ဇာနည်
တနင်္လာနေ့၊ ဇန်နဝါရီလ 12 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ အလယ်ပိုင်း ရေနံထွက်ရာ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ ဒေသတခုတွင် ပုဂ္ဂလိက ရေနံကုမ္ပဏီတခုနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားမှုကြောင့် အာဏာပိုင်များက ၀င်ရောက် ထိန်းသိမ်းခဲ့ပြီး ယခုအခါ ရေနံမှော်အတွင်း ညမထွက်ရအမိန့် ထုတ်ထားလိုက်သည်။
မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းကျေးရွာအုပ်စုရှိ နှောပင်ရေနံမှော်ရှိ ကောင်းဇော်ဟိန်း ရေနံကုမ္ပဏီနှင့် ရေနံတူးဖော်သူ ဒေသခံများအကြား ရေနံ အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားကြရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ဒေသတွင်းအခြေစိုက် ခလရ ခြေလျင်တပ်ရင်း ၂၅၇ က ယခုအမိန့်ကို ထုတ်လိုက်ခြင်း ဖြစ်သည်။
"အခု ည ၇ နာရီကျော်ရင် အပြင်မထွက်ရဘူး။ ညမထွက်ရ လုပ်ထားတယ်။ အခု ပခုက္ကူခရိုင်က ခရိုင်ရဲမှူး ရောက်နေတယ်။ နောက် ရဲတွေက မှော်ထဲမှာ ဟိုလူစစ်၊ ဒီလူစစ် လုပ်နေတယ်။ မြိုင်က မယက ဥက္ကဋ္ဌကလည်း တတဲဝင်၊ တတဲထွက်လုပ်ပြီး ရေနံကို ကုမ္ပဏီကိုပဲ ရောင်းရမယ်လို့ လိုက်စည်းရုံးနေတယ်" ဟု ရေနံတွင်းပိုင် တဦးက မဇ္ဈိမကို ပြောသည်။
မြိုင်မြို့နယ် ဗဟင်းကျေးရွာအုပ်စုတွင် ဒေသခံများက တနိုင် လက်ယက်တွင်းများဖြင့် ရေနံတူးနေကြပြီး၊ ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ရေနံလုပ်ငန်းများ လာရောက် လုပ်ကိုင်ချိန်တွင် ဒေသခံ ရေနံတွင်းပိုင်များအပေါ် အမြတ်ကြီးစား ခေါင်းပုံဖြတ်မှုများကို မကျေနပ်မှုများ ကြီးထွားလာရသည်ဟု ဆိုသည်။
"သူတို့က အခွန်မတရားကောက်တာ၊ ဈေးနှိမ်တာ၊ သူတို့ကိုပဲ ရောင်းရမယ်ဆိုပြီးလုပ်တော့ မကျေနပ်တော့ ဒီကလူတွေ စုပြီးတော့ သွားပြောတာ။ သူတို့က မလုပ်ပေးနိုင်ဘူးဆိုပြီး ပြောကြငြင်းကြနဲ့ စကားများကြတာ။ နောက် လူများလာပြီး ကုမ္ပဏီတဲကို မီးရှို့တာ။ ကုမ္ပဏီက ကား ၂ စီးလည်း ပါတယ်။ ခလရ ၂၅၇ က သေနတ်တွေနဲ့ ခြိမ်းခြောက်တော့ ရှမ်းတုံးက လှည်းသမားရဲ့ အမျိုးသမီး မ၀င်းမာ ပေါင်ကို ရှပ်မှန်သွားတယ်" ဟု ရေနံမှော်မှ မျက်မြင်တဦးက ပြောပြသည်။
ဒေသခံ ရေနံလုပ်ငန်းရှင်များ အနေဖြင့် ယခင်က နယ်မြေဖွံ့ဖြိုးရေးအတွက်ဟု ဆိုကာ ခရိုင်ရုံးသို့ ရေနံ တပေပါလျှင် ၂၀၀၀ ကျပ်နှုန်း ပေးရသည်။ ယခု ကုမ္ပဏီဝင်လာချိန်တွင်မူ ကုမ္ပဏီကို ရေနံတပေပါလျှင် ၈၅၀၀ နှုန်း ပေးဆောင်ရမည်ဟု ကုမ္ပဏီမှ ပြောဆိုကြောင်း သိရသည်။
"အခွန်ဆိုပြီး သူတို့ကို ပေးရတာ။ မပေးရင် မှော်ထဲကနေ မထုတ်ရဘူး။ နောက် သူတို့ကိုပဲ ရောင်းခိုင်းတယ်။ အပြင်မှာက တပေပါကို ၅ သောင်းခွဲ ပေါက်တာကို သူတို့က ၂ သောင်းခွဲ၊ ၃ သောင်းပဲ နှိမ်ပြီးပေးတယ်။ အဲဒါတွေကို မလုပ်ဖို့ သွားတောင်းဆိုကြတာပေါ့" ဟု သူက ဆက်ပြောသည်။
အခင်းဖြစ်ပွားမှုတွင် ဦးဆောင်ပါဝင်သူ ရေနံမှော်မှ ဒေသခံ ရေနံလုပ်သားများကို သက်ဆိုင်ရာမှ လိုက်လံ ဖမ်းဆီးရာ ထွက်ပြေး လွတ်မြောက်နေသူများ ရှိပြီး လတ်တလောတွင် ဦးရေ ၂၀ ကျော် ထိန်းသိမ်းခံနေရသည်ဟု ဒေသခံများက ဆိုသည်။
ကနဦးက သူတို့ကို ဗဟင်းရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယခုတွင်မူ မြိုင်သို့ ခေါ်သွားသည်ဟုသာ သိရပြီး၊ မည်သည့်နေရာတွင် ထားသည်ကိုမူ အတိအကျ စုံစမ်းမရဖြစ်နေကြောင်း ရေနံတွင်းပိုင်တဦးက ပြောသည်။
ထို့အတူ သေနတ်ကျည်ဆန် ပေါင်တွင် ရှပ်မှန်ခဲ့သော မ၀င်းမာ၏ အခြေနေနှင့် ပတ်သက်၍ သူက ဆက်ပြီး "မ၀င်းမာကိုလည်း ဖြစ်ဖြစ်ချင်းတုန်းက ဆေးရုံမတင်ပေးဘူး။ ဒါက သေနတ်မှန်တာ မဟုတ်ပါဘူး၊ သူ့ဘာသာသူ ပြေးရင်းနဲ့ ၀ါးတွေဘာတွေနဲ့ ထိုးမိတာနေမှာပါ ဆိုပြီးလည်း ပြောသေးတယ်။ နောက်နေ့ကျမှ မြိုင်ကို ပို့မယ်ဆိုပြီးတော့ပဲ ခေါ်သွားတယ်။ အခု ဘယ်ရောက်နေလဲ မသိဘူး" ဟု ပြောပြသည်။
လတ်တလော အခြေအနေများ တင်းမာမှုများကြောင့် ဒေသခံ ရေနံလုပ်ငန်းလုပ်သူများ အနေဖြင့် ရေနံတူးယူရန် ခက်ခဲနေပြီး၊ ရေနံမှော်အတွင်းမှ ရေနံတပုလင်းမျှပင် ထုတ်ယူခွင့်မရ ဖြစ်နေသည်။
သူက ဆက်ပြီး "သူတို့က အဲဒီ အခွန်တွေပေးရင်ပေး။ မပေးရင် မလုပ်နဲ့ပေါ့။ အဲလိုဖြစ်နေတာ။ နောက် အခုလို လုံခြုံရေးတွေ ချထားတော့ ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူးပေါ့။ အခုက အခြေအနေကိုပဲ စောင့်ကြည့်နေကြရတယ်လေ။ ဘယ်သူကမှတော့ မကျေနပ်ကြဘူးပေါ့" ဟု ဆိုသည်။
ရေနံထွက်နှုန်းကောင်းပါက ဒေသခံ ရေနံတွင်းပိုင်များအဖို့ တရက်လျှင် ရေနံတပေပါနှုန်း အနည်းဆုံး ရသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြိုင်မြို့နယ် မယက ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း သက်ဆိုင်ရာမှ အဆိုပါ ဖြစ်ရပ်ကို လုံးဝ မသိကြောင်းသာ ပြန်လည်ဖြေကြားပြီး ဖုန်းချသွားသည်။
ဗဟင်းရဲစခန်းနှင့် မြိုင်မြို့မှ ရဲစခန်းသို့လည်း ယခု သတင်းတင်ပြချိန်အထိ ဆက်သွယ်မရ ဖြစ်နေသည်။
Ref: မဇ္ဈိမ
Tuesday, January 13, 2009
မကွေးရေနံမြေ ညမထွက်ရအမိန့် ထုတ်ထား
ဗိုလ်ချုပ်ခင်ညွန့် ဆောက်သည့် မင်္ဂလာဒုံအ၀င် မုခ်ဦး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြိုချ
NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉
မင်္ဂလာဒုံလေဆိပ် အဝင်လမ်းမကြီးနှင့် ပြည်လမ်းအနီး ပြည်လမ်းမကြီးပေါ်တွင် တည်ဆောက်ထားသည့် ရန်ကုန်မြို့၏ အကြီးဆုံး မုခ်ဦးကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ဖြိုချ ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း လေဆိပ်လုံခြုံရေး တာဝန်ယူထားသည့် အမည်မဖော်လိုသူ တပ်မတော် အရာရှိတဦးက ပြောသည်။
၎င်းက “ညွှန်ကြားချက်ကို ကျနော် တိုက်ရိုက်ရတာတော့ မဟုတ်ပါဘူး။ ကျနော့်အထက် အရာရှိတွေ ပြောပြတာက ဇန်နဝါရီလဆန်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရန်ကုန်ရောက်တယ်။ လေဆိပ်ကအထွက် အဲဒီမုခ်ဦးကို မြင်တော့ သူ့လုံခြုံရေး တပ်ဖွဲ့ကိုမေးတယ်။ ဒီမုခ်ဦးဟာ လုံခြုံရေးအရ ပြဿနာ ရှိနိုင်သလားပေါ့။ ဒါနဲ့ သူ့လုံခြုံရေးအဖွဲ့တွေက နောက်တနေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တင်ပြတယ်။ ဒါဟာ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က တည်ဆောက်ထားတာ၊ ထုထည် အလွန်ကြီးတယ်။ ထု (၁ဝ) ပေနီးပါး ရှိပြီး ကွန်ကရစ်နဲ့ အခိုင်အမာ ဆောက်ထားတယ်။ မုခ်ဦးပေါ်မှာ လူ (၃-၄) ယောက်လောက် ရိက္ခာအပြည့် အစုံနဲ့ဆို (၅) ရက်ကနေ တပတ်လောက်အထိ ခိုအောင်းပြီး လေဆိပ်က ထွက်လာတဲ့။ ဒါမှ မဟုတ် လေဆိပ်ကိုသွားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မယ်ဆို လုပ်လို့ရတယ်။ လုံခြုံရေးအရ အဲဒီလို အန္တရာယ် ရှိတယ်ဆိုပြီး တင်ပြတယ်။ တယောက်ကတော့ ဗိုလ်ချုပ်ခင်ညွန့် ဗေဒင်ယတြာ သဘောနဲ့ လုပ်ထားတာလည်း ဖြစ်နိုင်တယ်ဆိုပြီး တင်ပြတယ်” ဟု ပြောသည်။
