သန်းထိုက်ဦး
Monday, June 28, 2010
ကရင်အမျိုးသား အချင်းချင်း တိုက်ခိုက်၊ သတ်ဖြတ် မှုများကို မပြုလုပ် တော့ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ အမှတ် (၉၉၉) တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူက ကရင်ပြည်သူများကို ပြောကြား လိုက်သည်။
ကရင် ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကို ကျေးရွာတွင် တိုက်ပွဲ များကြောင့် သေဆုံး ခဲ့သော DKBA ခေါင်းဆောင် များနှင့် တပ်သား များအား အောက်မေ့ ဂုဏ်ပြုသော အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ကျင်းပရာ ဗိုလ်မှူးကြီး စောချစ်သူက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း ယင်း အခမ်းအနားသို့ သွားတက်ခဲ့သူ ဦးမန်းက ဧရာဝတီသို့ ပြောသည်။
“ကရင် အမျိုးသား အချင်းချင်း တိုက်ခိုက် ပြီးတော့ ကျဆုံးရတာကို မြင်ရတာ သူစိတ် မကောင်း ဘူးတဲ့။ သူ့အနေနဲ့ ဆက်လက် ပြီးတော့ အဲဒီလို အချင်းချင်း သတ်ဖြတ်မှု၊ အချင်းချင်း တိုက်ခိုက်မှု တွေကို မလုပ်တော့ ပါဘူးလို့တော့ ပြောသွားတယ်” ဟု ဦးမန်းက ဆိုသည်။
ဗိုလ်မှူးကြီး စောချစ်သူ၏ ပြောကြားချက်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက ကြိုဆိုလိုက်သည်။
“ပြည်သူတွေကို တိုင်တည်ပြီးတော့ ပြောတဲ့အခါကျတော့ ပြည်သူတွေက အားလုံး စောင့်ကြည့်နေမှာပဲ။ ကျနော်တို့ကတော့ ဒီလိုမျိုးပြောတာ ကောင်းသော ပြောခြင်းပဲ၊ ဒါဟာ ကောင်းတဲ့ ဆန္ဒသဘောထား တွေပဲ၊ ကျနော်တို့ ကြိုဆိုပါတယ်။ တကယ်တမ်း အကောင်အထည် ဖော်နိုင်အောင် ကြိုးစား သွားကြဖို့ပဲ လိုတယ်” ဟု ဖဒို စောလှငွေက ဆိုသည်။
ယင်း အခမ်းအနားသို့ DKBA တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျေးရွာ ဥက္ကဋ္ဌများ အပါအ၀င် လူဦးရေ တသောင်းကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုရှိ အမှတ် (၉၉၉) တပ်ရင်း အခြေစိုက် စစ်ဗျူဟာ အထူးတပ်ရင်း (၁၀၁) ၏ နယ်မြေတခု၌ ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက်ပိုင်း သေဆုံးခဲ့သော ခေါင်းဆောင်များနှင့် တပ်သားများကို ဂုဏ်ပြုသည့် အခမ်းအနား ကျင်းပပေးခြင်း ဖြစ်သည်။ ယင်း နယ်မြေ တွင် အုတ်ဂူပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။
ယင်းသို့ ခွဲထွက်ပြီးနောက် DKBA သည် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်လာသည်။
စစ်အစိုးရက တောင်းဆိုသော နယ်ခြားစောင့် တပ်ဖွဲ့ရေး ကိစ္စကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန် လိုသူများ လည်းရှိကြောင်း သိရသည်။
DKBA အပေါ် သြဇာညောင်းသည့် ဆရာတော် ဦးသုဇနသည်လည်း နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံဟု DKBA အဖွဲ့ဝင် တချို့က ဆိုသည်။
သို့သော် DKBA ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဋ္ဌ ဦးသာထူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများနှင့် ရောယှက် ဖွဲ့စည်းရမည်ကို လက်မခံနိုင်ကြောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များမှ သိရသည်။
Ref: ခေတ်ပြိုင်
Tuesday, June 29, 2010
ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော
တာဝေးပစ် အမြောက်များ တရုပ်ထံမှ မြန်မာစစ်တပ် ထပ်ဝယ်
Monday, 28 June 2010
မြန်မာစစ်တပ်အတွက် တာဝေးပစ်ခတ်နိုင်သော ၁၅၅ မီလီမီတာ အမြောက်ကြီးများကို တရုတ်နိုင်ငံမှ မေလ တတိယပတ် အတွင်း ၀ယ်ယူခဲ့ကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည်။
တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်၏ ဂျွန်လ ၂ ရက်နေ့ မြန်မာပြည်ခရီးစဉ် မတိုင်မီ မြန်မာစစ်တပ်မှ လက်နက်ရေးရာ ကျွမ်းကျင်သည့် အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ကာ အကြီးစား တရုတ် လက်နက်ကုမ္ပဏီ တစ်ခုဖြစ်သည့် China North Industries Corporation ခေါ် (Norinco ) ကုမ္ပဏီထံမှ ၎င်းလက်နက်များ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာစစ်တပ်သို့ လက်နက်ရောင်းချခဲ့သည့် တရုတ် Norinco ကုမ္ပဏီသည် တရုတ်ဝန်ကြီးချုပ်နှင့်အတူ မြန်မာပြည်သို့ သွားရောက်ပြီး မုံရွာကြေးနီ သတ္တုတွင်း စီမံကိန်း ဆောင်ရွက်ရေးကိစ္စ မြန်မာ အာဏာပိုင်များနှင့် စာချုပ် ချုပ်ခဲ့ကြောင်း သိရသည်။
ယခု ၀ယ်ယူသည့် အမြောက်ကြီးများအား မြန်မာစစ်တပ် အမြောက် တပ်မများတွင် အသုံးပြု တပ်ဆင်သွားမည် ဖြစ်၏။ မြန်မာ စစ်တပ်တွင် အိန္ဒိယနိုင်ငံလုပ် ၁၀၅ မမ အမြောက်များလည်း ၀ယ်ယူ တပ်ဆင်ထားကြောင်းလည်း သိရသည်။
မြန်မာစစ်တပ်က အမြောက်ကြီး စခန်းဋ္ဌာနချုပ်များ အပါအ၀င် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များ ကို ၂၀၀၂ မှ စတင် တိုးချဲ့ ဖွင့်လှစ်ခဲ့ရာ လိုအပ်သည့် လက်နက်ခဲယမ်းများ ဖြည့်တင်းရန် နိုင်ငံခြား တိုင်းပြည်များမှ ၀ယ်ယူနေခြင်း ဖြစ်သည်။
၎င်းအပြင် ယခုနှစ်အတွင်း တရုတ်လုပ် K8 အမျိုးအစား လေ့ကျင့်ရေး တိုက်လေယာဉ်များ ၀ယ်ယူခဲ့ပြီး လွန်ခဲ့သည့်နှစ်က အမေရိကန် ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိသည့် ရုရှားနိုင်ငံမှ MIG-29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ၀ယ်ယူ ခဲ့သေးသည်။
မြန်မာနိုင်ငံတွင် ၀င်ငွေ အများစုသည် ရေနံနှင့်သဘာဝ ဓါတ်ငွေတူးဖေါ်ခြင်းမှ ရရှိနေပြီး အဆိုပါဝင်ငွေ၏ ၆၀ ရာခိုင်နှုန်း ခန့်ကို မြန်မာစစ်တပ် စစ်အသုံးစာရိတ် အတွက် အသုံးချနေကြောင်း နိုင်ငံတကာ လေ့လာရေးအဖွဲ့များက ခန့်မှန်း ကြသည်။
Ref: သျှမ်းသံတော်ဆင့်
စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်
ဆလိုင်း ဟံသာစန်း
တနင်္လာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၀
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာ ရာဇဝတ်မှု ကျူးလွန် နေသည်မှာ ထင်ရှားသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်သင့်ကြောင်း ဂျပန်နိုင်ငံရှိ ပြည်သူ့ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ်တွင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ပြည်သူ့ခုံရုံးတွင် ကိုယ်တိုင် ကျူးလွန်ခြင်း ခံခဲ့ရသူ ကာယကံရှင် မြန်မာနိုင်ငံသူ ၄ ဦး၏ ထွက်ဆိုချက်များ၊ နှစ်ဘက်ရှေ့နေ လျှောက်လဲချက်များ ကြားနာပြီးနောက် အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီးအဖွဲ့က ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“တရားသူကြီးတွေက ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့တယ်။ အဲဒီထဲမှာ စစ်အစိုးရက အမျိုးသမီးတွေနဲ့ ပြည်သူတွေ အပေါ် လူသား မဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ် ဆိုတာကို ကြားနာချက်တွေ နားထောင်ခြင်းအားဖြင့် တွေ့ရှိရတယ်။ ပြီးတော့ ICC ကို တင်သင့်တယ် ဆိုတာ ပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က မဇ္ဈိမကို ပြောသည်။
တရားသူကြီးများအဖြစ် ဂျပန်ဗဟို တရားသူကြီးချုပ်ဟောင်း Mr. Hamada ၊ ဂျပန်နိုင်ငံ Chiba တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Ms. Goto ၊ Aoyama တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Mr. Niikura ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ ရေးလိုလားသူ ရှေ့နေများ အဖွဲ့ အတွင်းရေးမှူး Ms. Shikida နှင့် ရှေ့နေ Mr. Kubori တို့က ဆောင်ရွက်ခဲ့ကြသည်။
ယမန်နေ့က ချမှတ်ခဲ့သော တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက် ၈ ချက်တွင် မြန်မာစစ်အစိုးရသည် လူသား မဆန်သော ရာဇဝတ်မှုများ ကျူးလွန် နေသည်မှာ ထင်ရှားကြောင်း၊ ကုလသမဂ္ဂ UN အနေဖြင့် ဤအမှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပါရှိသည်။
ထို့ပြင် UN အနေဖြင့် ခိုင်လုံသော အထောက်အထားများ ရရှိလာသည့် အခါ ICC သို့ လွှဲပြောင်း ပေးအပ်သင့်ကြောင်းနှင့် ဂျပန် အပါအဝင် နိုင်ငံတကာ အစိုးရများက မြန်မာပြည်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးကို ဝိုင်းဝန်း ဆောင်ရွက်သင့်ကြောင်း ပါရှိသည်။
ယမန်နေ့ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်ခဲ့သည့် ပြည်သူ့ခုံရုံး တရားခွင်တွင် မကြည်ကြည်ခင်၊ ဒေါ်ပုစိန်၊ နော် Sunset ကိုယ်စား WLB မှ ဒေါ်တင်တင်ညိုနှင့် WLB ကိုယ်စားလှယ် ဒေါ်မြရာဇာလင်းတို့က သက်သေ ထွက်ဆိုခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ ၅ ဦးနှင့် တရားခံ စစ်အစိုးရဘက်မှ ရှေ့နေ ၃ ဦး လိုက်ပါဆောင်ရွက်ခဲ့သည်။
