..............................

Tuesday, April 28, 2009

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အရာရှိတဦး တိုက်ပွဲတွင် ကျဆုံး

ဒယ်နီယယ် ပီဒါဆင်
ဧပြီလ 27 2009

မဲဆောက် (မဇ္ဈိမ)။ ။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ဝါးလေခီး စခန်းကို တိုက်ခိုက်နေသည့် ၂ ပတ်ကြာ တိုက်ပွဲအတွင်း ယခုနောက်ဆုံး ကျဆုံးခဲ့သူများမှာ မြန်မာစစ်တပ်မှ တပ်သား ၂ ဦးနှင့် ကရင် တပ်မတော်မှ ဗိုလ်မှူးကြီး စောဂျေး ဖြစ်သည်။

၃ ဦးလုံးမှာ စနေနေ့ညက ကျဆုံးခဲ့ကြခြင်း ဖြစ်သည်။

KNLA ဗိုလ်မှူးကြီးစောဂျေးမှာ တောနက်ထဲတွင် ထောင်ထားသော တိုက်မိုင်းကြိုးကို နင်းမိ၍ ကျဆုံးသွားခဲ့ပြီး၊ မြန်မာစစ်သား ၂ ဦး သေဆုံးရသည့် အကြောင်းရင်းကိုမူ ယခုချက်ချင်း မသိရသေးပါ။

ဝါးလေခီးစခန်း တိုက်ပွဲမှာ ကြာမြင့်လှပြီဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာ သေဆုံးမှုများမှာ နယ်မြေ စိုးမိုးရေး တိုက်ပွဲအတွင်း လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် မဟုတ်ဘဲ အဓိကအားဖြင့် မြေမြှုပ်မိုင်းနှင့် ထောက်ချောက် ဗုံးများကြောင့် သေဆုံး ဒဏ်ရာ ရခဲ့ကြခြင်း ဖြစ်ပြီး စိတ်ဓာတ်ရေးရာ အရ တုန်လှုပ် ချောက်ချားအောင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယခု အခြေအနေတွင် ဝါးလေခီးစခန်းကို KNLA က ထိန်းချုပ် ထားနိုင်ဆဲဖြစ်ပြီး မြန်မာစစ်တပ်မှာ စိန်ပြောင်း တကမ်းအကွာ ၅ မိုင်အဝေး တောင်ကုန်းမြင့်ပေါ်တွင် နေရာယူထားသည်။

ဤနေရာ ၂ ခုအကြား စပ်ကြားနယ်မြေမှာမူ ပြောက်ကျား စစ်သည်များ၏ နယ်မြေဖြစ်ပြီး အင်အားအနည်းငယ် ပါဝင်သော လှည့်ကင်းများ၊ ကင်းထောက်ခြင်းများကို ပြုလုပ်နိုင်သည်။

၃ ရက်ကြာ နှိုင်းယှဉ်ချက်အားဖြင့် ငြိမ်သက်နေခဲ့သော တိုက်ပွဲသည် ယမန်နေ့က အဆုံးသတ်သွားပြီး၊ မြန်မာစစ်တပ် အနေဖြင့် ဤစခန်းသိမ်း တိုက်ပွဲတွင် ရရှိခဲ့သော များပြားလှသည့် အသေအပျောက် အကျအဆုံးများကို ပြန်ထေမိ နိုင်ခဲ့သည်။

မြန်မာစစ်တပ်မှ ဒဏ်ရာရရှိသူများကို မြဝတီဆေးရုံတွင် တင်၍ ကုသပေးလျက် ရှိသည်ဟု သိရသည်။

ယမန်နေ့ညက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) သို့မဟုတ် မြန်မာစစ်အစိုးရ တပ်များနှင့် ယင်းတို့၏ စစ်ရေးမဟာမိတ် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) ပူးပေါင်း တပ်ဖွဲ့များသည် KNLA ၏ အဓိကစခန်းကို တိုက်ခိုက်ရန် ရှေ့တိုး ချီတက် လာခဲ့ကြသည်။

“တိုက်ပွဲက အခုဖြစ်နေတုန်းပဲ။ ဆက်လည်း ဖြစ်ဦးမယ်။ ကျနော်တို့ လူတယောက် မနေ့ညက ကျဆုံးခဲ့တယ် (ဗိုလ်မှူးကြီးစောဂျေးကို ရည်ညွှန်းသည်)” ဟု အကြီးတန်း တပ်မှူးတဦးက တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ပြောကြားသည်။

စခန်းကို KNLA က သိမ်းပိုက်ထားဆဲဖြစ်ပြီး၊ စခန်းပတ်ဝန်းကျင်တွင် ထောက်ချောက်ဗုံးများ၊ မြေမြှုပ် မိုင်းများကို နှစ်ဖက်စလုံးက တိုး၍ ထောင်လျက်ရှိပြီး၊ တိုက်မိုင်းများကိုလည်း ဆင်ထားသည်ဟု ဗိုလ်မှူးကြီး နဒါးမြက တနင်္ဂနွေနေ့ နံနက်ပိုင်းက ပြောသည်။

“ဒီမှာတော့ တကယ့်ကို ရှုပ်ထွေးနေတာပဲ” ဟု သူက ပတ်ဝန်းကျင် မြေအနေအထားကို ရည်ညွှန်း ပြောကြားသည်။ နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင်များ အတွက် လှုပ်ရှားသွားလာရန် အလွန် ခက်ခဲ ကြမ်းတမ်းသော အနေအထားတွင် ရှိသည်။ “ကျနော်တို့ စခန်းကို ဆက်ထိန်းထားတုန်းပဲ။ ဆက်တိုက်သွားမယ်” ဟုလည်း သူက ပြောသည်။

KNLA တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ ဝါးလေခီးစခန်းကို တိုက်ခိုက်နေသည့် တိုက်ပွဲသည် ဧပြီလ ၁၂ ရက်နေ့ကတည်းက စတင် ဖြစ်ပွားနေခဲ့သည်။

နှစ်ဖက်စလုံး မည်သည့်ဘက်မျှ အသာစီး မရသေးဘဲ နှစ်ဘက်စလုံးတွင် အထိအခိုက် အကျအဆုံး အများအပြား ရှိခဲ့သည်။ လက်နက် ကိရိယာများ ကောင်းမွန်စွာ တပ်ဆင်ထားပြီး ကြာရှည်စွာ ထိုင်ထားခဲ့သော ဤစခန်းကို ကာကွယ်နေသော KNLA တပ်ဖွဲ့များ ဘက်တွင်မူ အထိအခိုက် အကျအဆုံးများစွာ သက်သာသည်ဟု မျှော်လင့်ရသည်။

Ref: မဇ္ဈိမ

Read More...

ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက်

NEJ /၂၇ ဧပြီ ၂၀၀၉

တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်က ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ပစ်ခတ်သဖြင့် ထိုင်းစစ်သား (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ထိုင်းရွာသား (၃၀၀) ခန့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေ အတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး တပ်စခန်းအား သိမ်းပိုက်နိုင်ရေးအတွက် ဒီကေဘီအေတပ်ရင်း (၉၀၇) မှ အင်အား (၅၀) ခန့်သည် ယနေ့နံနက် (၁၀) နာရီခန့်၌ ထိုင်းနိုင်ငံအတွင်းမှ ပတ်၍ဝင်တိုက်ရန် ထိုင်းနယ်မြေထဲ ဝင်ရောက်စဉ် ထိုင်းစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။


အဆိုပါတိုက်ပွဲတွင် ထိုင်းစစ်သည် (၂) ဦး ဒဏ်ရာရပြီး မြန်မာဘက်ခြမ်းရှိ ဘုရင့်နောင် တောင်ကုန်းရှိ နအဖစစ်တပ်မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးရာ ထိုင်းဘက်ခြမ်းရှိ ဖားဒီးထိုင်းရွာအတွင်း လက်နက်ကြီး (၄) လုံး ကျရောက်ပေါက်ကွဲပြီး ရွာသားတဦး ဒဏ်ရာရရှိသွားကာ ရွာသား (၃၀၀) ခန့်မှာ ရွာပြင်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။

မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့်အကွာ မြန်မာဘက်ခြမ်းတွင် တည်ရှိသည့် တပ်ရင်း (၂၀၁) စခန်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တည်ရှိပြီး ကပ်လျက် ထိုင်းဘက်ခြမ်းတွင် ဖားဒီးရွာ တည်ရှိသည်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ယခုလောလောဆယ်တွင် မြန်မာဘက်ခြမ်း နယ်စပ်မျဉ်းအနီး တပ်စွဲထားပြီး ထိုင်းဘက်ခြမ်း၌ ထိုင်းစစ်တပ်က တပ်အင်အား တိုးမြှင့်ထားသောကြောင့် ယနေ့ညဘက်တွင် ထူးခြားမှု တစုံတရာ ရှိနိုင်သည်ဟု ထိုင်းလုံခြုံရေး အရာရှိတဦးက ပြောသည်။

တပ်ရင်း (၂၀၁) မှ အရာခံဗိုလ် စောထီးခုက “ဒီကေဘီအေက ကျနော်တို့ စခန်းကိုတိုက်တာ လဆန်း ကတည်းက ဖြစ်တယ်။ အခုတော့ အကြံကုန်ပြီး ကျနော်တို့ကို ထိုင်းဘက်ကနေ ဝင်ပိုင်းဖို့ ကြိုးစားရာကနေ တိုက်ပွဲဖြစ်တာပါ။ အခြေအနေအရ ဒီည သူတို့ ကျနော်တို့ကို ဆက်တိုက်ဖို့ ရှိနိုင်တယ်။ ကျနော်တို့ ဘက်ကလည်း အရံသင့်ပဲ" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေတပ်ရင်း (၉၀၇) သည် နအဖလက်နက်ကြီး အကူပစ် တပ်ဖွဲ့ဝင်များ ခြံရံကာ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ယခုလဆန်း (၄) ရက်နေ့မှ စတင် ထိုးစစ်ဆင်ခဲ့ သော်လည်း ယနေ့ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒေသ ဒူးပလာယာ ခရိုင်ကို ဒီကေဘီအေ ဘက်မှ ကလို့ထူးဘော ဒေသဟု ခေါ်ပြီး ဒေသတွင်း မဟာဗျူဟာကျသည့် ဝေါလေခီး တပ်စခန်းကို သိမ်းပိုက်နိုင်ရေး အတွက် အပြင်းအထန် ကြိုးစားလျက်ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

Friday, April 24, 2009

တောင်ဒဂုံစက်မှုဇုန်တွင် ပဲဂိုဒေါင် မီးလောင်ပျက်စီး

NEJ /၂၃ ဧပြီ ၂၀၀၉

ယနေ့  နံနက် (၁၁) နာရီကျော်အချိန်က တောင်ဒဂုံ စက်မှုဇုန် အမှတ် (၁) တွင်ရှိသော မေယု ပဲလှောင်ဂိုဒေါင်ကို မီးလောင်ကျွမ်းရာ ဂိုဒေါင်တခုလုံးနီးပါး ပျက်စီးသွားကြောင်း ရန်ကုန်မြို့ခံ မျက်မြင်များက ပြောသည်။

စက်ရုံတွင် ပဲသန့်စင်ရာမှ အပူလွန်ကဲပြီး မီးလောင်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးမှ စစ်ဆေးတွေ့ရှိသည်။

“ခုနလေးတင်ပဲ မီးကို ငြိမ်းနိုင်သေးတာဗျ။ မီးက ဂိုဒေါင်ထဲမှာရှိတဲ့ကုန်တွေကို လှိုက်ပြီးလောင်နေတာ။ မီးလောင်တာက မနက် (၁၁) နာရီဝန်းကျင်က လောင်တာ မီးသတ်ကားရောက်တာနဲ့ ငြိမ်းတာနဲ့ဆို နောက်ကျတယ်ဗျ။ သူတို့တွေ နောက်ထပ် မီးဆက်မကူးအောင် ထိန်းနိုင်တာတောင် နေ့လယ် (၁) နာရီလောက်မှ ထိန်းနိုင်တာဗျ” ဟု တောင်ဒဂုံ စက်မှုဇုန်မှ မျက်မြင်တဦးက ပြောသည်။

ဂိုဒေါင်တွင် ပဲ၊ ချင်း (ဂျင်း) နှင့် အခြားသော ဟင်းခတ်အမွေးစေ့များကို လှောင်ထားကြောင်း မီးသတ် ရဲဘော်တဦး က ပြောသည်။

“မန်နေဂျာလည်း ဘယ်ပျောက်နေပြီလဲ မသိဘူးဗျာ။ လောလောဆယ်တော့ မန်နေဂျာကိုပဲ ဆွဲမယ့် သဘောရှိတယ်။ ပိုင်ရှင်ကတော့ နိုင်ငံခြားမှာလို့ ပြောတယ်” ဟု စက်မှုဇုန်မှ ၀န်ထမ်းတဦးက ပြောသည်။

မီးလောင်သော ဂိုဒေါင်မှာ အကျယ်ပေ (၁၀၀x၅၀) ရှိပြီး နှစ်ထပ် အဆောက်အအုံ ဖြစ်ကာ အဆောက်အအုံနှင့် ကုန်လှောင် ပစ္စည်းများ အပါအ၀င် အပျက်အစီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သိန်း (၅၀၀) အထက်ရှိနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တဦးက ခန့်မှန်းသည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးကမူ မီးလောင်မှု ဆုံးရှုံးမှုပမာဏမှာ စုစုပေါင်း ကျပ် သိန်း (၉၀) ခန့်ဟု ခန့်မှန်းကြောင်း မီးသတ် အရာထမ်းတဦးက မီးငြိမ်းပြီးချိန်တွင် ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိုက်တွန်း

24 April 2009

မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒအပေါ် အမေရိကန်ပြည်ထောင်စုက ပြည်လည် သုံးသပ်နေတာနဲ့ ပတ်သက်ပြီး ထောက်ခံ ကြိုဆိုပေမယ့်လည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာတွေဟာ အမေရိကန် အပါအ၀င် နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူ ထားတာကြောင့် မဟုတ်ဘဲ မြန်မာစစ်အစိုးရ ရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် ဖြစ်တယ်လို့ ဧပြီလ ၂၃ ရက်က ကျင်းပခဲ့တဲ့ ၀ါရှင်တန် ဒီစီမြို့တော် အမေရိကန် အောက်လွှတ်တော်မှာ လူ့အခွင့်အရေး ကော်မရှင် လူထု ကြားနာပွဲ တခုမှာ စီးပွားရေး ကျွမ်းကျင်သူတွေက ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် အပြည့်အ၀ တာဝန်ခံရမှာ ဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဧပြီလ ၂၃ ရက်က အမေရိကန် အောက်လွှတ်တော် လူ့အခွင့်အရေး အဖွဲ့က ကြီးမှူး ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူထုကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အနီးကပ် စောင့်ကြည့် လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မခွာရီ (Macquarie) တက္ကသိုလ်က စီးပွားရေးပါမောက္ခ ဒေါက်တာ ရှောင် တာနယ်လ် (Dr. Sean Turnell) က မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေဟာ အင်မတန် စိုးရိမ်ဖွယ် ကောင်းနေပါတယ်၊ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်တဲ့ အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိနေတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတွေမှု၊ စီးပွားရေး ခက်ခဲမှုတွေဟာ နိုင်ငံ တကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူ ထားတာကြောင့် မဟုတ်ဘဲ အုပ်ချုပ်သူတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထား တာတွေကို ဖျက်သိမ်းဖို့ အချိန် မတန်သေးပါဘူး။”

