..............................

Friday, March 6, 2009

မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးများ ဘောလုံးသင်းများထောင်ပြီ

NEJ / ၅ မတ် ၂၀၀၉

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ စစ်အစိုးရလက်ထက် အခွင့်ထူးခံ ရရှိနေသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ဘောလုံး ကလပ် အသင်းများကို စတင် တည်ထောင်ပြီး ဖြစ်ကြောင်း မတ်လ (၄) ရက်နေ့ ရန်ကုန် ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ထုတ်ဖော်ပြောကြားသည်။

ဦးဇော်ဇော်အပြင် ကလပ်အသင်း ထောင်ပြီးဖြစ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် စာနယ်ဇင်းသမားများ တက်ရောက်သည့် အဆိုပါပွဲတွင် အသင်း (၈) သင်း စတင်ဖွဲ့စည်းမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရန်ကုန်အခြေစိုက်မည့် ရန်ကုန်ယူနိုက်တက်အသင်းကို ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇ၊ လားရှိုး အခြေစိုက်မည့် ကမ္ဘောဇ အသင်းကို ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း၊ မန္တလေး အခြေစိုက်မည့် ရတနာပုံ အသင်းကို အယ်လ်ပိုင်း သောက်ရေသန့် လုပ်ငန်းရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊ မကွေး အခြေစိုက်မည့် မကွေး အသင်းကို အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ ထားဝယ်မှာ အခြေစိုက်မည့် Southern Myanmar United အသင်းကို ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ ပဲခူး အခြေစိုက်မည့် ဥဿာ ယူနိုက်တက် အသင်းကို အိုင်ဘီတီစီ အရက်ကုမ္ပဏီ ပိုင်ရှင် ဦးအောင်မိုးကျော်၊ ပုသိမ် အခြေစိုက်မည့် ဒယ်လ်တာ ယူနိုက်တက် အသင်းကို အေဒင် ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်၊ စစ်ကိုင်း အခြေစိုက်မည့် ဇေယျာရွှေမြေ အသင်းကို ရွှေနဂါးမင်း ကုမ္ပဏီပိုင်ရှင် ဦးဝင်းမြင့်တို့က တည်ထောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ ကလပ်အသင်းများတွင် နိုင်ငံခြားသား နည်းပြများ ခေါ်ယူငှားရမ်း ပိုင်ခွင့်ရှိပြီး ဘောလုံးသမားများ အပါအဝင် တသင်းကို အများဆုံး နိုင်ငံခြားသား (၅) ယောက်အထိ ခေါ်ယူနိုင်ကြောင်း သိရသည်။

ကလပ်အသင်းတသင်းကို အနည်းဆုံး ကျပ်သိန်း (၂,ဝဝဝ) ဖြင့် စတင် ရင်းနှီးမြှုပ်နှံရမည် ဖြစ်ပြီး ပါဝင်ကစားမည့် ဘောလုံး ကစားသမားများကို အနည်းဆုံး တလလျှင် လစာ ကျပ် (၃) သိန်းပေးရမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ပရော်ဖက်ရှင်နယ်အသင်းများ ဖွဲ့စည်းခဲ့ပြီး ဖြစ်သည့်အတွက် လက်ရှိ ကျင်းပနေသည့် မြန်မာလိဂ် အပျော်တမ်းပွဲများကို ယခုနှစ် ဘောလုံးရာသီ၌ အဆုံးသတ်တော့မည် ဖြစ်သည်။

လာမည့်နှစ် ဘောလုံးရာသီအစ၌ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် (၄) သင်းစီ အုပ်စုနှစ်စုခွဲပြီး ဖလားလုပွဲ ပုံစံ စတင် ကျင်းပမည်ဖြစ်ပြီး နောက်ပိုင်း ၂ဝ၁ဝ ပြည့်နှစ်တွင် ကလပ်အသင်း (၁၂) သင်းအထိ ဖွဲ့စည်းရန် ရည်ရွယ်ပြီး ဥရောပ ကလပ်အသင်းများ ပုံစံ အိမ်ကွင်း အဝေးကွင်း စနစ်ဖြင့် ပြိုင်ပွဲများ ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ဘောလုံးအားကစားကို ပြည်သူတရပ်လုံးက လှိုက်လှိုက်လှဲလှဲ ဝါသနာ ပါကြသော်လည်း နေရာတကာ စစ်အစိုးရ အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက်မှု၊ တလွဲ စီမံခန့်ခွဲမှု များကြောင့် ဘောလုံးအားကစား အဆင့်အတန်း အလွန် နိမ့်ကျနေကြောင်း အားကစားသမား ဟောင်းကြီးများနှင့် အားကစားဆိုင်ရာ ဆောင်းပါးရှင်များကလည်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြသည်။

ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ကျင်းပရာတွင်လည်းကောင်း၊ နိုင်ငံတကာ ကစားပွဲများ အတွက် လက်ရွေးစင် လူရွေးချယ်ရာတွင် လည်းကောင်း၊ နိုင်ငံတကာသို့ သွားရောက် ယှဉ်ပြိုင်ရာ၌ အားကစားနှင့် မနီးစပ်သည့် အာဏာပိုင် စစ်ဗိုလ်နှင့် စစ်ဗိုလ်ဟောင်းတို့၏ စွက်ဖက်မှုကြောင့် မြန်မာဘောလုံး အသင်းများ၏ စွမ်းဆောင်ရည် နိမ့်ကျခဲ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝါရင့်အားကစား ကလောင်ရှင်ကြီးတဦးက “မြန်မာဘောလုံးလောက တိုးတက် စေချင်ရင် နိုင်ငံအနှံ့က အခြေခံ ပညာကျောင်းတွေနဲ့ တက္ကသိုလ် ကျောင်းတွေမှာ ဘောလုံး အားကစားကို အားပေးဖို့၊ ဘောလုံးကွင်းတွေကို တည်ဆောက် ကစားခွင့်ပြုဖို့၊ ဘောလုံးအားကစား ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို လွတ်လပ်စွာကျင်းပ ပြုလုပ်ခွင့်ပေးဖို့ စတာတွေ လိုအပ်တယ်။ ငွေတွေ အများကြီးသုံး ကလပ် အသင်းတွေ ဖွဲ့ရုံနဲ့ မြန်မာဘောလုံး အားကစား တိုးတက် လာလိမ့်မယ်လို့ မမျှော်လင့် နိုင်ဘူး။ အဓိက အကျဆုံးနဲ့ အခြေခံ အကျဆုံး အချက်ကတော့ ဘောလုံး အားကစားကို စစ်အာဏာပိုင်တွေရဲ့ စွက်ဖက်မှု ကင်းနိုင်သမျှ ကင်းစေဖို့ပဲ ဖြစ်တယ်” ဟု ဝေဖန်ပြောကြားသည်။

အဆိုအပါ သတင်းစာရှင်းလင်းပွဲတွင် ရတနာပုံ ကလပ်အသင်း တည်ထောင်သူ အယ်လ်ပိုင်း သောက်ရေသန့် ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက သူ့အသင်းအတွက် နည်းပြအဖြစ် ပြင်သစ်လူမျိုးတဦး၊ နည်းစနစ် ဒါရိုက်တာအဖြစ် ဘယ်လ်ဂျီယံ လူမျိုးတဦးကို ခေါ်ယူထားပြီး ကစားသမားများ အဖြစ် နိုင်ဂျီးရီးယားနိုင်ငံသား (၃) ဦးနှင့် အိုင်ဗရီကို့စ် နိုင်ငံသား (၂) ဦးကို ကမ်းလှမ်းထားကြောင်း၊ ၎င်းခေါ်ယူထားသည့် ပြင်သစ်နိုင်ငံသား နည်းပြကို စင်မြင့်ပေါ်ခေါ်ယူပြီး ကြွားဝါခဲ့ကြောင်းလည်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာ အပါအဝင် ၄၂ နိုင်ငံကို ထိုင်းက အလည်အပတ် ဗီဇာခ ကင်းလွတ်ခွင့်ပြု

ဆလိုင်းပီပီ
ကြာသပတေးနေ့၊ မတ်လ 05 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် မြန်မာ အပါအဝင် အခြားနိုင်ငံ အချို့ကို ဗီဇာခ ပေးဆောင်ရခြင်းမှ မတ်လမှ ဇွန်လအထိ ၃ လကြာ ကင်းလွတ်ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံက ဆိုသည်။

ပြီးခဲ့သည့်နှစ် ကတည်းကစ၍ ပြည်တွင်းနိုင်ငံရေး မငြိမ်မသက် မှုများနှင့် ကြုံတွေ့ နေရသော ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် အတွက် မြန်မာ အပါအဝင် ၄၂ နိုင်ငံမှ ခရီးသွားဗီဇာ လျှောက်ထား မှုများကို ဗီဇာခ ပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ထိုင်းက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းနဲ့ ကြုံနေရချိန်မှာ ထိုင်းခရီးသွား လုပ်ငန်းကို မြှင့်တင်ဖို့ လုပ်တာပါ” ဟု ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာန - လဝက မှ အရာရှိတဦးက ယမန်နေ့က မဇ္ဈိမကို ပြောသည်။

ယမန်နှစ် နိုဝင်ဘာလက နိုင်ငံတကာလေဆိပ်ကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့မှု အပါအဝင် နိုင်ငံရေး မတည်ငြိမ် မှုများကြောင့် ဆိုးရွားစွာ ထိခိုက်သွားခဲ့ရသော ထိုင်းခရီးသွား လုပ်ငန်းကို ပြန်လည် မြှင့်တင်နိုင်ရေး အစီအစဉ်၏ အစိတ်အပိုင်း တရပ်အနေဖြင့် ဗီဇာခများ လွတ်ငြိမ်းခွင့် ပေးခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ လဝက ဗျူရိုဌာနချုပ်မှ အရာရှိတဦးက ပြောသည်။

လောလောဆယ်တွင် နိုင်ငံ ၂ဝ မှ နိုင်ငံသားများကို နေထိုင်ခွင့် ၁၅ ရက်ပေးသည့် ဆိုက်ရောက် ဗီဇာများ ထုတ်ပေးလျက် ရှိပြီး၊ အခြား ၄၂ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာ မလိုဘဲ ရက်ပေါင်း ၃ဝ အထိ နေထိုင်ခွင့် ပေးထားသည်။

သို့သော် ဤသတ်မှတ်ရက်ထက် ကျော်လွန် နေထိုင်လိုသူများမှာ ဗီဇာ လျှောက်ထားရန် လိုအပ်ပြီး၊ ဗီဇာရရှိပါက စံသတ်မှတ်ချက် အနေဖြင့် ရက်ပေါင်း ၆ဝ နေထိုင်ခွင့် ပေးသည်။ ဗီဇာများကို ထိုင်းနိုင်ငံသို့ မလာခင် သက်ဆိုင်ရာ နိုင်ငံများရှိ ထိုင်းသံရုံးများ၊ ကောင်စစ်ဝန် ရုံးများတွင် လျှောက်ထား ရသည်ဟု အဆိုပါအရာရှိက ပြောသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ခရီးသွား ဗီဇာများ ဗီဇာခ လွတ်ငြိမ်းခွင့် ပေးခြင်းကို ထိုင်းဝန်ကြီးအဖွဲ့က ဇန်နဝါရီလ အတွင်းက ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ ဤသို့ ကင်းလွတ်ခွင့် ပေးခြင်းသည် မတ်လ ၅ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ အသက်ဝင်နေမည်ဟု ဆိုသည်။

ဤအတောအတွင်း မြန်မာနိုင်ငံသား ကမ္ဘာလှည့် ခရီးသွား တဦးကလည်း ဤထိုင်းအစိုးရ၏ အစီအစဉ်သစ်ကို ကြိုဆို ပြောကြားလိုက်သည်။ သို့သော် စစ်အစိုးရ အုပ်စိုးနေသော သူတို့နိုင်ငံမှာလည်း ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကို ရင်ဆိုင်နေရသဖြင့် ဤအစီအစဉ် သစ်သည် မြန်မာ ခရီးသွားများကိုမူ ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောသည်။

“ဒီလို (ခရီးသွားဗီဇာခ လွတ်ငြိမ်းခွင့်) ပေးတာကို ကျနော်တို့ လက်ခံကြိုဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုနေမလဲ ဆိုတာတော့ စောင့်ကြည့်ရ ပါဦးမယ်” ဟု အဆိုပါ မြန်မာ ကမ္ဘာလှည့် ခရီးသွားက ပြောသည်။

မြန်မာနိုင်ငံသား အနည်းငယ်သာ ဤသို့ ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ခြင်း ဖြစ်ပြီး၊ အများစုကြီးမှာမူ အလုပ်အကိုင် ရှာဖွေရန်အတွက် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်သည်ဟု သူက ဆက်ပြောသည်။

ယခင်ကမူ မြန်မာနိုင်ငံသား ခရီးသွားများသည် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံ သံရုံးတွင် ဗီဇာ လျှောက်ထားရပြီး ကမ္ဘာလှည့် ခရီးသွားဗီဇာခ အဖြစ် အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာပေးရန် လိုအပ်သည်။

Ref: မဇ္ဈိမ

Read More...