ထိုရှေ့နေများအားလုံးသည် ဂျပန်လူမျိုးများဖြစ်ပြီး တရားရုံးအသွင် ပီပြင်စေရန် ပွဲစီစဉ်သူများက လုပ်ဆောင်ထားခြင်း ဖြစ်သည်။
“ကျမကို ဖမ်းပြီး စစ်ကြောရေးက အမှောင်တိုက်ထဲမှာ ထားတာတွေ၊ လုံးဝ မအိပ်ရဘဲ စစ်ကြောရေး လုပ်တာတွေ၊ နောက် ထောင်ထဲကို ရောက်တဲ့အခါမှာလည်း မြင်ခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထွက်ဆိုချက် ပေးခဲ့ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်း မကြည်ကြည်ခင်က ပြောသည်။
NLD ပါတီဝင်နှင့် ဗကသ အဖွဲ့ဝင်ဖြစ်သူ မကြည်ကြည်ခင်သည် ဇူလိုင် ၇ ရက် အထိမ်းအမှတ် လက်ကမ်းစာစောင် ထုတ်ဝေမှုဖြင့် ၁၉၉ဝ ခုနှစ်တွင် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ပုသိမ်မြို့ရှိ စစ်ထောက်လှမ်းရေး စခန်းအတွင်း တည်ရှိသည့် MI 4 စစ်ကြောရေး စခန်းတွင် ၂၈ ရက်ကြာ အမှောင်တိုက်အတွင်း အကျဉ်းချထားပြီး လူမဆန်သော နည်းလမ်းများဖြင့် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသူ ဖြစ်သည်။
ထို့နောက် သူမကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ရာ ၁၉၉၂ ခုနှစ် မေလတွင် ထောင်မှ လွတ်မြောက်ခဲ့သည်။
တရားခွင်တွင် စစ်အစိုးရဘက်မှ ရှေ့နေများကလည်း ပြန်လည်ချေပ လျှောက်လဲခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ BWU ဂျပန်ဌာနခွဲ ကိုယ်စားလှယ် ဒေါ်ချိုချိုအေးက ပြောသည်။
“တရားခံ နအဖဘက်က ရှေ့နေတွေက ဒီသက်သေခံ အထောက်အထားတွေက တကယ် ဟုတ်သလား။ အောက်ခြေ စစ်သားတွေက လုပ်တာကို သန်းရွှေမှာ အပြစ်ရှိတယ် ပြောနိုင်သလား စသဖြင့် ချေပ လျှောက်လဲကြတယ်” ဟု သူမက ပြောသည်။
ဂျပန်နိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ခုံရုံးကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ဂျပန် အခြေစိုက် လူ့အခွင့်အရေး ချက်ချင်းပေး (Human Rights Now) အဖွဲ့တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ဂျပန်နှင့် မြန်မာ ပရိသတ် ၃ဝဝ ကျော် တက်ရောက် နားထောင်ခဲ့ကြသည်။
ယခုကဲ့သို့ အလားတူ ခုံရုံးမျိုးကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် WLB နှင့် နိုဗယ်ဆုရှင် အမျိုးသမီးများ အဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင် ခဲ့ကြသေးသည်။ ယင်းခုံရုံးတွင် မြန်မာအမျိုးသမီး ၁၂ ဦးတို့က စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို ဖော်ထုတ် အစစ်ခံခဲ့ကြသည်။
“ကျမတို့က နအဖကို ICC တင်နိုင်တဲ့အထိ နိုင်ငံတကာ မိသားစုကို စည်းရုံးလှုံ့ဆော်တာတွေ ဆက်လုပ်သွားမှာပဲ။ အဲလိုလုပ်မှ သာလျှင် နအဖ စစ်ခေါင်းဆောင်တွေ အနေနဲ့ ငါတို့တော့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို ဆက်လုပ်နေရင် အနာဂတ်မှာ တရားစွဲဆိုတာတွေ ခံရနိုင်တယ်ဆိုတဲ့ အသိနဲ့ နောက်ဆုတ်တာတွေ၊ ရပ်တန့်တာတွေ ဖြစ်လာမှာလေ” ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။
၁၉၉၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သည် ပြည်နယ်ပါတီများ၊ နိုင်ငံတကာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တဦးချင်းစီတို့၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်နေသည့် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ဥပဒေ အဖွဲ့အစည်းတဖွဲ့ဖြစ်ပြီး နယ်သာလန် နိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။
လက်စွဲဥပဒေအဖြစ် ကမ္ဘာ့နိုင်ငံများမှ သဘောတူညီထားသော ရောမဥပဒေကို ကျင့်သုံးပြီး ကမ္ဘာတဝှန်းရှိ လူမျိုးတုံး သတ်ဖြတ်မှုများ၊ ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆို အပြစ်ပေးလေ့ရှိသည်။
ခုံရုံး၏ ရလဒ်များကို ယနေ့တွင် ပွဲစီစဉ်သူများက ဂျပန်အစိုးရထံ အပ်နှံသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပပါက ထိုရလဒ်ကို အသိအမှတ် မပြုရန် တိုက်တွန်းသွားမည် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနားက UN တွင် တင်ပြထားသည့် စစ်အစိုးရ၏ လူသားချင်း စာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလ စုံစမ်းရေး ကော်မရှင်တရပ်က စုံစမ်းစစ်ဆေးရေး အဆိုကို ထောက်ခံပေးရန် တိုက်တွန်း ပြောဆို သွားမည်ဟုလည်း သိရသည်။
Ref: မဇ္ဈိမ
ရန်ကုန်တွင် ၂၄ နာရီ လျှပ်စစ်မီး ပေးတော့မည်
ညိမ်းသူ
တနင်္လာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၀
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တွင် လာမည့်လဆန်းမှ စတင်၍ လျှပ်စစ်မီး ၂၄ နာရီပေးမည်ဟု မြို့တော် လျှပ်စစ်ပေးရေး အဖွဲ့ အကြီးတန်း အရာရှိတဦး အဆိုအရ သိရသည်။
ယင်းသို့ ၂၄ နာရီမီးပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားထားကာ ယင်းအတွက် ဇူလိုင်လကို သတ်မှတ်ကြောင်း သိရခြင်း ဖြစ်သည်။
’’ရွေးကောက်ပွဲကလည်း အားလုံး ကြားထားတဲ့အတိုင်းပဲ အောက်တိုဘာလို့ အကြမ်းအားဖြင့် သိထားပါတယ်။ ဒါက ပြောနေကြတာ အပြင်မှာလည်း ပြန့်နေပါပြီ။ အဲဒီအခါကျတော့ အစိုးရက ဖွဲ့ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မဲရရှိဖို့အတွက် ၂၄ နာရီ မီးပေးဖို့ ကိစ္စကို လုပ်တာလို့ ထင်မိတယ်’’ ဟု အကြီးတန်း အရာရှိက ပြောသည်။
လက်ရှိတွင် ရန်ကုန်ရှိ ၄၅ မြို့နယ်တွင် မီးပေးချိန်ကို ပြီးခဲ့သည့်ဇွန်လ ၁၂ ရက်နေ့က စတင်ကာ ပြောင်းလဲထားရာ ယခင်ထက် ၆ နာရီ တိုးပေးထားသည့် အတွက် စုစုပေါင်း တနေ့လျှင် ၁၂ နာရီ ရရှိနေကြသည်။ အချို့မြို့နယ်များတွင် ၁၂ နာရီထက်ပိုကာ ရရှိကြသည်။
စမ်းချောင်းမြို့နယ်တွင်မူ တနေ့လျှင် ၁၈ နာရီခန့် မီးရရှိကြောင်း ၎င်းမြို့နယ် လက်ဆောင်ကုန်း (မြောက်) ရပ်ကွက်သားတဦးက ပြောသည်။
ရန်ကုန်မြို့အတွက် လိုအပ်သော မဂ္ဂါဝပ်မှာ ၆၈ဝ ခန့်ရှိသည့်အနက် ယခုပေးနေသော မဂ္ဂါဝပ်မှာ ၄၅ဝ ခန့် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေး အဖွဲ့၏ စာရင်းများအရ သိရသည်။
လက်ရှိပေးဝေမှုမှာ ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တို့က ထုတ်လွှတ်သော ဓာတ်အားတို့ကို ၂ ခုပေါင်းကာ မဟာ ဓာတ်အားလိုင်းဖြင့် ပေးနေသည်ဟု ယင်းအကြီးတန်း အရာရှိက ပြောသည်။
လက်ရှိတွင် မြန်မာတနိုင်ငံလုံးအတွက် လျှပ်စစ်ထုတ်ဝေပေးနိုင်မှုမှာ ၆ဝဝ မဂ္ဂါဝပ်ကျော်သာ ရှိသေးသော်လည်း ရန်ကုန်အတွင်း လျှပ်စစ် ဓာတ်အားပေးမှုမှာ မဂ္ဂါဝပ် ၄၅ဝ ခန့် ရှိနေခြင်း ဖြစ်သည်။
လာမည့်လတွင် မြန်မာတနိုင်ငံလုံးအတွက် မဂ္ဂါဝပ် ၉ဝဝ ကျော် ထုတ်လုပ်နိုင်တော့မည်ဖြစ်သဖြင့် ရန်ကုန်ကို ၂၄ နာရီ မီးပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ကို ၂၄ နာရီ မီးပေးသည့်အချိန်တွင် ရန်ကုန်ရှိ စက်မှုဇုန်များကို တနေ့လျှင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ မီးပေး သွားမည်ဟုလည်း အမည်ဖော်လိုသူ အရာရှိကြီးက ပြောသည်။
ယခုလ ၁၆ ရက်နေ့မှ စတင်ကာ စက်မှုဇုန်များကို တနေ့လျှင် ၅ နာရီ မီးပေးလျက်ရှိကာ၊ ရန်ကုန်တွင် စက်မှုဇုန် ၁၉ ဇုန်ရှိပြီး ယင်းစက်မှုဇုန်များ လျှပ်စစ်မီး သုံးစွဲမှုမှာ မဂ္ဂါဝပ် ၉ဝ နီးပါးရှိသည်။
’’စက်မှုဇုန်တွေအားလုံး လည်ပတ်မှု မရှိဘူးလေ။ ရန်ကုန်မှာက အလုပ်ဖြစ်တယ်လို့ ပြောလို့ရတဲ့ စက်မှုဇုန်ကို ပြောပါ ဆိုရင်တော့ လှိုင်သာယာကိုပဲ ပြောရမှာ။ ကျန်တဲ့ ဇုန်တွေထဲမှာတော့ ရွှေပြည်သာ၊ သာဓုကန်၊ ဒဂုံအရှေ့ အဲဒါလောက်ပဲ နည်းနည်းပါးပါး လည်ကြတာ ရှိတယ်’’ ဟု စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ တာဝန်ရှိသူက ပြောသည်။
Ref: မဇ္ဈိမ
ထက်ထက်မိုးဦး ရုံးချိန်းမလာ
ကျော်ခ
တနင်္လာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ)။ ။ 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံနှင့် သရုပ်ဆောင် ထက်ထက်မိုးဦးတို့ အမှုရုံးချိန်း ယနေ့တွင် ၆ ကြိမ်မြောက် ရှိသွားသော်လည်း မင်းသမီးက တရားရုံးသို့ တကြိမ်မျှ မလာကြောင်း ယင်းဂျာနယ် အယ်ဒီတာ တဦးထံမှ သိရသည်။
အမှုအား ရန်ကင်းမြို့နယ် တရားရုံးက ယခင်လ ၂၄ ရက်နေ့က စတင် ကြားနာ စစ်ဆေးခဲ့ပြီး ယခုလ ၃ ရက်နေ့မှ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅ဝ၆ တို့ဖြင့် မအေးသူစံက စွဲဆိုခွင့်ရခဲ့ပြီး တလအတွင်း ရုံးခြိမ်း ၆ ကြိမ် ပြည့်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံကျော် ရုပ်ရှင် မင်းသမီးမှာ တရားရုံးသို့ တကြိမ်မျှ ရောက်မလာခဲ့ဟု ဆိုသည်။
