..............................

Friday, July 16, 2010

မုံရွာရဲစခန်းတွင် ဖမ်းဆီးထားသူတဦး စစ်ဆေးရင်း သေဆုံး

မင်းနိုင်သူ
Thursday, July 15, 2010

စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ရဲက ရိုက်နှက် စစ်ဆေးရာမှ ဖောက်ထွင်းမှု သံသယဖြင့် ဖမ်းဆီး ခံထားရသူ တဦး ယနေ့ နံနက်ပိုင်းက သေဆုံး သွားကြောင်း သတင်းရရှိသည်။

“မနက် (၁၀) နာရီ လောက်မှာ သူ့မိန်းမက သူ့ယောက်ျားကို သေအောင် ရိုက်တဲ့ရဲတွေကို မကျေနပ်ဘူး ၊ အထက်ကို တိုင်မယ် ၊ ဘုရားကယ်ပါ ၊ တရားကယ်ပါနဲ့ ရပ်ကွက်ထဲမှာ အော်ဟစ် နေတော့မှ သေသွားပြီဆိုတာ သိကြရတာ"ဟု မုံရွာ ဒေါနခြံ ရပ်ကွက် သားတဦးက ပြောသည်။

မုံရွာ ဒေါနခြံရပ်ကွက်အတွင်းရှိ ဒေါ်စန်းရီ၏ နေအိမ်ကို ယခုလ ၁၁ ရက်နေ့လယ်ပိုင်းက ဖောက်ထွင်း ခိုးယူခံခဲ့ရရာ ငွေကျပ် သိန်း ၅၀ ဖိုးခန့် ပါသွားခဲ့ကြောင်း သိရသည်။

ဖောက်ထွင်းခံရသည့် နေ့မှာပင် တရပ်ကွက်တည်းနေ ကိုရှမ်းကြီး ဆိုသူကို ရဲက မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပြီး ရိုက်နှက် စစ်ဆေးခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရိုက်နှက်ခံ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့်စပ်လျဉ်း၍ မုံရွာအမှတ် (၁) ရဲစခန်းသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။

မြန်မာနိုင်ငံအတွင်း ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် ကိုယ်အင်္ဂါချို့တဲ့ ရသူများ ၊ အသက်ဆုံးရှုံး ရသူများ ရှိနေသော်လည်း အာဏာပိုင်များက တရားဝင် ထုတ်ပြန်လေ့ မရှိပေ။

Ref: ဧရာဝတီ်

Read More...

Thursday, July 15, 2010

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ပြန်လွတ်

Thursday, July 15, 2010

ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန် ထမ်းခဲ့ဖူးသူ ထောင်ဒဏ် ၁၄ နှစ် ကျခံနေရသော ဦးဝင်းထိန်ကို စစ်အစိုးရက စစ်ကိုင်းတိုင်း ကသာ အကျဉ်းထောင်မှ ယနေ့ ပြန်လွှတ်ပေး လိုက်ကြောင်း မိသားစုဝင်များနှင့် လူ့ အခွင့်အရေး လှုပ်ရှား နေသူများက ပြောသည်။

“ကသာ ထောင်ကနေ လွတ်လာပြီလို့ သိရပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့ရှိ မိသားစုဝင်များက ထောင်မှ ပြန်လည် လွတ်မြောက် လာသော ဦးဝင်းထိန်သည် ၎င်း၏ အိမ်သို့ ယခု အချိန်အထိ ပြန်ရောက် မလာ သေးကြောင်း ပြောဆိုသည်။

ဗိုလ်ကြီး ဟောင်းလည်း ဖြစ်သော အသက် ၆၉ နှစ်အရွယ်ရှိ ဦးဝင်းထိန်သည် ၁၉၉၆ ခုနှစ်တွင် ပြည်ပ သတင်းမီဒီယာ သမားများကို သတင်း အမှားများ ပေးသည် ဟူသော စွဲဆိုချက်ဖြင့် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၀၁၀ ရွေးကောက်ပွဲ အတွက် နိုင်ငံတော် အကျိုးကို ထမ်းဆောင်နိုင်ရန်ဟု ဆိုကာ အကျဉ်းသား ၉၀၀၂ ဦးကို စစ်အစိုးရက လွှတ်ပေးရာတွင် ဦးဝင်းထိန် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦး ပါဝင်ခဲ့သည်။

ထိုစဉ်က ဦးဝင်းထိန် လွတ်မြောက်လာသော်လည်း ကသာမြို့ရှိ တည်းခိုခန်းတခု၌ တည်းခိုနေစဉ် အာဏာပိုင်များ၏ ထပ်မံ ဖမ်းဆီး ခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးခြင်း၏ အကြောင်းအရင်းကိုမူ မသိရှိရပေ။

၁၉၈၈ ခုနှစ်၌ ဖြစ်ပွားခဲ့သော လူထု အုံကြွမှုတွင် ဦးဝင်းထိန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

၎င်းသည် ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန အောက်တွင် ၅ နှစ်ကြာ စစ်မှုထမ်း ခဲ့ပြီးနောက် တပ်တွင်း၌ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင် ပတ်သက်နေသည်ဟု ဆိုကာ တပ်မှ ထွက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

အမေရိကန် အောက်လွှတ်တော် စစ်အစိုးရကို ဒဏ်ခတ်မှု သက်တမ်းတိုးရေး အတည်ပြု

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 14 ဇူလိုင် 2010

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်း တိုးဖို့ အောက်လွှတ်တော် ကနေ ကန့်ကွက်သူမရှိ အတည် ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေး တိုးတက် ပြောင်းလဲမှု ဘာမှ မတွေ့ရတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးဝါး လာတာကြောင့် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ ဖိအားတွေ ဒီထက်ပိုပေးဖို့ လိုမယ်လို့လည်း လွှတ်တော် အမတ်တွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီ (Joseph Crowley) ဦးဆောင်ပြီး အောက်လွှတ်တော် အမတ် ၂၀ ကျော်ဟာ အခု ဒီဥပဒေ သက်တမ်း တိုးရေး အတွက် အဆိုပြုခဲ့ ပါတယ်။ ဒီအပေါ်မှာ ကန့်ကွက်သူ မရှိဘဲ အောက်လွှတ်တော် တရပ်လုံးက မနေ့က အတည်ပြု လိုက်ပါတယ်။ ဒီဥပဒေဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် အင်မတန် အရေးကြီးတယ်လို့ အဆိုတင်သွင်းတဲ့ အောက်လွှတ်တော် အမတ် ဂျိုးဇက် ခရော်လီက အဆို တင်သွင်းစဉ်မှာ ပြောခဲ့ပါတယ်။

“ဒီဥပဒေကို သက်တမ်း ထပ်တိုးလိုက်တာဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အလွန်တရာ အရေးကြီး ပါတယ်။ အခု ဒီဥပဒေ အပါအ၀င် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေး ယူမှုတွေကြောင့် ဥပဒေမဲ့ လုပ်ရပ်တွေ ပံ့ပိုးရာ ရောက်မယ့် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာကို မြန်မာ စစ်အစိုးရ လက်ထဲ မရောက်အောင် တားဆီး လိုက်နိုင်ပါတယ်။ သိပ်ကို ထူးကဲ လွန်းတဲ့ အမျိုးသမီး တဦးကြောင့် ဒီဥပဒေတွေ ဖြစ်ပေါ်လာတာပါ။ သူကတော့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ သူဟာ တဦးတည်းသော အကျဉ်းကျ ခံနေရတဲ့ ကမ္ဘာ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်း စစ်အစိုးရရဲ့ မြန်မာလူထုအပေါ် ကျူးလွန်မှုတွေဟာ သာမန် လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်တော့ဘဲ လူသား မျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်တယ်လို့လည်း အောက်လွှတ်တော် အမတ် ဂျိုးဇက် ခရော်လီက ပြောပါတယ်။

“မြန်မာ စစ်အစိုးရဟာ တိုင်းရင်းသား ကျေးရွာပေါင်း ၃,၅၀၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။ ကျေးရွာသားပေါင်း သိန်းနဲ့ချီ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး ကြရပါတယ်။ ဒုက္ခသည် သန်းနဲ့ချီ အိမ်နီးချင်း နိုင်ငံတွေမှာ ခိုအောင်း နေရပါတယ်။ အပြစ်မရှိတဲ့ မြန်မာ အမျိုးသမီး တွေကို လိင်ပိုင်းဆိုင်ရာ စော်ကား အဓမ္မ ပြုကျင့်တာကို စစ်လက်နက် သဖွယ် အသုံးပြုနေပါတယ်။ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ဟာ အကျဉ်းထောင်တွေ ထဲမှာ ရှိနေပါတယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သက် မဟုတ်တော့ပါဘူး။ လူသား မျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်ပါတယ်။”

ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ ချားလ်စ် ဘော်စ်တာနီ (Charles Boustany) ကတော့ အခုလို စီးပွားရေး ပိတ်ဆို့မှုမျိုးရဲ့ ထိရောက်မှုတွေကို စောင့်ကြည့် အကဲခတ် နေတုန်း ဆိုပေမဲ့လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုကို ထောက်ခံ ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် နိုင်ငံတကာက ၀ိုင်းဝန်း ဆောင်ရွက်မှ ရမယ်လို့ သူက ယုံကြည်ပါတယ်။ ဒါကြောင့် မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အာဆီယံတို့က စီးပွားရေးအရ ဖိအား ပေးသင့်တယ်လို့ သူက ယူဆပါတယ်။

“မြန်မာစစ်အစိုးရနဲ့ သူ့အပေါင်းပါတွေကို တိုက်ရိုက် ပစ်မှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ရေး ကုလသမဂ္ဂနဲ့ အခြား ကုန်သွယ်ဘက် နိုင်ငံတွေကို တိုက်တွန်းသွားဖို့ အမေရိကန် အစိုးရကို ကျနော် အပြင်းအထန် တိုက်တွန်းပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းနဲ့ တရုတ်နိုင်ငံတို့ အနေနဲ့လည်း မြန်မာအစိုးရနဲ့ ထိစပ် ဆွေးနွေးမှုတွေ အတော်လေး မြှင့်တင် ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။”

မြန်မာစစ်အစိုးရက ဒီနှစ်အတွင်းလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိ စစ်အုပ်စု အာဏာ ပိုမို ချုပ်ကိုင်လာနိုင်မယ့် အခြေအနေပဲ ရှိတယ်လို့ အောက်လွှတ်တော် အမတ် ဂျိုးဇက် ခရော်လီက မြင်ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ဖို့ အမေရိကန် အစိုးရက ကြိုးပမ်း နေတာကို နားလည်ပေမဲ့ မြန်မာစစ်အစိုးရ ဘက်ကတော့ အပြောင်းအလဲတွေ လုပ်ဖို့ လုံးဝ ငြင်းပယ် ထားတယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။ ဒီအခြေအနေ ပေါ်မှာ စစ်အစိုးရကို နိုင်ငံတကာ ဖိအားတွေ တိုးမြှင့် မပေးနိုင်တဲ့ အခြေအနေ အပေါ် မှာလည်း စိတ်ပျက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို စောင့်ကြည့် တာထက် ပိုပြီး ဖိအားပေးရမယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။