Thursday, March 5, 2009

မြန်မာ့အရေး အမြင့်ဆုံး ရောက်လုချိန် ကုလသမဂ္ဂ တုန့်ဆိုင်းဆိုင်း ဖြစ်နေဆဲ

"ပြီးခဲ့တဲ့ သီတင်းပါတ် အဆုံးမှာတော့ နာမည်အပျက်ဆုံး အင်းစိန် အကျဉ်းထောင် အပါအဝင် တနိုင်ငံလုံး မှာရှိတဲ့ အကျဉ်းထောင်တွေ ထဲက အကျဉ်းသား ၆၃၁၃ ယောက်ကို မြန်မာ စစ်အစိုးရ အာဏာပိုင်တွေက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပါတယ်။"

ဒီထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် ပါသလဲ? ဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင် သေးပါဘူး။ ဒါပေမယ့် ရှင်းနေတာကတော့ နိုင်ငံရေး အကျဉ်းသားနှစ်ဦး ဖြစ်တဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကတော့ လွတ်ငြိမ်းချမ်းသာခွင့် စာရင်းထဲမှာ ပါမလာခဲ့ ပြန်ပါဘူး။ သူတို့ နှစ်ယောက်ကို ၂ဝဝ၃ ခုနှစ် နှစ်လယ်ပိုင်း အစလောက် ကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကွင်တာနာ (Tomas Ojea Quintana) က မြန်မာ နိုင်ငံကို မလာမီ တရက်အလို ၂ဝဝ၉ ဖေဖေါ်ဝါရီလ (၁၄) ရက်မှာ ကြိုတင် သိထားတာ မရှိဘဲ ဦးတင်ဦးရဲ့ နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံသက်တမ်းကို အာဏာပိုင်တွေက နောက်တနှစ် ထပ်တိုးလိုက် ပြန်ပါတယ်။ ဒါဟာ မြန်မာ့ ဒီမိုကရေစီအရေးကို အထူး ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂကို စော်ကား လိုက်တာပါဘဲ။ မကျေမနပ် ဖြစ်စရာပါ။ နောက်ဆက်လုပ်ဖို့ ကိစ္စတွေလည်း တွန့်ဆုတ် သွားရသလို ဖြစ်နိုင်ပါတယ်။

နောက်ထပ် တိုက်ဆိုင် နေတာတခုလည်း ရှိနေပြန်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဂမ်ဘာရီက မြန်မာပြည်မှာ သူဘာတွေ လုပ်ခဲ့သလဲဆိုတာ လုံခြုံရေးကောင်စီကို ရှင်းပြပြီး နောက်တရက် အကြာမှာ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်တိုးတာ လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာကို ကြိုဆိုရပါမယ်။ ဒါပေမယ့် ဒါမျိုး သက်သက်နဲ့တော့ မြန်မာ နိုင်ငံမှာ ပြည်သူတွေ ဒုက္ခရောက်နေတာဟာ အမြဲတမ်း ဖြစ်နေမှာ မဟုတ်တော့ပါဘူးလို့ မယူဆ သင့်ပါဘူး။

“ မြန်မာအရေးဟာ ပက်ကျိလိုဘဲ နှေးနှေးကွေးကွေး ဖြစ်နေပါတယ်။ နိုင်ငံတွင်းမှာ ဖြစ်လာတာတွေကို ဘာဘဲဖြစ်ဖြစ် အတော့်ကို ဂရုတစိုက် သတိထားပြီး ကြည့်ရပါလိမ့်မယ်။”

စစ်အစိုးရ အုပ်စိုးတဲ့ မြန်မာပြည်ကို ဂမ်ဘာရီ သွားရောက်ခဲ့တဲ့ ဒီတခေါက်မှာလည်း အရင် နောက်ဆုံးခရီးစဉ် နှစ်ခေါက်လိုဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြန်ပြောပြစရာ များများစားစား မရှိခဲ့ပါဘူး။ လုံခြုံရေး ကောင်စီက လုပ်ပေးနိုင်စရာတွေလည်း မတင်ပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်းဘဲ သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Jean-Maurice Ripert ကဆိုရင် လုံခြုံရေးကောင်စီကို ဂမ်ဘာရီ သတင်းပို့တာ သိပ် သိပ်တိုလွန်းပြီး စိတ်တိုင်း ကျစရာတွေ မရှိပါဘူးလို့ ပြောယူရတဲ့ အထိပါဘဲ။

၂ဝ၁ဝ ခုနှစ်မှာ လုပ်မယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်း မကျပဲနေရင်၊ ပြီးတော့ အတိုက်အခံတွေ အားလုံးကလည်း မပါဝင်နိုင်ဘူးဆိုရင် အဲဒါကို တရားဝင် အသိအမှတ် မပြုဖို့ သူက ပြောပြ ပါတယ်။

ဂမ်ဘာရီ ခရီးစဉ် မအောင်မြင်တာကို ကြိုတွက်ဖို့ သိပ်အခက်အခဲ မတွေ့ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ကို လက်ချည်း သက်သက် မြန်မာပြည်ကို စေလွှတ်လိုက်လို့ ဖြစ်ပါတယ်။ ( လုံခြုံရေးကောင်စီမှ အမှာစကားများ မပါဘဲ စေလွှတ်လိုက်သည်ဟု ဆိုလိုသည်။ )

ဘန်ကီမွန်း မတိုင်မီက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟာ ကိုဖီအာနန် ဖြစ်ပြီး သူ့ရဲ့ မြန်မာ့အရေး သံတမန်ကတော့ ရာဇာလီ အစ္စမေးလ် ဖြစ်ပါတယ်။ ဘန်ကီမွန်း-ဂမ်ဘာရီ အတွဲလိုဘဲ ရာဇာလီ ကလည်း ပေကပ်ကပ်နဲ့ ခေါင်းမာလှတဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ရာမှာ ဘာမှ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ကုလသမဂ္ဂ အထူးသံတမန်တွေကတော့ မြန်မာပြည်ကို သွားလိုက်လာလိုက် လုပ်နေကြတုန်းပါဘဲ။ သူတို့ ခရီးစဉ် အောင်မြင်သွားပြီလားဆိုတာ ဆုံးဖြတ်ဖို့ ကမ္ဘာကလည်း အဆင့်တခုတော့ သတ်မှတ်ထားနေကြ တုန်းပါဘဲ။ ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကုလသမဂ္ဂ သံတမန်တွေက သွားရောက်တွေ့ဆုံတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး အဆင့်တခုခု အောင်မြင်သွားပြီလို့ မပြောနိုင်ပါဘူး။

နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ စောင့်ကြည့်နေသူတွေ ပြောနေတဲ့ “တမျိုးသားလုံး ပြန်လည် သင့်မြတ်ရေး” ၊ “ဒီမိုကရေစီ တည်ဆောက်ရေး” ဆိုတာတွေဟာ သူ့အစီအစဉ်နဲ့ သူ ဖြစ်လာမယ် ဆိုရင်တော့ သူတို့အတွက် သိပ်ကောင်းတာပေါ့။ ဒါပေမယ့် မြန်မာ စစ်အစိုးရ အတွက်ကတော့ ဒီကိစ္စတွေဟာ အမှန်တကယ် ဖြစ်လာ မလားဆိုတာ သိချင်နေကြတဲ့ စကားလုံးတွေပါ။

ဒီကိစ္စတွေကို မျှမျှတတ ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂမှာ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ပြစ်ဒါဏ်ခတ် နိုင်စွမ်းလည်း မရှိ၊ ဆွဲဆောင်စရာ မက်လုံးလည်း မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂက အကြံဥာဏ်တွေ ထုတ်ပေးနိုင်ပါတယ်။ အကြံဥာဏ်တွေကိုသာ လက်ခံ ကျင့်သုံးကြမယ် ဆိုရင် အတော်များများ ကိစ္စတွေမှာ အလုပ်ဖြစ်နိုင်ပါမယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အတော်များများမှာ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်နဲ့ မဟာ ဗျူဟာ မရှိပါဘူး။ ဒီလိုနဲ့ဘဲ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးနေတာ အချိန်တွေတောင် လွန်နေခဲ့ရပါပြီ။

နအဖကို သဘောမကျဘူးလို့ ပြောနေရုံ သက်သက်နဲ့တော့ အလုပ် မဖြစ်တော့ပါဘူး။ ဒီ့ထက်ပိုပြီးကို လုပ်ယူ ရပါတော့မယ်။ မြန်မာနိုင်ငံထဲမှာ သက်ဆိုင်သူတွေ အားလုံး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်မယ့် အစီအစဉ် တခုကို ကုလသမဂ္ဂက မရေးဆွဲလို့ မဖြစ်တော့ပါဘူး။

ဆိုလိုတာ ကတော့ မြန်မာ စစ်ဗိုလ်ချုပ်တွေ ထောင်အကျခံမလား? ဒါမှမဟုတ် အရပ်ဘက် အစိုးရအဖွဲ့မှာ ပါဝင် မလား? ဆိုတာပါဘဲ။ တခုခုကတော့ သူတို့ကို စောင့်နေပြီလို့ ဗိုလ်ချုပ်တွေ သိထားဖို့ လိုနေပါတယ်။

မြန်မာရဲ့ ဒေသတွင်း နိုင်ငံတွေ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေး တိုးတက်ပြောင်းလဲစေဖို့ စိတ် မပါ့တပါနဲ့ တခါတလေ ထလုပ် တတ်တာကလည်း အချိန်တွေ သိပ်ကို ကြာလှပါပြီ။ “လမ်းပြမြေပုံ” (Road Map) ဆိုတဲ့ စကားလုံးနဲ့ “အပြုသဘော ဆောင်တဲ့ ချဉ်းကပ် ညှိနှိုင်းမှု” (Constructive Engagement) ဆိုတဲ့ စကားလုံးကို မြန်မာ့အရေးမှာ သုံးစွဲ နေခဲ့ကြပါတယ်။ “လမ်းပြမြေပုံ” ဆိုတာ အရှေ့အလယ်ပိုင်း ပြဿနာ ကနေ ယူသုံးထားတဲ့ စကားလုံးပါ။ “အပြုသဘော ဆောင်တဲ့ ချဉ်းကပ် ညှိနှိုင်းမှု” ဆိုတာ တောင်အာဖရိက နိုင်ငံမှာ အသားအရောင် ခွဲခြားရေးကို အဆုံးသတ် ရေးတုန်းက သုံးခဲ့တဲ့ စကားလုံးပါ။ အရှေ့အလယ်ပိုင်းနဲ့ တောင်အာဖရိကမှာ သုံးခဲ့တဲ့ အဲဒီ စကားလုံးတွေရဲ့ တကယ့် အဓိပ္ပာယ် အမှန်ကို သဘောမပေါက်ပဲ မြန်မာ့ အရေးမှာ အလွယ်တကူ ဆွဲသုံးနေကြပါတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဝန်ကြီးချုပ်ဟောင်း သာ့ခ်ဆင် ရှင်နာ ဝတ္ထရာ (Thaksin Shinawatra) က မြန်မာ့အရေးကို ဖြေရှင်းပေးမယ် ဆိုပြီး “Bangkok Process”လို့ စတန့်ထွင် လိုက်ပေမယ့် ချက်ချင်း ပြုတ်ကျပြီး သူ့ကို ဝိုင်းဟားခဲ့ ကြပါတယ်။ စစ်အစိုးရက သူတို့ နည်းသူတို့ဟန် “လမ်းပြမြေပုံ”သုံးပြီး ဒီမိုကရေစီကို တည်ဆောက်မယ်လို့ ကြေညာ လိုက်တော့ သာခ်ဆင်တို့ လူသိုက်လည်း နောက်ပြန်ဆုတ်လိုက် ကြရပါတယ်။ ၂ဝ၁ဝ ခုနှစ် ရောက်ရင် ရွေးကောက်ပွဲ လုပ်မယ်လို့ မြန်မာ စစ်အစိုးရက ကြေညာလိုက်တာကြောင့် အခုချိန်မှာ အာဆီယံနဲ့ ကမ္ဘာ့ အသိုင်းအဝိုင်း အတွက် တခုခုကို အလေးအနက်ထား မလုပ်ဘူးဆိုရင် အချိန်တွေ သိပ်နှောင်းသွားနိုင် ပါတယ်။

အမေရိကန် ပြည်ထောင်စု သမတသစ် အိုဘားမား (Barack Obama) ရဲ့ အဖွင့် မိန့်ခွန်းမှာ အာဏာရှင်နိုင်ငံ တွေကို အဆိုပြုသွားပါတယ်။ အာဏာရှင်တွေ ဘက်က ဆက်ပြီး တင်းမာချင်စိတ် မရှိတော့ဘူးဆိုရင် အမေရိကန်က ပိုပြီး လက်ကမ်းဖို့ ရှိလာမယ်လို့ ပြောသွားတာပါ။ ("We will extend a hand if you are willing to unclench your fist.")

ဒီတော့ ဘာဖြစ်လာမလဲ။ အိုဘားမားက အာဏာရှင် နိုင်ငံတွေကို သူပြောသလို ချဉ်းကပ်တော့မှာ သေချာ နေပါပြီ။ သူ့ချဉ်းကပ်ပုံ မှန်-မမှန် ပထမဦးဆုံး စမ်းသပ် ခံရမှာကတော့ မြန်မာ့အရေး ဖြစ်နိုင်တယ် ဆိုတာက သိသာ လာနေပါတယ်။

၁၉၉ဝ ဝန်းကျင် နှောင်းပိုင်း နှစ်တွေလောက်က စပြီး အမေရိကန်က မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဒါဏ်ခတ် ပိတ်ဆို့မှုတွေ စလုပ်လာခဲ့တာ ခုထိပါဘဲ။ ဒါပေမယ့် ဟိုတလောက အင်ဒိုနီးရှားကို လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာတုန်းမှာ မြန်မာပြည် အပေါ်ထားတဲ့ အမေရိကန် ပေါ်လစီကို သုံးသပ်နေတယ်လို့ ကြေညာ သွားပါတယ်။ စီးပွားရေး ပြစ်ဒါဏ်ခတ် ပိတ်ဆို့ အရေးယူတာတွေကို လျှော့ပေါ့ဖို့ ဒါမှမဟုတ် အခြား သံတမန်ရေး နည်းလမ်းတွေ သုံးဖို့ကို ကလင်တန်က ငြင်းဆို မသွားခဲ့ပါဘူး။

“သိသာတာကတော့ စီးပွားရေး ပြစ်ဒါဏ်ခတ် ပိတ်ဆို့ အရေးယူတာတွေကို မြန်မာ စစ်အစိုးရက မဖြုံပါဘူး” လို့ ကလင်တန်က ပြောသွားပါတယ်။ ပြီးတော့ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေက စစ်အစိုးရနဲ့ ပေါင်းပြီး ညှိနှိုင်းတဲ့ ချဉ်းကပ်ပုံကလည်း အလုပ် မဖြစ်ခဲ့ပါဘူးလို့ ဆက်ပြော သွားပါသေးတယ်။

အိုဘားမား အရင် သမတဘွတ်ရှ် လက်ထက်မှာတုန်းက မြန်မာ စစ်အစိုးရအပေါ် သဘောထား ခပ်တင်းတင်း ဆက်ဆံခဲ့လို့ အတော့်ကို ချီးကျူးခံရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်နေရုံနဲ့ စစ်အစိုးရကြောင့် ပြည်သူတွေ မလှုပ်နိုင်အောင် ဖိနှိပ် ခံနေခဲ့ရတာတွေ ကိုတော့ လျှော့မပစ် နိုင်ခဲ့တာက အမှန်ပါ။ ပြည်သူတွေရဲ့ စားဝတ် နေရေး၊ လုံခြုံရေးတွေလည်း တိုးတက် မလာခဲ့ပါဘူး။

အခုတော့ အိုဘားမား အလှည့်ရောက်ပါပြီ။ မြန်မာ့အရေး အတွက် အမေရိကန် အစိုးရဟာ သူ့ ပေါ်လစီကို ပြန်သုံးသပ် ရမှာကတော့ သေချာနေပါတယ်။ ဒါပေမယ့် သမတ အိုဘားမားဟာ သူ့ရဲ့ သမိုင်းဝင် သမတသစ် အဖွင့် မိန့်ခွန်းမှာ ပြောခဲ့တဲ့ အတိုင်း လုပ်ကို လုပ်ရပါလိမ့်မယ်။ သူပြောခဲ့တာ ကတော့….