ယင်းသို့ တင်ပြသည့် နေရာတွင်ပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖျက်ဆိုပြီး တန်းအမိန့်ပေးသည့် အတွက် ချက်ချင်း ယန္တရားကြီးများကို ခေါ်ပြီး တရက်ထဲဖြင့် အပြီးဖျက်ခဲ့သည်ဟု စုံစမ်းသိရသည်။
အဆိုပါ မုခ်ဦးကြီးသည် လေဆိပ်အဝင်လမ်းနှင့် ဥက္ကလာလမ်းထိပ် မြို့တွင်းဘက် ပြည်လမ်းပေါ်၌ တည်ရှိသည်။ (၁ဝ) မိုင်ဈေးနှင့်လည်း နီးပြီး မြို့တွင်းဘက်အလာ ပြည်လမ်းပေါ်မှာ တည်ရှိသည်။ ပြည်လမ်းကို ခွပြီး တည်ဆောက်ထားသည့် အဆိုပါ မုခ်ဦးမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်း ရေးထိုးထားသည်။
ရန်ကုန်မှ နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာသူများသည် ခေတ်မီသည့် နိုင်ငံများဆီသို့ သွားကြမှာ ဖြစ်သည့်အတွက် အဆိုပါ မုခ်ဦးမှ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်းကို ဖတ်ရတိုင်း ပြုံးစေ့စေ့ ဖြစ်ကြပြီး မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ် ရောက်လာသည့် အချိန်တွင် “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” ဆိုသည့် စာတမ်းဖတ်ရတိုင်း ဆင်းရဲသည့် နိုင်ငံပြန်ရောက်ပြီ ညည်းတွားလေ့ရှိကြောင်း ခရီးသွားတဦးက ပြောသည်။
အဆိုပါ မုခ်ဦးဖြိုချနေသည်ကို မြင်တွေ့ရသည့် ပြည်လမ်းပေါ်နေသူတဦးက အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရဟန်းရှင်လူ တိုင်းသူပြည်သားများ၏ အသက်ကို တန်ဖိုးမထားဘဲ ပစ်ခတ်သတ်ဖြတ်ရန် အမိန့်ပေး စေခိုင်းတတ်သော်လည်း သူ့ အသက်ကိုမူ အလွန် စိုးရိမ်တတ်သူဖြစ်တာ၊ သေမှာ ကြောက်သူဖြစ်တာ ပေါ်လွင်နေကြောင်း ပြောဆိုသည်။
အမည်မဖော်လိုသူ တပ်မတော်အရာရှိဟောင်းတဦးကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ ဖြုတ်ထုတ်၊ ထောင်ချ လုပ်ထားသည့် ယခင် စစ်ထောက်လှမ်းရေး အဟောင်းများကို ကြောက် လန့် နေတုန်းပဲဟု မှတ်ချက်ပေးခဲ့သည်။
Ref: ခေတ်ပြိုင်
Monday, January 12, 2009
ဥရောပသို့ သဘာဝဓာတ်ငွေ့ သယ်ယူရေး ရုရှား-ယူကရိန်း သဘောတူညီချက်သစ် ရရှိ
12 January 2009
ရုရှားက ဥရောပကို အင်္ဂါနေ့မှာစပြီး သဘာဝဓာတ်ငွေ့တွေ ပို့ပေးတာ ပြန်စတင်တော့မယ်လို့ ပြောကြားသွားခဲ့ပါတယ်။
စွမ်းအင်ပဋိပက္ခနဲ့ပတ်သက်ပြီး ဘရပ်ဆဲလ်မှာ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့တော့ သဘောတူညီချက် အသစ်တခုကို အတည်ပြုနိုင်လိမ့်မယ်လို့ အစောပိုင်းကပဲ ရုရှားအာဏာပိုင်တွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကိုဖြတ်ပြီး တခြားနိုင်ငံတွေဆီ ရုရှားက သဘာဝဓာတ်ငွေ့တွေ ဖြန့်ဝေပေးမှု သီးသန့်စောင့်ကြည့်ခွင့် ပြုမယ်ဆိုတဲ့ သဘောတူညီချက် အသစ်တရပ်ကို ယူကရိန်းနဲ့ ရုရှားတို့ လက်မှတ်ရေးထိုးခဲ့ပြီး အခုလိုပြောဆိုမှု ထွက်လာခဲ့တာ ဖြစ်ပါတယ်။
Ref: VOA News
နာဂစ် နိုင်ငံတကာ အကူအညီများ ဧပြီလအလွန် ပြတ်လပ်ဖွယ်ရှိ
12 January 2009
မြန်မာနိုင်ငံက နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် နိုင်ငံတကာကပေးထားတဲ့ အလှူငွေတွေဟာ ဧပြီလအထိပဲ သုံးလို့လောက်မယ်လို့ အရှေ့တောင်အာရှ လူသားချင်း စာနာမှုဆိုင်ရာ သီးခြားလွတ်လပ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတဆင့် မဟုတ်ဘဲ မြန်မာအစိုးရကို တိုက်ရိုက်ပေးလာတဲ့ အလှူငွေတွေကလည်း ရှိနေတော့ ဒီ အလှူငွေတွေကို အကျိုးရှိရှိနဲ့ ထင်သာမြင်သာ ရှိအောင် သုံးဖို့လိုတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ် လီလီယန် ဖန်းက ပြောလိုက်ပါတယ်။ မစ္စဖန်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံကို တင်ပြ ပေးထားပါတယ်။
နာဂစ်မုန်တိုင်း သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ပူးပေါင်း ညှိနှိုင်းဆောင်ရွက် ပေးနေတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းကြီးရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အကဲခတ် ဆန်းစစ်ပေးနေရတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် လူလူချင်းစာနာမှု မူဝါဒရေးရာ ပြန်လည် ထူထောင်ရေးနဲ့ စီမံ ကွပ်ကဲမှုရေးရာ သီးခြားလွတ်လပ်တဲ့ အတိုင်ပင်ခံ အကြံပေးပုဂ္ဂိုလ် မစ္စ လီလီယန် ဖန်းကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ နာဂစ် မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် လောလောဆယ် ရန်ပုံငွေ အခြေအနေနဲ့ ပတ်သက်ပြီး မစ္စ လီလီယန်ဖန်းက အခုလို ပြောပါတယ်။
သူသိသလောက်တော့ ရန်ပုံငွေဟာ အခုလာမယ့် ဧပြီလအထိပဲ သုံးစွဲဖို့ ကျန်တော့တဲ့ အခြေအနေနဲ့ အေဂျင်စီ အတော်များများ ရင်ဆိုင် နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်နိုင်ဖို့ ကြိုးစား နေကြပါတယ်။ အခုလောလောဆယ် အလှူရှင်တွေနဲ့ လူမှုရေး ကယ်ဆယ်ရေး အေဂျင်စီတွေ ကြိုးစားနေ ကြတာကတော့ ရန်ပုံငွေတွေကို ဘယ်လို အသုံးပြုသလဲ ဆိုတာကို သေသေချာချာ စိစစ်ဖို့အဖွဲ့ ဖွဲ့စည်းရေးပါပဲ။ ဒီအချက်က အရေးကြီးတာမို့ အားလုံး ပံ့ပိုးပေးဖို့ လိုတယ်လို့ သူက ရှင်းပြသွားပါတယ်။
ပွန်ဂျာခေါ် နာဂစ်လွန်ကာလ ပူးတွဲအကဲခတ် လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ချက်ချင်းလက်ငင်း ကယ်ဆယ်ရေး အလှူငွေ ဒေါ်လာ ၃၀၃.၆ သန်း လိုအပ်ကြောင်း နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့ပါတယ်။ ရှေ့လာမယ့် သုံးနှစ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အတွက် ဒေါ်လာ သန်း ၁,၀၀၀ လိုအပ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ပွန်ဂျာရဲ့ နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်အပြီး အလှူရှင်နိုင်ငံတွေက နိုင်ငံတကာ ကယ်ဆယ်ရေး ၀န်ထမ်းတွေကို မုန်တိုင်းသင့် ဒေသတွေဆီ အရောက် သွားခွင့်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာ အလှူရှင်တွေက ကုလသမဂ္ဂရဲ့ စီမံခန့်ခွဲမှုနဲ့ ကယ်ဆယ်ရေး အလှူငွေတွေကို ပေးနေကြဖြစ်ပေမယ့် နိုင်ဂျီးရီးယား နိုင်ငံကတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့က အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို နိုင်ဂျီးရီးယားသံအမတ် ကြီးကတဆင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်ထံ တိုက်ရိုက်ပေးအပ်လိုက်ပြီး အဲဒီငွေတွေကို ဘယ်လိုအသုံးပြုမယ် ဆိုတာကိုလည်း ပြန်ပြီး အစီရင်ခံဖို့ မလိုဘူးလို့ နိုင်ဂျီးရီးယားနိုင်ငံက ပြောတဲ့အကြောင်း နယူးယောက်ခ်က လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မစ္စ လီလီယန် ဖန်းရဲ့ သုံးသပ်ချက်ကတော့ …