“တရားရုံးက ဒီဘက်ကို စစ်တာ ၃ ကြိမ်မြောက် ကတည်းက ပြီးသွားပြီပေါ့နော်။ ဒါပေမယ့် ထက်ထက်မိုးဦးဘက် အပိုင်းကို ခုထက်ထိ ဘာမှကို မလုပ်နိုင်သေးဘူး။ တရားရုံးက ခုထိ သူဆီကို သမ္မာန်စာ ရောက်အောင် မပို့နိုင်သေး ဘူး” ဟု 7 Day News အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။
ယခင်လ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်ခဲ့သော ကုန်စည်ပြပွဲ တခုတွင် ထက်ထက်မိုးဦးက သူ့အား လာရောက် အင်တာဗျူးသည့် သတင်းထောက် မအေးသူစံ၏ မေးခွန်းများကို မနှစ်သက်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် သတင်းထောက်က တရားရုံးသို့ ဦးတိုက် လျောက်ထားခဲ့ခြင်း ဖြစ်သည်။
ရုပ်ရှင်မင်းသမီး ထက်ထက် မိုးဦးကလည်း သူ့ထံသို့ တရားရုံးမှ မည်သည့် အကြောင်းကြားစာမျှ မရောက်ခဲ့သဖြင့် အမှုနှင့် ပတ်သက်၍ ဘာမျှ မပြောနိုင်ဟု ဆိုသည်။
“အဲဒီအမှုနဲ့ပတ်သက်လို့ ထက်ထက်ဘာမှ မသိသေးပါဘူး။ ထက်ထက်ကို တရားရုံးက ဘာအကြောင်းကြား စာမှလဲ မပို့ပါဘူး။ ဖုန်းလဲ မဆက်ဘူး။ ဖုန်းဆို ၂၄ နာရီ ဖွင့်ထားတာပဲဟာ။ ရုံးချိန်းက ကိုယ့်ကို မခေါ်ပဲနဲ့ ကိုယ်က ဘာမှ မသိပဲနဲ့ ဘယ်ရုံးကို သွားပြီး ဘာသွားလုပ်ရမှာလဲနော့” ဟု သူက မဇ္ဈိမကို ပြောသည်။
ရန်ကုန်အခြေစိုက် သတင်းစာဆရာ တဦးကမူ ထက်ထက်မိုးဦး၏ သတင်းထောက်တဦး အပေါ် ပြုမှုပုံသည် သတင်းနှင့် စာနယ်ဇင်း သမားများကို သာမက ဥပဒေကိုပါ မထီမဲ့မြင်ပြုရာ ရောက်ပြီး တရားရုံး အနေဖြင့်လည်း ယခုကဲ့သို့ လွှတ်ထားပေးခြင်းသည် စားနယ်ဇင်း သမားများ အနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ် မဲ့နေသည်ကို ပြသရာ ရောက်နေသည်ဟု ဆိုသည်။
“ဒီပုံစံက လူသာမန်အချင်းချင်းပဲ ဖြစ်ပါစေ။ မီဒီယာသမားကိုဖြစ်စေ လည်းပင်းညှစ်လို့ ရတယ်။ ရိုက်လို့ ရတယ်။ ဆံပင်ဆွဲလို့ရတယ်။ ပြီးရင် တရားရုံးက ဆင့်ခေါ်ရင်လည်း လာစရာမလိုဘူး။ ခပ်အေးအေးနေလို့ရတယ် ဆိုတာဟာ မီဒီယာသမားနဲ့ သတင်းစာ ဆရာတွေ အပေါ်မှာ အလားတူ ဒီလို တိုက်ခိုက်မှုမျိုးဖြစ်အောင် လွှတ်ပေးထားတဲ့ သဘော မျိုးဖြစ်နေတာပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။
သတင်းထောက် မအေးသူစံက ထက်ထက်မိုးဦးအား ကျေးအေးပြီး တရားစွဲဆိုမှုကို ရုတ်သိမ်းပေးစေရန် စာပေနှင့် စာနယ်ဇင်းအဖွဲ့ အနေဖြင့် ကြားဝင် စေ့စပ်ပေးစေလိုကြောင်း ဖော်ပြထားသည့် စာတစောင်အား ရုပ်ရှင် အစည်းအရုံးက ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်သည့် စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုကော်မတီ အစည်းအဝေးသို့ ပေးပို့ခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူ ကော်မတီအဖွဲ့ဝင် တဦးထံမှ သိရသည်။
ယင်းစာနှင့် ပတ်သက်၍မူ အစည်းအဝေး၌ တစုံတရာ ဆွေးနွေးခြင်း မရှိဟုလည်း သူက ဆိုသည်။
“ကျနော်တို့ကို ပြန်ညှိခိုင်းတဲ့စာ ရောက်နေတာပေါ့နော်။ ကာယကံရှင်ကတော့ မတောင်းပန် ဘူးပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။
ရန်ကုန်မြို့ခံ ဝါရင့်ရှေ့နေကြီးတဦးကမူ ရုံးချိန်းကို ၆ ကြိမ်လောက်ထိ ရှောင်နေသူ ယခင်က မတွေ့ဘူးသေးကြောင်း၊ ဥပဒေအရ အထောက်အထား ခိုင်လုံပါက ကာယကံရှင် နေထိုင်ရာ အိမ်သို့ တရားရုံးမှ တိုက်ရိုက်ဖြစ်စေ၊ ရပ်ကွက် ကော်မတီ ဥက္ကဌဖြင့် တွဲ၍ ဖြစ်စေ အကြောင်းကြားခြင်း၊ ရဲကို တာဝန်ပေး ဖမ်းခိုင်းခြင်းတို့ ဆောင်ရွက်နိုင်သည်ဟုဆိုသည်။
“အမှုလက်ခံပြီးတော့ ရုံးချိန်းသတ်မှတ်ပြီး သမ္မာန်စာဆင့်ခေါ်လို့ မလာဘူးဆိုရင် တရားရုံးရှေ့ကို ရောက်လာဖို့ ဝရမ်း ထုတ်ပြီးတော့ ရဲကို တာဝန်ပေးပြီး ဆင့်ခေါ် ဖမ်းခွင့်ရှိတာပဲ။ အဲဒီလို တရားရုံးက လုပ်ပိုင်ခွင့်ရှိရဲ့သားနဲ့ ဘာဖြစ်လို့ မလုပ်သေးသလဲ ဆိုတာကတော့ စဉ်းစားစရာဘဲ” ဟု သူက မဇ္ဈိမကို ပြောသည်။
Ref: မဇ္ဈိမ
EU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်
ဦးသားညွန့်ဦး
တနင်္လာ, 28 ဇွန် 2010
EU ဥရောပသမဂ္ဂရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို EU ဘက်က ဖျက်သိမ်း လိုက်တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်းမှာ မကြာခင် ပြုလုပ်တော့မယ့် ရွေးကောက်ပွဲကိစ္စ ပြောဆိုဆွေးနွေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ EU ရဲ့ ခရီးစဉ် ဘာကြောင့် ပျက်သွားသလဲဆိုတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မကြာခင် မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲ အခြေအနေကို စနည်းနာဖို့နဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်နိုင်ရေး မြန်မာ အာဏာပိုင်တွေကို ဆွေးနွေးဖို့အတွက် EU အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဖာဆီနို (Piero Fassino) မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ကိစ္စ မအောင်မမြင် ဖြစ်နေတဲ့ အချိန်မှာ EU ဘက်က အခုလို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို သွားဖို့ စီစဉ်ခဲ့တာလို့ သိရပါတယ်။
NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့ EU ဥရောပရုံး တာဝန်ခံ ဦးနွယ်အောင်ကတော့ EU ဘက်က တောင်းဆိုတဲ့ အချက်တွေကို မြန်မာ အာဏာပိုင်တွေဘက်က မလိုက်လျောတာကြောင့် စီစဉ်ထားတဲ့ ခရီးစဉ် ပျက်သွားတာလို့ ပြောပါတယ်။
“အဓိကကတော့ သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ချင်တယ်၊ သူတို့လာတဲ့အခါ စစ်အာဏာပိုင်တွေ နဲ့လည်း တွေ့မယ်။ ပြီးတော့ မြန်မာပြည် ရှေ့ရေးကိစ္စတွေ ဆွေးနွေးချင်တယ်။ ရွေးကောက်ပွဲ ကိစ္စတွေကို ဆွေးနွေးချင်တယ် ဆိုပြီးတော့ ပြောတာ။ ပြောတော့ စစ်အာဏာပိုင်တွေက တခုမှ လက်မခံဘူး။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ် ဆိုတာကို သူတို့က သဘောခွေ့ပုံ မပေါ်ဘူးလေ။”
အဲဒီတော့ EU ဘက်က ဖျက်လိုက်တာလား၊ မြန်မာအစိုးရဘက်က လက်မခံတာလား၊ ခရီးစဉ်နဲ့ ပတ်သက်လို့။
“မြန်မာအစိုးရဘက်က ဒီအချက်အလက်တွေကို လက်မခံဘူးဆိုတော့ သူတို့က ငြင်းဆိုတာပဲ ဖြစ်တာကိုး။ EU အဖွဲ့ အနေနဲ့ကလည်း သူတို့က အချက် ၃ ချက်လောက် တောင်းတယ်၊ တချက်မှ မရဘူးဆိုတော့ သွားလို့လည်း သူတို့ ဗီဇာပေးမှ ရမှာကိုး။ အဲဒီတော့ စစ်အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့လည်း လက်မခံဘူး၊ တခြား အချက်အလက်တွေကိုလည်း လက်မခံတဲ့ သဘောနဲ့ ဆိုတော့ လက်မခံရင် ဗီဇာမရဘူးပေါ့။”
အန်ကယ်သိသလောက်ပေါ့ အခု EU ဥရောပသမဂ္ဂ မြန်မာနိုင်ငံသွားဖို့ ဆိုတာက အဓိက ဘယ်ကိစ္စတွေကို ဦးစားပေးပြီး ဆွေးနွေးဖို့ စဉ်းစားချက်ရှိလဲ ခင်ဗျ။
“အဓိကကတော့ ရွေးကောက်ပွဲကိစ္စပဲ။ ရွေးကောက်ပွဲကိစ္စကို တရားမျှတဖို့၊ All inclusive ဖြစ်ဖို့၊ အထူးသဖြင့် ပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီက ရွေးကောက်ပွဲကို အနိုင်ရထားတဲ့ပါတီ၊ ပါတီအကြီးဆုံး ဖြစ်တဲ့ အတွက်ကြောင့် NLD ကို ပါစေချင်တယ်။ အဲတော့ ပါဖို့အတွက်ကို စစ်အာဏာရှင်တွေဘက်က ဘယ်လိုများ ပြန်လည် စဉ်းစားပေးနိုင်မလဲ ဆိုတဲ့ အချက်အလက်တွေ ပေါ့လေ။ အဲဒီဟာတွေကို သူတို့ အဓိက ပြောချင်တာပါ။ ပြီးတော့ ထုံးစံအတိုင်းပေါ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆိုတာကလည်း အဓိက ကျပါတယ်၊ သူတို့ သွားတဲ့ အထဲမှာ။”
EU ရဲ့ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရပ်တည်ချက်ကရော အခုလက်ရှိ နောက်ဆုံး အနေအထားမှာ ဘယ်လိုများ ရှိလဲခင်ဗျ။
“သူတို့ကတော့ အစကတည်းက ပြောထားတာပဲ၊ ရွေးကောက်ပွဲဟာ Free and Fair ဖြစ်ရမယ်၊ All inclusive ဖြစ်ရမယ်၊ ပြီးတော့ International Standard ကို မီရမယ်ဆိုပြီးတော့ သူတို့ ပြောထားတာကိုး။ ဆိုတော့ အဲဒီ stand အတိုင်းပဲ သူတို့ကလည်း သွားပြီး ပြောမှာပဲလေ။”
EU ဥရောပသမဂ္ဂရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌက စပိန်နိုင်ငံ ဖြစ်ပါတယ်။ အခုလာမယ့် သီတင်းပတ်မှာတော့ သူဟာ သက်တမ်း ပြည့်မှာပါ။ နောက်လာမယ့် အလှည့်ကျ ဥက္ကဋ္ဌကတော့ ဂျာမဏီနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခု EU အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံ သွားရောက်နိုင်ရေးကို ရန်ကုန်မှာရှိတဲ့ ဂျာမန်သံရုံးက စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလိုမျိုး EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ EU တာဝန်ရှိသူ တွေဘက်က သီးခြား အတည်ပြုချက် တစုံတရာ မှတ်ချက်ပေးတာတော့ မရသေးပါဘူး။