“ခင်ဗျားတို့ ပြည်သူတွေ အပေါ် ဖိနှိပ် ချုပ်ချယ်နေတာတွေကို လျှော့လိုက်ပါတော့။ ဒါဆိုရင် ခင်ဗျားတို့ကို အမေရိကန်က ပိုပြီး လက်ကမ်းလှမ်း ပေးလာပါ့မယ်။”

The Korea Herald ၏ အယ်ဒီတာ့ အာဘော် “ Burma nears high noon and still the UN falters ”

(၂၄-၂-၂ဝဝ၉ အင်တာနက် စာမျက်နှာ)ကို မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။

မူရင်း - ကိုရီးယား ဟာရယ် ဝဘ်ဆိုဒ်

လွင်အောင်စိုး

(၂၄-၂-၂ဝဝ၉)


Ref: လူထုအသံ

Read More...

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၄)

‘၁၉၃၆ ဒုတိယ တက္ကသိုလ်သပိတ်’
အောင်ဝေး
ဖေဖော်ဝါရီ ၈၊ ၂၀၀၉

ပထမ တက္ကသိုလ် သပိတ်ကြီး ပြီးလို့ (၁ဝ)နှစ် အကြာ ၁၉၃ဝ ဒီဇင်ဘာမှာ လယ်သမားသူပုန် ဂဠုန် တော်လှန်ရေးကြီး ဖြစ်ပေါ်ခဲ့တယ်။ မရှေးမနှောင်းမှာပဲ ၁၉၃၁ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ‘တကသ’ လို့ ခေါ်တဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ စတင် ဖွဲ့စည်း ပေါ်ထွက်လာခဲ့ပါတယ်။

ဗြိတိသျှနယ်ချဲ့အစိုးရဟာ ၁၉၃၅ခုနှစ်မှာ မြန်မာနိုင်ငံကို အိန္ဒိယကနေ ခွဲထုတ်လိုက်ပြီး (၉၁)ဌာန အုပ်ချုပ်ရေးကို သွတ်သွင်း လာခဲ့ပါတယ်။ အဲဒီအချိန် ၁၉၃၅ မှာပဲ သခင်ဘသောင်းနဲ့ ပညာတတ် မြန်မာလူငယ်တစုဟာ ‘ မြန်မာစာသည် တို့စာ၊ မြန်စကားသည် တို့စကား၊ သခင်မျိုးဟေ့ တို့ဗမာ’ ဆိုတဲ့ ကြွေးကြော်သံနဲ့ တို့ဗမာအစည်းအရုံးကို ထူထောင်လိုက်ကြပါတယ်။

‘အရှေ့က နေဝန်းထွက်သည့် ပမာ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွှဲပါ’ ဆိုတဲ့ ဝိုင်အမ်ဘီအေ ဆရာတင် ရေးတဲ့ ‘တို့ဗမာ’ သီချင်းဟာ ကျောင်းသားတွေ ပြည်သူတွေကြားမှာ ပျံ့နှံ့ လွှမ်းမိုးသွားပါပြီ။

အဲဒီ ၁၉၃၅ ခုနှစ်ထဲမှာပဲ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ)ရဲ့ အာဘော်ဖြစ်တဲ့ သမဂ္ဂ မဂ္ဂဇင်းကြီးကိုလည်း ‘အိုးဝေ’ မဂ္ဂဇင်းလို့ နာမည် ပြောင်းလိုက်ကြပါတယ်။ ဒုတိယ တက္ကသိုလ် ကျောင်းသား သပိတ်ကြီးဟာ အဲဒီ အိုးဝေ မဂ္ဂဇင်းကနေ စခဲ့တာပါပဲ။

၁၉၃၆ ဇန်နဝါရီ (၃၁) တကသ (၅)နှစ်ပြည့် ကျောင်းသား သမဂ္ဂ အဆောက်အဦးမှာ စကားစစ်ထိုးပွဲ လုပ်ပါတယ်။ အဲဒီပွဲမှာ တကသ ဥက္ကဋ္ဌဖြစ်တဲ့ ကိုနု(သခင်နု)က နယ်ချဲ့ အစိုးရကို ခပ်ကြမ်းကြမ်း ထိုးနှက် တိုက်ခိုက်တဲ့ မိန့်ခွန်း ပြောလိုက်ပါတယ်။ ဒီအတွက် တက္ကသိုလ် အာဏာပိုင်တွေက ဥက္ကဋ္ဌ ကိုနုကို ထုချေလွှာ တောင်းပါတယ်။

အဲဒီအချိန်မှာ ထွက်လာတဲ့ အိုးဝေ မဂ္ဂဇင်း အင်္ဂလိပ်စာ ကဏ္ဍမှာ The Hell Hound At Large ငရဲခွေးကြီး လွတ်နေပြီ ဆိုတဲ့ ဆောင်းပါး ပါလာတယ်။ ရေးတဲ့သူက ယမမင်းလို့ အမည်ခံထားတဲ့ ဦးညိုမြပါ။ ဒီ ဆောင်းပါးဟာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချူပ် မစ္စတာ စလော့ ကို ဝေဖန် တိုက်ခိုက်ထားတဲ့ ဆောင်းပါး ဖြစ်နေပါတယ်။

ဒီတော့ တက္ကသိုလ် အာဏာပိုင်တွေက ဒီဆောင်းပါးရေးသူကို နာမည်ဖော်ထုတ်ပေးဖို့ တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ကို အရေးဆိုလာ ပါတယ်။ အယ်ဒီတာ ကိုအောင်ဆန်းက အယ်ဒီတာတို့ စောင့်ထိန်းအပ်သည့် ကျင့်ဝတ်အရ ဖော်ထုတ် မပေးနိုင်ပါလို့ အကြောင်းပြန် လိုက်ပါတယ်။

တကသ ဥက္ကဋ္ဌကိုနုကလည်း ထုချေလွှာ မပေးပါဘူး။ တက္ကသိုလ် အာဏာပိုင် အဖွဲ့က အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်လိုက် ပါတော့တယ်။ ဒါကို မကျေနပ်တဲ့ ဥက္ကဋ္ဌ ကိုနုက နယ်ချဲ့ အစိုးရကို ကန့်ကွက် ရှုတ်ချတဲ့ အနေနဲ့ BA (ဝိဇ္ဇာဘွဲ့) ကို ပြန်အပ် လိုက်ပါတော့တယ်။ အာဏာပိုင်တွေဘက်က ကိုနုကို ကျောင်းထုတ်လိုက်တယ် ဆိုတဲ့စာ ၂၁-၃-၃၆ နေ့မှာ ထုတ်ပြန်လိုက်တယ်။

ဒါတွေဟာ တကသ ကို စော်ကားတာပဲလို့ တက္ကသိုလ် ကျောင်းသားထုကြီးက မကျေမချမ်း ဖြစ်ကုန်ကြပါတယ်။ တ က သ အမှုဆောင်အဖွဲ့က တဖွဲ့လုံး ဖေဖော်ဝါရီလ (၂၈)ရက် စာမေးပွဲကို မဖြေဘဲ သပိတ်မှောက်မယ်လို့ ပထမ စဉ်းစားကြပါတယ်။ ဒါပေမဲ့ ကျောင်းသားထု တရပ်လုံးကပါ မခံမရပ် ဖြစ်နေတဲ့အတွက် ဖေဖော်ဝါရီ (၂၅)ရက်နေ့ သမဂ္ဂ အဆောက်အဦးမှာ ကျောင်းသားထု အစည်းအဝေး ခေါ်ခဲ့ရပါတယ်။

သမဂ္ဂခန်းမကြီး လျှံထွက်သွားတဲ့ ဒီအစည်းအဝေး ကြီးကပဲ သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ၁၉၃၆ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှာ ဒုတိယ တက္ကသိုလ် သပိတ်ကြီး ပေါ်ပေါက်လာခဲ့ ပါတော့တယ်။ ဂျပ်ဆင်ကောလိပ် အပါအဝင် တပြည်လုံးက အထက်တန်း အလယ်တန်း ကျောင်းသားတွေကလည်း တ က သ ရဲ့ ဦးဆောင်မှုနောက်မှာ သပိတ်ထဲ ပါလာကြပါတယ်။

ရွှေတိဂုံဘုရားမှာ စခန်းချပြီး သပိတ်မှောက်နေတဲ့ ကျောင်းသားတွေထဲမှာ အစိုးရ ဝန်ထမ်း သားသမီးတွေလည်း ပါပါတယ်။ ဒီကျောင်းသားတွေကို သပိတ်စခန်းကနေ ပြန်မခေါ်ရင် သူတို့မိဘတွေကို အလုပ် ဖြုတ်ပစ်မယ်လို့ နယ်ချဲ့ အစိုးရက ခြိမ်းခြောက် အကြပ်ကိုင် လာပါတယ်။ ဒါပေမဲ့ မိဘတွေက ဘယ်လိုပဲ ခေါ်ခေါ် အဲဒီ အစိုးရ ဝန်ထမ်း သားသမီး ကျောင်းသူ ကျောင်းသားတွေဟာ မျက်ရည်စက်လက်နဲ့ မိဘကို ကျောခိုင်းပြီး တကသ ဘက်ကနေ သပိတ်လှန်တဲ့အထိ တိုက်ပွဲ ဝင်သွားခဲ့ကြပါတယ်။

အဲဒီ သပိတ်ကြီးမှာပဲ တပြည်လုံးက ကျောင်းသား လှုပ်ရှားမှုတွေကို စည်းရုံး ဦးဆောင်နိုင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ) – ABSU ကို ထူထောင်ဖို့ အင်းလျားဆောင်က သပိတ်မှောက် ကျောင်းသူ မအမာက အဆို တင်သွင်းတဲ့အတွက် ၁၉၃၆ခုနှစ် မေလ(၈)ရက်နေ့မှာ ကနဦး ‘ဗကသ’ (ABSU) ကို ညီလာခံ ခေါ်ယူ ဖွဲ့စည်း နိုင်ခဲ့ကြပါတယ်။ ပထမဆုံး ၁၉၃၆ ဗကသ ဥက္ကဋ္ဌက မစ္စတာရာရှစ်၊ ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေ အတွင်းရေးမှုးပါ။ ၁၉၃၈မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဋ္ဌဖြစ်လာပါတယ်။

ဆရာဒဂုန်တာရာဟာ အဲဒီ ၃၆ ဗကသ ညီလာခံကို ကျိုက်လတ်မြို့ကနေ အထက်တန်း ကျောင်းသား ကိုယ်စားလှယ် အဖြစ်နဲ့ တက်ရောက်ခဲ့ သူပါ။ အဆိုတင်သွင်းတဲ့ အင်းလျားဆောင်က သပိတ်မှောက် ကျောင်းသူ မအမာ ဆိုတာကတော့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ဖြစ်လာခဲ့ ပါတော့တယ်။

အမေလူထုဒေါ်အမာ ပြန်ပြောပြဖူးတဲ့ ၁၉၃၆ သပိတ်အကြောင်းကို ကျနော် ပြန်အမှတ်ရ မိပါတယ်။ ‘၃၆သပိတ်ကြီး တုန်းက ရွှေတိဂုံ ကုန်းတော်ပေါ်က မော်လမြိုင် ဇရပ်မှာ စခန်းချ နေကြတဲ့ အချိန်။ တနေ့တော့ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ အမေတို့ သပိတ်စခန်းကို ရောက်လာကြတယ်။ အဲဒီတုန်းက ဆရာတို့က ကျောင်းမှာ ကျူတာပေါက်စ လေးတွေပေါ့။ အဲဒီနေ့က ၉-၃-၃၆ နေ့။ အမေတို့ ကျောင်းသားတွေက အော်တိုရေးခိုင်းတော့ ရေးပေးကြပါတယ်။ ဆရာမင်းသုဝဏ်က အမေ့ စာအုပ်ထဲမှာ ‘ အမာသည် အပျော့မဟုတ်၊ အဖြူသည် အမည်းမဟုတ်၊ အဖြောင့်သည် အကောက်မဟုတ် – အမာကို မပျော့စေနှင့်၊ အဖြူကို မမည်းစေနှင့်၊ အဖြောင့်ကို မကောက်စေနှင့်’ လို့ ရေးပေးသွားခဲ့တယ်။

ဒီတက္ကသိုလ် ဒုတိယသပိတ်နဲ့ ပတ်သက်တဲ့ ဆရာ ဦးသိန်းဖေမြင့်ရဲ့ ‘သပိတ်မှောက် ကျောင်းသား’ ဝတ္ထုကြီးကိုလည်း ကျနော် သတိရတယ်။

ဒီ ၁၉၃၆ ဒုတိယ တက္ကသိုလ် ကျောင်းသား သပိတ်ဟာ နောင် ၁၉၃၈မှာ ပေါ်ပေါက်လာမယ် ၁၃ဝဝပြည့် အရေးတော်ပုံကြီးရဲ့ ပဏာမ တိုက်ပွဲပဲ မဟုတ်ပါလား။ ။

Ref: မိုးမခ

Read More...

