Monday, June 07, 2010
ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အေးမြင့်သည် ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။
လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ဦးဆောင် ကျင်းပသော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် ထိပ်သီး ဆွေးနွေးပွဲကို ဇွန် ၄ ရက်မှ ၆ ရက်နေ့ အထိ စင်ကာပူ နိုင်ငံတွင် ကျင်းပခဲ့သည်။
ပြည်ပသို့ တိမ်းရှောင် လာသော ဗိုလ်မှူး စိုင်းသိန်းဝင်းက ရာနှင့်ချီသော ထိပ်တန်း လျှို့ဝှက်ချက် စာရွက် စာတမ်းနှင့် ဓာတ်ပုံ အထောက် အထားများကို နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အယ်လ်ဂျာ ဇီးယားသတင်းဌာနတို့ ပူးပေါင်း ထုတ်လွှင့်သည့် သတင်း မှတ်တမ်းမှ တဆင့် ယခုရက်ပိုင်းအတွင်း ထုတ်ဖော် လိုက်သောကြောင့် စစ်အစိုးရ၏ နျူကလီးယား လျှို့ဝှက် စီမံကိန်း နိုင်ငံတကာသို့ ပေါက်ကြားခဲ့သည်။
အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ ဆွေးနွေးရန်အတွက် ကာကွယ်ရေး ၀န်ကြီးများ၊ လုံခြုံရေး ကျွမ်းကျင် သူများနှင့် ပညာရှင်များက ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
ယခုနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ဂ်သို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်တပ် အကြီး အကဲများ၊ လုံခြုံရေး ဆိုင်မရာ မူဝါဒ ချမှတ်သူများ တက်ရောက်သော်လည်း စစ်အစိုးရဘက်မှ စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမြင့်သာ တက်ရောက်သည်။
ယမန်နှစ်များက ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အေးမြင့် တက်ရောက်လေ့ ရှိသော်လည်း ယခုနှစ်အတွက် အမည်စာရင်း ပေးထားပြီးမှ မတက်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်အစိုးရ၏ နျူကလီးယား ပိုင်ဆိုင်ရန် ကြိုးပမ်းမှု အထောက်အထားတချို့ ပေါ်ထွက်လာခြင်းကြောင့် မြန်မာ နျူကလီးယား အရေးနှင့် ပတ်သက်၍ ယင်း အစည်းအဝေးတွင် မေးမြန်းမှုများ ခံရနိုင်သည့် အတွက် မတက်ရောက်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။
ရန်ကုန် အခြေစိုက် ၀ါရင့် နိုင်ငံရေးသမား သခင်ချန်ထွန်းက “တယောက်ယောက်က သူ့ကို အဲဒီအကြောင်း မေးရင် သူက တခုခု ပြောရတော့မယ်။ ဒါကြောင့် သူမတက်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
ယခုနှစ်ဆွေးနွေးပွဲ ပထမနေ့တွင် မြောက်ကိုရီးယားက ပစ်ခတ် နှစ်မြှုပ်ခဲ့သော တောင်ကိုရီးယား စစ်သင်္ဘောနှင့် ပတ်သက်၍ အထူးတလည် ဆွေးနွေးခဲ့ကြသည်။ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ယင်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ တဆင့် မြောက်ကိုရီးယားကို အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
မစ္စတာ လီမြောင်ဘတ်က ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်ကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လန်ဒန်တက္ကသိုလ် စီးပွားပညာနှင့် နိုင်ငံရေး သိပ္ပံကျောင်း (LSE) မှ နိုင်ငံတကာ မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာ သုတေသီ ဒေါက်တာ ဇာနည်က ဆိုသည်။
သို့သော်လည်း မြောက်ကိုရီးယားနိုင်ငံက မြန်မာပြည်အပေါ် ဒုံးကျည်နှင့် နျူကလီးယားဆိုင်ရာ နည်းပညာများ အထောက် အပံ့ ပေးနေခြင်းကို ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ယခင်လက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။
မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် AP သတင်း တရပ်တွင် ရေးသား ထားသည်။
Ref: ဧရာဝတီ်
Tuesday, June 8, 2010
လုံခြုံရေး ဆွေးနွေးပွဲ မြန်မာ ဗိုလ်ချုပ် မတက်
စစ်အစိုးရ၏ နျူကလီးယားလက်နက် စီမံကိန်းပေါက်ကြား
NEJ / ၀၇ ဇွန် ၂၀၁၀
မြန်မာနိုင်ငံ၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေး စီမံချက်များကို ဖော်ထုတ်သည့် သတင်းမှတ်တမ်း တခု ပေါက်ကြား ခဲ့ပြီးသည့်နောက် မြန်မာ စစ်အစိုးရသည် နျူကလီးယား နည်းပညာကို ရရှိရန် အားထုတ်နေသည် ဆိုသည့်အချက်မှာ ထင်ရှားကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင် ဧဂျင်စီ ( IAEA) မှ ညွှန်ကြားရေးမှူးဟောင်း ရောဘတ်ကယ်လီက ထုတ်ဖော် ပြောကြားလိုက်သည်။
အဆိုပါ သတင်းမှတ်တမ်းကို နော်ဝေးနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗွီဘီက (၅) နှစ်ကြာ စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ် ခဲ့ပြီးသည့်နောက် ပြီးခဲ့သည့် သောကြာနေ့ ဇွန် (၄) ရက်တွင် အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။
စုံစမ်းထောက်လှမ်းမှုများအတွက် အရေးပါသည့် အထောက်အထား စာရွက်စာတမ်းများ၊ ရောင်စုံဓာတ်ပုံများကို မြန်မာ စစ်တပ်မှ နျူးကလီးယား တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်းက ဒီဗွီဘီအား ပေးအပ်ကာ ဖော်ထုတ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြိုင်မြို့ နျူကလီးယား စီမံကိန်းစက်ရုံတွင် ဒုတိယတာဝန်ခံ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဒုံးလက်နက် ကျွမ်းကျင်သူ မြန်မာ စစ်အင်ဂျင်နီယာ တဦးဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့သူဖြစ်သည်။
၎င်းက ဒီဗွီဘီသို့ ဆက်သွယ်ပြီး ပေးပို့ထားသည့် အထောက်အထား အချက်အလက် မှတ်တမ်းများအရ မြန်မာ စစ်တပ်သည် ဒုံးလက်နက် စီမံကိန်းများ အတွက် ရုရှထံမှ လေ့ကျင့် သင်ယူနေသော အထောက်အထား များကိုလည်း ဖော်ထုတ် ပေးနိုင်ခဲ့သည်။
“သူတို့ တကယ်လိုချင်နေတာ နျူကလီးယားဗုံးပဲ။ ဒါဟာ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ” ဟု စိုင်းသိန်းဝင်း၏ ပြောကြားချက်ကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားတွင် လွှင့်ထုတ်ခဲ့သည်။
အဆိုပါ အချက်အလက်မှတ်တမ်းများအား ဒီဗွီဘီနှင့်အတူ ပူးပေါင်းကာ လေ့လာခဲ့သည့် ရောဘတ်ကယ်လီ ကလည်း မြန်မာ စစ်အစိုးရ၏ နျူကလီးယား လက်နက်များ ထုတ်လုပ်မှု အကြောင်းကို အထူးဆောင်းပါး တစောင် ရေးသား ဖော်ထုတ် လိုက်ခြင်းဖြစ်သည်။
အဆိုပါဆောင်းပါးတွင် ဒုံးပျံနှင့် နျူကလီးယားစီမံကိန်းများအတွက် နမူနာစက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည့် ဗိုလ်မှူးစိုင်းသိန်းဝင်းက မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ နျူကလီးယား တပ်ရင်း၏ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း၊ နျူကလီးယား သန့်စင်စက်ရုံများ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဓာတ်ပုံများနှင့်တကွ ပြသ ပြောဆိုခဲ့သည်ဟု မစ္စတာ ကယ်လီက တင်ပြထားသည်။
ထို့အပြင် ဗိုလ်မှူးစိုင်းသိန်းဝင်းပြသသည့် ဓာတ်ပုံများအရ စစ်အစိုးရသည် နျူးကလီးယားဗုံး လုပ်ရာတွင် လိုအပ်သော ယူရေနီယမ် သတ္တု ပြုလုပ်ရန် ကြိုးစားနေကြောင်း အခိုင်အမာ သိရှိရပြီး ယင်းအချက်သည် လက်နက်များ ပြုလုပ်ရာတွင်သာ အသုံးဝင်သော နျူကလီးယား နည်းပညာကို ရရှိရန် အားထုတ်နေသည် ဆိုသည့်အချက်ကို ထင်ရှားစေသည်ဟု ၎င်းကဆိုသည်။
“စစ်အစိုးရက ပလူတိုနီယမ်ကို နျူကလီးယားဗုံး ပြုလုပ်နိုင်ဖို့ nuclear reactor တခု တည်ဆောက်နေတဲ့ အကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းကို ပြောပြပါတယ်တဲ့” ဟု မစ္စတာကယ်လီက ဆောင်းပါးတွင် ကိုးကားဖော်ပြထားသည်။
မြန်မာစစ်အစိုးရသည် ယူရေနီယမ်များ တူးဖော်နေခြင်း၊ တူးဖော်ရရှိသည့် ယူရေနီယမ်များကို reactor နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ ပြောင်းလဲနေခြင်း၊ နျူကလီးယား ဗုံးလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင် စက်ရုံများကို တည်ဆောက်ရန် ကြိုးစားနေခြင်း တို့ကိုလည်း ဗိုလ်မှူး စိုင်းသိန်းဝင်း၏ အထောက်အထားများ အရ တွေ့ရှိရသည်ဟု ဆက်လက် ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေသည် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သော အဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်ရန် လုံလောက်သော အစွမ်း မရှိသေးဟု ဒီဗွီဘီ၏ အတိုင်ပင်ခံအဖွဲ့များက ယူဆခဲ့ကြောင်း၊ သို့သော် ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် အခြားရရှိသော အချက်အလက်များအရ စစ်အစိုးရသည် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်သည် အထိ ရည်မှန်းထားပြီး ယင်းအတွက် အရင်းအမြစ်များ တိုးချဲ့ သုံးစွဲနေသည်မှာ ထင်ရှားကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာအနုမြူစွမ်းအင် ဧဂျင်စီ (IAEA) နှင့် ၁၉၉၅ ခုနှစ်တွင် နျူကလီးယား လက်နက်များ ရရှိရေး မကြိုးပမ်းပါ ဟူသော အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်း သဘောတူညီချက်ကို လက်မှတ်ရေးထိုး ထားသော်လည်း ဗိုလ်မှူးစိုင်းသိန်းဝင်း ယူဆောင်လာသည့် အထောက်အထားများအရ မြန်မာ စစ်အစိုးရ၏ လုပ်ဆောင်ချက်များသည် IAEA နှင့် သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်သည်ဟုလည်း မစ္စတာကယ်လီက တင်ပြထားသည်။
