မင်းနိုင်သူ/ ၂၇ ဇန်န၀ါရီ ၂၀၀၉
နအဖက သိမ်းဆည်းကားများအား လေလံပစ်မှုများ ဆက်တိုက်ပြုလုပ်နေရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ဇန်န၀ါရီ (၂၀) ရက်၌ ပြုလုပ်ခဲ့သော လေလံပွဲတွင် လေလံကော်မတီက မသမာမှုများ ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့ခံ ကားဝယ်ရောင်းသမားများက ပြောသည်။
“သူတို့က တခါတည်းလက်ဝါးရိုက်ထားပြီးသားပါ။ လေလံအများဆုံးအောင်သွားတာက ရန်ကုန်က။ မန္တလေးတောင်မှ သုံးစီးပဲ ရသွားတယ်။ တခါတည်း လက်ဝါးရိုက်ထားတယ်ဆိုတာက ဒီလိုလေ။ ဥပမာ သိန်းနှစ်ထောင်တန် ကားတစီးကို သိန်း တထောင် ပေးဆွဲလို့ လေလံအောင်သွားပြီဆိုပါစို့။ လေလံအောင်တဲ့ လူက အာမခံငွေ သိန်းနှစ်ဆယ် သွင်းရမယ်ဆို သွင်းပြီး လေလံ အပျက်ခံတယ်။ နောက်ငွေကို ဆက်မသွင်းဘူး။ အဲဒီလို လေလံပျက်တယ်ဆိုရင် လေလံကော်မတီက ကားကို သူ့တို့စိတ်တိုင်းကျ စီမံခွင့်ရှိတယ်တဲ့။ နောက်တော့ အဲဒီကားကို သိန်းငါးရာလောက်နဲ့ ကြိုညှိထားတဲ့လူကိုပဲ ပြန်ရောင်းတယ်။ သိန်းတထောင် ပေးသွားတဲ့သူ နောက်မှာ သိန်းရှစ်ရာပေးသူ ရှိလည်းမရဘူး။ လေလံပျက်ကားကို လေလံကော်မတီကပဲ စီမံခွင့်ရှိတယ်တဲ့။ အဲတော့ သိန်းငါးရာ သမားက လေလံကော်မတီကို သိန်းနှစ်ရာလောက် လာဘ်ထိုးလိုက်ရင် သိန်းတထောင် ပေးရမယ့်ကားကို သိန်းခုနှစ်ရာနဲ့ပဲ ရသွားပြီ။ တကယ်တော့ သိန်းတထောင်ပေးပြီး ဆွဲသူကလည်း သူတို့လူပဲ။ သိန်းရှစ်ရာသမားကို မကပ်နိုင်အောင် ကြိုကန်ထားတဲသဘောပေါ့။ ဒီကြောတွေကို အခုမှသိတဲ့ မုံရွာဝယ်ရောင်းတွေ တစီးမှ မရလိုက်ပါဘူးဗျာ” ဟု မြို့ခံ ကားဝယ်ရောင်းတဦးက ဆိုသည်။
လေလံဆွဲလိုသူများအနေဖြင့် မော်တော်ယာဉ်များထားရှိရာ နမခစစ်ဌာချုပ်အတွင်း ၀င်ကြေးငါးထောင်ပေးကာ ကြည့်ရှုကြရပြီး လေလံတင်ကားများအတွက် အာမခံငွေနှစ်ဆယ်ရာခိုင်နှုန်း တင်ခိုင်းခဲ့ကြောင်း သိရသည်။ လေလံအောင်ကားများအား နေ့ချင်းပြီး ငွေပြေချေခိုင်းခဲ့သည်။ နမခလေလံပွဲတွင် ကား (၁၉) စီး လေလံတင်ခဲ့ရာ အားလုံးလေလံအောင်ခဲ့ပြီး ကျန်ကားစီးရေ သုံးလေးရာကိုလည်း မကြာမီအတွင်း လေလံပစ်သွားမည်ဟု ကြားသိရကြောင်း မုံရွာကားဝယ်ရောင်းများက ပြောသည်။
နအဖက တပ်မတော်ထောက်လှမ်းရေးများကို ဖြိုခွဲဖမ်းဆီးပြီးချိန်တွင် ထောက်လှမ်းရေးများ တာဝန်ယူ တင်သွင်းခွင့်ပြုခဲ့သော ကားများအား သိမ်းဆည်းခဲ့ကာ ယခုပြန်လည် လေလံတင် ရောင်းချနေခြင်း ဖြစ်သည်။ နိုင်ငံတ၀န်းမှ သံဃာတော်များ စီးနင်းနေသော ကားများကိုလည်း သိမ်းဆည်းခဲ့ပြီး လေလံတင်ကာလ မစတင်မီက ဘုန်းကြီးကျောင်းများမှ သိမ်းဆည်းခံ ကားအမျိုးအစား အရေအတွက် စာရင်းကို ရယကများမှတဆင့် တောင်းခံခဲ့သော်လည်း လက်တွေ့တွင် ပြန်လည်ပေးအပ်ခြင်းမပြုကြောင်း ရန်ကုန် သံဃာတော်တပါးက မိန့်ကြားသည်။
ယင်းကဲ့သို့ ကားလေလံပစ်နေခြင်းကြောင့် ပြည်တွင်းကားဈေးကွက်ပျက်နေပြီး ၀ယ်လက်မရှိကြောင်း ဟံသာဝတီ ကားပွဲစားတဦးက ဆိုသည်။
“ကားဈေးကျလို့ အ၀ယ်လိုက်လားဆိုရင် အ၀ယ်မလိုက်ဘူး။ မြန်မာနိုင်ငံရဲ့ ဈေးကွက်က တမျိုးလေ။ တက်ပြီဆိုရင် ၀ယ်တယ်။ ကျပြီဆိုရင် မလိုချင်ကြတော့ဘူး။ အဲလိုဖြစ်နေတာ။ ဆန်ဈေးကြည့်လေ။ တက်ရင် အလုအယက်ဝယ်ကြတာ။ ကျနေလို့ကတော့ ကျတုန်း ၀ယ်ထားဦးမယ် ဆိုတဲ့ သူမရှိဘူး။ ကားလည်းအဲလိုပဲ။ နောက်စီးပွားရေး ကျနေကြတာရယ်။၂၀၁၀ မှာ အပြောင်းအလဲတွေ ရှိနိုင်တာရယ်ဆိုတော့ ပိုဆိုးတာပေါ့။ ပွဲစားတွေ အကုန် ငုတ်တုတ်မေ့နေကြတာရယ်” ဟု ၎င်းကဆိုသည်။
နအဖကမူ လူထုအကြား ငွေရှားပါးနေချိန်တွင် ဆိုင်ကယ်လိုင်စင်ချထားခြင်း၊ ကားလေလံပစ်ခြင်းတို့ဖြင့် ဘဏ္ဍာငွေရှာကြံလျက်ရှိရာ မကြာမီတွင် လားရှိုးမြို့၌ သိမ်းဆည်းကားစီးရေ (၂၀၀) နီးပါးကို လေလံတင်ဦး မည်ဖြစ်ကြောင်း သိရသည်။
Ref: ခေတ်ပြိုင်
Wednesday, January 28, 2009
ကားလေလံကော်မတီ မသမာမှုများလုပ်ဟုဆို
အိုဘားမားအကြောင်း သီတဂူ ဆရာတော် ဟောကြား
27 January 2009
ကိုစိုး
ကမ္ဘာ့ သာသနာပြု သီတဂူ ဆရာတော် အရှင်ဉာဏိဿရ၏ နာဂစ်မုန်တိုင်း ဒုက္ခသည်များ အကူအညီပေးရန် တရားပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင် ဒေသတွင် ယမန်နေ့ ညပိုင်းက ကျင်းပခဲ့ရာ မြန်မာနိုင်ငံသား တသောင်းခန့် လာရောက်ကြကြောင်းနှင့် အလှူငွေ ဘတ် ၄ သိန်းကျော် ရရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ မဟာချိုင်ရောက် မြန်မာ အလုပ်သမားများက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ နာဂစ် မုန်တိုင်း ဒုက္ခသည်များကို စာနာ၍ အကူအညီပေးလိုသည့်အတွက် ယခုကဲ့သို့ ဆရာတော် အရှင်ဉာဏိဿရအား ပင့်ဖိတ်၍ တရားပွဲ ကျင်းပရခြင်း ဖြစ်သည်ဟု တရားပွဲ စီစဉ်သည့် မဟာချိုင် ကျောင်းသစ်ကျောင်းမှ အရှင်ဝါယမက ပြောသည်။
“ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာ အလုပ်သမားတွေကနေ ဧရာဝတီတိုင်းက နာဂစ်ဒုက္ခသည်တွေကို စာနာပြီး ကူညီချင်တော့ ပြည်တွင်းထဲမှာ တိုက်ရိုက်ဆောင်ရွက်ပေးနိုင်တာက၊ အကြောင်း အမျိုးမျိုးနဲ့ ညီညွတ်နေတာ က သီတဂူ ဆရာတော်ကြီးပဲ ရှိတယ်၊ အဲဒါနဲ့ ဆရာတော်ကြီးကို ပင့်ဖိတ်ပြီးတော့ ချွေးနှဲစာထဲက ငွေလေးတွေကို စုဆောင်းပြီး လှူဒါန်းငွေတွေကို ရေစက်ချပြီးကပ်တယ်၊ မနေ့က တရုတ်နှစ်ကူး ပိတ်ရက်လည်း ဆိုတော့ လူ ပိုများသွားတယ်၊ ဆရာတော်ကြီး ပေးနိုင်တဲ့ ရက်နဲ့ ချိန်ပြီးတော့ ကျင်းပ ဖြစ်တာပါ”ဟု အရှင်ဝါယမက ဧရာဝတီသို့ မိန့်ကြားသည်။
ယမန်နေ့ညက ကျင်းပသည့် တရားပွဲတွင် ဆရာတော် အရှင်ဉာဏိဿရက အပြောင်းအလဲ သဘောကို အခြေခံ သည့်“တိုက်ပွဲနဲ့ အောင်ပွဲ”အမည်ရှိသော တရားကို ဟောကြားကြောင်းလည်း သိရသည်။
“ဆရာတော်ကြီးတရား အကြောင်းအရာကတော့ အမေရိကားက အိုဘားမားရဲ့ ချိန်းပေါ်လစီ (change policy) ပေါ့၊ အကျဉ်းရုံး ပြောရရင် ချိန်းပေါ်လစီကို အခြေခံပြီးတော့ We need to change အပြောင်းအလဲကို လိုချင် တယ်ပေါ့၊ ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသား တောထွက်တယ်၊ သိဒ္ဓတ္ထ မင်းသားက ဘုရားဖြစ်ဖို့ ဒုက္ကရ စရိယာ ကျင့်ပြီး မဖြစ်တော့ လမ်းစဉ်နဲ့ ပေါ်လစီ ပြောင်းရတယ်ပေါ့၊ I need to change ပေါ့၊ အဲဒီတော့ ဒီမှာတရားနာ နေတဲ့ လူတွေကရော ဘယ်လိုအော်မလဲပေါ့၊ သူက ဒီလိုမေးတာ၊ အားလုံးက စကား လုံးအရသာ မပြောနိုင်ရင် နေမယ် ပြောင်းလဲဖို့ လိုတယ်ဆိုတာတော့ နားလည်တာပေါ့၊ ပြောင်းလဲတယ်ဆိုတဲ့ နေရာမှာလည်း ဘာသာရေး လည်း ဖြစ်နိုင်တယ်၊ စီးပွားရေးလည်း ဖြစ်နိုင်တယ်၊ နိုင်ငံရေး ပေါ်လစီလည်းပဲ ဖြစ်နိုင်တာပေါ့”ဟု အရှင်ဝါယမ က ရှင်းပြသည်။
ထို့ပြင် နာဂစ် ဒုက္ခသည်များသို့ ယခု မဟာချိုင်ရှိ မြန်မာအလုပ်သမားများ၏ လှူဒါန်းငွေများ အပါအ၀င် ယခုအချိန် အထိ အလှူငွေ စုစုပေါင်း ကျပ် သိန်းပေါင်း ၇ သောင်း ကျော်ရှိပြီဖြစ်သည်ဟု နာဂစ် ဒုက္ခသည်များနှင့် ပတ်သက် ၍လည်း တရားပွဲတွင် ဆရာတော်ကြီး က အလုပ်သမားများ ၀မ်းသာပီတိဖြစ်စေရန် ထည့်သွင်းပြောကြားသွား ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ တရားပွဲကို သွားရောက်ခဲ့သော မဟာချိုင်ရှိ မြန်မာအလုပ်သမား တဦးဖြစ်သူ ကိုမျိုးသော်ကလည်း ဆရာတော်ကြီးတရားပွဲကို ယခုကဲ့သို့ ကြားနာရခြင်းနှင့် ဆရာတော်ကြီးအား အနီးကပ် ဖူးတွေ့ရသောကြောင့် စိတ်အင်အား ဖြစ်ကာ ၀မ်းသာပီတိ ဖြစ်ရကြောင်း ပြောသည်။
“ကျနော်တို့ ၀မ်းသာတယ်၊ ကျေနပ်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူများနိုင်ငံမှာ လူအများကြီး ဒီလောက် စုဖို့ ဆိုတာ ဘယ်လိုမှ မလွယ်ဘူး၊ တချို့ နှစ်ပေါင်း များစွာဝေးနေတဲ့ သူငယ်ချင်းတွေလည်း လာပြီး ဆုံတွေ့ကြ ရတယ်၊ အချိန်တိုလေး အတွင်းမှာ၊ ပြီးတော့ ဒီလိုမျိုး ဆရာတော်ကြီးကိုလည်း အနီးကပ်ဖူးရတယ်၊ ဒီမှာရှိတဲ့ အလုပ်သမားတွေကလည်း အဲဒီလိုဖူးရလို့ ၀မ်းသာ ပီတိဖြစ်ကြတယ်၊ စိတ်အင်အားတွေလည်း ပြန်ရလာတယ်ပေါ့၊ ဆရာတော်ကြီးကလည်း မဟာချိုင်မှာ ဒီလိုမြန်မာ အလုပ်သမားတွေ စုစည်းတွေ့လို့ ၀မ်းသာတယ်၊ မြန်မာပြည်ကို မမေ့ဖို့ ၊ ကိုယ်တတ်နိုင်တဲ့ ဘက်က ၀ိုင်းဝန်းလုပ်ဆောင်ဖို့ ပြောတယ်”ဟု ၎င်းက ပြောပြသည်။