ဥပ္ပါတသန္တိစေတီ ဌာပနာပိတ်ပွဲနှင့်စိန်ဖူးတင်ပွဲ နေပြည်တော် ၀န်ထမ်းများအတွက် ဆိုင်ကယ်သော့ ကြဲမည်

NEJ /၄ မတ် ၂၀၀၉

မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် ကျင်းပမည့် နေပြည်တော် ဥပ္ပါတသန္တိစေတီ အထက် ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတော် တင်ပွဲများသို့ နေပြည်တော် ၀န်ထမ်းအားလုံးကို မတက် မနေရ အမိန့်ထုတ်ထားပြီး မတက်ရောက်သည့် ၀န်ထမ်းအား အရေးယူရန် အာဏာပိုင်များက ညွှန်ကြားထားသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ များကို ၀န်ထမ်းများ တက်ချင်စိတ် ပေါ်လာရန် တရုတ်နိုင်ငံလုပ် တစီး (၁၂) သိန်းဝန်းကျင် တန်သည့် မော်တော်ဆိုင်ကယ်များကို မဲဖောက်ရန် အာဏာပိုင်များ က စီစဉ်ထားသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

မော်တော်ဆိုင်ကယ် ဘယ်နှစီး မဲဖောက်မည် အတိအကျ မသိရသော်လည်း မော်တော်ဆိုင်ကယ်များကို မဲဖောက်ရာတွင် ဆိုင်ကယ်သော့ကို ပိုက်ဆံ အကြွေ ကြဲသကဲ့သို့ ၀န်ထမ်းများကြား ကြဲမည်ဖြစ်သည့် အတွက် တဦးနှင့်တဦး တက်နင်းပြီး သေကုန်မည်ကို ၀န်ထမ်းများ စိုးရိမ်နေကြသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများ ကျင်းပမည့် မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့ တွင် နေပြည်တော် ၀န်ထမ်းအားလုံး မည်သည့်ခွင့်မျှ မယူရန် ညွှန်ကြားထားသည့်ပြင် ခွင့်ယူထားပြီး သူများကို အမြန်ပြန်ခေါ်ရန် ညွှန်ကြားထားသည့် အတွက် ၀န်ထမ်းများ မကျေမနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများ ကျင်းပမည့် နေရာကို ၀န်ကြီးဌာန ပေါင်းစုံမှ ၀န်ထမ်းများအတွက် ကုလားထိုင် ခွဲတမ်းများ ချထားပေးပြီး လူစစ်မည်ဖြစ်သည်။ နေပူကျဲကျဲအောက်မှာ ၀န်ထမ်းများ ယူနီဖောင်းဝတ်စုံနှင့် တက်ရောက်ရမည် ဖြစ်သည့်အတွက် ပိုပြီး မကျေမနပ် ဖြစ်နေသည်ဟု ၀န်ကြီးရုံး အရာရှိ တဦးကလည်း ပြောသည်။

မတ်လ (၁၀) ရက် တပေါင်းလပြည့်တွင် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲကို နိုင်ငံတော် အခမ်းအနား ပုံစံဖြင့် ကျင်းပမည် ဖြစ်သည်။ သို့သော် အဆိုပါနေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သို့မဟုတ် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး ထီးတင်ပါက စစ်အစိုးရ ကျဆုံးမည့်ကိန်း ရှိနေကြောင်း ခေတပြိုင်တွင် မြန်မာ့နိုင်ငံရေး ဟောစာတမ်းများ ရေးသားနေသည့် ပင်တိုင်ဆောင်းပါးရှင် ပညာကျော်က ဟောကိန်း ထုတ်ထားသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီးကို တည်ဆောက်ရာတွင် ရှစ်မျက်နှာ ပတ်လည်လုံး မြေပြင်ညီ ရှိနေရမည့်အစား (၆) ဖက်သာ ညီပြီး ကျန် (၂) ဖက်က မညီသည့်အတွက် ပေါင်းလောင်းကွက်သစ် ဘက်ကနေ သံလမ်းကျော်၍ ၀င်လာကြည့်မည် ဆိုလျှင် စေတီတော်ကြီး ဘယ်ဘက်ငိုက်နေသည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ကွန်ကရစ် စေတီလုံးအတွက် မကွေးကုမ္ပဏီ၊ ညောင်ရမ်းကုမ္ပဏီနှင့် ဆန်းမစ် ကုမ္ပဏီ၊ စေတီထောင့် (၄) ထောင့်မှ ဓာတ်လှေကား (၄) ခုအတွက် OTIS ကုမ္ပဏီ၊ ဓာတ်လှေကား စောင်းတန်းအတွက် ရွှေဗိမာန် ဆောက်လုပ်ရေးနှင့် မြန်မာမှု အဖွဲ့တို့က တာဝန်ယူ ဆောက်လုပ်နေပြီး အမြန်ပြီးစီးနိုင်ရေး အတွက် ၀န်ထမ်း (၅,၀၀၀) ကျော်နှင့် နေ့ရောညပါ လုပ်ကိုင်နေသည်ဟု စုံစမ်းသိရသည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလှန် ရွဲတို့ကို ရွှေပြားကပ်မည် ဖြစ်သည့်အတွက် ငှက်ပျောဖူး အတွက် ရွှေသား (၉၆.၄၃) ပိဿာနှင့် ကြာမှောက် ကြာလှန် ရွဲတို့အတွက် ရွှေသား (၄၂) ပိဿာ စုစုပေါင်း ရွှေပိဿာချိန် (၁၃၈.၄၃) ပိဿာ ကုန်ကျမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဦးကျော်တင့်ဆွေ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်ဖို့များ

NEJ /၄ မတ် ၂၀၀၉

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးပေးရန် အလားအလာရှိကြောင်း ရန်ကုန် သံတမန်အသိုင်းအ၀န်းက ပြောသည်။

ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးပေးမည့်ကိစ္စ သေချာသလောက် ရှိသည်ဟု ရန်ကုန် သံတမန်သတင်းရပ်ကွက်က ပြောသော်လည်း ခေတ်ပြိုင်မှ သီးခြားအတည်ပြုချက် မရသေးပေ။

သို့သော် ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးခန့်လျှင် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပတ်သက်သည့် တာဝန် ပေးရန်များသည်ဟုလည်း သံတမန် အသိုင်းအ၀န်းတွင် ပြောဆို နေကြသည်။

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင့်ဆွေအား အသက် (၆၀) ပြည့်ပြီးနောက် (၂) ကြိမ်တိုင် သက်တမ်းတိုး တာဝန်ပေးထားခဲ့သည့် အတွက် စစ်အစိုးရက ပြန်ခေါ်ခဲ့သည်။

နယူးယော့ခ်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ရာထူးမှာ စစ်အစိုးရ သိက္ခာကို ကာကွယ် ပေးရသူဖြစ်သည့် အတွက် စစ်အစိုးရအတွက် အရေးပါသည့် သံတမန် စစ်မျက်နှာ တခုဖြစ်ပြီး ဦးကျော်တင့်ဆွေ နေရာကို မည်သူနှင့် အစားထိုးမလဲ ဆိုသည်ကို သံတမန် အသိုင်းအ၀န်းက စိတ်ဝင်တစား ဖြစ်နေကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် (၈) နှစ်ကြာ တာဝန်ယူခဲ့သည့် ဦးကျော်တင့်ဆွေသည် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းက ယုံကြည်စွာအားထားရသည့် သံတမန်တဦးအဖြစ် ထင်ရှားသည်။

ဦးကျော်တင့်ဆွေကို ၂၀၀၁ ခုနှစ် ဧပြီလမှစပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင်လည်း ဖြစ်သည်။ ၁၉၆၈ ခုနှစ်မှစပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ရန်ကုန်တွင် တညတည်း ဗုံးနှစ်ကြိမ်ကွဲ

NEJ /၄ မတ် ၂၀၀၉

ရန်ကုန်တွင် မတ်လ (၃) ရက်နေ့ ညက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံ များ၏ ပြောပြချက်အရ သိရသည်။

မတ်လ (၃) ရက်နေ့ည (၉) နာရီခွဲအချိန်တွင် ပြည်လမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ပဒုမ္မာပန်းခြံတွင် ပေါက်ကွဲကြောင်း စမ်းချောင်းမြို့နယ် နေထိုင်သူတဦးက ပြောသည်။

“အသံက တော်တော်ကျယ်တယ်။ အစတုန်းကတော့ ဂက်စ်ကားတွေက ကြားနေကျ အသံမျိုး (ဂက်စ်ပေါက်သံ) လို့ထင်တာ။ အဲဒီကားတွေက ဖြစ်နေကျလေ။ ဒါပေမယ့် စိတ်ထဲက သွားကြည့်ချင်လို့ သွားတော့ ဗုံးပေါက်နေတာပဲ” ဟု စမ်းချောင်း ကျွန်းတောလမ်းနေ ပြည်သူတဦးက ပြောသည်။

“ရဲတွေများတယ်။ ပေါက်ပြီး (၁၅) မိနစ်တောင် မကြာဘူး ရောက်လာကြတာပဲ။ လူနာတင်ကားရောက်လာတယ်၊ ပြီးတော့ ပန်းခြံထဲမှာ ထပ်မံရှာဖွေရေးတွေ လုပ်ကြတယ်ဗျ” ဟု မြေနီကုန်း မီးပွိုင့်အနီး နေသူတဦးက ဆိုသည်။

ပဒုမ္မာပန်းခြံတွင် နေ့လယ်ပိုင်း၌ အိမ်သာတက်သူအချို့နှင့် တောင်းရမ်းစားသောက်သူ ကလေးအချို့ ဆော့ကစားတတ်ကြောင်း၊ ရံဖန်ရံခါ စုံတွဲအချို့ ထိုင်တတ်ကြောင်း၊ ညဘက်တွင် မီးရရှိမှု တခါမှ မရှိကြောင်း၊ မှောင်နေသည့်အတွက် တဦးတယောက်မှ အပန်းဖြေလေ့ မရှိကြောင်း စမ်းချောင်းသား တဦးက ပြောသည်။

“ပန်းခြံထဲမှာ ပိုက်ဆံတောင်းတဲ့ ကလေးတချို့ ညဘက်အိပ်လေ့ရှိတယ်” ဟု ပဒုမ္မာ ပန်းခြံအနီး နေသူတဦးက ပြောသည်။

မတ်လ (၃) ရက်နေ့ ည (၁၁) နာရီကျော်တွင် လှည်းတန်း မီးပွိုင့်ထောင့်ရှိ ယာဉ်ထိန်းရဲဆောင် အနီး ပန်းခြံထဲတွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားကြောင်း လှည်းတန်း မီးပွိုင့်အနီး အင်းစိန်လမ်းမပေါ်တွင် နေထိုင်သူတဦးက ပြောသည်။

“ဗုံးပေါက်တယ်လည်းပြောရော ချက်ချင်းရောက်လာကြတယ်။ ရဲတွေပေါ့ဗျာ။ ပြီးတော့ သည်းသည်းလှုပ်ပြီး ပန်းခြံထဲကို ဘယ်သူမှ မ၀င်ရ ဆိုပြီး ပိတ်တယ်။ အဲဒီပန်းခြံကို ဘယ်သူမှ ၀င်ပြီး အပန်းမဖြေဘူး အဲဒါအသေ အချာပဲ၊ ဗုံးပေါက်တဲ့ ပန်းခြံဟာ ယာဉ်ထိန်းရဲတွေနဲ့ နီးတဲ့နေရာပဲ” ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ဗုံးပေါက်မှု နှစ်ခုလုံးတွင် သေဆုံးသူ မရှိကြောင်း၊ ထိခိုက်ဒဏ်ရာလည်း မရရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်မှာ စစ်အစိုးရက ထောင်သားပေါင်း ခြောက်ထောင်ကျော်ကို (၂၁.၂.၂၀၀၉) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်း ပထမဦးဆုံး ပေါက်ကွဲသော ဗုံးဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ဘိန်းဖြူမှောင်ခိုဂိုဏ်း နှိမ်နင်းရာမှ ၅ ဦး ထိန်းသိမ်း

မတ်လ 04 2009

ရန်ကုန် (မဇ္ဈိမသတင်း)။ ။ နိုင်ငံတကာ မူးယစ်မှောင်ခို ကုန်သွယ်မှု လုပ်ငန်းကြီးနှင့် ဆက်စပ်ပြီး အနည်းဆုံးလူ ၅ ဦးကို ဇန်နဝါရီလကတည်းက စတင် ဖမ်းဆီးထားခဲ့ကြောင်းဖြင့် စစ်ဘက် အသိုင်းအဝိုင်း သတင်းရပ်ကွက်များမှ ပြောကြားပါသည်။

စင်္ကာပူသို့ ထွက်ခွါမည့် သင်္ဘောပေါ်ရှိ ကွန်တိန်နာများအတွင်းမှ ဘိန်းဖြူ ဘလောက်တုံး ၈၃ တုံးကို ဇန်နဝါ၇ီလ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အထက်တန်းလွှာ ရပ်ကွက်များအတွင်း ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့အပြီး ဖမ်းဆီးမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အကြီးဆုံး စီးပွါးရေးမြို့တော်၏ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဒ် (Asia World) ဆိပ်ကမ်းတွင် ဆိုက်ကပ် ထားသည့် စင်္ကာပူသို့ ထွက်ခွါမည့် စင်္ကာပူအလံ လွှင့်တင်ထားသော Kota Tegap သင်္ဘောပေါ်မှ (Jewellery Lucky Company) JLC ကုမ္ပဏီပိုင် ကုန်သေတ္တာ ၃ လုံးအတွင်း ထည့်သွင်းထားသော သစ်လုံးများ အတွင်းမှ ဘိန်းဖြူထုပ် များကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ဤဆိပ်ကမ်းမှာ ယခင်ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ထွန်းမြင့်နိုင် ပိုင်ဆိုင်ပြီး အမေရိကန် ဘဏ္ဍာရေးဌာန၏ နာမည်ပျက်စာရင်း သွင်းထားခြင်းခံရသူ ဖြစ်သည်။

ဤသို့ ရန်ကုန်ဆိပ်ကမ်းတွင် စီးနင်း ရှာဖွေအပြီး၊ ရဲတပ်ဖွဲ့က လှိုင်သာယာမြို့နယ်ရှိ FMI City အတွင်း ရှာဖွေဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်ခဲ့ကာ နောက်ထပ် ဘိန်းဖြူ ဘလောက်တုံး ၃၂ဝ ထပ်မံ ဖမ်းဆီး ရမိခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။

ရဲတပ်ဖွဲ့က JLC ကုမ္ပဏီ၏ အကြီးအကဲဖြစ်ဖွယ်ရှိသော ကျော်စိန်ကို ယင်း၏ ယောက်ဖဖြစ်သူ ရှီအန်း၊ ပို့ကုန်တာဝန်ခံ ဦးဝင်းညွန့်၊ တရုတ် အမျိုးသမီး တဦး အပါအဝင် အခြား တရုတ်နိုင်ငံသား ၃ ဦးတို့နှင့်အတူ ဘိန်းဖြူမှုနှင့် ဖမ်းဆီးခဲ့သည်။ သူတို့ကို ယခုအခါ တရားမဝင် မူးယစ်ဆေးဝါး ထိန်းချုပ်မှု ဥပဒေများဖြင့် အရေးယူ တရားစွဲဆိုထားသည်။

သို့သော် ကိုးကန့် တိုင်းရင်းသားဖြစ်သည်ဟု ဆိုသူ ဦးကျော်စိန်ကို တပတ်ခန့်ကြာမျှ ခဏတာမျှသာ ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။

“သူက ရဲအချုပ်မှာ တပတ်လောက်ပဲနေပြီး ပြန်လွတ်သွားတာ။ သူ့ကို စွဲထားတဲ့ အမှုအားလုံးလဲ ခုတော့ပိတ်လိုက်ပြီ” ဟု ထိုသတင်းရပ်ကွက်က ဆက်လက်ပြောဆိုခဲ့သည်။

သို့သော် ကျန်တရားခံများကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့ ပါဝင် ပတ်သက်နေသည်ဟု သံသယရှိသော မူယစ်ဂိုဏ်းကို ဖော်ထုတ်နိုင်ရန် အတွက် စစ်ကြောမှုများ ဆက်လက် ပြုလုပ်နေသည်။

သူတို့ထဲမှ အချို့ကို ရှေးဦးစွာ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါး ပပျောက်ရေးပြတိုက် နှင့် ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းရှိ နေရာတို့တွင် ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် အမည်မသိနေရာသို့ ပြောင်းရွှေ့ ခေါ်ဆောင်သွားသည်။