ဒေါက်တာ တာနယ်လ်က စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတာကို ရုပ်သိမ်းသင့် တယ်လို့ ကြွေးကြော် သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ လွဲမှားတဲ့ ယူဆချက်တွေ ရှိနေတယ်လို့ ခုလိုသုံးသပ်ပါတယ်။

“တချို့ကပြောတယ်။ စီးပွားရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးခြင်း အားဖြင့် ပုဂ္ဂိုလ်လိက စီးပွားရေး ကဏ္ဍတွေ အားကောင်းလာမယ်၊ အဲဒီကနေ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ်လို့ ဆိုတယ်။ ကျနော့် အမြင်မှာကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊ စီးပွားရေး ချွတ်ခြုံကျမှုတွေဟာ နိုင်ငံရေး ပြဿနာပေါ်မှာ အခြေခံနေတာကြောင့် နိုင်ငံရေးနယ်ပယ်မှာ ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ စီးပွားရေးဟာ ဘယ်လိုနည်းနဲ့မှ တိုးတက်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတွေကို ကြည့်မယ်ဆိုရင်လည်း အစစ အရာရာကို စစ်အစိုးရနဲ့ သူတို့နဲ့ နီးစပ်သူတွေက လက်ဝါးကြီး အုပ်ထားတာ ဖြစ်နေပါတယ်။ မြန်မာ စစ်အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်ဖို့ ဘယ်အကြောင်းအရာ တွေကမှ ဟန့်တားနေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့ နိုင်ငံတွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ တွင်းထွက် သယံဇာတ တူးဖော်တာက လွဲရင် တခြားကဏ္ဍတွေမှာ တက်တက်ကြွကြွ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်တာကလည်း စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့တာကြောင့် မဟုတ်ပါဘူး။”

မြန်မာစစ်အစိုးရဟာ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုးရဲ့ ၁.၄% ကိုသာ ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစွဲတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စနစ်ဟာ ကမ္ဘာမှာ အာဖရိကက ဆီရီလီယွန်း နိုင်ငံ ပြီးရင် ဒုတိယ အဆိုးရွားဆုံး ဖြစ်တယ်၊ အာရှ ဒေသမှာ စစ်အသုံးစားရိတ်ဟာ ကျန်းမာရေး၊ ပညာရေး အသုံးစားရိတ်ထက် ပိုတဲ့နိုင်ငံ ဟာ မြန်မာတနိုင်ငံတည်း ရှိတယ်လို့လည်း ဒေါက်တာ တာနယ်လ်က ထောက်ပြပါ တယ်။ တခြားဒေသတွင်းက တရုတ်၊ ဗီယက်နမ် စတဲ့ ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေမှာတောင် အစိုးရတွေက အနည်းဆုံး သူတို့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ရှေးရှုကြတာကို တွေ့ရပါတယ်။

ဝါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ US Campaign for Burma က အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်ကလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြားမူနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက ပြန်လည် သုံးသပ်နေတယ် ဆိုတဲ့အပေါ်မှာ ခုလို ကောက်ချက်ချခဲ့ ပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်နေတဲ့ အချိန်မှာ Sanction အပါအ၀င် ဖိအားပေးမှုတွေကို အပြောင်းအလဲ မရှိဘဲ ရုပ်သိမ်း ပေးရမယ်ဆိုတာ မှားယွင်းတယ် ဆိုတာ ထောက်ပြဖို့အတွက် ဒီကြားနာပွဲတွေက အင်မတန်မှ အကျိုးရှိပါတယ်။”

တဆက်တည်းမှာပဲ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ကရင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ် တလွှား က အိမ်ထောင် မိသားစုပေါင်း ၂,၉၀၀ အကြား အမျိုးသမီးနဲ့ လူထုကျန်းမာရေး အခြေ အနေတွေကို လေ့လာ စစ်တမ်းကောက်ယူ ခဲ့တဲ့ ဂျွန်ဟော့ပ်ကင်းစ် (Johns Hopkins) တက္ကသိုလ်က လူထုကျန်းမာရေး ဆိုင်ရာ ပါမောက္ခ ဒေါက်တာ ခရစ္စ ဘိုင်ရာ (Dr. Chris Beyrer) ကလည်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ ယိုယွင်းမှုတွေနဲ့ ပတ်သက်ပြီး ခုလို ကောက်ချက်ချပါတယ်။

“မြန်မာနိုင်ငံက ကျန်းမာရေးပြဿနာတွေဟာ လူက ကျူးလွန်ဖန်တီးလို့ ဖြစ်လာတဲ့ ပြဿနာတွေပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အစိုးရက သုံးစွဲတဲ့ ငွေတွေဟာ အင်မတန်မှ နည်းလွန်းလှတာကြောင့်
ဖြစ်ပါတယ်။”

မြန်မာနိုင်ငံက HIV ရောဂါ တိုက်ဖျက်ရေးအတွက် NGO အဖွဲ့တွေကပဲ ဆောင်ရွက်နေ တာဟာ မလုံလောက်ပါဘူး။ အစိုးရဘက်ကလည်း အင်တိုက်အားတိုက် ပါဝင်ဖို့ လိုအပ် တယ်လို့ ဒေါက်တာဘိုင်ရာက ထောက်ပြပါတယ်။

အောက်လွှတ်တော် ကြားနာပွဲမှာ နောက်ထပ် သက်သေ ထွက်ဆိုခဲ့သူကတော့ ကရင် တိုင်းရင်းသူ မိုင်းရာ ဒါဂေဖော (Myra Dargaypaw) ဖြစ်ပါတယ်။ သူဟာ မြန်မာပြည်တွင်း အဓမ္မ ရွှေ့ပြောင်း နေရသူအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသူလည်း ဖြစ်ပါ တယ်။ မြန်မာပြည်တွင်းက လူနည်းစု တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ ရွာသူရွာသားတွေရဲ့ အသက်အိုးအိမ် လယ်ယာတွေဟာ နေ့စဉ်နဲ့အမျှ ဖျက်ဆီး ထိန်းသိမ်း ခံနေရတယ်လို့ သူက သက်သေ ထွက်ဆိုခဲ့ပါတယ်။

“မြန်မာစစ်အစိုးရဟာ သူတို့ရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေအတွက် တာဝန် အပြည့် အ၀ခံရမှာ ဖြစ်ပါတယ်။”

အားလုံးခြုံပြောရရင်တော့ မြန်မာစစ်အစိုးရဘက်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်း ပေးမယ်ဆိုရင်တောင် မြန်မာပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေဟာ ပြေလည်သွားမှာ မဟုတ်ဘူးဆိုတာကို အောက်လွှတ်တော်မှာ သက်သေထွက်ဆိုခဲ့တဲ့ မြန်မာ့စီးပွားရေး နဲ့ ကျန်းမာရေး ကျွမ်းကျင်သူ တက္ကသိုလ် ပါမောက္ခတွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ က တင်ပြသွားကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် နယ်စပ် ကုန်သွယ်မှု ထိခိုက် ကျဆင်း

NEJ /၂၂ ဧပြီ ၂၀၀၉

(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်သို့ အသစ်ပြောင်းရွှေ့လာသည့် သွင်းကုန်တာဝန်ခံက မူဝါဒ အသစ်များ ချမှတ်ကာ ကုန်ပစ္စည်း ဖမ်းဆီးမှုများ လုပ်နေသဖြင့် နယ်စပ် ကုန်သွယ်ရေး ထိခိုက်နေသည်ဟု ကုန်သည်များက ပြောသည်။