Ref: ခေတ်ပြိုင်
ကွမ်းခြံကုန်းဓားပြမှု လူ ၄ ဦးကို ရဲက ဖမ်းဆီး
ညိမ်းသူ
သောကြာနေ့၊ ဇွန်လ ၀၄ ရက် ၂၀၁၀ ခုနှစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ လူ ၃ ဦးသေဆုံးခဲ့သော ကွမ်းခြံကုန်း ဒရယ်လူးကျေးရွာ ဓားပြမှုကျူးလွန်သူဟု သံသယဖြင့် လူ ၄ ဦးကို ဖမ်းဆီး ထားကြောင်း ရဲက ပြောသည်။
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့မှ ၁၄ မိုင်ဝေးသော ဒရယ်လူးကျေးရွာ ဒေါ်သိန်းမြင့် နေအိမ်တွင် မေလ ၁၆ ရက်နေ့က ဓားပြတိုက်မှုဖြင့် ကော့မှူးမြို့နယ် ထန်းတပင်ရွာနေ ဦးဆန်း (အသက် ၅၉ နှစ်)၊ သထုံမြို့ ညောင်ကုန်းလေးရွာ ဇာတိသား ဦးသောင်းလွင် (ခ) ဦးဆေးလုံး၊ ဦးအေးလွင် (ခ) ဦးမြင့်ကျော်နှင့် ဦးခင်မောင်ဝင်း (ခ) ဦးမောင်ဝင်းတို့ကို ဖမ်းမိထားသည်ဟု သောကြာနေ့က ရန်ကုန် ရဲချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောသည်။
ရွာသားများကို လက်ပစ်ဗုံး၊ သေနတ်တို့ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သော ဦးအေးသန်းကတော့ လွတ်မြောက်နေဆဲ ဖြစ်သည်ဟု ဆိုသည်။
ဓားပြများက တပ်မ ၇၇ ခြေမြန်တပ်ရင်းတံဆိပ်ပါ စစ်ဝတ်စုံများ ဝတ်ဆင်ထားခဲ့သည်ဟု ရဲက ပြောသည်။ သတင်းစာ ရှင်းလင်းပွဲတွင် သိမ်းဆည်း ရမိသော အေကေ ၄၇ သေနတ်ကိုလည်း ပြသထားသည်။
”ဒီိလို စစ်ယူနီဖောင်းဝတ်လုပ်ရင် တပ်မတော်ဘက်ကို လမ်းကြောင်းပြောင်းသွားပြီး သူတို့လုပ်ရပ်ကို ခြေရာခံဖို့ ခက်မယ်လို့ ယူဆပြီး ဝတ်ကြတာ” ဟု ရဲချုပ်က ပြောသည်။
အခင်းဖြစ်ပွားအပြီး ၃ ရက်အကြာ ယခင်က ဓားပြမှုတခုဖြင့် ထောင်ကျဖူးသူ ဦးဆန်းကို ဖမ်းမိရာက ဆက်လက် ဖမ်းနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဦးသောင်းလွင်၊ ဦးအေးလွင်တို့မှာ ယခင်က ဓားပြမှုနှင့် လူသတ်မှုတို့ အသီးသီး ကျူးလွန်ဖူး၍ နှစ်ရှည် ထောင်ကျဖူးသူများလည်း ဖြစ်သည်။
ညအချိန် ဓားပြမှုတိုက်မှုတွင် လူ ၂ ဦးပွဲချင်းပြီး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ နောက်ပိုင်းတွင် ဒဏ်ရာရရှိသူများအနက် ၁ ဦး ထပ်မံ သေဆုံးခဲ့သည်။
ဓားပြ ၅ ဦးက စစ်သားများ စစ်ဆေးရန် ဟန်ဆောင်ပြီး အိမ်ခြံတွင်း ဝင်ရောက်ကာ စာရင်းငှား ကိုသာကျော်နှင့် ကိုဖိုးထူးကို ကြိုးတုတ်ကာ အိမ်ရှင်ဒေါ်သိန်းမြင့်ထံမှ ငွေတောင်းစဉ် ကိုဖိုးထူး လွတ်မြောက် ထွက်ပြေးသွားပြီး ”ဓားပြ၊ ဓားပြ” ဟု အော်ဟစ်၍ ရွာသား ၃ဝ ခန့် အခင်းဖြစ်အိမ်နားသို့ ရောက်လာပြီး ခဲများ၊ လေးခွများဖြင့် ဝိုင်းဝန်းပတ်ခတ်ရာ ဓားပြများက သေနတ်ဖြင့် ပြန်လည် ပစ်သည်ဟု ရဲက ပြောသည်။
ဓားပြများက အိမ်နောက်ဘက် ခြံစည်းရိုးမှတဆင့် ဖောက်ထွက်ပြီး ရွာလယ်လမ်းမ အရောက် ရွာသားများက လိုက်ပါ လာပြန်သည်ကို တွေ့ရာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးသွားရာ သေဆုံး ဒဏ်ရာရမှု ဖြစ်သွားခဲ့သည်။
Ref: မဇ္ဈိမ
ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသူ အများစုမှာ မြန်မာများဖြစ်
ဥဆာ ဖိချိုင်း | စနေနေ့၊ ဇွန်လ ၀၅ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသူ အများဆုံးမှာ မြန်မာ လုပ်သားများဖြစ်ပြီး ထိုင်းနိုင်ငံ၏ တနေ့တခြား ကြီးထွား ကျယ်ပြန့်လာသော ငါးဖမ်း လုပ်ငန်းတွင် အလုပ်သမားများ ပြတ်လပ် နေခြင်းကလည်း လူကုန်ကူးမှု ပြဿနာကို ပိုမို ဆိုးရွား စေခဲ့သည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောဆိုကြသည်။
အမေရိကန် ပြည်ထောင်စု၏ သတ်မှတ်ချက်အရ ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရမှု အခြေအနေများသည် စိုးရိမ်စရာ ဖြစ်နေပြီး ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း ပိုမို များပြားလာခဲ့သည်ဟု အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ယက် ဒါရိုက်တာ Sompong Sakaew က မဇ္ဈိမကို ပြောသည်။ ဤ NGO အဖွဲ့အစည်းသည် ဘန်ကောက်မြို့ တောင်ဘက်ရှိ ထိုင်းနိုင်ငံ၏ ပင်လယ်ကွေ့ ငါးဖမ်းလုပ်ငန်းနှင့် ဆားထုတ်လုပ်မှု လုပ်ငန်းများ အဓိက လုပ်ကိုင်ရာ စမတ်ဆခွန် Samut Sakhon တွင် အခြေစိုက်သည်။
“အကြီးမားဆုံး ပြဿနာကတော့ ငါးဖမ်းလုပ်ငန်းတွေမှာပါ။ မြန်မာအလုပ်သမားတွေဟာ အလှည့်ဖြား ခံရပြီးတော့ အခက်အခဲ အပင်ပန်းဆုံးနဲ့ အကြာရှည်ဆုံး အလုပ်တွေကို အတင်းအကျပ် လုပ်ခိုင်းတာ ခံနေရပါတယ်” ဟု Sompong Sakaew က ပြောသည်။
မကြာသေးခင်က ခန့်မှန်းချက်များအရ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား အရေအတွက်မှာ ၃ သန်းကျော် ရှိနေပြီး ၎င်းတို့အနက် တရားဝင် မှတ်ပုံ တင်ထားသော အလုပ်သမား အရေအတွက်မှာ ၇ သိန်းခန့်သာ ရှိသည်။ ရွှေ့ပြောင်း အလုပ်သမား အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်ကြသည်။
ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်အများစုမှာ အလုပ်သမားများအား တရားဝင်ခန့်ရန် စိတ်ပါဝင်စားမှု လျော့နည်းနေကြပြီး လုပ်ငန်းရှင် အများစုမှာ ဥပဒေကို ဆန့်ကျင်ကာ ဈေးပေါသော တရားမဝင် အလုပ်သမားများကိုသာ ခန့်ထားလေ့ရှိကြသည်။
“ထိုင်းနိုင်ငံရဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းမှာ လူကုန်ကူးမှု ပြဿနာတွေ ရှိနေတာကို မဖြေရှင်းနိုင်ခဲ့ရင် ထိုင်းနိုင်ငံရဲ့ ပင်လယ် အစားအစာတွေဟာ နိုင်ငံတကာရဲ့ သပိတ်မှောက်မှု ခံရစရာ ရှိပါတယ်” ဟု Sompong Sakaew က သတိပေးခဲ့သည်။
ဘန်ကောက်မြို့ရှိ လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ဖောင်ဒေးရှင်း၏ အဆိုအရ ယခုနှစ်တွင် လူကုန်ကူးခံရသည့် အမှုပေါင်း ၁၃၈ ခုအထိ ဖောင်ဒေးရှင်းသို့ တိုင်ကြားခဲ့ပြီး ထိုနှုန်းထားသည် ပြီးခဲ့သည့်နှစ်ကထက် ၃ ဆမျှ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသတင်း ထုတ်ပြန်ချက်အား ဇွန်လ ၃ ရက်နေ့က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြို သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်လည်း လူကုန်ကူးမှု အခြေအနေများသည် ဆိုးရွားလျက်ပင် ရှိနေသည်။ မြန်မာနိုင်ငံ မဲဆောက်မြို့မှ မြန်မာ အမျိုးသား လူငယ်များသည် လိမ်လည် လှည့်ဖြားခံရကာ ချင်းမိုင်မြို့တွင် ရိုတီ ရောင်းနေရသည့် အဖြစ်မျိုး ရှိနေပြီး လူကုန်ကူးမှု ကျူးလွန်သူများသည် မြန်မာ ကလေးငယ်များအား ဖြားယောင်းကာ ထိုင်းနိုင်ငံတွင် အလုပ် လုပ်ခိုင်းရုံမျှမက နောက်ပိုင်းတွင် ထိုကလေးငယ်များအား ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ မြို့များတွင် ပန်းများ လှည့်လည် ရောင်းချခိုင်းသည်လည်း ရှိနေသည်ဟု ချင်းမိုင်မြို့ရှိ ထိုင်းနိုင်ငံမြောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ မန်နေဂျာ Duan Wongsa က ပြောကြားခဲ့သည်။
“သိပ်တောင် မကြာသေးဘူး၊ လူကုန်ကူးတဲ့သူတွေက Tak ပြည်နယ်က နယ်စပ်တလျှောက်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေက ကလေးငယ်တွေကို ထိုင်းနိုင်ငံ အတွင်းပိုင်းက ပြည်နယ်တွေကို ပို့ပြီးတော့ အလုပ် လုပ်ခိုင်းကြတယ်။ ကလေးတွေကို အရမ်းနည်းတဲ့ မဖြစ်စလောက် လစာလေးတွေနဲ့ အိမ်ဖော် လုပ်ခိုင်းကြတယ်” ဟု သူမက ဆက်ပြောခဲ့သည်။
လူကုန်ကူးမှု တိုက်ဖျက်ရေး ကြေးမုံ ဖောင်ဒေးရှင်းမှ အကြီးအကဲ Ekkalak Lumchomkae က ထိုင်းနိုင်ငံမှာ လူကုန်ကူးမှု အခြေအနေသည် စိုးရိမ်စရာကောင်းသည့် အကျပ်အတည်း အခြေအနေကို ဆိုက်ရောက်နေပြီး အဆိုးဆုံးမှာ ငါးဖမ်းလုပ်ငန်း နယ်ပယ်တွင် ဖြစ်သည်ဟု မဇ္ဈိမကို ပြောခဲ့သည်။
GreenFacts.org ဝက်ဘ်ဆိုဒ်က ၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံအား ငါးနှင့် ရေထွက်ကုန် ပစ္စည်းများ တတိယ အများဆုံး တင်ပို့သော နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားများ ပြတ်လပ်လျက် ရှိနေပြီး ခန့်မှန်းချက် တခုအရ အလုပ်သမား တသောင်းကျော် လိုအပ်လျက် ရှိနေသည်။ ထိုကဲ့သို့ အလုပ်သမား ပြတ်လပ် ရှားပါးမှုသည် လူကုန်ကူး သူများအတွက် ဈေးချိုချိုနှင့် အလုပ်သမားများ ရှာဖွေပေးစရာ လုပ်ကွက်တခုကို ဖြစ်ထွန်းစေခဲ့သည်။
“ကွင်းဆင်းလေ့လာမှုတွေအရ လူကုန်ကူးသူတွေရဲ့ နောက်မှာ နိုင်ငံရေး သမားတချို့နဲ့ အရာရှိတချို့ ရှိနေပြီး လူကုန်ကူး သူတွေကို အကာအကွယ် ပေးနေပါတယ်။ အဲဒီတော့ ဥပဒေတွေဟာ ထိရောက်မှုမရှိ ဖြစ်ကုန်ပြီး အရာရှိတွေကလည်း ဥပဒေကို လျစ်လျူရှု နေကြပါတယ်” ဟု Ekkalak က ဆိုခဲ့သည်။
လူကုန်ကူးခံရသူများ လုပ်ကိုင်နေရသည့် အခြားလုပ်ငန်းများမှာ ပြည့်တန်ဆာ လုပ်ငန်း၊ တောင်းစားသည့် လုပ်ငန်းနှင့် ပန်းရောင်းသည့် လုပ်ငန်းများ ဖြစ်ပြီး အခြေအနေများမှာ ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်များက ကဲ့သို့ပင် တိုးတက်မှု မရှိသေးဟု ကြေးမုံ ဖောင်ဒေးရှင်း၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် ရရန်အတွက် လူပွဲစားများသို့ ပေးရသည့် ငွေကြေး ပမာဏမှာလည်း ပိုများလာပြီး မကြာသေးခင်က ပေါက်ဈေးအရဆိုလျှင် ဘတ် ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၀ ခန့်) မှ ဘတ် ၂၅၀၀၀ အထိ ရှိနေပြီး ပြီးခဲ့သည့် နှစ်က လူပွဲစားများ တောင်းဆိုသည့် နှုန်းထက် ၂ ဆနီးပါး မြင့်တက်နေသည်။ အလုပ်သမား အများစုမှာ ထိုငွေကို ပြန်ဆပ် နိုင်ရေးအတွက် အနည်းဆုံး တနှစ်ခန့် ယူရလေ့ရှိသည်ဟု Ekkalak က ပြောသည်။