သို့သော် Mr. Shell ဟုသိရသူ အခြား တရုတ်အမျိုးသား မသင်္ကာသူ တဦးမှာ ဝ တိုင်းရင်းသားများ ထိန်းချုပ်ရာ ဒေသ အတွင်းသို့ ထွက်ပြေး လွတ်မြောက် ခိုအောင်သွားသည်ဟု ရဲတပ်ဖွဲ့၏ အပြောအရ သိရသည်။

ကနဦး စစ်ကြောမှုများကို ရဲအထူးသတင်းတပ်ဖွဲ့ (SB) နှင့် မှုခင်းတပ်ဖွဲ့ (CID) အမျိုးသမီးတာဝန်ခံ ဒေါ်ရီရီ အပါအဝင် ရဲအရာရှိများက ဆောင်ရွက်ခဲ့ကြသည်ဟု JLC ကုမ္ပဏီနှင့် နီးစပ်သူ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ဤသို့ စစ်ကြောမှုများ ပြုလုပ်အပြီး၊ ဘိန်းဖြူများကို မြန်မာနိုင်ငံ အရှေ့ပိုင်း ပင်လုံနယ်မှ ကုန်ကားဖြင့် ရန်ကုန်မြို့သို့ ရှမ်း ပြည်နယ်မြို့တော် တောင်ကြီးကိုဖြတ်၍ သယ်ဆောင် လာခဲ့ကြောင်းဖြင့် စွပ်စွဲခံရသူတဦးက ထုတ်ဖော်ပြောဆိုပါသည်။

ဘိန်းဖြူများကို ကုန်ကားအတွင်းရှိ အံဝှက်များအတွင်း ထည့်သွင်း သယ်ဆောင်လာခဲ့ပြီး ကုန်ကားမောင်းသူကို ကျပ်ငွေ ၁၃ သန်း ပေးခဲ့ရသည်ဟု ထွက်ဆိုသည်ဟု ရဲတပ်ဖွဲ့၏ ကနဦး စစ်ကြောချက်များအရ သိရကြောင်း ထိုသတင်းရပ်ကွက်က ပြောသည်။

ဝင်းညွန့်က ရန်ကုန်မြို့ရှိ လူချမ်းသာရပ်ကွက် အတွင်းရှိ အိမ်များသို့ သစ်သားပြားများ သွားရောက် ပို့ပေးခဲ့ပြီး၊ သင်္ကာမကင်း ခံရသူ တရုတ် အမျိုးသားများက ဘိန်းဖြူ ဘလောက်တုံးများကို လချေးပြားများ၊ သတင်းစာ စာရွက်များ၊ ပလပ်စတစ်စ များဖြင့် ထုပ်ပိုးပေးခဲ့ကြသည်ဟု စုံစမ်းစစ်ဆေးမှုများ အရသိရသည်။

ယခု ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ကာလပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ရှိသည်ဟု ခန့်မှန်းကြသည်။

ဤဘိန်းဖြူများကို သစ်သားပြားများအတွင်း ဝှက်၍ သယ်ဆောင်ကာ ထိုင်ဝမ်နိုင်ငံသို့ တင်ပို့လိမ့်မည်ဟု နိုင်ငံတကာ မူးယစ်ဆေးဝါး အေဂျင်စီက မြန်မာရဲတပ်ဖွဲ့ကို သတင်းပေးခဲ့သည်ဟု ထိုသတင်းရပ်ကွက်က ပြောပါသည်။ တချိန်တည်းတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူဟု မသင်္ကာ ခံရသူများ၏ အမည်များ၊ သင်္ဘော၏ အမည်နှင့် ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘော ထွက်ခွါမည့် ရက်များကိုပါ ပေးပို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ဤသတင်းကို ရရှိပြီးနောက် ရေတပ်က သင်္ဘောကို Asia World ဆိပ်ကမ်း ပြန်ကပ်ခိုင်းခဲ့ပြီး၊ ဤအမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဤအမှုတွင် စုစုပေါင်း ဘိန်းဖြူ ၁၈ဝ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်။

သို့သော် ကျော်စိန်အား စစ်ကြောနေစဉ်အတွင်း လွှတ်ပေးလိုက်ခြင်း၏ နောက်ကွယ်တွင် တစုံတရာ ရှိသည်ဟု သံသယများ ဖြစ်ပေါ်နေကြသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ထိုသို့ စစ်ကြောရေး လုပ်ငန်းများ လုပ်နေစဉ်အတွင်း
JLC ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ သောင်းထိုက်မင်းမှာ စစ် ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ် ဆက်သွယ် လုပ်ကိုင်နေသည်ကို တွေ့ခဲ့ရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“သူ့ (သောင်းထိုက်မင်း) ကို မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ သမီး မင်္ဂလာဆောင်မှာ တွေ့ရတယ်” ဟု ထိုသတင်းရပ်ကွက်က ပြောသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်၏သမီး ယဉ်သူဇာနှင့် သတို့သား ဗိုလ်ကြီး ဟန်ဝင်းအောင်တို့၏ လွန်ခဲ့သော ဇန်နဝါရီ နှောင်းပိုင်းက နေပြည်တော်ရှိ အစိုးရ ဧည့်ဂေဟာတွင် ကျင်းပခဲ့သော မင်္ဂလာ ဧည့်ခံပွဲတွင် စစ်အစိုးရနှင့် နီးစပ်သူ စီးပွါးရေးသမား အများ အပြားက မင်္ဂလာလက်ဖွဲ့များ ပေးအပ်ခဲ့ကြသည်ဟု နေပြည်တော် သတင်းရပ်ကွက်များက ပြောပါသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျရောက်သော တရုတ်နှစ်သစ်ကူး ကာလအတွင်းကလည်း ဦးကျော်စိန်က မြန်မာ ထိပ်တန်းဗိုလ်ချုပ်ကြီး ၁၄ ဦးကို တလုံးလျှင် ကျပ်သိန်း ၁ဝဝ စီတန်သော နာရီများ လက်ဆောင် ပေးခဲ့သည်ဟု ထိုသတင်းရပ်ကွက်များက ဖြည့်စွက် ပြောကြားခဲ့ကြသည်။

JLC ကုမ္ပဏီကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ပြီး ဟိုတယ်လုပ်ငန်းများ၊ ကာရာအိုကေ ခန်းမများ ဖွင့်လှစ်ခြင်း၊ အနှိပ်ခန်းများ နှင့် ဒစ်စကို ကလပ်များကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လုပ်ကိုင်ခဲ့သည်။ ၂ဝဝ၄ ခုနှစ် နောက်ပိုင်း တွင် ထိုကုမ္ပဏီ သည် သစ်နှင့် သစ်မာများ သွင်းကုန်ထုတ်ကုန် လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။

ဝတိုင်းရင်းသား စီးပွါးရေးသမားတဦးဖြစ်ပြီး၊ စည်းလုံး ညီညွတ်သော ဝ ပြည် တပ်မတော် (UWSA) ဥက္ကဌ ပေါက်ယို ချန်း၏ သားမက်ဖြစ်သူ အိုက်ဟော့ ခေါ် ရှောက်ဟော် သည် JLC ကုမ္ပဏီကို အတူ တည်ထောင်သူ တဦးဖြစ်ပြီး၊ ကုမ္ပဏီမှ ၂ဝဝ၄ ခုနှစ်နှောင်းပိုင်းတွင် ထွက်ခွါသွားခဲ့သည်ဟု အတွင်းလူတဦးက ပြောသည်။

JLC ကုမ္ပဏီ၏ ရုံးချုပ်သည် ရန်ကုန်မြို့လယ်ရှိ ဦးကျော်စိန် ပိုင်ဆိုင်သည်ဟု ယုံကြည်ရသော အိုလံပစ် ဟိုတယ်တွင် တည်ရှိသည်။

ထို့ပြင် JLC ကုမ္ပဏီသည် ဝန်ထမ်းများကို လစာအများဆုံး ပေးသော ကုမ္ပဏီလည်း ဖြစ်သည်ဟု သိရှိ ထားကြပြီး၊ အထွေထွေ မန်နေဂျာတဦးလျှင် လစာတလလျှင် ကျပ် ၅ သန်းမှ ၁ဝ သန်းအထိ ရသည်။ စစ်တပ် ဗိုလ်ချုပ်ကြီးများ နှင့်လည်း အလွန်ခိုင်မာသော ဆက်ဆံရေး ရှိသည်ဟု ထိုသတင်းရပ်ကွက် ဆက်လက် ပြောကြားပါသည်။

(ဆလိုင်းပီးပီးက အချက်အလက်များ ဖြည့်စွက် တင်ပြသည်)

Ref: မဇ္ဈိမ

Read More...

Wednesday, March 4, 2009

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၃)

‘၁၉၂ဝ ပထမ တက္ကသိုလ်သပိတ်’
အောင်ဝေး
ဖေဖော်ဝါရီ ၁၊ ၂၀၀၉

‘သြော် – ဝေးခရီးပေမဲ့၊ အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာ ပါစမြဲပေမို့၊ ဆရာလည်းကွာ မြန်မာ့ ပလ္လင်မှာ၊ သမ္မတ ရှင်ဘုရင် မလူးခင်ပ၊ ထဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့၊ ထီမထင် ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းအပေါ်ဖျားမှလ၊ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့’

မြန်မာပြည်မှာ ၁၉၂ဝ ပထမ တက္ကသိုလ် ကျောင်းသား သပိတ်ကြီး ဖြစ်တော့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းက အားပေး ထောက်ခံလိုက်တဲ့ ကဗျာပါ။

‘အမျိုးသားနေ့အစ၊ ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက’ လို့ ဆိုရိုး ရှိတဲ့အတိုင်း နဝမ အကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်ကြီးက အဲဒီသပိတ်ကြီး စခဲ့တဲ့ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁ဝ)ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

အမျိုးသားနေ့၊ တနည်း ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် နိုင်ငံရေး နိုးကြားမှု အုတ်မြစ် ချပေးနိုင်ခဲ့တဲ့ မဟာအောင်ပွဲ ဖြစ်ပါတယ်။

တက္ကသိုလ် သပိတ် မတိုင်မီ မြန်မာပြည် အနေအထားကို ကြည့်ရင်တော့ ၁၉ဝ၆မှာ Young Man Buddhist Association (YMBA) လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးရဲ့ ဝံသာနု အရေးတော်ပုံ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တယ်။ အပေါင်းဘဝင် ချမ်းစေဖို့၊ အကောင်းတမင် မှန်းမှန်းပြီး၊ ဒေါင်းအဆင်ဆန်းတွေနဲ့ ပဝါအလံ ထူတဲ့အချိန်။ ‘အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်ကြ’ ဆိုတဲ့ ကြွေးကြော်သံတွေ ကျယ်လောင်လာတဲ့ အချိန်။

ဗြိတိသျှ ကိုလိုနီ လက်အောက်မှာ ၁၉၂ဝ တက္ကသိုလ် သပိတ်ကြီးက ကိုလိုနီ ကျွန်ပညာရေး စနစ်ကို တိုက်ရိုက် ဆန့်ကျင် ရိုက်ချိုးခဲ့တာပါပဲ။ ဒီသပိတ်ကြီးရဲ့ အဓိက ရည်ရွယ်ချက်တွေက (၁) အမျိုးသား လွတ်မြောက်ရေးစိတ်နဲ့ ကိုလိုနီ ဖိနှိပ်မှုကို ဆန့်ကျင်ရေး၊ (၂) အမျိုးသား သခင်ပညာရေး စနစ် တည်ထောင်ရေးတို့ ဖြစ်တယ်။

ကိုလိုနီ ခေတ်ဦးမှာ ဗြိတိသျှအစိုးရဟာ ကိုလိုနီယန္တရားကို အထောက်အကူပြုဖို့ ဂျပ်ဆင်ကောလိပ်နဲ့ ရန်ကုန်ကောလိပ် တို့ကို ဖွင့်ပေးခဲ့တယ်။ ဒါပေမဲ့ သီးခြားကောလိပ်တွေတော့ မဟုတ်ဘူး။ အိန္ဒိယနိုင်ငံ၊ ကလကတ္တား တက္ကသိုလ် အုပ်ချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ ၁၉၂ဝပြည့်နှစ် ဒီဇင်ဘာရောက်မှ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေ ပြဌာန်းပြီး ရန်ကုန်တက္ကသိုလ်ကို မြန်မာနိုင်ငံရဲ့ သီးခြား တက္ကသိုလ်အဖြစ် ခွင့်ပြုခဲ့တာပါ။

၁၉၂ဝ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိက မြန်မာပြည်ဘုရင်ခံ ဆာရက်ဂျီနယ် ကရက်ဒေါက်ပါပဲ။ ကျောင်းအုပ်ကြီးက မစ္စတာ အာရ်အယ်လ်ဟောင်းဝပ် လို့ ဆိုပါတယ်။ အဲဒီ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို မကျေနပ်လို့ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုမြ စတဲ့ ကျောင်းသားကြီးတွေက ဦးဆောင်ပြီး သပိတ်မှောက်ခဲ့ကြတာ ဖြစ်တယ်။

ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေ ပြဌာန်းချက်တွေထဲက တချို့ အချက်အလက်တွေကို ပြင်ဆင်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုကြပါတယ်။ ဒါပေမဲ့ တက္ကသိုလ် အဓိပတိက လျစ်လျူရှုခဲ့ပါတယ်။

အဲဒီမှာပဲ တက္ကသိုလ်ကျောင်းသားကြီးတွေက (၂၁)ဦး ပါဝင်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားထု ကိုယ်စားပြု သပိတ်ကော်မတီကို ဖွဲ့စည်းလိုက်ပြီး သမိုင်းတွင်မယ့် ပထမ တက္ကသိုလ်သပိတ်ကြီးကို စတင်လိုက်ကြပါတော့တယ်။

ဒီတက္ကသိုလ် ပထမသပိတ်ကြီးဟာ မြန်မာတို့ နယ်ချဲ့ လက်အောက် ကျွန်ဘဝ ရောက်ခဲ့ရတဲ့ ကာလတလျှောက် ပြည်သူတရပ်လုံး ပထမဆုံးအနေနဲ့ နယ်ချဲ့ အစိုးရကို ဥပဒေဘောင်အတွင်းက ရင်ဆိုင်အန်တု စိန်ခေါ်ခဲ့တဲ့ နိုင်ငံရေး နိုကြား အုံကြွမှုကြီးပါပဲ။ သပိတ်ကြီးဟာ တပြည်လုံးကို နေ့ချင်းညချင်း ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။