ဆရာတော် အရှင်ဉာဏိဿရ၏ တရားပွဲကို ပထမ အကြိမ်ကပင် နာယူဖူးသည့် မဟာချိုင်ရှိ မြန်မာအလုပ်သမား တဦးကလည်း ၀မ်းသာပီတိ ဖြစ်ရကြောင်း ပြောဆိုသည်။
“ဆရာတော်တရားပွဲမှာ လူတွေ ခန့်မှန်းခြေ ၈၀၀၀ ၊ ၉၀၀၀ လောက်ရှိမယ်၊ အကုန်လုံး မြန်မာပြည်သားတွေ ချည်းပဲ၊ ၂၆ ရက်နေ့ တရုတ်နှစ်သစ်ကူး ဆိုတော့ အလုပ်တွေလည်း ပိတ်ကြတယ်၊ များသောအားဖြင့် တရုတ် တွေနဲ့ ဆက်စပ်တော့ ပိတ်တယ်၊ နာဂစ် ဒုက္ခသည်တွေ အတွက် ကူညီထောက်ပံ့ဖို့ အလုပ်သမားတွေအတွက် တရားပွဲ လုပ်ပေးတာလို့ ဖိတ်စာထဲမှာတော့ ရေးထားတယ်၊ ဆရာတော်ကြီး တရားပွဲကို နာရတာ ၀မ်းသာတယ်၊ ပထမ အကြိမ်တုန်းကလည်း နာဖူးတယ်၊ အလှူငွေလည်း တော်တော်လေး ရမယ်ထင်တယ်”ဟု အထက်ပါ မြန်မာ အလုပ်သမားက ဆိုသည်။
ဆရာတော် အရှင်ဉာဏိဿရ၏ ပထမအကြိမ် တရားပွဲကို ယမန်နှစ် ဇူလိုင်လအတွင်းက ယင်း မဟာချိုင် ထိုင်း ယူနီယံ အားကစားကွင်း တွင်ပင် နာဂစ် ဒုက္ခသည်များ အလှူငွေအတွက် ကျင်းပခဲ့ပြီး အလှူငွေ ဘတ် ၁၀ သိန်း ကျော် ရရှိခဲ့ကြောင်း သိရသည်။ မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ နေထိုင် လုပ်ကိုင်လျှက်ရှိ သည်။
အရှင်ဝါယမက “ဆရာတော်ကြီး လုပ်နေတာတွေကို ဘုန်းကြီးတို့က အားကျတယ်၊ အဲဒီအပေါ်မှာ ပံ့ပိုးပေး ချင် တယ်၊ အားလုံးကလည်း သူဟောတဲ့တရားပေါ်မှာ ကျေနပ်တယ်၊ လက်ခံတယ်၊ ဒီဝေဒနာက လူတိုင်း ခံစား နေရ တာလေ၊ ဆရာ တော်ဟောလိုက်တာက ကိုယ့်ခံစားမှုနဲ့ ထပ်တူကျတဲ့အခါကျတော့ စိတ်ထွက်ပေါက် ရတာပေါ့၊ ဒါပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တဲ့အခါကျတော့ လုပ်ရကိုင်ရတာ နည်းနည်းခက်ခဲတာပေါ့၊ အဲဒီ ပရိသတ် အများကြီးနဲ့ လူစုလူဝေးဖြစ်တဲ့ အခါမှာ အဆင်မပြေမှုတွေက အများကြီး၊ မမျှော်လင့်တဲ့ အန္တရာယ် တွေက အချိန်မရွေး ရနိုင်တယ်၊ စွန့်စွန့်စားစား ၀ိုင်းလုပ်ကြရတာ”ဟု မိန့်ကြားသွားသည်။
Ref: ဧရာဝတီ
Tuesday, January 27, 2009
ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် ကုလသမဂ္ဂ အတည်ပြု
27 January 2009
ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ မကြာခင်မှာ မြန်မာပြည်ကို ပြန်သွားဖို့ စီစဉ် ထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ကိုယ်စားလှယ်ကို မြန်မာပြည်ပြန်သွားဖို့ တောင်းဆိုခဲ့တာပါလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘဲ (Marie Okabe) က တနင်္လာနေ့မှာ ပြောဆိုပါတယ်။ မြန်မာစစ်အစိုးရကလည်း ဖိတ်ကြားထားပါတယ်လို့ သူမက ဆိုပါတယ်။
မစ္စတာဂမ်ဘာရီဟာ ဇန်န၀ါရီလ ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမယ်ဆိုတဲ့ သတင်းတွေ အရင်အပတ်က ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းတွေကိုတော့ ပြောရေးဆိုခွင့်ရှိသူက အတည်မပြုပါဘူး။
အရင်အခေါက်တွေတုန်းက စစ်အစိုးရကို တင်ပြခဲ့တဲ့ ကိစ္စရပ်တွေ တိုးတက်မှုရှိဖို့တော့ လိုအပ်တယ်လို့ မစ္စတာဘန်ကီမွန်း (Mr Ban Ki-moon) က ထင်မြင်ကြောင်း သူမက ပြောပါတယ်။ အတိုက်အခံနဲ့ ရင်ကြားစေ့ရေး၊ ဒါမှမဟုတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့အတွက် ကုလသမဂ္ဂက တိုက်တွန်းခဲ့ရာမှာ တိုးတက်မှုမရှိခဲ့တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အားမလို အားမရ ဖြစ်နေပါတယ်။
အမေရိကန်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို ထပ်သွားဖို့ လမ်းခင်းပေးရာ ရောက်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောကြားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မစ္စတာဂမ်ဘာရီကို တွေ့ဆုံဖို့ ပြင်ဆင်ထားကြောင်း၊ ဒါပေမယ့် သူ့ခရီးစဉ်က ကြီးကြီးမားမား ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့် မထားကြောင်း ပြောကြားပါတယ်။ ပြီးခဲ့တဲ့နှစ်က အဖမ်းအဆီးတွေနဲ့ အန်န်အယ်လ်ဒီ အဖွဲ့ဝင် ၃၀၀ အပေါ် ပြစ်ဒဏ်ချမှတ်ခဲ့တာတွေကို ဆွေးနွေးမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားပါတယ်။
တချို့ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကြောင့် နိုင်ငံတကာဖိအား လျော့သွားပြီး စစ်အစိုးရကို အကျိုးများစေလိမ့်မယ်လို့ ထင်မြင်ကြပါတယ်။
Ref: VOA News
ဝါရှင်တန်သံအမတ်ဟောင်း ဦးလင်းမြိုင်ကို နအဖက အမေရိကန်ပြန်လွှတ်ဟု အတိုက်အခံ စွပ်စွဲ
NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
တချိန်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့၌ မြန်မာသံအမတ် တာဝန်ထမ်းဆောင်ခဲ့သူ သံအမတ်ဟောင်း ဦးလင်းမြိုင် မကြာခင်က အမေရိကန်နိုင်ငံ ပြန်ရောက်နေသည်ဟု ရန်ကုန်မြို့မှ ဦးလင်းမြိုင်နှင့် နီးစပ်သူများက အတည်ပြုပြောသည်။
ဝါရှင်တန် မြန်မာသံရုံးမှတဆင့် အိုဘားမား၏ အမေရိကန် အစိုးရသစ်အား ချဉ်းကပ်ပြီး မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး စည်းရုံးရန်အတွက် မြန်မာစစ်အစိုးရက ဦးလင်းမြိုင်ကို ယခုကဲ့သို့ တိုးတိုးတိတ်တိတ် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန် အတိုက်အခံ ရပ်ကွက်က ပြောသော်လည်း အဆိုပါအချက်ကို ခေတ်ပြိုင်က အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်သည် ယခုတခေါက် အမေရိကန်သို့ ၀င်လာရန်အတွက် လက်ရှိ ၀ါရှင်တန်မြန်မာသံရုံး ယာယီတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးမြင့်လွင်နှင့် ချိတ်ဆက်လုပ်ပြီး ရောက်လာခြင်းဖြစ်သည်။
မြန်မာသံအမတ်ဘ၀က အမေရိကန်အစိုးရပိုင်းနှင့် အတန်အသင့် ဆက်ဆံနိုင်ခဲ့သည့်အတွက် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး အောင်မြင်ရန်အတွက် မြန်မာသံရုံးကို နောက်ကွယ်မှ ကြိုးကိုင်အကြံပေးရန် မြန်မာစစ်အစိုးရက လွှတ်လိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
သို့သော် ရန်ကုန်အမေရိကန်သံရုံးက မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်၏ ပထမအကြိမ် ဗီဇာလျှောက်ထားမှုကိုငြင်းဆိုပြီး နောက်တကြိမ် ဗီဇာလျှောက်မှ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးလင်းမြိုင်၏ မိတ်ဆွေ အသိုင်းအ၀န်းက အတည်ပြုပြောသည်။ မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်အား မည်သူမည်ဝါဖြစ်သည်ကို သိလျက် ရန်ကုန်အမေရိကန်သံရုံးမှ အဘယ့်ကြောင့် ဗီဇာထုတ်ပေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် ဝါရှင်တန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာ အတိုက်အခံများ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်လာအောင် နည်းအမျိုးမျိုးဖြင့် တက်တက်ကြွကြွ စည်းရုံးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မြန်မာသံအမတ်ကြီး ဦးလင်းမြိုင် ဝါရှင်တန်တွင် တာဝန်ထမ်းဆောင်နေစဉ် တွေ့ဆုံခဲ့သည့် အတိုက်အခံများထဲတွင် မြန်မာနိုင်ငံ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် ဒေါက်တာဇာနည်လည်း ပါဝင်ခဲ့သည်ဟု စုံစမ်းသိရသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက် ဒေါက်တာဇာနည် မြန်မာပြည်ပြန်ပြီး နအဖ ထိပ်တန်းအရာရှိ အချို့နှင့် တိတ်တဆိတ် လာတွေ့သည့် အကြောင်းကို မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က အမေရိကန် မြန်မာအတိုက်အခံများအား ဖုန်းဆက်ပြောခဲ့သည်ဟု အတိုက်အခံအချို့က စွပ်စွဲခဲ့သည်။
မြန်မာ့အရေး ဆောင်ရွက်နေသည့် အမေရိကန် အထက်လွှတ်တော် အမတ်များဖြစ်သည့် Mitch McConnell နှင့် Dianne Feinstein တို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား အမေရိကန်မှ နှင်ထုတ်ရန် ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီး ကော်လင်းပါဝဲထံ စာရေး တောင်းဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ပြုတ်ပြီးမကြာခင် ဦးလင်းမြိုင်အပါအ၀င် နိုင်ငံခြားရှိ မြန်မာသံအမတ်များကို ၂၀၀၄ ခု ဒီဇင်ဘာ (၂) ရက်နေ့ ရန်ကုန်အရောက် စစ်အစိုးရက ရုတ်တရက် ပြန်ခေါ်ခဲ့သည်။
