ရဲဘော်ဖိုးသံချောင်း
၂၇/ ဧပြီ ၂၀၁၀
နအဖရဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာပြည်နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေမယ်လို့ တွက်ခဲ့ကြ၊ တွက်ထား ကြသူတွေ မနည်းပါဘူး။ အခုတော့ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ မြန်လည်းမြန်၊ ပုံသဏ္ဌာန် တွေလည်းစုံ၊ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
နအဖဟာ နယ်စပ်တွေကို ဖိအားပေးနေတုန်း ရန်ကုန် မြို့လယ်ခေါင်မှာ ဗုံးတွေကွဲပါတယ်။ မြန်မာပြည်ရဲ့ အရှေ့ဖျားဆုံး တရုတ်-မြန်မာ၊ ထိုင်း-မြန်မာ နယ်စပ်တွေကို တပ်တွေ ပို့နေတုန်း အနောက်ဖျားက ရခိုင်ပြည်နယ်မှာ ဗုံးတွေ ကွဲပြန်ပါတယ်။ ဒီဗုံးကွဲမှုတွေရဲ့ အနှံ့အပြားဖြစ်မှုနဲ့ အရေအတွက်ဟာ သိပ်ထူးခြား နေပါတယ်။ အချိန် ကာလအရ ပြောရရင်လည်း မြန်မာပြည် နိုင်ငံရေးရဲ့ တကယ့် အကွေ့အချိုးကာလ၊ အရေးကြီးကာလ ဖြစ်နေပါတယ်။
နောက်ထူးခြားတာတချက်က ဘယ်မှာမှ လက်သည်မပေါ်၊ သဲလွန်စလေးတောင်မှ မရတာပါ။ နအဖရဲ့ အုပ်ချုပ်ရေး ယန္တရားနဲ့ ထောက်လှမ်းရေး အဖွဲ့မျိုးစုံတို့ဟာ ရွေးကောက်ပွဲအတွက် အလုပ် ရှုပ်နေကြလို့လား၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အပစ်ရပ် အဖွဲ့တွေအပေါ် ဆင်နွှဲတော့မယ့် နောက်ဆုံး နှိပ်ကွပ်ပွဲကြီး အတွက် အသားကုန်လုံး ပန်းနေကြလို့လား။ ဘာကြောင့်ပဲ ဖြစ်ဖြစ် နအဖအစိုးရ အုပ်စိုးမှုယန္တရားရဲ့ ယိုပေါက် ဟာကွက်တွေကို အထင်အရှား မြင်တွေ့ နေရတာကတော့ အမှန်ပါပဲ။ လာမယ့် ရွေးကောက်ပွဲအမီ နအဖကို အပြတ် ဖားနေကြရတဲ့ “ဆောင်းပါးရှင်” ဆိုသူတွေမှာတော့ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဘယ်လို တွယ်ရမယ်မှန်း မသိဖြစ်နေပြီး အသားလွတ် ရမ်းသမ်းချနေရတဲ့အခြေအနေ ဆိုက်နေပါတယ်။
တချို့ကတော့လည်း “သူခိုးလိမ္မာမျက်နှာကြီးမို့” လက်သည်မပေါ်တာ၊ ရဲတွေက တက်တက်ကြွကြွ မရှာဖွေတာလို့ ပြောနေကြပါတယ်။ ဘာမဆို ဖြစ်နိုင်တဲ့ အနေအထားမို့ ဒါလည်း စဉ်းစားစရာအဖြစ် သတ်မှတ် သင့်ပါတယ်။
တကယ်တော့ နအဖကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ အချင်းချင်းတွယ်ကြတာပဲဖြစ်ဖြစ်၊ ပြည်သူလူထုကို ထိခိုက်သေကျေ စေတဲ့အထိ ဖြစ်တာကတော့ မကောင်းတာအမှန်ပါပဲ။ ဒါမျိုးကို တော်လှန်ရေး မဆန်တဲ့ လုပ်ရပ်လို့ပဲ သတ်မှတ်ရမှာပါ။ အားမပေး သင့်ပါဘူး။
ဒါပေမယ့် ရက်စက်ရှည်ကြာတဲ့ အုပ်စိုးမှုတခုကို မခံနိုင်လွန်းလို့ ဖြစ်တဲ့နည်းနဲ့ ဆန့်ကျင်တဲ့လူတွေကိုတော့ နားလည်ဖို့ လိုပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ အမျိုးသားတော်လှန်ရေး၊ လူတန်းစားတော်လှန်ရေး စတာတွေ ဖြစ်လာတယ်ဆိုရင်၊ အထူးသဖြင့် အစပိုင်းမှာ ဒီလိုပဲ တဦးချင်းစွန့်စား လုပ်ကြတဲ့၊ မဆိုင်သူတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ ပေါ်လာလေ့ ရှိကြတယ်ဆိုတာကို သတိ ပြုဖို့လိုပါတယ်။ အယူအဆ မကြည်လင်တာကြောင့်မို့ မင်းလောင်းပုံစံနဲ့ အင်္ဂလိပ်ကို ထ’ချကြတာကို မြန်မာပြည်ရဲ့ မဝေးလှတဲ့ သမိုင်းမှာ လှမ်းတွေ့နိုင်ပါတယ်။ ကျေးလက်တွေမှာ ဓားပြဂိုဏ်းလိုလို၊ သူပုန်အဖွဲ့လိုလိုဆိုတာတွေကလည်း ဒီသဘောပါပဲ။ မြန်မာပြည်က ‘ရော်ဘင်ဟု’ တွေဟာ ခေတ်မီနိုင်ငံရေး အတွေးအခေါ် မတပ်ဆင်နိုင်တဲ့ လယ်သမား သူပုန်တွေသာ ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေမှာ လွန်ကျွံတယ်လို့ ထင်မြင်စရာရှိတာ၊ မဆိုင်သူကို ထိခိုက်တာတွေ ပါလာတတ်ပါတယ်။ နိုင်ငံရေးအားနည်းသေးလို့သာ ဖြစ်ပါတယ်။
ရုရှနိုင်ငံမှာ ဘော်ရှီဗစ်တွေရဲ့ တော်လှန်ရေးမတိုင်မီ အနားခစ္စလို့ခေါ်တဲ့ လုပ်ကြံရေးဂိုဏ်းက အရင် ပေါ်လာတာပါ။ လီနင်ရဲ့အစ်ကိုကိုယ်တိုင် အဲဒီအထဲမှာပါခဲ့ပြီး ဖမ်းမိလို့ ကွပ်မျက်တာလည်း ခံခဲ့ရပါတယ်။
မြန်မာပြည်မှာတော့ ၁၃၀၀ ပြည့် အရေးတော်ပုံနောက်ပိုင်းမှာကိုပဲ နဂါးနက်ဂိုဏ်းဆိုတာ ပေါ်ခဲ့ပါတယ်။ အဲဒီဂိုဏ်းဟာ ပေါ်ကာစတုန်းက လုပ်ကြံရေးဂိုဏ်းတမျိုးသာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဂိုဏ်းသားတွေဟာ နောက်ပိုင်းမှာ တော်လှန်တဲ့ အတွေးအခေါ်တွေ၊ အသိတွေနဲ့ ပေါင်းစပ်မိတော့ ရာသက်ပန် တော်လှန်ရေးသမားတွေဖြစ်လာပြီး တော်လှန်ရေးထဲမှာပဲ ကျဆုံးသွားကြပါတယ်။ အလားတူပဲ လက်နက်ကိုင်တော်လှန်ရေး ထဲကို ပြောင်းလဲ ပါဝင်လာကြတဲ့ ဓားပြတွေ၊ ‘ရော်ဘင်ဟု’ တွေ အများကြီးရှိခဲ့ပါတယ်။ ဒီနေ့လို တိုင်းပြည်ရဲ့ စီးပွားရေးက အောက်ဆုံးရောက်နေ၊ ကြံ့ဖွံ့လို နအဖရဲ့ လူမိုက်တွေက နေရာတကာမှာ ရမ်းကား အနိုင်ကျင့်နေ၊ ဒီကြားထဲမှာ နအဖရဲ့ ဒီမိုကရေစီကြောင့် မှန်ကန်တဲ့ နိုင်ငံရေး အတွေးအခေါ်တွေကို ဖြန့်ချိခွင့် မရ ဖြစ်နေတဲ့ အခြေအနေမှာ နည်းမျိုးပေါင်းစုံသော ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာတာဟာ သဘာဝကျတယ်လို့ပဲ ဆိုရမှာပါ။
ဒီလိုနာကြည်းပေါက်ကွဲမှုတွေကို နည်းမှန်လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ဟာ အင်မတန်မှ အရေးကြီးတယ် ဆိုတာကို အထူးပြောနေစရာမလိုပါဘူး။ သူတို့လုပ်တဲ့နည်းဟာ မအောင်မြင်နိုင်ဘူး၊ မကောင်းတဲ့ဆိုးကျိုးတွေ ဖြစ်စေ နိုင်တယ်ဆိုတာတွေ ထောက်ပြရပါမယ်။ နအဖကို ရွံမုန်းနာကြည်းတယ်၊ ဖြုတ်ချရမယ် ဆိုတဲ့ သာမန် စဉ်းစား တွေးခေါ် နည်းလောက်နဲ့ မလုံလောက်တော့ဘူး ဆိုတာ ရှင်းနေပါတယ်။ မှန်ကန်တဲ့ အတွေးအခေါ်ကို လူထုဆီ ပို့ဖို့ဆိုတာဟာ အပြော လွယ်သလောက် လက်တွေ့မှာ မလွယ်လှပါဘူး။ အထူးသဖြင့် မြန်မာပြည် လူဦးရေရဲ့ (၈၀) ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ကျေးလက် လူထုဆီကို ပို့ဖို့ဖြစ်ပါတယ်။