တက္ကသိုလ် ပထမ သပိတ်ကြီးနဲ့ ဆက်စပ်ပြီး ဆရာဇော်ဂျီ ပြောပြခဲ့ ဖူးတာကို ကျနော် ပြန်အမှတ်ရ မိပါတယ်။ ဆရာဇော်ဂျီက ရန်ကုန်မှာ တက္ကသိုလ် ကျောင်းသားကြီးတွေ သပိတ်မှောက်ကြတဲ့ အချိန်က သူ (ဆရာဇော်ဂျီ) လည်းပဲ ခုနစ်တန်းကျောင်းသား အဖြစ်နဲ့ ဖျာပုံမြို့ကနေ ထောက်ခံ သပိတ်မှောက်ခဲ့တဲ့အကြောင်း ဂုဏ်ယူ ပြောပြခဲ့တာပါ။

နောင်မှာ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတဲ့အခါမှာ ဆရာဇော်ဂျီဟာ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့်တို့လို အမျိုးသားကျောင်းမှာ ဆရာဖြစ်လာ ခဲ့ပါတယ်။ ဒီ အမျိုးသား ကျောင်းတွေကပဲ ဗိုလ်ချုပ်အောင်ဆန်း တို့လို လွတ်လပ်ရေးကို အရယူပေးမယ့် ကျောင်းသား မျိုးဆက်တွေကို မွေးထုတ် ပေးနိုင်ခဲ့တာပဲ မဟုတ်လား။

၁၉၂ဝ ပထမတက္ကသိုလ် သပိတ်ကြီးမတိုင်ခင်က ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ ဝံသာနု လှုပ်ရှားမှုတွေပဲ ရှိခဲ့ရာက သပိတ်ကြီး ပြီးတော့ နိုင်ငံရေး ဒီရေ တဆင့် တက်လာပြီး ၁၉၂၁ မှာ General Council of Burmese Association (GCBA) လို့ ခေါ်တဲ့ မြန်မာ အသင်းချုပ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့ပါတော့တယ်။

၁၉၂ဝ သပိတ်ကြီးရဲ့ အရှိန်ဟာ ဘယ်လောက်အထိ ကျယ်ပြန့် ရိုက်ခတ်ခဲ့သလဲ ဆိုရင် ၁၉၂၉မှာ တကမ္ဘာလုံး စီးပွားပျက် ကပ်ကြီး ဆိုက်တဲ့ အချိန် မြန်မာပြည် တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာစေတဲ့ အထိပါပဲ။

၁၉၃ဝပြည့်နှစ် ဒီဇင်ဘာလမှာ ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာကတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ဆိုတဲ့ ဂဠုန်ဆရာစံ ဦးဆောင်တဲ့ နယ်ချဲ့ ဆန်ကျင်ရေး လက်နက်ကိုင် ပုန်ကန်မှု ဖြစ်ခဲ့ပါတယ်။ ဆရာစံဟာ ဂျီစီဘီအေ အဖွဲ့ဝင်တဦးပါ။ မြန်မာတို့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးဟာ ဥပဒေတွင်း တိုက်ပွဲကနေ လက်နက်ကိုင်တိုက်ပွဲ အသွင်ကို ကူးပြောင်းခဲ့တာပါပဲ။

၁၉၂ဝ ပထမတက္ကသိုလ် သပိတ်ကြီးနဲ့ ပတ်သက်လို့ လေးစားလောက်တဲ့ သမိုင်းဝင် မှတ်ချက်တခုကတော့၊ အင်္ဂလိပ် စာရေးဆရာကြီး မောရစ်ကောလစ်က သူ့ရဲ့ ‘Last and First in Burma’ ဆိုတဲ့ စာအုပ်မှာ ‘မြန်မာနိုင်ငံ သမိုင်းတွင် ၁၉၂ဝ ပြည့်နှစ် နိုင်ငံရေး လှုပ်ရှားမှုသာ မပေါ်ပေါက်ခဲ့လျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ထိုမျှ စောလိမ့်မည် မဟုတ်’ လို့ ရေးသားခဲ့တဲ့ အချက်ပါပဲ။

၁၉၂ဝ တက္ကသိုလ်ကျောင်းသားတွေ ပထမဆုံး သပိတ်မှောက်ခဲ့တဲ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် စနေထောင့်မှာ တည်ထားတဲ့ စေတီနဲ့ ကမ္ဗည်း ကျောက်စာတိုင်ကိုတော့ နအဖ စစ်အုပ်စုက မတရားပိတ်ပင် အမှောင်ချထားလို့ နောက်မျိုးဆက် ကျောင်းသားတွေ ဖူးမျှော်ခွင့်၊ အလေးပြုခွင့် မရတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုဆိုရင် ဒီသပိတ်ကြီးရော၊ အမျိုးသားနေ့ရော၊ ရန်ကုန် တက္ကသိုလ်ကြီးရော (၈၈) နှစ်ပြည့်ရောက်လို့ (၈၈)ကြိမ် မြောက်ခဲ့ပါပြီ။ ဒီနေ့အချိန်မှာလည်း ကျောင်းသားတွေဟာ ပြည်သူလူထုကြီး ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး စစ်အာဏာရှင်စနစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင် အန်တုနေဆဲပဲ မဟုတ်ပါလား။ ။

Ref: မိုးမခ

Read More...

Tuesday, March 3, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း(၅)

၂ မတ် ၂၀၀၉

နအဖ စစ်အာဏာရှင်တွေဟာ အပစ်ရပ်လက်နက်ကိုင် တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲ ဖြစ်ကြပြီဆိုရင် ဖျန်ဖြေ ပေးသလိုလိုနဲ့ အမြတ်ထုတ် အခွင့်အရေး ယူကြတာတွေ၊ နိုင်ထက်စီးနင်း လုပ်ကြတာတွေ၊ ကိုယ်ကျိုးစီးပွား အဓိကထား အဂတိ လိုက်စား အကျိုးအမြတ် ရယူတာတွေကို တင်ပြသွားပါမယ်။ ကိုးကန့် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ဟာ နအဖနဲ့ အရင်ဦးဆုံး ငြိမ်းချမ်းရေး ယူလိုက်တဲ့ အဖွဲ့ဖြစ်သလို နအဖရဲ့  နိုင်ထက်စီးနင်း လုပ်ပုံကဖြင့် သူတို့မှာ မရှုမလှ ခံခဲ့ရပါတယ်။ ဖြစ်စဉ်မှာ ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်နဲ့ ဖုံကြားဖူး တို့ဟာ ရန်မိုးလျန် ညီအစ်ကို နှစ်ဦးက ကိုးကန့် ပင်မတပ်ကို စည်းရုံးပြီး အာဏာ သိမ်းလိုက်တာကြောင့် ဦးစိုင်းလင်းတို့ထံ ထွက်ပြေးခဲ့ရတာကို စတင် ပြောပြရမှာ ဖြစ်ပါတယ်။

အထူးဒေသ (၄) အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းဟာ ဖုံကြားရှင်ရဲ့  သမီးကို ယူထားလို့ အမျိုးတော်တာမို့ ယောက္ခမအရေး ရတက် မအေးနိုင်ဘဲ “၀” တပ်အင်အား (၃,၀၀၀) စစ်ကူပေးလိုက်ပါတယ်။ ဖုံကြားရှင်တို့ တပ်ဟာ ရန်မိုးလျန် တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေ ချိန်မှာတော့ မြန်မာတပ်အနေနဲ့ “ကြားနေ” နေဖို့ ပထမတုန်းက မှာထားတယ်လို့ သိရပါတယ်။ ဒီနေရာမှာ ကုန်းကြမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော် တခွင်က အပစ်ရပ် အဖွဲ့တွေဟာ ဘိန်းချက်၊ ဘိန်းရောင်းဝယ်မှုများအပေါ် ချုပ်ကိုင်ထားပါတယ်။ သူတိုရဲ့  လာဘ်လာဘ ထိုးထားမှုကြောင့် ဗျူဟာမှူးမှ ရမခ တိုင်းမှူး အဆက်ဆက် ယခု ထိပ်ပိုင်း စစ်အာဏာရှင်တွေအထိ အဂတိ လိုက်စားကြတာမို့ တိုင်းရင်းသား အဖွဲ့တွေက သူတို့ကို အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်သိမ်း တယောက် ကိုးကန့်တွေ အပေါ် ပြောဆိုလို့ မပြီးတော့ဘဲ ဘေးကျပ် နံကျပ် ဖြစ်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်အရ ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်း (ယခု ၀န်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန) တွေရဲ့  တပ်တွေဟာ ချင်းရွှေဟော်မှာ ဖုံကြားရှင်တို့ တပ်တွေနဲ့ လမ်းသာခြားပြီး ကပ်နေတဲ့ အနေအထားအတိုင်း ပထမတော့ အေးအေး ဆေးဆေးသာ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေးဟာ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ အကြံကြီးစွာနဲ့ ကက (ကြည်း) ကိုအမိန့် ထုတ်ခိုင်းပါတော့တယ်။ အဲဒီနောက် လားရှိုး ရမခမှ (၁၀၅) မမ၊ (၇၆) မမ အမြောက်ကြီးများ တင်ထားတဲ့ ယာဉ်တန်း (၂၀) စီးခန့်ကို ကိုးကန့်နယ်မြေ လုံခြုံရေးအတွက်ဆိုကာ စေလွှတ်ပြီး လောက်ကိုင်ကို ချင်းရွှေဟော်မှတဆင့် ဖြတ်သန်းရန်နဲ့ ဖြတ်ခွင့်မရပါက တားဆီးတဲ့ ကိုးကန့် အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရန်ပါ ညွှန်ကြားလိုက်ပါတယ်။

အပစ်ရပ် အဖွဲ့တွေနဲ့ နအဖတို့ ငြိမ်းချမ်းရေး ညှိနှိုင်းထားချက်အရ ချင်းရွှေဟော်မှ သူတို့ နယ်မြေကို ဖြတ်သန်းမယ်ဆိုရင် လက်နက်ဆိုလို့ အပ်တချောင်းမှ မယူရလို့ ပါရှိလေရာ ဒီအတိုင်းဆိုပါက အခြေအနေမှာ တော်တော် တင်းမာနေကြပြီ ဖြစ်ပါတယ်။ ဒီအတိုင်းဆို လက်အောက်ခံတပ်က ကြားနေလို့ မရတော့ဘဲ ကိုးကန့်နယ်မြေဟာ စစ်တလင်း ဖြစ်မယ့် အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့ (၂) ဖွဲ့ကို ညှိနှိုင်းဖို့ စေလွှတ်ထားတဲ့ စစ်မဟာဗျူဟာ လေ့လာရေးဌာနမှ ဒုဗိုလ်မှူးကြီး သန်းအေးနဲ့ ကကလှမ်းမှ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ကွမ်းလုံ အရာရှိ ရိပ်သာမှာ ညနက်သန်းခေါင် နှိုးပြီး စကခ (၁) တပ်မမှူး ဗိုလ်မှူးချုပ် သီဟသူရတင်အောင်မြင့်ဦး (ယခု အတွင်းရေးမှူး (၁) ) က သူနဲ့ အရေးပေါ် တွေ့ဆုံဖို့ ခေါ်ယူလိုက်ပါတယ်။

စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်းကတော့ ဖုံကြားရှင်တို့ရဲ့  ဘိန်းကရတဲ့ အခွန်အကောက်နဲ့ ပေးကြွေးခွံ့ထားလို့ ကိုးကန့်နယ်မြေ ဖြတ်သန်းခွင့်ကို ပြောဆိုဖို့ မရနိုင်တော့ဘဲ “ချ” တိုက် ရမယ့် အခြေအနေ ရှိနေတာမို့ စေ့စပ်ကူညီပေးရန် တပ်မမှူးက ကကလှမ်း အဖွဲ့အား ပြောရပါတော့တယ်။ ကကလှမ်းအနေနဲ့လည်း ကကကြည်းရဲ့  အကြံ အစည်ကို အကောင်အထည်ဖော်ဖို့ မှာထားတာရှိတဲ့အတွက် ညတွင်းချင်း ကားဖြင့် ကိုသန်းအေးနဲ့ ကိုအောင်လင်းထွဋ် တို့နှစ်ဦး ချင်းရွှေဟော်သို့ ထွက်လာခဲ့ကြပါတယ်။ ဖုံကြားရှင်တို့ကို ကကလှမ်း အဖွဲ့က ယုံကြည်လာအောင် စည်းရုံးသိမ်းသွင်း ခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားတွေဟာ ရိုးသားကြတာမို့ ဖုံကြားရှင်က ကိုသန်းအေးတို့ကို ယုံကြည်လာပြီး ဖုံကြားရှင်က ပြောဆိုရာမှာ “လက်အောက်ခံ ရဲဘော်တွေ အပေါ် အခြားတပ်များ မိမိနယ်မြေသို့ လက်နက်ကိုင်ဆောင် ဖြတ်သန်းခွင့် မပြုရ” ဆိုတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ပြတာမျိုးနဲ့ ကိုးကန့် လူမျိုးတွေရဲ့ တရားခံ အဖြစ်မခံနိုင် တာကြောင့် ဗိုလ်မှူးကြီးတို့ရဲ့  တပ်ကားပေါ်က အမြောက်တွေကို မိုးကာနဲ့ ဖုံးအုပ် ထားဖို့ သိသာသိ မမြင်စေဖို့ ပြောရင်း သူကိုယ်တိုင် ဂိတ်ကို လိုက်ပို့ကာ သူ့ရဲဘော်တွေကို ဖြတ်သန်းခွင့် အမိန့်ပေးခဲ့ပါတယ်။

အဲဒီမှာ ဗိုလ်မှူးကြီး မောင်မောင်သိမ်းဟာ ကိုးကန့်နဲ့ ထိပ်တိုက်မတွေ့ဘဲ အထက် အမိန့်ကိုလည်း အကောင်အထည် မဖော်နိုင်လို့ မျက်ရည်တွေ ကျလာပြီး ၀မ်းသာလို့လား၊ ၀မ်းနည်းလို့လား ဆိုတာကတော့ သူသာ အသိဆုံးဖြစ်တာမို့ ကိုသန်းအေးနဲ့ ဖုံကြားရှင် တို့ကို ဖက်ကာ ငိုပါတော့တယ်။ သူက ဖုံကြားရှင်တို့ရဲ့  ကျွေးမွေးတာကို မျိုဆို့ထားတာမို့ သူ့ရဲ့  ပါးစပ်က “ဆွံ့အ” နေတာကိုတော့ ဆရာဝန်ထံ ပြရမလို ဖြစ်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ စစ်တပ်ယာဉ်တန်းကြီးဟာ လောက်ကိုင်သို့ ရောက်ရှိသွားပြီး အမြောက်လုံခြုံရေး အကြောင်းပြကာ စကခ (၁) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဌေး ဦးစီး တပ်ရင်း (၃) ရင်းလည်း လိုက်ပါ သွားခဲ့ပါတယ်။ အခုဆိုရင် ကိုးကန့်နယ်မြေကို နအဖက အမြတ်ထုတ် သိမ်းပိုက်လိုက်ပြီး လောက်ကိုင် စစ်ဗျူဟာအဆင့်မှ လောက်ကိုင် (ဒကစ) အဆင့်အထိ တပ်များ တိုးချဲ့ ကာ ခြေကုပ်ယူ အခိုင်အမာ တပ်တွေ တည်ဆောက် နိုင်ခဲ့ပါတော့တယ်။