“ကျနော်တို့မှာ စောင့်ဖို့ အချိန်မရှိပါဘူး။ မြန်မာအစိုးရဟာ အခုနှစ်အတွင်းမှာ ရှက်ဖွယ်ကောင်းတဲ့ ရွေးကောက်ပွဲ တခု လုပ်ဖို့ ပြင်နေပါတယ်။ ဒီကနေ သိုးရေခြုံတဲ့ ၀ံပုလွေ တကောင်လို အစိုးရတရပ် ဖြစ်လာပါလိမ့်မယ်။ ဒါဟာ မြန်မာလူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး သူတို့လိုရာကို မရိုးမသား မရမကလုပ်ဖို့ ကြံစည်နေပါတယ်။ ရွေးကောက်ပွဲပြီးရင်လည်း အခုလို စစ်ခေါင်းဆောင် မျိုးတွေပဲ အာဏာ ရလာမှာပါ။ ဒီရွေးကောက်ပွဲ ရလဒ်ကို ကြိုပြင် ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပါဝင်ခွင့် မပေးပါဘူး။”

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံသူတွေ မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်းအနီးမှာ အကြမ်းဖက် တိုက်ခိုက်ခံရအပြီး ထွက်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အဲဒီကတည်းက အထိန်းသိမ်း ခံခဲ့ရတာပါ။ ဒီဥပဒေရဲ့ အဓိက အချက်ကတော့ မြန်မာနိုင်ငံတွင်းက သွင်းကုန်တွေကို ပိတ်ပင်မှုပါ။ အမေရိကန် ပြည်ထောင်စုဘက်က သွင်းကုန် ပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံတွင်း အထည်ချုပ် စက်ရုံအချို့ ပိတ်လိုက်ရပြီး ဒီဥပဒေကြောင့် မြန်မာလူထုကိုလည်း ထိခိုက်မှု ရှိတယ်လို့ ဝေဖန်မှုအချို့တော့ ရှိပါတယ်။

ဒါပေမဲ့လည်း ဒီဥပဒေကြောင့် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပိုပြီး အထိနာစေတယ်လို့ အမေရိကန် ပိတ်ဆို့မှုကို ထောက်ခံ သူတွေက ပြောပါတယ်။ စစ်အစိုးရနဲ့ သူနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပိုပြီး ပစ်မှတ်ထား၊ ပိုပြီး ထိရောက်တဲ့ အမေရိကန် ပိတ်ဆို့မှုကတော့ နောက်ဆုံး ချမှတ်ခဲ့တဲ့ JADE ACT လို့ အမည်တွင်တဲ့ စီးပွားရေး ပိတ်ဆို့မှု ဥပဒေ ဖြစ်တယ်လို့ လေ့လာ သူတွေက ယူဆကြပါတယ်။ အခု ၂၀၀၃ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးမှု အတည်ဖြစ်ဖို့ ဆိုရင်တော့ အထက်လွှတ်တော်က အတည်ပြုပြီး သမ္မတက လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ရာဇ၀တ်ဘေးက ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံက ရာဇ၀တ်ကောင်တွေကို အရေးယူ အပြစ်ပေး ကြပါစို့

ဖိုးဇော် (ဘာသာပြန်)
၁၂ ဇူလိုင် ၂၀၁၀

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တာနာက မြန်မာနိုင်ငံ စစ်အစိုးရဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ဖွယ်ရာ ရှိနေတဲ့ အကြောင်းနဲ့ အဲဒီလို နိုင်ငံတကာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုတွေအပေါ် စုံစမ်း စစ်ဆေး ဖော်ထုတ်ဖို့ ကုလသမဂ္ဂကို တိုက်တွန်း ပြောကြား ခဲ့ပါတယ်။ ဒါကို ကျနော် သဘောတူပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်အတွင်းလောက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စု ဆိုင်ရာ ချိုးဖောက် ကျူးလွန်မှုတွေ အပေါ် ကမ္ဘာကြီးက ယခင့်ယခင်နဲ့ မတူအောင် အာရုံ စိုက်လာခဲ့ပါတယ်။ မြန်မာ စစ်အာဏာရှင် သန်းရွှေကတော့ ဒါတွေကို ကမ္ဘာကြီးက မကြာခင် မေ့ပျောက်သွားစေဖို့ ရည်ရွယ်မျှော်လင့်ပြီး သူ့ရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်အောင် အရောင် တင်ပေးမယ့် ဟန်ပြ ရွေးကောက်ပွဲ တရပ်ကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေရဲ့ ရဲစွမ်းသတ္တိရှိစွာ ဦးဆောင် ဆင်နွှဲခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ် ခဲ့တယ်။ ဂျပန်ဓာတ်ပုံ သတင်းထောက် ကင်ဂျိနာဂါအိကို သတ်ဖြတ်ခဲ့မှု အပါအ၀င် အဲဒီ ဆန္ဒပြပွဲတွေအပေါ် မြန်မာ စစ်အစိုးရရဲ့ ရက်ရက် စက်စက် နှိပ်ကွပ် ဖြိုခွင်းမှုတွေက သူ့ရဲ့ ရက်စက် ယုတ်မာမှုကို ဘယ်အခါတုန်းကနဲ့မှ မတူအောင် ရှင်းရှင်းလင်းလင်း ပွင့်ကျ သွားစေခဲ့တယ်။

နောက်ရှစ်လအကြာမှာတော့ နာဂစ်မုန်တိုင်းကြီးက မြန်မာပြည်ကို ဖြတ်သန်း တိုက်ခတ် ချေမွပစ်ခဲ့တယ်။ ဒီမုန်တိုင်းကြောင့် အသက် အိုးအိမ် စည်းစိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ လူပေါင်းများစွာ အတိဒုက္ခ ရောက်ခဲ့ကြရတယ်။ အဲဒီ မုန်တိုင်း ဘေးဒုက္ခသည်တွေ အပေါ် နိုင်ငံတကာရဲ့ စာနာထောက်ထား ကူညီမှုတွေကို မြန်မာ စစ်အစိုးရက စောစောပိုင်း ကာလမှာ လက်ခံဖို့ ငြင်းပယ်ခဲ့တယ်။ ဒါဟာ ဒီစစ်အစိုးရရဲ့ လူသား မဆန်မှုကို ထင်ထင်ရှားရှား သက်သေ ပြခဲ့တာပဲဖြစ်တယ်။

တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာ ဒေသတွေ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသမှာ မြန်မာ စစ်အစိုးရက ထိုးစစ်တွေ ဆက်လက် ဆင်နွှဲနေတယ်။ ထင်ရှား အရေးပါတဲ့ တိုင်းရင်းသား ခေါင်းဆောင် အနည်းဆုံး တဦးလောက်ကို လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး အခြား ခေါင်းဆောင်တွေကိုလည်း အလားတူ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်။ ချင်းပြည်နယ်မှာ လူတွေ အငတ်ဘေးဆိုက်ပြီး အတိဒုက္ခ ရောက်နေမှု အပေါ် အကြင်နာ တရား ကင်းမဲ့စွာ ဥပက္ခာ ပြုထားခဲ့တယ်။ ဒါတွေအားလုံးဟာ တိုင်းရင်း သားလူနည်းစု တွေကို ရှင်းလင်း သုတ်သင်ပစ်ဖို့ ဒီအစိုးရမှာ အစီအစဉ် ရှိနေတယ်ဆိုတာ ဖော်ထုတ် ပြသ နေတာပဲဖြစ်တယ်။

ဒီအစိုးရက အခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်မျိုးမှာ ကမ္ဘာကြီး အနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ နောက်ခံ အခြေအနေတွေကို ထည့်သွင်း စဉ်းစားဖို့ မမေ့သင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဟားဗတ် ဥပဒေ ကျောင်းတော်ကြီးက “မြန်မာနိုင်ငံတွင်းက ရာဇ၀တ်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တယ်။

အမေရိကန်တရားသူကြီး ပက်ထရီရှာဝဲလ်ဒ်၊ မွန်ဂိုးလီးယားက ဂန်ဇိုရစ်ဂွန်ဘိုဆူရင်၊ အင်္ဂလန်က ဆာဂျက် ဖရီနိုက်စ်ကျူစီ၊ တောင်အာဖရိက က တရားသူကြီး ရစ်ချက်ဂိုးလ်စတုန်းနဲ့ ဗင်နီဇွဲလားက တရားသူကြီး ပီထရို နစ်ကင်းန်တို့ အပါအ၀င် ကမ္ဘာ တလွှားက ထင်ရှား အရေးပါတဲ့ ဥပဒေပညာရှင်အချို့ တာဝန်ယူ ကြီးကြပ် ပြုစုထုတ်ဝေခဲ့တဲ့ အဲဒီ အစီရင်ခံစာမှာ မြန်မာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စု အပေါ် ဆန့်ကျင်ဖောက်ဖျက် ကျူးလွန်တဲ့ အတိုင်းအတာ အထိ ရှိနိုင်ကြောင်းနဲ့ အဲဒီ ကျူးလွန် ဖောက်ဖျက်မှုတွေကို ကုလသမဂ္ဂ အဖွဲ့ကြီး အနေနဲ့ စုံစမ်း စစ်ဆေးသင့်ကြောင်း သုံးသပ် ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း တယောက်အနေနဲ့ ကျနော် ဒါကို သဘောတူပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကျနော် တာဝန် ယူခဲ့စဉ်ကာလက အဓမ္မ အလုပ်စေခိုင်းမှု၊ အတင်းအဓမ္မ ကလေး စစ်သား စုဆောင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မုဒိန်းကျင့်မှုကို စစ်လက်နက် တခု သဖွယ် အသုံးချမှု စတာတွေကို မြန်မာနိုင်ငံ တ၀ှမ်းမှာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့တယ် ဆိုတဲ့ အငြင်းပွားစရာ မလိုတဲ့ အထောက်အထားတွေ ကျနော် ရရှိခဲ့တယ်။ အဲဒီအချိန်ကစလို့ နောက်ထပ်ရရှိတဲ့ အထောက်ထားတွေက ခိုင်မာသထက် ခိုင်မာလာနေပါပြီ။ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်း လှုပ်ရှား ဆောင်ရွက်ရေး အဖွဲ့ရဲ့ အဆိုအရ ၁၉၉၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ဒေသတွေမှာ ကျေးရွာပေါင်း (၃,၅၀၀) လောက် ဖျက်ဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျေးရွာသားတွေကိုလည်း လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးချခဲ့ ကြတယ်လို့ ဆိုတယ်။ စစ်ရေး လိုအပ်ချက်အရ မိုင်းကွင်းတွေကို ရှင်းလင်းဖို့အတွက် မြေမြှုပ်မိုင်းတွေ မြှုပ်နှံထားရာ မိုင်းကွင်းတွေ အတွင်း ကျေးရွာသားတွေကို ရှေ့ကနေ အတင်းအဓမ္မ ဖြတ်လျှောက်ခိုင်းပြီး လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုခဲ့ကြလို့ မကြာခဏ ဆိုသလို ကျေးရွာသားတွေ အသက် ဆုံးရှုံးခဲ့ရတာတွေ ခြေတွေ လက်တွေ ပြတ်ခဲ့ရတာတွေ ရှိခဲ့တယ်။