Ref: VOA News
မြန်မာပြည်မှ နျူကလီးယား အန္တရာယ်
ရဲနည်
Monday, June 28, 2010
မြန်မာ အစိုးရ၏ နျူကလီးယား ရည်မှန်းချက်နှင့် မြေအောက် လိုဏ်ဂူများ တည်ဆောက်ရေး စီမံကိန်း သတင်း မှတ်တမ်းကား တခုကြောင့် မြောက်ကိုရီးယား - မြန်မာ စစ်ရေး ဆက်နွယ်မှု အကြောင်းကို ဒေသတွင်း ပြန်လည် သတိထား လာစေရေး လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။
ပြသချိန် တနာရီခန့် ကြာမြင့်သည့် ထိုမှတ်တမ်းကားကို နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက ရိုက်ကူးထားပြီး အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားလိုင်းတွင် မကြာသေးခင်က ထုတ်လွှင့်ခဲ့သည်။
သတင်းမှတ်တမ်းကားတွင် ပါရှိသည့် အချက်အလက်များကြောင့် အာဆီယံနိုင်ငံများအတွင်း စိုးရိမ် ပူပန်လာကြသည်။ အကြောင်းမှာ အာဆီယံ နိုင်ငံများက အရှေ့တောင်အာရှ ဒေသကို နျူကလီးယား လက်နက် ကင်းမဲ့ဇုန်အဖြစ် ထားရှိရန် သဘောတူ ပြီးသောကြောင့် ဖြစ်သည်။
သို့ရာတွင် စစ်အစိုးရက နျူကလီးယား ပိုင်ဆိုင်ရေး ကြိုးပမ်းမှုသည် မြန်မာနိုင်ငံနှင့် အလွန် အလှမ်း ဝေးလွန်းသည့် အတွက် အောင်မြင်ရန် ခက်ခဲလွန်းလှသည်ဟု ကုလသမဂ္ဂ နျူကလီးယား စစ်ဆေးရေး အငြိမ်းစား အရာရှိ ရောဘတ် ကယ်လီက ဆိုထားသည်။ “အဓိပ္ပာယ်မဲ့သော ကြိုးပမ်းချက်” ဖြစ်သည်ဟုလည်း သူက ပြောသည်။
သို့သော်လည်း သူက “နျူကလီးယား ဆိုင်ရာ နိုင်ငံတကာ သဘော တူညီချက်များကို အနှောက်အယှက် ပေးသလို ဖြစ်နေတာ ကတော့ အမှန်ပါပဲ” ဟု ကောက်ချက် ချခဲ့သည်။
DVB ၏ မှတ်တမ်းကားတွင် ပါဝင်သူ အဓိက မျက်မြင်သက်သေသည် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးတဦး ဖြစ်၍ ဒုံးပျံ တည်ဆောက်ရေး အင်ဂျင်နီယာလည်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံမှ ဖေဖော်ဝါရီလက ထွက်ခွာခဲ့စဉ် နျူကလီးယား အစီအစဉ်၌ လိုအပ်သော နည်းပညာနှင့် ပစ္စည်းများဆိုင်ရာ အချက်အလက်များကို တပါတည်း ယူဆောင်ခဲ့သည်။ ထိုအချက် အလက်များထဲတွင် မြောက်ကိုရီးယား၏ အကူအညီဖြင့် ယူရေနီယမ် သန့်စင်ခြင်း၊ တာဝေးပစ်ဒုံးကျည်များ တည်ဆောက်ခြင်း တို့လည်း ပါဝင်သည်။
မြန်မာစစ်အစိုးရသည် နိုင်ငံ အနှံ့အပြားတွင် လျှို့ဝှက် လိုဏ်ခေါင်းများ၊ ဘန်ကာများကို ကွန်ရက်သဖွယ် တည်ဆောက် နေသည်ဟုလည်း ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင် လာသည့် ထိုအချက် အလက်များကို ကိုးကားပြီး DVB က ဆိုထားသည်။
လေကြောင်းမှ တိုက်ခိုက်ခံလာရပါက ဘန်ကာများတွင် စစ်လက်နက် ပစ္စည်းများ သိုလှောင်ပြီး စစ်ဆင်ရေး ကွပ်ကဲမှု စခန်းများ အဖြစ်လည်း အသုံးပြုမည်ဟု သူနှင့် အခြား ထွက်ပြေးလာသော အရာရှိများက ပြောဆိုကြသည်။ မြေအောက်ဥမင် တချို့တွင် ဖိုင်ဘာ ကေဘယ်ကြိုးများ သွယ်တန်းမည် ဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော်၏ နိုင်ငံတဝန်း လုံခြုံ စိတ်ချရသော သတင်းကွန်ရက် တည်ဆောက်ရေး အစီအစဉ် ဖြစ်ကြောင်း ထိုမှတ်တမ်းကားတွင် ဖော်ပြထားသည်။
နျူကလီးယားစီမံကိန်း လျှို့ဝှက် လိုဏ်ခေါင်းနှင့် ဒုံးကျည်တည်ဆောက်ရေး အစီအစဉ်များအတွက် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ကုန်ကျလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ စစ်အစိုးရသည် စွမ်းအင် တင်ပို့ ရောင်းချခြင်းကို ပိုမို မြှင့်တင်ခြင်းဖြင့် ထိုကြီးမားလှသော စရိတ်ကို ထေမိ နိုင်သည်ဟုလည်း သိရသည်။
လာမည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သည့် စွမ်းအင်ပမာဏမှ ရရှိလာမည့် ဝင်ငွေသည် ၂ ဆ တက်လာဖွယ် ရှိသည်ဟု ဝါရှင်တန် အခြေစိုက် လေ့လာရေး အဖွဲ့တခု ဖြစ်သော အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့က ခန့်မှန်းထားသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့မည့် ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်း ပြီးစီးသွားပါက ထိုဝင်ငွေ ရလာမည် ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်က မြန်မာနိုင်ငံ၏ စုစုပေါင်း ဝင်ငွေမှာ ဒေါ်လာ ၆ ဒဿမ ၆ ဘီလီယံ ဖြစ်ရာ ထိုအထဲတွင် သဘာဝဓာတ်ငွေ့ တင်ပို့ ရောင်းချရာမှ ရရှိသည့် ဝင်ငွေမှာ အနည်းဆုံး ၄၅ ရာခိုင်နှုန်း ရှိခဲ့သည်။
နေပြည်တော် စစ်အစိုးရသည် နိုင်ငံ၏ အသုံးစရိတ် အများစုကို စစ်တပ် တည်ဆောက်ရေး အတွက်သာ အသုံးပြုသည်မှာ အများ သိသော အချက်ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူထု လုပ်ငန်းများတွင် သုံးစွဲသော ငွေပမာဏမှာ မဆိုသလောက်သာ ရှိသည်။
စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုမှုမှာ နိုင်ငံဘတ်ဂျက်၏ ၄ဝ မှ ၆ဝ ရာခိုင်နှုန်း အထိ ရှိနေချိန်တွင် မြန်မာ ပြည်သူများက နေ့စဉ် ဘဝ ရပ်တည်မှုအတွက် အပြင်းအထန် ရုန်းကန် နေကြရသည်။
ဥပမာ ဆိုရလျှင် နိုင်ငံ၏ စီးပွားရေး အသက်သွေးကြောဖြစ်သော ရန်ကုန်မှ မန္တလေး ဒေသတ ကြောလုံးတွင် လျှပ်စစ်မီး ပြတ်တောက်သည့် ပြဿနာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသည်။ ရေအားလျှပ်စစ် စက်ရုံများတွင် လိုအပ်သည့် ရေပမာဏ မရသဖြင့် အာဏာပိုင်များက စက်မှု လုပ်ငန်းရှင်များကို လျှပ်စစ်ဓာတ်အား ဖြတ်လိုက်သောကြောင့် လုပ်ငန်းများ ရပ်ဆိုင်းရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတ ထွက်ရှိမှု ပမာဏသည် ကြီးမား လှသော်လည်း မြန်မာနိုင်ငံသည် ယခုအထိ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေသေးသည်။ မြန်မာနိုင်ငံ၏ နှစ်စဉ် တိုးတက်မှု နှုန်းထားသည် ၂ ဒဿမ ၉ ရာခိုင်နှုန်းသာ ရှိ၍ မဲခေါင်ဒေသတွင် အနိမ့်ဆုံး ဖြစ်နေသည်။
ထိုကဲ့သို့ ဆိုးရွားရက်စက်သည့် စစ်အာဏာရှင် အုပ်ချုပ်မှုအောက်တွင် ဘဝရပ်တည်မှု ခက်ခဲ ပြင်းထန် လွန်းသောကြောင့် ဗိုလ်မှူး စိုင်းသိန်းဝင်း ကဲ့သို့ တပ်မတော်သားများ ပြင်ပသို့ မကြာခဏ ဆိုသလို ထွက်ပြေး နေကြပုံရသည်။
ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေစဉ် မကြာသေးခင်က ပြုလုပ်ခဲ့သော နေပြည်တော် လေးလပတ် အစည်းအဝေး အပြီးတွင် တပ်မတော် အတွင်း ရာထူးကြီးနေရာများ အပြောင်းအလဲ ဖြစ်ခဲ့သည်ကိုလည်း မတွေ့ရပေ။
တပ်တွင်း ခေါင်းဆောင်မှုကို ပြောင်းလဲမှု မပြုသည့် အဓိပ္ပာယ်မှာ အသက် ၇၇ နှစ် အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အသက် ၇၂ နှစ် ရှိပြီ ဖြစ်သော ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အသက်အရွယ် ကြီးနေပြီဖြစ်သည့် အခြားသော တပ်မတော် ခေါင်းဆောင်များ အနားယူရန် အစီအစဉ် မရှိသေးသည့် သဘောဟု ဆိုနိုင်သည်။ လက်ရှိ စစ်ရာထူးများမှ အနား မယူနိုင်သေးသည်မှာ အာဏာကို ငန်းဖမ်း နေရုံသာမက အကယ်၍ အာဏာ လက်လွှတ်လိုက်ပြီးနောက် အောက်ခြေအရာရှိများ သူတို့အပေါ် သစ္စာ ရှိမရှိ ဆိုသည်ကို သံသယ ဝင်နေသောကြောင့်လည်း ဖြစ်သည်။
တချိန်တည်းတွင်လည်း ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဝန်ကြီး အများအပြားသည် စစ်ဘက်ရာထူးများမှ အနားယူ၍ နိုင်ငံရေး ပါတီတခု တည်ထောင် လိုက်သည်။ ၎င်းတို့ တည်ထောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စစ်အစိုးရ ချုပ်ကိုင်မည့် ရွေးကောက်ပွဲတွင် စိန်ခေါ်မည့် ပြိုင်ဘက်မရှိ ယှဉ်ပြိုင်မည် ဖြစ်သည်။
ထိုသို့ ထိပ်တန်းစစ်ခေါင်းဆောင်များက အာဏာ လက်မလွတ်ရေး ကြိုးစားနေချိန်တွင် မြန်မာ့အရေး ကျွမ်းကျင်သူဟု ဆိုသူများက ရွေးကောက်ပွဲအပြီး မြန်မာပြည်၏ နိုင်ငံရေးမြင်ကွင်း ပြောင်းလဲ လာလိမ့်မည်ဟုပင် မိုက်မိုက်မဲမဲ ယုံကြည်နေကြသည်။
နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ရွေးကောက်ပွဲသည် နိုင်ငံ၏အနာဂတ် အပြောင်းအလဲ အတွက် အကောင်းဆုံးသော အခွင့် အလမ်းဖြစ်သည်ဟု မကြာသေးခင်က သုံးသပ်ထားသည်။
ICG သည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပုံပေးခဲ့ကြသော တပ်မတော် အကြပ်တပ်သားများ အပါအဝင် မဲဆန္ဒရှင်များကို လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးနိုင်ပါမည်လားဟု မေးကြည့်သင့်သည်။
ဗိုလ်မှူး စိုင်းသိန်းဝင်းကမူ ပြတ်ပြတ်သားသား အဖြေပေးခဲ့ပြီး ဖြစ်သည်။ အန္တရာယ် ကြီးမားပြီး ငွေကြေး အလွန်အမင်း ဖြုန်းတီးပစ်ရာ ရောက်သည်ဟု သူ ယူဆသော မြန်မာ့ နျူကလီးယား အစီအစဉ် ရပ်တန့်စေရေးအတွက် ယခုကဲ့သို့ လျှို့ဝှက်ချက်များကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
