..............................

Thursday, May 7, 2009

အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းရေး စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ်

ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ မေလ 06 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ မိမိတို့ တပ်ဖွဲ့များကို အသွင်ပြောင်းလဲ ဖွဲ့စည်းရန် ယခုနှစ် စက်တင်ဘာလ အထိ အချိန်ရကြောင်း တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များကို မြန်မာ စစ်အစိုးရက ပြောဆိုခဲ့သည်ဟု တိုင်းရင်းသား ဝ တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။

မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသော အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်သော ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ထိပ်တန်း အရာရှိတဦးက စစ်အစိုးရက မိမိတို့ကို အသွင်ပြောင်း ဖွဲ့စည်းစေကြောင်းနှင့် အနိမ့်ဆုံးအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့အင်အား လျှော့ချ စေလိုကြောင်း ပြောခဲ့သည်ဟု သိရခြင်းဖြစ်သည်။

“ကျနော်တို့ တပ်မတော်ကို အသွင်ပြောင်း ဖွဲ့စည်းဖို့ နောက်ဆုံးရက်ကို စက်တင်ဘာ အပြီးလုပ်ရမယ်လို့ သူတို့ (စစ် အစိုးရ) က ရက်သတ်မှတ် ပေးလိုက်တယ်” ဟု အမည် မဖော်လိုသူ အဆိုပါ UWSA အရာရှိက ပြောသည်။

ဤသတင်းစကားကို ဧပြီလ ၂၈ ရက်နေ့က ရှမ်းပြည်နယ် အရှေ့မြောက် တန့်ယန်းမြို့၌ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (MAS) အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

တပ်ဖွဲ့ အရွယ်အစား လျှော့ချရန်နှင့် သူတို့အဖွဲ့တွင်းသို့ မြန်မာစစ်သားများ သွတ်သွင်းခြင်းကို စစ်အစိုးရက ပြုလုပ်လိုသည်ဟု အဆိုပါ အရာရှိက ပြောသည်။ ထို့ပြင် စစ်အစိုးရက အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် စစ်တပ်ဖွဲ့များကို အပြည့်အဝ ဦးစီးကွပ်ကဲခွင့်ကိုလည်း ရရှိလိမ့်မည်ဟု ပြောသည်။

တပ်ရင်းတရင်းအတွက် တပ်သားဦးရေ ၃၂၆ သာ ထားရှိစေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ စစ်သား ၃ဝ ဦးကို ထည့်သွင်းမည်ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတွင် ဤသို့ စစ်အစိုးရ၏ တောင်းဆိုမှုသည် နောက်ဆုံး တောင်းဆိုမှုဖြစ်သည်။ ဧပြီလအတွင်း စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပါအဝင် အပစ်ရပ်အဖွဲ့ အများအပြားကို တွေ့ဆုံခဲ့သည်။

စစ်အစိုးရက ယခုလို ထိန်းချုပ်ထားလိုပြီး သူတို့ကိုယ်တိုင် စီမံခန့်ခွဲလိုကာ၊ တပ်ဖွဲ့ဝင်များကို လစာပေးခြင်းဖြင့်လည်း တာဝန်ယူစေလိုသည်ဟု အဆိုပါ အရာရှိက ပြောသည်။

အဆိုပါ တောင်းဆိုချက်များကို ဗိုလ်ချုပ်ရဲမြင့် ခေါင်းဆောင်သည့် မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ ရှောက် မီလျံ ခေါင်းဆောင်သော ဝခေါင်းဆောင်များ တန့်ယန်းမြို့၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အရာရှိက ဆိုသည်။

“ဗိုလ်ချုပ်ရဲမြင့်က လူသစ်စုဆောင်းတဲ့ နေရာမှာ အသက်ကန့်သတ်ချက် လုပ်ဖို့လည်း ပြောတယ်။ အသက် ၁၈ နှစ်က ၅ဝ အထိပဲ လက်ခံရမယ်။ ၅ဝ ကျော်ရင် အနားယူရမယ်လို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ ခွဲထွက်လာသော UWSA တပ်ဖွဲ့က စစ်အစိုးရ၏ အဆိုပြုချက်များနှင့် စပ်လျဉ်း၍ မဆုံးဖြတ်ရသေးကြောင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ အစည်းအဝေးများ ကျင်းပပြီးမှသာ မကြာခင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောသည်။

“အခုတော့ ဘာမှ ကျနော်တို့ မဆုံးဖြတ်ရသေးဘူး။ ကျနော်တို့ စစ်သားတွေ၊ ပြည်သူတွေအားလုံးနဲ့ ဆွေးနွေးဖို့ အခု စီစဉ်နေပါတယ်။ သူတို့သဘောထားတွေ ယူဖို့နဲ့ သူတို့ဆန္ဒတွေကို မှတ်သားရယူထားဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

အဆိုပါ ဝအဖွဲ့ကဲ့သို့ပင် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် တပ်မတော် (KIO/KIA) ကလည်း ဧပြီလ ၂၈ ရက်နေ့က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၌ KIO ခေါင်းဆောင်များနှင့် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ တွေ့ဆုံစဉ် စစ်အစိုးရဘက်မှ အဆိုပြုတင်ပြချက်များနှင့် စပ်လျဉ်းသည့် သဘောထားများကို တောင်းခံရယူနိုင်ရန် လူထုအစည်းအဝေးကြီးတရပ် ကျင်းပရန် ပြင်ဆင်နေကြောင်း ပြောသည်။

“မေလ ၁ဝ ရက်နေ့ နောက်ပိုင်းမှာ လူထုအစည်းအဝေးတွေ ကျင်းပပါမယ်” ဟု KIO မှ အမည်မဖော်လိုသူ ဗိုလ်မှူးအဆင့်ရှိ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ပြည်သူလူထုနှင့် KIO အဖွဲ့ဝင်များက စစ်အစိုးရ၏ အဆိုပြုချက်များကို သဘောတူဖွယ်မရှိကြောင်း အဆိုပါ ဗိုလ်မှူးက ပြောသည်။ အဆိုပါ သဘောထား တောင်းခံသည့် လူထုအစည်းအဝေးကို တရုတ်-မြန်မာ နယ်စပ်ရှိ KIO ထိန်းချုပ်ထားသောနယ်မြေ လိုင်ဇာတွင် ကျင်းပမည်ဖြစ်သည်။

“စစ်အစိုးရ တောင်းဆိုသမျှသာ လိုက်လျောလိုက်ရင် ကျနော်တို့ လက်နက်ကိုင်တိုက်ပွဲ လုပ်တာ ဘာအ"ိပ္ပာယ် ရှိမှာလဲ။ နှစ်ပေါင်း ၄ဝ ကျော် လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ခဲ့တာလည်း ဘာမှ အ"ိပ္ပာယ် မရှိတော့ဘူး” ဟု ထိုဗိုလ်မှူးက ပြောသည်။

သို့သော် KIO က မည်သို့ဆုံးဖြတ်ဖွယ်ရှိသည် ဆိုသည့်အချက်ကို ပြောကြားရန်မူ သူက ငြင်းဆိုသွားသည်။

အလားတူ အစည်းအဝေးများကို စစ်အစိုးရက ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့နှင့်လည်း သီးခြားစီ ပြုလုပ်ခဲ့သည်။

ယခု စစ်အစိုးရ၏ တောင်းဆိုချက်ဖြစ်သော အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းလဲ ဖွဲ့စည်း၍ စီမံခန့်ခွဲမှုကို စစ်အစိုးရလက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုချက်သည် ယခင်မူလ စီမံကိန်းဖြစ်သော ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင်အပစ်ရပ်အဖွဲ့များ လက်နက်ဖြုတ်ရန် တောင်းဆိုချက်နှင့်စာလျှင် တဆင့်နိမ့်နေသည်။

စစ်အင်အားနည်းပါးသော အဖွဲ့များအနေဖြင့်မူ စစ်အစိုးရ၏ ဤတောင်းဆိုချက်ကို ထွက်ပေါက်အနေနှင့် လက်ခံစဉ်းစားနိုင်သည်။

“အင်အားတောင့်တဲ့ အဖွဲ့တွေကတော့ ဒီတောင်းဆိုချက်ကို လိုက်နာမယ်လို့ ကျနော် မထင်ဘူး။ ဒါပေမဲ့ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာတပ်မတော် (DKBA) လို အဖွဲ့တွေကတော့ အစကတည်းက စစ်အစိုးရဘက် ရောက်နေပြီးသားဆိုတော့ လိုက်နာဖွယ် ရှိနေပါတယ်” ဟု တရုတ်-မြန်မာ နယ်စပ်ရှိ မြန်မာ့စစ်ရေးနှင့် နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

“အပစ်ရပ်အဖွဲ့တွေ စစ်အစိုးရရဲ့ တောင်းဆိုချက်အတိုင်း လိုက်နာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုပဲ ဒီအဖွဲ့တွေက တခုတည်းထွက်ဖို့၊ တဖွဲ့တည်းအဖြစ် စုပေါင်းရပ်တည်ကြဖို့ ပြင်ဆင်နေကြတယ်” ဟု သူက ဆက်ပြောသည်။

Ref: မဇ္ဈိမ

Read More...