ကျနော် မြန်မာပြည်ကထောင်တွေ တော်တော်များများကို ရောက်ခဲ့တယ်။ နှိပ်စက်ညှဉ်းပန်းမှု ပုံစံ မျိုးစုံကိုလည်း ကြားနာ သိရှိခဲ့ရတယ်။ ယခုအချိန်မှာ နိုင်ငံရေး အကျဉ်းသား (၂,၁၀၀) ကျော်လောက် မြန်မာ အကျဉ်းထောင်တွေ ထဲမှာ ရှိနေတယ်လို့ ယုံကြည်ရပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ် အကျယ်ချုပ် ဘ၀နဲ့ ရှိနေဆဲပါပဲ။ သူမဟာ လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်းမှာ (၁၄) နှစ်ကျော်မျှ အထိန်းသိမ်းခံ ဘ၀နဲ့ နေနေရသူပါ။

မြန်မာနိုင်ငံမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာပါ။ မြန်မာ စစ်အစိုးရဟာ မြန်မာ မဟုတ်တဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြား ဘာသာဝင် လူနည်းစုတွေအပေါ် ညှာတာ ထောက်ထားမှု လုံးဝ မရှိပါဘူး။ ချင်းလူမျိုးနဲ့ ကချင်လူမျိုး တိုင်းရင်းသား အများစု ပါဝင်တဲ့ ခရစ်ယာန် ဘာသာဝင်တွေနဲ့ အလားတူ ကရင်နဲ့ ကရင်နီလူမျိုး ခရစ်ယာန် ဘာသာဝင်တွေဟာ ဘုရားရှိခိုးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေ ဖျက်ဆီး ခံရမှုအပါအ၀င် ဘာသာရေးအရ ခွဲခြားဆက်ဆံမှု၊ ကန့်သတ်ချုပ်ချယ်မှုနဲ့ ဖိနှိပ်မှုတွေ ခံနေရတယ်။ ခရစ်ယာန် ဘာသာရေး အထိမ်းအမှတ် လက်ဝါးကပ်တိုင်တွေကို အတင်းဖြိုချ ဖယ်ရှားခိုင်းပြီး အဲဒီနေရာမှာ ဗုဒ္ဓဘာသာ ဘုရားပုထိုး စေတီတွေ တည်ခိုင်းတယ်။ ဒါတွေကို သေနတ်နဲ့ချိန်ပြီး အတင်းအဓမ္မ လုပ်ခိုင်းနေတာပါ။ မွတ်စလင် ရိုဟင်ဂျာတွေလည်း အလားတူ ဖိနှိပ်ခံနေရပြီး မြန်မာနိုင်ငံ ရခိုင်ပြည် မြောက်ပိုင်းမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင် လာခဲ့ကြပေမယ့် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံသားဖြစ်ခွင့် မရဘဲ ငြင်းပယ် ခံနေကြရတယ်။ ဒီလို ငြင်းပယ် ခံရတာကြောင့် သူတို့ဟာ သွားလာ လှုပ်ရှားမှုနဲ့ လက်ထပ် ထိမ်းမြားမှုတွေမှာ အကြီးအကျယ် ကန့်သတ် ထိန်းချုပ် ခံနေရပြီး ပညာသင်ကြားရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ဆုံးရှုံးနေရတယ်။

ဒီရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ကုလသမဂ္ဂအဖွဲ့ကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရှိနေခဲ့ပြီးသားပါ။ ကျနော့်မိတ်ဆွေ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ဟောင်း ရာဇူးမားလားလားက ဒီကျူးလွန် ဖောက်ဖျက်မှုတွေဟာ “နိုင်ငံရေးအရရော ဥပဒေအရပါ တာဝန်ရှိတဲ့ အမြင့်ဆုံး အာဏာပိုင်အဆင့်က ချမှတ်ထားတဲ့ မူဝါဒ၊ ပေါ်လစီ တွေကြောင့်သာ ဖြစ်တယ်” ဆိုတာကို ၁၉၉၆ ခုနှစ်ကတည်းက သုံးသပ် ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးမီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ နိုင်ငံတကာဥပဒေ ချိုးဖောက်နေမှုတွေကို ရပ်ဆိုင်းပစ်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်းတောင်းဆိုထားပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာနိုင်ငံကို လူသားမျိုးတုံး သုတ်သင်မှု ရှိမရှိ စောင့်ကြည့်ရမယ့် နိုင်ငံ တနိုင်ငံအဖြစ် စာရင်းသွင်းထားပြီး လူသားမျိုးတုံးသုတ်သင်မှု အန္တရာယ် ညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံကို ဆူဒန် နိုင်ငံနဲ့အတူ အန္တရာယ် အရှိဆုံး နိုင်ငံနှစ်နိုင်ငံအဖြစ် သတ်မှတ် ဖော်ပြထားပါတယ်။

အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အလားတူပဲ သုံးသပ်အကဲ ဖြတ်ကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရရဲ့ ကျူးလွန်မှုတွေကို လူသား မျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အဖြစ် သတ်မှတ် ဖော်ပြထားပြီး လူနည်းစု အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ကလည်း တိုင်းရင်းသား လူနည်းစုတွေ အပေါ် အန္တရာယ်ပြု ခြိမ်းခြောက် ခံနေရဆုံး နိုင်ငံ (၅) နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်း သတ်မှတ် ထားပါတယ်။ ဖရီးဒမ်းဟောက်စ် အဖွဲ့ကတော့ မြန်မာနိုင်ငံကို “အဆိုးတကာ့ အဆိုးဆုံး” နိုင်ငံအဖြစ် သတ်မှတ် ထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့နဲ့ နိုင်ငံတကာအသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေး အဖွဲ့တို့ကလည်း အလားတူ သုံးသပ် ဖော်ပြခဲ့ကြပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ “ရွေးကောက်ပွဲ ကိစ္စတွေ” နေရာယူ လွှမ်းမိုးနေမှုနဲ့ အတူ သူ့ရဲ့ စိုးမိုး အုပ်ချုပ်မှုအပေါ် တိုင်းရင်းသား လူနည်းစုတွေရဲ့ ဆန့်ကျင် တွန်းလှန်မှုမှန်သမျှကို လက်စတုံး ချေမှုန်းပစ်ရေး ဆိုတဲ့ သန်းရွှေရဲ့ လုပ်ရပ်ကြောင့် လူသားမျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ပျံ့နှံ့ တိုးပွားလာနေတဲ့ အချိန်အခါပါ။ ခုလို အချိန်အခါမျိုးမှာ နောက်ထပ် အသက်တွေ မဆုံးရှုံးရခင်မှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စုစုစည်းစည်း ညီညီညွတ်ညွတ် အရေးယူ ဆောင်ရွက်ဖို့ လိုနေပါပြီ။

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအပေါ် အရေးယူ အပြစ်ပေး မခံရဘဲ လွတ်ကင်းမှုတွေ နေရာအနှံ့ ရှိနေပါတယ်။ ဒီရာဇ၀တ်မှုတွေကို ပပျောက်သွားစေမယ့် အရေးယူ ဆောင်ရွက်မှုတွေလည်း ဘာတမှုမှ မရှိပါဘူး။ ဒါကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ရဲ့ မကြာသေးမီက ထောက်ခံ တင်ပြထားချက်အပေါ် တုံ့ပြန် ဆောင်ရွက်ဖို့နဲ့ မြန်မာ စစ်အစိုးရရဲ့ လူသားမျိုးနွယ်စု အပေါ် ဖောက်ဖျက် ကျူးလွန်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ အပေါ် စုံစမ်း စစ်ဆေး ဖော်ထုတ်ဖို့ စုံစမ်းရေးကော် မရှင်တရပ် ဖွဲ့စည်းပြီး လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂ အဖွဲ့ကြီးမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ရတဲ့ အကြောင်းရင်းပါပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာ စစ်အစိုးရအပေါ် လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကို နိုင်ငံအားလုံးက လိုက်နာ ဆောင်ရွက်စေမယ့် အရေးယူပိတ်ဆို့မှုမျိုး ချမှတ်ဆောင်ရွက်ဖို့ လိုပါတယ်။

မြန်မာစစ်အစိုးရဟာ ဒီရာဇ၀တ်မှုတွေကို ကျူးလွန်ခွင့်ရရှိနေခဲ့တာ နှစ်ကာလအလွန် ကြာညောင်းခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး ဘာတခုမှ အရေးယူ အပြစ်ပေး မခံရဘဲ ရာဇ၀တ်မှုတွေ ဆက်လက် ကျူးလွန်နေမယ့် အခြေအနေ မျိုးကိုတော့ ကျွန်တော်တို့ လက်ပိုက် ကြည့်မနေ သင့်တော့ပါဘူး။

မှတ်ချက်။ ။
၂၀၁၀ ခု ဇူလိုင် (၆) ရက်ထုတ် The Jakarta Post သတင်းစာပါ Yozo Yokota ၏ Challenge impunity in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

စာရေးသူ Yozo Yokota သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးရသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကုလသမဂ္ဂကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင်အဖြစ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။


Ref: ခေတ်ပြိုင်

Read More...

ဒေါ်စုနှင့် ရှေ့နေများတွေ့ဆုံမှု ကန့်သတ်ချက်တိုး

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေအိမ်အချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီဝင် ရှေ့နေများ တွေ့ဆုံခွင့်ရရေး ကြန့်ကြာ သွားမှာဖြစ်သော ကန့်သတ်မှုတခုကို စစ်အစိုးရက ထပ်မံ တိုးမြှင့်လိုက်ရာတွင် ရဲ၏ ခွင့်ပြုချက် သာမက ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီချက်လည်း လိုသည်ဟု ပြဌာန်းလိုက်ခြင်း ဖြစ်သည်။

ယခင်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ ဗဟန်းမြို့နယ် တာဝန်ခံ အက်စ်ဘီခေါ် သတင်းရဲ တပ်ဖွဲ့ထံ တွေ့ဆုံခွင့် လျှောက်လွာ တင်၍ ခွင့်ပြုချက် တောင်းခံရန်သာ လိုအပ်သော်လည်း ဇူလိုင် ၁ဝ ရက်နေ့မှစပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း တွေ့ဆုံရန် သဘောတူကြောင်း ရေးသားထားသော စာကို တင်ပြရန် လိုသည်ဟု ရဲက ညွှန်ကြားလိုက်သည်။

ညွန်ကြားချက် အသစ်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် တွေ့ဆုံခွင့်ရရန် ယခင်က ၂-၃ ရက်ကြာ စောင့်ဆိုင်း ရခြင်းမှ ရက်သတ္တပတ် တပတ်ခန့် ဖြစ်သွားနိုင်သည်ဟု ပါတီ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သော ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွင် လက်ရှိ အမှုကိစ္စ သုံးခုရှိနေရာ သူမကို အပြစ်ဒဏ် ချထားခြင်း အပေါ် ပြန်သုံးသပ်ရန် တရားရုံးသို့ အထူးအယူခံ တင်ခြင်းနှင့် စစ်အစိုးရကို တရားစွဲဆိုခြင်း နှစ်ခုတို့ ဖြစ်သည်။

“ဒေါ်စု သဘောတူ လက်မှတ်ထိုးမဲ့စာကို ကျနော် ရိုက်ပါတယ်။ ဒီလို တွေ့ဆုံမှု တောင်းထားတာကို သဘောတူပါတယ် လို့ပဲ ရေးတာ။ အဲဒါကို ရဲတပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ပို့ပြီးတော့ ဒေါ်စု သဘောတူပါတယ် ဆိုတဲ့ လက်မှတ် ထိုးပေးလိုက်တဲ့ စာကို ကျနော်က လက်မှတ်ထိုးပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ တွေ့ဆုံရာတွင် အမှုကိစ္စမှအပ အခြား အကြောင်းအရာများကို ပြောဆိုခြင်း မပြုရန် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က သတင်းရဲတပ်ဖွဲ့က နှုတ်ဖြင့် ညွန်ကြားထားသည်ဟု ရှေ့နေများက ပြောသည်။