“မြန်မာအစိုးရနဲ့ ပြည်သူတွေအတွက် မြန်မာသံအမတ်ကြီးကတဆင့် ပေးအပ်လိုက်တာဟာ အလှူရှင် နိုင်ဂျီးရီးယားနိုင်ငံရဲ့ ဆန္ဒအရ ပေးပိုင်ခွင့် ရှိပါတယ်။ ဒါဟာ နိုင်ဂျီးရီးယား နိုင်ငံရဲ့ သဘောပါပဲ။ မြန်မာလူထုကို နည်းအမျိုးမျိုးနဲ့ ပံ့ပိုးလို့ရပါတယ်။ ဒါပေမယ့် ဘယ်ပုံဘယ်နည်း အသုံးပြုမှာလဲ ဆိုတာကိုတော့ စနစ်တကျ စီစဉ်ဖို့ လိုပါတယ်။ အနည်းဆုံး ဒီအလှူငွေတွေ ရည်ရွယ်ရင်း ရောက်မရောက် ဆိုတာကိုတော့ စိစစ်ရပါလိမ့်မယ်” လို့ မစ္စဖန်းက ပြောပြသွားပါတယ်။
နာဂစ်မုန်တိုင်းလွန်ကာလ ၉ လအကြာမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မစ္စ လီလီယန် ဖန်းက ဆက်ပြောပါတယ်။
“နာဂစ်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာ တနှစ်၊ နှစ်နှစ်နဲ့ ပြီးဆုံးသွားမယ်လို့ မယူဆစေချင်ပါဘူး။ အခု ၉ လ ကြာလာတဲ့အထိ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ကယ်ဆယ်ရေး အေဂျင်စီတွေ မှန်းထားတာထက် ကျော်လွန်နေတယ်” လို့လည်း မစ္စဖန်းက ပြောပြသွားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဆူနာမီဒီရေလှိုင်းဒဏ် အလူးအလဲ ခံခဲ့ရပြီးနောက် မစ္စ လီလီယန် ဖန်းဟာ ပြန်လည် ထူထောင်ရေးနဲ့ လူမှုရေးလုပ်ငန်းတွေအတွက် သုံးနှစ်ကြာ သွားရောက် တာဝန်ယူခဲ့ဖူးပါတယ်။ အနှစ် ၃၀ ကြာ လူမျိုးရေး ပဋိပက္ခ တွေကြောင့် အာချေးပြည်နယ်မှာ အင်ဒိုနီးရှားအစိုးရနဲ့ ဒေသခံတွေ မပြေမလည် ဖြစ်ခဲ့ကြပေမယ့် တကယ်တမ်း လူထုအတွက် အရေး ကြီးလာတဲ့အခါ ကယ်ဆယ်ရေးလုပ်ငန်း တွေအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အစဉ်အလာကို သုံးသပ်ပြပြီး မြန်မာနိုင်ငံ
နာဂစ်မုန်တိုင်း အပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေ ကသိကအောက်ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြောပြသွားပါတယ်။
နာဂစ်မုန်တိုင်းလွန်ကာလ နိုင်ငံတကာ လူလူချင်းစာနာမှု အသိုင်းအ၀ိုင်းနဲ့ မြန်မာနိုင်ငံအကြား အာဆီယံရဲ့ ကြိုးစား ကြားဝင် ဆောင်ရွက်ပေးမှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့တော့ သင်ခန်းစာတွေ အများကြီးရသလို အခွင့်အလမ်းတွေလည်း အများကြီးရရှိသွား တယ်လို့ မစ္စ လီလီယန် ဖန်းက သုံးသပ်သွားပါတယ်။
Ref: VOA News
ပုဂံညောင်ဦး တောင်ကူးမြောက်ပြေး စီးပွားရေးသံသရာ
(သတင်းဆောင်းပါး)
NEJ / ၁၂ ဇန်န၀ါရီ ၂၀၀၉
ပုဂံ၏ ယွန်းလုပ်ငန်း (၇၀) ရာခိုင်နှုန်းခန့် ရပ်ဆိုင်း
ပုဂံရှိ မြန်မာ့ရိုးရာ ယွန်းလုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း ပုဂံသူ ပုဂံသားများ၏ ပြောပြချက်အရ သိရသည်။
ပုဂံ (မြို့ဟောင်း၊ မြို့သစ်) နှင့် မြင်းကပါအရပ်တို့တွင် ယွန်းလုပ်ငန်းကို တနိုင်တပိုင် စီးပွားရေးအဖြစ် အသက်မွေးဝမ်းပြုကြသည့် ရာခိုင်နှုန်းမှာ (၇၅) ရာခိုင်နှုန်းခန့် ရှိကြောင်း ပုဂံဒေသမြို့ခံများက ဆိုသည်။
“ပုဂံမှာ လူဦးရေ (၅,၀၀၀) လောက်ရှိတယ်။ မြင်းကပါအရပ်မှာ လူဦးရေ (၃,၀၀၀) နီးပါးလောက်ရှိမယ်။ အခု ယွန်းလုပ်ငန်းကတော့ တနိုင်တပိုင် လုပ်နေသူတွေအတွက် အခက်အခဲ ရှိပါတယ်။ လုံးဝကို လုပ်ငန်းရပ်ဆိုင်းပြီး လုပ်ငန်းပါ ပြုတ်သွားကြတယ်” ဟု ပြီးခဲ့သည့် အနှစ် (၂၀) ၀န်းကျင်ကတည်းက ယွန်းလုပ်ငန်းဖြင့် အသက်မွေးသည့် လုပ်ငန်းတခု၏ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်း (စက်တင်ဘာအရေးအခင်း) ပြီးသည့်နောက် မြန်မာနိုင်ငံသို့ ခရီးသွားများ လာရောက်မှု လျော့ကျသွားသော်လည်း ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းမှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကုန်ထိ ကာလကဲ့သို့ ဆိုးဆိုးရွားရွား ခရီးသွား ကျဆင်းမှုမဖြစ်ပေါ်ခဲ့ကြောင်း အီတလီဧည့်လမ်းညွှန်တဦးက ပြောသည်။
“ကျနော်တို့ မြင်းကပါအရပ်မှာ အိမ်တိုင်းလိုလို ယွန်းကို တနိုင်တပိုင် လုပ်ကြတယ်။ လုံးဝရပ်ဆိုင်းမှုတွေ ဖြစ်ပေါ်မှုကတော့ ဒီ ၂၀၀၈ ခုနှစ်မှာပေါ့။ ၂၀၀၇ ခုနှစ်ကတည်းက တဖြည်းဖြည်းနဲ့ ကျကျလာတာ ၂၀၀၈ လည်းရောက်ရော ရပ်ဆိုင်းသွားရော” ဟု မြင်းကပါအရပ်က တနိုင်တပိုင် ယွန်းလုပ်ငန်းလုပ်ကိုင်သူ ကိုခိုင်ကျော်က ပြောသည်။
တနိုင်တပိုင်လုပ်ငန်းများအပြင် ပုဂံနှင့် မြင်းကပါအရပ်ဒေသတို့၌ ယွန်းလုပ်ငန်းအကြီးစားနှင့် အသေးစား အလုပ်ရုံ နှင့် အရောင်းဆိုင် (၇၀) ခန့်ရှိသည်ဟု သိရသည်။
“တနိုင်တပိုင်လုပ်တဲ့သူတွေက ယွန်းထည်ပစ္စည်းတွေကို အရောင်းဆိုင်ကြီးတွေဆီကို တဆင့်ရောင်းချရတယ်။ အခု ဧည့်သည်က မ၀င်တော့ တနိုင်တပိုင် ယွန်းအလုပ်က ထွက်တဲ့ပစ္စည်းတွေကို ဆိုင်ကြီးတွေက အရောင်းအေးတဲ့အတွက် မ၀ယ်ဘူး။ ဒီတော့ ပြန်သွင်းမယ့်ဆိုင်မရှိတဲ့အခါ ပစ္စည်းတွေ လုပ်တာ ရပ်ဆိုင်းတယ်။ ဒါနဲ့ပဲ လုံးပါးပါးပြီး အားလုံးပြုတ်တော့တာပဲ။ ဘာလို့လဲဆိုတော့ သစ်စေး၊ ၀ါး၊ ဆိုးဆေးက ၀ယ်ပြီးရင်းထားရတာလေ။ သစ်စေးက ဈေးကြီးတာကိုး။ လုပ်ငန်းကြီးတဲ့သူတွေလောက် ခံနိုင်ရည် ဘယ်ရှိမှာလဲ” ဟု (၁၅) နှစ်ခန့် ယွန်းအတွေ့အကြုံရှိသူက တနိုင်တပိုင် ယွန်းလုပ်ငန်းအကြောင်း ပြောပြသည်။
ယခု ယွန်းလုပ်ငန်း လုပ်နေကြသူများ ၀ယ်ယူရသော သစ်စေး၏ ဈေးနှုန်းမှာ ပိဿာ (၁၀) ၀င်ဆံ့သော ပုံးတပုံးလျှင် အရည်အသွေးကောင်းပါက (၂) သိန်းထိ ရှိသည်ဟု ယွန်းလုပ်ငန်း လုပ်သူများက ဆိုသည်။
တနိုင်တပိုင်လုပ်ငန်းများသာမက ယွန်းအရောင်းဆိုင်ကြီးများတွင် အရောင်းကျဆင်းသည့်အတွက် အလုပ်ရုံတို့တွင် အလုပ်သမားကို နဂိုရှိသည့် အရေအတွက်ထက် လျှော့ချပစ်ကြရကြောင်း သိရသည်။
“ကျနော်က ယွန်းလုပ်ငန်းတခုမှာ နေ့စားလုပ်နေတာပါ။ တနေ့ကို (၁,၅၀၀) ကျပ်ရပါတယ်။ အခုက အလုပ်မကောင်းလို့ ခဏနားနေရတယ်” ဟု မြင်းကပါသား ကိုမောင်ထွန်းက ပြောသည်။
ယွန်းလုပ်ငန်းသည် ပုဂံ၏ အဓိကကျသော စီးပွားရေးလုပ်ငန်းဖြစ်ရုံသာမက ပုဂံ၏ ယဉ်ကျေးမှုကို ဖော်ကျူးရာရောက်သာ လုပ်ငန်းဖြစ်သည့်အတွက် ယခုကဲ့သို့ ခရီးသွားလုပ်ငန်း ကျဆင်းနေ၍ ခရီးသွားဧည့်သည်များ ပုဂံသို့ မ၀င်ခဲ့လျှင် နောင်တချိန်၌ ယွန်းပညာများပါ တစတစပျောက်လာနိုင်သည်ဟု ကျွမ်းကျင်သော ဧည့်လမ်းညွှန်တဦးက ပြောသည်။