ရဲနည် ရေးသားသည့် Alarm Bells Ring Over New Nuclear Evidence ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
Ref: ဧရာဝတီ်
ဗိုလ်ချုပ်ထွန်းကြည် အတ္ထုပ္ပတ္တိ အရောင်းသွက်
ရန်ပိုင်
Monday, June 28, 2010
စစ်တပ် အာဏာသိမ်း ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်ချုပ်ဟောင်း ထွန်းကြည်၏ “နှစ် (၅၀) ကျော် ကိုယ်တွေ့များ” အမည်ရှိ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်သည် စာအုပ် ဈေးကွက်တွင် အရောင်းသွက် စာရင်းဝင် ဖြစ်နေကြောင်း သိရသည်။
“ဗိုလ်ထွန်းကြည် (မုံရွာ)” ကလောင် အမည်ဖြင့် မုံရွေး စာအုပ်တိုက်မှ ထုတ်ဝေခြင်း ဖြစ်ပြီး မူရင်း တန်ဘိုးမှာ ၅၀၀၀ ကျပ် ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့ စာအုပ် အဟောင်း ရောင်းဝယ်သည့် ပန်းဆိုးတန်း ဈေးကွက်တွင် ၁၀၀၀၀ ကျပ် အထိ ရောင်းနေကြောင်း ရန်ကုန်မြို့မှ စာအုပ် ဖြန့်ချိသူ တဦးက ဧရာဝတီသို့ ပြောသည်။
“စာအုပ်က အဲဒီလောက် ရောင်းရမယ် မထင်ဘူး။ ခဏလေးနဲ့ ပြတ်မယ်လို့ မထင်ဘူး” ဟု ၎င်းက ဆိုသည်။
စာအုပ်ကို နှစ်တွဲခွဲ၍ ထုတ်ဝေမည်ဖြစ်ပြီး ယခု ထွက်ရှိလာသော ပထမတွဲတွင် ဗိုလ်ချုပ် ထွန်းကြည်၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကို ဖြတ်သန်းခဲ့ရမှုများ ပါဝင်သည်။
ယခု အသက် ၇၂ နှစ်ရှိ ဗိုလ်ချုပ်ဟောင်း ထွန်းကြည်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်သည့် အာဏာသိမ်း ခေါင်းဆောင်များတွင် ဗိုလ်ချုပ် ချစ်ဆွေပြီးလျှင် ဒုတိယမြောက် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ရေးသားသူဖြစ်သည်။
စာအုပ်ကို ဖတ်ရှုခဲ့သူ စာနယ်ဇင်းသမား တဦးက “ဦးနေ၀င်းရဲ့ အနားမှာ တပ်ကလူတွေ သေနတ် တကားကားနဲ့ လုပ်နေတာကို အဖွဲ့အစည်း တခုက မကြိုက်ဘူး။ သူတို့ပဲ သစ္စာရှိတယ်လို့ ထင်တယ်။ အဲဒီ အဖွဲ့အစည်း အခုတော့ မရှိတော့ဘူး” ဟု ထောက်လှမ်းရေး အဖွဲ့ကို ရည်ညွှန်း ရေးသားထားသည့် အကြောင်းအရာမျိုး ထိုစာအုပ်တွင် ပါကြောင်း ပြောပြသည်။
ထို့အပြင် ၈ လေးလုံး အရေးတော်ပုံ ကာလအတွင်း မန္တလေးမြို့၏ လူထုလှုပ်ရှားမှုကို သက်သက်ညှာညှာ ကိုင်တွယ်ခဲ့ကြောင်း၊ စစ်တပ်အတွင်း စစ်ဆင်ရေး၊ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ လွဲချော်မှုများကိုလည်း ဗိုလ်ချုပ် ထွန်းကြည် တိုင်းမှူးအာဏာ ရရှိပြီးနောက်ပိုင်း ပြုပြင်ခဲ့ကြောင်း ထည့်သွင်း ရေးသား ထားသည်ဟု သိရသည်။
အတ္ထုပ္ပတ္တိ စာအုပ်သည် စာမျက်နှာ ၄၃၃ မျက်နှာပါရှိပြီး ပထမအကြိမ် အဖြစ် အုပ်ရေ ၇၀၀ ရိုက်နှိပ် ထုတ်ဝေကြောင်း၊ စာအုပ်မှာ အရောင်းရ သွက်သည့်အတွက် ထပ်မံ ပုံနှိပ်နေကြောင်း ရန်ကုန်မြို့၊ ၄၅ လမ်းရှိ မုံရွေး စာပေဖြန်ချိရေးက ပြောသည်။
ယခုစာအုပ်တွင် ဗိုလ်ချုပ် ထွန်းကြည်၏ ဂျပန်ခေတ် အတွေ့အကြုံ၊ ရောင်စုံသူပုန် ခေတ်တွင် စစ်တပ်သို့ ၀င်ရောက်ခဲ့ပြီး ဗိုလ်သင်တန်း တက်ရောက် ခဲ့ခြင်းနှင့် တပ်တွင်း တာဝန် ထမ်းဆောင်ခဲ့သည့် အခြေအနေ၊ အမေရိကန်နိုင်ငံသို့ အမြောက် ဆက်သွယ်ရေး အရာရှိသင်တန်း သွားရောက်တက်ခဲ့ပုံ၊ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ကျောင်းသား အရေးအခင်း၊ ၁၉၆၄ ခုနှစ် ၅၀ ကျပ်တန်နှင့် နှင့် ၁၀၀ ကျပ်တန်များကို အာဏာသိမ်း တော်လှန်ရေး ကောင်စီက တရားဝင်ငွေ အဖြစ်မှ ရပ်စဲခြင်းနှင့် တိုက်ပွဲ အတွေ့အကြုံများ ကို ရေးသားထားသည်။
ဗိုလ်ချုပ်ထွန်းကြည်သည် ၁၉၈၈ ခုနှစ် မန္တလေးမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး စစ်အာဏာ သိမ်းခဲ့သည့် စစ်ခေါင်းဆောင် တဦးဖြစ်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န၀တ) လက်ထက်တွင် ကုန်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းကြည်သည် လာဘ်စားသည်ဟုသော စွပ်စွဲချက်ဖြင့် ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် မောင်လှ၊ ဗိုလ်ချုပ် မျိုးညွန့်၊ ဗိုလ်ချုပ် စိန်အောင် စသည့် စစ်ဗိုလ်ချုပ်များနှင့်အတူ အငြိမ်စားပေးခြင်း ခံရသည်။
ကုန်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူစဉ်က “ဂရုဏာ ဖောင်ဒေးရှင်း” အမည်ရှိ လူမှုရေးအသင်းကို ဖွဲ့စည်းကာ ရာသက်ပန် နာယကအဖြစ် တာဝန်ယူခဲ့သည်။
ယနေ့ခေတ်တွင် တပ်မတော် အငြိမ်းစားအရာရှိကြီး အတော်များများက ကိုယ်တွေ့ အဖြစ်အပျက်များဟု ဆိုကာ စာအုပ်များ ရေးသားလာရာ ယင်းတို့၏ စာအုပ်များတွင် စစ်တပ်အတွင်း အဖြစ်အပျက် အခြေအနေနှင့် တဦးနှင့် တဦးအကြား ပြဿနာများ ပါဝင်မည်၊ မပါဝင်မည်ကို သိလိုသည့်အတွက် စိတ်ဝင်စားကာ ၀ယ်ယူသူ များပြားကြောင်း ရန်ကုန်မြို့ခံ စာနယ်ဇင်း သမား တဦးက ပြောသည်။
သို့သော် စစ်အရာရှိကြီးများ အနေဖြင့် စာအုပ်ထုတ်ဝေရာတွင် စာပေစိစစ်ရေးကို သာမက ကာကွယ်ရေး ၀န်ကြီးဌာန၏ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး (ကကပြည်) သို့ပါ တင်ပြရသည့် အတွက် စစ်တပ်အတွင်းမှ လျှို့ဝှက်ချက်များ ပါရန် ခဲယဉ်းသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
မကြာသေးမီကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်းစားပေးခံရသည် ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကိုကိုကျော်က “တာဝန်ကျေခဲ့ပါပြီ” ဟု အမည်ပေးထားသည် စာအုပ်ကို “စစ်နွေ” ဟူသော ကလောင်အမည်ဖြင့် ရေးသား ထုတ်ဝေရာ အရောင်းသွက် စာရင်း ၀င်ခဲ့သည်။
ဗိုလ်မှူးကြီး ကိုကိုကျော်၏ စာအုပ်တွင် ၁၉၈၈ ခုနှစ်မတိုင်မီက တပ်မတော်သားများကို ယခုခေတ်ထက် စာလျှင် ပြည်သူလူထုက ပိုမို ချစ်ခင်ကြောင်းကို အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။
အတွေ့အကြုံများကို ပြန်လည်ရေးသားခဲ့သည့် စစ်ဘက် အရာရှိကြီးများမှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး (သခင်အောင်ကြီး-ပေါင်းတည်)၊ ဗိုလ်မှူးကြီးဟောင်း တင်မောင် (မြတ်ထန်)၊ ဗိုလ်မှူးကြီးဟောင်း စောမြင့် (မှူးသမိန်နှင့် ယိမ်းနွဲပါး) ဗိုလ်မှူးကြီးဟောင်း ခင်မောင်သောင်း (မိုးမိုးတာရောစံ)၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး တာဝန်ယူခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း သန်းတင်၊ သစ်တောရေးရာ ၀န်ကြီးဟောင်း ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်မှူးကြီးဟောင်း သောင်းဝေ (သောင်းဝေဦး)၊ မြို့တော်ဝန် ဦးကိုလေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုဝန်ကြီး ဦးစိုးညွန့် (ထီလာစစ်သူ) တို့ ဖြစ်သည်။
Ref: ဧရာဝတီ်
Monday, June 28, 2010
ငရဲတံခါးဝသို့ (၅၂) ကီလို
“ကိုသောင်းရေး … ဥသျှစ်သီးလောက်ပဲဖြစ်ဖြစ်၊ နျူကလီးယားဗုံး တလုံးတော့ ရအောင်လုပ်ဗျာ”
(ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းကို မှာကြားချက်)
ဗိုလ်ချုပ်ကြီး သန်မာ၏ စကားဆုံးသည်နှင့် ပြည်တော်ချစ် အစိုးရ၏ တိုက်စစ်ဘက်မှ ပစ်လွှတ်လိုက်သော အမြောက်ဆန်သည် အနုမြူ သိုလှောင်ကန်ကြီးကို တိုက်ရိုက် လာရောက် ထိမှန်၏။ ထို့နောက် ရွှေဝါပြည်ကြီးသည် မိနစ်ပိုင်းအတွင်း တပြည်လုံး ဆက်ကာဆက်ကာ ပေါက်ကွဲပြီးနောက် အလွန်လှပစွာ ပျောက်ကွယ်သွား၏။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အလှဆုံး ပေါ်ပေါက်လာသော မီးခိုးလုံးကြီး ပျောက်ကွယ် သွားသောအခါ ထိုနေရာ၌ ရေပြင်ကြီး ကျန်ရစ်ခဲ့သည်။ ထိုနေရာကား အချို့က ဘင်္ဂလား ပင်လယ်အော်ကြီး နေရာ ဖြစ်မှာပေါ့ဟု ဆိုကြ၏။
လူကြီးတွေအတွက်ပြောသော ရွှေဝါပြည်ပုံပြင်ကား ပြီးဆုံးပါပြီ။
(စာရေးဆရာ ရန်ကုန်ဘဆွေ၏ ၁၉၆၅ ခုနှစ်ထုတ် ‘ရွှေဝါပြည်’ ဝတ္ထု ဇာတ်သိမ်းခန်း)
နျူကလီးယားဗုံး ပေါက်ကွဲတဲ့အခါ မြေကြီးပေါ်မှာ လူလုပ်ငရဲဘုံတခု ချက်ချင်း ဖြစ်ပေါ်လာတယ်။ အပူချိန် စင်တီဂရိတ် ဒီဂရီ (၁၀) သန်းကျော်ကို တမုဟုတ်ချင်း ရောက်သွားပြီး ပစ်မှတ်နဲ့ အနီးကပ်ဆုံး အရာဝတ္ထုတွေ ချက်ချင်း အငွေ့ပျံ ပျောက်ကွယ် သွားပါတယ်။ လေထုဖိအားက ပုံမှန် အခြေအနေထက် အဆပေါင်း (၆၀၀) မြင့်တက်သွားပြီး တနာရီကို ကီလိုမီတာ (၁,၀၀၀) နှုန်း သိမ့်လှိုင်းအဖြစ် ပျံ့ထွက် ရိုက်ခတ် သွားပါတယ်။ ဒါတွေအပြင် သေမင်းတမန် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ ကလည်း သက်ရှိ ကလပ်စည်းတွေကို ဖျက်ဆီးပစ်ပြီး ပြင်းထန်တဲ့ ကင်ဆာရောဂါ အမျိုးမျိုးအဖြစ် အသက်ဆုံး စေပါတော့တယ်။