ရဲ၏ ကန့်သတ်မှုကို မကျေနပ်၍ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ရန် ပြင်ဆင်လျှက် ရှိသည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့ ယမန်နေ့က ၂ နာရီခန့် တွေ့ဆုံစဉ် သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အတွက် အထူးအယူခံ လျှောက်လဲရန် ဆွေးနွေးခဲ့သည်။

အင်လျားကန်အတွင်း ရေကူး၍ နေအိမ်သို့ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ဧည့်ခံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၁၈ လကို နေအိမ်တွင် နေရမှာဖြစ်ပြီး ကျန် ၁၈ လကို ဆိုင်းငံ့အဖြစ် ချမှတ်ထားသည်။

ရန်ကုန်ရှိ တရားသူကြီး ၃ ဦးထိုင် ဗဟိုတရားရုံးချုပ်တွင် အထူးအယူခံခွင့်ရရန် ဒေါ်အောင်ဆန်းစုကြည် ဘက်က လျှောက်လဲထားပြီး ခွင့်ပြုချက် ရလျှင် နေပြည်တော်ရှိ တရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားရမှာ ဖြစ်သည်။

တိုင်းပြည်နှင့် လူမျိုးအတွက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် မဆောင်ရွက်သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စစ်အစိုးရ တဖွဲ့လုံးကို ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီက တရားစွဲဆိုနိုင်ရေး ပြင်ဆင်လျှက်ရှိသည်။

နိုင်ငံဝန်ထမ်းသည် ဥပဒေ ပြဌာန်းချက်အရ လုပ်ရမည့်တာဝန်များကို မလုပ်ဆောင်၍ တရားရုံးတော်က ဆောင်ရွက်ရန် အမိန့် ချမှတ်နိုင်ရေး လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ နစ်နာသူ ဘက်က လျှောက်ထားသော သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ ၄၅ နှင့် ၅၄ တို့အရ တရားစွဲဆိုရန် ကြိုးစားခြင်းဖြစ်သည်ဟု သိရသည်။

ဧပြီလက တရားစွဲခဲ့သော်လည်း တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သဖြင့် နောက်တကြိမ် တရားထပ်စွဲရန် ပြင်ဆင်ခြင်း ဖြစ်သည်။

စစ်အစိုးရကို တရားစွဲဆိုမှု နောက်တခုမှာ အန်အယ်ဒီပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များသည် တရား ဥပဒေအရ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် ရှိကြောင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများက အလိုအလျောက် ပျက်ပြယ်အောင် ပြုလိုက်ခြင်း အတွက် မကျေနပ်သော အန်အယ်ဒီ အမတ် ၂၆ ဦးက ပုဒ်မ ၄၂ နှင့်စွဲဆိုခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

စစ်အစိုးရအား တရားစွဲခြင်းသည် တွေ့ဆုံဆွေးနွေးမှုကို လမ်းပိတ်ခြင်း မဟုတ်ဟု ဒေါ်စုပြောကြား

ဝီရ
၁၄ ဇူလိုင် ၂၀၁၀

မြန်မာစစ်အစိုးရအား တရားစွဲဆိုနိုင်ရန် ဆက်လက် လုပ်ဆောင်ခြင်းသည် အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းမှ သွေဖည် သွားစေရန် မဟုတ်ဘဲ တွေ့ဆုံ ဆွေးနွေးရေး အတွက် အန်အယ်လ်ဒီက လမ်းဖွင့်ထားဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

“နအဖကို တရားစွဲနိုင်ဖို့ တရားရုံးဆီ နောက်တကြိမ် အခုလို စာတင်ဖို့ ပြင်ဆင်နေတာဟာ နအဖနဲ့ အန်အယ်လ်ဒီ အကြား ရင်ကြားစေ့ရေး အတွက် ဒိုင်ယာလော့ ပိတ်ပင်လိုက်တာ မဟုတ်ဘူး။ တွေ့ဆုံ ဆွေးနွေးရေးအတွက် အမြဲတမ်း တခါး ဖွင့်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာ ဖြစ်ပါတယ်” ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ၎င်း၏ ရှေ့နေ ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားအတိုင်း ကျေပွန်စွာ ထမ်းဆောင်ခြင်း မရှိသည့် မြန်မာ စစ်အစိုးရကို တရားစွဲဆိုနိုင်ရန် နောက်ထပ် ပြင်ဆင်နေသည့် အပေါ် ဒေါ်အောင်ဆန်း စုကြည်က ယင်းကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

မှတ်ပုံတင်ပြီးသား ပါတီတခု အနေဖြင့် ဆက်လက် ရပ်တည်ခွင့်နှင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တရားဥပဒေအရ ဆက်လက် ရပ်တည်ခွင့်တို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ကိုယ်စားလှယ်များက တရားရုံးချုပ်သို့ ပြီးခဲ့သည့် ဧပြီ (၂၉) ရက်တွင် တရားစွဲဆို လျှောက်တင်ခဲ့သည်။ ယင်းသို့ တရားစွဲဆိုမှု (၂) မှုစလုံးကို လုပ်ထုံး လုပ်နည်းများနှင့် မှန်ကန်မှု မရှိသည့်အတွက် လက်မခံကြောင်း တရားရုံးချုပ်က မေ (၅) ရက်တွင် ပယ်ချ ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပယ်ချခဲ့မှုကို တရားဥပဒေနှင့်မညီသည့်အတွက် ဆက်လက် တရားစွဲဆိုသွားရန် ပြင်ဆင် နေခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “သွားတွေ့ရင် အမှုကိစ္စကလွဲပြီး ဘာမှ မပြောရဘူးလို့ နအဖက ကန့်သတ်လာတဲ့ အပေါ် ကန့်ကွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က နို့တစ်စာကြမ်း ရေးခိုင်းထားတယ်။ အဲဒီစာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတည်ပြုချက် ရပြီးရင် အမြန်ဆုံး တင်သွားမှာပါ။ ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက နအဖကို တရားစွဲထားတဲ့ ကိစ္စကို တရားရုံးက ပယ်ချတာဟာ တရား ဥပဒေအရ လုပ်ခွင့် မရှိတဲ့အကြောင်း နောက်တကြိမ် တရားစွဲနိုင်ဖို့ နည်းစနစ်ကျကျ လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အခြားအကြောင်းအရာများ မဆွေးနွေးရန် ပိုမို တင်းကျပ်သော ကန့်သတ်မှုများကို ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်တွင် စစ်အစိုးရ အာဏာပိုင်တို့က စတင် သတိပေးလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအကြား တွေ့ခွင့်ရရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။

“ပထမအကြိမ် တရားစွဲဆိုတုန်းက တရားရုံးက ငြင်းခွင့်မရှိဘူး။ ဒါနဲ့ပတ်သက်ပြီး အကြောင်းပြန်တာ မရှိသေးတော့ အခုတခါ နေပြည်တော်ဆီ စာရေးပြီး ဒီအမှုတွေကို ကြားနားပေးဖို့ တင်ပြတာ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အထူးအယူခံ လျှောက်လွှာ တင်နိုင်ရေး အတွက်လည်း ၎င်း၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က လွန်ခဲ့သော ဇူလိုင် (၁၃) ရက် နေ့လယ်ပိုင်း၌ (၂) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အန်အယ်လ်ဒီသည် တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ကြောင်း ပြောကြားမှုအပေါ် အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်များက တရားဥပဒေအရ တရား ဆိုစွဲနိုင်ရန် ပြင်ဆင်နေကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

ဘက်ပြောင်း DKBA တပ်ဖွဲ့ဝင် မိသားစုများ နှိပ်စက်ခံရ

ဘစောတင်
Wednesday, July 14, 2010

ကရင်အမျိုးသား အစည်းအရုံး (KNU) ထံသို့ ပူးပေါင်းသွားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ တပ်ဖွဲ့ဝင်များ လက်နက် ပြန်အပ်နှံရန် ဖိအားပေးသည့် အနေဖြင့် ကျန်ရစ်သော မိသားစုဝင်များကို DKBA က နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်ကြောင်း သတင်း ရရှိသည်။

လက်နက်များ ပြန်လည် မအပ်နှံပါက ထွက်ပြေး သွားသော တပ်ဖွဲ့ဝင် များ၏ မိသားစုများကို ပြင်းပြင်း ထန်ထန် အရေးယူ မည်ဟု DKBA က ခြိမ်းခြောက် နေကြောင်း ကရင် လူငယ် အစည်းအရုံး (KYO) မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ ဘက်ကို ထွက်ပြေး လာကြတဲ့ ဒုဗိုလ် မျိုးမျိုးနဲ့ သူ့တပ်ဖွဲ့ဝင် တွေရဲ့ မိသားစုတွေ နှိပ်စက်ခံ နေရတယ်။ ၂ နှစ် ၃ နှစ်အရွယ် ကလေး ငယ်က စပြီး ဇနီး မယားတွေ မိအို ဘအိုတွေ အားလုံးကို လက်ထိပ် ခတ်ပြီး စစ်ဆေး မေးမြန်း ရိုက်နှက် တာတွေ လုပ်နေတယ်။ လက်နက် တွေကို ပြန်မအပ်ရင် ဒီထက်ပိုပြီး ပြင်းပြင်း ထန်ထန် အရေး ယူတာကို ခံရမယ်လို့ ကြိမ်းမောင်း နေတယ်” ဟု KYO မှ ကိုစောမိုရှေးက ဧရာဝတီသို့ ပြောသည်။

ဘက်ပြောင်းလာသူ တပ်ကြပ်ကြီး အောင်သိန်းက “ကျနော်တို့ KNU ဘက်ကို ရောက်သွားတယ်လို့ သိတာနဲ့ တပြိုင်နက် ကျနော့် မိန်းမနဲ့ ကလေး ၂ ယောက်ကို အချုပ်ခန်းထဲ တည့်ပြီး ခြိမ်းခြောက်တာတွေ နှိပ်စက်တာတွေ လုပ်နေတယ်” ဟု ဆိုသည်။

တပ်ကြပ်ကြီး အောင်သိန်း၏ ကလေးများမှာ အသက် ၂ နှစ်နှင့် ၅ နှစ်အရွယ် ရှိကြသည်ဟု သိရသည်။ ဖမ်းဆီးနှိပ်စက် ခံနေရသူများမှာ အနည်းဆုံး ၁၅ ဦးနှင့် အထက် ရှိမည်ဟု ၎င်းက ပြောသည်။

၎င်းတို့၏ မိသားစုဝင်များမှ ကလေးများကိုပါ လက်ထိပ်ခတ်ကာ စစ်ဆေး မေးမြန်းနေသည်ဟု DKBA နှင့် နီးစပ်သူများ ကလည်း ပြောသည်။

ဘက်ပြောင်းလာကြသော DKBA တပ်ဖွဲ့ ၀င်များသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စခန်းတခုတွင် တာဝန် ထမ်းဆောင် နေကြသော (၉၉၉) တပ်မှ ဖြစ်သည်။