“ဆန်ရှင်” မထိရောက်ဟု စာရေးဆရာကျော်ဝင်း ပြော

NEJ / ၆ မေ ၂၀၀၉

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်အစိုးရက မြန်မာ စစ်အစိုးရ အပေါ် ချမှတ်ထားသည့် ဆန်ရှင် (sanction) ကို သိပ် ထိရောက်သည်ဟု မထင်ကြောင်း ဘာသာပြန် စာရေးဆရာ ကျော်ဝင်းက ထုတ်ဖော် ပြောဆိုသည်။

ပြည်တွင်း၌ ယနေ့ထုတ်ဝေသည့် ရန်ကုန်တိုင်းမ် ပုဂ္ဂလိက ဂျာနယ်တွင် ဖော်ပြထားသည့် မြန်မာ- အမေရိကန် ဆက်ဆံရေး ဆိုသည့် ဆောင်းပါးတွင် ဆရာကျော်ဝင်းက ပြောဆိုခြင်းဖြစ်သည်။

ယင်းဆောင်းပါးတွင် sanction နှင့်ပတ်သက်ပြီး အမေရိကန်သံရုံး ယာယီတာဝန်ခံ Larry Dinger ၊ စာရေးဆရာ ကျော်ဝင်းနှင့် ဗိုလ်မှူးဟောင်း ဦးကိုကိုလှိုင်တို့၏ ဆွေးနွေးချက်များကို ဖော်ပြထားသည်။

အဆိုပါဆောင်းပါးတွင် “တည့်တည့်ပြောရရင်တော့ sanction က သိပ် ထိရောက်တယ် မထင်ဘူး။ ဥပမာ တောင်အာဖရိက ဆိုရင် sanction လုပ်ထားတာကြာပြီ၊ ဒါပေမယ့်ဘာမှ ဖြစ်မလာဘူး။ နောက်ဆုံးဖြစ်လာ တော့လည်း sanction ကြောင့်လို့ ကျနော် မထင်ဘူး။ မင်ဒဲလားကိုယ်တိုင်က radical ဆန်ဆန် တော်လှန်ရေး နည်းတွေ မလုပ်တော့ဘူး။ နှစ်ဖက် အမြော်အမြင်ရှိရှိ ညှိနှိုင်းတာကြောင့်လို့ ပြောရမှာပေါ့။ sanction သာ တကယ်တမ်း ထိရောက်တယ်ဆိုရင် ကျူးဘား democracy ဖြစ်ဖို့ကောင်းပြီ။ sanction ကြောင့် ပြောင်းသွားတဲ့ ကိစ္စတခုမှ မရှိဘူး” ဟု ဆရာကျော်ဝင်းက ပြောသည်။

စာရေးဆရာကျော်ဝင်း၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ပြည်တွင်းမှ ၀ါရင့် သတင်းစာဆရာကြီး တဦးက “ sanction ဟာ ထိရောက်တယ် မထိရောက်ဘူး။ sanction ကြောင့် မြန်မာပြည်တွင်းမှာ အပြောင်းအလဲ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ဆွေးနွေးရမယ့် ကိစ္စတောင် မဟုတ်ဘူး။ မြန်မာပြည်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ဆိုတာ ပြည်တွင်းက အခြေအနေနဲ့ပဲ သက်ဆိုင်တယ်။ အတိုက်အခံ အင်အားစုတွေ ဘယ်လောက် စွမ်းဆောင်နိုင်သလဲ၊ သူတို့ကို ပြည်သူတွေ ဘယ်လောက် ထောက်ခံသလဲ၊ သူတို့ကို အာဏာ ရယူထားတဲ့ စစ်တပ်ထဲက ဘယ်အတိုင်း အတာအထိ ထောက်ခံသလဲ ဆိုတဲ့ပေါ်မှာ အဓိက မူတည်တယ်” ဟု ပြောသည်။

sanction တို့၊ အပြုသဘောဆောင် ဆက်ဆံရေးတို့မှာ ပြည်တွင်းက ဒီမိုကရေစီ ပေါ်ထွန်းရေး လှုပ်ရှားမှုကို အထောက်အကူ ပေးရုံမျှသာ စွမ်းဆောင်နိုင်ကြောင်း၊ sanction မည်မျှလုပ်လုပ်၊ အပြု သဘောဆောင် မည်သို့ပင် ချဉ်းကပ် ချဉ်းကပ်၊ ပြည်တွင်း အတိုက်အခံများက မစွမ်းဆောင်နိုင်ပါက မည်သည့် အပြောင်းအလဲမှ ဖြစ်လာမည် မဟုတ်ကြောင်း အဆိုပါ ၀ါရင့် သတင်းစာဆရာကြီးက ပြောသည်။

“ဒါပေမယ့် ဆရာတခုတော့ ပြောနိုင်တယ်။ တကယ်လို့ အမေရိကန်နဲ့ အနောက် ဥရောပက sanction သာမရှိခဲ့ရင် ဒီနေ့ စစ်အစိုးရဟာ အန်အယ်လ်ဒီ ပါတီကို ဖျက်သိမ်းပြီးသား ဖြစ်နေလောက်ပြီ။ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ဒီထက်မက ဆိုးဝါး နေလောက်ပြီလို့ ထင်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

စာရေးဆရာကျော်ဝင်းက sanction နှင့်ပတ်သက်၍ ယခုကဲ့သို့ ထုတ်ဖော် ပြောဆိုမှုသည် မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်၍ ပထမဆုံး အကြိမ် တရားဝင် ပြောဆိုခြင်း ဖြစ်သည်။

ယခင်က ကျော်ဝင်းနာမည်နှင့် မြန်မာ့နိုင်ငံရေး စာတမ်းများ ထွက်ပေါ်ခဲ့၊ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ ဖူးသော်လည်း သူမဟုတ်ကြောင်း၊ မည်သည့် ထင်မြင်ချက်မှ မပေးနိုင်ကြောင်း တရားဝင် စာမျက်နှာထက်မှ ထုတ်ဖော်ခဲ့သူ ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

နယ်စပ်ရှိ မွန်ပြည်သစ်ပါတီနယ်မြေတွင် နိုင်ငံသားကတ်ပြား စတင် ထုတ်ပေး

ဝီရ / ၆ မေ ၂၀၀၉

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်ရေး နယ်မြေများ အနက် ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ မွန် တိုင်းရင်းသားများကို စစ်အစိုးရ လူဝင်မှု ကြီးကြပ်ရေးဌာန (လဝက) အရာရှိများက နိုင်ငံသားကတ်များ ကွင်းဆင်း ပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

လူထုဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ယမန်နှစ် ဖေဖော်ဝါရီလက အသက် (၁၈) နှစ် ပြည့်ပြီး သူများအား ပြုလုပ်ပေးထားသော ယာယီ မှတ်ပုံတင် ကတ်ပြား ရှိသူများကို နိုင်ငံသား ကတ်များဖြင့် ယမန်နေ့က တရက်တည်း ပြန်လည် ပြုလုပ်ပေးခြင်းဖြစ်သည်။ ယခု ပြုလုပ်ကြသူများ အနက် မွန်ပြည်သစ် ပါတီမှ ပါတီဝင်များလည်း ပါဝင်သည်။

မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက “ကျနော်တို့ ပါတီဝင်တွေက ခရီး သွားလာရေးမှာ အခက်အခဲ ရှိကြတော့ ဒီမှတ်ပုံတင် လုပ်ချင်ရင်လည်း ပါတီအနေနဲ့ တားမြစ်မှာ မဟုတ်ဘူး။ သွားလုပ်တဲ့ သူတွေလည်း ရှိပါတယ်” ဟု ပြောသည်။

သို့သော် ယင်းသို့သွားရောက်လုပ်ကိုင်ကြသူများမှာ ၂၀၁၀ ရွေးကောက်ပွဲ မဲဆန္ဒ ထည့်ရန်အတွက် မဟုတ်ကြ ကြောင်းနှင့် ခရီးသွားလာရာတွင် လွယ်ကူ ချောမွေ့စေရန် အတွက်သာ ပြုလုပ်ကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ခရီးသွားလာရာတွင် အသုံးဝင်သဖြင့် ဤနိုင်ငံသား မှတ်ပုံတင်များကို ပြုလုပ် လိုကြသော်လည်း ဘတ်ငွေ (၁၀၀) ကုန်ကျမည် ဖြစ်သဖြင့် မတတ်နိုင်သူ အများအပြားလည်း ရှိကြောင်း ရွာသားများက ပြောသည်။

(၁) ရက်တည်းသာ လာရောက်ပြုလုပ်ပေးသည့် ယမန်နေ့၌ ခလောက်ဟနီနှင့် ပလက်ဒုန်ဖိုက် ရွာ (၂) ရွာမှ အယောက် (၇၀၀) ခန့်သာ ပြုလုပ်ခဲ့ကြသည်။ မှတ်ပုံတင် ထုတ်သည့် နေ့တွင်လည်း တဦးလျှင် ဘတ်ငွေ (၅၀) စီ ထပ်မံ ပေးရမည်ဖြစ်သည်။

ပထမပိုင်းတွင် လူတဦးအတွက် ဘတ်ငွေ (၃၀၀) ပေးဆောင်ရမည်ဟု ကြေညာ ထားသော်လည်း ပြုလုပ်သူ အရေအတွက် နည်းပါးနေ၍ ဘတ်ငွေ (၁၀၀) ဖြင့် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ရွာသားများက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, May 6, 2009

စစ်အစိုးရတပ်ပိုင် စစ်လက်နက်တိုက် အဖောက်ခံရ

ဉာဏ်မောင် Tuesday, 05 May 2009

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ (၁၀၁) လက်အောက်ခံ ရေစကြို မြို့နယ်တွင် အခြေစိုက်သည့် ခလရ (၂၅၆) တပ်ရင်းပိုင် စစ် လက်နက်တိုက်အား ယမန်နေ့ ညနေပိုင်းတွင် အဖောက်ခံခဲ့ရသည်။