ကမ္ဘာ့စီးပွားရေးဂယက်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ဆက်လက် ကျဆင်းနေအုံးမည်ဟု ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ပြောရေးဆိုခွင့်ရှိသူက ပွင့်ပွင့်လင်းလင်း ဝေဖန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀၀၈ ကာလကလည်း ထိုင်းလေဆိပ် ပြန်လည်ဖွင့်ပြီးသည့်နောက်ပိုင်း ခရီးသွားလုပ်ငန်းမှာ (၅၀) ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု မြန်မာ့ခရီးသွားလုပ်ငန်း ၀ါရင့်တဦးက ပြောခဲ့သည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဒီဇင်ဘာလ ဒုတိယပတ်က ပြောကြားခဲ့သည်မှာ ထိုင်းနိုင်ငံက မဟုတ်ဘဲ အခြားနိုင်ငံက လေကြောင်း လိုင်းများ ပျံနိုင်စေရန် ခရီးစဉ် မြှင့်တင်မှုများ၊ ဗီဇာကိစ္စ ချောမွေ့မှုများရှိပါက မြန်မာနိုင်ငံ၏ ခရီးသွားရာသီ ကောင်းလာနိုင်စရာရှိသည်ဟူ၍ ဖြစ်သည်။
ပုဂံတွင် ၁၉၉၆ နောက်ပိုင်းကစ၍ ဧည့်လမ်းညွှန်လုပ်သူတဦးက “ဒီနှစ် ခရီးသွားရာသီဟာ သုဝဏ္ဏဘူမိလေဆိပ်ပြဿနာမှာ ပိုဆိုးသွားတာဗျ။ ပြီးတော့ အခု ကမ္ဘာ့စီးပွားရေး ကျဆင်းမှုပေါ့။ ၂၀၀၉ ဇန်န၀ါရီလမှာတော့ ယိုးဒယားဧည့်သည်တွေ နည်းနည်းပါးပါး ပြန်တွေ့ရတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားဧည့်သည် ၀င်ရောက်မှုကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စာရင်းဇယားများအရ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် (၆၅၄,၆၀၀) ကျော်ရှိပြီး ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင် (၇၂၁,၈၀၀) ကျော်ရှိခဲ့ကြောင်း ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ခရီးသွားအရေအတွက် ယခင်နှစ်များထက် ထက်ဝက်ကျော် ကျဆင်းနိုင်မည်ဟု ခရီးသွားလုပ်ငန်းဌာန၏ အရာထမ်းတဦးက ပြောသည်။
ယွန်းလုပ်ငန်းမကောင်း၍ ပုဂံသားတို့ ရွှေကျင်
ခရီးသွားလုပ်ငန်းများ ကျဆင်းလာသည့်အတွက် ပုဂံသူပုဂံသားများ မိရိုးဖလာ ယွန်းလုပ်ငန်းကို တနိုင်တပိုင်လုပ်ကိုင်သူများ လုပ်ငန်းပြောင်းလုပ်ကြကြောင်း သိရသည်။
“ပုဂံကလူတွေ လုပ်ငန်းပြောင်းဖို့ စဉ်းစားကြတယ်။ ဒါပေမယ့် ယွန်းလုပ်ငန်းလို ကျွမ်းကျင်တဲ့ လုပ်ငန်းမရှိဘူးလေ။ ဒါကြောင့် အခု ရွှေကျင်ကြတယ်” ဟု ပုဂံမြို့သစ် ဒေသခံတဦးက ဆိုသည်။
ပုဂံမြို့ဟောင်း၊ ပုဂံမြို့သစ်နှင့် မြင်းကပါအရပ်ဒေသမှ လူငယ် အမျိုးသားအချို့တို့ မလေးရှားကို ထွက်၍ အလုပ်လုပ်ကြမှုများလည်း ပိုများလာကြောင်း သိရသည်။
“ပုဂံက ဟိုတယ်တွေမှာ ၀န်ထမ်းလုပ်နေတဲ့ ကလေးတချို့နဲ့ ယွန်းလုပ်ငန်းကို မိသားစုနဲ့အတူ လုပ်နေတဲ့သူတွေ မလေးရှားကို ထွက်ကြတယ်။ ဟိုမှာအဆင်ပြ မပြေတော့ မသိသေးဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းပိုင်းက ထွက်သွားကြတာပဲ” ဟု မြင်းကပါအရပ်မှ အငြိမ်းစား မူလတန်း ဆရာတဦးက ပြောသည်။
ပုဂံသားတို့ ယွန်းလုပ်ငန်းမကောင်း၍ ရွှေကျင်မှုများ ပြုလုပ်နေကြသည်မှာ (၃) လခန့်ရှိပြီဟု မြင်းကပါအရပ် ဒေသခံများက ဆိုသည်။ ၎င်းတို့ ရွှေကျင်မှုများကို မြင်းကပါချောင်းတွင် ဆောင်ရွက်သည်ဟု ပြောသည်။
“ပုဂံက ရှေးမြို့ဟောင်း၊ နန်းတော်ဟောင်းဆိုတော့ မြေကြီးတွေကို သယ်ယူပြီး ချောင်းမှာပဲ သွားပြီး ကျင်တာ။ များသောအားဖြင့် ရတဲ့ပစ္စည်းတွေက ရွှေအတိုအစတွေ၊ ရံဖန်ရံခါ ရွှေနားတောင်း၊ လက်စွပ်တွေရတယ်” ဟု အဆိုပါ ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်သည့်နောက်ပိုင်း ပုဂံ မြင်းကပါအရပ်တွင် ရွှေကျင်ကြသူများ ပစ္စည်းရရှိမှု အောင်မြင်ခဲ့ကြောင်း၊ ယင်းကို စစ်အစိုးရက သိသွားသည့်နောက် တားမြစ်ခဲ့ကြောင်း၊ ယခုခရီးသွားလုပ်ငန်း ကျဆင်း၍ ရွှေကျင်ကြရာ ခိုးကြောင်ခိုးဝှက် ကျင်ရကြောင်း ဒေသခံများက ပြောသည်။
ယွန်းထည်တွင် သစ်စေးက အရေးကြီးသော ပစ္စည်းဖြစ်သည်။
ယွန်းအရောင်းအ၀ယ် ကောင်းမွန်မှုမှာ နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ထွက်မှုအပေါ် အဓိက ကျသည်။
သစ်စေးပင်က ရှမ်းပြည်တွင် ပေါက်သည်။ (ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၁၀၀၀) အထက်တွင် ပေါက်ရောက်သော အပင်မျိုးဖြစ်၍ ရော်ဘာပင်ကဲ့သို့ မြင့်သည်။ ရှမ်းပြည်မြောက်ပိုင်း နမ့်စန်တွင် အကောင်းဆုံးကွာလတီ အနက်ရောင်သစ်စေးများ ထွက်သည်။ (ရှမ်းပြည် သီပေါ သစ်စေအနက်ရောင်၏ အရည်အသေး ပထမ၊ တောင်ငူ ဒုတိယ)။ (၀ါး- အလယ်ရိုးမ၊ အရှေ့ရိုးမ၊ အနောက်ရိုးမ ၀ါးများသုံးကြသည်)
ယွန်းလုပ်ရာတွင် ပထမတထပ်တွင် ကော်ပတ်တိုက်၍ အရိုးပြာနှင့် သစ်စေး၊ လွှစာတို့ကိုရော၍ သုတ်လိမ်းကာ မြေအောက်ခန်းတွင် အခြောက်ခံရသည်။ (ခြွင်းချက်မှာ တနိုင်တပိုင် လုပ်ငန်းတို့တွင် သင့်လျော်သော လေလုံမြေအခန်းများ၊ အခြားနေရာများ ဖန်တီးပြုလုပ်ကြသည်။)
ပူသောဒေသဖြစ်၍ ပုဂံတွင် ယွန်းလုပ်ရန် ကောင်းမွန်သည်။
သို့သော် ပုဂံတွင် ယွန်းလုပ်ရန် ကုန်ကြမ်းမရှိ။ ထို့ကြောင့် သစ်စေး၊ ၀ါး၊ ဆိုးဆေးများကို ၀ယ်ယူရသည်။ (သစ်စေးကို ရှမ်းပြည်က အဓိက၀ယ်သည်။ ၀ါးကို ချင်းတွင်းက အဓိက၀ယ်ရသည်။ အရောင်သွင်းရန် ဆိုးဆေးကို အိန္ဒိယက ၀ယ်သည်)
ကမ္ဘာပေါ်တွင် ဂျပန်နှင့် ဗီယက်နမ်တို့၌လည်း ယွန်းပညာများ ရှိသော်လည်း မြန်မာ (ပုဂံ) ယွန်းပညာတွင် ရုပ်ပုံများကို ကညစ်ဖြင့် ဖော်သည်က အထူးခြားဆုံးဖြစ်ကြောင်း ၀ါရင့် ယွန်းပညာရှင်တဦးက ပြောသည်။
ပုံဂံ၏ ရှေးဟောင်းသုတေသန ပြတိုက်တွင် ယွန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ယွန်းထည်ပစ္စည်းများကို ညောင်ဦးမှ အများဆုံးထွက်ပြီး မုံရွာ၊ ကျောက္ကာ၊ ပြည်၊ စလေ၊ ရှမ်းပြည်တို့က ထွက်ရှိပြီး ဗန်း၊ ဆွဲချိုင့်၊ ဆွမ်းအုပ်၊ သပိတ်၊ လေးလိပ်ပြာခွက်၊ ယွန်းပန်းချီကား၊ ယွန်းသေတတ္တာတို့ ပြုလုပ်ကြကြောင်း၊ အမြင့်မြတ်ဆုံး ယွန်းလုပ်ငန်းအဖြစ် ကြီးမားသော “မံ” ဘုရားကြီးများကို စလေတွင် သွန်းလုပ်ပူဇော်ကြကြောင်း သိရသည်။
ညောင်ဦး ပန်းပုလုပ်ငန်းများလည်း ပျက်
ညောင်ဦးပန်းပုလုပ်ငန်းများတွင် အရောင်းအ၀ယ် မဖြစ်သည့်အတွက် လက်ခစားအလုပ်သမားများကို ပန်းပုအလုပ်ရုံပိုင်ရှင်တို့ လျှော့ချနေရကြောင်း သိရသည်။
“ဒီနှစ်ရောင်းရပုံကတော့ တလလုံးမှာ တသောင်းကျော်လောက်ပဲ ရောင်းရတယ်။ တင်ပြီးရောင်းတဲ့အရုပ်တွေဟာ ကိုယ်ပိုင်ထုတာ အနည်းဆုံး (၃) ထောင်လောက် တန်ဖိုးရှိတဲ့ အရုပ်တွေရှိတယ်။ မိန်းမနဲ့ ကလေးရှိတယ်။ စားစရိတ်အတွက် အရင်လို တွက်ခြေမကိုက်လို့ လက်ခံစားအဖြစ်နဲ့ “ပေါက္ကံ” ပန်းပုလုပ်ငန်းမှာ လခစားသွားလုပ်ပါတယ်” ဟု ညောင်ဦးက လပြည့် ပန်းပု အရောင်းဆိုင် ဖွင့်လှစ်ထားသူက ပြောသည်။
ယင်းဆိုင် အခန်းအကျယ်မှာ (၁၀) ပေပတ်လည်ခန့် ရှိသည်။ “အရင်တုန်းကတော့ဗျာ ပြင်သစ်၊ အမေရိကန်လူမျိုးတွေ ကျနော့်ဆိုင်မှာ အ၀ယ်များတယ်။ ဈေးကိုလည်း သင့်အောင်ပဲယူတယ်ဗျာ။ အများဆုံး ရောင်းရတာက ဘုရားဆင်းတုလေးတွေနဲ့ လပေါ်မှာ ကလေးထိုင်နေတဲ့ အရုပ်မျိုးတွေ” ဟု ၎င်းက ဆိုသည်။