ဒုဗိုလ် မျိုးမျိုး၊ တပ်ကြပ်ကြီး အောင်သိန်း၊ တပ်ကြပ် စောဝင်းနေ၊ တပ်သား မိုးခူး၊ တပ်သား စိုးလယ်ဖိုး၊ တပ်သား အောင်စိန် နှင့် တပ်သား စိုးထိုက် တို့သည် ဇူလိုင်လ ၁၂ ရက်နေ့က KNU/ KLA တပ်မဟာ (၇) သို့ လာရောက် လက်နက်ချ ပူးပေါင်းခဲ့ကြသည်။

၎င်းတို့နှင့်အတူ AK 47 သေနတ် ၃ လက်၊ M.16 သေနတ် ၂ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ 9 mm ပစ္စတို ၁ လက်နှင့် ကျည်ဆန်များ ပါလာခဲ့သည်။ M-79 လောင်ချာ တလက်မှာမူ လမ်းခရီးတွင် ရေထဲသို့ပြုတ်ကျ ကျန်ရစ်ခဲ့ သည်ဟု သိရသည်။
KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက “မလုပ်သင့်ဘူးလို့ ပြောချင်တယ်။ ပြီးတော့ သူတို့တွေက ကရင်အချင်းချင်း မတိုက်တော့ပါဘူး၊ မသတ်ဖြတ်တော့ပါဘူး ဆိုပြီး ငြိမ်းချမ်းရေး စကားတွေလည်း ပြောတယ်။ သူတို့ဆီမှာ မနေချင်တော့လို့ ဘက်ပြောင်း လာတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို နှိပ်စက် ညှဉ်းပန်းတာကတော့ အင်မတန် ဆိုးရွားတဲ့ လုပ်ရပ်လို့ ကျနော် ပြောချင်တယ်” ဟု ဆိုသည်။

ယခင်ကလည်း DKBA မှ ဘက်ပြောင်းသွားသူများတွင် လက်နက်ခဲယမ်းများ ပါလာပါက ကျန်ရစ်သည့် မိဘ၊ မိသားစု ဝင်များထံ၌ ကျပ်ငွေ သိန်း ၂၀၊ ၃၀ စသည့်ဖြင့် DKBA က အလျော်တောင်းခြင်းမျိုး ရှိခဲ့ကြောင်း၊ ဤသို့ ပြုလုပ်ခြင်း ည် နအဖ နည်းကို အတုခိုးခြင်း ဖြစ်ကြောင်း၊ နအဖ စစ်တပ်မှ တပ်ပြေးများ ပြန်မိလျှင် ထောင်ချခြင်း၊ လက်နက် ပါသွားပါက လိုက်လံ သတ်ဖြတ်ခြင်း အထိ ရှိကြောင်း ဗိုလ်မှူး စောလှငွေက ဆက်လက် ပြောသည်။

DKBA တပ်ဖွဲ့ဝင်များအတွင်း နယ်ခြားစောင့်တပ်ကိစ္စ သဘောကွဲလွဲမှုများ၊ အထက် အရာရှိများက ပြေလည် နေကြ သော်လည်း လက်အောက် ငယ်သားများက ရိက္ခာပင် မလုံလောက်သဖြင့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ် နေခြင်းကြောင့် KNU ဘက်သို့  မကြာခဏ ထွက်ပြေး နေခြင်း ဖြစ်သည်ဟု သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမား လာသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ရာဇဝင်တွင်သော စကားများ (သို့) အောင်ဆန်းချဲ့လင်း

မင်းဟန်
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၀


“စကားတလုံး၊ ပြက်လုံးတကွက်ကပင်လျှင် စစ်ပွဲများနှင့်၊ လှုပ်ရှားမှုများစွာထက် လူ၏ သဘောထားကို ဖော်ဆောင်တတ်သည်” (ပလေတို)

(၁)

‘တက္ကသိုလ် ဥပဒေသော်လည်း ပြင်ဆင်ပြီး ဖြစ်ရမည်။ အောင်ဆန်းသော်လည်း ပြုတ်ရမည်’

(အောင်ဆန်း)

ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့်
ပုသိမ်မြို့၊ ၁၉၃၈ ခုနှစ်။

ပထမ ကျောင်းသားသပိတ်နှင့် ဒုတိယ ကျောင်းသားသပိတ်ကြီးများ ပေါ်ပေါက်ခဲ့ကြရသည့် အဓိက အကြောင်း အရင်းက၊ ကိုလိုနီ ပညာရေးစနစ် သို့မဟုတ် ဗြိတိသျှတို့ ရေးဆွဲထားသည့် ‘တက္ကသိုလ် ဥပဒေ’ ပင် ဖြစ်၏။

၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗြိတိသျှ အာဏာပိုင်များသည် ကျွန်သက်ရှည်မည့် ပညာရေး စနစ်အား သွတ်သွင်းရန် ‘တက္ကသိုလ်ဥပဒေ’ တရပ်အား ဆန့်ကျင် ကန့်ကွက် နေခဲ့ကြသည့် ကြားမှပင် ပြဋ္ဌာန်းလိုက်သည်။ ရန်ကုန်နှင့် ယုဒသန် ကောလိပ် ကျောင်းသားများက ‘တက္ကသိုလ်ဥပဒေ’ အား လုံးဝ လက်မခံကြ။ အဓမ္မ ပြဋ္ဌာန်းလိုက်သည့် ဥပဒေအား ဆန့်ကျင်ရေးမှာ သပိတ်မှောက်ရန်မှ တပါး အခြားရွေးလမ်း မရှိခဲ့။

၁၉၂ဝ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် တိုင်းပြည်သို့ ကြေညာချက် တစောင် ထုတ်ပြန်၍ ရန်ကုန်နှင့် ယုဒသန် ကောလိပ်မှ ကျောင်းသား ၅ဝဝ တို့ ရန်ကုန်တက္ကသိုလ် ဥပဒေအား သပိတ်မှောက်ကြ၏။

“ကျနော်တို့ ရန်ကုန်နှင့် ယုဒသန်ကောလိပ်များမှ ကျောင်းသားများသည် မည်သို့ အဆုံးသတ်မည်ဟု မည်သူမှ ကြို၍ မမြင်နိုင်သော တိုက်ပွဲတရပ်ကို ဆင်နွဲလျက် ရှိကြပြီ။ သို့သော် ကျနော်တို့၏ အရေးတော်ပုံသည် မှန်ကန် နည်းလမ်းကျသည် ဟူ၍ကား ကျနော်တို့ အခိုင်အမာ ယုံကြည်ပါသည်။ အမျိုးသားရေးကို ချုပ်နှောင်ထားရန် အစိုးရက ဖန်တီးသည့် လက်နက်တရပ် ဟူ၍သာ ယူဆဖွယ်ရှိသော တက္ကသိုလ် ဥပဒေကို ချေမှုန်းရန် ကျနော်တို့ ရည်ရွယ်ပါသည်။

ထိုကောလိပ်တခု အလွန့်အလွန် လိုအပ်ကြောင်း ကျနော်တို့၏ သပိတ်က ထင်ရှားစွာ ကြွေးကြော်လျက် ရှိပြီဟု ကျနော်တို့ ခိုင်မြဲစွာ ယုံကြည်ပါသည်”

သပိတ်မှောက်ကျောင်းသားများ၏ တောင်းဆိုချက်များအား အာဏာပိုင်များသည် မလိုက်လျော။ တက္ကသိုလ် ဥပဒေအား ဆုပ်ကိုင်ပြီး ၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်ကို ဖွင့်လှစ်သည်။ ထိုနေ့တွင် ကျောင်းသို့ ပြန်၍ မတက်ရောက်သည့် ကျောင်းသားများ အားလုံး ကျောင်းမှ ထုတ်ပစ်မည်ဟု အာဏာပိုင်များက ဆိုလာ၏။

၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် (ဦး) ဘဦးက သပိတ်မှောက် ကျောင်းသားများ၏ အစည်းဝေးတွင် မိန့်ခွန်းစကားဆို၏။

“ဆီးနိတ်က ကျနော်တို့ကို စောင့်ရန် ချိန်းသည့်ရက် ရောက်လုနီးပါပြီ။ ၂၃၊ ဒီဇင်ဘာ၊ ၁၉၂ဝ တွင် ကျနော်တို့သည် မြန်မာနိုင်ငံ ကျောင်းသားဟူသည် မည်သည့် အမျိုးအစား ဖြစ်သည်ဟု ကမ္ဘာက သိကြ ရတော့မည် ဖြစ်ပါသည်။ ထိုအရေးပါသော နေ့တွင် ကျနော်တို့အတွက် မြန်မာက ဂုဏ်ယူစရာ ဖြစ်မည်လော၊ ရွံရှာဖွယ် ဖြစ်မည်လောဟု အဆုံးအဖြတ် ပေးခြင်းကိုလည်း ခံကြ ရပါတော့မည်။ နှစ်ဖက် လိုလားဖွယ် မရှိသော ဤရန်ကုန် တက္ကသိုလ်ကို ကျနော်တို့အား အတင်း ထိုးပေးလာခြင်းဖြင့် ကျနော်တို့မှာ စိတ်နာကျည်းခြင်း ဖြစ်ရသည့်အပြင် တမျိုးသားလုံး အစော်ကား ခံရလေပြီဟု အသိစိတ်နှိုးကြားခြင်း၊ ထို့ထက်ပင်ပို၍ ဤကိစ္စသည် တဖက်မှ ပြစ်မှုတခု ကျူးလွန်ခြင်း ဖြစ်သည်။ အဘယ်ပြစ်မှု နည်းဟုမူ တနိုင်ငံလုံး၏ ပညာရေး တိုးတက်မှုကို နှေးသွားအောင် လုပ်ခြင်းဖြစ်ပါသည်”

၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန် ကောလိပ်မှ ကောလိပ် ကျောင်းသား ၅ဝ၃ ဦးတို့က၊ ကျောင်းထွက်စာများအား ကျောင်းအာဏာပိုင်များ ထံသို့ ပေးပို့ခဲ့ကြ၏။

သပိတ်မှောက်ကျောင်းသားတို့က သပိတ်မှောက်ကြ၏။ အာဏာပိုင်များမှလည်း တက္ကသိုလ် ဥပဒေအား ပြုပြင်ခြင်း မပြု။ အာဏာပိုင်များသည် ကိုလိုနီ ပညာရေးအား အထိအပါး မခံနိုင်။ ကိုလိုနီ ပညာရေးမှ ကိုလိုနီ အုပ်ချုပ်ရေးအား ခိုင်မာစေပြီး၊ ကျွန်သက်ရှည်စွာနှင့် အုပ်ချုပ်နိုင်ပေမည်။ ဤအတွက် အာဏာပိုင်များက တက္ကသိုလ် ဥပဒေအား ပြင်ဆင်ခြင်း မပြုခဲ့။

တက္ကသိုလ် အာဏာပိုင် မျက်နှာဖြူ ဆရာအား ‘ဆာ’ ထည့်၍ မထူးသည့် ကျောင်းသားအား ကျောင်းမှ ထုတ်ပစ်ခြင်း၊ သမဂ္ဂဥက္ကဋ္ဌ ကိုနုအား ကျောင်းမှထုတ်ခြင်း၊ အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်းအား ကျောင်းမှ ထုတ်ရန် စီစဉ်ခြင်းများက ၁၉၃၆ ခုနှစ်၊ ဒုတိယကျောင်းသား သပိတ်ကြီးအား ဖြစ်ပေါ်စေခဲ့သည့် လတ်တလော အကြောင်းအရာများ ဖြစ်၏။ သို့သော် အဓိက အကြောင်းတရားက ‘ကိုလိုနီ ပညာရေးစနစ်’ နှင့် ကိုလိုနီ ပညာရေး စနစ်အား အသက် သွင်းပေးနေသည့် ‘တက္ကသိုလ်ဥပဒေ’ ပင် ဖြစ်သည်။