အဆိုပါ စစ်လက်နက်တိုက်အဖောက်ခံရ၍ (MA-3) အမျိုးအစား လက်နက်ငယ်နှင့် ကျည်ဆံများ ပါသွားကြောင်း ခလရ (၂၅၆) တပ်ရင်း မိသားစုများနှင့် နီးစပ်သည့် ဒေသခံက ပြောသည်။

"လက်နက်တိုက်အဖောက်ခံရတာကို မနေ့က ညနေစောင်းလောက်မှာ တပ်ထဲက အရာရှိတွေ သိရတာ၊ အဲဒီမှာ (MA-3) ငါးလက်နဲ့ ကျည်ဆံ ကျည်ကပ်တွေ တော်တော်များများ ပါသွားတယ်၊ ကျည်ဆံက ၅၀၀၀ လောက်လို့ ပြောတာပဲ၊ ဒေသထဲမှာတော့ တော်တော်ကို စိုးရိမ် နေကြတာပေါ့။ ဒီလက်နက်တွေ ယူသွားတဲ့ သူက ဘာလုပ်မယ်မှန်းမှ မသိတာ" ဟု ပြောသည်။

အဆိုပါလက်နက်တိုက် အဖောက်ခံရမှုနှင့် ပတ်သက်၍ ခလရ (၂၅၆) တပ်ရင်းရုံး တာဝန်ကျ အရာရှိက လက်နက်တိုက် အဖောက် ခံရခြင်းသည် ဟုတ်မှန်ကြောင်းနှင့် တရားခံကို ခုချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့က ပခုက္ကူ-မုံရွာသွား အောင်ချမ်းသာ ကားဂိတ်တွင် ဖောက်ခွဲရေး ပစ္စည်းများနဲ့ အတူ ချင်းအမျိုးသား လူငယ်တဦးကို ပခုက္ကူ ဒေသခံ အာဏာပိုင် အဖွဲ့က ဖမ်းဆီးခဲ့သည့် သတင်း ထွက်ပေါ်ခဲ့သည်။ အဆိုပါ ဖောက်ခွဲရေး ပစ္စည်းများသည် (ကပစ)ထုတ် စစ်တပ်သုံး ယမ်းများဖြစ်ကြောင်း ရဲနှင့်နီးစပ်သည့် ဒေသခံများက ပြောသည်။

လက်နက်တိုက်အဖောက်ခံရခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ရေစကြိုမြို့နယ်သို့ တိုင်းအဆင့် အာဏာပိုင်များ အခင်းဖြစ်ပွားသည့် ခလရ (၂၅၆) တပ်ရင်းတွင် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ရောက်ရှိနေကြောင်း သိရသည်။

Ref: ရိုးမ ၃

Read More...

တပ်ဖွဲ့အင်အား လျှော့ချမည့်ကိစ္စ ဒီကေဘီအေ အတွင်း သဘောထားကွဲ

NEJ / ၅ မေ ၂၀၀၉

တိုးတက်သောကရင်ဗုဒ္စဘာသာအဖွဲ့ (ဒီကေဘီအေ) ကို နယ်ခြားစောင့် တပ်အဖြစ် မြန်မာ စစ်အစိုးရက ပြင်ဆင် ဖွဲ့စည်းပေးမည်ကို သဘောတူ လက်ခံသော်လည်း တပ်ဖွဲ့ဝင် အင်အား လျှော့ချမည့် ကိစ္စနှင့် ပတ်သက်၍ ဒီကေဘီအေ အတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု အဖွဲ့၏ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

၎င်းက “၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေကို နိုင်ငံတော်က နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းမှာကို သဘောတူပေမယ့် တပ်ဖွဲ့ဝင် အင်အား လျှော့ချမယ့် ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသ အသီးသီးက ခေါင်းဆောင်တွေနဲ့ ဗဟိုအဆင့် ခေါင်းဆောင်တွေ သဘောထား ကွဲနေကြလို့ ဒီလဆန်းကနေ စပြီးတော့ ဌာနချုပ်မှာ အစည်းဝေး ထိုင်နေရတယ်” ဟု ပြောသည်။

ဒေသတခုတွင် ရှိသည့် တပ်ရင်းတရင်းကို တပ်ဖွဲ့ဝင် (၃၀၀) သာ ကန့်သတ်ထားကာ တပ်ရင်းမှူးနဲ့ ဒု-ရင်းမှူးမှာ ဒီကေဘီအေက အရာရှိ ဖြစ်သော်လည်း ကျန်သည့် အထက်အဆင့်နှင့် အောက်ခြေ အဆင့်များကို တပ်မတော်က အဆင့်ဆင့် ကွပ်ကဲ အုပ်ချုပ်သွားမည် ဖြစ်သည့် အတွက် အစည်းအဝေး ထိုင်ရခြင်း ဖြစ်ကြောင်း ဒီကေဘီအေမှ အဆိုပါ အဆင့်မြင့် အရာရှိက ပြောသည်။

ဒီကေဘီအေအနေဖြင့် နိုင်ငံတော်နှင့်ငြိမ်းချမ်းရေး ရယူထားသည့် အဖွဲ့ အချို့ကဲ့သို့ ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်ရန် လုံးဝ အစီအစဉ် မရှိကြောင်း၊ နအဖ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားခဲ့သည့် အတိုင်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည်ကို သဘောတူညီ ခဲ့သော်လည်း ယခုကဲ့သို့ တပ်အင်အား အဆပေါင်းများစွာ လျှော့ချမည့် ကိစ္စကို ဒီကေဘီအေ ခေါင်းဆောင်အချို့က သဘော မတူကြဟု သိရသည်။

ဒီကေဘီအေဖွဲ့စည်းပုံအရ မြိုင်ကြီးငူ ဗဟိုဌာနချုပ် အပါအ၀င် လက်အောက်ခံ (၃၃၃၊ ၅၅၅၊ ၉၉၉) စသည့် တပ်မဟာ (၃) ခုရှိပြီး လက်နက်ကိုင် အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု ဒီကေဘီအေ မှတ်တမ်းအရ သိရှိရကာ နအဖ သတ်မှတ်ထားသည့် အတိုင်း တပ်အင်အား လျှော့ချမည်ဆိုပါက တပ်ဖွဲ့ဝင်အင်အား (၉၀၀) ခန့်သာ ကျန်ရှိမည် ဖြစ်သည်ဟု သိရှိရသည်။

ဒီကေဘီအေအဖွဲ့သည် ၁၉၉၄ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ခဲ့ပြီး မြန်မာ စစ်အစိုးရ၏ ကျောထောက် နောက်ခံဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံ ဗိုလ် စောကျော်သန်းသည် လက်ရှိ ဒီကေဘီအေ အဖွဲ့၏ စစ်ဦးစီးချုပ် ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အမှု အယူခံပယ်ချ၊ အယူခံပိုင်ခွင့် အခွင့် အရေး မရရှိ

မင်းနိုင်သူ / ၅ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု အယူခံကို နအဖ စစ်အစိုးရက ပယ်ချလိုက်ပြီ ဖြစ်သည်။

အယူခံပယ်ဖျက်မှုကို ဧပြီ (၃၀) ရက်တွင် တွဲဖက်ရှေ့နေ ဦးလှမျိုးမြင့် ကိုယ်တိုင် နေပြည်တော်သို့ သွားယူခဲ့ရကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းဌာနများသို့ ပြောသည်။

နေအိမ်အကျယ်ချုပ်အယူခံမှုကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၉) ရက်ကတည်းက တင်သွင်း ခဲ့သော်လည်း နအဖ၀န်ကြီးချုပ်က တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ရာ ဧပြီ (၂၈) ရက်တွင် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ထပ်မံ တင်ပြခဲ့ရာတွင် အယူခံမှုကို ပလပ်လိုက်ကြောင်း နအဖဘက်က တရားဝင် အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှေ့နေများ ကောင်စီ (BLC) အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ BLC နဲ့ လန်ဒန် အခြေစိုက်တဲ့ ရှေ့နေကြီးများ အဖွဲ့ကနေ ပြီးခဲ့တဲ့ လကတည်းကကိုပဲ ကုလသမဂ္ဂ လက်အောက်မှာရှိတဲ့ စိတ်ထင်မြင်ရုံနဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ကို တင်ပြီးတော့ အဆုံးအဖြတ် တောင်းခဲ့တယ်။ အဲဒီ အဖွဲ့ကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင် ထားတာဟာ ပြည်တွင်း ဥပဒေအရရော၊ နိုင်ငံတကာ ဥပဒေအရရော ဥပဒေနဲ့ မညီညွတ်ဘူး ဆိုတာကို ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်” ဟု ပြောသည်။

တည်ဆဲဥပဒေ (၁၉၇၅) အရ နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်သည့် ဥပဒေတွင် (၅) နှစ်အထိသာ ချုပ်နှောင်ထားပိုင်ခွင့် ရှိသော်လည်း တနှစ် ထပ်မံ တိုးချုပ်ခဲ့ခြင်း သည်ပင်လျှင် နအဖ စစ်အစိုးရ အနေဖြင့် ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြ ပြောဆိုသည်။