အမေရိကန်နိင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား နအဖက ရန်ကုန်ပြန်ခေါ်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူး ခန့်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန စီမံရေးနဲ့အုပ်ချုပ်ရေးဌာန၏ ထိုအချိန်က ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကိုကို ကျော်ကို အငြိမ်းစားပေးပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်နှင့် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးမှ ပြုတ်သွားသည့် ဗိုလ်မှူးကြီး ကိုကိုကျော်သည် ၁၉၉၉ ခုနှစ်က မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၂ဝဝ၃ ခုနှစ် အောက်တိုဘာ (၂၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် နအဖ ကြေညာခဲ့သည့် အမျိုးသားညီလာခံ ကျင်းပရေး ကော်မတီဝင် (၄၃) ဦးစာရင်းမှာလည်း ဗိုလ်မှူးကြီး ကိုကိုကျော်၏ အမည် ပါဝင်ခဲ့သည်။ သို့သော် ပြုတ်သွားသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဗိုလ်မှူးကြီး ကိုကိုကျော် ပတ်သက်မှု ရှိမရှိဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် DSA အပတ်စဉ် (၁၁) မှ ဖြစ်ပြီး ရေတပ်မှာ ဗိုလ်မှူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခင် ရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့နှင့် တပတ်စဉ်တည်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးသူဖြစ်သည်။ မြန်မာစစ်အစိုးရ ရေတပ်မှာ အရာရှိ အဖြစ် (၂၆) နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၃ ခုနှစ်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အမှုထမ်း ဆောင်ခဲ့ကြောင်း Washington Diplomat သတင်းစာမှာ ဖော်ပြထားသည်။
Ref: ခေတ်ပြိုင်
ပရီပေးကတ်ကြောင့် ဂျီအက်စ်အမ်ဖုန်း ဆက်သွယ်ရ ခက်ခဲလာ
NEJ/ ၂၇ ဇန်န၀ါရီ ၂၀၀၉
ရန်ကုန်မြို့နှင့် နယ်မြို့အချို့တွင် တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ်များ ရောင်းချပေးခဲ့ပြီးနောက်ပိုင်း ဂျီအက်စ်အမ်ဖုန်းများ ဆက်သွယ်ရ ပိုမိုခက်ခဲလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ ဘောက်ထော်တွင် နေထိုင်သူ တဦးက “ကျမကိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းဟာ ပုံမှန်အားဖြင့် အိမ်ကနေ လိုင်းမိပါတယ်။ အသံပိုပြီး ကြည်ကြည်လင်လင် ကြားချင်ရင်တော့ အိမ်အပြင်ဘက်နား ထွက်ပြီး ပြောရုံပဲ။ ခုတော့ ကျမ သတိထားမိသလောက် ပရီပေးဆင်းကတ်တွေ ထုတ်ရောင်းပြီးနောက်ပိုင်း နေ့ဘက်ဆို လုံးဝ ဆက်သွယ်လို့ မရတော့ဘူး။ အဝင် မမိသလို အထွက်လည်း ခေါ်မရတော့ဘူး။ ည (၁၂) နာရီ နောက်ပိုင်းဆိုရင်တော့ နည်းနည်းခေါ်လို့ ဆက်လို့ရတယ်။ ဒါကြောင့် နိုင်ငံခြားရောက်နေတဲ့ မိသားစုဝင်တွေကို ည (၁၂) နာရီ နောက်ပိုင်းမှ ခေါ်ဖို့ ပြောထားရတယ်” ဟု ပြောသည်။
ရန်ကုန်မြို့လည် ဘိုကလေးဈေးလမ်းတွင် နေထိုင်သူတဦးကလည်း “ယခင်က ဖုန်းလာပါက ဖုန်းပြောလိုပါက ဝရံတာထွက်ပြီး ပြောရင် ကြားနိုင်ပေမယ့် ပရီပေးကတ်တွေ ထုတ်ရောင်းပြီးနောက်ပိုင်း လုံးဝနီးပါး ဆက်သွယ်လို့ မရတော့ကြောင်း၊ ဒါကြောင့် ဖုန်းဆက်ချင်ရင် လမ်းထိပ်က အများသုံး တယ်လီဖုန်းဆိုင်မှာ သွားဆက်ရကြောင်း၊ ဖုန်းလက်ခံဖို့ကိုတော့ မနက်စောစောပိုင်းတွေမှာ ဆက်ရန် သူငယ်ချင်းတွေကို မှာထားရတယ်” ဟု ပြောသည်။
အဆိုပါကိစ္စ ရန်ကုန်မြို့လည် ကျောက်တံတား၊ လသာ၊ ဗိုလ်တထောင် ပတ်ဝန်းကျင်မှ အများသုံးတယ်လီဖုန်းဆိုင်များကို စုံစမ်းကြည့်ရာ ခုနောက်ပိုင်း ဂျီအက်စ်အမ်ဖုန်း ကိုင်ထားသူများ ၎င်းတို့၏ ဆိုင်ကို လာပြီး ဖုန်းဆက်သည်ကို အများအပြားတွေ့ရကြောင်း ပြောသည်။
ယခုကဲ့သို့ ပရီပေးကတ်များ ထုတ်ရောင်းခြင်းကြောင့် ဂျီအက်စ်အမ်ဖုန်းအများအပြား ဆက်သွယ်ရ ခက်ခဲသွားခြင်းသည် မှန်ပါသလားဟု မရမ်းကုန်းအိပ်ချိန်းမှ တာဝန်ကျ အင်ဂျင်နီယာတဦးကို မေးမြန်းကြည့်ရာ ၎င်းက မှန်ကန်ကြောင်း ပြောသည်။
၎င်းက မြန်မာ့ဆက်သွယ်ရေးနှင့် ထူးကုမ္ပဏီတို့ သဘောတူချက်အရ အကယ်၍ ဆက်သွယ်မှုများ အလွန် ခက်ခဲလာပါက ပရီပေးကတ် ရောင်းချမှုကို လျှော့ချမည်ဟု ပြောဆိုထားပြီး ဖြစ်ကြောင်း၊ ယခု ဆက်သွယ်ရ ခက်ခဲသော်လည်း ပြည်သူများထံမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တိတိကျကျ တိုင်ကြားအရေးဆိုခြင်း မရှိသည့်အတွက် ကိုင်တွယ်ဖြေရှင်းပေးခြင်းမရှိကြောင်း ရှင်းပြသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီးဌာနက ဂျီအက်စ်အမ် ဆင်းကတ်များကို ကျပ် (၁၅) သိန်းနှုန်းဖြင့် အများပြည်သူကို ငှားရမ်းပေးပြီး အဆိုပါ ဂျီအက်စ်အမ် ဆင်းကတ် ဈေးနှုန်း၏ ပြင်ပ ပေါက်ဈေးမှာ ကျပ် သိန်း (၂ဝ) ကျော်ဈေးရှိသည်။
အဆိုပါဂျီအက်စ်အမ်ဖုန်းများကို မြန်မာနိုင်ငံ မြို့ကြီး (၅၁) မြို့တွင် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း အသုံးပြုခွင့်ပေးထားသည့် ဖုန်းအရေအတွက်နှင့် တပ်ဆင်ပေးထားသည့် စက်အင်အား မမျှခြင်းကြောင့် မြို့အားလုံးနီးပါး၏ နေရာအတော်များများ ဆက်သွယ်၍ မရကြောင်း သိရသည်။
သို့သော် မြန်မာ့ဆက်သွယ်ရေးက ထူးကုမ္ပဏီ လက်အောက်ခံ Central Marketing ကုမ္ပဏီကို ပြီးခဲ့သည့် ဒီဇင်ဘာလ ရတနာပုံစီးတီး အိုင်တီပြပွဲမှစ၍ အက်ဖ်အီးစီ (၁ဝ) နှင့် (၂ဝ) တန် တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ်များကို ရောင်းချခွင့်ပြုခဲ့သည်။
နောက်ထပ် အသုံးပြုလာမည့် ဂျီအက်စ်အမ် တခါသုံး ပရီပေးဆင်းကတ်များအတွက် စက်ပစ္စည်း ထပ်မံတပ်ဆင်ခြင်းမျိုး မလုပ်ခဲ့သည့်အတွက် နဂိုကတည်းက ဆက်သွယ်ရ ခက်ခဲသည့် ဂျီအက်စ်အမ် ဖုန်းများ ယခုနောက်ပိုင်း ပိုမို ဆက်သွယ်ရ ခက်ခဲလာခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် Central Marketing ကုမ္ပဏီကမူ FEC (၂ဝ) တန်ကတ်များကို ဒုတိယအသုတ်အဖြစ် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်၊ ရွှေဘို၊ မုံရွာ၊ မကွေး၊ လားရှိုး၊ မြစ်ကြီးနား၊ ပုသိမ်၊ စစ်တွေ၊ မူဆယ်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ကျောက်မဲ၊ တောင်ကြီး၊ မိတ္တီလာ စသည့် မြို့ကြီးတို့တွင် ဆက်လက်ရောင်းချနေပြီး နောက်ပိုင်း ဂျီအက်စ်အမ် အသုံးပြုနိုင်သည့် မြို့ (၅၁) မြို့လုံး၌ ရောင်းချသွားမည်ဟု ကြေညာထားသည်။ လက်ရှိ တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ် (၃) သောင်းကျော် ရောင်းချပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
Ref: ခေတ်ပြိုင်
ထိုင်းရောက် ရိုဟင်ဂျာဒုက္ခသည်များ တွေ့ခွင့်မရလို့ ကုလစိတ်ပူ
26 January 2009
ထိုင်းနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံကလို့ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အခုအချိန်အထိ တွေ့ခွင့် မရသေးတဲ့အတွက် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောလိုက်ပါတယ်။ ထိုင်းရေပိုင်နက်ထဲကို တရားမ၀င် လှေစီး ၀င်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၂၆ ယောက်နဲ့ UNHCR က တွေ့ဆုံခွင့်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက တောင်းဆို ထားပေမယ့် အခုအချိန်အထိ ထိုင်းအစိုးရဘက်က တရားဝင်တုံ့ပြန်မှု မရသေးဘူးလို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရသူ ကစ်တီ မက်ကင်ဆီက ပြောပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