ဤအတွက် ၁၉၃၆ ခုနှစ်၊ ဒုတိယကျောင်းသားသပိတ် တိုက်ပွဲသည်က ‘ရန်ကုန် တက္ကသိုလ် ဥပဒေ’ ပြင်ဆင်ရေး၊ ‘ကိုလိုနီ ပညာရေးစနစ်’ ဖျက်သိမ်းရေးပင် ဖြစ်သည်ဟု ဆိုရမည်။

(၂)

ကျောင်းသားသပိတ် ၂ ခုကြောင့် ‘တက္ကသိုလ်ဥပဒေ’ ကြီးသည် နဲ့လာ၏။ အာဏာပိုင်များသည် ‘ဆာမြဘူး’ အား ခေါင်းဆောင်တင်ပြီး ‘တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီ’ အား ဖွဲ့ပေး၍ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေးအား ခြေလှမ်းစရန် လုပ်ဆောင်လာခဲ့ရ၏။ ခြေလှမ်းက ရှေ့သို့ ရောက်အောင် လှမ်းသည့် ခြေလှမ်းမဟုတ်။

ဆာမြဘူးကော်မတီမှ ‘တက္ကသိုလ်ဥပဒေ’ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အစီရင်ခံစာ တစောင်အား ထုတ်ပြန်၏။ အစီရင်ခံစာက ကျေနပ်နှစ်သက် လက်ခံဖွယ်ရာ မရှိ။ ဆာမြဘူး အစီရင်ခံစာက ပြင်ဆင်စရာ များစွာနှင့်။

၁၉၃၇ ခုနှစ်၊ မေ ၉ ရက်နှင့် ၁ဝ ရက်နေ့များတွင် ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ကွန့်ဖရင့်အား မန္တလေးမြို့တွင် ကျင်းပ၏။ ကျောင်းသားများ ကွန်ဖရင့်ကြီးက ‘တက္ကသိုလ်ဥပဒေ’ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ‘တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီ’ ဖွဲ့စည်းရေးအတွက် ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့သို့ တာဝန် ပေးအပ်၏။

တက္ကသိုလ်အက်ဥပေဒ ပြင်ဆင်ရေး ကော်မတီအား ဝတ်လုံ ဦးကျော်မြင့်၊ မစ္စတာ အမ်အေရာရှစ်၊ ဦးသိန်းမောင်၊ သခင်တင်မောင်၊ နယူးဘားမား သတင်းစာ အယ်ဒီတာနှင့် ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုအောင်ဆန်းတို့နှင့် ဖွဲ့စည်း၏။ ကိုအောင်ဆန်းက တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် ဆော်သြသူလည်း ဖြစ်သည်။

ဆာမြဘူး၏ ကော်မတီအစီရင်ခံစာနှင့် ပတ်သက်၍ ‘တက္ကသိုလ်ကောင်စီ’ ၏ သဘောထား အမြင်များ ပေးပါရန် ‘တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီ’ မှ တောင်းခံ၏။ ဘုရင်ခံ အစိုးရကလည်း ဆာမြဘူး အစီရင်ခံစာနှင့် ပတ်သက်၍ အကြံဥာဏ်များ ပေးပါရန် လူထုထံ၌ တောင်းခံ၏။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီမှ ဆာမြဘူး၏ အစီရင်ခံစာနှင့် ပတ်သက်၍ အပိုဒ်ပေါင်း ၅ဝ ပါဝင်သည့် ဝေဖန်ချက် စာတမ်း တစောင်အား တိုင်းပြည်သို့ ထုတ်ပြန် ကြေညာလိုက်၏။

“ကျွန်ုပ်တို့သည် မြဘူးကော်မတီအစီရင်ခံစာနှင့် ပတ်သက်၍ အရေးကြီးအရာပါသော အချက် များစွာတို့တွင် ၎င်းကော်မတီနှင့် သဘော မကိုက်ညီသည်ကို တွေ့ရှိရ၏။

ဆင်းရဲသော ကျောင်းသားများအား တက္ကသိုလ်ပညာရရန် အတွက် တခုတည်းသော နည်းလမ်းဟု ကျွန်ုပ်တို့ အထူး ယုံကြည်သော အရာကား နောက်ဆုံး တက္ကသိုလ် စာမေးပွဲ အောင်ပြီး၍ ကောလိပ် များတွင် နေသော စာသင်ကျောင်းသားများ သင်ကြားအပ်သော အချိန်စေ့ပြီးသော အခါမျိုး၌ အခြား အလွတ် ကျောင်းသားများကို ရိုးရိုး တက္ကသိုလ် စာမေးပွဲ အားလုံးကို ဝင်ရောက် ဖြေနိုင်ရန် ခွင့်ပြုခြင်းပင် ဖြစ်ပါကြောင်း။ ထိုကြောင့် …

၁။ တက္ကသိုလ်သို့ဝင်ခွင့်ရသော ကျောင်းသားတိုင်း ဥပစာတန်း စာမေးပွဲကို အလွတ် ဝင်ခွင့်ရ၍၊ တဖန် ဒီဂရီ စာမေးပွဲ ကန့်သတ်သော အချိန်ပြီးနောက် ဝင်ခွင့်ရရန်။

၂။ အစိုးရဆေးကျောင်းမှ၎င်း၊ အစိုးရစက်မှုလက်မှု ပညာသင်ကျောင်းမှ၎င်း၊ ဘီအိုစီ ကောလိပ်မှ၎င်း လိုင်စင် လက်မှတ်ရသော ဥပစာတန်းလည်း အောင်သောသူတိုင်း ၃ နှစ်မျှ ဆရာဝန် သို့မဟုတ် စက်ဆရာ အင်ဂျင်နီယာ အဖြစ် ပြုလုပ်ပြီးနောက် အမ်ဘီဘီအက်စ် စာမေးပွဲကို၎င်း၊ အင်ဂျင်နီယာ ဘီအက်စ်စီ စာမေးပွဲကို၎င်း၊ ဝင်ခွင့်ပေးရန်။

မြဘူးကော်မတီ အစီရင်ခံစာနှင့်ပတ်သက်၍ တက္ကသိုလ်ကျောင်းသားများသည် အထူး မကျေနပ် ဖြစ်နေကြ၏။ အကယ်၍ ကျွန်ုပ်တို့၏ ထင်မြင်ချက်များကို အထူးသဖြင့် တက္ကသိုလ် ကောင်စီတွင် အပြင်အပမှ တက္ကသိုလ် အရာရှိနှင့် အစိုးရအရာရှိ မဟုတ်သောသူ အများအပြား ပါဝင်ရန် အရေးနှင့် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများ ဆက်သွယ်ရေး ၂ ရပ်နှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ ထင်မြင်ချက်များကို တက္ကသိုလ် အက်ဥပဒေ အသစ်တွင် ထည့်သွင်းပါက တိုင်းပြည်နှင့် တကွ ကျောင်းသားများအား လက်ခံဖွယ်ရာ ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့ ယူဆပါကြောင်း။ ကောလိပ် အုပ်ချုပ်ရေးအဖွဲ့ တို့ကို တက္ကသိုလ်က ဖွဲ့စည်း၍ အောက်ပါ ယေဘုယျ ဇယားအတိုင်း ဖွဲ့စည်းသင့်ကြောင်း။

- အစိုးရအရာရှိမဟုတ် ကောလိပ်ကျောင်းဆရာလည်း မဟုတ်သော တက္ကသိုလ်ကောင်စီ တင်မြှောက်သည့် လူကြီး ၇ ယောက်။
- ဆီနိတ် (ပညာသင်ကြားရေးအဖွဲ့) မှ ၁ ယောက်
- ကျောင်းသားများက တင်မြှောက်သောလူကြီး ၁ ယောက်
- ကျောင်းဆရာများမှ ၁ ယောက်
- ကျောင်းအုပ်နှင့် (ဆရာဖြစ်သင် ကောလိပ်အတွက်သာ) ဒုတိယ အဓိပတိနှင့်ပညာမင်းကြီး
- အင်ဂျင်နီယာ ပါမောက္ခ (ယူနီဘာစီတီ ကောလိပ်အတွက်သာ)
- မြန်မာပြည်ဆေးမင်းကြီး (ဆေးကောလိပ်အတွက်သာ)
- အမေရိကန် သာသနာပြုအသင်းမှ ၃ ယောက် (ယုဒသန်ကောလိပ်အတွက်သာ)
- ကျောင်းသားများက တင်မြှောက်အပ်သော လူကြီးများ ကျောင်းသားမှလွဲ၍ ရီဂျစ်စတာ မှတ်ပုံစာရင်းသွင်းပြီး တက္ကသိုလ် ဘွဲ့ထူး ရသူများ သာမက အခြားလူကြီးများ ထဲမှလည်း ဖြစ်သင့်ကြောင်း။

နိဂုံးမချုပ်မီ ကျွန်ုပ်တို့ အထူးတိုက်တွန်းလိုသော အချက်ကား တက္ကသိုလ်သည် မြန်မာစာဖြင့် ဘာသာ ရပ်များကို သင်ကြားရန်အတွက် စည်းမျဉ်း ကျကျနန ချထားသင့်သည်ဟု ထင်ပါကြောင်း၊ ဤနေရာတွင် တက္ကသိုလ်သည် အစိုးရနှင့် ပူးပေါင်း၍ လုပ်ကိုင်ရမည် ဖြစ်ကြောင်း ယခုကစ၍ ထိုအရေးအတွက် စခန်း စ,သင့်ပြီ ဖြစ်ကြောင်း”

နောက်ဆုံးတွင် ဘုရင်ခံအစိုးရသည် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသားများနှင့် ညှိနှိုင်း လာခဲ့ရ၏။ ပြင်ဆင်ချက်ဥပဒေ မူကြမ်းတရပ်အား ကျောင်းသားများနှင့် တိုင်ပင်ကာ ရေးဆွဲ လာခဲ့ရ၏။

၁၉၃၈ ခုနှစ်၊ သြဂုတ်လတွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ချက် ဥပဒေ မူကြမ်းအား အပြီးသတ် တင်သွင်း ပေးပါမည်ဟူ၍၊ ဘုရင်ခံ အစိုးရသည် ကျောင်းသားတို့အား ကတိ ပေးလာခဲ့ရ၏။

(၃)

၁၉၃၈ ခုနှစ် ပုသိမ်မြို့တွင် ကျင်းပသည့် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ဆန်းက ကျောင်းသားထုအား မိန့်ခွန်းစကား ပြော၏၊ ကတိစကားဆို၏။ တာဝန်ခံသည့် အပြော၊ တာဝန်ယူသည့် စကား။

နေမဝင်အင်ပါယာကြီးအား ငဝန်မြစ်နဘေးမှ ကြိမ်းဝါးလိုက်သည့်အသံ၊ ရာဇမာန်ပါ၏။ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်း၏ ချဲ့လင်းစကား။

“တက္ကသိုလ်ဥပဒေသော်လည်း ပြင်ဆင်ပြီးဖြစ်ရမည်။ အောင်ဆန်းသော်လည်း၊ ပြုတ်ရမည်”


ကိုးကား
- ဒေါက်တာသန်းထွန်း၏ ‘ မြန်မာလူငယ့်အသံ’
- ကိုအောင်ထွန်း၏ ‘မြန်မာ့ကျောင်းသား လှုပ်ရှားမှုသမိုင်း’
- နှစ် (၅ဝ) ရန်ကုန်တက္ကသိုလ်ရွှေရတုမဂ္ဂဇင်း
- ဒဂုန်တာရာ၏ ‘ဖျတ်ကနဲတွေ့ရသော ရုပ်ပုံလွှာ’


Ref: မဇ္ဈိမ

Read More...