Ekkalak က ဆက်လက်ပြောရာတွင် ထိုင်းရဲများသည် သံသယရှိသော စက်ရုံများအား အလစ်ဝင်ရောက် စစ်ဆေးခြင်း အားဖြင့် မြန်မာ လူကုန်ကူးသူ အနည်းစုကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ကွယ်မှ ကြိုးကိုင်နေသူများကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိဟု ပြောခဲ့သည်။ “ဒေသတွင်းက ရဲတွေဟာ အဓိက ကျသူတွေကို ကျတော့ ၂၀၀၈ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး အတိုင်း အရေးယူဖို့ ဝန်လေး နေကြပြီးတော့ သိပ်အဓိက မကျတဲ့ လူတွေကိုပဲ အရေး ယူနေကြပါတယ်” ဟု ပြောခဲ့သည်။
ထိုဖောင်ဒေးရှင်းမှ လူကုန်ကူးမှု ပြဿနာ ဆိုးဆိုးရွားရွားဖြစ်နေသော ပင်လယ်နှင့် ထိစပ်နေသည့် Songkhla၊ Chonburi၊ Samut Sakhon နှင့် Samut Prakan ပြည်နယ်များအား နာမည်ပျက် စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။
မဲဆောက်မြို့မှ ၁၄ နှစ် အရွယ်ရှိ မူဆလင် ကလေးမလေး တဦးသည် ဘန်ကောက်မြို့တွင် ပန်းလှည့်လည် ရောင်းချရန် ဖြားယောင်းခြင်း ခံခဲ့ရပြီး သူမ အလုပ်လုပ်ခဲ့သည့် ၂ နှစ်စာ အတွက် သူမ၏ အလုပ်ရှင်ထံမှ လခ မရခဲ့ဟု ပြောသည်။
“သူတို့က အမေ့ကို သမီးရဲ့ လုပ်အားခတွေ ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ အမေလည်း တကယ် မရဘူး။ သမီး ပန်းရောင်းလို့ ပိုက်ဆံ သိပ်မရတဲ့ အခါမျိုးဆို ခေါင်းကိုလည်း ရိုက်တယ်” ဟု ဆယ်ကျော်သက်အရွယ် ကလေးမလေးက ပြောခဲ့သည်။
သူမသည် အိမ်နီးချင်းများ အကူအညီဖြင့် အဓမ္မခိုင်းစေသူ အလုပ်ရှင် လက်ထဲမှ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး မဲဆောက်မြို့သို့ ပြန်လာခဲ့သည်။ မြန်မာနိုင်ငံနှင့် နယ်စပ် မဲဆောက်မြို့၊ ထိုင်းနိုင်ငံ အနောက်တောင် ကမ်းရိုးတန်းရှိ နယ်စပ် ရနောင်းမြို့နှင့် မြောက်ပိုင်းရှိ ချင်းရိုင်ဒေသ တို့သည် လူကုန်ကူးသူများ ကျက်စားသော နေရာများ ဖြစ်ကြသည်။
ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဝန်ကြီး Issara Somchai က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည် လူကုန်ကူးမှု တိုက်ဖျက်ရေး ကင်ပိန်း ဖွင့်ပွဲတွင် လူကုန်ကူးမှုများသည် ရှုပ်ထွေးသော အနေအထားများ ဖြစ်လာနေသည်ဟု ပြောခဲ့သည်။
လူကုန်ကူးမှု ကွန်ယက်များသည် ကလေးငယ်များနှင့် လူငယ်များ၏ ပိုမိုတိုးတက်လိုသော ဘဝကို ရရှိလိုသည့် စိတ်ဆန္ဒ အခြေအနေကို အသုံးချ မက်လုံးပေးကာ ၎င်းတို့အား အန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့လျက်ရှိနေသည်ဟု ထိုင်းနိုင်ငံ ပြည်သူ့ ဆက်ဆံရေးဌာန ဝက်ဘ်ဆိုဒ်၏ သောကြာနေ့က ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံ၏ ပထမဆုံးသော လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေသည် ၂၀၀၈ ခုနှစ် ဇွန်လတွင် စတင်ချမှတ်ခဲ့ကာ တစစ ကြီးထွား လာနေသည့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ခဲ့သည်။ ထိုဥပဒေအရ တရားမဝင် အလုပ်ခန့်ထားမှု၊ တရားမဝင် လူကုန်ကူး ခေါ်ဆောင်သွားမှု၊ လူပွဲစားများမှ အလုပ်သမားများအား တရားမဝင် လွှဲပြောင်းရောင်းချမှု၊ ခြိမ်းခြောက်ကာ အလုပ်ခိုင်းစေမှု၊ ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အလုပ်အတင်းအကျပ် ခိုင်းစေမှု စသည့် လူကုန်ကူးမှု ပုံစံမျိုးစုံအား တားမြစ်ထားသည်။
ထိုဥပဒေအရ လူကုန်ကူးခံရသူများအား ပြည့်တန်ဆာ လုပ်ငန်းများတွင် ခိုင်းစေခြင်း၊ အပြာစာအုပ် အပြာဗီဒီယို စသည့် ရာဂစိတ် ဖြစ်စေရန် ရည်ရွယ်သည့် အရာများ ဖြန့်ချိရန်အတွက် လူကုန်ကူးခံရသူ အမျိုးသမီးများအား အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သော လုပ်ငန်းများတွင် အသုံးချခြင်း၊ ကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အတင်းအကျပ် တောင်းစားခိုင်းကာ တောင်း၍ရသည့် ပိုက်ဆံများအား ခေါင်းပုံဖြတ်ခြင်း၊ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများအား ရောင်းချရန်အတွက် အကျပ်ကိုင်ခြင်းတို့နှင့် လူကုန်ကူးကာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု ပုံစံမျိုးစုံအား တင်းကျပ်စွာ တားမြစ်ထားသည်။
သို့သော် လူအခွင့်အရေး လှုပ်ရှားသူများက ပြဿနာ ပြေလည်မှုသည် ဥပဒေပြဋ္ဌာန်းရုံနှင့် မလုံလောက်ဘဲ ထိုဥပဒေကို လိုက်နာ အသုံးချကြမှ သာလျှင် ပြဿနာများ လျော့နည်းသွား လိမ့်မည်ဟု ထောက်ပြခဲ့ကြသည်။ ဒေသဆိုင်ရာ ရဲများသည် လက်နက်များ ကိုင်ဆောင်ထားလေ့ ရှိသည့် သို့မဟုတ် လူမှုရေး အရှိန်အဝါ သြဇာကြီးသည့် လူကုန်ကူးသူများအား ဖမ်းဆီး အရေးယူရန် စိတ်မပါဘဲ ဖြစ်နေကြကာ ဥပဒေမှ ပြဋ္ဌာန်းထားသလောက် အရေးယူမှုများ မပြုလုပ်ဘဲ အဖြစ်သဘောခန့်သာ ဆောင်ရွက် အရေးယူနေကြသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုကြသည်။
Ref: မဇ္ဈိမ
Saturday, June 5, 2010
ကမ္ဘာနှစ်ခု ကြားက ရတနာနတ်မယ်
May 2, 2010
မကြာသေးခင်က ထွက်တဲ့ သြစတြေးလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် 27 မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့ စာတပုဒ်ကို ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာပေးတဲ့ လင့်တွေက တဆင့် ဖတ်လိုက်မိတယ်။
အဲဒီ ဂျာနယ်လေးက တခါထုတ်ရင် ခေါင်းစဉ် Theme တခု အောက်မှာ ဝိုင်းရေး ကြတာမျိုးလေးပါ။ အဲဒီ အမှတ်စဉ် ၂၇ ကလည်း food အစားအစာ အကြောင်းပါ။ တော်ရုံဆိုလည်း အဲဒီ ခေါင်းစဉ် အောက်မှာ ကိုယ်တို့လို လူတွေ အတွက် ဒီ လောက် စိတ်ဝင်စားစရာ ကောင်းမယ့် စာမျိုး ပါလာမယ်လို့ ထင်စရာ အကြောင်း သိပ်မရှိဘူးလေ။ တွေ့မယ့် တွေ့လိုက် တော့ ဗမာလူမျိုးတွေ အတော် စိတ်ဝင်စားတဲ့ အမျိုးသမီး တယောက် အကြောင်း ဖြစ်နေတယ်။
မင်းဆွေ မင်းမျိုး ကုန်းဘောင်ဆက်လည်းဖြစ်၊ ပုံပြင် ဆန်ဆန် လျှို့ဝှက် သည်းဖို ဆန်ဆန်၊ နားစွန် နားဖျား ကြား ခဲ့ရဖူးတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းကြီးရဲ့ ဇနီးဟောင်း တယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ရတနာနတ်မယ်ရဲ့ တပိုင်း တစ ပုံ ရိပ် တချို့ကို သူမရဲ့ အီတာလျံ တက်စကန်နီ တောစာ ပုံစံ ကျွေးမွေး တည်ခင်းတဲ့ နေ့လည်စာ ဝိုင်းလေး တခုမှာ နောက် ခံထားပြီး ရေးထားတာပါ။

ရတနာနတ်မယ်
အဲဒီ စာလေးကို စိတ်ဝင်တစား ဖတ်ရင်း တချို့ အချက်လေးတွေကို ရွေးပြီး ဝေမျှချင်စိတ် ဖြစ်လာ မိတယ်။ ဝေမျှ ချင်တယ် ဆိုတာလည်း ဘာအကျိုးပြု၊ ဘာဝါဒ ဖြန့်မှ မဟုတ်ဘူး ဆိုတာ ရှင်းပါတယ်။ လူ့သဘာဝ ဒီလို အကြောင်းလေး တွေကို သိချင် စိတ်ဝင်စားတာ မဆန်းလို့မို့ ဗမာပြည်က စာအုပ်တွေမှာ မောင်သန်းဆွေ (ထားဝယ်) ရေးတဲ့ မင်းဆွေ မင်း မျိုးတွေ အကြောင်း စိတ်ဝင်တစား လိုက်ဖတ်ရသလိုမျိုးပဲ ဆိုပါတော့လေ။
ဒီဆောင်းပါး အရတော့ ဆောင်းပါးရှင် ကိုယ်တိုင်က ရောမကနေ တဆင့် အီတလီရဲ့ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်တဲ့ Florence မှာ နေထိုင်တဲ့ Ms June Rose Bellamy ခေါ် ရတနာနတ်မယ် ရဲ့ Associazione Culturale Arte e Gastronomia Orientale လို့ ဆိုင်းဘုတ် ချိတ်ဆွဲထားတဲ့ အိမ်လေးကို အလည်အပတ် ရောက်သွားပုံနဲ့ စ ထားပါ တယ်။ သူ့ ဆောင်းပါးလေးက အီတာလျံ အစားအသောက် အကြောင်းလေးတွေ သူမ ချက်ပုံ ပြုတ်ပုံလေးတွေ တပိုဒ်၊ သူမ ရဲ့နောက်ခံ ဇာတ်ကြောင်းလေးတွေ တပိုဒ်နဲ့ တကယ့် ပြဇာတ်ဆန်ဆန်လေး ရေးထားတာပါ။ အဲဒီ အထဲမှာမှ သူမ ကိုယ် တိုင် ဖွင့်ဟပြောပြတဲ့ တချို့ စကားလေးတွေဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။
တကယ်တော့ ဗမာ့သမိုင်းမှာ ခေတ်မီသူ၊ ပြုပြင်ပြောင်းလဲလိုသူလို့ လူသိများ ထင်ရှားတဲ့ ကနောင်မင်းသားကြီးရဲ့ မြစ် တော်တယောက် အနေနဲ့တင် သူမဘဝက စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါပြီ။ အင်ဂလို ကပြား ဖြစ်တာ၊ ချောတာလှတာ ခေတ်ဆန်တာ နောက်ဆုံး ဗမာပြည်က နာမယ်ကျော် အာဏာရှင်ကြီးနဲ့ လက်ထပ် လိုက်တာ ဆိုတဲ့ အချက်တွေကတော့ ထပ်ဆင့်ပိုကဲပြီး ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားရတော့တာပါပဲ။
သူတို့ မိသားစုရဲ့ အရွယ် အပိုင်းအခြား ပုံရိပ်တွေကို တွက်ချက် ခန့်မှန်းကြည့်တော့ သူမရဲ့ မိခင် လင်းပင် မင်းသားကြီးရဲ့ သမီးတော် ထိပ်တင် မလတ်က အသက် ၃၄ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးတယ်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန် တယောက်နဲ့ လက်ထပ်တယ်၊ သားလေး ၂ယောက် ရတယ် စသဖြင့် အရွယ်တွေ အရိပ်တွေကို အရင် ပုံဖော်ကြည့်မိ တယ်။
ဧည့်သည်အတွက် ချက်ပြုတ်၊ စကားလက်ဆုံကြရင်း နံရံမှာ ချိတ်ဆွဲထားတဲ့ နန်းဆန်ဆန် ဝတ်စုံတွေနဲ့ အဘိုးအဘွား မိ သားစုပုံတွေကနေ သူမရဲ့ နောက်ခံ ဘဝတွေ၊ သူမ အဖေအကြောင်းတွေကို စိတ်ပါ လက်ပါ ပြောပြနေတဲ့ ရတနာ နတ် မယ်ဟာ သူမအတွက် အိမ်မက်ဆိုး ဖြစ်ခဲ့တဲ့ ဦးနေဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ သိပ်အများကြီး ပြောချင်ပုံ မရဘူးလို့ ဆိုထားတယ်။