စစ်တပ်မှ နကသသို့ ဧပြီ (၁၈) ရက်မှစ၍ ပြောင်းရွှေ့တာဝန်ယူသည့် ဗိုလ်ကြီး မိုးမြင့်အောင်သည် ကုန်သည်များ၊ ဧဂျင့်များ အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ဆက်ဆံကာ တင်းကျပ်သော မူဝါဒအသစ်များ ချမှတ်နေသောကြောင့် နယ်စပ် ကုန်သွယ်ရေး လုပ်နေသူများ အခက်အခဲ ဖြစ်နေသည်ဟု ဧဂျင့်တဦးက ပြောသည်။

“အတော်ကို မောက်မာရိုင်းစိုင်းတာဗျာ။ မင်းတို့ကုန်တွေ မပါဘူးဆိုရင် စစ်ဆေးရေး ကွင်းထဲ ဖြတ် မလျှောက်ရဘူးတို့၊ တိုင်ချင်တဲ့ နေရာတိုင်တို့၊ ငါ့တပ်ထဲမှာဆို မလွယ်ဘူးတို့ အဲလို ပြောနေတာ။ ကုန်သွယ်မှု ချောမွေ့ မြန်ဆန်အောင် ပြေပြေလည်လည် ပြောဆိုရမယ့်ဟာ အကျိုးအကြောင်း တင်ပြတာကိုတောင် လက်မခံဘူး” ဟု အဆိုပါဧဂျင့်က ပြောသည်။

ဂျူတီဆောင်ပြီးဖြစ်သည့် တင်သွင်းမည့် ကုန်ပစ္စည်းအရွယ်အစား အတိမ်းအစောင်း အနည်းငယ်မျှ ကိုပင် လက်မခံသည့် အတွက် အခက်အခဲ ဖြစ်ကြရကြောင်း ၎င်းကပြောသည်။

တရုတ်ပြည်မှ စက်ရုံများ ကွဲလွဲမှုအရ အရွယ်အစားလည်း ကွဲလွဲမှုရှိတတ်သဖြင့် ကုန်ပစ္စည်း အရွယ်အစားကို ပါမစ် လျှောက်စဉ်က အတိုင်း တပုံစံတည်း ဖြစ်ရန် မလွယ်ကူသည့် အပြင် ပါမစ်သက်တမ်း သုံးလအတွင်း ရသည့် ပစ္စည်းကို အမြန် ဝယ်ယူရကြောင်း၊ အရွယ်စား အနည်းငယ် ကွဲလွဲလျှင် ယခင်က ခွင့်ပြုခဲ့သော်လည်း ယခုအခါ ဂျူတီဆောင် စာရင်းနှင့် ကားပေါ်ပါ စာရင်းကို တိုက်ဆိုင် စစ်ဆေးရုံသာမက အရွယ်အစား အနည်းငယ်လွဲနေပါက ဖမ်းဆီးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကားတစီးပေါ်တွင် ကုန်ပစ္စည်းအမျိုးအမည် (၃ဝ) ထက်ပို မတင်ရဟုလည်း မူဝါဒအသစ် ချမှတ်လာသည်ဟု နယ်စပ် ကုန်သည်တဦးက ပြောသည်။

၎င်းက “အရင်က Items (၆ဝ၊ ၇ဝ) တင်လည်း ရတယ်။ အခုက (၃ဝ) ထက် ပိုမတင်ရတော့ဘူး။ ထော်လာဂျီ အစိတ်အပိုင်းဆိုဗျာ ဘရိတ်၊ ဘက်မှန်၊ တာယာ၊ မူလီ တိုလီမုတ်စတွေ (၁ဝဝ) ကျော်လောက်ရှိမယ်။ ထော်လာဂျီပဲ သွင်းမယ်ဆိုရင် အဲဒီအတွက် ကားလေးငါးစီး ခွဲတင်ရမလို ဖြစ်နေပြီ” ဟု ပြောသည်။

သွင်းကုန်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးကြန့်ကြာမှုများကြောင့် ကုန်ကားများ ထွက်သင့်သလောက် မထွက်နိုင်ဘဲ (၁ဝ၅) မိုင်တွင် ညအိပ်နေရသည်ဟု ကားသမားတဦးက ပြောသည်။

“အရင်က ကုန်စုံတင်တဲ့ကား (၄ဝ) ကျော်ထွက်နိုင်တယ်။ အခု (၃ဝ) လောက်ပဲ ထွက်နိုင်တယ်။ (၁ဝ) စီးကျော် ကျော် ရပ်နားထားရတယ်။ မြေဆီတင်တဲ့ကားဆို တနေ့ (၁၂ဝ၊ ၁၃ဝ) ထွက်တယ်။ အခု အဲဒီပုဂ္ဂိုလ် ရောက်ကတည်း က (၆ဝ၊ ၇ဝ) ပဲ ရှိတော့တယ်။ မထွက်နိုင်တော့ဘူး။ ကားတွေကို စစ်တာ အချိန်ကြာနေလို့ပါ” ဟု အဆိုပါ ကားသမားက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး အဓိကလုပ်နေသည့် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်တွင် အတွေ့အကြုံ နည်းပါးပြီး ဆက်ဆံရေး မပြေပြစ်သည့် ဝန်ထမ်းကို ခန့်ထားသည်မှာ မသင့်လျော်ဘဲ ယခုလုပ်ရပ်များက တရားဝင်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ကုန်သည်များကို မှောင်ခို လမ်းကြောင်းပေါ် တွန်းပို့ နေသကဲ့သို့ ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဒီဇင်ဘာည

Read More...

သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ပြောကြား

စစ်အစိုးရအာဘော် မြန်မာ့ အလင်းသတင်းစာတွင် ဧပြီလ ၂၁ ရက်နေ့က ဆောင်းပါးရှင် စောဖိုးစီမှ `` ရန်ပြိုခြင်းရဲ့ အဓိပ္ပါယ် ငြိမ်းချမ်းတဲ့ အခါ သိလိမ့်မည် ´´ ခေါင်းစဉ်ဖြင့် KNU အတွင်းရေးကိစ္စများကို ထုတ်ဖော် ရေးသားထားသည်။

ထိုင်းနယ်စပ်ရှိ နိုင်ငံရေး အကဲခတ် သမားများမှ ၄င်း ဆောင်းပါးပါ အချက် အလက်များသည် KNUကို သစ္စာဖောက်သွားသော နေစိုးမြအဖွဲ့မှ စစ်အစိုးရသို့ ပေးသည့် သတင်းများ ဖြစ်နိုင်ကြောင်း KNU ထိပ်ပိုင်း ခေါင်းဆောင်များ၏ အတွင်းရေး ကိစ္စများ၊ နယ်စပ်တွင် ထိုင်း-မြန်မာ ပြဿနာဖြစ်အောင် KNU မှ ပြုလုပ်ခဲ့သည့် ပစ်ခတ်မှုများ၊ KNU အတွင်း မပျော်တော့သည့် အလယ်အလတ်ပိုင်း တပ်ဖွဲ့ ၀င်များ၏ နောက်ဆုံး အခြေအနေများကို စစ်အစိုးရမှ သတင်းများ ရရှိသွားသဖြင့် အမြတ်ထွက်နေကြောင်း၊ နေစိုးမြကိစ္စကို မီဒီယာဖြင့် ပုံကြီးချဲ့ ထုတ်လွှင့်နေသလို တစ်ဘက်မှလည်း စစ်အင်အား အသုံးပြုပြီး KNU စခန်းတွေကို DKBA နဲ့ ပေါင်းပြီး တိုက်ခိုက်နေကြောင်း ဝေဖန် သုံးသပ်လျက်ရှိ သည်။