တကယ်က ဒီအရေးတော်ပုံမှာ လယ်သမားတွေပါလာဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ သူတို့ပါလာမှ ပွဲက
ပြတ်မှာပါ။ ဒါပေမယ့် ဒီနေ့အခြေအနေမှာ လယ်သမားတွေကို စည်းရုံးဖို့ဆိုတာ တယ်လွယ်လှတာ မဟုတ်ပါဘူး။ သူတို့ဆီကို ကားစီးသွား ပြောချင်တာပြော၊ တောထမင်း တောဟင်းစားပြီး ပြန်လာရုံနဲ့ မရပါဘူး။ အချိန်ယူ လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။ သူတို့အကြားမှာ အကြာကြီး နေလို့ရအောင် ဘယ်လိုလုပ်မလဲ။ ရအဖတွေ၊ ကြံ့ဖွံ့တွေ မသိအောင် ဘယ်လိုဝပ်မလဲ စတဲ့ လက်တွေ့ ပြဿနာတွေကို ဖြေရှင်းရပါမယ်။ မြို့ပြနဲ့ ကျေးလက် ပေါင်းစည်းတဲ့ လှုပ်ရှားမှုတွေ ဘယ်လိုဖော် ထုတ်မလဲ စဉ်းစာ အဖြေရှာ ကြရပါမယ်။ ဒါဆိုရင် တိုက်ပွဲ ခွင်လည်းကျယ်လာ၊ နည်းသဏ္ဌာန် တွေလည်း စုံလာ၊ လူထု ထောက်ခံမှုလည်း ပိုရလာမှာ ဖြစ်ပါတယ်။
နောက်ပြီး လယ်သမား သားသမီး အများစုဖြစ်တဲ့ သံဃာတွေ၊ စစ်သားတွေရဲ့ အသည်းနှလုံးကိုလည်း ဖမ်းစား နိုင်မှာဖြစ်ပါတယ်။
Ref: ခေတ်ပြိုင်
Tuesday, April 27, 2010
တိုက်ဆိုင်လှတဲ့ ပေါက်ကွဲမှုတွေ
စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ
27 April 2010
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ၀န်ကြီး အနည်းဆုံး ၁၇ ယောက်တို့ဟာ စစ်ရာထူးတွေကနေ အနားယူလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလို စစ်ရာထူးက အနားယူ လိုက်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်။ အနားယူကြတဲ့ အထဲမှာ ဗိုလ်ချုပ်ဌေးဦးလည်း ပါဝင်ပါတယ်။
စစ်ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်တာသာဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူးတွေကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမည် မဖော်လိုသူ အစိုးရ အရာရှိ တယောက်က ပြောပါတယ်။
အစိုးရ သတင်းမီဒီယာတွေကတော့ ဒီသတင်းကို အတည်ပြု ဖော်ပြတာ မတွေ့ရသေးပါဘူး။ စစ်ရာထူးတွေကနေ အနားယူတဲ့ သတင်းတွေ လာပါဦးမယ်၊ ဒါက ပထမအသုတ် ဖြစ်ပါတယ်လို့ သတင်းပေးသူက ဆိုပါတယ်။
စစ်ထွက် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်ကို မကြာမီ မှတ်ပုံတင်မယ်လို့ အများက မျှော်လင့် ထားကြပါတယ်။
စစ်တပ်လိုလားတဲ့ အစိုးရတရပ်ဟာ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာ ချုပ်ကိုင်မှုကို ပိုမို ခိုင်မာ စေလိမ့်မယ်လို့ ရွေးကောက်ပွဲကို ဝေဖန်သူတွေက ပြောကြပါတယ်။
ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ယူဆရတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကလည်း စစ်အစိုးရကို ဝေဖန် နေကြပါတယ်။
တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်မယ် ဆိုရင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် NLD ပါတီက ပါတီအဖြစ် မှတ်ပုံ မတင်တော့ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။
Ref: VOA News
ယခုလကုန်တွင် ၀န်ထမ်းများ လစာတိုးဦးမည်ဟု သတင်းထွက်ပေါ်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၄၊ ၂၀၁၀
အစိုးရ၀န်ထမ်းနှင့် တပ်မတော်သားများအား ယခုနှစ် ဇန်န၀ါရီလမှ စတင်ပြီး ပေါကြွယ်စရိတ် ခေါင်းစဉ်ဖြင့် ကျပ် ၂ သောင်း ခံစားခွင့် ပြုပြီး ၄ လ အကြာ ဧပြီလကုန်တွင် လစာထပ်မံ တိုးမြှင့်ပေးမည့် သတင်းများ ထွက်ပေါ်လျှက် ရှိသည်။ ရန်ကုန်မြို့ရှိ အရပ်ဘက် အစိုးရအရာရှိ တဦး၏ ပြောကြားချက်အရ ယခု ထပ်မံတိုးပေးမည့် ပမာဏမှာလည်း ကျပ် ၂ သောင်း အနည်းဆုံး ရှိမည်ဖြစ်ပြီး အားလုံး တပြေးညီ ခံစားခွင့်ရှိမည် သို့မဟုတ် ရာထူး အဆင့်အလိုက် အနည်းအများ ကွာခြားမည် ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးဟု ပြောဆိုသည်။
ယခုကဲ့သို့ လစာထပ်မံ တိုးမြှင့်ပေးမည့် ရည်ရွယ်ချက်သည် လာမည့် ရွေးကောက်ပွဲတွင် အစိုးရ၀န်ထမ်းနှင့် တပ်မတော်သားများ နအဖ ကျောထောက် နောက်ခံပြုမည့် ပါတီကို မဲပေးရန် ရည်ရွယ်သည်ဟုလည်း အဆိုပါ အရာရှိက ပြောဆိုသည်။ ထိုသို့ လစာတိုးပေးရန် အတွက် အစိုးရ၏ ဘတ်ဂျက် အသုံးစရိတ်ကို မည်သို့ ရှာကြံမည်ကို မသိရှိရသေးသော်လည်း ယခုနှစ်ပိုင်းတွင် လုပ်ငန်း အသေးစားနှင့် အလတ်စားများ အပေါ်ချမှတ်သည့် ၀င်ငွေခွန်များမှာ အဆနှင့်ချီ မြင့်တက် သွားခဲ့ပြီး သာမန် ရေခဲစက်သေး လုပ်ငန်းအား တနှစ်လျင် အခွန်ငွေ ၂၅ သိန်း ထမ်းဆောင်ရန် ချမှတ်ခဲ့ပြီး လွန်ခဲ့သော ၅ နှစ်ကနှင့် စာလျင် ၁၀ ဆ ၀န်းကျင် မြင့်တက်လာသည့် သဘောလည်း ဖြစ်သည်။
ထို့အတူ ယခုနှစ်ပိုင်းအတွင်း ကုန်ပစ္စည်းရောင်းဝယ်ခွန်၊ စားသောက်ကုန်များ ရောင်းချခြင်းအပေါ် စားသုံးခွန် ကောက်ခံခြင်း၊ ပြည်တွင်းနှင့် ပြည်ပ အရက် ဘီယာများ ရောင်းချခြင်းအပေါ် တပုလင်းချင်း ကုန်သွယ်ခွန် ပေးဆောင်စေရန် ခေါင်းစဉ်သစ်များ ဖေါ်ဆောင်ပြီး ကောက်ခံလျက် ရှိရာကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်လာ စေသည့် အကြောင်းတစ်ရပ် အဖြစ် လုပ်ငန်းရှင်များက ရှုမြင်လျှက် ရှိကြသည်။
၂၀၁၀ နှစ်စ လစာမတိုးမီ ယမန်နှစ် ကုန်ခါနီးတွင် ငါးထောင်တန် အသစ်ကို စတင်ထုတ်ဝေ သုံးစွဲခဲ့ပြီး ၇ လ အကြာတွင် ယခုလို လစာ ထပ်မံ တိုးမြင့်မည့် သတင်းများထွက် ပေါ်လာခြင်းဖြစ်သည်။