ပေါက္ကံ ပန်းပုအရောင်းဆိုင်နှင့် ပန်းပုလုပ်ငန်းမှာ ညောင်ဦးတွင် အကြီးဆုံးဖြစ်ပြီး လုပ်သားပေါင်း (၅၀) ခန့် ရှိရာမှ ယခုနှစ်တွင် အရောင်းအ၀ယ်မကောင်း၍ ဆွေမျိုးနီးစပ်များကိုသာ လုပ်ခိုင်းတော့ကြောင်း အဆိုပါဆိုင် တာဝန်ရှိသူက ပြောသည်။
၎င်းက “ဒီနှစ် (၅) ဦးနဲ့ (၁၀) ဦးကြားပဲ အလုပ်သမားရှိတော့တာ၊ ဧည့်သည်မှ မရှိတာ။ အရောင်းမကောင်းတော့ ပစ္စည်းတွေက များလာတော့ အလုပ်သမားလျှော့လိုက်တာ” ဟု ပြောသည်။
ညောင်ဦးတွင် ပန်းပုအရောင်းဆိုင် (၁၀) ဆိုင်ခန့်ရှိပြီး ပေါက္ကံမှာ နာမည်ကြီး ဆိုင်တဆိုင်ဖြစ်သည်။ အရောင်းဆိုင်များအားလုံးနီးပါး ရောင်းချမှုမှာ ယခင်နှစ်များထက် ကျဆင်းကြောင်း၊ ၎င်းပန်းပုဆိုင်များ၏ ရောင်းအားအကောင်းဆုံးနှစ်မှာ ပြီးခဲ့သည့် (၅) နှစ်ခန့်က ဖြစ်သည်ဟု ညောင်ဦးရှိ ပန်းပုဆိုင်းများက ပြောသည်။
မြင်းလှည်းသမားလည်း တွက်ခြေမကိုက်တော့
ပုဂံဒေသတွင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာတွင် မြင်းလှည်းများလည်း ပါဝင်ကြောင်း လွန်ခဲ့သော (၁၀) နှစ်ဝန်းကျင်ကပင် ညောင်ဦး၌ မြင်းလှည်းမောင်း၍ အသက်မွေးဝမ်းကြောင်းပြုလာသူ ကိုပေါက်စီက ပြောသည်။
ပြီးခဲ့သည့် (၃) နှစ်ခန့်က မြင်းလှည်းသမားများ လှည်းကို အနားပေးရသည့်အချိန် မရှိခဲ့သည့်အပြင် အော်ဒါမှာယူ၍ ထားကြသည့်အတွက် မြင်းလှည်းမောင်းသူများ တွက်ခြေမကိုက် ဆိုသည်ကို မကြုံခဲ့ဖူးကြောင်း ညောင်ဦးနှင့် ပုဂံသို့ ပြေးဆွဲမောင်းနှင်နေသည့် ကိုသံခဲက ပြောသည်။
သို့သော် ယခုနှစ်တွင် လူအတွက် စားဝတ်နေရေး တွက်ခြေမကိုက်ရုံသာမက မြင်းအတွက် အစားအစာဝယ်ရန် ငွေကြေးရရှိမှု အနိုင်နိုင်ဖြစ်နေရကြောင်း ၎င်းက ပြောသည်။
“မြင်းလှည်းမောင်းတာ တနေ့ကို တသောင်းရတယ်ပဲ ဥပမာ ဆိုပါစို့။ အဲဒီက (လေးပုံတပုံ၊ သုံးပုံတပုံ) ပဲ မောင်းတဲ့သူက ရတာပါ။ ပိုင်ရှင်ကို ပေးရတာက လေးပုံတပုံ၊ တချို့ သုံးပုံတပုံပေါ့။ အခုက စီးမယ့်သူမရှိတဲ့ရက်တွေ အများကြီး။ မြင်းစာဖိုး မနည်းရှာရတယ်ဗျ” ဟု မြင်းလှည်းမောင်း၍ ကျောက်ဆည်နယ်ဘက်မှ မိဘများကို ထောက့်ပံ့နေသည့် အသက် (၃၀) ကျော် ကိုထွန်းလှက ဆိုသည်။
ညောင်ဦးနှင့်ပုဂံမြို့သစ်ကြား လမ်းဘေးဝဲယာရှိ သစ်ပင်အရိပ်များတွင် မြင်းလှည်းများကို ဟိုတစု၊ ဒီတစု ရပ်နားထားကြကာ မြင်းလှည်းလာရောက် ငှားရမ်းမည့်သူမျာကို မျှော်ရင်း ၎င်းက ပြောခြင်းဖြစ်သည်။
ယခင်နှစ်များက ယခုကဲ့သို့ ရပ်နားထားရသည်များ မရှိကြောင်း၊ အမြဲတမ်း ပြေးဆွဲနေရကြောင်း မြင်းလှည်းမောင်းသူများက ပြောသည်။
ညောင်ဦးနှင့် ပုဂံဒေသတွင် မြင်းလှည်းအရေအတွက် (၂၅၀) ကျော်ရှိကြောင်း၊ ပြီးခဲ့သည့် (၃) နှစ်ခန့်က မြင်းလှည်းမောင်းသူတဦး၏ တနေ့ဝင်ငွေမှာ အနည်းဆုံး ကျပ် (၁၀,၀၀၀) မှ (၃၀,၀၀၀) ကျပ်ထိ ရရှိသော်လည်း ယခုအခါတွင် အနည်းဆုံး ကျပ် (၅,၀၀၀) ခန့်မှ (၁၀,၀၀၀) ထိ ရရှိကြကြောင်း၊ အချို့မှာ owner ကြေးပေးပြီးပါက မြင်းအတွက် အစာဝယ်ရန်ပင် မကျန်ကြောင်း သိရသည်။
“ဒီဇင်ဘာလလယ်လောက်က တနေ့မှာ (၃,၅၀၀) ကျပ်ရတာ ကြုံဖူးတယ်။ owner ကြေးပေးတယ်၊ ကွမ်းစားတယ်၊ နုတ်လိုက်တော့ (၈၀၀) ကျပ်ပိုတယ်။ ကျနော့်သမီး (မြင်း) အတွက် အစာဝယ်လိုက်တယ်” ဟု ကိုသံခဲက သူ၏အတွေ့အကြုံကို ပြောသည်။
ပုဂံတွင် မြင်းလှည်းမောင်းသူ၊ ဆိုက္ကားနင်းသူ၊ ပုန်းရည်ကြီး၊ သနပ်ခါးတုံး၊ ယွန်း၊ မုန့်ပဲသရေစာ မည်သည့်လုပ်ငန်းများဖြစ်စေ ခရီးသွားကျဆင်းမှုကြောင့် အခက်အခဲ ကြုံနေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ပုဂံဒေသသည် မြန်မာနိုင်ငံတွင် ပြည်ပဧည့်သည် အများဆုံးလာရောက်သော ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖြစ်ကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။
ပုဂံမြို့သစ်၊ ပုဂံမြို့ဟောင်း၊ ညောင်ဦး၊ မြင်းကပါ၊ ၀က်ကြီး၊ အင်း၊ သီရိပစ္စယ ဟူသော အရပ်ဒေသတ၀ိုက်တွင် ရှေးဟောင်းစေတီအုပ်ရိုးပေါင်း (၈၀၀) ကျော်နှင့် စေတီပုထိုးပေါင်း (၁,၂၀၀) ခန့်ရှိကြောင်း ရှေးဟောင်း သုသေတနမှတ်တမ်းများအရ သိရသည်။
Ref: ခေတ်ပြိုင်
ရန်ကုန် ဒီပီအေ သတင်းထောက်အား အရေးယူရန် အတိုက်အခံများ ဒီပီအေသတင်းဌာနကို ဖိအားပေးပြီ
NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉
ဦးဝင်းတင်နှင့် အန်အယ်လ်ဒီအား သိက္ခာကျစေရန် ရေးသားခဲ့သည့် ဒီပီအေ ရန်ကုန်သတင်းထောက်အား အရေးယူပေးရန် ဘန်ကောက် ဒီပီအေသတင်းဌာနကို ဖိအားပေးရေး အတိုက်အခံများက နိုင်ငံတကာ ကမ်ပိန်းအနေဖြင့် စည်းရုံးနေကြောင်း ဒေါက်တာ လွဏ်းဆွေဘလော့ဆိုက်တွင် ဖော်ပြထားသည်။
၂၀၀၈ ခု နိုဝင်ဘာ (၃၀) ရက်နေ့ထုတ် ရန်ကုန် ဒီပီအေသတင်းထောက်၏ သတင်းတွင် အန်အယ်လ်ဒီနှင့် ဆရာ ဦးဝင်းတင် သိက္ခာကျစေမည့် မမှန်မကန် အချက်အလက်များဖြင့် သတင်းရေးသားခဲ့ကြောင်း ရန်ကုန်ရှိ နိုင်ငံ ခြားသတင်းထောက်များအသင်းသို့ ဦးဝင်းတင်ပေးပို့ခဲ့သည့် ကန့်ကွက်စာ အင်္ဂလိပ်ဘာသာပြန်ကိုပါ အဆိုပါ ဘလော့ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ အင်္ဂလိပ်ဘာသာပြန် ဦးဝင်းတင်၏စာကို ဦးဝင်းတင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန် အန်အယ်လ်ဒီနှင့် နီးစပ်သည့် သတင်းရပ်ကွက်က အတည်ပြု ပြောကြားသည်။ ထို့ပြင် အဆိုပါစာဖြင့် ဒီပီအေ သတင်းဌာနကို ၎င်း၏ ရန်ကုန်သတင်းထောက်အား အရေးယူရန် အတိုက်အခံများက ဆောင်ရွက်ပေးစေ လိုကြောင်း ဦးဝင်းတင်၏ မိတ်ဆွေများကလည်း ပြောသည်။
ဂျာမနီအခြေစိုက် ဒီပီအေသတင်းဌာနကို အသုံးချပြီး အန်အယ်လ်ဒီကို စနစ်တကျ ပြိုကွဲအောင် ကြံစည်ရေးသား နေသည့် ရန်ကုန် ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား ဒီပီအေမှ ဖြုတ်ပြီး နအဖနှင့် မပတ်သက်သည့် သတင်းထောက်အသစ် ခန့်ရေးကိစ္စအတွက် ဒီပီအေသတင်းဌာနအား ၀ိုင်းဝန်းကန့်ကွက် ဖိအားပေးရန်လည်း အဆိုပါ ဘလော့ဆိုက် (http://www.drlunswe.blogspot.com/) တွင် တိုက်တွန်းထားသည်။
ဒီပီအေသတင်းဌာနသို့ ကန့်ကွက်စာ ပေးလိုလျှင် အလွယ်တကူဖြစ်စေရန် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် စာနမူနာပါ ထည့်သွင်းဖော်ပြထားပြီး အဆိုပါ စာများကို Managing Editor: mccormack.eva-maria@dpa.com နှင့် ဘန်ကောက် ဒီပီအေအယ်ဒီတာ bangkok@dpa.com တို့ထံ ပေးပို့ရန်လည်း ဖော်ပြထားသည်။
အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် ဒီပီအေ (Deutsche Presse-Agentur ) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။
နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့် သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ်သည်။
ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်းဝဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကလည်း ဦးဝင်းတင်က ရွေးကောက်ပွဲဝင်လိုသည့်ဆန္ဒရှိသယောင်၊ အန်အယ်လ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြားသတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။
ဒီပီအေ သတင်းဌာနသည် ဂျာမနီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီး တခုဖြစ်သော်လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သည့် စာနယ်ဇင်းသမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကတွင် လူသိများသည့် ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း စုံစမ်းသိရသည်။
Ref: ခေတ်ပြိုင်
ရခိုင် အဖွဲ့ချုပ်ဝင် တဦးကို ထောင် ၁၅ နှစ် ထပ်တိုး
Monday, 12 January 2009
ကိုစိုး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွဲဖက် အတွင်းရေးမှူး ကိုမင်းအောင်ကို စစ်အစိုးရက ထောင်ဒဏ် ၁၅ နှစ် ထပ်မံ တိုးလိုက်ကြောင်း မိခင်ဖြစ်သူက ပြောသည်။
အဆိုပါ ကိုမင်းအောင် အသက် ၃၆ နှစ် ကို လွန်ခဲ့သည့် ဒီဇင်ဘာ လလယ်က အီလက်ထရွန်နစ် ပုဒ်မဖြင့် ထောင်ဒဏ် ၁၅ နှစ် ထပ်မံ ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ကိုမင်းအောင်၏ မိခင် ဒေါ်စောဖြူက ပြောသည်။
“သူ့ကို ထောင် ၁၅ နှစ် တိုးတယ်တဲ့၊ ကလေးထောင်ကနေ တမူးကို ခေါ်ပြီးတရားစွဲပြီး တိုးလိုက်တာတဲ့၊ အန်တီ တို့ကိုလည်း အသိမပေးဘူး၊ ထောင်ဝင်စာ သွားတွေ့တုန်းက သားက ပြောလိုက်တာ၊ သူ့ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ရုံးတင်တယ်တဲ့၊ ၁၇ ရက်နေ့ အမိန့်ချတယ်၊ တမူးမှာ ၁၅ ရက်လောက် ကြာတယ်တဲ့”ဟု ဒေါ်စောဖြူက ဧရာဝတီသို့ ပြောပြသည်။
၎င်းကိုမင်းအောင် ရှိရာ ကလေးမြို့ထောင်သို့ ထောင်ဝင်စာ တွေ့ရန် ဒီဇင်ဘာ ၂၅ ရက်မှစတင် သွားရောက်ရာ ဒီဇင်ဘာ ၃၀ ရက်တွင်မှ ကလေးကို ရောက်ရှိပြီး တွေ့ဆုံခွင့် ရကြောင်း၊ ယင်းသို့ တွေ့ဆုံစဉ် ကိုမင်းအောင်က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ဒီက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ လိုက်သွားတယ်၊ တောင်ကုတ်ကနေ ရန်ကုန်၊ မန္တလေး၊ မန္တလေးကနေ မုံရွာ၊ အဲဒီ ကမှ ကလေး၊ ကလေးကို ၃၀ ရက်နေ့ ရောက်တယ်၊ အဝေးကြီး၊ ကားနဲ့သွားရတယ်၊ လေယာဉ်စရိတ် မတတ်နိုင် ဘူး၊ အသွားအပြန် ၈ ရက်၊ ၉ ရက်လောက်ကြာတယ်၊ စရိတ်က ၂ ယောက်သွားတာ၊ ၃ သိန်း လောက်ကုန်တယ်၊ သားအတွက်တော့ အစားသောက်နဲ့ အ၀တ်အစား နည်းနည်းပါးပါးပဲ ပေးခဲ့နိုင်တယ်၊ ထောင်ဝင်စာက တရက်ပဲ” ဟုလည်း ဒေါ်စောဖြူက ဆက်လက်ပြောဆိုသည်။
ကိုမင်းအောင်ကို ၂၀၀၇ ခုနှစ် အောင်တိုဘာ လလယ်ခန့်တွင် စစ်အာဏာပိုင်များက ၎င်း၏ နေအိမ်မှ ဖမ်းဆီး၍ သံတွဲမြို့နယ် တရားရုံးတွင် ထောင်ဒဏ် ၉ နှစ်နှင့် ၆ လ ချမှတ်ခဲ့ပြီးနောက် ထောင်ဒဏ် ၂ နှစ်အထိ လျှော့ချ ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးစဉ် မည်သည့်အတွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်းနှင့် မည်သည့် ဥပဒေ ပုဒ်မဖြင့် အရေးယူကြောင်းကို အာဏာပိုင်များက အသိပေးခြင်း မရှိခဲ့ဟု မိခင် ဒေါ်စောဖြူက ပြောပြသည်။
ဒေါ်စောဖြူက “ပထမ သူ့ကို ထောင် ၉နှစ်ခွဲ ချတာ၊ နောက် ၂ နှစ်ပဲကျန်တယ်၊ အခု တနှစ်ကျော်ပြီ လာမယ့် အောက်တိုဘာဆို ၂ နှစ်ပြည့်မယ်၊ ၂ နှစ်ပြည့်ခါနီးမှ အခု ၁၅ နှစ် ထပ်ချတာ၊ အန်တီတော့ ဘယ်လို ပြောရမှန်းကို မသိပါဘူး”ဟုလည်း ပြောသည်။
မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့အထိ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၆၂ ဦး ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ် ပြန်ထားသည်။
Ref: ဧရာဝတီ
မြိုင် ရေနံမှော်တွင် အခြေနေများတင်းမာနေဆဲ ပွဲစား (၁၀) ဦးခန့် အဖမ်းခံထားရ
မင်းနိုင်သူ/ ၁၂ ဇန်န၀ါရီ ၂၀၀၉
မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ နှောပင်ရေနံမြေတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး အခြေအနေများ တင်းမာနေဆဲဖြစ်ကာ အာဏာပိုင်များက ရေနံစိမ်းပွဲစား (၁၀) ဦးခန့် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း တွင်းပိုင်တဦးက ပြောသည်။
“သူတို့တွက်တာက ပွဲစားကြောင့် ဒီလိုဖြစ်တယ်ပေါ့ဗျာ။ ကုမ္ပဏီပေးတဲ့ ဈေးထက် ပွဲစားကဈေးပိုပေးတော့ ဒီလိုမကျေနပ်မှုတွေ ဖြစ်တာဟာ ပွဲစားကြောင့်ဖြစ်တယ်ဆိုပြီး သူတို့က ယူဆတာပေါ့။ အခုတော့ ပွဲစားတွေကို လိုက်ဖမ်းနေတယ်။ အဖမ်းမခံရသေးတဲ့ သူတွေလည်း တိမ်းရှောင်နေကြရတယ်။ ဖြစ်ပြီးတဲ့နေ့က (၇) ယောက်လောက်ဖမ်းတယ်။ ကိုချစ်ကိုနဲ့ ကိုခင်ရွှေတို့ကတော့ တိမ်းရှောင်ဖို့သွားရင်း မကွေးမှာ အဖမ်းခံလိုက်ရတယ်” ဟု ၎င်းက လက်ရှိအခြေအနေကို ပြောဆိုသည်။
စစ်အစိုးရနှင့် နီးစပ်သော ကောင်းဇော်ဟိန်းကုမ္ပဏီ၏ ဈေးနှိမ်ဝယ်ယူမှုကြောင့် မှော်လုပ်သားများနှင့် တွင်းပိုင်များ မကျေမနပ်ဖြစ်လာကာ (၈) ရက်နေ့တွင် ကုမ္ပဏီဖျက်သိမ်းရေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ပေါင်တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း ဒေသခံမျက်မြင်များက ပြောသည်။
နှောပင်ရေနံမှော်သို့ ရောက်ရှိနေသော တွင်းပိုင်က “အဲဒီနေ့က ကုမ္ပဏီက အစည်းအဝေးလုပ်မယ်ဆိုပြီး ခေါ်တော့ သွားကြတာပေါ့။ တွင်းပိုင်ရော၊ လုပ်သားတွေရောဆိုတော့ လူများတယ်ဆိုပြီး သူတို့က အရေးပါတဲ့ လူ (၁၀) ယောက်လောက်ကိုပဲ ခေါ်ပြောတယ်။ ပြောတာတွေက သူတို့ပေးတဲ့ဈေးနဲ့ပဲရောင်း ရမယ်။ တခြားဘယ်ကိုမှမရောင်းရဘူး။ သူတို့ပေးတဲ့ ပေပါပဲသုံးရမယ် ဆိုတာမျိုးတွေ။ သူတို့ဖြစ်ချင်တာတွေ အကုန်ပြောတာပေါ့ဗျာ။ အဲဒီလိုလည်း သိရော အဲဒီနေ့ ညနေမှာပဲ မှော်ထဲကလူတွေ မခံနိုင်တော့ဘဲ အ၀င်အထွက်ဂိတ်ကို ၀ိုင်းတယ်။ အဲဒီမှာရှိတဲ့ စစ်သားနှစ်ယောက်၊ သုံးယောက်လောက် ဆက်သွယ်ရေးစက်တွေနဲ့ အကြောင်းကြားတာလည်းမြင်ရော လူထုက မခံနိုင်တော့ဘဲ ၀င်ရိုက်တဲ့အတွက် စစ်သားနှစ်ယောက် အရိုက်ခံရတယ်။ အဲဒီကနေမှ ဆီဝယ်တဲ့ ကုမ္ပဏီစခန်းကို သွားတယ်။ အဲဒီမှာတော့ စစ်သားများတယ်။ (၉) ယောက်၊ (၁၀) ယောက်တော့ရှိမှာပေါ့။ လူအုပ်ကတော့ ခင်များတို့ ပစ်လည်း မီးရှို့မှာပဲ။ မပစ်လည်းမီးရှို့ပဲဆိုပြီး ၀ိုင်းအော်တယ်။ အဲ..တကယ်လည်းပစ်ရော လူအုပ်က နောက်မဆုတ်ဘဲ ၀ိုင်းတက်တယ်။ သူတို့ကပစ်လို့ အမျိုးသမီးတယောက်ပေါင်မှန်တယ်။ အဲဒီစခန်းကိုလည်း မီးရှို့လိုက်နိုင်တယ်။ ကုမ္ပဏီပိုင် ပေပါအလုံး (၇၀) လောက် မီးထဲပါသွားတယ်။ နောက်ပြီး ခြောက်ဘီးကားတစီးပါသွားတယ်” ဟု ဖြစ်စဉ်ကို ပြောပြသည်။