ဒီသင်ခန်းစာ ရယူပြီး UWSA ဟာ နောက်ပိုင်းမှာ မြန်မာ တပ်တွေကို ယုံကြည်မှု မရှိတော့ဘဲ “၀” ရဲ့  နယ်မြေတွေကို မြန်မာတပ်များအား လုံးဝ အ၀င်မခံတော့တာ တွေ့ရပြီး မြန်မာတပ်တွေ ရွေ့ ပြောင်းတိုင်းလိုလို ပြဿနာ တက်နေတာကို တွေ့ရပါတယ်။ လောက်ကိုင်မှာ မြန်မာတပ် အခိုင်အမာ တပ်စွဲရခြင်းရဲ့  တရားခံဟာ ဖုံကြားရှင် ဖြစ်ပေမယ့် ဖုံကြားရှင်ကို အသုံးချခံ ဘ၀ရောက်အောင် စစ်အာဏာရှင်တွေက စည်းရုံးဖျားယောင်း သိမ်းသွင်းပြီး နိုင်ထက်စီးနင်း လုပ်နေတာတွေ သမိုင်း စာမျက်နှာ တရပ်အနေနဲ့ ဖော်ထုတ်ကာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့များ အားလုံး သုံးသပ်နိုင်အောင် တင်ပြလိုက်ရပါတယ်။

ချင်းရွှေဟော်၊ လောက်ကိုင် ကုန်းကြမ်းနယ်မြေတွေမှာ ဖုံကြားရှင် ကိုးကန့်အဖွဲ့၊ ရန်မိုးလျန် ကိုးကန့်အဖွဲ့၊ ကချင်မှ မုန်ဆာလတို့ အဖွဲ့ဆိုပြီး သုံးဖွဲ့ ရှိရာ မုန်ဆာလက ပထမတော့ ကိုးကန့်နှစ်ဖွဲ့လုံးကို လက်မခံခဲ့ပါ။ ရန်မိုးလျန်ဘက်မှ အားကိုးရတဲ့ ကိုးကန့် တပ်မမှူး ပိန်ဆောက်ချိန်က သစ္စာဖောက်ပြီး ဖုံကြားရှင်ဘက် ပြောင်းသွားလို့ နောက်ပိုင်းမှာ ရန်မိုးလျန်တို့ နေလို့မရတော့ဘဲ ဆရာကြီး ဘိန်းဘုရင် လော်စစ်ဟန်က ရန်ကုန်ကို ခေါ်ယူ စောင့်ရှောက်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကို လေ့လာကြည့်ပါ။ တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲ ဖြစ်ကြပြီ ဆိုရင် စစ်အာဏာရှင် တွေဟာ ကြိတ်ပြီး ၀မ်းသာကြပြီး ရတဲ့အခွင့်အရေး နှိုက်ယူကာ နိမ့်ပါးနေတဲ့ တိုင်းရင်းသားတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတာကို တွေ့ရပါတယ်။ န၀တဟာ ပထမတော့ စေ့စပ်ဆွေးနွေး ပေးမယ်ဆိုပြီး ပျားရည်နဲ့ ၀မ်းချသလိုနဲ့ သူ့တပ်တွေကို ချော့သွင်းကာ နောက်ပိုင်း ကိုးကန့်တွေက မြန်မာစစ်တပ်ကို ပြန်ဖယ်ခိုင်းပေမယ့် မရတော့တာ တွေ့ရမှာဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နအဖဟာ အခုတော့ ကိုယ့်အတတ်ကိုယ်စူး အရူးမီးဝိုင်းသလို ဖြစ်နေပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့တောင် မ၀ံ့မရဲ ဖြစ်နေပြန်ပါတယ်။ နအဖဟာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ဘယ်လိုပုံစံမျိုးနဲ့ နှမ်းဖြူးကာ ပံ့ပိုးမှု ဆောင်ရွက်ပေးတယ်၊ ရေရှည်မှာ တိုင်းရင်းသားတွေအပေါ် ပံ့ပိုးမှု မပေးနိုင်ပုံ၊ နအဖရဲ့ စုပ်လဲစူး စားလဲရူး ဘ၀၊ UWSA နဲ့ နအဖ အကြား တင်းမာမှု ဖြစ်လာရတဲ့ အကြောင်းရင်းနဲ့ နအဖရဲ့  အကျပ်အတည်း စတာတွေကို ဆက်လက်တင်ပြ သွားပါမယ်။

ဗိုလ်ထက်မင်း

Ref: ခေတ်ပြိုင်

....

Read More...

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂)

‘အိုးဝေကျေးဇူး’
အောင်ဝေး
ဇန်န၀ါရီ ၂၄၊ ၂၀၀၉

အိုးဝေခွပ်ဒေါင်း - ခွပ်ဒေါင်းအိုးဝေလို့ တင်စားကြတဲ့ ကျောင်းသားတွေရဲ့ အမျိုးသားရေး တိုက်ပွဲ၊ ကျောင်းသားတွေရဲ့ လွတ်လပ်ရေး ကျေးဇူးကို ဆရာကြီး မင်းသုဝဏ်က အခုလို ကဗျာတပုဒ်နဲ့ ဂုဏ်ပြု ဖော်ကျူး ခဲ့ဖူးပါတယ်။

‘ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍၊ လွပ်လပ်ရလေ၊ တို့တတွေသည်၊ အိုးဝေကျေးဇူး ပါတကား’ တဲ့။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲ သမိုင်းဟာ ကျောင်းသား တိုက်ပွဲ သမိုင်းနဲ့ ခွဲခြားလို့ မရပါဘူး။ ဒီလိုပါပဲ လွတ်လပ်ပြီးခေတ် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး တိုက်ပွဲ သမိုင်းဟာလည်း ကျောင်းသား တိုက်ပွဲ သမိုင်းနဲ့ ခွဲခြားလို့ ရမှာ မဟုတ်ပါဘူး။

အစောဆုံး ကျောင်းသားတိုက်ပွဲလို့ သတ်မှတ်ကြတဲ့ ၁၉၂ဝ ရန်ကုန် တက္ကသိုလ် ပထမ ကျောင်းသား သပိတ်ကနေ စပြီး ရေတွက်ကြည့်လိုက်ရင် အခု ၂ဝဝ၇-၂ဝဝ၈ ကျော်ကိုကိုတို့ခေတ် ကျောင်းသား တိုက်ပွဲတွေ အထိ မဆုံးနိုင်တဲ့ တိုက်ပွဲစဉ်ကြီးကို တလေးတစား တွေ့ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှုသမိုင်းဟာ အကြမ်းဖျင်းအားဖြင့်

(၁) လွတ်လပ်ရေးမတိုင်မီ ကိုလိုနီခေတ်၊

(၂) လွတ်လပ်ရေးရပြီး ၁၉၅၈ ပထမ အကြိမ် စစ်အာဏာသိမ်းတဲ့ခေတ်

(၃) တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြိုကွဲပြီး ၁၉၆၂ ဒုတိယအကြိမ် စစ်အာဏာ သိမ်းတဲ့ခေတ်

(၄) ရှစ်လေးလုံးအရေးတော်ပုံ ဖြိုခွင်းခံရပြီး ၁၉၈၈ တတိယအကြိမ် စစ်အာဏာသိမ်းတဲ့ခေတ် နဲ့

(၅) ဒီကနေ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးဆင်နွှဲတဲ့ခေတ် ရယ်လို့ ခေတ်ပြန် ပိုင်းခြားနိုင်ပါလိမ့်မယ်။

လွတ်လပ်ရေး မတိုင်မီ ကိုလိုနီခေတ် ကျောင်းသား တိုက်ပွဲတွေထဲမှာ ‘အမျိုးသားနေ့အစ ၁၉၂ဝ ကျောင်းသားသပိတ်က’ လို့ ဆိုကြတဲ့၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီးတွေရဲ့ ၁၉၂ဝ ပြည့်နေ့ ဒီဇင်ဘာ ကျောင်းသားတိုက်ပွဲဟာ မြန်မာတနိုင်ငံလုံး နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးကို နိုင်ငံရေးအသိ ရှိရှိနဲ့ ပထမဆုံး စတင် လှုံ့ဆော်လိုက်တဲ့ ဝံသာနု အရေးတော်ပုံကြီး ဖြစ်ပါတယ်။

ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုမြ စတဲ့ တက္ကသိုလ်ကျောင်းသားကြီး (၂၁) ခေါင်းဆောင်တဲ့ ၁၉၂ဝ သပိတ်ကော်မတီဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး တော်လှန်တဲ့ ကျောင်းသား အဖွဲ့အစည်းလို့ သတ်မှတ်နိုင်ပါတယ်။

ဒီနေရာမှာ ၁၉၂ဝ ကျောင်းသားသပိတ် မတိုင်ခင် (၁၇) နှစ် စောပြီး ပေါ်ပေါက်ခဲ့တဲ့ ရန်ကုန်မြို့က ကျောင်းသားတိုက်ပွဲတခုလည်း သမိုင်းမှာ ရှိခဲ့ပါသေးတယ်။

အဖြစ်အပျက်က ၁၉ဝ၃ခုနှစ်၊ စက်တင်ဘာလ(၇)ရက်၊ ရန်ကုန်မြို့ ဟိုက်စကူးကျောင်းမှာ ဖြစ်ခဲ့ပါတယ်။ ဖြစ်ပုံက - တနေ့သားမှာတော့ အဋ္ဌမတန်း၊ ရှစ်တန်း အတန်းပိုင် အင်္ဂလိပ် လူမျိုး ကျောင်းဆရာဟာ ခရိုင်ပညာဝန် မစ္စတာ ကောက်စ်ရဲ့ အမိန့်လို့ ဆိုပြီးတော့ စာသင်ခန်းထဲမှာ ကျောင်းသားတွေကို မတ်တတ်ရပ်ခိုင်းပါတယ်။ ပြီးတော့ အမိန့်စာကို ဖတ်ပြပါတယ်။

‘ယနေ့မှစ၍ သင်တို့ မြန်မာကျောင်းသားများအားလုံး စာမသင်ခင် ကျွန်ုပ်တို့ အင်္ဂလိပ်လူမျိုး ဆရာတွေကို ဦးစွာ ရှိခိုးကန်တော့ ပြီးမှ စာသင်ကြားခြင်းအမှုကို ပြုမည်ဖြစ်ကြောင်း’ ဆိုတဲ့ အမိန့်ပါပဲ။

အဲဒီဆရာက မြန်မာကျောင်းသားတွေကို ထိုင်ပြီး ကန်တော့ဖို့ အမိန့်ပေးပါတယ်။ မတ်တတ်ရပ်နေတဲ့ မြန်မာကျောင်းသားတွေ ဘယ်သူမှ မလှုပ်ပါဘူး။ အတန်းပိုင်ဆရာဟာ စိတ်ဆိုးလာပြီး ထပ် အမိန့်ပေးပါတယ်။ ဘယ်ကျောင်းသားမှ အမိန့်ကို မနာခံကြပါဘူး။ အတန်းပိုင်ဆရာဟာ ဒေါသတကြီးနဲ့ ကြိမ်းမောင်းလာပါတော့တယ်။ ကျောင်းသား တဦးတလေမှ တုပ်တုပ်မလှုပ် မတ်တတ်ရပ်လျက်ပါပဲ။ အင်္ဂလိပ်လူမျိုး ကျောင်းဆရာဟာ ကြီးစွာ အရှက်ရပြီး အော်ဟစ် ပေါက်ကွဲသွားပါပြီ။

အဲဒီအချိန်မှာ အတန်းရှေ့ဆုံးက ‘မောင်တင်’ ဆိုတဲ့ ကျောင်းသားလေးက အတန်းပိုင်ဆရာရှေ့ကနေ အတန်း အပြင်ဘက်ကို စတင် ထွက်သွားပါတော့တယ်။ မောင်တင်ရဲ့ နောက်ကနေ မြန်မာကျောင်းသားတွေ တယောက်ပြီး တယောက် အတန်းပြင်ကို ထွက်သွားလိုက်ကြတာ အတန်းထဲမှာ အဲဒီ ဆရာတယောက်ပဲ အရုပ်ကြိုးပြတ် ကျန်ရစ်ခဲ့ပါတော့တယ်။

ဒီဖြစ်ရပ်က ရန်ကုန် တမြို့လုံး သတင်းပျံ့နှံ့သွားပြီး အင်္ဂလိပ် ကိုလိုနီ အစိုးရအဖို့ အရှက်ရစရာ ဖြစ်သွားတဲ့အတွက် သက်ဆိုင်ရာ အင်္ဂလိပ်ပညာရေး အာဏာပိုင်တွေက မောင်တင်တို့ အားလုံးကို ကျောင်းထုတ်ပစ်လိုက်ပါတယ်။

အဲဒီမှာ မြန်မာနိုင်ငံသား တိုင်းရင်းသား ကျောင်းသား မိဘတွေက မကျေမနပ်ဖြစ်ပြီး အင်္ဂလိပ်အာဏာပိုင်တွေကို တခဲနက် စုပြီး အရေးဆိုကြပါတယ်။ အင်္ဂလိပ်ပညာရေး အာဏာပိုင်တွေရယ်၊ ကျောင်းသားမိဘတွေရယ်၊ ကာယကံရှင် မောင်တင်တို့ ကျောင်းသားတွေရယ် အကြိတ်အနယ် တွေ့ဆုံဖြေရှင်းရတဲ့ ပွဲမှာ အတန်းထဲက ပထမဆုံး ထွက်သွားတဲ့ ကျောင်းသားမောင်တင်က သူ့အတန်းပိုင်ဆရာကို အခုလို ယဉ်ယဉ်ကျေးကျေး ထပြောပါတယ်။

“ဆရာ ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေဟာ ရှေးအတီတေကတည်းက ကြီးမြတ်တဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်လာကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ကျနော်တို့ ယဉ်ကျေးမှုမှာ အာစရိယ ဆရာ၊ ဆရာမတွေကို ဘုရား၊ တရား၊ သံဃာ၊ မိဘနဲ့ တဂိုဏ်းတည်းထားပြီး အနန္တော အနန္တ ငါးပါးအနေနဲ့ ရိုသေ မြတ်နိုး၊ လက်စုံမိုးလို့ ရှိခိုး ပူဇော်ကြတာပါ။