Ref: မိုးမခ
နိုင်ငံရေး ပုဒ်မများဖြင့် အကျဉ်းချခံရပြီး လွတ်လာသူ ပြည်သူ့ အခွင့်အရေး ဆုံးရှုံးနေ
ဧပြီ ၂၆၊ ၂၀၁၀
နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်းခံရပြီး ပြန်လည်လွတ်မြောက် လာသူများမှာ နိုင်ငံကူးလက်မှတ် ထုတ်ယူရန် ခက်ခဲလျက်ရှိပြီး ထိုသို့ ပြုမူခြင်းသည် နိုင်ငံသား တစ်ယောက်၏ အခွင့်အရေး ဆုံးရှုံးခြင်းဖြစ်သည်ဟု လွန်ခဲ့သည့် နှစ်က လွတ်မြောက်လာသူ သတင်းထောက် မအိမ့်ခိုင်ဦးက မိုးမခသို့ပြောသည်။
ယမန်နှစ် စက်တင်ဘာလ နအဖ အစိုးရ အာဏာသိမ်းသည့် ၂၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသား တရာကျော် လွှတ်ပေးရာတွင် မအိမ့်ခိုင်ဦး ပါဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ် ကုန်ခါနီးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အိမ့်ခိုင်ဦးက ပြောပြရာတွင် -
“ကျမနဲ့ အတူတူလွတ်တဲ့ မူးယစ်ဆေးမှုနဲ့ ပြစ်ဒဏ်ကျခဲ့တဲ့သူလည်း နိုင်ငံကူးလက်မှတ် တရက်ထဲ အထူတူလျှောက်တာ သူကတော့ ရသွားပြီ။ ကျွန်မ ကိစ္စကျတော့ တလကြာပြီးနောက် သွားစုံစမ်းလည်း မကျသေး၊ ၂လလောက်မှာလည်း တခေါက် သွားစုံစမ်းတယ် မကျသေးလို့ပါ၊ MS တင်ထားလို့ပါတဲ့၊ နောက် ၄၊ ၅ ခေါက်လောက် စုံစမ်းပြီး မနေ့က ထပ် စုံစမ်းတဲ့အခါ မကျသေးဘူး ဆိုတော့ ရဲမှူးကို ၀င်တွေ့ပြီးမေးတော့ အထက်က စိစစ်ဆဲပဲ လို့ ပြောတယ်။ သူများတွေ တစ်လနဲ့ အားလုံးကျပြီး ကျွန်မတို့လို နိုင်ငံရေး ပုဒ်မနဲ့ ဖမ်းဆီး ခံခဲ့ရဖူးတာကြောင့် ဆိုင်းငံ့ထားတာ ကတော့ မဖြစ်သင့်ဘူး ထင်တယ်” ဟု ပြောသည်။
သူ့အနေဖြင့် လူအများနည်းတူ ပြည်ပသို့ သွားရောက် လည်ပတ်ခြင်း၊ ပညာသင်ကြားခြင်း စသည့် အခွင့်အရေးမျိုး ခံစားခွင့် ရှိသည်ဟု ထင်မြင် ယူဆကြောင်း၊ ယခုလို နိုင်ငံကူးလက်မှတ်ကို ခက်ခဲအောင် လုပ်ဆောင်ထားခြင်းမှာ လူတဦး တယောက်၏ ခရီးသွားလာခွင့်ကို ချုပ်ချယ်ထားရာ ကျပြီး မဖြစ်သင့်သည့် အဖြစ်ဟု ရှုမြင်သည်ဟုလည်း ထပ်မံပြောဆိုသည်။
မအိမ့်ခိုင်ဦးကို ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ဇွန်လထဲတွင် စားရေး နေရေး အခက်အခဲ ဖြစ်နေသည့် ဒဂုံမြို့သစ် အရှေ့ပိုင်းမှ ဒုက္ခသည်များအား ကန်တော်ကြီး ကန်ပတ်လမ်းရှိ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးသို့ အကူအညီ တောင်းရန် အခြား သတင်းထောက် တဦးဖြစ်သူ ကိုကျော်ကျော်သန့်နှင့် အတူ ပို့ဆောင်ပေးစဉ် လုံခြုံရေးရဲများက ဖမ်းဆီးအရေးယူ ခံခဲ့ရခြင်းဖြစ်သည်။
Ref: မိုးမခ
နယ်ခြားစောင့်တပ် လက်မခံသည့် ကရင်အဖွဲ့၏ စီးပွားရေးလုပ်ငန်းများ စတင် ကန့်သတ်ပိတ်ပင်ခံရ
ရဲရင့် / ၂၆ ဧပြီ ၂ဝ၁ဝ
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံသည့် စောဌေးမောင် ဦးဆောင်သည့် ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့၏ စီးပွားရေး လုပ်ငန်းများကို နအဖက စတင်ကန့်သတ် ပိတ်ပင်လိုက်သည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။
အဆိုပါအဖွဲ့မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတဦးက “မနေ့တနေ့က စပြီး မြ၀တီကနေ အောက်ကို ကုန်ပစ္စည်းပို့တဲ့ ကားကြီးတွေကို ခွင့်မပြုတော့ဘူး။ နောက်ပြီး မကြာခင်မှာ ကျနော်တို့ရဲ့ ခရီးသည်တင်ကား ပြေးဆွဲမှုတွေလည်း ရပ်ထား ရတော့မယ်လို့ သတင်း ရထားတယ်။ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အဖိုး စောဌေးမောင်ကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရမယ့် ကိစ္စကို လုံးဝ လက်မခံဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့ကို အခုလိုမျိုး ပြဿနာ စလုပ်တာဖြစ်တယ်” ဟု ပြောသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နအဖ၏ အမိန့်ကို လက်မခံရခြင်းမှာ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းပါက လက်ရှိ မိမိတို့ အဖွဲ့အစည်း၏ အမည်၊ အဖွဲ့၏ အလံအပါအ၀င် တပ်ဖွဲ့ အမှတ်အသားများနှင့် တပ်ဖွဲ့ဝင်များ၏ စစ်ယူနီဖောင်းမှအစ ပြောင်းလဲ ၀တ်ဆင်ရမည် ဖြစ်ပြီး နအဖအပေါ် သစ္စာရှိပါမည်ဟု ကတိပြုကြရမည် ဖြစ်သည့်အတွက် မိမိတို့ ရည်ရွယ်ချက်များနှင့် လုံးဝ သွေဖည်သဖြင့် လက်မခံခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အပါအ၀င် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ကျန်ရှိနေသည့် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များကို ယခုလ (၂၈) ရက်တွင် နောက်ဆုံးထား၍ အသွင် ပြောင်းပေးရမည်ဟု အမိန့် ထုတ်ထားပြီး လက်မခံသည့် အဖွဲ့အစည်းများကို မတရားအသင်း အဖြစ် ကြေညာ သွားမည်ဖြစ်ကြောင်း နအဖ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ခြိမ်းခြောက် ပြောဆိုထားသည်ဟု အပစ်ရပ် အဖွဲ့များက ပြောသည်။
စောဌေးမောင်အဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းကို လက်မခံပါက ဌာနေ ပြည်သူ့စစ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်သည်ဟု နအဖက ပြောဆိုလာသော်လည်း မည်သည့် ပြောင်းလဲ ဖွဲ့စည်းမှုကိုမှ လက်မခံဟု ကရင်ငြိမ်းချမ်းရေး ကောင်စီက ပြောကြား လိုက်သည်။