KNU မှ နေစိုးမြအဖွဲ့ ထိန်မောင် ထံ ရောက်သွားခြင်းသည် ၄င်းတို့အတွက် လုံးဝ မထိခိုက်ကြောင်း၊ နေစိုးမြသည် ကလေး အတွေးအခေါ်သာ ရှိပြီး KNU မှ ထုတ်ပယ်ထားသူ ဖြစ်ကြောင်း ငြင်းချက် ထုတ်တားသည်။ KNU နှင့် စစ်အစိုးရတို့ အကြား ထိုင်းအစိုးရမှ ကြားဝင် စေ့စပ်မှုများ ရှိကြောင်း သတင်းမီဒီယာ များတွင် ပါရှိနေသော်လည်း ထိုင်းအစိုးရ အနေဖြင့် KNU အပေါ် သဘောထား အမှန် မည်ကဲ့သို့ ထားရှိသည်မှာ စိတ်ဝင်စားဖွယ် ကောင်းကြောင်း၊ KNU ၏ တုန့်ပြန်ချက်ကို ထိုင်းနယ်စပ်ရှိ လူ့အခွင့်ရေး လှုပ်ရှားသူများ ကုလသမဂ္ဂ လက်အောက်ခံ လူမှု ကယ်ဆယ်ရေး အဖွဲ့များမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။

KNU အနေဖြင့် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေး ရေးကို သာလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း KNU မှ ဗိုလ်မှူးစောလှငွေ က ထုတ်ဖော် ပြောကြားခဲ့သည်။

Read More...

Thursday, April 23, 2009

မြန်မာ့မူဝါဒ အမေရိကန် ပြန်သုံးသပ်မှု နိုဘယ်ဆုရှင် စိုးရိမ်

22 April 2009

မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကို အမေရိကန်အစိုးရက ပြန်လည် သုံးသပ် နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတဲ့ အကြောင်း ၁၉၉၇ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ၀ီလျမ်စ် က ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် ပြဌာန်းဘို့ လိုပြီး ကုလသမဂ္ဂ အနေနဲ့လည်း အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ဆိုပါတယ်။
ဂျိုဒီဝိလျမ်စ်ကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါ လိမ့်မယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်တွေ သိန်းချီ စုဆောင်းနေတဲ့ လှုပ်ရှားမှုမှာ ကိုယ်တိုင် ပါဝင်နေတဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဂျိုဒီ ၀ီလျမ်စ်က အမေရိကန် ပြည်ထောင်စု ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးမှုနဲ့ ပတ်သက်လို့ စဉ်းစားတဲ့အခါ မြန်မာ စစ်အစိုးရနဲ့ အမျှော်အမြင်ရှိရှိ ထိတွေ့ ဆက်ဆံရေး၊ အပြုသဘော ဆောင်တဲ့ ထိတွေ့ ဆက်ဆံရေး ဆိုတာတွေကို စဉ်းစား လာနေပါတယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ သမိုင်းမှာ သူ့ရဲ့ အကျိုးစီးပွားအတွက် အရင်တုန်းကလည်း ဖိနှိပ်သတ်ဖြတ်တဲ့ အစိုးရတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ဘူးပြီး ဒါဟာ မှားယွင်းတဲ့ မူဝါဒတခုသာ ဖြစ်တယ်လို့ ဗွီအိုအေက ဆက်သွယ် မေးမြန်းတဲ့ အချိန် ဝေဖန် ပြောဆိုခဲ့တာပါ။

"မြန်မာစစ်အစိုးရနဲ့ အမြော်အမြင် ရှိရှိ ထိတွေ့ ဆက်ဆံရေးမူကို ကျင့်သုံးမယ် ဆိုရင် ကျမ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်လို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာပါ။ ဒီ စစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုဟာ အမြော်အမြင် ရှိမယ်လို့ ကျမ မယုံကြည်ပါဘူး။ အရေးယူ ပိတ်ဆို့မှုတွေကို မရုပ်သိမ်း သင့်ဘူးလို့ ကျမ မြင်ပါတယ်။ စစ်အစိုးရကို ဆက်ပြီး ဖိအားပေးရပါ လိမ့်မယ်။"

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံကတော့ မြန်မာနိုင်ငံအရေး ကုလသမဂ္ဂရဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဟာ အပြောသက်သက် ကြေညာချက် ထုတ်တဲ့ အဆင့်ပဲ ရှိနေတယ်လို့ ဝေဖန်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့ အရေးမှာ အဖွဲ့ဝင် နိုင်ငံတွေအကြား အဆက်အစပ် ရှိရှိ ဆောင်ရွက် သွားနိုင်ဘို့ လိုတယ်လို့လည်း ပြောဆိုပါတယ်။ မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ ကြားဝင် ဆောင်ရွက်မှုတွေ မအောင်မြင်သေးတာနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထားကို ဗွီအိုအေက မေးခဲ့တာပါ။

"တိဘက်နဲ့ ဒါဖိုးအရေး ကိစ္စတွေကို ဥပမာ ပေးရမှာပါပဲ၊ ကုလသမဂ္ဂက ကြေညာချက်တွေ ပြင်းပြင်း ထန်ထန် ထုတ်ပြန် တာတော့ ရှိပါတယ်။ ဒါပေမယ့် ကြေညာချက်တွေ အတိုင်း ထိထိ ရောက်ရောက် လုပ်တာ မရှိပါဘူး။ ကြေညာချက်မှာ ပါတဲ့ စကားလုံးတွေက သိပ်လှတယ်။ ကဗျာဆရာတွေ အကြိုက်ပေါ့။ အပြောသက်သက်နဲ့ တော့ စစ်အစိုးရဘက်က ဂရုစိုက်မှာ မဟုတ်ပါဘူး။"

မကြာသေးခင်ကပဲ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကလည်း မြန်မာစစ်အစိုးရ နဲ့ ထိတွေ့ ဆက်ဆံပြီး အကူအညီတွေ ပေးတာဟာ အခြား အာဏာရှင် အုပ်ချုပ်ရေး စနစ်တွေကို ပြောင်းလဲအောင် လုပ်သလို မြန်မာ စစ်အစိုးရကို မလုပ်နိုင်ဘူးဆိုတာ အတွေ့ အကြုံတွေက ပြသနေတယ်ဆိုပြီး ၀ါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားခဲ့ပါ တယ်။ အရေးယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်း လိုက်တာဟာ စစ်အစိုးရကို တရားဝင် အုပ်ချုပ်ခွင့်နဲ့ လူထုကို ဖိနှိပ်ခွင့်ပေးလိုက် သလို ဖြစ်လိမ့်မယ်လို့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကျပ်အတည်းကို မီးမောင်း ထိုးပြနိုင်မယ့် ဘယ်လို လှုပ်ရှားမှုမျိုးမဆို ထိရောက်မှု ရှိတယ်လို့ ဂျိုဒီဝီလျမ်စ်က ပြောပါတယ်။

သူနဲ့ အတူ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ သက်ရှိထင်ရှား ကျန်နေတဲ့ အမျိုးသမီး နိုဘယ်ဆုရှင် ခြောက်ယောက် အနေနဲ့ မြန်မာ စစ်အစိုးရအပေါ် ဖိအားပေးနိုင်ရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက်နေသလို ရှေ့ဆက် ဆောင်ရွက်မယ့် အစီအစဉ်တွေလည်း ချမှတ်ထားတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်လာနိုင်မယ်လို့ ယုံကြည်တဲ့ အတွက်လည်း ငြိမ်းချမ်းရေး အတွက် လှုပ်ရှားနေသူ တယောက်အဖြစ် ဆက်ပြီး ရပ်တည်နေတဲ့ အကြောင်း ဒါပေမဲ့လည်း အချိန် ကာလဟာ မျှော်လင့် ထားတာထက် ပိုပြီး ကြာတဲ့အတွက်တော့ တခါတလေမှာ စိတ်ပျက်မိတယ်လို့ သူက ပြောဆိုပါတယ်။

Ref: VOA News

Read More...