အဲဒီ အချက်တွေထဲမှာမှ သူမ ရဲ့ အမေထိပ်တင်မလတ်ဟာ ဖခင် ဖြစ်သူ လင်းပင် မင်းသားကြီး ပြည်ပြေးဘဝနဲ့ အိန္ဒိယမှာ နေထိုင်ခဲ့ကြတဲ့အခိုက် အထက်တန်းလွှာ အသိုင်းအဝိုင်းနဲ့ ဝင်ဆံ့ခဲ့ပြီး (အရှေ့တိုင်း တိဗက် တောင်တန်း နိုင်ငံ တခုဆီက) အိမ်ရှေ့ မင်းသားတပါးနဲ့ စေ့စပ် ကြောင်းလမ်းတဲ့ အထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ လက်ထပ်ပွဲ မတိုင်ခင် ရက်အနည်းငယ် အလိုလေးမှာ မင်းသား အဆိပ်ခတ် ခံခဲ့ရလို့ လွဲခဲ့ရတဲ့ အကြောင်းလေးကလည်း လွမ်း သလိုလို ဆန်းသလိုလို။
ဖတ်နေရင်း မျက်လုံး ကျယ်သွားပြန်တာက သူမရဲ့အဖေ ငယ်စဉ်က ကြီးပွားရာ ကြီးပွားကြောင်း သြစတြေးလျတိုက် တကြော ခြေဆန့်ရင်း Kalgoorlie ရွှေတောအထိ ရောက်ခဲ့ ငွေရှာခဲ့တယ် ဆိုတဲ့ စာကြောင်းလေးပါ ။
( စကားချပ် ---- Kalgoorlie ဆိုတာ မြို့တော်နဲ့ အတော်လှမ်းတဲ့ လက်ရှိ ကိုယ်နေထိုင်နေတဲ့ ရွှေတွင်း မြို့ကလေး တခု မို့ပါ။ လွန်ခဲ့တဲ့နှစ် ၁ဝဝ ကျော်လောက်က ရွှေကြောကြီးတွေ အကြီးအကျယ် ပေါ်လို့ တကမ္ဘာလုံးက လူတွေ ရွှေလာရှာခဲ့တဲ့ နေရာတခု ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ကမ္ဘာ့တောင်ခြမ်းမှာ အကြီးဆုံး ရွှေတွင်းကြီး ရှိနေလေရဲ့)
အဲဒီမှာ မစ္စတာ ဘယ်လာမီ တယောက် အသက်ကြီးမှရတဲ့ သမီးလေးကို သူငယ်ငယ်က ကြီးပြင်းခဲ့တဲ့ သြစတြေးလျ တိုက်ကြီးရဲ့ ရေမြေ သဘာဝတွေအကြောင်း ကာဂူးလီဆိုတဲ့ ရွှေတွင်းမြို့လေးက ထူးဆန်းလှတဲ့ အဖြူရောင် ကတ္တဝါကြီး တွေ အကြောင်း၊ မြန်မာပြည်က ကြက်တူရွေး အစိမ်းလေးတွေနဲ့ ယှဉ်ပြီး ပြောပြနေတဲ့ ပုံကိုလည်း မြင်ယောင် ကြည့်မိ တယ်။
နောက်တော့ ဒုတိယ ကမ္ဘာစစ်ဖြစ် ဂျပန် ဝင်လာတဲ့အခါ သူတို့မိသားစု အိန္ဒိယကို စစ်ပြေးတဲ့ အကြောင်းတွေ သာသနာ ပြုကျောင်း ဆရာမတွေက သွေးနှော ကလေးမလေးကို နှိမ်ပုံ၊ အရက်ခွဲ ပုံတွေ၊ ပြန်ရွဲ့လို့ ကျောင်းက အထုတ်ခံရပုံတွေ။ ဂျပန်တွေ ပြန်ထွက်သွားတော့ ၁၄ နှစ် သမီး မှာ မိသားစုလိုက် ဗမာပြည် ပြန်လာကြပြီး မေမြို့မှာ အခြေချ နေထိုင်တာတွေ စတဲ့ အကြောင်းတွေကို တခြား စာအုပ်တွေထဲက အချက်အလက်တွေနဲ့ အစီစဉ်တကျ တွဲစပ်ပြီး တင်ပြထားပုံက စာရေးသူ ဟာ June Rose တည်ခင်းတဲ့ အထူး စပါယ်ရှယ် ယုန်သဲချေ အစာသွပ်ဟင်းထက် သူမ အကြောင်းတွေကိုသာ စိတ်ဝင် စားနေခဲ့လို့သာပေါ့။
သူမရဲ့ ယောက်ျားဆန်ပုံ သွက်လက်ချက်ခြာပုံ အကြောင်း မိသားစုပိုင် ကားစုတ်ကလေးကို ကိုယ်တိုင် အင်ဂျင်နှိုးပုံကို မြင် ခဲ့ရတဲ့ မိသားစု မိတ်ဆွေ တယောက်ရဲ့ မှတ်တမ်း အပိုင်းအစလေး ကိုလည်း ထည့်ရေးထားသေးတယ်။ နောက်တခါ ဗမာ ပြည်မှာ စစ်ပြီးခေတ်က ဟိုးလေး တကြော် စိတ်ဝင်စားခဲ့ကြတဲ့ Purple Plain ရုပ်ရှင်မှာ ဟောလိဝုဒ် မင်းသား ဂရေဂရီပတ် နဲ့ တွဲဖက် သရုပ်ဆောင်ဖို့ ဦးစွာ သဘောတူခဲ့သူ ဖြစ်ကြောင်းလည်း သိလိုက်ရတယ်။ အဲဒီ မှာ ဗမာ့ ယဉ်ကျေးမှုနဲ့ မလျော် တဲ့ ထုတ်လုပ်သူဘက်က တောင်းဆိုချက်တွေကြောင့် သူမဘက်က ဖျက်သိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီ နောက်မှသာ ဝင်း မင်းသန်းနဲ့ သဘောတူပြီး ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးခဲ့တာ ဖြစ်ပါလိမ့်မယ်။
နောက်တော့ အီတာလျံ လူမျိုး WHO ဝန်ထမ်း ဆရာဝန်နဲ့ အိမ်ထောင်ကျရင်း လွတ်လပ်ရေး ရခါစ မြန်မာ့ နိုင်ငံရေး မငြိမ်မသက် လှိုင်းတွေကြား ကွန်မြူနစ်တွေက သူ့ အမျိုးသားကို ပြန်ပေး ဆွဲသွားပုံကိုလည်း ပြန်ပြောင်း ပြောပြထား သေး တယ်။ ပြန်ပေးသမား ကွန်မြူနစ်တွေဟာ ခေတ်ပညာတက် ကျောင်းသားဟောင်းတွေ ဖြစ်တာ၊ သူတို့ မိသားစုကို ကောင်း ကောင်း မွန်မွန် ရှင်းပြဆက်ဆံခဲ့တာ၊ နောက်တော့ သူ့ အမျိုးသား ပြန်လွတ်လာတဲ့နောက် မြန်မာ အစိုးရကလည်း သူတို့ ကို နိုင်ငံက ခွာဖို့ အကြံပေးတာကြောင့် သူ့အမျိုးသား တာဝန်ကျရာ နိုင်ငံရပ်ခြားတွေမှာ လိုက်ပါ နေထိုင်ရင်း အီတလီမှာ အခြေချ ခဲ့ကြတယ်။
ဦးနေဝင်းနဲ့ ဇာတ်လမ်း စခဲ့ပုံကိုတော့ ခပ်ပါးပါးလေးပဲ ပြောပြထားတယ်။ သူ့ အမျိုးသားနဲ့ ကွာရှင်း ပြတ်စဲလိုက်ပြီး သား လေး ၂ ယောက် နဲ့ အတူ အီတလီမှာပဲ နေထိုင်နေတဲ့ တလျှောက် ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်း လက်ထက်မှာ မြန် မာပြည်ဟာ အထီးကျန် ဆန်လာတာ ဆင်းရဲလာတာ တွေကို မျက်ခြေမပြတ် သိမြင်နေခဲ့ပြီး သူ့ဖခင် မေမြို့မှာ ဆုံးတော့ လည်း ခဏတဖြုတ် ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တခေါက် သူ့ မိခင် နာမကျန်း ဖြစ်တဲ့ အချိန်မှာတော့ မြန်မာသံရုံးက ဗီဇာ ထုတ်မပေးတော့ဘူး။ အဲဒီမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးနေဝင်းရဲ့ဇနီး ကစ်တီ ဘသန်းနဲ့ အထက်တန်းလွှာ အသိုင်း အဝိုင်း တကြော ရင်းနှီးခဲ့ဖူးတဲ့ အလျောက် ဦးနေဝင်းဆီကို သံကြိုးရိုက် အကူအညီ တောင်းရာကနေ အဆက်အသွယ် ရခဲ့ ပြီး သိပ်မကြာခင် ၁၉၇၆ မှာ လက်ထပ်လိုက်ကြတယ်။ အဲဒီ လက်ထပ်ပွဲက ခပ်ရိုးရိုးသာ ဖြစ်ခဲ့ကြောင်းကိုလည်း ‘It was not one of those lavish things’ လို့ သူမက ဆိုတယ်။
ဦးနေဝင်းက ဘာကြောင့် ရတနာ နတ်မယ်ကို လက်ထပ်ခဲ့သလဲ၊ ရတနာနတ်မယ်လို့ အသိများတဲ့ June Rose ကလည်း ဘာကြောင့် ဦးနေဝင်း ရဲ့ လက်ထပ်ခွင့်ကို လွယ်လွယ် ကူကူ လက်ခံခဲ့သလဲ ဆိုတာ ကာယကံရှင်များသာ အကြောင်းမှန် ကို သိနိုင်မယ် ဖြစ်ပေမယ့် ဒီဆောင်းပါးလေးထဲက သူမရဲ့ စကား တချို့ကတော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့တာ အမှန် ပါပဲ။ ဘယ်သူ့ကိုမှ တိုင်တည်ခြင်း မရှိတဲ့ မေးခွန်း ဆန်ဆန် အဖြေ မပါတဲ့ စကားတချို့က ရည်မှန်းထားတာတွေကို ကျမ ဆောင် ရွက်နိုင်ခဲ့သလား၊ တခုခု ပြီးမြောက်ခဲ့သလား တဲ့။
အဲဒီအကြောင်းတွေ ရောက်လာတဲ့ အခါမှာတော့ စိတ်လှုပ်ရှားနေဟန် ရှိတဲ့ June Rose ဟာ နေ့လယ်စာ တည်ခင်းခဲ့တဲ့ ပန်းကန်တွေကို ပန်းကန်ဆေးကန်ထဲ အသံ မြည်အောင် ထည့်လိုက်တယ်။ ဝိုင် အစား ဘီယာတလုံးကို ဆွဲယူလိုက်ရင်း “ဗမာလူမျိုးတွေ ပါးစပ်ဖျားမှာ ချိုချဉ် တခုလို တမြုံ့မြုံ့နဲ့ ပြောကောင်းနေခဲ့မယ့် သူ့ ဇာတ်လမ်း” ကို ရယ်သွမ်းသွေး လိုက် သေးတယ်။
လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေး တော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ် ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။
နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင် မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ် တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။
၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။
“ဦးနေဝင်း နဲ့ ရက် ၁ဝဝ” ဆိုတဲ့ စာအုပ်ဟာ အဲဒီခေတ် သံတမန် လောကမှာ တီးတိုး ရေပန်းစားခဲ့ပေမယ့် အဲဒီ နေ့လယ်မှာ တော့ မိဘ ဘိုးဘွားတွေနဲ့ ကြီးပြင်းခဲ့တဲ့ အကြောင်းတွေက လွဲရင် အာဏာရှင်ကြီးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရေးဖို့ စိတ်ကူး မရှိပါဘူးလို့ သူမက ငြင်းဆို ခဲ့တယ်။
လတ်တလောမှာ အီတာလျံနဲ့ အရှေ့တိုင်း အစားအစာ အချက်အပြုတ် သင်တန်းကျောင်းကို ဖွင့်လှစ် ထားပြီး မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန်အလည် ရောက်ခဲ့သေး တယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သူမရဲ့ ဧည့်ခန်းမှာ တခမ်းတနား ချိတ်ဆွဲထားတဲ့ အဖြူ အမည်း မိသားစုပုံတွေရဲ့ ဘေးက မြန်မာပြည်ကျေးရွာ တခုက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတခုရဲ့ ရောင်စုံ ဓာတ်ပုံနဲ့ ဆက်စပ် ကြည့်ရင်း တချိန်က ရတနာနတ်မယ် ဆိုတဲ့ ကနောင်မင်းရဲ့ မြစ်တော် အသက် ၇၇ နှစ် အရွယ် အမျိုး သမီးကြီး အကြောင်း တွေးနေမိပါတယ်။ ။
Original article : Between Two Worlds
Ref: မကေဘလော့
Friday, June 4, 2010
နအဖစစ်အုပ်စုကို တရားစွဲခြင်း
နအဖစစ်အုပ်စုကို တရားစွဲ အရေးယူဖို့နဲ့ပတ်သက်ပြီး သဘောတရားအရ ကြည့်ရင်တော့ အဓိက နည်းလမ်း (၆) မျိုး ရှိနေပါတယ်။ အဲဒါတွေကတော့ …
(၁) နိုင်ငံတကာတရားရုံး ICJ ကနေ မလိုက်နာလို့မရတဲ့ စီရင်ချက် ချစေခြင်း၊
(၂) နိုင်ငံတကာတရားရုံး ICJ ကနေ သဘောထားအကြံပြုချက် ချစေခြင်း၊
(၃) နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေ စီရင်ချက် ချစေခြင်း၊
(၄) အရေးပေါ် သီးသန့်ခုံရုံးတည်ထောင်ပြီး မလိုက်နာလို့မရတဲ့ စီရင်ချက် ချစေခြင်း၊
(၅) ပြည်ပနိုင်ငံတခုရဲ့တရားရုံးတခုကနေ စီရင်ချက် ချစေခြင်း၊
(၆) မြန်မာနိုင်ငံတွင်း တရားရုံးတခုကနေ စီရင်ချက် ချစေခြင်းတို့ ဖြစ်ပါတယ်။
ပထမနည်းလမ်း (၅) ခုက နိုင်ငံတကာတရားရေးလမ်းကြောင်းတွေ ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်း တခု သို့မဟုတ် တခြား နိုင်ငံ တနိုင်ငံကနေ အစချီရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ နောက်ဆုံး နည်းလမ်းကတော့ ကိုယ့်ပြည်တွင်း တရားရုံးတွေမှာပဲ ကိုယ့်အစိုးရကို နိုင်ငံတကာ သဘောတူညီချက် ဖောက်ဖျက်မှု သို့မဟုတ် နိုင်ငံ့ ဥပဒေ ချိုးဖောက်မှုနဲ့ တရား ပြန်စွဲဖို့ဖြစ်ပြီး အလားအလာ မရှိဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။