“ထိုင်းနိုင်ငံထဲမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာဒုက္ခသည်အားလုံးနဲ့ တွေ့ခွင့်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားပေမယ့် အခုအချိန်အထိ မရသေးဘူး။ ဒီရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ မျိုးစုံပြောနေကြတာကိုလည်း UNHCR က အင်မတန် စိုးရိမ်တဲ့အတွက် ဒုက္ခသည်တွေနဲ့ တိုက်ရိုက် တွေ့ဆုံလိုတာဖြစ်တယ်” လို့ မစ္စမက်ကင်ဆီက ပြောသွားပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလို့ဆိုတဲ့ ရိုဟင်ဂျာ ၁,၀၀၀ လောက်ဟာ ထိုင်းနိုင်ငံထဲကို တရားမ၀င် ရေလမ်းကနေ ၀င်လာခဲ့တာကို ထိုင်းရေတပ်က ဖမ်းမိပြီး တချို့ကို ဖမ်းထားကာ၊ တချို့ကိုတော့ အင်ဂျင်စက်ဖြုတ်ထားတဲ့လှေတွေနဲ့ ပင်လယ်ထဲကို အတင်း ပြန်ပို့ခဲ့ပါတယ်။ သူတို့ကို အိန္ဒိယနဲ့ အင်ဒိုနီးရှားရေတပ်တို့က ကယ်တင်ခဲ့ရပါတယ်။ ရိုဟင်ဂျာ ၃၀၀ လောက်ဟာလည်း လမ်းခရီးမှာပဲ အစာရေစာပြတ်လပ်ပြီး သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီသတင်းတွေ ပေါ်ထွက်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက တောင်းဆိုနေတာဖြစ်ပါတယ်။ ဒီအပေါ်မှာ ထိုင်းနိုင်ငံခြားရေးဌာန ပြန်ကြားရေးရုံး ညွှန်ကြားရေးမှူးချုပ် တာရစ် ချာကိုဝပ်ကတော့ သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။
“ထိုင်းအစိုးရအနေနဲ့ UNHCR ဌာနေရုံးနဲ့ရော ဆွစ်ဇာလန်မှာရှိတဲ့ ရုံးချုပ်နဲ့ပါ ဆွေးနွေးနေပါတယ်။ ဒုက္ခသည်တွေ ခံစားနေရတာကို ထိုင်းနိုင်ငံက စာနာပေမယ့် ကုလသမဂ္ဂအနေနဲ့ ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို လေးစားဖို့” လည်း ပြောသွားပါတယ်။
အခုလို ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်ကလို့ ပြောနေပေမယ့် ဒီဒုက္ခသည်တွေကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းမှာရှိတဲ့ မြန်မာသံရုံးဘက်က တစုံတရာ ဆောင်ရွက်ခြင်း ရှိမှာမဟုတ်ဘူးဆိုတာကို UNHCR အာရှဒေသဆိုင်ရာ ပြောခွင့်ရသူ ကစ်တီ မက်ကင်ဆီက အခုလိုပြောပါတယ်။
“ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံသားတွေ မဟုတ်ပါဘူးလို့ မြန်မာအစိုးရက အရင်ကတည်းက ပြောထားတဲ့အတွက် ထိုင်းမှာရှိတဲ့ မြန်မာသံရုံးက ဒီကိစ္စမှာ တစုံတရာ ပါဝင်ပတ်သက်မယ်လို့ မမြင်ကြောင်း” မစ္စမက်ကင်ဆီက ပြောသွားပါတယ်။
မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာတွေဟာ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေမှာသွားပြီး တရားမ၀င် အလုပ်လုပ်နိုင်ဖို့အတွက် ရေလမ်းကနေ ခိုးဝင်နေကြတာ ဖြစ်ပါတယ်။
Ref: VOA News
Monday, January 26, 2009
လူကုန်ကူးခံရသူ မိန်းကလေး ၃ ဦး စိုးရိမ်ရ
Monday, 26 January 2009
ကိုစိုး
တရုတ် နိုင်ငံဘက်သို့ နယ်စပ် ဖြတ်ကျော် လူကုန်ကူး ခံခဲ့ရသော မိန်းကလေး ၃ ဦးနှင့် ပတ်သက်သည့် လက်ရှိ အခြေအနေမှန်ကို မကြားသိရ သောကြောင့် မိသားစုဝင်များက အလွန်စိုးရိမ်လျှက်ရှိကြောင်းသိရသည်။
၂၀၀၈ ခုနှစ် ဧပြီလအတွင်းကတည်းက တရုတ်နိုင်ငံတွင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန်ဟုဆိုကာ ခေါ်ဆောင် သွားခံရသည့် လှိုင်သာယာ ၃ ရပ်ကွက်မှ မဖြိုးသီတာ အသက် ၂၀ နှစ်၊ မသီတာမိုး အသက် ၁၈ နှစ် နှင့် မသန္တာဝင်း အသက် ၂၃ နှစ်တို့ကို လွန်ခဲ့သည့် အပတ် ၂၀ ရက်ဝန်းကျင်ခန့်က စတင်အဆက်အသွယ် ပြတ်ခဲ့သော ကြောင့် အလွန် စိုးရိမ်ပူပန်မိသည်ဟု ရန်ကုန်မြို့ရှိ မသန္တာဝင်း၏ ဆွေမျိုးသားချင်းတဦး ကပြောသည်။
“သူတို့ ခေါ်သွားတာ အခုဆိုရင် ၉ လ လောက်ရှိသွားပါပြီ၊ ဆက်သွယ်ပေးတဲ့သူက တလမ်းထဲကပဲ ၊ တလကို ကျပ် တသိန်း ပေးမယ်ဆိုပြီး စက်ချုပ်ဖို့ ခေါ်သွားတာ၊ ခေါ်တဲ့သူ လင်မယား ၂ ယောက်က ယောက်ျားက တရုတ်က၊ မိန်းမက လှိုင်သာယာက ပဲ၊ ခေါ်သွားပြီးတော့ ဖုန်း အဆက်အသွယ်တွေ ဘာတွေလည်း သိပ်လုပ်မပေးဘူး၊ ကျမ တို့ကလည်း အဆင်ပြေနေတယ်လို့ ထင်တာပေါ့၊ ဖုန်းခိုးဆက်လို့ရတော့မှ အဆင်မပြေဘူးဆိုတာကို သိရ တယ်၊ အဲဒါ အဆက်အသွယ်မရတော့ အခုစိတ်ပူနေတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။
အဆိုပါ မိန်းကလေးများ ပြန်လာနိုင်ရန် စရိတ် အတွက် တဦးလျှင် ကျပ်ငွေ ၉ သိန်း စီ ပို့ပေးရန် လိုအပ်ကြောင်း ခေါ်ဆောင်သွားသူ တရုတ်အမျိုးသားက ဖုန်းဖြင့် ဆက်သွယ်၍ တောင်းခံသည်ဟုလည်း သိရသည်။
“သူတို့ကို စက်ချုပ်ဖို့ ခေါ်သွားပြီးတော့ အဲဒီအလုပ်က တလပဲလုပ်ရတယ်၊ အိမ်ထဲမှာထားပြီး သူတို့ခိုင်းတာ လုပ် ရ တယ်၊ ကျွန်လိုခိုင်းတယ်၊ မောက်မောက်မာမာ ဆက်ဆံတယ်ဆိုတာတွေကို ဖုန်းဆက်တော့မှ သိရတယ်၊ ၂၂ ရက်နေ့နောက်ပိုင်း ကောင်မလေးတွေနဲ့ လုံးဝအဆက်အသွယ် မရတော့ဘူး၊ အဲဒါ မနေ့က ခေါ်သွားတဲ့ တရုတ် အမျိုးသားက ကျမတို့ဆီ ဖုန်းဆက်တယ်၊ ပြန်လာလို့ ရဖို့ တယောက်အတွက် ငွေ ၉ သိန်းစီပို့ရမယ်တဲ့၊ နဂို က တည်းက ပိုက်ဆံ မရှိလို့ အလုပ် သွားလုပ်ပါတယ်၊ ဘယ်လိုပို့နိုင်မှာလဲ”ဟု အထက်ပါ မသန္တာဝင်း၏ ဆွေမျိုး သားချင်း ဖြစ်သူက ဆိုသည်။
ယင်းမိန်းကလေး ၃ ဦးသည် တရုတ်ပြည် စန့်ဟိုင်းပြည်နယ် ၊ တိုင်းဆက်မြို့၊ နိုင်းဇောင်း ရပ်တွင် ရောက်ရှိနေပြီး ၎င်းတို့သည် မကြာသေးသောကာလတွင် ရောင်းစားခံရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရကြောင်းမိန်းကလေး များနှင့် အဆက်အသွယ်ရခဲ့သည့် တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ မြန်မာနိုင်ငံသား တဦး ကပြောပြသည်။
“သူတို့ အလုပ်လုပ်တဲ့ နေရာကထွက်လာတော့ ကျနော်နဲ့ ဖုန်းရတယ်၊ သူတို့ကို မြန်မာပြည်ကနေ ခေါ်လာပြီး တော့ ရောင်းစားခံရမယ့် အခြေအနေမျိုးဖြစ်နေတယ်၊ ကူညီပါဆိုလို့ ကျနော်က သူတို့ ငှားစီးတဲ့ တက္ကစီသမားနဲ့ တရုတ်လိုပြောပြီး အနီးဆုံး ရဲစခန်းကို မောင်းပို့ခိုင်းလိုက်တယ်၊ ကောင်မလေးတွေက တရုတ်စကားလည်း မတတ်ဘူး”ဟု ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားက ပြောသည်။
၎င်းက ဆက်လက်ပြီး ယခုအခက်အခဲ ဒုက္ခကြုံတွေ့နေသော မိန်းကလေးများက မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး ရုံးသို့ ဆက်သွယ် အကူအညီ တောင်းခံခဲ့သော်လည်း ရှေ့ပိုင်းတွင် ထိရောက်သည့် အကူအညီ မရရှိကြောင်းလည်း ပြောဆိုသည်။
“အဲဒီ မူဆယ်ရုံးက ရှေ့ပိုင်းမှာ အသေအချာအလုပ်မလုပ်ဘူး၊ ဒီ လူကုန်ကူးမှုထဲမှာ ရဲ တယောက်ပါနေတာကို မထင်ပေါ်စေချင်လို့ပဲလား၊ သူတို့ကိုယ်တိုင် လူကုန်ကူးသူတွေနဲ့ တနည်းနည်း ပတ်သက်နေလို့ ပဲလား မသိဘူး၊ နောက်ပိုင်း အပေါ်က သိသွားပြီး ထောင်းလို့ ထလုပ်တာမျိုး လို့ထင်တယ်၊ ကောင်မလေးတွေ က သူတို့ ဆက် သွယ်တယ်ဆိုတာ ကျနော့်ကို ပြောပြကြတယ်”ဟု ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားက ဆိုသည်။
မူဆယ်မြို့ရှိ စစ်အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးရုံးမှ ထိပ်ပိုင်း တာဝန်ရှိသူ ဒေါ်မီနီဦးက ယင်းမိန်းကလေး များ သည် အရောင်းစားခံရခြင်းမဟုတ်ကြောင်း၊ ၎င်းတို့ဘာသာ အလုပ်အကိုင်အဆင်မပြေသောကြောင့် မြန်မာ နိုင်ငံ သို့ ပြန်ချင်သည့်အတွက် အကူအညီတောင်းခံလာခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။
“သူတို့က ရောင်းစားခံရတာလည်း မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ၉ လ လောက်ကတည်း ရောက်နေတာ၊ ၆ လ လောက် ပဲ လုပ်ရပြီး အခု နောက်ပိုင်း ၂ လ လောက်မှာ တရုတ်မှာလည်း အလုပ်လက်မဲ့တွေဖြစ်တော့ သူတို့ မလုပ်ရ တော့ဘူး၊ အဲဒါနဲ့ ပြန်ချင်လို့ ဒီကို လှမ်းဆက်သွယ်နေတာ၊ သူတို့ကို ပိတ်လှောင်ထားတာမဟုတ်ဘူး၊ အနီးစပ်ဆုံး ရဲစခန်းကို သွားပါလို့၊ အဲဒါ သောကြာနေ့လောက်ကတည်းက ရဲ စခန်းကို ရောက်သွားတယ်၊ ကျမတို့ ရဲ စခန်း အချင်းချင်း လှမ်းဆက်သွယ်တယ်” ဟု ဒေါ်မီနီဦးက ပြောပြသည်။
ထို့ကဲ့သို့ အဖြစ်မျိုးကြုံတွေ့ရသည့် မိန်ကလေးများစွာကို မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့ရကြောင်း၊ တချို့မိန်းကလေး များမှာ လွှဲပြောင်းချိန် လနှင့် ချီ ကြာပြီးမှ မြန်မာဘက်သို့ ပြန်ရောက်သည်များလည်း ရှိဖူးကြောင်း၊ ယခုလက်ရှိ တွင် တရုတ်နိုင်ငံဘက်၌ မြန်မာ မိန်းကလေး ၃ သိန်းခန့် ရှိကြောင်းလည်း ဒေါ်မီနီဦး ကဆိုသည်။