တားမြစ်မိန့်ကို မလိုက်နာ သူများမှာ စစ်အာဏာပိုင် များ သာဖြစ်

NEJ /၂၂ ဧပြီ ၂၀၀၉

စစ်အစိုးရက ထုတ်ပြန်ထားသော တားမြစ်မှုများကို ဖောက်ဖျက် ကျူးလွန်သူများမှာ စစ်ဖက်ဆိုင်ရာ အာဏာပိုင်များ သာ ဖြစ်ကြောင်း ငွေဆောင် ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း ဒုတိယတိုင်းမှူးကိုယ်တိုင် ငွေဆောင် ကမ်းခြေတွင် ဆိုင်ကယ် မစီးရဟု တားမြစ်ထားသော်လည်း စစ်ဖက်မှ အရာထမ်း များနှင့် ၎င်းတို့နှင့် ဆွေမျိုး တော်စပ်သူများက တားမြစ်ချက်ကို အလေးမထားဘဲ ဆိုင်ကယ်များ မောင်းနှင် နေကြကြောင်း ဒေသခံများက ပြောသည်။


“ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကမ်းခြေမှာ ဆိုင်ကယ်စီးနေသူ တဦးကို ဆိုင်ကယ် မစီးရဘူးလို့  အမိန့် ထုတ်ထားတယ် ဆိုတာ ပြောတဲ့အခါ သူက ဗိုလ်မှူး ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ကတ်တွေ ဘာတွေ ထုတ်ပြတယ်ဗျ။ ပြောလို့ ဘယ်ရတော့မလဲ” ဟု ငွေဆောင်မှ ဆိုင်ကယ် ကယ်ရီသမား တဦးက ပြောသည်။

ဧည့်သည်များကို အနှောင့်အယှက်ဖြစ်စေသည်ဟူသော အကြောင်း ပြချက်ဖြင့် ငွေဆောင် ကမ်းခြေတွင် ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များက ၎င်းတို့ထံ လာရောက် တည်းခိုသည့် ဧည့်သည်များအား ဆိုင်ကယ် မစီးရ တားမြစ်ချက် ထုတ်ပြန်ထားကြောင်း ပြောပြသည့် အတွက် ဆိုင်ကယ် စီးနင်းသည့် ဧည့်သည် လျော့ကျလာကြောင်း ဟိုတယ်တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျမတို့ ငွေဆောင်ဟိုတယ်တွေမှာ ဧည့်သည် မ၀င်တဲ့ အချိန်မျိုး ဖြစ်ပေမယ့် ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကို ပြောပြရတော့ ဟိုတယ်ကို လာတဲ့ ဧည့်သည်တွေ ကတော့ တားမြစ်ချက်ကို လိုက်နာမှု ရှိပါတယ်” ဟု ၎င်းကပြောသည်။

ငွေဆောင်ကမ်းခြေမှာ (၉) မိုင်ကျော်ရှည်ပြီး ဧည့်သည်များက ကမ်းခြေ တလျှောက် သွားလာရေး အတွက် ဆိုင်ကယ်များကို ငှားရမ်း စီးနင်းကြပြီး ဆိုင်ကယ်စီးရေ (၃၀၀) နှင့် (၄၀၀) ကြားရှိသည်ဟု သိရသည်။

“ကျနော်တို့လည်း စီးပွားရေးအရ ဆိုင်ကယ်ကယ်ရီဆွဲတာ ဖြစ်ပေမယ့် နယ်မြေ ရဲတွေကိုရော ဟိုတယ် ၀န်ထမ်းတွေ ကိုရော ကြောက်လန့်နေရတာ၊ ကျနော်တို့က ဒီအလုပ်ကိုပဲ လုပ်လာတာ ငွေဆောင် ကမ်းခြေ ဟိုတယ်တွေ စဖွင့်ကတည်းကပါဗျာ” ဟု ဆိုင်ကယ် ကယ်ရီသမားက ပြောသည်။

ငွေဆောင်ကမ်းခြေရှိ တေဇပိုင်သော ဟိုတယ်များတွင် လာရောက် တည်းခိုသော စစ်ဖက်ဆိုင်ရာ အရာရှိများက ပို၍စည်းကမ်းကို လိုက်နာမှု မရှိကြောင်း ကိုယ်တွေ့ ကြုံရသူ တဦးက ပြောသည်။

“ကျနော်တို့ ကမ်းခြေဟိုတယ် တခုမှာ တည်းပါတယ်။ လွန်ခဲ့တဲ့ (၁) လလောက်က ပါပဲ။ ဆိုင်ကယ်ကို တဗြီးဗြီးနဲ့ လုပ်နေတဲ့ အဖွဲ့ တဖွဲ့တွေ့တယ်။ လူငယ်တွေ ပါပဲ။ ဒါနဲ့ မေးကြည့်တော့ စစ်ဖက် အကြီးအကဲ တယောက်ရဲ့သားနဲ့  သူ့ သူငယ်ချင်းတွေ ပါတဲ့ဗျာ” ဟု ပြောသည်။

ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်စီးပါက စီးနင်းသည့် ဆိုင်ကယ်နံပါတ်အား မှတ်သားကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, April 22, 2009

KNLA နှင့် DKBA ပဋိပက္ခ အထိအခိုက် အကျအဆုံး များ

ဒယ်နီယယ်ပီဒါဆင်
ဧပြီလ 21 2009

မဲဆောက် (မဇ္ဈိမ)။ ။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ထိုင်းနယ်စပ်နှင့် ကပ်နေသော စခန်းတခုကို မြန်မာစစ်တပ်နှင့် ယင်း၏ မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့ တခုတို့က သိမ်းပိုက် နိုင်ရေးအတွက် တိုက်ခိုက် နေရာ ယခုအခါ ၉ ရက် ရှိသွားပြီဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းတွင် ၂ ဘက်စလုံးတွင် အထိအခိုက် အကျအဆုံးများကြောင်း သိရသည်။

KNLA တပ်မှူးတဦးက အဝိုင်းခံထားရသော ဝါးလေခီး စခန်းမှ ပြောကြားရာတွင် သူတို့ဘက်မှ တပ်သားတဦး ကျဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ထိုသို့ အထိအခိုက် အကျအဆုံးမှာ မြန်မာစစ်တပ်နှင့် သူတို့၏ မဟာမိတ်ဖြစ်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ဘက်တွင် ပိုများသည်ဟု ဆိုသည်။

နောက်ဆုံး တိုက်ခိုက်မှုများ စတင်ခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စတင်၍ သေဆုံး ဒဏ်ရာရသူများကို သူ့ တပ်ဖွဲ့ဝင်တို့က ရေတွက်ကြည့်ရာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ ရန်သူဘက်မှ ၇ ဦး သေ၍ ၃၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အဆိုပါ တပ်မှူးက ပြောသည်။

စခန်း အနီးတဝိုက် ထောင်ထားသော မြေမြှုပ်မိုင်းများနှင့် ထောင်ချောက် မိုင်းများကြောင့် ထိခိုက် သေဆုံးမှုများမှာ အများဆုံး ဖြစ်သည်။

ပူးပေါင်းအင်အား ၂၅ဝ ခန့်ရှိသော မြန်မာစစ်တပ်နှင့် DKBA တပ်တို့သည် ၆ဝ မမ၊ ၈၁ မမ မော်တာ အများအပြားကို အသုံးပြုကာ တိုက်ခိုက်နေကြသည်။