“ပြည်တွင်းဥပဒေကိုလည်း ဆန့်ကျင်တယ်။ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးဥပဒေ ပုဒ်မ (၇)၊ ပုဒ်မခွဲ (၁/င) မှာပါတဲ့ လူတဦးတယောက်ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ကြီးမားစွာ ထိခိုက်စေခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်ကိုလည်း လုံးဝချိုးဖောက်ရာရောက်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အမှုအပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီး ချုပ်နှောင်နေတာတွေ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်နေတာတွေ၊ နောက် တရားစီရင်ရေး စနစ်ကို ဖိနှိပ်ရေး ကိရိယာအဖြစ် သုံးတဲ့ကိစ္စတွေ၊ တိုင်းရင်းသားတွေ အပေါ် ဖိနှိပ်နေတာတွေ အားလုံး စုပေါင်းပြီးတော့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကနေ အရေးယူ ဆောင်ရွက်ခွင့် ရလာအောင် ကြိုးစားနေပါတယ်” ဟု ဦးအောင်ထူးက ဆက်လက် လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောဆိုသည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်တို့ရဲ့ သဘောထား ကတော့ အယူခံပိုင်ခွင့် အခွင့်အရေးကို အပြည့်အ၀ မရခဲ့ဘူး။ အယူခံကို ကြားနာခြင်း မရှိဘဲ ပယ်ချလိုက်တဲ့ အတွက် အခွင့်အရေး အပြည့်အ၀ မရခဲ့ဘူး။ ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်အမှု ပလပ်ခံရမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းကြား နိုင်ရန် ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းတပ်ဖွဲ့ကို တောင်းဆိုထားသည်။

Ref: ခေတ်ပြိုင်

Read More...

တရုတ်နိုင်ငံရောက် မက္ကဆီကို နိုင်ငံသားတွေ စင်းလုံးငှား လေယာဉ်နဲ့ ပြန်ခေါ်ပြီ

05 May 2009

ဗိုင်းရပ်စ်မျိုးရင်း A-H1N1 အမျိုးအစား ၀က်တုပ်ကွေး ကူးစက်မှာ စိုးရိမ်လို့ သီးသန့် ခွဲခြားထားတဲ့ မက္ကဆီကို နိုင်ငံသား အယောက် ၇၀ ကို တရုတ်နိုင်ငံ မြို့တွေက လိုက်ခေါ်ဆောင် ရအောင် မက္ကဆီကိုလေယာဉ် ဒီနေ့ တရုတ်နိုင်ငံကို ဆိုက်ရောက် သွားခဲ့ပါတယ်။
သီးခြားခွဲထုတ်ထားတဲ့ တခြားနိုင်ငံခြားသားတွေလည်း ရှိတယ်ဆိုတဲ့ သတင်းတွေ ဒီကနေ့ပဲ ထွက်လာ ခဲ့ပါတယ်။ ကနေဒါ တက္ကသိုလ်ကျောင်းသား ၂၅ ယောက်ကိုလည်း တရုတ်နိုင်ငံ မြောက်ပိုင်းမှာ သီတင်းတပတ်ကြာ ခွဲထားခဲ့ပြီး အမေရိကန် နိုင်ငံသား ၂ ဦးကိုတော့ ဘေဂျင်းမြို့တော်က ဆင်ခြေဖုံး ဟိုတယ် တခုမှာ ခွဲထားပါတယ်။

တရုတ်အစိုးရကတော့ သူတို့အနေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာဟာ အများ ပြည်သူ ကျန်းမာရေး အတွက် ဖြစ်တယ်လို့ ဆိုပေမယ့် တရုတ်အစိုးရရဲ့ ရောဂါ မပြန့်ပွားအောင် လုပ်ဆောင်တဲ့ နည်းက တရားလွန်ဖြစ်နေတယ်၊ အငြင်းပွားစရာ ရှိတယ်ဆိုပြီး မြင်ကြပါတယ်။

နေမကောင်းတဲ့လက္ခဏာ တခုမှမရှိဘဲ မက္ကဆီကို နိုင်ငံသားတွေကို သီးသန့်ခွဲထုတ် ထားတာကြောင့် တရုတ် အစိုးရရဲ့ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ နည်းလမ်းတွေက ခွဲခြား ဆက်ဆံမှုကို ဖြစ်စေတယ်လို့ မက္ကဆီကို သမ္မတ ဖိလစ်ပီ ကယ်လ်ဒါရွန် (Felipe Calderon) က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာလည်း ဒုတိယမြောက် ရောဂါကူးစက်မှုကို အတည် ပြုလိုက်နိုင်တယ် လို့ အာဏာပိုင်တွေက ပြောကြပါတယ်။

Ref: VOA News

Read More...

လွတ်လပ်စွာ သတင်းယူနိုင်ကြောင်း ငါး အဖွဲ့ချုပ်က ပြောဆို

မေကျော်
အင်္ဂါနေ့၊ မေလ 05 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ သတင်းမီဒီယာများ သိလိုသည်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် လွတ်လပ်စွာ မေးမြန်း နိုင်ကြောင်း ယနေ့ ကျင်းပသည့် ငါးလုပ်ငန်း ပုံမှန် အစည်းအဝေး၌ အဖွဲ့ချုပ် အမှုဆောင်တဦးက ပြောဆိုလိုက်သည်။

မကြာသေးခင်က ပြည်ပမီဒီယာ တခုက ငါးလုပ်ငန်း အဖွဲ့ချုပ်က သတင်းဌာနများကို လွတ်လပ်စွာ ရေးသားခွင့် ပိတ်ပင်သည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ငါးလုပ်ငန်း ခန်းမတွင် အင်္ဂါနေ့တိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ် ပုံမှန် အစည်းအဝေးတွင် ပြည်တွင်း သတင်းဌာနများသို့ တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။

''ငါးလုပ်ငန်းကတော့ မီဒီယာပိုင်းမှာ ပွင့်လင်းတယ်လို့ ပြောလို့ရပါတယ်။ တခြား ဌာနတွေနဲ့ စာရင်။ သတင်း လောကမှာတော့ ငါးလုပ်ငန်းနဲ့ အာမခံက သတင်းဌာနတွေကို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်တယ်လို့ ပြောလို့ရပါတယ်'' ဟု ပြည်တွင်း အခြေစိုက် အပတ်စဉ် ဂျာနယ်တခုမှ သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။

သို့သော် သတင်းမီဒီယာများအနေဖြင့် ငါးလုပ်ငန်း သတင်းများကို ဖော်ပြရာတွင် ပြည်သူသို့ မထုတ်ပြန်သင့်သည့် သတင်း အချက်အလက်များ ပါရှိနိုင်သဖြင့် အဖွဲ့ချုပ်သို့ ပြန်လည်တိုင်ပင် စိစစ်ရန် လိုကြောင်း အမှုဆောင်ဖြစ်သူက ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့အပြင် ငါးလုပ်ငန်း အဖွဲ့ချုပ်က လွတ်လပ်စွာ ရေးသားခွင့် ပေးခဲ့သည့်အတွက် ပြည်တွင်း မီဒီယာများတွင် ၂ ကြိမ် မှားယွင်း ခဲ့ခြင်းကြောင့် ယခုလို ပြန်လည် စိစစ်ရန် လိုအပ်ခြင်း ဖြစ်ကြောင်း သူက ဆိုခဲ့သည်။

သတင်းမီဒီယာကဏ္ဍတွင် ငါးလုပ်ငန်း အဖွဲ့ချုပ်သည် ပွင့်လင်းကြောင်း ပြည်တွင်း သတင်း ဌာနများက ဆိုသည်။

သို့သော် ပြည်တွင်း သတင်းဌာနတခုမှ တာဝန်ရှိသူ တဦးက ယခုလို ဖြည့်စွက် ပြောဆိုသည်။

သူက “မေးသမျှအကုန် ဖြေတယ်။ ဒါပေမဲ့ တချို့ သတင်းတွေကို ကျတော့ သတင်း မရေးပါနဲ့လို့ တခါထဲ ပြောတယ်” ဟု ဆိုသည်။

သို့သော်လည်း ယနေ့ကျင်းပသည့် အစည်းအဝေးတွင် အဆိုပါ အမှုဆောင်က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သည် ပြည်တွင်း မီဒီယာများကို သတင်းနှင့် ပတ်သက်၍ ပြည်သူသို့ ထိမ်ချန်ထားခြင်း မရှိပါကြောင်း ပြောဆိုခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

ချင်းပြည်နယ် စားနပ်ရိက္ခာ ရှားပါးမှု စိုးရိမ်ရဆဲ

06 May 2009

မေလ ၅ ရက်နေ့ထုတ် မြန်မာစစ်အစိုးရရဲ့ ကြေးမုံသတင်းစာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မိမိတို့ တိုင်းပြည်တာဝန် စယူစဉ်အခါက စပါးထွက်ရှိမှု တင်း သန်းပေါင်း ၆၀၀ ကျော်လောက်ပဲ ရှိခဲ့ရာက အခု စပါးတင်း သန်းပေါင်း ၁,၆၀၀ လောက်အထိ တိုးချဲ့ ထုတ်လုပ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၁၀၀ အထိ တိုးပွား လာရင်တောင်မှ စားနပ် ရိက္ခာအတွက် ပူပင်စရာ မလိုတော့ဘူးလို့ သူက ဆိုပါတယ်။ အကြောင်းစုံကို နော်ရှိုးက ဆက်သွယ်မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