ယင်းမိန်းကလေး ၃ ဦးအား တရုတ်ပြည်ဘက်သို့ သယ်ဆောင် ကူးသန်းသူ လင်မယား နှစ်ဦးမှာ ကိုအံ့ကူ ဆိုသူ တရုတ်အအမျိုးသားနှင့် မနီနီဝင်း ဆိုသူ မြန်မာအမျိုးသမီးတို့ဖြစ်ပြီး ၎င်းတို့အား မည်သို့ အရေးယူ ဆောင်ရွက် မည် ဆိုသည်ကိုမူ မသိရှိရသေးပေ။
နောက်ဆုံးအခြေအနေအရ မိန်းကလေး ၃ ဦးမှာ မြန်မာအာဏာပိုင်များနှင့် တရုတ်အာဏာပိုင်များ အဆက် အသွယ်ရပြီး စန့်ဟိုင်းပြည်နယ်ရှိ ဒေသဆိုင်ရာ မြန်မာအာဏာပိုင်များထံ ရောက်ရှိနေကြောင်း သိရသည်။
Ref: ဧရာဝတီ
မြန်မာပြည်တွင်း ပထမဆုံး နိုင်ငံရေးဂျာနယ် ထွက်မည်ဟုဆို
ဖနိဒါ
တနင်္လာနေ့၊ ဇန်နဝါရီလ 26 2009
ချင်းမိုင်(မဇ္ဈိမ) ။ ။ ဆင်ဆာဖြတ်တောက်မှုဆိုးရွားလှသည့် မြန်မာပြည်တွင် နိုင်ငံရေးအကြောင်းအရာများ ဖော်ပြမည်ဆိုသော ဂျာနယ်တခုကို လာမည့် ကြာသာပတေးနေ့တွင် ထုတ်ဝေသွားမည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲအမှီ နိုင်ငံရေးအမြင်၊ သုံးသပ်ချက်နှင့် ဆောင်းပါးများ အဓိက ဖော်ပြမည်ဆိုသော Northern Star ဥတ္တရအလင်းဂျာနယ်ကို စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာ ဒုတိယအယ်ဒီတာချုပ်ဟောင်း ဦးသီဟအောင်က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမှာဖြစ်သည်။
"မြန်မာနိုင်ငံ ဒီမိုကရေစီကို သွားနေတယ်လေ။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလမှာ သတင်းစာဆရာ၊ စာရေး ဆရာတွေ ရေးသားခဲ့တဲ့ အမှတ်ရစရာလေးတွေ၊ တိုင်းပြည်အတွက် အကျိုးရှိမဲ့ဟာတွေ ပြန်ရီဗျူးလုပ်ပြီးတော့၊ နောက်ပိုင်း ပါတီတွေ ဖွဲ့တော့မယ်။ စည်းရုံးရေးတွေ လုပ်တော့မယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်။ အတိတ်ကို နည်းနည်းပြန်တည်ပြီး လမ်းမှန်ပေါ့နော်။ အန်ကယ်တို့ မြင်တဲ့ ပုံစံအတိုင်း သွားသင့်တယ်ဆိုတဲ့ အယူအဆနဲ့ ထုတ်ဝေမှာပါ"ဟု ဦးသီဟအောင်က ပြောသည်။
"၈၈ကနေ ၂၀၀၈ထိ နှစ်ပေါင်း ၂၀ထိ ဖြတ်သန်းခဲ့ရပြီလေ။ တိုင်းပြည်တွင်းမှာ ပြည်သူတွေက သိတာလည်း ရှိတယ်၊ မသိတာတွေလည်း ရှိတယ်။ တချို့က သိပေမယ့် မေ့သွားတာတွေရှိတယ်။ သမိုင်းထဲမှာ မှတ်တိုင်တွေ ဆိုတာ ရှိတယ်လေ။ အဲဒီအရေးကြီးတဲ့ ကာလ တွေကို ပြည်သူလူထုက ပြန်လည် သိရှိ၊ မှတ်မိပြီးတော့ ခုဖြစ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို ပေါင်းစပ်ပြီးတော့ လေ့လာ သုံးသပ်နိုင်အောင် တင်ပြမှာပါ"ဟု သူက ဆက်ပြောသည်။
ပထမဆုံးထွက်ရှိမည့် စာစောင်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် စာနယ်ဇင်းသမားများ၏ အခန်းဏ္ဍ၊ မောင်ဝံသ၊ မောင်စူးစမ်း၊ ကျော်ဝင်းတို့၏ ဆောင်းပါးများ ပါဝင်မည်ဟု သိရသည်။
"အဓိက ရည်ရွယ်ချက်ကတော့ အခုအများအားဖြင့် အန်ကယ်တို့မှာ အားနည်းနေတာက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာ အပြည့်အ၀ ပေးတဲ့ ဂျာနယ်မရှိဘူး။ ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ကြတာလေ။ ၂၀၀၉- ၂၀၁၀က ဒီအချိန်မှာ နိုင်ငံရေးနှင့် ပတ်သက်တဲ့ အသိပညာ၊ အတွေ့အကြုံတွေ၊ အယူအဆတွေ ချပြဖို့ ဆိုတာ နည်းနည်းနဲ့ ချပြဖို့ ဆိုတာ မလွယ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တာ တော်များများပါပြီးတော့ ပြည်သူလူထု စဉ်းစားလာနိုင်အောင် သမာသမတ် ကျကျနဲ့ ချပြမယ်။ တိုင်းပြည်ကောင်းစေချင်လို့ပါပဲ။ ဒီတခုပါပဲ"ဟု ဦးသီဟအောင်က ပြောသည်။
သို့သော် စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်အစိုးရ၏ ဆင်ဆာဘုတ်အောက်မှာ ပေးဖြတ်ခွင့် မရှိသလောက် နည်းပါးလှသော နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည့်နှင့် သူမ၏ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် ခေါင်းဆောင်အများအပြား ထောင်ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားများ အကြောင်းကိုမူ အကြောင်းတစုံတရာ တိုက်ဆိုင်မှသာလျှင် ရေးသားဖော်ပြဖြစ်ပါလိမ့်မည်ဟု သူက ပြောသည်။
ဦးသီဟအောင်သည် ဗိုလ်မှူးအဖြစ် ၁၉၇၂ခုနှစ်မှ ၁၉၉၁ခုနှစ် တပ်မတော် တာဝန်ထမ်းဆာင်ခဲ့သူဖြစ်သည်။ ထို့နောက် ပြန်ကြားရေး ဌာနသို့ ပြောင်းရွှေ့ကာ မြန်မာ့အလင်းတွင် ဒုတိယ အယ်ဒီတာချုပ်မှ ညွန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာ ရာထူး တာဝန်များယူခဲ့ပြီး ၂၀၀၇ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
သတင်းစာဆရာဘ၀မှ နိုင်ငံရေးထဲ ၀င်ရောက်လာခဲ့ပြီး ဆိုးရွားလှသော စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် နှစ် ၂၀ ခန့်နေခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူက "ကောင်းပါတယ်၊ ခုလို ထုတ်ဝေမယ်ဆိုရင် ဘာပဲ ထုတ်ထုတ်၊ အမှန်တရားကို အခြေခံထားဖို့ ရေးသားကြဖို့ သတင်းစာ ကျင့်ဝတ် သိက္ခာနဲ့အညီ တည်းဖြတ်ဖို၊့ ဖော်ပြဖို့ပါပဲ။" က မဇ္ဈိမသို့ ပြောသည်။
ပြန်ကြားရေး ၀န်ကြီးဌာနမှ ၂၀၀၈ခုနှစ် အောက်တိုဘာလတွင်း ဂျာနယ် ၆စောင်နှင့် မင်္ဂဇင်း ၆စောင်တို့အား ထုတ်ဝေခွင့် ချပေးခဲ့သည်။ ထုတ်ဝေခွင့်မှတ်ပုံတင်ထားသည့် အပတ်စဉ် ဂျာနယ်သည် အနည်းဆုံး ၁၃၀ ထက်ရှိသည်။
ပြည်တွင်း အယ်ဒီတာတဦးကမူ ဆင်ဆာဖြတ်တောက်မှု ပိုမိုဆိုးရွားလာသော လက်ရှိအခြေအနေတွင် နိုင်ငံရေးအကြောင်းဆိုလျှင် ပြည်ပနိုင်ငံရေးသာ ပိုမိုရေးခွင့်ရပြီး ပြည်တွင်းနိုင်ငံရေးအတွက်မူ အကန့်အသတ်များလွန်းလှ၍ သိပ်မျှော်လင့်မထားဟု ဆိုသည်။
စာမျက်နှာပေါင်း၂၀ ရှိ Northern Star ဂျာနယ်အား ယခုတပတ် ကြာသာပတေးနေ့တွင် စောင်ရေ ၃ထောင် အနည်းဆုံး ဖြန့်ချီမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် တစောင်လျှင် ၃၀၀ကျပ်ဖြင့် စတင် ရောင်းချမည်ဟု သိရသည်။
Ref: မဇ္ဈိမ
ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်း ဘန်ကောက်ရွှေဆိုင်များ ပိတ်
NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
ကမ္ဘာ့ရွှေဈေးမှာ တရက်တည်း အတက်အကျ မြန်လွန်းနေသည့်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းရှိ နာမည်ကြီး ရောင်ဝရတ် ရွှေဈေးတန်းမှ ရွှေဆိုင်များ တရုတ်နှစ်သစ်ကူးရက်အတွင်းမှာပင် ပိတ်လိုက်ရကြောင်း ရွှေကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ပြောသည်။
အရောင်းအ၀ယ်ကောင်းသည့် တရုတ်နှစ်သစ်ကူးရက်အတွင်း ရွှေဆိုင်များပိတ်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ကမ္ဘာ့ရွှေဈေးက တနေ့တည်း အမျိုးအမျိုးဖြစ်နေတော့ ရွှေဆိုင်တွေက ဈေးအမျိုးမျိုး လိုက်ပြောင်းပေးနေရတာနဲ့ တနင်္လာနဲ့ အင်္ဂါကို ရွှေဆိုင်တွေပိတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်” ဟု ရွှေကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ကျစ်တီက ပြောသည်။ တရုတ်တန်း ရောင်ဝရတ်ရွှေဈေးတန်းမှာ ရွှေဈေး တကြိမ်ပြောင်းလျှင် ဘတ်ငွေ (၄၀၀) ၀န်းကျင် အတက်အကျ ဖြစ်နေသည့်အတွက် ဈေးသတ်မှတ်ရန် ခက်ခဲပြီး ပိတ်ရသည်ဟုလည်း ဆက်ပြောသည်။
ကမ္ဘာ့ရွှေဈေးမငြိမ်သည့်အတွက် တရုတ်နှစ်သစ်ကူးအတွင်း အာရှရွှေဆိုင်များလည်း ပိတ်ပြီး ဗုဒ္ဓဟူးနေ့မှ ရွှေဆိုင်များ ပြန်ဖွင့်မည်ဖြစ်သည်။
ဇန်န၀ါရီ (၂၄) ရက် ထိုင်း ရွှေကုန်သည်ကြီးများအသင်း ထုတ်ပြန်ထားသည့် ရွှေဈေးမှာ ရွှေချောင်းဝယ်ဈေး တဘတ်သား ဘတ်ငွေ (၁၄,၅၀၀) နှင့် ရောင်းဈေး ဘတ်ငွေ (၁၄,၆၀၀) ရှိပြီး လက်ဝတ်ရတနာရွှေမှာ ၀ယ်ဈေး ဘတ်ငွေ (၁၄၂၉၅.၈၈) နှင့် ရောင်းဈေး (၁၅,၀၀၀) ရှိသည်။
Ref: ခေတ်ပြိုင်
၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု (သုံးသပ်ချက်)
မင်းနိုင်သူ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
၂၀၀၉ ခုနှစ်အတွင်း အာရှနိုင်ငံများ၌ စီးပွားရေးကို အခြေခံသော လူမှုအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက် တရပ်ရှိသည်။ ထိုကဲ့သို့ သတိပေးသူမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် အာရှ - ပစိဖိတ် ဒေသဆိုင်ရာ ဗဟိုရုံး အကြီးအကဲ Ajay Chhibber ဖြစ်သည်။ ၎င်းက အခြေခံ ဒီမိုကရေစီ စံနှုန်းများနှင့် နိုင်ငံ့စီးပွားရေး ထိန်းကျောင်းနိုင်မှု စံနှုန်းများ အပေါ်မှုတည်၍ “အာရှနိုင်ငံများအတွင်း” ဟူသော အထူးပြုချက်ကို သုံးနှုန်း သတိပေးခဲ့ခြင်း ဖြစ်ဟန်ရှိသည်။