စခန်းတွင်းရှိ တပ်မှူးက အင်္ဂါနေ့မွန်းလွဲ ၃ နာရီခန့်က ပြောကြားရာတွင် နောက်ဆုံး မော်တာဆံများ ကျရောက် ပေါက်ကွဲခဲ့သည်မှာ လွန်ခဲ့သော ၂၅ မိနစ်ခန့်က ဖြစ်ပြီး အခြေအနေမှာ မကောင်းဟု ဆိုသည်။ “သူတို့ ကျနော်တို့ကို နေ့တိုင်း လာတိုက်နေတာ”။

ဤသို့ လာရောက် တိုက်ခိုက်မည်ကို KNLA စစ်သားများက စောစီးစွာ ကတဲကပင် မျှော်လင့် ထားခဲ့ကြပြီး၊ အသင့် ပြင်ဆင်ထားခဲ့သည်ဟု ဆိုသည်။

ထိုဒေသတခုလုံးမှာ မြေမြှုပ်မိုင်းများ၊ ထောင်ချောက် ဗုံးများနှင့် ပြည့်နှက်နေပြီး၊ KNLA အနေဖြင့် သူတို့ ကိုယ်ပိုင် ထုတ်လုပ်ထားသော ရှေ့ထွက် မိုင်းများဖြင့် ခုခံ တိုက်ခိုက်နေကာ ယင်းသည် မီတာ ၂၅ဝ အကွာအဝေးအထိ ထိရောက်စွာ အသုံးပြု တိုက်ခိုက် နိုင်သည်ဟု KNLA ၏ ဒုဥက္ကဌ ဒေးဗစ်သာကပေါ က ပြောသည်။

ဝါးလေခီးစခန်းသည် KNLA တပ်မဟာ ၆၊ တပ်ရင်း ၂ဝ၁ ၏ စခန်းဖြစ်ပြီး၊ ထိုင်းနယ်စပ်နှင့် ခဲတပစ်သာ ဝေးသော်လည်း သီးခြား ဖြစ်နေသော နေရာဖြစ်သည်။ ထိုင်းစစ်သားများက ဤစခန်းသို့ ချဉ်းကပ်လမ်း အဖြစ် အသုံးချနိုင်ဘွယ် လမ်းကြောင်း အားလုံးကို အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ ကာကွယ်ထားသည်။

Ref: မဇ္ဈိမ

Read More...

အထူးအစည်းအဝေးမတိုင်မီ စီအာပီပီ၊ တိုင်းရင်းသားပါတီ များနှင့် အန်အယ်လ်ဒီ အကြိုညှိနှိုင်း

မင်းနိုင်သူ /၂၁ ဧပြီ ၂၀၀၉

လာမည့် (၂၈-၂၉) ရက်တို့တွင် ကျင်းပမည့် အန်အယ်လ်ဒီ အထူး အစည်းအဝေးတွင် စာတမ်း သုံးစောင် တင်သွင်း သွားမည်ဖြစ်ကာ အဆိုပါ စာတမ်း သုံးစောင်နှင့် အစည်းအဝေး ကျင်းပမည့် အကြောင်းများကို အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အပါအ၀င် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် အကြို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း စီအာပီပီ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“စာတမ်းသုံးစောင်တင်သွင်း ဆွေးနွေးသွားကြမယ်လို့ သိရတယ်။ အဲဒီ စာတမ်း သုံးစောင်က (၁) ၂၀၀၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ အကြောင်း၊ နံပါတ် (၂) က ပါတီရဲ့ လက်ရှိ နိုင်ငံရေး ပြဿနာနဲ့ စည်းရုံးရေး၊ (၃) ကတော့ ပါတီရဲ့ အနာဂတ် ရပ်တည်ရေး၊ အဲဒါတွေကို တင်ပြ ဆွေးနွေး သွားကြမယ် ဆိုတာကို ပြောပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

အန်အယ်လ်ဒီပါတီ၊ စီအာပီပီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အကြို ညှိနှိုင်း ဆွေးနွေးမှုကို ယခုလ ပထမပတ် အတွင်းက ပြုလုပ် ခဲ့ကြခြင်းဖြစ်ကာ ကျန်းမာရေးကြောင့် အနားယူ ထားရသည့် အန်အယ်လ်ဒီပါတီ ဗဟို အလုပ်အမှုဆောင် အချို့မှလွဲ၍ အားလုံး စုံစုံညီညီ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးအေးသာအောင်က “အန်ကယ်လ်တို့ စီအာပီပီနဲ့ တိုင်းရင်းသား ပါတီတွေဘက်က ပြန်ဆွေးနွေး ဖြစ်ခဲ့တာက အခုလို ခေါ်ပြီး စည်းဝေးတာ ကောင်းတယ်။ အရင့်အရင် ကတည်းကလည်း စုံညီ အစည်းအဝေးတွေ လုပ်သင့်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပါတီမှာ စည်းရုံးရေး၊ ညီညွတ်ရေး အားကောင်းလာမယ့် အကြောင်း၊ ရှေ့မှာဆို ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ရင်ဆိုင်ရမယ့် အခြေအနေတွေ ရှိလာပြီလေ။ အဲလိုကာလမျိုးမှာ အားလုံး ဆွေးနွေးပြီးတော့ ရင်ဆိုင်တာ ကောင်းတဲ့ အကြောင်း အကြံပြုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ကတော့ အရင်အတိုင်းပဲ လက်မခံနိုင်တဲ့ အကြောင်း ပြောခဲ့ကြတယ်” ဟု ဆိုသည်။

မွန်တိုင်းရင်းသား နိုင်ငွေသိမ်းကလည်း တိုင်းရင်းသား ပါတီများမှ ရှေ့ဆက် လုပ်ရမည့် လုပ်ငန်းစဉ်များကို ပြတ်ပြတ် သားသား တင်ပြထားတာ ရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများ လျော့နည်းနေသဖြင့် လက်မခံနိုင်ကြောင်းနှင့် ရွေးကောက်ပွဲ ၀င်မည် မဟုတ်ကြောင်း တို့ကို ထုတ်ပြန် ထားပြီးဖြစ်ကြောင်း၊ အန်အယ်လ်ဒီဘက်က စီအာပီပီ၊ တိုင်းရင်းသား ပါတီများနှင့် အကြို ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း အထူး အစည်းအဝေး အတွက်မူ တိုင်းရင်းသား ပါတီကိုယ်စားလှယ် များကို ဖိတ်ကြားထားခြင်း မရှိကြောင်း ပြောသည်။

မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ် ပါတီဝင်တဦးကမူ “အစည်းအဝေး တက်ရောက်ဖို့ စာမှာ ရေးထားတဲ့ လူငယ် ဖော်ဆောင်ရေး ဆိုတာက တိုင်းမှာ မရှိဘူး။ တိုင်းမှာက လူငယ် အကူအညီပေးရေးပဲ ရှိတယ်။ ဗဟိုအဖွဲ့ချုပ်ရုံးမှာပဲ လူငယ်ဖော်ဆောင်ရေး အဖွဲ့ရှိတယ်။ ဒီကနေ လူငယ် ဖော်ဆောင်ရေး အဖွဲ့ထဲမှာ ပါထားတဲ့ သူတွေတော့ သွားမယ်။ ဘယ်သူတွေသွားမယ်၊ ဘာတွေ ဆွေးနွေးဖြစ်မယ် ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ပြောသည်။