မြန်မာပြည်တွင်းမှာ ဆန်တပြည် ၁,၂၀၀ ကျပ်ဈေးနဲ့ဆိုတော့ မြန်မာပြည်တွင်းက အခြေခံ လူတန်းစားတွေ နိစ္စဓူဝ ၀မ်း၀၀ စားဖို့အတွက် ဖြစ်နိုင်သလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ သာမန်ပြည်သူတွေ မပြောနဲ့၊ ချင်းပြည်နယ်က စစ်အစိုးရ တပ်တွေကိုယ်တိုင် စားနပ်ရိက္ခာ မလုံလောက်လို့ ဒေသခံ ပြည်သူတွေဆီက တောင်းခံနေရတယ်လို့ Chinland Guardian ခေါ် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ချင်းအင်တာနက် သတင်းစာ အယ်ဒီတာ ဆလိုင်း ဘွေလျန်းက ပြောပါတယ်။

“တခုရှိတာ မနှစ်တုန်းက ချင်းပြည်မှာ အစားအစာ ငတ်မွတ် ခေါင်းပါးမှုတွေ ကြုံနေရတယ်။ ရွာပေါင်း ၂၀၀ ကျော်မှာ အစားအစာတွေ ပြတ်တောက်တယ်။ ပြီးတော့ ဆိုင်ကလုန်းနာဂစ် ကျတယ်။ အဲဒီမှာ ပြည်သူ လူထုတွေ နိုင်ငံတကာအကူအညီ ရယူနေတဲ့ အချိန်မှာ ဗမာပြည်က ဆန်မက်ထရစ်တန် ၁,၀၀၀ သီရိလင်္ကာနိုင်ငံကို ရောင်းချလိုက်တယ်။

“တိုင်းပြည်မှာ လူတွေ ငတ်မွတ်နေတဲ့အချိန် ဒီလိုလုပ်တယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြောတာ မှန်တယ်ဆိုရင် သူ့တိုင်းပြည်ထဲမှာ ရှိတဲ့ ပြည်သူ ပြည်သားတွေကို ၀အောင်ကျွေးပါ။ အဲဒီရွာသူ ရွာသားတွေကို မလုပ်ကျွေးရင်တောင်မှ သူ့စစ်တပ်ကို ၀အောင်ကျွေးပါ။ ရွာသူရွာသားတွေက အင်မတန်မှ ဆင်းရဲတယ်၊ နွမ်းပါးတယ်၊ အတင်းအဓမ္မ လုပ်အားစေခိုင်းခံရတယ်။ အခု အဲဒီရွာသူ ရွာသားတွေဆီက ဆန်စပါးတွေ၊ အစား အသောက်တွေကို တပ်ရင်းကို အလုပ် အကျွေးခိုင်းတာ အင်မတန်မှ မတရားဘူး။”
ဒီအဖြစ်အပျက်တွေကို ချင်းပြည်နယ်ရဲ့ ဘယ်ဒေသတွေမှာ တွေ့ရတာလဲ၊ ဘယ်အပိုင်း တွေက အဆိုးဆုံး လို့ ဆိုရမလဲ။

“ချင်းပြည်နယ် ဗျူဟာ ၂ လက်အောက်မှာရှိတဲ့ တပ်ရင်း ၃၀၄၊ တပ်ရင်း ၂၈၉၊ အဲဒီတပ်ရင်း ၂ ခုကို အမြဲတမ်းပဲ ချင်းပြည်သူ လူထုတွေက အလုပ်အကျွေး ပြုနေရတယ်။ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ ဆဘောင်းတင်နဲ့ လိုင်လန်းတီ တပ်ရင်းမှာရှိတဲ့ ဗျူဟာ၂ အောက်မှာရှိတဲ့ နအဖ စစ်တပ်တွေက ရွာသူ ရွာသားတွေကို အတင်းအဓမ္မ ဆန်စပါး သယ်ခိုင်းတယ်၊ လုယူတယ်။ ရွေးစရာ ၂ ခုပဲရှိတယ်။
“မတူပီကနေ သူတို့တပ်စခန်းကို ၅ ရက် လမ်းလျှောက်ရတဲ့ နေရာမှာ ရွာသားတွေကို သူတို့အတွက် ရိက္ခာ သွားထမ်းပေးမလား၊ ဒါမှမဟုတ် ရွာသားတွေက သူတို့ ရှိစုမဲ့စု အစားအသောက်တွေကို တပ်ရင်းကို ကျွေးမလား၊ အဲဒီ ၂ ခုပဲ ရွေးစရာရှိတယ်။ အခု လတ်တလော အချိန်မှာ အဆိုးဆုံး အခြေအနေက ချင်းပြည်နယ် အလယ်ပိုင်း မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ် အထက်ပိုင်း၊ ဖလမ်းမြို့နယ်၊ အဲဒီမြို့နယ် ၄ ခုမှာ အဆိုးဆုံး အခြေအနေ ရောက်နေတယ်။”

မနှစ်တုန်းက ချင်းပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးမှု ကြုံရတယ် ဆိုတာ ၀ါပွင့်ပြီး ကြွက်တွေ သောင်းကျန်းလို့။ ဒါပေမယ့် အဲဒီ မတိုင်ခင်ကရော ချင်းပြည်နယ်မှာ စားနပ်ရိက္ခာ ဖူလုံမှု အခြေအနေ ဘယ်လိုရှိပါသလဲ။

“အရင်တုန်းက ချင်းပြည်သူပြည်သားတွေက ပြည်နယ်မှာ ဆန်စပါး သိပ်မထွက်ရင်တောင် ရွာသူ ရွာသားတွေအတွက် အလုံအလောက်တော့ ရှိတယ်။ သို့သော် အဲဒီ ၀ါကိစ္စ မဖြစ်ခင် လေးငါးနှစ်လောက်က စပြီး ချင်းပြည်သူပြည်သားတွေ အင်မတန်မှ ဆင်းရဲ နွမ်းပါးလာတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ စစ်တပ် တိုးချဲ့ထားတဲ့ နောက်ပိုင်း၊ တပ်ရင်းပေါင်း ၁၂ ခု ချင်းပြည်နယ်မှာ တိုးချဲ့လာတယ်။ အဲဒီ တပ်ရင်းတွေရဲ့ စခန်းပေါင်း ၅၀ ကို ရွာသူ ရွာသားတွေကပဲ အလုပ်အကျွေး ပြုနေရတယ်။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းခံရတယ်၊ ပေါ်တာထမ်းခိုင်းတယ်ဆိုတော့ ရွာသူရွာသားတွေက သူတို့ တောင်ယာ ခင်းတွေမှာ အလုပ်လုပ်ဖို့ အချိန် မရှိတော့ဘူး။”

Chinland Guardian အင်တာနက်သတင်းစာ အယ်ဒီတာ ဆလိုင်းဘွေလျန်း ပြောပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ပါကစ္စတန်တိုက်ပွဲကြား အရပ်သား ၅၀၀,၀၀၀ လောက် ထွက်ပြေးနိုင်

06 May 2009

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ်မှာ အစိုးရ စစ်တပ်နဲ့ တာလီဘန် သူပုန်တို့ကြား တိုက်ခိုက်မှု ကြီးထွား လာနေလို့လူ ၅၀၀,၀၀၀ လောက် ထွက်ပြေး လာကြလိမ့်မယ်လို့ တာဝန်ခံများက ခန့်မှန်း ပြောကြားကြပါတယ်။

ဆွပ်တ် (Swat) တောင်ကြား မင်ဂိုရာ(Mingora) မြို့က လူတွေ ဘေးကင်းရာကို ထွက်ပြေး လာကြတဲ့အခါ နေရာချထားဖို့ ယာယီစခန်းများ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆောက်လုပ် ထားတယ်လို့ ပြည်နယ် ပြန်ကြားရေး ၀န်ကြီး မီယန် အစ်ဖ်တစ်ကာ ဟူစိန် (Mian Iftikhar Hussain) က ပြောဆိုပါတယ်။


အရပ်သားများ ပြောင်းရွှေ့နေထိုင်နိုင်ကြရေး ညမထွက်ရအမိန့် စစ်တပ်က ပြန်လည် ရုပ်သိမ်း လိုက်ပြီးနောက် ကြောက်လန့် နေကြတဲ့ အရပ်သားများ အဲဒီဒေသက စတင် ထွက်ခွာနေကြပါပြီ။ မင်ဂိုရာမြို့ တစိတ် တပိုင်းကို သူပုန်တွေက ကင်းလှည့် နေကြပြီး အချက်အချာကျတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းများ မြှုပ်နေကြတယ်လို့ ဒေသခံများက ပြောပြပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်ထဲမှာ ပါတဲ့အတိုင်း သူပုန်တွေက လက်နက် မချဘဲ သဘောတူညီချက်ကို ချိုးဖောက်လို့ ပါကစ္စတန် စစ်တပ်က တာလီဘန် သူပုန်များအား အရင်လ ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ ပက်ရှ်ဝါ (Peshawar) မြို့အနီး စစ်တပ်ရဲ့ စစ်ကြောရေး စခန်းထဲကို အသေခံ ဗုံးဖောက်ခွဲကား တစီး မောင်းဝင်လာလို့ အရပ်သား ၄ ယောက်နဲ့ စစ်သား ၁ ယောက် သေဆုံးသွား ပါတယ်။