အခု နအဖက နျူကလီးယားဗုံးရဖို့ ကြိုးစားနေတာ မငြင်းနိုင်တဲ့ အထောက်အထားတွေ ပေါ်လာပါပြီ။ တပ်မတော် သူရဲကောင်း ဗိုလ်မှူး စိုင်းသိန်းဝင်း သက်စွန့်ဆံဖျား ယူလာတဲ့ အထောက်အထား တပုံတပင်ကြီးထဲမှာ နအဖရဲ့ ရန်သူတော် အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ၊ နအဖရဲ့ မဟာရန်သူတော် အမေရိကန်နိုင်ငံရဲ့ ဒေဂိုဂါးစီးယား စစ်စခန်းနဲ့ အိုကီနာဝါ စစ်စခန်းတွေအပေါ် (ကီလိုမီတာ ၃,၅၀၀ အထိ ပစ်နိုင်မယ့် တာလတ်ပစ်ဒုံးပျံ အောင်မြင်သွားတဲ့အခါ) ငရဲမီးကျမှာကနောက်၊ ကျနော်တို့ မြန်မာပြည်သူတွေနဲ့ မြန်မာ့ တပ်မတော်သားတွေ အတွက် ငရဲတံခါး ပွင့်သွားမှာက အရင် ဖြစ်မှာကို တွေ့နေရပါတယ်။
နအဖကတော့ ထုံးစံအတိုင်း နျူကလီးယားဗုံး မဟုတ်ပါဘူး၊ မုံလာဥပါလို့ မျက်စိမှိတ်ပြီး ဇွတ်ငြင်းမှာပါပဲ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဒီအထောက်အထား တပုံကြီးကို အသေအချာ ခွဲခြမ်းစိတ်ဖြာပြီး အန္တရာယ်ကို အခိုင်အမာ ထောက်ပြနိုင်ဖို့ အရေးကြီးပါတယ်။
နျူကလီးယားလောင်စာသံသရာမှာ မြေကြီးထဲ ယူရေနီယမ် သတ္တုရိုင်း တူးတဲ့ အဆင့်ကနေ နျူကလီးယားဗုံးမှာ ထည့်ဖို့ သန့်စင်ပြီး ယူရေနီယမ် သတ္တုခဲဖြစ်အောင် ဓာတုဗေဒ ပိုင်းအရ လုပ်ဆောင်ရာမှာ အဆင့် (၉) ဆင့် ရှိပါတယ်။
အဆင့် ၁။ ယူရေနီယမ်သတ္တုရိုင်း တူးဖော်ခြင်း (ယူ-၂၃၈)
အဆင့် ၂။ ယူရေနီယမ်သတ္တုရိုင်း စစ်ယူခြင်း (ယူ-၂၃၈)
အဆင့် ၃။ အဝါရောင်ကိတ်မုန့် ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၄။ ယူရေနီယမ်အောက်ဆိုက်အမှုန့် ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၅။ ယူရေနီယမ်တက်ထရာဖလိုရိုက်အမှုန့်ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၆။ ယူရေနီယမ်ဟက်ဆာဖလိုရိုက် ဓာတ်ငွေ့ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၇။ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ကို ယူ-၂၃၈ မှ ယူ-၂၃၅ ဖြစ်အောင် သန့်စင်ခြင်း
အဆင့် ၈။ ယူရေနီယမ်တက်ထရာဖလိုရိုက်အဖြစ်သို့ ပြန်လည်ဓာတ်လျှော့ခြင်း (ယူ-၂၃၅)
အဆင့် ၉။ မဂ္ဂနီဆီယမ်သတ္တုနှင့် ဗုံးဓာတ်လျှော့မှုလုပ်ပြီး ယူရေနီယမ်သတ္တုခဲ ပြန်လုပ်ခြင်း (ယူ-၂၃၅)
အဆင့် ၁၀။ ယူရေနီယမ်သတ္တုခဲကို နျူကလီးယားဗုံးတွင် တပ်ဆင်ခြင်း (ယူ-၂၃၅)
အခုရတဲ့ အထောက်အထားအရ နအဖဟာ အဆင့် (၉) မှာ သုံးတဲ့ ‘လေဟာနယ်သေတ္တာ’ နဲ့ ‘ဗုံးဓာတ်ပေါင်းဖို’ တို့ကို စမ်းသပ်ခဲ့တာ သေချာနေပါတယ်။ လေဟာနယ် သေတ္တာဆိုတာ ထိတဲ့အရာတွေကို လောင်လွယ်၊ စားလွယ်တဲ့ ယူရေနီယမ် တက်ထရာဖလိုရိုက် (ယူ-၂၃၅) နဲ့ မီးလောင်လွယ်၊ ဓာတ်ပြုလွယ်တဲ့ မဂ္ဂနီဆီယမ် သတ္တုတို့ကို လက်နဲ့ တိုက်ရိုက်မထိစေဘဲ လေစုပ်ထုတ်ပြီး ကြားနေ ဓာတ်ငွေ့ ထည့်ထားတဲ့ သေတ္တာထဲမှာ သမအောင် ရောစပ်ပေးဖို့ ဖြစ်ပါတယ်။ စပ်ပြီးရင် ဗုံးဓာတ်ပေါင်းဖိုထဲထည့် အပူပေးပြီး ပြင်းထန်တဲ့ ဓာတ်ပြုမှုဖြစ်အောင် လုပ်ရပါတယ်။ အဲဒီမှာ ထွက်လာတဲ့ ယူရေနီယမ်ဟာ ယူ-၂၃၅ အဖြစ် သန့်စင်ပြီး သတ္တုခဲ ဖြစ်နေပါပြီ။ ဓာတုဗေဒ နည်းပညာပိုင်း ပြီးသွားလို့ နျူကလီးယားဗုံးထဲ ထည့်ဖို့ စက်မှု နည်းပညာပိုင်းပဲ ကျန်ပါတော့တယ်။
ဓာတ်ပုံတွေထဲမှာ ‘ဗုံးဓာတ်ပေါင်းဖို’ bomb reactor တခုကို အသုံးပြုထားလို့ မီးကျွမ်းနေတာ တွေ့ရပါတယ်။ အဓိပ္ပာယ်ကတော့ ယူရေနီယမ် အရိုင်းကို အဆင့်ဆင့် ဓာတ်ပြောင်းတာတွေ သန့်စင်တာတွေ လုပ်ခဲ့ပြီးလို့ နောက်ဆုံးအဆင့် (၉) ကို ရောက်သွားပြီ၊ ယူ-၂၃၅ အဖြစ် သန့်စင်အောင်လုပ်ပြီးတဲ့ ယူရေနီယမ် တက်ထရာဖလိုရိုက်ကို ယူ-၂၃၅ အဖြစ် သန့်စင်တဲ့ ယူရေနီယမ် သတ္တုဖြစ်အောင် ဓာတ်ပြောင်းတဲ့ စမ်းသပ်မှု လုပ်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါ့အပြင် မေမြို့ စက်ရုံ (၁) က ထုတ်လုပ်ပေးခဲ့ရတဲ့ ဖိအားမြင့် ရေနွေးငွေ့ပေါင်းစက် autoclave ကလည်း အဆင့် (၇) က ထွက်လာတဲ့ သန့်စင်ပြီးသား ယူရေနီယမ် ဟက်ဆာဖလိုရိုက်ကို အဆင့် (၈) မှာ သုံးဖို့ တနေရာက တနေရာ ပို့ဆောင်ရာမှာ သုံးတဲ့အတွက် နအဖမှာ သန့်စင်ပြီးသား ယူ-၂၃၅ ရထားပြီဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်။
(၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူ-၂၃၅ ယူရေနီယမ်ဒြပ်ပစ္စည်းဟာ သာမန်နည်းပညာနဲ့ နျူကလီးယားပေါက်ကွဲမှုဖြစ်ဖို့ အတွက် (အလုံးပုံသဏ္ဌာန်မှာ) အခြေပြောင်းဒြပ်ထု (၅၂) ကီလို လိုအပ်ပါတယ်။ ဆိုလိုတာက ယူ-၂၃၅ (၅၀) ကီလိုအလုံးကို ယူ-၂၃၅ (၂) ကီလို အလုံးတလုံးက ပြေးဆောင့်လိုက်ရင် အနုမြူပေါက်ကွဲမှု ဖြစ်သွားပါလိမ့်မယ် (နည်းပညာမြင့်ရင်တော့ ၂၉ ကီလိုလောက်နဲ့ ဗုံးလုပ်နိုင်တယ် လို့လည်း ဆိုပါတယ်)။
ဗုံးဓာတ်ပေါင်းဖိုတခုကနေ ယူ-၂၃၅ ယူရေနီယမ်သတ္တု (၂၀) ကီလိုက (၂၅) ကီလိုအထိ ထွက်နိုင်ပါတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ဓာတ်ပုံတွေအရ သပိတ်ကျဉ်း နျူကလီးယား တပ်ရင်းမှာ ဗုံးဓာတ်ပေါင်းဖိုကို အသုံးချခဲ့လို့ နအဖဆီမှာ ယူ-၂၃၅ သတ္တု အနည်းဆုံး ကီလို (၂၀) ရှိနေပြီဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်။ တကယ်လို့ အဲဒီ ဗုံးဓာတ်ပေါင်းဖို တခုတည်းကို (၃-၄) ခါ သုံးခဲ့တယ် သို့မဟုတ် အဲသလို ဗုံးဓာတ်ပေါင်းဖိုမျိုး (၃-၄) ခု သုံးခဲ့တယ်၊ အောင်လည်း အောင်မြင်ခဲ့တယ် ဆိုရင် နအဖလက်ထဲမှာ နျူကလီးယားဗုံး အဖြစ် ပုံသွင်းလို့ ရပြီဖြစ်တဲ့ ယူ-၂၃၅ ကီလို (၅၀) မက ရှိနေပြီ ဖြစ်ပါတယ်။ ဗုံးဓာတ်ပေါင်းဖိုနဲ့ စမ်းသပ် ထုတ်လုပ်တာ မအောင်မြင်ဘူး ဆိုရင်တော့ ဗုံးလုပ်လို့ရတဲ့ ယူရေနီယမ်သတ္တု နအဖလက်ထဲ မရသေးတဲ့သဘော ဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် ယူရေနီယမ်သန့်စင်ရေး အဆင့် (၇) ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ဆိုတာ မြှုပ်ကွက် ဖြစ်နေပါတယ်။ နျူကလီးယား လောင်စာ သံသရာရဲ့ ဓာတုဗေဒပိုင်းမှာ ယူ-၂၃၅ ဖြစ်အောင် လုပ်ရတဲ့ အဆင့် (၇) ဟာ အရေးအပါဆုံး ဖြစ်ပါတယ်။ နအဖဟာ ဖြစ်နိုင်ခြေ မရှိတဲ့ လေဆာရောင်ခြည်သုံးပြီး အိုင်ဆိုတုပ် ခွဲထုတ်နည်း LIS ကို ကျင့်သုံးခဲ့တယ်လို့ ဗိုလ်မှူးစိုင်းသိန်းဝင်းနဲ့ နျူကလီးယား ပါရဂူ IAEA ဒါရိုက်တာဟောင်း ရောဘတ်ကယ်လီတို့က ဆိုပါတယ်။ အီရန်၊ မြောက်ကိုရီးယား အပါအဝင် ကမ္ဘာမှာ အသုံးများတာက ဓာတ်ငွေ့ဗဟို ခွာအားနည်း Gas centrifuge ဖြစ်ပြီး အနည်းစုကတော့ ဓာတ်ငွေ့အမှေးပါး ဖြတ်စိမ့်ဝင်ခွဲထုတ်နည်း Gas diffusion နဲ့ လျှပ်စစ်သံလိုက်ဓာတ် သုံးပြီး အိုင်ဆိုတုပ်ခွဲထုတ်နည်း EMIS ကျင့်သုံးကြပါတယ်။
၂၀၀၉ ခု ဒီဇင်ဘာလမှာ ရခဲ့တဲ့ အတွင်းသတင်းတပုဒ်မှာ သပိတ်ကျဉ်း နျူကလီးယား တပ်ရင်းဟာ ယူရေနီယမ် သန့်စင်မှု enrichment (၈၅) ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့ ကြားခဲ့ရပါတယ်။ အခု ဗိုလ်မှူးသိန်းဝင်းဆီက သိရတာနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့ အခါ နအဖ အနေနဲ့ ရှေ့ပြေးနမူနာ prototype တခုအတွက် လောက်တော့ သန့်စင်မှုကို တနည်းနည်းနဲ့ ဖြစ်မြောက်ခဲ့ပုံရပါတယ်။ နအဖ စစ်တပ်ဟာ compartment system ခေါ် အကန့်လိုက် ခွဲတဲ့ စနစ်ကို အင်မတန် တင်းတင်းကျပ်ကျပ် ကျင့်သုံးတဲ့အတွက် တပြည်လုံးမှာ လှိုဏ်ခေါင်းတွေ အကြီးအကျယ် တူးနေတာကိုတောင် နအဖ စစ်တပ်ထဲမှာ မသိသေးတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေ အများကြီး ရှိနေပါသေးတယ်။
မေမြို့အရှေ့ဘက် နောင်လိုင်မှာရှိတဲ့ နည်းပညာအလုပ်ရုံ (၁) ကို ဗုံးဓာတ်ပေါင်းဖို လုပ်ခိုင်းတဲ့ ညွှန်ကြားချက် အမိန့်စာမှာ ဒီဗုံး ဓာတ်ပေါင်းဖိုကို ‘နည်းပညာအလုပ်ရုံ (၅)’ ရဲ့ ‘အထူးဒြပ်ပစ္စည်း ထုတ်လုပ်ရေး သုတေသနဌာန’ မှာ သုံးဖို့ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒါကြောင့် အခု ဟိုးလေးတကျော်နဲ့ ဘွားဘွားကြီး ပေါ်သွားတဲ့ မေမြို့-နောင်လိုင်စက်ရုံ (နည်းပညာအလုပ်ရုံ-၁)၊ ပခုက္ကူ-မြိုင်စက်ရုံ (နည်းပညာအလုပ်ရုံ-၂) အပြင် နောက်ထပ်စက်ရုံ (၃) ရုံရှိနေသေးတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီစက်ရုံတွေမှာ အဆင့် (၇) ယူရေနီယမ် သန့်စင်မှုတွေ တနည်းနည်းနဲ့ လုပ်တာ၊ အဆင့် (၉) ယူရေနီယမ် ဓာတ်လျှော့မှုက ထွက်လာတဲ့ ယူ-၂၃၅ သတ္တုကို ဗုံးအဖြစ် တပ်ဆင်တာတွေ လုပ်နေနိုင်ပါတယ်။