အဆိုပါ အထူးအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အန်အယ်လ်ဒီ ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များ၊ လူငယ် ဖော်ဆောင်ရေး တာဝန်ခံများ ပါဝင် ဆွေးနွေးသွားကြမည် ဖြစ်ရာ ပါတီသက်တမ်း အနှစ်နှစ်ဆယ် ကျော်အတွင်း တတိယ အကြိမ်မြောက် အကျယ်ပြန့်ဆုံး အစည်းအဝေး ဖြစ်မည်ဟု မျှော်လင့်ကြသည်။

၁၉၉၀ ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်များ စည်းဝေး နိုင်ခဲ့ခြင်း၊ ၁၉၉၇ ခုနှစ်တွင် တိုင်းနှင့် ပြည်နယ်များမှ ခေါင်းဆောင် အဆင့်ဆင့်တို့ ပါဝင်သော အစည်းအဝေး ပြုလုပ်နိုင် ခြင်းတို့ နောက်တွင် အန်အယ်လ်ဒီ ပါတီအနေဖြင့် အထူး အစည်းအဝေးများ ပြုလုပ်နိုင်ခြင်း မရှိပေ။

၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း နောက်ပိုင်းတွင်လည်း အန်အယ်လ်ဒီ ပါတီ နယ်ရုံးခွဲများကို နအဖ စစ်အစိုးရက အကြောင်းပြချက် မရှိဘဲ ပိတ်ခိုင်းခဲ့ရာ ယခုအချိန်ထိ ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

နိုင်ငံရေး နဲ့ ဘောလုံး ဆက်စပ်နေသလား

Tuesday, 21 April 2009

မြန်မာ စစ်အစိုးရက ပုဂ္ဂလိက ဘောလုံး အသင်းကြီးများ ပေါ်ပေါက်လာရန် ပြီးခဲ့သည့် လက စီစဉ် လိုက်ခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ဆက်နွယ်နေသည်ဟု ရန်ကုန် အခြေစိုက် နိုင်ငံရေး အကဲခတ်များက ပြောသည်။

“လာမယ့် ရွေးကောက်ပွဲမှာ အစိုးရ ထောက်ခံတဲ့ ပါတီတွေကို မဲထည့်ဖို့ စည်းရုံးရေး လုပ်တယ် ဆိုတာ သိသာပါတယ်။ ဒါကြောင့် လူတွေ ကြိုက်တတ်တဲ့ ဘောလုံးပွဲတွေကို လုပ်ပြနေတာပါ” ဟု ရန်ကုန်မှ နိုင်ငံရေး လေ့လာသူ တဦးက ဆိုသည်။

ထို ဘောလုံးအသင်းများ ဖြစ်ပေါ်လာရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ခြင်း ဖြစ်ပြီး သူနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ဝိုင်းဝန်း အကောင် အထည် ဖော်ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စစ်အစိုးရက စီးပွားရေး လုပ်ငန်းရှင်များ ရွေးကောက်ပွဲ ၀င်နိုင်ရန် မကြာသေးမီက စီစဉ် ပေးခဲ့ ကြောင်းလည်း ရန်ကုန်မှ အကဲခတ်တဦးက ထောက်ပြသည်။

အဆိုပါ အကဲခတ် ထောက်ပြသည့် အချက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)က ပြီးခဲ့သည့် လကုန်ပိုင်းတွင် ပြင်ဆင်မှု ပြုလုပ်ခဲ့သော စည်းမျဉ်း စည်းကမ်းများကို ဆိုလိုခြင်း ဖြစ်သည်။

အသင်း၏ စည်းမျဉ်းတွင် ပါဝင်သော အသင်းဝင်များသည် နိုင်ငံရေး ပါတီ တခုခု၏ အဖွဲ့ဝင် သို့မဟုတ် ထိပ်တန်း ဦးဆောင်သူ မဖြစ်စေရ ဟူသည့် အချက်ကို UMFCCIက ပယ်ဖျက်ခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ဘောလုံးအသင်း ၈ သင်းကို ဖွဲ့စည်း ထားကြောင်း မြန်မာ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့်လဆန်းပိုင်းတွင် ကြေညာခဲ့သည်။ ထိုအသင်းများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရန်ကုန်၊ မန္တလေး စသည့် တိုင်း ၇ တိုင်းကို ကိုယ်စားပြုသည်ဟု သိရသည်။

ရန်ကုန် အခြေစိုက် အားကစား အယ်ဒီတာ တဦးက “ အခုလို ဒေသအလိုက် ဘောလုံး အသင်းတွေ ခွဲထားခြင်းဟာ ဘောလုံး ပိုင်ရှင်တွေ အတွက် သူ့ ဒေသဆိုင်ရာ ဒေသခံတွေကို လာမယ့် ရွေးကောက်ပွဲ အတွက် မဲဆွယ်နိုင်ဖို့ မျှော်လင့်ထားပုံရတယ်” ဟုလည်း ပြောသည်။

စီးပွားရေးကုမ္ပဏီများက ဖွဲ့စည်းထားသည့် ဘောလုံးအသင်း ၈ သင်းမှာ ရန်ကုန် ယူနိုက်တက် (ထူးကုမ္ပဏီ)၊ ရတနာပုံ (Alpine ကုမ္ပဏီ)၊ ကမ္ဘောဇ (ကမ္ဘောဇဘဏ်ကုမ္ပဏီ)၊ မကွေး ( အေးရှားဝေါလ် ကုမ္ပဏီ)၊ Southern Myanmar ယူနိုက်တက် (ယုဇန ကုမ္ပဏီ)၊ ဥဿာ ယူနိုက်တက် (IBTC ကုမ္ပဏီ)၊ Delta United (ဧဒင်ကုမ္ပဏီ)၊ ဇေယျာရွှေမြေ (ရွှေနဂါးမင်းကုမ္ပဏီ ) တို့ ဖြစ်သည်။

ပြည်ပမှ အားကစား အယ်ဒီတာ တဦးက ဘောလုံး အသင်းများကို အစိုးရ ဝန်ကြီး ဌာနများ လက်အောက်တွင်သာ ထားရှိခဲ့ရာမှ ပုဂ္ဂလိကပိုင်သည့် ကြေးစား အသင်းများ အဖြစ်သို့ ပြောင်းလဲခြင်းသည် ဘောလုံး လောကကို မြှင့်တင်ရာ ရောက်သည် ဟု ပြောသည်။

“ပုဂ္ဂလိက ဘောလုံးအသင်း ထောင်ခိုင်းတာနဲ့ ပတ်သက်လို့ တကယ်တမ်း ဘောလုံးလောက တိုးတက်ဖို့ အတွက် ထောင်ခိုင်းတယ် ဆိုရင် တပိုင်းက ကောင်းတယ်လို့ ပြောလို့ရသလို၊ တပိုင်းကလည်း လုပ်ငန်းရှင်တွေကို အတင်း စီစဉ်၊ ရင်းနှီး မြှုပ်နှံခိုင်းတာနဲ့ ဘောလုံး လောက တိုးတက်မလား ဆိုတာ မေးခွန်း ထုတ်စရာ ရှိပါတယ်။ တဘက်ကလည်း အစိုးရပိုင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် ပြောင်းမှ တိုးတက် မယ်ဆိုတာလည်း ရှိသေးတယ်လေ” ဟု ပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) ၏ အားကစား အယ်ဒီတာ တဦး ဖြစ်သူ ကိုဇင်မောင်က ပြောသည်။

“ခုမှ စတာတောင် နောက်ကျနေပြီ၊ ဘေး အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့မှာ စောစော ပြောင်းလဲနိုင်တဲ့ အတွက် အဆင့် တခုကို ရောက်သွားပြီ၊ ပြောင်းလဲနိုင်တဲ့အတွက် အသီးအပွင့်တွေကို ခံစားနေရပြီလေ” ဟုလည်း ကိုဇင်မောင်က ပြောသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့