ဗဟိုအစိုးရက ဇူလိုင်လ ၂၆ ရက်နေ့တွင် ကေအိုင်အိုသို့ ကမ်းလှမ်းခဲ့သော ကချင်ပြည်နယ်တွင်း အပစ်ခတ် ရပ်ရေး အတွက် စာကိုကြားဝင် စေ့စပ်ရေးအဖွဲ့ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ဝင် နယ်စပ်လုံခြုံရေး ဝန်ကြီး ဦးသန်းအောင်ထံသို့ အီးမေလ်ဖြင့် ပြန်ကြား လိုက်သည်ဟု ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်၊

KIO စာထဲတွင် နှစ်ဘက် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ၄၈ နာရီအတွင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် တွင်းသို့ ထိုးစစ် ဆင်ထားသည့် မြန်မာ အစိုးရတပ်များကို ရုပ်သိမ်းပေးရန် ညွှန်ကြားချက် ထုတ်ပြန် ပေးရန်နှင့် ၁၅ ရက်အတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းပေးရေး နိုင်ငံရေး ဆွေးနွေးရေး ဖော်ဆောင်မည် ဆိုသော အချက်များကို မြန်မာ အစိုးက ထုတ်ပြန် ကြေငြာပေးရန်တို့ တောင်းဆို ထားသည်ဟု သိရသည်။

“သူတို့က လက်မှတ်ထိုးတယ်ဆိုတာ ဘယ်လို လက်မှတ်ပဲဖြစ်ဖြစ် ထိုးမယ်ဆိုပြီး ပြောတဲ့ ပုံစံဖြစ်လာတယ်။ ကျနော်တို့က ၉၄ ခုနှစ် ကလို မဖြစ်ချင်ဘူး။ အခုတော့ သေချာတဲ့ နိုင်ငံရေး စေ့စပ်သေချာမှု ဖြစ်ရမှု ဖြစ်ရမယ်။ ခိုင်မာတဲ့ အချက် အလက်မျိုးတွေ ပြည့်စုံမှ လက်မှတ် ထိုးမယ်”ဟု တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

၁၉၉၄ ခုနှစ်က KIO နှင့် ယခင် စစ်အစိုးအရ အကြား အပစ်ခတ် ရပ်ရန်သာ ဦးစားပေးခဲ့ကြပြီး နောင် အရပ်ဘက် အစိုးရ တက်လာမှ နိုင်ငံရေး ဆွေးနွေးမှု လုပ်ရန် သဘော တူခဲ့ကြခြင်းကို သူက ရည်ညွှန်းခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတပ်များနှင့် တိုင်းရင်းသား တပ်များ အကြား အပစ်ခတ် ရပ်ရန် ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြာသပတေးနေ့က ပန်ကြားမှုကို "ကောင်းသော လက္ခဏာ" အဖြစ် ကြိုဆိုလိုက်ပြီး KIO ဗဟို ကော်မတီ အနေဖြင့် အသေးစိတ် ဆွေးနွေးမည်ဟု ဦးလနန်က ပြောသည်။

အစိုးရနှင့် KIO သဘောတူညီချက်ရရှိရင် လက်မှတ်ရေးထိုးထားသော စာချုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား ထားစေလိုပြီး ၁၉၄၇ ခုနှစ် ပင်လုံ စာချုပ်အပေါ် သမ္မတ ဦးသိန်းစိန် အစိုးရ၏ သဘောထားကိုလည်း ရှင်းလင်း ပါစေလိုကြောင်း KIO ၏ စာတွင် ပါရှိသည်ဟု ဆိုသည်။

KIO ပေးပို့သော စာကို လက်ခံရရှိကြောင်း အစိုးရဘက်က ကိုယ်စားလှယ်ဖြစ်သူ ဦးဆင်ဝါးနော်က ပြောသည်။

“သူတို့ (KIO) တောင်းဆိုတဲ့ စာက ပြန်ပြင်လိုက်တယ်။ ကျနော်တို့ စာချုပ်ကို အင်္ဂလိပ်လို ရေးရအောင် ဆိုတာတွေ၊ ပင်လုံ ကတိ ကဝတ် တွေကို မေးတာတွေက နောက်မှပြန် ဆွေးနွေးလို့ ရတယ်လို့ ပြန်ပြောလိုက်တယ်” ဦးဆင်ဝါးနော်က မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် KIO ဘက်မှ ယာယီ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ထိုးမည် ဆိုပါက အစိုးရ ကိုယ်စားလှယ် များနှင့် အတူ ကချင်ပြည်နယ် ခရစ်ယာန် ဘာသာရေး အသင်း ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ကချင်ရိုးရာ စာပေ ယဉ်ကျေးမှု အဖွဲ့များ စုစုပေါင်း လူ ၆ဝ ခန့်မှာ KIO ဘက်မှ ချိန်းဆိုလိုက်သော နေရာသို့ သွား၍ လက်မှတ်ထိုးပွဲ အခမ်းအနား ကျင်းပရန် ပြင်ဆင်ထားသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ထိုအခမ်းအနား အစီအစဉ်သို့ သတင်းယူရေးအတွက် ပြည်တွင်း ဂျာနယ် အချို့နှင့် နိုင်ငံပိုင် သတင်းဌာန များကိုလည်း ဖိတ်ကြား သွားရန် စီစဉ်ထားသည်။

ထို့အပြင် အကယ်၍ အပစ်ခတ်ရပ်စဲရေးကို KIO က လက်မှတ်ရေးထိုးမှုမပြုလုပ်လျှင် မြစ်ကြီးနားမြို့တွင် စစ်ဆန့်ကျင်ရေး လူထု ဆန္ဒပြမှုတခု လုပ်ရန် စီစဉ်ထားသည်ဟု အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ် ဦးသိန်းဇော်က ပြောကြားသည်ဟု ကချင်နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။

ဦးသိန်းဇော်၏ အကြံအစည်နှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရနိုင်သော်လည်း အစိုးရ ကိုယ်စားလှယ် ဦးဆင်ဝါးနော်က KIO အနေဖြင့် လက်မှတ်ထိုးရေး ငြင်းဆန်ပါက လူထုဆူပူမှု ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးလိုက်သည်။

“ကေအိုင်အိုက လက်မှတ်ထိုးရအောင်လို့ ပြောတာ မဖြစ်လာရင်တော့ လုပ်ရမှာပေါ့။ ပြည်သူ လူထုက ကေအိုင်အိုကို အပြစ် တင်လာမှာဘဲ။ KIO ဘက်ကနေ လက်မှတ်ထိုးမယ် ဆိုတဲ့ အဖြေပဲ စောင့်နေတာ။ ကေအိုင်အို ဘက်က လက်မှတ် မထူးဘူးဆိုပြီး ပြောလာတဲ့ အချိန်တော့ ပြည်သူလူထုကလည်း ဆူပူလာမှာပေါ့”ဟု ဦးဆင်ဝါးနော်က ပြောသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် KIO ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို အစိုးရ ကျောထောက် နောက်ခံပေး ကြံ့ခိုင် ဖွံ့ဖြိုးရေး တို့က စီစဉ် ခဲ့ဖူးသည်။ ဒေသခံ အများအပြားက မလွန်ဆန်သာ၍ ဆန္ဒပြမှုကို တက်ရောက်ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့