ပါကစ္စတန်နိုင်ငံအနေနဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ပြဿနာကြီး တွေနဲ့ ရင်ဆိုင် နေရပေမယ့် ရှုံးနိမ့်တဲ့ နိုင်ငံတနိုင်ငံ အဖြစ် အမေရိကန် နိုင်ငံဘက်က မသတ်မှတ်ဘူးလို့ အမေရိကန် နိုင်ငံရဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံ ဆိုင်ရာ အထူးသံတမန် ရစ်ချတ်ဒ် ဟိုးလ်ဘရွတ်ခ် (Richard Holbrooke) က ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့က အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ရှေ့မှောက် ကြားနာပွဲမှာ မစ္စတာ ဟိုးလ်ဘရွတ်ခ်က ပါကစ္စတန် နိုင်ငံရဲ့ ပြဿနာဟာ သိပ်ကို ကြီးမားပေမယ့် ဒါဟာ နိုင်ငံ ပြိုကွဲလုနီးပါး ဖြစ်နေတာတွေ မဟုတ်ပါဘူးလို့ ပြောပါတယ်။
တာလီဘန်တွေ တိုးပြီးလှုပ်ရှားလာတာနဲ့ ပတ်သက်ပြီး ပါကစ္စတန်မှာရော အမေရိကန် နိုင်ငံကိုပါ စိုးရိမ် ထိတ်လန့်စေတဲ့ အပြင် ပါကစ္စတန်ဟာ ရန်သူရဲ့ ဆိုးဆိုးဝါးဝါး စမ်းစစ် တိုက်ခိုက်မှုကို ခံနေရတယ် လို့လည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ပါကစ္စတန်နိုင်ငံ ဒီမိုကရေစီရေး တည်ငြိမ်စေဖို့ အတွက် ထောက်ခံ ပံ့ပိုး ပေးသွားမယ်လို့လည်း မစ္စတာ ဟိုးလ်ဘရွတ်ခ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ဗုဒ္ဓဟူးနေ့မှာ ပါကစ္စတန် သမ္မတ အဇစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari)၊ အာဖဂန်နစ္စတန် သမ္မတဟာမစ် ကာဇိုင်း (Hamid Karzai) တို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

Ref: VOA News

Read More...

Tuesday, May 5, 2009

နအဖ စစ်ကြောင်းတခုလုံး သေကြေဆုံးရှုံးရသည်အထိ ကရင်/ပအိုဝ်း ပူးပေါင်း တပ်ခြုံခိုတိုက်ခိုက်

တနင်္လာနေ့၊ 04 မေလ 2009

ကရင် - ပအိုဝ်း ပူးပေါင်းတပ်လှုပ်ရှားစစ်ကြောင်းက စစ်အစိုးရ စစ်ကြောင်းတခုအား အမိအရ ခြုံခို တိုက်ခိုက်ရာ နအဖတပ်၏ လူသူ လက်နက်အားလုံး သေကြေဆုံးရှုံးကြောင်း သျှမ်းပြည်တောင်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

မေ ၃ ရက် နံနက် ၁၀း၀၀ နာရီကျော်က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA တပ်မ ၁ နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်း စစ်ကြောင်း တကြောင်းသည် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ အခြေစိုက် စကခ (၇) လက်အောက်ခံ ခမရ ၄၂၆ (ဘန်းယဉ်) မှ ဗိုလ်ကြီးမျိုးအောင် ဦးဆောင်သည့် အင်အား ၁၂ ယောက်ပါ စစ်ကြောင်း တခုအား (တောင်ကြီးမြို့ အရှေ့တောင်ဘက် မိုင် ၄၀ ကျော်) ဆီဆိုင်မြို့နယ် ဘန်းယဉ် အရှေ့ဘက် နမ့်ပွန် ချောင်း အနောက်ဘက်ခြမ်း၌ ခြုံခို တိုက်ခိုက်ရာ နအဖ စစ်ကြောင်းဘက်၏ လူသူ လက်နက်အားလုံး သေကြေဆုံးရှုံး ကြောင်း ဒေသခံ ပအိုဝ်းရွာသားများက ဆိုပါသည်။

“ဘန်းယဉ်အခြေစိုက် ခမရ ၄၂၆ ကလေ၊ သူတို့ ထွက်သွားတုန်းက ၁၀ ယောက် ကျော်ထင်တယ်။ တယောက်မှ ပြန်မလာဘူး။ တိုက်ပွဲဖြစ်တဲ့ ဘက်က ဒေသခံတွေကတော့ အားလုံး သေတယ်လို့ ပြောတာဘဲ” အမည် မဖေါ်လိုသည့် ဒေသခံတဦးက ဆိုသည်။

အဆိုပါတိုက်ပွဲ နှင့်ပတ်သက်၍ PNLA ဦးစီးချုပ်ဗိုလ်မှူးကြီးခွန်သူရိန် ကလည်း သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပါသည်။

“စစ်အစိုးရက ကရင်ပြည်လူထုကို နှိပ်ကွပ်တဲ့အတိုင်း ကျနော်တို့ သျှမ်းပြည်တောင်ပိုင်း ကျေးလက် ပြည်သူတွေကိုလဲ အတင်း အဓမ္မ ရပ်ရွာပြောင်းရွေ့ ခိုင်းတယ်။ ဒေသခံတွေကို ရန်သူလို ဖြတ်လေးဖြတ်နဲ့ နှိပ်စက်တယ်။ တပ်စခန်း ဆောက်ဖို့ အမျိုးမျိုး အဓမ္မ လုပ်အားခိုင်းတယ်၊ အပြစ်မဲ့ ရွာသားတွေကို အနိုင်ကျင့်လွန်းလို့ ကျနော်တို့ တပ်ဖွဲ့နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ပူးပေါင်း စစ်ဆင်ရေး လုပ်ရခြင်းဖြစ်တယ်”

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်မ ၁ ကို ဗိုလ်မှူးကြီး ခွန်စန်းယု နှင့် ဒုဗိုလ်မှူးကြီး ခွန်ကျော်ထင်တို့ ဦးဆောင်ကြောင်း၊ ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၃ မှ တပ်ရင်း ၉ နှင့် ပူးပေါင်း စစ်ဆင်ခြင်း ဖြစ်ကြောင်း၊ ခမရ ၄၂၆ စစ်ကြောင်းမှ အလောင်း ၁၂ လောင်း နှင့်အတူ မော်ထာ 60 mm ၁ လက်၊ စက်သေနတ် ၁ လက်၊ RPG 9 - ၁ လက်၊ MA1,2,3,4 ၈ လက်၊ 9 mm ပစ္စတို ၂ လက်၊ စကားပြောစက် ၂ လုံး သိမ်းဆည်းရကြောင်း ဗိုလ်မှူးကြီး ခွန်သူရိန်က အတည်ပြုပြောဆိုပါသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်အစိုးရဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းနိုင် ကိုယ်တိုင် ဘန်းယဉ်သို့ သွားပြီး ခမရ ၄၂၆ ၊ ၄၂၅၊ ၄၂၄၊ ၄၂၃၊ ၄၂၇ အင်အား ၅ တပ်ရင်း စေလွတ်၍ ကရင် နှင့် ပအိုဝ်း ပူးပေါင်းတပ်ကို လိုက်လံ ရှာဖွေနေကြောင်း ရွာသားများ ပြောဆိုသကဲ့သို့ ဗိုလ်မှူးကြီး ခွန်သူရိန်ကလည်း အတည်ပြုပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းမှတ်တိုင်များ

ဆောင်းပါးရှင် - ဒုဗိုလ်မှူးကြီးအေးမြင့်

၁၉၅၅ ခုနှစ်မှာ ကျနော်က စစ်သားဖြစ်လာပြီမို့ စစ်သမိုင်းတွေကို ပို၍ လေ့လာမှတ်သား သိရှိ ခဲ့ရပါတယ်။ ဗိုလ်ချုပ်ကျော်ဇောရဲ့ ထက်မြက်တဲ့ စစ်ရေး စွမ်းဆောင်မှုများကြောင့် တပ်မတော် အတွင်းမှာသာမက တိုင်းပြည်မှာရော နိုင်ငံတကာမှာပါ ဗိုလ်ချုပ်ကျော်ဇောဟာ အောင်မြင်သော စစ်သူကြီးတစ်ဦးအဖြစ်နဲ့ ဂုဏ်သတင်း ပြန့်လွင့် ကျော်ကြားခဲ့တာ သတိပြုမိပါတယ်။

ဒီ ကျော်ကြားမှု ကြောင့်ပဲ စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းဟာ သူ့ရဲ့ အနာဂတ် ရှေ့ရေးအတွက် တွေးပူပြီး စိတ်မအေးနိုင် ဖြစ်နေရှာပါတယ်။ ဒီလို အခြေအနေမျိုးမှာ ပြိုင်ဘက် ထိပ်သီး ဆိုရှယ်လစ် စစ်ဗိုလ် တချို့ဟာ ဗိုလ်ချုပ်ကျော်ဇော အပေါ် မနာလို၊ မရှုစိမ့်၊ သ၀င်တိုစိတ်များ ပြင်းပြ လာရာက ၁၉၅၆ ခုနှစ်မှာ ၀န်ကြီးချုပ် ခေတ္တတက်နေတဲ့ ဆိုရှယ်ညစ် ပဂေးကြီး ဦးဗဆွေထံ အကြံအဖန် လန်ကြုပ်ဇာတ်လမ်းဆင် တင်ပြလို့ ကန်ထုတ်ကြပြန်တာ တွေ့ရပါတယ်။ သရုပ်ပြ အမွှန်းတင် စီစဉ်တင်ဆက်ကြသူများထဲမှာ ဆိုရှယ်ညစ် ထိပ်သီး ဗိုလ်မှူးကြီးကြည်ဝင်း၊ ဗိုလ် မှူးကြီးအောင်ကြီးနဲ့ ဗိုလ်နေ၀င်းတို့ ပါဝင်ကြောင်း သမိုင်း အထောက်အထား တွေ့ခဲ့ရပါတယ်။