နယ်ခြားစောင့်တပ်အဖြစ် လက်မခံသည့်ကိစ္စကို ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့က ၎င်းတို့ ဌာနချုပ်တည်ရှိရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် ဘုန်းတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံ အချို့တို့အား အသိပေးသည့် ရှင်းလင်းပွဲ တရပ်ကို ယနေ့ ပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် ကရင်ငြိမ်းချမ်းရေးကောင်စီက နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းကို လက်မခံဘဲ ကရင် အာဇာနည် ဖြစ်သည့် စောဘဦးကြီး ချမှတ်သွားသည့် လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီးမည်၊ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံ စေရမည်ဆိုသည့် မူ (၄) ချက်ကို ဆက်လက် ကိုင်စွဲ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
နအဖ၏နယ်ခြားစောင့်တပ်တွင် အပစ်ရပ်အဖွဲ့များမှ အသက် (၄၀) အောက်များကိုသာ လက်ခံပြီး ကန့်သတ်အသက် ကျော်လွန်သည့် ကျန်တပ်ဖွဲ့ဝင်များမှာ အဖွဲ့မှ ထွက်ပေးရမည်ဖြစ်ကာ ၎င်းတို့ ဖွဲ့စည်းပေးသည့် တပ်ဖွဲ့ဝင် အရေအတွက်အတိုင်း ထုတ်ပေးသည့် လက်နက် များကိုသာ ကိုင်ဆောင်ရမည် ဖြစ်ပြီး အပစ်ရပ် အဖွဲ့များရှိ လက်နက်အားလုံးကို နအဖထံ ပေးအပ်ရမည်ဟု မွန်အပစ်ရပ် အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း ယမန်နှစ် နှစ်ကုန်ပိုင်း ဘားအံမြို့၌ နအဖအဆင့်မြင့် ဗိုလ်ချုပ်ကြီးများနှင့် ဆွေးနွေးခဲ့ရာတွင် စောဌေးမောင်က ပြောကြားထားပြီးဖြစ်သည်။
စောဌေးမောင်နှင့်အဖွဲ့သည် ၂၀၀၇ ခုနှစ်က ကေအန်ယူမှ ခွဲထွက်ပြီး နအဖ နှင့်ပူးပေါင်းကာ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည်။
Ref: ခေတ်ပြိုင်
ရှမ်းပြည်တပ်မတော် ပြည်သူ့စစ်အသွင်ပြောင်း
ခိုင်လင်း/ ၂၆ ဧပြီ ၂ဝ၁ဝ
ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ၏ ဥက္ကဋ္ဌ ဦးလွယ်မောင်း အပါအဝင် တပ်ဖွဲ့ဝင်အချို့ ပြည်သူ့စစ် အသွင် ပြောင်းရန် အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ၌ ယခုလ (၂၂) ရက်က လက်ခံ သဘောတူလိုက်သည်။
ရှမ်းတပ်ဖွဲ့ဥက္ကဋ္ဌ ဦးလွယ်မောင်း ဦးဆောင်သည့် ဗဟိုကော်မတီအချို့ လားရှိုးမြို့ရှိ ရမခ စစ်ဌာနချုပ်သို့ သွားရောက်ပြီး နအဖဘက်မှ ကမ်းလှမ်း ထားသည့်အတိုင်း ပြည်သူ့စစ် အသွင်ပြောင်းရန် လက်ခံလိုက်သည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူ လားရှိုး ဒေသခံ တဦးက ပြောသည်။
၎င်းက “ဦးလွယ်မောင်းတို့ပါတဲ့ ဗဟိုကော်မတီတွေရယ်၊ တပ်မဟာမှူး ဗိုလ်မှူးကြီး လှမြင့်ရဲ့ တပ်မဟာ (၃) က လူတွေနဲ့ ပြည်သူ့စစ် လုပ်ကြပြီ။ တပ်မဟာ (၁) က ပန်ဖတို့ အဖွဲ့ကတော့ အဲဒါကို သဘောမတူဘူး ဆိုပြီး ပြောနေတယ်။ အခုက အားလုံး ပြည်သူ့စစ် လုပ်ဖို့ သဘောတူတာ မဟုတ်ဘူး။ ရမခ ကလည်း အကြိမ်ကြိမ် ဖိအားပေးနေတာ။ အောက်က တပ်တွေကလည်း လက်မခံ၊ အခု တပ်မဟာ (၃) ပါလာတော့ အခုလို လက်ခံလိုက်တာ” ဟု ပြောသည်။
ရှမ်းတပ်ဖွဲ့အတွင်း ပြည်သူ့စစ်လက်ခံရေး၊ လက်မခံရေး သဘောထားကွဲကာ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရပြီး ယခုကဲ့သို့ ဥက္ကဋ္ဌ ဦးလွယ်မောင်းနှင့် အဖွဲ့က လက်ခံလိုက်သည့် အတွက် ရှမ်းတပ်ဖွဲ့အတွင်း အကွဲအပြဲ ပေါ်လာနိုင်ကြောင်း အဆိုပါ လားရှိုးဒေသခံက ပြောသည်။
၎င်းက “အခုက ပြည်သူ့စစ် လက်ခံတယ်ပြောတာ အားလုံးသဘောတူညီချက် မရလိုက်ဘူး။ တပ်မဟာ (၁) တပ်မဟာမှူး ပန်ဖ ဆိုရင် သူက ဝ လူမျိုးနဲ့ နွယ်တယ်။ ပြည်သူ့စစ် ကိစ္စကို တင်းတင်းမားမား ဖြစ်နေတဲ့သူပဲ။ အခုလို ဖြစ်လာတော့ အကွဲအပြဲတွေ၊ ထွက်ပြေးတာတွေ ဖြစ်လာနိုင်တယ်။ အက်စ်အက်စ်အန်အေက ဦးစိုင်းရီ တောပြန်ခိုတဲ့ ပုံစံမျိုး ဖြစ်ရင်လည်း ဖြစ်မှာပေါ့” ဟု ပြောသည်။
ရှမ်းပြည်တပ်မတော်အား ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်လွတ်လပ်ရေးအတွက် ဖွဲ့စည်းခဲ့ပြီး အစိုးရ အဆက်ဆက်အား တော်လှန် တိုက်ပွဲဝင်ခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်တွင် စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး ပြုလုပ်ခဲ့ကာ ရှမ်းပြည် မြောက်ပိုင်းရှိ ရှမ်းတပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသကို ရှမ်းပြည်နယ်၊ အထူးဒေသ (၃) အဖြစ် သတ်မှတ်ခဲ့သည်။
ယမန်နှစ်၊ ဧပြီ (၂၈) ရက်မှစ၌ နယ်စပ်တလျှောက်ရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ်လည်းကောင်း၊ နယ်စပ်နှင့် အလှမ်း ဝေးသည့် အပစ်ရပ်အဖွဲ့များကို ပြည်သူ့စစ် အဖွဲ့အဖြစ်လည်းကောင်း အသွင်ပြောင်းရန် ကမ်းလှမ်း ထားခဲ့ရာ ယခုလ (၂၂) မှ (၂၈) ရက်အတွင်း အသွင် မပြောင်းပါက အပစ်ရပ် မတိုင်မီကအတိုင်း အခြေအနေ ပြန်ရောက်သွားမည်ဟု နအဖဘက်က ရာဇသံ ပေးထားသည်။
Ref: ခေတ်ပြိုင်
ကျိုင်းတုံစစ်ဒေသ သျှမ်းပြည်တပ်မတော် နှင့် နအဖတပ် ဆက်တိုက် တိုက်ပွဲဖြစ်
Monday, 26 April 2010 16:26
စ၀်ယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် ကျိုင်းတုံစစ်ဒေသ နှင့် တြိဂံတိုင်း လက်အောက်ခံ စကခ ၁၈ နှင့် စကခ ၁၄ တို့ အကြား ယခုလအတွင်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု စုံစမ်း သိရှိရပါသည်။
“လဆန်းပိုင်းက ဖြစ်တဲ့တိုက်ပွဲက နအဖ ဘက် သေကြေ ဒဏ်ရာရတဲ့သူ တော်တော်များမယ်၊ ခမရ ၃၂၉ နဲ့ ခလရ ၂၄၄ တို့ စစ်ကူဖြည့်ပြီး ကား ၂ - ၃ စီးနဲ့ ဒဏ်ရာရသူတွေ အလောင်းတွေ ပြန်တင်လာတာ တွေ့ရတယ်” - အမည် မဖေါ်လိုသည့် ဒေသခံ တဦးက ပြောပါသည်။
ဧပြီ ၂၁ ရက်နေ့ မနက် ၇ နာရီ မှ ၈ နာရီ အထိ မိုင်းဖြတ် အခြေစိုက် စကခ ၁၈ လက်အောက်ခံ တပ်ရင်းနှင့် မိုင်းဆတ် အခြေစိုက် စကခ ၁၄ လက်အောက်ခံ တပ်ရင်း ၃-၄ ရင်း ပူးပေါင်းပြီး လားဟူပြည်သူ့စစ်နှင့် အတူ ရှေ့တန်း ထွက်ချိန် မိုင်းဆတ်မြို့မြောက်ဘက် ကီလိုမီတာ ၃၀ ကျော် မိုင်းကုတ် ကျေးရွာအုပ်စု အတွင်း သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲ တနာရီကြာ ဖြစ်ပွားခဲ့၏။