ထို့ကြောင့် သတိပေးဧရိယာအတွင်း ပါဝင်နေသည့် ၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေး အလားအလာကို သုံးသပ်ကြည့်ဖို့လိုလာသည်။
၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေးသည် ၂၀၀၈ ခုနှစ်ထက် သိသာစွာ ကျဆင်းလိမ့်မည်ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် (Burma Fund) ဘားမားဖန်းမှ ဦးစိန်ဌေးတို့နှစ်ဦးက တူညီစွာမှန်းဆသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းလာချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နိုင်ငံများ ရင်ဆိုင်ရမည့် စီးပွားရေးအကျပ်အတည်းထက် မြန်မာက ပိုမည်ဖြစ်သည်။
၂၀၀၈ ခုနှစ် နှစ်စပိုင်းတွင် နာဂစ်ဒဏ်ခံခဲ့ရသဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများမှ အခြေခံသွင်းအားစုများနှင့် လုပ်သားများ ပျက်စီး ဆုံးရှုံးခဲ့ခြင်း၊ နှစ်လယ်ပိုင်းတွင် အဓိကပို့ကုန်တမျိုးဖြစ်သော ပဲဈေးကွက်ပျက် ပြားသွားခြင်းနှင့် စစ်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှု များပြားနေခြင်းတို့သည် အခြားနိုင်ငံများထက် ပိုနေသော အချက်များဖြစ်ကြောင်း မီးမောင်းထိုးပြကြသည်။
“စီးပွားရေးခန့်မှန်းတဲ့အခါ ပြီးခဲ့တဲ့ တနှစ်လောက်ကိုပဲ ကြည့်ပြီးတော့ ခန့်မှန်းလို့တော့ မရဘူးပေါ့။ အရင်က ဟာတွေကိုလည်း ကြည့်ဖို့လိုတယ်။ သို့သော်လည်း recently ပေါ့။ တနှစ်လောက်ကဟာကတော့ တိုက်ရိုက်ထိခိုက်တာ (directly impact) ဖြစ်တာပေါ့။ ဒီလိုပဲ စီးပွားရေးကျဆင်းမှုဟာ တနှစ်အတွင်း သိသာမှု မရှိခဲ့ဘူးဆိုရင်လည်း နောက်နှစ် နောက်နှစ်တွေမှာကျမှ သွားပြီးထိခိုက်တာမျိုးလည်းရှိတယ်။ ချက်ချင်းထိခိုက်တာမျိုးလည်းရှိတယ်။ ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ အရေးခင်းမျိုးကတော့ တိုက်ရိုက် အကျိုးသက်ရောက်သွားတာလို့ ပြောလို့ရတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။
အကယ်စင်စစ်လည်း ကမ္ဘာ့စီးပွားရေး မကျဆင်းမီကပင် မြန်မာ့စီးပွားရေးမှာ ကျဆင်းနေခဲ့ပြီးဖြစ်သည်။
စစ်အစိုးရ၏ ညံ့ဖျင်းသောကိုင်တွယ်မှုကြောင့် ယိုင်နဲ့နေသော မြန်မာ့စီးပွားရေးကို မေ (၂) ရက် နာဂစ်က အရှိုက်ထိုးလိုက်ပြန်သည်။ စပါးစိုက်ပျိုးထုတ်လုပ်မှု (၄၀) ရာခိုင်နှုန်းမျှ ပျက်စီးခဲ့သည်။ ငါးလုပ်ငန်း၊ ဆားလုပ်ငန်း များလည်း နာလန်မထူနိုင်။ ထို့ထက်ပိုဆိုးသည်မှာ ဒေသခံလူထု နှစ်သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ကြရခြင်း ဖြစ်သည်။ လုပ်သားအင်အားဆုံးရှုံးမှုသည် အဆိုးဝါးဆုံး ဆုံးရှုံးမှုဖြစ်သည်။
သေဆုံးသူစာရင်းကို နအဖက အတိအကျ ထုတ်ပြန်မပေးနိုင်သော်လည်း ပျက်စီးဆုံးရှုံးမှု စာရင်းကိုမူ သုံးပတ်အတွင်း အမိအရ ကောက်ကာ ကန်ဒေါ်လာ (၁၁) ဘီလီယံကျော် ရှိကြောင်း ကမ္ဘာကိုပြောသည်။ မေ (၂) ရက်က ဖြစ်ပွားခဲ့သော မုန်တိုင်းကြောင့် ပျက်စီးမှုတန်ဖိုးကို မေ (၂၅) ရက်တွင် စာရင်းအတိအကျဖြင့် တင်ပြလာနိုင်စွမ်းသော နအဖ၏ စာရင်းများကို ကမ္ဘာကမယုံ။ သို့နှင့် အာဆီယံက ကြားဝင်တွက်ချက်ပေးရာ လေးပုံတပုံလျော့ပါးသွားပြီး (၄) ဘီလီယံဟု အဖြေထွက်လာသည်။
နာဂစ်ဖြစ်ပြီးစအချိန်ကလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန် မစဉ်းစားဘဲ မေ (၅) ရက်တွင် ဘဏ္ဍာရေး ဒု-၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက ဒုက္ခသည်ပြ ဒေါ်လာရပြီ အထင်နှင့် ကမ္ဘာ့ဘဏ်သွားကာ လက်ဖြန့်သည်။ ကမ္ဘာ့ဘဏ်က မပေး။
ဤကဲ့သို့သော မရိုးဖြောင့်မှုများရှိရသည့်အထဲ နာဂစ်ဒုက္ခသည်များကို ကူညီသူများအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူမှုများကြောင့် ကမ္ဘာ့အကူအညီပေးရေးများ တွန့်ဆုတ်ကုန်သည်။ နအဖ၏ မိုက်မဲမှုကြောင့် ဒေသခံလူထုသည် ကမ္ဘာ့အကူအညီများကို လိုသလောက်မရခဲ့။
တဖက်တွင်လည်း စက်တင်ဘာအရေးအခင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ကျဆင်းလာနေသော ခရီးသွားလုပ်ငန်းသည် နာဂစ်အပြီးတွင် အခြေအနေပိုဆိုးလာသည်။ မီးခိုးမဲ့စက်ရုံပိုင်ရှင် ခရီးသွားလုပ်ငန်းရှင်များ ကိုယ်တိုင် ၎င်းတို့အိမ်တွင် မီးခိုးမဲ့တော့မည့် သဘောရှိလာသည်။ ဗီဇာစနစ်ပြောင်းလဲပေးရန်နှင့် နိုင်ငံခြားသားများအပေါ် ကန့်သတ်မှုများ လျှော့ပေါ့ပေးရန် ခရီးသွားလုပ်ငန်းရှင်များက တောင်းဆိုလာကြသည်။ နအဖကတော့ ယခုအချိန်အထိ တုတ်တုတ်မျှမလှုပ်။
ပုဂ္ဂလိကစီးပွားရေးကျဆင်းနေချိန်တွင် ရှိသမျှသယံဇာတ ထုတ်ရောင်းရန်သာ ကြံဆနေသော နအဖက ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပွားပြန်သည်။ ရလဒ်ကား ပြည်တွင်းရေထွက်ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ရပ်ဆိုင်းကုန်ခြင်းဖြစ်သည်။
တဖန် နှစ်လယ်ပိုင်းတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းဖြစ်ပွားခဲ့သော ပဲကြိုပွိုင့်ရောင်းဝယ်မှုများကြောင့် အဓိကပို့ကုန်တခုဖြစ်သည့် ပဲဈေးကွက်ပျက်သွားပြန်သည်။ ဤတွင် နအဖက နိုင်ငံတော်မှ ဦးဆောင်ရောင်းဝယ်မည်ဆိုကာ ပဲဈေးကွက်ကို ထိန်းချုပ်ရန် တာစူလာပြန်၏။ တနိုင်ငံလုံးရှိ ကုန်စည်ဒိုင်အမှုဆောင်များအား ကုမ္ပဏီများ စုဖွဲ့ခိုင်းနေသည်။ နယ်ခံကုမ္ပဏီနှင့် ရန်ကုန်ရှိ နအဖလက်ဝေခံကုမ္ပဏီများ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု စီးပွားကူးသန်းဒု-၀န်ကြီးက နယ်လှည့် ဆွယ်တရားဟောနေ၏။ နယ်ခံကုန်သည်ပွဲစားများက လိုလားမှုမရှိ။ နအဖနှင့် ပတ်သက်နေသော ရန်ကုန်ကုမ္ပဏီများကိုလည်း မယုံကြည်ကြ။ အဆုံးသတ်တွင် မည်ကဲ့သို့သော ရလဒ်ပေါ်ထွက်လာမည်ကို စောင့်ကြည့်ကြရဦးမည်။
နအဖ၏ တပွဲတိုးဖြေရှင်းနည်းများကား ထိုမျှနှင့်ရပ်မသွား။ နာဂစ်ဒဏ်ခံခဲ့ရခြင်း၊ စပါးဈေး အလွန်အမင်းကျဆင်းနေခြင်းတို့ကြောင့် သွင်းအားစုများ ဖြည့်တင်းရန်ပင် အခက်အခဲရှိနေသော လယ်သမားများ၏ လယ်ယာမြေများကို ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများအား ၀င်ရောက်လုပ်ကိုင်စေသည်။ အမည်ကိုကား လှလှလေး ပေးထားပါ၏။ အကျိုးတူ လယ်ယာစီးပွား။ ထိုအကျိုးတူ လယ်ယာစီးပွားဆိုသည်ကို ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါ တိုးချဲ့သွားမည်ဟု နအဖက လေသံပစ်ထားသည်။
“အဲလိုတွေက လုပ်ခဲ့ဖူးတယ်။ ၁၉၉၅ ခုနှစ်လောက်မှာထင်တယ်။ ရေနက်ကွင်း စိုက်ကွင်းဆိုပြီး ဒေသခံတွေဆီက မြေတွေသိမ်းပြီး သူတို့ကုမ္ပဏီတွေကို ချပေးတာမျိုးတွေရှိခဲ့တယ်။ မကွေးတိုင်းမှာလည်း စီမံကိန်း ၀ါစိုက်ဖို့ဆိုပြီး ယာမြေတွေသိမ်း ပုဂ္ဂလိကကုမ္ပဏီတွေကို ချပေးခဲ့ဖူးတယ်။ မဆလ လက်ထက်တုန်းကလည်း သမ၀ါယမ လယ်ယာတွေဆိုပြီး ရှိခဲ့ဖူးတာပါပဲ။ အခုလည်း အဲဒီပုံစံတွေအတိုင်း နအဖက လိုက်လုပ်နေတာပါပဲ။ အဲဒါတွေက ဒေသခံလူထုအတွက် အကျိုးမရှိနိုင်ဘူး။ ကုမ္ပဏီတွေပဲ အကျိုးရှိမယ်။ သူတို့က ထွက်လာတဲ့အသီးအနှံကို ပြည်ပတင်ပို့ခွင့်ရတော့ နိုင်ငံခြားငွေ (export earning) တွေ ရမယ်။ မူလလုပ်ခဲ့တဲ့ လယ်သမားတွေကတော့ ကုမ္ပဏီရဲ့ အလုပ်သမားသွားဖြစ်ရော။ လယ်ပိုင်ကနေ လယ်ယာလုပ်သားဖြစ်သွားတာ။ နောက်ဆုံးကျတော့ ဒေသခံတောင်သူလယ်သမားတွေကတော့ ဘ၀ပျက်သွားတော့တာပေါ့။ သူတို့ရဲ့ စီးပွားရေးမူဝါဒထဲမှာ ပုဂ္ဂလိကပိုင်ပြုရေးဆိုတာပါပေမယ့် လက်တွေ့မှာ သမ၀ါယမပြုနေတာပဲ။ ပုဂ္ဂလိကပိုင်ပြုတယ်ဆိုရင် တဦးချင်းစီ၊ တကဏ္ဍစီကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရမှာ”ဟု ဦးစိန်ဌေးက သုံးသပ်ပြသည်။
ထိုကဲ့သို့ ပုဂ္ဂလိကစီးပွားရေး ကဏ္ဍတွင် ဒေသခံများ မလုပ်တတ်ဟုဆိုကာ ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများထံ လုပ်ငန်းခွင်များ ထိုးထည့်ပေးနေသော နအဖအနေဖြင့် ၎င်းတို့ကိုယ်တိုင်စီမံခန့်ခွဲနေသည့် အစိုးရအသုံးစရိတ်ကို ကြည့်ပြန်တော့လည်းမဟန်။ ဘတ်ဂျက်လိုငွေပြမှုက (၅) ရာခိုင်နှုန်းအထက်မှာ နှစ်စဉ်ရှိနေသည်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်လည်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော်ရှိခဲ့ကြောင်း ၀န်ကြီး အဖွဲ့အစည်းအဝေး(၃၈/၂၀၀၈) တွင် ၀န်ကြီးချုပ်က ၀န်ခံခဲ့သည်။