၁၉၅၇ ခုနှစ်မှာ ဗိုလ်ချုပ်ကျော်ဇော ခမျာ တပ်မဲ့ ဗိုလ်ချုပ်ဘ၀ကို ရောက်သွား ခဲ့ရပါတယ်။ နာမည်ကျော် စစ်သူကြီးတစ်ဦး တိုင်းပြည်မှာ ဆုံးရှုံးသွားခဲ့သလို မနေ့က တပ်မတော်မှာပါ အတိုင်းမသိ ထိခိုက် နစ်နာခဲ့ရပြီး အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့ရပါတယ်။ ပုဂ္ဂိုလ်တဦးကို မလိုမုန်းထား ဖယ်ရှား လိုက်တယ် ဆိုရင်ပဲ ယင်းပုဂ္ဂိုလ်ရဲ့ သမိုင်းကိုပါ မှေးမှိန် ပျောက်ပြယ်အောင် စွမ်းဆောင်ခဲ့ကြတာ ရင်နာစရာ တွေ့ရှိ နားလည်ခဲ့ရပါတယ်။

အထူးသဖြင့် “ဘုရင့်နောင်” ၊“ရန်ကြီးအောင်” စစ်ရေးသမိုင်းမှာ ကိုယ်ကျိုးစွန့် ဦးစီးတိုက်ပွဲ ၀င်ခဲ့သူ စစ်သူကြီး ဗိုလ်ချုပ်ကျော်ဇောရဲ့ အမည်ကို ပြောင်ပြောင်တင်းတင်း ဖျောက်ဖျက် ပစ်ကြတာကို ရင်နာစရာ တွေ့ခဲ့ရပါတယ်၊ သမိုင်းဆိုတာ လိမ်လည်လှည့်ဖြား မှတ်တမ်းတင်လို့ မရစကောင်းပါဘူး။ အဆိုးအကောင်း အကျိုးအကြောင်းနဲ့ တိတိပပ မော်ကွန်းတင်ရရိုး ထုံးတမ်းစဉ်လာ ရှိစမြဲပါ။ ဒီထက်ပိုလို့ ရင်နင့်စရာ မြင်ရတာက တိုင်းပြည်ရဲ့ ကျေးဇူးရှင် လွတ်လပ်ရေး ဗိသုကာ ဒီနေ့ တပ်မတော်ကို စတင် စုဖွဲ့ခဲ့တဲ့ မူလ ပထမ ဖခင်အစစ် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမိုင်းကိုပင် ထဲထဲဝင်ဝင် ပီပီပြင်ပြင် ကြိုးပမ်းဖျောက်ဖျက် နေကြတာ တွေ့ရလို့ဖြစ်ပါတယ်။

မနေ့ကတပ်မတော်ရဲ့ ၅၈ အဆစ်အကွေ့ သမိုင်းမှာတော့ ဆိုရှယ်ညစ် ထိပ်သီး ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဗိုလ်မှူးချုပ် အောင်ရွှေနဲ့ ဒုဗိုလ်မှူးကြီး ချစ်ခိုင်တို့ရဲ့ အာဏာသိမ်း ဇာတ်ညွှန်းကို စစ် ရုံးချုပ်က ဆိုရှယ်လစ်ပဂေး ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ ဇာတ်ပို့ ဇာတ်ရံမှုနဲ့ ဗိုလ်နေ၀င်းက “တပည့်လိမ္မာ ဆရာအာပတ်လွတ် နည်းဗျူဟာ” အရ ပါဝင် ကပြကာ အသုံးတော် ခံခဲ့တာမို့ ကလိမ်ခြုံ အာဏာ အနုကြမ်းစီးမှု တစ်ခု သမိုင်း စာမျက်နှာပေါ်မှာ ပါခဲ့ရပြန်ပါတယ်။
ကျနော် ရိုးရိုးရှင်းရှင်းလေး နားလည်ခံယူမိတာက ဖဆပလ ကွဲကြ၊ ပြဲကျ၊ ချဲကြတာဟာ နိုင်ငံရေးသမားတို့ ကြုံတွေ့ရမြဲ ဓမ္မတာတရားလို့ မြင်ပါတယ်။ အဖွဲ့အစည်းတစ်ခုအတွင်း ပါတီတစ်ရပ်အတွင်းမှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်ခဲ့ပါတယ်။ တိုင်းပြည်အတွက် အန္တရာယ်လို့ မဆိုနိုင်သလို တပ်နဲ့လည်း ဘာမှမဆိုင်ပါ။ သူတို့နည်း သူတို့ဟန်နဲ့ ဖြေရှင်းကြရင် ရတာပဲ။ ဒါကို မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်ခဲ့လို့ တပ်မတော်ရဲ့ သမိုင်း အကျည်းတန် ခဲ့ရပါတယ်။

ဒီနေ့တပ်မတော်သမိုင်း ၂၀၀၄ မှာလည်း တလက်ကိုင် သစ္စာခံ ဒေါက်တိုင် အဲမ်အိုင် စစ်မလိုင် တွေနဲ့ မတော်မှန်သူ ဗိုလ်သန်းရွှေတို့ ကွဲကြ၊ ပြဲကြ ပြန်တာတွေ့ရပါတယ်။ “ကျားနဲ့ဆင် လယ်ပြင်မှာ ပီပြင်စွာ တွေ့ကြတဲ့ ဖြစ်စဉ်” လို့သာ ဆိုချင်ပါတယ်။ ကျားနိုင်ရင်လည်း ပြည်သူတွေ ကျားကိုက်ခံရမယ်။ ဆင်နိုင်ရင်လည်း ပြည်သူတွေ ဆင်နင်းခံရမယ်။ ဘယ်သူနိုင်နိုင် ပြည်သူ တို့အဖို့ မစားသာဘူး။ ကျားရော ဆင်ပါ လယ်ပြင်မှာ သေကုန်မှသာ ပြည်သူတို့ သက်သာ မှာပါလို့ ကျနော် DVB နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိမိတ်ဖတ် ဟောကိန်း ထုတ်ခဲ့ဘူးပါတယ်။

ဒီနေ့မှာ ပြည်သူတွေဟာ ဆင်နင်းတာကို နင်ပဲငဆခံနေရရှာပြီ မဟုတ်ပါလော။ ဘယ်သူငြင်း မလဲ။ နအဖ ဗိုလ်စုတ် မှန်သမျှဟာ စားခွက်ကို သေးပန်းပြီး ထမင်းကျွေးတဲ့ လက်ကို ကိုက်တဲ့ ခွေးတွေလိုပါပဲ။ ဒါကို ဒီနေ့ ဖြစ်စဉ်တွေက သက်သေ ခံနေပါတယ်။

၁၉၅၈ ခုနှစ် ဖဆပလ အကွဲအပြဲကို မြစ်ဖျားခံကာ မနေ့က တပ်မတော်ရဲ့ အာဏာသိမ်းမှု၊ ဒါမှ မဟုတ် အာဏာ အနုကြမ်းစီးမှု ဖြစ်စဉ်ကို တပ်ထဲက နိုင်ငံရေး အရောင်အသွေး မရှိတဲ့ မျိုးချစ် စစ်သား၊ တပ်ဗိုလ်၊ တပ်မှူး အများစုက မကျေနပ်ခဲ့ကြပါ။ ကျနော်ပင်လျှင် အဲဒီတုန်းက ရွံ့ရှာစက်ဆုပ် ခဲ့ပြီး တစခန်း ထခဲ့တဲ့ ဆိုရှယ်လစ် စစ်ခေါင်းဆောင်များကို ပိုလို့ မုန်းတီး နာကြည်းခဲ့ပါတယ်။

နဂိုကမှ စစ်ဦးစီးချုပ် အကျင့်ပျက် ခြစားမှု အပေါ်မှာ မကျေနပ်ခဲ့တာနဲ့ ဗိုလ်ချုပ်ကျော်ဇောကို တပ်က ဖယ်ရှားမှုကြောင့်ပါ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်ချစ်ခိုင် စတဲ့ ဆိုရှယ်ညစ် တပ်မှုးများကို လုံးဝ လေးစားမှု မရှိခဲ့ပါဘူး။ ရှစ်လေးလုံး အရေးအခင်း ဖြစ်လာတော့မှပဲ ဗိုလ်ချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးကြည်ဝင်း၊ ဗိုလ်မှူးကြီး သီဟသူရလှမော် စတဲ့ ဆိုရှယ်လစ် တပ်မှူးကြီး တချို့ကို မျိုးချစ် တပ်မှူးဟောင်း အဖွဲ့မှာ ပြန်လည် ဆုံစည်းပြီး ရင်းနှီးခဲ့ရလို့ နားလည်မှုပေးကာ လေးစားခဲ့ရပါတယ်။