ရေနံတူးဖော်ခပ်ယူမှုတွင် စက်ကိုအသုံးပြုရခြင်းကြောင့် မောင်းဆီခေါ် ဒီဇယ်ဆီချောကို အသုံးပြုရလေ့ရှိရာ ယင်းမောင်းဆီကိုပင် ကုမ္ပဏီက ပြင်ပမှ ၀ယ်ယူခွင့်မပြုဘဲ ၎င်းတို့ကြိုက်ဈေးဖြင့် ရောင်းချခြင်းကိုသာ တွင်းပိုင်များအား မ၀ယ်မနေရ ၀ယ်ယူစေသည် ဟု သိရှိသည်။ ထို့အပြင် ထွက်ရှိလာသော ရေနံစိမ်းများထည့်သွင်းရန် ကုမ္ပဏီပိုင် ပေပါများကိုသာ အသုံးပြုစေရာ တွင်းပိုင်နှင့် ကုမ္ပဏီအကြား ပေပါ ပိန်ဖောင်းလုပ်ထားခြင်း ရှိမရှိသည်လည်း ပြဿနာတရပ်ဖြစ်နေပြန်သည်။
“သူတို့က သူတို့ပေးတဲ့ ပေပါနဲ့ပဲ ထည့်ရမယ်ဆိုပေမယ့် ပေပါတွေလည်း လောက်ငအောင် မပေးနိုင်ဘူး။ တတွင်းကို ပေပါအလုံး (၂၀) ဆိုတာ သူတို့အများဆုံးပေးနိုင်တာပဲ။ ပုံမှန်တွင်းတွေက (၈၀)၊ (၁၀၀) လောက်ထွက်ပြီး တကယ်ထွက်တဲ့ လျှံတွင်းက တရက်ကို ပေပါ (၃၀၀) လောက်တောင်ထွက်တာဆိုတော့ သူတို့ပေးတာလောက်နဲ့မလောက်ဘူး။ မလောက်တော့ ကန်ထဲမှာပဲ ထည့်ထားရတော့ လေလွင့်မှုတွေရှိတာပေါ့။ ပြီးတော့ မီးရေးစိတ်ချရမှု မရှိဘူးပေါ့။ (၁၀) ရက်နေ့ကတောင် တွင်းတတွင်း မီးလောင်သေးတယ်။ အဲဒါ ပေပါမရှိဘဲ ကန်ထဲထည့်ထားရတာကြောင့်ပဲ” ဟု တွင်းပိုင်က ဆိုသည်။
ယခုအခါ ရေနံမှော်အတွင်း ည (၇) နာရီမှ နံနက် (၅) နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကာ ရေနံမြေသွားရာလမ်းတွင်လည်း ရဲကမှတ်ပုံတင်စစ်ဆေးမှု၊ မေးမြန်းမှုများကို ပြုလုပ်လျက်ရှိကြောင်း ခေတ်ပြိုင်က စုံစမ်းသိရှိရသည်။
“သူတို့က လက်နက်ရှိတော့ ဗိုလ်ကျချင်တိုင်းကျနေတာပေါ့။ ဒါပေမယ့် ရေရှည်မှာ သူတို့ထိန်းနိုင်ဖို့ မလွယ်ဘူးထင်တယ်။ နယ်ခံရွာတွေကလည်း ကျေနပ်ကြတာမဟုတ်ဘူး။ နောက်တချက်က သူတို့က အခုမြေပိုင်ရှင်တွေဆီက မြေသိမ်းယူတာမျိုးတွေကိုပါ လုပ်လာနိုင်တယ်ဆိုတာ နယ်ခံတွေက တွက်ထားတယ်။ အခုဖမ်းထားတဲ့ ပွဲစားတွေကိုလည်း ကုမ္ပဏီဆီက ရေနံလုဝယ်လို့ ဆိုပြီး ထောင်ချလို့မဖြစ်တော့ နိုင်ငံရေးမှုတွေဘာတွေတပ်ပြီး လုပ်နိုင်တယ်လို့ တွက်ထားကြတယ်” ဟု ဒေသခံတွင်းပိုင်က ပြောသည်။
အရပ်ဘက် ပေါ်ပင် ရေနံစိမ်းတူးဖော်ရေးလုပ်ငန်းကို ၂၀၀၅ ခုနှစ်မှစပြီး စစ်ကိုင်း တန့်ဆည်မြို့နယ်၊ ယင်းမာပင်စသည့် နယ်မြေများအပြင် မကွေးတိုင်း မြိုင်မြို့နယ် ဆူးကွင်း၊ ပုံတောင်ပုံညာ နတ်ထိပ်၊ ဆောမြို့နယ် ဆိပ်ဖြူ စသည့် ဒေသများတွင် စတင်လုပ်ကိုင်ခဲ့ကြသည်။
စီးပွားရေးကျပ်တည်းမှုကြောင့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ လူငယ်များ အဆိုပါ ရေနံမှော်များသို့ သွားရောက်လုပ်ကိုင်ခဲ့ကြသည်။ ထိုအချိန်က မြို့ပေါ်၌ ကျွမ်းကျင်အလုပ်သမားတဦးကို တနေ့ ကျပ် (၁,၀၀၀) ပေးနေသည့်အချိန်တွင် ရေနံမှော်အလုပ်သမားတဦးအား တနေ့ (၂၀၀၀) ထိပေးသည့်အတွက် လူငယ်များပိုပြီး သွားရောက်ခဲ့ကြသည်။
မြိုင်မြို့နယ် ရေနံမှော်ဆိုလျှင် ဖြစ်ကတတ်ဆန်း စက်ပစ္စည်းများသုံးပြီး ထွက်လာသည့် ရေနံစိမ်းကို မုံရွာသို့ ပိုပေးရပြီင်္း လုပ်ငန်းခွင်အန္တရာယ် အများအပြားကြုံတွေ့ခဲ့ရသည်။
Ref: ခေတ်ပြိုင်
ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး ရခိုင်ပြည်နယ်ရောက် စစ်တွေမြို့မှ မော်တော်ယာဉ်များ ချောဆွဲခံရ
မင်းနိုင်သူ / ၁၂ ဇန်န၀ါရီ ၂၀၀၉
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပြဿနာဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ရောက်ရှိလာကြောင်းနှင့် ၎င်းရောက်ရှိစဉ်အတွင်း ပုဂ္ဂလိက မော်တော်ယာဉ်များ ချောဆွဲခံကြရကြောင်း ဒေသခံတဦးက ပြောသည်။
“သူက (၉) ရက်နေ့မှ ရောက်လာတာပါ။ ကားတွေကိုတော့ (၅) ရက်နေ့ကတည်းက ချောဆွဲထားတာ (၁၁) ရက်နေ့အထိပဲ။ အခကြေးငွေ တပြားတချပ်မှ မပေးတဲ့အပြင် ဆီလည်းမပေးဘူး။ ကားသမားတွေကိုလည်း ကြံ့ဖွံ့ ၀တ်စုံတွေ မ၀တ်မနေရ ၀တ်ခိုင်းသေးတာ” ဟု အထက်ပါဒေသခံက ဆက်လက်ပြောဆိုသည်။
စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်မြို့များတွင် ဌာနဆိုင်ရာကား လုံလောက်မှုမရှိသဖြင့် စစ်တွေမြို့ပေါ်မှ လိုင်းကားအားလုံးကို ချောဆွဲကာ လူကြီးခရီးစဉ် လမ်းတလျှောက်ရှိ ခရိုင်မြို့များတွင် လိုအပ်သလို အသုံးပြုနိုင်ရန် စောင့်ဆိုင်းခိုင်းခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ကပေါ်တွင် မော်တော်ကားစီးရေ နည်းပါးသည့်အပြင် ချောဆွဲခံထားရသဖြင့် အခြားဒေသမှ ရောက်ရှိလာသော ခရီးသည်များ အခက်အခဲတွေ့ကြရကာ တက္ကသိုလ်ကျောင်းသားများလည်း မိမိအစီအစဉ်ဖြင့်သာ ကျောင်းသွားခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။
စစ်တွေတက္ကသိုလ်ကျောင်းကားများ ပြေးဆွဲမှုအဆင်မပြေခြင်းကြောင့် (၄) ရက်နေ့ကလည်း ကျောင်းသားများ ခြေလျင် လျှောက်ပြန်ကြရာ အာဏာပိုင်များက ဆူပူမှုများမဖြစ်စေရန် ထိန်းသိမ်းခဲ့ရသည်။ ယမန်နှစ်ကလည်း ဖယ်ရီကားများ ဈေးနှုန်းမြှင့်တင်မှုကြောင့် စစ်တွေကျောင်းသားများ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
Ref: ခေတ်ပြိုင်
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြန်လည် သုံးသပ်ရန် အရှေ့တီမော သမ္မတ တိုက်တွန်း
11 January 2009
မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူတဲ့ မူဝါဒထားကြတဲ့ အမေရိကန်နဲ့  ဥရောပသမဂ္ဂတို့ အနေနဲ့  သူတို့ရဲ့ မူဝါဒတွေကို ပြန်ပြီး သုံးသပ်သင့်တယ်လို့  အရှေ့တီမော သမ္မတ Hose Ramos Horta က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ခိုင်မာတိကျတဲ့ လုပ်ငန်းစဉ်တွေ ရှိဖို့လိုသလို၊ တဖက်မှာလည်း စီးပွားရေး ပြန်လည် ထူထောင်မှု အစီအစဉ်တွေကို တပြိုင်တည်း ပြင်ဆင် ဆောင်ရွက်သွားသင့်တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ အရှေ့တီမော သမ္မတ ရာမို့ဟိုတာ က ပြောခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီး ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှေ့ တီမောအနေနဲ့ ဆက်ပြီး ထောက်ခံသွားမှာ ဖြစ်တယ်လို့ အရှေ့ တီမော သမ္မတ Mr Hose Ramos Horta က ပြောဆိုပြီး မြန်မာနိုင်ငံအပေါ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး အရ ပိတ်ဆို့ အရးယူတဲ့ ပေါ်လစီကို ပြန်သုံးသပ်ကြဖို့ လိုတယ်လို့  မစ္စတာ ရာမို့ဟိုတာက တိုက်တွန်းလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရှေ့တီမောနိုင်ငံအနေနဲ့ ဆက်ပြီး ထောက်ခံနေတယ် ဆိုတာကို ကျနော် ထပ်လောင်းပြောပါရစေ။ ၀ါရှင်တန်မှာရော ဥရောပမှာရော မိတ်ဆွေတွေကို အကြိမ်ပေါင်းများစွာ ပြောဖူးပါတယ်။ ဒါကတော့ မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူဒဏ်ခတ်တာဟာ နိုင်ငံရေးအရ ကျင့်ဝတ်ပိုင်းအရ မှန်ကန်တယ်ဆိုတာ ကျနော် လက်မခံဘူး သဘောမတူဘူး ဆိုတာပါပဲ။”