စစ်အစိုးရရဲ့ လူမဆန်တဲ့ ပြစ်မှု အရေးယူနိုင်ရေး ဆွေးနွေး

မခင်ဖြူထွေး
ဗုဒ္ဓဟူး, 14 ဇူလိုင် 2010

လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်ပြစ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာ စစ်အစိုးရကို အရေး ယူနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေး ပြောဆိုကြတဲ့ ဆွေးနွေးပွဲ တရပ်ကို မနေ့က နယူးယောက်မြို့မှာ နိုင်ငံတကာ ရှေ့နေများ အစည်းအရုံးနဲ့ Open Society Institute အဖွဲ့တို့ ပူးပေါင်းပြီးတော့ ပြုလုပ် ခဲ့ကြပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြ ပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ အရပ်သား ပြည်သူတွေ အပေါ်မှာ တရားမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊ နေရပ်ဒေသ တွေကနေ အဓမ္မ ရွှေ့ပြောင်း ခိုင်းတာ၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ အတွက် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အဆို ပြုခဲ့သလိုမျိုး ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီး မြန်မာနိုင်ငံတွင်း စုံစမ်း စစ်ဆေးမှုတွေ လုပ်ပြီး မြန်မာ စစ်အစိုးရကို အရေးယူနိုင်ဖို့ အတွက် ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ ကုလသမဂ္ဂ ရေးရာရုံး တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပြပါတယ်။

“လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ သံတမန်ရေးအရ အကာအကွယ်ပေးမှု ဆိုတာက အတိုင်းအတာ ရှိတယ်။ နိုင်ငံတကာက တခြား အဖွဲ့ဝင် နိုင်ငံတွေက မြန်မာပြည်ကိစ္စကို ပိုပြီးတော့ တင်လာကြမယ်၊ ထပ်ခါတလဲလဲ လမ်းကြောင်း ပေါင်းစုံက၊ ဥပမာ အခုဆိုရင် လုံခြုံရေး ကောင်စီက စဉ်းစားနေတဲ့ အာဂျင်ဒါတွေ ရှိတယ်၊ ကလေးစစ်သားနဲ့ ပတ်သက်လို့၊ လက်နက်ကိုင် ပဋိပက္ခမှာ ကြားညပ်နေတဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာတွေ ရှိတယ်။

“အဲဒီလို ဘက်ပေါင်းစုံကနေ ဆွေးနွေးမှုတွေ များလာတဲ့အခါမှာ သူတို့အနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာ အကျခံပြီး ဆက်ပြီး အကာအကွယ် ပေးမလား၊ မပေးဘူးလားဆိုတဲ့ အဲဒီလို ဆုံးဖြတ်ရမယ့် အနေအထားတခု အထိ ရောက်လာအောင် ကျနော်တို့က နိုင်ငံတကာမှာ အခုလိုမျိုး Issue တွေပေါ့၊ အမျိုးသမီးနဲ့ ပတ်သက်တဲ့ Issue ပဲဖြစ်ဖြစ်၊ ကလေးစစ်သားနဲ့ ပတ်သက်တဲ့ Issue ပဲဖြစ်ဖြစ် နိုင်ငံတကာက ဥပဒေ ပညာရှင်တွေနဲ့ အပြန်အလှန် ဆွေးနွေးပွဲတွေနဲ့ သူတို့ရဲ့ အာဘော်တွေ ပါတဲ့ ရေးသားချက်တွေပဲ ဖြစ်ဖြစ်၊ နောက် အရင်တုန်းက မြန်မာပြည်ကိစ္စကို လုပ်ခဲ့တဲ့ Special Reporter တွေ ကိုယ်တိုင်က လူသိရှင်ကြား ပြောဆို ထောက်ခံလာတဲ့ အနေအထား တွေကို ဖြစ်ဖြစ်၊ အဲဒါတွေ များလားရင် ဒီနိုင်ငံတွေအတွက် သူတို့ စဉ်းစားရမယ့် အနေအထားတခု ဖြစ်လာအောင်ပေါ့၊ ဒါတွေကတော့ ကျနော်တို့ တဆင့်ပြီးတဆင့် လုပ်သွားရမယ်။ နိုင်ငံတကာက လေးစားတဲ့ တရားသူကြီးတွေ ပါတဲ့ဟာမျိုးတွေ လုပ်သွားရမယ် ဆိုတဲ့ သဘောပါ။”

လုံခြုံရေးကောင်စီမှာ မြန်မာစစ်အစိုးရဘက်က အမြဲတမ်း အကာအကွယ် ပေးနေတဲ့ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေက ဗီတို အာဏာသုံး ပယ်ချနိုင်တဲ့ အခြေအနေ ရှိတာကြောင့် ဒီအပေါ်မှာ ဘယ်လို ချဉ်းကပ် ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“လုံခြုံရေးကောင်စီလို့ ပြောတဲ့အခါမှာ တရုတ်ရှိတယ်၊ ရုရှားရှိတယ်၊ အဲဒီဟာတွေကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ အပိုင်းပေါ့။ အဲဒီ အပိုင်းကျတော့ တရုတ်ရဲ့ ပေါ်လစီ၊ နောက် အာဆီယံရဲ့ အနေအထားတွေက အခုလိုမျိုး အာဆီယံမှာလည်း ASEAN Human Rights Mechanism တွေ ဖြစ်လာတဲ့ အခါကြတော့ အာဆီယံ အနေနဲ့လည်း လုံးဝ ဒါတွေ မျက်ကွယ်ပြုလို့ မရတဲ့ အနေအထားတွေ ဖြစ်လာမယ်။

“တရုတ်ကိစ္စမှာလည်း ဆူဒန် ဒါဖော ကိစ္စတွေမှာ ပထမပိုင်းမှာတော့ ဆူဒန် အာဏာရှင် အစိုးရကို သူတို့ တောက်လျှောက် အကာအကွယ် ပေးနေပေမဲ့ အခြေအနေတွေက ဆိုးလာပြီး သူတို့ရဲ့ နိုင်ငံတကာမှာရှိတဲ့ ဂုဏ်သိက္ခာကို ထိပါးမယ့် အနေအထားမျိုး ရောက်လာတဲ့ အခါမှာ သူတို့အနေနဲ့ မသိကျိုးကျွံပြု လက်ရှောင်လိုက်ပြီး ကော်မရှင် ဖြစ်သွားတာပေါ့။ အဲတော့ ကော်မရှင်ဖြစ်တဲ့ ကိစ္စဟာ ကျနော်တို့ အများကြီး လုပ်ဖို့တော့ လိုတယ်။ ဒါပေမဲ့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ဆိုတဲ့ အပိုင်းပေါ့။”

မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာရုံး တာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ဒေါက်တာသောင်းထွန်း အပြင် နိုင်ငံတကာ တရားရေးလောကမှာ နာမည်ကြီးတဲ့ ရှေ့နေ ပက်ထရစ်ရှာ ဝေါလ်ဒ် (Patricia Wald)၊ ဟားဗာ့ဒ်တက္ကသိုလ် ဥပဒေကျောင်း လူ့အခွင့်အရေးဌာန ဒါရိုက်တာ တိုင်လာ ဂီယန်နီနီ (Tyler Giannini)၊ အင်ဒီယားနား တက္ကသိုလ်က ဥပဒေရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် ၀ီလီယမ်စ် (David Williams) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ပရစ်စီလာ ကလပ်ပ် (Priscilla Clapp) တို့က ဦးဆောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

ကြံ့ဖွံ့ပါတီသို့ အတင်းအဓမ္မ၀င်ခိုင်း

မျိုးချစ်သူ
၁၄ ဇူလိုင် ၂၀၁၀

အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်းကို ကြံ့ဖွံ့ပါတီ ၀င်ခိုင်းနေပြီး ပါတီဝင်ရန် တဦးလျှင် ၀င်ကြေး (၁,၀၀၀) ကျပ်ပါ ပေးသွင်းရကြောင်း ရန်ကုန်မြို့ သတင်း ရပ်ကွက်များမှ သိရသည်။

“ကျနော်တို့ တောင်ဥက္ကလာပ မြို့နယ်မှာတော့ တယောက်ကို (၁) ထောင်စီပေးရတယ်။ ပါတီ ၀င်ကြေးပေါ့။ ကျနော်က မ၀င်ချင်ဘူး၊ ဒါပေမယ့် ကျနော့်အဒေါ် ယောက်ျားက ကြံ့ခိုင်ရေးက မြို့နယ် စည်းရုံးရေးမှူး ဆိုတော့ အဖေကလည်း ၀င်ခိုင်းတာနဲ့ ၀င်ရတာ။ ကျနော် စိတ်မ၀င်စားဘူး” ဟု ဒဂုံတက္ကသိုလ်မှ ပထမနှစ် ကျောင်းသား တဦးက ပြောသည်။

ထိုသို့ ပါတီဝင်ကြေးငွေ ပေးသွင်းရသော်လည်း ပါတီဝင်ကတ်ကို နောက်လတွင်မှ ထုတ်ပေးမည်ဟု ပြောဆိုကြောင်း ၎င်းက ပြောသည်။

လူမှုရေးအသင်းအဖြစ် သိထားကြသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ယခု ပါတီအသွင် ပြောင်းလိုက်သည့် အတွက် ပြည်သူများက ကြံ့ဖွံ့ကို ယခုအခါ အသင်းလား၊ ပါတီလားဟူ၍ မကွဲပြားကြဘဲ အယုံအကြည် မရှိကြကြောင်း၊ သို့သော် ကြံ့ဖွံ့သည် လက်ရှိ အစိုးရ၏ အဖွဲ့ခွဲ တခု ဖြစ်သည်ကိုမူ အားလုံးက လက်ခံ ထားကြကြောင်း သိရသည်။

ရန်ကုန်မြို့ခံ ကုန်သည်တဦးက “ကျနော်တို့ကတော့ ကြံ့ဖွံ့ ဘာလုပ်လုပ် နအဖပဲလေ။ အဲဒါက ကျနော်မှ မဟုတ်ဘူး၊ လူတိုင်း သိတာပဲ။ ကြံ့ဖွံ့က ရွေးကောက်ပွဲမှာ ပါတီအနေနဲ့သာ ပါမယ်ပြောတာ၊ အခုထိလည်း ပါတီပါလို့ တရားဝင် မကြေညာဘူး။ နှစ်ပေါက်တပေါက် ရိုက်နေတာ” ဟု ပြောသည်။

ယခုတည်ထောင်လိုက်သည့် ကြံ့ဖွံ့ပါတီက ယခင်အသင်းသားများကိုပါ ပါတီဝင် အဖြစ် စည်းရုံးကာ အသင်းဝင်ကတ် အပြင် ပါတီဝင်ကတ် ပြောင်းပေးရန်လည်း စီစဉ်နေကြောင်း ရန်ကုန်တိုင်း ကြံ့ခိုင်ရေး အသင်းဝင် တဦးက ပြောသည်။