၅၈ ဖြစ်စဉ်မှာ စစ်သားအပီသဆုံး စစ်ခေါင်းဆောင် အကြီးအကဲဟောင်း တစ်ဦးကတော့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဒီကေဘလိပ်လို့် ဆိုရပါမယ်။ ယင်းဖြစ်စဉ်ကို လုံးဝ ကျေနပ် လက်ခံခြင်း မရှိခဲ့သလို ရဲရဲရင့်ရင့်ပင် ကန့်ကွက်ခဲ့တယ်လို့ ကြားဘူးနားဝ ရှိခဲ့ပါတယ်။ ဒီကိစ္စကြောင့် ဗိုလ်ချုပ်ဘလိပ်ဟာ တပ်ကနေ ထွက်သွားပြီး နိုင်ငံခြားသို့ပင် တခါတည်း ထွက်သွားခဲ့တယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် မောင်မောင်ကျော်ဝင်းကို တရုတ်ပြည် ဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ် ခဲ့ပေမယ့်လို့ ဗိုလ်ချုပ်ဘလိပ် (ယခု နယူးဇီလန်တွင် သက်ရှိထင်ရှား ရှိနေသူ) ကိုတော့ တပ်မှ အငြိမ်းစား ပေးခဲ့ကြ ပါတယ်။ ဒီ ထိပ်တန်း အရာရှိကြီးရဲ့ နေရာကို ဗိုလ်ချုပ် ဘသော်အား စစ်ရေးချုပ်အဖြစ် အစားထိုးခဲ့ကြသလို ဗိုလ်ချုပ် စန်းယုဟာ တိုင်းမှူး ဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ မနေ့က တပ်မတော်အတွင်းက ခိုးလိုး ခုလု ဖြစ်စဉ် ရာထူး နေရာ ခန့်ထားမှုကို ဆရာသမားကြီး တစ်ဦးပြောပြမှုကို အခြေခံလို့ ရေးပြပါရစေ။ ဗိုလ်ချုပ်ကျော်ဇောကို ဖယ်ရှားစဉ်က တပ်မှာ စစ်ရေး အထက်မြက်ဆုံး အစဉ်အလာ အကောင်ဆုံး ဗိုလ်မှူးကြီး ချစ်မြိုင်ကို တိုင်းမှူးခန့် အပ်ရန် စီမံခဲ့ကြပေမယ့် ဗိုလ်ချုပ်ကျော်ဇောနဲ့ အလွန်ရင်းနှီးတဲ့ တပ်မဟာမှူးကြီး ဖြစ်နေတာမို့ တပ်မဟာ ၅ မှူး ဗိုလ်မှူးကြီး အောင်ရွှေကို ခန့်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ဘလိပ် တပ်ကထွက်ပြန်တဲ့အခါ ဗိုလ်မှူးကြီးချစ်မြိုင်ခမျာ တိုင်းမှူး မဖြစ်ပြန်ဘူး။ မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်ရွှေကို တောင်ပိုင်းတိုင်းသို့ ရွှေ့ပြောင်းခဲ့ပြီး၊ စစ်ရုံးချုပ် စစ်ရာထူးခန့် အတွင်းဝန် ဗိုလ်မှူးကြီး အဆင့်ရတာ တစ်နှစ်ခန့်သာ ရှိသေးတဲ့ ဗိုလ်မှူးကြီး စန်းယုကို မြောက်ပိုင်းတိုင်းမှူး ခန့်လိုက်တော့ စီနီယာဗိုလ်မှူးကြီး တပ်မဟာမှူး တော်တော် များများက မကျေနပ်ကြဘူး။ အထူးသဖြင့် ဗိုလ်မှူးကြီး ချစ်မြိုင် သနက-၃ တပ်ရင်းမှူး ဖြစ်စဉ် က ဗိုလ်ချုပ်စန်းယုက တပ်ခွဲမှူး၊ ဒုတပ်မှူးများနဲ့ ကွပ်ကဲမှု အောက်တာဝန် ထမ်းခဲ့ရတာကိုး။ ဒီခိုးလိုးခုလု ဖြစ်စဉ်ကို အကျယ်အကျယ် မဖြစ်ချင်လို့ ဗိုလ်မှူးကြီး ချစ်မြိုင်ကို စစ်ရုံးချုပ်သို့ ခေါ်ယူကာ ဗိုလ်ချုပ်တင်ဖေရဲ့ တွဲဘက် စစ်ထောက်ချုပ် ဆိုပြီး ခေါက်ထား လိုက်တာတဲ့ဗျာ။ ရင်နာစရာ ရာထူးနေရာ ပေးမှုတွေပေါ့။

ဒီဖြစ်စဉ်မျိုး ရှစ်လေးလုံး အရေးတော်ပုံ ကာလမှာလည်း ဒီနေ့ တပ်မတော်က ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။ ရတခတိုင်းမှူး ဗိုလ်ချုပ် ဥာဏ်လင်းဟာ ပြည်သူ့ဘက်ကို ယိမ်းတယ်၊ ပြည်သူ ကရော ဒီမိုကရေစီ လှုပ်ရှားသူများကပါ လေးစား အားထားကြပါတယ်။ အထူးသဖြင့် တပ်မှူး ဟောင်းများနဲ့ နီးစပ်တာမို့ စစ်ရုံးမှာ တွဲဘက် ခေါ်ယူထားလိုက်တာ သတိပြုမိပါတယ်။

ဗိုလ်ချုပ်နေ၀င်းနဲ့ ဆိုရှယ်လစ်တပ်မှူးများဟာ အဲဒီတုန်းကတည်းက စစ်အာဏာရှင်စနစ် ထူထောင်ပြီး အာဏာကို တပ်ပိုင်အဖြစ် ထာဝရ သိမ်းထားဘို့ ကျိတ်ကြံ ခဲ့ကြသတဲ့။ ဆိုရှယ်လစ် နိုင်ငံရေးသမား တည်မြဲတို့ကလည်း မြှောက်ထိုး ပင့်ကော် လုပ်ခဲ့ကြပါတယ်လို့ ကြားဘူးနားဝ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဦးနုတို့ကရော ပမညတ တို့ကပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှု ပြုခဲ့ကြလို့ မလွှဲမရှောင်သာ ရွေးကောက်ပွဲ ကျင်းပပေးပြီး အာဏာ ပြန်လွှဲခဲ့ရတာလို့ အဆိုရှိပါတယ်။ ရွေးကောက်ပွဲမှာ တည်မြဲတို့ နိုင်ရန်လည်း ပင်းခဲ့ကြသတဲ့။ တည်မြဲ ဆိုရှယ်ညစ် တို့ကလည်း ၆၀ ပြည့်ရွေးကောက်ပွဲမှာ “မုချနိုင်ရမယ် ရှုံးရင်လည်း နိုင်ရမယ်” လို့ ကြွေးကြော်ခဲ့တာ မှတ်မိပါသေးတယ်။ ဆိုရှယ်ညစ် တပ်မှူး အများစု ကလည်း တည်မြဲ ဆိုရှယ်လစ်တွေ အနိုင်ရဖို့ လုပ်နိုင်သမျှ နည်းပေါင်းစုံနဲ့ ပြောင်ပြောင် တင်းတင်းကို ကျင့်သုံပြီး ဘက်လိုက်ခဲ့ကြတာ ကျနော်ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ခံစား သိရှိခဲ့ရပါတယ်။

ဒီလို တပ်ကဘက်လိုက်တာကို ပြည်သူတို့က တိတိပပ သိခဲ့ကြပါတယ်။ ဒါကြောင့် ၆၀ ပြည့် ရွေးကောက်ပွဲမှာ သူတို့ရဲ့ အသည်းကြားက မဲပြားကို ဦးနုရဲ့ သန့်ရှင်းကို ပုံအောထည့်ခဲ့ကြ တော့တာပါပဲ။ တကယ်တော့ ဦးနုရဲ့ သန့်ရှင်းကိုလည်း ပြည်သူက သိပ်ကိုကြိုက်ကြတာတော့ မဟုတ်ဘူး။ တပ်ရဲ့ ဘက်လိုက်မှုကို ရွံ့ရှာစက်ဆုပ်လို့ သန့်ရှင်းကို အရွဲ့ တိုက်ခါ ပုံအောထည့် လိုက်တဲ့ သဘောလို့ သိရပါတယ်။

ဒါထက်ပိုရှင်းအောင် ရေးရရင် စစ်တပ်ကို မြင်ပြင်းကပ်လို့ ဆိုရှယ်လစ် စစ်ဗိုလ်တွေကို စောက်မြင်ကပ် မျက်မုန်း ကျိုးလွန်းလို့ သန့်ရှင်းကို ပုံအော ထည့်ခဲ့ကြတာပါ။ ကျနော်လည်း သန့်ရှင်းကိုပဲ မဲပေးခဲ့တယ်လေ။ ၆၀ ပြည့်ရွေးပွဲမှာ တည်မြဲ ခွက်ထိုးခွက်လန် အရှုံးကြီး ရှုံးခဲ့ရသလို ၉၀ ပြည့် ရွေးကောက်ပွဲမှာ တစညတို့ အရှုံးကြီး ရှုံးခဲ့ရတာဟာ အခြေခံ အကြောင်းရင်း တူညီခဲ့တာ သတိပြုမိပါတယ်။ စစ်တပ်ရဲ့  ပံ့ပိုးမှုနဲ့ နိုင်မယ်လို့ တွက်ပြီး ၉၀ ရွေးကောက်ပွဲကို လုပ်ပေးစေခဲ့ပေမဲ့ မဆလ တဖြစ်လဲ တစည ဆိုပြီး ယှဉ်ပြိုင်ခဲ့ရာမှာ အကွဲကြီး ကွဲခဲ့ရတဲ့ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒုဗိုလ်မှူးကြီးအေးမြင့်

Read More...

အပေါ်သို့