ဒါပေမဲ့ ဆရာ ကျနော်တို့ရဲ့ ရိုသေမြတ်နိုးခြင်း၊ ရှိခိုး ပူဇော်ခြင်းတွေဟာ အမိန့် စာရွက်ပေါ်က လာတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဟောဒီ ရင်ဘတ်ထဲက ၊ အသည်းနှလုံးထဲက လာတာပါ” တဲ့။

အဲဒီပွဲမှာ အင်္ဂလိပ်အစိုးရ အာဏာပိုင်တွေဘက်က လက်လျှော့ အရှုံးပေးလိုက်ရပါတယ်။ မောင်တင်တို့ ကျောင်းသားတွေ အားလုံး ကျောင်းပြန်တက်ခွင့် ရသွားကြပါတယ်။

ဒါဟာ သမိုင်းမှာ ကြီးကြီးကျယ်ကျယ်၊ မှတ်မှတ် ထင်ထင်၊ ထင်ထင်ရှားရှား မရှိခဲ့သော်ငြားလည်း ဒီအဖြစ်အပျက်ကလေးဟာ အင်္ဂလိပ် ကျွန်ပညာရေးစနစ်၊ အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေးကို ပထမဆုံး ကနဦး၊ ဗွေဆော်ဦး စတင် ဆန့်ကျင် လှုံ့ဆော်လိုက်တဲ့ ကျောင်းသားသမိုင်းတခု၊ ကျောင်းသားတိုက်ပွဲတခုလို့ ဆိုလိုက်ချင်ပါတယ်။ အဲဒီအချိန်က YMBA အသင်းကြီးတောင် မပေါ်ပေါက်သေးပါဘူး။

အဲဒီတိုက်ပွဲမှာ ဦးဆောင်ခဲ့တဲ့ အဋ္ဌမတန်း ၈ တန်း ကျောင်းသားလေး ‘မောင်တင်’ ကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောင်သားခေါင်းဆောင် ‘ကျောင်းသားတိုက်ပွဲအစ မောင်တင်က’ လို့ ဂုဏ်ပြုရပါမယ်။

အဲဒီ မောင်တင် ဘယ်သူလဲ။ အဲဒီ မောင်တင်လေးဟာ နောင်တချိန် ကိုလိုနီလက်အောက်မှာ မြန်မာနိုင်ငံသားတွေထဲက ပထမဆုံး ပါမောက္ခဖြစ်လာသူ၊ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး မြန်မာလူမျိုး ကျောင်းအုပ်ကြီး ဖြစ်လာသူ ဆရာကြီး ဖေမောင်တင်ပါပဲခင်ဗျား။ ။

Ref: မိုးမခ

Read More...

Monday, March 2, 2009

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (အပိုင်း - ၁)

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း
အောင်ဝေး
ဇန်န၀ါရီ ၁၈၊ ၂၀၀၉


နိဒါန်း

ကျနော် တတိယနိုင်ငံကို ထွက်ခွာဖို့ မဲဆောက်ကနေ ဘန်ကောက်ကို သွားနေတဲ့ ဘတ်စကားကြီးပေါ်မှာ ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့။

ကျနော်နဲ့အတူ ကားတစီးတည်းမှာ ဦးဇင်း ဦးပညာဝံသ၊ ကိုလှိုင်မိုးသန်း၊ ကိုလောအယ်စိုးနဲ့ မတင်မိုးလွင်တို့လည်း လိုက်ပါလာပါတယ်။

ကျနော်တို့ ခရီးစဉ်က မတ်လ (၁၉)ရက်ကို ကူးတာနဲ့ ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ် သစ်ကြီးကနေ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်ကို တိုက်ရိုက် ပျံသန်းမယ့် ခရီးစဉ်ပါ။

ညနေ (၆)နာရီခွဲပြီဆိုတော့ ကျနော် သတင်းနားထောင်ဖို့ ရေဒီယို ကလေးကို ဖွင့်လိုက်ပါတယ်။ အဲဒီအခိုက် အတန့်မှာပဲ တရှိန်ထိုး ပြေးနေတဲ့ကားက ရုတ်တရက် ချောက်ထဲ ထိုးကျသွားသလို ခံစားလိုက်ရပြီး ကျနော့် လက်ထဲက ရေဒီယိုကလေးကို ကြောင်ငေး ကြည့်နေ မိပါတော့တယ်။

သတိပြန်ရလာတော့မှ ချက်ချင်းပဲ ကားပေါ်အတူပါလာတဲ့ သူတွေကို ‘ဗကသ’ ကျောင်းသား ခေါင်းဆောင် ကျော်ကိုကို ကို နအဖစစ်အုပ်စုက ဖမ်းမိသွားပြီ ဆိုတဲ့သတင်း ကျနော် ပြောပြ လိုက်ပါတယ်။ အားလုံး တုန်လှုပ် ကြေကွဲ သွားကြပါပြီ။

အဲဒီမှာ မတင်မိုးလွင်ရယ်လေ အဆက်မပြတ် ရှိုက်ကြီးတငင် ငိုကြွေး နေပါတော့တယ်။ ကျနော်တို့ ဘယ်လို နှစ်သိမ့် နှစ်သိမ့် မရတော့ပါဘူး။

‘ကျမတို့က ယာယီလွတ်မြောက်တဲ့နေရာကို သွားနေတဲ့အချိန်မှာ ပြည်တွင်းမှာ ကျန်ရစ်တဲ့ ကျမတို့ ရဲဘော်တွေက တယောက်ပြီးတယောက် အဖမ်းခံ လိုက်ရပြီ၊ ကျမတို့ တတိယ နိုင်ငံကို ထွက်လာတာ ကျော်ကိုကိုတို့ အတွက် တရားမှ တရားရဲ့လား၊ ကျမ စဉ်းစားရင်း စိတ်ထိခိုက် လွန်းလို့ပါ’ တဲ့။

မတင်မိုးလွင်ကတော့ ပုန်းအောင်း နေရဆဲဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုထွန်းမြင့်အောင်တို့၊ မနီလာသိန်းတို့ရဲ့ လုံခြုံရေးအတွက် ကိုလည်း အထူး စိုးရိမ်ပူပန် မိတယ်လို့ ပြောရင်း ငိုရင်းပါပဲ။

ပြီးခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်တို့ဟာ တန်ဖိုး မဖြတ်နိုင်တဲ့ အရာနှစ်ခုကို ရခဲ့ကြတယ်။ တခုက ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အစဉ်အလာကို ပြန်အသက်သွင်း ဆက်ခံနိုင်ခဲ့ခြင်းနဲ့ နောက်တခုကတော့ ၂ဝဝ၇ မျိုးဆက်သစ် ကျောင်းသားတွေရဲ့ ‘ဗကသ’ ကို ပြန်လည် မွေးဖွား နိုင်ခဲ့ခြင်းတို့ပါပဲ။

၂ဝဝ၇ စက်တင်ဘာ (၅) ရက် ပခုက္ကူသံဃာ အရေးအခင်း မတိုင်ခင် သြဂုတ်လ (၂၁)ရက်နေ့ ညမှာ ကတည်းက နအဖ စစ်အုပ်စုက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ အစရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

သြဂုတ်လ (၂၂)ရက်နေ့ကနေ ၂၅-၂၆ နေ့တွေလောက် အထိ ရန်ကုန်မြို့ နေရာအနှံ့မှာ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေးနဲ့ မနော်အုန်းလှတို့ ဦးဆောင်တဲ့ နအဖ ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ထွက် ခဲ့တယ်။

အဲဒီဆန္ဒပြပွဲတွေမှာ အန်အယ်လ်ဒီ လူငယ်တွေနဲ့ လက်ရှိ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေလည်း အင်နဲ့အားနဲ့ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို နအဖ စစ်အုပ်စုက စစ်တပ်၊ လုံထိန်း၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စတဲ့ လက်ကိုင်တုတ်တွေ သုံးပြီး အကြမ်းဖက် နှိမ်နှင်းဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေ အများအပြား ဖမ်းဆီးခံကြရပါတယ်။

သြဂုတ်လ (၂၈)ရက် နေ့မှာတော့ ကျနော်တို့ဟာ ကြက်သီးဖြန်းဖြန်း ထလောက်အောင် ကျေနပ် အားရစရာ ကောင်းလှတဲ့ သတင်းတခုကို ကြားလိုက်ရ ပါတော့တယ်။

အဲဒီသတင်းကတော့ လက်ရှိ ၂ဝဝ၇ မျိုးဆက်သစ် တက္ကသိုလ်ပေါင်းစုံက ကျောင်းသား လူငယ်တွေက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) All Burma Federation of Student Unions (ABFSU) ကိုအောင်မြင်စွာ ပြန်လည်ဖွဲ့စည်းလိုက်ပြီ ဆိုတဲ့ သတင်းပါပဲ။

ကျော်ကိုကို တို့ရဲ့ ၂ဝဝ၇ သြဂုတ်လ (၂၈)ရက်နေ့မှာ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ‘ဗကသ’ဟာ ၁၉၈၈ခုနှစ်က သြဂုတ်လ (၂၈)ရက် ရန်ကုန်တက္ကသိုလ် ဆဲဗင်းဂျူလိုင် ရင်ပြင်နီမှာ ဖွဲ့စည်းခဲ့တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ရဲ့ ‘ဗကသ’ကို ဆက်ခံလိုက်တဲ့ သမိုင်းအမွေ တိုက်ပွဲဝင် ခွပ်ဒေါင်းတွန်သံပါပဲ။

‘ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော – ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော’ ကိုလိုနီခေတ်တုန်းက အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးမှာ လွတ်လပ်ရေးကို ‘က’ပြီးတော့ မယူဘူး၊ ‘ခွပ်’ပြီးမှ ယူမယ် ဆိုတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းစိတ်ဓာတ်၊ ခွပ်ဒေါင်းသွေးဟာ လွတ်လပ်ရေးရပြီးတဲ့နောက် ပါလီမန်အစိုးရ လက်ထက်မှရော၊ နောက်တက်လာတဲ့ စစ်အာဏာရှင် အစိုးရ အဆက်ဆက် လက်အောက်မှာပါ ခိုင်မြဲနေဆဲ နီရဲနေဆဲပါပဲ။

ကျနော့်မျက်လုံးထဲမှာ ရွှေဝါရောင်တော်လှန်ရေးတုန်းက ရွှေတိဂုံဘုရားမှာ၊ ဆူးလေမှာ တလူလူ လွှင့်ထူခဲ့တဲ့ ခွပ်ဒေါင်းအလံ နှစ်လက်ကို ပြန်မြင်ယောင်နေမိပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ စက်တင်ဘာ (၁၈) ရက်နေ့ သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြတာကနေစပြီး ကျောင်းသားပြည်သူတွေဟာ ဒီမိုကရေစီတိုက်ပွဲထဲ ပါဝင်လာခဲ့ကြတာပါ။ စက်တင်ဘာလ (၂၄)ရက်နေ့မှာ ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်တဲ့ အထွေထွေသပိတ်ကြီး စတင်လိုက်ပါတယ်။ ဒီသပိတ်ကြီးအစမှာ သာသနအလံကလွဲလို့၊ မေတ္တာပို့ဆုတောင်းသံကလွဲလို့၊ ဘာအလံ ဘာဆိုင်းဘုတ်မှ မတင်ဖို့၊ ဘာကြွေးကြော်သံမှ မကြွေးကြော်ဖို့ သံဃလှုပ်ရှားမှု ဦးစီးကော်မတီနဲ့ ကျနော်တို့ ကနဦး သဘောတူညီထားခဲ့ပါတယ်။

ဒါပေမဲ့ အထွေထွေသပိတ်ကြီးရဲ့ ပထမနေ့ စက်တင်ဘာ (၂၄)မှာပဲ ရွှေတိဂုံ အရှေ့မုခ်၊ ကြေးသွန်းဘုရား သပိတ်စခန်းကနေ ရန်ကုန်မြို့တွင်း လှည့်လည်ဖို့ တန်းစီကြတဲ့ အချိန်မှာပဲ ကျောင်းသားလူငယ် အင်အားထု တခုက ခွင့်ပန်လာတဲ့ ‘အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားမှု’ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကျနော် သံဃာ့ ဦးစီးကော်မတီကို တင်ပြခဲ့ရာမှာ သံဃာတော်တွေက ခွင့်ပြုလို့ ကျောင်းသား လူငယ်တွေဟာ အားမာန် အပြည့်နဲ့ ကိုင်ဆောင် လှည့်လည် နိုင်ခဲ့ကြပါတယ်။

အထွေထွေသပိတ်ကြီးရဲ့ ဒုတိယနေ့ဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်နေ့ နံနက်မှာတော့ ကျော်ကိုကိုတို့ ဗကသ ကျောင်းသား အင်အားစုက သမိုင်းဝင် ခွပ်ဒေါင်းအလံကို လွှင့်ထူခွင့် တောင်းခံ လာပါတော့တယ်။ ကျနော် သံဃာ့ ကော်မတီကို လျှောက်ထား လိုက်ပြန်တဲ့ အခါမှာတော့ ‘ဒါ သိပ်အရေးကြီးတဲ့၊ သိပ်လိုအပ်တဲ့ ကိစ္စပဲ ဒကာကြီး’ လို့ သံဃာတော်တွေက ပြတ်ပြတ်သားသား မိန့်သွားပါတော့တယ်။

အဲဒီနေ့က ရွှေတိဂုံဘုရားကို လက်ယာရစ် လှည့်လည်ပူဇော်ဖို့ ဘုရားရင်ပြင်ပေါ် အတက်မှာတော့ ကျော်ကိုကိုတို့ ဗကသ ကျောင်းသားတွေ လျှို့ဝှက် ယူဆောင်လာတဲ့ ခွပ်ဒေါင်းအလံ နှစ်လက်ဟာ ရွှေတိဂုံ အရှေ့မုခ် ပထမဆုံး လှေကားထစ်ကို နင်းလိုက်မိတာနဲ့ တပြိုင်နက်တည်း ကောင်းကင်ယံကို ဘွားခနဲ ထိုးတက် သွားပါတော့တယ်။

အဲဒီတုန်းက ခွပ်ဒေါင်းအလံ နှစ်လက်ဟာ ရန်ကုန်မြို့ကြီးကို တပ်လှန့် လှုပ်နှိုး လိုက်သလိုပါပဲ။ ဆူးလေဘုရားရှေ့မှာ ခွပ်ဒေါင်း အလံတော်အောက်မှာ ဗကသ ဥက္ကဌကျော်ကိုကို မိန့်ခွန်းပြောနေတဲ့ မြင်ကွင်းကို ကျနော် မြင်ယောင် ရင်ခုန်နေတုန်းပါပဲ။ ။

Ref: မိုးမခ

Read More...

အပေါ်သို့