လက်တွေ့ကျတဲ့ ဆောင်ရွက်မှုမလုပ်ရင် မြန်မာနိုင်ငံအတွက် ရေတိုအတွက်ရော ရေရှည်အတွက်ပါ အဖြေ ထွက်လာမှာ မဟုတ်ဘူးလို့ Mr Ramos Horta ပြောပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံခြား ခရီးသွားလာရေး လုပ်ငန်းတွေ ပြန်ပွင့်လာဖို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ မြန်မာနဲ့ အခြားနိုင်ငံ ကျောင်းသားတွေ အပြန်အလှန် လဲလှယ် လက်ခံတာတွေ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်တွေ အပြန်အလှန် ဖိတ်ကြား ခေါ်ယူတာမျိုးတွေ ဘယ်လို ဆောင်ရွက် လုပ်ကိုင်သင့်တယ် ဆိုတာကို အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ အခြား နိုင်ငံတွေ အနေနဲ့ ပြန်ပြီး သုံးသပ် စဉ်စားသင့်ပါတယ်။”
မြန်မာနိုင်ငံမှာ အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေရဲ့ အပြစ်ကို ပြည်သူတွေက မခံသင့်ဘူးတဲ့ အတွက် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုကို သူ ဆန့်ကျင်တယ်လို့ အရှေ့ တီမော သမ္မတရဲ့ ပြောကြားချက် အပေါ်မှာ ဒဏ်ခတ် အရေးယူရေး အတွက် စည်းရုံးလှုပ်ရှားနေတဲ့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းရဲ့ သဘောထားကရော ဘယ်လို ရှိပါသလဲ။
“စီးပွားရေး ပိတ်ဆို့မှုရဲ့ အဓိက ပစ်မှတ်က နအဖ ဗိုလ်ချုပ်တွေနဲ့ သူတို့ လက်ဝေခံ အမြတ်ထုတ်နေတဲ့ လုပ်ငန်းရှင်တွေကို ရည်ရွယ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကို ထိခိုက်စေမယ့် ကျူးဘား ပိတ်ဆို့မှုလိုမျိုး ဘယ်နိုင်ငံမှ မလုပ်ပါဘူး။ ကျွန်တော်တို့ကလည်း မတောင်းဆိုပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တကယ့် တံခါးဖွင့် စီးပွားရေး ဖြစ်ခဲ့မယ်။ တကယ့် ဈေးကွက် စီးပွားရေးမှာ တန်းတူ ညီမျှ စီးပွားရေး လုပ်ကိုင်နိုင်ကြမယ်။ အကျိုးအမြတ်တွေဟာ ပြည်သူလူထုအတွက် အကျိုးသက်ရောက်မှုမျိုး ရှိမယ်ဆိုရင် အဲဒီလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုမျိုး လုပ်တဲ့ အချိန်မျိုး ဆိုရင် ကျွန်တော်တို့က ပြည်သူလူထုအတွက် အများကြီး စဉ်းစားပေးဖို့ ရှိပါတယ်။ အဲဒီတော့ စီးပွားရေး ပိတ်စို့မှုကို ပြောနေတဲ့ အခါမှာ စီးပွားရေး ပိတ်ဆို့မှုကို ဖွင့်လိုက်ရင်ရော နအဖက ပြောင်းသွားမလား။ ပြည်သူ လူထုအတွက် အကျိုးရှိမလား။ ပြောင့်မယ့် ခြေလှမ်းတွေရော သူတို့ ဘာကိုလုပ်သလဲ။ ပြောင်းမယ့် ခြေလှမ်းတွေကို လုပ်ဖို့ တိုက်တွန်းဖို့က ပို အရေးကြီးတယ်လို့ ကျွန်တော်တို့က ပိုမြင်ပါတယ်။”
NCGUB ပြည်ထောင်စုမြန်မနိုင်ငံ ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းရဲ့ အမြင်ဖြစ်ပါတယ်။ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များကလပ်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ Mr Ramos Horta ပြောခဲ့ တာကတော့ မြန်မာနိုင်ငံ ပတ်သက်လို့ နိုင်ငံတကာ ချည်းကပ်ကြတဲ့အခါမှာ မဟာဗျူဟာနှစ်ရပ်ကို တပြိုင်နက်တည်း လုပ်သင့်တယ်လို့ မစ္စတာ ဟိုတာက ယူဆပါတယ်တဲ့။
“ဥရောပသမဂ္ဂဟာ မဟာဗျူဟာတခုရှိသလို အဲဒါနဲ့တွဲပြီး အာဆီယံမှာလည်း မဟာဗျူဟာတခုရှိသင့်ပါတယ်။ ဒီဗျူဟာနှစ်ရပ်ကို အပြိုင်လုပ်ဖို့ အင်ဒိုနီးရှားသမ္မတ ဆူဇူလီယိုဘန်ဘန်း ယိုဒိုယိုနို၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံး ဥရောပကော်မရှင် ဥက္ကဌ ဂျိုဆေး မန်နြူရယ် ဘာရိုဆို တို့ကို ကျနော် ပြောဆိုနားချနေပါတယ်။ မဟာဗျူဟာတခုမှာတော့ လုပ်ရမယ့်အဆင့်တွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ အချိန် ဇယား သတ်မှတ် ဆောင်ရွက်တာမျိုး ရှိရပါမယ်။ နောက်ဆုံး အဆင့်အထိ အဆင့်တိုင်းမှာလည်း စစ်တပ်က အခွင့်ထူးရရှိနေတဲ့ အခြေအနေမျိုးမှာ ရှိနေမြဲရှိနေသင့်ပါတယ်။ ထိုင်းနိုင်ငံ အသွင်ကူးပြောင်းရေးကို ကြည့်ပါ။ ဖိလစ်ပိုင် နိုင်ငံ အသွင်ကူးပြောင်းမှုကို ကြည့်ပါ။ အင်ဒိုနီးရှားကိုကြည့်ပါ။ နိုင်ငံရဲ့ လူ့ အဖွဲ့အစည်းတွေထဲမှာ စစ်တပ်ဟာ အစိတ်အပိုင်း တရပ်အနေနဲ့ ရှိနေတုန်းပါပဲ။”
စီးပွားရေးပိုင်းမှာ ပြန်လည် ထူထောင်ရေး အစီအစဉ် တရပ်ထားရှိဖို့ လိုတယ်လို့လဲ Mr Ramos Horta က ယူဆပါတယ်။ တကယ့်ကို ခိုင်မာကောင်းမွန်တဲ့ စီးပွားရေးပြန်လည်ထူထောင်မှု အစီအစဉ်ဗျူဟာတွေ မရှိထားပဲနဲ့တော့ မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ ဒီမို ကရေစီစနစ် ပြန်လည် ထူထောင်ရေးနဲ့ တည်ငြိမ်မှု လုပ်ငန်းတွေ ချောမွေ့ အဆင်ပြေပြေ ရှိမှာ မဟုတ်ပါဘူးလို့ သူက ပြောခဲ့ ပါတယ်။ Mr Ramos Horta ဟာ အရင် အရှေ့ တီမော လွတ်မြောက်ရေး လှုပ်ရှားမှု ကာလတုန်းကတော့ နိုင်ငံတကာ လှည့်လည်ပြီး အထူးသဖြင့် ကုလသမဂ္ဂကနေ အရှေ့ တီမော အရေးကိစ္စကို ဆောင်ရွက်ခဲ့တဲ့ ပြည်ပရောက် လှုပ်ရှားသူ တဦးပါ။ အဲဒီကာလမှာ ပြည်ပရောက် မြန်မာ အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့ အတူ အနီးကပ် တွဲလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အရှေ့တီမော လွတ်လပ်ရေး ရပြီး နောက်ပိုင်း သူ အာဏာ ယူလာချိန်မှာတော့ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး အရ ပြစ်ဒဏ်ခတ် အရေးယူတာကို အတော်လေး ဝေဖန်ခဲ့ပါတယ်။ မြန်မာ ဒီမိုကရေစီရေးအတွက် အာရှက တခြား နိုင်ငံ ခေါင်းဆောင်တွေ ထက်စာရင် ပိုပြီး တဲ့တိုး ပြောလေ့ရှိသူ Mr Ramos Horta က မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ထောက်ခံမှုမပါဘဲ အရပ်သား အစိုးရ ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ ပါတယ်ရှင်။
Ref: VOA News
Sunday, January 11, 2009
The Small Truth to Make Life 100%
If
A B C D E F G H I J K L M N O P Q R S T U V W X Y Z
is equal to
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26,
Hard Work
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11 = 98%
Knowledge
K+N+O+W+L+E+D+G+E
11+14+15+23+12+5+4+7+5 = 96%
Love
L+O+V+E
12+15+22+5 = 54%
Luck
L+U+C+K
12+21+3+11 = 47%
(Don’t most of us think this is the most important ???)
Then what makes 100% ?
Is it Money ? ... NO ! ! !
M+O+N+E+Y
13+15+14+5+25 = 72%
Leadership ? ... NO ! ! !
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+9+16 = 89%
Every problem has a solution, only if we perhaps change our attitude.
To go to the top,
to that 100%,
what we really need to go further... a bit more...
ATTITUDE
A+T+T+I+T+U+D+E 1+20+20+9+20+21+4+5 = 100%