၁။ နိုင်ငံတကာတရားရုံး ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိကတရားရေးအဖွဲ့ဖြစ်ပြီး နိုင်ငံတွေအကြား တရားရေးဆိုင်ရာ အငြင်းအခုံ တွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ဖြေရှင်း ဆုံးဖြတ် ပေးရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဌာနတွေက မေးမြန်း တင်ပြလာတဲ့ ဥပဒေရေးရာ ပြဿနာတွေ အပေါ်မှာလည်း သဘောထား အကြံပြုချက် ပေးရပါတယ်။
နိုင်ငံတကာ့တရားရုံးမှာ တရားဆိုင်ရင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ICJ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို လက်မှတ် ထိုးထားတဲ့ ကုလ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေပဲ တရားပြိုင်ခွင့် ရှိပါတယ်။ ဒါ့အပြင် တရားပြိုင် နှစ်နိုင်ငံစလုံးက တရားရုံး ဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ သဘောတူဖို့ လိုပါတယ်။ ဒါမှမဟုတ် ဖောက်ဖျက်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံတကာ စာချုပ်ထဲမှာ ICJ အဆုံးအဖြတ်ကို ခံယူရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အခြေအနေ ရှိဖို့လိုပါတယ်။
တရားပြိုင်နှစ်ဘက်က ICJ မှာ စာနဲ့ရော နှုတ်နဲ့ရော လျှောက်လဲချက်ပေး စစ်ဆေးခံပြီးရင် တရားရုံးက စီရင်ချက်ချပါတယ်။ စီရင်ချက်ဟာ အပြီးအပြတ် ဖြစ်ပါတယ် (အထက်ဆင့်ကို အယူခံစရာမရှိပါ)။ နှစ်ဘက်စလုံး မဖြစ်မနေ လိုက်နာ ကျင့်သုံးရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်ကတည်းက ICJ ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်လို့ ကတိပြု လက်မှတ် ထိုးထားတာ ဖြစ်တဲ့အတွက် တရားရုံး အဆုံးအဖြတ်ကို မလိုက်နာဘဲနေတာ အင်မတန် ရှားပါတယ်။ တရားပြိုင်နှစ်ဘက်မှာ တဘက်က တရားရုံးကို လာဖို့ ပျက်ကွက်ရင်လည်း အမှုကို ဆက်စစ်နိုင်ပါတယ်။ တရားရုံးပြင်ပမှာ နှစ်ဘက်ညှိနှိုင်းပြီး ကြေအေးလို့လည်း ရပါတယ်။ တရားရုံး ဆုံးဖြတ်ချက်ကို မလိုက်နာရင်တော့ လုံခြုံရေး ကောင်စီက တရားရုံး စီရင်ချက် အတိုင်းဖြစ်အောင် ကိုင်တွယ် အရေးယူခွင့် ရှိပါတယ်။
အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စ၊ လယ်ယာမြေသိမ်းယူမှုကိစ္စတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့ သဘောတူ စာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ILO အဖွဲ့ဝင်လည်းဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်တဲ့ တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ တရားရုံးကတော့ မြန်မာပြည်မှာ အဓမ္မ လုပ်အားပေး ရပ်စဲဖို့၊ ကလေးစစ်သား ရပ်စဲဖို့တွေ အမိန့်ပေး ဆုံးဖြတ်ပါလိမ့်မယ်။
ဒါမှမဟုတ် တိုင်းရင်းသားနယ်မြေတွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ရွာမီးရှို့မှု၊ အဓမ္မ အိုးအိမ်မဲ့စေမှုတွေနဲ့ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင် ယုတ်မာမှုတွေကြောင့် နိုင်ငံတကာ လူသားချင်း စာနာရေးဥပဒေ၊ စစ်ပွဲဆိုင်ရာ ဂျီနီဗာစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ဒီစာချုပ်တွေ လက်မှတ် ထိုးထားတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ ICJ ဟာ လူပုဂ္ဂိုလ်တွေကို အရေးယူတာတော့ မရှိဘဲ ဖောက်ဖျက်မှုတွေ ရပ်တန့်ဖို့ အမိန့်ချနိုင်ပါတယ်။ ဒါကိုလိုက်နာဖို့ လုံခြုံရေး ကောင်စီက ကြပ်မတ် ရမှာဖြစ်ပါတယ် (ဒါပေမယ့် လုံခြုံရေးကောင်စီထဲမှာ တရုတ်က ဗီတိုသုံး ကန့်ကွက်ရင် ICJ စီရင်ချက် အလကား ဖြစ်သွားနိုင်ပါတယ်၊ တဘက်က ကြည့်ရင်တော့ ICJ စီရင်ချက်ကို ဗီတို သုံးတဲ့နိုင်ငံဟာ ကမ္ဘာမှာ အင်မတန် သိက္ခာ ကျသွားမှာလည်း ဖြစ်ပါတယ်)။
အဓိကအားနည်းချက်နောက်တခုကတော့ ICJ မှာ အမှုဆိုင်တာ အနည်းဆုံး (၂) နှစ် ကြာနိုင်တဲ့အတွက် တရားစွဲပေးတဲ့ နိုင်ငံက အဲသလောက် ဇွဲရှိရှိ စိတ်ဓာတ်ရှိရှိနဲ့ အချိန်ကုန် ငွေကုန်ခံ လုပ်ပါ့မလား စဉ်းစားစရာပါပဲ။
၂။ ဒုတိယနည်းလမ်းဖြစ်တဲ့ ICJ ကနေ သဘောထားအကြံပြုချက် ချစေတာကိုတော့ ကုလသမဂ္ဂ ပင်မ အဆောက်အအုံ ငါးခုနဲ့ (ILO အပါအဝင်) လက်အောက်ခံ အေဂျင်စီ (၁၆) ခုကပဲ တောင်းဆိုခွင့် ရှိပါတယ်။ အထွေထွေ ညီလာခံနဲ့ လုံခြုံရေး ကောင်စီတို့က “မည်သည့် ဥပဒေရေးရာ ပြဿနာကို မဆို” အကြံဉာဏ် တောင်းခံနိုင်ပြီး အထူးပြု အေဂျင်စီတွေ ကတော့ မိမိလုပ်ငန်း အဝန်းအဝိုင်းနဲ့ ဆိုင်တဲ့ ဥပဒေရေးရာ ပြဿနာကိုပဲ အကြံဉာဏ် တောင်းခံခွင့် ရှိပါတယ်။ အကြံဉာဏ်လို့ ဆိုတဲ့အတိုင်း မလိုက်နာမဖြစ် binding မဟုတ်ပါဘူး။ လိုက်လုပ်ချင်လုပ် မလုပ်ချင်လည်း နေလို့ရပါတယ်။ ICJ ရဲ့ သဘောထား အကြံပြုချက်ဟာ ဥပဒေကြောင်းအရ အင်မတန် သြဇာကြီးတဲ့ အတွက် မလိုက်နာတဲ့ နိုင်ငံဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်နေကြောင်း ကမ္ဘာမှာ ပွင့်ကျသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေက အဲဒီနိုင်ငံအပေါ် ပိုပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ် လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည် ကိစ္စမှာတော့ တရုတ်နဲ့ ထိုင်းက ဒဏ်ခတ်ပိတ်ဆို့မှု မလုပ်ရင် သိပ် အကျိုးမထူးနိုင်ပါ။
မြန်မာပြည်က အဓမ္မလုပ်အားပေးကိစ္စနဲ့ပတ်သက်ပြီး ILO က ICJ ဆီက သဘောထားအကြံပြုချက် တောင်းနိုင်သလို လူသားချင်း စာနာရေးကိစ္စ၊ လူမျိုး သန့်စင်ရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ယူနက်စကို၊ WHO ၊ ILO ၊ FAO တို့က သဘောထား အကြံပြုချက် တောင်းနိုင်ပါတယ် (ယူနီဆက်ဖ်၊ လူ့အခွင့်အရေးကောင်စီ၊ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ၊ UNDP ၊ UNODC မူးယစ်ဆေးရုံး၊ ICRC တို့မပါ)။ ဒီလိုမတောင်းခံခင် ကိုယ့်အဖွဲ့အစည်းထဲမှာ အများသဘောတူ ဆုံးဖြတ်ချက် အရင်ချဖို့ လိုပါတယ်။ ILO ကတော့ ဒီနည်းလမ်းကို တော်တော်လေး လေ့လာ ဆန်းစစ်ထားပါတယ်။
၃။ တတိယနည်းလမ်းဖြစ်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ကုလသမဂ္ဂနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ ခုံရုံးဖြစ်ပါတယ်။ ဒီတရားရုံးက နိုင်ငံတွေကို အမှုစစ်တာမဟုတ်ဘဲ ၂၀၀၂ ခု ဇူလိုင် (၁) ရက်နေ့ နောက်ပိုင်းမှာဖြစ်တဲ့ ကျူးကျော်စစ်ပြုမှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်မှုနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်သူ လူပုဂ္ဂိုလ်တွေကို အမှုစစ်တာ ဖြစ်ပါတယ်။ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပြောအတိုင်းဆိုရင် ဘယ်အာဏာရှင်၊ ဘယ်စစ်အုပ်စု၊ ဘယ်စစ်တပ်မှ လူ့အခွင့်အရေးတွေကို အဟန့်အတားမရှိ ချိုးဖောက်နေတာမျိုး မဖြစ်နိုင်အောင် ICC ကို ထူထောင်ထားတာ ဖြစ်ပါတယ်။ ICC ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းဖြစ်တဲ့ ရောမ စာချုပ်မှာ ICC ကိုင်တွယ်နိုင်တဲ့ ပြစ်မှုတွေကို တိတိကျကျ ဖွင့်ဆို ထားပါတယ်။
ICC ရဲ့ အကြီးဆုံးပြဿနာက အမေရိကန်ပြည်ထောင်စုက လက်မှတ်မထိုးထားတာဘဲ ဖြစ်ပါတယ်။ နောက်ပြဿနာကြီး တခုကတော့ မြန်မာ နိုင်ငံကလည်း လက်မှတ် မထိုးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတရားရုံးဟာ မြန်မာပြည်အပေါ် တရားစီရင်နိုင်ခွင့် မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ICC အဖွဲ့ဝင် နိုင်ငံတခုခုကဖြစ်စေ၊ ICC ရှေ့နေကြီးက ဖြစ်စေ၊ ကုလလုံခြုံရေး ကောင်စီကဖြစ်စေ၊ မြန်မာပြည် အရေးဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်နေတယ် သို့မဟုတ် ခြိမ်းခြောက်နေတယ်လို့ ဆုံးဖြတ်ပြီး ICC က ကိုင်တွယ် ဆုံးဖြတ်ဖို့ ‘ညွှန်း’ ပေးနိုင်ပါတယ်။ အဲသလိုဆိုရင်တော့ ICC ဟာ ရောမစာချုပ် လက်မှတ် မထိုးထားတဲ့ နိုင်ငံကိုလည်း တရား စစ်ဆေး စီရင်နိုင်ပါတယ်။ ဒါပေမယ့် ICC ဟာ ကုလသမဂ္ဂ လက်အောက်ခံ မဟုတ်တဲ့အတွက် လုံခြုံရေး ကောင်စီက ညွှန်းတိုင်း တရားစွဲအမှုစစ်ဖို့ တာဝန်ရှိတာတော့ မဟုတ်ပါဘူး။
လုံခြုံရေးကောင်စီဟာ နိုင်ငံတခုက တာဝန်ရှိသူတွေကို ICC ကိုတင် တရားစွဲဖို့အတွက် စုံစမ်းရေး ကော်မရှင်တခု တည်ထောင်ပြီး အဲဒီလူတွေဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း အခိုင်အမာ သက်သေ ထူပြရပါတယ်။ အဲသလို သက်သေထူပြပြီးမှ ICC ကို လွှဲလို့ရပါတယ်။ ဒါကြောင့် စုံစမ်းရေး ကော်မရှင်ဖွဲ့မဖွဲ့ လုံခြုံရေးကောင်စီတွင်းမှာ ဗီတိုနဲ့ မကန့်ကွက်ဘဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုပါတယ်။ (လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ပြီး အတွင်းရေးမှူးချုပ်က ကော်မရှင်ကို ဖွဲ့စည်းပေးရတာဖြစ်ပါတယ်။) ဆူဒန်ကိစ္စမှာ ကော်မရှင်သက်တမ်းကို (၃) လ သတ်မှတ်ခဲ့ပါတယ်။