အဆင့် (၇) နဲ့ အဆင့် (၉) မှာ ထွက်လာတဲ့ ယူရေနီယမ်က (၂၀) ရာခိုင်နှုန်းအောက်ပဲ သန့်စင်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုသုံး ယူ-၂၃၅ လည်း ဖြစ်နိုင်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် ဆိုရင် သန့်စင်မှုနိမ့် ယူ-၂၃၅ ကီလို (၄၀၀) လောက် လိုမှာ ဖြစ်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုကနေ ပလူတိုနီယမ် ထွက်လာရင်တော့ နျူကလီးယား ဗုံးလုပ်ဖို့ ပလူတိုနီယမ် (၁၀) ကီလို ဆိုရင် အခြေပြောင်း ဒြပ်ထုရပါပြီ။ ဒါပေမယ့် ဓာတ်ပေါင်းဖိုက မြောက်ကိုရီးယားကနေ ရောက်မလာသေးပါဘူး။ နျူကလီးယားဗုံး အင်မတန် ရချင်နေတဲ့ နအဖဟာ ရှေ့ပြေးစမ်းသပ်မှုအတွက် (၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူ-၂၃၅ ကိုပဲ (ဥသျှစ်သီးလောက်ဖြစ်ဖြစ်) အရင်ဆုံး ရသလောက်လုပ်မှာ သေချာပါတယ်။
နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ (IAEA) က နျူကလီးယား ပစ္စည်း နည်းနည်းပါးပါးကို နိုင်ငံတွေမှာ ထားခွင့် ပေးထားပါတယ်။ အဲဒီ သတ်မှတ်ချက်ထက် ကျော်ရင် IAEA ကို သတင်းပို့ရမှာ ဖြစ်ပါတယ်။ သတင်းမပို့ဘဲ လက်ဝယ်ထားနိုင်တဲ့ ပမာဏတွေက သဘာဝ ယူရေနီယမ် (၁၀) တန်အောက်၊ (၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် (၁.၁၁) ကီလိုအောက်၊ (၂၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် (၅) ကီလိုအောက်၊ ပလူတိုနီယမ် (၁) ကီလိုအောက် ဖြစ်ပါတယ်။ သတင်းမပို့ဘဲ ဒီထက် ကျော်ပြီးထားရင် IAEA က ကိုင်မှာဖြစ်ပါတယ်။ နျူကလီးယားဗုံး လုပ်နိုင်တဲ့ (၉၀) ရာခိုင်နှုန်း သန့်စင် ယူ-၂၃၅ အမျိုးအစား ယူရေနီယမ် (၁) ကီလိုရဖို့ သဘာဝ ယူရေနီယမ် အရိုင်း (၁) တန် လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် IAEA က မြန်မာနိုင်ငံကို ကိုင်မယ့် အန္တရာယ်ထက် ပိုစိုးရိမ်ဖို့ကောင်းတဲ့ ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ်၊ မတော်တဆ ပေါက်ကွဲမှုဖြစ်မယ့် အန္တရာယ်တွေကို တပ်မတော်သားတွေနဲ့ ပြည်သူတွေ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင် နေရပါပြီ။ သဘာဝ ဓာတ်ရောင်ခြည် ပမာဏဟာ လူတွေအပေါ် တနှစ်ကို (၃၀၀) မီလီရင်မ် ကျရောက်နေပြီး လူလုပ်ပစ္စည်းတွေက ထွက်တဲ့ ဓာတ်ရောင်ခြည်က တနှစ်ကို (၆၀-၇၀) မီလီရင်မ် ကျနော်တို့အပေါ် ရိုက်ခတ်ပါတယ်။ အမေရိကန် ပြည်ထောင်စု နျူကလီးယား ထိန်းချုပ်ရေး ကော်မရှင်က နျူကလီးယား အလုပ်သမား တယောက်ဟာ တနှစ်မှာ မီလီရင်မ် (၅,၀၀၀) ထက် ပိုမထိတွေ့ဖို့ ပြဋ္ဌာန်း ထားပါတယ်။ ဟီရိုရှီးမား အနုမြူဗုံး ကွဲတုန်းက ဓာတ်ရောင်ခြည် မီလီရင်မ် (၇) သိန်းကျော် ထွက်ခဲ့ပါတယ်။ ရုရှားနိုင်ငံ ချာနိုဘိုင်လ် ဓာတ်ပေါင်းဖို ပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ပမာဏ မီလီရင်မ် (၈) သောင်းက (၁) သန်းခွဲထိ ထွက်ခဲ့လို့ လူ (၂၈) ယောက် သုံးလမပြည့်ခင် သေသွားခဲ့ပါတယ်။ ဓာတ်ရောင်ခြည် မီလီရင်မ် (၃) သိန်းခွဲက (၅) သိန်းအထိ မိနစ်ပိုင်းလောက် ထိတွေ့ခဲ့သူဟာ တလအတွင်း သေဖို့ (၅၀) ရာခိုင်နှုန်း သေချာပါတယ်။ မီလီရင်မ် (၁) သောင်းဝန်းကျင် ရေရှည် ထိတွေ့နေရသူတွေဟာ (၅) နှစ်က အနှစ် (၂၀) အကြာမှာ ကင်ဆာ ဖြစ်လာနိုင်ပါတယ်။ မီလီရင်မ် (၅) သောင်းကျော်ထိရင် ကင်ဆာဖြစ်ဖို့ သေချာပါပြီ။ အပြင်ကလာတဲ့ ဓာတ်ရောင်ခြည် ပမာဏနည်းလို့ မထိခိုက်နိုင် ပေမယ့်လည်း အစာထဲမှာ ပါသွားလို့ ခန္ဓာကိုယ်ထဲ ဝင်သွားရင် ထိခိုက်နိုင်တာမျိုးလည်း ရှိပါတယ်။
နအဖရဲ့ နျူကလီးယားစီမံကိန်း နေရာတွေက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင်၊ တောင်ကြီး၊ ဆော၊ စေတုတ္တရာ၊ ပွင့်ဖြူတို့ ဖြစ်ပါတယ်။ စစ်အုပ်စု အဆက်ဆက် သမိုင်းတလျှောက်မှာ လုပ်ရည်ကိုင် ရည်ညံ့ဖျင်းလှပြီး ငစနူကျလှတဲ့ မဆလ-နဝတ-နအဖဟာ ဒီနေရာတွေမှာ ဓာတ်ရောင်ခြည် ကာကွယ်ရေး၊ မတော်တဆ ပေါက်ကွဲမှု ကာကွယ်ရေးတွေ ဘယ်လောက် အာမခံချက် ပေးနိုင်ပါသလဲ။ အခုလို တနေရာနဲ့ တနေရာ ဝေးလံလှတဲ့ စက်ရုံတွေဆီ ယူရေနီယမ် ဓာတ်ပစ္စည်းတွေကို စုတ်ပြတ်ညံ့ဖျင်းလှတဲ့ ကားလမ်း၊ ရထားလမ်း၊ ရေလမ်း၊ လေလမ်းတွေပေါ် စုတ်ပြတ်ညံ့ဖျင်းလှတဲ့ ယာဉ်တွေနဲ့ အသိပညာ နိမ့်ကျအားနည်းသူတွေက သယ်ယူ ပို့ဆောင်ရာမှာ ဘယ်လောက် အန္တရာယ်ကင်း စိတ်ချရမလဲ။
ဓာတ်ရောင်ခြည်တိုင်းတဲ့ ဂိုင်ဂါကောင်တာ Geiger Counter စက်တလုံးကို ဒေါ်လာ (၃၀၀) ပေးရပါတယ်။ ဒါတွေကို မြန်မာပြည်မှာ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပေးထားသလဲ။ အပျော့စား ဓာတ်ရောင်ခြည်ကာ ဝတ်စုံတစုံကို ဒေါ်လာ (၁,၀၀၀) ဝန်းကျင် ဈေးရှိပြီး အပြင်းစား ဓာတ်ရောင်ခြည်ကာ ဝတ်စုံတစုံကို ဒေါ်လာ (၁၀,၀၀၀) အထက် ပေးရပါတယ်။ နအဖက ဘယ်နှစ်စုံ ဝယ်ထားသလဲ။ နျူကလီးယား လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆောက်အဦတွေ ဓာတ်ခွဲခန်းတွေကရော မတော်တဆ ပေါက်ကွဲမှု ဓာတ်ရောင်ခြည် ယိုစိမ့်မှုတွေကို ခံနိုင်ရည်ရှိအောင် ဒေါ်လာ သိန်းချီတန်တဲ့ အကာအရံတွေ၊ အင်ဆူလေတာတွေ၊ သတိပေးစနစ်တွေ ဘယ်လောက်အထိ တပ်ဆင်ထားသလဲ။
တိုင်းပြည်နဲ့လူမျိုးအတွက် ကင်ဆာအဖြစ်ခံကြဆိုပြီး ကျောက်ခေတ် စဉ်းစားနည်းနဲ့တော့ (၂၁) ရာစုမှာ အလုပ် မဖြစ်ပါဘူး။ အဲသလို ဆိုရင်တော့ တပ်ချုပ်ကြီး အိမ်တော်နဲ့ ကြပ်ပြေးမြို့တော်ကို သပိတ်ကျဉ်း နျူကလီးယား စက်ရုံဘေး အရင်ရွှေ့လာခဲ့ပါ။ ငရဲပြည်ရဲ့ တံခါးဝကို ရောက်ဖို့ သန့်စင်ပြီး ယူရေနီယမ် (၅၂) ကီလိုပဲ လိုပါတယ်။ ။
Ref: ခေတ်ပြိုင်
Sunday, June 27, 2010
ဒေါ်စုရဲ့ရွေးကောက်ပွဲ ပြောဆိုချက်အပေါ် စစ်အစိုးရသတိပေး
ကိုကျော်အောင်လွင်
သောကြာ, 25 ဇွန် 2010
မဲမပေးဘဲ နေနိုင်တာဟာလည်း နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေး တရပ်ပဲလို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောပြချက်ကို သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းက အပြင်မှာ ပြန်ပြောပြခဲ့တာနဲ့ ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်တွေက ဦးဉာဏ်ဝင်းကို ဒီကနေ့မှာ ခေါ်ယူပြီး သတိပေးခဲ့ပါတယ်။ ဒီလို သတိပေးတာဟာ တရားနည်းလမ်း မကျဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။
နေအိမ်မှာ အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံခွင့်ရတဲ့ ဦးဉာဏ်ဝင်းကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းတော့ ဦးဉာဏ်ဝင်းက အခုလို စပြောပြပါတယ်။
“ပြီးခဲ့တဲ့အပတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ အရ မဲဆန္ဒရှင်က မဲပေးခွင့်ကို ဒါ သူရဲ့ ရိုက်စ် (အခွင့်အရေး)ပဲ။ အလားတူပဲ မဲမပေးတာလည်း သူ့ရဲ့ ရိုက် (အခွင့်အရေး) ပဲလို့ ပြောခဲ့တယ်။ ကျနော်လည်း ဒီအတိုင်းပဲ ပြန်ပြောခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူက ကျနော့်ကို ခေါ်ယူ သတိပေး ပါတယ်။ သူတို့ခွင့်ပြုတာက ကျနော်တို့ အမှုကိစ္စ၊ ဒါတွေ မပါဘူးပေါ့။ ဒီလိုပြောတာတွေကိုလည်း သတိပေးတယ်လို့ ကျနော့်ကို ပြောတယ်။ ကျနော်လည်း ဒီနေ့ရောက်သွားတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒါကို ပြောပြတယ်။ ပြောပြတော့ ဒေါ်အောင်ဆန်းစုကြည်က ဟာ-ဒီဥစ္စာက တရားနည်းလမ်း မကျဘူး၊ ဒီဥစ္စာဟာ ဥပဒေ ပညာပေးတဲ့ အလုပ်၊ ဥပဒေ ပညာမှာ ဘယ်လိုရှိတယ် ဆိုတာကို ကျမ ပြောတာပဲတဲ့။ ဒီအလုပ်ဟာ အစိုးရမှာတောင် ပိုပြီးတော့ တာဝန်ရှိတယ်တဲ့။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာတွေကို တရားဥပဒေ အရ ဥပဒေ အချက်အလက် ရှာပြီးတော့ ပြန်ပြီးတော့ စာနဲ့ ရေးသားတင်ပြနိုင်ဖို့ စာတမ်းပြုစုပါ ဆိုပြီးတော့ ကျနော့်ကို ခိုင်းလိုက်ပါတယ်။”
“အာဏာပိုင်က ဆရာ့ကို သတိပေးတယ်ဆိုတာက ရွေးကောက်ပွဲမှာ မဲမပေးခွင့် ဆိုတာဟာလည်း ကိုယ့်ရဲ့အခွင့်အရေးပဲဆိုတဲ့ ကိစ္စကို ပြောလို့ သတိပေးတာလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စ မဟုတ်တာတွေပြောလို့ သတိပေးတာလား။ ဘာကို သတိပေးတာလည်း ခင်ဗျ။”
“နှစ်ချက်စလုံးပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့ အထဲမှာ ဘာပါလည်း ဆိုတော့ ရှေ့နေနဲ့ အမှုသည်နဲ့ တွေ့ဆုံ စကားပြောတဲ့ နေရာမှာ ဘယ်စကားကို မပြောရဘူး ဆိုတာမျိုး ဘယ်ဥပဒေမှာမှ မရှိဘူးတဲ့။ ဒါတွေကို သေသေချာချာ လေ့လာပြီး စာတမ်း ပြုစုဖို့ ကျနော့်ကို မှာကြားလိုက်ပါတယ်။”
“ဆရာ့ကို သတိပေးလိုက်တယ်ဆိုတာ တားမြစ်ချက်ထုတ်တာလား၊ ဘယ်လိုသဘောပါလည်း ခင်ဗျ။”
“တားမြစ်ချက် ထုတ်တယ်လို့ ပြောရင်လည်း ရတယ်။ တားမြစ်တယ်ဆိုတဲ့ စကားလုံးတော့ မပါဘူး။ ယူဆရင်တော့ ရပါတယ်။”