“တိုက်ပွဲဖြစ်တဲ့ နှစ်နေရာစလုံးက မြေပြန့်လေ၊ တိုက်ပွဲပြီးတော့လဲ ၀င်ရောက်စစ်ဆေးဖို့က မလွယ်ဘူး၊ ပစ်ခတ် နေချိန် နအဖဘက်က လဲကျတာတွေ အများကြီး တွေ့ရတယ်၊ ဘယ်လောက် သေကြေလဲတော့ မသိဘူး၊ ကျနော်တို့ လူတယောက် ကျဆုံးတယ်၊ သိမ်းဆည်းရတဲ့ ပစ္စည်း မရှိသလို ဆုံးရှုံးတာလဲ မရှိဘူး”- ဟု SSA အရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
ထို့အတူ ဧပြီ ၄ ရက်နေ့ မွန်းတည့်ချိန်မှ မွန်းလွဲ ၁၄း၄၅ နာရီအထိ တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း၊ နအဖ စစ်တပ်ဘက် သေကြေ ဒဏ်ရာရသူ ဦးရေ အတိအကျ မသိရှိရသော်လည်း တိုက်ပွဲနှစ်ခုစလုံး ၇-၈ ယောက် ထက်မနည်း (သို့မဟုတ်) ဆယ်ယောက်ကျော် ဒဏ်ရာရဖွယ် ရှိကြောင်း၊ သျှမ်းပြည်တပ်မတော် (ကျိုင်းတုံ စစ်ဒေသ) အမှတ် ၁ စစ်ဒေသ မှ တဦး ကျဆုံးကြောင်း အမည် မဖေါ်လိုသည့် အဆိုပါ အရာရှိက အတည်ပြုပါသည်။
“နအဖ ဘက်က ခမရ ၃၂၈ ဗိုလ်ကြီးဖြိုးအောင် ဦးဆောင်တယ်၊ လားဟူ (မိုင်းဖြတ် - နမ့်ယုံး) ဂျဆေးဘို ပြည် သူ့စစ်က ဂျလားနဲ့ ဂျဆီတို့ ဦးဆောင် (ပူးပေါင်း) အင်အား ၆၀ ကျော်က နှစ်ဖွဲ့ခွဲပြီး SSA နယ်လှည့်တပ်ဖွဲ့ နောက်ယောင်ခံလိုက်လို့ တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲ ၂ နာရီကျော် ကြာတယ်ဆိုတော့ နအဖ ဘက်လဲ အများကြီး သေကြေ ဒဏ်ရာရတယ်”- ဟု ဒေသခံ ရွာသား နောက်တဦးကပြောပါသည်။
တိုက်ပွဲနှစ်ခုစလုံး၌ နအဖ စစ်တပ်ဘက်မှ ၈၁ မမ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟုလည်း သျှမ်းပြည် တပ်မတော် ကျိုင်းတုံစစ်ဒေသ တပ်မှူး တဦးကပြောပါသည်။
အသွင်ပြောင်းရေး တနှစ်ပြည့်သည့်နေ့၌ ၀ တပ်ဖွဲ့ လူအင်အားစာရင်း ပေးပို့ရန် ဒက်လိုင်း ပေးထားသည့်အတိုင်း နအဖက ဖိအား အကြိမ်ကြိမ် ပေးခဲ့သော်လည်း လက်မခံသော တောင်ပိုင်း ၀ တပ်ဖွဲ့အား ဖြတ်လေးဖြတ်ဖြင့် ဖြတ်တောက်ရန် ကြိုးပမ်း နေချိန် သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Ref: သျှမ်းသံတော်ဆင့်
လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲမည်ဟု မဒတ ပြော
တနင်္လာနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၀ ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ လက်နက်ကိုင်အပစ်ရပ်အဖွဲ့များနှင့် ပိုမိုနီးကပ်စွာ လက်တွဲပြီး စစ်အစိုးရအား စစ်မျက်နှာအနှံ့ ဖြန့်၍ တိုက်ပွဲများ ဆင်နွှဲ သွားမည်ဟု တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုကြီးက ပြောသည်။
“ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာမယ်၊ နအဖက တနေရာမှာ စစ်မျက်နှာဖွင့်မယ် ဆိုရင် ကျနော်တို့ကလည်း မြန်မာပြည် အနှံ့အပြားမှာ စစ်မျက်နှာတွေ ဖွင့်ပြီး နအဖ အရူးမီးဝိုင်းဖြစ်လာအောင် ညှိနှိုင်း လုပ်ဆောင်နေပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု-မဒတ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော်က ပြောသည်။
ယခုလ ၂၃-၂၄ ရက်တွင် ကျင်းပသည့် မဒတ ၏ ဗဟိုသဘာပတိ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင် ၈ ဖွဲ့အနက် ၇ ဖွဲ့မှ ဗဟိုသဘာပတိ ကိုယ်စား လှယ် ၁၈ ဦးက ဆုံးဖြတ်ခြင်းဖြစ်သည်။
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲကြီးများမှ နအဖ ၏ နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး အဆိုပြုချက်အား လက်မခံသည့် ရပ်တည်ချက်ကို မဒတ တပ်ပေါင်း စုမှ ဆက်လက်၍ “ထောက်ခံဝန်းရံ” သွားမည်ဖြစ်ကြောင်း မဒတ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မဒတ သည် အပစ်ရပ်အဖွဲ့များနှင့် လုပ်ငန်းဆက်စပ်မှုရှိပြီး နားလည်မှု အပြန်အလှန် တည်ဆောက်ကြောင်း၊ အဖွဲ့ကြီး၏ သဘောထားကိုလည်း အပစ်ရပ် အဖွဲ့များထံ အကြောင်းကြားထားပြီး ဖြစ်သည်ဟုလည်း မိုင်းဘုန်းကျော်က ဆိုသည်။
UWSA အား မူးယစ်ဆေးဝါးထုတ်လုပ်သည်ဟု နိုင်ငံတကာ၏ စွပ်စွဲခြင်းခံနေရသော UWSA သည် ဝ’ အမျိုးသားရေး အပေါ်၌ ခိုင်ခိုင်မာမာ ရပ်တည်နေသည်ဟု မဒတက အသိမှတ်ပြုထားပြီး၊ ယခင်က မူးယစ်ဆေး ထုတ်ခဲ့မှုတွင် နအဖ ထိပ်ပိုင်း ခေါင်းဆောင်များလည်း ပါဝင် ပတ်သက်နေသည့် အထောက်အထားများ ရှိသည်ဟုလည်း သူကဆိုသည်။
မဒတ အနေဖြင့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံဥပဒေနှင့် နအဖက ကျင်းပပေးမည့် ရွေးကောက်ပွဲတို့သည် “စစ်အာဏာသက်တမ်းရှည်ရေး” ကို ဦးတည်နေသဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီ မှတ်ပုံပြန် မတင်ဘဲ ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းကိုလည်း ထောက်ခံကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု-မဒတ ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသား များ၏ တန်းတူညီတူ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။
နောက်ပိုင်း၌ စစ်အစိုးရနှင့် အပစ်ရပ်သွားသည့် အဖွဲ့များရှိလာသဖြင့် ယခုအခါ ကရင်အမျိုးသား အစည်းအရုံး-KNU၊ ချင်းအမျိုးသား တပ်ဦး-CNF၊ မွန်ပြည်သစ်ပါတီ-NMSP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့-PKLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး-PSLF၊ ဝ’အမျိုးသား အဖွဲ့ချုပ်-WNO၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ-LDU၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ-ALP စသည့် ၈ ဖွဲ့သာ ကျန်တော့သည်။