ရောမစာချုပ်ကို လက်မှတ်ထိုးမထားတဲ့ ဆူဒန်နိုင်ငံရဲ့သမ္မတ ဘာရှီယာကို တရားစွဲတဲ့ကိစ္စမှာ လုံခြုံရေး ကောင်စီရဲ့ စုံစမ်းရေး ကော်မရှင်က ညွှန်းပေး လိုက်တာကို ICC က လက်ခံစစ်ဆေးပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ICC ရဲ့ ဆုံးဖြတ်ချက်ကို ဆူဒန်က ပြောင်ပြောင် တင်းတင်း အာခံနေတဲ့အတွက် ဆူဒန်သမ္မတ ဘာရှီယာကို ICC အနေနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်တဲ့ အဆင့်ပဲ ရှိနေသေးပြီး ဘာရှီယာက စွဲချက်ကို လက်မခံဘဲ အတိအလင်း အာခံနေတာကတကြောင်း၊ သူသွားလည်တဲ့ တခြားနိုင်ငံတွေက ဖမ်းမပေးတာက တကြောင်းကြောင့် တရားရုံးတင် အမှုစစ်တဲ့အဆင့် မရောက်နိုင်သေးပါဘူး။ လုံခြုံရေး ကောင်စီကလည်း ဘာရှီယာ တရားရုံး ရောက်အောင် မကိုင်ပေးပါဘူး။
ICC ကို မညွှန်းခင် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လုံခြုံရေးကောင်စီထဲ ဆုံးဖြတ်ရာမှာ တရုတ်ရဲ့ဗီတို ကြုံနိုင်သလို (ဆူဒန်ကိစ္စမှာ တရုတ်နဲ့ ရုရှက ကန့်ကွက်မဲ မပေးဘဲ ကြားနေမဲပေးလို့ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ခဲ့ပါတယ်) ICC က တရားစွဲဖို့ ဆုံးဖြတ်ပြီး နောက်မှာလည်း တကယ် တရားရုံးရောက်အောင် အကြပ်ကိုင်ရာမှာ တရုတ်ဗီတိုနဲ့ တွေ့နိုင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန် ကိုယ်တိုင်က ICC အဖွဲ့ဝင်မဟုတ်၊ ICC ကို မထောက်ခံတဲ့ အပြင် ဆူဒန်ကိစ္စ တစ်လစ်ကြီးဖြစ်နေတာ တွေ့ထားတဲ့အတွက် ICC မှာတင်ဖို့ သိပ်စိတ်ပါမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဆူဒန်လိုအမှုမျိုး နောက်ထပ်ညွှန်းဖို့ အလားအလာ နည်းနေပါတယ်။ ဒါ့အပြင် ICC မှာ အမှုတင်တာ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ဥပမာ - ကွန်ဂိုအမှုဆိုရင် ၂၀၀၄ မှာ စလက်ခံခဲ့ပေမယ့် အခုထိ မပြတ်သေးပါ။
၎။ စတုတ္ထနည်းလမ်းဖြစ်တဲ့ အရေးပေါ်သီးသန့်ခုံရုံး ad-hoc tribunal သို့မဟုတ် အထူးတရားရုံး special court ဖွင့် စစ်ဆေး စီရင်တာကို ICC မပေါ်ခင်က ရဝမ်ဒါ၊ ယူဂိုဆလားဗီးယား (ဆားဘီးယား)၊ ချတ်ဒ်၊ ဆီယာရာလီယွန်း၊ လိုင်ဘေးရီးယား၊ အရှေ့တီမော နိုင်ငံတို့က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုတွေအတွက် ကျင့်သုံးခဲ့ပါတယ်။ ICC တည်ထောင်ပြီး နောက်ပိုင်းတော့ အရေးပေါ် သီးသန့်ခုံရုံး ဖွဲ့စစ်တာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ မပြတ်သေးတဲ့ အမှုတွေကို ဆက်စစ်နေတာပဲ ရှိပါတယ်။
သီးသန့်ခုံရုံးဖွင့် စစ်ဆေးဆုံးဖြတ်တာကို ILO ကနေ အလုပ်သမား အခွင့်အရေးဘက်က လုပ်နိုင်သလို ကုလ လုံခြုံရေး ကောင်စီကနေ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုဘက်တွေကလည်း လုပ်နိုင်ပါတယ်။ ပြဿနာတခုက ဒီလို သီးသန့်ခုံရုံးဖွင့်ဖို့ အချိန် အကြာကြီး ယူရတာဖြစ်ပါတယ်။ စရိတ်စကလည်း ကြီးတဲ့အတွက် ကုလ အဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင် ထောက်ပံ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေအကုန်မခံနိုင်လို့၊ အကုန်မခံချင်လို့ အထူးခုံရုံးဖွင့်ဖို့ သဘောမတူတာလည်း ရှိလာနိုင်ပါတယ်။
ဒီခုံရုံးတွေဟာ လူပုဂ္ဂိုလ်တွေအပေါ် စီရင်ဆုံးဖြတ်နိုင်ပြီး စီရင်ချက်က မလိုက်နာမနေရ binding ဖြစ်ပါတယ်။ စကတည်းက လုံခြုံရေး ကောင်စီ သဘောတူညီချက်နဲ့ ထူထောင်တာ ဖြစ်လို့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေး ကောင်စီက အရေးယူ ဒဏ်ခတ် ပိတ်ဆို့တာတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေး ကောင်စီမှာ ဗီတိုနဲ့ တိုးရင် ဒီလို သီးသန့်ခုံရုံး ပေါ်မလာနိုင်ပါဘူး။ (ILO ခုံရုံးကတော့ လုံခြုံရေး ကောင်စီကို ဖြတ်စရာ မလိုပါ။)
၅။ ပဉ္စမနည်းလမ်းဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုခုက တရားရုံးမှာ တရားစွဲတာကို အဲဒီနိုင်ငံရဲ့ အမျိုးသားဥပဒေ အရရော နိုင်ငံတကာ ဥပဒေ အခြေခံမူတွေ အရပါ လုပ်နိုင်ပါတယ်။ ဒါကို ပင်လယ် ဓားပြမှုတွေမှာ ကျင့်သုံးနေပြီဖြစ်သလို စစ်ရာဇဝတ် မှုတွေနဲ့ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း အသုံးများလာပြီ ဖြစ်ပါတယ်။ ချီလီ အာဏာရှင်ဟောင်း ပီနိုရှေးကို ဒီနည်းနဲ့ ကိုင်ခဲ့ကြပါတယ်။ ဒီနည်းလမ်းရဲ့ အားနည်းချက်ကတော့ သက်ဆိုင်ရာ အာဏာရှင်ဟာ အဲဒီပြည်ပနိုင်ငံကို ရောက်နေဖို့လိုပြီး အဲသလို ရောက်မနေဘဲ တရားစွဲရင် ဘာမှ အကျိုးမထူးပါဘူး။ ဒါ့ပြင် အချုပ်အခြာ အာဏာ ပြဿနာတွေ၊ တရားစွဲ ခံရတဲ့နိုင်ငံက တရားစွဲတဲ့နိုင်ငံကို လက်စားချေတာတွေလည်း ဖြစ်လာနိုင်လို့ နိုင်ငံတွေက သိပ်မလုပ် စေချင်ကြပါဘူး။ နအဖ ခေါင်းဆောင်ကို တရားစွဲဖို့ ကတော့ အိန္ဒိယနိုင်ငံ လာလည်တုန်း အိန္ဒိယတရားရုံးမှာ တရားစွဲတာ၊ ကုလသမဂ္ဂ အစည်းအဝေး လာတက်တုန်း အမေရိကန် တရားရုံးမှာ တရားစွဲတာ လုပ်နိုင်စရာ အကြောင်းရှိပါတယ်။ ဒါပေမယ့် တဘက်မှာ သံတမန် ကင်းလွတ်ခွင့်တွေ ပေးထားတဲ့ ထုံးစံကလည်း ရှိနေတော့ လက်တွေ့ တရားစွဲနိုင်ဖို့ မလွယ်လှပါဘူး။ အဓိကအားဖြင့် မိမိပြည်တွင်းမှာ လွတ်ငြိမ်း ချမ်းသာခွင့် ရအောင် လုပ်ထားတဲ့ အာဏာရှင်‘ဟောင်း’တွေကို အပြစ်ပေးဖို့တော့ ဒီနည်းလမ်းက အင်မတန် သင့်တော်လှပါတယ်။
၆။ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ပြည်တွင်းတရားရုံးမှာ တရားစွဲစစ်ဆေးဖို့ကတော့ ဒေသန္တရ အာဏာပိုင် အဆင့်မှာ မစုစုနွေး အမှုနိုင်သွားတာ ရှိဖူးပေမယ့် လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နအဖ ထိပ်သီးတွေကို တရားစွဲဖို့ ကြိုးပမ်းချက်တွေ ကြည့်ရင်တော့ ဖြစ်နိုင်ခြေ အင်မတန် နည်းနေပါတယ်။
ဒီကနေ့ မြန်မာပြည်က အာဏာရှင်တွေကို ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ကြရာမှာ တချို့က (အလုပ်သမား အခွင့်အရေး၊ အဓမ္မလုပ်အားပေး၊ ILO တို့နဲ့ ဆက်စပ်ပြီး) ICJ က သဘောထားအကြံပြုချက်ချတာကို လိုလားနေကြသလို တချို့ကတော့ (စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် ဆန့်ကျင်ရေးပြစ်မှု၊ လူမျိုးတုံး သုတ်သင်မှုတို့အပေါ်) လုံခြုံရေးကောင်စီက ICC ကို ညွှန်းဖို့ စုံစမ်းရေး ကော်မရှင် ဖွဲ့တာကို လိုလားနေကြပါတယ် (ဆူဒန်ဥပမာအရ တရားစွဲတဲ့အဆင့် ပဲရနိုင်ပြီး အမှုစစ် စီရင်ချက်ချတဲ့ အဆင့် မဖြစ်နိုင်ပါ)။ ဖြစ်နိုင်ချေ မဖြစ်နိုင်ချေ အားကောင်းချက် အားနည်းချက်တွေကတော့ အထက်မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ နှစ်မျိုးစလုံးကတော့ အဓိကအားဖြင့် ပြည်တွင်း၊ တပ်တွင်းနဲ့ နိုင်ငံတကာမှာ နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်း သွားစေနိုင်ပါတယ်။ ငပွကြီး တရုတ်ရှိနေသရွေ့ ဒီ့ထက် ပိုမမျှော်လင့်နိုင်ပါ။ စိတ်ကူးယဉ် အလွဲတွေ၊ မျှော်လင့်ချက် အမှားတွေ မရှိဖို့လိုပါတယ်။ ဒါပေမယ့် နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျသွားရင်တော့ ၁၉၈၇ ခုတုန်းက အဆင်းရဲဆုံး နိုင်ငံအဆင့် LDC ဖြစ်သွားခဲ့လို့ (ရှစ်လေးလုံးအထိ) ဂယက်ရိုက်ခဲ့သလိုမျိုး ထပ်ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မြန်မာပြည်က နအဖစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ် ဆန့်ကျင်ရေးပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုး သန့်စင်ရေး လူမျိုးဖြုတ်ရေးပြစ်မှုတွေ အဆုံးသတ်ပြီး စစ်အာဏာရှင်တွေကို တကယ်တမ်း အပြစ်ပေးနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အတ္ထာဟိ အတ္ထနော နာထော မိမိကိုယ်သာ အားကိုးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့သာ ရှိပါတော့တယ်။ ။
ရည်ညွှန်း ။ ။ Sarah Vuylsteke ပြုစုတဲ့ “မြန်မာနိုင်ငံမှ အဓမ္မလုပ်အားပေးပြဿနာကို ကိုင်တွယ်ရန် တရားရေးနည်းလမ်းများ”
Ref: ခေတ်ပြိုင်
ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံ တက်ရန် ပြင်ဆင်
သန်းထိုက်ဦး
Thursday, June 03, 2010
ဒေါ်အောင်ဆန်း စုကြည်နှင့် ရှေ့နေဖြစ်သူများသည် အထူးအယူခံ တက်ရန်အတွက် ပြစ်မှုဆိုင်ရာ လျှောက်လဲချက်များကို ယနေ့ ဆွေးနွေးခဲ့ကြောင်း ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းက ဆိုသည်။
ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ နေ့လယ် ၁၂ နာရီ ကျော်မှ ၃ နာရီ အထိ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်နေမှု အတွက် တားဝရမ်း ထုတ်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဦးတိုက် လျှောက်ထားခြင်းကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ် လိုက်ရာ အယူခံ ဆက်တက် ထားသည့် ကိစ္စများ ကိုလည်း ဆွေးနွေး ခဲ့ကြောင်းလည်း ၎င်းဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ် တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ ခံခဲ့ရသည်။
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။
သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။
ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်များကို တင်သွင်းခြင်း ဖြစ်သည်။
Ref: ဧရာဝတီ်
ကြယ်ငါးပွင့် သင်္ဘောသား ထက်ဝက်နီးပါး နုတ်ထွက်
ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်သို့ ရောက်ရှိသွားသော ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ထက်ဝက် နီးပါးမျှ ဖြစ်သော သင်္ဘောသား ၅၅ဝ ခန့်သည် ယခုလ ၁ ရက်နေ့မှ စတင်၍ အလုပ် ထွက်သွားကြပြီး လစာ ပိုမိုကောင်းမွန်သော နိုင်ငံခြား သင်္ဘောလိုင်းများတွင် အလုပ် ရှာကြမည်ဖြစ်သည်။
တပ်မတော် ဘဏ္ဍာရေးရှာဖွေမှုအတွက် ထူထောင်ထားသော ဦးပိုင်က ပြည်တွင်း၊ ပြည်ပ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ကိုင်နေသော ကြယ်ငါးပွင့် သင်္ဘောလိုင်းကို လွှဲယူအပြီး နှစ်လအကြာ သင်္ဘောသား ၁၂၂၇ ဦးအနက် အနည်းဆုံး ၅၅ဝ ဦး နုတ်ထွက် သွားကြသည်။
’’ဝန်ထမ်းဟောင်းတွေကို ဆန္ဒသဘောထား တောင်းခံပြီးတော့ ဆက်လုပ်မယ့်လူကို ဆက်ခန့်ပါတယ်။ ဆက်မလုပ်တဲ့လူကို ထွက်ခွင့် ပေးလိုက်ပါတယ်’’ ဟု ကြယ်ငါးပွင့် အဆင့်မြင့် အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။
ယနေ့အထိ သင်္ဘောကုန်းပတ်ဌာနမှ ဝန်ထမ်း ၃၅ဝ နုတ်ထွက်သွားခဲ့ပြီး အင်ဂျင် ဌာနမှ ၂ဝဝ ဦး အလုပ် ထွက်သည်။
နုတ်ထွက်လိုကြောင်း ဆန္ဒပြုသည့် ဝန်ထမ်းများ၏ CDC (Continuous Discharge Certificate) များကို ရန်ကုန်တိုင်း ဒေါပုံမြို့ရှိ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာန (SECD) သို့ ယနေ့တွင် အပြီးသတ် လွှဲပြောင်းမှု ပြုလုပ်မည်ဟု သိရသည်။ CDC တွင် သင်္ဘောသား တဦး၏ သက်တမ်းတလျှောက် လုပ်ကိုင်ခဲ့သည့် သင်္ဘော အမျိုးအစား၊ လုပ်သက် အတွေ့အကြုံနှင့် ကပ္ပတိန်တို့၏ မှတ်ချက်များ ပါရှိသည်။
ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် လက်ရှိအချိန်တွင် နိုင်ငံခြားသွား ကုန်တင်သင်္ဘော ၉ စီးနှင့် ကမ်းရိုးတန်းသွား သင်္ဘော ၁၆ စီး ပိုင်ဆိုင်သော်လည်း ၁၃ စီးသာ ပြေးဆွဲရန် စီစဉ်ထားသည်။
ဦးပိုင်အုပ်ချုပ်မှုအောက် ရောက်လာပြီးနောက် ဝန်ထမ်းများကို ထိန်းထားနိုင်ရေး ကြိုးပမ်းမှုအဖြစ် ကြယ်ငါးပွင့်က သင်္ဘော အုပ်စု ၄ စုခွဲ၍ လစာတိုးမြှင့်ပေးရန် စီစဉ်လျက် ရှိသည့်ကြားကပင် နုတ်ထွက်ကြခြင်းလည်း ဖြစ်သည်။
အုပ်စု - ၁ တွင် နိုင်ငံခြား ခရီးဝေးသွား ကုန်တင်သင်္ဘောများဖြစ်သော ကိုကိုးကျွန်း၊ ကျောက်ဖြူ၊ ကျိုင်းတုံတို့ ပါရှိသည်။ အုပ်စု - ၂ တွင် နိုင်ငံခြား ခရီးတိုသွား သင်္ဘောများဖြစ်သော ထားဝယ်၊ မာန်အောင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့ ပါဝင်သည်။ အုပ်စု - ၃ တွင် မော်လမြိုင်၊ စစ်တွေ၊ Ocean Brave တို့ ပါဝင်သည်။ အုပ်စု - ၄ တွင် ကမ်းရိုးတန်းသွား ပြည်တွင်းခရီးစဉ်သုံး မြစ်ကြီးနားနှင့် တောင်ကြီးတို့ ပါဝင်သည်။
အုပ်စု ၁ သင်္ဘော၌ အမြင့်ဆုံး ကပ္ပတိန်နှင့် Chief Engineer တို့အား လစာငွေ အမေရိကန်ဒေါ်လာ ၅ဝဝဝ၊ အုပ်စု ၂ တွင် ကန်ဒေါ်လာ ၄၇ဝဝ ၊ အုပ်စု ၃ တွင် ကန်ဒေါ်လာ ၃၅ဝဝ နှင့် အုပ်စု ၄ တွင် မြန်မာကျပ်ငွေ ၇ သိန်းခွဲပေးရန် လစာနှုန်းထား အသစ်ကို ဇွန် ၁ ရက်နေ့မှ စတင်၍ သတ်မှတ်ထားသည်။
သို့သော် ယင်းလစာငွေနှုန်းသစ်သည်ပင် နိုင်ငံတကာ သင်္ဘောလိုင်းကြီးများနှင့် နှိုင်းယှဉ်ပါက နည်းပါး နေသေးသည်ဟု သင်္ဘောသားများက ပြောသည်။
နိုင်ငံပိုင် စီမံခန့်ခွဲမှုအောက်တွင် ရှိခဲ့စဉ်က ကာလကြာရှည်စွာ အရှုံးပေါ်ခဲ့ပြီး ဝန်ထမ်းများ ပိုလျှံနေခဲ့သလို မေလကတည်းက စတင်၍ လူသစ် စုဆောင်းမှုများ ပြုလုပ်ထားသဖြင့် ယခုကဲ့သို့ အစုလိုက် အပြုံလိုက် နုတ်ထွက်မှု ဖြစ်သော်လည်း မထိခိုက်ဟု ကုန်းပတ် ဌာနအရာရှိက ပြောသည်။
ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း အရှည် ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) တွင် အနောက်ဘက် ရခိုင်ပြည်နယ်မှ တောင်ဘက် တနင်္သာရီတိုင်း အထိ ခရီးသည်နှင့် ကုန်ပစ္စည်း ပို့ဆောင်ခြင်း လုပ်ငန်းများကို တာဝန် ယူထားသည်။
ထို့ပြင် အရှေ့ဖျား ခရီးစဉ်အဖြစ် ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ တောင်ကိုရီးယား၊ အရှေ့တောင်အာရှ ခရီးစဉ်အဖြစ် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အနောက်ဘက် ခရီးစဉ်အဖြစ် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ယူအေအီးနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတို့ရှိ ဆိပ်ကမ်းများသို့ ကုန်စည်များ ပို့ဆောင်ပေးနေသည်။
Ref: မဇ္ဈိမ
တရုတ်က စစ်အစိုးရကို သံလက်သီးတပ်ပေးမည့် အနေအထားဟု ဦးဝင်းတင်ပြော
NEJ / ၀၃ ဇွန် ၂၀၁၀
တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် မြန်မာနိုင်ငံသို့လာရောက်သည့်အတွက် မြန်မာ့ဒီမိုကရေစီရေး ကိစ္စတွင် အကျိုး သက်ရောက်မှု၊ ရောင်ပြန်ဟပ်မှု တစုံတရာမျှ မရှိနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။
“ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ သူတို့ ဘာမှ လုပ်ပေးမှာလည်း မဟုတ်ဘူး။ သူတို့ရဲ့ သြဇာလည်း ရှိမှာမဟုတ်ဘူး။ သူတို့က နေပြီးတော့ ဒီမိုကရေစီ အယောင်ပြ လုပ်တဲ့ဟာတွေ ဒို့လုပ်လို့ရတယ်။ တရုတ်ပြည်မှာ ဘယ်လိုလုပ်လို့ရတယ် ဆိုတာမျိုးတွေကို မြန်မာ အစိုးရက မကျင့်သုံးဘူး။ အဲဒါကတော့ သေချာပါတယ်” ဟု ၎င်းက ပြောသည်။
တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် မြန်မာနိုင်ငံသို့ (၂) ရက်ခရီးစဉ်အဖြစ် ဇွန် (၂) ရက်တွင် ရောက်ရှိခဲ့ပြီး ယနေ့ နေပြည်တော်သို့ သွားရောက်ကာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ကိုလည်း တွေ့ဆုံရန် ရှိသည်ဟု ရန်ကုန်မှ လာသော သတင်းများအရ သိရသည်။
တရုတ်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း စွမ်းအင်လုပ်ငန်းများ၊ စီးပွားရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး သဘောတူညီချက် လက်မှတ် ရေးထိုးရန် ရှိသည်ဟုလည်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ယင်းသို့ တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာရောက်မှုသည် စီးပွားရေး ကိစ္စများအပြင် ရှေ့လာမည့် (၁) နှစ်၊ (၂) နှစ်အတွင်း တရုတ်ပြည်တွင် ခေါင်းဆောင်မှု အပြောင်းအလဲက မြန်မာနိုင်ငံ အပေါ် ရိုက်ခတ်လာမည့် ပုံသဏ္ဌာန်၊ မြန်မာနိုင်ငံ အပြောင်းအလဲက တရုတ်ပြည်နှင့်ပြန်လည် ထိစပ်လာမည့် ပုံသဏ္ဌာန်များကိုလည်း အရိပ်အကဲ ကြည့်မည့် သဘော ပါမည်ဟု ဦးဝင်းတင်က ခန့်မှန်းသည်။
“ရွေးကောက်ပွဲအလွန်ကာလမှာ အများကြီးကို အပြောင်းအလဲတွေ နိုင်ငံရေးအခြေအနေ ပတ်ဝန်းကျင် သစ်တွေက ပေါ်လာမယ်။ ဒါထင်ရှားတယ်။ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အနေအထားတွေကို သူတို့သိတယ်။ အဲဒါသိတဲ့အတွက် လျှော့လိုက်၊ ပြောင်းလိုက်၊ ပြင်လိုက်လို့ မလုပ်ပါဘူး။ အန်အယ်လ်ဒီ အနေနဲ့ကတော့ လက်အိတ်မစွပ်ဘဲ လက်သီးထိုးရမယ့် အနေအထားမျိုးဖြစ်တဲ့ အချိန်မှာ စစ်အစိုးရကို တရုတ်အစိုးရက နေပြီးတော့ လုပ်ပေးမယ့်ဟာက လက်အိတ်တင်မကဘူး သံလက်သီး တပ်ပေးမယ့် အနေအထားမျိုးလို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။
တရုတ်အစိုးရအနေဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပြီးနောက်ပိုင်း နိုင်ငံရေးတည်ငြိမ်မှု political stability ဆိုသည့် စကားလုံးများကို သုံးစွဲလာခဲ့ကြောင်း၊ သို့သော် တရုတ်အစိုးရ အနေဖြင့် ပြောလာသည့် အတိုင်း (၃) နှစ်မက အချိန်ကြာခဲ့သော်လည်း ဘာမှ အကောင်အထည် မပေါ်ခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။
၎င်းက “တရုတ်အစိုးရကနေ တရုတ်သံအမတ်ကြီးက ၀မ်ကြားပေါင် မလာခင် အကြိုထုတ်တဲ့ ကြေညာချက်ထဲမှာလည်း ဒီစကားလုံး ပါတယ်။ ဒါပေမယ့် ဘာမှ တရုတ်က နိုင်ငံရေးတည်ငြိမ်မှု အတွက် လုပ်ပေးတာ မဟုတ်ဘူး။ အခုဆို အန်အယ်လ်ဒီကို နိုင်ငံရေးပင်မ ရေစီးကြောင်း ထဲကနေ ထုတ်လိုက်တဲ့ အဆင့်အတန်းထိ ရောက်လာတယ်။ ဒါတွေကို ကြည့်ရင် တရုတ်ပြောတဲ့ တည်ငြိမ်မှု မရှိဘူးဆိုတာ ပြတယ်” ဟု ပြောသည်။
အကယ်၍ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်အစိုးရပြောသည့် နိုင်ငံရေးတည်ငြိမ်မှုကို လုပ်မည်ဆိုပါက နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု ဆိုသည်မှာ ဖြစ်မြောက်နိုင်ကြောင်း၊ သို့သော် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရန် စေတနာ မရှိခြင်းသည် အခက်အခဲ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက် ပြောကြားသည်။
“တရုတ်အစိုးရအနေနဲ့လည်း တကယ်စေတနာရှိရင် စီးပွားရေးလုပ်ငန်းတို့ ဒီမိုကရေစီ အရိပ်အယောင်ပြတဲ့ ဟာမျိုးတွေလောက် လုပ်နေလို့ကတော့ ဘာမှ မထူးဘူး။ လုပ်ရမယ့်ဟာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲလို ဟာမျိုး၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ဖြစ်တယ်။ ဘာမှလည်း အဓိပ္ပာယ်ရှိတဲ့ အနေအထားမျိုး ရောက်အောင် မလုပ်ဘူး။ ကျနော်ကတော့ ၀မ်းကြားပေါင်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မျှော်လင့်ချက် မထားဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုး ရလဒ်တွေကိုလည်း ဘာမှ မမျှော်လင့်ဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုးသက်ရောက်မှု ဆိုတာတွေလည်း ဘာမှ ရှိလိမ့်မယ် မဟုတ်ဘူးလို့ သဘောထားတယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