“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဉာဏ်ဝင်းတို့ သွားတွေ့တာက ဘာကိစ္စပါလည်း ခင်ဗျ။”
“ဒေါ်အောင်ဆန်းစုကြည်ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေတဲ့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိရော သူတို့အတွက် အထူး အယူခံဝင်ခွင့် ကျနော်တို့ လျှောက်ထား ခဲ့တယ်လေ။ အဲဒီလျှောက်ထားတဲ့ဟာ ရက်တွေရလာတော့ မကြာခင် ပေါ်လာ နိုင်တယ်ပေါ့။ အဲဒါကြောင့် အဲဒီအမှုအတွက် လျှောက်လဲချက် မူကြမ်းကို အတည်ပြုဖို့ ကျနော်တို့ သွားကြတာပါ။ အခု အတည်လည်း ပြုခဲ့ပြီးပါပြီ”
“ဒီအမှုကိစ္စအတွက်လည်း ထူးခြားတဲ့ တိုးတက်မှုတွေ ရှိမလာဘူး။ အဆင့်တခုတခု သွားရဖို့အတွက် အချိန်တော်တော် ယူရတယ်။ ဒါဟာ ပုံမှန်ပဲလား၊ ပုံမှန်ထက်ပိုပြီးတော့ ကြာနေတာလားခင်ဗျ။”
“ကျနော့်အတွေ့အကြုံအရ ဒီလို အချိန်ကြာနေတာဟာ ပုံမှန်မဟုတ်ဘူးလို့ ကျနော်တော့ အဲဒီလိုပဲ ယူဆတယ်။ ဒိပြင် အမှုတွေဆိုရင် ဒီလောက်ဆိုရင် အမှု ရက်ချိန်း ပေါ်လောက်ပြီ။ အခုတော့ ကြန့်ကြာနေတယ်လို့ ကျနော်တော့ အဲသလို မြင်ပါတယ်။”
“ဟုတ်ကဲ့။ အခု ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမှုအတွက် အထူးအယူခံ တင်ဖို့ကို အတည်ပြုချက် ပေးလိုက်ပြီ။ ဆိုတော့ နောက်တဆင့်က ဘာပါလဲခင်ဗျ”
“အထူးအယူခံဆိုတာ နောက်ဆုံးအဆင့်ပေါ့ဗျာ။ တရားဥပဒေ လမ်းကြောင်းကတော့၊ နှစ်ဆင့်ရှိပါတယ်။ ပထမ အဆင့်ကတော့ လက်ခံရေး လက်မခံရေး၊ လက်မခံဘူးဆိုရင် ကျနော်တို့ ရှုံးတယ်ပေါ့ဗျာ၊ လက်ခံခဲ့လို့ရှိရင် ful bench စုံညီခုံရုံး ကျနော်တို့ ရှိပါတယ်။ စုံညီခုံရုံးက နေပြည်တော်မှာပဲ ထိုင်ပါတယ်။ လက်ခံလိုက်ရင် ကျနော်တို့ စုံညီခုံရုံးအထိ သွားပြီး လျှောက်လဲချက် ပေးရမှာပါ။”
“ဆိုတော့ အဲဒီခုံရုံးမှာ သွားပြီး လျှောက်လဲချက် ပေးတယ် ဆိုတာက ဆုံးဖြတ်ချက်ချဖို့ အတွက်လားခင်ဗျ။”
“ဟုတ်ပါတယ်။”
“အဲဒီဆုံးဖြတ်ချက်က ဆက်ဖမ်းထားမယ်၊ လွှတ်ပေးမယ် အဲလို အဖြေလားခင်ဗျ။”
“များသောအားဖြင့် အဲဒီအဖြေပဲ။ ဒါပေမဲ့ အကြမ်းဖျဉ်း ဒီလို သိပ်ပြောလို့တော့ မရဘူး။ အမျိုးမျိုး ဖြစ်နိုင်တယ်။ သို့သော် များသောအားဖြင့် ၉၉ ရာခိုင်နှုန်းကတော့ ရက်စ် အော် နိုး ပါပဲ။”
“ဟုတ်ကဲ့ ခင်ဗျ၊ ဒါဆိုရင်တော့ နောက်ဆုံးအဆင့်နဲ့ နီးလာပြီဆိုတဲ့ သဘောပေါ့။”
“ဒီလို ပြောရင် ရပါတယ်။”
Ref: VOA News
ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ရေး စက်မှုထိပ်သီးတွေ တိုက်တွန်း
စနေ, 26 ဇွန် 2010
G-8 စက်မှုထိပ်သီး ၈ နိုင်ငံခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တိုက်တွန်း လိုက်ကြပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး လွှတ်ပေးပါလို့ မနေ့က စနေနေ့က ကျင်းပပြီးစီးခဲ့တဲ့ စက်မှုထိပ်သီး ၈ နိုင်ငံ G-8 ညီလာခံမှာ ခေါင်းဆောင်တွေက တိုက်တွန်း တောင်းဆို လိုက်ကြတာပါ။ စစ်အစိုးရအနေနဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံပြီး အနှစ်သာရ ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ကြပါလို့လည်း တိုက်တွန်း လိုက်ပါတယ်။
တောင်ကိုရီးယားရေတပ် ချိုနမ်စစ်သင်္ဘောကို မြောက်ကိုရီးယားက နှစ်မြုပ်ခဲ့တာကို ပြစ်တင် ရှုတ်ချတာက အစ အီရန်က လူ့အခွင့်အရေး လေးစား လိုက်နာရေးနဲ့ တရားဥပဒေ စိုးမိုးရေး အဆုံး စက်မှုထိပ်သီးတွေက တောင်းဆို လိုက်ကြပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မြောက်ဘက် Muskoka အပန်းဖြေစခန်းမှာ ကျင်းပခဲ့တဲ့ စက်မှု ၈ နိုင်ငံ ထိပ်သီး ညီလာခံ ဆုံးဖြတ်ချက် မူကြမ်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ရည်ရွယ်ချက်ကို နားလည်ခံယူထားတဲ့ အတိုင်း အခြေခံကျကျ ပိုပြီး စည်းလုံး ညီညွတ်စွာနဲ့ ဆွေးနွေး နိုင်ခဲ့ကြတဲ့ ဒီလို အစည်းအဝေးမျိုးကို သူဘယ်တုံးကမှ မတက်ရောက်ခဲ့ဘူးကြောင်း အိမ်ရှင် ကနေဒါဝန်ကြီးချုပ် Stephen Harper က ပြောပါတယ်။ ဒီစည်းလုံး ညီညွတ်မှု စိတ်ဓါတ်ကို စနေနေ့ ညနေပိုင်းမှာ စတင်မယ့် G-20 စက်မှုနိုင်ငံ ၂၀ ထိပ်သီး ညီလာခံကို သယ်ဆောင် သွားစေလိုတယ်လို့ Mr. Harper က အလေးအနက် ပြောဆိုလိုက်ပါတယ်။
Ref: VOA News
အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်
ဇာနည်မာန်
Saturday, June 26, 2010
Share/Save/Bookmark အင်းလေးကန် ယခုနှစ် နွေရာသီ အတွင်း ရေခန်းမှုနှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်း ဌာနများက မေးမြန်းလျှင် မဖြေကြားရန် ၀န်ထမ်းများကို အာဏာပိုင်များက ညွှန်ကြား ထားကြောင်း သိရသည်။
ကန်ရေ ခမ်းခြောက်သည့် သတင်းနှင့် ဓာတ်ပုံများ ပြည်တွင်း ဂျာနယ်များနှင့် သတင်းဌာန များတွင် ပါလာသည့် နောက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူမှ ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဟိုတယ်ခရီး သတင်း ရပ်ကွက်က ဆိုသည်။
“ဂျာနယ် တွေက မေးရင် မပြောရဘူး။ ဧည့်သည် တွေကိုလည်း ဒါတွေ ပြောခွင့် မရှိပါဘူး။ ဒု ၀န်ကြီးက ညွှန်ကြား ထားတယ်လို့ ပြောတယ်။ စာထွက် မထွက်တော့ မသိဘူး။ ဒီမှာကတော့ လူကြီးတွေကနေ ပြန်ပြောတာ ပေါ့နော်”ဟု ညောင်ရွှေမြို့မှ ဟိုတယ်ခရီး ၀န်ထမ်း တဦးက ပြောသည်။
တောင်ကြီးမြို့နှင့် ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးရုံး အပါအ၀င် စိုက်ပျိုးရေးရုံးများ၊ ဆည်မြောင်းဦးစီးဌာနရုံး၊ မိုးလေ၀သနှင့် ဇလဗေဒရုံးများ၊ သစ်တောဦးစီးဌာန လက်အောက်ရှိ ရုံးများသို့လည်း အလားတူ ညွှန်ကြားထားမှုများ ရှိကြောင်း ၀န်ထမ်းများကဆိုသည်။
ပြီးခဲ့သည့် နွေရာသီကာလအတွင်းက အပူချိန်မြင့်မားမှုနှင့် မုတ်သုန်အ၀င်နောက်ကျခြင်းတို့ကြောင့် နိုင်ငံတ၀န်း မိုးခေါင် ရေရှားမှုများဖြစ်ပေါ်ခဲ့ပြီး အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရား ၀န်းကျင်ဒေသများတွင် ရေခန်းခြောက်မှုများ ဆိုးဝါးစွာ ဖြစ်ပေါ်ခြင်းကို ပြည်တွင်းဂျာနယ်များနှင့် ပြည်ပသတင်းဌာနများက ဖော်ပြခဲ့ကြသည်။
ရန်ကုန်အခြေစိုက် သတင်းသမားတဦးကလည်း “သူတို့ကို မေးတော့ သူတို့က ဒါနဲ့ပတ်သက်ပြီး ပြောခွင့်မရှိဘူး။ အထက် က ညွှန်ကြားထားပါတယ်ပဲပြောတယ်။ သိချင်ရင် နေပြည်တော်ကို ဆက်သွယ်ရမယ်ပေါ့နော်။ အဲ့ဒီလိုမျိုးပြောကြတယ်”ဟု ပြောပြသည်။
လက်ရှိအခြေအနေတွင် အင်းလေးကန်နှင့် ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ပညာပေး လုပ်ဆောင်နေမှုများ ကို ပြည်တွင်းသတင်းဂျာနယ်များက တင်ပြလျက်ရှိရာ စာပေစိစစ်ရေးမှ ဖြတ်တောက်မှုများလည်း ရှိနေသည်ဟု ပြည်တွင်း သတင်းထောက်များက ပြောဆိုကြသည်။
“သတင်းတွေနဲ့ ဆောင်းပါးတချို့တွေမှာ ပါတဲ့ အင်းလေးကန် ခန်းခြောက်မှု impact (အကျိုးဆက်)တွေပေါ့နော်။ အဲ့ဒါတွေ ကို တော်တော်များများ ဖြတ်ပစ်တာ တွေ့ရတယ်။ ပညာပေး ဆောင်းပါးတွေမျိုးဆို ဒါတွေမပါလာတော့ အနှစ်သာရမရှိ တော့ဘူး ပေါ့”ဟု ဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။
လက်ရှိအချိန်တွင် မိုးရွာသွန်းမှုများ ရှိလာသောကြောင့် အင်းလေးကန်တွင်း ရေခန်းခြောက်သည့် အရပ်များတွင် ရေတချို့ ပြန်ဝင်လာပြီဟု ဒေသခံများကဆိုသည်။
“ရေက ပြန်ဝင်ပြီဆိုပေမယ့် နည်းသေးတာပေါ့။ နိုင်ငံခြားသား ဧည့်သည်တွေရော ဘုရားဖူးတွေရော လာနေတာ ဒါတွေက မြင်နေရတာပဲလေ။ ဖုံးထားလို့မှ မရတာ။ နိုင်ငံခြားသားမေးရင်တော့ ဘယ်လိုဖြစ်တယ်ဆိုတာ ရှင်းပြနေရတာပဲ ဒါကို မပြော ရဘူးဆိုတော့ မပြောလို့မှ မရတာနော်”ဟု ဒေသခံ ဧည့်လမ်းညွှန်တဦးက ပြောသည်။
အင်းလေးကန် ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ဆောင်နေသူတဦးကလည်း“ကိုယ့်ဒေသမှာ ဘယ်လိုတွေ ဖြစ်နေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်မှ၊ တင်ပြနိုင်မှ အများပြည်သူကလည်း သူတို့ လုပ်သင့်တာတွေကိုသိနိုင်မယ်၊ ပညာပေးတာတွေ ထိရောက်နိုင်မှာပေါ့။ ဒါတွေကို လိုက်ပိတ်ပင်နေရင် လုပ်နေတာတွေ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး”ဟု ထောက်ပြဝေဖန်သွားသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော အင်းလေးကန်သည် ကျွန်းမျောစိုက်ခင်းများ၊ ရေပေါ်ဈေး၊ ဖောင်တော်ဦးဘုရား၊ လှေကို ခြေဖြင့်လှော်သော အင်းသူအင်းသားများ၊ ရေကန်တွင်း တည်ဆောက်ထားသော ခြေတံရှည်အိမ်များ စသည့် စိတ်ဝင်စားဖွယ်ရာများဖြင့် နိုင်ငံခြားသား ခရီးသွားများအပြင် ပြည်တွင်း ဘုရားဖူးများကိုပါ ဆွဲဆောင်နိုင်သည့် အထင်ကရ နေရာ ဒေသတခုဖြစ်သည်။
Ref: ဧရာဝတီ်