“ဒီလကုန်ရင်တော့ ပါတီကတ်တွေ ပေးတော့မယ်တဲ့၊ အခုတော့ ကျနော်တို့က အသင်းဝင်ကတ်ပဲ ရှိသေးတယ်။ ပါတီဝင်ကတ် ပြောင်းရမှာတဲ့ ပါတီဝင်ဖြစ်သွားလို့” ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင်ရှိသော မြို့နယ် (၄၅) မြို့နယ်လုံးတွင် ကြံ့ခိုင်ရေးက တပတ်လျှင် တကြိမ်စီ စည်းရုံးရေးဆင်းပြီး ပါတီဝင်များ ဖြစ်လာရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ကြံ့ခိုင်ရေးမှ အလုပ်အမှုဆောင် တဦးက ပြောသည်။

၎င်းက “စည်းရုံးရေးကတော့ အပတ်တိုင်းရှိတယ်။ မြို့နယ်တွေမှာကျတော့ ရပ်ကွက်လူကြီး တွေကိုပဲ ပါတီဝင်တွေ ရဖို့ကို မြို့တော်ဝန်က ပြောတယ်၊ ဖိအားပေးတယ် ဆိုပါတော့။ အဲဒီတော့ မြို့နယ်က ရယက၊ မယက စတာတွေလည်း အမုန်းခံပြီး စည်းရုံး ကြတာပေါ့။ တကယ်တော့ စေတနာနဲ့ အသင်းဝင်တာ ပါတီ ၀င်တာတွေကတော့ ကြံ့ခိုင်ရေး ဘ၀မှာ မရှိပါဘူး” ဟု ပြောသည်။

ကြံ့ခိုင်ရေးအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်ရှိ ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်များကို ဖြုတ်ချခဲ့သည်။ မကြာမီတွင် ပါတီ ရုံးခန်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ကိုဇာဂနာ၏ ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်

ခိုင်စု | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ၃၅ နှစ် ကျနေသည့် နာမည်ကျော် ဟာသပညာရှင် ဇာဂနာ ခေါ် ကိုသူရ၏ ဖခင် ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေသည် အသက် ၈၇ နှစ် အရွယ်တွင် ရန်ကုန်တိုင်း ရန်ကင်းမြို့ နေအိမ်၌ ယနေ့ ကွယ်လွန်သွားပြီ ဖြစ်သည်။

“လူကြီးရောဂါကြောင့် ဒီနေ့ ညနေ ၅ နာရီမှာ ဆုံးတာပါ။ မနေ့ကတည်းက နည်းနည်းဖျားနေတာ။ ဒီနေ့ ညနေမှာ အစာတခု စားပြီး အိပ်သွားတာ ပြန်မနိုး လာတော့ဘူး” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

“သူ့သား အထဲရောက်နေတုန်း ကွယ်လွန်တယ် ဆိုတော့ တော်တော် စိတ်မကောင်းဖြစ်တယ်။ သူက မြန်မာ့ ယဉ်ကျေးမှုတွေ အကြောင်း တော်တော်ကို ရေးခဲ့တဲ့လူပါ” ဟု သတင်းစာ ဆရာကြီး မောင်ဝံသက မဇ္ဈိမကို ပြောသည်။

ဆရာကြီး နန်းညွန့်ဆွေသည် ပဲခူးတိုင်း ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာကျေးရွာတွင် အဖ ဦးထက်၊ အမိ ဒေါ်ရွှေဆိုင်တို့က မွေးဖွားခဲ့သည်။

၁၉၄၈-၅၃ ခုနှစ်တွင် ပြန်ကြားရေးဌာန (ဗဟိုရုပ်ရှင်) နှင့် ၁၉၅၃ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီး ဌာနတွင် အမှုထမ်းခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် မင်္ဂလာဒုံ ဗဟိုနိုင်ငံရေး သိပ္ပံကျောင်း၌ နိုင်ငံရေး သင်တန်းနှင့် မှော်ဘီ စိုက်ပျိုးရေး ကျောင်း၌ စိုက်ပျိုးရေး ကေဒါ သင်တန်းတို့ တက်ရောက် ခဲ့သေးသည်။

၁၉၆၁ ခုနှစ်တွင် မေတ္တာ တေးသံကဗျာများ၊ ၁၉၇၈ ခုနှစ် စာဆိုမာန်ကဗျာများ ရေးသား ထုတ်ဝေခဲ့ကာ၊ ဂီတဝါသနာရှင် တဦးအဖြစ် ခေတ်ဟောင်း၊ ခေတ်သစ် ဂီတဆောင်းပါးများ၊ အတ္တုပ္ပတ္တိ စာအုပ်များလည်း ပြုစုခဲ့သည်။ နန်းညွန့်ဆွေ ကလောင်အမည် အပြင် သုခမိန် အမည်ဖြင့်ပါ ရေးသားခဲ့သူ ဖြစ်သည်။

၁၉၅၅ ခုနှစ်တွင် ဇနီးသခင်မ ဒေါ်လှကြည် ခေါ် စာရေးဆရာမ ကြည်ဦးနှင့် လက်ထပ်ခဲ့ပြီး ကိုဝဏ္ဏ (ကွယ်လွန်)၊ ကိုတေဇ နှင့် လူရွှင်တော် ကိုသူရ (ဇာဂနာ) တို့ကို မွေးဖွားခဲ့သည်။

ကိုဇာဂနာထံသို့ ဖခင်ကွယ်လွန်ကြောင်း အကြောင်းကြားရန် ကြိုးစားနေကြောင်း မငြိမ်းက ပြောသည်။

နိုင်ငံကျော် လူရွှင်တော် ဇာဂနာမှာ နာဂစ်မုန်တိုင်းသင့် ပြည်သူများကို ကူညီနေစဉ် အီလက်ထရောနစ် အက်ဥပဒေနှင့် နိုင်ငံတော် လုံခြုံရေးနှင့် ဗီဒီယို အက်ဥပဒေများဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရခြင်း ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်လှကြည် (ခေါ်) စာရေးဆရာမကြီး ယုဝတီကြည်ဦး သည်လည်း အသက် ၈၃ နှစ်အရွယ် ၂ဝဝ၉ ခုနှစ် မတ်လ ၂ဝ ရက်နေ့တွင် အသည်း ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဆရာကြီး နန်းညွန့်ဆွေ၏ ကျန်ရှိသော ရုပ်ကလာပ်ကို မနက်ဖြန် နံနက် ၁၁ နာရီတွင် ရေဝေး သုဿန်သို့ ပို့ဆောင် သဂြုင်္ီဟ်မည် ဖြစ်သည်။ ကွယ်လွန်ချိန်တွင် သား ၂ ဦးနှင့် မြေး ၂ ဦး ကျန်ရစ်ခဲ့သည်။


Ref: မဇ္ဈိမ

Read More...

သင်္ဘောမီးလောင် ဒဏ်ရာရသူကို စင်္ကာပူဆေးရုံပြောင်း

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ တောင်တရုတ်ပင်လယ်အတွင်း သင်္ဘောမီးလောင်၍ ဒဏ်ရာ ရသဖြင့် မလေးရှား ဆေးရုံတွင် ကုသမှု ခံယူနေရသော မြန်မာနိုင်ငံသား သင်္ဘောသား တဦးမှာ စင်္ကာပူဆေးရုံသို့ ယမန်နေ့က အရေးပေါ် ပြောင်းရွှေ့ ကုသမှု ခံယူရသည်။

ဗီယက်နမ်နိုင်ငံမှ မလေးရှားနိုင်ငံ ပါဟမ်း Pahang ပြည်နယ်ရှိ ကွန်တန် Kuantan ဆိပ်ကမ်းသို့ ခုတ်မောင်း လာသည့် ပနားမား မှတ်ပုံတင် တန်ချိန် ၈ ထောင်ရှိ Eastern Honesty သင်္ဘောတွင် မီးလောင်မှု ဖြစ်ပွားသဖြင့် ကိုထွန်းထွန်းဝင်း (အသက် ၃၉ နှစ်) နှင့် ကိုဝဏ္ဏထွန်း ( အသက် ၃ဝ နှစ် )တို့ ဒဏ်ရာ ပြင်းထန်စွာရပြီး ကိုဝေဖြိုးစံ (အသက် ၂၂ နှစ် )မှာ ပျောက်ဆုံးလျှက် ရှိသည်။

မလေးရှားရှိ Tengku Ampuan Afzan ဆေးရုံတွင် တရက်ခန့် အကြာ ဆေးကုသမှု ခံယူနေစဉ် ကိုထွန်းထွန်းဝင်းမှာ အခြေအနေ ဆိုးရွား လာသဖြင့် စင်္ကာပူ ပြည်သူ့ ဆေးရုံကြီးသို့ အင်္ဂါနေ့ညနေက ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

“မလေးဆေးရုံက မီးဒဏ်နဲ့ ပတ်သက်ရင် လိုအပ်နေတယ်။ အခြေအနေက ဆိုးရွားနေလို့ပါ။ နောက်တယောက် ကိုလည်း အခြေအနေ စောင့်ကြည့် နေတယ်။ ဆိုးလာရင်တော့ သူလည်း ဒီဘက်ကို ပြောင်းဖို့ အစီအစဉ် ရှိတယ်” ဟု မီးလောင် ခံခဲ့ရသည့် သင်္ဘောကို ပိုင်ဆိုင်သည့် စင်္ကာပူနိုင်ငံရှိ Unix Line Pte Ltd မှ ညွှန်ကြားရေးမှူး ကပ္ပတိန် Amit Jain က မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရသူ ၂ ဦးမှာ လက်၊ ခြေထောက်နှင့် ကိုယ်လုံး တဝက်ခန့် မီးဒဏ်ရာရခဲ့ကြောင်း ကွန်တန်မြို့ရှိ Tengku Ampuan Afzan ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမ Aadah Yaakob က မဇ္ဈိမကို ပြောသည်။

ပျောက်ဆုံးနေသူအတွက်လည်း မလေးရှားရေတပ်က လိုက်လံ ရှာဖွေဆဲ ဖြစ်သည်။

“ဒီနေ့ထိ ရှာဖွေပေမယ့် မတွေ့သေးဘူး။ ဒီနေ့ကို ရှာဖွေရေး ရပ်နားနိုင်တယ်။ ရပ်နားရင်လည်း ပျောက်နေတဲ့ သင်္ဘောသားအတွက် ဘာတွေ လုပ်ပေးမလဲ ဆိုတာ မလေးရှား အရာရှိတွေနဲ့ ဆွေးနွေးမယ်။ သူ့အတွက် လိုအပ်တာကို စီစဉ်ပေးမယ်။ ကျနော်တို့က လိုအပ်တာကို အကုန်တာဝန်ယူမယ်။ ပျောက်ဆုံးသူရဲ့ မိသားစုကို ဖြေသိမ့်တဲ့ အနေနဲ့ ငွေကြေး ထောက်ပံရေး လုပ်မယ်” ဟု ကပ္ဗတိန် Amit Jain က မဇ္ဈိမကို ပြောသည်။

Eastern Honesty သင်္ဘောတွင် မြန်မာသင်္ဘောသား ၂၂ ဦး လုပ်ကိုင်လျှက်ရှိပြီး မလေးရှား၊ စင်္ကာပူ၊ အင်းဒိုနီးရှား၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ စသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ပြေးဆွဲနေသည့် သင်္ဘောဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

အပေါ်သို့