Ref: ခေတ်ပြိုင်
ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို အရေးယူပြီ
တက်လူ / ၀၃ ဇွန် ၂၀၁၀
သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုပြုလုပ်ခဲ့သည့် ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို ရန်ကင်းမြို့နယ် တရားရုံးက ပြစ်မှု ကျင့်ထုံးပုဒ်မ ၂၀၄ (၁) အရ ယနေ့ အရေးယူလိုက်ကြောင်း ဆဲဗင်းဒေး သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံက ပြောသည်။
၎င်းက “အမှုနဲ့ပတ်သက်ပြီးတော့ ဒီနေ့ တရားရုံးက နေပြီးတော့ မြို့နယ်တရားသူကြီး ဦးနေအောင်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၂၃ / ၅၀၆) ပထမပိုင်းအရ အရေးယူလိုက်ပြီလို့ ပြောပါတယ်” ဟု ဆိုသည်။
ပုဒ်မ (၃၂၃) သည် နာကျင်စေမှုဖြစ်ပြီး ပုဒ်မ (၅၀၆) ပထမပိုင်းသည် ခြိမ်းခြောက် ပြောဆိုမှုဖြစ်ကြောင်း သိရသည်။
ထက်ထက်မိုးဦးက တရားရုံးသို့ လာရောက်ခြင်း မရှိသည့်အတွက် သမ္မန်စာ ဆင့်ခေါ်ထားကြောင်း၊ (၃) ကြိမ်အထိ မလာရောက်ပါက တရားဥပဒေအတိုင်း ဆက်လုပ်သွားမည် ဖြစ်ကြောင်း မအေးသူစံက ပြောသည်။
အမှုကို ဇွန်လ (၁၇) ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပြီ မအေးသူစံဘက်မှ အကျိုးဆောင်ရှေ့နေမှာ တရားရုံးချုပ်ရှေ့နေ ဦးသန်းထွန်းအောင် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ တရားရုံးရောက်ရသည့်အဖြစ်နှင့်ပတ်သက်၍ မအေးသူစံက “ကျမတသက်နဲ့တကိုယ် ဒီလိုမျိုး ရုံးရောက်လောက်တဲ့ အထိတော့ မမျှော်လင့်မိပါဘူး။ ကျမတို့ သတင်းထောက် အလုပ်ဆိုတာ ဒီလိုရုံးတွေ ဂတ်တွေနဲ့တော့ နီးစပ်တယ် ပြောရမှာပေါ့။ အခုလိုမျိုး တရားရုံးကို ရောက်ရတယ်ဆိုတာလည်း ကျမအနေနဲ့ ကြားထဲက နေပြီးတော့ စာပေနဲ့စာနယ်ဇင်း၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက နေပြီးတော့ သူနဲ့ကျမကို ကြားဝင် ညှိနှိုင်းပေးတယ်။ ကျမဘက်ကလည်း ကျမ လိုက်လျောနိုင်တဲ့ အတိုင်းအတာကို ပြောလိုက်တယ်ပေါ့။ သူ့ဘက်က လိုက်လျောခြင်း မရှိတဲ့အတွက် တရားဥပဒေ လမ်းကြောင်းတခုပဲ ရှိတော့တဲ့အတွက် ဒီလမ်းကြောင်းကိုပဲ ဆက်လုပ်ရမယ့်ပုံစံ ဖြစ်သွားတာပါ” ဟု ပြောဆိုသည်။
ပြီးခဲ့သည့်လ (၁၉) ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ဂျွန်ဆင်စ် ဘေဘီ အလှကုန် ပရိုမိုးရှင်းပွဲပြုလုပ်ရာ Ball Room တွင် မင်းသမီး ထက်ထက်မိုးဦးအား 7Day News ဂျာနယ် မှ မအေးသူစံက အင်တာဗျုး ပြုလုပ်ပြီးနောက် မေးသော မေးခွန်းအပေါ် မကျေမနပ် ဖြစ်ကာ ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့သည့် အပေါ် ရန်ကင်းမြို့နယ်တရားရုံးတွင် သတင်းထောက် မအေးသူစံက ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
“သူ့ရဲ့ တုံ့ပြန်မှုကတော့ ကျမခံစားရသလောက် အရမ်းကို တာဝန်မဲ့လွန်းတယ်လို့ ထင်ပါတယ်” ဟု မအေးသူစံက ပြောသည်။
ပုဒ်မ (၃၂၃) အရ ထောင်ဒဏ် (၁) နှစ်နှင့် ငွေဒဏ် (၁,၀၀၀) ကျပ်၊ ပုဒ်မ (၅၀၆) အရ ထောင်ဒဏ် (၂) နှစ် ချမှတ်နိုင်ကြောင်း ဥပဒေရေးရာကိုကိုးကားပြီး ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေတဦးက ပြောကြားသည်။
Ref: ခေတ်ပြိုင်
နျူကလီးယား အရေးကြောင့် ဂျင်မ် ဝက်ဘ် ခရီးစဉ် ရွှေ့ဆိုင်း
Thursday, June 03, 2010
အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်သည် ဇွန်လ ၄ ရက် နေ့တွင် မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ရွှေ့ဆိုင်း လိုက်သည်။
ယင်းသို့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ခြင်းမှာ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားနှင့် နျူကလီးယား အရေး ဆက်ဆံမှုများ ရှိနေသောကြောင့် ဖြစ်သည်ဟု မစ္စတာ ဂျင်မ် ဝက်ဘ်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ၏ အရှေ့အာရှနှင့် ပဖိစိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် သည် ကိုရီးယားနှင့် ထိုင်းနိုင်ငံ တို့သို့ အလည်အပတ် ရောက်ရှိ ပြီးနောက် မြန်မာပြည် ခရီးစဉ်ကို ဆက်လက် လာရောက်ခြင်း မရှိဘဲ ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။
“မြန်မာနှင့် မြောက်ကိုရီးယားသည် သံသယရှိဖွယ် နျူကလီးယား သင်္ဘောနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ ထိုအရေး ကိစ္စများကို မရှင်းလင်းဘဲ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်လျှင် အမျှော်အမြင် ကင်းမဲ့ပြီး အကျိုးယုတ်ရာ ကျမည်ဟု ယုံကြည်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။
၄၇ မျက်နှာရှိ အစီရင်ခံစာတစောင်ကို အေပီသတင်းဌာနက မေလ ၂၇ ရက်နေ့တွင် ကိုးကားဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။
“တရားမ၀င် လက်နက် ဖြန့်ချိဖို့နဲ့ သယ်ဆောင်ဖို့အတွက် မြောက်ကိုးယားက ပြည်ပ အခြေစိုက် ဥပဒေ ပြင်ပက အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာလည်း တွေ့ရတယ်” ဟု ကျွမ်းကျင်သူများက အစီရင်ခံစာတွင် ထောက်ပြထားသည်။
မစ္စတာ ဂျင်မ် ဝက်ဘ်က မြန်မာနှင့် အမေရိကန်အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးရေး အတွက် သမ္မတ အိုဘားမား အစိုးရ ကိုလည်း တိုက်တွန်းထားသည်။
“အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာပြည်အကြား ဆက်ဆံရေးတခုလုံးနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ် အမြန်ဆုံး စေလွှတ်ရန် အလေးအနက် အကြံပြု တိုက်တွန်းလိုပါတယ်” ဟု ထုတ်ပြန် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှ မဟာဗျူဟာ ချိန်ခွင်လျှာ မျှရေးနှင့် အမေရိကန်-မြန်မာ နှစ်နိုင်ငံ အစိုးရ ဆက်ဆံရေး ပိုမို ပွင့်လင်း လာစေရန် တွေ့ဆုံ ဆွေးနွေးရေး ဆက်လုပ်မှ ဖြစ်မည်ဟု ယုံကြည်ကြောင်းလည်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလက အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ကိစ္စပြောဆိုရာတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းက ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက် ရမည့် တာဝန်လည်း ရှိသည် ဟု ပြန်လည် ပြောကြားခဲ့ဖူးသည်။
Ref: ဧရာဝတီ်
မုံရွာဈေးမီး ကျပ်သိန်း ၁၆ဝဝ ကျော် ဆုံးရှုံး
မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ မုံရွာမြို့ရှိ ချင်းတွင်း ရတနာဈေးသစ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း မီးလောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်ပေါင်း ၁၆၅၆ သိန်း ဖြစ်ကြောင်း မုံရွာ ဗဟို မီးသတ်အဆိုအရ သိရသည်။
ကြာသာပတေးနေနံနက် ၃ နာရီခွဲမှ စတင်၍ နံနက် ၁ဝ နာရီခွဲအထိ မီးလောင်မှုတွင် ငါးပိ၊ ငါးခြောက်၊ ရွှေဆိုင်၊ အထည်ဆိုင်၊ ဖိနပ်ဆိုင်နှင့် စားသောက်ကုန်များ ရောင်းချသော ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
“အပြီးသတ် ငြှိမ်းတာက ၁ဝ နာရီ ၃ဝ မှာပါ။ ဈေးက နှစ်ထပ်ဈေး၊ မီးလောင်တာကတော့ အပေါ်ထပ်က ၁၅၃ ခန်း၊ အောက်ထပ်က ၂၅၃ ခန်း စုစုပေါင်း ၄ဝ၆ ခန်း လောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၁၆၅၆ ဖြစ်ပါတယ်” ဟု မုံရွာ ဗဟိုမီးသတ်မှ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။
"ပစ္စည်းတွေက ဘယ်လိုမှ ထုတ်ယူလို့ မရတော့ဘူးဗျ။ ဝင်ပေါက်နေရာတွေကလည်း လောင်တယ်။ ညပိုင်းလည်း ဖြစ်တယ်ဆိုတော့ အကုန်လောင်တော့တာပဲ" ဟု ဈေးအနီး နေထိုင်သူတဦးက မဇ္ဈိမကို ဆိုသည်။
ဈေးကြီးသည် မြို့လယ်ခေါင် လမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမ အရှေ့ဘက် (အလယ်ရပ်) နှင့် အနောက်ဘက် (ဘုရားကြီးရပ်ကွက်) တွင် အပိုင်းနှစ်ပိုင်းခွဲကာ တည်ဆောက်ထားပြီး ဆိုင်ခန်းပေါင်း ၁ဝဝ၆ ခန်း ရှိသည်။ မီးလောင်မှုမှာ အရှေ့ဘက်ရုံသာ ဖြစ်သော်လည်း ယခုအခါ အနောက်ဘက် ဈေးရုံကိုပါ ပိတ်ထားလိုက်သည်။
မီးလောင်ရာသို့ မုံရွာမြို့အနောက်ဘက် ဆားလင်းကြီးနှင့် ပုလဲ၊ တောင်ဘက်ရှိ မြင်းမူ၊ မြောက်ဘက်ရှိ အလုံမြို့တို့မှ မီးသတ်ကားများလည်း လာရောက်ရာ မီးသတ်ကားပေါင်း ၃၉ စီး ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရသည်။
ယခုသတင်းပေးပို့သည့် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအထိ မီးကြွင်းမီးကျန်များကို ဆက်လက် ငြှိမ်းသတ် ရှင်းလင်းဆဲဖြစ်သည်။
လျှပ်စစ်ဝါယာရှော့ ဖြစ်ရာမှ လောင်ကျွမ်းကြောင်း ဈေးလုံခြုံရေးများက ယုံကြည်နေပြီး၊ ဗဟို မီးသတ်ကလည်း အင်ဗာတာမှ စတင် လောင်ကျွမ်းကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဈေးကြီးများ မကြာခဏ မီးလောင်လေ့ရှိရာ ယခုနှစ်အတွင်း၌ပင် မေလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဈေး ၄ ထပ်မြောက်နှင့် ခေါင်မိုးပေါ်ရှိ ဆိုင်ခန်း စုစုပေါင်း ၈၄၅ ခန်း မီးလောင်ခဲ့ရာ ကျပ်သိန်းပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင် ရန်ကုန် သင်္ကန်းကျွန်းဈေးတွင် ဆိုင်ခန်း ၆၅၁ ခန်း မီးလောင်ခဲ့သေးသည်။
Ref: မဇ္ဈိမ