Ref: မဇ္ဈိမ
ဗိုလ်ချုပ်မှူးကြီး ဆင်ဖြူတော်စီး
အောင်သက်ဝိုင်း Monday, April 26, 2010
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦး အသုံးပြုသည့် သီးသန့် လေယာဉ် ၂ စီးကို ဗေဒင်အရ “ဆင်ဖြူတော်” ဟု အမည်သတ်မှတ် ခေါ်ဝေါ်နေရကြောင်း သတင်းရရှိသည်။
အဆိုပါ လေယာဉ် ၂ စီးကို ဆေးအဖြူရောင် ခြယ်ထားပြီး ATR 72-500 အမျိုးအစား လေယာဉ်များ ဖြစ်ကြောင်း၊ ထိုလေယာဉ် ၂ စီးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ ၅ ဦးသာ စီးနင်းခွင့်ရကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။
“လေယာဉ် ၂ စီးစလုံးကို ဆင်ဖြူတော် ဆိုတဲ့ နာမည်သုံးဖို့ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် အမိန့်ပေး ထားတာလို့ သိရတယ်။ ဒီ လေယာဉ်တွေက ခေါင်းဆောင် ၅ ဦးနဲ့ ဗိုလ်ချုပ်မှူးကြီး မိသားစု ခရီးထွက်ဖို့ပဲ သုံးရတဲ့ လေယာဉ် အသစ်တွေပါ” ဟု မင်္ဂလာဒုံ လေတပ်နယ်မှ စစ်အရာရှိကြီးများနှင့် နီးစပ်သူ တဦးက ဆိုသည်။
အဆိုပါ လေယာဉ်များကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့လေကြောင်းက တာဝန်ခံ ၀ယ်ယူ ပေးထားရပြီး မင်္ဂလာဒုံလေတပ် အထူးလေယာဉ် ထိန်းသိမ်းဆောင်တွင် လုံခြုံရေး တင်းကျပ်စွာဖြင့် ထိန်းသိမ်းစောင့်ရှောက် ထားရကြောင်း သိရသည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာနိုင်ငံသို့ သွားရောက်စဉ်ကမူ မြန်မာ့ လေကြောင်းလိုင်းပိုင် MAI လေယာဉ်ဖြင့် သွားခဲ့ကြောင်း ဓာတ်ပုံ မှတ်တမ်းများအရ တွေ့ရသည်။
လေယာဉ်များကို “ဆင်ဖြူတော်” ဟု ခေါ်ဝေါ်သုံးစွဲရခြင်းသည် ယတြာချေခြင်းဖြစ်ပြီး အတိုက်အခံ ရန်စွယ် အပေါင်းကို အောင်နိုင်စေခြင်း အတိတ်ဖြင့် ခေါ်ဝေါ် အသုံးပြု ခြင်းဖြစ်သည်ဟု ရန်ကုန်ရှိ နာမည်ကျော် ဗေဒင်ဆရာတဦးက သုံးသပ်သည်။
“ရှေးမြန်မာ ဘုရင်မင်းတွေ ဘုန်းတန်ခိုးကြီးလာရင် ဆင်ဖြူတော် အလိုလိုပေါ်ရတယ်။ ဒါမှမဟုတ် အိမ်နီးချင်း တိုင်းပြည်တွေက ဆင်ဖြူတော် ဆက်သရတယ်။ ဆင်ဖြူတော် စီးရတဲ့ ဘုရင်တွေက ရန်စွယ်အပေါင်းကို အောင်နိုင်တယ် ဆိုတဲ့ သက်သေ သာဓကတွေ မြန်မာရာဇ၀င် သမိုင်းတွေမှာ အထင်အရှား ရှိတယ်။ ဒါကြောင့် ဒီနာမည်ကို ဗေဒင်သဘောနဲ့ ပေးထားတာ” ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုသည် နက္ခတ်ဗေဒင်လက္ခဏာ ယုံကြည်မှုလွန်ကဲရုံမက မိသားစု ဆွေမျိုးများအကြား ထီးသုံး၊ နန်းသုံး စကားများကို ပြောဆို ခေါ်ဝေါ်သုံးစွဲကြသည် ဆိုသော သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။
စစ်အစိုးရက ၂၀၀၉ ခုနှစ်အတွင်းတွင် ငါးထောင်တန်ငွေစက္ကူအသစ် ထုတ်ဝေခဲ့ရာ “ဆင်ဖြူတော်” တံဆိပ်ကို ငွေစက္ကူသစ်၏ အမှတ်အသား အဖြစ် သုံးစွဲခဲ့ခြင်း၊ ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ အုပ်ချုပ်ရေး ယန္တရားကို ပျဉ်းမနား၊ ကြပ်ပြေးသို့ ပြောင်းရွှေ့ အခြေစိုက် ခဲ့ရာ၌ မြို့တော်သစ်ကို နေပြည်တော် ဟု တရားဝင် သတ်မှတ် သုံးစွဲစေခဲ့ခြင်းများတွင် ဗေဒင်နက္ခတ် သဘောတရားများ အဓိက ပါဝင်နေသည်ကို တွေ့မြင်နိုင်ကြောင်း ရန်ကုန် ဗေဒင်ဆရာ အသိုင်းအဝန်းက သုံးသပ်သည်။
စစ်အစိုးရ ခေါင်းဆောင်ကြီးများသည် ဗေဒင်နက္ခတ်ကျွမ်းကျင်သည့် ပုဏ္ဏားများကို ၎င်းတို့၏ နေအိမ်များသို့ ခေါ်၍ အပတ်စဉ် ဗေဒင် တွက်ချက် ယတြာချေခိုင်းကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သတင်းရရှိသည်။
ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်ကလည်း ဆင်ဖြူတော် ရှာဖွေကာ ဘွဲ့များ ပေးအပ်ပြီး အင်းစိန်မြို့နယ် မင်းဓမ္မ ကုန်းတော်ပေါ်တွင် တည်ထားသော လောကချမ်းသာ အဘယလာဘမုနိ ဘုရားကြီး ဘေးတွင် အဆောင် ဆောက်လုပ် မွေးမြူခဲ့သည်။
Ref: ဧရာဝတီ်
Monday, April 26, 2010
ပြည်သူ့ စစ်ဖွဲ့ ရန် ဖိအားပေးမှု မွန်ပြည်သစ်ပါတီ ငြင်းဆန်
ဘစောတင် Friday, April 23, 2010
စစ်အစိုးရက ပြည်သူ့ စစ်ဖွဲ့ ရန် ဖိအားပေး တောင်းဆိုမှုကို မွန်ပြည်သစ် ပါတီ (NMSP) က လက်မခံဘဲ ငြင်းပယ် လိုက်ကြောင်း ပါတီ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။
လွန်ခဲ့သော ၂ ရက်အတွင်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ယခု ကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း ယနေ့ ညနေပိုင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေး ဆိုခွင့် ရှိသူ နိုင်ချေးမွန်က ပြောဆိုသည်။
“အမျိုးသားအခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခင်စပ်ကြား တပ်ဖွဲ့ များ အသွင်ပြောင်း ဖွဲ့ စည်းရန်မှာ အခက်အခဲ များစွာ ရှိပါတယ်၊ မွန်ပြည်သစ် တပ်ဖွဲ့ ဝင်များနဲ့ မွန်ပြည်သူများက လက်ခံလိုသော ဆန္ဒမရှိပါ၊ ဒါကြောင့် နအဖ တောင်းဆိုတဲ့ ပြည်သူ့စစ် ဖွဲ့ရန် ဆိုသည်မှာ မဖြစ်နိုင်ဘူးဆိုတာကို မနေ့ကပဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို အကြောင်း ပြန်ကြား လိုက်ပြီးပါပြီ”ဟု ၎င်းက ဆိုသည်။
စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ဧပြီလ(၇)ရက်နေ့တွင် မွန်ပြည်သစ် ပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် မဖွဲ့ပါက ပြည်သူ့စစ် ဖွဲ့ရန်နှင့် ပတ်သက်ပြီး အကြောင်းပြန်ရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းတွေ့ဆုံပွဲသို့ NMSP ဒုဥက္ကဋ္ဌ နိုင်ရော့စ အပါအ၀င် ဗဟိုကော်မတီ ၀င်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ NMSP အနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့ဖြစ်စေ၊ ပြည်သူ့စစ် အသွင် ကူးပြောင်းရေးကို ဖြစ်စေ ပြောင်းလဲဖွဲ့စည်းရန် အကြိမ်ကြိမ် ငြင်းဆို ထားသည်။
“ကျနော်တို့ကို စစ်အစိုးရက ပြည်သူ့စစ်ဖွဲ့ဖို့ အင်အားသုံး ဖိအားပေးလာရင်တော့ ကျနော်တို့ကိုယ် ကျနော်တို့ ကာကွယ်ရမှာပဲ” ဟု နိုင်ချေးမွန်က ပြောသည်။
ယခုကဲ့သို့ ငြင်းဆန်ပြီးနောက် ပြည်တွင်း၌ ဖွင့်လှစ်ထားရှိသော NMSP ရုံးများကို ပိတ်ပစ်ခြင်းနှင့် လူဦးရေ လျှော့ချ ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် မတ်လက NMSP သည် လက်နက် စုဆောင်းရေး ဌာန အပါအဝင် ဌာနတချို့ကို နေရာ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
“ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ကျနော်တို့ ကို နယ်ခြားစောင့်တပ် ဖွဲ့မလား၊ ပြည်သူ့စစ် ဖွဲ့မလား၊ ဘာမှ လက်မခံ ရင်တော့ ခင်ဗျားတို့ဟာ အပစ်အခတ် ရပ်စဲမှု မပြုလုပ်ခင် ၁၉၈၉ ခုနှစ်က အနေအထားကို ရောက်သွားမယ်လို့ ပြောခဲ့တာကြောင့် ကျနော်တို့ ဘက်ကလည်း ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ရုံးတွေမှာရှိတဲ့ လူတွေ လျှော့ချ တာတို့၊ ပိတ်တာတို့ စလုပ်နေပြီ၊ ဆက်ဆံရေး ရုံး တရုံးကိုပဲ ထားတော့မယ်” ဟု နိုင်ချေးမွန်က ဆက်ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူ တောင်ကြားလမ်းမှ NMSP ပါတီဝင် တချို့ကလည်း နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေး အတွက် ဆွေးနွေး ညှိနှိုင်းမှုပျက်ပြားပြီး စစ်ကို မရှောင်လွှဲနိုင်ပါက နေအိမ်များစွန့်ခွာ၍ တောတွင်းသို့ ပြန်ဝင်ကြရန် ခေါင်းဆောင်များက မှာကြား ထားကြောင်း ပြောဆိုသည်။
NMSP ၏ တရားဝင် စာရင်းများအရ အဖွဲ့ဝင် ၃၅၀၀ ရှိသော်လည်း လက်ရှိတွင် တာဝန် ထမ်းဆောင်နေသူမှာ ၇၀၀ ခန့် သာ ရှိကြောင်း သိရသည်။
အကယ်၍ စစ်ဖြစ်ပွားရန် အကြောင်းပေါ်လာပါက တပ်ဖွဲ့ဝင်များ ပြန်လာဖွယ်ရှိကြောင်း၊ အစပိုင်းတွင်မှု အခက်အခဲ ရှိမည်ဖြစ်ကြောင်း NMSP အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ မကြာသေးခင်က ပြော ဆိုထားသည်။
သို့သော် အပစ်ရပ်ထားသည့် ဆယ်စုနှစ်တခုကျော်ကြာအတွင်း မြို့ပေါ်၌ စီးပွားရေးလုပ်ငန်းများနှင့် အခြေကျနေသည့် ပါတီ အဖွဲ့ဝင်များ အဖို့ လက်ရှိ အခြေအနေကို စွန့်လွှတ်၍ NMSP နှင့် တောတွင်းသို့ လိုက်ပါ ပူးပေါင်းရန် အခက်အခဲ ရှိမည်ဟု မွန် နိုင်ငံရေး လေ့လာ အကဲခတ်သူများက ဆိုသည်။
NMSP ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်ကမူ မြန်မာစစ်တပ် အနေဖြင့် ၎င်းတို့ကို တိုက်ခိုက်လိမ့်မည်ဟု မထင်ကြောင်း ပြောဆိုဖူးသည်။
ယမန်နှစ်က နယ်ခြားစောင့်တပ် ဖွဲ့ရန် NMSP က ငြင်းဆန်ပြီးနောက် စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာခဲ့သည်။
အကယ်၍ တိုက်ပွဲ ပြန်ဖြစ်ခဲ့လျှင် ပြောက်ကျား နည်းဖြင့် ပြန်လည် ခုခံမည် ဖြစ်ကြောင်းလည်း NMSP ခေါင်းဆောင် များက ပြောဆိုထားသည်။
အပစ်အခတ်မရပ်စဲခင်က မွန်ဒေသတွင် စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲထားခဲ့သော်လည်း ၁၅ နှစ်ကြာ ကာလအတွင်း တပ်စွဲ ထားသည့် တပ်ရင်း ၃၀ ခန့် ရှိကြောင်း သိရသည်။
မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အပစ်ရပ်အဖွဲ့များအနေနှင့် ဧပြီ ၂၈ ရက်နေ့ မတိုင်မီ နယ်ခြားစောင့်တပ် အသွင် မပြောင်းပါက စစ်အစိုးက မတရားအသင်း အဖြစ် ကြေညာမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
Ref: ဧရာဝတီ်
သျှမ်းပြည်တပ်မတော်ဟုဆိုကာ တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စတင်တိုက်ခိုက်
Saturday, 24 April 2010 22:00
တောင်ပိုင်း ၀ ပြည်သူများ တိုက်ပွဲသတင်းနှင့် ပါတ်သက်၍ စိုးရိမ်ထိပ်လန့် ရှောင်တိမ်းနေချိန် ၀ တပ်ဖွဲ့အား သျှမ်းပြည် တပ်မတော် တပ်ဖွဲ့ဟုဆိုကာ နအဖဘက်မှ တိုက်ပွဲနှစ်ကြိမ် စတင် တိုက်ခိုက်သည်ဟု စုံစမ်း သိရှိရ ပါသည်။
“နအဖ က အရင် စပစ်လို့ ကျနော်တို့ ပြန်တိုက်ရတယ်။ နှစ်ကြိမ်စလုံး နအဖ က စပစ်တာ၊ ကျနော်တို့ဘက်က သေကြေ ဒဏ်ရာရတာ မရှိဘူး” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိငယ် တဦးက ပြောပါသည်။
ဧပြီ ၂၃ ရက် ညနေပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မိုင်းတုန်း (တွမ်း) တောင်ကြောတွင် လည်းကောင်း၊ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ထိုင်းနိုင်ငံ ဖှန်မြို့ မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့ တောင်ဘက် လွယ်ဖါဟုံဘုတ် တောင်ကြောတွင် လည်းကောင်း ၀ တပ်ဖွဲ့အား နအဖ က စတင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“မနေ့က ညနေပိုင်း ၁၅ မိနစ်လောက် တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်တော့ ၁၀ မိနစ်လောက်ဘဲ၊ ကျနော်တို့က ၀ စကားနဲ့ အော်ပြောပြီး ပြန်တိုက်တော့ သူတို့က ရပ်သွားတယ်” -အမည် မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။
တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်တပ်က ဒုဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် သျှမ်းပြည် တပ်မတော် လှုပ်ရှား စစ်ကြောင်း ဟု ထင်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မျက်နှာပြောင်တိုက် ဟန်ပြ တောင်းပန်ခဲ့သည် ဟု အဆိုပါ ၀ တပ်မှူးကပြော၏။
ဝ တပ်ဖွဲ့ အရာရှိများကတော့ နှစ်ကြိမ်စလုံး မှားပစ်တိုက်ခိုက်ခြင်း မဖြစ်နိုင်ကြောင်း၊ အရင်ကတည်းက ထိုဒေသ အတွင်း ၀ တပ်ဖွဲ့သာ သွားလာ လှုပ်ရှားလေ့ ရှိကြောင်း ရှင်းပြ၏။
ယခုကိစ္စသည် နအဖ မှ တမင်ရန်စ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ၎င်းင်းတို့ လုပ်ရပ်အား သုံးသပ်ကြည့်ပါက တိုက်ပွဲကြီး အတွက် ရှောင်လွဲရန် မဖြစ်နိုင်တော့ကြောင်း ၀ တပ်ဖွဲ့ အရာရှိများက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ၂၂ ရက်နေ့ နောက်ဆုံး သတ်မှတ်ရက်နှင့် ပတ်သက်၍လည်း မိမိတို့ တောင်းဆိုချက် အတိုင်း ဆက်လက် ရပ်တည်သွားမည်ဟု မြောက်ပိုင်း ၀ တပ်မှူးတို့ ဆုံးဖြတ်ချက်ချချိန် တောင်ပိုင်း ၀ တပ်ဖွဲ့ ခေါင်းဆောင် များနှင့် ဆွေးနွေးရန် မိုင်းဆတ် အခြေစိုက် စကခ ၁၈ စစ်ဒေသမှူးကြီးက အစည်းဝေးဆင့် ခေါ်ခဲ့သေးသည်ဟု ဆို၏။
“မိုင်းဆတ်သွားတာက ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ ဟွေ့အော့ က ကိုယ်စားလှယ်တွေပါတယ်၊ ဒါပေမယ့် မိုင်း ဆတ် စကခ ဌာနချုပ် မရောက်ဘဲ နောက်ပြန်လှည့်ကြတယ်၊ သွားသွား မသွားသွား မထူးဘူး ဆိုတဲ့သဘောပေါ့” - အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကလည်း အတည်ပြု ပြောဆိုပါသည်။
ထိုအစည်းအဝေးသို့ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင်မသွားသည့် အပြင် ကိုယ်စားလှယ် အဖွဲ့လည်း မိုင်းဆတ်မြို့ အနီး ရောက်ရှိပြီး ပြန်လှည့် လာခဲ့ကြောင်း၊ ၀မ့်ဟုန့်ရှိ ၀ တပ်ဖွဲ့များနှင့် အချင်းချင်း အစည်းအဝေး ထိုင်ပြီး မိမိဌာနချုပ် အသီးသီး ပြန်သွားကြသည်ဟု ဆက်ပြောပြပါသည်။
Ref: သျှမ်းသံတော်ဆင့်
ကေအိုင်အို ဆက်ဆံရေးရုံး ရှောင်တခင် စစ်ဆေးခံရ
စိုင်းမျိုးကြီး
Friday, 23 April 2010 20:21
နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ရန် နောက်ဆုံးရက် သတ်မှတ်ထားသည့် ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူ (ဆိုင်းတောင်) ရွာရှိ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဆက်ဆံရေး ရုံးအား နအဖ စစ်တပ်က ရှောင်တခင် ရှာဖွေ စစ်ဆေးခဲ့သည်။
ဒေသခံ နအဖ စစ်တပ် ရဲ အရံမီးသတ်နှင့် ကျေးရွာအာဏာပိုင်များက ယမန်နေ့ည ၁၀ နာရီခန့်တွင် အဆိုပါရုံး အတွင်းသို့ ၀င်ရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း ကေအိုင်အို အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ဖားကန့်မြို့အနီးတွင် ကေအိုင်အေ အမှတ် ၆ တပ်ရင်း အခြေဆိုက်ထားပြီး ဆိပ်မူ(ဆိုင်တောင်) ရွာ၌ တိုက်နယ် ဆက်ဆံရေး ရုံးတစ်ခု ဖွင့်လှစ် ထားကြောင်း သိရသည်။
“ကေအိုင်အို တပ်ရင်း ၆ ဖားကန့်ခရိုင် ဆိုင်းတောင် တိုက်နယ်ရုံးမှာ မနေ့ညက ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ လာ စစ်ဆေးတယ် ဧည့်စာရင်း လာစစ်တယ်လို့ တော့ပြောတယ် ဒါပေမဲ့ သူတို့ စစ်တာက မသင်္ကာတဲ့ ပုံစံမျိုးနဲ့ ရှာဖွေ သွားတာ ဖြစ်တယ် ” ဟု ဖားကန့်ဒေသခံ ကေအိုင်အိုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
၁၉၉၄ ခုနှစ် နအဖနှင့်ကေအိုင်အိုတို့ ငြိမ်းချမ်းရေးရယူပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများတွင် ကေအိုင်အို ဆက်ဆံရေး ရုံးများ ထားရှိရာ ယခင်ကာလက စစ်ဆေးခံဖူးခြင်း မရှိကြောင်း သိရသည်။
“ခါတိုင်းကဒီလိုစစ်ဆေးလေ့မှမရှိတာ အခုမှ ဒါမျိုးဖြစ်တယ်ဆိုတော့ အခုနောက်ဆက်တွဲတွေက ကေအိုင်အိုနဲ့ အဆင်မပြေလို့် ရန်ရှာတဲ့ ပုံစံမျိုးလို့ ကေအိုင်အိုက မြင်တယ် ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ အကောင်အထည် ဖေါ်ဖို့ပဲ စိတ်ဆန္ဒရှိတယ် အခုလို လုပ်နေတာ သက်သက်မဲ့ ရန်စတဲ့ ပုံစံမျိုးဖြစ်တယ်” ဟု သူကဆိုသည်။
ကျောက်စိမ်းထွက်ရာ လုံးခင်းမှော်နှင့် ကေအိုင်အို တပ်ရင်း ၆ ဆက်သွယ်ထားသည့် လမ်းအတွင်း ဆန်ခါရွာ အနီးတွင် ယခုရက်ပိုင်းအတွင်း နအဖစစ်တပ် စစ်ဆေးရေးဂိတ် တစ်ခု ထပ်မံ ဖွင့်လှစ်ထားကြောင်း သိရသည်။
အလားတူ မြစ်ကြီးနားမြို့ရှိ ကချင်ခရစ်ယာန်ဘာသာရေး ဆရာများလည်း ယမန်နေ့က နအဖ အာဏာပိုင်များ၏ ခေါ်ယူ မေးမြန်းခြင်း ခံရကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“မနေ့ညက မြစ်ကြီးနားက သင်းအုပ်ဆရာ ဂွမ်စယ် သူကတော့ နောင်နန်းကျမ်းစာ ကျောင်းအုပ်အဟောင်းပေါ့ အခုကတော့ ကျေးလက် ဖွံ့ဖြိုးရေးမှာ လုပ်နေတဲ့ NGO ထဲမှာနာယက သူနဲ့အတူ မြစ်ကြီးနားက ဘာသာရေးဆရာ ဆရာဇောင်းစယ် တို့ကို မနေ့က မနက် အစောကြီးခေါ် စစ်ပြီးမှ ညနေ ၅ နာရီမှ ပြန်လွတ်တယ် ” ဟု ဆိုသည်။
ကချင်ပြည်နယ် မြောက်ဖျားပိုင်း မေခနှင့်မလိခ မြစ်ဆုံဒေသတွင် တရုတ်ကုမ္ပဏီနှင့် မြန်မာနအဖ အာဏာပိုင်များ ပူးပေါင်း၍ ရေကာတာ စီမံကိန်း တည်ဆောက်သည့် နေရာတွင် ဧပြီ ၁ရ ရက်နေ့က ဗုံးများဆက်တိုက် ပေါက်ကွဲ ခဲ့အပြီး ယခုလို ရှာဖွေ စစ်ဆေးမှုများ ဖြစ်ပေါ် လာသည်။
ဧပြီလ ၂၂ ရက်နေ့က နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အိုနှင့် နအဖစစ်အာဏာပိုင်တို့ မြစ်ကြီးနားတွင် ဆွေးနွေးနေရာ ယနေ့ မြောက်ပိုင်းတိုင်း အာဏာပိုင်များနှင့် ဆက်လက် ဆွေးနွေးဖွယ်ရှိကြောင်း ကေအိုင်အို သတင်း ရပ်ကွက်မှ တဆင့် သိရသည်။
Ref: သျှမ်းသံတော်ဆင့်