“(၇) ရာခိုင်နှုန်း (၈) ရာခိုင်နှုန်းဆိုတာ နှစ်စဉ်လိုဖြစ်နေတာ မဆန်းတော့ပါဘူး။ ဒီနှစ်မှာ ပိုတောင်သုံးရဦးမယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ပုဂ္ဂလိက ကဏ္ဍကသုံးစွဲမှုတွေ လျော့လာမှာဖြစ်လို့ ငွေကျုံ့မှု (deflaction) မဖြစ်အောင် အစိုးရက ပိုသုံးပေးရမယ်” ဟု ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။
ဦးစိန်ဌေးက “တိုင်းပြည်တိုးတက်ဖို့ ဘတ်ဂျက်ပိုသုံးသင့်တဲ့အခါ သုံးကြရပါတယ်။ စီးပွားရေးကျဆင်းလာချိန်မှာ အစိုးရက ပိုသုံးပေးရတယ်ဆိုတာ မှန်ပါတယ်။ သီအိုရီအရမှန်ပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ပိုသုံးခဲ့တာများနေပြီဗျ။ ၈၈ ကနေ ၂၀၀၈ ဆိုရင် အနှစ်နှစ်ဆယ်ရှိနေပြီ။ ဘာမှအကျိုးမရှိဘူး။ အဲဒီမှာပိုသုံးတာ မသုံးတာထက် သုံးတဲ့ဧရိယာတွေကြည့်ရမှာ။ ယောင်ပြတည်ဆောက်မှုတွေ လုပ်နေတာမျိုးက ဘာမှအကျိုးမရှိဘူး။ မလိုအပ်သေးဘဲနဲ့ ဒါမှမဟုတ် တကယ်မလုပ်နိုင်သေးဘဲနဲ့ ၀ါဒဖြန့်ချင်လို့ လမ်းဖောက်လို့၊ တံတားဆောက်လို့ စပါးထွက်နှုန်းတိုးလာမလား။ ဘတ်ဂျတ်သုံးစွဲတဲ့အခါ ဘယ်ကဏ္ဍသည် နိုင်ငံအတွက် အဆီအနှစ်ဖြစ်စေသလဲ။ ဒါကိုကြည့်ရမယ်။ အခုဟာက စစ်တပ်အတွက် အများကြီးသုံးနေတယ်။ မလိုအပ်ဘဲ နေပြည်တော်ဆောက်နေတာ အခုထိမပြီးသေးဘူး။ အများပြည်သူအလုပ်လုပ်တဲ့ ကဏ္ဍတွေမှာ ပံ့ပိုးတာမရှိဘူး။ နိုင်ငံတနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုဟာ (၂) ရာခိုင်နှုန်း၊ (၃) ရာခိုင်နှုန်းသာ ရှိသင့်တာပါ” ဟု ပြောသည်။
နအဖ၏ စာရင်းများကား မှန်ကန်လေ့မရှိဟု ကမ္ဘာကလက်ခံထားကြသည်။ ယခုဘတ်ဂျက်လိုငွေပြမှုသည်လည်း ယခုထက်ပိုစရာသာရှိသည်။ ကြံ့ဖွံ့လို လူမှုရေးအသင်းအဖွဲ့ဆိုသည်ကြီးကိုလည်း နအဖက ထောက်ပံ့နေရသဖြင့် လျော့စရာအကြောင်းမရှိ။ ကြံ့ဖွံ့ပံ့ပိုးငွေများ မည်သည့်ဝန်ကြီးဌာန၏ အသုံးစာရင်းမှ သွားသနည်း။
မိမိတို့ အစိုးရအသုံးစရိတ်ကိုပင် ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိသည့် နအဖအနေဖြင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း ၎င်းတို့အား နောက်ခံပြုပေးနေသော ကုမ္ပဏီကြီးများ လက်သို့သာ ၀ကွက်အပ်စီမံစေသည်မှာ တကယ်တော့မဆန်း။
ဆန်းသည်မှာ Ajay Chhibber ၏ စီးပွားရေးကို အခြေခံသော လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးမှုမှန်ကန်ကြောင်းကို မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် နှစ်စမှာပင် ပြသခဲ့ခြင်းဖြစ်သည်။
ဖြစ်ရပ်မှာ နအဖလက်ဝေခံကုမ္ပဏီများကြီးစိုးရာ ရေနံမှော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းမှူး၏ အစ်မပိုင်ကုမ္ပဏီက နှောပင်ရေနံမှော်တွင် ဒေသခံတွင်းပိုင်များထံမှ ရေနံစိမ်းကို လက်ဝါးကြီးအုပ် ၀ယ်ယူလိုသည်။ တန်ရာတန်ကြေးမပေး။ ပြင်ပရေနံပွဲစားများက တပေပါ (၅) သောင်းကျော် ပေးနေချိန်တွင် ကုမ္ပဏီက (၃) သောင်းဝန်းကျင်သာပေးသည်။ သူတို့မှလွဲ၍ အခြားရောင်းချခြင်းမပြုရဟု အစည်းအဝေး ခေါ်ပြောသောနေ့မှာပင် ဒေသခံလုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ပြဿနာတက်သည်။ စစ်တပ်က ဒေသခံလူထုကိုသာ ပစ်ခတ်နှိမ်နင်းခြင်းဖြင့် ဖြေရှင်းပြသည်။
အလားတူဖြစ်ရပ်မျိုးများ ပေါ်ပေါက်လာနိုင်စရာအကြောင်းများလည်း တွေ့မြင်နေရသည်။ အဘယ့်ကြောင့် ဆိုသော် နအဖ၏ စီးပွားရေးမနိုင်နင်းမှုနှင့် ၎င်းတို့နှင့် လက်ဝေခံကုမ္ပဏီများကိုသာ အလုံးစုံသော လုပ်ပိုင်ခွင့်များ ပေးထားသဖြင့် လူထုစီးပွားကျဆင်းလာနေခြင်းကြောင့်ဖြစ်သည်။
Ref: ခေတ်ပြိုင်
Sunday, January 25, 2009
အမေရိကန်စီးပွားရေး ကယ်တင်မှု ထိရောက်ရေး သမ္မတ အခိုင်အမာပြော
25 January 2009
ကျဆင်းနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကယ်တင်ဖို့ သမ္မတအိုဘားမား က ပထမဆုံးချပေးမယ့် ငွေကြေးပမာဏအပေါ် အမေရိကန်ပြည်သူတွေ တော်တော်များများက ယုံရခက်နေတဲ့ကိစ္စကို သဘောပေါက် နားလည်ပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ သူပထမဆုံး ပြောဆိုတဲ့ အပါတ်စဉ် အင်တာနက် မိန့်ခွန်းကနေ အခုလိုပြောဆို ခဲ့တာဖြစ်ပြီး၊ ဒီလို စီးပွားရေးကျဆင်းမှုကို ကူညီရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းကထွက်ပေါ်လာတဲ့ ရလဒ်တွေကို သူ့ အစိုးရအဖွဲ့က တာဝန်ခံမယ့်အကြောင်းကိုလည်း သမ္မတအိုဘားမားက ပြည်သူတွေကို အခိုင်အမာ ပြောလိုက်ပါတယ်။ ဒီအကြောင်းကို အိမ်ဖြူတော်က ဗွီအိုအေသတင်းထောက် ကန့် ကလိုင်ရန် (Kent Klein) ရဲ့သတင်းကို ကိုရန်နိုင် က တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက နိုင်ငံရဲ့စီးပွားရေးကျဆင်းနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒေါ်လာ ၈၂၅ ဘီလီယံ ကမ်းလှမ်း အဆိုပြုထားတာကို သူ့အနေနဲ့ ဘယ်လိုနည်းနဲ့မှ ဖြန်းတီးတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့က အခုဖြစ်နေတဲ့ ပြဿနာတွေကို ပိုက်ဆံတွေ ထည့်ရုံသက်သက်နဲ့ ဖြေရှင်းသွားမှာမဟုတ်ပါဘူး။ အလုပ်ဖြစ်မယ့် နေရာတွေမှာ ကျနော်တို့က ရင်းနှီးမြုပ်နှံမှုတွေ လုပ်သွားမှာပါ။ ရင်းနှီးမြုပ်နှံမှုတွေကို ဘယ်နေရာတွေမှာ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ အဆင့်သင့်ဖြစ်တာနဲ့ ကျွမ်းကျင်သူတွေက ပြည်သူလူထုကို အသိပေးသွားမှာဖြစ်တယ်။”
အမေရိကန်အစိုးရရဲ့ သတ်မှတ်တဲ့အသုံးစရိတ်ကို ဆွေးနွေးဖို့အတွက် မစ္စတာ အိုဘားမာဟာ သူရဲ့ စီးပွားရေး အကြံပေး အရာရှိနဲ့ စနေနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ အခုရင်ဆိုင် ကြုံတွေ့နေရတဲ့ စီးပွားရေးပြဿနာကို တစုံတရာ ကိုင်တွယ် ဖြေရှင်းတာ မလုပ်ဘူးဆိုရင်၊ အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေဟာ ဆယ်ရာခိုင်နှုန်း ကျော်သွားကြောင်း၊ နိုင်ငံရဲ့ စီးပွားရေး ပမာဏဟာလည်း ဒေါ်လာ ၁ ထရီလီယံ လောက် ကျဆင်းသွားနိုင်တယ်လို့ မစ္စတာအိုဘားမားက ပြောဆိုလိုက်ပါတယ်။
“ဒီပြဿနာတွေကို မြန်မြန်ဆန်ဆန်နဲ့ အရဲစွန့်ပြီး မလုပ်ဘူးဆိုရင်၊ ရေတိုမှာ အခုဆိုးနေတဲ့ အခြေအနေတွေဟာ ပိုပြီးတော့ ဆိုးသွားသွားတယ်။ အဲဒါကြောင့် အလုပ်အကိုင်တွေ အမြန်ဆုံး ဖန်တီးပေးနိုင်ဖို့နဲ့ စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အမေရိကန် ပြန်လည်နလန်ထူလာရေးနဲ့ ပြန်လည် ရင်နှီးမြုပ်နှံမှု စီမံကိန်းကို ကျနော်အဆိုပြုတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို လွှတ်တော်မှာ ပါတီနှစ်ခုစလုံးက အပြင်းအထန် ကြိုးစားလုပ်ကိုင်နေတယ်လို့ ပြောရတာ ကျနော် ၀မ်းသာမိပါတယ်။ တလအတွင်းမှာ ဥပဒေအဖြစ် ပြဌာန်းဖို့ လက်မှတ် ထိုးပေးနိင်လိမ့်မယ် လို့ ကျနော် မျှော်လင့်ပါတယ်။”
သမ္မတအိုဘားမားဟာ သူရဲ့ စီးပွားရေးစီမံကိန်းကို လွှတ်တော်က ထောက်ခံအတည်ပြုပေးအောင် ဆွေးနွေးမှုတွေလုပ်ဖို့ အတွက် ဒီမိုကရက်ပါတီ နဲ့ ရီပတ်ဘလစ်ကန်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမေရိကန်လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ သမ္မတအိုဘားမား သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလလယ်မတိုင်ခင် ဒီအဆိုပြုတဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ သဘောတူညီမှုကို ရလိမ့်မယ်လို့ ယုံကြည်ကြောင်း နှစ်ဘက်ပါတီခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော် ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင် ဂျွန် ဘိုအားနာ (John Boehner) အပါအ၀င်၊ ရီပတ်ဘလစ်ကန် ပါတီဝင်တွေက သမ္မတ အိုဘားမား အဆိုပြုတာထက် ပိုပြီးတော့ အခွန်ကောက်တာတွေ လျော့ချဖို့နဲ့ အစိုးရ အသုံးစရိတ်တွေကို လျော့ချဖို့ အဆိုပြုတယ်လို့ ပြောဆိုလိုက်ပါတယ်။
“ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ သန်းနဲ့ချီပြီး ပိုလုပ်လာအောင် မိသားစုတွေ၊ ကိုယ်ပိုင် စီးပွားရေး လုပ်သူတွေ၊ အသေးစားစီးပွားရေးလုပ်ငန်းတွေကို အခွန်ကောက်တာတွေကိုလျော့ပြီး သူတို့ရှာဖွေလုပ်ကိုင်ရရှိတဲ့ ငွေတွေကို ပိုပြီးခံစားခွင့်ပေးရမှာ ဖြစ်ပါတယ်”
ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ အခွန်ပေးနေသူတွေတိုင်းကို အခွန်ကောက်တာတွေ လျော့မှာ ဖြစ်တယ်လို့ မစ္စတာ ဘိုအားနား က ပြောဆိုလိုက်ပါတယ်။
သမ္မတ အိုဘားမာရဲ့ စီမံကိန်းဟာ အနည်းဆုံး အလုပ်အကိုင်သစ် ၃ သန်း ကို ဖန်တီးပေးမှာ ဖြစ်ပြီးတော့၊ အမေရိကန်နိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လောင်စာသုံးစွဲမှု နဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲမှာ ဖြစ်ပါတယ်။
Ref: VOA News
ဂမ်ဘာရီ ပြန်လာမည်
မြလူ/ ၂၃ ဇန်န၀ါရီ ၂၀၀၉
ဇန်န၀ါရီလကုန်တွင် ဂမ်ဘာရီ မြန်မာနိုင်ငံ လာနိုင်စရာရှိသည်ဆိုပြီး ရန်ကုန် သံတမန်တဦးကို ကိုးကား၍ ရန်ကုန် အေပီ သတင်းထောက်က ရေးသည်။ စင်စစ် ယခုလကုန် ဂမ်ဘာရီလာမည်ဆိုသည့် သတင်းကို ရန်ကုန် သံတမန်လောက တခုလုံး သိနေကြပြီ ဖြစ်သည်။ မြန်မာစစ်အစိုးရဘက်မှ တိတိကျကျ မထုတ်ပြန် သေးသည့်အတွက် ကုလသမဂ္ဂဘက်က မကြေညာသေးသည့် သဘောသာရှိသည်။
ဂမ်ဘာရီ၏ ၂၀၀၈ ခုနောက်ဆုံး မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း တွေ့ခွင့်မပေးခဲ့ပေ။ ၎င်းခရီးစဉ်အပြီးတွင် ဂမ်ဘာရီနှင့် ပတ်သက်ပြီး ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ၂၀၀၈ ခု ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသွားမည့် ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း၏ ခရီးစဉ်လည်း မဖြစ်မြောက်ခဲ့။ နိုင်ငံတကာ ခေါင်းဆောင်များက တိုက်တွန်းသည့်တိုင် ကုလသမဂ္ဂမှ တောင်းဆိုထားသည့် အချက်များကို စစ်အစိုးရဘက်က သိသိသာသာ လိုက်လျောဖို့ အလားအလာရှိမှ၊ ပြင်ဆင်ပြီးမှ မြန်မာနိုင်ငံ သွားနိုင်မည် ဆိုသည့်သဘော ဘန်ကီမွန်းက ပြောခဲ့သည်။
၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက် အစီရင်ခံစာတစောင် တင်ပြန်၏။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေး လုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေး ကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေး မက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂ ခေါင်းဆောင်ပိုင်းက အိုဘားမား၏ အမေရိကန် အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။
ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည် ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဟုဆို၏။ ဂမ်ဘာရီ၏ အစီရင်ခံစာအပေါ် စစ်အစိုးရဘက်က အပြုသဘော တုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မည် ဖြစ်သည်။
ထို့ကြောင့် ဂမ်ဘာရီ ဇန်န၀ါရီလကုန်လာမည့် ခရီးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရဖို့ သေချာသည့် အတွက်များလားဟု တွက်စရာရှိသည်။ သည်တခေါက် ဂမ်ဘာရီလာလျှင် မက်လုံးဆို၍ နအဖကို ငွေနှင့်ဖြားယောင်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးအောင် တောင်းဆိုမည့် အချက်သာရှိသည်။
သို့သော် မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလသမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေး ကူညီရေး အစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင်သည်။ ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေး အကူအညီများ တိုးပေးရန် တောင်းဆိုထား သည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီ များများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟုလည်း အစီရင်ခံစာ၌ အဆိုပြုထားသည်။
မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှိုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။
ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာပြည်သူများထံ တိုက်ရိုက် ငွေပေးနိုင်ရေး တို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့်နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။
ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့် အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများတွင် ငွေကြေးစီးပွားကပ် ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန်တဦးက ပြောသည်။
ဂမ်ဘာရီ၏ ၂၀၀၈ ခု မတ်လ ခရီးစဉ်၌ မစ္စတာ ဂမ်ဘာရီ တင်ပြချက် (၅ ) ချက်နှင့် ပတ်သက်ပြီး ပြန်ကြားရေး
ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက မတ်လ (၇) ရက်၌ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ရိပ်သာတွင် မစ္စတာဂမ်ဘာရီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး တချက်ချင်း ထောက်ပြငြင်းပယ်ခဲ့သည်။
ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံ ရေးအကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည်အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။
ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်ကိစ္စသည်လည်း ထိပ် တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထိုအချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်း မဟုတ်သဖြင့် မကြေညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောသည်။
၂၀၀၈ မတ်လခရီးစဉ်၌ မစ္စတာဂမ်ဘာရီ၏ ၀န်ထမ်းတဦး ရန်ကုန်မှာ ရုံးဖွင့်ခွင့်ရရေးကိစ္စနှင့် ပတ်သက်၍မူ ရန်ကုန်၌ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း အများအပြားရုံးစိုက်ပြီး ဌာနေ ကိုယ်စားလှယ်များ ခန့်ထားပြီးဖြစ်၍ မလိုအပ်ဟု ပြန်ကြားရေးဝန်ကြီးက တုံ့ပြန်ခဲ့သည်။ အဆိုပါ မတ်လခရီးစဉ်၌ပင် ကုလသမဂ္ဂ အကူအညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူးချူပ် ကျော်ဆန်းက ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးတွင် အားလုံးပါဝင်ရန် ကိစ္စသည်လည်း ရေးဆွဲပြီးဖြစ်သဖြင့် မဖြစ်နိုင်တော့ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြတ်ပြတ်သားသားပြောသည်။
ထိုသို့ နအဖဘက်က ယတိပြတ် ပြောထားသည့်တိုင် ယခုတခေါက်လာမည့် ဂမ်ဘာရီ၏ ခရီးစဉ်သည် ငွေနှင့်ဖြားယောင်းသည့် သံတမန်နည်းကို နအဖဘက်က မျက်စိကျသွားသည်ဟု အတတ်ပြော၍ မရပေ။
ဂမ်ဘာရီလာချိန်သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရဘက်က ပြင်ပြင်ဆင်ဆင် လုပ်နေချိန် ဖြစ်သည့်အတွက် ရွေးကောက်ပွဲဥပဒေထုတ်ပြန်ရေးကိစ္စ၊ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂဘက်က ကြီးကြပ်ရေးကိစ္စ စသည်တို့ကိုသာ နအဖခေါင်းဆောင်ပိုင်းက အလေးထား ဆွေးနွေးမည့်သဘောရှိသည်။
နအဖအခြေခံဥပဒေကို ပြန်သုံးသပ်ရေး၊ လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရအား ပေးထားသည့် ရာဇသံကာလ (၆) လ မပြည့်ခင် ဂမ်ဘာရီလာသည့်အတွက် ထိုကိစ္စကို ဂမ်ဘာရီဆောင်ရွက်ပေးနိုင်မည့် အတိုင်းအတာမှာ စစ်အစိုးရ၏ တင်းမာသည့်သဘောထားနှင့် အန်အယ်လ်ဒီနှင့် တွေခွင့်ရမရဆိုသည့် အချက်တွေပေါ် မူတည်၏။
ထို့ကြောင့် ယခုနှစ်ဆန်း ဂမ်ဘာရီလာလျှင် နိုင်ငံရေး တိုးတက်ဖို့ မသေချာသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ယခင် အခေါက်များကဲ့သို့ နအဖဘက်က စော်ကားမော်ကား လုပ်ရပ်များ လုပ်မှာကတော့ သေချာသည်ဟု ရန်ကုန် နိုင်ငံရေးလောကမှာ ပြောဆိုနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ယခုနှစ်ဆန်းမှစ၍ “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြ” ဆိုသည့် စာတန်းကို ခြံထဲမှာ ကပ်ထားသည်။
Ref: ခေတ်ပြိုင်